အခန်း (၂၅၇၁-၂၅၇၅)
Vol. 132 Ch. 2571-2575
Chapter 2571
ယခင်တစ်ကြိမ် တော်ဝင်စာမေးပွဲတွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှနေ၍ ကျောင်းတော်သားအယောက်ငါးဆယ်ကို ထောက်ခံပေးခဲ့သော်လည်း လူကိုးယောက်သာ အဆင့်သတ်မှတ်ချက်စာရင်းတွင်ပါဝင်ပြီး စာရင်း၏အောက်ဆုံးအဆင့်တွင်သာရှိနေသည်။
ယေဘုယျကျကျပြောဆိုရလျှင် ရွေးချယ်ခံကျောင်းတော်သားများအနက် အယောက်နှစ်ဆယ် သုံးဆယ်ခန့်သည် အဆင့်သတ်မှတ်ချက်စာရင်း၌ ပါဝင်သင့်ပေ၏။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် ကျောင်းတော်ငါးခုအနက် နောက်ဆုံးနေရာမှရှိနေသော်လည်း သူတော်စင်ယီဟန်၏နာမည်ဂုဏ်သတင်းကြောင့် မည်သူကမျှ သွားပုပ်လေလွင့်စကားများ မဆိုဝံ့ချေ။
သို့ရာတွင် ကျောင်းတော်မှမဟာကွန်ဖြူးရှပ်ပညာရှင်များအတွက် ဤသည်က ကျောင်းတော်၏နာမည်ဂုဏ်သတင်းနှင့် ညီမျှကာ သူတို့အတွက် အရှက်ရစရာကိစ္စကြီးဖြစ်လာသည်။
ထို့ကြောင့် လတ်တလောနှစ်များအတွင်းတွင် ခွဲတမ်းနေရာရွေးချယ်မှုမှာ ပို၍ပို၍ တင်းကြပ်လာခဲ့သည်။
ထျန်းယွဲ့၏မျက်လုံးများ တောက်ပသွားသည်။
"လက်ထောက်ကျောင်းအုပ်...အဲ့ဒီနေရာမှာ တစ်ခုခုလုပ်ဖို့ ကြံစည်ထားတာလား"
ထျန်းပိုယန်က သရော်တော်တော်အပြုံးနှင့် ပြောဆိုသည်။
"မင်း အရင်ဆုံး ကြိုပြီးပြင်ဆင်ထားရမယ်...ဒီတစ်ကြိမ်မှာ ငါက သွေးနတ်ဘုရား ကြေးချွတ်သန့်စင်ဘုံကို အသုံးပြုမှာ"
သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံဟူသောစကားကိုကြားချိန်တွင် ထျန်းယွဲ့သည် ကူကယ်ရာမဲ့ဖြစ်သွားကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။
သူက ထျန်းပိုယန်အား ထပ်မံ၍ကြည့်လိုက်ရာ လက်ထောက်ကျောင်းအုပ်၏မျက်လုံးများအတွင်း၌ တက်ကြွမှုများနှင့်ပြည့်နှက်နေသည်ကို တွေ့မြင်မိလေ၏။လက်ထောက်ကျောင်းအုပ်သည် အနည်းငယ်မျှပင် ရယ်စရာပြောနေပုံမပေါ်ချေ။
ထျန်းယွဲ့က ထျန်းပိုယန်အား ဖြောင့်ဖျနိုင်ရန် ကြိုးစားလိုက်သည်။
"သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံကိုမဖွင့်တာ အချိန်အတော်ကြာနေပြီ...အရင်က တပည့်တစ်ယောက်ဆိုရင် အဲ့ဒီနေရာကို ဝင်ပြီးပြီးချင်းမှာပဲ သေဆုံးသွားခဲ့တယ်...သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံကို မဖွင့်တာပိုကောင်းလိမ့်မယ်"
ကျောင်းတော်ငါးခုကို ကျောင်းတော်ဟုခေါ်ဆိုသော်လည်း အမှန်အားဖြင့် ကျင့်ကြံခြင်းဂိုဏ်းများပင်။
မည်သည့်ကျင့်ကြံနည်းစနစ်ကိုကျင့်ကြံသော ကျင့်ကြံသူ ဖြစ်နေပါစေ ကောင်းကင်ဘုံနယ်မြေအတွင်း၌ ခြေကုပ်ရရန်အတွက် လုံလောက်သောခွန်အားရှိရန်လိုအပ်သည်။
ဥပမာအနေဖြင့် တာယွီ၏တော်ဝင်စာမေးပွဲတွင် စာပေနှင့်သိုင်းပညာရပ်ဟူ၍ ခွဲခြားသတ်မှတ်ထားခြင်းမရှိချေ။ရွေးချယ်ခံများသည် စာပေနှင့်သိုင်းပညာရပ် နှစ်မျိုးစလုံးကို နှံ့နှံ့စပ်စပ် ကျွမ်းကျင်ထားရပေမည်။ထို့ပြင် အုပ်ချုပ်ရေးနည်းလမ်းများ၌ သူတို့၏ကိုယ်ပိုင်အမြင်များရှိရမည့်အပြင် သူတို့ထံ၌ လုံလောက်သောခွန်အားရှိရန်လိုအပ်သည်။
ထိုသို့မဟုတ်ပါက သူတို့သည် နယ်မြေခံအရာရှိများအဖြစ် ခံအပ်ခြင်းခံရမည့်သူများဖြစ်သည်။သူတို့ထံတွင် လုံလောက်သောအရည်အချင်းမျိုးမရှိပါက တော်ဝင်နန်းတွင်းမှခန့်အပ်လွှာစာရွက်တစ်ခုတည်းဖြင့် သူတို့အား နယ်မြေခံလူထုမှ ယုံကြည်လေးစားရန်မှာ မဖြစ်နိုင်ချေ။
ထိုအကြောင်းအရင်းများကြောင့် ကျောင်းတော်ငါးခုသည် သူတို့၏ကျောင်းတော်သားများ ခွန်အားမြင့်တက်လာစေရန်ရည်ရွယ်၍ လေ့ကျင့်ရေးနယ်မြေတချို့ကို တည်ထောင်ခဲ့သည်။
ထိုလေ့ကျင့်ရေးနယ်မြေများအတွင်း၌ အတိုင်းအတာတစ်ခုထိ အန္တရာယ်ရှိသည်။အကယ်၍ တစ်စုံတစ်ယောက်သည် သတိလက်လွတ်နေမိပါက ထိုနေရာများ၌ သေဆုံးသွားရပေမည်။သို့ရာတွင် ဤနည်းလမ်းဖြင့်သာ ကျောင်းတော်သားများသည် သေရေးရှင်ရေးအခြေအနေမျိုးအတွင်းမှ အတွေ့အကြုံရရှိနိုင်လေ၏။သူတို့သည် အစစ်အမှန်ရန်သူနှင့် ရင်ဆိုင်ရလျှင် ရှုံးနိမ့်တော့မည်မဟုတ်ချေ။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ ထိုကဲ့သို့လေ့ကျင့်ရေးနယ်မြေများ အမြောက်အများရှိသည်။ယခင်က လုယွီသည် ကျောင်းတော်ဝင်ခွင့်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုစဥ်၌ ဖြတ်ကျော်ခဲ့ရသော မှော်သားရဲကွင်းပြင်သည် ထိုနယ်မြေများအနက်မှတစ်ခုပင်။
သို့ရာတွင် အန္တရာယ်အများဆုံး လေ့ကျင့်ရေးနယ်မြေမှာ သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံပင်။
ဒဏ္ဍါရီများအရ ယခင်ကကောင်းကင်ဘုံနယ်မြေတွင် သွေးနတ်ဘုရားမြင့်မြတ်နယ်မြေဟူ၍ ရှိခဲ့ဖူးသည်။ဤသည်က အစွမ်းထက်သော နတ်ဆိုးဂိုဏ်းတစ်ဂိုဏ်းပင်။
ထိုဂိုဏ်းအတွင်းရှိဂိုဏ်းသားများသည် အဓိကအားဖြင့် သွေးသန့်စင်ခြင်းကျင့်ကြံနည်းစနစ်များကို ကျင့်ကြံကြသည်။ထိုနည်းစနစ်အား အသုံးပြုလိုက်ချိန်တွင် တစ်ဖက်လူ၏ခန္ဓာကိုယ်မှသွေးများကို ခြောက်ကပ်သည်အထိစုပ်ယူကာ အရိုးစုဘဝသို့ရောက်ရှိသွားစေသည်။
ထိုကဲ့သို့ ရက်စက်ကြမ်းကြုတ်ပြီး ယုတ်ညံသော ကျင့်ကြံနည်းစနစ်ကြောင့် သွေးနတ်ဘုရားမြင့်မြတ်နယ်မြေရှိဂိုဏ်းသားများကို လူအမြောက်အများက ရန်ငြိုးထားမုန်းတီးကြ၏။
ထိုအချိန်တုန်းက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှအကြီးအကဲတစ်ယောက်၏ မိသားစုဝင်တစ်ယောက်ကို ထိုဂိုဏ်းသားများမှ သတ်ဖြတ်ခဲ့သည်။ထိုအကြီးအကဲသည် အလွန်ဒေါသထွက်သွားသဖြင့် သွေးနတ်ဘုရားမြင့်မြတ်နယ်မြေသို့ တစ်ယောက်တည်းသွားကာ နယ်မြေအရှင်သခင်ကို သတ်ဖြတ်ခဲ့သည်။ထို့နောက် သူသည် သွေးနတ်ဘုရားမြင့်မြတ်နယ်မြေမှ အဖိုးတန်အရာများအားလုံးကို ယူဆောင်လာခဲ့လေ၏။
သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံသည် ထိုရတနာများအနက်မှတစ်ခုပင်။
ထိုကြေးချွတ်သန့်စင်ဘုံသည် မူလက အလွန်ကြီးမားသောသွေးအိုင်ကြီးတစ်ခုဖြစ်သည်။ထိုအရာသည် မြောက်မြားစွာသောလူတို့၏ စိတ်ဝိညာဥ်များနှင့်နာကျည်းမုန်းတီးမှုများ စုဝေးလာရာမှ ဖြစ်တည်လာခြင်းပင်။
အကယ်၍ တစ်စုံတစ်ယောက်သည် ထိုသွေးအိုင်၏နံဘေး၌ အချိန်ကြာမြင့်စွာနေထိုင်ပါက ပတ်ဝန်းကျင်၌ ထူထပ်သိပ်သည်းသောယင်ချီများနှင့် ပြည့်နှက်နေသည်ကို ခံစားရပေမည်။ဤသည်က မြောက်မြားစွာသောသရဲတစ္ဆေများ၏ ငိုကြွေးမြည်တမ်းသံကိုကြားနေရသည့်အလား လူအများအား ထိတ်လန့်ကြောက်ရွံသောခံစားချက်မျိုး ပေါက်ဖွားစေနိုင်သည်။
သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံတွင် အလွှာမည်မျှများများရှိနေသည်ကို မည်သူမျှမသိနိုင်ချေ။အလွှာတစ်လွှာစီတွင် အမျိုးအစားစုံလင်သောနတ်ဆိုးများရှိနေသည်။
ထိုနတ်ဆိုးများတွင် ကောင်းမွန်သောအတွေးအမြင်များမရှိဘဲ အလွန်အမင်း ရက်စက်ကြမ်းကြုတ်သည်။သူတို့သည် မွေးဖွားလာစဥ်မှစ၍ သတ်ဖြတ်ရန်တစ်ခုတည်းကိုသာသိရှိသည်။ထိုနယ်မြေအတွင်း၌ သူတို့ အသက်ရှင်နေခြင်းသည် သူတို့ မြင်တွေ့နေရသော သက်ရှိများအားလုံးကို သတ်ဖြတ်ရန်သက်သက်ပင်။
Chapter 2572
ဤနေရာသည် မူလက သွေးနတ်ဘုရားမြင့်မြတ်နယ်မြေ၏ ပင်မတပည့်များကို စမ်းသပ်စစ်ဆေးရန် တည်ထောင်ထားသောနေရာပင်။
အစပိုင်းတွင် ဤနေရာကို လေ့ကျင့်ရေးနယ်မြေအဖြစ်သတ်မှတ်ရန် မဟာကွန်ဖြူးရှပ်ပညာရှင်အများစုက ငြင်းဆန်ခဲ့ကြသည်။
သို့ရာတွင် ကျောင်းတော်၏ကျောင်းအုပ်ကြီးဖြစ်သော ဖူကျစ်ရွှယ်က လူထု၏အမြင်ကို ပြတ်ပြတ်သားသား ဆန့်ကျင်လိုက်၏။
"တကယ်လို့ သွေးနတ်ဘုရားမြင့်မြတ်နယ်မြေရဲ့ဂိုဏ်းသားတွေတောင် လေ့ကျင့်ဝံ့ရင်...ငါတို့ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့တပည့်တွေက ဘာလို့မလုပ်ဝံ့ရမှာလဲ...ငါတို့ကျောင်းတော်ရဲ့တပည့်တွေက ပြင်ပကဂိုဏ်းတစ်ဂိုဏ်းက ဂိုဏ်းသားတွေကိုတောင် မယှဥ်ပြိုင်ဝံ့ဘူးလား"
မည်သူကမျှ ထိုအဆိုပြုချက်ကို မငြင်းဆန်နိုင်သဖြင့် သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံကို ကျောင်းတော်၌ နေရာချထားလိုက်ကြသည်။
အစပထမတွင် တပည့်အမြောက်အများသည် သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံကို စိန်ခေါ်ကြလေ၏။
မည်သို့ပင်ဆိုစေကာမူ သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံသည် နာမည်ကျော်ကြားသဖြင့် အတွင်း၌ အလွန်အန္တရာယ်များမည်ကို လူတိုင်း သိရှိထားကြသည်။သို့ရာတွင် ဤစိန်ခေါ်မှုသာအောင်မြင်သွားပါက သူတို့၏ကိုယ်ပိုင်ကျင့်ကြံရေးလမ်းကြောင်းတွင် ကြီးမားသောအထောက်အပံရရှိစေရုံသာမက သူတို့၏တာအိုနှလုံးသားကိုလည်း ခိုင်မာမှုရရှိစေပေမည်။
ထို့ကြောင့် သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံသည် တပည့်အမြောက်အများကို စိန်ခေါ်ရန်အတွက် ဆွဲဆောင်နိုင်ခဲ့လေ၏။
သို့ရာတွင် လက်တွေ့ဖြစ်ရပ်မှန်သည် လူတိုင်း၏မျှော်မှန်းချက်ထက် များစွာပို၍ကျော်လွန်နေသည်။
သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံသို့ ဝင်ရောက်ခဲ့သော တပည့်အများစုသည် ထိုနေရာပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမဖြစ်ကြချေ။သူတို့သည် ထိုနယ်မြေအတွင်းသို့ဝင်ရောက်ပြီးနောက် မကြာမီမှာပင် ဒဏ်ရာအနာတရများဖြင့် ဆုတ်ခွါခဲ့ကြရ၏။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ တပည့်များသည် အမြဲတစေ မာန်မာနဝံ့ကြွားသူများဖြစ်သည်။ဤကဲ့သို့အနိုင်ကျင့်ခံရမှုကို သူတို့သည် မည်သည်ကြောင့် သည်းခံနိုင်မည်နည်း။
ထို့ကြောင့် သူတို့သည် ထပ်မံ၍ဝင်ရောက်ရန် ရွေးချယ်ခဲ့ကြ၏။
သို့ရာတွင် သူတို့ မျှော်လင့်မထားသော ကိစ္စတစ်ရပ် ဖြစ်ပွါးခဲ့သည်။
သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်းရှိ နတ်ဆိုးများသည် အသိဥာဏ်ဖြင့် မွေးဖွားလာသူများဖြစ်သည်။
ထိုနတ်ဆိုးများသည် သူတို့၏ခွန်အားများကို အဆင့်မြှင့်တင်နိုင်စွမ်းရှိသည်။သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်းသို့ ဒုတိယအကြိမ်ဝင်ရောက်ခဲ့သော တပည့်များအားလုံး သေဆုံးသွားကြ၏။
ထိုနယ်မြေအတွင်း၌ သေဆုံးသွားသော တပည့်များ၏အလောင်းများကိုပင် ပြန်ရရှိခဲ့ခြင်းမရှိချေ။
တပည့်များသည် နောက်ဆုံး၌ သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံ၏ တုန်လှုပ်ချောက်ချားဖွယ် အန္တရာယ်ကြီးမားမှုကို သိရှိသွားကြသည်။သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံမှ အသက်ရှင်ရက်ထွက်လာနိုင်ခဲ့သော တပည့်တချို့မှာမူ အသစ်တဖန်မွေးဖွားသကဲ့သို့ဖြစ်သွားကာ အနာဂတ်၌ ကြီးမားသောအောင်မြင်မှုများ ရရှိခဲ့လေ၏။
သို့ရာတွင် သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံသည် နာမည်ကျော်ကြားမှုနှင့်ထိုက်တန်သော စမ်းသပ်နယ်မြေတစ်ခု ဖြစ်လာခဲ့သည်။
ငယ်ရွယ်ပြီးတက်ကြွသော လူငယ်တပည့်အမြောက်အများ သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်း၌ သေဆုံးခဲ့ရသည်။
ထျန်းယွဲ့၏စကားကိုကြားချိန်တွင် ထျန်းပိုယန်က သရော်တော်တော် ပြောဆိုလိုက်၏။
"ဒီနှစ်တွေထဲမှာ ငါတို့ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်က အောက်ဆုံးအဆင့်ကိုရောက်နေတယ်...ဟိုလူအိုကြီးတွေက စည်းမျဥ်းအရမ်းတင်းကြပ်တယ်ဆိုပေမယ့် သူတို့က ကျောင်းတော်နိမ့်ပါးလာတာကို ဘေးထွက်ပြီးထိုင်ကြည့်နေမယ်လို့တော့ ငါ မထင်ဘူး...သူတို့က အရင်တုန်းက ငါ့ရဲ့အမိန့်ကို ဆန့်ကျင်ခဲ့တယ်...ခုကိစ္စမှာ သူတို့ ငါနဲ့ အငြင်းပွါးမှာမဟုတ်ဘူး"
ထျန်းယွဲ့၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။
"ဒါပေမယ့် မိသားစုခေါင်းဆောင်...ကျွန်တော်က သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံထဲကို မဝင်ချင်ဘူး"
ထျန်းပိုယန်သည် ယခုလက်ရှိချိန်၌ ထျန်းမိသားစု၏ခေါင်းဆောင်ပင်။
ထျန်းယွဲ့သည် ထျန်းပိုယန်ကို မိသားစုခေါင်းဆောင်ဟု ခေါ်ဆိုလိုက်ခြင်းမှာ သူသည် သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်းသို့ မဝင်ရောက်လိုသောကြောင့်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူသည် စီနီယာတပည့်တစ်ယောက်ဖြစ်သဖြင့် ထိုနေရာ၏အန္တရာယ်များပုံကို ကောင်းစွာသိရှိထားသည်။
ထျန်းပိုယန်က သူ၏လက်ကို ဝှေ့ယမ်းပြလိုက်၏။
"မင်း ဘာမှစိုးရိမ်ပူပန်နေစရာမလိုဘူး...သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံကို အမှန်တကယ်ထိန်းချုပ်နိုင်မှုက ငါ့လက်ထဲမှာရှိတယ်...အချိန်ကျလာရင် ငါ မင်းကို ဘေးကင်းလုံခြုံတဲ့နေရာကို ပို့ပေးမယ်...ဒါက မင်း တော်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့အတွက်လည်း လုံလောက်လိမ့်မယ်"
ထျန်းယွဲ့သည် အပျော်လွန်သွားကာ ကျေးဇူးတင်ကြောင်း အလျှင်အမြန် ပြောဆိုလိုက်သည်။
"မင်းက ခုလတ်တလောအချိန်မှာ အဲ့ဒီကောင်လေးကို မျက်ခြေမပြတ်စောင့်ကြည့်နေရမယ်...သူက တော်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုချင်တာမလား...ငါ သူ့ကို အံ့အားသင့်စရာအကြီးကြီး ပေးရလိမ့်မယ်"
ထျန်းပိုယန်၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သောအပြုံးမျိုး ထင်ဟပ်လာသည်။
ထိုင်ခုံလက်ရမ်းကို တတောက်တောက်ခေါက်နေသော သူ၏လက်ချောင်းများ တုန်ရီနေသည်ကိုမူ မည်သူမျှသတိမပြုမိချေ။
ဤသည်က သူ၏နောက်ဆုံးခိုကိုးရာပင်။
အကယ်၍ သူသည် ဤကိစ္စကို စုံစမ်းစစ်ဆေးရေးမှူးယန်ကျွင်း ရောက်မလာမီ မဖြေရှင်းနိုင်ပါက သူ နဂါးအစောင့်တပ်သို့ ဝင်ရောက်နိုင်မည်မဟုတ်ချေ။
ဤနှစ်အနည်းးငယ်အတွင်းတွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်နှင့်မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေ၌ သူ လုပ်ဆောင်ခဲ့သမျှကိစ္စရပ်များသည် သူ၏ဂုဏ်သတင်းအား လုံးလုံးလျားလျားပျက်စီးသွားစေရန် လုံလောက်သည်။
ဤတစ်ကြိမ်တွင် မည်သည့်ကိစ္စများဖြစ်နေပါစေ သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်း၌ လုယွီအား ဒဏ်ရာအပြင်းအထန်ရရှိသွားစေရန် သူ လုပ်ဆောင်ရပေမည်။
လုယွီ၏ကျင့်ကြံမှု ယုတ်လျော့သွားသည်နှင့် သူသည် တပည့်သစ်များအတွက် လုပ်ငန်းတာဝန်များကိုပေးအပ်၍ ထမ်းဆောင်စေရပေမည်။ဤနည်းလမ်းဖြင့် သူသည် စည်းမျဥ်းနှင့်အညီ လုယွီအား ကျောင်းတော်၏ပြင်ပသို့ မောင်းထုတ်နိုင်ပေလိမ့်မည်။
Chapter 2573
လုယွီ၏ဟောပြောမှုပြီးဆုံးသွားချိန်တွင် ကျောင်းတော်တပည့်အများစုသည် အကျိုးကျေးဇူးများစွာရရှိခဲ့သဖြင့် အလျှင်အမြန် တံခါးပိတ်ကျင့်ကြံကြတော့သည်။
ဤအချိန်တွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။
မကြာမီမှာပင် တပည့်တချို့သည် နှစ်ပေါင်းအတော်ကြာ တစ်ဆို့နေသော ကျင့်ကြံဆင့်နယ်ပယ်များကို ချိုးဖျက်နိုင်ကြကာ သူတို့၏ခွန်အားများလည်း ယခင်ထက်အဆများစွာ ပို၍မြင့်တက်လာသည်။
ထို့ပြင် တပည့်အများစုသည် ခွန်အားများတိုးတက်လာရုံသာမက သူတို့၏တာအိုနှလုံးသားသည်လည်း ပို၍ကျစ်လစ်သိပ်သည်းသွားပေ၏။
ယခင်က မောက်မာပြီး မာန်မာနအလွန်ကြီးသော တပည့်တချို့သည် ရုတ်တရက် သူတို့၏အမူအကျင့်များအားလုံး ပြောင်းလဲသွားကာ သူတို့က တည်ငြိမ်နေသောစိတ်နှလုံးသားဖြင့် ကျင့်ကြံနေကြသည်။
အတိတ်တွင် ရူးသွပ်မိုက်မဲပြီးတုံးအသော တပည့်တချို့သည် ရုတ်တရက် သိသိသာသာပြောင်းလဲသွားကာ အစွမ်းထက်သောပါရမီရှင်များ ဖြစ်လာလေပြီ။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ထောင့်တစ်နေရာတိုင်း အချိန်အခိုက်အတန့်တိုင်းသည် တုန်လှုပ်ချောက်ချားဖွယ် ပြောင်းလဲမှုနှင့် ကြုံတွေ့နေရသည်။
လုယွီ၏ဟောပြောခြင်းကိုခံယူခဲ့ရသော တပည့်များအားလုံးသည် ယခင်နှင့် များစွာကွဲပြားခြားနားသွားလေ၏။
ဟောပြောပွဲသို့မသွားရောက်ခဲ့သော တပည့်များသည် ယခုချိန်တွင် ရင်ထုမနာဖြစ်နေကြကာ သူတို့၏ခြေထောက်များကို မြေပြင်ပေါ်ဆောင့်နင်း၍ နောင်တရနေကြသည်။
လုယွီ၏ဟောပြောမှုသည် အလွန်တန်ဖိုးရှိနေမည်ဟု သူတို့ မျှော်လင့်ထားမိခြင်းမရှိချေ။
သာမာန်ဟောပြောပွဲတစ်ပွဲတွင် အများဆုံးအနေဖြင့် သူတို့၏ကျင့်ကြံနည်းစနစ်များအပေါ်တွင်သာ လမ်းညွှန်မှုပေးနိုင်သည်။ထိုအရာသည် တစ်စုံတစ်ယောက်အပေါ် အထောက်အပံဖြစ်စေနိုင်သော်လည်း လူများအားလုံးအပေါ်တွင်မူ သက်ရောက်စေမည်မဟုတ်ချေ။
ထို့ကြောင့် လုယွီ တာအိုဟောပြောမည်ဟူသော သတင်းကိုကြားချိန်တွင် မြောက်များစွာသောကျောင်းတော်တပည့်များသည် သူတို့၏စိတ်နှလုံးသားများအတွင်းမှနေ၍ အထင်အမြင်သေးနေကြ၏။
သို့ရာတွင် ယခုလက်ရှိချိန်၌ သူတို့သည် အလွန်ကြီးမားသော အမှားကြီးတစ်ခုကို ကျူးလွန်ခဲ့မိကြောင်း သိနားလည်သွားလေပြီ။
သူတို့သည် လုယွီထံသို့ ထပ်မံ၍တောင်းဆိုရန် သွားခဲ့ကြသည်။သို့ရာတွင် လုယွီသည် အခန်းတံခါးကိုပိတ်ထားကာ ဧည့်သည်လက်ခံရန်ငြင်းဆန်နေကြောင်း သူတို့အားလုံး မြင်တွေ့လိုက်ရ၏။
လဝက်ခန့်ကြာပြီးနောက် ဟောပြောပွဲကိုနားထောင်ခဲ့သော တပည့်များသည် တစ်ယောက်ပြီးတစ်ယောက် တံခါးပိတ်ကျင့်ကြံရာမှထွက်လာကာ စိန်ခေါ်မှုများကို ပြုလုပ်ကြတော့သည်။
ဟောပြောပွဲကို နားမထောင်ခဲ့ကြသော တပည့်များသည် ထိုတပည့်များသည် ကျင့်ကြံဆင့်ကိုအလျင်စလို ချိုးဖျက်ခဲ့သည်ဟု အထင်အမြင်သေးနေကြကာ အလေးအနက်မထားခဲ့ကြချေ။
သို့ရာတွင် တိုက်ပွဲစတက်ချိန်တွင် သူတို့အားလုံး၏အတွေးများ မှားယွင်းသွားသည်ကို သိနားလည်လိုက်၏။
ဟောပြောပွဲကိုသွားခဲ့သော တပည့်များသည် ဥာဏ်အလင်းပွင့်ခဲ့ရုံသာမက သူတို့၏ရုပ်ခန္ဓာကိုယ်များသည်လည်း အသစ်တဖန်ပြန်လည်မွေးဖွားလာသကဲ့သို့ပင်။သူတို့သည် ယခင်နှင့် လုံးလုံးလျားလျား ကွဲပြားခြားနားသွားသည်။
သူတို့သည် ဆယ်စုနှစ်တစ်ခုစာ အတွေ့အကြုံများရရှိခဲ့သည့်အလား မည်သည့်ရန်သူမျိုးနှင့်ကြုံတွေ့ရပါစေ တည်ငြိမ်စွာတုံ့ပြန်တိုက်ခိုက်နိုင်စွမ်းရှိသည်။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရှိ မြင်ကွင်းများ အလွန်လျှင်မြန်စွာ ပြောင်းလဲသွားလေ၏။
ရုတ်ချည်းဆိုသလိုပင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏နေရာအသီးသီး၌တည်ရှိသော တိုက်ခိုက်ရေးကွင်းပြင်များတွင် လူများပြည့်သိပ်နေကာ တစ်ဦးချင်းစီးချင်းထိုးပွဲများကိုပင် စိန်ခေါ်တိုက်ခိုက်နေကြသည်။
တစ်ပတ်ခန့်ကြာပြီးနောက် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရှိတပည့်များအနက်မှ တပည့်၃၃ယောက်သည် စီနီယာတပည့်အဖြစ် အဆင့်တိုးလာသည်။
ဤအရေအတွက်သည် ယခင်နှစ်များအတွင်းတွင် အဆင့်တက်လာသည်များထက် ပို၍များပြားသည်။
ဤအချိန်အတောအတွင်းတွင် ချိုင်လုံရှင်းသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်သွားလေပြီ။
ဤသတင်းသည် ချက်ချင်းဆိုသလိုပင် ရေခဲနယ်မြေသို့ပျံ့နှံ့သွားရာ ရေခဲနယ်မြေဘုရင်သည် အလွန်ပျော်ရွှင်ဝမ်းမြောက်ပြီး စိတ်ကျေနပ်သွားလေ၏။
တာယွီတော်ဝင်နန်းတွင်း၏ စည်းမျဥ်းသတ်မှတ်ထားမှုအရ တော်ဝင်မိသားစုများမှလူငယ်များအားလုံးသည် ဘုရင်ဘွဲ့ကိုအမွေဆက်ခံလိုပါက အနည်းဆုံးအနေဖြင့် မြေကမ္ဘာအင်မော်တယ်နယ်ပယ်ကျင့်ကြံဆင့် ရှိရပေမည်။အကယ်၍ သူတို့သည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ မရောက်ရှိပါက ဘုရင်ဘွဲ့နေရာကို ခန့်အပ်မည်မဟုတ်ချေ။
ထို့ကြောင့် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ မရောက်ရှိသောမင်းသားများသည် မင်းသားအဆင့်အတန်းသာရှိပြီး မြင့်မြတ်သူတစ်ယောက်၏ဘွဲ့မျိုးမရှိပေ။သူတို့သည် တော်ဝင်နန်းတွင်း၌ နေထိုင်စားသောက်နေရသော်လည်း ကိုယ်ပိုင်အိမ်တော်မရှိသည့်အပြင် လွတ်လပ်မှုလည်း ကင်းမဲ့နေပေမည်။
ချိုင်လုံရှင်းသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သဖြင့် နောင်တစ်ချိန်တွင် သူသည် ရေခဲနယ်မြေ၏ဘုရင်နေရာကိုဆက်ခံရန် အရည်အချင်းပြည့်မီသွားလေပြီ။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် တုန်လှုပ်ချောက်ချားဖွယ်အရှိန်နှုန်းနှင့် တိုးတက်နေလေ၏။
ထိုအချိန်မှာပင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ ကြေငြာသင်ပုန်းပေါ်၌ ထုတ်ပြန်လိုက်သော သတင်းတစ်ခုကြောင့် ရုတ်ချည်းဆိုသလိုပင် ကျောင်းတော်တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားသည်။
ကျောင်းတော်မှနေ၍ တော်ဝင်စာမေးပွဲတွင်ဝင်ရောက်ဖြေဆိုရန် ရွေးချယ်ခံများကို စတင်၍ရွေးချယ်တော့ပေမည်။
တပည့်များအားလုံး စိတ်လှုပ်ရှားသွားကြ၏။အကြောင်းအရင်းမှာ တပည့်အများစုသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သို့ ဝင်ရောက်ခဲ့ခြင်းမှာ တော်ဝင်စာမေးပွဲကို ဖြေဆိုလိုသောကြောင့်ပင်။
ပြင်ပလောကတွင် ကြယ်မြစ်စာမေးပွဲများ၌ ဖြေဆိုသူများသည် သေလုမတက်ရုန်းကန်ကြရသည်။ထို့ကြောင့် တော်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုနိုင်ရန် ကျောင်းတော်များအတွင်း၌စမ်းသပ်ပွဲသည် ပို၍ပင်ပြင်းထန်လေ၏။
ထိုစမ်းသပ်ပွဲသို့ဝင်ရောက်ဖြေဆိုလိုသော ကျောင်းတော်တပည့်များသည် အနိမ့်ဆုံးအနေဖြင့် အလယ်အလတ်အဆင့်တပည့်ဖြစ်ရပေမည်။
ဤသည်က ကျောင်းတော်သို့ ရည်ရွယ်ချက်ဖြင့်ဝင်ရောက်လာသော လူတချို့ ခွဲတမ်းနေရာကိုရရှိမသွားစေရန် ကာကွယ်ဟန့်တားခြင်းပင်။သူတို့သည် ကျောင်းတော်အတွက် မည်သည့်အကျိုးဆောင်ပေးမှုမျိုးမျှမရှိဘဲ ခွဲတမ်းနေရာကိုသာ ရယူလိုကြ၏။
Chapter 2574
လုယွီကဲ့သို့ ကျောင်းတော်သို့ဝင်ရောက်လာသည်မှာ မကြာသေးသော တပည့်များအနက်မှ အချိန်တိုအတွင်းတွင် စီနီယာတပည့်အဆင့်သို့ မြင့်တက်လာသူမှာ လွန်စွာရှားပါးသည်။
မူချင်းရှန်နှင့်မူလင်းတို့ကဲ့သို့ တစ်ဆင့်ပြီးတစ်ဆင့်သွားရန်လိုအပ်သော တပည့်များမှာ အမြောက်အများရှိနေသည်။
သူတို့သည် အစကတည်းက လုယွီနှင့် မိတ်ဆွေကောင်းများဖြစ်ပေ၏။သူတို့၏ရုပ်ခန္ဓာကိုယ်ကျင့်ကြံမှုကို ပြုလုပ်ပြီးနောက် အလွန်လျှင်မြန်သောအရှိန်ဖြင့် တိုးတက်လာခဲ့သည်။ယခုချိန်တွင် သူတို့သည် ဂျူနီယာတပည့်များအကြား၌ ထိပ်ဆုံးနေရာသို့ ရောက်ရှိနေလေပြီ။သူတို့သည် လုံလောက်သောအကျိုးဆောင်ရမှတ်ကို စုဆောင်းနိုင်သည်နှင့် အလယ်အလတ်အဆင့်တပည့်များအဖြစ်သို့ အဆင့်တိုးနိုင်ပေမည်။
ထိုကြေငြာချက်ထွက်ပေါ်လာချိန်တွင် စီနီယာတပည့်များနှင့်အလယ်အလတ်အဆင့်တပည့်များသည် ရွေးချယ်ပွဲ၌ သူတို့၏အရည်အချင်းကိုပြသရန် ပြင်ဆင်နေကြ၏။
သို့ရာတွင် စမ်းသပ်ပွဲကျင်းပမည့်နေရာကိုမြင်ချိန်တွင် သူတို့အားလုံး ကြက်သေသေသွားသည်။
သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံ...
ဤသည်က မြောက်မြားစွာသောတပည့်များ သေဆုံးသွားခဲ့ရသောနေရာပင်။
ထိုနေရာမှ အသက်ရှင်ရက်ထွက်လာနိုင်သူများသည်လည်း သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံကို တားမြစ်ချက်တစ်ခုအဖြစ် ယူဆထားသည်။သူတို့သည် ထိုနေရာ၏အကြောင်းကို လူသူအများရှေ့တွင် ထုတ်ဖော်ပြောဆိုလေ့မရှိချေ။
"ဒီကြေငြာချက်ပေါ်မှာ ခန်းမသခင်ဆယ်ယောက်ကျော်ရဲ့တံဆိပ်တုံးတွေ ခတ်နှိပ်ထားတယ်...မဟာကွန်ဖြူးရှပ်ပညာရှင်တွေက တကယ့်ကို သဘောတူညီလိုက်တာပဲ"
"ကြည့်ရတာတော့ ဒီတစ်ကြိမ် တော်ဝင်စာမေးပွဲအတွက် စမ်းသပ်ပွဲက အရမ်းအန္တရာယ်များတဲ့ပုံပဲ"
တပည့်အများစုသည် တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောဆိုနေကြသော်လည်း သူတို့ထံတွင် ထိတ်လန့်ကြောက်ရွံမှုများ ရှိနေပုံမရချေ။
လုယွီ၏လမ်းညွှန်မှုအောက်တွင် မြောက်များစွာသောကျောင်းတော်တပည့်များသည် သူတို့၏ကိုယ်ပိုင်မဟာတာအိုလမ်းကြောင်းကို ရှာဖွေတွေ့ရှိထားပြီးလေပြီ။
ကျင့်ကြံခြင်းဟူသည်မှာ ယခင်ကတည်းက မိုးကောင်းကင်ကိုဆန့်ကျင်သောအရာပင်။အကယ်၍ သူတို့သည် ဤကဲ့သို့အန္တရာယ်လေးကိုပင် ထိတ်လန့်ကြောက်ရွံနေပါက နောင်အနာဂတ်တွင် အောင်မြင်မှုကြီးကြီးမားမားရမည်မဟုတ်ချေ။
ထိုကြေငြာချက်၏အောက်တွင် သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့သူများ၏ အဆင့်သတ်မှတ်ချက်ရှိနေသည်။
သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံတွင်ရှိသော သွေးနတ်ဆိုးများကို သတ်ဖြတ်ခဲ့သည့်အရေအတွက်အလိုက် ရမှတ်များကို တွက်ချက်ထားသည်။သွေးနတ်ဆိုးများ၏အဆင့်မတူညီသည်နှင့်အမျှ ရရှိသောရမှတ်များမှာလည်း ကွဲပြားခြားနားသည်။
ထိုအဆင့်သတ်မှတ်ချက်၏ထိပ်ဆုံးနေရာ၌ရှိနေသူမှာ ပိုင်မင်ဟန်ပင်။
သူမ၏နာမည်နောက်တွင် ရမှတ်'၁၀၅၀၀၀'ဟု ရေးသားထားလေ၏။
ဒုတိယနေရာ၌ရှိနေသူမှာ ရမှတ်သုံးထောင်သာရှိသဖြင့် ပိုင်မင်ဟန်၏ရမှတ်အစွန်းထွက်ကိုပင်မမှီချေ။
"ပထမနေရာမှာက လက်ထောက်ကျောင်းအုပ်ပိုင်မင်ဟန်ရှိနေတယ်...ငါတို့က သူ့ကိုမှီဖို့ အများကြီးအလှမ်းကွာဟနေတယ်"
"လက်ထောက်ကျောင်းအုပ်ပိုင်မင်ဟန်က စမ်းသပ်နယ်မြေအများစုရဲ့ပထမနေရာကို သိမ်းပိုက်ထားတယ်...ကောလဟာလတွေအရတော့ သူ ကျောင်းတော်ကို ပထမဆုံးရောက်လာတဲ့အချိန်မှာ သူ့ကိုအရည်အချင်းမရှိဘူးဆိုပြီးတော့ သူ လက်ထောက်ကျောင်းအုပ်ဖြစ်လာမှာကို လူအများစုက သဘောမတူကြဘူး...အကျိုးဆက်အနေနဲ့ သူက စမ်းသပ်နယ်မြေတွေကို တစ်ခုပြီးတစ်ခုဆက်တိုက်စိန်ခေါ်ပြီးတော့ ပထမနေရာတွေကို သိမ်းပိုက်ခဲ့တယ်...အဲ့ဒီအချိန်ကျမှ သူ့ကိုအထင်သေးခဲ့တဲ့ လူတွေအားလုံး အံ့အားသင့်တုန်လှုပ်သွားတယ်"
"မင်း ပြောကြည့်စမ်း...လက်ထောက်ကျောင်းအုပ်ပိုင်မင်ဟန်နဲ့လုရှီ ဘယ်သူရဲ့အဆင့်က ပိုမြင့်မယ်လို့ မင်း ထင်လဲ"
"ငါ ထင်တာတော့ လက်ထောက်ကျောင်းအုပ်ပိုင်မင်ဟန်က ပိုပြီးထူးချွန်လောက်တယ်...ဘယ်လိုပဲဖြစ်ဖြစ် လက်ထောက်ကျောင်းအုပ်ပိုင်မင်ဟန်က အသက်သုံးဆယ်လောက်ဖြစ်နေပြီ...လုရှီကတော့ အရမ်းငယ်သေးတယ်"
လူတိုင်းအငြင်းပွါးနေချိန်မှာပင် သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံ ဖွင့်လှစ်တော့မည့်အချိန်သို့ ရောက်ရှိလာခဲ့သည်။
စမ်းသပ်ပွဲအချိန်ကာလသည် သုံးရက်ကြာမြင့်ပေမည်။သုံးရက်ကြာပြီးနောက် သွေးနတ်ဆိုးများကိုသတ်ဖြတ်ခဲ့သော ရမှတ်များအရ ကျောင်းတော်တပည့်များ၏အဆင့်များကို သတ်မှတ်ပေမည်။
ကျောင်းတော်သည် မတော်တဆကိစ္စမျိုးဖြစ်ပွါးခြင်းမှ ကာကွယ်ဟန့်တားရန်အတွက် မဟာကွန်ဖြူးရှပ်ပညာရှင်များကိုပင် ကာကွယ်စောင့်ကြပ်ရန် စေလွှတ်ထားခဲ့သည်။
လူအမြောက်အများသည် သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံသို့ လာရောက်၍ စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းနေကြ၏။
ဤနေရာပတ်ဝန်းကျင်တွင် လူဦးရေတစ်ထောင်ကျော်ခန့်ရှိနေသည်။
တော်ဝင်စာမေးပွဲအတွက် နောက်ဆုံးရွေးချယ်ပွဲတွင် လူဦးရေသုံးရာခန့်သာ အရည်အချင်းပြည့်မီခဲ့သည်။
လုယွီ ဟောပြောခဲ့မှုကြောင့် စီနီယာတပည့်အဖြစ်သို့ အဆင့်တိုးလာသော တပည့်များ ပို၍တိုးလာရုံသာမက အလယ်အလတ်ဆင့်တပည့်များသည်လည်း မိုးဦးကျချိန်တွင်ထွက်ပေါ်လာသော မှိုများကဲ့သို့ ပေါက်ဖွားလာသည်။
အစွမ်းထက်သောမှော်စွမ်းအားများကို ပိုင်ဆိုင်ထားကာ တက်ကြွလန်းဆန်းနေသော လူငယ်တပည့်များကိုကြည့်ပြီး မဟာကွန်ဖြူးရှပ်ပညာရှင်ပညာရှင်များ၏မျက်နှာပေါ်၌ စိတ်ကျေနပ်နေသောအမူအယာများ ထင်ဟပ်နေပေ၏။
"ဒီတစ်ကြိမ်တော့ ငါတို့ရဲ့ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်က အရင်ကအရှက်ရမှုတွေကို ချေဖျက်နိုင်တော့မှာပါ...ကျောင်းတော်ငါးခုရဲ့နောက်ဆုံးနေရာမှာ ရှိနေတော့မှာမဟုတ်ဘူး"
မဟာကွန်ဖြူးရှပ်ပညာရှင်ချန်းကျင်းက စိတ်ခံစားချက်အပြည့်ဖြင့် ပြောဆိုသည်။
တခြားမဟာကွန်ဖြူးရှပ်ပညာရှင်များကလည်း ခေါင်းညိတ်လိုက်ကြ၏။
ကျောင်းတော် အောက်ဆုံးအဆင့်၌ ရပ်တည်ခဲ့ရသည့်အချိန်တိုင်း သူတို့၏မျက်နှာများ ပျက်ယွင်းခဲ့ရသည်။
Chapter 2575
ထိုအချိန်မှာပင် လူရိပ်တစ်ရိပ်က သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံရှေ့ရှိ ထိုင်ခုံပေါ်၌ ထွက်ပေါ်လာသည်။
"တပည့်တွေအားလုံး ဒီနေရာကိုရောက်ပြီလား"
ထိုလူသည် ထျန်းပိုယန်ပင်။
မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်က ပြောဆိုသည်။
"လက်ထောက်ကျောင်းအုပ်...အချိန်မကျသေးပါဘူး...ကျွန်တော်တို့ ခဏလောက်စောင့်တာ ပိုကောင်းလိမ့်မယ်"
အရေးအကြီးဆုံးပုဂ္ဂိုလ် မလာသေးသဖြင့် ယခုထိတိုင် စောင့်ဆိုင်းနေခြင်းဖြစ်သည်ကို လူတိုင်း သိရှိထားကြ၏။
ယခုလက်ရှိနေရာသို့ ရောက်နေသူများအနက် လုယွီကို မမြင်တွေ့ရသေးချေ။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ လုယွီ၏ယခုလက်ရှိ နာမည်ဂုဏ်သတင်းအရ အကယ်၍ သူ ရောက်မလာပါက တခြားတပည့်များသည်လည်း ဝင်ရောက်ရန် ဆန္ဒရှိမည်မဟုတ်ချေ။
"လုရှီကို ဘယ်သူကမှ အကြောင်းမကြားထားဘူးလား"
"ငါက သူ့ကို ဖိတ်ကြားပြီးပြီ...လုရှီရဲ့ဘေးမှာနေတဲ့ ဂျူနီယာတပည့်ကို ငါ မှာထားခဲ့တယ်"
"ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ်ပြီးတော့ ဂျူနီယာတပည့်တစ်ယောက်နဲ့ မှာခဲ့တာလဲ...ငါကိုယ်တိုင် လုရှီကိုသွားပြီးဖိတ်ခေါ်မယ်"
ထိုအချိန်မှာပင် လုယွီက ခြေလှမ်းတစ်လှမ်းခြင်း လျှောက်လှမ်းလာသည်ကို လူတိုင်း မြင်တွေ့လိုက်ရသည်။
ယနေ့တွင် လုယွီသည် အဖြူရောင်ပိုးထည်ဝတ်စုံကိုဝတ်ဆင်ထားကာ ဝတ်စုံ၏အဖျားတွင် ရွှေရောင်အစင်းကြောင်းများကို ပန်းထိုးထားသည်။သူသည် ငွေရောင်သားမွှေးဝတ်ရုံကိုလည်း အပေါ်မှထပ်၍ဝတ်ဆင်ထားကာ ခါးတွင် အဖြူရောင်ကျောက်စိမ်းပြားတစ်ပြားကို ချိတ်ဆွဲထားလေ၏။
"လုရှီ"
"လုရှီကို နှုတ်ဆက်ပါတယ်"
လက်ရှိနေရာတွင်ရှိနေသော တပည့်အများစုသည် တစ်ယောက်ပြီးတစ်ယောက် လုယွီကို ဂါရဝပြုလိုက်ကြသည်။
လုယွီက ချိုသာယဥ်ကျေးစွာ အပြုံးနှင့် တုံ့ပြန်ပြောဆိုသည်။
"မင်းတို့က အစောကြီးရောက်နေကြတာပဲ...ကြည့်ရတာတော့ မင်းတို့က အရမ်းယုံကြည်ချက်ရှိနေပုံပေါ်တယ်...ဒီတစ်ကြိမ်တော့ မင်းတို့က သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံထဲမှာ ကောင်းကောင်းလုပ်ဆောင်နိုင်မှာ သေချာတယ်"
လုယွီ၏နံဘေးပတ်လည်တွင် တပည့်များဝိုင်းရံနေသည်ကိုကြည့်ပြီး ထျန်းပိုယန်၏မျက်နှာ သုန်မှုန်သွားသည်။
လက်ထောက်ကျောင်းအုပ်တစ်ယောက်ဖြစ်သော သူသည် ကျောင်းတော်အတွင်း၌ လုယွီ၏နာမည်ဂုဏ်သတင်းကို ယှဥ်ပြိုင်နိုင်ခြင်းမရှိချေ။
ဤသည်က သူ့အတွက် အရှက်ရစရာပင်။
"ဆူဆူညံညံ မလုပ်ကြနဲ့...လူတိုင်းပဲ သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံရဲ့ရှေ့မှာ တန်းစီမယ်...အရင်ဆုံး သေခြင်းရှင်ခြင်းစာချုပ်မှာ လက်မှတ်ထိုးရမယ်...ပြီးတာနဲ့ မင်းတို့ရဲ့စိတ်ဝိညာဥ်မီးတောက်ကို ချန်ထားခဲ့ရမယ်"
ထျန်းပိုယန်က တင်းမာခက်ထန်သောလေသံဖြင့် အော်ဟစ်လိုက်သည်။
ထိုအချိန်ကျမှသာ ပတ်ဝန်းကျင်နေရာတစ်ဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။သူတို့သည် သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်းသို့ဝင်ရောက်ရန် တန်းစီလိုက်ကြ၏။
အကယ်၍ သူတို့သည် သေခြင်းရှင်ခြင်းစာချုပ်တွင် လက်မှတ်ရေးထိုးလိုက်ပါက သူတို့၏သေခြင်းရှင်ခြင်းသည် ကျောင်းတော်နှင့် မည်သို့မျှမသက်ဆိုင်တော့ချေ။
သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်း၌ အန္တရာယ်များဖြင့် ပြည့်နှက်နေသည်။ဟောပြောသူများပင်လျှင် ထိုနယ်မြေအတွင်းသို့ မဆင်မခြင် မဝင်ရောက်ဝံ့ချေ။
စိတ်ဝိညာဥ်မီးတောက်ကို ချန်ထားခိုင်းရသည့်အကြောင်းအရင်းမှာ ထိုတပည့်သေဆုံးခြင်းရှိမရှိကို စစ်ဆေးနိုင်ရန်ပင်။စိတ်ဝိညာဥ်မီးတောက် ငြိမ်းသေသွားပါက ထိုတပည့်သေဆုံးသွားသည်မှာ ရှစ်ဆယ်ရာခိုင်နှုန်းခန့်သေချာသည်။ကျောင်းတော်သည် ထိုတပည့်သေဆုံးသွားပြီဟု ယူဆလိုက်လေ၏။
ထိုကိစ္စနှစ်ခုကိုဆောင်ရွက်ပြီးနောက် လုယွီနှင့်တခြားတပည့်များသည် သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်းသို့ ဝင်ရောက်ခဲ့တော့သည်။
သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံကို ပြင်ပမှကြည့်ပါက ထူးဆန်းမှုတစ်စုံတစ်ရာမရှိချေ။ဤသည်က သာမာန်ကူးပြောင်းရေးဝင်္ကပါတစ်ခုကဲ့သို့ပင်။သို့ရာတွင် ထိုကူးပြောင်းရေးဝင်္ကပါ၏နံဘေးပတ်လည်၌ တူညီသောအရွယ်အစားရှိသော ကျောက်တိုင်ကြီး၁၆လုံးရှိသည်။ထိုကျောက်တိုင်များပေါ်တွင် သင်္ကေတအက္ခရာများကို ထူထပ်သိပ်သည်းစွာ ထွင်းထုထားသည်။
ထိုသင်္ကေတအက္ခရာများတွင် နတ်ဆိုးများကို ထိန်းချုပ်ဟန့်တားနိုင်သော အကျိုးသက်ရောက်မှုမျိုးရှိနေသည်။ထိုအရာများမှစွမ်းအားများကို ထုတ်လွှတ်လိုက်သည်နှင့် ပြင်းထန်သောဖိအားအရှိန်အဝါတစ်ရပ်က ကူးပြောင်းရေးဝင်္ကပါကို ဖိနှိပ်ထားကာ အတွင်းရှိသွေးနတ်ဆိုးများ ပြင်ပသို့ထွက်မလာစေရန် တားဆီးဟန့်တားထားသည်။
ကျောက်တိုင်များ၏နံဘေးပတ်လည်တွင် သွေးအစက်အပြောက်များ စွန်းထင်းနေဆဲဖြစ်ပြီး အရိုးစုတစ်ခုလည်းရှိနေသည်။ထိုအရာမှနေ၍ အတိတ်တွင် ဤနေရာ၌ဖြစ်ပျက်ခဲ့သော တိုက်ပွဲများကို ပြသနေလေ၏။
လုယွီသည် ကူးပြောင်းရေးဝင်္ကပါအတွင်းသို့ ခြေချလိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် သဲကန္တရတစ်ခုထံသို့ ရောက်ရှိသွားသည်။
အဝါရောင်သဲများက ပတ်ဝန်းကျင်နေရာတစ်ခုလုံးအနှံ့ ပြည့်နှက်နေကာ ကောင်းကင်ယံသည် သွေးရောင်တောက်ပနေပေ၏။
ဤနေရာရှိလေထုအတွင်း၌ သွေးချီများဖြင့် ပြည့်နှက်နေကာ နေရာတိုင်းလိုလို ခြောက်ကပ်နေသည်။
ဤသည်က သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံပင်။
"ဒီနေရာက နတ်ဘုရားကုန်းမြေနဲ့ တော်တော်လေးကွဲပြားခြားနားတာပဲ...ကျင့်ကြံဆင့်နယ်ပယ်ကို တားဆီးကန့်သတ်တာမျိုးမရှိပေမယ့် လေထုထဲမှာ ပြင်းထန်တဲ့သွေးချီအငွေ့အသက်တွေနဲ့ ပြည့်နေတယ်...တကယ်လို့ တစ်ယောက်ယောက်က ဒီနေရာမှာ ကျင့်ကြံမယ်ဆိုရင်...ချီသွေဖည်မှုတွေဖြစ်မှာ သေချာတယ်"
အချိန်တိုအတွင်းမှာပင် လုယွီက ယခုလက်ရှိအခြေအနေကို နားလည်သဘောပေါက်သွားသည်။
ဤနေရာရှိ မိုးကောင်းကင်တာအိုသည် ကောင်းကင်ဘုံနယ်မြေနှင့် တူညီပေ၏။သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံသည် ဖိနှိပ်ခံထားရသော နယ်မြေတစ်ခုဖြစ်ခြင်းသာ ကွဲပြားခြားနားသည်။
လုယွီသည် အသက်တစ်ချက် ရှုရှိုက်လိုက်သည်။တလိမ့်လိမ့်ထနေသော စိတ်ဝိညာဥ်စွမ်းအားများသည် သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါများအထိ စီးဝင်သွားသည်။ထိုစိတ်ဝိညာဥ်စွမ်းအားများတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ရောယှက်နေကာ ချက်ချင်းဆိုသလိုပင် သူ၏မိုးကောင်းကင်လှိုဏ်ဂူအတွင်းသို့ ရောယှက်သွားလေ၏။
ထိုသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် တစ်စုံတစ်ယောက်၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်နှင့် ထိုလူ၏စိတ်ကို သက်ရောက်သွားပေမည်။
လူအများစုသည် ထိုစိတ်ဆန္ဒ၏သက်ရောက်ခြင်းကိုခံရပါက တဖြည်းဖြည်း စိတ်များကြမ်းတမ်းလာကာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသာရှိသော နတ်ဆိုးများဖြစ်လာလိမ့်မည်။