← Chapters

အခန်း (၂၅၆၆-၂၅၇၀)

Vol. 132 Ch. 2566-2570

အခန်း (၂၅၆၆-၂၅၇၀)

Vol. 132 Ch. 2566-2570

Chapter 2566

လုယွီက ခန်းမအတွင်း၌ ဆက်လက်၍ တာအိုဟောပြောနေသည်။

ခန်းမသခင်များအပါအဝင် ထိုခန်းမသို့မသွားခဲ့သောသူများအားလုံး ဤနေရာရှိအခြေအနေကို အာရုံစူးစိုက်နေကြ၏။

စီနီယာတပည့်တစ်ယောက် ဟောပြောခြင်းသည် တော်ဝင်ကျောင်းတော်အတွင်း၌ပင် ဦးစားပေးကိစ္စတစ်ခုဖြစ်သည်။

ထျန်းယွဲ့သည် ဟောပြောမှုကိုနှောက်ယှက်ရန် ကြံစည်ရာ၌ ရှုံးနိမ့်ခဲ့သည်ကို သိရှိပြီးနောက် ထျန်းပိုယန်သည် ဒေါသထွက်နေသော်လည်း မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်ခြင်းမရှိတော့ချေ။

သူသည် လုယွီကို ကျောင်းတော်မှ မောင်းထုတ်လိုခဲ့သည်။သို့ရာတွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ လုယွီ၏အင်အားစုသည် အခိုင်အမာရှိနှင့်နေပြီးလေပြီ။လုယွီ၏နောက်တွင် မဟာကွန်ဖြူးရှပ်ပညာရှင်များနှင့် ကျောင်းတော်တပည့်အမြောက်အများက ထောက်ပံပေးထားသည်။ထို့ကြောင့် ထျန်းပိုယန်သည် မြင့်မားသောအဆင့်အတန်းရှိသော်လည်း သူ လုယွီအား မည်သို့မျှထိခိုက်စေနိုင်စွမ်းမရှိချေ။

အနက်ရောင်ဝတ်ရုံဝတ်လူ၏ ကြိုတင်သတိပေးမှုအရ ထျန်းပိုယန်သည် ယခုလက်ရှိအချိန်၌ သေရေးရှင်ရေးအခြေအနေအတွင်းသို့ ကျရောက်နေလေပြီ။

"အဲ့ဒီကောင်လေးက ဘာအကြောင်းအရာတွေကို ပြောနေတာလဲ"

ထျန်းပိုယန်က မေးမြန်းသည်။

ထျန်းယွဲ့သည် လုယွီပြောဆိုခဲ့သမျှ အရာအားလုံးကို အလျှင်အမြန် ပြန်လည်ပြောဆိုလိုက်၏။

ထိုစကားများကိုကြားချိန်တွင် ထျန်းပိုယန်က လှောင်ပြောင်သရော်လိုက်သည်။

"အဲ့ဒီကောင်လေးက တပည့်သစ်တစ်ယောက်လေ...ဘယ်လိုလုပ်ပြီးတော့ သူက မဟာတာအိုကို နားလည်သဘောပေါက်နိုင်မှာလဲ...ငါ့ရဲ့အမြင်အရတော့ သူက တခြားသူတွေရဲ့အတွေးအခေါ်တွေကို ထုတ်နှုတ်ပြီးပြောနေတာပဲဖြစ်မယ်...သူက ရှေးဟောင်းစာအုပ်တချို့ထဲက နတ်ဆိုးနည်းစနစ်တချို့ကို ဖတ်ရှုပြီးတော့ တခြားလူတွေကို လိမ်လည်လှည့်ဖျားနေတာပဲ"

ထိုစကားပြောဆိုရင်းနှင့် ထျန်းပိုယန်သည် တစ်စုံတစ်ခုကို တွေးတောမိသွားပုံဖြင့် ချက်ချင်းဆိုသလိုပင် ထျန်းယွဲ့ကို ပြောဆိုလေသည်။

"အခုချက်ချင်း တစ်ယောက်ယောက်ကိုစေလွှတ်ပြီးတော့ ဟောပြောခန်းမရဲ့ဝင်ပေါက်မှာ စောင့်ဆိုင်းခိုင်းလိုက်စမ်း...အဲ့ဒီခန်းမထဲကနေ တပည့်တစ်ယောက် ထွက်လာတာနဲ့ သူ့ကို ဟန့်တားထားရမယ်"

ထျန်းယွဲ့၏မျက်လုံးများ လင်းလက်တောက်ပသွားသည်။

"လက်ထောက်ကျောင်းအုပ်က အဲ့ဒီတပည့်တွေကိုစုစည်းပြီးတော့ လုယွီကို ဆန့်ကျင်မလို့လား"

"ဒါက အမှန်ပဲ...တပည့်တွေ အချိန်အစောကြီးထွက်လာတာနဲ့ သူတို့က လုယွီဟောပြောတာကို ဆက်ပြီးနားမထောင်တော့ဘူးလို့ဆိုလိုတယ်...ငါတို့က လုံလောက်တဲ့လူအင်အားကို စုဆောင်းနိုင်တာနဲ့ ငါက ​ရှေ့ထွက်ပြီးတော့ လုယွီက နတ်ဆိုးနည်းစနစ်တွေကိုအသုံးပြုပြီးတော့ တပည့်တွေကို လိမ်လည်လှည့်ဖျားနေတာလို့ စွပ်စွဲပြစ်တင်လို့ရပြီ...တကယ်လို့ သူ့ကို သေအောင်မသတ်နိုင်ရင်တောင် ငါတို့က သူ့ရဲ့အရေခွံတွေကို ခွါထုတ်လို့ရတယ်"

ထျန်းပိုယန်က ရယ်မောလိုက်၏။

ထျန်းယွဲ့က ပျာပျာသလဲ မြှောက်ပင့်ပြောဆိုသည်။

"လက်ထောက်ကျောင်းအုပ်က ဥာဏ်ပညာကြီးမားပါပေတယ်...ဒီတစ်ကြိမ်တော့ အဲ့ဒီကောင်လေးက သူ့သေလမ်းကို သူရှာတာပဲ...ကျွန်တော်တို့ကို အပြစ်တင်လို့မရဘူး"

"ကောင်းပြီလေ...မင်းရဲ့လူတွေကိုခေါ်ပြီး အဲ့ဒီနေရာကို မြန်မြန်သွားတော့"

.......

ထျန်းယွဲနှင့်သူ၏နောက်လိုက်များသည် ဟောပြောခန်းမ၏ပြင်ပသို့ ရောက်ရှိသွားကာ နေ့ရောညပါ စောင့်ကြပ်နေကြ၏။

ထျန်းယွဲ့သည် ထျန်းမိသားစုဝင်တစ်ယောက်ဖြစ်သဖြင့် သူ့ထံတွင်လည်း ကိုယ်ပိုင်ရည်မှန်းချက်ရှိသည်။

ထျန်းပိုယန် မည်သည့်ကိစ္စအား ကြံစည်နေသည်ကို သူ မသိရှိချေ။သို့ရာတွင် ထျန်းပိုယန် အလိုရှိသောအရာကို သူ လုပ်ဆောင်ပေးနိုင်သရွေ့ သူ့အတွက် အထောက်အပံ အပြည့်အဝရရှိနိုင်ပေမည်။

ထျန်းပိုယန် တော်ဝင်နန်းတွင်း၌ နေရာတစ်နေရာရရှိသည်နှင့် ထျန်းယွဲ့နှင့်တခြားထျန်းမိသားစုဝင်လူငယ်များသည် လူအများကြားမှနဂါးများ ဖြစ်လာနိုင်သည်။

"ဟီး ဟီး...လောကီအင်မော်တယ်တစ်ယောက်ဖြစ်တဲ့ မင်းက မဟာတာအိုကို ဘယ်လိုလုပ်ပြီး ထိတွေ့နိုင်မှာလဲ...မင်း ဘာတွေပြောမလဲဆိုတာ ငါ စောင့်ကြည့်အုံးမယ်"

ထျန်းယွဲ့တို့လူစုက ခန်းမ၏ပြင်ပ၌ စောင့်ဆိုင်းနေခဲ့သည်။

အချိန်တစ်ရက် ကုန်လွန်သွားလေပြီ။

ခန်းမ၏တံခါးမကြီး ပွင့်လာခြင်းမရှိချေ။

နှစ်ရက်...သုံးရက်....

ဟောပြောခန်းမ၏တံခါးမကြီး ပွင့်လာခြင်းမရှိပေ။

လူတိုင်းသည် လုယွီ၏တာအိုဟောပြောမှုအောက်တွင် နစ်မြောနေသည့်အလား မည်သူမျှ ထွက်မလာကြချေ။

ထျန်းယွမ်သည် တစ်စုံတစ်ခုမှားယွင်းနေသည်ဟု ခံစားမိသော်လည်း သူက အေးစက်စက်လေသံဖြင့် ရေရွတ်လိုက်သည်။

"ဟမ့်...ခုမှ သုံးရက်ပဲရှိသေးတယ်...သုံးရက်ဆိုတဲ့အကန့်အသတ်ကျော်သွားတာနဲ့ မင်း ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာ ငါ စောင့်ကြည့်နေမယ်"

ငါးရက်...ခြောက်ရက်....

ထိုအချိန်မှာပင် ရုတ်တရက် လူတစ်စုက တာအိုရှာဖွေခြင်းခန်းမဆောင်၏တံခါးဝသို့ ရောက်ရှိလာသည်။

ထျန်းယွဲ့က ထိုလူစုကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။

"သူတို့က ဘာလို့ ဒီနေရာကို ရောက်လာတာလဲ"

ဤနေရာသို့ရောက်ရှိလာသူများသည် ခန်းမသခင်များနှင့် မဟာကွန်ဖြူးရှပ်ပညာရှင်များပင်။သူတို့၏မျက်နှာများပေါ်တွင် တည်ကြည်လေးနက်သောအမူအယာမျိုးရှိနေကာ ဤနေရာမှထွက်ခွါသွားရန်ဆန္ဒမရှိပုံဖြင့် သူတို့၏အကြည့်များကဟောပြောခန်းမထံသို့ စူးစိုက်၍ကျရောက်နေသည်။

"အားလုံးပဲ...မင်းတို့ ခန်းမထဲမှာ တာအိုဟောပြောနေတဲ့အသံကို ခံစားမိကြလား"

မဟာကွန်ဖြူးရှပ်ပညာရှင်ချန်းကျင်းက တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုသည်။

တခြားမဟာကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်က သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုလေ၏။

"ကံဆိုးချင်တော့ ငါတို့က ငါတို့ရဲ့နာမည်ဂုဏ်သတင်းကို ရှေ့တန်းတင်ပြီးတော့ ခန်းမထဲကိုဝင်ပြီး နားမထောင်မိခဲ့ဘူး...မဟုတ်ရင် ငါတို့အတွက် အကျိုးကျေးဇူးတွေအများကြီးရမှာသေချာတယ်"

"ဒါက ပြဿနာမရှိပါဘူး...အထဲကလူတွေ ထွက်လာတာနဲ့ ငါတို့က လုယွီကို အသေးစိတ်မေးလို့ရတယ်...အခုတော့ တခြားတပည့်တွေကို အနှောက်အယှက်ဖြစ်စေလို့မရဘူး"

Chapter 2567

လုယွီ ဟောပြောနေစဥ်အတောအတွင်းတွင် ထိုမဟာကွန်ဖြူးရှပ်ပညာရှင်များသည် ဟောပြောခန်းမအတွင်းမှ အပြောင်းအလဲများကို ခံစားမိလေ၏။

ယခင်က သူတို့သည် နတ်ဘုရားစိတ်အာရုံများကိုအသုံးပြု၍ ခန်းမအတွင်းရှိအရာများကို စုံစမ်းထောက်လှမ်းနေခဲ့သည်။ထိုနေရာ၌ဖြစ်ပျက်ခဲ့သော အရာအားလုံး သူတို့၏မျက်လုံးအောက်မှ လွတ်မြောက်နိုင်ခဲ့ခြင်းမရှိချေ။

မဟာကွန်ဖြူးရှပ်ပညာရှင်များသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ မြင့်မားသောအဆင့်အတန်းရှိသူများပင်။ယခုလက်ရှိချိန်တွင် လုယွီသည် စီနီယာတပည့်အဆင့်ဖြင့် ဟောပြောနေခြင်းဖြစ်သည်။ထို့ကြောင့် မဟာကွန်ဖြူးရှပ်ပညာရှင်များသည် သူတို့၏အဆင့်အတန်းနှင့်မျက်နှာကိုချင့်တွက်၍ ကိုယ်တိုင်ကိုယ်ကျ လာရောက်နားမထောင်ကြရန် ဆုံးဖြတ်လိုက်ကြသည်။

သို့ရာတွင် လုယွီ ဟောပြောနေသော တာအိုသဘောတရားသည် အလွန်အဖိုးတန်ရှားပါးလှ၏။

သူတို့သည် လုယွီ ပြောဆိုသောအကြောင်းအရာများကို သိရှိလိုကြသည်။

သို့သော် လုယွီသည် မဟာတာအို၏ပထမဆုံးမှော်မန္တန်ကို ရွတ်ဆိုလိုက်စဥ်ကတည်းက သူတို့သည် သူ ပြောဆိုသောစကားများကို မကြားရတော့ချေ။

သူတို့သည် လုယွီ တစ်စုံတစ်ခုပြောဆိုနေသည်ကို ခံစားမိသော်လည်း မည်မျှအစွမ်းထက်သော နတ်ဘုရားစိတ်အာရုံဖြစ်နေပါစေ ခန်းမအတွင်းရှိအသံများကို ထွင်းဖောက်ကြားနိုင်ခြင်းမရှိပေ။

ခန်းမအတွင်း၌ အနည်းဆုံး လူပေါင်းတစ်သိန်းခန့်ရှိနေသော်လည်း သူတို့အားလုံးသည် လုယွီ၏ဟောပြောမှုအောက်တွင် နစ်မြောကာ တိတ်ဆိတ်ငြိမ်သက်နေသည်။

သူတို့အားလုံးအတွက် အကျိုးသက်ရောက်မှုရှိနေသည်မှာ သိသာထင်ရှားလှ၏။

ထိုအချိန်အခိုက်အတန့်တွင် မဟာကွန်ဖြူးရှပ်ပညာရှင်များသည် သူတို့၏မျက်နှာပျက်ရမည့်အရေးကို ထပ်မံ၍ဂရုမစိုက်နိုင်တော့ချေ။သူတို့က လုယွီ၏ဟောပြောမှုကို နားထောင်လိုသဖြင့် ဤနေရာသို့ အပြေးလာခဲ့ကြတော့သည်။

သို့ရာတွင် သူတို့သည် ခန်းမ၏တံခါးဝသို့ရောက်စဥ်တွင် နားလည်မှုဖြင့် ရပ်တန့်လိုက်ကြသည်။

ယခုလက်ရှိအချိန်သည် လုယွီ၏ဟောပြောမှု အထွတ်အထိပ်သို့ ရောက်ရှိနေသောအချိန်ပင်။အကယ်၍ သူတို့သာ ခန်းမအတွင်းသို့ အတင်းအကြပ်ဝင်လိုက်ပါက လုယွီ၏ဟောပြောမှုအား အနှောက်အယှက်ဖြစ်သွားမည်ကို စိုးရွံမိကြ၏။

"တကယ်လို့ သူ ပြောတာသာအမှန်ဆိုရင်...ငါတို့လည်း ငါတို့ရဲ့ကိုယ်ပိုင်မဟာတာအိုကို ကြိုသိနိုင်လိမ့်မယ်"

မဟာကွန်ဖြူးရှပ်ပညာရှင်များသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းရှိုက်လိုက်ကြသည်။

သူတို့အနက်မှအများစု၏ခွန်အားသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်တွင်သာရှိသည်။

ထိုမဟာကွန်ဖြူးရှပ်ပညာရှင်များသည် ကျင့်ကြံနည်းစနစ်နှင့်ကျမ်းစာများကို လေ့လာဆင်ခြင်ရာ၌ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေလေပြီ။သို့ရာတွင် သူတို့၏ပင်ကိုအရည်အချင်းနှင့် ကျောင်းတော်အတွင်း၌သာ တစ်ချိန်လုံး သက်တောင့်သက်သာ နေခဲ့ရမှုများကြောင့် သူတို့၏ကျင့်ကြံဆင့်နယ်ပယ်ကိုချိုးဖျက်နိုင်ရန်မှာ လွန်စွာခက်ခဲသည်။

ထို့ကြောင့် မဟာတာအိုကိုလေ့လာဆင်ခြင်ခြင်းသည် သူတို့နှင့်အလှမ်းကွာဟသော အရာတစ်ခုပင်။

သို့ရာတွင် အကယ်၍ လုယွီ ပြောဆိုသောစကားများသာ အမှန်ဖြစ်ပါက လောကီအင်မော်တယ်တစ်ယောက်ပင်လျှင် မဟာတာအိုကို ထိတွေ့နိုင်ပေမည်။ဤသည်က သူတို့ အိမ်မက်သာမက်နိုင်ခဲ့သော အရာတစ်ခုပင်။

ဤကဲ့သို့ကိစ္စမျိုးနှင့် ရင်ဆိုင်ရချိန်တွင် သူတို့ မျက်နှာပျက်ရမည့်ကိစ္စသည် အရေးမပါတော့ချေ။

ထျန်းယွဲ့သည် သက်ပြင်းတစ်ချချဖြစ်နေသော မဟာကွန်ဖြူးရှပ်ပညာရှင်များကို မြင်တွေ့ချိန်တွင် သူတို့၏အနီးသို့ မချဥ်းကပ်ဝံ့ချေ။

သို့ရာတွင် ယခုလက်ရှိချိန်၌ သူ အလွန်အမင်း စိုးရိမ်ပူပန်နေသည်။အကယ်၍ လုယွီ၏ဟောပြောပွဲ အဆုံးမသတ်မီ တပည့်တစ်ယောက်မျှ ပြင်ပသို့ထွက်မလာပါက ထျန်းပိုယန်၏အကြံအစည် လုံးလုံးလျားလျား ပျက်သုဥ်းသွားပေမည်။

နောက်ဆုံး၌ ခုနစ်ရက်မြောက်နေ့သို့ ရောက်ရှိလာလေပြီ။

ခုနစ်ရက်မြောက်နေ့တွင် နေမင်းကြီးတဖြည်းဖြည်း ဝင်လာချိန်၌ ညနေခင်းစည်သံသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ မြည်ဟီးလာခဲ့သည်။ဟောပြောခန်းမအတွင်းရှိ ဥာဏ်အလင်းပွင့်မှု၌ နစ်မြုပ်နေသူများ၏မျက်လုံးများ နောက်ဆုံး၌ ပွင့်လာလေ၏။

သူတို့သည် ဤနေရာ၌ အချိန်ခုနစ်ရက်သာ တိတ်ဆိတ်ငြိမ်သက်စွာထိုင်နေခဲ့သော်လည်း အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။

တပည့်အများစုသည် သူတို့၏မျက်လုံးများကို ဖွင့်လိုက်သည်နှင့် အသိဥာဏ်ပညာအလင်းတန်းများက သူတို့၏မျက်လုံးများအတွင်း၌ တဖျတ်ဖျတ်တောက်ပနေသည်။သူတို့သည် ဤခုနစ်ရက်အတွင်း၌ မြောက်မြားစွာသောအမှန်တရားများကို နားလည်သဘောပေါက်ခဲ့ကာ ယခင်ထက်ပို၍ ဥာဏ်ရည်မြင့်မားလာကြသည်။

"ဒါက ဥာဏ်အလင်းပွင့်သွားတဲ့ ခံစားချက်မျိုးလား...ငါက ပုံရိပ်ယောင်ကမ္ဘာထဲမှာ ဆယ်စုနှစ်လောက် ကုန်ဆုံးခဲ့သလို ခံစားရတယ်...ငါက ငါ့ရဲ့ကိုယ်ပိုင်မှော်မန္တန်တွေက အပြောင်းအလဲတွေကို ပိုပြီးရင်းနှီးကျွမ်းဝင်လာတယ်...ပြီးတော့ အရင်ထက်ပိုပြီး နက်နဲသိမ်မွေ့လာတယ်"

ချိုင်လုံရှင်းသည် စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

သူ လုယွီအား ထပ်မံ၍ကြည့်လိုက်မိချိန်တွင် သူနှင့်ကမ္ဘာလောကမတူညီသောသူတစ်ယောက်ကဲ့သို့ ခံစားမိသည်။

လူတိုင်းသည် မတူညီသောပုံရိပ်ယောင်များနှင့် ကြုံတွေ့ခဲ့ရသော်လည်း ဤခုနစ်ရက်အတွင်းတွင် သူတို့ရရှိခဲ့သော အကျိုးကျေးဇူးများကို စကားလုံးဖြင့်ပင် ဖော်ပြနိုင်စွမ်းမရှိသည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

သူတို့သည် ပုံရိပ်ယောင်ကမ္ဘာအတွင်းတွင် သူတို့၏ကိုယ်ပိုင်မဟာတာအိုကို ရှာဖွေခဲ့ကြ၏။တချို့လူများသည် ထိုပုံရိပ်ယောင်ကမ္ဘာအတွင်း၌ သူတို့၏ဘဝသက်တမ်းတစ်ခုလုံး ကုန်ဆုံးခဲ့ရသည်။တချို့လူများသည် ပုံရိပ်ယောင်ကမ္ဘာအတွင်း၌ သူတို့၏ရန်သူများကို သတ်ဖြတ်ခဲ့သည်။တချို့လူများကမူ ပုံရိပ်ယောင်ကမ္ဘာအတွင်းတွင် ကြေကွဲဝမ်းနည်းစွာဖြင့် မရှုမလှသေဆုံးခဲ့ရသည်။

ထို့နောက် သူတို့သည် ပစ္စုပ္ပန်ကာလသို့ ပြန်လည်ရောက်ရှိလာကြ၏။သူတို့၏ စိတ်ပိုင်းဆိုင်ရာအခြေအနေသည် တုန်လှုပ်ချောက်ချားဖွယ်ပြောင်းလဲမှုများနှင့် ကြုံတွေ့ခဲ့ရကာ သူတို့၏မဟာတာအိုအပေါ် နားလည်သဘောပေါက်မှု ပို၍နက်ရှိုင်းလာသည်။

Chapter 2568

ဘုန်း...

ထိုအချိန်မှာပင် ကျယ်လောင်သောပေါက်ကွဲသံတစ်သံက လီစစ်၏ခန္ဓာကိုယ်မှ မြည်ဟီးလာသည်။

သူ၏နောက်တွင် ရှေးဟောင်းစာအုပ်များ၏ပုံရိပ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေ၏။။ထိုစာအုပ်များအတွင်း၌ စာလုံးများဖြင့် ပြည့်နှက်နေသည်။ထိုအရာများသည် ခေတ်အဆက်ဆက်မှ စည်းမျဥ်းဥပဒေကျမ်းစာများပင်။

လီစစ်က သူ၏မျက်လုံးများကိုဖွင့်လိုက်ရာ သူ၏မျက်စိတစ်ဝက်သည် မင်ကဲ့သို့နက်မှောင်နေပြီး ကျန်တစ်ဝက်သည် စက္ကူတစ်ချပ်ကဲ့သို့ဖြူဆွတ်နေသည်။

ရှေးဟောင်းစာအုပ်များ၏ပုံရိပ်များ ထပ်မံ၍ပြောင်းလဲသွားလေ၏။ထိုစာအုပ်ပုံရိပ်ယောင်များနေ၍ လူများ၏ပုံရိပ်များ တစ်ခုပြီးတစ်ခုထွက်ပေါ်လာကာ လီစစ်အား အပြုံးနှင့်ကြည့်နေကြသည်။

"ဒါက ခေတ်အဆက်ဆက်က စည်းမျဥ်းဥပဒေသူတော်စင်တွေပဲ...စည်းမျဥ်းဥပဒေသူတော်စင်တွေ ဆင်းသက်လာပြီ... စီနီယာအကိုလီစစ်က ကျင့်ကြံဆင့် ချိုးဖျက်နိုင်တော့မှာများလား"

"ကောလဟာလတွေအရတော့ စီနီယာအကိုလီစစ်က စည်းမျဥ်းဥပဒေ မဟာတာအိုလမ်းကြောင်းကို ရှာဖွေဖို့အတွက် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှာ ကျင့်ကြံနေခဲ့တာတဲ့"

"သူ့ဆီမှာ မြေကမ္ဘာအင်မော်တယ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်တဲ့ အရည်အချင်းမျိုးရှိတာ အချိန်အတော်ကြာလှပြီ...သူက စည်းမျဥ်းဥပဒေ မဟာတာအိုလမ်းကြောင်းကို အပြည့်အစုံရှာမတွေ့သေးတာကြောင့် အလျင်စလို ကျင့်ကြံဆင့်မချိုးဖျက်ခဲ့တာပဲ...အခုကြည့်ရသလောက်တော့ စီနီယာအကိုလီစစ်က သူ့ရဲ့ကိုယ်ပိုင်မဟာတာအိုကို တွေ့ရှိသွားပုံရတယ်"

ပတ်ဝန်းကျင်ရှိတပည့်များက မနာလိုအားကျသောအကြည့်များဖြင့် လီစစ်ကို စူးစိုက်၍ကြည့်နေကြ၏။

မြေကမ္ဘာအင်မော်တယ်တစ်ယောက် ဖြစ်လာခြင်းသည် မျိုးဆက်တူလူငယ်များအကြားတွင်သာမက ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးအတွင်း၌ပင် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဟု ယူဆနိုင်သည်။

ထို့ပြင် လီစစ်သည် စည်းမျဥ်းဥပဒေမဟာတာအိုကို ထိတွေ့မိပြီးဖြစ်သဖြင့် သူ၏ခွန်အားများ ယခင်ထက်ပို၍ အဆများစွာမြင့်တက်လာပေမည်။အကယ်၍ ကျင့်ကြံဆင့်နယ်ပယ်တူအတွင်း၌ရှိသော တစ်စုံတစ်ယောက်သည် လီစစ်နှင့်တိုက်ခိုက်ပါက သူ၏ပြိုင်ဘက်ဖြစ်ရန် လွန်စွာခက်ခဲပေမည်။

လေထုအတွင်း၌မျောလွင့်နေသော စည်းမျဥ်းဥပဒေသူတော်စင်များ၏ပုံရိပ်များသည် တစ်ခုပြီးတစ်ခု လီစစ်၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားလေ၏။

ထိုပုံရိပ်များ ပျောက်ကွယ်သွားခြင်းနှင့်အတူ လီစစ်၏အရှိန်အဝါ ပို၍ပို၍ အားကောင်းလာသည်။

လောကကြီးတခွင်လုံးကို အထင်အမြင်သေးပုံရကာ လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါတစ်ရပ်က လီစစ်၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ သိပ်သည်းသွားသည်။ဤသည်က ရှေးဟောင်းခေတ်ကာလများအတွင်းမှ ဖြောင့်မတ်မှန်ကန်သော စည်းမျဥ်းဥပဒေသူတော်စင်များက မိုးကောင်းကင်ယံအတွင်းမှနေ၍ သက်ရှိများအားလုံးကို စုံစမ်းထောက်လှမ်းနေသကဲ့သို့ပင်။

အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာခန့်ကြာပြီးနောက် လီစစ်၏ခန္ဓာကိုယ်မှအရှိန်အဝါများ တဖြည်းဖြည်းပျက်ပြယ်သွားကာ သူ၏မျက်လုံးများ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိလာသည်။

ထိုကဲ့သို့ လွှမ်းမိုးချုပ်ကိုင်နိုင်သောအရှိန်အဝါ ပျောက်ကွယ်သွားသောအချိန်အခိုက်အတန့်တွင် လီစစ်သည် ရည်မှန်းချက်ကြီးမားသော သာမာန်လူတစ်ယောက်အသွင်သို့ ပြောင်းလဲသွားလေ၏။

သို့ရာတွင် အကယ်၍ လီစစ်အား ဂရုတစိုက်ကြည့်ရှုပါက သူ၏အရှိန်အဝါသည် ယခင်နှင့်များစွာကွဲပြားခြားနားသွားသည်ကို တွေ့မြင်ရပေမည်။

လီစစ်သည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့လေပြီ။

ဤအဆင့်သည် ငါးတစ်ကောင်မှနေ၍ နဂါးဂိတ်ကို ဖြတ်ကျော်နိုင်သွားသည်နှင့် တူညီပေ၏။ယခုချိန်မှစ၍ လီစစ်သည် ကောင်းကင်ဘုံနယ်မြေအတွင်းတွင် ပထမတန်းစားကျင့်ကြံသူ ဖြစ်သွားလေပြီ။

"စီနီယာအကိုလီစစ်...ခုဏကဟာက ရှေးဟောင်းစာအုပ်တွေထဲမှာ မှတ်တမ်းတင်ထားတဲ့ ရှဲ့ကျစ်မျက်လုံးလား"

တပည့်တစ်ယောက်က မေးမြန်းသည်။

လီစစ်၏မျက်လုံးသည် အဖြူနှင့်အနက်သို့ ပြောင်းလဲသွားခြင်းမှာ လူတိုင်း၏စိတ်အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။

လီစစ်က ခေါင်းညိတ်ပြလိုက်၏။

"အမှန်ပဲ"

ခန်းမအတွင်းရှိ တပည့်များအားလုံး အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်ကြသည်။

ရှဲ့ကျစ်သည် ရှေးဟောင်းခေတ်အတွင်းမှ နတ်ဘုရားသားရဲပင်။ထိုသားရဲသည် အကောင်းနှင့်အဆိုး အမှားနှင့်အမှန်ကို ခွဲခြားသိမြင်နိုင်ပြီး စည်းမျဥ်းဥပဒေသူတော်စင်များ မွေးမြူလေ့ရှိသော မြင့်မြတ်မှော်သားရဲများအနက်မှတစ်ကောင်ပင်။

စည်းမျဥ်းဥပဒေကျင့်ကြံနည်းစနစ်ကို အဆင့်တစ်ခုထိရောက်အောင် ကျင့်ကြံနိုင်ပြီး စည်းမျဥ်းဥပဒေမဟာတာအိုကို ထိတွေ့နိုင်သူမှသာ နတ်ဘုရားသားရဲရှဲ့ကျစ်၏အသိအမှတ်ပြုခြင်းကိုရရှိပြီး ယခုကဲ့သို့မျက်လုံးမျိုး ပိုင်ဆိုင်ပေမည်။

ထိုမျက်လုံးများပိုင်ဆိုင်ထားသူသည် တခြားသူများ၏စိတ်နှလုံးသားကို ဆင်ခြင်သုံးသပ်နိုင်ကာ သူတို့၏စရိုက်သဘာဝကို ထွင်းဖောက်မြင်နိုင်သည်။လူကောင်းယောင်ဆောင်ထားသော လူဆိုးလူမိုက်များကိုလည်း ထိုမျက်လုံးတစ်စုံဖြင့် လွယ်လင့်တကူ တွေ့မြင်နိုင်လေ၏။

သို့ရာတွင် ပို၍အရေးကြီးသောအချက်မှာ အကယ်၍ တစ်စုံတစ်ယောက်သည် ထိုမျက်လုံးတစ်စုံကို ပိုင်ဆိုင်ထားပါက စည်းမျဥ်းဥပဒေမဟာတာအို၏ထောက်ပံမှုကို ရရှိသွားခြင်းပင်။

နောင်အနာဂတ်တွင် အကယ်၍ သူသည် စည်းမျဥ်းဥပဒေကျင့်ကြံနည်းစနစ်များကို ကျင့်ကြံလိုပါက ကျားကို အတောင်ပံတပ်ပေးသည်နှင့် တူညီပေမည်။သူသည် ကျင့်ကြံခြင်းလမ်းကြောင်းတလျှောက်၌ မည်သည့်ပြဿနာကြီးကြီးမားမားမျှ ကြုံတွေ့ရမည်မဟုတ်ချေ။

အကယ်၍ ထိုသတင်းသာပျံ့နှံ့သွားပါက လီစစ်သည် ရှေးဟောင်းအချိန်ကာလများမှ ဆင်းသက်လာသော စည်းမျဥ်းဥပဒေသူတော်စင်များ၏မိသားစုများမှ ခေါ်ယူခြင်းကို ခံရနိုင်သည်။သူတို့သည် လီစစ်အား အကျိုးအမြတ်များပေး၍ကမ်းလှမ်းခြင်းပင် ရှိလာနိုင်လေ၏။

လီစစ်က မတ်တတ်ထရပ်ကာ သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ လုယွီကို ပြောဆိုလိုက်သည်။

"ကျေးဇူးတင်ပါတယ် လုရှီ"

အသက်အရွယ်အရဆိုလျှင် လီစစ်သည် လုယွီထက် ပို၍ကြီးသည်။

ဝါစဥ်အရဆိုလျှင်လည်း လီစစ် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၌ နေထိုင်ခဲ့သောအချိန်သည် တခြားသူများထက် များစွာပို၍ ကြာညောင်းပေ၏။

သို့ရာတွင် ကျင့်ကြံခြင်းလမ်းကြောင်း၌ အောင်မြင်ပြီးမြောက်ခြင်းသည်သာ ပထမနေရာ၌ရှိသည်။လုယွီသည် လီစစ်အား လမ်းကြောင်းမှန်ကို ပြသပေးခဲ့သည်။လီစစ်အတွက် လုယွီသည် သူ၏ဆရာတစ်ယောက်ပင်။

***ရှဲ့ကျစ်က တရုတ်ဒဏ္ဍါရီလာရှေးဟောင်းသတ္တဝါဖြစ်ပြီးတော့ အမှားနဲ့အမှန်ကို ခွဲခြားသိမြင်နိုင်ပြီး တရားမျှတမှုကိုစောင့်ရှောက်တဲ့သတ္တဝါပါ...တချို့စာစဥ်တွေထဲမှာ ဟဲချီလို့သုံးကြတယ်...တရုတ်ရော ကိုရီးယားမှာ ဒီသတ္တဝါကို သင်္ကေတတစ်ခုအဖြစ်နဲ့ သုံးကြတယ်***

Chapter 2569

ထိုမြင်ကွင်းကိုမြင်ချိန်တွင် တခြားကျောင်းတော်တပည့်များသည် တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ထရပ်ကာ သူတို့၏လက်နှစ်ဖက်ကိုပူးဆုပ်၍ လုယွီကို ဂါရဝပြုလိုက်ကြ၏။

"လုရှီကို ကျေးဇူးတင်ပါတယ်"

သိန်းနှင့်ချီသော ကျောင်းတော်တပည့်များက သူတို့၏ကျေးဇူးတင်မှုကို တညီတညွတ်တည်း ဖော်ပြလိုက်ကြသည်။သူတို့၏အသံသည် ချက်ချင်းဆိုသလိုပင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တစ်ခုလုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

ခန်းမအတွင်းသို့ မသွားခဲ့သော ဟောပြောသူများ မဟာကွန်ဖြူးရှပ်ပညာရှင်များနှင့် သူတို့ကိုယ်သူတို့အထင်ကြီးနေခဲ့သော တပည့်တချို့သည် ထိုအသံကိုကြားချိန်တွင် သူတို့၏ခေါင်းများကိုမော့၍ ကြည့်လိုက်ကြ၏။

ခန်းမအတွင်း၌ မည်သည့်အရာများဖြစ်ပျက်နေသည်ကို သူတို့ မသိရှိချေ။

သို့ရာတွင် မြောက်များစွာသောကျောင်းတော်တပည့်များသည် ရိုသေလေးစားစွာဖြင့် ကျေးဇူးတင်ကြောင်းပြောဆိုကြသည်မှာ သာမာန်ထက်သာလွန်ထူးကဲသောကိစ္စတစ်ရပ်ပင်။

"ဖြစ်နိုင်တာတော့ လုယွီက ဒီခုနစ်ရက်အတွင်းမှာ ဟောပြောမှုအောင်မြင်သွားခဲ့တာလား"

"မဖြစ်နိုင်ဘူး...သူက ကျောင်းတော်ကိုဝင်လာတာ မကြာသေးဘူး...ပြီးတော့ သူ့ရဲ့အသက်က အရမ်းငယ်သေးတယ်...လူပေါင်းတစ်သိန်းလောက်ကို ဟောပြောနိုင်ဖို့က သူ့ဆီမှာ ဘယ်လိုအရည်အချင်းနဲ့အတွေ့အကြုံမျိုး ရှိနေနိုင်မှာမလို့လဲ"

"ငါတို့ စောင့်ကြည့်တာ ပိုကောင်းလိမ့်မယ်...ခန်းမထဲကသတင်းကို စောင့်ကြတာပေါ့"

ထိုတပည့်များသည် အေးစက်စက်အကြည့်များဖြင့် စောင့်ကြည့်နေကြသော်လည်း အမှန်အားဖြင့် သူတို့၏စိတ်နှလုံးသားများအတွင်း၌ စိုးရိမ်ပူပန်နေသည်။

တံခါးမကြီး၏ရှေ့၌ စောင့်ဆိုင်းနေသော မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်သည် စိတ်မရှည်တော့သဖြင့် တံခါးကိုတွန်းဖွင့်လိုက်၏။လူပေါင်းတစ်သိန်းခန့်က လုယွီအား အရိုအသေပြုနေခြင်းကိုမြင်တွေ့ချိန်တွင် သူ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသည်။

"ငါတို့အားလုံး အမှားကြီးမှားပြီ...ဒီတစ်ကြိမ် လုယွီရဲ့ဟောပြောမှုက လူတိုင်းကို အကျိုးကျေးဇူးရစေတယ်"

"အခု ဒီခန်းမထဲမှာရှိတဲ့ တပည့်တွေဆီကနေ တလိမ့်လိမ့်ထနေတဲ့ စိတ်ဝိညာဥ်စွမ်းအားတွေကို ငါ ခံစားမိတယ်...သူတို့ရဲ့မျက်လုံးတွေကလည်း တစ်ခုခုကိုဥာဏ်အလင်းပွင့်သွားပုံနဲ့ စူးရှတောက်ပနေတယ်...ဒီလောက်လူတွေအများကြီးက နယ်ပယ်ချိုးဖျက်နိုင်လိမ့်မယ်လို့ ဘယ်သူကသိနိုင်မှာလဲ"

ဒါက ငါတို့ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွက် ကောင်းတဲ့အချက်ပဲ...ဒါပေမယ့် ဒါက ငါတို့ကို သတိပေးလိုက်တာလဲဟုတ်တယ်...သူက တံခါးပိတ်သင်ခန်းစာပို့ချခဲ့တယ်...အရင်က ငါတို့အားလုံး အဆင့်အတန်းကို ရှေ့တန်းတင်ခဲ့ကြတယ်...တကယ်လို့ ငါတို့ကိုယ်ငါတို့ နှိမ့်ချပြီးတော့ ဒီနေရာမှာ ဟောပြောတာကိုလာပြီးနားထောင်မယ်ဆိုရင် အခုချိန်မှာ ငါတို့လည်း အကျိုးကျေးဇူးတွေ ရနေလောက်ပြီ"

မည်သို့ပင်ဆိုစေကာမူ မဟာကွန်ဖြူးရှပ်ပညာရှင်များသည် ချင့်ချိန်တွက်ချက်တက်သူများဖြစ်သည်။ဤနေရာရှိမြင်ကွင်းကို မြင်တွေ့ချိန်တွင် သူတို့ထံ၌အခွင့်အရေးမရှိတော့သဖြင့် တိုးညှင်းသောအသံဖြင့် သက်ပြင်းရှိုက်နေကြ၏။

"နောင်တစ်ချိန်မှာ ကျွန်တော်က အခွင့်အရေးရှာပြီး စီနီယာတို့နဲ့ တာအိုဆွေးနွေးပါ့မယ်"

လုယွီက ရုတ်တရက် ထိုမဟာကွန်ဖြူးရှပ်ပညာရှင်များထံသို့ အသံပေးပို့လိုက်သည်။

မဟာကွန်ဖြူးရှပ်ပညာရှင်များသည် အစပထမ၌ ကြက်သေသေနေသော်လည်း ချက်ချင်းဆိုသလိုပင် အလွန်ပျော်ရွှင်သွားကြ၏။

လုယွီ၏စကားများအရ သူတို့လူစုအား သီးသန့်လက်ဆင့်ကမ်းသင်ကြားပေးမည်ဟု ဆိုလိုခြင်းပင်။ဤသည်က သူတို့အတွက် အကျိုးသက်ရောက်မှု ပို၍ကောင်းမွန်ပေမည်။

"သူက သူတော်စင်ရဲ့တပည့်တစ်ယောက်ဖြစ်ဖို့ ထိုက်တန်ပါပေတယ်...သူ့ဆီမှာ ဒီလိုမျိုးကျင့်ကြံနည်းစနစ်တွေရှိနေပြီးတော့ တခြားသူတွေကိုလည်း လက်ဆင့်ကမ်းသင်ကြားပေးနိုင်တယ်...တကယ်လို့ တခြားတစ်ယောက်သာဆိုရင် ဒီလိုမျိုးလုပ်နိုင်မှာမဟုတ်ဘူး"

မဟာကွန်ဖြူးရှပ်ပညာရှင်ချန်းကျင်းက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

"အဲ့ဒီတပည့်တွေကို ကြည့်လိုက်အုံး...သူတို့က လုယွီကို သူတို့ရဲ့အမာခံကျောရိုးအဖြစ် သတ်မှတ်ထားပြီးပြီ...ငါတို့ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှာ တပည့်ခေါင်းဆောင်နေရာကို အတည်မပြုတာကြာပြီ...ဒီနေ့ ငါတို့ ဆုံးဖြတ်ချက်ချလိုက်ရင် မကောင်းဘူးလား"

"ဒါက ကောင်းတဲ့ကိစ္စပဲ"

လတ်တလောနှစ်များအတွင်းတွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၌ အလွန်အမင်းထူးချွန်သောတပည့်များ ထွက်ပေါ်မလာသဖြင့် တပည့်ခေါင်းဆောင်နေရာကို စီနီယာတပည့်များအကြားမှသာ ရွေးချယ်ခဲ့သည်။

အကျိုးဆက်အနေဖြင့် အတိတ်တွင် တပည့်ခေါင်းဆောင်များရှိခဲ့သော်လည်း နာမည်ခံသာဖြစ်သည်။အကြောင်းအရင်းမှာ တပည့်အများစုသည် ထိုတပည့်ခေါင်းဆောင်ကို ယုံကြည်လက်ခံခြင်းမရှိကြသဖြင့် အတွေးရေးတင်းမာမှုများ မကြာခဏဖြစ်ပွါးသောကြောင့်ပင်။တော်ဝင်စာမေးပွဲ၌ စီနီယာတပည့်များနှင့်တပည့်ခေါင်းဆောင်အကြားတွင် အငြင်းပွါးတိုက်ခိုက်မှုတချို့ပင် ဖြစ်လေ့ရှိသည်။ဤသည်က ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကို လူအများ၏လှောင်ပြောင်ရယ်မောစရာဖြစ်စေသည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ ထိုပြဿနာကို ဖြေရှင်းပြီးသွားလေပြီ။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ လုယွီ၏ယခုလက်ရှိ နာမည်ဂုဏ်သတင်းဖြင့် အကယ်၍ သူသာ တပည့်ခေါင်းဆောင်ဖြစ်လာပါက ထိုနေရာနှင့်ထိုက်တန်ပေမည်။မည်သည့်တပည့်မျှ သူ၏အမိန့်ကိုငြင်းဆန်မည်မဟုတ်ချေ။

"တပည့်ခေါင်းဆောင်အဖြစ် အတည်ပြုဖို့က လက်ထောက်ကျောင်းအုပ်ဆီက ခွင့်ပြုချက်ရဖို့လိုအပ်တယ်...တကယ်လို့ လက်ထောက်ကျောင်းအုပ်ပိုင်မင်ဟန်သာ ကျောင်းတော်မှာရှိနေရင် အရမ်းကောင်းမှာပဲ...ကံဆိုးချင်တော့ ထျန်းပိုယန်တစ်ယောက်တည်းကပဲ အရာအားလုံးကို ချုပ်ကိုင်ထားတယ်...သူက လုယွီကို တပည့်ခေါင်းဆောင်အဖြစ်ခန့်အပ်မှာကို ဘယ်နည်းနဲ့မှသဘောတူမှာ မဟုတ်ဘူး"

မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်က သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုလေ၏။

"ဘာလို့ ထျန်းပိုယန်က လုယွီကို အခက်တွေ့အောင် လုပ်နေတာပါလိမ့်"

"ငါ့ရဲ့ခန့်မှန်းချက်အရဆိုရင် ထျန်းပိုယန်က တော်ဝင်မြို့တော်ထဲက အင်အားစုတွေရဲ့ ကြားဝင်စွက်ဖက်တာကို ခံထားရပုံပဲ...အခုချိန်မှာ ရှဖုန်းက ဧကရာဇ်အဆင့်မှော်လက်နက်ကို ရမသွားဘူးဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်နေတယ်...ဒါကြောင့် အဲ့ဒီမှော်လက်နက်က လုယွီရဲ့လက်ထဲမှာ ရှိနေတုန်းပဲ...လုယွီက ကျောင်းတော်ကနေထုတ်ပယ်ခံရတာနဲ့ သူက ကျောင်းတော်ရဲ့ကာကွယ်ပေးမှုကို ဆုံးရှုံးလိုက်ရပြီ...အဲ့ဒီအချိန်ကျရင် ဘယ်သူဘယ်ဝါဖြစ်နေပါစေ သူ့ကိုသတ်ပြီး ဧကရာဇ်အဆင့်မှော်လက်နက်ကို လုယူလို့ရတယ်"

Chapter 2570

"တကယ်လို့ တစ်ယောက်ယောက်က ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့ပါရမီရှင်ကို သတ်ဖြတ်ဝံ့မယ်ဆိုရင်...ငါက သူတို့ကို အရင်ဦးအောင်ရှင်းပစ်မယ်...ဘယ်နည်းနဲ့မှ အလွတ်မပေးနိုင်ဘူး"

ထိုစကားကိုကြားချိန်တွင် မဟာကွန်ဖြူးရှပ်ပညာရှင်တချို့၏မျက်လုံးများအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထင်ဟပ်လာသည်။

ယခင်က သူတို့သည် လုယွီကိုကာကွယ်ခဲ့ခြင်းမှာ သူတော်စင်ယီဟန်၏မျက်နှာကြောင့်ပင်။

သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် သူတို့၏အနာဂတ်အောင်မြင်မှုနှင့် ဆက်စပ်နေသည်။

လုယွီ သေဆုံးသွားပါက သူတို့၏ ကျင့်ကြံဆင့်ချိုးဖျက်နိုင်မည့်အခွင့်အရေးကို လက်လွတ်ဆုံးရှုံးရပေမည်။

ထျန်းယွဲ့တို့လူစုသည်လည်း ခန်းမအတွင်းသို့ ခိုးကြောင်ခိုးဝှက် ဝင်ခဲ့ကြ၏။

သူတို့သည် သူတို့ရှေ့ရှိမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူတို့၏မျက်နှာများ ဖြူရော်သွားသည်။

သူတို့သည် မည်မျှပင် နုံအသူများဖြစ်နေပါစေ လုယွီသည် ခုနစ်ရက်ကြာဟောပြောပြီးနောက် တပည့်များ၏ယုံကြည်မှုကိုရရှိခဲ့ကြောင်း ကောင်းစွာသိရှိသည်။

ယခင်ကဆိုလျှင် စီနီယာတပည့်တစ်ယောက်၏တာအိုဟောပြောပွဲ အောင်မြင်မှုရရှိသည်မှာ မဖြစ်နိုင်လုနီးပါးကိစ္စပင်။

သို့ရာတွင် ယခုလက်ရှိချိန်တွင် လုယွီက ထိုကိစ္စကိုအောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့လေပြီ။

"ငါတို့ ဘာဆက်လုပ်ကြမလဲ...အဲ့ဒီကောင်လေးမှာ တကယ့်ကိုပဲ ဒီလိုအရည်အချင်းမျိုးရှိနေတယ်"

"စီနီယာအကိုထျန်းယွဲ့...ငါတို့ ဒီနေရာမှာ ပြဿနာရှာလို့ မဖြစ်လောက်ဘူး"

ထျန်းယွဲ့၏နောက်ရှိ တပည့်တစ်ယောက်က တုန်ရီနေသောလေသံဖြင့် ပြောဆိုသည်။

ခန်းမအတွင်းရှိ ကျောင်းတော်တပည့်များအားလုံး လုယွီကို အရိုအသေပြုနေကြသည်ကို သူတို့အားလုံး မြင်တွေ့မိကြ၏။

သူတို့သည် သူ့အား 'လုရှီ'ဟုပင် ခေါ်ဆိုနေကြသည်။

ဤသည်က ဆရာအဖြစ် အသိအမှတ်ပြုခြင်းတစ်မျိုးပင်။

ဤအခြင်းအရာကိုကြည့်ခြင်းအားဖြင့် လုယွီ ပိုင်ဆိုင်ထားသော နာမည်ဂုဏ်သတင်း မည်မျှထိမြင့်မားသည်ကို သိရှိနိုင်ပေ၏။

လုယွီ၏ဟောပြောမှုမစတင်မီအချိန်တွင် ထျန်းယွဲ့သည် လှောင်ပြောင်သရော်ခဲ့သဖြင့် စီနီယာတပည့်ဆယ်ယောက်ကျော်၏တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။အကယ်၍ သူသည် ယခုလက်ရှိအခြေအနေကို သဘောမပေါက်ဘဲ မဆင်မခြင်လုပ်ဆောင်ပါက မြောက်မြားစွာသောတပည့်များသည် ကျောင်းတော်၏စည်းမျဥ်းကိုဖောက်ဖျက်၍ သူ့အား သတ်ဖြတ်ပေလိမ့်မည်။

"ငါ...ငါ လက်ထောက်ကျောင်းအုပ်ကို သွားရှာမယ်"

ထျန်းယွဲ့သည် သူ့ကိုယ်သူပင် သတိမပြုမိဘဲ သူ၏အသံသည် တုန်ရီနေပေ၏။

ထျန်းယွဲ့သည် သူ၏နောက်လိုက်များကိုခေါ်ဆောင်ကာ မိုးကောင်းကင်ကျမ်းစာဆောင်သို့ ပြန်သွားလိုက်တော့သည်။

ထျန်းပိုယန်သည် အလွန်ဒေါသထွက်နေမည်ဟု သူ မျှော်လင့်ခဲ့သော်လည်း မမျှော်လင့်ဘဲ တခြားမြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။

ထျန်းပိုယန်သည် စားပွဲနံဘေးရှိ ထိုင်ခုံတစ်လုံးပေါ်၌ထိုင်နေကာ တည်ငြိမ်နေသောမျက်နှာအမူအယာဖြင့် ပြောဆိုလေ၏။

"အော်...အဲ့ဒီလိုလား....လုယွီမှာ ခုလိုအရည်အချင်းမျိုးရှိနေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

ထျန်းပိုယန်၏တုံ့ပြန်မှုကိုကြည့်ပြီး ထျန်းယွဲ့က ကူကယ်ရာမဲ့စွာဖြင့် အနည်းငယ်ဇဝေဇဝါဖြစ်သွားသည်။

"လက်ထောက်ကျောင်းအုပ်...တကယ်လို့ ကျောင်းတော်ထဲမှာ အဲ့ဒီကောင်လေးရဲ့အင်အား ကြီးထွားလာမယ်ဆိုရင်...ကျွန်တော်တို့အတွက် ကောင်းမှာမဟုတ်ဘူး"

ထျန်းယွဲ့က အလွန်ဒေါသကြီးသောထျန်းပိုယန်သည် မည်သည်ကြောင့် ယခုကဲ့သို့တုံ့ပြန်ခြင်းကို အနည်းငယ်မျှပင် စဥ်းစားတွေးတော၍မရချေ။

လဖက်ရည်၏ခပ်ဖျော့ဖျော့သင်းရနံ့က လေထုအတွင်း၌ မျောလွင့်နေသည်။ဤသည်က မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေ၏ အထူးသီးသန့်ထွက်ကုန်ဖြစ်သော စိတ်ဝိညာဥ်လဖက်ခြောက်ပင်။ထိုလဖက်ခြောက်တွင် သောက်သုံးသူ၏မရီးဒါန်းများကို အားဖြည့်တင်းပေးနိုင်ပြီး ထိုသူ၏မှော်စွမ်းအားများကို တိုးပွါးစေသော အကျိုးအာနိသင်မျိုးရှိသည်။

ထျန်းပိုယန်က လဖက်ရည်ခွက်ကိုမ၍ တစ်ငုံငုံလိုက်၏။သူက တည်ငြိမ်သောအပြုံးနှင့် ပြောဆိုသည်။

"မိုးကောင်းကင်က သူ့ကို သေစေချင်မှတော့ သူ့ကို အရင်ဆုံး ရူးသွပ်အောင်လုပ်ရမယ်...အခု သူ့ရဲ့အရည်အချင်းကို သူက ထုတ်ပြခဲ့မှတော့...ငါက သူ့ရဲ့ရှေ့အလားအလာ အပြည့်အဝကို ဘာလို့ ထုတ်ဖော်ပြသခွင့်မပြုရမှာလဲ"

ထျန်းယွဲ့က ခေါင်းကုတ်လိုက်သည်။

"လက်ထောက်ဂိုဏ်းချုပ်...ကျေးဇူးပြုပြီးတော့ ကျွန်တော်ကို ရှင်းရှင်းလင်းလင်း ပြောပြပါလား"

ထျန်းပိုယန်က ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။

"ဒါက အရမ်းရိုးရှင်းပါတယ်...နောက်နှစ်နွေဦးပေါက်ချိန်မှာ တော်ဝင်စာမေးပွဲစတင်တော့မယ်...အခုချိန်မှာ ကျောင်းတော်ကတပည့်တွေအားလုံး တော်ဝင်စာမေးပွဲမှာဝင်ရောက်ဖြေဆိုဖို့ ရွေးချယ်ခံဖြစ်ချင်နေကြတယ်....ဒီလိုဆိုမှတော့ ဒီတစ်ကြိမ် ရွေးချယ်ခံတွေကို စစ်ဆေးစမ်းသပ်တဲ့ပွဲမှာ သူ့ကို ပါဝင်ခွင့်ပြုလိုက်မယ်"

ထိုသတင်းကိုကြားချိန်တွင် ထျန်းယွဲ့၏စိတ်နှလုံးသားတစ်ခုလုံး ပူပြင်းလောင်ကျွမ်းသွားသည်။

သူသည်လည်း စစ်ဆေးစမ်းသပ်ပွဲတွင် ပါဝင်ယှဥ်ပြိုင်လိုသည်။

အကြောင်းအရင်းမှာ တော်ဝင်စာမေးပွဲအတွက် ကျောင်းတော်ငါးခုမှတပည့်များ ရွေးချယ်ခံရသော ဝင်ခွင့်နေရာသည် အလွန်အမင်း အဖိုးတန်ရှားပါးသောကြောင့်ပင်။

နှစ်စဥ်နှစ်တိုင်း ကျောင်းတော်ငါးခုအနက် တစ်ခုစီမှနေ၍ လူအယောက်ငါးဆယ်သာ တော်ဝင်စာမေးပွဲအတွင်းသို့ တိုက်ရိုက်ပါဝင်ယှဥ်ပြိုင်ခွင့်ရှိသည်။

ပြင်ပလောကရှိကျင့်ကြံသူများသည် ဒေသစာမေးပွဲ ကုန်းမြေအလိုက်စာမေးပွဲ ကြယ်နယ်မြေစာမေးပွဲ ကြယ်မြစ်စာမေးပွဲတို့ကို ဖြတ်ကျော်ပြီးမှသာလျှင် ကျောင်းတော်သားအဆင့်သို့ ရောက်ရှိသည်။ထိုအဆင့်သို့ ရောက်ရှိပြီးသူများသာလျှင် တော်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုရန် အရည်အချင်းပြည့်မီလေ၏။

ထို့ကြောင့် ထိုကျောင်းတော်သားအယောက်ငါးဆယ်သည် ကျောင်းတော်အတွင်း၌ အစွမ်းထက်ဆုံးသူများ ဖြစ်ရပေမည်။အကယ်၍ လက်ရွေးစင်ပါရမီရှင်တချို့ကို ထောက်ခံပေးသည့်တိုင် တော်ဝင်စာမေးပွဲ၏အဆင့်သတ်မှတ်ချက်တွင် တစ်ယောက်မျှမပါဝင်ခြင်း သို့မဟုတ် အဆင့်နိမ့်လွန်းခြင်းတို့ဖြစ်လာပါက ရှက်ရွံဖွယ်ရာကိစ္စတစ်ရပ်ပင်။

All Chapters