အခန်း (၂၆၄၆-၂၆၅၀)
Vol. 136 Ch. 2646-2650
Chapter 2646
အစိမ်းရောင်ကြာနတ်ဘုရားသည် အပြင်းအထန်ဒဏ်ရာရရှိထားကာ သေလုမျောပါးအခြေအနေမျိုးသို့ ရောက်ရှိနေလေပြီ။
ဟောင်တုနတ်ဘုရားမ၏ရှေ့တွင် သူမသည် နှောင်းပိုင်းမျိုးဆက်များမှ မွေးဖွားလာသော ဂျူနီယာတစ်ယောက်နှင့်တူညီနေကာ အနည်းငယ်မျှပင် တုံ့ပြန်တိုက်ခိုက်နိုင်ခြင်း မရှိခဲ့ချေ။
သူမ၏နောက်တွင် သိပ်သည်းထားသော ရာနှင့်ချီသောလက်များသည်လည်း အပိုင်းပိုင်းအစစပြတ်တောက်သွားကာ လက်တစ်ဖက်သာကျန်ရှိတော့သည်။သူမ၏အရိုးများလည်း ကျိုးပဲ့သွားပုံရကာ အစွမ်းအစမဲ့စွာဖြင့် ပြိုလဲကျသွားလုနီးပါးပင်။
ယခုလက်ရှိချိန်တွင် သူမသည် အသက်ရှင်နေသော်လည်း သူမအချိန်အတော်ကြာယူ၍ ဖြည့်တင်းခဲ့ရသည့် စွမ်းအားများအားလုံး ပျောက်ကွယ်သွားလေပြီ။
အကယ်၍ ဟောင်တုနတ်ဘုရားမ၏နတ်ဆိုးရုပ်အလောင်းသည် တချို့သောတားမြစ်ကန့်သတ်ချက်များကြောင့် သီးခြားကမ္ဘာလောကမှ ထွက်မလာနိုင်ခြင်းကြောင့်သာ မဟုတ်ပါက အစိမ်းရောင်ကြာနတ်ဘုရားသည် ယခုကဲ့သို့ အသက်ရှင်ရက် ထွက်ပြေးလာနိုင်မည်မဟုတ်ချေ။
ကူးပြောင်းရေးဝင်္ကပါအတွင်းမှထွက်လာသော အစိမ်းရောင်ကြာနတ်ဘုရား၏အခြေအနေသည် အလွန်အမင်းဆိုးရွားနေပေ၏။သူမက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်ရာ သူမ၏နောက်လိုက်များအားလုံး သေဆုံးနေခြင်းကို မြင်တွေ့ရသဖြင့် သူမ အံ့အားသင့်သွားသည်။
"ကောင်စုတ်လေး...နင်က သေလမ်းရှာနေတာလား"
အစိမ်းရောင်ကြာနတ်ဘုရားက ဒေါသတကြီး အော်ငေါက်လိုက်သည်။
သူမ၏မူလအစီအစဥ်အရ သူမသည် အရင်ဆုံး နတ်ဘုရားကုန်းမြေကို ယူဆောင်ကာ ထို့နောက်တွင် လုယွီကို သုတ်သင်ရှင်းလင်းရပေမည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ အရာရာတိုင်းသည် သူမ မျှော်လင့်ထားသည်ထက် များစွာပို၍ကျော်လွန်နေသည်။ပထမဆုံး သူမသည် နတ်ဘုရားကုန်းမြေအတွင်း၌ အပြင်းအထန် ဒဏ်ရာရရှိခဲ့သည့်အပြင် သူမ၏သစ္စာရှိလူယုံသည်လည်း လုယွီ၏သတ်ဖြတ်မှုကြောင့် သေဆုံးသွားခဲ့ရသည်။ဤနေရာသို့လာခဲ့သော သူမ၏ခရီးစဥ်တွင် ကြီးမားသောဆုံးရှုံးမှုများသာ ရရှိခဲ့လေ၏။
ဤကဲ့သို့ဖြစ်လာရခြင်းမှာလည်း လုယွီကြောင့်ပင်။
"မင်း ထွက်လာတာကောင်းတယ်...ငါ မင်းကို သတ်မယ်"
လုယွီ၏မျက်လုံးအတွင်းမှ အေးစက်စက်အလင်းရောင်များ ဖြာထွက်လာကာ သူက ရှေ့သို့ တဟုန်ထိုးပြေးတက်လိုက်သည်။
လုယွီ၏ခြေထောက်ထိတွေ့လိုက်သည့်နေရာတိုင်းမှနေ၍ သူ၏ခြေလှမ်းအတိုင်း ထောင်သောင်းချီသောဓားချီများ ထွက်ပေါ်လာကာ လေထုအတွင်းသို့မြင့်တက်သွားသည်။လေထုအတွင်းမှဓားချီများသည် ရပ်တန့်ခြင်းမရှိဘဲ အစိမ်းရောင်ကြာနတ်ဘုရားထံဦးတည်၍ တဟုန်ထိုးတိုးဝင်သွားကြ၏။
အင်မော်တယ်သုတ်သင်ဓားချီများသည် လေထုအတွင်း၌ ပျံဝဲနေကာ ချက်ချင်းဆိုသလိုပင် အစိမ်းရောင်ကြာနတ်ဘုရား၏ရှေ့သို့ ရောက်ရှိသွားကာ သူမ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားတော့သည်။
ဝှစ်...ဝှစ်....ဝှစ်...
ခပ်အုပ်အုပ်အသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။ယခင်က ဟိတ်ဟန်ထုတ်နေသော အစိမ်းရောင်ကြာနတ်ဘုရား၏ခန္ဓာကိုယ်သည် ဓားချီများ၏အပိုင်းပိုင်းအစစ ဖြတ်တောက်ခြင်းကို ခံနေရလေ၏။သူမ၏ခြေဖဝါးအောက်ရှိ ကြာပန်းစိမ်းသည်လည်း ညှိုးနွမ်းခြောက်သွေ့နေကာ ယခင်ကဲ့သို့တောက်ပမှုမျိုး မရှိတော့ချေ။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် အစိမ်းရောင်ကြာနတ်ဘုရား၏ခန္ဓာကိုယ်ကို ဓားချီများက လွှမ်းခြုံသွားကာ သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ဤမြင်ကွင်းကိုမြင်တွေ့ချိန်တွင် လူတိုင်း ကြက်သေသေသွားသည်။
အစိမ်းရောင်ကြာနတ်ဘုရားသည် ဤကဲ့သို့နည်းလမ်းဖြင့် သေဆုံးသွားခဲ့သလော....
ဤသည်က ဖြစ်နိုင်ချေရှိသောကိစ္စ ဟုတ်သလော....
ဤသည်က မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေတွင် အချိန်အတော်ကြာ ပြဿနာရှာနေခဲ့ကာ နေရာတော်တော်များများကို သိမ်းပိုက်ထားနိုင်ခဲ့သော နတ်ဆိုးနတ်ဘုရားပင်။
ကျင်းမင်ခုံးသည် အစိမ်းရောင်ကြာနတ်ဘုရား အလွန်အစွမ်းထက်သည်ကိုသိသဖြင့် ကူးပြောင်းရေးဝင်္ကပါအတွင်းမှ ထွက်လာစဥ်တွင် အလျင်စလိုမလှုပ်ရှားဝံ့ချေ။ထိုအစား သူမသည် တော်ဝင်နန်းတွင်းဟူသောစကားဖြင့် အစိမ်းရောင်ကြာနတ်ဘုရားကို ခြိမ်းခြောက်ရန် ရွေးချယ်ခဲ့သည်။
အကြောင်းအရင်းမှာ အကယ်၍ သူမ လှုပ်ရှားလိုက်ပါက အစိမ်းရောင်ကြာနတ်ဘုရားထံတွင် သူမတို့အားလုံးကို ခြေမွှဖျက်ဆီးနိုင်သော စွမ်းအားမျိုးရှိနေသည်အား သူမ သိထားသောကြောင့်ပင်။
သို့ရာတွင် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးသည် လူအများ မျှော်လင့်ထားသည်ထက် များစွာပို၍ ကျော်လွန်နေလေ၏။
"အစိမ်းရောင်ကြာနတ်ဘုရားကိုကြည့်ရတာ ဒဏ်ရာအပြင်းအထန် ရရှိထားပုံပဲ...ဖြစ်နိုင်တာတော့ လုယွီက သူရောက်လာမှာကို ကြိုတင်ခန့်မှန်းထားပြီးတော့ ကူးပြောင်းရေးဝင်္ကပါထဲမှာ သူ့ကိုရင်ဆိုင်နိုင်မယ့် နည်းလမ်းတစ်ခုကို ပြင်ဆင်ထားတာပဲ"
ကျင်းမင်ခုံးသည် ရုတ်တရက် လုယွီ၏ယခင်လှုပ်ရှားမှုများအကြောင်းကို ပြန်လည်အမှတ်ရသွားသည်။
အစောပိုင်းက လုယွီ မည်သည်ကြောင့် ဤကဲ့သို့ပြုလုပ်ခဲ့သည်ကို သူမ နားလည်သဘောပေါက်ခဲ့ခြင်းမရှိချေ။သို့ရာတွင် ယခုလက်ရှိချိန်၌ အရာအားလုံးသည် လုယွီ၏တွက်ဆထားမှုအတွင်း၌ ရှိနေသည်ကို သူမ တွေးတောနိုင်လေပြီ။
လုယွီသည် ဓားချီများကိုအသုံးပြုကာ အစိမ်းရောင်ကြာနတ်ဘုရား၏ရုပ်ခန္ဓာကိုယ်ကို သတ်ဖြတ်လိုက်သော်လည်း သူ့ထံတွင် ရပ်တန့်မည့်ရည်ရွယ်ချက်ရှိပုံမရချေ။ရုတ်ချည်းဆိုသလိုပင် သူက ရုန့်ရင်းကြမ်းတမ်းသော မီးတောက်တစ်ခုကို ဆင့်ခေါ်လိုက်သည်။
ဟုန်း....
ထိုမီးတောက်သည် အစိမ်းရောင်ကြာနတ်ဘုရား ရှိနေခဲ့သောနေရာအား ဖြတ်သန်းတိုက်ခတ်သွားသည်။ထိုနေရာ၏တစ်မိုင်ပတ်လည်သည် ခြစ်ခြစ်တောက်လောင်ကျွမ်းနေသော မြေပြင်ကြီးဖြစ်သွားလေ၏။
လုယွီက မီးတောက်များ၏ထိပ်၌ မတ်တတ်ရပ်နေသည်။သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် ရာထောင်ချီသောဓားချီများက မျောလွင့်နေပေ၏။
"မသေသေးဘူးလား...မင်းမှာ ခုထိ လှည့်ကွက်တချို့ရှိနေသေးတာပဲ"
လုယွီ၏မျက်လုံးမှ ရုတ်တရက် ခရမ်းရောင်အလင်းတန်းများ ဖြာထွက်လာကာ ပတ်ဝန်းကျင်အား ဝေ့ဝိုက်ကြည့်လိုက်သည်။
လေဟာနယ်အတွင်း၌ အစိမ်းရောင်အလင်းတန်းတစ်တန်းက အဝေးသို့ပျံသန်းနေသည်။ထိုအလင်းတန်းအတွင်း၌ စိတ်ဝိညာဥ်တစ်ခု ပုန်းအောင်းနေကာ ဖုန်မှုန့်တစ်ခုကဲ့သို့ အလွန်သေးငယ်သဖြင့် ထိုအရာအားရှာဖွေနိုင်ရန် လွန်စွာခက်ခဲပေမည်။
အစိမ်းရောင်ကြာနတ်ဘုရားသည် အချိန်အတော်ကြာနာမည်ကျော်ကြားခဲ့သော နတ်ဘုရားတစ်ပါးဖြစ်သဖြင့် အပြင်းအထန်ဒဏ်ရာရရှိထားသည့်တိုင် သူမ၏အသက်ကို ထိန်းသိမ်းထားနိုင်ဆဲပင်။
သူမသည် သူမ၏စိတ်ဝိညာဥ်ကို အတက်နိုင်ဆုံးသေးငယ်အောင်ကျုံကာ အဝေးတစ်နေရာဆီသို့ဦးတည်၍ ပျံသန်းသွားသည်။
Chapter 2647
သို့ရာတွင် သူမသည် အလွန်သတိထား၍ ပုန်းလျှိုးကွယ်လျှိုးလုပ်ဆောင်ခဲ့သည့်တိုင် လုယွီ၏အမြင်အာရုံအောက်မှ လွတ်မြောက်နိုင်ခဲ့ခြင်းမရှိချေ။
လုယွီသည် ချက်ချင်းဆိုသလိုပင် အစိမ်းရောင်ကြာနတ်ဘုရား၏အရှိန်အဝါကို ဖမ်းမိပြီးနောက် သူမ ထွက်ပြေးသွားသည်ကို တွေ့မြင်မိသည်။
"မင်းက ခုထိ ထွက်ပြေးချင်တုန်းပဲလား...အရမ်းနောက်ကျသွားပြီ"
လုယွီ၏မျက်လုံးအတွင်းမှ အေးစက်စက်အလင်းရောင်များ ဖြာထွက်လာကာ ချက်ချင်းဆိုသလိုပင် သူမနောက်သို့ လိုက်လံဖမ်းဆီးတော့သည်။
အစိမ်းရောင်ကြာနတ်ဘုရား ထွက်ပြေးသွားသော အရှိန်နှုန်းသည် အလွန်လျှင်မြန်ပေ၏။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူမသည် အရိပ်အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားလေပြီ။
သို့ရာတွင် လုယွီသည် အစိမ်းရောင်ကြာနတ်ဘုရား ကျန်ခဲ့သော အငွေ့အသက်ကိုအာရုံခံ၍ လိုက်လံဖမ်းဆီးနေဆဲပင်။
ထိုအငွေ့အသက်ကို အလွန်ကောင်းမွန်စွာ ဖုံးကွယ်ထားသော်လည်း ဤအချိန်အခိုက်အတန့်တွင် လုယွီအသုံးပြုနေသည်မှာ ရှေးဟောင်းသိုင်းပညာနည်းစနစ်တစ်ခုဖြစ်သော ချီစောင့်ကြည့်ခြင်းနည်းစနစ်ဖြစ်သည်။
ကောင်းကင်နှင့်မြေပြင်အကြားတွင်ရှိနေသရွေ့ အစိမ်းရောင်ကြာနတ်ဘုရား၏ အငွေ့အသက်ကို လုယွီက အာရုံခံနိုင်သည်။
အစိမ်းရောင်ကြာနတ်ဘုရား၏နည်းစနစ်သည် အလွန်သာလွန်ထူးကဲပေ၏။လုယွီကို ဇဝေဇဝါဖြစ်သွားစေရန်အလို့ငှါ သူမသည် စိတ်ဝိညာဥ်ကိုသုံးပိုင်းခွဲကာ ဦးတည်ချက်နေရာသုံးဘက်သို့ ပျံသန်းသွားသည်။
ထိုဦးတည်ချက်သုံးဘက်မှတစ်ဘက်တွင် နတ်ဘုရားအငွေ့အသက်များ အပြင်းထန်ဆုံးပင်။ကြည့်ရသည်မှာ ထိုအရာသည် အစိမ်းရောင်ကြာနတ်ဘုရား၏အစစ်အမှန်အနှစ်သာရ ဖြစ်ပုံရသည်။
သို့ရာတွင် လုယွီ၏စူးစမ်းလေ့လာမှုအောက်တွင် ထိုအရာသည် ငါးစာသက်သက်ပင်။
အကယ်၍ လုယွီသည် အမှန်တကယ်လိုက်လံဖမ်းဆီးပါက တစ်ဖက်လူသည် ငါးစာကိုဖောက်ခွဲကာ သူ့အား ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိအောင် ပြုလုပ်ပေမည်။
တခြားစိတ်ဝိညာဥ်အပိုင်းအစနှစ်ခုသည် အလွန်လျှင်မြန်သောအရှိန်ဖြင့် လမ်းနှစ်လမ်းခွဲကာ ပျံသန်းနေသည်။
"မင်းက ဒီလိုနည်းလမ်းနဲ့ ငါ့ကိုဇဝေဇဝါဖြစ်အောင် လုပ်ချင်တာလား"
လုယွီက သရော်တော်တော်ရေရွတ်ကာ လမ်းတစ်လမ်းကိုရွေးချယ်၍ လိုက်လံဖမ်းဆီးလေ၏။
ကြည့်ရသည်မှာ အစိမ်းရောင်ကြာနတ်ဘုရားသည် နတ်ဘုရားကုန်းမြေကိုရရှိရန် ထပ်မံ၍တိုက်ခိုက်မည့် ရည်ရွယ်ချက်မျိုးရှိပုံပင်။
အကယ်၍ သူမထံတွင် မူလရင်းမြစ်အဖြစ်အသုံးပြုရန် နတ်ဘုရားကုန်းမြေကဲ့သို့ နေရာတစ်နေရာမရှိပါက သူမသည် ဤကမ္ဘာလောကကြီးအတွင်းမှ ပျောက်ကွယ်သွားရပေမည်။
အနာဂတ်တွင် သေဆုံးသွားရမည်ကို စောင့်ဆိုင်းနေခြင်းထက် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ ဖရိုဖရဲဖြစ်နေခြင်းကို အခွင့်ကောင်းယူကာ သူမက နောက်တစ်ကျော့ ထပ်မံတိုက်ခိုက်ခြင်းက ပို၍ကောင်းမွန်ပေလိမ့်မည်။
လုယွီသည် အစိမ်းရောင်ကြာနတ်ဘုရား၏ရည်ရွယ်ချက်ကို နားလည်သဘောပေါက်ထားလေ၏။
သို့ရာတွင် ဤတစ်ကြိမ်တွင် လုယွီသည် အစိမ်းရောင်ကြာနတ်ဘုရားကို မည်သည့်နည်းနှင့်မျှ အလွတ်မပေးနိုင်ချေ။အတိတ်တွင် သိကျွမ်းခဲ့ဖူးသဖြင့် အစိမ်းရောင်ကြာနတ်ဘုရားကို အလွတ်ပေးလိုက်ပါက မည်ကဲ့သို့အကျိုးဆက်မျိုး ဖြစ်ပေါ်လာမည်ကို လုယွီက ကောင်းစွာသိရှိထားသည်။
သူမသည် လက်စားချေတုံ့ပြန်တတ်သော နတ်ဘုရားမျိုးဖြစ်ကာ အကယ်၍ သူမ၏စွမ်းအားများသာ ပြန်လည်ရရှိသွားပါက အရင်ဆုံးပစ်မှတ်မှာ လုယွီသာဖြစ်ပေလိမ့်မည်။
လုယွီသည် သူ၏မှော်စွမ်းအားများကို ပြန်လည်ရုတ်သိမ်းလိုက်သဖြင့် သာမာန်ကျောင်းတော်သားတစ်ယောက်၏အသွင်မျိုးသို့ ပြန်လည်ရောက်ရှိသွားသည်။သူသည် ရန်သူကို သတိပြုမိစေလိုခြင်းမရှိချေ။
သူ၏ရှေ့၌ တောင်စဥ်အထပ်ထပ်သွယ်တန်းနေသော တောင်တန်းတစ်ခုရှိနေသည်။ထိုတောင်တန်းကို ထူထပ်သိပ်သည်းသော မြူခိုးများက လွှမ်းခြုံထားပေ၏။အဝေးတစ်နေရာမှကြည့်လျှင် တောင်တန်းကြီး၏ဝိုးတဝါးပုံရိပ်အကြားတွင် ကြီးမားသောဆေးတောင်သူရုပ်ထုကြီးက မားမားမတ်မတ်တည်ရှိနေခြင်းကို တွေ့မြင်ရပေမည်။
ဤသည်က ရှန်းနွန်တောင်ကြားပင်။
လုယွီသည် ယုဝမ်မိသားစုထံတွင် ရောက်ရှိနေစဥ်၌ အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းနှင့် ပူးပေါင်းနေသော သတ္တမအကြီးအကဲကို သတ်ဖြတ်ခဲ့သည်။ထိုသတ္တမအကြီးအကဲ၏မှတ်ဥာဏ်များမှတဆင့် အစိမ်းရောင်ကြာနတ်ဘုရား ပုန်းအောင်းနေသောနေရာကို လုယွီ သိရှိခဲ့ရသည်။
ရှန်းနွန်တောင်ကြားသည် မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေအတွင်းတွင်သာမက တာယွီအင်ပါယာတွင်လည်း နာမည်ကျော်ကြားသော မြင့်မြတ်နယ်မြေတစ်ခုဖြစ်သည်။
ထို့ကြောင့် ရှန်းနွန်တောင်ကြားတွင် နတ်ဆိုးနတ်ဘုရားတစ်ပါး ပုန်းအောင်းနေမည်ဟု မည်သူကမျှ တွေးထင်မိမည်မဟုတ်ချေ။
"ဘာလို့ ရှန်းနွန်တောင်ကြားက ဒီလောက်ထိသက်ဝင်လှုပ်ရှားနေတာလဲ"
လုယွီသည် အဝေးမှနေ၍ ရှန်းနွန်တောင်ကြားကိုကြည့်လိုက်ရာ တောင်ကြားသို့ဦးတည်နေသော လမ်းမကြီးပေါ်၌ လူများမြင်းများဖြင့် ဆူညံပွက်ကာ အလွန်စည်ကားနေခြင်းကို တွေ့မြင်မိလေ၏။
ထိုလူများအနက်မှအများစုသည် ဆေးပညာရှင်များဝတ်ဆင်ရသော ဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး သူတို့၏မျက်နှာများပေါ်၌ ဂုဏ်ယူဝင့်ကြွားသောအမူအယာမျိုးရှိနေသည်။သာမာန်အားဖြင့် ဆေးပညာရှင်တစ်ယောက်၏နောက်တွင် နောက်လိုက်များစွာ လိုက်ပါလာလေ့ရှိသည်။
ဆေးပညာရှင်အမြောက်အများ ဤနေရာ၌ စုဝေးနေပေ၏။ကြည့်ရသည်မှာ ရှန်းနွန်တောင်ကြားတွင် ကိစ္စကြီးတစ်ခု ရှိနေပုံပင်။
လုယွီက ဖြတ်သွားဖြတ်လာတစ်ယောက်ကို မေးမြန်းလိုက်ရာ ရှန်းနွန်တောင်ကြားတွင် ခွဲခြမ်းစိတ်ဖြာသော စည်းဝေးပွဲတစ်ခုရှိနေခြင်းကို သိရှိလိုက်ရ၏။
ထိုစည်းဝေးပွဲ၏အဓိကအချက်မှာ ရှန်းနွန်တောင်ကြား၏အရှင်သခင် ဝေ့ဟောင်ရှုံးသည် ဧကရာဇ်တစ်ဝက်အဆင့်ဆေးလုံး၏ဆေးညွှန်းကို လူသိရှင်ကြားထုတ်ပြန်ကြေငြာခဲ့သည်။
ထိုဧကရာဇ်တစ်ဝက်အဆင့်ဆေးလုံးကို နေရာမှာပင် သန့်စင်နိုင်သော မည်သူမဆို ဝေ့ဟောင်ရှုံး၏လက်ရင်းတပည့်ဖြစ်လာမည့်အပြင် သူ၏အမွေအနှစ်များအားလုံးကိုလည်း ရရှိနိုင်ပေမည်။
Chapter 2648
ထိုသတင်းထွက်ပေါ်လာချိန်တွင် မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေတစ်ခုလုံး ပွက်လောရိုက်သွားသည်။
အနီးအနားရှိနယ်မြေများမှ ဆေးပညာရှင်တချို့ပင်လျှင် ထိုသတင်းကိုကြားသည်နှင့် မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေသို့ အပြေးအလွှားရောက်ရှိလာကြ၏။
ဝေ့ဟောင်ရှုံးသည် မည်ကဲ့သို့လူမျိုးဖြစ်သနည်း။
သူသည် အချိန်အတော်ကြာ နာမည်ကျော်ကြားခဲ့သော ဆေးပညာရှင်တစ်ယောက်ပင်။ထို့ပြင် သူသည် ဆေးပညာမဟာမိတ်အဖွဲ့တွင် အကြီးအကဲတစ်ယောက်လည်းဖြစ်သည်။
သူ၏တပည့်ဖြစ်လိုသော ဆေးပညာရှင်အမြောက်အများရှိနေသော်လည်း မည်သူမျှအောင်မြင်ခဲ့ခြင်းမရှိချေ။
သို့ရာတွင် ယခုလက်ရှိချိန်၌ သူတို့သည် အဖိုးတန်ရှားပါးသောအခွင့်အရေးကို ရရှိရုံသာမက ထို့ထက်ပို၍အရေးကြီးသည်မှာ ဧကရာဇ်တစ်ဝက်အဆင့်ဆေးညွှန်းကို ထိတွေ့နိုင်မည့်အခွင့်အရေးကို ရရှိခြင်းပင်။
ထိုဆေးညွှန်း၏သဲလွန်စအနည်းငယ်ကပင် ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးကို လှုပ်ခတ်နိုင်စွမ်းရှိသည်။
ဝေ့ဟောင်ရှုံးသည် ထိုဆေးညွှန်းကို လူသိရှင်ကြားချပြမည်ဟု မည်သူမျှမျှော်လင့်မထားမိချေ။
"တောင်ကြားသခင်ဝေ့က တကယ့်ကို စိတ်ထားမြင့်မြတ်တဲ့သူပဲ...သူ့ဆီမှာ တခြားသူတွေကို ညှာတာထောက်ထားတက်တဲ့ အမူအကျင့်မျိုးရှိနေတယ်"
"တကယ်လို့ ငါတို့က အဆုံးသတ်မှာ တောင်ကြားသခင်ဝေ့ရဲ့တပည့်အဖြစ်ရွေးချယ်တာကို မခံရရင်တောင်...သူ့ရဲ့အတွေးအမြင်တွေကနေ အကြံဥာဏ်ယူလို့ရတယ်"
လူအမြောက်အများသည် စိတ်ဓာတ်တက်ကြွစွာဖြင့် ရှန်းနွန်တောင်ကြားသို့ အပြေးသွားနေကြ၏။
လုယွီသည် ထိုသတင်းကိုကြားပြီးနောက် အစိမ်းရောင်ကြာနတ်ဘုရားကို သူ မည်ကဲ့သို့သတ်ဖြတ်ရမည်ကို စဥ်းစားတွေးတောလိုက်သည်။
အစိမ်းရောင်ကြာနတ်ဘုရား၏အငွေ့အသက်သည် ဤနေရာမှစတင်၍ ဖရိုဖရဲဖြစ်သွားခဲ့သည်။ပတ်ဝန်းကျင်၌ လူအမြောက်အများရှိနေသဖြင့် အငွေ့အသက်များ ရောနှောနေလေ၏။ထို့ကြောင့် ထိုအငွေ့အသက်ကို အတိအကျဖမ်းဆုပ်နိုင်ရန်မှာ အလွန်ခက်ခဲပေမည်။
သို့ရာတွင် အစိမ်းရောင်ကြာနတ်ဘုရားကို ရှာဖွေနိုင်ရန် ခက်ခဲသော်လည်း သူမသည် ရှန်းနွန်တောင်ကြား၏နက်ရှိုင်းသောတစ်နေရာ၌သာ ရှိနေနိုင်သည်။
"သူက နေရာကောင်းကို ရှာတတ်သားပဲ...ဒီနေရာရဲ့ဖုန်းရွှေက အပြောင်းအလဲမြန်တယ်...သာမာန်စုံစမ်းစစ်ဆေးမှုတွေက အထဲကအခြေအနေမှန်ကို မြင်နိုင်ဖို့ အရမ်းခက်ခဲလိမ့်မယ်"
လုယွီက ညည်းတွားလိုက်၏။
သူ၏နတ်ဘုရားစိတ်အာရုံ တောင်ကြားအတွင်းသို့ ကျရောက်သွားချိန်တွင် ချက်ချင်းဆိုသလိုပင် မီးခိုးရောင်အတားအဆီးများနှင့် ရိုက်ခတ်မိသည်။ပြင်ပလောကမှ နတ်ဘုရားစိတ်အာရုံများကို အတွင်းသို့ဝင်ရောက်လာသည်နှင့် ပြတ်တောက်သွားရန် အတားအဆီးများ စီမံခင်းကျင်းထားခြင်းဖြစ်သည်။
သူ၏နတ်ဘုရားစိတ်အာရုံဖြင့် စူးစမ်းလေ့လာ၍မရသောကြောင့် လုယွီသည် ရှန်းနွန်တောင်ကြားအတွင်းသို့ဝင်ရောက်နိုင်သော နည်းလမ်းကို ရှာဖွေရပေမည်။
သို့ရာတွင် ယခုလက်ရှိချိန်တွင် ဤနေရာ၌ လူအမြောက်အများရှိနေသဖြင့် သူ တောင်ကြားအတွင်းသို့ခိုးဝင်ရန် အခက်အခဲရှိမည်မဟုတ်ချေ။
ထိုအချိန်မှာပင် အော်ငေါက်သံတစ်သံက လုယွီ၏နောက်မှ ထွက်ပေါ်လာသည်။
"ကောင်လေး......မြန်မြန်လေး ဒီနားကိုလာစမ်း..ငါတို့သခင်လေးရဲ့ အဖိုးတန်ရတနာသေတ္တာတွေကို သယ်ပေးစမ်း"
မလှမ်းမကမ်းအကွာအဝေးတွင် နတ်ဆိုးသားရဲတစ်ကောင်ဆွဲသော ခမ်းနားထည်ဝါသည့် မြင်းလှည်းတစ်စီးရှိနေကာ လမ်းဘေးတစ်နေရာ၌ ရပ်ထားသည်။
ထိုလှည်း၏နောက်တွင် ဗြောင်ဝတ်စုံကိုဝတ်ဆင်ထားသော အဆင့်မြင့်ကျင့်ကြံသူ ဆယ်ယောက်ကျော်ခန့်ရှိနေကာ သူတို့၏လက်အတွင်း၌ လေးလံသောရတနာသေတ္တာများကို မနိုင်မနင်း သယ်ဆောင်ထားလေ၏။
ဤသည်က လက်ဆောင်ပေးအပ်မည့် မြင်းလှည်းတစ်စီးပင်။
ယေဘုယျကျကျပြောဆိုရလျှင် ကျင့်ကြံသူတိုင်းတွင် သိုလှောင်အိတ်များရှိသည်။အကယ်၍ သူတို့သည် တစ်စုံတစ်ယောက်ကို လက်ဆောင်ပေးလိုလျှင်ပင် သိုလှောင်အိတ်အတွင်းသို့ထည့်၍ လွယ်လင့်တကူပေးနိုင်သည်။
သို့ရာတွင် လက်ဆောင်ပေးသူ၏ရက်ရောခြင်းကို ပြသရန်အလို့ငှါ တချို့လူများသည် ရှေးဦးခေတ်မှလမ်းစဥ်အတိုင်း လက်ဆောင်သေတ္တာများကိုသယ်ဆောင်ကာ တစ်ဖက်လူ၏အိမ်တော်ထံသို့ သွားရောက်ပို့ဆောင်ကြလေ့ရှိသည်။
ဤလူစုသည်လည်း ထိုနည်းလမ်းအတိုင်း လက်ဆောင်လာရောက်ပေးအပ်သည်မှာ သိသာထင်ရှားလှ၏။
ထိုသေတ္တာများတွင် သီးသန့်လေဟာနယ်ဝင်္ကပါငယ်များပါရှိကာ အတွင်းတွင် တောင်တစ်လုံးကဲ့သို့များပြားသော ရတနာများဖြင့် ပြည့်နှက်နေသည်။
ထိုသေတ္တာများသည် သေးငယ်သော်လည်း အလေးချိန်မှာ လျော့ပါးခြင်းမရှိချေ။ထိုကဲ့သို့လေးလံသောပစ္စည်းများသည် အဆင့်နိမ့်ကျင့်ကြံသူများအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုပင်။
ကြီးမားသောကြေးနီဆေးမီးဖိုတစ်လုံး ထည့်ထားပုံရသည့် သေတ္တာတစ်လုံးလည်းရှိနေသည်။ထိုဆေးမီးဖို၏မျက်နှာပြင်မှနေ၍ သိပ်သည်းသောဆေးရနံ့များ ထွက်ပေါ်နေလေ၏။
ထိုဆေးမီးဖိုကို အလွန်ကြီးကျယ်ခမ်းနားစွာ ထုလုပ်ထားသည်။ထို့ပြင် ဆေးမီးဖိုသည် တောင်ကြီးတစ်လုံးကဲ့သို့ လေးလံသဖြင့် အဆင့်နိမ့်ကျင့်ကြံသူလေးယောက် အတူပူးပေါင်း၍ လုပ်ဆောင်သည့်တိုင် မနိုင်ရန်အတွက် အလွန်ခက်ခဲနေသည်။
"အမှိုက်တစ်သိုက်ပဲ...မင်းတို့ကို ခိုင်းရတာ ဘာမှကိုအသုံးမကျဘူး"
လှည်း၏နံဘေး၌ မတ်တတ်ရပ်နေသော ကြီးကြပ်ရေးမှူးနှင့်တူသည့် လူကြီးတစ်ယောက်က ဆူပူကြိမ်းမောင်းလိုက်၏။
ထို့နောက် ထိုကြီးကြပ်ရေးမှူးက လုယွီဘက်သို့လှည့်ကာ စိတ်မရှည်သောပုံစံဖြင့် ပြောဆိုသည်။
"ငါ မင်းကို ပြောနေတာလေ...မြန်မြန်လေး ဒီနေရာကိုလာပြီး ကူညီပေးစမ်း...ငါတို့ရဲ့သခင်လေးက ဝေ့မိသားစုကပဲ...တကယ်လို့ မင်း ကူညီပေးမယ်ဆိုရင်...မင်းရမယ့်ဆုလာဘ်မနည်းစေရဘူး"
လုယွီက ထိုလူကြီးကို အေးစက်စက်တစ်ချက်ကြည့်ကာ မည်သည့်စကားမျှမဆိုဘဲ ထွက်ခွါခဲ့တော့သည်။
Chapter 2649
လုယွီအား သေတ္တာများကူသယ်ရန် ခိုင်းစေခြင်းသည် ဤကမ္ဘာလောကအတွင်းရှိ မည်သူမျှ လုပ်ဆောင်နိုင်မည့်ကိစ္စ မဟုတ်ချေ။
လုယွီထွက်ခွါသွားသည်ကိုကြည့်ပြီး ထိုကြီးကြပ်ရေးမှူးသည် အလွန်ဒေါသထွက်သွားပေ၏။
သူသည် မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေအတွင်းရှိ မိသားစုကြီးတစ်ခုမှလာသူဖြစ်သည်။မည်သူကမျှ သူ့ကို ထိုပုံစံအတိုင်း မဆက်ဆံဝံ့ချေ။
"မင်း လူစကားနားမလည်ဘူးလား...ငါ မင်းကို ခေါ်နေတာလေ"
ကြီးကြပ်ရေးမှူးက လုယွီကို ဆဲရေးတိုင်းထွာလေသည်။
လုယွီသည် ထိုစကားကိုကြားချိန်တွင် နောက်သို့ပြန်လှည့်ကာ အေးစက်စက်အကြည့်ဖြင့် ကြီးကြပ်ရေးမှူးကို ကြည့်လိုက်သည်။
ထိုမြင်ကွင်းကိုမြင်သော အနီးပတ်ဝန်းကျင်မှ ဖြတ်သွားဖြတ်လာများသည် လုယွီကို ဖြောင့်ဖျပြောဆိုကြ၏။
"လူငယ်လေး...ဒီကိစ္စကို မေ့လိုက်တော့...သူတို့က မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေ ဝေ့မိသားစုကလူတွေပဲ...သူတို့က တောင်ကြားသခင့်ဝေနဲ့ မိသားစုတစ်ခုတည်းကလာတာ"
"ဒါက အမှန်ပဲ...မင်း မှားခဲ့တယ်လို့ ဝန်ခံရတာက ရှက်စရာကိစ္စမှမဟုတ်တာ"
ကြီးကြပ်ရေးမှူးက ခါးထောက်၍ မောက်မာဝံ့ကြွားသောလေသံဖြင့် ပြောဆိုသည်။
"ဒီနေရာကို မြန်မြန်လာခဲ့စမ်း...ငါတို့ဝေ့မိသားစုက မင်းကိုသုံးတယ်ဆိုတာ မင်းအတွက် ကံကြမ္မာကောင်းတစ်ခုပဲ...ငါက မင်းကို အနိုင်ကျင့်တယ်လို့မပြောနဲ့...မင်းရဲ့တာဝန်ပြီးတာနဲ့ ငါတို့ရဲ့သခင်လေးက မင်းရဲ့ခွန်အားကိုမြှင့်တင်နိုင်မယ့်ဆေးလုံးမျိုး မင်းကို ဆုချလိမ့်မယ်"
ဘုန်း..
ကြီးကြပ်ရေးမှူး၏စကားအဆုံးသတ်သွားသော အချိန်မှာပင် သူ၏ခန္ဓာကိုယ် လွင့်ထွက်သွားကာ မြေပြင်နှင့် ပြင်းပြင်းထန်ထန် ရိုက်ခတ်မိလေ၏။
"တကယ်လို့ မင်း ဘယ်လိုစကားပြောရမယ်ဆိုတာကို မသိရင်လည်း...ပါးစပ်ပိတ်ထားစမ်း"
လုယွီက ထိုကြီးကြပ်ရေးမှူး၏ပါးစပ်ပေါ်သို့ သူ၏ခြေထောက်ဖြင့် ဆောင့်နင်းလိုက်သည်။
အက်ကွဲသံများထွက်ပေါ်လာခြင်းနှင့်အတူ ကြီးကြပ်ရေးမှူး၏ပါးစပ် ကွဲထွက်သွားကာ သွေးများယိုစီးကျလာသည်။
ပတ်ဝန်းကျင်ရှိလူများ ထိတ်လန့်တုန်လှုပ်သွားကာ ထိုလူများအနက်မှအများစုသည် အသက်ပြင်းပြင်းရှိုက်လိုက်ကြ၏။
ဤှသည်က မည်ကဲ့သို့အခြေအနေမျိုး ဖြစ်သနည်း...
ရှန်းနွန်တောင်ကြား၏ပိုင်နက်နယ်မြေအတွင်း၌ ဝေ့မိသားစုဝင်တစ်ယောက်ကို ရိုက်နှက်ဝံ့သော တစ်စုံတစ်ယောက် ရှိနေခဲ့သည်။
"မင်း လုပ်ရဲလား"
ရထားလုံးအတွင်းမှနေ၍ အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။
နောက်ထပ်အချိန်အခိုက်အတန့်မှာပင် ရထားလုံး၏လိုက်ကာများ လေပြင်းကြောင့်လူးလွန့်သွားကာ အစွမ်းထက်သောအားလှိုင်းတစ်ရပ်က လုယွီထံသို့ ပြင်းပြင်းထန်ထန် တိုးဝင်လာပေ၏။
ထိုအားလှိုင်းသည် လေဟာနယ်အတွင်း၌ ကြီးမားသောလက်ဝါးပုံရိပ်ယောင်ကြီးအဖြစ် ဖွဲ့စည်းသွားကာ ကောင်းကင်ယံအတွင်းမှ ရုတ်တရက်မိုးကြိုးပစ်ချလိုက်သည့်အလား အောက်သို့ ပြင်းပြင်းထန်ထန် ကျရောက်လာသည်။
"ဒါက ဝေ့မိသားစုရဲ့သခင်လေး ဝေ့ထိုက်ပဲ...ကောလဟာလတွေအရတော့ ဝေ့ထိုက်က ပြင်ပနယ်မြေတွေကို သွားပြီးကျင့်ကြံနေခဲ့တယ်...သူ့ရဲ့ကျင့်ကြံဆင့်နယ်ပယ်က မယုံနိုင်စရာကောင်းတဲ့ အဆင့်တစ်ဆင့်ကို ရောက်နေပြီ...သူက ကြယ်မြစ်စာမေးပွဲကို အောင်မြင်ခဲ့ပြီးတော့ အဆင့်မြင့်ကျောင်းတော်သားဘွဲ့ထူးကို ရယူနိုင်ခဲ့တယ်...ဒီတစ်ကြိမ်တော်ဝင်စာမေးပွဲမှာ သူ့ရဲ့နာမည် ထင်ပေါ်ကျော်ကြားသွားမှာ သေချာပေါက်ပဲ"
"အမှန်ပဲ...သူ့ရဲ့လှုပ်ရှားမှုအောက်မှာ ဒီလူငယ်လေး ရှောင်တိမ်းနိုင်မှာ မဟုတ်ဘူး"
ဘုန်း...
ကြီးမားသောလက်ဝါးပုံရိပ်ယောင်ကြီးသည် လုယွီနှင့်တစ်မီတာခန့်အကွာတွင် ရပ်တန့်သွားလေ၏။
ဤသည်က မမြင်နိုင်သောအားလှိုင်းများဖြင့် ဖွဲ့စည်းထားသည့် မမြင်နိုင်သောနံရံကြီးက လုယွီ၏နံဘေးပတ်လည်ကို လွှမ်းခြုံထားပြီး ပြင်ပမှအရာရာများအားလုံးကို ပိတ်ဆို့ဟန့်တားထားသကဲ့သို့ပင်။
မည်သည့်မှော်မန္တန်မျှ လုယွီ၏အနီးသို့ မချဥ်းကပ်နိုင်ချေ။
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။သူက လက်ညှိုးတစ်ချက်ညွှန်လိုက်ရာ အစွမ်းထက်သောအားလှိုင်းတစ်ရပ် ထွက်ပေါ်လာသည်။
ရုတ်ချည်းဆိုသလိုပင် လုယွီပေါ်သို့ ကျရောက်လုဆဲဆဲဖြစ်နေသော လက်ဝါးပုံရိပ်ယောင်ကြီး ပျက်ပြယ်သွားတော့သည်။
ထို့နောက်မှနေ၍ လုယွီ၏စွမ်းအားလှိုင်းသည် ရထားလုံးကို ပြင်းပြင်းထန်ထန် ရိုက်ခတ်မိသွားလေ၏။
ဘန်း...
အစွမ်းထက်သောအားလှိုင်းတစ်ရပ်က ချက်ချင်းပွင့်အံထွက်လာကာ ရထားလုံးတစ်ခုလုံးကို အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားစေသည်။
ရထားလုံးအတွင်း၌ထိုင်နေသော အဖြူရောင်ဝတ်စုံဝတ်လူငယ်တစ်ယောက်၏မျက်နှာပေါ်၌ တုန်လှုပ်ချောက်ချားသော အရိပ်အယောင်များရှိနေသည်။
ဂီး...ဂီး...
ထိုအချိန်မှာပင် ရထားလုံးကိုဆွဲနေသော နတ်ဆိုးသားရဲက ထိတ်လန့်ကြောက်ရွံစွာဖြင့် စူးရှရှအော်ဟစ်လိုက်သည်။
လုယွီက ထိုနတ်ဆိုးသားရဲကို တစ်ချက်ကြည့်ပြီး အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"ဆူလိုက်တာ"
နတ်ဆိုးသားရဲသည် လျှပ်စီးမိုးကြိုးဖြင့် ရိုက်ခတ်ခံရသည့်အလား တဆတ်ဆတ်တုန်ရီသွားပေ၏။ဤအချိန်အခိုက်အတန့်တွင် နတ်ဆိုးသားရဲ၏စိတ်နှလုံးသားအတွင်း၌ ထိတ်လန့်ကြောက်ရွံမှုများကြီးစိုးနေကာ ကူကယ်ရာမဲ့စွာဖြင့် မြေပြင်ပေါ်သို့ ဒူးထောက်လိုက်၏။
မူလက ပြပွဲကောင်းတစ်ခုကိုကြည့်ရန် စောင့်ကြည့်နေကြသော ပတ်ဝန်းကျင်မှလူများအားလုံး နေရာမှာပင် ကြက်သေသေသွားသည်။
မည်သို့ ဖြစ်ပျက်သွားသနည်း....
ဝေ့မိသားစုမှသခင်လေးသည် မောက်မာရိုင်းစိုင်းပြီး ကောင်းကင်နှင့်မြေပြင်၏အတိမ်အနက်ကို မသိသော ကောင်လေးတစ်ယောက်ကို သင်ခန်းစာပေးမည်မဟုတ်လော....
မည်သည်ကြောင့် ထိုလူငယ်လေးက ဝေ့ထိုက်၏ရထားလုံးကို ချိုးဖဲ့ဖျက်ဆီးနိုင်ခဲ့သနည်း။
"မင်းရဲ့ခွေးကို ဂရုစိုက်ထား....နောက်တစ်ကြိမ်ဆိုရင် တစ်ယောက်ယောက်တော့ သေရလိမ့်မယ်"
လုယွီက စကားကိုဗြောင်ကျကျပြောဆိုကာ ထိုနေရာမှ ထွက်ခွါခဲ့တော့သည်။
ပတ်ဝန်းကျင်ရှိ စောင့်ကြည်နေသူများသည် တစ်ယောက်ပြီးတစ်ယောက် လမ်းဖယ်ပေးကြကာ မည်သူကမျှ လုယွီကို မဟန့်တားဝံ့ချေ။
Chapter 2650
လုယွီက လူအုပ်ကြားမှဖြတ်သန်း၍ ထွက်ခွါခဲ့တော့သည်။
ဝေ့မိသားစု၏သခင်လေး ဝေ့ထိုက်သည် ကျိုးပဲ့သွားသောရထားလုံးအတွင်း၌ထိုင်နေကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ချွေးစေးများဖြင့် စိုရွှဲနေသည်။
လုယွီ တိုက်ခိုက်လိုက်သော အချိန်အခိုက်အတန့်တွင် ဝေ့ထိုက်က သူ၏အသက်သည် သူ့အပိုင်မဟုတ်တော့သကဲ့သို့ ခံစားလိုက်ရ၏။
ရုတ်ချည်းဆိုသလိုပင် ဝေ့ထိုက်၏ခန္ဓာကိုယ်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ရီသွားသည်။
သို့သော် မကြာမီမှာပင် သူ အသိစိတ်ပြန်ဝင်လာခဲ့သည်။ပတ်ဝန်းကျင်ရှိ လူအမြောက်အများသည် သူ့ကိုလက်ညှိုးညွှန်၍ ပြောဆိုနေကြ၏။
ဝေ့ထိုက်သည် ကောင်းကင်ဘုံ၏ချီးမြှောက်ခံ ပါရမီရှင်တစ်ယောကပင်။မည်သည်ကြောင့် ဤကဲ့သို့ အရှက်ရဖွယ်ရလဒ်မျိုးကို သည်းခံနိုင်မည်နည်း။
ဝှစ်...ဝှစ်...ဝှစ်...
ထိုအချိန်မှာပင် ဝေ့မိသားစုမှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ ရောက်ရှိလာသည်။
သူတို့သည် သူတို့၏သခင်လေးဖြစ်သူ ရှန်းနွန်တောင်ကြားအနီးတွင် တိုက်ခိုက်ခံရသည်ဟု သတင်းရသဖြင့် အပြေးအလွှားရောက်လာကြခြင်းဖြစ်သည်။သို့ရာတွင် သူတို့ ခြေတစ်လှမ်းနောက်ကျသွားလေပြီ။
"သခင်လေး...ကျွန်တော်အတွက် တရားမျှတမှု ယူပေးပါ"
ကြီးကြပ်ရေးမှူးက တုန်ရီနေသောလေသံဖြင့်ပြောဆိုသည်။သူ၏အသံသည် ဗလုံးဗထွေးပင် ဖြစ်နေလေ၏။
သူ၏ပါးစပ်သည် လုံးလုံးလျားလျား ကြေမွှသွားသဖြင့် အထစ်ထစ်အငေါ့ငေါ့သာ စကားပြောဆိုနိုင်တော့သည်။
ဝေ့ထိုက်သည် ကြီးကြပ်ရေးမှူးကိုမြင်တွေ့ချိန်တွင် စိတ်အနှောက်အယှက်ဖြစ်သွားသည်။သူက ကြီးကြပ်ရေးမှူးကိုလက်ညှိုးညွှန်ကာ ဒေါသတကြီးအော်ငေါက်လိုက်၏။
"သူ့ကို မောင်းထုတ်လိုက်စမ်း...ငါ သူ့ကို ထပ်ပြီးမမြင်ချင်တော့ဘူး"
"သခင်လေး...ဒါက မဟုတ်သေးဘူးလေ...ကျွန်တော်က သခင်လေးအပေါ် သစ္စာရှိတဲ့သူပါ"
ကြီးကြပ်ရေးမှူးသည် ထွက်မသွားရရန်အတွက် အသနားခံတောင်းပန်လေသည်။
သို့ရာတွင် သူ၏အသံကို ဝေ့ထိုက်ကြားသော်လည်း အနည်းငယ်မျှပင် စိတ်လှုပ်ရှားခြင်းမရှိချေ။သူက လက်ဝှေ့ယမ်းကာ သူ၏လက်အောက်ငယ်သားများအား ကြီးကြပ်ရေးမှူးကို အဝေးသို့ခေါ်ဆောင်သွားခိုင်းတော့သည်။
"ဒီကိစ္စကို ငါ ဒီအတိုင်းအလွတ်မပေးနိုင်ဘူး...ငါ အဲ့ဒီကောင်ကိုရှာပြီး အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်မယ်"
ဝေ့ထိုက်၏မျက်လုံးအတွင်း၌ နာကျည်းမုန်းတီးမှုအရိပ်အယောင်များ ရှိနေသည်။
လုယွီသည် ဤကဲ့သို့ကိစ္စငယ်လေးအတွက် မည်သည့်အချိန်ကမျှ အာရုံစူးစိုက်ခြင်းမရှိချေ။
သူသည် ရှန်းနွန်တောင်ကြား၏တောင်ခြေသို့ လျှောက်လှမ်းသွားခဲ့သည်။
ဤနေရာတွင် လူအမြောက်အများ စုဝေးနေသည်။မြောက်မြားစွာသောဆေးပညာရှင်များသည် နေရာအသီးသီးမှရောက်ရှိလာကာ ဧကရာဇ်တစ်ဝက်အဆင့်ဆေးလုံး၏ အစစ်အမှန်ပုံပန်းသွင်ပြင်ကို ဖော်ထုတ်နိုင်ရန် ကြိုးစားနေကြ၏။
"လူတိုင်းပဲ...ခဏလောက် ငြိမ်ငြိမ်လေးနေပေးကြပါ...ငါတို့ရှန်းနွန်တောင်ကြားက ဒီတစ်ကြိမ်မှာ ကြီးမားတဲ့စည်းဝေးပွဲကြီးကို ကျင်းပနေတယ်...ဒါကြောင့် ဆေးပညာရှင်တွေကိုပဲ ဝင်ခွင့်ပြုမယ်...အစေခံတွေနဲ့အစောင့်တွေကို တောင်ကြားထဲဝင်ခွင့်မပြုဘူး"
အကြီးအကဲတစ်ယောက်က ရှန်းနွန်တောင်ကြားတံခါးမကြီးရှေ့မှနေ၍ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
သူ၏အသံ ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်နေရာတစ်ဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။မူလက ဆူညံပွက်လောရိုက်နေသော ရှန်းနွန်တောင်ကြားရှေ့တွင် ယခုချိန်၌ မည်သည့်အသံမျှမကြားရတော့ချေ။
ကောင်းကင်ဘုံနယ်မြေအတွင်း၌ ဆေးပညာရှင်များသည် ဂုဏ်သိက္ခာမြင့်မားသူများဖြစ်ကာ မည်သည့်နေရာတွင်မဆို ရိုသေလေးစားခြင်းခံရ၏။
လူအမြောက်အများသည် သေလုမတက်ကြိုးစားလျှင်ပင် အကယ်၍ သူတို့ထံတွင် ပါရမီမရှိပါက ဆေးပညာရှင်တစ်ယောက်ဖြစ်ရန် လွန်စွာခက်ခဲပေမည်။
အကြီးအကဲ၏ထုတ်ပြန်ကြေငြာချက်အရ ယခုလက်ရှိနေရာတွင်ရှိနေသူများအနက်မှ အများစုသည် တောင်ကြားသို့ဝင်ရောက်ရန် အရည်အချင်းပြည့်မီမည်မဟုတ်ချေ။
အစေခံများသည် ပြင်ပတွင်သာမတ်တတ်ရပ်နေကာ သူတို့၏သခင်ဖြစ်သူ အတွင်းသို့ဝင်ရောက်သွားသည်အား စောင့်ဆိုင်းနေရပေမည်။လုယွီသည် ထိုအခြေအနေကိုအခွင့်ကောင်းယူ၍ လူအုပ်ကြီးအားဖြတ်ကျော်ကာ အကြီးအကဲ၏ရှေ့သို့ ရောက်ရှိသွားသည်။
"မင်းက နောက်မှရောက်လာတဲ့သူလား...အစေခံနဲ့အစောင့်တွေက အပြင်မှာပဲနေရမယ်...တကယ်လို့ မင်းက ဆေးပညာရှင်မဟုတ်ရင် ဝင်ခွင့်မရဘူး"
ထိုအကြီးအကဲက လုယွီကိုတစ်ချက်ကြည့်ကာ အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
ဆေးပညာရှင်အားလုံးနီးပါးသည် သူတို့၏အဆင့်အတန်းကိုပြသရန်အတွက် နောက်လိုက်အမြောက်အများကို သူတို့နှင့်အတူ ခေါ်ဆောင်လာလေ့ရှိသည်။
နှိုင်းယှဥ်ကြည့်ပါက လုယွီသည် တစ်ယောက်တည်းရောက်ရှိလာပေ၏။သူသည် ဖန်လုံအိမ်ထဲမှထွက်လာသော သခင်လေးတစ်ယောက်နှင့် တူညီနေပေရာ မည်သည့်နည်းနှင့်မျှ ဆေးပညာရှင်မဖြစ်နိုင်ချေ။
လုယွီက ပြောဆိုသည်။
"ငါက ဆေးပညာရှင်တစ်ယောက်ပဲ"
လှောင်ပြောင်ရယ်မောသံများက ပတ်ဝန်းကျင်မှ ထွက်ပေါ်လာခဲ့သည်။
"ညီငယ်လေး...ငါ့အထင်တော့ မင်းက အသက်အရမ်းငယ်သေးတယ်...မင်းက ကြွားဝါချင်ရုံသက်သက်နဲ့ ဆေးပညာရှင်တစ်ယောက်လို ဟန်မဆောင်သင့်ဘူး..ဒီနေရာက ဆေးပညာရှင်တွေရဲ့မြင့်မြတ်နယ်မြေဖြစ်တဲ့ ရှန်းနွန်တောင်ကြားပဲ...ဒီနေရာမှာ ဆေးပညာရှင်ယောင်ဆောင်ရင် ခံယူရမယ့်ပြစ်ဒဏ်က အရမ်းကြီးလေးတယ်"
"ဒါက အမှန်ပဲ...မင်း အသက်က အရမ်းငယ်သေးတယ်...မင်းရဲ့အိမ်ကိုပဲ မြန်မြန်ပြန်တော့"
ပတ်ဝန်းကျင်ရှိနောက်လိုက်များက လုယွီကို ဖြောင့်ဖျစကားပြောဆိုသည်။
နှစ်စဥ်နှစ်တိုင်း ဆေးပညာရှင်ယောင်ဆောင်၍ အခွင့်ကောင်းရရန်အတွက် ရှန်းနွန်တောင်ကြားသို့ဝင်ရောက်လိုသော လူအမြောက်အများရှိသည်။
သို့ရာတွင် ရှန်းနွန်တောင်ကြားသည် ဆေးပညာရှင်များအတွက် မြင့်မြတ်နယ်မြေဖြစ်သဖြင့် ဆေးပညာရှင်များအပေါ် စစ်ဆေးမှုသည် လွန်စွာတင်းကြပ်လေ၏။ဆေးပညာရှင်ယောင်ဆောင်သော တစ်စုံတစ်ယောက်ကို ရှာဖွေဖော်ထုတ်မိပါက အကျိုးဆက်အနေဖြင့် အလွန်ဆိုးရွားသောပြစ်ဒဏ်များ ပေးအပ်ခံရသည့်အပြင် ထိုလူ၏ကျင့်ကြံဆင့်နယ်ပယ်ပင် ဖျက်ဆီးခံရနိုင်သည်။