← Chapters

အခန်း (၂၅၇၆-၂၅၈၀)

Vol. 132 Ch. 2576-2580

အခန်း (၂၅၇၆-၂၅၈၀)

Vol. 132 Ch. 2576-2580

Chapter 2576

အတွေးတစ်ချက်နှင့်အတူ လုယွီသည် သူ၏ခန္ဓာကိုယ်ရှိ မရီးဒါန်းများအတွင်းမှ မှော်စွမ်းအားများကိုလှည့်ပတ်ကာ သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများအားလုံးကို ပျက်ပြယ်သွားစေသည်။

အချိန်တခဏကြာပြီးနောက် လုယွီ၏မျက်လုံးများ ကြည်လင်သွားကာ မည်သည့်သွေးဆာလောင်မှုအငွေ့အသက်မျိုးမျှ မရှိတော့ချေ။

"ဘာလို့ ဒီနေရာမှာ သွေးနတ်ဆိုးတွေ ရှိမနေတာပါလိမ့်"

ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ပြီးနောက် လုယွီက မျက်မှောင်ကြုတ်လိုက်၏။

သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်းသို့ ဝင်ရောက်ခဲ့ဖူးသော တပည့်များ၏ဖော်ပြချက်အရ သူတို့သည် ဤနေရာသို့ရောက်ရှိသည်နှင့် သွေးနတ်ဆိုးများ၏ ဝိုင်းအုံတိုက်ခိုက်ခြင်းကိုခံရသည်။

တပည့်များသည် ကူးပြောင်းရေးဝင်္ကပါအတွင်းသို့ ခြေချပြီးနောက် ကြုံရာကျပန်းနေရာများသို့ တကွဲတပြားစီရောက်ရှိသွားသော်လည်း သူတို့ မြေပြင်ပေါ်သို့ ခြေချလိုက်သည်နှင့် အလွန်များပြားသောသွေးနတ်ဆိုးများကို မြင်တွေ့ကြရ၏။

ကျောင်းတော်သည် တပည့်တိုင်းကို ကူးပြောင်းရေးကျောက်စိမ်းပြားတစ်ခုစီ ပေးအပ်လိုက်သည်။သေရေးရှင်ရေးအချိန်အခိုက်အတန့်မျိုးတွင် သူတို့သည် ထိုကျောက်စိမ်းပြားကိုခြေမွှဖျက်ဆီး၍ ပြင်ပသို့ ထွက်လာနိုင်ပေမည်။

သို့ရာတွင် အကယ်၍ တစ်စုံတစ်ယောက်သည် ခြေတစ်လှမ်းနောက်ကျသွားပါက ကူးပြောင်းခြင်းမပြုရသေးမီ သွေးနတ်ဆိုးများ၏သတ်ဖြတ်ခြင်းကို ခံရနိုင်သည်။

သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံသည် သွေးနတ်ဆိုးများ မျိုးရိုးစဥ်ဆက်နေထိုင်ခဲ့သောနေရာပင်။မြောက်မြားစွာသောသွေးနတ်ဆိုးများ ထပ်မံ၍ပေါက်ဖွားနေသဖြင့် ဤနေရာတွင် အရေအတွက်မည်မျှထိများများ စုဝေးမိနေသည်ကို မည်သူမျှမသိနိုင်ချေ။

လုယွီသည် သူ ​ဤနေရာသို့ရောက်ရှိသည်နှင့် သွေးနတ်ဆိုးအမြောက်အများကို မြင်တွေ့ရမည်ဟု တွေးထင်ထားသည်။

"ဖြစ်နိုင်တာတော့ ငါက တော်တော်လေးခြောက်ကပ်တဲ့နေရာကို ရောက်လာတာပါလား"

လုယွီက ညည်းတွားလိုက်၏။

သူက နတ်ဘုရားစိတ်အာရုံဖြင့် ပတ်ဝန်းကျင်ကို အာရုံခံကြည့်လိုက်ရာ ချက်ချင်းဆိုသလိုပင် သဲလွန်စတစ်ခုကို ရှာဖွေတွေ့ရှိမိသည်။

ဤနေရာသည် သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်း၌ရှိနေသော်လည်း လီတစ်ရာပတ်လည်ခန့်သာရှိသောနယ်မြေငယ်တစ်ခုဖြစ်သည်။

ဤနယ်မြေပတ်ဝန်းကျင်ရှိ လေထုအတွင်း၌ မမြင်နိုင်သော အတားအဆီးအလွှာတစ်ခုရှိနေကာ အရပ်မျက်နှာအဘက်ဘက်ရှိလေဟာနယ်ကို တွန့်လိမ်ပြီး ကျစ်လစ်သိပ်သည်းနေစေသည်။

အကယ်၍ သက်ရှိများသည် ဤနယ်မြေအတွင်းသို့ ရောက်ရှိလာပါက အတားအဆီးကိုချိုးဖျက်နိုင်ခြင်းမရှိလျှင် ပြင်ပသို့ထွက်နိုင်မည်မဟုတ်ချေ။

လုယွီက ချက်ချင်းဆိုသလိုပင် နယ်မြေ၏အစွန်အဖျားသို့ ရောက်ရှိသွားကာ ပြင်ပသို့ထွက်ရန် ပြင်ဆင်လိုက်၏။

"ဘယ်လိုလုပ်ပြီးတော့ ဒီနေရာကို လူသားတစ်ယောက် ရောက်လာတာလဲ...ဒါပေမယ့် သူ့ကိုကြည့်ရတာ အားကောင်းတဲ့ပုံလည်းမပေါ်ဘူး"

ထိုအချိန်မှာပင် လူသားပုံစံရှိသောသက်ရှိတစ်ယောက်က အတားအဆီး၏ပြင်ပမှ ထွက်ပေါ်လာသည်။သူ၏မျက်လုံးများအတွင်း၌ နတ်ဆိုးအငွေ့အသက်များနှင့်ပြည့်နှက်နေကာ လုယွီကို စူးစိုက်၍ကြည့်နေသည်။

ဤလူသားပုံစံသက်ရှိသည် လူသားတစ်ယောက်နှင့် ပုံပန်းသွင်ပြင်အရ များစွာကွဲပြားခြားနားခြင်းမရှိချေ။သို့ရာတွင် သူ၏မျက်လုံးသူငယ်အိမ်အတွင်း၌ တုန်လှုပ်ချောက်ချားဖွယ် အနီရောင်အလင်းတန်းများ ပျံ့နှံ့နေသည်။

ဤသည်က သွေးနတ်ဆိုးပင်။

သွေးနတ်ဆိုးများသည် လူသားတို့၏ပုံပန်းသွင်ပြင်နှင့်ပို၍နီးစပ်လေလေ ပို၍သန်မာအားကောင်းလေလေပင်။

သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်း၌ ဤသွေးနတ်ဆိုးကို ဘုရင်တစ်ပါးဟု ယူဆနိုင်သည်။

သွေးနတ်ဆိုးများတွင် မျိုးနွယ်အမြောက်အများရှိပြီး မျိုးနွယ်တစ်ခုစီတွင် ဘုရင်တစ်ပါးရှိသည်။သွေးနတ်ဆိုးဘုရင်များသည် သွေးနတ်ဘုရားကို ဝတ်ပြုကိုးကွယ်ကြသဖြင့် ထိုနတ်ဘုရား၏အမွေအနှစ်မှ ခွန်အားများကို ရရှိထားသည်။

"လူသား...မင်း ဒီနေရာကိုရောက်လာပြီးမှတော့ ထွက်သွားဖို့မစဥ်းစားနဲ့.....ဒီနေရာက ပြင်ပလောကနဲ့ တသီးတခြားစီရှိနေတာ...မင်း ဘာသတင်းမှ အပြင်ကိုပို့လို့မရဘူး...အပြင်မှာ ငါ့ရဲ့မျိုးနွယ်ဝင်တွေ သန်းနဲ့ချီပြီးရှိနေတယ်...တကယ်လို့ မင်း အပြင်ကိုထွက်လိုက်ရင် အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲခံရလိမ့်မယ်"

သွေးနတ်ဆိုးဘုရင်က ဂုဏ်ယူဝင့်ကြွားသောလေသံဖြင့် ဆက်လက်ပြောဆိုသည်။

"ဒါက ငါတို့မိသားစု တည်ထောင်ထားတဲ့ အမဲလိုက်ကွင်းပြင်...အခုချိန်မှာ မင်းက သားကောင်တစ်ကောင်ပဲ...ငါ မင်းကို အသက်ရှင်သန်နိုင်မယ့် အခွင့်အရေးတစ်ခုပေးမယ်...မင်းက ငါ့ရဲ့မျိုးနွယ်ဝင်တွေထဲက မင်းသားတွေရဲ့ လေ့ကျင့်ဖော်လုပ်ပေးရမယ်...တကယ်လို့ မင်းက တစ်ရက်လုံးအသက်ရှင်သန်နိုင်တယ်ဆိုရင် ငါ မင်းကို လွှတ်ပေးမယ်"

ထိုစကားဆုံးသည်နှင့် သွေးနတ်ဆိုးဘုရင်သည် လုယွီအား ငြင်းဆန်ရန်အခွင့်အရေးမပေးချေ။သူက သူ့ရှေ့ရှိလေဟာနယ်ကို လက်တစ်ဖက်ဖြင့် ဖိနှိပ်လိုက်၏။

လုယွီရှိနေသော နယ်မြေတစ်ခုလုံး ကြောက်ခမန်းလိလိ ပြောင်းလဲသွားသည်။

ဤနယ်မြေ၏မြေပြင်မှနေ၍ ရုတ်တရက် ကျယ်လောင်သောတုန်ခါသံကြီးများ မြည်ဟီးလာသည်။ယခင်က ညီညာပြန့်ပြူးနေသော မြေပြင်မှနေ၍ ရုတ်တရက် တောင်များတိုးထွက်လာသည်။

ထိုတောင်များသည် အလွန်မြင့်မားကာ ကောင်းကင်ယံရှိနေ၏အလင်းရောင်ကိုပင် ပိတ်ဖုံးထားသည်။ထိုတောင်များပေါ်တွင် သစ်ပင်များကလည်း ဖရိုဖရဲပေါက်နေသဖြင့် လွယ်လင့်တကူပုန်းအောင်းနိုင်သော နေရာအမြောက်အများရှိနေသည်။

"မင်းသားတွေက ဒီနေရာကို မကြာခင်ရောက်လာလိမ့်မယ်...အခု မင်း အသက်ရှင်နိုင်အောင် မြန်မြန်ထွက်ပြေးတော့"

သွေးနတ်ဆိုး၏အသံ ထွက်ပေါ်လာသည်။သူ၏အသံသည် ချက်ချင်းဆိုသလိုပင် ကောင်းကင်နှင့်မြေပြင်အကြား၌ ပျောက်ကွယ်သွားလေ၏။

လုယွီသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် တခဏခန့်ကြက်သေသေသွားပြီးနောက် ခါးသည်းစွာပြုံးလိုက်သည်။

ပြင်ပလောကတွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် ဤနေရာကို စမ်းသပ်နယ်မြေတစ်ခုအဖြစ် သတ်မှတ်ထားသည်။သို့ရာတွင် သွေးနတ်ဆိုးများသည်လည်း အညံခံခြင်းမရှိဘဲ သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်း၌ စမ်းသပ်ကွင်းပြင်များကို တည်ထောင်ထားပေ၏။

Chapter 2577

လုယွီက အလျင်စလိုလှုပ်ရှားခြင်းမပြုချေ။ယခင်က နယ်မြေတစ်ခုလုံးကို လက်တစ်ဖက်တည်းဖြင့် လွှမ်းမိုးနိုင်စွမ်းရှိသော သွေးနတ်ဆိုးဘုရင်၏လှုပ်ရှားမှုကို ကြည့်ခြင်းအားဖြင့် သူ့အား လူသားမျိုးနွယ်၏ရွှယ်အင်မော်တယ်တစ်ယောက်နှင့် နှိုင်းယှဥ်နိုင်သည်။

"ငါ ထင်ထားသလိုပဲ...ဘာတုံ့ပြန်မှုမှမရှိဘူး"

လုယွီက သူ၏အင်္ကျီလက်မောင်းကြားရှိ ကူးပြောင်းရေးအဆောင်လက်ဖွဲ့ကို ထုတ်ယူလိုက်၏။ထိုကျောက်စိမ်းပြား၏မျက်နှာပြင်သည် မှေးမှိန်နေကာ ဝင်ပေါက်ရှိကူးပြောင်းရေးဝင်္ကပါနှင့် မည်သည့်ဆက်နွယ်မှုမျိုးမျှ ရှိမနေခြင်းကို သူ သိရှိလိုက်ရသည်။

ပတ်ဝန်းကျင်နေရာအနှံ့အပြား၌ မြင့်မားသောတောင်များရှိနေသဖြင့် ပုန်းအောင်းနိုင်သောနေရာအမြောက်အများရှိနေသည်။

သို့ရာတွင် သူ့ရှေ့ရှိ သွေးနတ်ဆိုးများသည် ပတ်ဝန်းကျင်ရှိတောတောင်များ မည်မျှထိရှုပ်ထွေးနေပါစေ အကြည့်တစ်ချက်ဖြင့်ပင် ပုန်းအောင်းနေသောနေရာကို မြင်တွေ့နိုင်စွမ်းရှိကြောင်း လုယွီက ကောင်းစွာသိရှိထားသည်။

လုယွီက သူ၏ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်၏။သူ၏နတ်ဘုရားစိတ်အာရုံကို အသုံးမပြုဘဲနှင့်ပင် သူ ပုန်းအောင်းနိုင်သောနေရာတစ်ခုကို ရှာဖွေတွေ့ရှိပြီးလေပြီ။

တောင်များအကြားမှ တောင်ထိပ်တစ်ခု၏ အစွန်းတွင် မတ်စောက်သော ချောက်ကမ်းပါးတစ်ခုရှိနေသည်။

"သူ ပုန်းအောင်းတာ တော်တော်လေးလိမ္မာပါးနပ်တာပဲ"

လုယွီက အပြုံးနှင့် ရေရွတ်လိုက်သည်။

ထိုချောက်ကမ်းပါး၏အစွန်းနှစ်ဖက်လုံးတွင် လှိုဏ်ဂူနှစ်လုံးရှိနေသည်။ထိုနေရာသည် ကြည့်လိုက်ရုံဖြင့်သံသယဝင်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် သိသိသာသာနေရာချထားခြင်းဖြစ်သည်။

အကယ်၍ တစ်စုံတစ်ယောက်သည် သဲလွန်စကိုရှာတွေ့လျှင်ပင် လှိုဏ်ဂူနှစ်လုံးကိုဆက်တိုက်ရှာဖွေပြီးနောက် သူ၏စိတ်ရှည်မှုလျော့နည်းသွားကာ ဤနေရာအား ဆက်၍ရှာဖွေတော့မည်မဟုတ်ချေ။

လုယွီသည် ထိုချောက်ကမ်းပါးထံသို့သွားကာ သူ၏လက်သီးဖြင့် ထိုးနှက်လိုက်၏။

ပြင်းထန်သောလက်သီးအားလှိုင်းသည် ရှေ့ရှိမာကျောသော ကျောက်တုံးကြီးကို အက်ကွဲသွားစေကာ အတွင်း၌ မှောင်မည်းသောလှိုဏ်ဂူတစ်လုံး ထွက်ပေါ်လာသည်။

လှိုဏ်ဂူအတွင်းမှနေ၍ ပုံရိပ်တစ်ရိပ် ရုတ်တရက်ထွက်ပေါ်လာကာ ထွက်ပြေးရန်ဟန်ပြင်လိုက်သည်။သို့ရာတွင် လုယွီ၏တုံ့ပြန်မှုသည် ပို၍လျှင်မြန်နေကာ ထိုလူ၏လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်၏။

"မလှုပ်နဲ့...ငါက သွေးနတ်ဆိုးမဟုတ်ဘူး"

လုယွီက အလျှင်အမြန် ရှင်းပြလိုက်သည်။

သို့ရာတွင် ထိုလူသည် လုယွီ၏စကားကို နားထောင်ခြင်းမရှိချေ။သူက ဓားချီတစ်လှိုင်းကိုထုတ်ဖော်ကာ လုယွီကို ခုတ်ပိုင်းလေ၏။

ကြမ်းကြုတ်ရက်စက်သောဓားချီက ချက်ချင်းဆိုသလိုပင် လှိုဏ်ဂူတစ်ခုလုံးကို ဖြတ်သန်းသွားသည်။လုယွီက သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ရာ အစွမ်းထက်သောအားလှိုင်းတစ်ရပ်ထွက်ပေါ်လာပြီး ထိုဓားချီကိုခြေမွှဖျက်ဆီးကာ မရှိခဲ့သည့်အလား ပြောင်းလဲသွားစေသည်။

"မင်း...စိတ်ထိန်းစမ်း"

လုယွီက သူ၏လက်ကိုဆန့်ထုတ်လိုက်ရာ မှော်စွမ်းအားများ ထွက်ပေါ်လာပြီး သူနှင့်မလှမ်းမကမ်းရှိလူကို ဖိနှိပ်လိုက်သည်။

သူ့ရှေ့ရှိလူ၏မျက်နှာပေါ်တွင် မုတ်ဆိတ်မွှေးငုတ်တိုများရှိနေသည်။ထိုလူ၏ဆံပင်များသည် ဖရိုဖရဲဖြစ်နေပြီး သူ၏အဝတ်အစားများ စုတ်ပြတ်သတ်နေကာ သူတောင်းစားတစ်ယောက်နှင့် တူညီနေသည်။

သူ၏မျက်လုံးတစ်စုံသည် နီမြန်းနေကာ သူ၏စိတ်နှလုံးသားအတွင်းမှ ဒေါသများကို ထွက်ပေါက်ရှာနေသည့်အလား လုယွီကို စူးစူးဝါးဝါး ကြည့်နေလေ၏။

ထိုလူအား ပထမဆုံးမြင်တွေ့လိုက်သည့်အချိန်အခိုက်အတန့်မှာပင် သူ၏စိတ်ကို သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်းမှ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ သက်ရောက်နေပြီဖြစ်ကြောင်းကို လုယွီက သိရှိလိုက်သည်။ယခုလက်ရှိချိန်တွင် ထိုလူသည် သတ်ဖြတ်ရန်တစ်ခုတည်းကိုသာ တွေးတောနေပေမည်။

"အသိဝင်စမ်း..."

လုယွီက မှော်မန္တန်တစ်ပုဒ်ကိုရွတ်ဆိုလိုက်ရာ ပတ်ဝန်းကျင်ရှိလေဟာနယ် တုန်ခါသွားသည်။

လုယွီ၏ဖိနှိပ်ခြင်းခံထားရသူသည် ချက်ချင်းပင် မူးဝေမှုကို ခံစားလိုက်ရကာ မြေပြင်ပေါ်သို့ လဲကျသွားလေ၏။သူ၏မျက်လုံးအတွင်းမှ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ အနည်းငယ်လျော့ပါးသွားကာ သူ၏အသိစိတ် တစ်ဝက်ခန့်ပြန်ဝင်လာသည်။

လုယွီက သူ၏အင်္ကျီလက်မောင်းကြားမှ ဆေးလုံးတစ်လုံးကိုထုတ်ယူကာ ထိုလူ၏လက်အတွင်းသို့ ပစ်ပေးလိုက်သည်။

"ဒါကို အရင်ဆုံးသောက်လိုက်...မင်းရဲ့စိတ်အခြေအနေနဲ့ ဒီနေရာမှာသာ နောက်ထပ်ကြာကြာဆက်နေရင် မင်း ပြိုလဲသွားလိမ့်မယ်"

ပတ်ဝန်းကျင်ရှိ လှိုဏ်ဂူနံရံများတွင် နက်ရှိုင်းသောဓားရာများဖြင့် ပြည့်နှက်နေသည်။ထိုလူသည် ဤနေရာ၌ချောင်ပိတ်မိနေချိန်တွင် မည်မျှထိ ရူးသွပ်ဖွယ်ကောင်းမှုမျိုးနှင့် ကြုံတွေ့ရသည်ကို တွေ့မြင်ရပေ၏။

ထိုလူသည် ဆေးလုံးကို သူ၏လက်ဖြင့်ဆုပ်ကိုင်ထားကာ သူ၏မျက်နှာပေါ်၌ သံသယဝင်နေသောအရိပ်အယောင်မျိုး ထင်ဟပ်နေသည်။

"တကယ်လို့ ငါ မင်းကိုသတ်ချင်ရင်...အဆိပ်သုံးဖို့မလိုဘူး"

လုယွီက ပြောဆိုသည်။

ထိုအချိန်ကျမှသာ ထိုလူသည် စိုးရိမ်ပူပန်ခြင်းမရှိတော့ဘဲ ဆေးလုံးကို မြိုချလိုက်၏။

ထိုဆေးလုံး၏အရည်အသွေးသည် လုယွီ သန့်စင်ထားသောဆေးလုံးများအနက် အကောင်းဆုံးမဟုတ်ချေ။ထိုအရာကို သာမာန်ထိပ်တန်းအဆင့်ဆေးလုံးတစ်လုံးဟုသာ ယူဆနိုင်သည်။

လုယွီအတွက် ဆေးလုံးသန့်စင်သည့်ကိစ္စမှာ လွယ်ကူသော်လည်း သူ မြင်တွေ့သမျှလူများအားလုံးကို ဆေးလုံးကောင်းများမပေးနိုင်ချေ။

ထိပ်တန်းအဆင့်ဆေးလုံးတစ်လုံးသည် ထိုလူအား အသိစိတ်ပြန်ဝင်လာစေရန် လုံလောက်သည်။

ဆေးအာနိသင်များ ပျံ့နှံ့သွားခြင်းနှင့်အတူ ထိုလူက သူ၏မျက်လုံးကို စုံမှိတ်ကာ သူ့ကိုယ်သူ ပြန်လည်ကုသလိုက်၏။သူက ရုတ်တရက် ချောင်းတဟွတ်ဟွတ်ဆိုးကာ သွေးမည်းများကို အန်ထုတ်လိုက်သည်။

ထိုဆေးလုံး၏အကူအညီဖြင့် သူ၏ခန္ဓာကိုယ်မှ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပျောက်ကွယ်သွားကာ သူ၏ခန္ဓာကိုယ် အနည်းငယ်အားနည်းသွားသည်။

"မင်းက ကျောင်းတော်ရဲ့တပည့်တစ်ယောက်လား"

ထိုလူက ရုတ်တရက် အက်ရှရှလေသံဖြင့် မေးမြန်းသည်။

Chapter 2578

"ဒါက အမှန်ပဲ"

လုယွီက ပြောဆိုသည်။

"မင်းရဲ့ဆေးလုံးအတွက် ကျေးဇူးတင်ပါတယ်...ငါက ယွဲ့ချန်းရန်...ငါ ဒီနေရာမှာပိတ်မိနေတာ အချိန်ဘယ်လောက်ကြာနေပြီမှန်းတောင် မသိတော့ဘူး...တကယ်လို့ ဘယ်သူမှသာရောက်မလာခဲ့ဘူးဆိုရင် ငါ အသက်ကြာကြာရှင်နိုင်တော့မှာမဟုတ်ဘူး"

ထိုလူက သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

ယွဲ့ချင်းရန်ဟု ဆိုသလော....

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီက ထိုနာမည်ကို တွေးတောမိသွားသည်။

"ငါက လုယွီ...မင်းက လျှို့ဝှက်နယ်မြေထဲကို ပထမဆုံးဝင်သွားတဲ့ တပည့်တွေထဲက တစ်ယောက်မလား...ပြင်ပလောကမှာ မင်းသေပြီလို့ အားလုံးကထင်နေကြတာ"

သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်း၌ အန္တရာယ်များဖြင့် ပြည့်နှက်နေသည်။ထိုနယ်မြေအတွင်းရှိအန္တရာယ်များကို တပည့်များသိရှိစေရန်အလို့ငှါ မဟာကွန်ဖြူးရှပ်ပညာရှင်များသည် ယွဲ့ချင်းရန်ကို ဥပမာအဖြစ်ပေးကြသည်။

အစကဏဦးတွင် ယွဲ့ချင်းရန်သည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ အလွန်ထူးချွန်သော ပါရမီရှင်ကျောင်းတော်သားတစ်ယောက်ပင်။သူ၏နာမည်ဂုဏ်သတင်းသည် မြင့်မားရုံသာမက သူ၏ကိုယ်ပိုင်ခွန်အားသည်လည်း အားနည်းခြင်းမရှိချေ။

ထိုနှစ်တွင်ကျင်းပခဲ့သော တော်ဝင်စာမေးပွဲအတွက် ယွဲ့ချင်းရန်ကို တပည့်ခေါင်းဆောင်အဖြစ်စေလွှတ်ရန် ရွေးချယ်ထားပြီးဖြစ်သည်။

ကံအကြောင်းမလှစွာဖြင့် တော်ဝင်စာမေးပွဲမစတင်မီ ယွဲ့ချင်းရန်သည် စွန့်စားသည့်အနေဖြင့် သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်းသို့ ဝင်ရောက်သွားခဲ့လေ၏။ထိုအချိန်မှစ၍ သူ့အကြောင်း မည်သည့်သတင်းမျှ မကြားရတော့ချေ။

ပြင်ပ၌သူချန်ထားခဲ့သော စိတ်ဝိညာဥ်မီးတောက်ပင်လျှင် ငြိမ်းသေသွားခဲ့သည်။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ အကြီးအကဲတချို့သည် ယွဲ့ချင်းရန်အား သွားရောက်၍ရှာဖွေခဲ့သော်လည်း ရှာမတွေ့ခဲ့ချေ။နောက်ဆုံးတွင် ကျောင်းတော်သည် ထိုကိစ္စကို မေ့မေ့ပျောက်ပျောက် ထားလိုက်လေ၏။

ယွဲ့ချင်းရန်သည် ထိုနယ်မြေအတွင်း၌ သေဆုံးသွားပြီဟု လူအားလုံးက ယုံကြည်ထားကြသည်။

ဤကိစ္စသည် တခြားတပည့်များအား သတိပေးစရာ ကိစ္စတစ်ရပ်ဖြစ်လာသည်။ယွဲ့ချင်းရန်ကဲ့သို့ ပါရမီရှင်ကျောင်းတော်သားတစ်ယောက်ပင် ထိုနယ်မြေအတွင်း၌ သေဆုံးသွားခဲ့ရသည်။အကယ်၍ တပည့်များသည် စိတ်စွမ်းအားခိုင်မာမှုမရှိသည့်အပြင် ခွန်အားကောင်းခြင်းမရှိပါက သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်းသို့ မဝင်ရောက်သင့်ချေ။

လုယွီက ယွဲ့ချင်းရန်ကို ကြည့်လိုက်၏။

ယွဲ့ချင်းရန်သည် အလွန်ပိန်ပါးလှပ်နေပြီး အရိုးခြောက်ကဲ့သို့ ဖြစ်နေလေပြီ။

သူ၏ပုံပန်းသွင်ပြင်အရ အတိတ်တွင်ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ ထူးချွန်သောပါရမီရှင်ကျောင်းတော်သားဟူသောဂုဏ်ပုဒ်နှင့် မည်သို့မျှဆက်စပ်၍မရနိုင်ချေ။

"ငါ သိထားသလောက်တော့ မင်း ပျောက်နေတာ ဆယ်နှစ်ကျော်လောက်ရှိနေပြီ...အခုချိန်ထိ မင်း ဘယ်လိုလုပ်ပြီး အသက်ရှင်နေတာလဲ"

လုယွီက မေးမြန်းသည်။

ယွဲ့ချင်းရန်က ခါးသည်းသောအမူအယာဖြင့် တုံ့ပြန်ပြောဆိုလေ၏။

"ဒီနေရာက ဘယ်လိုနေရာမျိုးလဲဆိုတာ မင်း သိသင့်တယ်...ဒါက တော်ဝင်သွေးနတ်ဆိုးတွေ အမဲလိုက်တဲ့ အမဲလိုက်ကွင်းပြင်ပဲ"

"ငါ ဒီနေရာကို ပထမဆုံးရောက်လာတဲ့အချိန်တုန်းက ဒီနေရာမှာ ကျောင်းတော်တပည့်ဆယ်ယောက်ကျော်ရှိနေတယ်...သူတို့အားလုံးကို သွေးနတ်ဆိုးတွေကဖမ်းဆီးပြီးတော့ ဒီနေရာကို ပို့လိုက်တာပဲ...ငါတို့ရဲ့တာဝန်က သွေးနတ်ဆိုးတော်ဝင်မင်းသားတွေ လေ့ကျင့်တဲ့နေရာမှာ အထောက်အပံဖြစ်စေဖို့ပဲ...တခြားစကားလုံးနဲ့ပြောရရင် ငါတို့က သက်ရှိပစ်မှတ်တွေပဲ"

ယွဲ့ချင်းရန်၏မျက်နှာပေါ်၌ ​နာကျင်ကြေကွဲမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

"အရင်က ငါနဲ့အတူရှိနေတဲ့ ကျောင်းတော်တပည့်တွေအားလုံး သွေးနတ်ဆိုးတော်ဝင်မင်းသားတွေသတ်တာကို ခံလိုက်ရပြီ...အဲ့ဒီ တော်ဝင်သွေးနတ်ဆိုးတွေက ငါတို့အရင်က ကြုံတွေ့ခဲ့ရတဲ့ သွေးနတ်ဆိုးတွေနဲ့ အများကြီးကွဲပြားခြားနားတယ်...သူတို့ရဲ့ဥာဏ်ရည်ဥာဏ်သွေးက လူသားတွေနဲ့တူညီတယ်....သူတို့က အရမ်းထူးချွန်ပြီးတော့ လူသားတွေရဲ့အားနည်းချက်ကို အလွယ်တကူရှာဖွေနိုင်တယ်...ငါနဲ့အတူရှိနေတဲ့သူတွေအားလုံး ဒဏ်ရာအပြင်းအထန်ရပြီးတော့ သေဆုံးသွားကြပြီ...အခု ငါတစ်ယောက်တည်းပဲကျန်တော့တယ်"

"ငါက ဒီဂူထဲမှာ တစ်ချိန်လုံးနေခဲ့တယ်...တကယ်လို့ ငါ ဆာလောင်လာရင် ငါ့ရဲ့အသက်ကိုဆွဲဆန့်ထားနိုင်မယ့် စိတ်ဝိညာဥ်သစ်သီးတချို့ကိုစားတယ်...ကြည့်ရတာတော့ အဲ့ဒီသွေးနတ်ဆိုးတွေက ငါ့ကို မသေစေချင်သေးတဲ့ပုံပဲ...တစ်ခါတစ်လေမှာ သူတို့က နတ်ဆိုးမှော်သားရဲတွေ လွှတ်ပေးပြီးတော့ ငါ့ကို အမဲလိုက်ပြီး ချက်ပြုတ်စားစေတယ်...ကံဆိုးချင်တော့ ငါက ဒီပတ်ဝန်းကျင်မှာနေလာတာ အချိန်ကြာလာတာနဲ့ ငါ့ရဲ့အသိစိတ်ကို နတ်ဆိုးအငွေ့အသက်တွေ သက်ရောက်လာပြီးတော့ ငါက ရူးသွပ်နေတဲ့လူလိုဖြစ်သွားတယ်"

"အခုချိန်မှာ အသိစိတ်ဝင်ဖို့ဆိုတာ ငါ့အတွက် အရမ်းခက်ခဲခဲ့တယ်...တစ်ခါတစ်ရံ ငါ ရူးသွပ်နေတဲ့အချိန်မှာ ငါ ဘာလုပ်မိမှန်းတောင် ငါကိုယ်ငါမသိဘူး...ဒါပေမယ့် ကံကောင်းချင်တော့ ငါက ဒီအမဲလိုက်ကွင်းပြင်ထဲမှာ နောက်ဆုံးကျန်ခဲ့တဲ့သားကောင်ဖြစ်နေတယ်...သွေးနတ်ဆိုးတွေက ငါ့ကို မသတ်ကြဘူး...အဲ့ဒီအစား သူတို့က ငါ့ကို မွေးမြူထားကြတယ်"

ဘုန်း...ဘုန်း...ဘုန်း...

ယွဲ့ချင်းရန်က မြေပြင်ကိုအဆက်မပြတ်ထုနှက်ကာ ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်၏။

"အဲ့ဒီ သေသင့်တဲ့သွေးနတ်ဆိုးတွေက ငါ့ကို သူတို့ရဲ့အိမ်မွေးတိရစ္တာန်လို သဘောထားနေကြတာ"

ယခုလက်ရှိချိန်၌ ယွဲ့ချင်းရန် မည်ကဲ့သို့ခံစားနေရသည်ကို လုယွီက သိရှိသွားလေပြီ။

မူလက ကောင်းကင်ဘုံ၏ချီးမြှောက်ခံပါရမီရှင်တစ်ယောက်သည် ဤနယ်မြေအတွင်းသို့ ကျရောက်ခဲ့ရသည်။မည်သူကမျှ သူ အသက်ရှင်သန်နေသည်ကို မသိကြချေ။သူသည် အမှောင်ထုအတွင်း၌ ကြိတ်မှိတ်၍ဝေဒနာခံစားနေရ၏။

"မင်းကို သူတို့လိုက်ဖမ်းတဲ့အချိန်ကျရင် မင်း ဂရုစိုက်သင့်တယ်...အဲ့ဒီတော်ဝင်သွေးနတ်ဆိုးတွေက အရမ်းအစွမ်းထက်တယ်...ငါက အသတ်မခံရအောင် ရှေ့နောက်ပြေးလွှားပြီး ပုန်းအောင်းနေရုံပဲလုပ်နိုင်တယ်...ဒါပေမယ့် တကယ်လို့ ငါတို့နှစ်ယောက် အတူရှိနေပြီးတော့ ငါတို့ရဲ့အငွေ့အသက်တွေ ရောထွေးနေမယ်ဆိုရင် သူတို့က ငါတို့ကို အလွယ်တကူ ရှာတွေ့သွားနိုင်တယ်"

Chapter 2579

ယွဲ့ချင်းရန်သည် ဤနေရာသို့ရောက်ရှိနေသည်မှာ အချိန်မည်မျှကြာမြင့်နေမှန်း မသိရချေ။သူသည် ဤနေရာရှိ စည်းမျဥ်းများအားလုံးကို သူ၏လက်ဖမိုးကဲ့သို့ သိရှိနေသည်။

အကယ်၍ သူသည် ဤနေရာ၌အချိန်ကြာမြင့်စွာ အသက်ရှင်သန်လိုပါက ယွဲ့ချင်းရန်၏အစီအစဥ်ကို နားထောင်ရုံသာရှိသည်။

သို့ရာတွင် လုယွီသည် ဤနေရာ၌နေထိုင်ရန် ရည်ရွယ်မထားချေ။

သူ၏ရည်မှန်းချက်ပန်းတိုင်သည် တော်ဝင်စာမေးပွဲအတွက် ခွဲတမ်းတစ်နေရာဖြစ်သည်။မည်သူမည်ဝါဖြစ်နေပါစေ ထိုကိစ္စအပေါ်တွင် သူ့အား မည်သူမျှဟန့်တား၍ရမည်မဟုတ်ချေ။

"ငါ ဒီနေရာမှာ အဖမ်းမခံနိုင်ဘူး...ငါက ဒီနေရာကနေ ထွက်သွားမယ်"

လုယွီက ပြောဆိုသည်။

"ဘာလဲ...ကူးပြောင်းရေးဝင်္ကပါနဲ့လား...ဒါက မဖြစ်နိုင်ဘူး"

ယွဲ့ချင်းရန်က ပျာပျာသလဲ ဆက်လက်၍ပြောဆိုလေ၏။

"အရင်တုန်းက ငါ သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံရဲ့အကြောင်းကို နှံ့နှံ့စပ်စပ် လေ့လာခဲ့တယ်...ဒီနေရာကို တစ်ချိန်တုန်းက သွေးနတ်ဘုရားမြင့်မြတ်နယ်မြေက တည်ထောင်ထားခဲ့တာ...ဒါက ထိပ်သီးတပည့်တွေ အတွက်ပဲ...ဒါပေမယ့် ဒီစမ်းသပ်နယ်မြေက အန္တရာယ်အရမ်းများတာကြောင့် သူတို့ရဲ့အသက်တွေကို အလဟဿအဆုံးရှုံးမခံနိုင်ကြဘူး...ဒါကြောင့် သူတို့က ကူးပြောင်းရေးဝင်္ကပါအမှတ်တွေကို နေရာတော်တော်များများမှာ နေရာချထားပေမယ့် ဒါတွေအားလုံးကို ကူးပြောင်းရေးဝင်္ကပါရဲ့နံဘေးပတ်ဝန်းကျင်မှာပဲ ခင်းကျင်းထားတာ...သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံရဲ့ နက်ရှိုင်းတဲ့နေရာမှာ ရှိမနေဘူး"

"ပြီးတော့ ဒီနေရာက သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံရဲ့ အတွင်းပိုင်းနယ်မြေပဲ...ဒါ့ပြင် ဒါက သွေးနတ်ဘုရားကို ဝတ်ပြုကိုးကွယ်တဲ့ နေရာတစ်ခုလည်းဖြစ်တယ်...ဒီနေရာမှာ မရေမတွက်နိုင်တဲ့ သွေးနတ်ဆိုးတွေ စုဝေးနေတယ်...ဒါကြောင့်ကူးပြောင်းရေးဝင်္ကပါအမှတ်တွေ ဒီနေရာမှာ နေရာချဖို့ဆိုတာ မဖြစ်နိုင်ဘူး...ဒါက လှောင်ပိတ်ခံထားရတဲ့ နယ်မြေတစ်ခုပဲ"

လုယွီက မျက်မှောင်ကြုတ်လိုက်၏။သူ ဤကဲ့သို့ဖြစ်နိုင်ချေကို စဥ်းစားထားခြင်းမရှိချေ။

ယွဲ့ချင်းရန်က ဆက်လက်ပြောဆိုသည်။

"အတိတ်တုန်းက...ကျောင်းတော်က သွေးနတ်ဘုရားမြင့်မြတ်နယ်မြေကို အမြစ်ပြတ်သုတ်သင်ပြီးတဲ့အချိန်မှာ စာကြည့်တိုက်တစ်ခုလုံးကို ယူဆောင်လာခဲ့တယ်...ငါက စာအုပ်တွေကို ငါ့ရဲ့အသက်လောက် နှစ်ခြိုက်သဘောကျတဲ့သူဆိုတော့ သွေးနတ်ဘုရား​မြင့်မြတ်နယ်မြေရဲ့ မှတ်တမ်းစာအုပ်တွေကို ချက်ချင်းသွားဖတ်ခဲ့တယ်...အဲ့ဒီမှာ ငါက ကျင့်ကြံနည်းစနစ်စာအုပ်တချို့အပြင် သွေးနတ်ဘုရားမြင့်မြတ်နယ်မြေရဲ့ လျှို့ဝှက်ချက်တချို့ကိုလည်း ရှာတွေ့ခဲ့တယ်"

"သွေးနတ်ဘုရားမြင့်မြတ်နယ်မြေမှာ မှတ်တမ်းတစ်ခုရှိတယ်...လွန်ခဲ့တဲ့နှစ်ပေါင်းများစွာအကြာတုန်းက သွေးနတ်ဘုရားမြင့်မြတ်နယ်မြေရဲ့ မြင့်မြတ်သားတော်တစ်ယောက်က တခြားသွေးနတ်ဆိုးတွေနဲ့ပူးပေါင်းပြီးတော့ အတွင်းစည်းတပည့်တွေကို ပူးပေါင်းကြံစည်ခဲ့တယ်...သူက သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံရဲ့ အတွင်းပိုင်းနယ်မြေထဲမှာ ကူးပြောင်းရေးဝင်္ကပါအမှတ်တစ်ခုကို ခင်းကျင်းခဲ့တယ်...အဲ့ဒီ အတွင်းစည်းတပည့်တွေ ကူးပြောင်းရေးဝင်္ကပါထဲ ခြေချလိုက်တဲ့အချိန်မှာ သွေးနတ်ဆိုးမြင့်မြတ်သားတော်က ဝင်္ကပါအမှတ်တွေကို ပြောင်းလဲပြီးတော့ သူတို့ကို သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံရဲ့ အတွင်းပိုင်းနယ်မြေထဲကို ပို့ဆောင်ခဲ့တယ်"

"အဲ့ဒီအတွင်းစည်းတပည့်တွေ သေဆုံးသွားပေမယ့် သွေးနတ်ဆိုးမြင့်မြတ်သားတော်ရဲ့ အစီအစဥ်က ဖျက်ဆီးခံရတယ်...ဘာလို့လဲဆိုတော့ သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံကို စောင့်ကြပ်တဲ့ အကြီးအကဲတွေက ဒီကိစ္စကို သိသွားလို့ပဲ...နောက်ပိုင်းမှာ အဲ့ဒီသွေးနတ်ဆိုးဒီမြင့်မြတ်သားတော် ပြင်းပြင်းထန်ထန်အပြစ်ပေးခံရပြီးတော့ အတွင်းပိုင်းနယ်မြေထဲက ကူးပြောင်းရေးဝင်္ကပါအမှတ်ကိုလည်း ချိပ်ပိတ်ထားခဲ့တယ်"

ယွဲ့ချင်းရန်က လေးနက်သောအဓိပ္ပါယ်ပါသောအကြည့်ဖြင့် လုယွီကိုကြည့်လိုက်၏။

"ဒီအကြောင်းကိုပြောပြရင်...မင်း အပြင်မှာ တစ်ယောက်ယောက်ကို အပြစ်ပြုမိသေးလား...ဒီကူးပြောင်းရေးဝင်္ကပါကို ထိန်းညှိနိုင်တဲ့လူတွေက လက်တစ်ဆုပ်စာပဲရှိတယ်"

လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။

"ဒါက အဆင်ပြေပါတယ်...သူ ဒီအတွက်တန်ကြေးကို အနှေးနဲ့အမြန် ပြန်ပေးဆပ်စေရမယ်"

လုယွီသည် ခန့်မှန်းတွေးတောရန်ပင်မလိုအပ်ဘဲ မည်သူပြုလုပ်သည်ကို သိရှိထားပြီးလေပြီ။

ထျန်းပိုယန်...

ထိုလူမှလွဲ၍ ကူးပြောင်းရေးဝင်္ကပါ၏ ဝင်္ကပါအမှတ်ကို ပြောင်းလဲနိုင်သောအရည်အချင်းမျိုး မည်သူထံတွင်မျှမရှိချေ။

ထို့ပြင် ထျန်းပိုယန်အပြင် မည်သူကမျှ လုယွီအားတိုက်ခိုက်ရန် အကြောင်းအရင်းမရှိပေ။

လုယွီ၏စူးရှတောက်ပနေသော မျက်လုံးတစ်စုံကိုကြည့်ပြီး ယွဲ့ချင်းရန်က ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။

"ငါ လူတွေအများကြီးနဲ့ ကြုံတွေ့ခဲ့ရပြီးပြီ...ဒီနယ်မြေထဲကို စရောက်လာတဲ့အချိန်တုန်းကတော့ သူတို့ဆီမှာ ထွက်သွားမယ်ဆိုတဲ့ ရည်မှန်းချက်တွေအပြည့်ပဲ...ဒါပေမယ့် သူတို့ထဲက ဘယ်သူမှ ထွက်မသွားချင်ကြဘူး...ငါ မင်းကို မှော်စွမ်းအားတွေချွေတာထားဖို့ အကြံပေးချင်တယ်...ကျောင်းတော်ရဲ့ထိပ်သီးအကြီးအကဲတွေ ဒီနေရာကို ရောက်ကောင်းရောက်လာနိုင်တယ်...အဲ့ဒီအချိန်ကျရင် ဒီကိစ္စကို အလွယ်တကူ ဖြေရှင်းသွားနိုင်လိမ့်မယ်...အခုချိန်မှာ ဦးစားပေးကိစ္စက ငါတို့ အသက်ရှင်နေဖို့ပဲ"

လုယွီက ပြောဆိုလေ၏။

"ငါ့မှာ ငါ့အစီအစဥ်နဲ့ငါရှိတယ်...အခု မင်းရဲ့ခွန်အားကို ဘယ်လောက်ထိ ပြန်ဖြည့်တင်းပြီးပြီးလဲ"

နောက်ပိုင်းတွင် လုယွီသည် သွေးနတ်ဆိုးများကိုသတ်ဖြတ်ရန် ဤနေရာမှ သွားရပေမည်။သူထံတွင် ယဲ့ချင်းရန်အားဂရုစိုက်ရန် အချိန်များစွာမရှိမည်ကို စိုးရိမ်နေမိသည်။

ယွဲ့ချင်းရန်၏မျက်နှာ ဖြူရော်နေသည်။သူသည် သူ၏မှော်စွမ်းအားများကို ဖြည်းညှင်းစွာစုစည်းလိုက်သော်လည်း အချိန်တခဏအကြာမှာပင် ထိုစုဝေးထားသော မှော်စွမ်းအားများအားလုံး ပျက်ပြယ်သွားလေ၏။

"မရဘူး...ငါက ခုဏလေးတင်မှ အသိဝင်လာတာ...အရင်က ငါ ရူးသွပ်နေတဲ့ ပေါက်ကွဲအားကို အသုံးပြုပြီးတော့ တိုက်ခိုက်ခဲ့တာ...ဒါပေမယ့် အခုချိန်မှာ အဲ့ဒါမရှိတော့ဘူးဆိုတော့ ငါ့ရဲ့မှော်မန္တန်တွေကို ထပ်ပြီးမရွတ်ဆိုနိုင်တော့ဘူး"

ယွဲ့ချင်းရန်က သက်ပြင်းရှည်ကြီးတစ်ချက် ရှိုက်လိုက်သည်။

သူသည် ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက် မဟုတ်ချေ။ဤနေရာ၌ သူ၏ရုပ်ခန္ဓာကိုယ်နှင့်မှော်စွမ်းအားနှစ်မျိုးလုံး သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ၏တိုက်စားမှုကို အစဥ်အမြဲခံနေရသဖြင့် ယခင်နှင့်တူညီခြင်းမရှိတော့ပေ။

Chapter 2580

လုယွီသည်လည်း ယွဲ့ချင်းရန်၏ယခုလက်ရှိအခြေအနေကို တွေ့မြင်ထားပြီးလေပြီ။

အစောပိုင်းက သူအသုံးပြုခဲ့သော ဓားချီအလင်းတန်းသည် သူ၏နောက်ဆုံးတိုက်ခိုက်နိုင်မှုဟု လုယွီက ခန့်မှန်းမိသည်။ထို့နောက် သူသည် မီးစာကုန်ဆီခမ်းဖြစ်သွားကာ မည်သည့်မှော်နည်းစနစ်ကိုမျှ အသုံးမပြုနိုင်တော့ချေ။

"ခဏလောက်နေရင် တော်ဝင်သွေးနတ်ဆိုးတွေ အမဲလိုက်မယ့်အချိန်ပဲ...သူတို့က အမှိုက်ကောင်တစ်ကောင်ကို ချန်ထားမှာမဟုတ်ဘူး...ဒီတစ်ကြိမ်တော့ ငါ သေဆုံးသွားမှာကို ငါ စိုးရိမ်မိတယ်...ဒီအမဲလိုက်ကွင်းပြင်ထဲမှာ ပုန်းအောင်းလို့ရတဲ့ နေရာတချို့ရှိတယ်...ငါ မင်းကို ပြောမယ်......."

ယွဲ့ချင်းရန်၏စကား အဆုံးမသတ်သေးမီမှာပင် လုယွီက ကြားဖြတ်ပြောဆိုလိုက်၏။

"မင်းရဲ့ခန္ဓာကိုယ်မှာ သွေးချီတွေမလုံလောက်ဘူး...မင်းရဲ့မှော်စွမ်းအားကလည်း ကုန်ခမ်းနေတယ်...ငါက မင်းရဲ့သွေးချီတွေကို အရင်ဆုံး ပြန်ဖြည့်တင်းပေးမယ်...ဒါဆိုရင် ငါ လွတ်လွတ်လပ်လပ်လှုပ်ရှားလို့ရပြီ"

လုယွီက ဆေးလုံးတစ်လုံးကို ထပ်မံ၍ထုတ်ယူလိုက်၏။ထိုဆေးလုံးသည် သွေးနီရောင်ရှိပြီး မျက်နှာပြင်ပေါ်တွင် ရွှေရောင်နဂါးတစ်ကောင်၏အမှတ်အသားပါရှိသည်။

ထိုဆေးလုံးထွက်ပေါ်လာချိန်တွင် ခပ်သဲ့သဲ့နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာသည်။ထို့ပြင် ဆေးလုံးမှ သွေးချီအငွေ့အသက်များက လေထုအတွင်း၌ ပျံ့နှံ့နေပေ၏။

ထိုဆေးလုံးကိုမြင်တွေ့ချိန်တွင် ယွဲ့ချင်းရန်၏မျက်လုံးများ တောက်ပသွားသည်။

"စိတ်ဝိညာဥ်အဆင့်ဆေးလုံး...မင်းက ဒီလိုဆေးလုံးမျိုးထုတ်ပေးနိုင်မယ်လို့ ငါ မျှော်လင့်မထားမိဘူး...မင်းက ဆေးခန်းမရဲ့တပည့်တစ်ယောက်လား"

လုယွီက ပြောဆိုသည်။

"ဒီဆေးလုံးရဲ့အရည်အသွေးက အရမ်းမကောင်းဘူး...ဒါပေမယ့် မင်း လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်အောင် သွေးချီတွေပြန်ဖြည့်တင်းဖို့တော့ လုံလောက်တယ်"

လုယွီ၏စကားကိုကြားချိန်တွင် ယွဲ့ချင်းရန်၏နှုတ်ခမ်းထောင့် အနည်းငယ်တွန့်ကွေးသွားသည်။

သူသည် ဆေးပညာရှင်တစ်ယောက်မဟုတ်သော်လည်း အကြည့်တစ်ချက်ဖြင့်ပင် သူ့ရှေ့မှဆေးလုံးသည် အဖိုးတန်ရှားပါးသောအရာဖြစ်သည်ကို သိရှိလေ၏။

စိတ်ဝိညာဥ်အဆင့်သို့ရောက်ရှိသော ဆေးလုံးတစ်လုံးသည် သာမာန်ဆေးလုံးကဲ့သို့ ရိုးရှင်းခြင်းမရှိချေ။ထိုဆေးလုံး၏အတွင်း၌ ဆေးလုံးဝိညာဥ်ရှိနေသည်။ထို့ပြင် ပြီးပြည့်စုံသောအဆင့်သို့ရောက်ရှိနေသော ဆေးလုံးတစ်လုံးကို သန့်စင်နိုင်ရန် ထိုဆေးပညာရှင်သည် မြင့်မားသောဆေးပညာနယ်ပယ်ရှိရပေမည်။

ယွဲ့ချင်းရန်သည် စိတ်ဝိညာဥ်အဆင့်ဆေးလုံးတစ်လုံး၏တန်ကြေးကို ရှင်းရှင်းလင်းလင်း သိရှိထားပေ၏။

လုယွီက ဤဆေးလုံး၏အရည်အသွေးသည် မကောင်းလှဟု ဆိုလိုက်သည်ကိုကြားချိန်တွင် ယွဲ့ချင်းရန်က အနည်းငယ်စိတ်ကသိကအောက်ဖြစ်သွားသည်။

'ဖြစ်နိုင်တာတော့ သူက ဆေးခန်းမကအကြီးအကဲတစ်ယောက်ရဲ့တိုက်ရိုက်တပည့်များလား...ဒီလိုဆေးလုံးမျိုးကို အလွယ်တကူထုတ်ပေးနိုင်တာကိုကြည့်ရင် သူ့ရဲ့နောက်ခံက ပေါ့သေးသေးမဟုတ်လောက်ဘူး....မဟုတ်ရင် သူ့ကို ဒီနေရာကိုပိတ်လှောင်ဖို့အတွက် ဒီနည်းလမ်းကို တစ်ယောက်ယောက်က စွန့်စားပြီးအသုံးပြုမှာမဟုတ်ဘူး"

ယွဲ့ချင်းရန်သည် ငြင်းဆန်ခြင်းမရှိဘဲ ထိုဆေးလုံးကို ဝါးမြိုလိုက်သည်။

ဤဆေးလုံးသည် လုယွီ၏ဆေးပညာစွမ်းရည်အရ အမှိုက်တစ်ခုပင်။

လုယွီအတွက် သန့်စင်မှု၉၀ရာခိုင်နှုန်းထက် လျော့နည်းပါက ထိုဆေးလုံးများကို အမှိုက်များဟု ယူဆထားသည်။

အကယ်၍ ထိုကဲ့သို့စံသတ်မှတ်ချက်မျိုးဖြင့်သာ ပြင်ပလောကတွင် တိုင်းတာပါက ဆေးပညာရှင်အများစုသည် အမှိုက်ကောင်များဖြစ်သွားပေမည်။

အကယ်၍ ဆေးလုံးများကို သန့်စင်မှု၇၀ရာခိုင်နှုန်းထက် ပို၍သန့်စင်နိုင်ပါက ထိပ်တန်းအဆင့်သို့ ရောက်ရှိနေလေ၏။သာမာန်ဆေးပညာရှင်တစ်ယောက်၏ ဆေးလုံးသန့်စင်နိုင်မှုသည် ၅၀ရာခိုင်နှုန်းနှင့်၆၀ရာခိုင်နှုန်း အကြားတွင်သာရှိသည်။

တလိမ့်လိမ့််ထနေသောဆေးစွမ်းအားများက ချက်ချင်းဆိုသလိုပင် သွေးချီများအဖြစ်သို့ ပြောင်းလဲသွားသည်။ယွဲ့ချင်းရန်၏မျက်လုံးများ တောက်ပသွားကာ သူက ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးလိုက်၏။

မူလက ခြောက်ကပ်နေသော သူ၏အရိုးများအတွင်း၌လည်း သွေးချီများဖြင့် ပြည့်နှက်သွားသည်။သို့ရာတွင် သူ၏ပုံပန်းသွင်ပြင်ကို ခြုံငုံကြည့်ပါက ပါးလှပ်ကာအားနည်းနေဆဲပင်။အကြောင်းအရင်းမှာ ဤကဲ့သို့ပတ်ဝန်းကျင်အခြေအနေအောက်၌ အချိန်ကြာမြင့်စွာ ဝေဒနာခံစားခဲ့ရသောကြောင့်ဖြစ်သည်။ဆေးလုံးတစ်လုံးမျှဖြင့် သူ၏ဝေဒနာအရှင်းပျောက်အောင် ကုစားနိုင်မည်မဟုတ်ချေ။

ယွဲ့ချင်းရန်က ချက်ချင်းဆိုသလိုပင် မတ်တတ်ထရပ်၍ လှိုဏ်ဂူအတွင်း၌ ဟိုဟိုဒီဒီ လျှောက်လှမ်းလိုက်၏။

သူ၏ခန္ဓာကိုယ်မှနေ၍ တဖျစ်ဖျစ်တဖြောက်ဖြောက်အသံများ ထွက်ပေါ်နေသည်။ယွဲ့ချင်းရန်သည် အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည့်အလား သူ၏မျက်လုံးများက စူးရှတောက်ပနေသည်။

"ဂျူနီယာညီလေးလုကို ကျေးဇူးတင်ပါတယ်....မင်းရဲ့ဆေးလုံး အကူအညီနဲ့ ငါ အချိန်အတိုင်းအတာတစ်ခုထိ တောင့်ခံနိုင်လိမ့်မယ်"

ယွဲ့ချင်းရန်က ကျေးဇူးတင်စကား ပြောဆိုလေ၏။

သို့ရာတွင် လုယွီက တုံ့ပြန်ပြောဆိုသည်မှာ...

"ငါက ဒီနေရာကနေ ထွက်သွားရလိမ့်မယ်....စီနီယာအကိုယွဲ့က ဒီနေရာမှာပဲ ဆက်နေမှာလား...ဒါမှမဟုတ် ငါနဲ့အတူလိုက်ပြီး လှုပ်ရှားချင်လားဆိုတာ ငါ သိချင်မိတယ်"

ယွဲ့ချင်းရန် ကြက်သေသေသွားသည်။သူ၏နားအကြားအာရုံ ချို့ယွင်းနေသလောဟု သူ သံသယဝင်စပြုလာလေ၏။

ဤနေရာ၌ အသက်ရှင်သန်နိုင်ရန်ပင် အလွန်အမင်းခက်ခဲလှသည်။ပြင်ပသို့ထွက်ခွါနိုင်ရန်ဟူသည်မှာ လုံးလုံးလျားလျား စဥ်းစားတွေးတော၍မရသောကိစ္စပင်။

"ဒီနေရာက သွေးနတ်ဆိုးတွေရဲ့အသိုက်...သွေးနတ်ဆိုးတွေရဲ့ အစွမ်းထက်ဆုံးမျိုးနွယ်တွေ စုဝေးနေတဲ့နေရာပဲ...အစွမ်းထက်သွေးနတ်ဆိုးတွေက တိမ်စိုင်တွေလိုပေါများတယ်...တကယ်လို့ ငါတို့ အပြင်ကိုထွက်နိုင်ရင်တောင် သေခြင်းကနေလွတ်မြောက်နိုင်မှာမဟုတ်ဘူး"

ယွဲ့ချင်းရန်၏မျက်လုံးအတွင်း၌ စိတ်ပျက်အားငယ်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

All Chapters