အခန်း (၂၅၉၆-၂၆၀၀)
Vol. 133 Ch. 2696-2600
Chapter 2596
ချန်းကျင်းက ထျန်းပိုယန်ကို စူးစူးဝါးဝါးစိုက်ကြည့်၍ ပြောဆိုလိုက်သည်။
"ကောင်းပြီလေ...မင်း ဘာလို့ လုယွီကိုပစ်မှတ်ထားနေတယ်ဆိုတာ ငါ မသိပေမယ့်...ငါ မင်းကို တစ်ခုတော့ ရှင်းရှင်းလင်းလင်းသိအောင်ပြောလိုက်မယ်...တကယ်လို့ လုယွီသာ အထဲမှာသေသွားခဲ့ရင် ပြဿနာအကြီးကြီးတစ်ခု ဖြစ်လာလိမ့်မယ်"
ထျန်းပိုယန်က သရော်တော်တော် တုံ့ပြန်ပြောဆိုသည်။
"မင်း ဘာတွေပြောနေတာလဲ...ငါက သူ့ကို ဘာလို့ပစ်မှတ်ထားရမှာလဲ...ငါက မင်းရဲ့ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်ပူပန်နေတာလေ...ငါက မင်းတို့ကို အထဲဝင်ခွင့်မပြုတာက မင်းတို့ကောင်းဖို့အတွက်ပဲ"
ထျန်းယွဲ့သည် ထျန်းပိုယန်ထိုင်ရန်အတွက် ထိုင်ခုံတစ်လုံးကိုပင် ယူဆောင်လာခဲ့သည်။
ထျန်းပိုယန်သည် သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံ၏ရှေ့၌ ထိုင်နေလေ၏။ကြည့်ရသည်မှာ သူသည် လုယွီအား မည်သူမျှမကယ်တင်နိုင်စေရန်အတွက် စိတ်ပိုင်းဖြတ်ထားပုံပင်။
"ကောင်းပြီလေ...ဒီနေ့ ငါ မင်းကို ပြောပြလိုက်မယ်...လုယွီက သူတော်စင်ရဲ့တပည့်ပဲ...ပြီးတော့ သူက တိုက်ရိုက်တပည့်တစ်ယောက်...ကျန်တာတွေကိုတော့ မင်းဟာမင်း စဥ်းစားဆုံးဖြတ်တော့"
ချန်းကျင်းက ထျန်းပိုယန်ထံသို့ အသံပေးပို့လိုက်သည်။
ထျန်းပိုယန်၏ထီမထင်သော မျက်နှာအမူအယာ ရုတ်တရက်ပြောင်းလဲသွားသည်။သူက မျက်မှောင်ကြုတ်ကာ ပြောဆိုလိုက်၏။
"မင်းပြောနေတာ အမှန်ပဲလား"
ချန်းကျင်းက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။သူသည် ယခုချိန်၌ ထျန်းပိုယန်အား ရှင်းပြလိုစိတ်ရှိမနေချေ။
ဤအချိန်အခိုက်အတန့်တွင် ထျန်းပိုယန်၏ဇဝေဇဝါဖြစ်နေမှုများအားလုံး ရှင်းလင်းသွားလေပြီ။
ဤသတင်းသည် သူ၏စိတ်နှလုံးသားကို မိုးကြိုးဖြင့်ရိုက်ခတ်လိုက်သကဲ့သို့ပင်။
ကျောင်းတော်မှ ခေါင်းမာသောလူအိုကြီးတစ်သိုက်သည် လုယွီအား အလွန်ကာကွယ်ပေးနေသည်မှာ အံ့အားသင့်စရာမရှိတော့ချေ။
ကျောင်းအုပ်ကြီးသည် လုယွီအား ကိုယ်တိုင်ကိုယ်ကျ ထောက်ခံပေးခဲ့သည်မှာလည်း အံ့အားသင့်စရာ မဟုတ်တော့ချေ။
နဂါးအစောင့်တပ်သို့ဝင်ရောက်ရန်ဟူသည်မှာ ပြောသလောက်လွယ်ကူသော ကိစ္စတစ်ရပ်မဟုတ်ချေ။ထိုတပ်အတွင်း၌ရရှိသော အရင်းအမြစ်များကို သာမာန်လူများ စိတ်ကူးပင်ယဥ်ကြည့်ဖူးမည်မဟုတ်ပေ။မည်သည်ကြောင့် အနက်ရောင်ဝတ်ရုံဝတ်လူ၏နောက်မှအင်အားစုသည် ထျန်းပိုယန်ကို ဤကဲ့သို့တန်ကြေးမျိုးပေးကာ လုယွီအား ကျောင်းတော်မှ မောင်းထုတ်ခိုင်းခဲ့သနည်း။
ယခုလက်ရှိချိန်၌ အရာအားလုံး ရှင်းလင်းသွားလေပြီ။
ထျန်းပိုယန်သည် လုယွီအား မောင်းထုတ်နိုင်သည်နှင့် လုယွီသည် သူတော်စင်၏ကာကွယ်ပေးမှုကို ဆုံးရှုံးသွားကာ ကျောင်းတော်၏အစွန့်ပစ်ခံတပည့်တစ်ယောက်ဖြစ်သွားပေမည်။
ထိုအချိန်ကျလျှင် အနက်ရောင်ဝတ်ရုံဝတ်လူ၏နောက်မှ အင်အားစုသည် နည်းလမ်းအမျိုးမျိုးကိုအသုံးပြုကာ လုယွီအား ရင်ဆိုင်နိုင်ပေမည်။
ထျန်းပိုယန်ကမူ သူတော်စင်နှင့်အနက်ရောင်ဝတ်စုံဝတ်လူ၏အင်အားစုအကြားမှ စတေးခံတစ်ယောက်အဖြစ် အဆုံးသတ်ရနိုင်သည်။
ရုတ်ချည်းဆိုသလိုပင် ထျန်းပိုယန်၏ခန္ဓာကိုယ်တစ်ခုလုံး ချွေးစေးများဖြင့် စိုရွှဲသွားတော့သည်။
"အခု မင်း ငါ့ကို ဟန့်တားချင်သေးလား"
ချန်းကျင်းက အေးစက်စက် အော်ငေါက်လိုက်၏။
ထျန်းပိုယန်၏မျက်လုံး ဂဏမငြိမ်ဖြစ်သွားသည်။အချိန်အတော်ကြာပြီးနောက် သူက စိတ်ပိုင်းဖြတ်လိုက်ပုံရကာ အံ့တင်းတင်းကြိတ်၍ပြောဆိုသည်။
"မရဘူး"
ယခုလက်ရှိချိန်၌ သူသည် လမ်းဆုံးသို့ရောက်ရှိနေလေပြီ။
သူ၏ကတိစကားကိုဖြည့်ဆည်းပေးပြီးနောက် အနက်ရောင်ဝတ်ရုံဝတ်လူသည် သူ့အား တော်ဝင်မြို့တော်သို့ခေါ်ဆောင်သွားကာ မည်သည့်ပြဿနာမျှမရှိဘဲ နဂါးအစောင့်တပ်အတွင်းသို့ ပြောင်းရွှေ့ပေးရန်တစ်ခုတည်းသာ သူ မျှော်လင့်၍ရတော့သည်။
"မင်း"
အံ့အားသင့်တုန်လှုပ်မှုများက ချန်းကျင်း၏စိတ်နှလုံးသားအတွင်း၌ ဖြတ်ပြေးသွားသည်။
ထျန်းပိုယန်သည် သူတော်စင်ယီဟန်ကိုပင် လျစ်လျှုရှုထားလေ၏။ထျန်းပိုယန်၏နောက်တွင် မည်ကဲ့သို့အစွမ်းထက်သောအင်အားစုမျိုး ပုန်းအောင်းနေသည်ကို သူ မသိရှိချေ။
သူတို့နှစ်ယောက်၏အခြေအနေ တင်းမာနေစဥ်မှာပင် ထျန်းပိုယန်၏နောက်ရှိ ကူးပြောင်းရေးဝင်္ကပါမှနေ၍ ရုတ်တရက် လေဟာနယ်လှုပ်ခတ်မှုလှိုင်းများ ထွက်ပေါ်လာသည်။
ထိုလေဟာနယ်လှုပ်ခတ်မှုလှိုင်းများသည် အဆက်မပြတ်ထွက်ပေါ်နေကာ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားလေ၏။
"ကြည့်ကြအုံး...ကူးပြောင်းရေးဝင်္ကပါ လှုပ်ရှားနေတယ်"
"ဖြစ်နိုင်တာတော့...."
လူများအားလုံးက ထိုနေရာသို့ အလျင်စလို ကြည့်လိုက်ကြသည်။
ကူးပြောင်းရေးဝင်္ကပါမှနေ၍ လူရိပ်နှစ်ရိပ်ထွက်ပေါ်လာသည်။
ရှေ့မှဦးဆောင်လာသူမှာလုယွီဖြစ်ပြီး သူ၏နောက်တွင် ယွဲ့ချင်းရန်က လိုက်ပါလာလေ၏။
"ဒါက တကယ့်ကို လုရှီဖြစ်နေတာပဲ"
"ဟား ဟား ဟား...ငါ သိသားပဲ...လုရှီက ဒီလိုနေရာငယ်လေးမှာ ဘယ်လိုလုပ်ပြီး သေသွားမှာလဲ"
"ငါက အစကတည်းက မျှော်လင့်ထားပြီးသား...လုရှီရဲ့ခွန်အားက သာမာန်လူတွေယှဥ်ပြိုင်နိုင်တဲ့အရာမျိုးမဟုတ်ဘူး"
"ထူးဆန်းတယ်...လုရှီရဲ့နောက်ကလူက ဘယ်သူပါလိမ့်"
လုယွီ၏နောက်၌ရှိနေသူကိုမြင်ချိန်တွင် သူတို့အားလုံး ဇဝေဇဝါဖြစ်သွားကြသည်။
ဤအချိန်အခိုက်အတန့်တွင် ယွဲ့ချင်းရန်၏အဝတ်အစားများ စုတ်ပြတ်သတ်နေသည်။သူ၏မေးရိုးတလျှောက် မုတ်ဆိတ်ကျင်စွယ်များရှိနေကာ သူ၏မျက်လုံးသည် အဖိုးအိုတစ်ယောက်ကဲ့သို့ မှုံမှိုင်းပြီး သွေးရောင်သန်းနေလေ၏။
တချို့လူများသည် ယွဲ့ချင်းရန်၏မျက်နှာကိုမြင်တွေ့ချိန်တွင် တစ်နေရာရာ၌ရင်းနှီးနေသည်ဟု ခံစားရသော်လည်း သူတို့ တွေးတောကြည့်ချိန်တွင် သူ၏နာမည်ကို အမှတ်မရချေ။
"ချင်းရန်...တကယ်ပဲ မင်းလား"
ထိုအချိန်မှာပင် အိုမင်းနေသောမဟာကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်က မယုံကြည်နိုင်သောအမူအယာဖြင့် ရှေ့သို့ထွက်လာကာ တုန်ရီနေသောလေသံဖြင့် ပြောဆိုသည်။
Chapter 2597
ယွဲ့ချင်းရန်သည် ကောင်းကင်ပြာကြီးကို တဖန်ပြန်၍မြင်တွေ့ရချိန်တွင် အနည်းငယ်ကြက်သေသေနေသည်။
မဟာကွန်ဖြူးရှပ်ပညာရှင်အိုကြီး၏အသံကိုကြားချိန်တွင် သူက ချက်ချင်းလှည့်ကြည့်လိုက်၏။
"ဆရာသခင်...ကျွန်တော် ပြန်လာပြီ"
ယွဲ့ချင်းရန်သည် အလွန်စိတ်လှုပ်ရှားနေကာ တုန်တုန်ရီရီဖြင့် မဟာကွန်ဖြူးရှပ်ပညာရှင်အိုကြီး၏ရှေ့၌ ဒူးထောက်လိုက်သည်။
ဤသည်က ယွဲ့ချင်းရန်၏ဆရာသခင်ပင်။
ယွဲ့ချင်းရန်ပျောက်ဆုံးသွားစဥ်က မဟာကွန်ဖြူးရှပ်ပညာရှင်အိုကြီးသည် သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်းသို့ ကိုးကြိမ်တိုင်တိုင်ဝင်ရောက်၍ ရှာဖွေခဲ့သည်။သို့ရာတွင် သူသည် ယွဲ့ချင်းရန်အား ရှာမတွေ့ခဲ့ချေ။
ဤသည်က သူ၏ဂုဏ်ယူအားထားရဆုံးတပည့်ပင်။အချိန်မည်မျှကြာညောင်းသွားသည်ဖြစ်စေ သူသည် ယွဲ့ချင်းရန်ကို မေ့လျော့သွားမည်မဟုတ်ချေ။
ဆရာနှင့်တပည့် ပြန်လည်ပေါင်းစည်းရချိန်တွင် ပြောစရာစကား အမြောက်အများရှိနေလေ၏။
တခြားတစ်ဖက်တွင် လုယွီ အသက်ရှင်ရက် ပြန်ထွက်လာသည်ကိုမြင်ချိန်တွင် ထျန်းပိုယန်သည် သရဲတစ္ဆေတစ်ကောင်ကို မြင်တွေ့ရသည့်အလား ထိတ်လန့်တုန်လှုပ်သွားသည်။
ထျန်းပိုယန်၏မျက်တောင် ပုတ်ခတ်ပုတ်ခတ်ဖြစ်နေကာ သူက အပြုံးတစ်ခုကိုဖျစ်ညှစ်ပြုံး၍ ပြောဆိုလိုက်သည်။
"လုယွီ...မင်း ပြန်ရောက်လာတာကောင်းတယ်...မင်းသိလား...မင်းကြောင့် ချန်းကျင်းနဲ့ငါ တိုက်ခိုက်ရလုနီးပါးပဲ"
လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။
"သေသင့်တဲ့လူတစ်ယောက်က ပြန်ပြီးထွက်ပေါ်လာခဲ့တယ်...လက်ထောက်ကျောင်းအုပ် ဒေါသထွက်မနေဘူးလား"
ထျန်းပိုယန်က ရယ်မောလိုက်၏။
"မင်း ရယ်စရာပြောနေတာလား...မင်းက ကျောင်းတော်ရဲ့စီနီယာတပည့်တစ်ယောက်လေ...မင်း အသက်ရှင်ရက်ပြန်လာတာကို ငါ ဝမ်းသာတာပေါ့"
"ကောင်းတယ်...ဒါပေမယ့် ဒီတစ်ကြိမ်မှာ ကျုပ် နည်းနည်းတော့စိတ်ပျက်သွားမိတယ်...တချို့လူတွေရဲ့နည်းလမ်းတွေက အရမ်းအဆင့်နိမ့်လွန်းတယ်...ကျုပ် ဒဏ်ရာတောင်မရခဲ့ဘူး...ဒီလိုအတွေ့အကြုံမျိုးက အရမ်းပျင်းဖို့ကောင်းတယ်"
လုယွီက သူ၏ခေါင်းကိုခါယမ်း၍ ပြောဆိုသည်။
ပတ်ဝန်းကျင်ရှိတပည့်များထံမှ ဆူဆူညံညံအသံတချို့ ထွက်ပေါ်လာသည်။
ထျန်းပိုယန်နှင့်လုယွီ၏ စကားပြောဆိုနေမှုမှတဆင့် သူတို့အကြား၌ တင်းမာမှုများရှိနေသည်မှာ သိသာထင်ရှားလှ၏။
တချို့လူများသည် လုယွီ၏စိတ်ဝိညာဥ်မီးတောက် ငြိမ်းသေကာ အာရုံခံ၍မရတော့ခြင်းသည် ထျန်းပိုယန်၏လက်ချက်ဖြစ်နိုင်ကြောင်း ခန့်မှန်းနေကြသည်။
သို့ရာတွင် သူတို့သည် ထိုခန့်မှန်းချက်ကို တိတ်တဆိတ်မြိုသိပ်ထားကာ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်းမရှိချေ။ထိုသို့မဟုတ်ပါက သူတို့သည် လက်ထောက်ကျောင်းအုပ်အား ရန်စစော်ကားသကဲ့သို့ဖြစ်သွားကာ သူတို့ကို ကျောင်းတော်မှထုတ်ပယ်ခြင်းခံရနိုင်သည်။
ထျန်းပိုယန်၏မျက်နှာပြာနှမ်းသွားကာ သူ၏အင်္ကျီလက်ကိုခါယမ်း၍ ဤနေရာမှထွက်ခွါသွားရန် ဟန်ပြင်လိုက်သည်။
လုယွီ အသက်ရှင်ရက်ပြန်ထွက်လာသဖြင့် သူ၏နည်းဗျူဟာ ကျရှုံးသွားပြီဖြစ်ကြောင်းကို သက်သေပြနေသည်။
သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ ထိုသွေးနတ်ဆိုးဘုရင်များသည် လုယွီအား ဟန့်ထားထား၍မရနိုင်ဟု သူ မျှော်လင့်ထားမိခြင်းမရှိချေ။
ဤသည်က စိတ်ကူးယဥ်တွေးတောကြည့်ရန်ပင် အလွန်ခက်ခဲလေ၏။
ထျန်းပိုယန်သည် ဤအစီအစဥ်အတွက် အင်အားများစွာ စိုက်ထုတ်ခဲ့ရသည်။အမှန်အားဖြင့် သူသည် လုယွီအား ပြဿနာရှာရန် နည်းလမ်းမရှိတော့သည့်အဆုံး သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်းသို့ စေလွှတ်လိုက်ခြင်းဖြစ်သည်။
ယခုလက်ရှိချိန်တွင် ထျန်းပိုယန်အတွက် အချိန်များစွာ မကျန်တော့ချေ။
အကယ်၍ သူ လုယွီကို မောင်းမထုတ်နိုင်ပါက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌လည်း သူ ခြေကုပ်ယူ၍ရမည်မဟုတ်တော့ချေ။တော်ဝင်မြို့တော်မှ စုံစမ်းစစ်ဆေးရေးမှူးရောက်လာပါက သူ၏အသက်ကို ထိန်းသိမ်းထားနိုင်ရန်ပင် လွန်စွာခက်ခဲပေမည်။
သူ ထွက်ခွါခါနီးအချိန်မှာပင် လုယွီက ဟန့်တားလိုက်သည်။
"လက်ထောက်ကျောင်းအုပ်ကိုကြည့်ရတာ တစ်ခုခုကို မေ့လျော့နေသလိုပဲ...အခုချိန်ထိ ကျုပ်ရဲ့အမှတ်ကို မစစ်ဆေးရသေးဘူးလေ"
လုယွီက ပေါ့ပေါ့ပါးပါး ပြောဆိုသည်။
ထျန်းပိုယန်က အေးစက်စက်လေသံဖြင့် တုံ့ပြန်ပြောဆိုလေ၏။
"ငါ မင်းကို မျက်နှာသာပေးပြီးပြီ...သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံထဲမှာ အမှားအယွင်းတစ်ခုခု ဖြစ်သွားခဲ့တယ်...တပည့်အများစုရဲ့အမှတ်တွေက အရမ်းနေတယ်...အခုချိန်မှာ မင်းက ကျောင်းတော်ရဲ့ဂုဏ်သတင်းကြီးမားတဲ့သူဖြစ်နေပြီ...တကယ်လို့ မင်းရဲ့အမှတ်က အရမ်းနည်းနေရင်...ငါ အဲ့ဒါကိုကြည့်ဖို့ ပျင်းရိငြီးငွေ့နေမိမှာပဲ"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"တကယ်က ခင်ဗျား ကြည့်တာ မကြည့်တာကို ကျုပ် ဂရုမစိုက်ဘူး...ဒါပေမယ့် ခင်ဗျားက တော်ဝင်စာမေးပွဲအတွက် ရွေးချယ်ခံတွေကို ထုတ်ပြန်ကြေငြာပေးရမယ့် လက်ထောက်ကျောင်းအုပ်ဖြစ်နေတယ်...ကျုပ်ရခဲ့တဲ့အမှတ်တွေကို ကြည့်မပြီးမချင်း ခင်ဗျားသွားလို့မရဘူး"
ခင်ဗျား သွားလို့မရဘူးဟု ဆိုလိုက်သလော...
ဤစကားသည် ထျန်းပိုယန်နှင့်လုယွီအကြားရှိ ဟန်ဆောင်ပန်ဆောင် ဆက်ဆံနေမှုများအားလုံးကို ခွါချလိုက်သကဲ့သို့ပင်။
လုယွီသည် ထျန်းပိုယန်အား လက်ထောက်ကျောင်းအုပ်တစ်ယောက်ကဲ့သို့ ဆက်ဆံခြင်းမရှိတော့ချေ။
ထျန်းပိုယန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ကောင်းပြီလေ...မင်း ဘယ်လောက်အမှတ်များများရခဲ့လဲဆိုတာ ငါ ကြည့်ကြည့်မယ်"
တခြားသူများကလည်း သူတို့၏လည်ပင်းကိုဆန့်၍ လုယွီကို စောင့်ကြည့်နေကြ၏။
ယခင်ကတည်းက သူတို့သည် လုယွီအား စောင့်ဆိုင်းနေခြင်းဖြစ်သည်။သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်းတွင် မတော်တဆမှုတစ်ခု ဖြစ်ပွါးခဲ့သဖြင့် သွေးနတ်ဆိုးများထွက်ပြေးသွားခဲ့ရာ ထိပ်သီးကျောင်းတော်တပည့်တချို့သည် လုံလောက်သောရမှတ်များ မရခဲ့ချေ။အကျိုးဆက်အနေဖြင့် သူတို့အားလုံး၏စုပေါင်းရမှတ်သည်လည်း မြင့်မားခြင်းမရှိချေ။
လုယွီသည် အမှတ်မည်မျှများများ ရရှိခဲ့သနည်း။
Chapter 2598
လူတိုင်း၏မျက်လုံးအကြည့်များက လုယွီပေါ်သို့ စူးစိုက်၍ ကျရောက်နေသည်။
တချို့တပည့်များသည် လုယွီ၏ယခင်အောင်မြင်မှုများအကြောင်းကို ကြားခဲ့ဖူးသော်လည်း သူတို့ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ဖူးခြင်းမရှိချေ။ဤသည်က ကြားစကားများသက်သက်ပင်။ထို့ကြောင့် သူတို့၏မသိစိတ်မှနေ၍ လုယွီကို ယုံကြည်ခြင်းမရှိချေ။
ယခုချိန်သည် လုယွီ၏အရည်အချင်းကို သူတို့ကိုယ်တိုင်မြင်တွေ့ရရန် အကောင်းဆုံးအခွင့်အရေးပင်။
လုယွီက ပေါ့ပေါ့ပါးပါး ပြောဆိုသည်။
"ဒါဆိုရင်လည်း ကောင်းပြီလေ"
ထိုစကားဆုံးသည်နှင့် လုယွီက သူ၏သွေးချီတစ်လှိုင်းကို စမ်းသပ်ကျောက်တုံးပေါ်သို့ ကျရောက်သွားစေသည်။
ဤသည်က တစ်စုံတစ်ယောက်၏သွေးချီဖြင့် စစ်ဆေးနိုင်ရန် အထူးသီးသန့်ပြုလုပ်ထားသောကျောက်တုံးပင်။ထိုသွေးချီမှတဆင့် လုယွီ သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်း၌ ရရှိခဲ့သော အမှတ်များအားလုံးကို စုံစမ်းထောက်လှမ်းနိုင်သည်။
လူတစ်ယောက်နှင့်တစ်ယောက်၏ သွေးချီများမှာ ကွဲပြားခြားနားသည်ဖြစ်ရာ မည်သည့်နည်းနှင့်မျှ အမှားအယွင်းမဖြစ်နိုင်ချေ။
မကြာမီမှာပင် လုယွီ၏ရမှတ် ထွက်ပေါ်လာလေပြီ။
၁.၉၇၃သန်း....
ထိုဂဏန်းထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် လူတိုင်း ထိတ်လန့်တုန်လှုပ်သွားသည်။
"တစ်ထောင်...တစ်သောင်း........"
တချို့လူများသည် ထိတ်လန့်တုန်လှုပ်နေသောအမူအယာများဖြင့် ဆက်လက်၍ရေတွက်နေဆဲပင်။
တခြားတပည့်များသည် အများဆုံးအနေဖြင့် အမှတ်တစ်သောင်းကျော်သာ ရရှိခဲ့သည်။သို့ရာတွင် လုယွီ၏အမှတ်သည် သန်းဂဏန်းထိ ရောက်ရှိသွားလေ၏။
လုယွီ၏နေရာသည် ပထမနေရာ၌ ထွက်ပေါ်လာသည်။သူသည် ဤနေရာနှင့်ထိုက်တန်သူဖြစ်ပြီး သူနှင့်ယှဥ်ပြိုင်နိုင်မည့်သူမရှိချေ။
ယခင်က ပိုင်မင်ဟန်ရရှိထားသော အမှတ်၁၀၅၀၀၀ကိုဖိနှိပ်ရန် မလွယ်ကူဟု လူအများစုက တွေးထင်ထားခဲ့သည်။သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် သူတို့၏အတွေးအမြင်များကို ပြောင်းလဲသွားစေသည်။
"မျှော်လင့်ထားသလိုပဲ လုရှီကတော့ တကယ့်ကိုထူးချွန်တဲ့သူပဲ....သူက လက်ထောက်ကျောင်းအုပ်ကိုတောင် ထိပ်တိုက်စိန်ခေါ်ဝံ့တယ်"
"အမှန်ပဲ...အရင်တုန်းကတော့ လက်ထောက်ကျောင်းအုပ်ပိုင်မင်ဟန်က အမှန်တစ်သိန်းကျော်ရထားခဲ့တယ်...သူ့ကို ရှားပါးတဲ့ပါရမီရှင်တစ်ယောက်လို့ ယူဆနိုင်တယ်...ဒါပေမယ့် မမျှော်လင့်ဘဲ လုရှီက သူ့ထက်ပိုပြီး သာလွန်နေတယ်"
"တကယ်လို့ လုရှီသာ တော်ဝင်စာမေးပွဲကို ဝင်ဖြေမယ်ဆိုရင်....ပထမနေရာကို ရနိုင်တယ်"
"တိတ်စမ်း...ဒီလိုစကားတွေကို လက်လွတ်စပါယ်မပြောစမ်းနဲ့...ဒါက လုရှီကို သတ်နေတာနဲ့အတူတူပဲ...ကောင်းကင်ဘုံနယ်မြေထဲမှာ မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေရှိတယ်...ကျောင်းတော်ငါးခုအပြင် ကြယ်မြစ်စာမေးပွဲတွေကနေ ထွက်မယ့်လာမယ့် ပါရမီရှင်တွေရှိတယ်...ငါတို့က ဒီကိစ္စတွေကို သီးသန့်ပဲဆွေးနွေးသင့်တယ်...တကယ်လို့ ဒီကိစ္စပေါက်ကြားသွားရင် လုရှီအတွက် အခက်အခဲတွေရှိလာနိုင်တယ်"
လူများအားလုံး ထိတ်လန့်တုန်လှုပ်နေကြခြင်းအပြင် တချို့လူများသည် လုယွီ သန်းနှင့်ချီသောအမှတ်များ မည်ကဲ့သို့ရရှိခဲ့သည်ကို သံသယဝင်နေကြ၏။
"ငါတို့ သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံထဲကိုဝင်ပြီး မကြာခင်မှာပဲ သွေးနတ်ဆိုးတွေ ထွက်ပြေးသွားကြတယ်...လုရှီက ဘယ်လိုလုပ်ပြီးတော့ ဒီလောက်အမှတ်အများကြီး ရခဲ့တာလဲ"
သူတို့သည် လုယွီ၏အမှတ်များ အစစ်အမှန်ဟုတ်မဟုတ်ကို တိုက်ရိုက်မမေးမြန်းဝံ့ချေ။သူတို့သည် လုယွီ မည်သည့်နည်းဖြင့် ဤကဲ့သို့အမှတ်များရရှိခဲ့သည်ကိုသာ မေးမြန်းနိုင်ခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ လုယွီ၏နာမည်ဂုဏ်သတင်းသည် အထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။အကယ်၍ တစ်စုံတစ်ယောက်သည် လုယွီအား တိုက်ရိုက်မေးမြန်းဝံ့ပါက ထိုလူသည် တပည့်အမြောက်အများ၏ ဝိုင်းအုံတိုက်ခိုက်ခြင်းကို ခံရပေမည်။
ထိုအချိန်မှာပင် ယွဲ့ချင်းရန်က ရုတ်တရက် မတ်တတ်ထရပ်လိုက်၏။
သူသည် သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်း၌ ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို ထုတ်ဖော်ပြောဆိုလိုက်သည်။
ထိုအချိန်ကျမှသာ လူအများသည် သူတို့ရှေ့တွင်မတ်တတ်ရပ်နေသူမှာ လွန်ခဲ့သောနှစ်ပေါင်းများစွာအကြာကတည်းက ပျောက်ဆုံးနေခဲ့သော စီနီယာတပည့်ယွဲ့ချင်းရန်ဖြစ်နေကြောင်း သိရှိလိုက်ရသည်။
ထို့ပြင် မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်မှ အသိအမှတ်ပြုထားသဖြင့် ယွဲ့ချင်းရန်၏သရုပ်မှန်မှာ မှားယွင်းစရာမရှိချေ။
လုယွီသည် လူသားများအားအမဲလိုက်ရန် သွေးနတ်ဆိုးများတည်ဆောက်ထားသော အမဲလိုက်ကွင်းပြင်အတွင်း၌ လှောင်ပိတ်မိနေခဲ့သည်ဟူသော အကြောင်းကိုကြားချိန်တွင် လူတိုင်းက သူတို့၏လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်လိုုက်ကြ၏။
"အဲ့ဒီသွေးနတ်ဆိုးတွေက တကယ့်ကိုသေသင့်တယ်...သူတို့က လူသားတွေကိုသတ်ဖို့ အမဲလိုက်ကွင်းပြင်တွေကိုတောင် တည်ဆောက်ထားဝံ့တယ်"
"အဲ့ဒီအမဲလိုက်ကွင်းပြင်ထဲမှာ ကျောင်းတော်တပည့်တွေ ဘယ်လောက်တောင်သေဆုံးခဲ့ရပြီလဲမသိဘူး...နောက်တစ်ကြိမ်ကျရင် ငါ သွေးနတ်ဆိုးတွေကိုတွေ့တာနဲ့ သူတို့အားလုံးကိုသတ်ပစ်မယ်"
ကျောင်းတော်တပည့်များအားလုံး ဒေါသထွက်နေကြသည်။
သူတို့သည် အစဥ်အမြဲ သွေးနတ်ဆိုးများကို တိုက်ခိုက်သတ်ဖြတ်ခဲ့သည်။ထိုသွေးနတ်ဆိုးများသည် ဤကဲ့သို့တုံ့ပြန်တိုက်ခိုက်မည်ဟု သူတို့အားလုံး မျှော်လင့်မထားမိကြချေ။
သို့သော် ယွဲ့ချင်းရန်သည် သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်း၌ လုယွီ၏လုပ်ဆောင်ချက်များကို တစ်ခုပြီးတစ်ခု ဆက်၍ရှင်းပြလိုက်သည်။
ထိုစကားများကိုကြားချိန်တွင် လူတိုင်း ကြက်သေသေသွားကြသည်။
လုယွီသည် သွေးနတ်ဆိုးများ၏အမဲလိုက်ကွင်းပြင်မှ ထွက်လာနိုင်ရုံသာမက သွေးနတ်ဆိုးဘုရင်သုံးကောင်ကိုလည်း သတ်ခဲ့လေ၏။
ထို့ထက်ပို၍ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောကိစ္စမှာ လုယွီသည် တိုက်ခိုက်မှုတစ်ခုတည်းဖြင့် သန်းနှင့်ချီသောသွေးနတ်ဆိုးများကို သတ်ဖြတ်ခဲ့ခြင်းပင်။
ဤသည်က မည်ကဲ့သို့စွမ်းအားမျိုးဖြစ်သနည်း။
မည်သူမျှ မသိသည့်အပြင် ထိုကိစ္စကို တွေးတော၍ပင်မကြည့်ဖူးချေ။
သူတို့အနက်မှအများစုသည် သွေးနတ်ဆိုးများနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခဲ့ဖူးသည်။ထိုသွေးနတ်ဆိုးများကို ရင်ဆိုင်ရသည်မှာ မည်မျှထိခက်ခဲသည်ကို သူတို့ သိရှိသဖြင့် လုယွီကို ပို၍ရိုသေလေးစားနေကြသည်။
Chapter 2599
"အိုး...နတ်ဘုရားများ...ဒါက သန်းနဲ့ချီတဲ့အမှတ်တွေ ဘယ်လိုရလာတာလဲ ဆိုတာပေါ့"
"သွေးနတ်ဘုရားကြေးချွတ်သန့်စင်ရဲ့စမ်းသပ်ကျောက်တုံးက ဘယ်တုန်းကမှ အမှားအယွင်းမရှိခဲ့ဘူး...ကြည့်ရတော့ သန်းနဲ့ချီတဲ့သွေးနတ်ဆိုးတွေကို သတ်နိုင်တဲ့အရည်အချင်းမျိုး လုရှီမှာ တကယ်ရှိနေပုံပဲ"
"သွေးနတ်ဆိုးဘုရင်တွေကိုတောင် လုရှီက အလွယ်တကူသတ်ဖြတ်ခဲ့တယ်...ဒါက လုယွီရဲ့ခွန်အားက ရွှယ်အင်မော်တယ်တွေနဲ့ယှဥ်ပြိုင်လို့ရပြီလို့ ဆိုလိုတာမဟုတ်လား"
"ဒါက ဖြစ်နိုင်တယ်...တော်ဝင်စစ်ရေးဌာနက ထုတ်ပြန်ခဲ့တဲ့ သတင်းတစ်ခုမှာ လုရှီက ရှုရာဧကရာဇ်ကိုသတ်ဖြတ်ခဲ့တယ်လို့ပြောထားတာ ငါ မှတ်မိတယ်...အရင်တုန်းက ဒါကို သတင်းမှားဖြစ်မယ်လို့ ငါ ထင်ခဲ့တာ...အခုကြည့်ရသလောက်တော့ ဒါက အမှန်ဖြစ်နေပုံပဲ"
ဤအချိန်အခိုက်အတန့်တွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ လုယွီ၏ပုံရိပ်သည် ပို၍ကြီးမားလာပေ၏။
သူသည် တခြားကျောင်းတော်တပည့်များကို သင်ကြားပေးနိုင်သော အရည်အချင်းမျိုး ရှိနေရုံသာမက သူ့ထံတွင် ကြီးမားသောခွန်အားလည်းရှိနေသည်။
တချို့တပည့်များသည် အလွန်စိတ်လှုပ်ရှားနေကာ လုယွီအား သူတို့၏ဆရာသခင်အဖြစ်တင်မြှောက်ရန် ကြံရွယ်နေကြ၏။
လူတိုင်းသည် လုယွီအား သူတို့၏စိတ်နှလုံးသားများ၏ နက်ရှိုင်းသောနေရာမှလာသည့် ဆန္ဒအတိုင်း လုရှီဟု ခေါ်ဆိုခြင်းဖြစ်သည်။
လုယွီကို စူးစိုက်ကြည့်နေသော လူတိုင်း၏မနာလိုအားကျသောအကြည့်များအောက်တွင် ထျန်းပိုယန်၏မျက်နှာအမူအယာ ပျက်ယွင်းစပြုလာသည်။
လုယွီထံတွင် ဤကဲ့သို့အရည်အချင်းမျိုးရှိနေမည်ဟု သူ မျှော်လင့်မထားမိချေ။
အကယ်၍ ယခင်ကဆိုလျှင် ထိုအမှတ်များသည် အတုအယောင်ဟုတ်မဟုတ် သူ မေးခွန်းထုတ်မိမည်မှာ သေချာပေါက်ပင်။သို့ရာတွင် လုယွီ၏အဆင့်အတန်းမှန်ကို သိရှိပြီးနောက် ထျန်းပိုယန်သည် ယခင်ကဲ့သို့ မဆင်မခြင်ပြုလုပ်ဝံ့ခြင်းမရှိချေ။
လုယွီသည် သူတော်စင်ယီဟန်၏တိုက်ရိုက်တပည့်တစ်ယောက်ပင်။
ယီဟန်၏တိုက်ရိုက်တပည့်များကို လက်တစ်ဖက်တည်းဖြင့်ပင် ရေတွက်၍ရနိုင်သည်။ထိုတပည့်များအနက်မှ မည်သည့်တစ်ယောက်မဆို ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးကို လှုပ်ခါနိုင်စွမ်းရှိသော အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ပင်။
ဖူကျစ်ရွှယ်တစ်ယောက်တည်း အကြောင်းကိုစဥ်းစားကြည့်လျှင်ပင် ထိုအချက်ကို ကောင်းစွာသိရှိနိုင်သည်။သူသည် အသက်လေးဆယ်သာရှိသေးသော်လည်း အတွင်းဝန်ရုံး၌ အတွင်းဝန်အမတ်ကြီးတစ်ယောက် ဖြစ်နေလေပြီ။သူသည် အရာရှိများနှင့်အမတ်ကြီးများအကြား၌ ထိပ်ဆုံးနေရာမှရပ်တည်နေကာ မည်သူကမျှ သူ့ကို လွယ်လင့်တကူမပြစ်မှားဝံ့ချေ။
ထို့ကြောင့် လုယွီ ဤကဲ့သို့ရမှတ်မျိုးရရှိသည်မှာ အံ့အားသင့်စရာမရှိချေ။
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"လက်ထောက်ကျောင်းအုပ်ထျန်း...နာမည်စာရင်းကြေငြာဖို့ အချိန်ကျပြီလေ"
"ဒါက ကျောင်းတော်အတွက် ကိစ္စကြီးတစ်ခုပဲ...ငါတို့ ဂရုစိုက်ရမယ်...မင်းက ရက်နည်းနည်းလောက်တောင် မစောင့်နိုင်ဘူးလား"
ထျန်းပိုယန်က လေသံဖျော့ဖျော့ဖြင့် ပြောဆိုလေ၏။
ချန်းကျင်းက အေးစက်စက်လေသံဖြင့် အော်ငေါက်လိုက်သည်။
"စမ်းသပ်ပွဲပြီးတာနဲ့ နာမည်စာရင်းကိုချက်ချင်းကြေငြာရတာ ထုံးစံပဲလေ...မင်းက ဘာကို စောင့်နေတာလဲ"
ပတ်ဝန်းကျင်ရှိလူများက ထူးဆန်းသောအကြည့်များဖြင့် ထျန်းပိုယန်ကို ကြည့်နေကြသည်။
ယခုလက်ရှိချိန်တွင် ထျန်းပိုယန်သည် သူ၏အကြံအစည်များအားလုံး ဖျက်ဆီးခံလိုက်ရသော လူရမ်းကားတစ်ယောက်နှင့် တူညီနေသည်။သူသည် ကူကယ်ရာမဲ့စွာဖြင့် ရူးသွပ်သွားလုနီးပါးပင်။
ထိုအချိန်မှာပင် လုယွီက ထျန်းပိုယန်ကိုကြည့်ကာ အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"ဒီနေ့ ကျုပ်က နာမည်စာရင်းထုတ်ပြန်တာကို လိုချင်တယ်...မဟုတ်လို့ကတော့ ငါက လက်ထောက်ကျောင်းအုပ်ပိုင်မင်ဟန်ကို သွားရှာရလိမ့်မယ်"
ပိုင်မင်ဟန် ကျောင်းတော်မှထွက်ခွါသွားသော်လည်း လုယွီသည် သူမ၏အငွေ့အသက်ကို ဝိုးတဝါးအာရုံခံမိလေ၏။သူမသည် မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေအတွင်း၌သာ ရှိနေသည်။
လူတိုင်းသည် ထိုအချိန်ကျမှသာ လက်ထောက်ကျောင်းအုပ်သည် တစ်ယောက်တည်းမဟုတ်ကြောင်း အမှတ်ရသွားကြ၏။
"မင်း...."
ထျန်းပိုယန်၏မျက်နှာ သုန်မှုန်သွားသည်။လုယွီ၏အကြောင်းပြချက်မှာ အမှန်တကယ်ကိုပင် အပြစ်အနာအဆာကင်းမဲ့နေသည်။
သာမာန်အခြေအနေမျိုးတွင် ပိုင်မင်ဟန်သည် တံခါးပိတ်ကျင့်ကြံနေလေ့ရှိပြီး ကျောင်းတော်၏အရေးကိစ္စများတွင် စီမံဆောင်ရွက်ခြင်းမရှိချေ။ထို့ကြောင့် ကိစ္စအများစုတွင် လူအများသည် မသိစိတ်မှနေ၍ သူမကို လျစ်လျှူရှုထားလေ့ရှိသည်။
သို့ရာတွင် ဤသည်က သူမထံတွင် အခွင့်အာဏာမရှိဟု ဆိုလိုခြင်းမဟုတ်ချေ။အမှန်အားဖြင့် ပိုင်မင်ဟန်သည် ကျောင်းတော်အတွင်း၌ ထျန်းပိုယန်နှင့်တူညီသောအခွင့်အာဏာရှိသူဖြစ်သည်။
လုယွီသာ ပိုင်မင်ဟန်ကိုသွားရောက်ရှာဖွေသည်နှင့် သူ မည်သို့ပင် ဟန့်တားနေပါစေ အသုံးဝင်မည်မဟုတ်ချေ။
"ထိပ်ဆုံးအယောက်ငါးဆယ်က တော်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့်ရမယ်"
ထျန်းပိုယန်၏မျက်နှာက သုန်မှုန်နေသည်။သူ၏အင်္ကျီလက်အတွင်းမှ စာရွက်တစ်ရွက် ပျံဝဲထွက်သွားသည်။ထို့နောက် စမ်းသပ်ကျောက်တုံးပေါ်မှ ထိပ်ဆုံးအယောက်ငါးဆယ်၏နာမည်များက စာရွက်ပေါ်သို့ ပျံဝဲ၍ရောက်ရှိလာပေ၏။
ထို့နောက် ထျန်းပိုယန်က စည်းတံဆိပ်တစ်ခုကိုထုတ်ယူကာ ထိုစာရွက်ပေါ်သို့ ခတ်နှိပ်လိုက်သည်။
ထိုစည်းတံဆိပ်ခတ်နှိပ်လိုက်သည်နှင့် စာရွက်တစ်ရွက်လုံးကို လျှို့ဝှက်ဆန်းကြယ်သောအားလှိုင်းတစ်ရပ်က လွှမ်းခြုံသွားသည်။ထို့နောက် စာရွက်သည် လောင်ကျွမ်းသွားကာ ပြာအခိုးအငွေ့များအဖြစ်ပြောင်းလဲသွားပြီး လေထုအတွင်းသို့မြင့်တက်ကာ လေဟာနယ်နှင့်ပေါင်းစပ်သွားတော့သည်။
ဤသည်က ယခုနှစ် တော်ဝင်စာမေးပွဲတွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ ဝင်ရောက်ဖြေဆိုမည့်ကျောင်းတော်သားများစာရင်းကို တော်ဝင်ကျောင်းတော်သို့ ပေးပို့လိုက်ခြင်းပင်။
ထိုစာရင်းအတွင်း၌ပါဝင်သူများသည် မည်သည့်တံဆိပ်ပြားမျှမရှိလျှင်ပင် တော်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုနိုင်သည်။
Chapter 2600
လူအများစုသည် တော်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုနိုင်မည်ဟု တွေးတောထားမိခြင်းမရှိချေ။သို့ရာတွင် သူတို့သည် သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်း၌ ရလဒ်ကောင်းများရရှိခဲ့သဖြင့် ထိုအခွင့်အရေးကို ရရှိသွားကြသည်။
"မဟုတ်ဘူး...ဘယ်လိုလုပ်ပြီးတော့ ငါက အရည်အချင်းမပြည့်မီတဲ့သူ ဖြစ်သွားတာလဲ...ဒါက အတုအယောင်ပဲ...ဘယ်လိုလုပ်ပြီးတော့ သူက ဒီလောက်အမှတ်တွေအများကြီး ရနိုင်မှာလဲ...ဒါက အတုလုပ်ထားတာပဲဖြစ်ရမယ်"
လူအုပ်အကြားမှနေ၍ ငိုညည်းသံတစ်သံ ထွက်ပေါ်လာသည်။
လူအုပ်ကြီးက ထိုအသံထွက်ပေါ်လာသောနေရာသို့ တစ်ချက်ကြည့်လိုက်ရာ ထျန်းယွဲ့ဖြစ်နေကြောင်းကို တွေ့မြင်မိကြ၏။
သူ၏မျက်လုံးများသည် နီမြန်းနေကာ လေဟာနယ်အတွင်း၌ပျောက်ကွယ်သွားသော စာရွက်ကို စူးစိုက်၍ကြည့်နေသည်။သူ၏မျက်နှာပေါ်၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေပေ၏။
ထျန်းယွဲ့၏အမှတ်သည် မူလက အဆင့်ငါးဆယ်နေရာ၌ရှိနေသည်။
အကယ်၍ လုယွီသာရောက်မလာပါက သူသည် တော်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုရန် အရည်အချင်းပြည့်မီသွားလေပြီ။
ထျန်းပိုယန်သည် အသေအချာတွက်ချက်ခဲ့သော်လည်း သူ့မိသားစုဝင်၏အရည်အချင်းသည် အလွန်ဆိုးရွားနေမည်ဟု သူ မျှော်လင့်မထားမိချေ။
ထျန်းယွဲ့ သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံ စမ်းသပ်ပွဲကို အောင်မြင်နိုင်ရန်အလို့ငှါ ထျန်းပိုယန်သည် အထူးသီးသန့်စီစဥ်၍ ထျန်းယွဲ့ကို အားအနည်းဆုံးသွေးနတ်ဆိုးမျိုးနွယ်ထံ ပို့ဆောင်ခဲ့သည်။သူသည် ထျန်းယွဲ့ကို အခက်အခဲများနှင့် ရင်ဆိုင်စေလိုခြင်းမရှိချေ။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ထျန်းယွဲ့အတွက် ဤစမ်းသပ်မှုသည် အလွန်အမင်း ခက်ခဲနေဆဲပင်။အားအနည်းဆုံးသွေးနတ်ဆိုးမျိုးနွယ်ဖြစ်သည့်တိုင် ထျန်းယွဲအား ခေါင်းကိုက်စေခဲ့သည်။
ယခုလက်ရှိချိန်တွင် လုယွီသည် ရုတ်တရက်ထွက်ပေါ်လာပြီး ပထမနေရာကို သိမ်းပိုက်သွားလေရာ သူ၏ခွဲတမ်းနေရာကို ဆုံးရှုံးသွားရလေပြီ။
ကျောက်စိမ်းဆေးမီးဖိုအတွင်းသို့ဝင်ရောက်လာသော ကျောင်းတော်သားအများစု၏ရည်ရွယ်ချက်မှာ တော်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုနိုင်ရန်ပင်။
ယခုချိန်တွင် သူ့အတွက် ခွဲတမ်းနေရာမရှိတော့ချေ။သူ နောက်ထပ်သုံးနှစ် ထပ်မံ၍စောင့်ဆိုင်းရပေမည်။
ကျင့်ကြံသူများအတွက် သုံးနှစ်ဆိုသည်မှာ တိုတောင်းသောအချိန်ကာလဖြစ်သည်။သို့ရာတွင် ထျန်းပိုယန်သည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ ထွက်ခွါသွားရန်စီစဥ်နေကြောင်းကို ထျန်းယွဲ့က ကောင်းစွာသိရှိထားလေ၏။ထိုအချိန်ကျလျှင် အကယ်၍ ထျန်းပိုယန်၏အထောက်အပံမရှိတော့ပါက ကျောင်းတော်အတွင်း၌ ထျန်းယွဲ့၏အခြေအနေ လွန်စွာဆိုးရွားသွားပေမည်။
ထျန်းယွဲ့၏အကျင့်စရိုက်ဖြင့် သူသည် ကျောင်းတော်အတွင်း၌ ရန်ငြိုးများစွာ ဖွဲ့ထားပြီးလေပြီ။သူ၏ကျောထောက်နောက်ခံသာ ဆုံးရှုံးသွားပါက ထိုလူများသည် သူ့အားအုပ်စုဖွဲ့၍ ဝိုင်းဝန်းတိုက်ခိုက်ကြပေမည်။ဤသည်က သူ့အတွက် အလွန်စိုးရိမ်ပူပန်စရာ ကိစ္စတစ်ရပ်ပင်။
"မိသားစုခေါင်းဆောင်...ကျွန်တော်ကို ကူညီပါအုံး"
ထျန်းယွဲ့သည် ထျန်းပိုယန် သူ့အားကူညီပေးရန်မျှော်လင့်ချက်ဖြင့် အသံပေးပို့၍ အကူအညီတောင်းခံလိုက်၏။
သို့ရာတွင် သူအံ့အားသင့်သွားရသည်မှာ ထျန်းပိုယန်သည် မည်သည့်စကားမျှမဆိုပဲ ထွက်ခွါသွားခြင်းကြောင့်ပင်။
ထျန်းယွဲ့၏မျက်နှာအမူအယာ ပျက်ယွင်းသွားကာ နောက်ဆုံးတွင် သူ့ထံ၌ ရွေးချယ်စရာမရှိတော့သဖြင့် ထျန်းပိုယန်နောက်သို့ လိုက်ပါသွားတော့သည်။
ဤအခြေအနေမျိုးသည် တခြားကျောင်းတော်တပည့်များ၏လှောင်ပြောင်သရော်မှုအောက်မှ မည်သည့်နည်းဖြင့် လွတ်မြောက်နိုင်မည်နည်း။
"ဟား ဟား ဟား...ထျန်းယွဲ့က ဒါနဲ့ပဲထိုက်တန်တယ်...သူ့လိုလူစားမျိုးသာ တော်ဝင်စာမေးပွဲမှာ ဝင်ဖြေလို့ကတော့ ငါတို့ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွက် အရှက်ရစရာကိစ္စပဲဖြစ်လာမှာ"
"သူက မောက်မာပြီးတော့ ကျောင်းတော်ထဲမှာ အနိုင်ကျင့်ဗိုလ်ကျနေတာ...ငါ သူ့ကို သည်းခံနေတာအချိန်အတော်ကြာနေပြီ...အခုချိန်က သူ စိတ်ချောက်ချားနေတာကို ငါ ပျော်ပျော်ကြီးထိုင်ကြည့်ရမယ့်အချိန်ပဲ"
ကျောင်းတော်တပည့်များသည် ထျန်းယွဲ့ကို လှောင်ပြောင်သရော်နေကြ၏။
ချန်းကျင်းက ရှေ့သို့တိုးကာ ပြောဆိုသည်။
"လုယွီ...ရက်အနည်းငယ်အတွင်းမှာ မင်းကို တပည့်ခေါင်းဆောင်အဖြစ်ရွေးချယ်ဖို့ ငါတို့က ထောက်ခံပေးထားတယ်...မင်း ဆန္ဒရှိလားဆိုတာ ငါ သိချင်တယ်"
တပည့်ခေါင်းဆောင်ဟူသည်မှာ ကျောင်းတော်၏မျက်နှာစာပင်။
တော်ဝင်ကျောင်းတော်ဖြစ်စေ ကျောင်းတော်ငါးခုဖြစ်စေ သို့မဟုတ် မြင့်မြတ်နယ်မြေများရှိဂိုဏ်းများမှဖြစ်စေ တပည့်ခေါင်းဆောင်နေရာသည် ဂိုဏ်းတွင်အခွင့်အာဏာကြီးမားပြီး အစွမ်းထက်ဆုံးတပည့်ဖြစ်သည်။
ဤသည်က တိုင်းပြည်တစ်ပြည်၏ အိမ်ရှေ့စံမင်းသားအဆင့်အတန်းနှင့် ညီမျှသည်။ကျောင်းအုပ်ကြီးမှလွဲ၍ တပည့်ခေါင်းဆောင်၏အဆင့်အတန်းကို မည်သူမျှယှဥ်ပြိုင်၍မရချေ။
ကျောင်းတော်တပည့်များသည် ထိုသတင်းကိုကြားချိန်တွင် သူတို့သည် အံ့အားသင့်သကဲ့သို့ မခံစားရချေ။
မဟာကွန်ဖြူးရှပ်ပညာရှင်များ၏ထောက်ခံချက်မရှိလျှင်ပင် ကျောင်းတော်တပည့်များသည် သူတို့၏မသိစိတ်မှနေ၍ လုယွီကို တပည့်ခေါင်းဆောင်အဖြစ် သတ်မှတ်ထားပြီးလေပြီ။
"ငါက စီနီယာအကိုလုကို တပည့်ခေါင်းဆောင်ဖြစ်ဖို့ ထောက်ခံတယ်"
"ဒါက အမှန်ပဲ...စီနီယာအကိုလုက အစွမ်းထက်ရုံတင်မကဘူး...သူ့ရဲ့အသိပညာတွေကိုလည်း တခြားသူတွေကို လက်ဆင့်ကမ်းပေးတယ်...ထိပ်တန်းပါရမီရှင်တွေထဲမှာ ဒီလိုလုပ်နိုင်တဲ့သူ ဘယ်သူရှိမှာလဲ"
လူတိုင်းက သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြ၏။ဤသည်က ကျောက်စိမ်းဆေးမီးဖိုကျောင်းတော် စတင်တည်ထောင်ကတည်းက တပည့်ခေါင်းဆောင်ရွေးချယ်ရာတွင် အချောမွေ့ဆုံးအချိန်ဖြစ်ပေမည်။
လူအများ၏ချီးမွမ်းစကားများအောက်တွင် လုယွီက တည်ငြိမ်စွာပြောဆိုသည်။
"မင်းတို့အားလုံးက ထောက်ခံနေမှတော့ ငါ ငြင်းဆန်မနေတော့ဘူး...ဒီနှစ်တော်ဝင်စာမေးပွဲမှာ ငါတို့ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့ရလဒ်က အရင်အကြိမ်တွေနဲ့တူညီမှာမဟုတ်ဘူးဆိုတာ ငါ ယုံကြည်တယ်"