← Chapters

အခန်း (၂၆၅၁-၂၆၅၅)

Vol. 136 Ch. 2651-2655

အခန်း (၂၆၅၁-၂၆၅၅)

Vol. 136 Ch. 2651-2655

Chapter 2651

လုယွီက မည်သည့်စကားကိုမျှ တုံ့ပြန်ပြောဆိုခြင်းမပြုဘဲ သူက အနက်ရောင်မီးတောက်တစ်ခုကို ဆင့်ခေါ်လိုက်သည်။

ဤသည်က သူ၏အတိတ်ဘဝမှ မြေအောက်လောကနတ်ဘုရား အစစ်အမှန်မီးတောက်ပင်။

ဤမီးတောက်၏အရည်အသွေးသည် ကောင်းကင်ဘုံဧကရာဇ်၏အစစ်အမှန်မီးတောက်ကဲ့သို့ ခမ်းနားတောက်ပခြင်းမရှိသော်လည်း သာမာန်ထက်သာလွန်သော စွမ်းအားမျိုးကို ပိုင်ဆိုင်ထားဆဲဖြစ်သည်။

ကောင်းကင်ဘုံဧကရာဇ်၏မီးတောက် ထွက်ပေါ်လာစဥ်တွင် မီးတောက်များအားလုံး အညံ့ခံရသည်။ဤသို့ဖြစ်လာပါက အုတ်အော်သောင်းနင်း ဖြစ်သွားပေမည်။ထိုကိစ္စသည် လုယွီ အလိုရှိသောအရာမဟုတ်ချေ။

သို့ရာတွင် ထိုသို့ဆိုသည့်တိုင် မြေအောက်လောကနတ်ဘုရား အစစ်အမှန်မီးတောက်၏ တုန်လှုပ်ချောက်ချားဖွယ်အရှိန်အဝါအောက်တွင် အကြီးအကဲသည် တုန်လှုပ်ချောက်ချားနေပေ၏။

ထိုအကြီးအကဲသည်လည်း ဆေးပညာရှင်တစ်ယောက်ဖြစ်သဖြင့် မြေအောက်လောကနတ်ဘုရား အစစ်အမှန်မီးတောက်ကို မြင်တွေ့ချိန်တွင် သူ၏မျက်စိသူငယ်အိမ်များ ကျုံဝင်သွားသည်။ထို့နောက် သူက တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။

"ဒါက ဘယ်လိုမီးတောက်မျိုးလဲ...ဒီမီးတောက်မှာ မှုံမှိုင်းပြီး အေးစက်စက်အရှိန်အဝါမျိုးရှိနေတယ်...ဒါက သာမာန်ထက်သာလွန်ထူးကဲတဲ့ မီးတောက်မျိုးပဲ"

မီးစွမ်းအင်အထူးပြုကျင့်ကြံသူအများစုသည် မီးတောက်များကို ထိန်းချုပ်နိုင်လေ၏။သို့ရာတွင် ဆေးပညာရှင်တစ်ယောက် ဖြစ်လာရန်မှာမူ မီးတောက်များကိုထိန်းချုပ်ခြင်းမှာ အခြေခံအဆင့်မျှသာဖြစ်သည်။

"မင်းမှာ ဆေးပညာအစည်းအရုံးရဲ့အသိအမှတ်ပြုလက်မှတ်ပါလား"

အကြီးအကဲ၏လေသံ ယခင်ထက် အနည်းငယ်နူးညံပျော့ပျောင်းသွားသည်။

မည်သို့ပင်ဆိုစေကာမူ သူသည် ဆေးပညာရှင်တစ်ယောက်ဖြစ်သော်လည်း သူ့တွင်နက်ရှိုင်းသောဆေးပညာစွမ်းရည်မရှိသဖြင့် ဤနေရာ၌အစောင့်အဖြစ် တာဝန်ထမ်းဆောင်ရခြင်းဖြစ်သည်။

လုယွီက ခေါင်းခါပြလိုက်၏။သူသည် ဆေးပညာအစည်းအရုံးသို့ တစ်ကြိမ်တစ်ခါမျှ မသွားဖူးသဖြင့် သူ့ထံတွင် အသိအမှတ်ပြုလက်မှတ်မရှိချေ။

ဤတစ်ကြိမ်တွင် သူ ကျဥ်းထဲကျပ်ထဲသို့ ရောက်ရှိနေလေပြီ။

အကြီးအကဲက မျက်မှောင်ကြုတ်လိုက်သည်။

"ငါတို့က ဆေးပညာအစည်းအရုံးက အသိအမှတ်ပြုထားတဲ့ ဆေးပညာရှင်တွေကိုပဲ လက်ခံတယ်...မင်း ဆေးပညာအစည်းအရုံးကိုသွားပြီး အသိအမှတ်ပြုလက်မှတ်သွားယူပြီးမှ ဒီကိုပြန်လာခဲ့တော့"

ဆေးပညာအစည်းအရုံး၏အသိအမှတ်ပြုလက်မှတ်ကို ကောင်းကင် မြေကမ္ဘာနှင့် ရွှမ်ဟူ၍ခွဲခြားထားသည်။

ထို့ပြင် ရွှမ်အဆင့်အောက်ရှိ ဆေးပညာရှင်များအားလုံးသည် ဆေးပညာအလုပ်သင်များသာဖြစ်ပေ၏။သို့ရာတွင် သူတို့သည် ဆေးပညာအစည်းအရုံးမှ အသိအမှတ်ပြုလက်မှတ်ကိုရရှိပါက ဆေးပညာရှင်ဟူသော သူတို့၏အဆင့်အတန်းကို သက်သေပြနိုင်သည့် တံဆိပ်ပြားတစ်ခု ရရှိသွားလေပြီ။

ရွှမ်အဆင့်ဆေးပညာရှင်များသည် မည်သည့်ကြယ်နယ်မြေတွင်မဆို ထင်ရာစိုင်း၍ရသည်။ဂိုဏ်းအများစုသည် သူတို့အား လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြသည်။

အကြောင်းအရင်းမှာ ဆေးပညာရှင်တစ်ယောက်ရှိနေခြင်းဖြင့် သူတို့၏အင်အားစုအတွက် လိုအပ်သောဆေးလုံးများကို ထုတ်လုပ်နိုင်ကာ မြောက်မြားစွာသော အစွမ်းထက်ကျင့်ကြံသူများကို မွေးထုတ်ပေးနိုင်သောကြောင့်ပင်။ဤသည်က အလွန်ကြီးမားသော ချမ်းသာကြွယ်ဝမှုဖြစ်သည်။

"တခြားနည်းလမ်းမရှိတော့ဘူးလား"

လုယွီက မျက်မှောင်ကြုတ်လိုက်၏။ယခုလက်ရှိချိန်တွင် သူသည် တောင်ကြားအတွင်းသို့ဝင်ရောက်ကာ အစိမ်းရောင်ကြာနတ်ဘုရားကို သတ်ဖြတ်လိုသည်။ထို့ကြောင့် သူ ဤကိစ္စအတွက်ဖြင့် အချိန်မဖြုန်းလိုချေ။

"ငါ တောင်းပန်ပါတယ်...တကယ်လို့ မင်းရဲ့ဆေးပညာစွမ်းရည်ကို သက်သေမပြနိုင်ဘူးဆိုရင်တော့ ဘာမှအသုံးဝင်မှာမဟုတ်ဘူး"

အကြီးအကဲက ငြင်းဆန်နေဆဲပင်။

လုယွီသည် မီးတောက်ကိုအသုံးပြုနိုင်သော်လည်း မီးစွမ်းအင်အထူးပြုကျင့်ကြံသူအများစုသည် ထိုကဲ့သို့တူညီစွာ ပြုလုပ်နိုင်ပေ၏။သူသည် လုယွီ အမှန်တကယ် ဆေးပညာရှင် ဟုတ် မဟုတ်ကို အတပ်မပြောနိုင်ချေ။

လုယွီက သူ၏မျက်လုံးကို သာမာန်ကာလျှံကာ ဝေ့ကြည့်လိုက်ရာ အကြီးအကဲ၏လက်နံဘေး၌ ဆေးလုံးတစ်လုံးရှိနေခြင်းကို တွေ့မြင်မိသည်။

ထိုဆေးလုံး၏မျက်နှာပြင်ပေါ်တွင် အနာအဆာများဖြင့် ပြည့်နှက်နေသည်။အနက်ရောင်မီးခိုးငွေ့များကလည်း ထိုဆေးလုံး၏မျက်နှာပြင်မှ ထွက်ပေါ်နေကာ ရှုရှိုက်မိသူကို အသက်ရှုကြပ်စေနိုင်သည်။

လုယွီ၏အကြည့်ကို သတိပြုမိသွားသော အကြီးအကဲက ခပ်ဖျော့ဖျော့ပြုံးလိုက်၏။

"ဒါက ငါ့ရဲ့ဆေးပညာအလုပ်သင်တစ်ယောက် ခုဏလေးကတင် သန့်စင်ထားတာ...ဒီဆေးလုံးက ချို့ယွင်းချက်များတဲ့ ထုတ်ကုန်တစ်ခုပဲ...မင်း ဒါကို စိတ်ဝင်စားနေတာလား"

လုယွီက ထိုဆေးလုံးကိုတစ်ချက်ကြည့်ကာ ပြောဆိုသည်။

"သံမဏိနေမင်းပန်း...ကျောက်တုံးပုလဲသဲမှုန်...တိမ်ဧကရာဇ်သစ်သီး......"

သူသည် ထိုဆေးလုံးသန့်စင်ရာ၌ပါဝင်သော ပါဝင်ပစ္စည်းဟူသမျှကို ရေရွတ်လိုက်သည်။

အကြီးအကဲ၏မျက်နှာအမူအယာ ရုတ်တရက် တောင့်တင်းသွားသည်။ဤသည်က အမှန်တကယ်ကိုပင် သူ၏ဆေးပညာအလုပ်သင် ဆေးလုံးသန့်စင်ရာတွင် အသုံးပြုခဲ့သော ပါဝင်ပစ္စည်းများဖြစ်နေသည်။

ထို့ထက်ပို၍ အရေးကြီးသောအချက်မှာ သူ၏ဆေးပညာအလုပ်သင်သည် ပါဝင်ပစ္စည်းများ၏အချိုးအစားကို မှားယွင်းထည့်ခဲ့သဖြင့် ဆေးသန့်စင်ရာ၌ ကျရှုံးခဲ့ရခြင်းဖြစ်သည်။

အကယ်၍ ဆေးလုံး၏နာမည်ကိုသိနေပါက အထဲရှိပါဝင်ပစ္စည်းများကို ပြောဆိုပြရန်မှာ မခက်ခဲချေ။သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီက ထိုဆေးပညာအလုပ်သင်သည် တချို့ပါဝင်ပစ္စည်းများကို လွန်ကဲစွာထည့်ခဲ့ကြောင်းကိုပင် ထုတ်ဖော်ပြောဆိုနေလေ၏။

အကယ်၍ တစ်စုံတစ်ယောက်သည် ဆေးပညာရပ်နှင့် ရင်းနှီးကျွမ်းဝင်မှုမရှိပါက ထို့သို့ ပြုလုပ်နိုင်မည်မဟုတ်ချေ။

"ဒီဆေးလုံး ကျွန်တော်ကို ခဏလောက်ငှါးလို့ရမလား"

လုယွီက မေးမြန်းသည်။

အကြီးအကဲက ကြောင်စီစီအမူအယာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

အကယ်၍ သူသည် သူနှင့်ရင်းနှီးကျွမ်းဝင်မှုမရှိသော ဆေးလုံးတစ်လုံးကို တွေ့မြင်ရပါက အတွင်းရှိပါဝင်ပစ္စည်းများအားလုံးကို ခွဲခြမ်းစိတ်ဖြာနိုင်မည်မဟုတ်ကြောင်း သူ ကောင်းစွာသိရှိထားသည်။

Chapter 2652

လုယွီက ပျက်စီးနေသောဆေးလုံးကိုကိုင်လိုက်ပြီးနောက် သူ၏လက်ချောင်းများကြားမှနေ၍ အနက်ရောင်မီးတောက်တစ်ခု ထွက်ပေါ်လာသည်။

"အဲ့ဒီကောင်လေးက ဘာလုပ်ဖို့ စီစဥ်နေတာလဲ"

"ငါမသိဘူး...ဒါပေမယ့် သူ ခုဏကပြောသွားတာတွေအရ အကဲဖြတ်ကြည့်ရင်...ဖြစ်နိုင်တာတော့ သူက ဒီဆေးလုံးထဲမှာပါတဲ့ ပါဝင်ပစ္စည်းတွေကို တကယ်ကြီးခွဲခြမ်းစိတ်ဖြာနိုင်တာလား"

ပတ်ဝန်းကျင်ရှိလူများသည် ဝိုင်းအုံ၍ကြည့်နေကြပြီး သူတို့၏မျက်လုံးများအတွင်း၌ သိချင်စိတ်ပြင်းပြမှုများဖြင့် ပြည့်နှက်နေလေ၏။

အနက်ရောင်မီးတောက်သည် ဆေးလုံးအားလွှမ်းခြုံသွားချိန်၌ တဖြည်းဖြည်း ဆေးလုံးသည် ဆေးရည်အဖြစ်သို့ ပြောင်းလဲသွားသော်လည်း အငွေ့ပျံသွားခြင်းမရှိချေ။

"မင်းက ဆေးလုံးကို ပြန်ပြီးအရည်ကျိုမလို့လား"

အကြီးအကဲက အံ့အားသင့်စွာဖြင့် မေးမြန်းသည်။

အခြေခံအားဖြင့် ဆေးလုံးကိုပြန်၍ အရည်ကျိုရန်မှာ မဖြစ်နိုင်ချေ။

အကယ်၍ ပြန်လည်အရည်ကျို၍ ရသည်ဆိုပါကလည်း ထိုဆေးလုံးသည် မူလကတည်းက ပြီးပြည့်စုံသောဆေးလုံးတစ်လုံး ဖြစ်နေရပေမည်။

သူ၏ဆေးပညာအလုပ်သင် သန့်စင်ခဲ့သောအရာကို ဆေးလုံးဟုပင် ခေါ်ဆို၍မရချေ။ဤသည်က ဆေးပင်များမှအညစ်အကြေးများအားလုံးကို စုဝေးထားခြင်းဟုသာ ယူဆနိုင်သည်။

လုယွီ၏မျက်နှာအမူအယာက တည်ငြိမ်အေးဆေးနေဆဲပင်။သူ၏လက်အတွင်းမှ မီးတောက်၏အပူရှိန်က ပို၍မြင့်တက်လာသည်။

မကြာမီမှာပင် ဆေးလုံးအတွင်းရှိ အညစ်အကြေးများအားလုံးလည်း အရည်ပျော်သွားလေပြီ။သလင်းကျောက်ကဲ့သို့ ကြည်လင်သော ဆေးရည်စက်များသည် လေထုအတွင်း၌မျောလွင့်နေကာ တဖြည်းဖြည်းပေါင်းစပ်စပြုလာသည်။

သူသည် ဆေးမီးဖိုကိုမသုံးသည့်အပြင် တခြားရှုပ်ထွေးသော ကြိုတင်​ပြင်ဆင်မှုမျိုးကိုလည်း ပြုလုပ်ခြင်းမရှိချေ။သူ လုပ်ဆောင်နေသော အရာရာတိုင်း ရေစီးဆင်းနေသကဲ့သို့ အဆင်ပြေချောမွေ့နေသည်။

အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် လုယွီသည် ဆေးရည်များကို ပြန်လည်ပေါင်းစည်းကာ ဆေးလုံးအဖြစ် သိပ်သည်းခဲ့သည်။

လဖက်ရည်တစ်ခွက်ဖျော်စာ အချိန်အတွင်းမှာပင် ဆေးလုံးတစ်လုံးအဖြစ် ပြန်လည်ဖြစ်တည်သွားလေ၏။

အသစ်သန့်စင်ပြီးသော ဆေးလုံး၏မျက်နှာပြင်သည် သလင်းကျောက်ကဲ့သို့ ကြည်လင်နေကာ ဆေးရနံ့များလည်း ထွက်ပေါ်နေသည်။ထိုအရာကို ဆေးလုံးတစ်လုံးဟု သတ်မှတ်၍ရသွားသည်မှာ သိသာထင်ရှားသည်။

ဤကဲ့သို့ လုယွီ၏ ဆက်တိုက်လှုပ်ရှားမှုကြောင့် အကြီးအကဲ ကြက်သေသေနေသည်။

သူသည် သူတော်စင်ပစ္စည်းတစ်ခုကို ကြိုဆိုနေသည့်အလား အမူအယာမျိုးဖြင့် လုယွီ၏လက်အတွင်းမှဆေးလုံးကို လှမ်းယူလိုက်၏။သူသည် ထိုဆေးလုံး သူ၏လက်အတွင်း၌ ကျိုးပဲ့ကြေမွှသွားမည်ကို စိုးရိမ်သကဲ့သို့ပင်။

"အဆင့်မြင့်အဆင့်ဆေးလုံး...ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ"

အကြီးအကဲက သူ၏လည်မြို ခြောက်ကပ်ကပ်ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

လုယွီက ခေါင်းခါပြလေသည်။

"ဒီဆေးလုံးထဲက ပါဝင်ပစ္စည်းတွေက အရမ်းကို အရည်အသွေးညံလွန်းတယ်...တကယ်လို့ ပါဝင်ပစ္စည်းတွေရဲ့အရည်အသွေးကောင်းမယ်ဆိုရင် ဆေးလုံးရဲ့အဆင့်က နောက်တစ်ဆင့်ကို ရောက်သွားလိမ့်မယ်"

ထိုစကားကိုကြားချိန်တွင် အကြီးအကဲ၏မျက်လုံး ပြူးကျယ်သွားသည်။

သူ၏ဆေးပညာအလုပ်သင်များ လေ့ကျင့်ရန်အတွက် သူပေးထားသော ပါဝင်ပစ္စည်းများမှာ အဆင့်နိမ့်ဆုံးအရည်အသွေးရှိသည့် အရာများပင်။

လုယွီသည် ထိုဆေးလုံး၏ကန့်သတ်ချက်ကို ချိုးဖျက်၍ အဆင့်မြင့်အဆင့်ဆေးလုံးအဖြစ် သန့်စင်နိုင်ခဲ့သည်။

ဤှကဲ့သို့ နည်းစနစ်မျိုးသည် မဟာဆေးပညာရှင်များပင် လုပ်ဆောင်နိုင်သောအရာမျိုးမဟုတ်ချေ။

ရုတ်ချည်းဆိုသလိုပင် အကြီးအကဲ၏မျက်နှာအမူအယာပြောင်းလဲသွားသည်။သူ၏မောက်မာဝံ့ကြွားနေမှုများသည်လည်း မျက်နှာချိုသွေးမှုသို့ ပြောင်းလဲသွားလေ၏။

"ငါက အသက်အိုမင်းနေတာကြောင့် မျက်စိမှုန်သွားခဲ့တယ်....ဒီသခင်လေးကို ငါက မယုံမကြည်ဖြစ်ခဲ့တယ်...သခင်လေး...ကျေးဇူးပြုပြီးတော့ အထဲကိုကြွပါ"

အကြီးအကဲက အလျှင်အမြန်မတ်တတ်ထရပ်ကာ လိမ္မာယဥ်ကျေးစွာ ပြောဆိုသည်။

တစ်ဖက်လူသည် ပြောင်မြောက်သော ဆေးပညာစွမ်းရည်ကို ဖုံးကွယ်ထားသူတစ်ယောက် သို့မဟုတ် မဟာဆေးပညာရှင်တစ်ယောက်၏တိုက်ရိုက်တပည့် ဖြစ်နေမည်ဟု သူ ခန့်မှန်းမိသည်။

ဤကဲ့သို့လူစားမျိုးသည် မည်သည့်နေရာသို့ရောက်ရှိနေပါစေ ထိပ်သီးတည်ရှိမှုကြီးဖြစ်ပေမည်။အကယ်၍ တစ်ဖက်လူသည် သူ အခက်တွေ့စေခဲ့ခြင်းအတွက် ပြဿနာရှာပါက သူ၏အဆုံးသတ်ကောင်းမွန်မည်မဟုတ်ချေ။

ကံကောင်းထောက်မစွာဖြင့် လုယွီသည် ဤကဲ့သို့ အသေးအမွှားကိစ္စမျိုးကို ဂရုစိုက်တက်သူမဟုတ်ပေ။

သူသည် တံခါးပေါက်မှဝင်ရောက်ပြီးသည်နှင့် ချက်ချင်းဆိုသလိုပင် ရှန်းနွန်တောင်ကြား၏နက်ရှိုင်းသောနေရာသို့ ရောက်ရှိသွားလေ၏။

တောင်ကြားအတွင်း၌ ဧရာမဆေးတောင်သူရုပ်ထုကြီး မားမားမတ်မတ် တည်ရှိနေသည်။

ပတ်ဝန်းကျင်ရှိတောင်တန်းမျာပေါ်တွင် အမျိုးအစားစုံလင်သော ဆေးပင်များဖြင့် ပြည့်နှက်နေသည်။လမ်းမြှောင်လေးများ၏နံဘေးတစ်ဖက်တစ်ချက်တွင်ပင် အဖိုးတန်ရှားပါးသော ဆေးပင်တချို့ကို တွေ့မြင်နိုင်သည်။

တောင်ကြား၏အလယ်ရှိ မြေကွက်လပ်ပေါ်တွင် ရာနှင့်ချီသော ဆေးမီးဖိုများကို ခင်းကျင်းထားလေ၏။ဆေးမီးဖိုတစ်ခုစီမှနေ၍ ပူနွေးသောအခိုးအငွေ့များ ထွက်ပေါ်နေကာ လေထုအတွင်းသို့မြင့်တက်သွားသည်။ဆေးရနံ့များကလည်း လေထုအတွင်း၌ ပြည့်နှက်နေသည်။

ဤနေရာသည် အမှန်တကယ်ကို ဆေးပညာရှင်များအတွက် သုခဘုံတစ်ခုပင်။

ထိုဆေးမီးဖိုများ၏အလယ်ဗဟိုတွင် အပြာရောင်အလင်းတန်းများတောက်ပနေသော စာလိပ်တစ်လိပ်က လေထုအတွင်း၌ မျောလွင့်နေပေ၏။

Chapter 2653

ထိုစာရွက်ပေါ်တွင် ဆေးပင်တချို့၏အမည်များကို ပြွတ်သိပ်စွာ ရေးသားထားသည်။

ထိုဆေးပင်များအနက်မှအများစုသည် အလွန်အမင်း အဖိုးတန်ရှားပါးပေ၏။ပြင်ပလောကတွင် တွေ့နိုင်ရန်မလွယ်ကူသည့် အဖိုးတန်ပြီး ရှားပါးသောဆေးပင်များကို ထိုစာရွက်ပေါ်တွင် ရေးသားထားသည်။ထို့ပြင် ဆေးပင်များ၏အရေအတွက်ကိုလည်း နံဘေးတွင်ကိန်းဂဏန်းဖြင့် ညွှန်ပြထားလေသည်။

ဤသည်က ပြီးပြည့်စုံသော ဆေးညွှန်းတစ်ခုပင်။

ဆေးပညာရှင်အများစုအတွက် ဆေးညွှန်းများသည် သူတို့၏အခြေခံအုတ်မြစ်ဖြစ်သည်။

အဆင့်နိမ့်ဆေးပညာရှင်များသည် ဆေးညွှန်းတချို့ကိုတုပထားသော ဆေးလုံးများကိုသာ သန့်စင်နိုင်ကြ၏။အကယ်၍ သူတို့သည် ထိုဆေးလုံးကိုသန့်စင်နိုင်သည့်တိုင် အညစ်အကြေးများစွာ ပါဝင်နေပေမည်။ထို့ကြောင့် ထိုဆေးလုံးများ၏တန်ဖိုးသည် မြင့်မားခြင်းမရှိချေ။

သို့ရာတွင် အဆင့်မြင့်ဆေးပညာရှင်တချို့ကမူ ဆေးပညာရပ်အပေါ် သူတို့၏နားလည်သဘောပေါက်မှုကို မှီခို၍ ဆေးညွှန်းများကို ဖော်ထုတ်နိုင်သည်။

ဤကဲ့သို့နည်းလမ်းမျိုးဖြင့် သန့်စင်ထားသောဆေးလုံးများသည် တခြားသာမာန်ဆေးလုံးများထက် ပို၍များပြားသောအကျိုးအာနိသင်များ ရရှိစေသည်။ထို့ကြောင့် ဆေးပညာရှင်များသည် သူတို့၏ဆေးညွှန်းများကို အလွန်ဂရုစိုက်၍ ထိန်းသိမ်းထားကြကာ သူတို့၏တိုက်ရိုက်တပည့်များကိုပင် ပြလေ့မရှိချေ။

ရှန်းနွန်တောင်ကြားသခင်ကဲ့သို့ သဘောထားကြီးစွာဖြင့် ဆေးညွှန်းကိုထုတ်ဖော်ပြသသူမှာ လူနည်းစုသာရှိသည်။

အထူးသဖြင့် ဤသည်က ဧကရာဇ်အဆင့်တစ်ဝက်ဆေးလုံး၏ဆေးညွှန်းပင်။

ဤသည်က ယခုလက်ရှိနေရာတွင်ရှိနေသော ဆေးပညာရှင်တိုင်းအတွက် မကြုံစဖူး အခွင့်အရေးကောင်းကြီးပင်။မည်သည့်ဆေးပညာရှင်မဆို ထိုအခွင့်အရေးကို ဖမ်းဆုပ်လိုကြ၏။

"ဒါက တစ္ဆေကိုးကောင်ဝါးမြိုခြင်း နဂါးဆေးလုံးမဟုတ်လား"

လုယွီသည် ထိုဆေးညွှန်းကိုမြင်မိချိန်တွင် ကူကယ်ရာမဲ့စွာဖြင့် ကြက်သေသေသွားသည်။

ဤဆေးညွှန်းကို အတိတ်ဘဝ၌ သူ ဖန်တီးခဲ့ခြင်းပင်။ထိုဆေးလုံးကို သန့်စင်နိုင်ရန်အလို့ငှာ တစ်စုံတစ်ယောက်သည် ဆေးပညာရှင်တစ်ယောက်၏သွေး ချွေးနှင့် ကျင့်ကြံမှုများလိုအပ်သည်။ဤသည်က အလွန်ရက်စက်ကြမ်းကြုတ်သော ဆေးညွှန်းတစ်ခုဖြစ်သည်။

ထို့ပြင် ဆေးလုံး၏အကျိုးသက်ရောက်မှုသည် ကောင်းမွန်သောအကျိုးအာနိသင်မရှိဘဲ ထိုဆေးလုံးများကို စုဝေးလိုက်ပါက သတ်ဖြတ်ခြင်းဝင်္ကပါတစ်ခု ဖြစ်လာပေမည်။

ဆေးလုံးများသည် လူအများကို ကူညီနိုင်သည့်အပြင် လူသတ်ရန် ဓားတစ်လက်အဖြစ်လည်း အသုံးပြုနိုင်သည်။

တစ္ဆေကိုးကောင်ဝါးမြိုခြင်းနဂါးဆေးလုံး တစ်လုံးတည်းဆိုပါက ကြီးမားသောသက်ရောက်မှု ရှိမည်မဟုတ်ချေ။သို့ရာတွင် ဆေးလုံးဆယ်လုံးကျော် အတူတကွထားလိုက်ပါက ဆေးလုံးတစ်လုံးနှင့်တစ်လုံး နီးကပ်စွာချိတ်ဆက်သွားပေမည်။ထိုဆေးလုံးများအားလုံး ချိတ်ဆက်မိချိန်တွင် အစွမ်းထက်သော သတ်ဖြတ်ခြင်းဝင်္ကပါတစ်ခုကို ဖွဲ့စည်းပြီးဖြစ်သည်။

အတိတ်တွင် လုယွီသည် ရန်သူများကိုသတ်ဖြတ်နိုင်ရန်အလို့ငှာ ထိုဆေးညွှန်းကို ဖန်တီးခဲ့လေ၏။သူသည် ဆေးဝင်္ကပါကို အသုံးပြု၍ ရန်သူများကို တိတ်တဆိတ်သတ်ဖြတ်နိုင်ခဲ့သည်။ထိုအချိန်တုန်းက ရန်သူအင်အားစုတစ်စုလုံး သွေးချောင်းစီးကာ အလောင်းများ ပြန့်ကျဲသွားသည်။

အမှန်အားဖြင့် ဤသည်က သူ၏အတိတ်ဘဝတွင်ဖြစ်ခဲ့သော ကိစ္စပင်။

ထိုဆေးညွှန်းသည် အလွန်ရက်စက်ကြမ်းကြုတ်သဖြင့် နောက်ပိုင်းတွင် လုယွီသည် ထိုအရာကို သူ၏သိုလှောင်အိတ်အတွင်း၌ ချိပ်ပိတ်ထားကာ မည်သူကိုမျှ ဖော်စပ်ခွင့်မပေးတော့ချေ။အတိတ်တွင် မြေအောက်လောကတာအိုသခင်၏ နာမည်ဂုဏ်သတင်းနှင့်အခွင့်အာဏာကြီးမားမှုကြောင့် မည်သူကမျှ ထိုဆေးညွှန်းကို မထိဝံ့ချေ။အကျိုးဆက်အနေဖြင့် ထိုဆေးညွှန်း တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

သူ ချိပ်ပိတ်ထားခဲ့သည်မှာ အချိန်အလွန်ကြာမြင့်နေပြီဖြစ်သော ဆေးညွှန်းသည် ဤနေရာ၌ ပြန်လည်ထွက်ပေါ်လာမည်ဟု သူ မျှော်လင့်မထားမိချေ။

လက်ရှိနေရာတွင် ဆေးပညာရှင်အမြောက်အများရှိနေသည်ကို လုယွီက တွေ့မြင်မိလေ၏။ထိုဆေးလုံးကိုသန့်စင်နိုင်ရန်အလို့ငှာ ဆေးပညာရှင်များသည် သူတို့၏လက်ချောင်းများကို ကိုက်ဖောက်၍ တစ်စက်စက်ကျနေသောသွေးများကို ဆေးမီးဖိုအတွင်းသို့ ကျရောက်သွားစေသည်။

ဤသည်က သာမာန်သွေးမျိုးမဟုတ်ဘဲ ကျင့်ကြံသူတစ်ယောက်၏ သွေးအနှစ်သာရပင်။ထိုအရာသည် ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်တစ်ခုလုံးမှ အနှစ်သာရဖြစ်သဖြင့် သွေးစက်တစ်စက်စီသည် ကြီးမားသောစွမ်းအားကုန်ဆုံးမှုကို ဖြစ်စေသည်။

သို့ရာတွင် ဆေးလုံးကိုသန့်စင်နိုင်ရန်အလို့ငှာ သူတို့သည် စွမ်းအားကုန်ဆုံးမှုကို လျစ်လျှူရှုထားကြ၏။

အကယ်၍ ထိုကိစ္စကြောင့် သူတို့၏ဘဝသက်တမ်းများ ကုန်ဆုံးရမည်ဆိုလျှင်ပင် နောက်တွန့်မည်မဟုတ်ချေ။

လုယွီသည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီးနောက် ရှန်းနွန်တောင်ကြားသခင်၏အတွေးများကို အကြမ်းဖျင်းခန့်မှန်းနိုင်ခဲ့သည်။

"တကယ့်ကို ရက်စက်ကြမ်းကြုတ်တာပဲ...သူက ဒီဆေးပညာရှင်တွေကို သူတို့သေဖို့ကျင်း သူတို့ကိုယ်တိုင်တူးခိုင်းထားတာပါလား"

လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။

ဆေးပညာရှင်များသည် တစ္ဆေကိုးကောင်ဝါးမြိုခြင်းနဂါးဆေးလုံးကို အတိုင်းအတာပမာဏတစ်ခုထိ ဖော်စပ်နိုင်ပါက ထိုဆေးလုံးများအချင်းချင်း ချိတ်ဆက်သွားကာ ယခုလက်ရှိနေရာတွင်ရှိနေသော လူများအားလုံး သေဆုံးသွားပေမည်။

လုယွီသည် ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာကြည့်လိုက်ရာ ဆေးပညာရှင်တိုင်းသည် ထိုဆေးလုံးကိုသန့်စင်နိုင်ရန် အရူးအမူးဖြစ်နေကြသည်ကို တွေ့မြင်မိပေ၏။သူတို့သည် ဆေးညွှန်းအတွင်းမှလှည့်ကွက်များကို ထွင်းဖောက်မြင်ခြင်းမရှိချေ။

လုယွီက ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ယခုချိန်တွင် သူ၏ရည်မှန်းချက်ပန်းတိုင်သည် အစိမ်းရောင်ကြာနတ်ဘုရားကိုရှာဖွေကာ သတ်ဖြတ်ရန်ပင်။

တခြားသူများအတွက်ကိုမူ ယခုလက်ရှိချိန်တွင် သူ ကူညီနိုင်ခြင်းမရှိချေ။

Chapter 2654

လုယွီက ရှန်းနွန်တောင်ကြား၏အနောက်ဘက်တောင်သို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားလိုက်သည်။

နတ်ဘုရားစိတ်အာရုံဖြင့် စူးစမ်းလေ့လာရန်ပင် မလိုအပ်ဘဲ အနောက်ဘက်တောင်သို့သွားသော လမ်းဘေးဝဲယာရှိ ခြုံပုတ်များအကြားတွင် အစောင့်များသည် ပြောင်ပြောင်တင်းတင်းရော အမှောင်ထုအတွင်းကပါ စောင့်ကြပ်နေကြောင်း လုယွီက ရှာဖွေတွေ့ရှိမိသည်။

ထိုအစောင့်များသည် သူတို့၏မှော်ရတနာများကို ဆင့်ခေါ်ထားကြကာ သတိကြီးစွာထား၍ အနီးပတ်ဝန်းကျင်ကို စောင့်ကြည့်နေကြ၏။မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဝင်ခွင့်မပြုချေ။

အစိမ်းရောင်ကြာနတ်ဘုရား၏အငွေ့အသက်သည် ဤနေရာအရောက်တွင် ရုတ်တရက် ပျောက်ကွယ်သွားသည်။

ထို့ကြောင့် အစိမ်းရောင်ကြာနတ်ဘုရားသည် ရှန်းနွန်တောင်ကြား၏နက်ရှိုင်းသောနေရာတွင် ပုန်းအောင်းနေသည်မှာ သိသာထင်ရှားလှ၏။

"ရပ်လိုက်စမ်း...မင်းက ဘယ်သူလဲ...ဒီနေရာကို အပြင်လူတွေ ဝင်ခွင့်မပြုဘူး...မြန်မြန်ထွက်သွားစမ်း"

ဆေးပညာရှင်တချို့သည် တောင်ကြားသခင်ကို ဂါရဝပြုလိုသဖြင့် အနောက်ဘက်တောင်သို့ သွားကြသော်လည်း အစောင့်များ၏အော်ငေါက်ခြင်းကို ခံလိုက်ရသည်။

ထိုဆေးပညာရှင်များသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ မည်ကဲ့သို့အဖြေပေးရမည်ကို မသိကြချေ။

"ဘာလဲ...ငါလည်း ဝင်လို့မရဘူးလား"

မောက်မာဝံ့ကြွားသော အသံတစ်သံ ထွက်ပေါ်လာသည်။

ထို့နောက်မှနေ၍ တုတ်ခိုင်သန်မာသော လူထွားကြီးလေးယောက် ထမ်းလာသည့် သစ်သားဝေါယာဥ်တစ်စင်း ရှေ့သို့ရောက်လာပေ၏။ဝေ့မိသားစု၏သခင်လေးဝေ့ထိုက်သည် ထိုဝေါယာဥ်ပေါ်၌ ထိုင်နေသည်။

ဝေ့ထိုက်ကိုမြင်တွေ့ချိန်တွင် အစောင့်များက အရိုအသေပြုလိုက်ကြသည်။

"သခင်လေးကို အရိုအသေပြုပါတယ်"

ဝေ့ထိုက်သည် တောင်ကြားသခင်၏တိုက်ရိုက်မျိုးဆက်ဖြစ်သဖြင့် အစောင့်များအားလုံး သူ့ကို သိရှိကြလေ၏။

"သခင်လေးဝေ့ထိုက်...တကယ်လို့ သခင်လေးရောက်လာရင် တိုက်ရိုက်ဝင်လာနိုင်တယ်လို့ တောင်ကြားသခင်က ကျွန်တော်တို့ကို အမိန့်ပေးထားတယ်...ဒါပေမယ့် သခင်လေးရဲ့နောက်လိုက်တွေကတော့ အပြင်မှာပဲ ကျန်ခဲ့ရမယ်"

အစောင့်တစ်ယောက်က တီးတိုးပြောဆိုသည်။

ဝေ့ထိုက်က စိတ်မရှည်ပုံဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"အဲ့ဒီကိစ္စတွေအားလုံးကို ငါ သိပြီးသား...မင်းတို့ ငါ့ကို သတိပေးဖို့မလိုဘူး...ဟုတ်ပြီလား...ငါက ဒီနေရာကို မင်းတို့ထက်ပိုပြီး ရင်းနှီးကျွမ်းဝင်တယ်...မင်းတို့ ငါ့ကို လမ်းပြပေးဖို့မလိုအပ်ဘူး"

စကားဆုံးသည်နှင့် ဝေ့ထိုက်သည် ဝေါယာဥ်ပေါ်မှဆင်းကာ အနောက်ဘက်တောင်၏နက်ရှိုင်းသောနေရာသို့ ဝင်ရောက်သွားခဲ့သည်။

သို့ရာတွင် သူ၏ဝတ်စုံပေါ်၌ သစ်ရွက်တစ်ရွက် ရှိနေသည်ကို သူ သတိမပြုမိချေ။

ထိုသစ်ရွက်သည် ဝေ့ထိုက်၏ဝတ်စုံပေါ်၌ ကပ်နေကာ သူနှင့်အတူ အနောက်ဘက်တောင်သို့ လိုက်ပါသွားတော့သည်။

ထိုသစ်ရွက်သည် လုယွီပင်။

သီရှား၏ပုံစံခုနစ်ဆယ့်နှစ်မျိုး ပြောင်းလဲခြင်းသည် လောကကြီးအတွင်းရှိ အရာရာတိုင်း၏ပုံသဏ္ဍာန်ကို အသွင်ပြောင်းနိုင်သော မှော်မန္တန်ဖြစ်သည်။

ထိုမှော်မန္တန်အတွက် မှော်စွမ်းအားကုန်ဆုံးမှုသည် တခြားရှေးဟောင်းသိုင်းပညာနည်းစနစ်များနှင့် နှိုင်းယှဥ်ပါက လွန်စွာနည်းပါးသည်။ထို့ပြင် လုယွီသည် ယခုလက်ရှိချိန်တွင် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ပြီးလေပြီ။သူ၏ခန္ဓာကိုယ်အတွင်း၌ တလိမ့်လိမ့်ထနေသော မှော်စွမ်းအားများသည် အဆင့်တစ်ခုထိမြင့်တက်နေပြီဖြစ်ရာ မှော်စွမ်းအားပမာဏ အနည်းအကျဥ်းကုန်ဆုံးမှုကို ဂရုစိုက်ရန် မလိုတော့ချေ။

အနောက်ဘက်တောင်သို့သွားရာ လမ်းတလျှောက်တွင်လည်း မြောက်မြားစွာသော အစောင့်များ ပုန်းအောင်းနေသည်။

ဤနေရာတွင် အတားအဆီးများနှင့်ကန့်သတ်ချက်များလည်း အမြောက်အများ ရှိနေလေ၏။အကယ်၍ တစ်စုံတစ်ယောက်သည် သတိမပြုမိဘဲ ထိုတားမြစ်ကန့်သတ်ချက်များကို ထိတွေ့မိပါက အန္တရာယ်နှင့် ရင်ဆိုင်ရပေမည်။

သို့ရာတွင် ဝေ့ထိုက်၏ခြေလှမ်းများကို ကြည့်ခြင်းအားဖြင့် သူသည် ဤနေရာရှိ တားမြစ်ကန့်သတ်ချက်များအားလုံးနှင့် ရင်းနှီးကျွမ်းဝင်မှုရှိသည်မှာ သိသာထင်ရှားသည်။သူသည် မကြာမီမှာပင် အနောက်ဘက်တောင်၏ နက်ရှိုင်းသောနေရာသို့ ရောက်ရှိသွားတော့သည်။

ဤနေရာတွင် လှိုဏ်ဂူတစ်ဂူရှိနေသည်။ထိုလှိုဏ်ဂူသည် အလွန်ကြီးမားကာ အတွင်းရှိအငွေ့အသက်များသည် အလွန်အမင်းအေးစက်သဖြင့် လှိုဏ်ဂူ၏အစွန်အဖျားများတွင် ရေခဲများအဖြစ်ပင် ဖွဲ့စည်းနေသည်။

ပြင်ပရှိနေရောင်သည် ထိုလှိုဏ်ဂူအတွင်းသို့ ဝင်ရောက်နိုင်ခြင်းမရှိချေ။လှိုဏ်ဂူအတွင်း၌ အလင်းရောင်ရရှိစေရန်အတွက် ညလင်းပုလဲများကို အသုံးပြုထားလေ၏။

ဝေ့ထိုက်က အတွင်းသို့ခြေချလိုက်သည်နှင့် သူ့အားစောင့်ဆိုင်းနေသော လူကြီးတစ်ယောက်ကို တွေ့မြင်မိသည်။

ထိုလူသည် ခမ်းနားထည်ဝါသော ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသည်။သူသည် လူလတ်ပိုင်းအရွယ်ဖြစ်သော်လည်း သူ၏ဆံပင်များ ဖြူဖွေးနေကာ သူ၏မျက်လုံးများက မှုံမှိုင်းပြီးသွေးနီရောင်သန်းနေသည်။

"မိသားစုခေါင်းဆောင်ကို အရိုအသေပြုပါတယ်"

ဝေ့ထိုက်က ရိုသေလေးစားစွာ အရိုအသေပြုလိုက်၏။

ထိုလူကြီးသည် ရှန်းနွန်တောင်ကြားသခင် ဝေ့ဟောင်ရှုံးပင်။

ဝေ့ဟောင်ရှုံးသည် ကောင်းကင်အဆင့်ဆေးပညာရှင်ဖြစ်သဖြင့် သူ၏နာမည်ဂုဏ်သတင်းသည် ကောင်းကင်ဘုံနယ်မြေအတွင်း၌ အလွန်အမင်းကျော်ကြားသည်။ထို့ကြောင့် ဝေ့မိသားစုသည်လည်း သူ့အားမှီခို၍ မြင့်တက်လာကာ ချမ်းသာကြွယ်ဝသော မိသားစုကြီးတစ်စုဖြစ်လာတော့သည်။

ဝေ့ဟောင်ရှုံးက ခေါင်းမော့၍ ဝေ့ထိုက်ကိုကြည့်ကာ မေးမြန်းသည်။

"မင်းကိုငါ ပြင်ဆင်ခိုင်းထားတာတွေ....အဆင်သင့်ဖြစ်ပြီလား"

ဝေ့ထိုက်က သူ၏ရင်ဘတ်ကို သူ့လက်ဖြင့်ပြန်ပုတ်ကာ ပြောဆိုလေ၏။

"မိသားစုခေါင်းဆောင် ဘာမှမစိုးရိမ်ပါနဲ့...ကျွန်တော်က ဆေးပညာရှင်တွေအများကြီးကို ဖိတ်ကြားထားပြီးပြီ...ဧကရာဇ်တစ်ဝက်အဆင့်ဆေးလုံးဆိုတဲ့ အသံကိုကြားတာနဲ့ သူတို့က ဒီနေရာကို အပြေးရောက်လာကြတယ်...သူတို့ရောက်လာဖို့ကို ကျွန်တော် အရမ်းကြီးအင်အားစိုက်ထုတ်ဖို့တောင် မလိုခဲ့ဘူး"

Chapter 2655

"ကောင်းပြီလေ"

ဝေ့ဟောင်ရှုံးသည် သာမာန်ကာလျှံကာ ခေါင်းတစ်ချက်ဆတ်ပြလေ၏။ဤကိစ္စအောင်မြင်မည်ကို ကြိုတင်သိရှိထားပုံဖြင့် သူသည် အနည်းငယ်မျှပင် အံ့အားသင့်ပုံမရချေ။

"ငါ မင်းကို ဒီနေရာ ဘာလို့ခေါ်လိုက်တာလဲဆိုတာ မင်း သိလား"

ဝေ့ဟောင်ရှုံးက ဝေ့ထိုက်ကို စူးစိုက်ကြည့်ကာ ပြောဆိုသည်။

ဤအကြည့်​ကြောင့် ဝေ့ထိုက်သည် သူ့အား မိုးကြိုးဖြင့်ရိုက်ခတ်မိသကဲ့သို့ ခံစားရစေသည်။သူက မြေပြင်ပေါ်၌ အလျှင်အမြန်ဦးညွှတ်ဝပ်တွားလိုက်၏။

"ကျွန်တော် မသိပါဘူး...ကျေးဇူးပြုပြီးတော့ မိသားစုခေါင်းဆောင်က ကျွန်တော်ကို အလင်းပြပေးပါလား"

တခြားသူများ၏အမြင်တွင် ဝေ့ထိုက်၏အဆင့်အတန်းသည် အလွန်အမင်းရိုသေလေးစားခံရပြီး ကြီးကျယ်ခမ်းနားသည်။

သို့ရာတွင် ဝေ့မိသားစုဝင်များသာ သိသောအချက်မှာ မိသားစုအတွင်း၌ သူတို့၏အဆင့်အတန်း မည်မျှပင် မြင့်မားနေပါစေ ဝေ့ဟောင်ရှုံး၏ရှေ့အရောက်တွင် ပုရွက်ဆိတ်များသာဖြစ်သည်။

ဝေ့ဟောင်ရှုံးသာမရှိပါက ဝေ့မိသားစုသည် အရေးပါအရာရောက်သော မိသားစုမဟုတ်တော့ဟုပင် ဆိုနိုင်သည်။

ဝေ့ဟောင်ရှုံးသည် ဝေ့မိသားစုအတွင်းတွင် အကြွင်းမဲ့အခွင့်အာဏာမျိုးကို ပိုင်ဆိုင်ထားလေ၏။တချို့ဘိုးဘေးများပင်လျှင် ဝေ့ဟောင်ရှုံးကို မြင်တွေ့ချိန်၌ မတ်တတ်ထရပ်ကာ တရိုတသေပြောဆိုရသည်။

"မင်းက အဆင့်မြင့်ကျောင်းတော်သားဖြစ်သွားပြီလို့ ငါ ကြားထားတယ်...မင်းရဲ့အဆင့်က နည်းနည်းတော့နိမ့်နေပေမယ့် မိသားစုထဲမှာ အောင်မြင်မှုတချို့ရတဲ့ လူငယ်မျိုးဆက်သစ်တစ်ယောက်လို့ ယူဆနိုင်တယ်"

ဝေ့ဟောင်ရှုံးကိုကြည့်ရသည်မှာ သာမာန်ကာလျှံကာ စကားစမြည်ပြောဆိုနေသကဲ့သို့ပင်။

သို့ရာတွင် ဝေ့ထိုက်သည် အနည်းငယ်မျှပင် စိတ်အေးချမ်းသာနေခြင်းမရှိချေ။

ဝေ့ဟောင်ရှုံး မည်သည်ကြောင့် ဤကဲ့သို့စကားမျိုးအား ပြောဆိုနေသည်ကို သူ မခန့်မှန်းနိုင်ပေ။

"ကျွန်တော်ရဲ့ရလဒ်က မိသားစုခေါင်းဆောင်ရဲ့မျက်လုံးထဲမှာတော့ ဘာမှမဟုတ်နိုင်ဘူး...မိသားစုခေါင်းဆောင်က ကျွန်တော်ကို ချီးကျူးလွန်နေတာပါ"

ဝေ့ထိုက်က ပျာပျာသလဲ ပြောဆိုသည်။

ဝေ့ဟောင်ရှုံးက ငြင်းဆန်ခြင်းမပြုချေ။

"ဒါက အမှန်ပဲ...မိသားစုက မင်းကိုမြေတောင်မြှောက်ပေးဖို့ ကျင့်ကြံခြင်းအရင်းအမြစ်တွေ အများကြီးအသုံးပြုခဲ့ရတယ်...ဒါပေမယ့် အဆုံးသတ်ကျတော့ မင်းက ကြယ်မြစ်စာမေးပွဲကို နောက်ဆုံးအဆင့်ကနေ အောင်မြင်ခဲ့တယ်...တကယ်လို့ ဒီတစ်ကြိမ်မှာ အဆင့်မြင့်ကျောင်းတော်သားတွေ ပိုပြီးခေါ်ယူတာကြောင့်သာမဟုတ်ရင် မင်းရဲ့နာမည်ပါလာမှာမဟုတ်ဘူး...မင်းက တကယ့်ကို အမှိုက်ကောင်ပဲ"

ဝေ့ထိုက်က သူ၏ခေါင်းကိုအောက်ငုံ၍ ထပ်မံအရိုအသေပြုကာ တစ်ခွန်းတစ်လေမျှ စောဒကမတက်ဝံ့ချေ။

ဝေ့ဟောင်ရှုံးက ရုတ်တရက် သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

"မင်းက ကိုယ်လုပ်တော် အယောက်ခုနစ်ဆယ်ကျော်နဲ့ လက်ထပ်ထားပြီးတော့ မျိုးဆက်တွေတစ်ရာကျော်ရှိတယ်လို့ ငါကြားထားတာ အမှန်ပဲလား"

"ဒါက...မိသားစုခေါင်းဆောင်...ကျွန်တော် အိမ်တော်ကိုပြန်ရောက်တာနဲ့ ကျင့်ကြံတာမှာပဲ အာရုံစူးစိုက်ပါတော့မယ်...ကျွန်တော် ထပ်ပြီးတော့ ကိုယ်ကျင့်သိက္ခာမမဲ့တော့ပါဘူး"

ဝေ့ထိုက်၏မျက်နှာ ဖြူရော်သွားကာ သူက အလျှင်အမြန်ဦးညွှတ်အရိုအသေပြု၍ သူ၏အမှားကို ဝန်ခံလေသည်။

ယခုလက်ရှိချိန်၌ သူ့ကိုယ်သူ ခုခံကာကွယ်နေခြင်းသည် မည်သို့မျှအသုံးမဝင်မှန်း သူ ကောင်းစွာသိရှိထားသည်။

ဝေ့ဟောင်ရှုံး သည်းမခံနိုင်ဆုံးအချက်မှာ တခြားသူများက သူ့ကို လိမ်လည်လှည့်ဖျားခြင်းပင်။ထို့​ကြောင့် သူ၏ရှေ့တွင် အမှန်အတိုင်းပြောဆိုသည်က အကောင်းဆုံးဖြစ်ပေမည်။

"မင်းက တော်သားပဲ...ဒီအရည်အချင်းက နည်းနည်းတော့ အသုံးဝင်တယ်"

ဝေ့ဟောင်ရှုံး၏မျက်နှာပေါ်၌ ရုတ်တရက် စိတ်ကျေနပ်မှုရသွားသောအပြုံးမျိုး ထင်ဟပ်လာသည်။

ဘာ...

မည်သည်ကြောင့် မိသားစုခေါင်းဆောင်က ထိုကိစ္စကို ထုတ်ဖော်ပြောဆိုရသနည်း...

ဝေ့ထိုက်၏မျက်နှာအမူအယာ တောင့်တင်းနေကာ သူက ခက်ခက်ခဲခဲအားယူ၍ ခေါင်းမော့ကြည့်လိုက်၏။

ဝေ့ဟောင်ရှုံးက ရုတ်တရက် သူ၏လက်ကို အမှောင်ထုအတွင်းသို့ဆန့်တန်းကာ တစ်စုံတစ်ခုကို ယူဆောင်ပြီးနောက် လက်ပြန်ရုတ်လိုက်သည်။မြက်ဖျာလိပ်တစ်ခုက ရုတ်တရက် ဝေ့ထိုက်၏ရှေ့သို့ ကျရောက်လာသည်။

ထိုမြက်ဖျာပေါ်တွင် ဖြူဖွေးနူးညံသောအသားအရေရှိသည့် အမျိုးသမီးတစ်ယောက် လဲလျောင်းနေကာ သူမသည် နှစ်ခြိုက်စွာအိပ်မောကျနေသည့်အလား သူမ၏မျက်လုံးကို တင်းတင်းကျပ်ကျပ်မှိတ်ထားသည်။

သူမသည် သတိလစ်မေ့မျောနေသော်လည်း မိန်းမပျိုတစ်ယောက်၏လှပမှုမျိုး ရှိနေဆဲပင်။သူမသည် ကမ္ဘာလောကကြီးအတွင်းရှိ ညစ်ညမ်းမှုများနှင့် မည်သို့မျှမသက်ဆိုင်သော နတ်ဘုရားမတစ်ပါးနှင့် တူညီနေလေ၏။သူမ၏တည်ရှိမှုကြောင့် လူအများသည် သူတို့၏အပြစ်များကြောင့် အရှက်ရခြင်းကိုပင် ခံစားရစေနိုင်သည်။

ဝေ့ထိုက်သည် ထိုအမျိုးသမီးကို တစ်ချက်ကြည့်ပြီးနောက် လိုချင်တပ်မက်ခြင်းအရိပ်အယောင်များက သူ၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ သူ့ရှေ့တွင် ဝေ့ဟောင်ရှုံးရှိနေသည်။သူ မည်မျှထိ လိုချင်တပ်မက်နေသည်ဖြစ်စေ သူ၏စိတ်ဆန္ဒကို ချိုးနှိမ်ထားရပေမည်။

သို့ရာတွင် ဝေ့ထိုက်သည် ထိုအမျိုးသမီးကို အကြိမ်ရေအနည်းငယ်ခန့် ထပ်ကြည့်ပြီးနောက် ရုတ်တရက် အံ့အားတသင့် ပြောဆိုလိုက်သည်။

"ခဏလေး...သူက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့ လက်ထောက်ကျောင်းအုပ်ပိုင်မင်ဟန်မဟုတ်လား"

ဝေ့အိမ်တော်သည် မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေအတွင်း၌ တည်ရှိသဖြင့် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ အစွမ်းထက်ကျင့်ကြံသူများကို ကောင်းစွာသိရှိထားလေ၏။

ပိုင်မင်ဟန်သည် အမြဲတစေ တံခါးပိတ်ကျင့်ကြံနေလေ့ရှိကာ ပြင်ပသို့ထွက်လာသည်မှာ လွန်စွာရှားပါးသော်လည်း ဤနှစ်အနည်းငယ်အတွင်းတွင် သူမ၏ပုံပန်းသွင်ပြင်သည် လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ချေ။သူမအား စွဲလန်းတပ်မက်နေသော လူအမြောက်အများရှိနေကာ ထိုလူများအကြားတွင် ဝေ့ထိုက်လည်းအပါအဝင်ပင်။

ယခင်က ဝေ့ထိုက်သည် ပိုင်မင်ဟန်၏ပုံတူပန်းချီကားတစ်ချပ်ကို မတော်တဆရရှိခဲ့ဖူးသည်။ထိုအချိန်အခိုက်အတန့်တွင် သူသည် ပုံတူပန်းချီကားအတွင်းမှ အမျိုးသမီး၏ညှို့ယူဖမ်းစားခြင်းကိုခံရကာ သူမအား စွဲလန်းတပ်မက်မှုမှ ရုန်းမထွက်နိုင်ခဲ့ချေ။

"မိသားစုခေါင်းဆောင်...ကျွန်တော်က ဘာလုပ်ပေးရမလဲ"

ဝေ့ထိုက်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းသည်။

သူသည် ပိုင်မင်ဟန်ကိုစွဲလန်းတပ်မက်နေသော်လည်း တစ်ဖက်လူ၏ခွန်အားနှင့်နောက်ခံအဆင့်အတန်းကို ကောင်းစွာသိရှိထားသည်။

အကယ်၍ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ လက်ထောက်ကျောင်းအုပ်ကို ဝေ့မိသားစုမှဖမ်းဆီးထားသည်ဟူသော သတင်းသာ ပြင်ပသို့ပျံ့နှံ့သွားပါက ဝေ့မိသားစုအတွက် ကပ်ဘေးများဆိုက်ရောက်လာပေမည်။

All Chapters