အခန်း (၂၅၅၁-၂၅၅၅)
Vol. 131 Ch. 2551-2555
Chapter 2551
စကားစစ်ထိုးပွဲ စတင်လေပြီ။
လက်ရှိနေရာတွင်ရှိနေသော မဟာကွန်ဖြူးရှပ်ပညာရှင်အားလုံးနီးပါး သူတို့၏လက်များကို မြှောက်လိုက်ကြ၏။
"ဒီအဖိုးကြီးက လုယွီကို ကျောင်းတော်ကနေထုတ်ပယ်မယ့် လက်ထောက်ကျောင်းအုပ်ရဲ့ဆုံးဖြတ်ချက်ကို ငြင်းပယ်တယ်"
"ဒီအဖိုးကြီးကလည်း သဘောမတူဘူး"
"တကယ်လို့ မဟာဆရာသခင်အဆင့် ပန်းချီပညာရှင်တစ်ယောက်ကို ကျောင်းတော်ကနေမောင်းထုတ်တယ်ဆိုတာ တခြားသူတွေသာသိသွားရင်....ငါတို့ရဲ့ကျောင်းတော်က ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးရဲ့ ရယ်စရာပြက်လုံးကြီးဖြစ်သွားလိမ့်မယ်"
မဟာကွန်ဖြူးရှပ်ပညာရှင်များသည် အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ထျန်းပိုယန်၏ဆုံးဖြတ်ချက်ကို ဆန့်ကျင်လိုက်ကြသည်။
လူအားလုံး၏စူးစူးရဲရဲအကြည့်များအောက်တွင် ထျန်းပိုယန်သည် ရုတ်တရက် မကြုံစဖူးဖိအားအရှိန်အဝါမျိုးကို ခံစားလိုက်ရ၏။
"မင်း...မင်းတို့က အမှားကြီးကို ကျူးလွန်နေကြတာပဲ...မင်းတို့က ဒီလိုလူရမ်းကားမျိုးကို ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှာ ဆက်ပြီးရှိနေစေချင်ကြတယ်...နောင်တစ်ချိန်မှာ သူက မင်းတို့အားလုံးရဲ့မျှော်လင့်ချက်တွေကို ရိုက်ချိုးပစ်မှာသေချာတယ်"
ထျန်းပိုယန်သည် ဒေါသထွက်နေသော်လည်း သူ၏စိတ်နှလုံးသားများ တစတစ ပို၍လေးလံလာသည်။
စကားစစ်ထိုးပွဲတစ်ခုကျင်းပချိန်တိုင်းတွင် အရာအားလုံးကို ကျောင်းတော်၏အကာအကွယ်ဝင်္ကပါကြီးမှ မှတ်တမ်းတင်ထားလေ၏။
အတိတ်တွင် စကားစစ်ထိုးပွဲကျင်းပပါက သူတော်စင်သည် သူ၏ကိုယ်ပွားကို စေလွှတ်ကာ ဦးဆောင်လေ့ရှိသည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ သူတော်စင်ယီဟန်သည် တံခါးပိတ်ကျင့်ကြံနေသဖြင့် သူ၏ကိုယ်ပွါးကို စေလွှတ်ခဲ့ခြင်းမရှိချေ။သို့သော် ထိုသို့ဆိုသည့်တိုင် သူတော်စင်ယီဟန် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသည်နှင့် မဟာအကာအကွယ်ဝင်္ကပါသည် ဤနေရာ၌ဖြစ်ပျက်ခဲ့သော ကိစ္စများအားလုံးကို သူ့ထံသို့ သတင်းပို့ပေမည်။
အကယ်၍ ထျန်းပိုယန်သည် ယခုထက်ပို၍ အဆများစွာ သတ္တိကောင်းနေလျှင်ပင် စကားစစ်ထိုးပွဲ၏ရလဒ်အပေါ် ခေါင်းမမာဝံ့ချေ။
ဝုန်း...ဝုန်း...ဝုန်း...
ခန်းမသခင်များ သူတို့၏သဘောဆန္ဒများကို ထုတ်ဖော်လိုက်သည်နှင့် တပြိုင်နက်တည်း အလင်းတိုင်လုံးများက ထပ်မံ၍မြင့်တက်လာသည်။
ထျန်းပိုယန်သည် ကျောင်းတော်၏စည်းတံဆိပ်အပေါ် သူ၏ထိန်းချုပ်နိုင်မှုလျော့နည်းလာခြင်းကို ချက်ချင်းဆိုသလိုပင် ခံစားမိလေ၏။
ရလဒ်ကို တွက်ချက်ရန်ပင် မလိုအပ်တော့ချေ။ခန်းမသခင်အားလုံးနီးပါး ထျန်းပိုယန်၏ဆုံးဖြတ်ချက်ကို ဆန့်ကျင်လိုက်ကြသည်။
လုယွီအား ကျောင်းတော်မှမောင်းထုတ်ရန်ဟူသော ဆုံးဖြတ်ချက်မှာ ချက်ချင်းပင် ပယ်ဖျက်ပြီးသားဖြစ်သွားလေပြီ။
ထျန်းပိုယန်သည် အေးစက်စက်နှာတစ်ချက်မှုတ်ကာ သူ၏အင်္ကျီလက်ကိုခါ၍ ဤနေရာမှ ထွက်ခွါသွားတော့သည်။
သူသည် ယနေ့တွင် လုယွီကို ကျောင်းတော်မှမောင်းထုတ်နိုင်မည် မဟုတ်ကြောင်းကို ကောင်းစွာသိရှိပြီးဖြစ်သည်။
လုယွီက ရုတ်တရက် ပြောဆိုသည်။
"လက်ထောက်ကျောင်းအုပ်...ကျုပ် ခင်ဗျားကိုပြောစရာ ကိစ္စတစ်ခုကျန်သေးတယ်"
ထျန်းပိုယန် သူ၏စကားအား နားထောင်မည် နားမထောင်မည်ကို သူ ဂရုမစိုက်ချေ။လုယွီသည် အစိမ်းရောင်ကြာနတ်ဘုရား၏အကြံအစည်နှင့် တပည့်များ၏ခန္ဓာကိုယ်များကို အပိုင်စီးကာ အောက်ဘုံမှတက်လာသူများ၏ ပူးပေါင်းကြံစည်မှုကြီးအကြောင်းကို ထျန်းပိုယန်အား ပြောဆိုလိုက်၏။
အကယ်၍ သူ ထိုကိစ္စကို ဖြေရှင်းလိုပါက လက်ထောက်ကျောင်းအုပ်၏ပူးပေါင်းဆောင်ရွက်မှုလိုအပ်သည်။
ထျန်းပိုယန်က ဒေါသတကြီး အော်ငေါက်လိုက်သည်။
"အဓိပ္ပါယ်မရှိတာတွေ...အစိမ်းရောင်ကြာနတ်ဘုရားက ဘယ်ကပါလာတာလဲ...တကယ်လို့ မင်း ဆက်ပြီးတော့ ပေါက်ကရစကားတွေပြောနေအုံးမယ်ဆိုရင် လူထုကိုနားလည်မှုလွဲအောင် လုပ်တဲ့ကိစ္စနဲ့ ငါ မင်းကို အပြစ်ပေးရလိမ့်မယ်"
ထိုစကားဆုံးသည်နှင့် ထျန်းပိုယန်က ဤနေရာမှထွက်ခွါသွားတော့သည်။
အစိမ်းရောင်ကြာနတ်ဘုရား ယခုလတ်တလောအချိန်တွင် မည်သည့်ကိစ္စများ ပြုလုပ်နေသည်ကို သူ မည်သို့သိရှိနိုင်မည်နည်း။
သို့ရာတွင် ဤကိစ္စရပ်များကို ဖုံးကွယ်နိုင်ရန်အတွက် ထျန်းပိုယန်သည် အရာအားလုံးကို လျစ်လျှူရှုထားရန်သာ ဆုံးဖြတ်လိုက်၏။
အစိမ်းရောင်ကြာနတ်ဘုရားသည် ကျောင်းတော်ကို အကွက်ချကြံစည်နေလျှင်ပင် သူနှင့် မည်သို့မျှမသက်ဆိုင်ချေ။
ယခုချိန်တွင် ထျန်းပိုယန်အတွက် အရေးအကြီးဆုံးကိစ္စမှာ အနက်ရောင်ဝတ်ရုံဝတ်လူ ပေးအပ်ထားသောတာဝန်ကို အမြန်ဆုံးပြီးမြောက်အောင်လုပ်ဆောင်၍ နဂါးအစောင့်တပ်အတွင်းသို့ ဝင်ရောက်နိုင်ရန်ပင်။
ထိုအချိန်ကျပါက ဤနေရာတွင် မည်သည့်ပြဿနာများ ဖြစ်ပျက်နေပါစေ သူ ကိုယ်လွတ်ရုန်းထွက်နိုင်ပေမည်။
ထျန်းပိုယန် ထွက်ခွါသွားပြီးနောက် ဤနေရာ၌ဖြစ်ပျက်ခဲ့သမျှအရာအားလုံးသည် ကျောင်းတော်တစ်ခုလုံးအနှံ့ အလွန်လျှင်မြန်သောအရှိန်ဖြင့် ပျံ့နှံ့သွားသည်။
ကျောက်စိမ်းဆေးမီးဖိုစတင်တည်ထောင်စဥ်ကတည်းက ဂျူနီယာတပည့်တစ်ယောက်အတွက်နှင့် လက်ထောက်ကျောင်းအုပ်၏အမိန့်ကို ဆန့်ကျင်ခြင်းမှာ ဤသည်က ပထမဆုံးအကြိမ်ပင်။
"ဒါက တကယ့်ကို စကားစစ်ထိုးပွဲ လုပ်ခဲ့တာပဲ"
"လက်ထောက်ကျောင်းအုပ်ရဲ့ အမိန့်ကိုဆန့်ကျင်တာ...ဒါက ကျောင်းတော် စပြီးတည်ထောင်ကတည်းက ဂျူနီယာတပည့်တစ်ယောက်အတွက်နဲ့ စကားစစ်ထိုးပွဲလုပ်တာ ပထမဆုံးအကြိမ်ပဲ"
"သူ နတ်ဘုရားကုန်းမြေထဲမှာ ဘာတွေလုပ်ခဲ့လဲဆိုတာ ငါ သိချင်မိတယ်...ရေခဲနယ်မြေမင်းသားချိုင်နဲ့ စီနီယာအကိုလီစစ်ကတောင် သူ့ကိုကာကွယ်ပေးခဲ့တယ်"
လူတိုင်းသည် ထိုကိစ္စအကြောင်းကို ပြောဆိုဆွေးနွေးနေကြသော်လည်း သူတို့သည် လုယွီ မည်သူမည်ဝါဖြစ်ခြင်းကို မသိရှိကြချေ။
ဟောပြောသူတချို့ပင်လျှင် လုယွီနှင့်ပတ်သတ်၍ အငြင်းပွါးနေကြ၏။
မကြာမီမှာပင် လုယွီ၏အတိတ်မှလုပ်ရပ်များ တူးဆွခံခဲ့ရသည်။
တော်ဝင်နန်းတွင်းမှဦးရီးတော်ရှားဟိုလီ၏စစ်တပ်သည် ရှုရာစစ်တပ်၏ ချောင်ပိတ်ခြင်းခံထားရသည်ကို နတ်ဆိုးဧကရာဇ်များ၏အကူအညီဖြင့် ဖောက်ထွက်နိုင်အောင် ကူညီပေးခဲ့ခြင်း....
ရှောင်အိမ်တော်အတွင်းသို့ဝင်ရောက်၍ ရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာကို လုယက်ခဲ့ခြင်း....
တော်ဝင်စစ်ရေးဌာန၏စစ်ဆေးမေးမြန်းမှုကို ထိခိုက်နာကျင်မှုတစ်စုံတစ်ရာမရှိဘဲ ပြန်ထွက်လာနိုင်ခဲ့ခြင်း...
ကျောင်းတော်သို့ဝင်ရောက်ပြီးနောက် ထိပ်တန်းအဆင့်တာဝန်ကို ပြီးမြောက်အောင်မြင်ခဲ့သည့်အပြင် ကျောင်းတော်တပည့်များကိုပါ ကယ်တင်ခဲ့ခြင်း....
ထိုကိစ္စများအနက်မှ မည်သည့်အရာမဆို ဂျုနီယာတပည့်တစ်ယောက် လုပ်ဆောင်နိုင်သောကိစ္စမျိုးမဟုတ်ချေ။
Chapter 2552
လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုသည်။
"စီနီယာတို့ကို ကျေးဇူးတင်ပါတယ်...နောင်တစ်ချိန်ကျရင် ကျွန်တော်က သေချာပေါက် စီနီယာတို့ကို ပြန်ပေးဆပ်မယ်"
ချန်းကျင်းက အပြုံးနှင့် ပြောဆိုလေ၏။
"ဒါကလည်း မင်းရဲ့ကိုယ်ပိုင်အရည်အချင်းကြောင့်ပါ...တကယ်လို့ မင်းရဲ့နေရာမှာ တခြားတပည့်တစ်ယောက်ဆိုရင် ဒီနေ့ ထျန်းပိုယန်ရဲ့ဆန္ဒအတိုင်း ဖြစ်သွားမှာပဲ"
မည်သို့ပင်ဆိုစေကာမူ ခန်းမသခင်များသည် စကားစစ်ထိုးပွဲကျင်းပရာ၌ ဖိအားများစွာကို ခံစားရသည်။
ထျန်းပိုယန်သည် ခန်းမသခင်များကို ထုတ်ပယ်နိုင်သော ကျောင်းတော်၏စည်းတံဆိပ်ကို ကိုင်ဆောင်ထားပေ၏။
တခြားမဟာကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်က အပြုံးနှင့် ဝင်ရောက်ပြောဆိုသည်။
"လုယွီ...တကယ်လို့ မင်း အချိန်အားလပ်တဲ့အခါကျရင်...ငါတို့တွေ ပန်းချီတာအိုအပေါ် နားလည်သဘောပေါက်မှုခြင်း ဖလှယ်ကြရအောင်"
တခြားမဟာကွန်ဖြူးရှပ်ပညာရှင်များကလည်း လုယွီနှင့် ပန်းချီတာအိုအကြောင်း ဆွေးနွေးဖလှယ်ရန် လိုလားနေကြ၏။
တချို့မဟာကွန်ဖြူးရှပ်ပညာရှင်များသည် ပန်းချီတာအို၌ အဆင့်မြင့်သော်လည်း လုယွီကဲ့သို့ ပန်းချီကားမှတဆင့် ဧရာမစစ်သင်္ဘောကြီးကိုပုံဖော်ခြင်းကို မပြုလုပ်နိုင်ကြချေ။
လုယွီက ပျာပျာသလဲ ပြောဆိုသည်။
"တကယ်လို့ ကျွန်တော်မှာ အခွင့်အရေးရှိခဲ့ရင်...ကျွန်တော်ကလည်း စီနီယာတွေရဲ့လမ်းညွှန်မှုကို တောင်းခံချင်ပါတယ်"
လုယွီ၏နှိမ့်ချပြောဆိုမှုကိုကြားချိန်တွင် မဟာကွန်ဖြူးရှပ်ပညာရှင်တချို့၏မျက်နှာပေါ်၌ စိတ်ကျေနပ်မှုရသွားသောအပြုံးမျိုး ထင်ဟပ်သွားသည်။
မောက်မာဝံ့ကြွားမှုမရှိခြင်းနှင့်ရိုင်းပျမှုမရှိခြင်းတို့ကို ပါရမီရှင်လူငယ်များ၌ တွေ့ရသည်မှာ အတော်အသင့်ရှားပါးလှ၏။
အချိန်အနည်းငယ်ခန့် စကားပြောဆိုပြီးနောက် လုယွီ၏မျက်နှာအမူအယာ ရုတ်တရက် တည်ကြည်လေးနက်သွားသည်။
"စီနီယာတို့...ကျွန်တော်ဆီမှာ စီနီယာတို့ကို ပြောပြစရာ ကိစ္စတစ်ခုရှိနေတယ်...ဒါက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့ရှင်သန်ရေးနဲ့ ဆက်စပ်နေတယ်"
မဟာကွန်ဖြူးရှပ်ပညာရှင်များက သဘောတူညီလိုက်ကြသည်။
"တခြားတစ်နေရာမှာ သွားပြောကြရအောင်"
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်...တာအိုရှာဖွေခြင်းခန်းမဆောင်..
လျှို့ဝှက်ခန်းအတွင်း၌ မဟာကွန်ဖြူးရှပ်ပညာရှင်များသည် လုယွီနှင့် မျက်နှာချင်းဆိုင်ထိုင်နေကြ၏။ချိုင်လုံရှင်း လီစစ်နှင့် စီနီယာတပည့်တချို့က သူတို့၏ဘေး၌ ထိုင်နေသည်။
"ဒါဆိုရင်...ကျောင်းတော်ထဲက တပည့်တွေအများကြီးရဲ့ခန္ဓာကိုယ်တွေက အပိုင်စီးခံထားရတာပေါ့...အောက်ဘုံကသက်ရှိတွေက အစိမ်းရောင်ကြာနတ်ဘုရား နတ်ဘုရားကုန်းမြေကို သိမ်းပိုက်မယ့်အကြံအစည်ကို ကူညီပေးဖို့အတွက် သူနဲ့ပူးပေါင်းထားကြတာလား"
ချန်ကျင်း၏မျက်နှာအမူအယာ သုန်မှုန်သွားသည်။
နတ်ဘုရားကုန်းမြေသည် သူတော်စင်ယီဟန်၏ပိုင်နက်နယ်မြေပင်။
အကယ်၍ သူတို့သည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ရှိနေသော ထိုနယ်မြေကိုသာ လက်လွှတ်ဆုံးရှုံးသွားပါက သူတော်စင်ယီဟန်သည် သူတို့အား အပြစ်မတင်လျှင်ပင် သူတို့ မျက်နှာပြဝံ့မည်မဟုတ်ချေ။
"အဲ့ဒီလူတွေအားလုံးကို သေချာဂရုစိုက်ပြီးတော့ အမြစ်ပြတ်သုတ်သင်ရမယ်...ပြီးတော့ ကျွန်တော်တို့က အစိမ်းရောင်ကြာနတ်ဘုရားကို သတိထားစောင့်ကြည့်ဖို့လည်း လိုအပ်တယ်...သူက အရမ်းလိမ္မာပါးနပ်ပြီးတော့ လှည့်ကွက်တွေအပြည့်ပဲ...ဒါပေမယ့် အဆုံးသတ်ကျတော့ သူက နတ်ဘုရားကုန်းမြေကို လိုချင်နေတာ...ကျွန်တော်တို့က နတ်ဘုရားကုန်းမြေကို ကာကွယ်ထားနိုင်သရွေ့ သူ ဘယ်လိုမျိုးလှည့်ကွက်ကိုပဲသုံးသုံး အလဟဿဖြစ်သွားမှာပဲ"
လုယွီက ပြောဆိုသည်။
ယခုလက်ရှိနေရာတွင်ရှိနေသော ကွန်ဖြူးရှပ်ပညာရှင်တချို့၏မျက်နှာအမူအယာများ လေးလံထိုင်းမှိုင်းနေသည်။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှနေ၍ ထိုသူလျှိုများကို ရှင်းထုတ်လိုက်လျှင်ပင် ချို့ယွင်းချက်များ လစ်ဟာချက်များနှင့် ပြည့်နှက်နေပေမည်။
"နောက်တစ်ခုက ကျွန်တော် နာမည်စာရင်းတစ်ခုရှိတယ်...အဲ့ဒီလူတွေက အောက်ဘုံကသက်ရှိတွေရဲ့ ခန္ဓာကိုယ်အပိုင်စီးတာကို ခံထားရတဲ့သူတွေပဲ...သူတို့ကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကတော့ စီနီယာတွေပေါ်မှာမူတည်တယ်"
လုယွီက စာရွက်နှင့်စုတ်တံကိုထုတ်ယူကာ နာမည်တချို့ကို ရေးလိုက်၏။
ထိုနာမည်များကိုမြင်တွေ့ချိန်တွင် မဟာကွန်ဖြူးရှပ်ပညာရှင်အများစုက မျက်မှောင်ကြုတ်လိုက်ကြသည်။
သူတို့သည် ထိုနာမည်များအနက်မှအများစုကိုသိရှိကာ တချို့လူများသည် မဟာကွန်ဖြူးရှပ်ပညာရှင်များ၏တပည့်များဖြစ်နေသည်။
သို့ရာတွင် အကယ်၍ တစ်စုံတစ်ယောက်မှနေ၍ ဂရုတစိုက် လေ့လာဆန်းစစ်ပါက အရေးကြီးသောအချက်တစ်ချက်ကို တွေ့ရှိရပေမည်။ထိုအချက်မှာ နာမည်စာရင်းအတွင်းရှိ မည်သူကမျှ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ ထွက်ခွါရန် မရွေးချယ်ခဲ့ခြင်းပင်။
ကျောင်းတော်မှပါရမီရှင်အများစုသည် အချိန်အတိုင်းအတာတစ်ခုထိ ကျင့်ကြံပြီးနောက် တော်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုရန် ရွေးချယ်ကြသည်။
"လုယွီ...အောက်ဘုံကသက်ရှိတွေက ကျောင်းတော်တပည့်တွေရဲ့ခန္ဓာကိုယ်တွေကို အပိုင်စီးထားတယ်ဆိုတာ မင်း ဘယ်လိုလုပ်ပြီးသိတာလဲ"
မဟာကွန်ဖြူးရှပ်တစ်ယောက်က မေးမြန်းလေ၏။
လီစစ်က လုယွီထံသို့ လှမ်းကြည့်သည်။ဟောင်တုဘုရားကျောင်းမှ လုယွီထွက်ခွါလာစဥ်တွင် လီစစ်ထံသို့ ချက်ချင်းအကြောင်းကြားခဲ့သည်။ထိုအချိန်တွင် နှောင့်နှေးကြန့်ကြာနေရန်အချိန်မရှိသဖြင့် လီစစ်သည် များစွာမေးမြန်းခဲ့ရခြင်းမရှိချေ။
ထို့ကြောင့် လုယွီ ထိုသတင်းအား မည်သည့်နေရာမှရရှိသည်ကို မည်သူမျှမသိနိုင်ချေ။
"ဒီတပည့်က တော်ဝင်နဂါးအစောင့်တပ်ကပါ...ကျွန်တော်မှာ အထူးသီးသန့် စုံစမ်းစစ်ဆေးနိုင်တဲ့နည်းလမ်းတချို့ရှိတယ်"
လုယွီက နဂါးအစောင့်တံဆိပ်ပြားကို ထုတ်ပြလိုက်သည်။
နဂါးအစောင့်များသည် လူများကို တိတ်တဆိတ် ဖမ်းဆီး၍စစ်မေးရာ၌ အထူးချွန်ဆုံးသူများပင်။သူတို့သည် လိမ္မာပါးနပ်ပြီး လိုက်လျောညီထွေနေထိုင်တက်ကာ ဧကရာဇ်၏သီးသန့်စစ်သားများဖြစ်သည်။ဤသည်က တာယွီကောင်းကင်ဘုံအင်ပါယာတွင် လျှို့ဝှက်ဆန်းကြယ်မှုအရှိဆုံးဌာနလည်း ဖြစ်ပေ၏။
စိတ်ဝိညာဥ်ရှာဖွေခြင်းသည် အတိတ်ဘဝတွင် လုယွီဖန်တီးခဲ့သော နည်းစနစ်ဖြစ်သည်။ဤသည်က ကောင်းကင်ဘုံကိုဆန့်ကျင်နေသော နည်းစနစ်ဖြစ်လေရာ မည်သူကိုမဆို လက်ဆင့်ကမ်းသင်ကြားပေး၍မရချေ။
ထို့ပြင် ထိုနည်းစနစ်ကို ထုတ်ဖော်ပြောဆို၍လည်းမရပေ။
ထိုတံဆိပ်ပြားကိုမြင်ချိန်တွင် မဟာကွန်ဖြူးရှပ်ပညာရှင်တချို့၏မျက်နှာများပေါ်၌ နားလည်သဘောပေါက်သွားသောအမူအယာမျိုး ထင်ဟပ်လာသည်။
Chapter 2553
"အဲ့ဒီလိုလား...မင်းက နဂါးအစောင့်တစ်ယောက်ဖြစ်နေမှတော့...ဒီသတင်းက ယုံကြည်လို့ရတယ်"
နဂါးအစောင့်တံဆိပ်ပြားကိုမြင်တွေ့ချိန်တွင် မဟာကွန်ဖြူးရှပ်ပညာရှင်များသည် ထပ်မံ၍မမေးမြန်းကြတော့ချေ။
နဂါးအစောင့်တစ်ယောက်သည် မည်ကဲ့သို့တည်ရှိမှုမျိုးဖြစ်သည်ကို လူတိုင်း သိရှိထားကြ၏။
"ငါက ဒီသူလျှိုကောင်တွေကို တာဝန်ယူလိုက်မယ်"
စည်းမျဥ်းဥပဒေခန်းမမှ မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
ထိုမဟာကွန်ဖြူးရှပ်ပညာရှင်များသည် သွေးများရွှဲနစ်နေသည့်အလား နီရဲနေသော သွေးနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။သူ၏အရှိန်အဝါတွင် ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ရောယှက်နေပေ၏။
ထျန်းပိုယန်သည် စည်းမျဥ်းဥပဒေခန်းမကို ထိန်းချုပ်ထားသော်လည်း မဟာကွန်ဖြူးရှပ်ပညာရှင်အများစုသည် လက်ထောက်ကျောင်းအုပ်၏လက်အောက်ခံများ မဟုတ်ချေ။
"စီနီယာကို ကျေးဇူးတင်ပါတယ်...နောက်တစ်ခုက အစိမ်းရောင်ကြာနတ်ဘုရားကို ကျွန်တော်တို့ သတိထားစောင့်ကြည့်ရလိမ့်မယ်...သူက မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေမှာ ရုတ်ရုတ်သဲသဲကိစ္စတွေ အများကြီးဖန်တီးထားတာကြောင့် တော်ဝင်နန်းတွင်းက အာရုံစိုက်မိနေတာကြာလှပြီ...တကယ်လို့ တော်ဝင်နန်းတွင်းက စစ်ပွဲကြီးကို အာရုံစိုက်နေတာကြောင့်သာမဟုတ်ရင်...သူ ဒီလောက်ထိအခွင့်အရေးကြီးရမှာမဟုတ်ဘူး"
လုယွီက ဆက်လက်ပြောဆိုသည်။
"အဲ့ဒီနတ်ဘုရားက နတ်ဘုရားကုန်းမြေကို အပိုင်စီးဖို့အတွက်နဲ့ သူ့ရဲ့အင်အားစုတွေကို မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေပေါ်မှာ တည်ထောင်ခဲ့တယ်...တကယ်လို့ သူသာ နတ်ဘုရားကုန်းမြေကိုရပြီးတော့ ကြယ်မြစ်တွေကြားကိုထွက်ပြေးသွားမယ်ဆိုရင်...ဘယ်သူကမှ သူ့ကိုရှာဖွေနိုင်မှာမဟုတ်ဘူး...အချိန်တွေကုန်လွန်လာတာနဲ့အမျှ သူက နတ်ဘုရားကုန်းမြေပေါ်မှာ အမွှေးနံသာထွန်းညှိပူဇော်ခံတာကနေ ကျင့်ကြံနိုင်လိမ့်မယ်...အဆုံးသတ်ကျရင် ဘယ်သူကမှ သူ့ကို ဟန့်တားနိုင်မှာမဟုတ်ဘူး"
ဘုန်း...
မဟာကွန်ဖြူးရှပ်ပညာရှင်ချန်းကျင်းက သူ့ရှေ့ရှိစားပွဲကို သူ့လက်ဖြင့် ရိုက်ပုတ်လိုက်၏။
"သူ အဲ့ဒီအခွင့်အရေးမျိုး ရှိမလာစေရဘူး...ငါက အခုချက်ချင်း ခန်းမသခင်တွေအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်မယ်...မဟာဝင်္ကပါကြီးကို ပိုပြီးအားကောင်းလာအောင် ပြုပြင်မယ်...ပြီးတာနဲ့ ဒီအကြောင်းတွေကို တော်ဝင်နန်းတော်ဆီအကြောင်းကြားဖို့ လူတစ်ယောက်လွှတ်လိုက်မယ်...တာယွီတော်ဝင်မြို့တော်နဲ့ နီးကပ်နေတဲ့ မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေကို ဒီယုတ်ညံတဲ့နတ်ဘုရားက သိမ်းပိုက်နိုင်မယ်လို့ ငါ မယုံကြည်ဘူး"
တခြားမဟာကွန်ဖြူးရှပ်ပညာရှင်များကလည်း သဘောတူညီကြောင်း ပြသသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။အစိမ်းရောင်ကြာနတ်ဘုရားသည် မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေအတွင်း၌ ထင်ရာစိုင်းနေခြင်းကို မည်သူကမျှ ခွင့်ပြုလိုခြင်းမရှိချေ။
"နောက်ထပ်ကတော့ အစိမ်းရောင်ကြာနတ်ဘုရားလာတဲ့အချိန်ကို စောင့်ဆိုင်းဖို့ပဲ"
ချန်းကျင်းက လုယွီကိုကြည့်၍ ပြောဆိုသည်။
"အဲ့ဒီအချိန်တုန်းက...မိန်းကလေးပိုင်မင်က မင်းကို နတ်ဘုရားကုန်းမြေထဲကိုဝင်ရောက်ဖို့ ဘာလို့ထောက်ခံပေးခဲ့တာလဲဆိုတာ ငါ မသိဘူး...အခုကြည့်ရတာတော့ မင်းသာမရှိခဲ့ရင်...ငါတို့ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်က ဘေးကပ်ဆိုးကြီးနဲ့ရင်ဆိုင်ရမှာ သေချာတယ်"
"ဒီတစ်ကြိမ်မှာ မင်းရဲ့လုပ်ဆောင်မှုက အရမ်းထူးချွန်တယ်...မင်းက ကျောင်းတော်တူတပည့်တွေကို ကယ်တင်ခဲ့ပြီးတော့ ကျောင်းတော်အတွက် အများကြီးအကျိုးဆောင်ပေးခဲ့တယ်...ငါက တခြားခန်းမသခင်တွေနဲ့တိုင်ပင်ဆွေးနွေးပြီးတော့ မင်းကို စီနီယာတပည့်အဖြစ် တိုက်ရိုက်အဆင့်တိုးပေးမယ်လို့ ဆုံးဖြတ်ခဲ့တယ်...မင်းက တော်ဝင်စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုဖို့လည်း အရည်အချင်းပြည့်မီတယ်"
လုယွီက ငြင်းပယ်ခြင်းမပြုဘဲ သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ကျေးဇူးတင်ကြောင်းပြောဆိုလိုက်၏။
ဤကိစ္စသည် အရေးပေါ်လုပ်ဆောင်ရမည့်အရာပင်။မည်သည့်နှောင့်နှေးကြန့်ကြာမှုမျိုးမျှ ဖြစ်မလာစေရန်အလို့ငှါ မဟာကွန်ဖြူးရှပ်ပညာရှင်များသည် လျှို့ဝှက်ခန်းအတွင်းမှထွက်ခွါ၍ သူတို့၏ကိုယ်ပိုင်လှုပ်ရှားမှုများကို စတင်၍ဆောင်ရွက်ကြတော့သည်။
"လုယွီ...တကယ်လို့ ငါ ထင်တာမမှားဘူးဆိုရင် မင်းက လောကီအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်ကိုရောက်နေပြီးတော့ မြေကမ္ဘာအင်မော်တယ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်တော့မှာမလား"
လီစစ်က ရုတ်တရက် ပြောဆိုလေ၏။
"ဒါက အမှန်ပဲ"
လုယွီက တုံ့ပြန်ပြောဆိုသည်။
တခြားတပည့်များသည် ကူကယ်ရာမဲ့စွာဖြင့် လုယွီကို ကြည့်လိုက်ကြသည်။
လူငယ်မျိုးဆက်သစ်များအကြားတွင် အနည်းစုကသာ မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနိုင်သည်။
ဥပမာအနေဖြင့် တူကျန့်ထျန်းသည် သူ၏နတ်ဆိုးနည်းစနစ်ကိုအသုံးပြုကာ ပြိုင်ဖက်များ၏ကျင့်ကြံမှုနှင့်သွေးချီများကို စုပ်ယူခဲ့သည်။ဤသည်ကြောင့် သူသည် အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနေခြင်းပင်။
အကယ်၍ လုယွီသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ပါက ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးရှိ ထိပ်တန်းလူငယ်ပါရမီရှင်များနှင့်ယှဥ်ပြိုင်ရန် အရည်အချင်းပြည့်မီသွားလေပြီ။
လီစစ်က ပြောဆိုလေ၏။
"ကျောင်းတော်မှာ လေ့ကျင့်ရေးမျှော်စင်ရှိပေမယ့်...တပည့်တွေအများကြီး ကျောင်းတော်ထဲမှာရှိနေတာကြောင့် ကျင့်ကြံဖို့အတွက်လိုအပ်တဲ့ စိတ်ဝိညာဥ်စွမ်းအားတွေက မတည်ငြိမ်ဘူး...တကယ်လို့ မင်းက ကျင့်ကြံဆင့်နယ်ပယ်ချိုးဖျက်ချင်တယ်ဆိုရင် အနောက်ဘက်တောင်မှာရှိတဲ့ ပုန်းကွယ်နဂါးချိုင့်ဝှမ်းကိုသွားနိုင်တယ်...အဲ့ဒီနေရာမှာ ကျောင်းတော်က အကြီးအကဲတချို့ပဲရှိနေပြီးတော့ စိတ်ဝိညာဥ်စွမ်းအားတွေ ထူထပ်သိပ်သည်းတယ်...တကယ်လို့ မင်း ကျင့်ကြံဆင့်ချိုးဖျက်ချင်တယ်ဆိုရင် အဲ့ဒီနေရာကိုသွားသင့်တယ်"
သူ၏နံဘေးရှိတပည့်တစ်ယောက်က ပြောဆိုသည်။
"ပုန်းကွယ်နဂါးချိုင့်ဝှမ်းက တစ်နှစ်ပတ်လုံးပိတ်ထားတာ...စီနီယာအကိုဆီမှာ အဲ့ဒီထဲကိုဝင်နိုင်မယ့်နည်းလမ်းတစ်ခုရှိနေလို့လား"
လီစစ်က ဝါးပုလွေတစ်ချောင်းကိုထုတ်ယူ၍ လုယွီထံ လက်ကမ်းပေးလိုက်သည်။
"ဒါက သော့ချက်ပဲ...အဲ့ဒီနေရာမှာနေတဲ့ ကျောင်းတော်အကြီးအကဲတစ်ယောက်က ငါ့ရဲ့မိသားစုဝင်ဖြစ်နေတယ်....တကယ်လို့ ငါ့မှာ တောင်းဆိုစရာရှိရင် ဒီဝါးပုလွေကိုယူပြီး သူ့ကိုလာရှာဖို့ ငါ့ကိုကတိပေးထားတယ်...မင်းက အဲ့ဒီနေရာက စိတ်ဝိညာဥ်စွမ်းအင်တွေနဲ့ ကျင့်ကြံဆင့်ချိုးဖျက်ရုံပဲလေ...သူ ဒီကိစ္စငယ်လေးကို ငြင်းဆန်မှာမဟုတ်ဘူးလို့ ငါ ယုံကြည်တယ်"
Chapter 2554
လုယွီက ပြောဆိုသည်။
"အကိုလီ...မင်းရဲ့ကူညီမှုနဲ့ဆိုရင် ငါ ကျင့်ကြံဆင့်ချိုးဖျက်တဲ့နေရာမှာ အောင်မြင်ဖို့အခွင့်အရေးက ငါးဆယ်ရာခိုင်နှုန်းလောက် မြင့်တက်လာပြီ"
ချိုင်လုံရှင်းက ပြောဆိုလေ၏။
"လုယွီ...မင်း အဆင့်ချိုးဖျက်ပြီးတဲ့အချိန်ကျရင် မင်းနဲ့ငါ တစ်ပွဲတစ်လမ်းလောက် တိုက်ခိုက်ကြရအောင်"
ပြင်းထန်သောတိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများက သူ၏မျက်လုံးအတွင်း၌ ထင်ဟပ်နေသည်။
လုယွီက ပြောဆိုသည်။
"ငါက မင်းရဲ့ဆန္ဒကို လိုက်လျောပေးမယ်"
ချိုင်လုံရှင်းသည် လောကီအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်၌ရှိနေပြီး မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ တက်လှမ်းနိုင်ရန် ခြေတစ်လှမ်းအကွာသာ လိုတော့ကြောင်း လုယွီက မြင်နိုင်သည်။
မိသားစုကြီးများမှလူငယ်များသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ခြင်းမပြုမီ လောကီအင်မော်တယ်နယ်ပယ်၌ အချိန်အတိုင်းအတာတစ်ခုထိ နေထိုင်ကြသည်။သူတို့သည် လောကီအင်မော်တယ်နယ်ပယ်၌ လိုအပ်သောအတွေ့အကြုံများ ပို၍စုဆောင်းမိလေလေ သူတို့၏အနာဂတ်ကျင့်ကြံရေးလမ်းကြောင်း ပို၍အဆင်ပြေချောမွေ့လေလေပင်။
ကျောင်းတော်မှတပည့်များနှင့် အချိန်တခဏကြာ စကားပြောဆိုပြီးနောက် လုယွီက တာအိုရှာဖွေခြင်းခန်းမဆောင်မှ ထွက်ခွါလာခဲ့တော့သည်။
ယခုလက်ရှိချိန်တွင် လုယွီထံ၌ မြေဒြပ်စင်မှော်ရတနာများရှိနေသော်လည်း သူက အလျင်စလို ကျင့်ကြံဆင့်ချိုးဖျက်ခြင်းမပြုချေ။ထိုကိစ္စမတိုင်မီ သူ အမြောက်အများပြင်ဆင်ထားရန် လိုအပ်သည်။
လုယွီ၏ကျင့်ကြံရေးလမ်းကြောင်းသည် တခြားကျင့်ကြံသူများနှင့် ကွဲပြားခြားနားပေ၏။သူသည် ရှေးဟောင်းတာအိုအင်မော်တယ်များ၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနေခြင်းပင်။
ထို့ကြောင့် သူ ကျင့်ကြံဆင့်ချိုးဖျက်စဥ်တွင် ရင်ဆိုင်ရမည့် ကောင်းကင်ဘုံကပ်ဘေးသည် တခြားသူများ စိတ်ကူးယဥ်တွေးတောထားသည်ထက် အဆများစွာပို၍ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်။
……
ကျောင်းစိမ်းဆေးမီးဖိုကျောင်းတောာ်...မိုးကောင်းကင်ကျမ်းစာဆောင်
လျှို့ဝှက်ခန်းတစ်ခန်းအတွင်းမှနေ၍ ကြွေခွက်များ ကျိုးပဲ့အက်ကွဲသွားသောအသံများ ရုတ်တရက် ထွက်ပေါ်လာသည်။
ထျန်းပိုယန်သည် ထိုင်ခုံတစ်လုံးပေါ်၌ထိုင်နေကာ သုန်မှုန်နေသောမျက်နှာအမူအယာဖြင့် သူ့ရှေ့ရှိ သတင်းအချက်အလက်များကို ကြည့်နေသည်။
ထိုသတင်းအချက်အလက်များကို မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေ အုပ်ချုပ်ရေးရုံးရှိ သူ၏သစ္စာရှိလူယုံထံမှ ရရှိခဲ့ခြင်းပင်။
ထိုလူယုံ၏သတင်းပို့မှုအရ မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေ အုပ်ချုပ်ရေးအိမ်တော်ရှိ လက်အောက်ငယ်သားအရာရှိအများစုသည် သူတို့အတွက် လွတ်လမ်းရှာသည့်အနေဖြင့် ထျန်းပိုယန်၏အမိန့်များကို နာခံခြင်းမရှိတော့ဘဲ လျစ်လျှူရှုထားကြ၏။
တော်ဝင်နန်းတော်မှစေလွှတ်လိုက်သော စုံစမ်းစစ်ဆေးရေးမှူးသည် လမ်းခုလတ်၌ရောက်နေပြီဟုလည်း သူ နားစွန်နားဖျားကြားထားမိသည်။အကယ်၍ ထိုစုံစမ်းစစ်ဆေးရေးမှူးသာ မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေသို့ရောက်ရှိလာပါက ထျန်းပိုယန်တွင် အဆုံးသတ်ကောင်းရှိမည်မဟုတ်ခြင်းမှာ သေချာပေါက်ပင်။
ကောလဟာလမျိုးစုံကလည်း မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေအနှံ့ ပျံ့နှံ့နေသည်။
ယခုလက်ရှိချိန်တွင် ထျန်းပိုယန်ကို သစ္စာဖောက်တစ်ယောက်ဟု ယူဆနိုင်သည်။သူသည် အုပ်ချုပ်ရေးရုံးရှိအရေးကိစ္စများကို ကောင်းမွန်စွာကိုင်တွယ်နိုင်ခြင်း မရှိရုံသာမက ကျောင်းတော်ဘက်တွင်လည်း စကားစစ်ထိုးပွဲကျင်းပကာ သူ၏အမိန့်ကို ဆန့်ကျင်ခြင်းခံခဲ့ရသည်။
"သူက ဘာအနာဂတ်မှမရှိတဲ့ ဂျူနီယာတပည့်တစ်ယောက်လေ...ဘယ်လိုလုပ်ပြီးတော့ သူ့မှာ ဒီလိုအရည်အချင်းမျိုးရှိနေတာလဲ"
ထျန်းပိုယန်၏မျက်လုံးအတွင်းမှ အေးစက်စက်အလင်းရောင်များ ဖြာထွက်လာသည်။
သူသည် ချန်းကျင်းတို့လူအိုကြီးတစ်စုအကြောင်းကို ကောင်းစွာသိရှိပေ၏။
ထိုလူအိုကြီးတစ်စုသည် အလွန်ရှေးရိုးဆန်သူများပင်။အကယ်၍ တခြားထူးချွန်သောတပည့်တစ်ယောက်ကို သူ စွပ်စွဲပြစ်တင်၍ ကျောင်းတော်မှကန်ထုတ်လိုက်လျှင်ပင် ထိုလူအိုကြီးများသည် သူ့အား ပြောင်ပြောင်တင်းတင်းဆန့်ကျင်မည်မဟုတ်ချေ။
စည်းမျဥ်းဥပဒေခန်းမမှ မဟာကွန်ဖြူးရှပ်ပညာရှင်များကပင် သူ့အား ပြောင်ပြောင်တင်းတင်း ဆန့်ကျင်နေခဲ့သည်။ဤသည်က ယခုကိစ္စ မည်မျှထိလေးနက်ကြောင်းကို ပြသနေခြင်းပင်။
လုယွီထံတွင် ဖုံးကွယ်ထားသောအဆင့်အတန်းတစ်ခုရှိနေ၍သာ ထိုလူအိုကြီးများသည် စဥ်းစားတွေးတောခြင်းပင်မပြုဘဲ သူ၏အမိန့်ကို ဆန့်ကျင်နေခြင်းဖြစ်ပေမည်။
"သူက စတုတ္ထအဆင့်စစ်ဗိုလ်ချုပ်လေးပဲ...တကယ်လို့ သူက နဂါးအစောင့်ဖြစ်နေရင်တောင် လူအများကြီးက သူ့ကိုကာကွယ်ပေးမှာမဟုတ်ဘူး...ငါ့ကိုညွှန်ကြားချက်ပေးတဲ့လူကလည်း လုယွီကို ကျောင်းတော်ကနေ ထွက်ခွါစေချင်တာ...ဒါက သူတို့က အခွင့်ကောင်းယူပြီး သူ့ကိုတိုက်ခိုက်ချင်တာ သိသာထင်ရှားတယ်...လုယွီမှာ ဘယ်လိုအဆင့်အတန်းမျိုးရှိနေတာလဲ"
ထျန်းပိုယန်က အံ့တင်းတင်းကြိတ်ကာ ရေရွတ်လိုက်၏။
ဤကိစ္စရပ်များ ယခုလက်ရှိအခြေအနေမျိုးထိ ရောက်ရှိလာခြင်းကို သူ စဥ်းစားတွေးတော၍မရချေ။
"အရှင်ထျန်း...မင်းကိုကြည့်ရတာ ရှုံးနိမ့်ခဲ့တဲ့ပုံပဲ"
အမှောင်ထုအတွင်းမှနေ၍ အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။
ထို့နောက် အနက်ရောင်ဝတ်ရုံဝတ်လူတစ်ယောက်က အမှောင်ထုအတွင်းမှထွက်လာကာ ထျန်းပိုယန်၏ရှေ့သို့ ရောက်ရှိလာလေ၏။
"ဘာမှမစိုးရိမ်ပါနဲ့...ငါ သေချာပေါက် နည်းလမ်းတစ်ခု ရှာတွေ့မှာပါ"
ထျန်းပိုယန်က အံ့တင်းတင်းကြိတ်၍ ပြောဆိုသည်။
"ဟီး ဟီး...ငါ ဒီနေရာကိုလာတာ မင်းကို သတင်းတစ်ခု ပေးမလို့ပါ...ငါတို့ရထားတဲ့သတင်းအရ ယန်ကျွင်းက တော်ဝင်မြို့တော်ကနေ ထွက်လာပြီ"
အနက်ရောင်ဝတ်ရုံဝတ်လူက ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် ဆက်လက်ပြောဆိုသည်။
"အရှင်ထျန်းအတွက် အချိန်အများကြီး မကျန်တော့ဘူး"
ထိုသတင်းသည် မိုးကြိုးတစ်စင်းအလား ထျန်းပိုယန်၏စိတ်နှလုံးသားကို ရိုက်ခတ်မိသွားသည်။
ထျန်းပိုယန်၏မျက်နှာ ရုတ်တရက် ဖြူရော်သွားကာ သူက တုန်ရီနေသောလေသံဖြင့် ပြောဆိုလိုက်၏။
"ဘယ်လိုလုပ်ပြီး........"
အနက်ရောင်ဝတ်ရုံဝတ်လူက လေသံတိုးတိုးဖြင့် ပြောဆိုသည်။
"မင်းက လုယွီကို ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကနေ မောင်းထုတ်နိုင်တာနဲ့...ငါတို့က မင်းကို တော်ဝင်မြို့တော်ဆီ အချိန်မရွေးပြောင်းရွှေ့ပေးနိုင်တယ်...တကယ်လို့ နောင်တစ်ချိန်မှာ ယန်ကျွင်းက မင်းကိုလာပြီးဖမ်းဆီးမယ်ဆိုရင်တောင်...ငါတို့က မင်း ဘေးကင်းလုံခြုံစေရမယ်လို့ အာမခံချက်ပေးနိုင်တယ်...အရှင်ထျန်းက ငါတို့ကိုစိတ်ပျက်အောင် မလုပ်ပါနဲ့"
Chapter 2555
ထျန်းပိုယန်က သုန်မှုန်နေသောမျက်နှာအမူအယာနှင့် ပြောဆိုသည်။
"အဲ့ဒီကောင်လေးက တကယ့်ကို ထူးဆန်းနေတယ်....ဟိုလူအိုကြီးတွေက သူ့ကို ဘာလို့ထောက်ပံပေးနေတယ်ဆိုတာ ငါ မသိဘူး...သူတို့က ကျောင်းတော်မှာ ခြေကုပ်ရနေတာ နှစ်တွေအများကြီးကြာနေတာကြောင့် သူတို့ရဲ့အခြေခံအုတ်မြစ်က နက်ရှိုင်းတယ်....သူတို့ရဲ့ထောက်ပံမှုရှိနေတာကြောင့် အဲ့ဒီကောင်လေးကိုမောင်းထုတ်ဖို့ အရမ်းခက်ခဲနေတယ်"
အနက်ရောင်ဝတ်ရုံဝတ်လူက အပြုံးနှင့် ပြောဆိုလေ၏။
"အရှင်ထျန်း...ငါ့ဆီမှာ မင်းအတွက် အသုံးဝင်မယ့် သတင်းတစ်ခုတော့ရှိတယ်"
"ကျေးဇူးပြုပြီးတော့ ငါ့ကိုလမ်းညွှန်ပေးပါအုံး"
ထျန်းပိုယန်က ချက်ချင်းဆိုသလိုပင် စိတ်ဓာတ်တက်ကြွသွားသည်။
အနက်ရောင်ဝတ်ရုံဝတ်လူက ပြောဆိုသည်။
"တော်ဝင်မြို့တော်မှာ ဖူကျစ်ရွှယ် နတ်ဘုရားဓားအမတ်ကြီးနဲ့ လုယွီတို့က အချင်းချင်း ညီအကိုတွေလို ဆက်ဆံကြတယ်...ပြီးတော့ ခုလတ်တလောမှ ရာထူးတိုးလာတဲ့ အမတ်ကြီးရှားဟိုလီနဲ့သူ့အကြားမှာ သေရေးရှင်ရေး ပတ်သတ်မှုမျိုးရှိနေတယ်...ဒါ့ပြင် သူက နဂါးအစောင့်တစ်ယောက်ပဲ"
ထျန်းပိုယန်သည် ထိုသတင်းများကိုကြားချိန်တွင် သူ့ထံသို့ ကြည်လင်နေသောမိုးကောင်းကင်မှ မိုးကြိုးတစ်စင်းလာရောက်ရိုက်ခတ်သကဲ့သို့ ခံစားလိုက်ရသည်။
အစပထမ၌ လုယွီသည် ဝင်ခွင့်စာမေးပွဲကို နောက်ဆုံးနေရာမှအောင်မြင်ခဲ့သည်ကိုကြည့်ကာ ထျန်းပိုယန်က လုယွီသည် အရည်အချင်းမရှိဘဲ ကျောင်းတော်သို့ဝင်ရောက်လာသည့် ချမ်းသာကြွယ်ဝသောမိသားစုကြီးတစ်စုမှ လူငယ်သခင်လေးတစ်ယောက်ဟု ယူဆခဲ့သည်။
ယခုကြည့်ရသည်မှာ ဤသည်က လုံးလုံးလျားလျား မှားယွင်းနေသော တွေးတောမှုတစ်ခုပင်။
နတ်ဘုရားဓားအမတ်ကြီးနှင့်အမတ်ကြီးရှားဟိုလီကို ဘေးဖယ်ထားလျှင်ပင် ဖူကျစ်ရွှယ်တစ်ယောက်တည်းဖြင့် သူ၏ခေါင်းထက်သို့ ဧရာမကျောက်တုံးကြီးတစ်တုံး ဖိထားသည့်အလား ခံစားနေရလေပြီ။
ဖူကျစ်ရွှယ်သည် အတွင်းဝန်တစ်ယောက်ဖြစ်ရုံသာမက တော်ဝင်ဝန်ထမ်းရေးရာဌာန၏အမတ်ကြီးလည်းဖြစ်သည်။
ထို့ပြင် သူသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ကျောင်းအုပ်ကြီးပင်။
ဖူကျစ်ရွှယ်ကို ကျောင်းတော်၌ မြင်တွေ့ရခဲသော်လည်း သူ၏နာမည်ဂုဏ်သတင်းသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ မယှဥ်သာအောင်ကြီးမားသည်။
ဤကဲ့သို့ ပုဂ္ဂိုလ်မျိုးသည် သာမာန်လူတစ်ယောက်နှင့် မိတ်ဆွေဖွဲ့မည်မဟုတ်ချေ။သူနှင့်ညီအကိုဆက်ဆံရေးရှိသည်မှာ လူနည်းစုသာရှိပြီး သူတို့ကို လက်တစ်ဖက်တည်းနှင့်ပင် ရေတွက်နိုင်သည်။
လုယွီသည် ဖူကျစ်ရွှယ်ထံမှ အကူအညီတချို့တောင်းခံ၍ ကျောင်းတော်သို့ဝင်ရောက်လာခြင်းဟု ထျန်းပိုယန် ယခင်က တွေးတောထားခဲ့သည်။သို့ရာတွင် လုယွီနှင့်ဖူကျစ်ရွှယ်အကြားတွင် ဤကဲ့သို့ဆက်ဆံရေးမျိုးရှိနေမည်ဟု သူ မျှော်လင့်မထားမိချေ။
ဤကဲ့သို့နောက်ခံအင်အားမျိုးကို တော်ဝင်မြို့တော်အတွင်း၌ပင် ထိပ်တန်းအဆင့်ဟု ယူဆနိုင်သည်။
"ခွေးသူတောင်းစားအိုကြီးချန်းကျင်းက သူ့ပါးစပ်ကို တင်းတင်းစေ့ထားတာ အံ့အားသင့်စရာမရှိတော့ဘူး...သူက ငါ့ကို သေလမ်းဆီတွန်းပို့နေတာပဲ...တကယ်လို့ ငါ့ကသာ ကျောင်းအုပ်ကြီးကိုအပြစ်ပြုမိရင်...ငါ့ရဲ့လက်ထောက်ကျောင်းအုပ်နေရာကို စွန့်လွှတ်ရမှာပဲ"
ထျန်းပိုယန်၏မျက်လုံးအတွင်း၌ နာကျည်းမုန်းတီးမှုအရိပ်အယောင်များ ဖြတ်ပြေးသွားပေ၏။
"ဒါပေမယ့် မင်း အရမ်းကြီးစိုးရိမ်စရာမလိုဘူး...တကယ်လို့ မင်း ဖူကျစ်ရွှယ်ကိုအပြစ်ပြုမိရင်တောင် ငါတို့ရဲ့အရှင်သခင်က မင်းကို ကာကွယ်ပေးနိုင်တယ်"
အနက်ရောင်ဝတ်ရုံဝတ်လူက အပြုံးနှင့် ပြောဆိုသည်။
ထျန်းပိုယန်၏မျက်လုံးများ တောက်ပသွားသည်။
"ဖူကျစ်ရွှယ်က တော်ဝင်အတွင်းဝန်ရုံရဲ့ အတွင်းဝန်တစ်ယောက်...အဲ့ဒါက အရမ်းအရေးပါတဲ့ ရာထူးနေရာတစ်ခုပဲ...တကယ်လို့ သူက ငါ့ကို ရင်ဆိုင်ချင်တယ်ဆိုရင် မင်းတို့က ဘာလုပ်ပေးနိုင်မှာလဲ"
အနက်ရောင်ဝတ်ရုံဝတ်လူက ခနဲ့တဲ့တဲ့ ပြောဆိုလေ၏။
"ငါတို့အရှင်သခင်ရဲ့အရည်အချင်းကို မင်း မကြာခင် သိရလိမ့်မယ်...ဒါကို မင်း စိတ်ကူးတောင်ယဥ်ကြည့်ဖူးမှာမဟုတ်ဘူး...ငါပြောနိုင်တာတစ်ခုက တကယ်လို့ မင်း ဧကရာဇ်ကို အပြစ်ပြုမိရင်တောင် ငါတို့ရဲ့အရှင်သခင်က မင်းကို မသေစေချင်သေးသရွေ့ မင်း သေမှာမဟုတ်ဘူး"
ထျန်းပိုယန်၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားကာ သူက တုန်ရီနေသောလေသံဖြင့် ပြောဆိုသည်။
"မင်းတို့ရဲ့အရှင်သခင်က တော်ဝင်မြို့တော်ရဲ့ထိပ်တန်းမိသားစုကြီးရှစ်ခုထဲကလား"
"ငါ့အရှင်သခင်ရဲ့အဆင့်အတန်းကို မင်း မခန့်မှန်းတာ ပိုကောင်းလိမ့်မယ်"
အနက်ရောင်ဝတ်ရုံဝတ်လူက အပြုံးနှင့် ဆက်လက်ပြောဆိုသည်။
"ထျန်းပိုယန်...မင်းမှာ တခြားရွေးချယ်စရာရှိသေးတယ်လို့ မင်း ထင်နေတာလား...ယန်ကျွင်းက မကြာခင်မှာ မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေကို ရောက်လာတော့မယ်...ဖြစ်နိုင်တာတော့ သူက ရောက်တောင်ရောက်နေလောက်ပြီ...မင်းလိုမျိုး ဆေးလုံးတွေကိုမှီခိုပြီးတော့ ရွှယ်အင်မော်တယ်နယ်ပယ်ကို ရောက်လာတဲ့သူကို နဂါးအစောင့်တပ်ထဲဝင်ခွင့်ပြုမယ်ဆိုတာကပဲ မင်းအတွက် လက်ဆောင်အကြီးကြီးဖြစ်နေပြီ...မင်းအတွက် ဘာကကောင်းတယ်ဆိုတာ မင်း မသိသေးဘူးလား"
"မင်း..."
ထျန်းပိုယန်၏မျက်နှာအမူအယာ သုန်မှုန်ပြီး အေးစက်သွားသည်။သူက သူ၏လက်သီးကိုတင်းတင်းကြပ်ကြပ်ဆုပ်၍ အချိန်အတော်ကြာသည်အထိ ထိုင်ခုံပေါ်၌ ထိုင်နေလေ၏။
ယခုလက်ရှိချိန်တွင် သူ့အတွက် အမှန်တကယ်ကိုပင် တခြားနည်းလမ်းမရှိတော့ချေ။
အမှန်အားဖြင့် သူ၏ထျန်းမိသားစုနှင့်ကျောင်းတော်အကြားတွင် နက်ရှိုင်းသောဆက်နွယ်မှုသာရှိမနေပါက သူသည် လက်ထောက်ကျောင်းအုပ်နေရာကို ရရှိမည်မဟုတ်ချေ။
"ကျောင်းတော်ထဲမှာ ဖူကျစ်ရွှယ်ရဲ့လွှမ်းမိုးနိုင်မှုက အရမ်းကြီးမားတယ်...လုယွီရဲ့နောက်ခံအင်အားက သူ ဖြစ်နေတယ်...ငါ ဘာပဲလုပ်လုပ် ဟိုလူအိုကြီးတွေက အကောင်းဆုံးကြိုးစားပြီးတော့ ဟန့်တားကြမှာပဲ...ငါက သူ့ကို ဘယ်လိုလုပ်ပြီး မောင်းထုတ်ရမှာလဲ"
ထျန်းပိုယန်က သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
"ဒါက မင်းရဲ့နည်းလမ်းတွေပေါ်ပဲ မူတည်တယ်...ငါ မင်းကို နောက်ဆုံးတစ်ကြိမ် သတိပေးလိုက်မယ်...မင်းမှာ အချိန်အများကြီးမကျန်တော့ဘူး"
အနက်ရောင်ဝတ်ရုံဝတ်လူ၏ပုံရိပ်က တဖြည်းဖြည်းပျောက်ကွယ်သွားတော့သည်။ဤသည်က ကိုယ်ပွါးပုံရိပ်ယောင်သက်သက်ပင်။
ဘုန်း...
ထျန်းပိုယန်၏ဒေါသများ ပြေလျော့သွားခြင်းမရှိချေ။သူက သူ့ရှေ့ရှိစားပွဲခုံကို ထပ်မံ၍ ရိုက်ပုတ်လိုက်၏။