← Chapters

အခန်း (၂၆၁၁-၂၆၁၅)

Vol. 134 Ch. 2611-2615

အခန်း (၂၆၁၁-၂၆၁၅)

Vol. 134 Ch. 2611-2615

Chapter 2611

မြူခိုးများကြားမှနေ၍ ကြောက်မက်ဖွယ်မျက်နှာများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

ထိုမျက်နှာများသည် ယောက်ျား မိန်းမ အသက်အရွယ်စုံလင်လှကာ သူတို့အနက်မှအများစုသည် ကျောင်းတော်အနီးပတ်လည်ရှိမြို့များမှ လူများဖြစ်လေ၏။

သူတို့သည် သေဆုံးပြီးနောက် အကြွင်းအကျန်စိတ်ဝိညာဥ်အတွင်း၌ နက်ရှိုင်းသောနာကျည်းမုန်းတီးမှုများရှိနေကာ ဤလောကအတွင်းမှ ပျောက်ကွယ်သွားလိုခြင်း မရှိကြချေ။သူတို့အား အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းမှ ရည်ရွယ်ချက်ရှိရှိ သရဲတစ္ဆေများအဖြစ်သန့်စင်ကာ ကျောင်းတော်၏ထောင့်လေးထောင့်လုံးကို တွယ်ကပ်နေစေခြင်းဖြစ်သည်။

ယင်စွမ်းအင်များက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့နေကာ သွေးညှီနံများက ပို၍ပြင်းထန်လာသည်။ကျောင်းတော်နံရံနှင့်နီးကပ်စွာရှိနေသော တပည့်တချို့သည် အဆက်မပြတ် နောက်သို့ဆုတ်ခွါနေရ၏။

ဝုန်း...

ယင်ချီများချဥ်းကပ်လာစဥ်တွင် ကျောင်းတော်၏အကာအကွယ်မှော်ရတနာများအားလုံး အသက်ဝင်လာခဲ့သည်။

နံရံများပေါ်တွင် အတိတ်မှ စာပေသူတော်စင်များနှင့်မဟာကွန်ဖြူးရှပ်ပညာရှင်များ၏ ကျမ်းစာများကို ရေးထွင်းထားပြီး သမာဓိချီအရှိန်အဝါများလည်း ရောယှက်နေသည်။

ဤသမာဓိချီအရှိန်အဝါများသည် ထိုသရဲတစ္ဆေများကို ဟန့်တားရာ၌ အကျိုးသက်ရောက်မှုအရှိဆုံးပင်။

ကျမ်းစာရွတ်ဖတ်သံများ ပဲ့တင်ထပ်ပျံ့နှံ့လာခြင်းနှင့်အတူ ကျောင်းတော်အနီးရှိ မြောက်မြားစွာသောသရဲတစ္ဆေများသည် စူးရှကျယ်လောင်စွာအော်ဟစ်၍ အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ပြင်ပ၌စုဝေးနေသော သရဲတစ္ဆေများ အဆက်မပြတ် ပျောက်ကွယ်နေလေ၏။ထို့နောက် မူလက အမှောင်ထုကြီး၏လွှမ်းခြုံခြင်းခံနေရသော ကျောင်းတော်တစ်ခုလုံးသည် တောက်ပသောအလင်းတန်းတစ်တန်းကြောင့် ရုတ်တရက်လင်းထိန်သွားတော့သည်။

ကျောင်းတော်၏ပြင်ပ၌ ထောင်သောင်းချီနေသောလူတစ်စု ထွက်ပေါ်လာသည်။

ထိုလူစုသည် 'အစိမ်းရောင်ကြာနတ်ဘုရားက လောကကြီးကို သန့်စင်မယ်' 'ကောင်းကင်နဲ့မြေပြင် ပျက်စီးပြိုလဲတော့မယ်'ဟုရေးထိုးထားသော အလံများကိုကိုင်ဆောင်ထားလေ၏။သူတို့သည် တူညီဝတ်စုံများကိုဝတ်ဆင်ကာ ကျောင်းတော်၏ပြင်ပ၌ မတ်တတ်ရပ်နေကြသည်။

အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း.....

မူလက ထိုဂိုဏ်းသည် မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေ၏အစွန်အဖျားနေရာများ၌ ပုန်းအောင်းနေသော နတ်ဆိုးဂိုဏ်းတစ်ဂိုဏ်းပင်။သို့ရာတွင် ယခုလက်ရှိချိန်၌ သူတို့သည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သို့ ပြောင်ပြောင်တင်းတင်းလာရောက်၍ တိုက်ခိုက်နေလေ၏။

"မင်းတို့နတ်ဆိုးဂိုဏ်းက ဘယ်လိုသတ္တိမျိုးနဲ့ ငါတို့ကျောင်းတော်ကို ပြဿနာလာရှာနေတာလဲ...မင်းတို့က သေလမ်းရှာနေကြတာလား"

မဟာကွန်ဖြူးရှပ်ပညာရှင်ချန်းကျင်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။

ဤကိစ္စ မည်သို့အဆုံးသတ်သွားသည်ဖြစ်စေ သူတို့၏ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အား နတ်ဆိုးဂိုဏ်းမှ လာရောက်တိုက်ခိုက်သည်ဟူသောကိစ္စသည် ပြင်ပလောကသို့ ပျံ့နှံ့သွားပေမည်။ဤသည်က ကျောင်းတော်အတွက် အရှက်ရစရာပင်။

ကျောင်းတော်၏မဟာဝင်္ကပါကြီးမှနေ၍ လက်ဦးမှုယူကာ စတင်တိုက်ခိုက်လေ၏။အစွမ်းထက်သောအလင်းတန်းတစ်တန်းသည် ထက်ရှသောဓားချီတစ်လှိုင်းအသွင်သို့ ပြောင်းလဲသွားကာ အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းသားများအကြားသို့ ဖောက်ဝင်သွားသည်။

ဤသည်က ကျောင်းတော်၏ဝင်္ကပါပညာရှင်များ စုပေါင်း၍ဖန်တီးထားသော လုပ်ဆောင်ချက်ပင်။ထိုဓားချီအား ထုတ်လွှတ်လိုက်သည်နှင့် အနီးအနားရှိ အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းသားများသည် ချက်ချင်းဆိုသလိုပင် အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားလေ၏။

ရုတ်ချည်းဆိုသလိုပင် အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းသားများကြားမှနေ၍ ကြီးမားသောလက်ကြီးတစ်ဖက် ဆန့်ထွက်လာကာ ထိုဓားချီအားဖမ်းဆုပ်၍ ခြေမွှဖျက်ဆီးလိုက်သည်။

"ဒီနေ့ ငါတို့ရောက်လာတာက ကျောင်းတော်ကနေ ယူစရာတစ်ခုရှိနေလို့ပဲ...ငါတို့က အဲ့ဒါကိုရတာနဲ့ ချက်ချင်းထွက်သွားမယ်"

လေထုအတွင်းမှနေ၍ မျက်နှာဖုံးဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက် ထွက်ပေါ်လာသည်။သူ၏အသံသည် ကောင်းကင်ယံတခွင်လုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားလေ၏။

ထိုအဖိုးအို၏မျက်နှာဖုံးပေါ်တွင် မည်သည့်ထူးခြားသောအမှတ်အသားမှ ရှိမနေဘဲ မျက်လုံးပေါက်နှစ်ပေါက်ရာသာရှိနေသည်။

သူ၏ခန္ဓာကိုယ်မှနေ၍ တုန်လှုပ်ချောက်ချားဖွယ်မှော်စွမ်းအားများကို ထုတ်လွှင့်ထားကာ သူ၏အသံသည် နဂါးတစ်ကောင်၏ဟိန်းဟောက်သံကဲ့သို့ မြင့်မြတ်ပြီးကြီးကျယ်ခမ်းနားသည်။သူ၏အသံလှိုင်းများဖြင့် ဝင်္ကပါကြီး၏တန်ပြန်တိုက်ခိုက်မှုကို မခံရစေရန် တည်ငြိမ်စွာ ကာကွယ်ဟန့်တားထားလေ၏။

ချိုင်ကူဘိုးဘေးပင်လျှင် ကျောင်းတော်၏မဟာအကာအကွယ်ဝင်္ကပါကြီးနှင့် ရင်ဆိုင်ရချိန်တွင် နောက်သို့ဆုတ်ခွါခဲ့ရသည်။သို့ရာတွင် ထိုအဖိုးအိုသည် အနည်းငယ်မျှပင် အခက်တွေ့နေပုံမရချေ။

"မဟာနတ်ဆရာလား...ငါတို့ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်က မင်းတို့အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း ခြေကုပ်ယူထားတဲ့ နေရာတွေအများကြီးကို ဖျက်ဆီးပြီးသွားပြီ...မင်းတို့က ဒါတောင်သင်ခန်းစာမရသေးဘဲ ကျောင်းတော်ကိုတိုက်ခိုက်ဝံ့တယ်ပေါ့လေ"

မဟာကွန်ဖြူးရှပ်ပညာရှင်ချန်းကျင်းက ဒေါသတကြီး အော်ငေါက်လိုက်သည်။

မျက်နှာဖုံးဝတ်ဆင်ထားသောအဖိုးအိုသည် အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း၏မဟာနတ်ဆရာသုံးယောက်အနက်မှတစ်ယောက်ပင်။

အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း၏အဆင့်သတ်မှတ်ချက်အရ ဓမ္မအစောင့်အရှောက်များ၏အထက်တွင် မြင့်မြတ်နတ်ဆရာများရှိသည်။မြင့်မြတ်နတ်ဆရာများ၏အထက်တွင်မူ မဟာနတ်ဆရာသုံးယောက်ရှိလေ၏။

မဟာနတ်ဆရာတစ်ယောက်ချင်းစီကို အစိမ်းရောင်ကြာနတ်ဘုရားကိုယ်တိုင် ရွေးချယ်ထားကာ သူ၏အယုံကြည်ရဆုံးနောက်လိုက်များလည်းဖြစ်သည်။

တခြားအစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းဝင်များသည် မည်သည့်အဆင့်အတန်းမျိုးရှိနေပါစေ အချိန်မရွေးစွန့်ပစ်ခံရနိုင်သော အမြှောက်စာများပင်။

မဟာနတ်ဆရာများကမူ နတ်ဘုရားကိုယ်တိုင် မြောက်မြားစွာသောအရင်းအမြစ်များ အကုန်အကျခံ၍ ပြုစုပျိုးထောင်ထားသော ပါရမီရှင်များဖြစ်လေ၏။

သူတို့သည် နတ်ဘုရား၏သံတမန်များဖြစ်ကာ သူတို့၏ခွန်အားမှာလည်း အလွန်အမင်း နက်နဲသိမ်မွေ့သည်။

မဟာနတ်ဆရာက ပြောဆိုသည်။

"မင်းတို့မှာ တခြားရွေးချယ်စရာမရှိဘူး...ဒီနေ့ မင်းတို့က နတ်ဘုရားရဲ့အမိန့်ကို မနာခံဘူးဆိုရင် မင်းတို့အားလုံးကို အမြစ်ပြတ်သုတ်သင်မယ်"

"ကျောင်းတော်က ဘယ်အရာကိုမဆို မင်းတို့ယူဖို့ စဥ်းတောင်မစဥ်းစားနဲ့"

ချန်းကျင်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မင်း တားဆီးလို့ရမှာမဟုတ်ဘူး"

မဟာနတ်ဆရာက ရှည်လျားသောသက်ပြင်းတစ်ချက် ရှိုက်လိုက်၏။

ဘုန်း....ဘုန်း...

မဟာနတ်ဆရာ၏အသံ ကျရောက်လာခြင်းနှင့်အတူ ကျောင်းတော်၏မဟာအကာအကွယ်ဝင်္ကပါကြီးထံမှ ကျယ်လောင်သောဆူညံသံနှစ်သံ မြည်ဟီးလာသည်။ထို့နောက် ကျောင်းတော်၏အောက်ခြေရှိတောင်ကြီး ရုတ်တရက်ကွဲထွက်သွားသည်။

Chapter 2612

တုန်ခါနေသောမြည်ဟီးသံများနှင့်အတူ ကျောင်းတော်မဟာအကာအကွယ်ဝင်္ကပါကြီး၏ထောင့်တစ်နေရာ ကွဲအက်သွားခဲ့သည်။

"ကျောင်းတော်ရဲ့မဟာအကာအကွယ်ဝင်္ကပါကြီး ကွဲအက်သွားတာလား"

"အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းသားတွေ အထဲကိုကျူးကျော်ဝင်ရောက်လာပြီ...မြန်မြန်...သူတို့ကို ဟန့်တားကြစမ်း"

ကျောင်းတော်အတွင်းရှိလူများအားလုံး ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြ၏။

တစ်စုံတစ်ယောက်သည် မဟာအကာအကွယ်ဝင်္ကပါကြီးကိုဖျက်ဆီးကာ ကျောင်းတော်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် နေ့ရက်မျိုးရောက်လာမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိကြချေ။

ကျောင်းတော်အတွင်း၌ ဖရိုဖရဲဖြစ်သွားသည်။တိုက်ပွဲအတွက် မာန်တင်းသံနှင့်အော်သံများက နေရာအနှံ့အပြားမှ ထွက်ပေါ်နေလေ၏။

အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းသားများသည် အရပ်မျက်နှာအဘက်ဘက်မှနေ၍ တဟုန်ထိုးပြေးဝင်လာကာ ကျောင်းတော်တပည့်များနှင့် ပြင်းထန်သောဖရိုဖရဲတိုက်ပွဲကို ဆင်နွှဲကြတော့သည်။

ကြောက်မက်ဖွယ်မီးတောက်များကို နေရာအနှံ့အပြား၌ တွေ့မြင်နေရသည်။အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းသားများသည် ကျောင်းတော်တပည့်များကို သတ်ဖြတ်လိုရုံသာမက ဤနေရာကိုလည်း လုံးလုံးလျားလျား ဖျက်ဆီးပစ်လိုပုံရသည်။

ကျန်းမင်ခုံးက မဟာနတ်ဆရာကို စူးစိုက်၍ကြည့်လိုက်၏။

"နင်တို့ရဲ့ခွန်အားတွေက နင်တို့ရဲ့အပိုင်မဟုတ်ဘူး...တကယ်လို့ နင်တို့က ဒါကို အတင်းအကြပ်အသုံးပြုမယ်ဆိုရင် နင်တို့ အသက်ရှည်မှာမဟုတ်ဘူး"

"ဟား ဟား ဟား"

မဟာနတ်ဆရာထံမှနေ၍ ရူးသွပ်သော ရယ်မောသံကြီး ထွက်ပေါ်လာသည်။

"ငါ့ရဲ့အသက်က မြင့်မြတ်တဲ့နတ်ဘုရားရဲ့အပိုင်ပဲ...တကယ်လို့ ငါက နတ်ဘုရားစေခိုင်းတဲ့တာဝန်ကို အောင်မြင်အောင်လုပ်နိုင်မယ်ဆိုရင် ငါ သေလည်း ဘာမှမဖြစ်ဘူး"

ကျန်းမင်ခုံးက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"ဒီလိုဆိုမှတော့ နင်သေသွားတာ ပိုကောင်းလိမ့်မယ်"

အတိတ်မှ တော်ဝင်ကြင်ယာတော်သည် ရုတ်တရက် ပျံသန်းလိုက်ရာ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးမှ မှော်စွမ်းအားများ ထွက်ပေါ်လာပြီး နဂါးတစ်ကောင်နှင့်ဖီးနစ်တစ်ကောင်အဖြစ် သိပ်သည်းသွားကာ သူမ၏နံဘေးပတ်လည်၌ လှည့်ပတ်နေသည်။ထူးဆန်းသော သဘာဝလွန်ပုံရိပ်များကလည်း အဆက်မပြတ် ထွက်ပေါ်နေလေ၏။

အစွမ်းထက်သောမှော်စွမ်းအားများ ပွင့်အံထွက်လာပြီးနောက် ကောင်းကင်နှင့်မြေပြင်အကြားရှိ အရာအားလုံးမှိန်ဖျော့သွားပုံရကာ အလင်းရောင်များအားလုံးက ကျန်းမင်ခုံး၏ခန္ဓာကိုယ်ပေါ်တွင် စုဝေးနေသည်။

ပတ်ဝန်းကျင်ရှိလေဟာနယ်သည်လည်း တွန့်လိမ်နေသည်။ကျန်းမင်ခုံး ထုတ်လွှတ်လိုက်သောစွမ်းအားသည် ယခုလက်ရှိနေရာတွင်ရှိနေသော အစွမ်းထက်ကျင့်ကြံသူများကို ခြေမွှဖျက်ဆီးပစ်နိုင်ပုံရသည်။

ကောင်းကင်နှင့်မြေပြင်အကြားရှိ အချိန်နှင့်လေဟာနယ်ကို သက်ရောက်နိုင်စွမ်းရှိစေသည်မှာ နယ်မြေသခင်အဆင့် ကျင့်ကြံသူများသာ ပြုလုပ်နိုင်သောအရာပင်။

"အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းဝင် ဆမ်ဆာရာက ကျန်းဖေးကို နှုတ်ခွန်းဆက်သပါတယ်"

"အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းဝင် ငါ ဝူရှန့်ကလည်း ကျန်းဖေးကို နှုတ်ခွန်းဆက်သပါတယ်"

မဟာနတ်ဆရာဖန်ဆင်းရှင်၏နောက်တွင် သူနှင့်တူညီသောခွန်အားနှင့်အရှိန်အဝါမျိုးရှိသော နောက်ထပ်အဖိုးအိုနှစ်ယောက် ထွက်ပေါ်လာသည်။

ထိုအဖိုးအိုနှစ်ယောက်သည် မဟာနတ်ဆရာဖန်ဆင်းရှင်နှင့်အဆင့်တူညီသော မဟာနတ်ဆရာနှစ်ယောက်ဖြစ်ကာ အစိမ်းရောင်ကြာနတ်ဘုရား၏ ယုံကြည်အားထားရဆုံး ညာလက်ရုံးများဖြစ်သည်။

မဟာနတ်ဆရာသုံးယောက် တပြိုင်နက်တည်းထွက်ပေါ်လာမှုသည် လက်ရှိနေရာတွင်ရှိနေသော လူတိုင်းကို အသက်ရှုရပ်တန့်လုမတက် ဖြစ်သွားစေသည်။

ထိုမဟာနတ်ဆရာသုံးယောက်ထံမှနေ၍ ပြင်းထန်သော ဖိအားအရှိန်အဝါများ ထွက်ပေါ်နေသည်။ဤကဲ့သို့စွမ်းအားမျိုးသည် လောကကြီးတခွင်လုံးကို ဖျက်ဆီးနိုင်လုမတတ် ပြင်းထန်ပေ၏။အကယ်၍ သာမာန်ကျင့်ကြံသူတစ်ယောက်သည် ဤကဲ့သို့ဖိအားအရှိန်အဝါမျိုးနှင့် ရင်ဆိုင်ရပါက ခုခံတိုက်ခိုက်မည့်အတွေးမျိုးကို တွေးတောဝံ့မည်မဟုတ်ချေ။

ကျန်းမင်ခုံးက အေးစက်စက်နှာတစ်ချက်မှုတ်ကာ ပြောဆိုသည်။

"ဟမ့်...နင်တို့က ငါ့ကိုဟန့်တားနိုင်မယ်လို့ ထင်နေကြတာလား"

ရုတ်ချည်းဆိုသလိုပင် ကျန်းမင်ခုံးနှင့်မဟာနတ်ဆရာသုံးယောက်သည် လူမြင်ကွင်းမှ ပျောက်ကွယ်သွားလေ၏။

ထို့နောက် ကျယ်လောင်သောပေါက်ကွဲသံများ ကောင်းကင်ယံအတွင်းမှ ထွက်ပေါ်လာသည်။

ဤသည်က နယ်မြေသခင်များအကြားမှ တိုက်ပွဲပင်။အကယ်၍ တိုက်ပွဲမှနောက်ချန်အားလှိုင်းအနည်းငယ် ပျံ့လွင့်လာပါက မရေမတွက်နိုင်သောလူများ အမှုန်အမွှားဘဝသို့ ပြောင်းလဲသွားပေမည်။

ထို့ကြောင့် ကျန်းမင်ခုံးသည် ကျောင်းတော်ကို နောက်ချန်အားလှိုင်းများသက်ရောက်မှုမှ ကာကွယ်တားဆီးနိုင်ရန်အလို့ငှါ ပြင်ပ၌တိုက်ခိုက်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ကျန်းမင်ခုံး ထွက်ပေါ်လာသည့်တိုင် မဟာနတ်ဆရာသုံးယောက်ကိုသာ ထိန်းသိမ်းထားနိုင်သည်။

ဤနှစ်များအတွင်းတွင် အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းသည် အကြီးအကျယ်တိုးတက်လာခဲ့ရာ ယခုလက်ရှိချိန်တွင် လျှော့တွက်၍မရသော အင်အားစုတစ်စုအဖြစ်သို့ ရောက်ရှိနေလေပြီ။

အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းတွင် မဟာနတ်ဆရာသုံးယောက်အပြင် မြင့်မြတ်နတ်ဆရာဆယ်ယောက်ကျော်နှင့် ရာချီသောဓမ္မအစောင့်အရှောက်များရှိနေသည်။

ထိုအစွမ်းထက်ကျင့်ကြံသူများသည် ကာလတိုအကျိုးသက်ရောက်စေသော ဆေးလုံးများကို သောက်သုံးထားသည်မှာ သိသာထင်ရှားလှ၏။သူတို့တစ်ယောက်ချင်းစီသည် သူတို့၏အကန့်အသတ်ထက်ကျော်လွန်သော စွမ်းအားမျိုးကို ထုတ်ဖော်အသုံးပြုနေသည်။သူတို့အားလုံး သွေးရူးသွေးတန်းအခြေအနေမျိုးသို့ ရောက်ရှိနေကြသည်။

ကျောင်းတော်တပည့်အများစုသည် ဤကဲ့သို့သွေးလွှမ်းသောမြင်ကွင်းမျိုးကို ယခင်က ကြုံတွေ့ဖူးခြင်းမရှိချေ။သူတို့သည် တိုက်ပွဲစတင်ကတည်းက တစ်ဖက်သက် သတ်ဖြတ်ခြင်းခံနေရကာ နောက်သို့အဆက်မပြတ်ဆုတ်ခွါနေရသည်။

"အားလုံးပဲ...စိတ်အေးအေးထားကြစမ်း...စီနီယာတပည့်တွေက တိုက်ပွဲဝင်ဝင်္ကပါကို ဖွဲ့စည်းမယ်...တစ်ယောက်ချင်း မတိုက်ခိုက်ကြနဲ့"

လီစစ်၏အသံက ကျောင်းတော်အတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

ကျောင်းတော်တွင် အနည်းစုသာရှိသော စီနီယာတပည့်များအနက်မှတစ်ယောက်ဖြစ်သည့် လီစစ်၏စကားသည် အရေးကြီးအချိန်အခိုက်အတန့်မျိုး၌ လွန်စွာအသုံးဝင်လေ၏။

ကျောင်းတော်တပည့်အမြောက်အများသည် တဖြည်းဖြည်း ကြောက်စိတ်မွှန်ခြင်းမရှိတော့ချေ။ထိုအစား သူတို့သည် တိုက်ပွဲဝင်ဝင်္ကပါများဖွဲ့စည်း၍ အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းသားများကို ရင်ဆိုင်တိုက်ခိုက်လိုက်သည်။

အခြေအနေသည် ယာယီတည်ငြိမ်သွားသော်လည်း အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းမှ အစွမ်းထက်ကျင့်ကြံသူတချို့၏လှုပ်ရှားမှုများကို လီစစ်က သတိပြုမိသွားသည်။

အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းမှ မြင့်မြတ်နတ်ဆရာတစ်ယောက်က ချက်ချင်းဆိုသလို တရကြမ်းတိုးဝင်လာသည်။သူသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ပင်။သူ တိုက်ခိုက်လိုက်သောအချိန်အခိုက်အတန့်တွင် ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ ထွက်ပေါ်နေလေ၏။

Chapter 2613

ပြင်ပ၌ အော်ဟစ်သတ်ဖြတ်နေသော အချိန်အခိုက်အတန့်တွင် လုယွီသည် အနောက်ဘက်တောင်၏ပုန်းကွယ်နဂါးချိုင့်ဝှမ်းအတွင်း၌ ကျင့်ကြံနေဆဲပင်။

သူ၏စိတ်သည် အပြည့်အဝ တည်ငြိမ်အေးချမ်းနေကာ ကျင့်ကြံဆင့်ချိုးဖျက်နိုင်မည့်အခွင့်ကောင်းကို စောင့်ဆိုင်းနေခဲ့သည်။

လုယွီ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် ရာနှင့်ချီသော ဆေးလုံးမျိုးစုံမျောလွင့်နေကာ ဆေးလုံးတစ်လုံးစီသည် အနိမ့်ဆုံးအနေဖြင့် စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့်၏အထက်တွင်ရှိသည်။ရံဖန်ရံခါ ထိုဆေးလုံးများ၏မျက်နှာပြင်ပေါ်တွင် ထူးဆန်းသောသဘာဝလွန်ပုံရိပ်များ ထွက်ပေါ်နေလေ၏။

လုယွီသည် လှိုဏ်ဂူအတွင်း၌ ပလ္လင်ခွေထိုင်နေကာ ပတ်ဝန်းကျင်ရှိဆေးစွမ်းအားများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့နေသည်။

ဟူး...ဟူး...

လုယွီ၏အသက်ရှုရှိုက်ခြင်းနှင့် အတူယှဥ်တွဲ၍ ပြင်းထန်သောလေစီးကြောင်းများက ပတ်ဝန်းကျင်တွင် ရှေ့နောက်ဝေ့ဝိုက်၍ တိုက်ခတ်နေလေ၏။

လုယွီ၏ခန္ဓာကိုယ်အတွင်းရှိ ဒြပ်စင်ငါးမျိုးချီများသည် အထွတ်အထိပ်အခြေအနေမျိုးသို့ ရောက်ရှိနေလေပြီ။

လောကီအင်မော်တယ်များသည် ဒြပ်စင်ငါးမျိုးချီများကို အောင်မြင်စွာစုစည်းနိုင်ပါက မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ပေမည်။

ဤသည်က တာအိုကျမ်းစာများအတွင်းတွင် ဖော်ပြထားသောအချက်ပင်။

ယေဘုယျကျကျပြောဆိုရလျှင် လောကီအင်မော်တယ်အများစုသည် သူတို့၏ခန္ဓာကိုယ်အတွင်းမှ ဒြပ်စင်ငါးမျိုးချီစွမ်းအင်များကို အနည်းငယ်ထိန်းညှိရန်သာလိုအပ်သည်။ထိုအနေအထားမျိုးသို့ ရောက်ရှိသည်နှင့် သူတို့သည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ အောင်မြင်စွာချိုးဖျက်ဝင်ရောက်နိုင်ပေ၏။

သို့ရာတွင် လုယွီ ချိုးဖျက်ဝင်ရောက်လိုသော မြေကမ္ဘာအင်မော်တယ်နယ်ပယ်သည် အတုအယောင်အင်မော်တယ်မဟုတ်ဘဲ ရှေးဟောင်းတာအိုအင်မော်တယ်တစ်ယောက် ဖြစ်လာရန်ပင်။

လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ ပုံရိပ်ယောင်ကမ္ဘာအတွင်းမှ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေတွင် မြေကမ္ဘာအင်မော်တယ်နယ်ပယ်ကို ကြီးကျယ်ခမ်းနားသောပုံရိပ်ကြီးအဖြစ် သတ်မှတ်ထားကြသည်။ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ ပျက်စီးသွားခြင်းနှင့်အတူ မည်သူတစ်ဦးတစ်ယောက်မျှ အစစ်အမှန်မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ တက်လှမ်းနိုင်ခြင်းမရှိတော့ချေ။

ဤသည်က ရှေးဟောင်းခေတ်ကာလအတွင်းတွင် ​အစစ်အမှန်မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ တက်လှမ်းရန်လမ်းကြောင်းသည် အလွန်ခက်ခဲကြမ်းတမ်းသောကြောင့်ပင်။

ဒြပ်စင်ငါးမျိုးကိုစုစည်းပြီးနောက် သေခြင်းနှင့်ရှင်ခြင်းဥပဒေသကို အသေးစားအောင်မြင်မှုထိ ကျင့်ကြံနိုင်မှသာ မြေကမ္ဘာအင်မော်တယ်တစ်ယောက် ဖြစ်လာပေမည်။

ဤှသည်က ရှေးဟောင်းခေတ်မှမြေကမ္ဘာအင်မော်တယ်များ၏ ဖော်ပြချက်များပင်။

ထိုအဆင့်တွင် တစ်စုံတစ်ယောက်သည် သူ၏ကိုယ်ပိုင်မဟာတာအိုကို နားလည်သဘောပေါက်ထားရန် လိုအပ်သည့်အပြင် အသေးစားအောင်မြင်မှုအဆင့်သို့ ရောက်ရှိနေရပေမည်။

ယခုလက်ရှိခေတ်ကာလတွင် နယ်မြေသခင်များသာ ထိုကဲ့သို့အဆင့်မျိုးသို့ ရောက်ရှိနိုင်သည်။

ရှေးဟောင်းခေတ်ကာလမှ ဆင်းသက်လာသော တာအိုကျမ်းစာအများစုသည် အလယ်ခေတ်၏ဖရိုဖရဲဖြစ်မှုများအကြား၌ မပြည့်မစုံဖြစ်သွားကာ 'ဒြပ်စင်ငါးမျိုးချီများကို စုဆောင်းရန်'ဟူသော စာကြောင်းတစ်ကြောင်းသာ ကျန်ရှိတော့သည်။

ဒြပ်စင်ငါးမျိုးချီများသည် မှော်နည်းစနစ်များ၏ အခြေခံအုတ်မြစ်မျှသာဖြစ်သည်။အကြောင်းအရင်းမှာ အကယ်၍ တစ်စုံတစ်ယောက်သည် မြေကမ္ဘာအင်မော်တယ်အဆင့်သို့ တက်လှမ်းလိုပါက ကျင့်ကြံနည်းစနစ်တစ်ခုတည်းအပေါ် အတွေးအမြင်ကန့်သတ်ထား၍မရချေ။ထိုလူသည် ကောင်းကင်နှင့်မြေပြင်အကြားရှိ ဒြပ်စင်ငါးမျိုးချီစွမ်းအင်များကို နားလည်သဘောပေါက်ထားရပေမည်။

သို့ရာတွင် ဤကဲ့သို့နားလည်သဘောပေါက်မှုမျိုးသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ရောက်ရန် တစ်ခုတည်းသောနည်းလမ်းဟု ယခုလက်ရှိအချိန်ကာလတွင်ရှိနေသော ကျင့်ကြံသူများက နားလည်မှုလွဲမှားနေကြ၏။

"အတိတ်ဘဝမှာ ငါက သေဆုံးပြီးပြီ...ပြီးတော့ ငါက ဘဝသစ်တစ်ခုနဲ့ အသစ်ပြန်မွေးဖွားလာခဲ့တယ်....ဒါကြောင့် ငါက ရှင်ခြင်းနဲ့သေခြင်းကို နားလည်သဘောပေါက်ပြီးပြီ...မဟာတာအိုအတွက်ကတော့ အတိတ်ဘဝက ငါ့ရဲ့တာအိုကိုပဲ ပြန်ပြီးအသုံးပြုရမလား"

လုယွီက လေးလေးနက်နက် တွေးတောလိုက်သည်။

အတိတ်ဘဝတွင် သူ၏မဟာတာအိုသည် မြေအောက်လောကတာအိုပင်။

ဤသည်က ရှေးဟောင်းတစ္ဆေဧကရာဇ်ထံမှ အမွေဆက်ခံလာသော မဟာတာအိုပင်။လုယွီ၏ကိုယ်ပိုင်နားလည်သဘောပေါက်မှုနှင့် ပြုပြင်မွမ်းမံပြီးနောက် သူ၏မဟာတာအို ဖြစ်လာခဲ့သည်။

ကောင်းကင်နှင့်မြေပြင်အကြားရှိ ပြန်လည်ဝင်စားမှုများအားလုံး မြေအောက်လောကနယ်မြေသို့ ဝင်ရောက်ရသည်။လုယွီ၏မြေအောက်လောကမဟာတာအိုသည် လွှမ်းမိုးချုပ်ကိုင်နိုင်ခြင်းနှင့်အခွင့်အာဏာကြီးမားခြင်းကို ကိုယ်စားပြုသည်။မည်သူကမျှ သူ၏ဆုံးဖြတ်ချက်ကို မေးခွန်းမထုတ်ဝံ့ချေ။

အတိတ်ဘဝတွင် လုယွီသည် ကောင်းကင်ဘုံနယ်မြေအတွင်းမှ မရေမတွက်နိုင်သောပါရမီရှင်များကို အနိုင်ယူနိုင်ခဲ့သည်။နာမည်ကျော်ကြားသော အစွမ်းထက်ကျင့်ကြံသူ မည်မျှများများ သူ၏ခြေဖဝါးအောက်၌ ရှုံးနိမ့်ခဲ့ရသည်ကို မည်သူမျှမသိနိုင်ချေ။

ဤဘဝတွင် လုယွီသည် မြေအောက်လောကမဟာတာအိုကို ထပ်မံ၍ရွေးချယ်ခဲ့ပါက သူ၏ဘဝနှစ်ခုမှမှတ်ဥာဏ်များကြောင့် သူ၏ခွန်အားသည် အတိတ်ဘဝထက် များစွာပို၍သာလွန်မည်မှာ သေချာပေ၏။

သို့ရာတွင် ဤသည်က လုယွီအလိုရှိသောအရာမဟုတ်ချေ။

"အတိတ်ဘဝမှာ ငါ သေဆုံးခဲ့ရတာကြောင့်...ငါ့ရဲ့မဟာတာအိုက ပြိုင်ဘက်ကင်းမဟုတ်ဘူးဆိုတာ သက်သေပြနေတယ်"

"ဒီမဟာတာအိုက နှိုင်းယှဥ်ပြစရာမရှိအောင် လွှမ်းမိုးချုပ်ကိုင်နိုင်တယ်ဆိုပေမယ့် အားနည်းချက်တွေရှိနေတုန်းပဲ...ဒါကို ဒီဘဝမှာ ငါ ထပ်ပြီးရွေးချယ်လို့မဖြစ်ဘူး"

ဤအချိန်အခိုက်အတန့်တွင် လုယွီ၏တာအိုနှလုံးသား ပြင်းပြင်းထန်ထန် တုန်ခါစပြုလာသည်။

လုယွီက ထိုတုန်ခါမှုကို ချက်ချင်းဖိနှိပ်လိုက်သည့်တိုင် သူ၏မျက်နှာ ဖြူဖတ်ဖြူရော်ဖြစ်သွားသည်။

ကျင့်ကြံသူများသည် သူတို့၏ကိုယ်ပိုင်မဟာတာအိုအပေါ် မေးခွန်းထုတ်ခြင်းမှာ တားမြစ်ချက်တစ်ခုပင်။

ကျင့်ကြံသူအမြောက်အများသည် ကျင့်ကြံနေစဥ်အတောအတွင်းတွင် သူတို့၏မဟာတာအိုအပေါ် သံသယဝင်မိပါက ကျင့်ကြံမှုဖောက်ပြန်ခြင်းနှင့် ကြုံတွေ့ရသည်။ထို့ကြောင့် အကယ်၍ တစ်စုံတစ်ယောက်သည် မဟာတာအိုကို ထိပ်တိုက်ရင်ဆိုင်၍ ကျင့်ကြံဝံ့ပါက သူ့ကိုယ်သူ သေခြင်းတရားလမ်းကြောင်းဆီသို့ တဖြည်းဖြည်းဆွဲချသွားခြင်းသာ ဖြစ်ပေလိမ့်မည်။

လုယွီထံတွင် ဘဝနှစ်ခု၏မှတ်ဥာဏ်များရှိနေသဖြင့် သူ၏ကျင့်ကြံခြင်းလမ်းကြောင်းတလျှောက်တွင် ထိုကဲ့သို့သံသယမျိုးမရှိခဲ့ချေ။

Chapter 2614

အစကဏဦးမှနေ၍ လောကီအင်မော်တယ်အဆင့်သို့ ရောက်ရှိလာချိန်ထိ လုယွီ၏ကျင့်ကြံမှုလမ်းကြောင်းသည် အလွန်လျှင်မြန်သောအရှိန်နှုန်းဖြင့် အဆင်ပြေချောမွေ့နေခဲ့သည်။

သူ ကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိလာသည့်တိုင် မိသားစုကြီးများမှပါရမီဟုခေါ်ဆိုခံရသော လူငယ်များသည်ပင် သူ၏ပြိုင်ဘက်မဟုတ်ခဲ့ချေ။

ဤသည်က လုယွီထံတွင် သူ၏အတိတ်ဘဝမှမှတ်ဥာဏ်များ ရှိနေခြင်းကြောင့်ပင်။ထို့ကြောင့် တခြားပါရမီရှင်လူငယ်များတွင် ထူးချွန်သောဆရာအမြောက်အများရှိနေသည့်တိုင် သူနှင့်နှိုင်းယှဥ်၍ရမည်မဟုတ်ပေ။

သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် သူ၏ကိုယ်ပိုင်မဟာတာအိုအပေါ် မေးခွန်းပြန်ထုတ်နေခဲ့သည်။

သူသည် ထိုကိစ္စကို စွန့်စား၍လုပ်ဆောင်ခြင်းဖြစ်ကာ အလွန်အမင်း အန္တရာယ်များပေ၏။အကယ်၍ အတိတ်ဘဝတွင် သူသည် မြေအောက်လောကတာအိုသခင်သာ မဟုတ်ခဲ့ပါက သူသည် အဆုံးမရှိသောအသူရာချောက်နက်ကြီးအတွင်းသို့ ကျသွားသည့်အလား ဖြစ်သွားပေလိမ့်မည်။

အမ်...

ပုန်းကွယ်နဂါးချိုင့်ဝှမ်းအတွင်းမှနေ၍ ဇဝေဇဝါဖြစ်နေသော အသံတစ်သံ ထွက်ပေါ်လာသည်။

"ဘာဖြစ်လို့လဲ"

အမျိုးသားတစ်ယောက်၏ ခန့်ညားထည်ဝါသောအသံတစ်သံက ထပ်မံ၍ထွက်ပေါ်လာပေ၏။

မကြာမီမှာပင် အမျိုးသမီးအသံတစ်သံကို ချိုင့်ဝှမ်းအတွင်းမှနေ၍ ကြားလိုက်ရသည်။

"တံဆိပ်ပြားကိုင်ပြီး ဝင်လာခဲ့တဲ့ကောင်လေးကို ကြည့်ရတာ ရူးနေသလိုပဲ"

အမျိုးသားက တုံ့ပြန်ပြောဆိုသည်။

"သူ ရူးသွပ်နေတာ ဖြစ်သင့်တာပဲလေ...သူ့ရဲ့ခန္ဓာကိုယ်မှာ မှော်စွမ်းအားတွေအပြည့်ရှိနေတယ်ဆိုတာ ငါ မြင်ပြီးပြီ...သူက မြေကမ္ဘာအင်မော်တယ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ဖို့ ပြင်ဆင်နေတာပဲ....ဒါပေမယ့် သူက ပြင်ပအကူအညီကို အရမ်းမှီခိုအားထားလွန်းတယ်...သူ ဆေးလုံးတွေအများကြီး ပြင်ဆင်လာတာကိုပဲ မင်း ကြည့်လိုက်...ဒီဆေးလုံးတွေထဲက အများစုဆိုရင် အခုအချိန်ကာလမှာ ပျောက်ကွယ်နေတဲ့အရာတွေပဲ...တကယ်လို့ ငါ မြေကမ္ဘာအင်မော်တယ်ဖြစ်ခဲ့တာ အချိန်အရမ်းကြာခဲ့ခဲ့ပြီသာမဟုတ်ရင် သူ့ကိုသတ်ပြီး သူ့ရဲ့ဆေးလုံးတွေကို ငါ လုယူမိလိမ့်မယ်...ဒါပေမယ့် ဆေးလုံးတွေဆိုတာ ပြင်ပအကူအညီသက်သက်ပဲ...တကယ်လို့ သူက သူ့ရဲ့ကိုယ်ပိုင်မဟာတာအိုအပေါ် မေးခွန်းထုတ်နေတယ်ဆိုရင်တော့...ဆေးလုံးတွေ ဘယ်လောက်ပဲရှိရှိ အသုံးဝင်မှာမဟုတ်ဘူး"

သူတို့နှစ်ယောက်သည် သာမာန်ကာလျှံကာပုံစံမျိုးနှင့် စကားပြောဆိုနေကြ၏။သူတို့ ဤနေရာသို့ရောက်ခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေပုံရကာ သူတို့၏အသံများတွင် လောကဓံတရားကိုခံစားခဲ့ရမှုများနှင့် ပြည့်နှက်နေသည်။

"ငါ အပြင်ကိုမထွက်တာ အချိန်အတော်ကြာနေပြီ...စိတ်ပျက်ဖို့ကောင်းတာတစ်ခုက နောက်ဆုံးတော့ ရူးနေတဲ့လူငယ်တစ်ယောက်ကို မြင်တွေ့ရတာပဲ"

အမျိုးသမီးက ရယ်သွမ်းသွေးကာ ပြောဆိုသည်။

"အင်း...ဒါက တကယ့်ကို စိတ်ပျက်စရာပဲ"

အမျိုးသားက တုံ့ပြန်ပြောဆိုလေ၏။

သူတို့နှစ်ယောက်သည် ရယ်မောကာ စကားစမြည်ပြောဆိုနေကြသည်။လုယွီ သေခြင်းရှင်ခြင်းသည် သူတို့နှင့် မည်သို့မျှမသက်ဆိုင်ချေ။သူတို့နှစ်ယောက်သည် စောင့်ကြည့်နေရုံသက်သက်ပင်။

"ကြည့်ရတာတော့ အပြင်မှာ တိုက်ပွဲပြင်းထန်နေပုံပဲ...အသွင်ပြောင်းထားတဲ့ နတ်ဆိုးနတ်ဘုရားတစ်ကောင်က ကျောင်းတော်ထိတောင်လာပြီး လက်တံဆန့်ဝံ့တယ်...သူက သေခြင်းနဲ့ရှင်ခြင်းကြားက ကွာခြားချက်ကို သိပုံမရဘူး"

အမျိုးသမီးက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

အမျိုးသားက ပေါ့ပေါ့ပါးပါးလေသံဖြင့် တုံ့ပြန်ပြောဆိုလေ၏။

"ငါတို့က ဒီနေရာမှာ ငြိမ်ငြိမ်လေးထိုင်ကြည့်နေရုံပဲ....အဲ့ဒီနတ်ဆိုးနတ်ဘုရားရဲ့ခွေးသုံးကောင်က ကျန်းဖေးရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး...ခဏနေရင် သူက အဲ့ဒီခွေးတွေကို မောင်းထုတ်နိုင်မှာသေချာတယ်"

"ပြီးတော့ တကယ်လို့ ကျောင်းတော်ကလူတွေအားလုံး သေသွားရင်တောင် ငါတို့ အပြင်ကိုထွက်လို့မရဘူး...ဒီနေရာက ပြင်ပကအရာတွေအားလုံးထက် အရမ်းအရေးကြီးတယ်...ပြန်တွေးကြည့်ရင် သူတော်စင်ယီဟန်က ဒီနေရာမှာ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကို တည်ထောင်ခဲ့တာ အမှန်တရားကို ဖုံးကွယ်ချင်လို့ပဲ...အမ်...အဲ့ဒီကောင်လေးက သူ့ရဲ့ကျင့်ကြံမှုသွေဖည်နေတာကနေ တကယ်ကြီး နိုးထလာတာလား"

သူတို့နှစ်ယောက်လုံး အနည်းငယ်သိချင်စိတ် ပြင်းပြသွားသည်။သူတို့သည် ဤချိုင့်ဝှမ်းအတွင်း၌သာနေကာ ပြင်ပတွင်အချိန်မည်မျှ ကြာညောင်းသွားပြီဖြစ်ကြောင်း မသိရှိသော်လည်း တစ်စုံတစ်ယောက်၏ကျင့်ကြံမှုသွေဖည်ခြင်းသည် အလွန်အန္တရာယ်များသည်ကို ကောင်းစွာသိရှိထားသည်။

လူအများစုသည် ကျင့်ကြံမှုသွေဖည်သောဖြစ်စဥ်အတွင်းသို့ ကျရောက်သွားပါက သူတို့ကိုယ်သူတို့ အဆက်မပြတ် မေးခွန်းထုတ်နေကာ အဆုံးသတ်၌ သူတို့၏ကျင့်ကြံမှု ဆုတ်ယုတ်သွားပြီး ရလဒ်အနေဖြင့် ထိခိုက်နာကျင်မှုအမြောက်အများကို ခံစားရပေမည်။

ဤကဲ့သို့အခြေအနေမျိုးမှ ရုန်းထွက်နိုင်ရန်မှာ မလွယ်ကူချေ။

သို့ရာတွင် လုယွီကိုကြည့်ရသည်မှာ သူ၏မျက်နှာ အနည်းငယ်ဖြူရော်နေသော်လည်း သူ၏ခန္ဓာကိုယ်မှသွေးချီများ တည်ငြိမ်နေကာ မည်သည့်သာမာန်မဟုတ်သည့်အရာမျိုးမျှမရှိချေ။

သူ၏မျက်လုံးများအတွင်းတွင် ဆုံးဖြတ်ချက်အခိုင်အမာချထားသော အရိပ်အယောင်များ ရှိနေလေ၏။သူ၏ကိုယ်ပိုင်မဟာတာအိုကို သူ သိရှိပြီးဖြစ်သဖြင့် အနည်းငယ်မျှပင် စိုးရိမ်ပူပန်မှုမရှိတော့ပေ။

"လာစမ်း"

လုယွီက သူ၏လက်ကိုဖြန့်လိုက်ပြီးနောက် အသက်ပြင်းပြင်းရှိုက်ကာ သူ၏နံဘေးပတ်လည်မှ ဆေးလုံးများအားလုံးကို ဝါးမြိုလိုက်သည်။

ရာနှင့်ချီသောဆေးလုံးများသည် သကြားလုံးများအလား လုယွီ၏ဝါးမြိုခြင်းကို ခံလိုက်ရသည်။နံဘေးမှစောင့်ကြည်နေသူနှစ်ယောက်လုံး အံ့အားသင့်တုန်လှုပ်သွားပေ၏။

"ဒါက ဘယ်သူ့ရဲ့လက်အောက်က ဂျူနီယာလဲ...သူက ဘယ်လိုသတ္တိမျိုးနဲ့ ဆေးလုံးတွေကို ဒီလိုမျိုးဝါးမြိုဝံ့တာပါလိမ့်....တကယ်လို့ သူ ဒီအတိုင်းသာ ဝါးမြိုနေမယ်ဆိုရင် သူ့မှာဆေးစွမ်းအားတွေကိုသန့်စင်ဖို့ အချိန်ရှိမှာမဟုတ်ဘူး....အဲ့ဒီဆေးစွမ်းအားတွေကြောင့် သူ့ရဲ့မရီးဒါန်းတွေရှုပ်ထွေးသွားရင် သူ ဒဏ်ရာအပြင်းအထန်ရသွားလိမ့်မယ်"

အမျိုးသမီးက ကူကယ်ရာမဲ့စွာ ပြောဆိုသည်။

သူတို့သည် လုယွီကို အဆင်အခြင်မဲ့ပြီး မာန်မာနဝင့်ကြွားနေသော လူငယ်တစ်ယောက်ဟု ယူဆထားကြသည်။

ဝုန်း....ဝုန်း....ဝုန်း...

ရာနှင့်ချီသောဆေးလုံးများသည် လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ တပြိုင်နက်တည်းရောက်ရှိသွားတော့သည်။ရုတ်ချည်းဆိုသလိုပင် အလွန်အမင်းပြင်းထန်သောဆေးစွမ်းအားများ ပွင့်အံထွက်လာကာ လုယွီ၏မိုးကောင်းကင်လှိုဏ်ဂူအတွင်းသို့ တရကြမ်းတိုးဝင်သွားလေ၏။

Chapter 2615

လုယွီ၏မျက်နှာအမူအယာသည် တည်ကြည်လေးနက်နေကာ သူ၏ခန္ဓာကိုယ်မှနေ၍ ဆေးရနံ့များ ထွက်ပေါ်နေသည်။

ဘန်း...ဘန်း...ဘန်း...

ဆေးလုံးများ သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာမှုနှင့်အတူ အတားအဆီးများ တစ်ခုပြီးတစ်ခု ကျိုးပျက်သွားလေ၏။

ထိုဆေးစွမ်းအားများသည် လုယွီ၏ခန္ဓာကိုယ်ကို ထိန်းချုပ်ပေးရုံသာမက သူ၏ သွေးချီနှင့်မှော်စွမ်းအားများကို တိုးတက်စေသည်။

သူသည် မကြုံစဖူးစွမ်းအားစုဆောင်းမှုအဆင့်မျိုးဖြင့် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်လိုခြင်းဖြစ်သည်။

"ငါက မြေကမ္ဘာအင်မော်တယ်ဖြစ်ဖို့ လိုအပ်ချက်တွေအားလုံး ပြည့်စုံနေပြီ...ဒါပေမယ့် ငါရွေးချယ်ထားတဲ့ မဟာတာအိုက...အားအကောင်းဆုံးမဟာတာအိုဖြစ်တဲ့ ဧကရာဇ်မဟာတာအိုပဲ"

လုယွီသည် အရေးကြီးအချိန်အခိုက်အတန့်တွင် ထိုမဟာတာအိုကို ရွေးချယ်ခဲ့ခြင်းပင်။

ယခုလက်ရှိချိန်တွင် သူသည် ကွန်ဖြူးရှပ်မဟာတာအို မြေအောက်လောကမဟာတာအို နက်နဲသိမ်မွေ့မိုးကောင်းကင်မဟာတာအို အစရှိသော မဟာတာအိုအမြောက်အများကို အကျွမ်းဝင်ပြီးဖြစ်သည်။

သို့ရာတွင် မည်သည့်မဟာတာအိုဖြစ်နေပါစေ မဟာတာအိုဂိတ်တံခါး၏ရှေ့တွင် ကောင်းကင်ဘုံဧကရာဇ်၏ပလ္လင်ကို ဦးညွှတ်ရလေ၏။

ရှေးဟောင်းအချိန်ကာလအတွင်းမှ ကောင်းကင်ဘုံဧကရာဇ်ကျင့်ကြံခဲ့သည်မှာ ဧကရာဇ်မဟာတာအိုပင်။

ထိုမဟာတာအိုသည် အမွေအနှစ်တစ်ခုမဟုတ်ချေ။ထိုအရာကို သူကိုယ်တိုင် လေ့လာဆင်ခြင်ခြင်းဖြင့်သာ ရရှိနိုင်သည်။

သူသည် ယခင်က အနည်းငယ်မျှပင် မထိတွေ့ဘူးသော မဟာတာအိုလမ်းကြောင်းကို လျှောက်လှမ်းရန် ကြိုးပမ်းနေကြောင်း လုယွီက ကောင်းစွာသိရှိထားသည်။

အကယ်၍ သူသည် မြေအောက်လောကမဟာတာအိုကို ထပ်မံ၍ရွေးချယ်ပါက သူ၏ခွန်အားအဆများစွာ မြင့်တက်သွားပေမည်။ထို့ပြင် သူ၏အနာဂတ်အောင်မြင်မှုများကိုလည်း အချိန်တခဏဖြင့် ရရှိနိုင်လိမ့်မည်။သို့ရာတွင် ထိုအရာသည် အစစ်အမှန်ပြိုင်ဘက်ကင်းခြင်းမျိုးမဟုတ်ကြောင်း လုယွီက ကောင်းစွာသိရှိထားလေ၏။

ဤဘဝတွင် သူသည် သူ၏ကိုယ်ပိုင်လမ်းကြောင်းအတိုင်း လျှောက်လှမ်းလိုသည်။

ဝုန်း...

လုယွီ၏စိတ်ဆန္ဒကို အာရုံခံမိပုံဖြင့် သူ၏မိုးကောင်းကင်လှိုဏ်ဂူအတွင်း၌ တစ်ချိန်လုံးတိတ်ဆိတ်ငြိမ်သက်နေသော ကောင်းကင်ဘုံဧကရာဇ်၏ပလ္လင်တုန်ခါသွားကာ တောက်ပသောအလင်းတန်းများ ဖြာထွက်လာသည်။

လုယွီက မတ်တတ်ထရပ်ပြီး လှိုဏ်ဂူ၏ပြင်ပသို့ထွက်ကာ ပုန်းကွယ်နဂါးချိုင့်ဝှမ်း၏အထက်ကောင်းကင်ယံကို မော့ကြည့်လိုက်၏။

"လာခဲ့စမ်း...ငါ့ရဲ့စိတ်ဆန္ဒကို မင်း ဖျက်ဆီးနိုင်မလား မဖျက်ဆီးနိုင်ဘူးလားဆိုတာကို ငါ စောင့်ကြည့်မယ်"

လုယွီက တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒပြည့်နှက်နေသော မျက်လုံးတစ်စုံဖြင့် မိုးကောင်းကင်ယံကိုမော့ကြည့်ကာ အော်ဟစ်လိုက်သည်။

ဤအချိန်အခိုက်အတန့်တွင် ထူထပ်သောတိမ်မည်းများက ပုန်းကွယ်နဂါးချိုင့်ဝှမ်း၏အထက်ကောင်းကင်ယံကို လွှမ်းခြုံသွားသည်။

ဤနေရာတွင် ထူထပ်သိပ်သည်းသောတိမ်မည်းများ စုဝေးနေလေ၏။ထိုတိမ်မည်းများကြားတွင် လျှပ်စီးမိုးကြိုးများ၏အလင်းရောင်များက တဖျတ်ဖျတ်တောက်ပနေသည်။

"ဒါက အမှန်ပဲ....သူက မြေကမ္ဘာအင်မော်တယ်နယ်ပယ် ကပ်ဘေးမိုးကြိုးကိုစပြီးခံယူတော့မယ်"

"ဒီကပ်ဘေးမိုးကြိုးက ချိပ်စည်းတံဆိပ်ကို သက်ရောက်စေနိုင်လား"

"ဒါက မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေတစ်ခုလုံးမှာ အားအကောင်းဆုံး ချိပ်စည်းတံဆိပ်ပဲ...ဒီချိပ်စည်းတံဆိပ်က ပြေလျော့သွားမှာမဟုတ်ဘူး"

အမျိုးသားနှင့်အမျိုးသမီးသည် လုယွီ၏ပြောင်းလဲမှုများကို မြင်တွေ့သော်လည်း တည်ငြိမ်အေးဆေးစွာဖြင့် စကားစမြည်ပြောဆိုနေဆဲပင်။

သူတို့ကဲ့သို့ ကျင့်ကြံဆင့်မြင့်မားသူများအတွက် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သည် မပြောပလောက်သော အသေးအဖွဲအရာတစ်ခုပင်။

လောကီအင်မော်တယ်ကပ်ဘေးမိုးကြိုးဖြစ်စေ မြေကမ္ဘာအင်မော်တယ်ကပ်ဘေးမိုးကြိုးဖြစ်စေ သူတို့အတွက် အသေးစားကပ်ဘေးမိုးကြိုးသာဖြစ်သည်။

မြေကမ္ဘာအင်မော်တယ်နယ်ပယ်မှ ရွှယ်အင်မော်တယ်နယ်ပယ်သို့တက်လှမ်းချိန်တွင် ရင်ဆိုင်ရသော ကပ်ဘေးမိုးကြိုးမှသာ ကောင်းကင်နှင့်​မြေပြင်အကြား၌ သဘာဝလွန်ပုံရိပ်မျိုးကို ဖြစ်ပေါ်စေပြီး ကြီးမားသောအပြောင်းအလဲများကို စုဖွဲ့စေနိုင်စွမ်းရှိသည်။

မိုးကောင်းကင်ယံအတွင်း၌ တိမ်မည်းများ ဆက်လက်၍စုဝေးနေဆဲပင်။

ထိုတိမ်မည်းများသည် တောင်ထိပ်သို့ချဥ်းကပ်လာပေရာ မိုးခြိမ်းသံသည် ပို၍ပို၍ကျယ်လောင်လာခဲ့သည်။

လုယွီသည် ခြေတစ်လှမ်းရှေ့တက်၍ တိမ်တိုက်များအကြားသို့ လျှောက်လှမ်းဝင်သွားခဲ့သည်။

ပတ်ဝန်းကျင်၌ အေးစက်စက်လေပြင်းများ တိုက်ခတ်နေသဖြင့် လုယွီ၏အဝတ်အစားများ ရှေ့နောက် လူးလွန့်နေသည်။

ဘုန်း....

ရုတ်တရက် တောက်ပသောမိုးကြိုးလှိုင်းတစ်လှိုင်းက လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ပြင်းပြင်းထန်ထန် လာရောက်ရိုက်ခတ်သည်။

မြောက်မြားစွာသော လျှပ်စီးမိုးကြိုးများသည် လုယွီကိုရစ်ပတ်လွှမ်းခြုံထားကာ သူ၏စိတ်ဝိညာဥ်ကိုဖျက်ဆီးရန် ရည်ရွယ်ထားပုံရလေ၏။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သာမာန်မျက်စိဖြင့်မြင်နိုင်သမျှ လောကကြီးအတွင်းရှိအရာရာတိုင်းကို ကြောက်မက်ဖွယ် လျှပ်စီးမိုးကြိုးများက နေရာယူသွားခဲ့သည်။

ဤသည်က ပထမဆုံးကပ်ဘေးမိုးကြိုးပင်။

ပုန်းကွယ်နဂါးချိုင့်ဝှမ်းတစ်ခုလုံးကို တုန်လှုပ်ချောက်ချားဖွယ်မိုးကြိုးလှိုင်းများက လွှမ်းခြုံသွားသည်။မြင့်မားသောတောင်ထိပ်များမှကျောက်တုံးကြီးများသည် ထိုမိုးကြိုးလှိုင်း၏ရိုက်ခတ်မှုကြောင့် အမှုန်အမွှားဖြစ်သွားလေ၏။

"မကောင်းတော့ဘူး"

ပုန်းကွယ်နဂါးချိုင့်ဝှမ်း၏နက်ရှိုင်းသောနေရာတွင် ပုန်းအောင်းနေသော အမျိုးသားသည် ရုတ်တရက် ကျယ်လောင်စွာအော်ဟစ်၍ မှော်မန္တန်တစ်ပုဒ်ကို အလျှင်အမြန်ရွတ်ဆိုကာ ချိုင့်ဝှမ်း၏ဗဟိုချက်ရှိ ချိပ်စည်းတံဆိပ်ကို ကာကွယ်လိုက်သည်။

ထိုမိုးကြိုးလှိုင်းသည် အသက်ဆယ်ရှိုက်စာသာ ကြာမြင့်ခဲ့သည်။မူလက စိမ်းလန်းစိုပြည်နေသော ပုန်းကွယ်နဂါးချိုင့်ဝှမ်းသည် ထိုမိုးကြိုးလှိုင်းကြောင့် အပျက်အစီးနယ်မြေတစ်ခုအဖြစ်သို့ ရောက်သွားလုနီးပါးပင်။

"ဒါက မြေကမ္ဘာအင်မော်တယ်နယ်ပယ် မိုးကြိုးကပ်ဘေးလား...ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

"ဒီကောင်လေးက နည်းနည်းတော့ထူးဆန်းတယ်...ဒီလောက်ပြင်းထန်တဲ့မိုးကြိုးလှိုင်းက မြေကမ္ဘာအင်မော်တယ်ကပ်ဘေးမိုးကြိုး မဖြစ်နိုင်ဘူး...ဒါက ရွှယ်အင်မော်တယ်ကပ်ဘေးမိုးကြိုးနဲ့ အဆင့်တူမှာရှိတယ်"

အံ့အားတသင့်ပြောဆိုနေသော လူနှစ်ယောက်၏အသံက ချိုင့်ဝှမ်းအတွင်းမှ ထွက်ပေါ်လာသည်။

All Chapters