← Chapters

အခန်း (၂၆၀၆-၂၆၁၀)

Vol. 134 Ch. 2606-2610

အခန်း (၂၆၀၆-၂၆၁၀)

Vol. 134 Ch. 2606-2610

Chapter 2606

မိုးကောင်းကင်ကျမ်းစာဆောင်၏ရှေ့၌ ကျောင်းတော်တပည့်အမြောက်အများ ဒေါသတကြီးဆူပူသောင်းကြမ်းနေကြသည်။

ထျန်းပိုယန်၏လုပ်ဆောင်ချက်သည် ရေစည်ပိုင်းတစ်လုံးကို အောက်ခြေမှဖြတ်တောက်လိုက်ခြင်းနှင့် ကွဲပြားခြားနားခြင်းမရှိချေ။

တော်ဝင်စာမေးပွဲကျင်းပသည့်အချိန်တိုင်း ဝင်ရောက်ဖြေဆိုမည့်တပည့်များသည် သူတို့၏ခွန်အားများ တိုးတက်စေရန်အလို့ငှါ တံခါးပိတ်ကျင့်ကြံလေ့ရှိသည်။

သို့ရာတွင် ထျန်းပိုယန် ထုတ်ပြန်လိုက်သောအမိန့်သည် ကျောင်းတော်မှလက်ရွေးစင်တပည့်များကို သေတွင်းသို့တွန်းပို့သည်နှင့် တူညီပေ၏။ထိုတိုက်ပွဲအတွင်းတွင် ကျောင်းတော်တပည့်အမြောက်အများ သေဆုံးသွားနိုင်ချေရှိသည်။

"ဘာလဲ...မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေ အုပ်ချုပ်ရေးရုံးတော်မှာ စစ်သားတွေမရှိတော့ဘူးလား...ဒီအဖိုးကြီးက ဒီကိစ္စကို တော်ဝင်နန်းတွင်းဆီ သတင်းပို့ရမယ်"

ယခင်က အရာရှိဟောင်းများဖြစ်ခဲ့သော မဟာကွန်ဖြူးရှပ်ပညာရှင်များသည် ထိုကိစ္စကို ရပ်ကြည့်နေနိုင်ခြင်းမရှိတော့ချေ။သူတို့၏မိတ်ဆွေဟောင်းများထံသို့ ထျန်းပိုယန်ကို စွပ်စွဲပြစ်တင်သည့်စာများရေးသား၍ ပေးပို့ကြတော့သည်။

ရုတ်ချည်းဆိုသလိုပင် ထျန်းပိုယန်သည် မရေမတွက်နိုင်သောလူများ၏ ပစ်မှတ်ကြီး ဖြစ်လာလေ၏။

သို့ရာတွင် ထျန်းပိုယန်သည် ထိုကိစ္စများကို ဂရုစိုက်ခြင်းမရှိချေ။

"လုယွီက ခုထိတုံ့ပြန်မှု မရှိသေးဘူးလား"

ထျန်းပိုယန်က မေးမြန်းသည်။

ထျန်းယွဲ့က ပျာပျာသလဲ တုံ့ပြန်ပြောဆိုသည်။

"ကျွန်တော်က အနောက်ဘက်တောင်ကို လူတစ်ယောက်စေလွှတ်ပြီးတော့ အကြောင်းကြားခိုင်းထားတယ်...ဒါပေမယ့် ခုချိန်ထိတော့ ဘာသတင်းမှ ပြန်မရသေးဘူး"

ထျန်းပိုယန်က မျက်မှောင်ကြုတ်ကာ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလေ၏။

"ငါ ထပ်ပြီးဂရုမစိုက်နိုင်တော့ဘူး...ငါကိုယ်တိုင် အဲ့ဒီနေရာကို တစ်ယောက်ယောက်လွှတ်ပြီး သူ့ကို ခေါ်ထုတ်ရမယ်"

မကြာမီမှာပင် ကျောင်းတော်တပည့်များသည် စစ်သားတစ်စု ကျောင်းတော်အတွင်းသို့ ဝင်ရောက်လာခြင်းကို တွေ့မြင်လိုက်ရသည်။

ထိုစစ်သားများသည် လေးလံသော အနက်ရောင်သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားကြသည်။ထိုသံချပ်ကာဝတ်စုံများပေါ်တွင် အကာအကွယ်သင်္ကေတများကို ရေးထွင်းထားရာ အလင်းရောင်များ တောက်ပနေလေ၏။ထိုစစ်သားတစ်ယောက်ချင်းစီ၏ခါးတွင် ဓားရှည်တစ်လက်ကို ချိတ်ဆွဲထားသည်။ဤသည်က တာယွီအင်ပါယာ တော်ဝင်စစ်တပ်၏အမှတ်အသားဖြစ်သော ဓားရှည်ပင်။ထိုဓားရှည်တစ်လက်ချင်းစီသည် အဆင့်မြင့်မှော်လက်နက်ဖြစ်သည်။

စစ်သားများအားလုံးသည် သူတို့၏မျက်နှာပေါ်၌ အနက်ရောင်မျက်နှာဖုံးကို ဝတ်ဆင်ထားသဖြင့် အေးစက်စက်မျက်လုံးတစ်စုံကိုသာ တွေ့မြင်နိုင်သည်။

"ဒါက ချီလင်စစ်တပ်ပဲ"

"ဒီစစ်တပ်က မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေရဲ့ အစောင့်အကြပ်တပ်သုံးတပ်ထဲက တစ်တပ်လေ...သူတို့က ကျောင်းတော်ကို ဘာလို့ရောက်လာကြတာလဲ"

ထိုစစ်တပ်အားခေါင်းဆောင်လာသော ဗိုလ်ချုပ်သည် တခြားစစ်သားများကိုဦးဆောင်၍ အနက်ဘက်တောင်သို့ ပျံသန်းသွားလေ၏။

ကျောင်းတော်အတွင်း၌ စစ်သားများကို မြင်တွေ့ရခြင်းသည် ကြုံတောင့်ကြုံခဲ ကိစ္စတစ်ရပ်ပင်။မကြာမီမှာပင် ထိုသတင်းသည် ကျောင်းတော်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားတော့သည်။

"မကောင်းတော့ဘူး...ဒါက လုရှီကို ပစ်မှတ်ထားနေတာပဲ"

"ထျန်းပိုယန်ရဲ့လက်ပါးစေတွေကို ကျောင်းတော်က လူတွေအားလုံးနီးပါး မုန်းတီးနေကြတာ...သူက သူ့ရဲ့လက်ပါးစေတွေကို မလွှတ်ရဲတော့ စစ်သားတွေကို စေလွှတ်လိုက်တာပဲဖြစ်မယ်"

"သောက်ချေးပဲ...ကျောင်းတော်ငါးခုထဲကို ဘယ်အချိန်ကစပြီး စစ်သားတွေကျူးကျော်ဝင်ရောက်ခွင့် ရသွားတာလဲ...ဒါက ငါတို့ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွက် အရှက်ရစရာ ကိစ္စကြီးပဲ"

ကျောင်းတော်တပည့်များသည် ဒေါသများပေါက်ကွဲနေကြ၏။

ထျန်းပိုယန်သည် လုယွီကိုရင်ဆိုင်နိုင်ရန် ချီလင်စစ်တပ်ကိုပင် အမိန့်ပေးခဲ့သည်။

"လုယွီက ကျင့်ကြံဆင့်ချိုးဖျက်နေတာ အရေးကြီးတဲ့ အချိန်အခိုက်အတန့်ကို ရောက်နေပြီ...ဒီလူတွေ သူ့ကို နှောက်ယှက်လို့မဖြစ်ဘူး"

ယခုလက်ရှိအချိန်တွင် လုယွီ၏အခြေအနေကို လီစစ်က ကောင်းစွာသိရှိနားလည်ထားသည်။

နတ်ဘုရားကုန်းမြေအတွင်း၌ရှိနေစဥ်တွင် သူသည် လုယွီ၏ခန္ဓာကိုယ်မှ မှော်စွမ်းအားများ ပင်လယ်ကဲ့သို့ တလိမ့်လိမ့်ထနေသည်ကို ခံစားမိလေ၏။လုယွီသည် လောကီအင်မော်တယ်နယ်မှနေ၍ မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်လုဆဲဆဲ အခြေအနေသို့ ရောက်ရှိနေလေပြီ။

ကျင့်ကြံသူတစ်ယောက်၏မှော်စွမ်းအားများ ပို၍စုဆောင်းမိလေလေ မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ရာ၌ ပို၍ခက်ခဲလေလေပင်။ယခုလက်ရှိချိန်တွင် လုယွီ ရင်ဆိုင်နေရသော အခက်အခဲကို စိတ်ကူးယဥ်တွေးတောကြည့်၍ပင် မရနိုင်ချေ။

လီစစ်သည် လူတချို့ကိုခေါ်ဆောင်၍ ချီလင်စစ်တပ်ကိုဟန့်တားရန် အပြေးသွားလိုက်သည်။တစ်ချိန်တည်းမှာပင် သူသည် ချိုင်လုံရှင်းအား တက်နိုင်သမျှ အမြန်ဆုံးလာရောက်ရန် အကြောင်းကြားလိုက်၏။

"ငါ လာခဲ့မယ်"

ချိုင်လုံရှင်းက လီစစ်ထံ အသံပေးပို့လေသည်။

ထောင်နှင့်ချီသော ချီလင်စစ်တပ်မှစစ်သားများသည် အနောက်ဘက်တောင်သို့ ရောက်ရှိလာကြသည်။သို့ရာတွင် သူတို့အားစောင့်ကြိုနေသည်မှာ ဒေါသထွက်နေသော ကျောင်းတော်တပည့်တစ်စုပင်။

"တော်ဝင်နန်းတွင်းရဲ့အမိန့်အရ ကိစ္စတစ်ခုကို ဖြေရှင်းစရာရှိတယ်...မဆိုင်တဲ့သူတွေ ဘေးဖယ်ကြစမ်း"

ချီလင်စစ်တပ်၏စစ်ဗိုလ်ချုပ်က အော်ငေါက်လိုက်၏။

သို့ရာတွင် သူတို့ရှေ့ရှိ ကျောင်းတော်တပည့်များသည် အနည်းငယ်မျှပင် နောက်တွန့်မသွားကြချေ။

"ဟမ့်...."

ထောင်နှင့်ချီသော ချီလင်စစ်သားများသည် တစ်ပြိုင်နက်တည်း ကျယ်လောင်စွာအော်ငေါက်လိုက်ရာ ပတ်ဝန်းကျင်နေရာတဝိုက်လုံး သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်သွားတော့သည်။

ကျောင်းတော်တပည့်များ၏မျက်နှာများ ဖြူဖျော့သွားသည်။

တော်ဝင်စစ်တပ်မှစစ်သားများသည် တစ်ယောက်ချင်းဆိုပါက ကျောင်းတော်တပည့်များကို ယှဥ်ပြိုင်နိုင်မည်မဟုတ်ချေ။

သို့ရာတွင် စစ်သားများသည် တိုက်ခိုက်ရာ၌ အတွေ့အကြုံကြွယ်ဝကာ လေ့ကျင့်နည်းမျိုးစုံကို နေ့စဥ်နေ့တိုင်း ပြုလုပ်ကြရသည်။စစ်သားဆယ်ယောက်စီစုစည်း၍ တိုက်ပွဲဝင်ဝင်္ကပါငယ်တစ်ခုကို ဖွဲ့စည်းနိုင်ကာ သူတို့၏တိုက်ခိုက်နိုင်မှုစွမ်းအား အကြီးအကျယ် မြင့်တက်လာပေ၏။

စစ်သားအယောက်တစ်ထောင်ကျော် စုစည်းလိုက်ပါက ရွှယ်အင်မော်တယ်တစ်ယောက်ကိုပင် လှောင်ပိတ်ထားနိုင်သော သတ်ဖြတ်ခြင်းဝင်္ကပါကို ဖွဲ့စည်းနိုင်သည်။ကောင်းကင်ဘုံနယ်မြေအတွင်းမှ အစွမ်းထက်ကျင့်ကြံသူအများစုသည် တော်ဝင်စစ်တပ်ဟူသောအသံကိုကြားသည်နှင့် သူတို့၏မျက်နှာအမူအယာများ သိသိသာသာပြောင်းလဲသွားကာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြသည်။

Chapter 2607

"နောက်ဆုတ်ကြစမ်း"

စစ်သားများအားလုံးက သံပြိုင်အော်ဟစ်လိုက်ကြရာ သူတို့၏အသံသည် မိုးခြိမ်းသံကဲ့သို့ တုန်ခါနေပေ၏။

ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်နေရာတစ်ဝိုက်၌ ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်သွားသည်။ဤသည်က ထိုစစ်သားများသည် ပြင်းထန်သောတိုက်ပွဲအမြောက်အများကို ဆင်နွှဲခဲ့ရာမှ ထွက်ပေါ်လာသောအရှိန်အဝါပင်။

ထိုကဲ့သို့တုန်လှုပ်ချောက်ချားဖွယ် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒနှင့် ရင်ဆိုင်ရချိန်တွင် တပည့်အများစု၏မျက်နှာများ ဖြူရော်သွားသည်။သူတို့သည် ရက်စက်ကြမ်းကြုတ်သော မှော်သားရဲများက သူတို့အား စူးစိုက်ကြည့်နေသကဲ့သို့ ခံစားနေရသည်။

ဤသည်က ရာနှင့်ချီသောစစ်ပွဲများကို ဖြတ်ကျော်ခဲ့သော အစစ်အမှန်စစ်သားများပင်။ကျောင်းတော်တပည့်များသည် လေ့ကျင့်မှုအမြောက်အများကို ပြုလုပ်ခဲ့သော်လည်း သူတို့နှင့်အစစ်အမှန်စစ်သားများကြားရှိ ကွာဟချက်မှာ လွန်စွာကြီးမားလှ၏။

မြောက်မြားစွာသော ကျောင်းတော်တပည့်များ ဟန့်တားထားဆဲဖြစ်သည်ကိုမြင်တွေ့ချိန်တွင် ချီလင်စစ်တပ်၏စစ်ဗိုလ်ချုပ်က အေးစက်စက်လေသံဖြင့် အော်ငေါက်လိုက်သည်။

"တကယ်လို့ မင်းတို့ဘေးမဖယ်ဘူးဆိုရင်...ငါတို့က မင်းတို့ကို ဘာမှညှာတာထောက်ထားနေမှာမဟုတ်ဘူး...မင်းတို့ကို သတ်ရလိမ့်မယ်"

လီစစ်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"မင်းတို့အားလုံး ဘေးဖယ်နေကြတော့...ငါ သူတို့ကို ဟန့်တားထားမယ်"

ရုတ်ချည်းဆိုသလိုပင် လီစစ်၏ခန္ဓာကိုယ်မှ မှော်စွမ်းအားများ တလိမ့်လိမ့်ထွက်ပေါ်လာကာ ကြီးမားသောရှဲ့ကျစ်ပုံရိပ်ယောင်ကြီးအဖြစ် ဖွဲ့စည်းသွားသည်။

ထိုပုံရိပ်ယောင်ကြီး မျက်လုံးဖွင့်လိုက်ချိန်တွင် ရွှေရောင်အလင်းတန်းများဖြင့် တောက်ပနေလေ၏။ထိုပုံရိပ်ယောင်ကြီးသည် ရှေ့သို့တိုးလာသောစစ်သားများကို စူးစိုက်ကြည့်ကာ နားအူလုမတက်အသံကြီးဖြင့် ဟိန်းဟောက်လေသည်။

ချီလင်စစ်တပ်၏စစ်ဗိုလ်ချုပ်က မျက်မှောင်ကြုတ်လိုက်သည်။ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် ဤကဲ့သို့ကြီးကြီးမားမား တုံ့ပြန်မည်ဟု သူ မျှော်လင့်မထားမိချေ။

သူသည် အမိန့်ကိုငြင်းဆန်သော ကျောင်းတော်တပည့်တစ်ယောက်ကို ဖမ်းဆီးရန် ထျန်းပိုယန်၏အမိန့်အရ ရောက်ရှိလာခြင်းပင်။

စစ်တပ်အမိန့်သည် တောင်ကြီးတစ်လုံးကဲ့သို့ လေးလံသော်လည်း သူသည် အရူးတစ်ယောက်မဟုတ်ချေ။ထျန်းပိုယန်သည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ လက်ထောက်ကျောင်းအုပ်တစ်ယောက်ဖြစ်သည်။မည်သည်ကြောင့် ကျောင်းတော်အတွင်းမှ တပည့်တစ်ယောက်ကိုဖမ်းဆီးရန် စစ်တပ်ကို အမိန့်ပေးစေခိုင်းခဲ့သနည်း။

ယခုချိန်တွင် ကြည့်ရသလောက် သူတို့အား ထျန်းပိုယန်မှအသုံးချသွားပုံရသည်။

"ဗိုလ်ချုပ်...ကျွန်တော်တို့ အတင်းအကြပ်ဝင်သင့်လား"

စစ်သားတစ်ယောက်က တွန့်ဆုတ်နေသောလေသံဖြင့် မေးမြန်းသည်။

ဤသည်က ကျောင်းတော်ငါးခုအနက်မှတစ်ခုဖြစ်ပြီး သာမာန်ဂိုဏ်းတစ်ဂိုဏ်းမဟုတ်ချေ။

အကယ်၍ သာမာန်ဂိုဏ်းများသည် နန်းတွင်း၏အမိန့်ကို မလိုက်နာပါက သူတို့ ဆန္ဒရှိသည့်အတိုင်း စီရင်ပိုင်ခွင့်ရှိသည်။သို့ရာတွင် ဤကျောင်းတော်အတွင်း၌ တော်ဝင်နန်းတွင်းနှင့်ဆက်စပ်နေသော တပည့်အမြောက်အများရှိနေသည်။

ချီလင်စစ်တပ်၏စစ်ဗိုလ်ချုပ်သည် ခေါင်းကိုက်လာသကဲ့သို့ ခံစားနေရ၏။သူသည် ထိုကျောင်းတော်တပည့်များအား အတင်းအကြပ်ဝင်ရောက်တိုက်ခိုက်၍မရသည်ကို ကောင်းစွာသိရှိထားသည်။

သို့ရာတွင် အထက်အမိန့်သည် တောင်ကြီးတစ်လုံးကဲ့သို့ လေးလံပေ၏။အကယ်၍ သူသည် အမိန့်ကိုမနာခံပါက အဆုံးအသတ်ကောင်းနှင့် ကြုံတွေ့ရမည်မဟုတ်ချေ။

ဝုန်း...

ထိုအချိန်မှာပင် လူရိပ်တစ်ရိပ်က ကောင်းကင်ယံမှဆင်းသက်လာကာ ချီလင်စစ်တပ်အကြားသို့ ထိပ်တိုက်ပြေးဝင်လာခဲ့သည်။

မူလက တင်းတင်းကြပ်ကြပ်စုစည်းထားသော စစ်တပ်ဖွဲ့စည်းပုံ ချက်ချင်းဆိုသလိုပင် ဖရိုဖရဲဖြစ်သွားကာ စစ်သားတချို့ လွင့်ထွက်သွားလေ၏။

"ဘယ်သူလဲ...ဘယ်လိုသတ္တိမျိုးနဲ့ တော်ဝင်စစ်တပ်ကို တိုက်ခိုက်ဝံ့တာလဲ"

ချီလင်စစ်တပ်၏စစ်ဗိုလ်ချုပ် အလွန်ဒေါသထွက်သွားသည်။သူတို့သည် တိုက်ခိုက်ရန် ဆုံးဖြတ်ချက်မချရသေးမီမှာပင် ကျောင်းတော်တပည့်များဘက်မှနေ၍ စတင်၍တိုက်ခိုက်လာခဲ့ရာ ဤသည်က ကြီးလေးသောရာဇဝတ်မှုကြီးပင်။

ရွှပ်...ရွှပ်...ရွှပ်....

စစ်သားများသည် သူတို့၏ဓားအိမ်များမှ ဓားရှည်များကို ဆွဲထုတ်လိုက်ကြသဖြင့် အေးစက်စက်အလင်းရောင်များ ထွက်ပေါ်လာသည်။သူတို့၏ဓားများဖြင့် အသစ်ရောက်ရှိလာသူကို ချိန်ရွယ်လိုက်ကြ၏။

"ငါ လုပ်တာ...ဒီအမိန့်ကို မင်းတို့ကို ဘယ်သူကပေးတာလဲ"

ထိုစကားကိုပြောဆိုလိုက်သူမှာ ချိုင်လုံရှင်းပင်။

သူသည် မင်းသားတစ်ပါး၏ဝတ်စုံကိုဝတ်ဆင်ထားကာ သူ၏ခေါင်းထက်၌ အနက်ရောင်ခေါင်းစည်းကိုစည်းထားပြီး ခါးတွင် ကျောက်စိမ်းပြားတစ်ပြားကို ချိတ်ဆွဲထားသည်။သူသည် ကြီးကျယ်ခမ်းနားသောဝတ်စုံကို ဝတ်ဆင်ထားခြင်းဖြစ်သည်။

"မင်းက ဘယ်သူလဲ...တော်တော်သတ္တိကောင်းနေ.....အမ်....မင်းက ရေခဲနယ်မြေမင်းသားလား"

တချို့စစ်သားများသည် ချိုင်လုံရှင်း၏အဆင့်အတန်းကို မှတ်မိသွားသဖြင့် သူတို့၏စစ်ဗိုလ်ချုပ်ထံ အလျှင်အမြန် သတင်းပို့လိုက်ကြသည်။

ချီလင်စစ်တပ်၏စစ်ဗိုလ်ချုပ်သည် ဆဲရေးတိုင်းထွာရန် ပါးစပ်ဟလိုက်သော်လည်း သူ၏ပါးစပ်ကို အလျှင်အမြန်ပြန်ပိတ်ကာ မည်သည့်စကားမျှ ထပ်မဆိုဝံ့တော့ချေ။

ရေခဲနယ်မြေရှိချိုင်မိသားစုသည် တာယွီအင်ပါယာအတွင်း၌ ကွဲပြားခြားနားသော မျိုးရိုးနာမည်ရှိသည့် တစ်ခုတည်းသောတော်ဝင်မျိုးနွယ်ပင်။

ချိုင်လုံရှင်းသည် အနာဂတ်ရေခဲနယ်မြေဘုရင် ဖြစ်လာမည်မှာ သံသယဖြစ်ဖွယ်မရှိချေ။ဤကဲ့သို့ တည်ရှိမှုမျိုးနှင့်ရင်ဆိုင်ရချိန်တွင် သူ့ကဲ့သို့ နိမ့်ကျသောအစောင့်အကြပ်စစ်ဗိုလ်ချုပ်တစ်ယောက်သည် စကားများစွာ မပြောဆိုဝံ့ချေ။

"ဒီဗိုလ်ချုပ်က မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေ အုပ်ချုပ်ရေးရုံးတော်ရဲ့လက်အောက်ကပါ...ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့ တပည့်ခေါင်းဆောင်လုယွီက အမိန့်ကိုမနာခံခဲ့ဘူး...ဒါကြောင့် သူကိုဖမ်းဆီးဖို့ ကျွန်တော်တို့လာခဲ့တာပါ"

ချီလင်စစ်တပ်၏စစ်ဗိုလ်ချုပ်က ပျာပျာသလဲ ရှင်းပြလေသည်။

ယခုချိန်၌ သူ၏အသံသည် လွန်စွာတိုးညှင်းနေပြီး ယခင်ကဲ့သို့ ထက်ရှမှုမျိုးမရှိတော့ချေ။

ချိုင်လုံရှင်းက တည်ငြိမ်စွာ ပြောဆိုသည်။

"မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေရဲ့အုပ်ချုပ်ရေးမှူးက အထက်လူကြီးတွေကိုလှည့်စားပြီး အာဏာကို အလွဲသုံးစားလုပ်နေတယ်...သူက မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေထဲက သူ့ရဲ့လုပ်ဆောင်ချက်တွေကို ဖုံးကွယ်ချင်နေတာ...ငါက ဒါကို တော်ဝင်တရားစီရင်ရေးဌာနကို သတင်းပို့ပြီးပြီ...မကြာခင်မှာ ရလဒ်ထွက်ပေါ်လာလိမ့်မယ်...ဒီကိစ္စတွေထဲမှာ မင်း ဝင်မစွက်ဖက်ဘဲ ပြန်လှည့်သွားဖို့ ငါ မင်းကို အကြံပေးချင်တယ်"

"ဒါက စည်းမျဥ်းနဲ့မကိုက်ညီမှာကို ကျွန်တော် စိုးရိမ်မိတယ်"

ချီလင်စစ်တပ်၏စစ်ဗိုလ်ချုပ်သည် ဆုပ်လည်းစူး စားလည်းရူး အနေအထားမျိုးသို့ရောက်ရှိနေသဖြင့် အားတင်းကာ ပြောဆိုလိုက်၏။

Chapter 2608

ချိုင်လုံရှင်းက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"တကယ်လို့ မင်းတို့က အတင်းအကြပ်ဆောင်ရွက်ချင်တယ်ဆိုရင် မင်းတို့လုပ်နိုင်တယ်...ငါ ဒီနေရာမှာ မတ်တတ်ရပ်နေတယ်.....တကယ်လို့ တစ်ယောက်ယောက်က သတ္တိအရမ်းကောင်းပြီး ရှေ့ကိုတိုးလာမယ်ဆိုရင် မင်းတို့ ဆန္ဒရှိသလိုလုပ်နိုင်တယ်"

မင်းသားတစ်ပါးဖြစ်သော ချိုင်လုံရှင်းရှိနေခြင်းကြောင့် အခြေအနေသည် ပြောင်းပြန်လှန်လိုက်သကဲ့သို့ ပြောင်းလဲသွားပေ၏။

မူလက လုယွီအားဖမ်းဆီးရန် အတင်းအကြပ်တိုးဝင်လာသော ချီလင်စစ်တပ်သည် ရုတ်တရက်အားနည်းကာ မတည်မငြိမ်ဖြစ်လာတော့သည်။

"ဟီး ဟီး...မင်းတို့မှာ အသက်ဘယ်နှစ်ချောင်းရှိနေလဲဆိုတာ ငါ သိချင်တယ်...ငါတို့ရဲ့အရှင့်သား ဒီနေရာမှာရှိနေတာတောင် မင်းတို့က နောက်မဆုတ်သေးဘူးလား"

ချိုင်ကူဘိုးဘေးထွက်ပေါ်လာမှုနှင့်အတူ အစွမ်းထက်သောရွှယ်အင်မော်တယ်တစ်ယောက်၏စွမ်းအားက ပတ်ဝန်းကျင်နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။

ရွှယ်အင်မော်တယ်တစ်ယောက်၏ဖိအား ထွက်ပေါ်လာချိန်တွင် လူတိုင်း ကြက်သေသေသွားလေ၏။

ကျင့်ကြံခြင်းလမ်းကြောင်းတွင် အကယ်၍ တစ်စုံတစ်ယောက်တွင် လုံလောက်သောစွမ်းအားမျိုးမရှိပါက တစ်ဖက်လူကို ဖိနှိပ်နိုင်မည်မဟုတ်ချေ။

ချိုင်ကူဘိုးဘေးကိုမြင်တွေ့ချိန်၌ ချီလင်စစ်တပ်၏အရှိန်အဝါ လုံးလုံးလျားလျား ပျောက်ကွယ်သွားတော့သည်။

ချီလင်စစ်တပ်၏စစ်ဗိုလ်ချုပ်က သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

"သွားကြစို့"

အကယ်၍ သူတို့ ဤနေရာ၌ဆက်နေနေပါက အနိုင်ကျင့်အရှက်ခွဲခံရခြင်းကိုသာ ရရှိပေမည်။

ဤနေရာ၌ လုယွီကိုကာကွယ်ရန် လူအမြောက်အများရှိနေမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိကြချေ။

ချီလင်စစ်တပ်ထွက်ခွါသွားချိန်တွင် ကျောင်းတော်တပည့်များက ဝမ်းပန်းတသာ အော်ဟစ်လိုက်ကြသည်။

"အရှင့်သား ထွက်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

လီစစ်က ချိုင်လုံရှင်းအား အရိုအသေပြုကာ ပြောဆိုသည်။

ချိုင်လုံရှင်းက သူ၏လက်ကို ဝှေ့ယမ်းပြလိုက်၏။

"မင်း ပြန်သွားပြီး ကျင့်ကြံတော့...ငါ ဒီနေရာမှာ ရှိနေမယ်"

လုယွီနှင့်တိုက်ခိုက်မှုချင်း ဖလှယ်ပြီးနောက် ချိုင်လုံရှင်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။သို့ရာတွင် ယခုလက်ရှိချိန်၌ သူ၏မျက်လုံးများသည် စူးရှရှတောက်ပနေကာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

ချိုင်လုံရှင်းသည် လုယွီအား ရှုံးနိမ့်ခဲ့ရသော်လည်း အကယ်၍ သူသည် တာအိုသခင်တစ်ယောက်နှင့် ရင်ဆိုင်ခဲ့ရသည်ကို သိရှိသွားးပါက သူ ဆိုးဆိုးရွားရွားရှုံးနိမ့်ခဲ့ရသည်ဟု တွေးတောမိမည်မဟုတ်ချေ။

လုယွီသည် ထိုအချက်ကြောင့် ချိုင်လုံရှင်းကို နှစ်သိမ့်ပေးခဲ့သည်။တိုက်ပွဲအတွင်းတွင် လုယွီသည် ချိုင်လုံရှင်း၏မှော်နည်းစနစ်များမှ ဟာကွက်အမြောက်အများကို ထောက်ပြခဲ့လေ၏။

ယခုလက်ရှိချိန်တွင် လုယွီ၏လမ်းညွှန်မှုဖြင့် ချိုင်လုံရှင်း၏ခွန်အားသည် ကြောက်ခမမ်းလိလိ တိုးတက်နေလေပြီ။

'ငါ ဒီနေရာမှာရှိနေမယ်'ဟူသောစကားသည် လူတိုင်းအား စိတ်အားတက်ကြွမှုကို ခံစားရစေသည်။

"ငါတို့လည်း ဒီနေရာမှာပဲနေမယ်...အဲ့ဒီလူတွေ ဆန္ဒရှိတဲ့အတိုင်း လုပ်ခွင့်မပြုနိုင်ဘူး"

"ငါတို့လည်း ဒီနေရာမှာပဲ ကျင့်ကြံနေမယ်...ကျင့်ကြံသူတွေက လောကကြီးရဲ့ဘယ်နေရာကိုမဆို သူတို့ရဲ့အိမ်အဖြစ် ယူဆနိုင်တယ်...ငါတို့က ဘာလို့ ဒီနေရာမှာ မကျင့်ကြံနိုင်ရမှာလဲ"

ကျောင်းတော်တပည့်များသည် အနောက်ဘက်တောင်ရှေ့၌ထိုင်ကာ စတင်၍ကျင့်ကြံနေကြတော့သည်။

အနောက်ဘက်တောင်သည် မူလက ကျောင်းတော်အတွင်း၌ အလွန်အမင်းတိတ်ဆိတ်ငြိမ်သက်သောနေရာတစ်ခုဖြစ်သော်လည်း ယခုလက်ရှိချိန်တွင် ထောင်နှင့်ချီသောတပည့်များ ဤနေရာ၌ ကျင့်ကြံနေသည်။

မိုးကောင်းကင်ကျမ်းစာဆောင်အတွင်း၌ရှိနေသော ထျန်းပိုယန်သည် ထိုသတင်းကိုကြားချိန်တွင် သူ၏လက်အတွင်းရှိ လဖက်ရည်ပန်းကန်လုံးကို ခြေမွှလိုက်၏။

ညအချိန်အရောက်တွင် သူသည် ဤနှစ်များအတွင်း ကျောင်းတော်မှစုဆောင်းထားသော ရတနာများကို ထျန်းယွဲ့တို့လူတစ်စုထံပေးအပ်၍ သူတို့၏မိသားစုအိမ်တော်သို့ ပြန်သွားစေသည်။

ဤအချိန်အတောအတွင်းတွင် သူ လုပ်ဆောင်ခဲ့သောကိစ္စရပ်များသည် အလွန်အကျူးဖြစ်သွားကြောင်း ထျန်းပိုယန်က ကောင်းစွာသိရှိထားသည်။

ထျန်းမိသားစုသည် သူတို့နှင့်သူတော်စင်ယီဟန်အကြားရှိ ကျေးဇူးကြွေးကို ထပ်မံ၍မှီခို၍မရတော့ချေ။အဆုံးသတ်၌ မရေမတွက်နိုင်သောရန်သူများ သူတို့အား လာရောက်ရှာဖွေကာ မိသားစုတစ်စုလုံး အချိန်မရွေးပျက်သုဥ်းသွားနိုင်သည့်ဘေးနှင့် ရင်ဆိုင်ရနိုင်သည်။

သူသည် ထျန်းယွဲ့တို့လူစုအားခေါ်ဆောင်ကာ ထျန်းမိသားစုကို အဝေးသို့ ရွှေ့ပြောင်းစေသည်။အကယ်၍ မတော်တဆကိစ္စတစ်ခုခုနှင့် ရင်ဆိုင်ရပါက မိသားစုတစ်စုလုံး ပျက်သုဥ်းရမည်ကို သူ မလိုလားချေ။

"ထျန်းပိုယန်...ငါ ဒီနေ့ထွက်သွားတော့မယ်...စိတ်ပျက်ဖို့ကောင်းတာတစ်ခုက မင်းက ငါတို့ရဲ့အရှင်သခင် မင်းကိုပေးထားတဲ့တာဝန်ကို ပြီးမြောက်အောင်မလုပ်နိုင်ခဲ့ဘူး....မင်းက အခွင့်အရေးကောင်းကို အလဟဿလွဲချော်သွားစေတာပဲ"

အနက်ရောင်ဝတ်ရုံဝတ်လူက အပြုံးနှင့်ပြောဆိုသည်။

ထျန်းပိုယန်က အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်၏။

"ငါ့ကို အခွင့်အရေးတစ်ခု ထပ်ပေးပါအုံး...ဒီတစ်ကြိမ်တော့ ငါ လုယွီကို ကျောင်းတော်ကနေ မောင်းထုတ်နိုင်မှာပါ"

"ငါတို့က မင်းနဲ့ထပ်ပြီး အချိန်မဖြုန်းနိုင်တော့ဘူး...မင်းကိုယ်မင်းသာ ဂရုစိုက်ပါ"

စကားဆုံးသည်နှင့် အနက်ရောင်ဝတ်ရုံဝတ်လူသည် အမှောင်ထုအတွင်းသို့ဝင်ရောက်ကာ ပျောက်ကွယ်သွားတော့သည်။

"ခဏနေဦး"

ထျန်းပိုယန်သည် ချက်ချင်းဆိုသလိုပင် ဖမ်းဆုပ်လိုက်သော်လည်း အနက်ရောင်ဝတ်ရုံဝတ်လူ၏အဝတ်စကိုပင် ထိတွေ့မိခြင်းမရှိချေ။

သူသည် စွန့်ပစ်ခံရသော နယ်ရုပ်တစ်ရုပ်ဖြစ်သွားလေပြီ။

သူသည် အသုံးမဝင်တော့သဖြင့် တစ်ဖက်လူများ၏စွန့်ပစ်ခြင်းကို ခံခဲ့ရသည်။

"မဟုတ်သေးဘူး...ယန်ကျွင်းက ခုထိရောက်မလာသေးဘူး...ငါက ခုချိန်ထိ မြောက်ပိုင်းဝါးမြိုခြင်း အုပ်ချုပ်ရေးရုံးတော်ရဲ့အုပ်ချုပ်ရေးမှူးရာထူးမှာ ရှိနေတုန်းပဲ...ငါ အသက်ရှင်သန်နိုင်မယ့် နည်းလမ်းတစ်ခုတော့ရှိရမယ်"

ထျန်းပိုယန်၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပနေသည်။မြောက်မြားစွာသော နည်းဗျူဟာများက သူ၏စိတ်နှလုံးသားအတွင်း၌ ထင်ဟပ်နေလေ၏။

သူ၏အတွေးများ ရှုပ်ယှက်ခတ်နေစဥ် ပြင်ပရှိ မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေ၏ အခြေအနေသည်လည်း သိသိသာသာ ပြောင်းလဲနေခဲ့သည်။

Chapter 2609

နောက်တစ်နေ့တွင် မနက်ခင်းနေမင်းကြီး၏ပထမဆုံးရောင်ခြည်တန်းသည် ကျောင်းတော်၏ခေါင်မိုးများပေါ်သို့ ကျရောက်လာသည်။

ဤအချိန်အခိုက်အတန့်တွင် ဟောပြောသူများဖြစ်စေ ကျောင်းတော်တပည့်များဖြစ်စေ သူတို့၏ကျင့်ကြံမှုတွင် နစ်မြုပ်နေကာ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေကြ၏။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် သာမာန်အတိုင်း တိတ်ဆိတ်ငြိမ်သက်မှုများလွှမ်းမိုးကာ တည်ငြိမ်အေးချမ်းနေဆဲပင်။

သို့ရာတွင် ထိုတည်ငြိမ်အေးချမ်းမှု မကြာမီမှာပင် ကျိုးပျက်သွားလေ၏။

"မြန်မြန်...မြန်မြန်...ငါ့ကိုကယ်ပါအုံး"

သွေးများစိုရွှဲနေသော စစ်သားတစ်ယောက်သည် တုန်ရီနေသောအသံဖြင့် သူ့အားကယ်တင်ရန် အကူအညီတောင်းခံနေရာမှ ကျောင်းတော်တံခါးမကြီးရှေ့ရှိ လှေကားများပေါ်၌ လဲကျသွားတော့သည်။

သူ့အား တံခါးစောင့်တပည့်တစ်ယောက်က အလျှင်အမြန် ကယ်တင်လိုက်သည်။

ထိုစစ်သားအား ပြုစုပေးပြီးချိန်တွင် လွန်ခဲ့သောရက်အနည်းငယ်ခန့်က ကျောင်းတော်တွင်ဟန်ရေးလာပြခဲ့သော ချီလင်စစ်တပ်မှစစ်ဗိုလ်ချုပ်တစ်ဦးဖြစ်ကြောင်းကို ထိုကျောင်းတော်တပည့်က သိရှိသွားခဲ့သည်။

ယခုလက်ရှိချိန်တွင် ချီလင်စစ်တပ်မှစစ်ဗိုလ်ချုပ်၏ ခန္ဓာကိုယ်ပေါ်တွင် ပြင်းထန်သောဒဏ်ရာအမြောက်အများရှိနေသည်။ထိုဒဏ်ရာများအနက်မှတချို့သည် သူ၏အသက်အန္တရာယ်ကိုပင် ခြိမ်းခြောက်နိုင်စွမ်းရှိလေ၏။

ကံကောင်းထောက်မစွာဖြင့် ကျောင်းတော်အတွင်း၌ ဆေးပညာကျွမ်းကျင်သော မဟာကွန်ဖြူးရှပ်ပညာရှင်များရှိနေသည်။သူတို့သည် ထိုစစ်ဗိုလ်ချုပ်ကို စိတ်မဝင်စားကြသော်လည်း တော်ဝင်နန်းတွင်းမှစစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်နေခြင်းကြောင့် ကုသပေးလိုက်ကြသည်။

မကြာမီမှာပင် ချီလင်စစ်တပ်၏စစ်ဗိုလ်ချုပ်သည် သတိပြန်ရလာလေ၏။

"ခင်ဗျားကို ဒီလိုဖြစ်အောင် ဘယ်သူကရိုက်နှက်လိုက်တာလဲ...ခင်ဗျားရဲ့လက်အောက်ငယ်သားတွေရော ဘယ်ရောက်သွားတာလဲ"

ကျောင်းတော်တပည့်တစ်ယောက်က သရော်တော်တော် မေးမြန်းသည်။

ကျောင်းတော်မှလူအများစုသည် ချီလင်စစ်တပ်၏စစ်ဗိုလ်ချုပ်အပေါ် အမြင်ကောင်းမရှိကြချေ။

ထိုစစ်ဗိုလ်ချုပ်သည် အချိန်အတော်ကြာအားယူပြီးမှ သူ၏မျက်လုံးကို ဖွင့်နိုင်သွားကာ ပြောဆိုသည်။

"ဒါက အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းရဲ့လက်ချက်ပဲ...သူတို့က စပြီးတိုက်ခိုက်နေကြပြီ"

ထိုသတင်းကိုကြားလိုက်သော ကျောင်းတော်တပည့်သည် ထိတ်လန့်တုန်လှုပ်သွားလေ၏။သူက အတည်ပြုနိုင်ရန် စစ်ဗိုလ်ချုပ်ကို အထပ်ထပ်အခါခါမေးမြန်းပြီးနောက် သူ၏မျက်နှာပေါ်ရှိ သရော်တော်တော်အမူအယာ ပျောက်ကွယ်သွားတော့သည်။

အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းသည် မှောင်ရိပ်အတွင်း၌ ပုန်းလျှိုးကွယ်လျှိုးမနေတော့ဘဲ ပြောင်ပြောင်တင်းတင်း စတင်လှုပ်ရှားလာလေပြီ။

ရုတ်ချည်းဆိုသလိုပင် ​ကျင့်ကြံသူတို့၏မြို့အမြောက်အများ အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း၏သိမ်းပိုက်ခြင်းကို ခံလိုက်ရသည်။ဤနယ်မြေအတွင်း၌ စောင့်ကြပ်နေသော အစောင့်အရှောက်စစ်တပ်သည်လည်း အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းကို ယှဥ်ပြိုင်တိုက်ခိုက်နိုင်ခြင်းမရှိချေ။

ချီလင်စစ်တပ်သည် ကျောင်းတော်မှထွက်ခွါခဲ့ပြီးနောက် စစ်စခန်းသို့ပြန်မရောက်မီ အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။သူတို့သည် ပြင်းထန်သောရှုံးနိမ့်မှုကို ခံစားခဲ့ရကာ စစ်တပ်တစ်တပ်လုံး အမြစ်ပြတ်သုတ်သင်ခံရလုနီးပါးပင်။

မကြာမီမှာပင် ထိုသတင်းသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားလေ၏။

ရုတ်တရက် ထူထဲသောမြူခိုးတိမ်တိုက်များက ကျောင်းတော်၏နံဘေးပတ်လည်သို့ ရွေ့လျားလာသည်။နတ်ဘုရားစိတ်အာရုံများဖြင့်ပင် ကျောင်းတော်၏ပြင်ပရှိအရာများကို တွေ့မြင်နိုင်စွမ်းမရှိတော့ချေ။

ကျောင်းတော်၏အနီးပတ်ဝန်းကျင်၌ မြို့တချို့ရှိနေသည်။သာမာန်အားဖြင့် ထိုမြို့များအတွင်းတွင် လူသံ ရထားလုံးသံများဖြင့် ဆူညံနေလေ၏။ဤသည်က မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေ၏ ဗဟိုအချက်အချာကျသောနေရာပင်။

သို့ရာတွင် ထိုမြို့များသည် သုသာန်တစပြင်ကဲ့သို့ ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားကာ မြို့အတွင်းရှိလူများသည်လည်း သဲလွန်စမကျန်အောင် ပျောက်ကွယ်သွားခဲ့သည်။

ရုတ်ချည်းဆိုသလိုပင် ကင်းထောက်များမှနေ၍ ကျောင်းတော်၏အနီးပတ်ဝန်းကျင်တွင်ရှိသော မြို့များထံမှ မည်သည့်သတင်းမှမရရှိတော့ကြောင်း သတင်းပို့လာခဲ့သည်။

"ဒါက ဝင်္ကပါတစ်ခုပဲ....တစ်ယောက်ယောက်က ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကို ပိတ်လှောင်ဖို့ ကြီးမားတဲ့ဝင်္ကပါကြီးကို ခင်းကျင်းခဲ့တာပဲ"

ဝင်္ကပါပညာရပ်တွင်ကျွမ်းကျင်သော မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်က ပြောဆိုသည်။

ထိုစကားများထွက်ပေါ်လာချိန်တွင် ကျောင်းတော်အတွင်း၌ ရုတ်ရုတ်သဲသဲအသံများ ထွက်ပေါ်လာသည်။

ယခုလက်ရှိအချိန်တွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် မည်မျှပင်နိမ့်ပါးနေပါစေ တာယွီ၏ကျောင်းတော်ငါးခုအနက်မှတစ်ခုဖြစ်ပြီး သူတော်စင်ယီဟန် တည်ထောင်ခဲ့သောကျောင်းတော်အဖြစ် ရပ်တည်နေဆဲပင်။

မည်သူမည်ဝါဖြစ်နေပါစေ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ နာမည်ဂုဏ်သတင်းကို ထိပါးအောင်မလုပ်ဝံ့ချေ။

သို့ရာတွင် ယခုလက်ရှိချိန်၌ တစ်စုံတစ်ယောက်သည် အတင့်ရဲကာ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏နံဘေးပတ်ဝန်းကျင်၌ ဝင်္ကပါကြီးတစ်ခုကို ခင်းကျင်းထားခဲ့သည်။ဤသည်က ကျောင်းတော်၏မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင်။

"ဒါကို ဘယ်သူပဲလုပ်လုပ်...တန်ကြေး ပြန်ပေးဆပ်ရမယ်"

သွေးဆူသောတပည့်တချို့သည် ကျောင်းတော်မှထွက်ခွါကာ စုံစမ်းစစ်ဆေးရန်အတွက် မြူခိုးထုကြီးအတွင်းသို့ ဝင်ရောက်သွားကြ၏။

သို့ရာတွင် ထိုတပည့်များသည် အားကောင်းသူဖြစ်စေ အားနည်းသူဖြစ်စေ မြူခိုးထုကြီးအတွင်းသို့ ဝင်ရောက်သွားသည်နှင့် မည်သည့်သတင်းမျှမရရှိတော့ချေ။

ပတ်ဝန်းကျင်၌မျောလွင့်နေသော မြူခိုးထုကြီးသည် တက်တူတစ်ကောင်အလား လူများကို ဝါးမြိုနေသည်။မည်သူမဆို ထိုမြူခိုးထုကြီးအတွင်းသို့ ဝင်ရောက်သွားသည်နှင့် ထိုအရာ၏အစာဖြစ်သွားလေ၏။

မြူခိုးထုကြီးအတွင်း၌ တပည့်များ အဆက်မပြတ်ပျောက်ကွယ်သွားခြင်းနှင့်အတူ မဟာကွန်ဖြူးရှပ်ပညာရှင်များသည် ကျောင်းတော်တပည့်များ ခွင့်ပြုချက်မရှိဘဲ ကျောင်းတော်မှထွက်ခွါမသွားရန် အမိန့်ထုတ်ပြန်၍ ဟန့်တားလိုက်သည်။

ကျောင်းတော်၏တံခါးများအားလုံးကို ပိတ်ဆို့လိုက်၏။တစ်ချိန်တည်းမှာပင် မဟာအကာအကွယ်ဝင်္ကပါကြီးက ကျောင်းတော်၏အထက်ကောင်းကင်ယံကို လွှမ်းခြုံ၍ ထွက်ပေါ်လာသည်။

ပတ်ဝန်းကျင်ရှိမြူခိုးများသည် ပျံ့နှံ့လာကာ ဝင်္ကပါကြီးပေါ်သို့ ကျရောက်လာပြီး 'တရှဲရှဲ'အသံများမြည်နေသည်။

မြောက်မြားစွာသောတပည့်များသည် အံ့အားသင့်တုန်လှုပ်စွာဖြင့် မိုးကောင်းကင်ယံကို မော့ကြည့်နေကြ၏။

မူလက ကြည်လင်နေသောကောင်းကင်ယံကို ယခုလက်ရှိချိန်တွင် ထူထဲသောမြူခိုးများက လွှမ်းခြုံထားလေရာ လူအများအား သူတို့၏စိတ်နှလုံးသားအောက်ခြေမှလာသော မကြုံစဖူး လေးလံထိုင်းမှိုင်းမှုမျိုးကို ခံစားရစေသည်။

"မင်းတို့ကောင်တွေ....သွေးညှီနံရလား"

"ဒီသွေးညှီနံက နည်းနည်းတော့ထူးဆန်းနေတယ်"

ကျောင်းတော်တပည့်တချို့က မျက်မှောင်ကြုတ်နေကြသည်။

ကျောင်းတော်၏မဟာအကာအကွယ်ဝင်္ကပါကြီးသည် မြူခိုးများအား တားဆီးထားသော်လည်း ပြင်းထန်သောသွေးညှီနံက ကျောင်းတော်နေရာအနှံ့အပြား၌ ပျံလွင့်နေသည်။

Chapter 2610

မကြာမီမှာပင် ညအချိန်၌....

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကို အမှောင်ထုကြီးက လွှမ်းခြုံနေကာ ပင်လယ်အတွင်းရှိလှေတစ်စီးအလား မှိန်ပျပျတောက်ပနေသည်။

ကျောင်းတော်အတွင်းရှိ ထောင့်တစ်နေရာတိုင်းတွင် မီးအိမ်တစ်လုံးစီကို နေရာချထားသည်။မြောက်မြားစွာသော မီးအိမ်များကို တပြိုင်နက်တည်းထွန်းညှိထားသဖြင့် ကျောင်းတော်တစ်ခုလုံးကို တောက်ပနေစေသည်။

ကျောင်းတော်ပြင်ပရှိ ထူထဲသောမြူခိုးထုကြီးသည် ညဥ့်လယ်ခေါင်သို့ရောက်သည့်တိုင် ပျက်ပြယ်သွားခြင်းမရှိသေးချေ။

"ငါ ပြင်ပလောကနဲ့ ဆက်သွယ်လို့မရတော့ဘူး"

"ကူးပြောင်းရေးဝင်္ကပါတွေလည်း အကျိုးသက်ရောက်မှု ဆုံးရှုံးသွားပြီ...အပြင်မှာရှိတဲ့လေဟာနယ်က ဖရိုဖရဲဖြစ်နေတယ်...ဘာသတင်းမှ အပြင်ကိုပို့လို့ မရတော့ဘူး"

ဆိုးရွားသောသတင်းများ တစ်ခုပြီးတစ်ခုထွက်ပေါ်လာသဖြင့် လူတိုင်း၏စိတ်နှလုံးသားများ ပို၍ ပို၍လေးလံနေပေ၏။

ဤအချိန်အခိုက်အတန့်တွင် အခြေအနေအားလုံးကို ထိန်းချုပ်နိုင်ရန် တစ်စုံတစ်ယောက် လိုအပ်နေသည်။

ထျန်းပိုယန်ကို ကျောင်းတော်တပည့်များ လေးစားသည်ဖြစ်စေ မလေးစားသည်ဖြစ်စေ သူသည် အစွမ်းထက်သော ရွှယ်အင်မော်တယ်တစ်ယောက်ပင်။ဤကဲ့သို့အရေးကြီးအချိန်အခိုက်အတန့်မျိုးတွင် ထျန်းပိုယန်ထံတွင် လူအများ၏စိတ်နှလုံးသားကို တည်ငြိမ်အောင်ထိန်းသိမ်းနိုင်သော အရည်အချင်းမျိုး ရှိလေ၏။

လူအမြောက်အများ သွားရောက်ရှာဖွေကြသော်လည်း ထျန်းပိုယန်သည် မိုးကောင်းကင်ကျမ်းစာဆောင်အတွင်း၌ ရှိမနေတော့ချေ။

သူသည် လောကကြီးအတွင်းမှ အငွေ့ပျံသွားသကဲ့သို့ အရိပ်အယောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားတော့သည်။

ဤအချိန်အခိုက်အတန့်တွင် ကျောင်းတော်တပည့်များအားလုံး သွေးရူးသွေးတန်း ဖြစ်နေလေပြီ။

သူတို့သည် နေရာအနှံ့အပြား၌ ထျန်းပိုယန်ကို သွားရောက်၍ ရှာဖွေကြ၏။သို့ရာတွင် သူတို့သည် ထျန်းပိုယန်၏အရိပ်အယောင်ကိုပင် ရှာမတွေ့ခဲ့ချေ။

မိုးကောင်းကင်ကျမ်းစာဆောင်အတွင်း၌ နေထိုင်သော မဟာကွန်ဖြူးရှပ်ပညာရှင်များပင်လျှင် ထျန်းပိုယန် မည်သည့်နေရာသို့သွားသည်ကို မသိရှိပေ။

"သူက ကျောင်းတော်ကို စွန့်ခွါသွားပြီပဲ"

တစ်စုံတစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

သာမာန်အခြေအနေမျိုးတွင် ထျန်းပိုယန်သည် ကျောင်းတော်အတွင်း၌ ဟန်ရေးပြနေသော်လည်း အရေးကြီးအချိန်အခိုက်အတန့်မျိုးတွင် သူ့အား မမြင်တွေ့ရတော့ချေ။

လူအမြောက်အများသည် အံ့တင်းတင်းကြိတ်ကာ ထျန်းပိုယန်ကို ဒေါသထွက်နေကြ၏။

ကျောင်းတော်သည် အမာခံကျောရိုးကို ဆုံးရှုံးလိုက်ရလေပြီ။လူတိုင်းသည် တာအိုရှာဖွေခြင်းခန်းမဆောင်၏ခန်းမသခင်ချန်ကျင်းကို လက်ထောက်ကျောင်းအုပ်အဖြစ်တာဝန်ယူရန် ထောက်ခံလိုက်ကြသည်။

ချန်းကျင်းသည် လုယွီ၏သတိပေးမှုကြောင့် ကျောင်းတော်အတွင်းသို့ ခိုးဝင်နေသော သူလျှိုများကို ယခင်ကတည်းက သုတ်သင်ရှင်းလင်းထားပြီးဖြစ်သည်။

ယခုလက်ရှိချိန်တွင် ကျောင်းတော်အတွင်း၌ ရုတ်ရုတ်သဲသဲကိစ္စများ ကြီးကြီးမားမားဖြစ်ပေါ်မနေခြင်းသည် ထိုအကြောင်းအရင်းကြောင့်ပင်။

"ကျောင်းတော်ရဲ့တံခါးတွေအားလုံးကို နေ့ရောညပါ စောင့်ကြပ်ရမယ်...ကျောင်းတော်ထဲကို ဘယ်သူမှခိုးမဝင်လာအောင် လောကီအင်မော်တယ်နဲ့မြေကမ္ဘာအင်မော်တယ်နယ်ပယ် ကျင့်ကြံသူတွေက အချိန်မရွေး ကင်းလှည့်နေရမယ်"

ချန်းကျင်းသည် ချက်ချင်းဆိုသလိုပင် အနောက်ဘက်တောင်သို့သွားကာ ကျောင်းတော်၏ဧည့်အကြီးအကဲများကို အကူအညီပေးရန် တောင်းဆိုလိုက်၏။

နောက်ဆုံးတွင် လူတိုင်း၏စိတ်နှလုံးသားများအတွင်း၌ လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲသိမ်မွေ့သည်ဟု ခံစားနေရသော အနောက်ဘက်တောင်မှ ကျောင်းတော်၏ဧည့်အကြီးအကဲတစ်ယောက် ထွက်ပေါ်လာခဲ့သည်။

ဤသည်က တောင်ဝှေးတစ်ချောင်းကို ကိုင်ဆောင်ထားသော အမျိုးသမီးတစ်ယောက်ပင်။သူမ၏ဆံပင်များသည် ဖြူဖွေးနေသော်လည်း သူမ၏မျက်နှာသည် မိန်းမပျိုတစ်ယောက်ကဲ့သို့ နုပျိုကာချောမောလှပနေဆဲဖြစ်သည်။သူမ၏အသားအရေသည် ဖြူဖွေးနူးညံနေကာ လှပချောမောသောပုံပန်းသွင်ပြင်ရှိသည်။

"မဟာဆရာသခင်ကျန်းကို ဂါရဝပြုပါတယ်"

"မဟာဆရာသခင်ကျန်းကို ကြိုဆိုနှုတ်ဆက်ပါတယ်"

အသက်အရွယ်အိုမင်းနေသော မဟာကွန်ဖြူးရှပ်ပညာရှင်များပင်လျှင် ထိုအမျိုးသမီးကိုမြင်တွေ့ချိန်၌ အရိုအသေပြုလိုက်ကြ၏။

သူမ၏နာမည်သည် ကျန်းမင်ခုံးဖြစ်ပြီး သူတော်စင်ယီဟန်၏နာမည်ခံတပည့်တစ်ယောက်ပင်။

သူမသည် သူတော်စင်ယီဟန်နောက်သို့လိုက်ခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်ပြီး သူမ၏အသက်သည် လက်ရှိနေရာတွင်ရှိနေသော မဟာကွန်ဖြူးရှပ်ပညာရှင်အများစုထက် ပို၍ကြီးသည်။သူမသည် တစ်ချိန်က ကျောင်းတော်အတွင်း၌ တပည့်အမြောက်အများကို သင်ကြားပေးခဲ့သူဖြစ်သည်။

ကောလဟာလများအရ ကျန်းမင်ခုံးသည် သွားလေသူကောင်းကင်ဘုံဧကရာဇ်၏ ကြင်ယာတော်တစ်ယောက်ဟု ဆိုကြသည်။နောက်ပိုင်းတွင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ် ရှိနေစဥ်ကပင် ကျန်းမင်ခုံးသည် နန်းတော်မှထွက်ခွါ၍ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၌ ကျင့်ကြံနေခဲ့လေ၏။

အချိန်များအလွန်ကြာညောင်းလာခြင်းနှင့်အတူ ကျန်းမင်ခုံးသည် ယခုလက်ရှိချိန်၌ မည်မျှထိအစွမ်းထက်နေပြီကို မည်သူမျှမသိရှိချေ။

ကျန်းမင်ခုံးသည် လူအုပ်ကြီးကိုဝေ့ဝိုက်ကြည့်ကာ ခေါင်းညိတ်ပြပြီးနောက် သူမ၏မျက်လုံးအကြည့်က အဝေးတစ်နေရာရှိ မြူခိုးထုကြီးအတွင်းသို့ ကျရောက်သွားသည်။

"ဒီနေရာကိုရောက်လာပြီဆိုမှတော့ မင်းတို့အားလုံး ထွက်လာခဲ့စမ်း"

ကျန်းမင်ခုံး၏အသံသည် ကျောင်းတော်တစ်ခုလုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားပေ၏။

ကျောင်းတော်မှထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက် ထွက်ပေါ်လာသည်ကို အာရုံခံမိပုံဖြင့် မလှမ်းမကမ်းအကွာအဝေးရှိ မြူခိုးထုကြီး ရုတ်တရက် ပြင်းပြင်းထန်ထန် တလိမ့်လိမ့်ထလာသည်။နောက်ဆုံး၌ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာတော့သည်။

ဝုန်း...

ကျောင်းတော်၏နံရံပေါ်၌ သွေးနီရောင်သန်းသောမျက်လုံးတစ်စုံရှိသည့် စိတ်ဝိညာဥ်တစ်ကောင် ရုတ်တရက်ထွက်ပေါ်လာကာ ကျောင်းတော်ဘက်သို့ကြည့်၍ တင်းမာခက်ထန်သောအသံဖြင့် ဟိန်းဟောက်လိုက်သည်။

ဤမြင်ကွင်းကို မြင်တွေ့ချိန်တွင် တချို့တပည့်များသည် သတိလက်လွတ်ဖြစ်သွားကြကာ သူတို့၏စိတ်နှလုံးသားများ တုန်ရီသွားသည်။သူတို့၏မျက်နှာများသည် လူသေကောင်များကဲ့သို့ ဖြူဖတ်ဖြူရော် ဖြစ်သွားလေ၏။

ရုတ်ချည်းဆိုသလိုပင် မူလက ကျောင်းတော်တစ်ခုလုံးကို လွှမ်းခြုံထားသောမြူခိုးများ ပျက်ပြယ်စပြုလာသည်။

All Chapters