← Chapters

အခန်း (၂၅၉၁-၂၅၉၅)

Vol. 133 Ch. 2591-2595

အခန်း (၂၅၉၁-၂၅၉၅)

Vol. 133 Ch. 2591-2595

Chapter 2591

ကျောင်းတော်တပည့်များသည် ဝင်ရောက်သွားပြီးနောက်မကြာမီမှာပင် လူတစ်ရာကျော်သည် သူတို့၏လက်အတွင်းရှိ ကျောက်စိမ်းအဆောင်လက်ဖွဲ့များကိုခြေမွှ၍ ပြင်ပသို့ထွက်လာကြ၏။

ပြင်ပသို့ အစောဆုံးရောက်ရှိလာသူများသည် ထိတ်လန့်ကြောက်ရွံနေကြကာ သူတို့၏မျက်နှာများ ဖြူရော်နေသည်။

သူတို့သည် ကျောင်းတော်အတွင်း၌ ပါရမီရှင်များဖြစ်သော်လည်း သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်းသို့ ဝင်ရောက်ပြီးချိန်တွင် ရက်စက်ကြမ်းကြုတ်သော သွေးနတ်ဆိုးများနှင့် ရင်ဆိုင်ကြရသည်။တပည့်အများစုသည် ထိတ်လန့်ကြောက်ရွံသွားကာ တိုက်ခိုက်ရန်သတ္တိမရှိတော့သဖြင့် စောစီးစွာထွက်လာခဲ့ကြခြင်းဖြစ်သည်။

ဤသည်က အစစ်အမှန်သေရေးရှင်ရေး အတွေ့အကြုံပင်။အကယ်၍ သူတို့သည် အနည်းငယ်သတိလက်လွတ်နေမိပါက နေရာမှာပင် သေဆုံးသွားပေမည်။

သူတို့အနက်မှအများစုသည် သွေးနတ်ဆိုးတစ်ကောင်ကိုမျှ မသတ်ရသေးမီ ထွက်လာကြခြင်းဖြစ်ပေ၏။ထို့ကြောင့် သူတို့ရရှိသောအမှတ်များသည် မြင့်မားခြင်းမရှိလေရာ တော်ဝင်စာမေးပွဲအတွင်း၌ ဝင်ရောက်ဖြေဆိုခွင့်ကို လက်လွှတ်လိုက်ရလေပြီ။

"ဒီတစ်သုတ်တပည့်တွေက ငါ မျှော်လင့်ထားသလိုပဲ ပိုပြီးထူးချွန်နေတယ်...သူတို့ထဲက ၉၀ရာခိုင်နှုန်းလောက် သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံထဲမှာ ကျန်နေသေးတယ်...အရင်ကဆို တပည့်တွေအများကြီး မြန်မြန်ဆန်ဆန်ထွက်လာကြတာ"

မဟာကွန်ဖြူးရှပ်ပညာရှင်ချန်းကျင်းက စိတ်ကျေနပ်မှုရသွားပုံဖြင့် ပြောဆိုသည်။

တခြားမဟာကွန်ဖြူးရှပ်ပညာရှင်များကလည်း ပြုံးလိုက်ကြ၏။

ကျောင်းတော်တပည့်များသည် သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်း၌ အချိန်ကြာကြာနေနိုင်သည်နှင့်အမျှ သေရေးရှင်ရေးအတွေ့အကြုံ ပိုမိုရရှိကာ သူတို့၏ခွန်အား အလျှင်အမြန်တိုးတက်လာပေမည်။

ယခုလက်ရှိချိန်တွင် ကျောင်းတော်တပည့်၉၀၀ကျော် သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်း၌ ကျန်ရှိနေသည်။ဤစမ်းသပ်မှုမှအောင်မြင်သွားသည်နှင့် သူတို့၏ခွန်အားများကို လျှော့တွက်၍ရမည်မဟုတ်ချေ။အကျိုးဆက်အနေဖြင့် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ စုပေါင်းအင်အားသည်လည်း သိသိသာသာ တိုးတက်သွားပေမည်။

ထျန်းပိုယန်က အေးစက်စက် နှာတစ်ချက်မှုတ်လိုက်၏။

"ဒါက ဒီတစ်ကြိမ်ဝင်တဲ့တပည့်တွေ ပိုပြီးများနေတာကြောင့်ပဲ...ခဏလောက်နေရင် လူတော်တော်များများ ထွက်လာကြလိမ့်မယ်"

မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်က စိတ်မကျေမနပ်ဖြစ်သွားပုံဖြင့် ပြောဆိုသည်။

"ဒါဆိုရင်...လက်ထောက်ကျောင်းအုပ်က ကျောင်းတော်တပည့်တွေကို အထင်သေးနေတာလား"

ထျန်းပိုယန်က မျက်မှောင်ကြုတ်လိုက်သည်။

"ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်က ကျောင်းတော်ငါးခုရဲ့အောက်ဆုံးနေရာမှာရှိနေတယ်ဆိုတာ ငါ မင်းတို့ကို မှတ်မိစေချင်တာ...ဒီတစ်ကြိမ်က ကံကောင်းရုံသက်သက်ထင်မပိုဘူး...အလယ်အလတ်ဆင့်နဲ့စီနီယာတပည့်တွေ ပိုပြီးထွက်ပေါ်လာလို့ ဂုဏ်ယူဝင့်ကြွားမနေကြနဲ့...အဲ့ဒီတပည့်တွေက အရမ်းအားနည်းနေသေးတယ်...သူတို့က လေလုံးထွားနေကြရုံသက်သက်ပဲ"

တခြားမဟာကွန်ဖြူးရှပ်ပညာရှင်များသည် အလွန်ဒေါသထွက်သွားကြ၏။ယခုချိန်၌ သူတို့သည် သူတို့၏တပည့်များကိုပင် ချီးမွမ်းနိုင်ခွင့်မရှိချေ။

ထျန်းပိုယန်က လူအုပ်ကြီးကိုတစ်ချက်ကြည့်ကာ အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"မင်းတို့ စိတ်မကျေမနပ်ဖြစ်သွားကြမယ်ဆိုတာ ငါ သိတယ်....တပည့်ဘယ်လောက်များများရဲ့ စိတ်ဝိညာဥ်မီးတောက်တွေ ငြိမ်းသေသွားပြီလဲဆိုတာ မင်းတို့ သိကြလား"

မကြာမီမှာပင် တစ်စုံတစ်ယောက်မှနေ၍ တပည့်အယောက်ငါးဆယ်၏စိတ်ဝိညာဥ်မီးတောက်များ ငြိမ်းသေသွားပြီဖြစ်ကြောင်းကို သတင်းလာပို့သည်။

စိတ်ဝိညာဥ်မီးတောက် ငြိမ်းသေသွားခြင်းသည် သူတို့၏သေဆုံးနိုင်မှုရာခိုင်နှုန်း မြင့်မားသွားခြင်းပင်။သူတို့သည် ပြင်ပသို့ ထွက်လာနိုင်တော့မည်မဟုတ်ချေ။

တပည့်များ သေဆုံးသွားသည်ကိုမြင်တွေ့ချိန်တွင် မဟာကွန်ဖြူးရှပ်ပညာရှင်များအားလုံး ကြေကွဲဝမ်းနည်းသွားသည်။

"ထားလိုက်တော့...သွေးနဲ့မရင်းဘဲ ထူးချွန်တဲ့တပည့်တွေဖြစ်အောင် လေ့ကျင့်ပေးဖို့ မဖြစ်နိုင်ဘူး...အရင်အကြိမ်တွေလိုပဲ သေသွားတဲ့တပည့်တွေရဲ့မိသားစုတွေဆီကို နစ်နာကြေးပေးပို့လိုက်တော့"

မဟာကွန်ဖြူးရှပ်ပညာရှင်ချန်းကျင်းက သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

"နေဦး"

ထျန်းပိုယန်က ရုတ်တရက် အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"သူတို့ သေဆုံးတာကို အကြောင်းကြားလို့ရတယ်...ဒါပေမယ့် နစ်နာကြေးမပေးရဘူး"

ချန်းကျင်း၏မျက်လုံးများ ပြူးကျယ်သွားသည်။

"ဒါက ကျောင်းတော်ရဲ့ထုံးတန်းစဥ်လာကိစ္စပဲလေ....ဘာလို့ နစ်နာကြေးမပေးရမှာလဲ"

အကယ်၍ ဂျူနီယာတပည့်တစ်ယောက်သေဆုံးပါက ကျောင်းတော်မှနေ၍ ထိုတပည့်၏မိသားစုထံ အကြောင်းကြားရန်သာလိုအပ်ပြီး မည်သည့်နစ်နာကြေးမျှပေးအပ်ရန်မလိုအပ်ချေ။

သို့ရာတွင် အလယ်အလတ်ဆင့်တပည့်များနှင့်စီနီယာတပည့်များမှာမူ ဂျူနီယာတပည့်များနှင့် ကွဲပြားခြားနားသည်။သူတို့တစ်ယောက်ချင်းစီသည် ကျောင်းတော်အတွက် ကြီးမားစွာအကျိုးဆောင်ထားကြ၏။

ထို့ကြောင့် တပည့်တစ်ယောက် သေဆုံးသွားချိန်တွင် ကျောင်းတော်မှနေ၍ သူ၏အကျိုးဆောင်ခဲ့မှုအရ နစ်နာကြေးများကို သူ၏မိသားစုထံ ပေးအပ်လေ့ရှိသည်။

"မင်းတို့ကောင်တွေက ကျောင်းတော်ကိုအုပ်ချုပ်နေတဲ့ကောင်တွေမဟုတ်တော့ အရင်းအမြစ်တွေ ဘယ်လောက်ထိ အဖိုးတန်တယ်ဆိုတာမသိကြဘူး...အခုချိန်မှာ ကျောင်းတော်ထဲမှာ စီနီယာတပည့်တွေ ပိုပြီးများလာပြီ...သူတို့ကိုပျိုးထောင်ပေးဖို့အတွက် အရင်းအမြစ်တွေ အများကြီးလိုအပ်တယ်...ဘယ်လိုလုပ်ပြီး သေလူတွေအပေါ်မှာ ဖြုန်းတီးနိုင်မှာလဲ...သူတို့မှာ အရည်အချင်းမရှိခဲ့တဲ့အတွက် သူတို့ကိုယ်သူတို့ပဲ အပြစ်တင်ရမယ်...ကျောင်းတော်နဲ့ဘာမှမဆိုင်ဘူး"

ထျန်းပိုယန်က အေးစက်စက်လေသံဖြင့် အော်ငေါက်လိုက်၏။

ချန်းကျင်းက ထျန်းပိုယန်ကို လက်ညှိုးငေါက်ငေါက်ထိုး၍ အော်ဟစ်ပြောဆိုလေသည်။

"တကယ်လို့ ပြင်ပမှာရှိတဲ့ ဂိုဏ်းတွေဖြစ်နေရင်တောင် သူတို့ရဲ့ဂိုဏ်းသားတွေသေဆုံးသွားရင် နစ်နာကြေးတွေပေးကြတယ်...ငါတို့က ကြီးကျယ်ခမ်းနားတဲ့ကျောင်းတော်တစ်ခုဖြစ်နေပြီးတော့ အဲ့ဒီလောက်နည်းပါးတဲ့ ငွေကြေးပမာဏကို မတတ်နိုင်ဘူးလား"

ထျန်းပိုယန်က မတုန်မလှုပ်ရှိနေဆဲပင်။

"ငါက မရဘူးဆို မရဘူးပဲ...သေသွားတဲ့တပည့်တွေအတွက် အင်မော်တယ်ကျောက်တုံးတစ်တုံးတောင် မပေးနိုင်ဘူး"

Chapter 2592

ချန်းကျင်းသည် အလွန်ဒေါသထွက်နေသဖြင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။

"ဒါကို ကျောင်းတော်ကပေးဖို့ မလိုအပ်ဘူး...ငါ့ဟာငါ ပေးမယ်"

ထျန်းပိုယန်က သရော်တော်တော် ပြောဆိုသည်။

"ဟား ဟား...မဟာကွန်ဖြူးရှပ်ပညာရှင်ချန်းကျင်းက တကယ့်ကို သဘောထားကြီးတာပဲ...မင်းတို့ ချန်းမိသားစုက တော်ဝင်မြို့တော်မှာ ချမ်းသာကြွယ်ဝတဲ့မိသားစုတစ်စုလို့ လူသိများတယ်...မင်း ဒီနစ်နာကြေးတွေကိုထုတ်ပေးနိုင်တာ မဆန်းပါဘူး"

ထိုလှောင်ပြောင်သရော်စကားကြောင့် မဟာကွန်ဖြူးရှပ်ပညာရှင်များအားလုံး၏အေးစက်စက်အကြည့်များက ထျန်းပိုယန်ထံသို့ ကျရောက်သွားသည်။

သို့ရာတွင် ထျန်းပိုယန်က သူသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၌ အချိန်ကြာမြင့်စွာ ဆက်၍မနေထိုင်နိုင်တော့မည်ကို သိရှိထားပြီးလေပြီ။မည်သို့ပင်ဆိုစေကာမူ သူသည် နဂါးအစောင့်တပ်အတွင်းသို့ ဝင်ရောက်နိုင်တော့မည်ဖြစ်သဖြင့် သူ၏ဂုဏ်သိက္ခာကိုစောင့်ထိန်းနေရန် မလိုအပ်တော့ချေ။

ထျန်းပိုယန်သည် သူ့အားလှောင်ပြောင်သရော်နေခြင်းကို ချန်းကျင်းက ကောင်းစွာသိရှိပေ၏။သူသည် ထိုဒေါသထွက်စရာကိစ္စကို မည်သို့သည်းခံနိုင်မည်နည်း။ထို့ကြောင့် သူ၏အင်္ကျီလက်ကိုခါယမ်း၍ ထွက်ခွါသွားရန်ဟန်ပြင်လိုက်သည်။

ထိုအချိန်မှာပင် အစောင့်တပည့်တစ်ယောက်က အလျင်စလိုပြေးဝင်လာခဲ့သည်။

"မကောင်းတော့ဘူး...မကောင်းတော့ဘူး"

ထိုအစောင့်တပည့်သည် ထိတ်ထိတ်ပျာပျာဖြစ်နေကာ ပတ်ဝန်းကျင်ရှိတပည့်များကိုပင် ဝင်ဆောင့်မိလေ၏။

"ဘာတွေဖြစ်နေတာလဲ...စိတ်အေးအေးထားစမ်း"

ထျန်းပိုယန်က အော်ငေါက်လိုက်သည်။

ထိုအစောင့်တပည့်သည် အားတင်းကာ တုန်ရီနေသောလေသံဖြင့် ပြောဆိုသည်။

"လုရှီရဲ့စိတ်ဝိညာဥ်မီးတောက်...ငြိမ်းသွားပြီ"

ဘာ....

လူတိုင်း၏မျက်လုံးအကြည့်များက ထိုအစောင့်တပည့်ပေါ်သို့ စူးစိုက်၍ကျရောက်သွားသည်။

"မင်း ဘယ်သူလို့ ပြောလိုက်တာလဲ"

ချန်းကျင်းက ​အလျင်စလိုရှေ့ထွက်ကာ အလေးအနက်ထားသောလေသံဖြင့် မေးမြန်းလိုက်၏။

ထိုအစောင့်တပည့်က တုန်ရီနေသောလေသံဖြင့် ပြောဆိုသည်။

"ဒါက စီနီယာတပည့်...လုယွီပါ"

လူတိုင်း ထိတ်လန့်တုန်လှုပ်သွားသည်။

မည်သည့်နည်းဖြင့် လုယွီ ဖြစ်နိုင်မည်နည်း....

သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်းသို့မဝင်ရောက်မီ အမြင့်ဆုံးအမှတ်ရမည့်သူကို လူအများက ခန့်မှန်းခဲ့ကြသည်။တချို့သူများသည် လုယွီနှင့်ပိုင်မင်ဟန် မည်သူက အမှတ်ပို၍များပြားမည်ကိုပင် နှိုင်းယှဥ်နေကြ၏။

လုယွီသည် သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်း၌ သေဆုံးသွားမည်ဟု မည်သူကမျှမျှော်လင့်မထားမိချေ။

နတ်ဘုရားကုန်းမြေအတွင်းမှပင် လုယွီသည် တည်ငြိမ်စွာထွက်လာနိုင်ခဲ့သဖြင့် သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံသည် သူ့အတွက် ပြဿနာတစ်ရပ်မဖြစ်နိုင်ပေ။

ရုတ်တရက်ဆန်စွာထွက်ပေါ်လာသော သတင်းကို မည်သူကမျှ လက်မခံနိုင်ကြချေ။

"မြန်မြန်...ငါတို့ တစ်ချက်သွားကြည့်ရအောင်"

မဟာကွန်ဖြူးရှပ်ပညာရှင်များသည် ထပ်မံ၍ထိုင်ကြည့်မနေနိုင်တော့သဖြင့် စိတ်ဝိညာဥ်မီးတောက်များထားသောနေရာထံသို့ အလျှင်အမြန်လျှောက်လှမ်းလိုက်ကြသည်။

သူတို့ ထိုနေရာသို့အရောက်တွင် လုယွီ၏နာမည်ရေးထွင်းထားသော စိတ်ဝိညာဥ်မီးတောက် အမှန်တကယ်ကိုပင် ငြိမ်းသေနေခြင်းကို သူတို့အားလုံး မြင်တွေ့လိုက်ရသည်။

စိတ်ဝိညာဥ်မီးတောက်ငြိမ်းသေသွားခြင်းသည် သူတို့သည် ဤနေရာမှနေ၍ လုယွီ၏အငွေ့အသက်ကို အာရုံခံ၍မရနိုင်ဟု ဆိုလိုခြင်းပင်။လုယွီ သေဆုံးသွားသည်မှာ ၈၀ရာခိုင်နှုန်းခန့်သေချာသည်။

လူတိုင်း တွေဝေမိန်းမောနေကြ၏။

ယခုချိန်တွင် လုယွီသည် ကျောင်းတော်အတွင်း၌ ပြိုင်ဘက်ကင်းတည်ရှိမှုကြီးပင်။မည်သည့်ကျောင်းတော်တပည့်မျှ လုယွီအား ယှဥ်ပြိုင်နိုင်ခြင်းမရှိချေ။

မဟာကွန်ဖြူးရှပ်ပညာရှင်အများစုသည် လုယွီကို တပည့်ခေါင်းဆောင်အဖြစ် တင်မြှောက်ရန် ရွေးချယ်ထားကြကာ ထျန်းပိုယန်ပင်လျှင် ထိုတောင်းဆိုချက်ကို သဘောတူညီခဲ့သည်။

လုယွီသည် သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်းမှထွက်လာကာ အဆင့်ကောင်းကောင်းရရှိသည်နှင့် သူသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏တပည့်ခေါင်းဆောင်နေရာကိုရရှိကာ တော်ဝင်စာမေးပွဲအတွင်း၌ ဝင်ရောက်ယှဥ်ပြိုင်နိုင်ပေမည်။

သို့ရာတွင် ဤသည်က မျှော်လင့်ချက်မရှိတော့ချေ။

လုယွီသည် ထိုကဲ့သို့နေရာမျိုးတွင် အမှန်တကယ်သေဆုံးသွားရလေ၏။

မဟာကွန်ဖြူးရှပ်ပညာရှင်ချန်းကျင်းက ပြောဆိုသည်။

"ဒါက ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး...လုယွီ မသေသေးတာ သေချာတယ်...သူက သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံရဲ့ထောင့်တစ်နေရာမှာရှိနေပြီးတော့ စိတ်ဝိညာဥ်မီးတောက်က မထောက်လှမ်းနိုင်တာပဲဖြစ်မယ်"

တခြားမဟာကွန်ဖြူးရှပ်ပညာရှင်များသည်လည်း အသိဝင်လာကြသည်။

သူတို့သည် လုယွီ၏အဆင့်အတန်းအမှန်ကို သိရှိထားကြ၏။

အကယ်၍ သူတော်စင်၏တပည့်တစ်ယောက်သည် သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်း၌ သေဆုံးသွားသည်ဆိုပါက အလွန်ရယ်ရွှင်ဖွယ်ကောင်းသော ပြက်လုံးတစ်ခုဖြစ်သွားပေမည်။

"ငါ အထဲကိုဝင်ပြီးတော့...ငါကိုယ်တိုင် သူ့ကိုရှာမယ်"

ချန်းကျင်းက ကူးပြောင်းရေးဝင်္ကပါထံသို့ဦးတည်၍ လျှောက်လှမ်းလိုက်သည်။

တခြားမဟာကွန်ဖြူးရှပ်ပညာရှင်များကလည်း တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်းသို့သွားရန် ပြင်ဆင်လိုက်ကြသည်။

လုယွီ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ သူသည် သူတော်စင်၏တပည့်ဖြစ်နေသဖြင့် သူတို့သည် သူတော်စင်အား ဖြေရှင်းချက်ပေးရပေမည်။

ပတ်ဝန်းကျင်ရှိတပည့်များကလည်း အရှိန်ယူနေကြ၏။သူတို့သည် မဟာကွန်ဖြူးရှပ်ပညာရှင်များနှင့် အတူလိုက်ပါသွားကာ လုယွီအားရှာဖွေရန် ကြံရွယ်ထားကြသည်။

"အားလုံးပဲ...ရပ်လိုက်ကြစမ်း"

ထိုအချိန်မှာပင် ထျန်းပိုယန်က ရှေ့သို့ခုန်ထွက်ကာ အော်ငေါက်လိုက်သည်။

သူသည် လက်ထောက်ကျောင်းအုပ်တစ်ယောက်၏ ကြီးကျယ်ခမ်းနားသောသွင်ပြင်မျိုးဖြင့် ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ကာ အသံနက်ကြီးဖြင့်ပြောဆိုသည်။

"ငါ့ရဲ့အမိန့်မရှိဘဲနဲ့ ဘယ်သူ့ကိုမှ သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံထဲကို ဝင်ခွင့်မပြုဘူး...အခုချိန်မှာ ငါတို့က တော်ဝင်စာမေးပွဲမှာဝင်ရောက်ဖြေဆိုဖို့ လက်ရွေးစင်တပည့်တွေကို ရွေးချယ်ဖို့အတွက် စမ်းသပ်ပွဲလုပ်နေတာ..မင်းတို့က အထဲကိုဝင်သွားပြီးတော့ ရုတ်ရုတ်သဲသဲဖြစ်အောင် လုပ်ချင်တာလား"

Chapter 2593

ချန်းကျင်းသည် သူ၏ခြေလှမ်းများကိုရပ်တန့်၍ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

"အမှန်ပဲ...ငါတို့လူစုက အဆင်အခြင်ကင်းမဲ့သွားတဲ့...စမ်းသပ်ပွဲပြီးတဲ့အချိန်ကျမှ ငါတို့ဝင်မယ်"

တခြားမဟာကွန်ဖြူးရှပ်ပညာရှင်များ၏မျက်နှာများပေါ်တွင်လည်း စိုးရိမ်ပူပန်နေသောအရိပ်အယောင်များ ထင်ဟပ်နေသည်။သို့ရာတွင် ဤစည်းမျဥ်းကို မည်သူမျှချိုးဖောက်၍ မရနိုင်ချေ။

သူတို့သည် စမ်းသပ်ပွဲပြီးချိန်ထိ သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံ၏ရှေ့တွင် စောင့်ဆိုင်းနေရုံသာ တက်နိုင်လေ၏။

အချိန်များတရွေ့ရွေ့ကုန်ဆုံးလာသည်နှင့်အမျှ ထျန်းပိုယန်၏မျက်နှာပေါ်တွင် ထူးဆန်းသောအပြုံးမျိုးထင်ဟပ်လာသည်။

ဤကိစ္စကို အစမှအဆုံးထိ သူ ကောင်းစွာသိရှိထားသည်။

​သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံကိုဖွင့်ရသော အကြောင်းအရင်းမှာ သူသည် လုယွီအားရင်ဆိုင်နိုင်မည့်နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သောကြောင့်ပင်။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ စမ်းသပ်နယ်မြေ အမြောက်အများရှိသည်။နတ်ဘုရားကုန်းမြေအပြင် သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံကသာ ကိုယ်ပိုင်အသိဥာဏ်ရှိသောသက်ရှိများ နေထိုင်သည့်နေရာဖြစ်သည်။

လွန်ခဲ့သောရက်အနည်းငယ်ခန့်က ထျန်းပိုယန်သည် သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်းသို့ဝင်ရောက်ကာ သွေးနတ်ဆိုးဘုရင်နှင့် ညှိနှိုင်းခဲ့သည်။

သူသည် ဝင်္ကပါအမှတ်တစ်ခုကိုပြောင်းလဲကာ တပည့်တစ်ယောက်ကို ထိုနေရာသို့ကူးပြောင်းလာစေပေမည်။ထို့နောက် သွေးနတ်ဆိုးဘုရင်က ထိုတပည့်အားတာဝန်ယူ၍ ဖမ်းဆီးထားကာ မသန်မစွမ်းဖြစ်အောင်ပြုလုပ်ရန် တောင်းဆိုခဲ့လေ၏။

ဤကိစ္စအဆုံးသတ်သွားကာ မည်သူမျှ လုယွီအား ရှာမတွေ့သောအချိန်ကျလျှင် ထျန်းပိုယန်သည် ထိုနေရာသို့သွားကာ မသန်မစွမ်းဖြစ်နေသောလုယွီကို ခေါ်ထုတ်ခဲ့ပေမည်။

ဤကိစ္စအတွက်ဖြင့် ထျန်းပိုယန်သည် သွေးနတ်ဆိုးဘုရင်အား အကျိုးအမြတ်များစွာပေးရန် ကတိပြုခဲ့ရသည်။

ဤသည်က တစ်စုံတစ်ယောက်၏ဓားကိုငှါး၍ တခြားတစ်ယောက်ကို သတ်ဖြတ်ခြင်းပင်။

ယခုချိန်တွင် ကြည့်ရသည်မှာ အရာအားလုံးသည် သူ၏ထိန်းချုပ်မှုအောက်၌ရှိနေပုံရသည်။

လုယွီ၏စိတ်ဝိညာဥ်မီးတောက် ငြိမ်းသေသွားခြင်းမှာမှု သူ မျှော်လင့်ထားသည့်အတိုင်းပင်။သွေးနတ်ဆိုးဘုရင်များနေထိုင်သော အတွင်းပိုင်းနယ်မြေသည် ကူးပြောင်းရေးဝင်္ကပါနှင့် အလွန်ဝေးကွာသည့်အပြင် သီးခြားလေဟာနယ်တစ်ခုဖြစ်နေသဖြင့် စိတ်ဝိညာဥ်မီးတောက်သည် လုယွီ၏တည်ရှိမှုကို ထောက်လှမ်း၍ရမည်မဟုတ်ချေ။

"သွေးနတ်ဆိုးဘုရင်တစ်ကောင်စီက အစွမ်းထက်ရွှယ်အင်မော်တယ်တစ်ယောက်ရဲ့စွမ်းအားနဲ့ ညီမျှတယ်...ဒီတစ်ကြိမ်မှာ မင်း ဘယ်လိုလွတ်မြောက်လာနိုင်အုံးမလဲဆိုတာ ငါ စောင့်ကြည့်နေမယ်"

ထျန်းပိုယန်၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားလေ၏။

"အကိုလု သေပြီတဲ့လား...ဒါက မဖြစ်နိုင်ဘူး"

မူမောင်နှမနှစ်ယောက်သည် ထိုသတင်းကိုကြားချိန်တွင် သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံရှေ့သို့ ချက်ချင်းရောက်ရှိလာသည်။

သို့ရာတွင် မဟာကွန်ဖြူးရှပ်ပညာရှင်များပင်လျှင် အတွင်းသို့မဝင်နိုင်လေရာ သူတို့ကဲ့သို့ တပည့်များသည် မည်သို့စွမ်းဆောင်နိုင်မည်နည်း။

သူတို့နှစ်ယောက်သည် ဂျူနီယာတပည့်များအကြားတွင် အားအကောင်းဆုံးသူများဖြစ်လာကာ မကြာမီမှာပင် အလယ်အလတ်အဆင့်တပည့်အဖြစ်သို့ အဆင့်တိုးမြှင့်ခြင်းခံရပေမည်။

အမှန်အားဖြင့် ဤသို့ဖြစ်လာရခြင်းမှာ လုယွီ၏ကျေးဇူးကြောင့်ပင်။

လုယွီ၏ဟောပြောမှုကိုနားထောင်ပြီးနောက် တပည့်အမြောက်အများ၏ခွန်အားသည် ခုန်ပျံကျော်လွှား၍ တိုးတက်လာသဖြင့် သူတို့အားလုံးသည် လုယွိကို ရိုသေလေးစားနေကြ၏။

လုယွီ၏စိတ်ဝိညာဥ်မီးတောက် ငြိမ်းသေသွားသည်ဟူသော သတင်းကိုကြားချိန်တွင် မရေမတွက်နိုင်သောတပည့်များ ဤနေရာသို့ အပြေးရောက်လာကြသည်။

မကြာမီမှာပင် သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံ၏စမ်းသပ်ပွဲ အဆုံးသတ်အချိန်သို့ ရောက်ရှိလာလေပြီ။

ကူးပြောင်းရေးဝင်္ကပါမှအလင်းရောင်များ တဖျတ်ဖျတ်တောက်ပလာခြင်းနှင့်အတူ ရာနှင့်ချီသောလူရိပ်များ ထွက်လာကြသည်။

မဟာကွန်ဖြူးရှပ်ပညာရှင်များသည် ရှေ့သို့အလျှင်အမြန်ပြေးတက်ကာ ထိုလူများအကြား၌ လုယွီကို ရှာဖွေလိုက်ကြ၏။ကံအကြောင်းမလှစွာဖြင့် သူတို့သည် လုယွီအား ရှာမတွေ့ခဲ့ချေ။

"ဒါက မဟုတ်သေးဘူး...နောက်ဆုံးတစ်ကြိမ် သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံဖွင့်တဲ့အချိန်တုန်းက တပည့်တွေအများကြီး ဒဏ်ရာအပြင်းအထန်ရလာကြတယ်...ဒီတစ်ကြိမ်မှာ သူတို့ထဲကအများစုက ဒဏ်ရာနည်းနည်းလေးတောင် ရမလာကြဘူး"

"အမှန်ပဲ...သူတို့က စိတ်ပျက်နေသလိုမျိုးဖြစ်နေတယ်လို့ ငါ ဘာလို့ခံစားမိနေပါလိမ့်"

ပြင်ပသို့ထွက်လာသော ချိုင်လုံရှင်း၏မျက်နှာပေါ်တွင် စိတ်ပျက်လက်ပျက်အမူအယာမျိုးရှိနေကာ သူက သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

ဂျူနီယာတပည့်တစ်ယောက်က အရဲကိုး၍ မေးမြန်းလေသည်။

"စီနီယာအကို...အထဲမှာ ဘာတွေနဲ့ကြုံတွေ့ခဲ့ရတာလဲ"

ချိုင်လုံရှင်းက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။

"ငါက သွေးနတ်ဆိုးတွေကိုသတ်ပြီးတော့ ငါ့ရဲ့ကျင့်ကြံနည်းစနစ်တွေကို ထိန်းညှိနိုင်မယ်လို့ တွေးထင်ထားခဲ့တာ...ဒါပေမယ့် သွေးနတ်ဆိုးတွေက မတော်တဆမှုတစ်ခုဖြစ်သွားပုံရတယ်...သူတို့က လမ်းတစ်ဝက်မှာပဲ ထွက်ပြေးကြလိမ့်မယ်လို့ ငါ မျှော်လင့်မထားမိဘူး"

ထိုစကားကိုကြားချိန်တွင် လူတိုင်း ကြက်သေသေသွားသည်။

ထိုလူစုတွင် သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်းမှ အစောဆုံးထွက်လာသူများပင် ပါဝင်လေ၏။

တပည့်တစ်ယောက်က ပြောဆိုသည်။

"အဲ့ဒီသွေးနတ်ဆိုးတွေက သတ်ဖြတ်ရတာကို ကြိုက်နှစ်သက်ပေမယ့် သူတို့က အားကောင်းတဲ့သူနဲ့အားနည်းတဲ့သူကို ခွဲခြားပြီးသိကြတယ်...အရှင့်သားက အရမ်းအစွမ်းထက်နေလို့ သူတို့ ထွက်ပြေးသွားကြတာဖြစ်မယ်"

"အရှင့်သားကိုယ်တိုင် တိုက်ခိုက်မှတော့ အဲ့ဒီသွေးနတ်ဆိုးတွေက ကြက်လေး ငှက်လေးတွေလို ကြောက်လန့်နေကြမှာပဲ...ဒါကြောင့် သူတို့က ထွက်ပြေးသွားကြတာ ဖြစ်လိမ့်မယ်"

တပည့်အ​မြောက်အများသည် ရှေ့သို့တိုးကာ ချိုင်လုံရှင်းကို ချီးမွမ်းမြှောက်ပင့်နေကြ၏။

ချိုင်လုံရှင်းက သူ၏ခေါင်းကို ခါယမ်းပြလေသည်။

"မဟုတ်ဘူး...အစတုန်းက အဲ့ဒီသွေးနတ်ဆိုးတွေအားလုံး သွေးဆာနေသလိုမျိုး တိုက်ခိုက်နေကြတာ...ငါက သွေးနတ်ဆိုးဆယ်ကောင်ကျော်ကိုသတ်လိုက်ပေမယ့် သူတို့ကို ကြောက်လန့်အောင်မလုပ်နိုင်ဘူး...သူတို့က သေရမှာကိုမကြောက်ကြဘူး...သူတို့မှာ တခြားအကြောင်းအရင်းတစ်ခု ရှိနေလိမ့်မယ်"

Chapter 2594

ထိုလူများသည် ချက်ချင်းဆိုသလိုပင် တခြားတပည့်များအား မေးမြန်းလိုက်ကြ၏။

မျှော်လင့်ထားသကဲ့သို့ပင် ထိုတပည့်များပြောဆိုသည်မှာ အကြမ်းဖျင်းအားဖြင့် တူညီနေသည်။

သူတို့သည် အစပထမတွင် သွေးနတ်ဆိုးများနှင့် တိုက်ခိုက်နေခဲ့ကြသည်။သို့ရာတွင် မမျှော်လင့်ဘဲ တိုက်ပွဲတိုက်ခိုက်နေစဥ်မှာပင် သွေးနတ်ဆိုးများသည် နောက်သို့ပြန်လှည့်ကာ ထွက်ပြေးသွားလေ၏။

တပည့်တချို့သည် သွေးနတ်ဆိုးများ၏ တင်းတင်းကြပ်ကြပ် ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံနေရရာမှ ရုတ်တရက် ဖိအားအကြီးအကျယ်လျော့ကျသွားခြင်းကို ခံစားလိုက်ရသည်။

သို့ရာတွင် သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်းမှ သွေးနတ်ဆိုးများ၏အကူအညီဖြင့် လေ့ကျင့်ရန်ကြံရွယ်ထားသော ချိုင်လုံရှင်းကဲ့သို့ကျောင်းတော်တပည့်များသည် အလွန်စိတ်ဓာတ်ကျသွားလေ၏။

ချိုင်လုံရှင်းသည် သွေးနတ်ဆိုးမျိုးနွယ်တစ်ခု၏ အတွင်းပိုင်းနယ်မြေထိပင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။မမျှော်လင့်ဘဲ ထိုသွေးနတ်ဆိုးများသည် လူသားများရောက်လာသည်ကိုမြင်သည်နှင့် အလျှင်အမြန် အဝေးသို့ထွက်ပြေးကြရာ ဗလာဟင်းလင်းဖြစ်နေသော အဆောက်အအုံများသာ ကျန်ရှိခဲ့တော့သည်။ထိုဖြစ်ရပ်ကြောင့် ချိုင်လုံရှင်းသည် ငိုရမည်လော ရယ်ရမည်လောကိုပင် မသဲကွဲတော့ချေ။

ထိုသွေးနတ်ဆိုးများ၏အမူအကျင့်များ ရုတ်တရက်ပြောင်းလဲသွားကာ သူတို့သည် တစ်စုံတစ်ခုအား ကြောက်ရွံနေကြပုံပေါ်သည်။

"ငါတို့က နည်းနည်းလောက်ထပ်ပြီးတောင့်ခံခဲ့ရမှာ"

"အဲ့ဒီသွေးနတ်ဆိုးတွေရဲ့အမူအကျင့်တွေ ရုတ်တရက်ကြီးပြောင်းလဲသွားမယ်လို့ ဘယ်သူကထင်မိမှာလဲ...တကယ်လို့ ငါသာကြိုသိခဲ့ရင် နေရာတစ်နေရာရှာပြီး ပုန်းအောင်းနေမိမှာ...ပြီးမှ အားနည်းတဲ့သွေးနတ်ဆိုးတချို့ကို ငါက အခွင့်အရေးရှာပြီး သတ်လို့ရတယ်"

အစောပိုင်းကထွက်လာသော တပည့်များသည် သူတို့၏ရင်ဘတ်များကို သူတို့၏လက်ဖြင့်ပြန်ထုကာ နောင်တရနေကြ၏။

ချန်းကျင်းက ရှေ့သို့ရုတ်တရက်တိုးကာ မေးမြန်းလိုက်သည်။

"မင်းတို့ လုယွီကို မြင်ကြသေးလား"

ထိုအချိန်ကျမှသာ ပြင်ပသို့ထွက်လာသောတပည့်များသည် သူတို့အကြား၌ လုယွီပါမလာခြင်းကို သတိပြုမိသွားသည်။

"ဟုတ်တယ်...လုရှီ ဘယ်ရောက်နေတာလဲ"

"ငါ ဘာလို့ လုရှီကို မမြင်မိတာလဲ"

ပြင်ပသို့ထွက်လာသော တပည့်များအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။သူတို့သည် လုယွီကို မမြင်တွေ့မိကြချေ။

"လုယွီရဲ့စိတ်ဝိညာဥ်မီးတောက် ငြိမ်းသေသွားတာ အချိန်အတော်ကြာနေပြီ...သူက အထဲမှာသေသွားတာပဲဖြစ်နိုင်တယ်...သစ်ပင်တစ်ပင်က သစ်တောထဲကနေ ချွန်ထွက်သွားမယ်ဆိုရင် လေပြင်းတိုက်ခတ်တာနဲ့ အလွယ်တကူပျက်စီးသွားနိုင်တယ်...မင်းတို့အားလုံး ဒါကိုမှတ်ထားကြစမ်း"

ထျန်းပိုယန်၏အသံက လေထုအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

ရုတ်ချည်းဆိုသလိုပင် လူအုပ်ကြီးထံမှ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။

လုယွီ သေဆုံးသွားပြီဟု လူအားလုံးနီးပါး ယုံကြည်ခြင်းမရှိချေ။

သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံသည် အန္တရာယ်များသောနေရာဖြစ်သော်လည်း နတ်ဘုရားကုန်းမြေရှိ နယ်မြေတစ်ခုလုံးကပ်ဘေးဆိုက်သည့်ဖြစ်ရပ်နှင့် နှိုင်းယှဥ်ကြည့်ပါက လွန်စွာအလှမ်းကွာဟသည်။

ထို့ပြင် လုယွီ၏ခွန်အားသည် အားနည်းခြင်းမရှိချေ။သူသည် သွေးနတ်ဆိုးများကို လွယ်လင့်တကူ အနိုင်ယူနိုင်စွမ်းရှိသူပင်။

မဟာကွန်ဖြူးရှပ်ပညာရှင်ချန်းကျင်းက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"လက်ထောက်ကျောင်းအုပ်...လုယွီ သေသလားရှင်သလားဆိုတာ ခုထိမသေချာသေးဘူး...ငါ့ရဲ့အမြင်အရတော့ တစ်ယောက်ယောက်ကိုလွှတ်ပြီးတော့ လုယွီကိုရှာခိုင်းတာ ပိုကောင်းလိမ့်မယ်"

"အမှန်ပဲ...ငါ့ရဲ့အမြင်အရတော့ လုယွီက သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံထဲမှာရှိတဲ့ သီးသန့်လေဟာနယ်နယ်မြေတစ်ခုမှာ ပိတ်မိနေတာပဲဖြစ်မယ်"

ရုတ်ချည်းဆိုသလိုပင် တပည့်များကလည်း လုယွီအားသွားရောက်ရှာဖွေရန် ပြောဆိုလိုက်ကြသည်။

ထျန်းပိုယန်က အေးစက်စက်လေသံဖြင့် အော်ငေါက်လိုက်၏။

"အဓိပ္ပါယ်မရှိတာတွေ...အခုချိန်မှာ အဓိကဦးစားပေးရမှာက တော်ဝင်စာမေးပွဲခွဲတမ်းနေရာအတွက် ရွေးချယ်ရမှာ...တပည့်တစ်ယောက် သေလား ရှင်လားဆိုတာ အဲ့ဒီကိစ္စလောက်အရေးကြီးလို့လား"

သူ၏ပုံပန်းသွင်ပြင်ကိုကြည့်ခြင်းအားဖြင့် သူသည် လုယွီအား သွားရောက်ရှာဖွေမည့်ပုံမရချေ။

ထျန်းပိုယန်နှင့်လုယွီကြားရှိ အငြင်းပွါးမှုကို လူအမြောက်အများသိရှိထားပြီးလေပြီ။သို့ရာတွင် ဤတစ်ကြိမ်၌ ထျန်းပိုယန်၏ဆုံးဖြတ်ချက်သည် ကျောင်းတော်စည်းမျဥ်းအရဖြစ်နေသဖြင့် မဟာကွန်ဖြူးရှပ်ပညာရှင်များပင်လျှင် ငြင်းဆန်၍မရချေ။

လူအုပ်ကြီးသည် အလွန်ဒေါသထွက်နေသော်လည်း သူတို့တက်နိုင်သောအရာဟူ၍မရှိချေ။

"ခွဲတမ်းနေရာကို မြန်မြန်ထုတ်ပြန်ပေးပါ...ပြီးရင် ငါက လုရှီကို သွားရှာရမယ်"

"အမှန်ပဲ...ငါက ဒီတစ်ကြိမ်တော်ဝင်စာမေးပွဲကို ဝင်ပြီးဖြေဆိုဖို့ထက် လုရှီကိုကယ်ဖို့ ပိုပြီးလိုလားတယ်"

လူအုပ်ကြီး၏ဒေါသထွက်နေသော အမူအယာများကို မြင်တွေ့နေရသော်လည်း ထျန်းပိုယန်က တည်ငြိမ်အေးအေးစွာ ပြောဆိုသည်။

"တစ်ယောက်ပြီးတစ်ယောက်...မင်းတို့ရဲ့ရမှတ်တွေကို စမ်းသပ်ကျောက်တုံးပေါ်မှာ စစ်ဆေးခံရမယ်"

သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်းသို့ဝင်သွားသော တပည့်များ၏လုပ်ဆောင်ချက်များကို ဤစမ်းသပ်ကျောက်တုံးဖြင့် စစ်ဆေးလေ့ရှိသည်။

ထို့ကြောင့် မည်သူကမျှ လိမ်ညာလှည့်ဖျား၍မရချေ။သူတို့ သတ်ဖြတ်ခဲ့သောသွေးနတ်ဆိုးများ၏အဆင့်နှင့်အရေအတွက်အရ ရမှတ်များထွက်ပေါ်လာပေမည်။

လူတိုင်းက ရှေ့သို့အလျှင်အမြန်တိုး၍ သူတို့၏ရမှတ်များကို စစ်ဆေးလိုက်ကြသည်။

သူတို့အနက်မှအများစု၏အမှတ်များသည် ရာဂဏန်းပတ်လည်တွင်သာ ရှိနေလေ၏။အမှတ်တစ်မှတ်မျှမရသူတချို့ပင် ရှိနေသည်။

သွေးနတ်ဆိုးများသည် များသောအားဖြင့် အုပ်စုလိုက်ထွက်ပေါ်လာလေ့ရှိသည်။ထိုအုပ်စုအနက်မှတစ်ကောင်ကို သတ်နိုင်လျှင်ပင် ရလဒ်ကောင်းဟုဆိုနိုင်သည်။

ချိုင်လုံရှင်းက သူ၏လက်ကို စမ်းသပ်ကျောက်တုံးပေါ်တင်လိုက်ရာ အမှတ်ကိုးထောင်ကျော် ထွက်ပေါ်လာသည်။

ဤကဲ့သို့ပမာဏသည် အလွန်များပြားသည်ဟု ဆိုနိုင်ပေ၏။

ချိုင်လုံရှင်း၏အမှတ်ကိုမြင်ပြီးနောက် တပည့်အမြောက်အများသည် စိတ်တည်ငြိမ်ခြင်းမရှိတော့ချေ။

တပည့်အများစုအတွက် အမှတ်တစ်ထောင်ရရှိရန်ပင် ခက်ခဲနေခဲ့သော်လည်း ချိုင်လုံရှင်းသည် အမှတ်ကိုးထောင်ကျော်ရရှိခဲ့သည်။

Chapter 2595

ထို့ပြင် ချိုင်လုံရှင်း၏အမူအယာကို ကြည့်ခြင်းအားဖြင့် သူသည် ထိုရမှတ်အပေါ် စိတ်ကျေနပ်ပုံမရချေ။

လီစစ်သည် သူ၏အမှတ်များကို ထုတ်ဖော်ပြသလိုက်သည်။သူ၏အမှတ်သည် ချိုင်လုံရှင်းထက် အနည်းငယ်ပို၍ မြင့်မားနေလေ၏။

၁၁၆၂၇မှတ်...

ဤမှတ်တမ်းသည် အတိတ်တွင် ပိုင်မင်ဟန် ရရှိထားသည့် အမြင့်ဆုံးအမှတ်၏အောက်၌ ရပ်တည်နိုင်ခဲ့သည်။

လီစစ်သည် ရှဲ့ကျစ်မျက်လုံးကို နိုးထစေနိုင်ခဲ့သည်။သူသည် စည်းမျဥ်းဥပဒေသူတော်စင်များ၏ အမွေအနှစ်ကို ဆက်ခံထားသူဟု ယူဆနိုင်ကာ သူ၏ကျင့်ကြံမှုသည် ထိပ်တန်းအဆင့်သို့ ရောက်ရှိနေလေပြီ။

အထူးသဖြင့်သူသည် စည်းမျဥ်းဥပဒေအမွေအနှစ်များမှ နည်းစနစ်တချို့ကို အသုံးပြုလိုက်ချိန်တွင် ပို၍အစွမ်းထက်လာခဲ့သည်။သူ့အတွက် သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံသည် သိုးအုပ်အတွင်းသို့ဝင်သွားသော ကျားတစ်ကောင်နှင့်တူညီပေ၏။

လီစစ်နှင့်ချိုင်လုံရှင်းအပြင် အမှတ်အများဆုံးအယောက်ငါးဆယ်အတွင်းသို့ ရောက်ရှိသူများမှာ များသောအားဖြင့် စီနီယာတပည့်များဖြစ်သည်။

သို့ရာတွင် ထိပ်ဆုံးအယောက်ငါးဆယ်စာရင်းအတွင်းသို့ ဝင်ရောက်လာသော အလယ်အလတ်ဆင့်တပည့်တချို့လည်းရှိနေသည်။

ဤတစ်ချိန်တွင် မည်သူကမျှ ပိုင်မင်ဟန်ရရှိထားသော စံချိန်ကို ချိုးဖျက်နိုင်ခြင်းမရှိချေ။

ပိုင်မင်ဟန် ကျောင်းတော်သို့စတင်ရောက်ရှိလာစဥ်က ရရှိခဲ့သောစံချိန်ရမှတ်သည် ကျောင်းတော်တပည့်များအားလုံး ချိုးဖျက်လိုသော တည်ရှိမှုကြီးပင်။

သို့ရာတွင် ယခုလက်ရှိချိန်ထိတိုင် ထိုစံချိန်ရမှတ်အား ချိုးဖျက်နိုင်ခြင်းမရှိကြချေ။

"တကယ်လို့ ဒီတစ်ကြိမ်မှာ သွေးနတ်ဆိုးတွေရဲ့အမူအကျင့် ရုတ်တရက်ပြောင်းလဲခဲ့တာကြောင့်သာမဟုတ်ရင် လီစစ်နဲ့ချိုင်လုံရှင်းက လက်ထောက်ကျောင်းအုပ်ပိုင်မင်ဟန် အရင်ကရထားတဲ့ စံချိန်မှတ်တမ်းကို ချိုးဖျက်နိုင်လောက်တယ်"

"လက်ထောက်ကျောင်းအုပ်ပိုင်မင်ဟန် ကျောင်းတော်ကိုစရောက်တဲ့အချိန်တုန်းက အသက်နှစ်ဆယ်ပဲရှိသေးတယ်...သူက အခုမင်းတို့ ငါတို့လိုအရွယ်ပဲ...ဒီလောက်အောင်မြင်မှုတွေ သူ ရခဲ့တာက...သူ့မှာ သာမာန်ထက်ထူးကဲတဲ့ပါရမီအရည်အချင်းမျိုးရှိတယ်ဆိုတာကို ပြသနေတာပဲ"

လူတိုင်း၏မျက်လုံးအကြည့်များက လီစစ်နှင့်ချိုင်လုံရှင်းပေါ်တွင်သာ စူးစိုက်၍ကျရောက်နေသည်။

တူကျန့်ထျန်းသည် ယခင်က တခြားသူများ၏အာရုံစိုက်ခြင်းကို ခံရသော်လည်း သူသည် သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံ စမ်းသပ်ပွဲ၌ ပါဝင်ယှဥ်ပြိုင်ခြင်းမရှိချေ။

တူကျန့်ထျန်းသည် လူမြင်ကွင်းမှပျောက်ကွယ်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။သူသည် မည်သည့်စမ်းသပ်နယ်မြေအတွင်းမျှ ဝင်ရောက်ခြင်းမရှိဘဲ တံခါးပိတ်ကျင့်ကြံနေသည်။

ထျန်းယွဲ့သည် စမ်းသပ်ပွဲကို အောင်မြင်ခဲ့သော်လည်း သူ၏ရမှတ်သည် ကိုးရာကျော်သာရှိသဖြင့် ရွေးချယ်ခံအယောက်ငါးဆယ်၏နောက်ဆုံးနေရာကိုသာ ရရှိခဲ့လေ၏။

"တကယ်လို့ လုရှီသာ ဒီနေရာမှာရှိနေရင်....သူက လက်ထောက်ကျောင်းအုပ်ပိုင်မင်ဟန်ရဲ့ရမှတ်ကို ချိုးဖျက်နိုင်လောက်တယ်"

တစ်စုံတစ်ယောက်က ရုတ်တရက် ပြောဆိုသည်။

လူတိုင်း စိတ်လှုပ်ရှားသွားကြကာ လုယွီအားရှာဖွေရန် ပြင်ဆင်ကြတော့သည်။

"ခဏနေကြဦး...ငါ အမိန့်တစ်ခုထုတ်ပြန်မယ်...အခွင့်အာဏာမရှိဘဲ ဘယ်သူမှ သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံထဲကို ဝင်ခွင့်မရှိဘူး"

ထျန်းပိုယန်က ရုတ်တရက် ပြောဆိုသည်။

မဟာကွန်ဖြူးရှပ်ပညာရှင်ချန်းကျင်းက ပြောဆိုလေ၏။

"ထျန်းပိုယန်...မင်းက အခုချိန်ထိတောင် လုယွီကိုရှာဖွေမယ့်ကိစ္စကို ဟန့်တားနေတုန်းပဲ...မင်း ဘာတွေကြံစည်နေတာလဲ"

"သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံထဲက သွေးနတ်ဆိုးတွေရဲ့အကျင့်စရိုက်ကို မင်းနဲ့ငါနှစ်ယောက်လုံး ကောင်းကောင်းသိထားပြီးသားလေ...သူတို့က လူသားတွေကိုမြင်တာနဲ့ ဘာလို့ထွက်ပြေးရမှာလဲ...အဲ့ဒီနယ်မြေထဲမှာ အပြောင်းအလဲတစ်ခုခုဖြစ်နေပြီလို့ ငါ သံသယဝင်မိတယ်...ဒီလိုဆိုမှတော့ ငါတို့က တပည့်တွေကို မစွန့်စားခိုင်းသင့်ဘူး"

ထျန်းပိုယန်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

ချန်းကျင်းက လေသံမြှင့်၍ ပြောဆိုသည်။

"တပည့်တွေဝင်လို့မရရင်...ငါ ဝင်မယ်"

ချန်းကျင်းက သူ၏ခြေထောက်ကိုမြှောက်၍ ကူးပြောင်းရေးဝင်္ကပါထံသို့ လျှောက်လှမ်းလိုက်သည်။မမျှော်လင့်ဘဲ ထျန်းပိုယန်က သူ့ရှေ့သို့ရောက်လာကာ ဟန့်တားထားလေ၏။

"မင်း ဘာလုပ်ချင်တာလဲ"

ချန်းကျင်း၏မျက်လုံးများ ပြူးကျယ်နေကာ သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။

ထျန်းပိုယန်က အေးစက်စက်လေသံဖြင့် တုံ့ပြန်ပြောဆိုသည်။

"အဲ့ဒီနေရာမှာ ရွှယ်အင်မော်တယ်နဲ့အဆင့်တူတဲ့ သွေးနတ်ဆိုးဘုရင်တွေရှိနေတယ်...တာအိုရှာဖွေခြင်းခန်းမဆောင်ရဲ့ခန်းမ သခင်ဖြစ်တဲ့ မင်းအနေနဲ့ မင်းရဲ့အသက်ကိုရင်းပြီး မစွန့်စားသင့်ဘူး....ရွှယ်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူမဟုတ်ရင် ဘယ်သူကိုမှ ဝင်ခွင့်မပြုနိုင်ဘူး"

ဤတစ်ကြိမ်တွင် သူ၏အကြံအစည်သည် အလွန်သိသာထင်ရှားသည်။

ကျောင်းတော်အတွင်း၌ သူ့အပြင် ရွှယ်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူ အနည်းစုသာရှိသည်။ထိုလူများအားလုံးသည် ကျောင်းတော်၏စောင့်ရှောက်သူများပင်။

တခြားတစ်နည်းပြောင်းဆိုရလျှင် ယခုလက်ရှိချိန်၌ သွေးနတ်ဘုရားကြေးချွတ်သန့်စင်ဘုံအတွင်းသို့ ဝင်ရောက်နိုင်သူမှာ ထျန်းပိုယန်တစ်ယောက်တည်းသာရှိသည်။

ဤသည်က ထျန်းပိုယန် ကျောင်းတော်မှထွက်ခွါကာ နဂါးအစောင့်တပ်အတွင်းသို့ ဝင်ရောက်နိုင်မည့် သော့ချက်ပင်။သူသည် ချန်းကျင်းတို့လူစုကို မည်သည့်နည်းနှင့်မျှ ဝင်ရောက်စွက်ဖက်ခွင့်မပြုနိုင်ချေ။

"တကယ်လို့ ငါက အတင်းအကြပ်ဝင်မယ်ဆိုရင်ရော..."

ချန်းကျင်းက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ထျန်းပိုယန်ကို ရင်ဆိုင်လိုက်၏။

ထျန်းပိုယန်က မလှုပ်မယှက် ရှိနေဆဲပင်။

"မင်း ကြိုးစားကြည့်နိုင်တယ်...ငါ ဒီနေရာမှာရှိနေသရွေ့...ဒီနေ့ ဘယ်သူက ငါ့ရဲ့အမိန့်ကိုဆန့်ကျင့်ပြီး ခြေတစ်လှမ်းရှေ့တိုးဝံ့မလဲဆိုတာ ငါ စောင့်ကြည့်နေမယ်"

သူတို့နှစ်ယောက် အငြင်းပွါးနေချိန်တွင် လေထုအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

All Chapters