အခန်း (၂၅၄၆-၂၅၅၀)
Vol. 131 Ch. 2546-2550
Chapter 2546
တခြားမဟာကွန်ဖြူးရှင်များသည် သူတို့၏မှော်မန္တန်များကို အလျှင်အမြန်ရွတ်ဆို၍ ပတ်ဝန်းကျင်ရှိ တပည့်များကို ကာကွယ်ပေးလိုက်၏။
ဤအချိန်အခိုက်အတန့်တွင် ရောင်စုံအလင်းလွှာများက တပည့်များပေါ်၌ ထွက်ပေါ်လာကာ သူတို့အား တင်းတင်းကြပ်ကြပ် အကာအကွယ်ပေးထားခဲ့သည်။
သို့ရာတွင် တပည့်အများစုသည် ထိတ်ထိတ်ပျာပျာ ကြောက်ရွံနေခြင်းမရှိချေ။ထိုအစား သူတို့က မလှမ်းမကမ်းမှနေ၍ စောင့်ကြည့်ရန် ကြိုးစားလိုက်ကြသည်။
ရွှယ်အင်မော်တယ်နှစ်ယောက်၏တိုက်ပွဲကို မြင်တွေ့နိုင်ရန်မှာ အလွန်အမင်းခက်ခဲလှ၏။
အကယ်၍ သူတို့သည် ထိုတိုက်ပွဲကိုသာ တွေ့မြင်နိုင်ပါက အလွန်ကံကောင်းသည်ဟုယူဆနိုင်ကာ သူတို့၏အနာဂတ်ကျင့်ကြံမှုလမ်းကြောင်းတွင် ကြီးမားသောကူညီထောက်ပံမှုတစ်ခု ဖြစ်သွားပေမည်။
"ကောင်စုတ်လေး...အတိတ်တုန်းက ငါ ကောင်းကင်ဘုံနယ်မြေထဲ လှည့်ပတ်သွားနေတဲ့ အချိန်မှာ မင်းက ချီကို ဘယ်လိုလေ့ကျင့်ရမယ်ဆိုတာတောင် သိအုံးမှာမဟုတ်ဘူး"
ချိုင်ကူဘိုးဘေးက ရက်စက်ကြမ်းကြုတ်သောအပြုံးနှင့် ပြောဆိုသည်။
ထျန်းပိုယန်ကလည်း အလျှော့ပေးခြင်းမရှိဘဲ လေသံပြတ်ပြတ်ဖြင့် တုံ့ပြန်ပြောဆိုလေ၏။
"ဒါဆိုလည်း မင်း ငါ့ကိုထိအောင် ကြိုးစားကြည့်လေ...တကယ်လို့ မင်းက ဒီနေရာပတ်ဝန်းကျင်မှာ မဆင်မခြင်တိုက်ခိုက်မယ်ဆိုရင်...မင်းက တော်ဝင်တရားစီရင်ရေးဌာနရဲ့အကျဥ်းထောင်ထဲမှာ မင်းရဲ့ကျန်နေတဲ့ဘဝသက်တမ်းတလျှောက်လုံး နေသွားရလိမ့်မယ်"
"မင်းက တော်ဝင်တရားစီရင်ရေးဌာနနဲ့ ငါ့ကို ခြိမ်းခြောက်ချင်တာလား"
ချိုင်ကူဘိုးဘေး၏မျက်နှာပေါ်တွင် အေးစက်စက်အပြုံးတစ်ခု ထင်ဟပ်နေသည်။တုန်လှုပ်ချောက်ချားဖွယ်အေးစိမ့်မှုလှိုင်းများက ရုတ်တရက် သူ၏လက်ဝါးအတွင်းမှ ပွင့်အံထွက်လာပေ၏။
ခရက်...ခရက်...
လေထုအတွင်းရှိ ရေငွေ့များသည် အေးစိမ့်မှုလှိုင်းများ၏လွှမ်းခြုံခြင်းကိုခံရမှုကြောင့် ရေခဲသလင်းကျောက်များအဖြစ်သို့ ပြောင်းလဲသွားသည်။
မြောက်မြားစွာသော ရေခဲသလင်းကျောက်များသည် လေထုအတွင်း၌ အတူတကွစုဝေးသွားကာ ဧရာမရေခဲလက်ဝါးကြီးအဖြစ်ဖွဲ့စည်းပြီး ထျန်းပိုယန်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျဆင်းလာသည်။
"ဒါက အစစ်အမှန်ထိပ်သီးကျင့်ကြံသူတစ်ယောက်ပဲ...ငါက အဝေးမှာရှိနေတာတောင် ငါခြေထောက်တွေပျော့ခွေသွားသလို ခံစားရတယ်"
"ဘယ်လောက်တောင် ပြင်းထန်တဲ့စွမ်းအားလဲ...ဒီတစ်ကြိမ်မှာ ကျောင်းတော်ကရင်ဆိုင်ရမယ့်ရန်သူက အရမ်းအစွမ်းထက်လွန်းတယ်"
"လက်ထောက်ကျောင်းအုပ်က ဒါကို ခုခံနိုင်ပါ့မလားဆိုတာ ငါ မသိဘူး"
အကယ်၍ တစ်ဖက်လူသည် အစစ်အမှန်နတ်ဆိုးကျင့်ကြံသူသာဖြစ်နေပါက သူတို့အားလုံး ဝင်ရောက်၍ တိုက်ခိုက်ကြပေမည်။
သို့ရာတွင် ရေခဲတောင်ကြားဘိုးဘေးသည် ရေခဲဘုရင်နန်းတော်၏ ဧည့်အကြီးအကဲတစ်ယောက်ဖြစ်နေသဖြင့် အကယ်၍ သူတို့နှစ်ယောက်တိုက်ခိုက်ကြလျှင်ပင် သူတို့အတွက် အသက်အန္တရာယ်ရှိမည်မဟုတ်ချေ။
မည်သို့ပင်ဆိုစေကာမူ ထျန်းပိုယန်သည် တော်ဝင်နန်းတွင်း၏အရာရှိတစ်ယောက်ပင်။အကယ်၍ ချိုင်ကူဘိုးဘေးသည် ထျန်းပိုယန်ကို သတ်ဖြတ်လိုက်ပါက သူသည် တော်ဝင်တရားစီရင်ရေးဌာန၏ဖမ်းဆီးခြင်းကို ခံရမည့်အပြင် ချိုင်လုံရှင်းသည်လည်း အလွတ်ရုန်းထွက်နိုင်မည်မဟုတ်ချေ။သူသည် တော်ဝင်နန်းတွင်း၏စစ်ဆေးမေးမြန်းခြင်းကိုခံယူရန် ဆင့်ခေါ်ခြင်းခံရပေမည်။
ဤအကြောင်းအရင်းများကြောင့် မဟာကွန်ဖြူးရှပ်ပညာရှင်များ အလျင်စလို ဝင်ရောက်၍မလှုပ်ရှားခြင်းပင်။ထိုအစား သူတို့က နံဘေးမှနေ၍ တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ကြည့်နေကြ၏။
"ကောင်းကင်ဘုံမြစ် ဓားချီဖြတ်တောက်ခြင်း"
ထျန်းပိုယန်က မီတာသုံးဆယ်ခန့်ရှည်လျားသော ဓားတစ်လက်ကို ဆင့်ခေါ်လိုက်သည်။ထိုဓား၏ဓားသွားသည် တောက်ပသောအဖြူရောင်အလင်းတန်းများနှင့် ပြည့်နှက်နေပေ၏။
ထက်ရှသောဓားချီသည် ရုတ်တရက် လေဟာနယ်ကို ထွင်းဖောက်သွားကာ ရေခဲလက်ဝါးကြီးနှင့် ဖီလာဆန့်ကျင်ရိုက်ခတ်မိသွားသည်။
ဘုန်း...
ဓားချီ၏ခုတ်ပိုင်းခံရမှုကြောင့် မြောက်မြားစွာသော ရေခဲသလင်းကျောက်များ ကြေမွသွားကာ လေထုအတွင်း၌ ရေငွေ့များအဖြစ်သို့ပြောင်းလဲသွားပြီး အအေးစွမ်းအင်ချီလှိုင်းများ ယိုစိမ့်ထွက်လာသည်။
သူ၏မှော်မန္တန် ပျက်စီးသွားသည်ကိုမြင်သော်လည်း ချိုင်ကူဘိုးဘေးသည် ထိတ်ထိတ်ပျာပျာဖြစ်သွားခြင်းမရှိချေ။
"ဒါက မင်းရဲ့စွမ်းအားအကုန်ပဲလား...မင်းတို့လိုကောင်တွေလုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက နေ့တိုင်း ကျောင်းတော်မှာနေပြီး မင်းတို့ကိုယ်မင်းတို့ ခြေချုပ်ထားတာပဲ...ဒါကလွဲပြီး ဘာအစွမ်းအစမှမရှိဘူး"
ချိုင်ကူဘိုးဘေးက ထျန်းပိုယန်ကို အနည်းငယ်မျှပင် အမှုမထားသည့်အလား အေးစက်စက်နှာတစ်ချက်မှုတ်လိုက်၏။
သူက ရုတ်တရက် သူ၏လက်ကိုအောက်သို့ဖိနှိပ်ကာ သူ၏လက်ချောင်းငါးချောင်းကို ဆုပ်လိုက်သည်။သူ၏နံဘေး၌အစွမ်းထက်သောမှော်စွမ်းအားများစုဝေးလာကာ လေထုအတွင်း၌ အေးစက်စက်စွမ်းအားလှိုင်းများ ထွက်ပေါ်လာပြီး ထျန်းပိုယန်၏နောက်၌ ယခင်ထက်ပို၍ကြီးမားသော ရေခဲလက်ဝါးကြီးအဖြစ် ဖွဲ့စည်းသွားသည်။
ထျန်းပိုယန်သည် ထိတ်လန့်သွားကာ ထိုတိုက်ခိုက်မှုကို ကာကွယ်ဟန့်တားနိုင်ရန်အတွက် သူက မှော်မန္တန်ကို အလျင်စလိုရွတ်ဆိုလိုက်၏။
သို့ရာတွင် သူ ခြေတစ်လှမ်းစာခန့် နောက်ကျသွားလေပြီ။ကြီးကျယ်ခမ်းနားသော ရေခဲစွမ်းအင်လက်ဝါးကြီးသည် သူ့ထံသို့ ရုတ်တရက်ကျရောက်လာကာ သူ့အား အနည်းငယ်မျှပင် ခုခံခွင့်မပေးချေ။ထိုအရာသည် သူ့အား ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်၏။
သူတော်စင်ခန်းမမှမြေပြင် ချက်ချင်းဆိုသလို ကွဲထွက်သွားသည်။ထျန်းပိုယန်သည် သူ့ရှေ့ရှိ အအေးစွမ်းအင်လှိုင်းများကို ခုခံကာကွယ်နိုင်ရန်အတွက် ဓားချီများကို ဆင့်ခေါ်လိုက်သည်။တစ်ချိန်တည်းမှာပင် သူက အဆက်မပြတ် နောက်ဆုတ်လိုက်၏။
ဘုန်း...ဘုန်း...ဘုန်း...
ထျန်းပိုယန် နောက်ဆုတ်လိုက်သည့်အချိန်တိုင်း မြေပြင်ပေါ်၌ နက်ရှိုင်းသောခြေရာကြီးများ စွဲထင်ကျန်ရစ်ကာ သူတော်စင်ခန်းမ၏မာကြောသောမြေပြင်ကို ကွဲအက်သွားစေသည်။
ဖူး...
ထျန်းပိုယန်၏ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်လာသည်။
ဤလက်ဝါးရိုက်ချက်နှင့်ရင်ဆိုင်ရချိန်တွင် သူ အလွန်ကြိုးစားရုန်းကန်၍ ခုခံနေရသည်။
ချိုင်ကူဘိုးဘေး၏မျက်လုံးများ စူးရှရှတောက်ပသွားကာ သူက ပွဲသိမ်းရိုက်ချက်ကို အသုံးပြုရန် ဟန်ပြင်လိုက်၏။
"ဒီနေရာမှာတင် ရပ်လိုက်တော့"
ချိုင်လုံရှင်းက ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ချက်ချင်းဆိုသလိုပင် ကျယ်လောင်စွာအော်ဟစ်၍ ဟန့်တားလိုက်သည်။
Chapter 2547
ချိုင်လုံရှင်း၏အော်သံကိုကြားချိန်တွင် ချိုင်ကူဘိုးဘေးက ရပ်တန့်လိုက်သည်။
"ဟူး...ဒါက အရမ်းပျင်းဖို့ကောင်းတာပဲ"
ချိုင်ကူဘိုးဘေးက ခါးသည်းသောအမူအယာဖြင့် သူ၏လက်ကို ပြန်ရုတ်သိမ်းလေသည်။သူသည် ဤတိုက်ခိုက်မှုအတွက် စိတ်မကျေနပ်သေးသည်မှာ သိသာထင်ရှားလှ၏။
သူ၏ရှေ့တွင် ထျန်းပိုယန်သည် ဆိုးဆိုးရွားရွားအခြေအနေမျိုးသို့ ကျရောက်နေလေပြီ။မူလက ထျန်းပိုယန်သည် ခမ်းနားထည်ဝါသော ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသည်။သို့ရာတွင် ယခုလက်ရှိချိန်၌ ထိုဝတ်စုံစုတ်ပြဲသွားကာ အင်္ကျီလက်များ ကြေမွပျက်စီးသွားသည်။
သူ၏ဆံပင်များလည်း ဖရိုဖရဲဖြစ်နေကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး သွေးစသွေးနများဖြင့် ဖုံးလွှမ်းနေလေ၏။
ထိုမြင်ကွင်းကိုစောင့်ကြည့်နေသော ပတ်ဝန်းကျင်မှတပည့်များသည် ကူကယ်ရာမဲ့ဖြစ်သွားကြကာ သူတို့၏မျက်လုံးများအတွင်း၌ စိတ်ဓာတ်ကျဆင်းသွားသောအရိပ်အယောင်များ ထင်ဟပ်လာသည်။
ကျောင်းတော်ငါးခုမှ လက်ထောက်ကျောင်းအုပ်နေရာများကို များသောအားဖြင့် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများမှ တာဝန်ယူထားကြသည်။အနိမ့်ဆုံးအနေဖြင့် သူတို့သည် ရွှယ်အင်မော်တယ်နယ်ပယ် ထိပ်သီးကျင့်ကြံသူများ ဖြစ်ကြ၏။
လက်ထောက်ကျောင်းအုပ်တိုင်းသည် ကျောင်းတော်တစ်ခုစီ၏အမာခံများဖြစ်ပြီး အခြေခံအုတ်မြစ်များလည်းဖြစ်သည်။
ပိုင်မင်ဟန်သည်လည်း လက်ထောက်ကျောင်းအုပ်တစ်ယောက်ပင်။သူမအား ဖူကျစ်ရွှယ်မှထောက်ခံထားသည့်အပြင် သူမ၏ကိုယ်ပိုင်ခွန်အားသည်လည်း အားနည်းခြင်းမရှိချေ။ထို့ပြင် သူမသည် ကျောင်းတော်၏စစ်ဆေးစမ်းသပ်ပွဲများတွင် ထိပ်ဆုံးနေရာကို သိမ်းပိုက်ထားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
အတိတ်တွင် ရွှယ်အင်မော်တယ်နယ်ပယ်နတ်ဆိုးကျင့်ကြံသူတစ်ယောက်သည် ကျောင်းတော်မှတပည့်များကို သတ်ဖြတ်ခဲ့သည်။ပိုင်မင်ဟန်သည် ကိုယ်တိုင်ပြင်ပသို့ထွက်၍လှုပ်ရှားကာ နောက်တစ်နေ့တွင် ထိုရွှယ်အင်မော်တယ်နယ်ပယ်နတ်ဆိုးကျင့်ကြံသူ၏အလောင်းကို ကျောင်းတော်၏တံခါးမကြီးရှေ့၌ ခုနစ်ရက်တိုင်တိုင် ချိတ်ဆွဲထားသည်။
ထို့ကြောင့် ပိုင်မင်ဟန်သည် များသောအားဖြင့် တံခါးပိတ်ကျင့်ကြံနေလေ့ရှိသော်လည်း ကျောင်းတော်တပည့်များသည် သူမအား အလွန်ရိုသေလေးစားကြ၏။
ထျန်းပိုယန်သည် လက်ထောက်ကျောင်းအုပ်တစ်ယောက်ဖြစ်သည့်တိုင် သူ၏အစစ်အမှန်ခွန်အားကို တစ်ကြိမ်တစ်ခါမျှ ထုတ်ဖော်အသုံးပြုခဲ့ခြင်းမရှိချေ။ထို့ကြောင့် မည်သူကမျှ သူ၏ခွန်အားကို မသိပေ။
တပည့်များအားလုံးနီးပါးသည် မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေ အုပ်ချုပ်ရေးရုံးတော်၏ အရာရှိတစ်ယောက်ဖြစ်သော ထျန်းပိုယန်သည် အလွန်အမင်းအစွမ်းထက်သော ကျင့်ကြံသူတစ်ယောက်ဖြစ်မည်ဟု ယူဆထားကြသည်။
သို့ရာတွင် လက်တွေ့ဖြစ်ရပ်မှန်သည် လူတိုင်းအား စိတ်ပျက်သွားစေသည်။
သူတို့၏လက်ထောက်ကျောင်းအုပ်သည် နတ်ဆိုးကျင့်ကြံသူ၏ ရိုးရှင်းသောတိုက်ခိုက်မှုတစ်ခုအောက်တွင်ပင် ရှုံးနိမ့်သွားခဲ့ကာ တုံ့ပြန်တိုက်ခိုက်ခြင်းပင်မပြုနိုင်ချေ။
"ချိုင်ကူဘိုးဘေး...မင်း ဒီနေ့ ကျောင်းတော်ထဲကနေထွက်သွားဖို့ မစဥ်းစားနဲ့"
ပတ်ဝန်းကျင်ရှိလူများ၏အကြည့်များကို သတိပြုမိချိန်တွင် ထျန်းပိုယန်သည် ရှက်ရွံခြင်းနှင့်ဒေါသထွက်ခြင်းတို့ကို ရောယှက်၍ခံစားလိုက်ရသည်။
အကယ်၍ သူသည် ယနေ့တွင် ချိုင်ကူဘိုးဘေးကို နှိမ်နင်းနိုင်ခြင်းမရှိပါက ကျောင်းတော်အတွင်း၌ သူ၏နာမည်ဂုဏ်သတင်းသည် အနိမ့်ဆုံးအဆင့်ထိ ထိုးကျသွားကာ လူအမြောက်အများ၏ရယ်စရာပြက်လုံးတစ်ခု ဖြစ်လာပေမည်။
ထျန်းပိုယန်သည် သူ၏နာမည်ဂုဏ်သတင်းကို အလွန်အလေးထားသူပင်။ထိုကဲ့သို့ကိစ္စမျိုး ဖြစ်ပျက်လာမည်ကို သူ မည်သည့်နည်းနှင့်မျှ ခွင့်မပြုနိုင်ချေ။
ချိုင်ကူဘိုးဘေးက သရော်တော်တော် ပြောဆိုသည်။
"မင်းက ငါ့ကို ဘာလုပ်နိုင်မှာမလို့လဲ...တကယ်လို့ အရှင့်သားသာ ဒီနေရာမှာရှိမနေဘူးဆိုရင်...ဒီနေ့ ငါ မင်းရဲ့အရိုးတွေကို ရိုက်ချိုးပြီးနေလောက်ပြီ"
"မင်း လုပ်ရဲလား"
ထျန်းပိုယန်က ရုတ်တရက် သူ၏စည်းတံဆိပ်ကိုထုတ်ယူကာ သူ၏မှော်စွမ်းအားများကို ထိုအရာအတွင်းသို့ ထည့်သွင်းလိုက်၏။
ဤသည်က ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ လက်ထောက်ကျောင်းအုပ်၏စည်းတံဆိပ်ပင်။
သူတော်စင်ခန်းမ၏နံဘေးပတ်ဝန်းကျင်တွင် ထောင်နှင့်ချီသော အလင်းရောင်စဥ်တန်းများ စုဝေးသွားသည်။ခန်းမ၏နေရာအနှံ့၌ ရေးထွင်းထားသော သူတော်စင်ကျမ်းစာစာလုံးများမှနေ၍ တောက်ပသောရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။
သူတော်စင်များ၏ဟောပြောနေသံများသည် လေထုအတွင်း၌ ပဲ့တင်ထပ်နေပေ၏။ကျမ်းစာစာလုံးတစ်ခုစီတွင် ကောင်းကင်နှင့်မြေပြင်အကြားရှိ ဥပဒေသများကို တုန်ခါသွားစေသောစွမ်းအားမျိုး ပါဝင်နေသည်။
ချိုင်ကူဘိုးဘေးသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် မျက်မှောင်ကြုတ်လိုက်ကာ သူ၏မျက်နှာပေါ်၌ အနည်းငယ်သိချင်စိတ်ပြင်းပြသော အရိပ်အယောင်မျိုး ထင်ဟပ်လာပေ၏။
ထျန်းပိုယန်သည် လက်ထောက်ကျောင်းအုပ်စည်းတံဆိပ်ကိုအသုံးပြု၍ ကျောင်းတော်၏မဟာအကာအကွယ်ဝင်္ကပါမှစွမ်းအားများကို ထုတ်ဖော်လိုက်ခြင်းဖြစ်သည်။
ချိုင်ကူဘိုးဘေးသည် ထျန်းပိုယန်ကို ဂရုမစိုက်သော်လည်း ထိုဝင်္ကပါကြီးကိုမူ လျစ်လျှူရှုမထားဝံ့ချေ။
"ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့ အကာအကွယ်ဝင်္ကပါကြီးက ဘယ်လောက်ထိအားကောင်းလဲဆိုတာ ငါ သိချင်တယ်"
ချိုင်ကူဘိုးဘေးသည် သူ၏စိတ်အတွင်း၌ ထိတ်လန့်ကြောက်ရွံနေသော်လည်း သူသည် အစွမ်းကုန်တိုက်ခိုက်လိုစိတ်ရှိနေလေ၏။
ချိုင်ကူဘိုးဘေး၏ခန္ဓာကိုယ်မှနေ၍ အေးစက်စက်စွမ်းအင်လှိုင်းများ ပွင့်အံထွက်လာသည်။သူ၏ခြေထောက်အောက်ရှိမြေပြင်တွင် ရေခဲလွှာများ စတင်၍ဖြစ်ပေါ်လာခဲ့သည်။
အလွန်အမင်းအေးစက်သော ချီလှိုင်းများက လေထုအတွင်း၌စုဝေးသွားကာ နောက်ဆုံးတွင် ဧရာမရေခဲသိမ်းငှက်ကြီးတစ်ကောင်အဖြစ် ဖွဲ့စည်းသွားသည်။
ဂီး...
ထိုသိမ်းငှက်ကြီးသည် စူးရှကျယ်လောင်စွာအော်ဟစ်ကာ ထျန်းပိုယန်ထံသို့ တဟုန်ထိုးတိုးဝင်သွားလေ၏။
ထျန်းပိုယန်ကလည်း ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။သူ၏လက်အတွင်းမှ စည်းတံဆိပ်သည် ပျံဝဲသွားကာ တောက်ပသောရွှေရောင်အလင်းတန်းများက သိမ်းငှက်ကြီးပေါ်သို့ ဖြာကျသွားသည်။
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် မဟာကွန်ဖြူးရှပ်ပညာရှင်များ၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားကာ ပျာပျာသလဲ အော်ဟစ်လိုက်၏။
"တပည့်တွေအားလုံး...ဒီနေရာက ခုချက်ချင်း ထွက်သွားကြစမ်း"
ရွှယ်အင်မော်တယ်နှစ်ယောက်အကြားမှ တိုက်ပွဲသည် လောကကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်လုနီးပါး ပြင်းထန်သည်။
အကယ်၍ တပည့်များသည် ထိုတိုက်ပွဲ၏အနီးပတ်ဝန်းကျင်တွင်ရှိနေပါက အားလှိုင်းအရှိန်များ လွယ်လင့်တကူ သက်ရောက်ခြင်းကို ခံရပေမည်။
Chapter 2548
"သွားကြစို့...ဒီနေရာက မြန်မြန်ရှောင်ကြရအောင်"
"ဒါက ရွယ်အင်မော်တယ်အဆင့်တွေရဲ့တိုက်ပွဲ...တကယ်လို့ ဒီတိုက်ပွဲအရှိန်က ငါတို့ပေါ်ကို သက်ရောက်လာမယ်ဆိုရင်...ငါတို့ အပြင်းအထန်ဒဏ်ရာရသွားနိုင်တယ်"
နှစ်ဖက်အကြားမှတိုက်ပွဲ ပို၍ပို၍ပြင်းထန်လာသည်ကိုကြည့်ပြီး တပည့်အများစုသည် အလျှင်အမြန် ဘေးလွတ်ရာသို့ ရှောင်တိမ်းလိုက်ကြ၏။
ရွှယ်အင်မော်တယ်နှစ်ယောက်သည် ပြင်းထန်သောတိုက်ပွဲတစ်ခုကို ဆင်နွှဲရန်အတွက် သူတို့၏စွမ်းအားများကို ဖြန့်ကျက်လိုက်စဥ်မှာပင်....
သူတော်စင်ခန်းမဆောင်အတွင်းရှိ ကူးပြောင်းရေးဝင်္ကပါမှနေ၍ ရုတ်တရက် တောက်ပသောအလင်းတန်းများ ပွင့်အံထွက်လာကာ ကောင်းကင်ယံထိတိုင် ထိုးတက်သွားသည်။
ပြင်းထန်သောလေဟာနယ်လှုပ်ခတ်မှုလှိုင်းများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကာ အတွင်းမှနေ၍ လုယွီ၏ပုံရိပ်က ဖြည်းညှင်းစွာထွက်ပေါ်လာသည်။
"ဒီနေရာမှာ သူတော်စင်တွေရဲ့ကျမ်းစာတွေနဲ့ ပြည့်နှက်နေတယ်...ခင်ဗျားတို့နှစ်ယောက်က ဒီနေရာမှာ တိုက်ခိုက်နေကြတာ ဒါတွေကို ဖျက်ဆီးမလို့လား"
လုယွီက ကြည်လင်ပြတ်သားသောအသံဖြင့် ပြောဆိုလိုက်၏။
တစ်ချိန်တည်းမှာပင် လုယွီ၏နောက်မှ အဖြူရောင်ဓားချီတစ်လှိုင်း ထွက်ပေါ်လာကာ ပတ်ဝန်းကျင်နေရာတစ်ဝိုက်လုံးကို လွှမ်းခြုံသွားသည်။
ထိုဓားချီလှိုင်းသည် လှည့်ပတ်ပျံဝဲနေကာ စက်ဝိုင်းပုံဓားဝင်္ကပါကြီးအဖြစ်ဖွဲ့စည်းသွားပြီး ပတ်ဝန်းကျင်ကို အခိုင်အမာ ကာကွယ်စောင့်ကြပ်ထားလေသည်။
ထျန်းပိုယန်နှင့်ချိုင်ကူဘိုးဘေးတို့၏တိုက်ပွဲမှ နောက်ချန်အားလှိုင်းအရှိန်များသည် ထိုဓားဝင်္ကပါအတွင်း၌သာ လှောင်ပိတ်မိနေပြီး အနည်းငယ်မျှပင် ပြင်ပသို့ယိုစိမ့်လာခြင်းမရှိချေ။
လုယွီသည် ဓားချီပေါ်၌မတ်တတ်ရပ်ကာ လေထုအတွင်း၌ ပျံဝဲနေသည်။သူ၏အစိမ်းရောင်ဝတ်စုံသည် လေပြည်လေညှင်းနှင့်အတူ လူးလွန့်နေကာ သူသည် ကောင်းကင်ယံအတွင်း၌ ဓားနတ်ဘုရားတစ်ပါး မတ်တတ်ရပ်နေသည်နှင့် တူညီနေပေ၏။
လုယွီ၏ထွက်ပေါ်လာမှုသည် တိုက်ခိုက်နေကြသော ရွှယ်အင်မော်တယ်နှစ်ယောက်၏စိတ်နှလုံးသားကို တုန်လှုပ်ချောက်ချားသွားစေသည်။
"ဟား ဟား ဟား...အစစ်အမှန်ထိပ်သီးကျင့်ကြံသူက ထွက်လာပြီ...အရှင့်သား...ဒီအဖိုးကြီးက အရင်ဆုံး ထွက်သွားပါတော့မယ်"
ချိုင်ကူဘိုးဘေးက ချာခနဲနောက်လှည့်ကာ ဤနေရာမှာ ထွက်ခွါသွားတော့သည်။သူ ထွက်ခွါမသွားမီ သူ၏လက်ကောက်ဝတ်မှနေ၍ သွေးစီးကြောင်းတစ်ကြောင်းက ယိုစီးကျနေသည်။
သူ၏ခွန်အားသည် သာမာန်ထက်သာလွန်သော်လည်း ကျောင်းတော်၏အကာအကွယ်ဝင်္ကပါကြီးနှင့် ယှဥ်ပြိုင်နိုင်ရန် အလှမ်းကွာဟနေဆဲပင်။
"မင်း...မင်း ဘယ်လိုလုပ်ပြီး ထွက်လာတာလဲ"
ထျန်းပိုယန်က အံ့အားသင့်တုန်လှုပ်နေသည်။သူသည် ချိုင်ကူဘိုးဘေးကို လိုက်လံဖမ်းဆီးရန် ရည်ရွယ်ထားခြင်းမရှိချေ။
သူသည် လုယွီကို စူးစိုက်ကြည့်နေကာ သူ၏မျက်လုံးကိုပင် သူ မယုံကြည်နိုင်တော့ပေ။
ဤကူးပြောင်းရေးဝင်္ကပါကိုဖွင့်နိုင်ရန် လက်ထောက်ကျောင်းအုပ်တစ်ယောက်တည်းတွင်သာ အရည်အချင်းပြည့်မီပြီး မဟာကွန်ဖြူးရှပ်ပညာရှင်များပင်လျှင် မလုပ်ဆောင်နိုင်ချေ။
ထို့ကြောင့် ထျန်းပိုယန်သည် အထူးသီးသန့်လေဟာနယ်နယ်မြေတစ်ခုကို ရည်ရွယ်ချက်ရှိရှိ ရှာဖွေခဲ့ခြင်းဖြစ်သည်။သူသည် ကူးပြောင်းရေးဝင်္ကပါကို အသက်သွင်းလိုက်သော အချိန်အခိုက်အတန့်တွင် အခွင့်ကောင်းရှာ၍ လုယွီအား ထိုနယ်မြေအတွင်းသို့ ခွဲထုတ်ခဲ့သည်။
ထျန်းပိုယန်၏အကြံအစည်အရ ထိုထူးဆန်းသောနယ်မြေအတွင်း၌ လုယွီ၏မှော်စွမ်းအားများကုန်ခမ်းကာ ပြိုလဲလုဆဲဆဲအခြေအနေမျိုးသို့အရောက်တွင် သူသည် လုယွီအားဖမ်းဆီး၍ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ပြင်ပသို့ မောင်းထုတ်လိုက်ပေမည်။
ထိုအချိန်ကျလျှင် သူသည် ဤကိစ္စကို မည်သူမျှမသိအောင် ဖုံးကွယ်ထားနိုင်မည့်အပြင် ဖူကျစ်ရွှယ်ကိုလည်း အပြစ်ပြုမိတော့မည်မဟုတ်ချေ။
သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် ထိုထူးဆန်းသောနယ်မြေအတွင်းမှ ထွက်လာခဲ့ပေ၏။
ထို့ပြင် လုယွီကိုကြည့်ရသည်မှာ ဒဏ်ရာအပြင်းအထန် ရရှိထားခြင်းမရှိသည်မှာ သိသာထင်ရှားသည်။
မည်သည့်နည်းဖြင့် ဖြစ်နိုင်မည်နည်း....
လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။
"ဘာလဲ...လက်ထောက်ကျောင်းအုပ်က ကျွန်တော်ထွက်လာတာကိုမြင်ပြီး မပျော်တော့ဘူးလား"
ထျန်းပိုယန်၏မျက်နှာအမူအယာ ချက်ချင်းဆိုသလိုပင် သုန်မှုန်သွားသည်။
"အမှန်ပဲ...မင်းက တပည့်အချင်းချင်း တိုက်ခိုက်ခဲ့ပြီးတော့ ထျန်းယင်ရဲ့စိတ်ဝိညာဥ်ကိုလည်း မပြည့်မစုံဖြစ်စေခဲ့တယ်...ဒါက ကျောင်းတော်ရဲ့စည်းမျဥ်းကို ချိုးဖောက်တာပဲ...အခုချက်ချင်း အညံခံပြီးတော့ မင်း ငါနဲ့အတူ စည်းမျဥ်းဥပဒေခန်းမမှာ စုံစမ်းစစ်ဆေးခံဖို့အတွက် လိုက်ခဲ့စမ်း"
တပည့်များအားလုံး အံ့အားတသင့် အော်ဟစ်လိုက်ကြ၏။
သူတို့သည် တပည့်တစ်ယောက် နတ်ဘုရားကုန်းမြေမှထွက်လာစဥ်တွင် စုံစမ်းစစ်ဆေးခံရန်အတွက် စည်းမျဥ်းဥပဒေခန်းမသို့ပို့ဆောင်သော ကိစ္စရပ်မျိုးကို တစ်ကြိမ်တစ်ခါမျှ ကြုံတွေ့ဖူးခြင်းမရှိချေ။
လီစစ်က ခြေတစ်လှမ်းရှေ့တက်ကာ ပြောဆိုသည်။
"လက်ထောက်ကျောင်းအုပ်...ဒါကမှ စည်းမျဥ်းတွေကို ဆန့်ကျင်တာပဲ"
"ငါက စည်းမျဥ်းတွေအကြောင်းကို မင်းထက် ကောင်းကောင်းပိုသိတယ်...နောက်ဆုတ်စမ်း...မဟုတ်ရင် ငါက မင်းကိုပါဖမ်းပြီး စစ်ဆေးရလိမ့်မယ်"
ထျန်းပိုယန်၏မျက်လုံးအတွင်းမှနေ၍ အေးစက်စက်အလင်းရောင်များ ဖြာထွက်နေသည်။
ချိုင်လုံရှင်းက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်၏။
"ထျန်းယင်က အောက်ဘုံကသက်ရှိရဲ့ ခန္ဓာကိုယ်အပိုင်စီးတာကိုခံရတာမဟုတ်လား...လုယွီက ထျန်းယင်ကိုကယ်တင်ဖို့ ကြိုးစားခဲ့တာလေ...ဒါတောင်မှ ခင်ဗျားက ကျေးဇူးတင်ရကောင်းမှန်းမသိဘူး...အဲ့ဒီအစား ခင်ဗျားက လုယွီကို ဖမ်းဆီးဖို့ကြံစည်နေတယ်...ထျန်းပိုယန်...အတွင်းဝန်အမတ်ကြီးဖူဆီကို ငါ ဒီကိစ္စ သတင်းပို့ရလိမ့်မယ်"
ထျန်းပိုယန်က အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်၏။
"ငါက ကျောင်းတော်အတွက် ဒီကိစ္စကို ကျိုးကြောင်းဆီလျော်အောင်ဖြေရှင်းတာပဲ...မင်း သွားပြီးသတင်းပို့လို့ရတယ်...ငါတို့ရဲ့ကျောင်းတော်က ဒါကိုကြောက်နေမယ်လို့ မင်း ထင်နေတာလား"
ယခုချိန်၌ သူ လက်လျှော့အရှုံးမပေးနိုင်တော့ချေ။သူသည် လုယွီကို မောင်းထုတ်နိုင်သရွေ့ နဂါးအစောင့်တပ်သို့ ပြောင်းရွှေ့နိုင်ပေမည်။
နဂါးအစောင့်တပ်သည် ဧကရာဇ်၏တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင်ရှိသည်။
အတွင်းရုံးပင်လျင် ထိုစစ်တပ်၏အရေးကိစ္စများကို ကြားဝင်စွက်ဖက်နိုင်ခြင်းမရှိချေ။ထျန်းပိုယန်သည် စိတ်ပိုင်းဖြတ်ထားပြီးလေပြီ။အကယ်၍ သူ ဖူကျစ်ရွှယ်အား အပြစ်ပြုမိလျှင်ပင် လုယွီကို ကျောင်းတော်မှ မောင်းထုတ်ရပေမည်။
"လုယွီက ထျန်းယင်ထိခိုက်နာကျင်အောင် ရည်ရွယ်ခဲ့တယ်ဆိုတာ သက်သေအခိုင်အမာရှိတယ်...ဒီနေ့ သူ့ကို ကျောင်းတော်ရဲ့တပည့်အဖြစ်ကနေ ထုတ်ပယ်လိုက်ပြီ...မင်း ဒီနေ့ ကျောင်းတော်ကနေ ထွက်သွားရမယ်"
ထျန်းပိုယန်က အော်ဟစ်ပြောဆိုလေ၏။
Chapter 2549
"လက်ထောက်ကျောင်းအုပ်...ဒီလောက်ထိအများကြီး အကျိုးဆောင်ခဲ့တဲ့သူကို ခင်ဗျားက ဘယ်လိုဆက်ဆံလိုက်တာလဲ"
လုယွီ၏ကယ်တင်ခြင်းခံခဲ့ရသော တပည့်ငါးယောက်သည် ဒေါသကြောင့် တုန်ရီနေပေ၏။
နတ်ဘုရားကုန်းမြေသည် သူတော်စင်၏ပိုင်နက်နယ်မြေပင်။လုယွီသည် သန်းနှင့်ချီသောလူသားများကို ကယ်တင်ခဲ့သဖြင့် သူ ဆုချီးမြှင့်ခံရသင့်သည်။
သို့ရာတွင် လုယွီသည် အောက်ဘုံမှပြန်လည်ရောက်ရှိသည်နှင့် ဆုချီးမြှင့်ခံရမည့်အစား ကျောင်းတော်မှထုတ်ပယ်ခြင်းကိုပင်ခံရသည်။
အကြီးလေးဆုံးအမှားကိုကျူးလွန်ခဲ့သူ သို့မဟုတ် စစ်ဆေးစမ်းသပ်မှုကို ကျရှုံးခဲ့သောသူများကိုသာ ကျောင်းတော်မှထုတ်ပယ်ရလေ၏။
လုယွီသည် စစ်ဆေးစမ်းသပ်မှုကို ထူးချွန်စွာ ဖြတ်ကျော်နိုင်ခဲ့ရုံသာမက ကျောင်းတော်အတွက် အကျိုးဆောင်မှုကိုလည်း ပြုလုပ်ခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ကျောင်းတော်မှထုတ်ပယ်ခံရမည့်သူမှာ လုယွီ မဖြစ်သင့်ချေ။
မဟာကွန်ဖြူးရှပ်ပညာရှင်များပင်လျှင် ထိုကိစ္စကို ရပ်ကြည့်မနေနိုင်ကြတော့ပေ။
"ထျန်းပိုယန်...မင်း အရမ်းလွန်နေပြီ...တပည့်တစ်ယောက်ကို မင်းက ဘယ်လိုပုံစံမျိုးနဲ့ ဆက်ဆံနေတာလဲ...မင်းက စုံစမ်းစစ်ဆေးမှုတောင်မလုပ်ဘဲနဲ့ ကျောင်းတော်ကနေ တပည့်တစ်ယောက်ကို လက်လွတ်စပါယ်မောင်းထုတ်တယ်ပေါ့လေ...ဒါက ဘယ်လိုဟာသမျိုးလဲ"
ထျန်းပိုယန်က မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။
"ကျောင်းတော်ရဲ့လက်ထောက်ကျောင်းအုပ်တစ်ယောက်ဖြစ်တဲ့ ငါက သမာသမတ်ကျကျလုပ်ဆောင်တာ ဖြစ်သင့်တာပဲလေ...တကယ်လို့ သူသာ ထျန်းယင်ရဲ့စိတ်ဝိညာဥ်ကို ဖိအားပေးပြီးဆွဲမထုတ်ဘူးဆိုရင်...ဘယ်လိုလုပ်ပြီး ထျန်းယင်က ဒီလိုပုံစံမျိုးဖြစ်နေမှာလဲ"
"စီနီယာတပည့်တစ်ယောက် ဒီလိုပုံစံဖြစ်သွားတာ ငါ သူ့ကို ဒေါသမထွက်သင့်ဘူးလား...ငါ သူ့ကို မောင်းမထုတ်သင့်ဘူးလား"
ထျန်းပိုယန်၏စကားကို အမြဲတစေနားထောင်ခဲ့သော လီစစ်ကပင် ဒေါသတကြီး ပြောဆိုလိုက်၏။
"လက်ထောက်ကျောင်းအုပ်...ခင်ဗျားက အခုချိန်ထိ အခြေအနေကို နားမလည်သေးဘူးလား...ထျန်းယင်ရဲ့စိတ်ဝိညာဥ်က အောက်ဘုံကသက်ရှိရဲ့ခန္ဓာကိုယ်အပိုင်စီးတာကို ခံလိုက်ရတာ...ပြီးတော့ လုယွီရဲ့အကူအညီသာမရှိရင် ထျန်းယင် သေသွားလောက်ပြီ"
"ဒါက သူ တပည့်အချင်းချင်းတိုက်ခိုက်ခဲ့တာကို ဖြေရှင်းနိုင်မယ့် အကြောင်းပြချက်မဟုတ်ဘူး"
ထျန်းပိုယန်က လီစစ်၏စကားကို ကြားဖြတ်ပြောဆိုသည်။
လူတိုင်းက ဒေါသကြောင့် အံ့တင်းတင်းကြိတ်လိုက်သည်။ဤထျန်းပိုယန်သည် အဓိပ္ပါယ်မရှိသောစကားများကို ပြောဆိုနေခြင်းပင်။
လုယွီက ထျန်းပိုယန်ကို စူးစိုက်၍ကြည့်ကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"ကျုပ် အစောပိုင်းက ကူးပြောင်းရေးဝင်္ကပါထဲကိုဝင်တဲ့ချိန်မှာ...ကူးပြောင်းရေးစွမ်းအားတွေက တခြားနေရာကို ပြောင်းရွှေ့သွားမယ်လို့ ကျုပ် ထင်မထားမိဘူး...ဒါက ကျုပ်ကို ဘာသက်ရှိ ဘာစိတ်ဝိညာဥ်စွမ်းအားမှမရှိတဲ့ ထူးဆန်းတဲ့ကမ္ဘာလောကဆီကို ပို့ဆောင်ခဲ့တယ်...လက်ထောက်ကျောင်းအုပ် သူတော်စင်ခန်းမရဲ့ကူးပြောင်းရေးဝင်္ကပါက ဒီလိုအခြေအနေမျိုး ဘာလို့ဖြစ်သွားရတာလဲဆိုတာ ကျုပ် သိချင်မိတယ်"
ထျန်းပိုယန်၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိချေ။
"သာမာန်အချိန်မျိုးမှာ ငါတို့က ဒီကူးပြောင်းရေးဝင်္ကပါကို အသုံးမပြုဘူး...ဒါက ချို့ယွင်းချက်တစ်ခု နှစ်ခုရှိနေတာကြောင့် မှားယွင်းသွားတာပဲဖြစ်မယ်...တကယ်လို့ မင်းက လျော်ကြေးလိုချင်တယ်ဆိုရင်...မင်းအတွက် ကျောင်းတော်ကနေ အင်မော်တယ်ကျောက်တုံးတချို့ တောင်းခံပေးမယ်"
လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"ဘယ်လောက်တောင် သနားဖို့ကောင်းလိုက်လဲ...ခင်ဗျားက ကျုပ်ကို လှောင်ပိတ်မထားနိုင်ခဲ့ဘူး...ထျန်းပိုယန်...ခင်ဗျားရဲ့နောက်ကွယ်ကလူက ဒီကိစ္စကိုသိသွားရင် အရမ်းစိတ်ပျက်သွားမှာပဲ"
ထျန်းပိုယန်၏မျက်လုံးများ အနည်းငယ်ကျဥ်းမြောင်းသွားသည်။
"မင်း ဘာတွေပြောနေလဲဆိုတာ ငါ မသိဘူး...မင်းက ကျောင်းတော်ရဲ့တပည့်မဟုတ်တော့ဘူး...တကယ်လို့ မင်း ဒီနေရာမှာဆက်ပြီး ပေါက်ကရစကားတွေ ပြောနေအုံးမယ်ဆိုရင်...ငါက ကျောင်းတော်ရဲ့စည်းတံဆိပ်ကို အသုံးပြုပြီးတော့ မင်းကို မောင်းထုတ်ရလိမ့်မယ်"
ထိုစကားကိုကြားချိန်တွင် ကျောင်းတော်တပည့်များသည် သူတို့၏ကျောရိုးများတလျှောက် ချမ်းစိမ့်သွားခြင်းကို ခံစားလိုက်ရ၏။
အကယ်၍ သူတို့သာ တခြားထူးဆန်းသောကမ္ဘာလောကအတွင်းသို့ ပို့ဆောင်ခြင်းခံရပါက သူတို့၏အသက် ရှင်သန်နိုင်ရန် လွန်စွာခက်ခဲပေမည်။
ဤကဲ့သို့ အကျဥ်းချခံရသည့်အလား မွန်းကြပ်သည့်နယ်မြေအတွင်း၌ မည်သူမျှ တောင့်ခံနိုင်မည်မဟုတ်ချေ။
အကယ်၍ သူတို့ထံတွင် ထိုနယ်မြေအတွင်းမှထွက်လာနိုင်မည့် အရည်အချင်းမျိုးမရှိပါက သူတို့၏မျှော်လင့်ချက်များအားလုံးကို ကျောင်းတော်ပေါ်တွင်သာ ပုံချထားရပေမည်။သို့ရာတွင် ကျောင်းတော်ဘက်မှသဘောထားသည် တပည့်များအား ကယ်တင်လိုစိတ်မရှိသည်မှာ သိသာထင်ရှားလှ၏။
ဆန့်ကျင်ဘက်အနေဖြင့် ထိုနယ်မြေမှလွတ်မြောက်လာသောတပည့်ကို ကျောင်းတော်မှမောင်းထုတ်ရန်ပင် ဆန္ဒရှိနေသည်။
ဤသည်က သနားကြင်နာမှုကင်းမဲ့သော လုပ်ရပ်ပင်။
ဤအချိန်အခိုက်အတန့်တွင် ကျောင်းတော်မှတပည့်များအားလုံး၏ မျက်လုံးများအတွင်း၌ အေးစက်စက်အရိပ်အယောင်များ ထင်ဟပ်နေသည်။
ချန်းကျင်းနှင့်တခြားမဟာကွန်ဖြူးရှပ်ပညာရှင်များသည် တပည့်များ၏အမူအယာကို မြင်တွေ့ချိန်တွင် ကူကယ်ရာမဲ့စွာဖြင့် အလွန်အမင်း ဒေါသထွက်သွားကြ၏။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် ကျောင်းတော်ငါးခုအနက် အောက်ဆုံးနေရာမှရပ်တည်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။အကယ်၍ တပည့်များ၏စိတ်နှလုံးသားများသာ ဖရိုဖရဲဖြစ်သွားပါက ကျောင်းတော်သည် ပျက်စီးပြိုလဲသွားပေမည်။
"တကယ်လို့ မင်းက လက်ထောက်ကျောင်းအုပ်ဖြစ်နေရင်တောင် ဒီကိစ္စကို မင်းသဘောအတိုင်း လုပ်ခွင့်မပြုနိုင်ဘူး"
ချန်းကျင်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ငါက စကားစစ်ထိုးပွဲ လုပ်မယ်"
ထိုစကားကိုကြားချိန်တွင် ထျန်းပိုယန်၏မျက်နှာအမူအယာ ပျက်ယွင်းသွားကာ သူ၏မျက်လုံးအကြည့်က ချန်းကျင်းပေါ်သို့ စူးစိုက်၍ကျရောက်သွားသည်။
Chapter 2550
"ဆိုလိုချင်တာက မဟာကွန်ဖြူးရှပ်ပညာရှင်ချန်းက ကျောင်းတော်ကို ဆန့်ကျင်ချင်တဲ့သဘောလား"
ထျန်းပိုယန်က ဒေါသတကြီး ပြောဆိုသည်။
ချန်းကျင်းက မေးစက်စက်လေသံဖြင့် တုံ့ပြန်ပြောဆိုလေ၏။
"ငါက ကျောင်းတော်ကို မင်း ညစ်ညမ်းအောင်လုပ်ခွင့်ပြုမယ့်အစား ငါပဲ အပြစ်ဒဏ်ကိုခံယူလိုက်မယ်"
တခြားကွန်ဖြူးရှပ်ပညာရှင်များကလည်း ထျန်းပိုယန်ကို စူးစူးဝါးဝါး စိုက်ကြည့်နေကြသည်။သူတို့သည် ထျန်းပိုယန်၏ဆုံးဖြတ်ချက်ကို သဘောမတူကြခြင်းမှာ သိသာထင်ရှားသည်။
စကားစစ်ထိုးပွဲကို လက်ထောက်ကျောင်းအုပ်တစ်ယောက် အမှားကြီးတစ်ခုကိုကျူးလွန်သည်ဟု ခန်းမသခင်အများစုမှ ယူဆသည့်အချိန်မျိုးတွင်သာ ပြုလုပ်လေ့ရှိသည်။
ထိုစကားစစ်ထိုးပွဲတွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ ခန်းမသခင် ၉၀ရာခိုင်နှုန်းကျော်ပါဝင်ပြီး လူတစ်ဝက်ကျော် သဘောတူညီမှသာလျှင် လက်ထောက်ကျောင်းအုပ်၏အမိန့်ကို ငြင်းဆန်နိုင်ပေမည်။
ဤသည်က ကျောင်းတော်ငါးခုနှင့်တော်ဝင်ကျောင်းတော်အတွင်း၌ တပြေးညီသတ်မှတ်ထားသော စည်းမျဥ်းပင်။
သို့ရာတွင် ဤကဲ့သို့အနေအထားမျိုး ဖြစ်ပေါ်လာသည်မှာ အလွန်အမင်း ရှားပါးလှ၏။
ယေဘုယျကျကျပြောဆိုရလျှင် လက်ထောက်ကျောင်းအုပ်တစ်ယောက်သည် သူ၏ကိုယ်ပိုင်ဂုဏ်သတင်းနှင့် ရပ်တည်နေသူဖြစ်သဖြင့် လူသူအများ၏အမျက်ဒေါသကို နှိုးဆွသည့်ကိစ္စမျိုးမှာ အလွန်အမင်း ဖြစ်တောင့်ဖြစ်ခဲပင်။
ထို့ပြင် လက်ထောက်ကျောင်းအုပ်နေရာသို့ ရောက်ရှိလာသူများသည် ကောင်းမွန်သောအမြင်ရှိပြီး အတွေ့အကြုံရင့်ကျက်သူများဖြစ်သည်။ဤကဲ့သို့ ရူးသွပ်မိုက်မဲသောဆုံးဖြတ်ချက်များကို ချမှတ်ရန်မှာ သူတို့အတွက် အလွန်ခဲယဥ်းသည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ ထျန်းပိုယန်သည် မည်သည့်အရာကိုမျှ ဂရုမစိုက်တော့ချေ။
တော်ဝင်မြို့တော်မှစုံစမ်းစစ်ဆေးရေးမှူးဟူသော ဓားတစ်လက်သည် သူ၏ခေါင်းထက်၌ ပျံဝဲနေလေပြီ။ထိုဓား မည်သည့်အချိန် အောက်သို့ပြုတ်ကျလာမည်ကို သူ မသိရှိချေ။
ထိုတော်ဝင်စုံစမ်းစစ်ဆေးရေးမှူးရောက်မလာမီ ထျန်းပိုယန်သည် လုယွီကို ကျောင်းတော်မှ မောင်းထုတ်ရပေလိမ့်မည်။
ထိုနည်းလမ်းဖြင့်သာ သူသည် နဂါးအစောင့်တပ်သို့ဝင်ရောက်ကာ သူ၏အပြစ်များမှ ထွက်ပြေးတိမ်းရှောင်နိုင်ပေမည်။
"မင်းတို့အားလုံးက နားဝေတိမ်တောင်ဖြစ်နေကြတာပဲ...မင်းကို ဘယ်သူထောက်ခံဝံ့လဲဆိုတာ ငါ ကြည့်ကြည့်မယ်"
ထျန်းပိုယန်က အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်သွားသည်။
"မိုးကောင်းကင်ဓားခန်းမဆောင်က သဘောတူပါတယ်"
"ဆေးမီးဖိုခန်းမဆောင်က သဘောတူပါတယ်"
"ငါကလည်း စကားစစ်ထိုးပွဲလုပ်ဖို့ သဘောတူတယ်...ထျန်းယင်က မင်းရဲ့တူမဟုတ်လား...သူက အစကတည်းကအရည်အချင်းမရှိတဲ့ကောင်...မင်းက သူ့ကို စီနီယာတပည့်ဖြစ်အောင် အတင်းအကြပ်ထောက်ခံခဲ့တာ...ငါတို့က ဒီကိစ္စကို မင်းရဲ့တူအတွက် မင်းလုပ်တာပဲဆိုပြီး မသိချင်ယောင်ဆောင်ထားခဲ့တယ်...ဒါပေမယ့် မင်းက အရမ်းလွန်လာပြီ...မဟာဆရာသခင်အဆင့် ပန်းချီပညာရှင်တစ်ယောက်ကို မင်းရဲ့တူအတွက်နဲ့ ကျောင်းတော်ကနေမောင်းထုတ်မယ်ဆိုတာက အရမ်းကိုအရှက်မဲ့တဲ့လုပ်ရပ်ပဲ"
တချို့မဟာကွန်ဖြူးရှပ်ပညာရှင်များသည် ထျန်းပိုယန်ထက် အဆများစွာ ပို၍စီနီယာကျသည်။သူတို့အနက်မှအများစုသည် တော်ဝင်နန်းတွင်းမှ အငြိမ်းစားယူခဲ့သော ကျောင်းတော်သားအရာရှိများဖြစ်ပေ၏။
ထျန်းပိုယန်သည် လက်ထောက်ကျောင်းအုပ် ဖြစ်သည် မဖြစ်သည်ကို သူတို့က ဂရုစိုက်ခြင်းမရှိဘဲ စတင်၍ ဆူပူကြိမ်းမောင်းကြတော့သည်။
ရုတ်ချည်းဆိုသလိုပင် မဟာကွန်ဖြူးရှပ်ပညာရှင်များအားလုံးနီးပါးက စကားစစ်ထိုးပွဲပြုလုပ်ရန် သဘောတူညီလိုက်ကြသည်။
ဟူး....
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ခန်းမတိုင်းမှ အလင်းတိုင်များသည် ကောင်းကင်ယံထက်သို့ မြင့်တက်သွားကာ လေထုအတွင်း၌ ရောယှက်သွားသည်။
ကျောင်းတော်၏မဟာအကာအကွယ်ဝင်္ကပါကြီးသည် စကားစစ်ထိုးပွဲပြုလုပ်ရန် လူတိုင်း၏တောင်းဆိုနေမှုကို ကြားနေသည့်အလား တုံ့ပြန်လာခဲ့သည်။
တောက်ပနေသောအလင်းတိုင်လုံးတစ်ခုစီသည် ခန်းမတစ်ခုမှ စကားစစ်ထိုးပွဲကို သဘောတူညီသည်အား ညွှန်ပြနေပေ၏။
မျက်တောင်တစ်ခတ်စာအချိန်မှာပင် ထျန်းပိုယန်၏ စည်းမျဥ်းဥပဒေခန်းမမှလွဲ၍ တခြားခန်းမများအားလုံး သဘောတူညီလိုက်ကြသည်။
ဝုန်း....
ထိုအချိန်မှာပင် စည်းမျဥ်းဥပဒေခန်းမ၏အထက်မှနေ၍ အနီရောင်အလင်းတိုင်တစ်တိုင်က ကောင်းကင်ယံသို့ မြင့်တက်သွားသည်။
ဤသည်က စည်းမျဥ်းဥပဒေခန်းမမှမဟာကွန်ဖြူးရှပ်ပညာရှင်သည် ထျန်းပိုယန်အား ဆန့်ကျင့်သည့် စကားစစ်ထိုးပွဲကို သဘောတူညီသည်ဟု ဆိုလိုခြင်းပင်။
ခန်းမသခင်များအားလုံးနီးပါး ထျန်းပိုယန်ကို ဆန့်ကျင်လိုက်ကြလေပြီ။
ထျန်းပိုယန်သည် ဒေါသအမျက်ချောင်းချောင်းထနေသောအကြည့်ဖြင့် လူအုပ်ကြီးကို ဝေ့ဝိုက်၍ကြည့်လိုက်၏။
"မင်း...မင်းတို့က ကျောင်းတော်တူတပည့်တစ်ယောက်ကို တိုက်ခိုက်ခဲ့တဲ့ သစ္စာဖောက်တစ်ယောက်ကို ကာကွယ်ဖို့အတွက် ငါ့ကိုဆန့်ကျင်ကြတာလား...မင်းတို့ရဲ့မျက်လုံးထဲမှာ ငါ့ကို လက်ထောက်ကျောင်းအုပ်လို့ရော သတ်မှတ်ကြသေးရဲ့လား"
ထျန်းပိုယန်က ဒေါသတကြီး အော်ငေါက်လိုက်သည်။
မဟာကွန်ဖြုးရှပ်ပညာရှင်များအနက်မှတစ်ယောက်က အေးစက်စက်နှာတစ်ချက်မှုတ်ကာ ပြောဆိုသည်။
"ဟမ့်...ငါက ကျောင်းတော်ရဲ့လက်ထောက်ကျောင်းအုပ်တစ်ယောက်က နယ်မြေခံအရာရှိရာထူးကို လက်ခံလိုက်ကတည်းက မင်းကို သဘောမကျတာပဲ...ဒါက နှစ်ဖက်စလုံးကို စိတ်မကျေမနပ်ဖြစ်စေတယ်...မင်း ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကို စပြီးတာဝန်ယူအုပ်ချုပ်ကတည်းက တော်ဝင်စာမေးပွဲမှာ ငါတို့ကျောင်းတော်ရဲ့အဆင့်က တစ်နှစ်ထက်တစ်နှစ် ပိုပြီးဆိုးရွားလာတယ်...ဒါပေမယ့် မင်းက မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေ အုပ်ချုပ်ရေးရုံးမှာ ကောင်းကောင်းလုပ်ဆောင်မယ်ဆိုရင် ငါတို့ ဘာမှပြောစရာမလိုဘူး...ဒါပေမယ့် မင်းက မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေမှာ ဖရိုဖရဲကိစ္စတွေလုပ်ခွင့်ပြုထားခဲ့တယ်...ဒါ့ကြောင့် အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းက ပိုပြီးအတင့်ရဲလာတယ်...လူရိုင်းမျိုးနွယ်တချို့ကတောင် ဒီနေရာကနေ စွန့်ခွါဖို့ ကြံစည်နေကြပြီ...မင်းကသာ ဒီနေရာကိုလာပြီး အရှက်မရှိ မောက်မာဝံ့ကြွားပြနေတာ"
ထိုစကားကိုကြားချိန်တွင် ထျန်းပိုယန်သည် အလွန်ဒေါသထွက်သွားကာ မြေပြင်ပေါ်ခြေဆောင့်နင်း၍ အော်ဟစ်လိုက်၏။
"ငါ့ရဲ့အကြံအစည်ကို မင်းတို့ ဘယ်လိုလုပ်ပြီး နားလည်နိုင်မှာလဲ"
"ငါ ဒီအကြောင်းတွေကို ထပ်ပြီးမပြောချင်တော့ဘူး...ထျန်းပိုယန်...ဒီနေ့ငါတို့က တရားဝင်စကားစစ်ထိုးပွဲလုပ်ပြီးတော့ လုယွီကို မောင်းထုတ်မယ်ဆိုတဲ့ မင်းရဲ့ဆုံးဖြတ်ချက်ကို ငြင်းပယ်မယ်...အခု မဲပေးကြတော့"
ချန်းကျင်းက ပြောဆိုသည်။