အခန်း (၂၅၈၁-၂၅၈၅)
Vol. 132 Ch. 2581-2585
Chapter 2581
"ဟား ဟား ဟား...ယွဲ့ချင်းရန် မင်းရဲ့အကန့်အသတ်ကို မင်း သိထားတာတော့ မဆိုးဘူးပဲ"
ထိုအချိန်မှာပင် အေးစက်စက်အသံတစ်သံက သူတို့၏နောက်မှ ထွက်ပေါ်လာသည်။
ပတ်ဝန်းကျင်နေရာတဝိုက်လုံး၌ သွေးညှီနံများ ရုတ်တရက် အလွန်အမင်းပြင်းထန်လာသည်။သာမာန်မျက်စိဖြင့်ကြည့်လျှင်ပင် လေဟာနယ်အတွင်း၌ သွေးအခိုးအငွေ့များ လူးလွန့်နေသည်ကို တွေ့မြင်နိုင်ပေ၏။
လုယွီက အလွန်လျှင်မြန်စွာ တုံ့ပြန်လိုက်သည်။သူက ယွဲ့ချင်းရန်ကိုဖမ်းဆုပ်ကာ တခြားတောင်ထိပ်တစ်ခုပေါ်သို့ ရွေ့လျားလိုက်၏။
ဘုန်း...
ယခင်က သူတို့နှစ်ယောက် မတ်တတ်ရပ်နေသောနေရာတွင် ချက်ချင်းဆိုသလိုပင် ကျယ်လောက်သောပေါက်ကွဲသံကြီး မြည်ဟီးသွားသည်။
မြင့်မားသောတောင်ထိပ်တစ်ခုလုံး အလယ်မှပြတ်တောက်သွားကာ ကျောက်တုံးများနေရာအနှံ့လွင့်သွားပြီး သဲနှင့်ဖုန်မှုန့်များက လေထုအတွင်းသို့ မြင့်တက်သွားလေ၏။
သူတို့နှစ်ယောက်၏နောက်မှနေ၍ ငယ်ရွယ်သောသွေးနတ်ဆိုးတစ်စု ထွက်ပေါ်လာသည်။ထိုသွေးနတ်ဆိုးတစ်စုသည် လူသားအသွင်ယူထားကာ အမျိုးသားများ အမျိုးသမီးများ ပါဝင်လေ၏။
အမျိုးသားများသည် ရုပ်ရည်ချောမောခန့်ညားပြီး အရပ်ရှည်ကာ အမျိုးသမီးများမှာ လှပချောမောသည်။သူတို့၏မျက်လုံးအရောင်မှလွဲ၍ တခြားအရာများသည် လူသားမျိုးနွယ်နှင့် များစွာကွဲပြားခြားနားခြင်းမရှိချေ။
အဆင့်နိမ့်သွေးနတ်ဆိုးများသည် ရုပ်ဆိုးအကျည်းတန်သော်လည်း အဆင့်မြင့်သွေးနတ်ဆိုးများမှာမူ များသောအားဖြင့် လူသားသွင်ပြင်ရှိသည်။
"သူတော်စင်နတ်ဆိုးဧကရာဇ်"
ထိုသွေးနတ်ဆိုးတစ်စုကိုမြင်တွေ့ချိန်တွင် ယွဲ့ချင်းရန်၏ခြေထောက်များ တုန်ရီသွားသည်။သူ၏စိတ်နှလုံးသားအတွင်းတွင် ကြောက်ရွံထိတ်လန့်မှုများ ကြီးစိုးနေလေ၏။
ထိုမြင်ကွင်းကိုကြည့်ပြီး လုယွီက သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ဤသည်က ကျောင်းတော်၏အထူးချွန်ဆုံး လူငယ်ပါရမီရှင်တစ်ယောက် ဖြစ်ခဲ့သူပင်။သို့ရာတွင် ယခုလက်ရှိချိန်၌ သူ၏သတ္တိများအားလုံး လွင့်ပါးသွားလေပြီ။
ဤနှစ်များအတွင်းတွင် ယွဲ့ချင်းရန်သည် မည်ကဲ့သို့အဖြစ်အပျက်များနှင့် ကြုံတွေ့ရသဖြင့် ထိတ်လန့်နေသောငှက်တစ်ကောင်ကဲ့သို့ ဖြစ်နေသည်ကို မည်သူမျှ မသိနိုင်ချေ။အမှန်တကယ်ကိုပင် သူသည် သွေးနတ်ဆိုးများနှင့် ရင်ဆိုင်တွေ့ချိန်တွင် ခုခံတိုက်ခိုက်ရန် သတ္တိမရှိတော့ပေ။သူက ထွက်ပြေးရန်သာ အာရုံစူးစိုက်နေသည်။
"မင်းက လူသစ်မလား...အရမ်းကောင်းတယ်...မင်း ခုဏက ထုတ်ပေးလိုက်တဲ့ဆေးလုံးကို ငါ မြင်တယ်...ငါ့ကို မြန်မြန်ပေးစမ်း"
ထိုသွေးနတ်ဆိုးတစ်စုအား ဦးဆောင်လာသော ချောမောခန့်ညားပြီးရွှေရောင်ဆံပင်များရှိသည့် လူငယ်သွေးနတ်ဆိုးတစ်ယောက်က ရက်စက်ကြမ်းကြုတ်သောအပြုံးနှင့် ပြောဆိုသည်။
လုယွီက ယွဲ့ချင်းရန်ကို ကြည့်လိုက်၏။
"သူ့ရဲ့မူရင်းဇစ်မြစ်က ဘာလဲ"
ယွဲ့ချင်းရန်က တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။
"သူက သူတော်စင်နတ်ဆိုးဧကရာဇ်...သွေးနတ်ဆိုးတွေကြားမှာ အစွမ်းထက်ဆုံးမင်းသားတစ်ပါးပဲ...ပြီးတော့ သူက သွေးနတ်ဘုရားရဲ့အမွေအနှစ်ကို ဆက်ခံထားတာကြောင့် အရမ်းအစွမ်းထက်တယ်"
ယွဲ့ချင်းရန်၏ချီးကျူးစကားကိုကြားချိန်တွင် သူတော်စင်နတ်ဆိုးဧကရာဇ်က ပျော်ရွှင်သွားပုံရသည်။
"ယွဲ့ချင်းရန် မင်းပြောတာတွေက အမှန်တွေပဲ...အစတုန်းကတော့ ဒီတစ်ကြိမ်မှာ ငါ မင်းကို သတ်ပစ်မယ်လို့ ရည်ရွယ်ထားခဲ့တာ....ဒါပေမယ့် မင်းက စဥ်းစားတွေးခေါ်တက်တဲ့ကောင် ဖြစ်နေမှတော့ နောင်အနာဂတ်မှာ လူသားတွေကို စည်းမျဥ်းတွေ ပြောပြပေးဖို့အတွက် ငါ မင်းကို ချန်ထားလိုက်မယ်"
ထို့နောက် သူက လုယွီဘက်သို့ စောင်းငဲ့၍ကြည့်လိုက်၏။
"ဘာလဲ...မင်းကို ငါ ထပ်ပြောဖို့ လိုနေသေးတာလား...မင်းရဲ့ဆေးလုံးတွေနဲ့ မင်းပိုင်ဆိုင်ထားတဲ့မှော်ရတနာတွေအားလုံး ငါ့ကိုထုတ်ပေးစမ်း...အဲ့ဒီအရာတွေအားလုံးက မင်းရဲ့ပိုင်ဆိုင်မှု ထပ်ပြီးမဖြစ်နိုင်တော့ဘူး"
လုယွီက ခေါင်းခါပြလေသည်။
"ယုတ်ညံတဲ့ သားရဲတစ်စုကများ....လူသားတွေကိုအမဲလိုက်ဖို့ အမဲလိုက်ကွင်းပြင်ကိုတောင် တည်ထောင်ထားဝံ့တယ်ပေါ့လေ...တကယ့်ကို မောက်မာရိုင်းစိုင်းနေတာပဲ"
သူတော်စင်နတ်ဆိုးဧကရာဇ်၏နောက်မှ လူငယ်သွေးနတ်ဆိုးများ၏မျက်နှာများပေါ်တွင် ဒေါသထွက်နေသောအမူအယာများ ထင်ဟပ်လာသည်။
သားရဲဟုခေါ်ဆိုခံရခြင်းသည် သူတို့ကဲ့သို့ မြင့်မြတ်သောသွေးနတ်ဆိုးများအတွက် အရှက်ခွဲခံရခြင်းပင်။
"လူသားတွေကတော့ အမြဲတမ်းပဲ အရမ်းခေါင်းမာတယ်...ငါတို့ရှေ့ကလူသားရဲ့ခန္ဓာကိုယ်မှာရှိတဲ့ သွေးချီတွေက အရမ်းအားကောင်းတယ်...ကြည့်ရတာတော့ သူက ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူဖြစ်မယ်...သူက ပုန်းအောင်းဖို့ဆန္ဒမရှိမှတော့ ငါတို့တွေ အချိန်ကုန်ခံစရာမလိုတော့ဘူး...မင်းတို့အားလုံး အဲ့ဒီလူသားနဲ့ တစ်ယောက်ချင်းစီသွားတိုက်ကြ...သူ့ကိုမသတ်ဖို့ မမေ့ကြနဲ့"
သူတော်စင်နတ်ဆိုးဧကရာဇ်သည် လုယွီထိုကဲ့သို့ ပြောဆိုမည်ကို မျှော်လင့်ထားပုံရသည်။သို့ရာတွင် သူသည် ဤအရာကို ကိစ္စကြီးတစ်ရပ်ဟု တွေးတောထားပုံမရချေ။
တခြားတစ်ဖက်တွင် လူငယ်သွေးနတ်ဆိုးများသည် အလွန်ဒေါသထွက်နေကြ၏။သူတို့သည် လုယွီအား အရှင်လတ်လတ်ဝါးစားလိုသော အကြည့်မျိုးဖြင့် စူးစူးဝါးဝါး စိုက်ကြည့်နေကြသည်။
"မင်းသား....လူသားမျိုးနွယ်က အရမ်းအားနည်းတယ်....သူတို့နဲ့တိုက်ခိုက်တာက ကျွန်တော်တို့ရဲ့လေ့ကျင့်မှုအတွက် အတွေ့အကြုံရနိုင်ပါ့မလား"
လူငယ်သွေးနတ်ဆိုးတစ်ဟောက်က အထင်သေးသောလေသံဖြင့် ပြောဆိုသည်။
သူတော်စင်နတ်ဆိုးဧကရာဇ်က အေးစက်စက် နှာတစ်ချက်မှုတ်လိုက်၏။
"သာမာန်အချိန်တွေမှာ မင်းတို့က မျိုးနွယ်တူအချင်းချင်းပဲ တိုက်ခိုက်ပြီးလေ့ကျင့်နေကြရတယ်...မင်းတို့က တစ်ယောက်ရဲ့အားနည်းချက်ကို တစ်ယောက်ကသိပြီးသားဖြစ်နေတော့ နည်းနည်းလေးတောင် တိုးတက်လာမှာမဟုတ်ဘူး...လူသားတွေက အားနည်းပေမယ့် သူတို့ရဲ့မှော်မန္တန်တွေက အသစ်အဆန်းတွေပဲ...အဲ့ဒီကနေပြီးတော့ မင်းတို့က အလျှင်အမြန်တိုးတက်လာမယ့်အပြင် မင်းတို့ရဲ့အရည်အချင်းတွေ တိုးတက်လာလိမ့်မယ်"
သူတော်စင်နတ်ဆိုးဧကရာဇ်သည် သွေးနတ်ဆိုးများအကြား၌ ကြီးမားသောနာမည်ဂုဏ်သတင်းရှိပုံရသည်။မည်သည့်လူငယ်သွေးနတ်ဆိုးမျှ သူ၏စကားအပေါ် စောဒကမတက်ဝံ့ချေ။
Chapter 2582
"ငါ အရင်သွားမယ်"
လူငယ်သွေးနတ်ဆိုးတစ်ယောက်က အရင်ဆုံး ရှေ့ထွက်လိုက်၏။သူ၏ပုံပန်းသွင်ပြင်သည် ဆံပင်တိုတိုနှင့် တုတ်ခိုင်ထွားကျိုင်းသောခန္ဓာကိုယ်ရှိကာ လူအများအား ကြီးမားသောဖိအားအရှိန်အဝါကို ပေးစွမ်းနိုင်သည်။
ထိုလူငယ်သွေးနတ်ဆိုးက ရက်စက်ကြမ်းကြုတ်သောမျက်နှာအမူအယာဖြင့် လုယွီကိုကြည့်လိုက်၏။
"ငါ ခုချိန်ထိ လူသားတွေနဲ့ မတိုက်ခိုက်ဖူးသေးဘူး...မင်းက ငါ စိတ်ပျက်အောင်မလုပ်ဖို့ ငါ မျှော်လင့်တယ်"
လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။
"ဘာမှ မစိုးရိမ်ပါနဲ့...ဒါက မင်းဘဝရဲ့နောက်ဆုံးအချိန်ပဲ"
လုယွီ၏အထင်အမြင်သေးစွာ ဆက်ဆံမှုကိုကြည့်ပြီး ထိုလူငယ်သွေးနတ်ဆိုးသည် အလွန်ဒေါသထွက်သွားလေ၏။
"မင်းက ငါ့ကို အထင်သေးဝံ့တာလား"
ဤနေရာ၌နေထိုင်သော သွေးနတ်ဆိုးများသည် အလွန်သွေးဆူလွယ်သော စရိုက်သဘာဝရှိသည်။အကယ်၍ မျိုးနွယ်တူများဖြစ်နေလျှင်ပင် သူတို့အချင်းချင်း မသင့်မြတ်သောအချိန်မျိုး၌ အသေအကြေ တိုက်ခိုက်ကြသည်။
"မင်းက သေလမ်းရှာနေတာပဲ"
ရုတ်ချည်းဆိုသလိုပင် လူငယ်သွေးနတ်ဆိုးသည် လုယွီ၏ရှေ့သို့ ရောက်ရှိလာကာ သူ၏လက်သီးဖြင့် ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်၏။
ထိုလက်သီးချက် အလွန်လျှင်မြန်စွာ ကျရောက်လာမှုနှင့်အတူ လေထုအတွင်း၌ နားအူလုမတက်ကျယ်လောင်သော တုန်ခါသံကြီးမြည်ဟီးလာသည်။
ထိုတိုက်ခိုက်မှုကိုမြင်တွေ့ချိန်တွင် လုယွီက သူ့ထံတိုးဝင်လာသောလက်သီးကို သူ၏လက်ညှိုးဖြင့် အသာအယာတောက်ထုတ်လိုက်၏။
အစွမ်းထက်သောအားလှိုင်းတစ်ရပ်သည် ရုတ်တရက် အရပ်မျက်နှာအဘက်ဘက်မှ တလိမ့်လိမ့်ထွက်ပေါ်လာကာ လူငယ်သွေးနတ်ဆိုး၏လက်သီးပေါ်သို့ ကျရောက်သွားသည်။သွေးနတ်ဆိုးများ၏အရိုးများသည် အလွန်အမင်းမာကြောကာ မှော်ရတနာအများစုထက်ပင် ပို၍အားကောင်းသည်။သို့ရာတွင် လုယွီ၏လက်ချောင်း ကျရောက်သွားချိန်တွင် လူငယ်သွေးနတ်ဆိုး၏လက်သီးမှအရိုးများ ချက်ချင်းဆိုသလို ကျိုးပဲ့သွားသည်။
ခရက်....
ထိုအစွမ်းထက်သောအားလှိုင်းသည် ရပ်တန့်သွားခြင်းမရှိဘဲ လူငယ်သွေးနတ်ဆိုး၏လက်သီးမှတဆင့် လက်အရိုးများတလျှောက် စီးဝင်သွားလေ၏။
ထိုအားလှိုင်း၏လွှမ်းမိုးမှုအောက်တွင် သူ၏လက်မှအရိုးများ ချက်ချင်းဆိုသလိုပင် ကြေမွှပျက်စီးသွားကာ မကြာမီမှာပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးထံသို့ ပျံ့နှံ့စပြုလာသည်။
လူငယ်သွေးနတ်ဆိုးသည် ကူကယ်ရာမဲ့စွာဖြင့် တုန်လှုပ်ချောက်ချားသွားသော်လည်း သူသည် အတွေ့အကြုံရင့်ကျက်သူဖြစ်သဖြင့် သူ၏လက်ကို ချက်ချင်းဖြတ်တောက်လိုက်၏။
သူ၏ပြတ်တောက်သွားသောလက်သည် လေထုအတွင်းသို့ခုန်ထွက်သွားကာ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားသည်။
"နိမ့်ကျတဲ့လူသား...မင်းက ငါ့ရဲ့လက်ကို ဖျက်ဆီးဝံ့တယ်ပေါ့လေ...ငါ မင်းကို သတ်မယ့်...ပြီးတာနဲ့ မင်းရဲ့သွေးမျိုးဆက်ကနေ မင်းရဲ့မိသားစုကိုရှာပြီးတော့ အကုန်လုံးကို ငါ သတ်ပစ်မယ်"
လူငယ်သွေးနတ်ဆိုးက ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။
သူသည် တော်ဝင်သွေးနတ်ဆိုးမျိုးနွယ်ဝင်တစ်ယောက်ပင်။ဤသွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်း၌ သူသည် မြင့်မြတ်သောတည်ရှိမှုတစ်ခုဖြစ်ပေ၏။
လုယွီကဲ့သို့ လူသားများသည် သူ၏မျက်လုံးအတွင်း၌ ကျွန်များသာဖြစ်သည်။သို့ရာတွင် သူသည် မမျှော်လင့်ဘဲ တိုက်ပွဲအတွင်း၌ လူသားတစ်ယောက်ကို ရှုံးနိမ့်ခဲ့ရသည်။
သူ့အတွက် ဤသည်က အလွန်ကြီးမားသော အရှက်ခွဲခံရမှုပင်။
လုယွီက တုံ့ပြန်ပြောဆိုခြင်းမပြုချေ။သူက ခြေတစ်လှမ်းရှေ့တက်၍ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
လူငယ်သွေးနတ်ဆိုးသည် ချက်ချင်းဆိုသလိုပင် ဟန့်တားလိုက်သော်လည်း လုယွီ၏အရှိန်နှုန်းမှာ အလွန်အမင်း လျှင်မြန်နေသည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူသည် လုယွီ၏ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားသည်။လုယွီ၏လက်သည် သူ့အားဖိနှိပ်ကာ မြေပြင်ပေါ်သို့ဒူးထောက်ရက်သား ပြုတ်ကျသွားစေသည်။
ဒုန်း....
လူငယ်သွေးနတ်ဆိုးသည် လုယွီ၏ရှေ့၌ ဒူးထောက်နေရလေ၏။သူ၏ဒူးများတုန်ရီနေကာ အားကုန်ရုန်းကန်နေခဲ့သည်။
သို့ရာတွင် လုယွီ၏လက်သည် အလွန်ကြီးမားသောတောင်ကြီးတစ်လုံးကဲ့သို့ သူ့အားဖိနှိပ်ထားလေရာ သူ အနည်းငယ်မျှပင် လှုပ်ရှား၍မရချေ။
လူငယ်သွေးနတ်ဆိုး ကျိန်ဆဲသောစကားများပြောဆိုတော့မည်ကို စောင့်ဆိုင်းခြင်းမရှိဘဲ လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"မင်းက ဒီအရည်အချင်းလောက်နဲ့ တခြားသူရဲ့မိသားစုကို အမြစ်ပြတ်သုတ်သင်မယ်လို့ ကြိမ်းမောင်းဝံ့တာ...မင်း ဘယ်ကနေများ သင်ယူခဲ့ပါလိမ့်"
လုယွီက သူ၏လက်ချောင်းကို ချက်ချင်းဆိုသလိုပင် ဖိနှိပ်လိုက်၏။
လူငယ်သွေးနတ်ဆိုး၏ဒွါရခုနစ်ပေါက်မှ သွေးများယိုစီးကျလာကာ ပြင်းထန်သောအားလှိုင်းတစ်ရပ်က သူ၏ဦးနှောက်ထိတိုင် စီးဝင်သွားပြီးနောက် သူ သေဆုံးသွားတော့သည်။
"ယုတ်ညံတဲ့လူသားကျွန်...နင်က ငါတို့မျိုးနွယ်ဝင်ကို ဘယ်လိုသတ္တိမျိုးနဲ့ သတ်ဝံ့တာလဲ"
အမျိုးသမီးသွေးနတ်ဆိုးတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူမ၏စကားအဆုံးသတ်သွားသော အချိန်မှာပင် အနက်ရောင်အရိပ်တစ်ရိပ်က သူမရှေ့သို့ကျရောက်လာကာ လက်သီးတစ်ချက်က သူမ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။
ထိုအမျိုးသမီးသွေးနတ်ဆိုးသည် နောက်သို့လွင့်ထွက်သွားကာ သူမ၏အရိုးများ ကျိုးပဲ့သွားသည်။
ကြွင်းကျန်သောသွေးနတ်ဆိုးများသည် အံ့အားသင့်တုန်လှုပ်သွားသော်လည်း ချက်ချင်းဆိုသလိုပင် အော်ဟစ်လိုက်ကြ၏။
"ဒီလူသားက အရမ်းအားကောင်းတယ်...ငါတို့အတူပူးပေါင်းပြီး သူ့ကို တိုက်ခိုက်ကြရအောင်"
"သတ်ကြစမ်း"
ရုတ်ချည်းဆိုသလိုပင် သွေးနတ်ဆိုးဆယ်ကောင်ကျော်က လုယွီထံသို့ တဟုန်ထိုးပြေးဝင်လာသည်။
လုယွီ၏မျက်လုံးများ အေးစက်တင်းမာသွားသည်။မည်သည့်သွေးနတ်ဆိုးဖြစ်နေပါစေ သူ၏အနားသို့နီးကပ်လာသည်နှင့် သူ၏လက်ဝါးရိုက်ချက်ကြောင့် လွင့်ထွက်သွားသည်။
အား...
သွေးနတ်ဆိုးတစ်ကောင်သည် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျလာသည်။သူ၏အောက်ရှိမြေပြင်ပေါ်၌ ချက်ချင်းဆိုသလိုပင် အလွန်ရှည်လျားသော အက်ကွဲကြောင်းကြီး ထွက်ပေါ်လာခဲ့သည်။
ဘန်း...ဘန်း...ဘန်း...
သွေးနတ်ဆိုးများတစ်ကောင်ပြီးတစ်ကောင် လွင့်ထွက်သွားကာ ချွင်းချက်မရှိ သေဆုံးသွားကြရ၏။
အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာ မပြည့်မီမှာပင် လုယွီအား တိုက်ခိုက်ခဲ့သော သွေးနတ်ဆိုးများအားလုံးသေဆုံးသွားကာ တစ်ကောင်မျှ အသက်ရှင်လွတ်မြောက်ခဲ့ခြင်းမရှိချေ။
Chapter 2583
သွေးများက မြေပြင်တစ်ပြင်လုံးအနှံ့ ပြန့်ကျဲနေသည်။
သွေးနတ်ဆိုးအများစုသည် ရုပ်ပျက်ဆင်းပျက် သေဆုံးသွားကြ၏။သူတို့၏ခန္ဓာကိုယ်များတွင် အရိုးတစ်ချောင်းမျှ အကောင်းပကတိ မကျန်ရှိခဲ့ချေ။ပြင်းထန်သောခွန်အားကြောင့် သူတို့၏အရိုးများ အားလုံး ကြေမွပျက်စီးသွားခဲ့သည်။
ယွဲ့ချင်းရန်က သူ့ရှေ့ရှိမြင်ကွင်းကိုကြည့်ပြီး ကြက်သေသေနေသည်။သူ အသိပြန်ဝင်လာရန် အချိန်အတော်ကြာယူလိုက်ရ၏။
"သူက ဘယ်လိုနည်းနဲ့မှ ကျောင်းတော်ရဲ့သာမာန်တပည့်တစ်ယောက်မဖြစ်နိုင်ဘူး...သူက ဟောပြောသူတစ်ယောက်များလား...ဘယ်လိုလုပ်ပြီး ကျောင်းတော်မှာ ဒီလောက်အသက်ငယ်ရွယ်တဲ့ဟောပြောသူမျိုးရှိနိုင်မှာလဲ"
မြောက်မြားစွာသောအတွေးများက ယွဲ့ချင်းရန်၏စိတ်နှလုံးသားအတွင်း၌ ဖြတ်ပြေးသွားသည်။
လုယွီ ထုတ်လွှင့်လိုက်သော ပြင်းထန်သည့်ခွန်အားကို မြင်တွေ့သော်လည်း သူတော်စင်နတ်ဆိုးဧကရာဇ်သည် သူ့အားဟန့်တားရန် ရည်ရွယ်ချက်ရှိပုံမရချေ။
"မင်းက ပုန်းအောင်းမနေဘဲ ဒီလောက်ထိတည်ငြိမ်နေတာ အံ့အားသင့်စရာမရှိတော့ဘူး....မင်းမှာ ဒီလိုစွမ်းရည်မျိုး ရှိနေတာပဲ...အရင်က ငါ မင်းကို လျှော့တွက်ခဲ့မိတယ်ဆိုတာ ငါ ဝန်ခံတယ်....ဒီအမှိုက်တစ်စုကို အလဟဿသေခိုင်းသလိုဖြစ်သွားပြီ"
သွေးနတ်ဆိုးအမြောက်အများ သေဆုံးသွားသော်လည်း သူတော်စင်နတ်ဆိုးဧကရာဇ်သည် အနည်းငယ်မျှပင် ဂရုစိုက်ပုံမရချေ။
သူက သွေးနီရောင်မျက်လုံးတစ်လုံးဖြင့် လုယွီကို ခေါင်းအစခြေအဆုံး စူးစိုက်ကြည့်ကာ ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် ပြောဆိုသည်။
"မင်းရဲ့ရုပ်ခန္ဓာကိုယ်က အရမ်းသန်မာအားကောင်းတယ်ဆိုတာ ငါ ခံစားမိတယ်...သွေးနတ်ဆိုးမျိုးနွယ်ဝင်တချို့ထက်တောင် ပိုပြီးအားကောင်းနေနိုင်တယ်...ငါက ဒီလိုထိုက်တန်တဲ့ပြိုင်ဖက်မျိုးရှာမတွေ့တာ အချိန်အတော်ကြာနေပြီ...တကယ်လို့ ငါက မင်းရဲ့အသွေးအသားကိုသာ ဝါးမြိုနိုင်ရင် ငါ့ရဲ့ခွန်အားက အများကြီးမြင့်တက်သွားလိမ့်မယ်"
သူတော်စင်နတ်ဆိုးဧကရာဇ်၏နောက်မှနေ၍ အနက်ရောင်တောင်ပံတစ်စုံ ရုတ်တရက် ပြန့်ကားလာသည်။
ထိုအတောင်ပံပြန့်ကားလာခြင်းနှင့်အတူ သူတော်စင်နတ်ဆိုးဧကရာဇ်၏နဖူးပေါ်၌ အလွန်သိသာထင်ရှားသော အနက်ရောင်သင်္ကေတအက္ခရာများ တဖြည်းဖြည်းထွက်ပေါ်လာပေ၏။
တလိမ့်လိမ့်ထနေသော သွေးချီများက အစိုင်အခဲတစ်ခုအလား သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ စုဝေးနေသည်။သူ၏အနီးသို့ချဥ်းကပ်မိသည်နှင့် ပြင်းထန်သောသွေးညှီနံကို ရရှိပေမည်။
"အခုချက်ချင်းဒူးထောက်ပြီး မင်းရဲ့သေခြင်းကို လက်ခံလိုက်စမ်း"
သူတော်စင်နတ်ဆိုးဧကရာဇ်၏အသံသည် မြင့်မြတ်ပြီး ခမ်းနားထည်ဝါကာ သူ၏သွေးအရှိန်အဝါများကို အထွတ်အထိပ်အဆင့်ထိ ဖြန့်ကျက်နေလေ၏။
ယွဲ့ချင်းရန်က လုယွီကို အလျှင်အမြန် သတိပေးလေသည်။
"ဂရုစိုက်...သူက သွေးနတ်ဆိုးမျိုးနွယ်တွေရဲ့ လျှို့ဝှက်နည်းစနစ်ကို အသက်သွင်းလိုက်တာ...ဒီနည်းစနစ်ကိုအသုံးပြုလိုက်တာနဲ့ သူ့ရဲ့ခွန်အားနဲ့အမြန်နှုန်းက နှစ်ဆလောက် တိုးတက်သွားလိမ့်မယ်"
လုယွီက ခေါင်းညိတ်ပြကာ လေထုအတွင်းရှိ သူတော်စင်နတ်ဆိုးဧကရာဇ်ထံဦးတည်၍ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
ထိုလက်ဝါးရိုက်ချက်မှ အားလှိုင်းများကြောင့် လေထုအတွင်း၌ စူးရှသောလေတိုးသံများ မြည်ဟီးသွားသည်။
ကြီးမားသောအနက်ရောင်လက်ဝါးပုံရိပ်ယောင်ကြီးသည် လေထုကိုဖြတ်သန်း၍ သူတော်စင်နတ်ဆိုးဧကရာဇ်ထံသို့ ပြင်းပြင်းထန်ထန် တိုးဝင်သွားသည်။
ဘန်း...
သူတော်စင်နတ်ဆိုးဧကရာဇ်သည် အစောပိုင်းကပင် လေထုအတွင်း၌ မြင့်မြတ်ပြီးကြီးကျယ်ခမ်းနားစွာ ရှိနေခဲ့သည်။နောက်ထပ်အချိန်အခိုက်အတန့်မှာပင် လုယွီ၏လက်ဝါးရိုက်ချက်ကြောင့် မြေပြင်ပေါ်သို့ လွင့်စင်ကျလာလေ၏။သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးချီများအားလုံးလည်း ပျက်ပြယ်သွားသည်။
ထိုလက်ဝါးရိုက်ချက်ကြောင့် သူသည် ယခင်က သွေးနတ်ဆိုးများ မည်ကဲ့သို့ဝေဒနာအား ခံစားခဲ့ရသည်ကို သိနားလည်သွားလေ၏။
"နတ်ဆိုးလေးတစ်ကောင်ကများ...ဘယ်လိုသတ္တိမျိုးနဲ့ မင်းကိုယ်မင်း သူတော်စင်လို့ သုံးနှုန်းဝံ့တာလဲ"
လုယွီက ခြေတစ်လှမ်းရှေ့တက်ကာ သူတော်စင်နတ်ဆိုးဧကရာဇ်၏ရင်ဘတ်ပေါ်သို့ ဆောင့်နင်းလိုက်၏။
အရိုးအက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ်လာခြင်းနှင့်အတူ သူတော်စင်နတ်ဆိုးဧကရာဇ်သည် နာကျင်မှုကြောင့် သတိလစ်မေ့မျောသွားလုနီးပါးပင်။
"ငါ သတ်မယ်...ငါ မင်းကို သတ်မယ်"
သူတော်စင်နတ်ဆိုးဧကရာဇ်က အားကုန်အသုံးပြု၍ ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။
လုယွီက အော်ဟစ်ကြုံးဝါးနေသော သူတော်စင်နတ်ဆိုးဧကရာဇ်ကို တစ်ချက်ကြည့်ကာ သူ၏ခြေထောက်ဖြင့် ထပ်မံ၍ဆောင့်နင်းလိုက်၏။
ခပ်အုပ်အုပ်အသံတစ်သံနှင့်အတူ သူတော်စင်နတ်ဆိုးဧကရာဇ်၏ခန္ဓာကိုယ် ချက်ချင်းဆိုသလိုပင် ပေါက်ကွဲသွားသည်။သူ၏ခန္ဓာကိုယ်သည် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားကာ သွေးများက မြေပြင်ပေါ်သို့ ဖြာကျလာသည်။
"ငါက မင်းကို သတင်းစကားတစ်ခုပေးပို့ဖို့ ကူညီခိုင်းမလို့ကို...မင်းက အရမ်းဆူညံလွန်းတယ်"
လုယွီက တည်ငြိမ်စွာပြောဆိုသည်။
ဤအချိန်အခိုက်အတန့်တွင် လုယွီသည် တောင်ထိပ်ပေါ်တွင် မတ်တတ်ရပ်နေသည်။သူ၏ခန္ဓာကိုယ်ပေါ်မှ သားမွှေးဝတ်ရုံသည် လေနှင့်အတူ လူးလွန့်နေလေရာ သူ့အားအထီးကျန်ဆန်ပြီး အေးစက်စက်သွင်ပြင်မျိုး ရှိနေစေသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ယွဲ့ချင်းရန်က ကြက်သေသေနေသည်။
အစောပိုင်းကပင် သူသည် လုယွီအား သူတော်စင်နတ်ဆိုးဧကရာဇ်ကြောင့် ထိခိုက်ဒဏ်ရာမရရှိစေရန် သတိပေးနေခဲ့သည်။
သို့ရာတွင် လုယွီသည် လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် သူတော်စင်နတ်ဆိုးဧကရာဇ်ကို လွင့်ထွက်သွားစေသည်။အမှန်အားဖြင့် လုယွီသည် သူတော်စင်နတ်ဆိုးဧကရာဇ်ကို ရိုက်ချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်သည်ဟုပင် ယူဆနိုင်သည်။သူ၏လှုပ်ရှားမှုများသည် အလွန်အမင်း လျှင်မြန်ပေ၏။
အကယ်၍ လုယွီသည် ပြင်းထန်သောတိုက်ပွဲတစ်ပွဲကို ဆင်နွှဲပြီးနောက် အနိုင်ရရှိခဲ့သည်ဆိုပါက ယွဲ့ချင်းရန်သည် များစွာခံစားရမည်မဟုတ်ချေ။
သို့ရာတွင် သူ၏ရှေ့ရှိမြင်ကွင်းသည် အပြတ်အသတ်ဖိနှိပ်ထားနိုင်ခြင်းဖြစ်သည်မှာ သိသာထင်ရှားလှ၏။
သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်း၌ ထိပ်သီးသွေးနတ်ဆိုးဖြစ်သော သူတော်စင်နတ်ဆိုးဧကရာဇ်သည် လုယွီ၏ပြိုင်ဘက်ဖြစ်ရန် အရည်အချင်းမပြည့်မီချေ။
Chapter 2584
"ဂျူနီယာညီလေး...ငါ့ကို အမှန်အတိုင်းပြောစမ်းပါ...မင်းက ဘယ်သူလဲ...ကျောင်းတော်က အကြီးအကဲတစ်ယောက်များလား"
ယွဲ့ချင်းရန်က ထိတ်လန့်တုန်လှုပ်နေသောလေသံဖြင့် မေးမြန်းလေ၏။
တပည့်တစ်ယောက်သည် ဤကဲ့သို့ခွန်အားမျိုး ထုတ်ဖော်အသုံးပြုနိုင်သည်ကို စိတ်ကူးယဥ်တွေးတောကြည့်ရန်ပင် သူ့အတွက် အလွန်အမင်းခက်ခဲနေသည်။
လုယွီ၏အသက်အရွယ်သည် သူ သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်းသို့ ပထမဆုံးရောက်ရှိခဲ့စဥ်အချိန်ကထက် ပို၍ကြီးနေခြင်းမရှိသည်ကို တွေ့မြင်မိလေ၏။
မည်သို့ပင်ဆိုစေကာမူ သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်းသို့ သူ ဝင်ရောက်လာသောအချိန်၌ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ ထိပ်သီးပါရမီရှင်ကျောင်းတော်သားများအနက်မှတစ်ယောက်ပင်။
သို့ရာတွင် လုယွီ ထုတ်ဖော်အသုံးပြုလိုက်သောခွန်အားသည် ဟောပြောသူများ ကွန်ဖြူးရှပ်ပညာရှင်များနှင့် များစွာကွဲပြားခြားနားခြင်းမရှိချေ။အမှန်အားဖြင့် သူ၏ခွန်အားသည် သူတို့ထက် ကျော်လွန်နေသည်ဟုပင် ဆိုနိုင်လေ၏။
လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။
"ငါက ကျောင်းတော်တပည့်တစ်ယောက်ပါပဲ"
လုယွီ ထိုသို့ပြောဆိုလိုက်သော်လည်း ယွဲ့ချင်းရန်က ယုံကြည်ခြင်းမရှိချေ။
သို့ရာတွင် ကျင့်ကြံခြင်းလောကအတွင်း၌ လူတိုင်းတွင် ကိုယ်ပိုင်လျှို့ဝှက်ချက်ရှိသည်။လုယွီ စကားများစွာမပြောဆိုသည်ကိုကြည့်ပြီး ယွဲ့ချင်းရန်က ထပ်မံ၍မမေးမြန်းတော့ချေ။
မြေပြင်ပေါ်ရှိ သွေးနတ်ဆိုးအလောင်းများကိုကြည့်ကာ ယွဲ့ချင်းရန်က စိုးရိမ်ပူပန်တကြီး ပြောဆိုလိုက်သည်။
"မင်း သူတော်စင်နတ်ဆိုးဧကရာဇ်ကိုသတ်လိုက်တာ အမှားကြီးတစ်ခု ကျူးလွန်မိသလိုဖြစ်မှာ ငါ စိုးရိမ်မိတယ်...သူက သွေးနတ်ဆိုးဘုရင်ရဲ့အနှစ်သက်ဆုံးသားတော်ပဲ...သူ့ကိုသတ်လိုက်တာက သွေးနတ်ဆိုးဘုရင်နဲ့မင်းကြားမှာ သွေးကြွေးရန်ငြိုးတစ်ခုရှိသွားပြီ...ပြီးတော့ သွေးနတ်ဆိုးဘုရင်က အရမ်းအစွမ်းထက်တယ်...တကယ်လို့ သူက မင်းကို အခက်တွေ့အောင်လုပ်မယ်ဆိုရင် မင်း လွတ်မြောက်နိုင်မှာမဟုတ်ဘူး"
လုယွီက မေးမြန်းလိုက်၏။
"စီနီယာအကိုယွဲ့...ဒီနေရာက သွေးနတ်ဘုရားကိုဝတ်ပြုကိုးကွယ်တဲ့ တော်ဝင်သွေးနတ်ဆိုးတွေရဲ့မြင့်မြတ်နယ်မြေလို့ မင်း ပြောခဲ့တယ်နော်...ဒါဆိုရင် ဒီနေရာမှာ သွေးနတ်ဆိုးဘုရင်တွေ အများကြီးရှိနေမှာပေါ့...ဟုတ်တယ်မလား"
ယွဲ့ချင်းရန်က ခေါင်းညိတ်ပြသည်။
"အမှန်ပဲ...ငါ အဖမ်းခံရတဲ့အချိန်တုန်းက လမ်းတလျှောက်လုံးမှာ သွေးနတ်ဆိုးတွေအများကြီးကို မြင်တွေ့ခဲ့ရတယ်...ဒီနေရာမှာ အနည်းဆုံး သွေးနတ်ဆိုးဘုရင်သုံးကောင်ရှိနေတယ်...သွေးနတ်ဆိုးဘုရင်တစ်ကောင်စီမှာ သူ့ရဲ့ကိုယ်ပိုင်မျိုးနွယ်စုရှိတယ်...အဲ့ဒီမျိုးနွယ်စုမှာ အစွမ်းထက်တဲ့သွေးနတ်ဆိုးတွေ သာမာန်သွေးနတ်ဆိုးတွေ သန်းနဲ့ချီပြီးပါဝင်တယ်...ဒီအမဲလိုက်ကွင်းပြင်က အဲ့ဒီသွေးနတ်ဆိုးဘုရင်တွေထဲက တစ်ကောင်တည်ထောင်ထားတဲ့နေရာပဲ"
"သန်းနဲ့ချီပြီးရှိနေတာလား...မဆိုးဘူး"
လုယွီက အနည်းငယ်စိတ်ကျေနပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
အနည်းဆုံးအနေဖြင့် သူသည် သွေးနတ်ဆိုးများကို လိုက်လံရှာဖွေနေရန် မလိုအပ်တော့ချေ။
ယွဲ့ချင်းရန်သည် သူ၏အကြားအာရုံ တစ်စုံတစ်ခုချို့ယွင်းနေသကဲ့သို့ ခံစားလိုက်ရ၏။
လုယွီသည် ထိုသွေးနတ်ဆိုးများ၏အရေအတွက်ကို ကြားချိန်တွင် ထိတ်လန့်ကြောက်ရွံသွားပုံမရသည့်အပြင် မည်သည်ကြောင့် သူ့ထံတွင် စိတ်လှုပ်ရှားသည့်အမူအယာမျိုး ရှိနေရသနည်း။
သန်းနှင့်ချီသော အရေအတွက်ဟူသည်မှာ မည်ကဲ့သို့ အဓိပ္ပါယ်မျိုးဖြစ်သနည်း... ထောင်နှင့်ချီသောသွေးနတ်ဆိုးများပင်လျှင် အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းပေရာ သန်းနှင့်ချီဟူပါက ဆိုဖွယ်ရာပင်မရှိချေ။
ဤကဲ့သို့များပြားသောအရေအတွက်ကို သာမာန်မျက်စိဖြင့်ကြည့်ပါက အဆုံးထိတွေ့မြင်နိုင်မည်မဟုတ်ချေ။
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"ကောင်းပြီလေ...အခု အပြင်ကိုထွက်ကြစို့...ဒီနေရာက ကူးပြောင်းရေးဝင်္ကပါအမှတ်က ပျက်စီးနေတယ်...စီနီယာအကို အချိန်ခဏလောက်တော့ ထွက်ခွါသွားလို့ရမှာ မဟုတ်သေးဘူး...ငါ့နောက်ကိုသာ လိုက်ခဲ့တော့"
ယွဲ့ချင်းရန်သည် တဖြည်းဖြည်း ထုံထိုင်းလာသကဲ့သို့ ခံစားနေရသည်။
သူ့ရှေ့ရှိလူငယ်သည် ကြောက်ရွံရန်ကို တစိုးတစိမျှပင်သိရှိပုံမရချေ။
သို့ရာတွင် သူက စိတ်စေတနာကောင်းဖြင့် သတိပေးလိုက်သည်။
"အခုချိန်မှာ ငါတို့က လှောင်ပိတ်မိနေတယ်...ပတ်ဝန်းကျင်မှာရှိတဲ့ အတားအဆီးတွေက အရမ်းခိုင်ခံတယ်...ငါတို့ အင်အားသုံးပြီးချိုးဖျက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
ဘုန်း...
ထိုအချိန်မှာပင် လုယွီက လေထုအတွင်းသို့ခုန်တက်၍ လေဟာနယ်တစ်နေရာအား ကန်ကျောက်လိုက်သည်။
ဤနေရာပတ်ဝန်းကျင်ကို လွှမ်းခြုံထားသော အတားအဆီး၌ အက်ကွဲကြောင်းကြီးတစ်ခု ထွက်ပေါ်လာသည်။လုယွီက ခြေတစ်ချက် ထပ်မံ၍ဆောင့်နင်းလိုက်ရာ သူ့ရှေ့ရှိ အတားအဆီးကြီးတစ်ခုလုံး ကြေမွှပျက်စီးသွားတော့သည်။
ယွဲ့ချင်းရန်သည် ကြက်သေသေနေပြီးနောက် ခါးသည်းစွာပြုံးလိုက်၏။သူသည် ဤသောက်အတားအဆီးကို ချိုးဖျက်နိုင်ရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း ဤနည်းလမ်းကို အသုံးပြုရမည်ဟု တစ်ကြိမ်တစ်ခါမျှ တွေးတောခဲ့မိခြင်းမရှိချေ။
"ထားလိုက်တော့...တကယ်လို့ ငါ သေသွားရင်တောင် ဂုဏ်သိက္ခာရှိရှိသေမယ်"
ယွဲ့ချင်းရန်၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထင်ဟပ်လာသည်။
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့သော သူ၏တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများ ဤအချိန်အခိုက်အတန့်တွင် တဖန်ပြန်၍မြင့်တက်လာလေပြီ။
ယွဲ့ချင်းရန်က သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်၍ လေထုအတွင်းသို့ပျံတက်ကာ လုယွီ၏နောက်သို့ ထပ်ချပ်မကွာ လိုက်သွားခဲ့သည်။
ယခုလက်ရှိချိန်တွင် သူ့ထံ၌ ခွန်အားတချို့ရှိနေသော်လည်း သူ၏မှော်စွမ်းအားများကို ပြန်လည်ဖြည့်တင်းနိုင်ခဲ့ခြင်းမရှိချေ။အကယ်၍ သူတစ်ယောက်တည်းသာ သွေးနတ်ဆိုးများနှင့်တိုက်ခိုက်ရပါက သူ သေဆုံးရမည်မှာ တိကျသေချာလှ၏။
သို့ရာတွင် သူ ပြင်ပသို့ထွက်လိုက်ချိန်တွင် ကျယ်လောင်သောအသံတစ်သံကို ကြားလိုက်ရသည်။
"သွေးနတ်ဆိုးဘုရင်...ဒီနေရာကိုထွက်လာပြီး အသေခံစမ်း"
Chapter 2585
အတားအဆီး၏ပြင်ပတွင် မြင့်မားသောမြို့ရိုးတစ်ခုရှိနေကာ ခမ်းနားထည်ဝါသောအဆောက်အအုံများကို နေရာအနှံ့အပြား၌ တွေ့မြင်နိုင်သည်။
ဤနေရာသည် သွေးနတ်ဆိုးဘုရင်၏ ပိုင်နက်နယ်မြေပင်။မိုးကောင်းကင်ယံသည် သွေးများပက်ဖြန်းထားသကဲ့သို့ နီမြန်းနေကာ ပတ်ဝန်းကျင်နေရာတစ်ခုလုံး၌ ပြင်းထန်သောသွေးအငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။
သို့ရာတွင် ဤကဲ့သို့တိတ်ဆိတ်ငြိမ်သက်နေသော နယ်မြေအတွင်း၌ လုယွီ၏အော်ဟစ်ကြုံးဝါးသံက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
"သွေးနတ်ဆိုးဘုရင်...ဒီနေရာကိုထွက်လာပြီး အသေခံစမ်း"
ကျယ်လောင်သောအော်ငေါက်သံကြောင့် မြေပြင်တစ်ခုလုံး တုန်ခါသွားသည်။
မူလက တိတ်ဆိတ်ငြိမ်သက်နေသော သွေးနတ်ဆိုးနန်းတော်မှနေ၍ ရုတ်တရက် ဆူညံသံများ ထွက်ပေါ်လာသည်။
အစွမ်းထက်သောသွေးနတ်ဆိုးများသည် တစ်ကောင်ပြီးတစ်ကောင် အသံထွက်ပေါ်လာရာနေရာသို့ဦးတည်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်ကြ၏။
ဤနေရာတွင် မည်သူကမျှ သွေးနတ်ဆိုးဘုရင်၏မြင့်မြတ်မှုကို စိန်မခေါ်ဝံ့ချေ။
တစ်ချိန်တည်းမှာပင် နန်းတော်၏နက်ရှိုင်းသောနေရာ၌ မျက်လုံးတစ်စုံက ရုတ်တရက်ပွင့်လာသည်။
သူ၏မျက်လုံးအတွင်း၌ မည်သည့်စိတ်ခံစားချက်မျိုးမျှ ရှိမနေချေ။ထိုအစား အဆုံးမရှိသောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ရူးသွပ်မှုများနှင့် ပြည့်နှက်နေလေ၏။
"မြင့်မြတ်သားတော် သေသွားပြီ...သူက ဒီလူသားရဲ့သတ်တာကို ခံလိုက်ရတာပဲ"
သွေးနတ်ဆိုးဘုရင်က သူ၏သွေးမျိုးဆက် သတ်ဖြတ်ခံရခြင်းကို အာရုံခံမိသည်။
အမဲလိုက်ကွင်းပြင်သို့ အမဲလိုက်ရန်သွားသော သူ၏သားတော်သည် လူသား၏သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
ဂါး...
သွေးနတ်ဆိုးဘုရင်က ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးလိုက်၏။သူက နန်းတော်ခေါင်မိုးကိုဖောက်ထွက်ကာ လုယွီထံသို့ဦးတည်၍ ပျံသန်းလိုက်သည်။
ပတ်ဝန်းကျင်ရှိသွေးနတ်ဆိုးများသည် သူတို့ဘုရင်၏ဒေါသကို ခံစားမိလေ၏။သူတို့က တဟုန်ထိုးပြေးထွက်ကာ သွေးနတ်ဆိုးဘုရင်၏နောက်သို့ လိုက်ပါသွားကြသည်။
ရုတ်ချည်းဆိုသလိုပင် မြောက်မြားစွာသောသွေးနတ်ဆိုးများ စုဝေးသွားလေ၏။ဤသည်က အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းပင်။
"မင်းက တစ်ယောက်တည်းနဲ့ အဲ့ဒီသွေးနတ်ဆိုးတွေအများကြီးကို တိုက်ခိုက်ဖို့ကြံစည်နေတာလား...မင်း တကယ်လုပ်မလို့လား"
သူ့ရှေ့ရှိ အလွန်များပြားသောသွေးနတ်ဆိုးများကို မြင်တွေ့ချိန်တွင် ယွဲ့ချင်းရန်၏မျက်နှာ ဖြူရော်သွားသည်။
ကျောင်းတော်တပည့်အများစုအတွက် သွေးနတ်ဆိုးအုပ်စုသည် အိမ်မက်ဆိုးတစ်ခုပင်။
သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်းသို့ ဝင်ရောက်ခဲ့သော ကျောင်းတော်သားများသည် ကျောင်းတော်၏လက်ရွေးစင်ပါရမီရှင်များဖြစ်သည်။အကယ်၍ တစ်ယောက်ချင်း တိုက်ခိုက်ရပါက ဤနေရာရှိသွေးနတ်ဆိုးများကို ထိတ်လန့်ကြောက်ရွံမည်မဟုတ်ချေ။
သို့ရာတွင် သွေးနတ်ဆိုးများ ထွက်ပေါ်လာချိန်တွင် ရံဖန်ရံခါ၌ အုပ်စုဖွဲ့၍နေလေ့ရှိသည်။လက်သီးနှစ်ဖက်ဖြင့် လက်လေးဖက်ကို အနိုင်တိုက်ခိုက်နိုင်ရန်မှာ အလွန်ခက်ခဲသောကိစ္စပင်။အစွမ်းထက်သော ကျောင်းတော်သားတချို့ပင်လျှင် သွေးနတ်ဆိုးအုပ်စုအကြား၌ ကြွေလွင့်ခဲ့ရ၏။
ယွဲ့ချင်းရန်သည် သေခြင်းတရားက သူ့ရှေ့သို့ရောက်လာပြီဟုသာ ယူဆထားလိုက်သည်။မူလက သူ တွေးတောထားသည်မှာ သူတို့နှစ်ယောက်သည် သွေးနတ်ဆိုးနန်းတော်အတွင်းသို့ခိုးဝင်၍ အစွမ်းထက်သွေးနတ်ဆိုးများကို တစ်ကောင်ပြီးတစ်ကောင် သတ်ဖြတ်မည်ဟုပင်။
လုယွီကမူ သွေးနတ်ဆိုးများ၏စိတ်အာရုံကို တိုက်ရိုက်ပင်ဆွဲဆောင်ခဲ့လေ၏။ဤသည်က သွေးနတ်ဆိုးများကြောင့် သူတို့နှစ်ယောက် အမှုန်အမွှားဖြစ်သွားစေနိုင်ရုံသာမက ပြန်လည်တိုက်ခိုက်ရန်ပင် အခွင့်အရေးမရနိုင်ချေ။
"ငါ့ရဲ့သားကိုသတ်လိုက်တာ မင်းလား"
ဤသည်က လုယွီနှင့်ပထမဆုံးဆုံတွေ့ခဲ့သော သွေးနတ်ဆိုးဘုရင်ပင်။သူက နီမြန်းနေသောမျက်လုံးတစ်စုံဖြင့် လုယွီကို စူးစူးဝါးဝါးစိုက်ကြည့်နေသည်။
လုယွီက ပြောဆိုသည်။
"အမှန်ပဲ"
"အရမ်းကောင်းတယ်...ငရဲကိုသွားစမ်း"
သွေးနတ်ဆိုးဘုရင်က သူ၏တောင်ပံများကို တဖျတ်ဖျတ်ခတ်လိုက်ပြီးနောက် သူ၏လက်အတွင်း၌ ကိုးမီတာခန့်ရှည်လျားသောတံစဥ်တစ်လက် ထွက်ပေါ်လာသည်။သူက ထိုတံစဥ်ကို လုယွီထံဦးတည်၍ ဝှေ့ယမ်းလိုက်၏။
ထိုတံစဥ်ဝှေ့ယမ်းလိုက်ချိန်တွင် စူးရှရှအော်သံများ ထွက်ပေါ်လာသည်။ဤသည်က မရေမတွက်နိုင်သောအငြိုးကြီးဝိညာဥ်များ ဤတံစဥ်၏အောက်၌ သေဆုံးခဲ့ရသည့်အလားပင်။ထိုအရာဝှေ့ယမ်းလိုက်သည့်အကြိမ်တိုင်း အငြိုးကြီးဝိညာဥ်များထံမှ ငိုကြွေးမြည်တမ်းသံများ ထွက်ပေါ်လာသည်။
သွေးနတ်ဆိုးဘုရင်သည် ပြင်ပလောကတွင် ရွှယ်အင်မော်တယ်နယ်ပယ် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်နှင့် ညီမျှပေ၏။
သူ တိုက်ခိုက်လိုက်စဥ်တွင် လုယွီကို ခိုင်ခိုင်မာမာ ချိပ်ပိတ်ထားပြီးလေပြီ။လုယွီ မည်သည့်နေရာသို့ ရှောင်တိမ်းသည်ဖြစ်စေ ထိုတံစဥ်၏ဖြတ်ပိုင်းခြင်းကို ခံရပေမည်။
"အချိန်ကိုက်ပဲ"
ပြင်းထန်သောတိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများက လုယွီ၏မျက်လုံးအတွင်း၌ ထင်ဟပ်နေသည်။
လုယွီ၏လက်ရှိခွန်အားအရ ရွှယ်အင်မော်တယ်တစ်ယောက်နှင့်တိုက်ခိုက်မှသာ သူ၏စွမ်းအားများကို ထိန်းညှိနိုင်ပေမည်။
လုယွီက ခြေလှမ်းရှေ့တိုး၍ ခေါင်းဖြတ်ဓားကိုဆင့်ခေါ်ကာ ထိုတံစဥ်ကို ပြင်းပြင်းထန်ထန် ထိပ်တိုက်ရိုက်ခတ်လိုက်သည်။
ဒေါင်...ဒေါင်...ဒေါင်...
နှစ်ဖက်စလုံး ပြင်းထန်သောတိုက်ပွဲတစ်ခုကို စတင်၍တိုက်ခိုက်ကြတော့သည်။တိုက်ကွက်တချို့ဖလှယ်ပြီးချိန်၌ သွေးနတ်ဆိုးဘုရင်သည် အရေးမလှသောအခြေအနေသို့ ရောက်ရှိနေလေ၏။
သွေးနတ်ဆိုးဘုရင်သည် လူသားရွှယ်အင်မော်တယ်တစ်ယောက်နှင့် ခွန်အားခြင်းညီမျှသော်လည်း သူသည် အစွမ်းထက်သောကျင့်ကြံနည်းစနစ်များကို အမွေဆက်ခံထားရခြင်းမရှိချေ။ထိုအကြောင်းအရင်းကြောင့် သူသည် အရေးနိမ့်သောအနေအထားမျိုးသို့ ကျရောက်နေရခြင်းပင်။
ထို့ကြောင့် သူသည် တိုက်ပွဲအတွေ့အကြုံရင့်ကျက်မှုကို အခွင့်ကောင်းယူ၍ လုယွီအား တိုက်ခိုက်ရန်သာ ကျန်ရှိသည်။
သို့ရာတွင် တိုက်ပွဲအတွေ့အကြုံအရဆိုလျှင်လည်း သူသည် လုယွီ၏ပြိုင်ဘက်မဖြစ်နိုင်ချေ။