← Chapters

အခန်း (၂၆၃၆-၂၆၄၀)

Vol. 135 Ch. 2636-2640

အခန်း (၂၆၃၆-၂၆၄၀)

Vol. 135 Ch. 2636-2640

Chapter 2636

မြောက်မြားစွာသောယုံကြည်သက်ဝင်သူတို့က ရိုသေလေးစားစွာဖြင့် ဝတ်ပြုဆုတောင်းနေကြသည်။

ထိုယုံကြည်သက်ဝင်သူများ၏ပုံရိပ်ယောင်များသည် အလင်းဘီးကြီးအတွင်းသို့ကျရောက်နေကာ ကံကြမ္မာစွမ်းအားများကို အစိမ်းရောင်ကြာနတ်ဘုရားအတွက် ထောက်ပံပေးနေသည်။

လူအများရှေ့၌ ရုတ်တရက်ထွက်ပေါ်လာသော အမျိုးသမီးသည် သန့်စင်ပြီးမြင့်မြတ်သည်။သူမသည် အစိမ်းရောင်ကြာနတ်ဘုရား၏အစစ်အမှန်ခန္ဓာကိုယ်ပင်။

"ကျင်းမင်ခုံး...ငါ နင်နဲ့ မတိုက်ခိုက်ချင်ဘူး...ဒါကြောင့် နင်လည်း ငါ့ကို ရန်မစနဲ့...အတိတ်တုန်းကတော့ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်က ပြိုင်ဘက်ကင်းတည်ရှိမှုကြီးပဲ...ငါက သူ့ကို လေးစားတယ်...ဒါကြောင့် ငါ နင်ကို မသတ်ချင်ဘူး...မဟုတ်ရင် နင်က ငါရဲ့ပြိုင်ဘက်ဖြစ်နိုင်မယ်လို့ နင် ထင်နေတာလား...ငါ ဒီနေရာကိုရောက်လာတာက ပစ္စည်းတစ်ခုလာယူတာပဲ...ပြီးတာနဲ့ ငါ ချက်ချင်းထွက်သွားမယ်...နင်က ငါ့ရဲ့ကိစ္စထဲကို ဝင်မစွက်ဖက်တာ ပိုကောင်းလိမ့်မယ်"

အစိမ်းရောင်ကြာနတ်ဘုရား၏မျက်လုံးက အေးစက်နေကာ သူမက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလေ၏။

ကျင်းမင်ခုံးက တည်ငြိမ်စွာ တုံ့ပြန်ပြောဆိုသည်။

"ဒီနေရာမှာရှိတဲ့ အရာရာတိုင်းက သူတော်စင်ရဲ့ပိုင်ဆိုင်မှုတွေပဲ...ဒါတွေကိုယူရင် နင် သေရမှာကို မကြောက်ဘူးလား"

အစိမ်းရောင်ကြာနတ်ဘုရားက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"သူတော်စင်ယီဟန်က တံခါးပိတ်ကျင့်ကြံနေတယ်...ငါက နတ်ဘုရားကုန်းမြေကိုယူပြီးတာနဲ့ တာယွီအင်ပါယာကနေ ထွက်သွားတော့မယ်...သူတော်စင်ယီဟန်ရဲ့ခွန်အားက မဆိုးဘူးဆိုပေမယ့် သူက ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးမှာ ငါ့ကိုလိုက်ရှာနိုင်မှာမဟုတ်ဘူး...ကောင်းပြီလေ ကျင်းမင်ခုံး ငါ နင်နဲ့စကားတွေအများကြီး မပြောချင်ဘူး...တကယ်လို့ နင်ဆက်ပြီးအပိုစကားတွေ ပြောနေမယ်ဆိုရင် ငါ နင့်ကို သတ်မိလိမ့်မယ်"

ထိုစကားအဆုံးသတ်သည်နှင့် တောက်ပသောအလင်းတန်းတစ်တန်းက ရုတ်တရက် အစိမ်းရောင်ကြာနတ်ဘုရား၏နောက်၌ ထွက်ပေါ်လာသည်။

နတ်ဘုရားအလင်းတန်း ဆင်းသက်လာချိန်တွင် ကျင်းမင်ခုံးက မျက်မှောင်ကြုတ်လိုက်သော်လည်း မည်သည့်စကားတစ်ခွန်းမျှ ထပ်မဆိုဝံ့တော့ချေ။

ဤနတ်ဘုရားသည် သူမ စိတ်ကူးယဥ်တွေးတောထားသည်ထက် များစွာပို၍အစွမ်းထက်နေသည်။

ကျင်းမင်ခုံး၏စွမ်းအားသည် အလွန်အားကောင်းသည်ဟု မဆိုနိုင်လျှင်ပင် အားမနည်းချေ။သူမသည် မဟာနတ်ဆရာသုံးယောက်ကို အနိုင်ယူနိုင်ခဲ့သည်။သို့ရာတွင် အစိမ်းရောင်ကြာနတ်ဘုရားသည် မဟာနတ်ဆရာသုံးယောက်ထက် များစွာပို၍အစွမ်းထက်သည်မှာ သိသာထင်ရှားလှ၏။

သူမ တိုက်ခိုက်လျှင်ပင် သူမသည် အစိမ်းရောင်ကြာနတ်ဘုရား၏ပြိုင်ဘက် ဖြစ်နိုင်မည်မဟုတ်ချေ။

ဤအချိန်အခိုက်အတန့်တွင် လုယွီတစ်ယောက်တည်းကသာ အစိမ်းရောင်ကြာနတ်ဘုရား၏ အခြေအနေမှန်ကို ထွင်းဖောက်မြင်နိုင်လေ၏။

မျှော်လင့်ထားသလိုပင် သူမသည် ခွန်အားအကုန်အစင် ပြန်လည်ရရှိခြင်းမရှိသေးချေ။

အတိတ်ဘဝတွင် သူသည် အစိမ်းရောင်ကြာနတ်ဘုရားကို အပြင်းအထန်ဒဏ်ရာရရှိစေခဲ့သည်။သူသည် သူမအား အသေသတ်ရန် ကြံရွယ်ထားပြီးလေပြီ။နောက်ပိုင်းတွင် အစိမ်းရောင်ကြာနတ်ဘုရားသည် ​တစစီကြေမွှပျက်စီးသွားလုနီးပါးပင်။ဤနေရာ၌ ထွက်ပေါ်လာသောနတ်ဘုရားသည် အသစ်တဖန်ပြန်လည်မွေးဖွားလာခြင်းသာဖြစ်ပေ၏။

အချိန်ကာလကြာရှည်စွာ ကုန်လွန်လာခဲ့သည့်တိုင် အစိမ်းရောင်ကြာနတ်ဘုရားသည် ယခင်စွမ်းအားမျိုး ပြန်လည်မရရှိသေးချေ။

ယခုချိန်တွင် သူမသည် အလွန်အစွမ်းထက်ပုံရသော်လည်း ဤသည်က အပေါ်ယံသက်သက်ပင်။အမှန်အားဖြင့် သူမ၏ခန္ဓာကိုယ်တွင်းအင်္ဂါများသည် အက်ကွဲရာဗရပွဖြစ်နေသော ကြွေထည်ပစ္စည်းတစ်ခုနှင့် တူညီနေသည်။

သူမသည် နတ်ဘုရားကုန်းမြေကိုရယူရန် အသည်းအသန်ကြိုးစားနေသည်မှာ အံ့အားသင့်စရာမရှိတော့ချေ။

အကယ်၍ သူမ၏ကိုယ်ပိုင်နတ်ဘုရားကုန်းမြေမရှိပါက သူမသည် ကောင်းကင်ဘုံနယ်မြေမှ တခြားနတ်ဘုရားအများစုနှင့်တူညီစွာ သူမ၏အခြေခံအုတ်မြစ်ကို ဆုံးရှုံးသွားရပေမည်။တဖြည်းဖြည်းနှင့် သူမကို ယုံကြည်သက်ဝင်သူများ သေဆုံးသွားကာ သူမသည်လည်း လောကကြီးအတွင်း၌ ပျောက်ကွယ်သွားရပေလိမ့်မည်။

"ပြီးတော့ ကောင်လေး...ငါ နင့်ကို မှတ်မိတယ်"

အစိမ်းရောင်ကြာနတ်ဘုရားက ရုတ်တရက် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ ပြည့်နှက်နေသောအကြည့်ဖြင့် လုယွီကိုကြည့်ကာ ပြောဆိုသည်။

လုယွီသည် သူမ၏အစီအစဥ်များကို တစ်ကြိမ်ပြီးတစ်ကြိမ် ဖျက်ဆီးခဲ့လေ၏။သူသည် သူမ၏အသားအတွင်း၌ စိုက်ဝင်နေသော ဆူးတစ်ချောင်းဖြစ်ခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

လုယွီက တည်ငြိမ်အေးဆေးသော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။

"မင်းက ငါ့ကို သတ်ချင်နေတာလား...မင်း ကြိုးစားကြည့်နိုင်တယ်"

"ဟား ဟား ဟား...ရယ်ဖို့ကောင်းလိုက်တာ...ငါက အခုမှ နိုးထလာခဲ့တာကို ဒီလိုမောက်မာတဲ့ကောင်စုတ်လေးနဲ့ တွေ့ရတယ်....ငါ နတ်ဘုရားကုန်းမြေကိုယူပြီးတာနဲ့ နင့်ကိုအရင်ဆုံးသုတ်သင်မယ်"

အစိမ်းရောင်ကြာနတ်ဘုရားက ကျယ်လောင်စွာအော်ဟစ်ရယ်မောကာ မဟာနတ်ဆရာဖန်ဆင်းရှင်ဘက်သို့လှည့်၍ အမိန့်ပေးလိုက်၏။

"နင်...အဲ့ဒီကောင်လေးကို စောင့်ကြည့်နေစမ်း"

အမိန့်ကိုရရှိသည်နှင့် မဟာနတ်ဆရာဖန်ဆင်းရှင်သည် လုယွီ ထွက်မပြေးနိုင်စေရန် ရည်ရွယ်၍ သူ့ရှေ့သို့ ရောက်ရှိလာသည်။

သူ၏နံဘေးပတ်ဝန်းကျင်၌ တင်းကျပ်သောဖိအားအရှိန်အဝါတစ်ရပ် ရှိနေလေ၏။

လုယွီက ရုတ်တရက် ကျင်းမင်ခုံးထံသို့ အသံပေးပို့လိုက်သည်။

"စီနီယာ...အစိမ်းရောင်ကြာနတ်ဘုရားကို နတ်ဘုရားကုန်းမြေယူဆောင်ဖို့ ခွင့်ပြုလိုက်ပါ...ကျွန်တော်တို့က သူ့ကို ဟန့်တားဖို့မလိုဘူး"

ကျင်းမင်ခုံးက မျက်မှောင်ကြုတ်လိုက်၏။သူမသည် အနည်းငယ်ဇဝေဇဝါဖြစ်နေသော်လည်း သူမ၏မျက်နှာပေါ်၌ မည်သည့်အမူအယာမျိုးမျှရှိမနေချေ။

လုယွီ ထိုသို့ပြောဆိုလာသဖြင့် သူ့ထံတွင် သေချာပေါက် အကြံအစည်တစ်ခုခု ရှိနေပေမည်။

ထို့ပြင် လက်ရှိအနေအထားအရ အကယ်၍ သူမတို့နှစ်ယောက်ပူးပေါင်း၍ တိုက်ခိုက်လျှင်ပင် အစိမ်းရောင်ကြာနတ်ဘုရားကို အနိုင်ယူနိုင်မည်မဟုတ်ချေ။ယခုချိန်တွင် မဆင်မခြင်တိုက်ခိုက်ပါက သူမတို့နှစ်ယောက်သာ အချည်းနှီးသေဆုံးသွားနိုင်သည်။

Chapter 2637

ကျောင်းတော်ရှိလူများ၏ စိတ်ပျက်အားငယ်နေသောအကြည့်များအောက်တွင် အစိမ်းရောင်ကြာနတ်ဘုရားသည် သူတော်စင်ခန်းမဆောင်၏အထက်သို့ ဆင်းသက်သွားသည်။

အစွမ်းထက်သောရန်သူကြီးတစ်ယောက် ချဥ်းကပ်လာသည်ကို အာရုံခံမိပုံဖြင့် သူတော်စင်ခန်းမဆောင်၏နံရံများပေါ်တွင်ရေးထိုးထားသော မရေမတွက်နိုင်သည့် သူတော်စင်ကျမ်းစာစာလုံးများမှနေ၍ တုန်ခါသံကြီးမြည်ဟီးလာသည်။

နံရံများပေါ်တွင် အတန်းလိုက်ရှိနေသော စာလုံးများမှနေ၍ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေလေရာ လူအများသည် ထိုနေရာကို စေ့စေ့မကြည့်ဝံ့ချေ။

ဤသည်က သူတော်စင်ကျမ်းစာ၏စွမ်းအားပင်။ထိုအရာတွင် သူတော်စင်၏စိတ်ဆန္ဒပါဝင်နေကာ နတ်ဆိုးဆန်သောအရာများကို ပြာချပစ်နိုင်သော စွမ်းအားမျိုးရှိနေသည်။

"တကယ်လို့ ဒီနေရာမှာ သူတော်စင်တစ်ယောက်ရှိနေတယ်ဆိုရင် ငါက ချက်ချင်းလှည့်ထွက်သွားမှာ...ရှေ့ကိုတိုးဝံ့မှာမဟုတ်ဘူး...ဒါပေယ့် ဒီစာလုံးတွေလောက်ကတော့ ငါ အာရုံစိုက်ဖို့တောင် မထိုက်တန်ဘူး"

အစိမ်းရောင်ကြာနတ်ဘုရားက သရော်တော်တော်ပြောဆိုသည်။ထို့နောက် သူမ၏လက်ကိုဖြန့်ကာ အနက်ရောင်အခိုးအငွေ့များကို ထုတ်လွှတ်လိုက်၏။

ရှဲ...ရှဲ...

အနက်ရောင်အခိုးအငွေ့များ၏ ထိတွေ့ခြင်းခံရသော သူတော်စင်ခန်းမရှိနံရံများသည် မင်ဖြင့်ပက်ဖြန်းခံလိုက်ရသကဲ့သို့ သိသိသာသာမှုန်မှိုင်းသွားသည်။သူတော်စင်ကျမ်းစာစာလုံးအများစုသည် ယခင်ကဲ့သို့ ကြည်လင်ပြတ်သားခြင်းမရှိတော့ချေ။

ထို့ထက်ပို၍အရေးကြီးသောအချက်မှာ ခန်းမအတွင်းမှ ထွက်ပေါ်နေသော သူတော်စင်အရှိန်အဝါများ အတိုင်းအတာပမာဏတစ်ခုထိ ဖိနှိပ်ထားခံရခြင်းပင်။

အစိမ်းရောင်ကြာနတ်ဘုရားကိုကြည့်ရသည်မှာ မြင့်မြတ်ပုံရသော်လည်း အမှန်အားဖြင့် သူမသည် နတ်ဆိုးနတ်ဘုရားတစ်ပါးပင်။

သူမအား ယုံကြည်သက်ဝင်သူတို့သည် သူတို့၏ခန္ဓာကိုယ်နှင့်စိတ်နှလုံးသားကို သူမထံ ချွင်းချက်မရှိ အပ်နှံထားရပြီး မည်သည့်အရာကိုမျှ သူမထံမှ ဖုံးကွယ်ထားခွင့်မပြုချေ။

ရိုးရှင်းစွာပြောရပါက သူမသည် ထိုယုံကြည်သက်ဝင်သူများကို ကျွန်အဖြစ်အသုံးချနေခြင်းဖြစ်သည်။

အစိမ်းရောင်ကြာနတ်ဘုရား၏ခြေဖဝါးသည် မြေပြင်နှင့် ပေါ့ပါးညင်သာစွာ ထိတွေ့သွားကာ ခြေလှမ်းအနည်းငယ်လှမ်းရုံဖြင့် သူမသည် သူတော်စင်ခန်းမဆောင်၏ နက်ရှိုင်းသောနေရာသို့ ရောက်ရှိသွားလေ၏။

သူမ လျှောက်လှမ်းလာရာ နံဘေးတစ်ဖက်တစ်ချက်ရှိ နံရံများအားလုံး ပြိုလဲသွားသည်။မူလက တည်ကြည်လေးနက်သောအရိပ်အငွေ့ရှိသည့် သူတော်စင်ခန်းမဆောင်သည် ချက်ချင်းဆိုသလိုပင် အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

"သူတော်စင်ခန်းမဆောင်ထဲကို နတ်ဆိုးနတ်ဘုရားက ကျူးကျော်ဝင်ရောက်သွားပြီ"

"စက်ဆုပ်ဖို့ကောင်းလိုက်တာ...ဒီနေရာက ကျမ်းစာတွေအားလုံးက သူတော်စင်ရဲ့ကျမ်းစာတွေချည်းပဲ...ဒါတွေ သူ့ကို ထိတွေ့ခွင့်ပေးလို့မဖြစ်ဘူး"

ကျောင်းတော်တပည့်များ၏မျက်လုံးများ အက်ကွဲထွက်လုမတတ်ပြူးကျယ်ကာ နီမြန်းနေသည်။သူတို့သည် အစိမ်းရောင်ကြာနတ်ဘုရားကိုကြည့်ကာ အရှင်လတ်လတ်ဝါးစားလိုစိတ် ပေါက်နေလေ၏။

သို့ရာတွင် အစိမ်းရောင်ကြာနတ်ဘုရား၏အနီးသို့ အမှန်တကယ်ချဥ်းကပ်နိုင်သူဟူ၍ လူနည်းစုသာရှိသည်။

ဤကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ် နတ်ဘုရားစွမ်းအား၏အောက်တွင် အစိမ်းရောင်နတ်ဘုရားကို တိုက်ခိုက်ရန်မဆိုထားနှင့် မတ်တတ်ရပ်နိုင်ရန်ပင် လူအများစုအတွက် လွန်စွာခက်ခဲသည်။

လူတိုင်း၏အကြည့်အောက်တွင် အစိမ်းရောင်ကြာနတ်ဘုရားသည် နောက်ဆုံး၌ ကူးပြောင်းရေးဝင်္ကပါ၏ရှေ့သို့ ရောက်ရှိသွားပေ၏။

ကူးပြောင်းရေးဝင်္ကပါ၏အထက်တွင် ယီဟန်ရေးသားထားသော 'ဖိနှိပ်ခြင်း'ဟူသောစာလုံးက လေထုအတွင်း၌ မျောလွင့်နေသည်။

ဤသည်က နတ်ဘုရားကုန်းမြေအတွင်းရှိ သက်ရှိများအားလုံးကိုဖိနှိပ်ရန် ယီဟန် အသုံးပြုထားသောနည်းစနစ်ပင်။

ထိုစာလုံးရှိနေခြင်းကြောင့် နတ်ဘုရားကုန်းမြေအတွင်းမှ မည်သူမဆို ခွင့်ပြုချက်မရှိဘဲ ပြင်ပသို့ထွက်မလာနိုင်ချေ။သူတို့ထံ၌ တက်လှမ်းလာရန်အတွက် နည်းလမ်းမရှိပေ။

"ဒီနတ်ဘုရားကုန်းမြေက ငါ့အတွက် အထူးသီးသန့် ပြင်ဆင်ပေးထားသလိုပဲ"

အစိမ်းရောင်ကြာနတ်ဘုရား၏မျက်နှာပေါ်၌ စိတ်ကျေနပ်သွားသောအပြုံးမျိုး ထင်ဟပ်နေလေ၏။

ထို့နောက် သူမ၏ကျောက်စိမ်းရောင်လက်ချောင်းများကို ဆန့်တန်းကာ လေထုအတွင်း၌မျောလွင့်နေသော 'ဖိနှိပ်ခြင်း'စာလုံးကို ညင်သာစွာထိတွေ့လိုက်သည်။

သူမ၏လက်ချောင်းများမှ အနက်ရောင်အခိုးအငွေ့များထွက်ပေါ်လာကာ 'ဖိနှိပ်ခြင်း'စာလုံးကို ညစ်ညမ်းသွားစေရန်ရည်ရွယ်၍ ထိုအရာ၏နံဘေးပတ်ဝန်းကျင်ကို ရစ်ပတ်လွှမ်းခြုံသွားသည်။

သို့ရာတွင် ထိုအချိန်အခိုက်အတန့်မှာပင် 'ဖိနှိပ်ခြင်း'စာလုံးမှနေ၍ တုန်လှုပ်ချောက်ချားဖွယ် ဖိအားအရှိန်အဝါတစ်ရပ် ထွက်ပေါ်လာသည်။ဤသည်က နှစ်ခြိုက်စွာအိပ်မောကျနေသော ရက်စက်ကြမ်းကြုတ်သည့်သားရဲကြီးတစ်ကောင် ရုတ်တရက်နိုးထလာကာ သူ၏အစွယ်များကို ဖြဲဟလိုက်သကဲ့သို့ပင်။

ကြီးကျယ်ခမ်းနားသောအရှိန်အဝါတစ်ရပ်က ချက်ချင်းပွင့်အံထွက်လာကာ ကောင်းကင်နှင့်မြေပြင်အကြား၌ အဖြူရောင်အလင်းတန်းတစ်တန်း ထွက်ပေါ်လာပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

ဘန်း...ဘန်း...ဘန်း...

အစိမ်းရောင်ကြာနတ်ဘုရား၏နောက်တွင်ရှိသော အလင်းဘီးအတွင်းရှိ ပုံရိပ်ယောင်များမှနေ၍ စူးရှနာကျင်စွာအော်ဟစ်လိုက်သောအသံများ ထွက်ပေါ်လာကာ အဖြူရောင်အလင်းတန်းများကြောင့် အရည်ပျော်သွားပြီး ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားလေ၏။

ရုတ်ချည်းဆိုသလိုပင် အစွမ်းထက်သောအဖြူရောင်အလင်းတန်းသည် အစိမ်းရောင်ကြာနတ်ဘုရားကို ပစ်မှတ်ထားနေပုံဖြင့် သူမထံသို့ တန်းတန်းမတ်မတ် တိုးဝင်သွားသည်။

"စာလုံးတစ်လုံးတည်းနဲ့...ငါ့ကို ဖိနှိပ်ချင်တာလား"

အစိမ်းရောင်ကြာနတ်ဘုရားက ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။သူမ၏ လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲသိမ်မွေ့သော နတ်ဘုရားစွမ်းအားများကိုလှည့်ပတ်၍ ထိုအဖြူရောင်အလင်းတန်းကို ထိပ်တိုက်ရင်ဆိုင်လိုက်၏။

အလင်းတန်းနှစ်တန်း ဖီလာဆန့်ကျင်ရိုက်ခတ်မိစဥ်တွင် တုန်ခါမှုလှိုင်းများက ပျံ့နှံ့သွားကာ သူတော်စင်ခန်းမမှနံရံများ ကြေမွှပျက်စီးသွားတော့သည်။

Chapter 2638

အစိမ်းရောင်ကြာနတ်ဘုရားနှင့် သူတော်စင်ယီဟန်၏'ဖိနှိပ်ခြင်း'စာလုံး တိုက်ခိုက်နေစဥ်တွင် လုယွီသည် အလဟဿမနေချေ။

သူသည် အချိန်ကိုတွက်ဆပြီးနောက် ကျင်းမင်ခုံးကို ပြောဆိုလိုက်၏။

"စီနီယာ...ကျေးဇူးပြုပြီးတော့ ဆရာတွေနဲ့ကျောင်းတော်တပည့်တွေ ထိခိုက်ဒဏ်ရာမရအောင် စောင့်ရှောက်ထားပေးပါ"

ကျင်းမင်ခုံး ကြက်သေသေသွားသည်။ဤအချိန်အခိုက်အတန့်တွင် လုယွီသည် သူမထံသို့ အသံပေးပို့မည်ဟု သူမ မျှော်လင့်မထားမိချေ။

အချိန်တခဏကြာပြီးနောက် သူမက အသိဝင်လာကာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောဆိုလိုက်သည်။

"နင် လှုပ်ရှားချင်တယ်လို့ ငါ့ကိုမပြောနဲ့...နင် ဆင်ဆင်ခြင်ခြင်နေဖို့ ငါ နင့်ကို အကြံပေးချင်တယ်...နင်ရဲ့ခွန်အားက သာမာန်ထက်သာလွန်တယ်ဆိုပေမယ့် အစိမ်းရောင်ကြာနတ်ဘုရားရဲ့စွမ်းအားက အရမ်းသိမ်မွေ့နက်နဲတယ်...တကယ်လို့ နင် သူနဲ့တိုက်ခိုက်မယ်ဆိုရင် နင် အသက်ရှင်နိုင်မှာမဟုတ်ဘူး"

လုယွီ ရုတ်တရက်ထ၍တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် ကျင်းမင်ခုံးက ထပ်မံ၍အသံပေးပို့လေ၏။

"အခုချိန်မှာ အစိမ်းရောင်ကြာနတ်ဘုရားက တခြားအရာတွေကိုဂရုစိုက်ဖို့ အချိန်မရဘူး...ငါက မဟာနတ်ဆရာဖန်ဆင်းရှင်ကို အချိန်ဆွဲထားလိုက်မယ်...နင် အမြန်ထွက်ပြေးတော့...ဒီနေရာမှာ နင်ဆက်နေမယ်ဆိုရင် နင် သေသွားလိမ့်မယ်"

"ကျွန်တော်မှာ အစီအစဥ်ရှိပါတယ်"

လုယွီသည် စကားများစွာပြောဆိုခြင်း မပြုချေ။မဟာနတ်ဆရာဖန်ဆင်းရှင်သည် တစ်စုံတစ်ခုကို အာရုံခံမိသွားပြီဖြစ်ကြောင်း သူ သိရှိထားပြီးလေပြီ။

ကျင်းမင်ခုံးသည် ထပ်မံ၍အသံပေးပို့ခြင်း မပြုတော့သော်လည်း သူမ၏မျက်နှာအမူအယာ အနည်းငယ်ပြောင်းလဲသွားသည်။

ရွှယ်အင်မော်တယ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်သည် အသေးအမွှားတစ်ခုကိုပင် အာရုံခံနိုင်လေ၏။သူသည် ကျင်းမင်ခုံး၏မျက်နှာအမူအယာ မသိမသာပြောင်းလဲသွားခြင်းကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။

"ကောင်လေး...မင်းက ရုန်းကန်ဖို့ ကြိုးစားနေတုန်းပဲလား"

မဟာနတ်ဆရာဖန်ဆင်းရှင်က အော်ငေါက်လိုက်သည်။

သူ့အားတုံ့ပြန်လာသည်က လုယွီ၏ပြင်းထန်သော လက်သီးတစ်ချက်ပင်။

ထိုလက်သီးချက်မှစွမ်းအားသည် နံရံတစ်ချပ်ကို တူဖြင့်ထုနှက်လိုက်သည်နှင့် တူညီပေ၏။ပေါက်ကွဲသံတစ်သံက လေထုအတွင်း၌ ထွက်ပေါ်လာသည်။

လုယွီက ချက်ချင်းဆိုသလိုပင် မဟာနတ်ဆရာဖန်ဆင်းရှင်၏ရှေ့သို့ ရောက်ရှိသွားသည်။သူသည် ရက်စက်ကြမ်းတမ်းစွာဖြင့် တိုက်ခိုက်လေရာ ပြင်းထန်သောလက်သီးချက်များက မဟာနတ်ဆရာဖန်ဆင်းရှင်၏ခန္ဓာကိုယ်ပေါ်သို့ အဆက်မပြတ်ကျရောက်သွားသည်။

"မင်းက ငါ့ကိုလာပြီး ထိပ်တိုက်ရင်ဆိုင်နေတာလား...မင်းက သေလမ်းရှာနေတာပဲ"

မဟာနတ်ဆရာ၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သောအပြုံးမျိုး ထင်ဟပ်လာသည်။သူ၏အဝတ်အစားများ ပြဲထွက်သွားကာ သူ၏တုတ်ခိုင်သန်မာသောကြွက်သားများကို မြင်နေရပေ၏။

သူ၏ရင်ဘတ်ပေါ်၌ ကြာပန်းစိမ်းပုံအမှတ်အသားရှိသည်။ထိုအမှတ်အသားသည် မီးပွါးတစ်ခုကဲ့သို့ တောက်ပနေသည်။တစ်ချိန်တည်းမှာပင် ကြာပန်းစိမ်းအမှတ်အသားမှနေ၍ အလင်းတန်းများကို အဆက်မပြတ်ထုတ်လွှင့်ပေးနေကာ မဟာနတ်ဆရာဖန်ဆင်းရှင်၏ခန္ဓာကိုယ်တွင်းအင်္ဂါများအတွင်းသို့ ကူးပြောင်းပေးနေလေ၏။ထိုအရာသည် သူ့အား အကန့်အသတ်မရှိ စွမ်းအားထောက်ပံပေးနိုင်သည်။

ဘန်း...ဘန်း...ဘန်း...

သူတို့နှစ်ယောက် စတင်တိုက်ခိုက်စဥ်တွင် ထိတွေ့မှုကြောင့်ဖြစ်ပေါ်လာသော နောက်ချန်အားလှိုင်းများက အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။အကျိုးဆက်အနေဖြင့် အနီးပတ်ဝန်းကျင်ရှိ အဆောက်အအုံအမြောက်အများ ပျက်စီးသွားလေ၏။

ကျင်းမင်ခုံး၏မျက်ခွံများ တဆတ်ဆတ်တုန်သွားသည်။လုယွီသည် မည်သည်ကြောင့် ဆရာများနှင့်ကျောင်းတော်တပည့်များကို သူမအား စောင့်ရှောက်ရန်မှာကြားခဲ့သည်ကို သူမနားလည်သဘောပေါက်သွားလေပြီ။

သူတို့နှစ်ယောက်၏တိုက်ပွဲမှ သက်ရောက်မှုအားလှိုင်းများသည် အလွန်ပြင်းထန်သဖြင့် တခြားသူများကို ဒဏ်ရာရရှိသွားစေနိုင်သည်။

"ကျောင်းတော်ကလူတွေအားလုံး...ဒီနေရာကနေ ချက်ချင်းနောက်ဆုတ်ကြစမ်း"

ကျင်းမင်ခုံး၏အသံက လေထုအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

တစ်ချိန်တည်းမှာပင် ကျင်းမင်ခုံးသည် သူမ၏မှော်စွမ်းအားကို အသုံးပြု၍ ဆရာများနှင့်ကျောင်းတော်တပည့်သားများအပေါ် တိုက်ပွဲအားလှိုင်းများသက်ရောက်မှုမရှိစေရန် ကာကွယ်ပေးလိုက်၏။

"အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းဝင်တွေ...ကျောင်းတော်ရဲ့လူတွေအားလုံးကို သတ်ကြစမ်း...ဘယ်သူကိုမှ အသက်ရှင်ရက် ချန်မထားနဲ့"

မဟာနတ်ဆရာဖန်ဆင်းရှင်၏အသံက မိုးကောင်းကင်ယံအတွင်း၌ ပဲ့တင်ထပ်သွားသည်။

ပတ်ဝန်းကျင်ရှိ အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းဝင်များသည် ချက်ချင်းဆိုသလိုပင် တဟုန်ထိုးပြေးဝင်ကာ ကျောင်းတော်ဘက်မှလူများကို တိုက်ခိုက်လိုက်သည်။

အစောပိုင်းက လုယွီ၏လက်သီးချက်ကြောင့် မြေပြင်ပေါ်၌လဲကျကာ သွေးအန်နေသော မြင့်မြတ်နတ်ဆရာခုနစ်ယောက်ပင်လျှင် မတ်တတ်ထရပ်၍ ကျင်းမင်ခုံးနှင့်ချိုင်ကူဘိုးဘေးကို တိုက်ခိုက်လေ၏။

နှစ်ဖက်ကြားတွင် ပြင်းထန်သောတိုက်ပွဲကြီးကို တဖန်ပြန်၍ တိုက်ခိုက်ကြလေပြီ။

ဘန်း...ဘန်း...ဘန်း...

မိုးကောင်းကင်ယံအတွင်း၌ လုယွီနှင့်မဟာနတ်ဆရာဖန်ဆင်းရှင်တို့ တိုက်ခိုက်နေသည်။အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် သူတို့သည် တိုက်ကွက်ပေါင်းထောင်နှင့်ချီ၍ ဖလှယ်ပြီးလေပြီ။

မဟာနတ်ဆရာဖန်ဆင်းရှင်သည် အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းအတွင်း၌ အနီးကပ်တိုက်ခိုက်မှုခွန်အား အကောင်းဆုံးသူပင်။သူ ခွန်အားအကုန်အစင် ထုတ်ဖော်အသုံးပြုလိုက်ချိန်တွင် သူ၏ခွန်အားကို လျှော့တွက်၍မရချေ။

သို့ရာတွင် ဤကဲ့သို့ခွန်အားလောက်ဖြင့် လုယွီနှင့်လက်ရည်တူ တိုက်ခိုက်နိုင်မည်မဟုတ်ပေ။

အကယ်၍ တစ်စုံတစ်ယောက်မှ အနီးကပ်ကြည့်ရှုပါက မဟာနတ်ဆရာဖန်ဆင်းရှင်၏ခန္ဓာကိုယ်ပေါ်တွင် သိသာထင်ရှားသောဒဏ်ရာများရှိနေသည်ကို တွေ့မြင်ရပေမည်။သူသည် အမှန်အားဖြင့် လုယွီ၏ပြိုင်ဘက် မဖြစ်နိုင်ချေ။

တချို့လူများသည် ဤနေရာရှိအခြေအနေကို အာရုံစိုက်နေကြ၏။ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူတို့အားလုံး ထိတ်လန့်တုန်လှုပ်ကာ ကြက်သေသေသွားကြသည်။

ယခင်က လုယွီသည် လက်သီးတစ်ချက်တည်းဖြင့် မြင့်မြတ်နတ်ဆရာခုနစ်ယောက်ကို သွေးအန်သည်အထိ ထိုးနှက်နိုင်ခဲ့သည်။ဤကိစ္စကပင် သူတို့အားလုံး ထိတ်လန့်တုန်လှုပ်ရန် လုံလောက်နေလေပြီ။သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် မဟာနတ်ဆရာဖန်ဆင်းရှင်ကို ဖိနှိပ်ထားနိုင်လေရာ ဤသည်က မယုံကြည်နိုင်ဖွယ်ကိစ္စတစ်ရပ်ပင်။

Chapter 2639

"ကြည့်ရတာတော့ ငါတို့နဲ့လုယွီကြားက ကွာဟချက်က တစတစပိုပြီးကြီးလာပုံပဲ"

ဓမ္မအစောင့်အရှောက်များနှင့် တိုက်ခိုက်နေသော လီစစ်နှင့်ချိုင်လုံရှင်းသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ကူကယ်ရာမဲ့သွားသကဲ့သို့ ခံစားလိုက်ရ၏။

သူတို့အားလုံးသည် သက်တူရွယ်တူလူငယ်များပင်။လုယွီသည် မဟာနတ်ဆရာတစ်ယောက်နှင့်တိုက်ခိုက်နေသော်လည်း သူတို့သည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်ဓမ္မအစောင့်အရှောက်များကိုသာ ရင်ဆိုင်နိုင်သည်။

ကောင်းကင်ဘုံနယ်မြေအတွင်း၌ ကျင့်ကြံဆင့်နယ်ပယ်ကျော်၍ တိုက်ခိုက်နိုင်သူများမှာ လွန်စွာရှားပါးသည်။သို့ရာတွင် လုယွီသည် ကျင့်ကြံဆင့်နယ်ပယ်ကြီးတစ်ဆင့် ပို၍မြင့်မားသူကို တိုက်ခိုက်နိုင်လေရာ ဤသည်က တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောကိစ္စပင်။

"ဒါဆိုရင် မင်းက အနီးကပ်တိုက်ခိုက်မှုစွမ်းအားကောင်းတဲ့သူ ဖြစ်နေတာပေါ့...မင်းက အစကတည်းက အနီးကပ်တိုက်ခိုက်ဖို့ကြံစည်ခဲ့တာ အံ့အားသင့်စရာမရှိတော့ဘူး...ကံဆိုးချင်တော့ မင်းက အရမ်းငယ်သေးတယ်"

မဟာနတ်ဆရာရှင်၏မျက်နှာဖုံးအောက်မှ မျက်လုံးတစ်စုံက အေးစက်တင်းမာနေသည်။

"ရွှယ်အင်မော်တယ်နယ်ပယ်နဲ့မြေကမ္ဘာအင်မော်တယ်ကြားက ကွာဟချက်ကို ဘယ်လိုနည်းလမ်းတွေကိုပဲသုံးသုံး ဖာထေးလို့မရဘူးဆိုတာ မင်း ဘယ်တော့မှ သိမှာမဟုတ်ဘူး"

မဟာနတ်ဆရာဖန်ဆင်းရှင်၏လက်အတွင်းမှနေ၍ ရက်စက်ကြမ်းကြုတ်သောမီးတောက်တစ်ခု ထွက်ပေါ်လာသည်။ထိုမီးတောက်သည် လေထုအတွင်းသို့မြင့်တက်သွားကာ နောက်ဆုံးတွင် သူ၏နံဘေးပတ်လည်၌ မီးနဂါးကြီးတစ်ကောင်အဖြစ် ဖွဲ့စည်းသွားလေ၏။

ထိုမီးနဂါးကြီးမျက်လုံးဖွင့်လိုက်ချိန်တွင် အေးစက်စက်အလင်းရောင်များ ဖြာထွက်လာကာ ပတ်ဝန်းကျင်နေရာတစ်ဝိုက်လုံး တုန်ခါသွားသည်။ထိုမီးနဂါးကြီးထွက်ပေါ်လာမှုနှင့်အတူ အစွမ်းထက်သောမီးတိမ်တိုက်များက တဖြည်းဖြည်း မိုးကုပ်စက်ဝိုင်းတလျှောက် ပျံ့နှံ့နေသည်။ထိုအရာကိုကြည့်ရသည်မှာ လောကကြီးအတွင်းရှိအရာရာတိုင်းကို လောင်ကျွမ်းစေတော့မည့်ပုံပင်။

ရွှယ်အင်မော်တယ်တစ်ယောက် ရွတ်ဆိုလိုက်သောမှော်မန္တန်သည် ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်အား သက်ရောက်သွားလေ၏။

ပတ်ဝန်းကျင်ရှိအပူရှိန် ရုတ်တရက်မြင့်မားလာကာ သာမာန်လူများ တောင့်ခံနိုင်မည်မဟုတ်သော အပူရှိန်မျိုးအထိ ရောက်ရှိသွားသည်။

မြင့်မားသောအပူရှိန်ကြောင့် မြေမျက်နှာပြင် အရည်ပျော်စပြုလာကာ ပူနွေးသောအခိုးအငွေ့များ တလိမ့်လိမ့်ထွက်ပေါ်နေသည်။

"မင်းက ပါရမီရှင်တစ်ယောက်ဆိုတာတော့ ငါ ဝန်ခံတယ်...ဒါပေမယ့် ဒီလောက်ပါပဲ"

မဟာနတ်ဆရာဖန်ဆင်းရှင်သည် မီးနဂါးကြီးကိုထိန်းချုပ်ကာ လုယွီကို တိုက်ခိုက်လိုက်၏။

သို့သော် ထိုအချိန်တွင် လုယွီသည် နောက်တွန့်သွားခြင်းမရှိချေ။

"မှော်စွမ်းအားခြင်း ယှဥ်ပြိုင်ချင်တာလား...ကောင်းပြီလေ...ကျုပ် ခင်ဗျားရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်"

လုယွီက ခြေတစ်လှမ်းရှေ့တက်ပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ မှော်စွမ်းအားများ ပွင့်အံထွက်လာပြီး သူ၏အဝတ်အစားများ ဖောင်းကြွသွားသည်။

ပတ်ဝန်းကျင်အဘက်ဘက်မှ မီးဒြပ်စင်ချီများအားလုံး စုဝေးသွားကာ နောက်ဆုံးတွင် ဧရာမပုံရိပ်ယောင်ကြီးအဖြစ် လုယွီ၏နောက်၌ ဖွဲ့စည်းသွားသည်။ထိုပုံရိပ်ယောင်ကြီး၏ခန္ဓာကိုယ်တစ်ခုလုံးကို မီးတောက်များလွှမ်းခြုံနေကာ ထိုအရာမှထုတ်လွှက်ထားသောဖိအားအရှိန်အဝါသည် မဟာနတ်ဆရာဖန်ဆင်းရှင်၏မီးနဂါးထက်ပင် ပို၍မြင့်မားနေလေ၏။

ရှေးဟောင်းသိုင်းပညာနည်းစနစ်...ကျူးရုံအစစ်အမှန်ခန္ဓာကိုယ်...

မီးနတ်ဘုရား၏အကြွင်းအကျန်စိတ်ဝိညာဥ်ကို ဝါးမြိုပြီးနောက် လုယွီသည် ကျူးရုံအစစ်အမှန်ခန္ဓာကိုယ်ကို ပို၍နက်ရှိုင်းစွာ နားလည်သဘောပေါက်သွားခဲ့သည်။

ဤသည်က မူလတွင် အမတ်ကြီးချွယ် မီးတာအိုကို လေ့လာဆင်ခြင်နေစဥ်၌ ဆင့်ကဲတိုးတက်လာသော ကျူးရုံအစစ်အမှန်ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်ဖြစ်သည်။

လုယွီသည် မီးနတ်ဘုရား၏အကြွင်းအကျန်စိတ်ဝိညာဥ်ကို ဝါးမြိုပြီးနောက် မှတ်ဥာဏ်အမြောက်အများကိုရရှိခဲ့သဖြင့် သူ၏မှော်မန္တန် ပို၍အစွမ်းထက်လာသည်။

ဘုန်း...

မီးနဂါးကြီးနှင့်မီးနတ်ဘုရားတို့ ပြင်းပြင်းထန်ထန် ရတိုက်ခိုက်ကြလေ၏။မီးနတ်ဘုရား၏လက်အတွင်းတွင် ဓားရှည်တစ်လက်ကိုကိုင်ထားကာ အားကုန်လွှဲယမ်း၍ မီးနဂါးကြီး၏ခေါင်းကို ခုတ်ဖြတ်လိုက်သည်။

မီးနတ်ဘုရား၏ဓားချက်သည် ပြင်းထန်သောလေပြင်းကိုသယ်ဆောင်၍ မီးနဂါးကြီးပေါ်သို့ ပြင်းပြင်းထန်ထန်ကျရောက်သွားသည်။မီးနဂါးကြီးထံမှနေ၍ စူးရှနာကျင်စွာအော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။

သို့ရာတွင် ထိုမီးနဂါးကြီးသည် အလွန်ရက်စက်ကြမ်းကြုတ်လေ၏။သူ၏ခန္ဓာကိုယ်အား ဓားဖြင့်ပိုင်းဖြတ်ခြင်းခံရသည့်တိုင် သူ၏ပါးစပ်ကြီးကို ကျယ်လောင်စွာဖွင့်ဟကာ မီးနတ်ဘုရား၏ခန္ဓာကိုယ်ကို ကိုက်လိုက်သည်။

နှစ်ဖက်စလုံး တိုက်ခိုက်မှုခြင်းဖလှယ်ပြီးနောက် တိုက်ပွဲမှာ ပို၍ပြင်းထန်လာသည်။

"ကောင်းတယ်...ကောင်းတယ်...ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှာ အစစ်အမှန်ပါရမီရှင်တစ်ယောက်ရှိနေမယ်လို့ ငါ မျှော်လင့်မထားမိဘူး...မင်း အသုံးပြုလိုက်တဲ့ မှော်နည်းစနစ်က အရမ်းကြီးကျယ်ခမ်းနားတယ်...ဒါပေမယ့် မင်းက ငါ့ရဲ့မှော်နည်းစနစ်ကို နားလည်သဘောပေါက်နိုင်မှာမဟုတ်ဘူး"

မဟာနတ်ဆရာဖန်ဆင်းရှင်သည် ထိတ်လန့်တုန်လှုပ်နေပေ၏။

လုယွီသည် မြင့်မြတ်နတ်ဆရာများကို အနိုင်ယူခဲ့သည်မှာ သူ၏ရုပ်ခန္ဓာကိုယ်ခွန်အား သက်သက်ဖြင့်ပင်။ဤသည်ကြောင့် လုယွီသည် ရုပ်ခန္ဓာကိုယ်သန်မာအားကောင်းသူဟု မဟာနတ်ဆရာဖန်ဆင်းရှင်က တွေးထင်ခဲ့သည်။

အမှန်အားဖြင့် လုယွီသည် ရုပ်ခန္ဓာကိုယ်ခွန်အားနှင့်မှော်စွမ်းအားအနက် မည်သည့်ဘက်ကိုမျှ အလွန်အကျွံမှီခိုခြင်းမရှိချေ။ဤသည်က ရှေးဟောင်းခေတ်မှ တာအိုအင်မော်တယ်များ၏ကျင့်ကြံမှုလမ်းကြောင်းပင်။ထိုလမ်းကြောင်းအရ ကျင့်ကြံမည့် တစ်စုံတစ်ယောက်၏ရုပ်ခန္ဓာကိုယ်သည် ကျိုးလွယ်ပဲ့လွယ် ဖြစ်မနေရချေ။သူ၏ရုပ်ခန္ဓာကိုယ်နှင့်မှော်စွမ်းအားနှစ်ခုလုံးကို ပေါင်းစည်းရမည်ဖြစ်ရာ မည်သည့်ချို့ယွင်းချက်မျှမရှိပေ။

မဟာနတ်ဆရာဖန်ဆင်းရှင်သည် ထိတ်လန့်နေသော်လည်း သူ၏သတ်ဖြတ်ခြင်းလှုပ်ရှားမှုကို ထပ်မံ၍အသုံးပြုလိုက်သည်။

Chapter 2640

မဟာနတ်ဆရာဖန်ဆင်းရှင်သည် ရုတ်တရက် လက်သင်္ကေတတစ်ခုကိုဖွဲ့စည်းကာ တစ်စုံတစ်ခုကို ရေရွတ်လိုက်သည်။

မူလ မီးနတ်ဘုရားပုံရိပ်ယောင်ကြီး၏ ဖိနှိပ်ထားခြင်းကိုခံရသော မီးနဂါးကြီး ရုတ်တရက် ပြင်းပြင်းထန်ထန်တုန်ခါသွားသည်။သူ၏ခန္ဓာကိုယ်မှ မီးတောက်များ ရုတ်တရက်မြင့်တက်သွားကာ တဖြည်းဖြည်း မီးနဂါးနှစ်ကောင်အဖြစ် ကွဲထွက်သွားလေ၏။

အစွမ်းထက်သောမီးဒြပ်စင်စွမ်းအင်များ ပတ်ဝန်းကျင်၌ ပြည့်နှက်သွားကာ မီးနဂါးနှစ်ကောင်သည် ဘေးတစ်ဖက်တစ်ချက်မှနေ၍ ကိုက်လိုက်သည်။

ဤသည်က မီးနဂါးတစ်ကောင် ပိုသွားရုံသက်သက်မဟုတ်ချေ။

အကြောင်းအရင်းမှာ ထိုမှော်မန္တန်နှစ်ခုစလုံးကို မဟာနတ်ဆရာဖန်ဆင်းရှင်မှ ထိန်းချုပ်ထားသဖြင့် မီးနဂါးနှစ်ကောင်သည် အတူပူးပေါင်းကာတိုက်ခိုက်နေခြင်းကြောင့်ပင်။

မီးနဂါးနှစ်ကောင်သည် လုယွီရှုံးနိမ့်သွားစေရန်ရည်ရွယ်၍ မီးနတ်ဘုရား၏အားနည်းချက်များကိုရှာဖွေကာ ချက်ချင်းတိုက်ခိုက်ကြသည်။

"ကောင်လေး...မင်းက ပါရမီရှိတယ်ဆိုပေမယ့် လောကကြီးထဲမှာ ပါရမီရှိရုံနဲ့ လုပ်လို့မရတဲ့အရာတွေ အများကြီးရှိတယ်"

မဟာနတ်ဆရာဖန်ဆင်းရှင်က ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။လုယွီ သူ၏မှော်မန္တန်ကို ခုခံကာကွယ်နိုင်သွားမည်ဟု စိုးရိမ်ပူပန်မှုမျိုး သူ့ထံ၌ရှိပုံမရချေ။

အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း၏မဟာနတ်ဆရာတစ်ယောက်ဖြစ်လာရန် သူသည် နှစ်ပေါင်းမြောက်မြားစွာကြာအောင် ကျင့်ကြံခဲ့ရသဖြင့် အတွေ့အကြုံအလွန်ရင့်ကျက်နေလေပြီ။သူသည် ယခင်က လုယွီကဲ့သို့ လူငယ်ပါရမီရှင်များနှင့် တိုက်ခိုက်ခဲ့ဖူးသည်။သို့ရာတွင် သူတို့အားလုံးသည် သူ၏လက်အတွင်း၌ ချွင်းချက်မရှိသေဆုံးသွားကြရ၏။

ကျင်းမင်ခုံးကဲ့သို့ အချိန်အတော်ကြာ နာမည်ကျော်ကြားခဲ့သော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်ရစဥ်တွင် မဟာနတ်ဆရာဖန်ဆင်းရှင်သည် အနည်းငယ်ထိတ်လန့်ကြောက်ရွံနေဆဲပင်။သို့ရာတွင် လုယွီနှင့်ရင်ဆိုင်ရစဥ်တွင် သူသည် အနည်းငယ်မျှပင် စိုးရိမ်ပူပန်မှုမရှိချေ။

"ကောင်းပြီလေ...မင်း အခု သေလို့ရပြီ"

မဟာနတ်ဆရာဖန်ဆင်းရှင် ရွတ်ဆိုနေသောမှော်မန္တန် ရုတ်တရက်ပြောင်းလဲသွားကာ မီးနဂါးများသည် သုံးကောင်အဖြစ်သို့ ကွဲထွက်သွားလေ၏။

ထိုမီးနဂါးသုံးကောင်တွင် ယခင်ကဲ့သို့တူညီသောစွမ်းအားမျိုး ရှိနေဆဲဖြစ်ကာ မီးနတ်ဘုရားပုံရိပ်ယောင်ကြီးကို လွှမ်းမိုးထားသည်။

ထိုမှော်မန္တန်ကို အသုံးပြုလိုက်သည်နှင့် အလွန်အမင်း လွှမ်းမိုးချုပ်ကိုင်နိုင်သော ဖိအားအရှိန်အဝါမျိုးဖြင့် တစ်ဖက်ရန်သူကို ဖိနှိပ်ထားနိုင်သည်။မည်သည့်မှော်နည်းစနစ်ဖြစ်နေပါစေ ဤမှော်မန္တန်၏ရှေ့တွင် အလွန်အားပျော့သွားပေမည်။

"မကောင်းတော့ဘူး"

ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ကျင်းမင်ခုံးက ကူညီပေးရန် ဆုံးဖြတ်လိုက်သည်။

သို့ရာတွင် သူမရှေ့ရှိ မြင့်မြတ်နတ်ဆရာခုနစ်ယောက်သည် သူမကို အခွင့်အရေးမပေးချေ။သူတို့သည် ပူးပေါင်းတိုက်ခိုက်၍ သူမကို ဟန့်တားထားသည်။

လုယွီ သူတို့အားပေးခဲ့သောသင်ခန်းစာကြောင့် သူတို့သည် တကွဲတပြားစီ တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်ကြ၏။ထိုအစား သူတို့ခုနစ်ယောက်လုံး အတူတကွပူးပေါင်း၍ ကြီးမားသောသတ်ဖြတ်ခြင်းဝင်္ကပါကို ဖွဲ့စည်းကာ ကျင်းမင်ခုံးနှင့်ချိုင်ကူဘိုးဘေးကို အတွင်း၌ပိတ်လှောင်လိုက်သည်။

ဝုန်း...

ထိုအချိန်မှာပင် လုယွီနှင့်မဟာနတ်ဆရာဖန်ဆင်းရှင် တိုက်ခိုက်နေသောနေရာမှနေ၍ ကျယ်လောင်သောပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

ဒေါသတကြီးဟိန်းဟောက်သံတစ်သံကလည်း အရပ်မျက်နှာအဘက်ဘက်၌ ပျံ့နှံ့နေလေရာ လူအများ၏စိတ်နှလုံးသားများကို တုန်ရီသွားစေသည်။

"ဒါက ဘာအသံလဲ"

လူတိုင်းသည် သူတို့၏စိတ်ဝိညာဥ် အနက်ရှိုင်းဆုံးနေရာမှလာသော တုန်လှုပ်မှုကို ခံစားလိုက်ရ၏။

လူအုပ်ကြီး၏ရှေ့တွင် မယုံကြည်နိုင်ဖွယ်မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။

မူလက မီးနဂါးများ၏ဖိနှိပ်ခြင်းခံထားရသော မီးနတ်ဘုရားပုံရိပ်ယောင်သည် ထိန်းချုပ်ခံရမှုမှ ဖောက်ထွက်လာခဲ့သည်။

လုယွီသည် မီးနတ်ဘုရားပုံရိပ်ယောင်ကြီး၏ အလယ်ဗဟို၌ မတ်တတ်ရပ်နေသည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို အစွမ်းထက်သောမှော်စွမ်းအားများက ရစ်ပတ်လွှမ်းခြုံနေသည်။သူ၏မျက်လုံးသည် စူးရှရှတောက်ပနေကာ သူ့ခန္ဓာကိုယ်ပေါ်ရှိ အစိမ်းရောင်ဝတ်စုံသည် လူးလွန့်နေပေ၏။

"ခင်ဗျားက ကျုပ်ရှေ့ကိုလာပြီး မီးနဲ့ကစားချင်တာလား"

လုယွီစကားပြောဆိုလိုက်စဥ်တွင် ကောင်းကင်နှင့်မြေပြင်အကြားမှ ဥပဒေသများတုန်ခါသွားသည်။ဤသည်က သိုင်းပညာသူတော်စင်တစ်ယောက် မှော်မန္တန်ရွတ်ဆိုမှသာ ဖြစ်ပေါ်လာသော ပြောင်းလဲမှုပင်။

နံဘေးပတ်ဝန်းကျင်ရှိ ဥပဒေသများမှ ​အပြောင်းအလဲများကို ခံစားမိသော မဟာနတ်ဆရာဖန်ဆင်းရှင်သည် ကြက်သေသေသွားကာ သူ၏မျက်လုံးအတွင်း၌ အံ့အားသင့်သွားသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ဤကဲ့သို့နည်းစနစ်မျိုးသည် ရွှယ်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်ကျင့်ကြံသူများသာ ပြုလုပ်နိုင်သောအရာပင်။

ဤှကောင်လေးသည် ကျားသားစားချင်၍ ဝက်ယောင်ဆောင်ထားခြင်းများ ဖြစ်နေသလော...သူသည် ရွှယ်အင်မော်တယ်နယ်ပယ်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေကာ ဖုံးကွယ်ထားခြင်းမျိုး ဖြစ်နေသလော....

"ဟား ဟား ဟား...ကောင်လေး...မင်း လျှို့ဝှက်ဆန်းကြယ်ချင်ယောင် ဆောင်မနေစမ်းနဲ့...မင်းက လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုပြီးတော့ ငါ့မီးနဂါးတွေရဲ့ ထိန်းချုပ်ခံထားရတာကနေ ရုန်းထွက်သွားတယ်ဆိုတာ ငါ သိတယ်...မင်း ဘာမှထပ်ပြီး မတတ်နိုင်တော့မှာကိုတော့ ငါ စိုးရိမ်မိတယ်...ငါနဲ့တိုက်ခိုက်ဖို့အတွက် မင်းရဲ့အတွေ့အကြုံက အရမ်းနည်းနေသေးတယ်"

မဟာနတ်ဆရာဖန်ဆင်းရှင်သည် စကားပြောဆိုနေစဥ်မှာပင် သူ၏မှော်စွမ်းအားများကို ထပ်မံ၍အသုံးပြုလိုက်၏။ကောင်းကင်ယံတခွင်လုံး တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များဖြင့် ပြည့်နှက်သွားကာ တဖြည်းဖြည်း လေထုအတွင်း၌ မီးနဂါးဆယ်ကောင်ထွက်ပေါ်လာကာ လုယွီကို စူးစူးဝါးဝါးစိုက်ကြည့်နေကြသည်။

All Chapters