အခန်း (၂၆၅၆-၂၆၆၀)
Vol. 136 Ch. 2656-2660
Chapter 2656
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေတစ်ခုလုံး၏ အစွမ်းထက်ဆုံးအင်အားစုပင်။သူတော်စင်ယီဟန်ဟူသော နောက်ခံအင်အားရှိနေခြင်းကြောင့် ထိုအင်အားစုနှင့် ရင်ဆိုင်ရသော မည်သူမဆို ထိတ်လန့်ကြောက်ရွံကြသည်။
သူတို့၏ဝေ့မိသားစုသည် ချမ်းသာကြွယ်ဝကာ အဆင့်အတန်းအတော်အသင့် မြင့်မားသော်လည်း ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ဟူသော အင်အားစုကြီးနှင့် နှိုင်းယှဥ်ပါက လွန်စွာအလှမ်းကွာဟသည်။
"မင်းရဲ့စိတ်ထဲမှာ အခုဘာကိုတွေးနေလဲဆိုတာ ငါ မသိဘူးလို့ မင်း ထင်နေတာလား"
ဝေ့ဟောင်ရှုံးက အေးစက်စက်အကြည့်ဖြင့် ဝေ့ထိုက်ကို ကြည့်လိုက်၏။
"မြင့်မြတ်တဲ့နတ်ဘုရား ပြန်လည်ဝင်စားဖို့အတွက် အသစ်စက်စက်မွေးလာမယ့် ကလေးတစ်ယောက် လိုအပ်တယ်...အဲ့ဒီကိစ္စကို မင်း လုပ်ပေးရမယ်"
ဝေ့ထိုက်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားကာ သူက အလျင်စလို ခေါင်းမော့လိုက်သည်။ဝေ့မိသားစုခေါင်းဆောင်သည် အစိမ်းရောင်ကြာနတ်ဘုရားနှင့် ပူးပေါင်းထားသည်ကို သူ သိရှိထားပြီးလေပြီ။
ထို့ပြင် အစိမ်းရောင်ကြာနတ်ဘုရားသည် သူ၏ခန္ဓာကိုယ်ပေါ်၌ တားမြစ်မန္တန်တစ်ခု ထည့်သွင်းထားသည်။အကယ်၍ သူသည် အစိမ်းရောင်ကြာနတ်ဘုရားနှင့်ပတ်သတ်၍ တခြားသူများကိုပြောဆိုဝံ့ပါက တားမြစ်မန္တန်အသက်ဝင်သွားကာ သူ၏ရုပ်ခန္ဓာကိုယ်နှင့်စိတ်ဝိညာဥ်နှစ်ခုလုံး ချက်ချင်းပေါက်ကွဲသွားပေမည်။
"မိသားစုခေါင်းဆောင်...ကျွန်တော်ကို ပွင့်ပွင့်လင်းလင်းပြောပါ...ဘယ်လိုမွေးကင်းစကလေးမျိုးကို လိုချင်တာလဲဆိုတာ...ကျွန်တော်က မိသားစုခေါင်းဆောင်အတွက် ရအောင်ဆောင်ကျဥ်းပေးမယ်"
ဝေ့ထိုက်က ရိုသေလေးစားစွာ ပြောဆိုသည်။
ဝေ့ဟောင်ရှုံးက သရော်တော်တော် ပြောဆိုလေ၏။
"လူအများစုက သာမာန်လူတွေအနေနဲ့ပဲ မွေးဖွားလာကြတာ...အဲ့ဒီလိုလူတွေရဲ့ခန္ဓာကိုယ်တွေက နတ်ဘုရားရဲ့စိတ်ဝိညာဥ်ပူးကပ်ဖို့ ဘယ်လိုလုပ်ပြီး ထိုက်တန်မှာလဲ...ဒီမိန်းကလေးမှာ အထူးခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံရှိတယ်...ငါ့ရဲ့တွက်ချက်မှုအရ သူ့ရဲ့ကလေးက နှစ်တစ်ထောင်မှာ တစ်ယောက်ပဲ ထွက်ပေါ်လာတတ်တဲ့ ထိပ်တန်းခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ မွေးဖွားလာမှာ...ဒီလိုခန္ဓာကိုယ်မျိုးကပဲ နတ်ဘုရားရဲ့စိတ်ဝိညာဥ် ပူးကပ်ဖို့ ထိုက်တန်တယ်"
သူက သတိလစ်မေ့မျောနေသော ပိုင်မင်ဟန်ကို လက်ညှိုးညွှန်လိုက်သည်။
"မင်း ဒီမိန်းကလေးနဲ့လက်ထပ်ပြီးလို့....သူ ကိုယ်ဝန်ရှိလာတဲ့အချိန်ကျရင်...မြင့်မြတ်တဲ့နတ်ဘုရားက အဲ့ဒီသန္ဓေသားလောင်းရဲ့အကူအညီနဲ့ ပြန်ဝင်စားနိုင်လိမ့်မယ်...ပြီးတော့ မင်းလည်း အကျိုးကျေးဇူးတွေအများကြီး ရလိမ့်မယ်"
ထိုစကားများကြောင့် ဝေ့ထိုက် ကြက်သေသေသွားသည်။ဝေ့ဟောင်ရှုံးသည် ဤကိစ္စအတွက် သူ့အားဆင့်ခေါ်ခဲ့ခြင်းဖြစ်မည်ဟု သူ မျှော်လင့်မထားမိချေ။
"ဒါဆို....ကျွန်တော် အခုစသင့်လား"
ဝေ့ထိုက်သည် သူ၏အာခေါင်ခြောက်ကပ်နေသကဲ့သို့ ခံစားလိုက်ရ၏။
အထူးသဖြင့် ပိုင်မင်ဟန်၏ပြိုင်ဘက်ကင်းအလှကို သူ မြင်တွေ့ချိန်တွင် သူ၏စိတ်နှလုံးသားအတွင်း၌ ရမ္မက်ဇောများဖြင့် ပူပြင်းလောင်ကျွမ်းလာကာ သူ့ကိုယ်သူ ထိန်းချုပ်မှုလွတ်ကင်းသွားသကဲ့သို့ ခံစားရသည်။
ဝေ့ဟောင်ရှုံးက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"မြင့်မြတ်တဲ့နတ်ဘုရားက အမိန့်ပေးထားပြီးပြီ...ဒီကိစ္စကို မြန်မြန်လုပ်ဆောင်ဖို့ လိုအပ်တယ်...မင်း ဒီနေရာမှာ လုပ်လို့ရတယ်...အပိုစကားတွေ ထပ်မပြောနဲ့...တကယ်လို့ ဆေးလုံးအတွက် ငါ့ရဲ့သွေးအနှစ်သာရတွေ အချိန်အတော်ကြာအသုံးပြုခဲ့လို့ ငါ့ရဲ့ခန္ဓာကိုယ်မှာထိခိုက်မှုရှိနေတာကြောင့်သာမဟုတ်ရင် မင်းရဲ့အလှည့်ရောက်မလာဘူး"
ဤတစ်ကြိမ်တွင် ဝေ့ထိုက်ထံ၌ မည်သည့်စိုးရိမ်ပူပန်မှုမျိုးမျှ မရှိတော့ချေ။
သူ၏မျက်လုံးအတွင်း၌ ဆိုးညစ်သောအရိပ်အယောင်များ ထင်ဟပ်စပြုလာကာ သူ၏တုန်ရီနေသောလက်များကို ပိုင်မင်ဟန်ထံ ဆန့်တန်းလိုက်သည်။
သူမသည် အဆင့်အတန်းမြင့်မားပြီး ကြီးကျယ်ခမ်းနားသောပုံရိပ်မျိုးရှိသည့် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ လက်ထောက်ကျောင်းအုပ်ပင်။
ဤကဲ့သို့ အလွန်ဆွဲဆောင်မှုရှိပြီး လှပချောမောသော အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ကို သူ အပိုင်ယူနိုင်တော့မည်အား တွေးတောမိချိန်တွင် ဝေ့ထိုက်၏နှလုံးခုန်နှုန်း မြန်ဆန်လာခဲ့သည်။
သို့သော် ထိုအချိန်မှာပင် သူ၏လက်ကို အနောက်မှနေ၍ တင်းတင်းကြပ်ကြပ်ဖမ်းဆုပ်ထားခြင်း ခံလိုက်ရ၏။
"ဘယ်သူလဲ"
ဝေ့ထိုက်က ထိတ်လန့်တုန်လှုပ်စွာဖြင့် နောက်သို့လှည့်ကြည့်လိုက်၏။
သို့ရာတွင် လုယွီသည် သူနှင့်စကားပြောဆိုရမည်ကို အလွန်ပျင်းရိငြီးငွေ့နေသည်။သူက ဝေ့ထိုက်ကို ပါးတစ်ချက်ဖြတ်ရိုက်ကာ နောက်သို့လွင့်ထွက်သွားစေသည်။
ထိုပါးရိုက်ချက်သည် အလွန်ပြင်းထန်ပေ၏။ဝေ့ထိုက်၏ပါးစပ်ရွဲ့စောင်းသွားကာ သူသည် လွင့်ထွက်သွားသောအရှိန်ကြောင့် နံရံတစ်ခုနှင့် ပြင်းပြင်းထန်ထန် ရိုက်ခတ်မိသည်။
"အား...ငါ့ရဲ့အရိုးတွေ ကျိုးကုန်ပြီ"
ဝေ့ထိုက်က စူးရှနာကျင်စွာ အော်ဟစ်နေလေသည်။အလွန်ပြင်းထန်သောနာကျင်မှုကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်ရီနေသည်။
ဝေ့ဟောင်ရှုံးက မေးမြန်းသည်။
"မင်းက ဘယ်သူလဲ"
သူ၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ဖြတ်ပြေးသွားကာ တစ်ချိန်တည်းမှာပင် သူက ထိတ်လန့်တုန်လှုပ်သွားပေ၏။
ဝေ့ဟောင်ရှုံးသည် ကောင်းကင်အဆင့်ဆေးပညာရှင်ဖြစ်သဖြင့် သူ၏စိတ်စွမ်းအားသည် အလွန်အမင်း အစွမ်းထက်သည်။သူ၏ကြိုတင်သိမြင်နိုင်စွမ်းသည်လည်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းအောင် ထက်မြက်သည်။
သို့ရာတွင် သူ့ထံ၌ ထိုကဲ့သို့ကြိုတင်သိမြင်နိုင်စွမ်းရှိသည့်တိုင် လုယွီတည်ရှိမှုကို အာရုံခံနိုင်စွမ်းမရှိခဲ့ချေ။
"အစိမ်းရောင်ကြာနတ်ဘုရား ဘယ်မှာလဲ...ကျုပ်ကို သူ့ဆီ ခေါ်သွားစမ်း"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
အစိမ်းရောင်ကြာနတ်ဘုရားဟု လုယွီ ထုတ်ဖော်ပြောဆိုသည်ကိုကြားချိန်တွင် ဝေ့ဟောင်ရှုံးသည် သူ၏လျှို့ဝှက်ချက် ထွက်ပေါ်သွားပြီဖြစ်ကြောင်း သိရှိသွားသည်။သူ၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေပေ၏။
"သေလမ်း လာရှာတာလား"
ထိုသို့ပြောဆိုပြီးသည်နှင့် သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်ရှိယင်ချီများက သူ၏ရှေ့၌ သိပ်သည်းသွားသည်။ဤသည်က ဝေ့ဟောင်ရှုံး၏အကျော်ကြားဆုံး မှော်နည်းစနစ်ဖြစ်သော 'အနက်ရောင်နတ်ဆိုးလက်ဝါး'ပင်။
Chapter 2657
ပတ်ဝန်းကျင်ရှိယင်ချီများက လုယွီထံဦးတည်၍ တဟုန်ထိုးဝင်ရောက်လာသည်။
"သေခြင်းနဲ့ရှင်ခြင်းကြားက ကွာဟချက်ကို ခင်ဗျားက တကယ်မသိသေးပုံပဲ"
လုယွီက သူ၏လက်ကိုမြှောက်ကာ ထိုက်ယွမ်လက်ဝါးကို အသုံးပြုလိုက်၏။သူ၏မှော်စွမ်းအားများသည် ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးအဖြစ်သိပ်သည်းသွားကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ထိုရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးသည် သိပ်သည်းပြီးအစွမ်းထက်သော ချီလှိုင်းများနှင့် ရောယှက်နေသည်။ထိုအရာသည် ပတ်ဝန်းကျင်ရှိယင်ချီများကိုထွင်းဖောက်ကာ ဝေ့ဟောင်ရှုံး၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။
ဖူး...
ဝေ့ဟောင်ရှုံး၏ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်လာသည်။သူ၏ခန္ဓာကိုယ်ကို မိုးကြိုးဖြင့်ရိုက်ခတ်ခံရသည့်အလား နောက်သို့လွင့်ထွက်သွားတော့သည်။
လုယွီက သူ၏လက်ကိုဆန့်တန်း၍ မှော်စွမ်းအားများဖြင့် ပိုင်မင်ဟန်ကိုရစ်ပတ်ကာ သိုလှောင်အိတ်အတွင်းသို့ ထည့်သွင်းလိုက်၏။
"မိသားစုခေါင်းဆောင်...အဲ့ဒီကောင်ကို ကျွန်တော်သိတယ်...သူက တောင်ကြားရှေ့မှာ ကျွန်တော်ကိုတိုက်ခိုက်ခဲ့တယ်...သူက မကောင်းတဲ့အကြံအစည်နဲ့ ဒီနေရာကိုလာခဲ့ပုံပဲ...သူ့ကို အလွတ်ပေးလို့မဖြစ်ဘူး"
ဝေ့ထိုက်က လုယွီကိုကြည့်၍ အော်ဟစ်လိုက်သည်။
နာကျည်းမုန်းတီးမှုများက ဝေ့ထိုက်၏မျက်လုံးအတွင်း၌ ထင်ဟပ်နေသည်။
ထိုအချိန်တုန်းက ရှန်းနွန်တောင်ကြားရှေ့တွင် လုယွီသည် သူ့အား အရှက်ရစေခဲ့သည်။
ယခုချိန်တွင် လုယွီသည် သူ၏အချိန်ကောင်းကိုပင် ကြားဖြတ်နှောက်ယှက်ခဲ့လေ၏။ဤကိစ္စကို သူ သည်းမခံနိုင်ချေ။
"ပါးစပ်ပိတ်ထားစမ်း"
ဝေ့ဟောင်ရှုံးက အော်ငေါက်လိုက်သည်။သူ၏စိတ်နှလုံးသားအတွင်း၌ ဒေါသများဖြင့် ကြီးစိုးနေသည်။
ဤအမှိုက်ကောင်သည် သူ၏နောက်သို့ တစ်စုံတစ်ယောက်ကပ်လိုက်လာသည်ကိုပင် မသိခဲ့ချေ။
ဝေ့ဟောင်ရှုံးသည် အစောပိုင်းက တိုက်ခိုက်ခံရမှုတွင် တစ်ဖက်လူ၏ခွန်အားကို သိရှိထားပြီးလေပြီ။ဤကဲ့သို့ခွန်အားမျိုးကို တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်ဟု ဆိုနိုင်ပေ၏။သူသည် မည်သည့်နည်းနှင့်မျှ တစ်ဖက်လူကို ယှဥ်ပြိုင်တိုက်ခိုက်နိုင်မည်မဟုတ်ချေ။
"ပြေးကြစို့"
ဝေ့ဟောင်ရှုံးက နောက်သို့ချာခနဲလှည့်ကာ ထွက်ပြေးခဲ့တော့သည်။
လှိုဏ်ဂူအတွင်းရှိ မြေပြင်အနေအထားသည် အလွန်ရှုပ်ထွေးကာ လမ်းဆုံလမ်းခွအမြောက်အများရှိသည်။ထို့ပြင် လမ်းများသည် အကွေ့အကောက်အလွန်များသဖြင့် အကယ်၍ တစ်စုံတစ်ယောက်ငည် ဤနေရာနှင့်ရင်းနှီးကျွမ်းဝင်မှုမရှိဘဲ ဝင်ရောက်လာပါက အလွန်သတိထားရပေမည်။
"ဒီထိပ်သီးကျင့်ကြံသူက ဘယ်ကနေရောက်လာတာလဲ...ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်က လွှက်လိုက်တာများလား....မဖြစ်နိုင်ဘူး...ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကလူတွေက အခုချိန်မှာ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ဖို့တောင် ခက်ခဲနေတယ်လို့ နတ်ဘုရားက ပြောထားတယ်...ဒါဆို ဘယ်လိုလုပ်ပြီးတော့ သူက ဒီနေရာကို ရောက်လာရတာလဲ"
မြောက်မြားစွာသောအတွေးများက ဝေ့ဟောင်ရှုံး၏စိတ်နှလုံးသားအတွင်း၌ ဖြတ်ပြေးနေကာ သူ၏စိတ် ဖရိုဖရဲဖြစ်နေသည်။
ဤသည်က ချို့ယွင်းချက်မဲ့သောအစီအစဥ်တစ်ခု ဖြစ်သင့်သော်လည်း လုယွီထွက်ပေါ်လာမှုကြောင့် လုံးလုံးလျားလျား ပျက်စီးသွားခဲ့သည်။
"ခင်ဗျားက ထွက်ပြေးချင်သေးတာလား"
အေးစက်စက်အသံတစ်သံက ဝေ့ဟောင်ရှုံး၏နားအတွင်းသို့ ဝင်ရောက်လာသည်။
ဝေ့ဟောင်ရှုံး နောက်လှည့်မကြည့်ရသေးမီမှာပင် လုယွီက သူ့အားဖမ်းဆုပ်ကာ လွှင့်ပစ်လိုက်သည်။
ဘုန်း...
လုယွီ၏တိုက်ခိုက်မှုသည် အလွန်ပြင်းထန်ပေ၏။ဝေ့ဟောင်ရှုံးသည် လှိုဏ်ဂူ၏ကျောက်တုံးနံရံကို ဖောက်ထွက်သွားကာ ပြင်ပသို့ရောက်ရှိသွားသည်။
ပြင်ပ၌ ရာထောင်ချီသော ဆေးပညာရှင်များ ဆေးသန့်စင်နေကြဆဲပင်။
ဧကရာဇ်တစ်ဝက်အဆင့်ဆေးလုံးကို သန့်စင်နိုင်ရန်အလို့ငှါ ဆေးပညာရှင်အများစုသည် သူတို့နှစ်ရှည်လများ စုဆောင်းခဲ့သော ဆေးပင်များကို ယူဆောင်လာကြသည်။ဤအချိန်အခိုက်အတန့်တွင် ပြင်းထန်သောဆေးရနံ့များက နေရာအနှံ့အပြား၌ ပျံ့လွင့်နေပေ၏။
ဆေးပညာရှင်တိုင်းလိုလို ဆေးသန့်စင်ရာတွင်သာ အာရုံစူးစိုက်နေကြသည်။သို့သော် ထိုအချိန်မှာပင် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံက လေထုအတွင်း၌ မြည်ဟီးသွားသည်။
ဆေးပညာရှင်များအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။သူတို့က မိုးကောင်းကင်ယံသို့ အလျှင်အမြန် မော့ကြည့်လိုက်သည်။မူလက ရိုသေလေးစားထိုက်သော အသွင်အပြင်မျိုးရှိသည့် တောင်ကြားသခင် ရုတ်တရက် လွင့်ထွက်လာသည်ကို သူတို့အားလုံး တွေ့မြင်လိုက်ရ၏။သူ၏ပါးစပ်မှလည်း သွေးများအန်ထွက်နေသည်။
"အတင့်ရဲလိုက်တာ"
"ဘယ်သူက ရှန်းနွန်တောင်ကြားမှာ ပြဿနာလာရှာရဲတာလဲ...သေချင်နေတာလား"
တောင်ကြားမှနေ၍ အော်ငေါက်သံများ ထွက်ပေါ်လာသည်။ထိုအသံသည် မိုးခြိမ်းသံတမျှ ကျယ်လောင်လှ၏။
ရှန်းနွန်တောင်ကြားမှအကြီးအကဲများ တစ်ယောက်ပြီးတစ်ယောက်ထွက်လာကာ လုယွီ၏ရှေ့တွင် ပိတ်ဆို့ဟန့်တားလိုက်ကြသည်။
အင်အားစုကြီးတိုင်းတွင် အစွမ်းထက်သောအကြီးအကဲများရှိသည်။သူတို့ထံတွင် အခြေခံအားဖြင့် ပတ်ဝန်းကျင်ရှိတခြားအင်အားစုများကို ခြိမ်းခြောက်နိုင်သောစွမ်းအားမျိုး ပိုင်ဆိုင်ထားသည်။
တောင်ကြားသခင် တိုက်ခိုက်ခံရသည်ကိုမြင်တွေ့ချိန်တွင် သူတို့သည် လုယွီကိုဟန့်တားရန်အတွက် တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြခြင်းပင်။
"ရှန်းနွန်တောင်ကြားသခင်က အစိမ်းရောင်ကြာနတ်ဘုရားနဲ့ ပူးပေါင်းထားတယ်...သူက ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုကြီးကို ကျူးလွန်ထားတဲ့သူပဲ...သူကိုကူညီပေးတဲ့ဘယ်သူမဆို တူညီတဲ့ရာဇဝတ်မှုကို ကျူးလွန်တယ်လို့ယူဆပြီးတော့ ကျင့်ကြံဆင့်နယ်ပယ် ဖျက်ဆီးခံရမယ့်အပြင် ဆွေစဥ်မျိုးဆက်၉ဆက်ထိ ကွပ်မျက်ခံရမယ်...သူ့ကို ဘယ်သူ ကူညီပေးဝံ့လဲဆိုတာ ငါ ကြည့်ချင်တယ်"
လုယွီက သူ၏ဗိုလ်ချုပ်တံဆိပ်ပြားကို ထုတ်ပြလိုက်၏။
ဗိုလ်ချုပ်တံဆိပ်ပြားကိုမြင်တွေ့ချိန်တွင် ထိုအကြီးအကဲများ၏မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။
အကယ်၍ တိုက်ခိုက်လာသူသည် တခြားအင်အားစုမှဆိုပါက သူတို့ လွယ်လင့်တကူ သတ်ဖြတ်၍ရသည်။သို့ရာတွင် တော်ဝင်နန်းတွင်းမှဖြစ်နေသဖြင့် သူတို့ မဆင်မခြင်ပြုလုပ်၍မရချေ။
မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေသည် တောင်ဝင်မြို့တော်နှင့်နယ်နမိတ်ထိစပ်နေကာ သူတော်စင်ယီဟန်၏ပိုင်နက်နယ်မြေဖြစ်သည်။ထို့ကြောင့် တော်ဝင်နန်းတွင်းသည် များသောအားဖြင့် ဤနေရာမှကိစ္စရပ်များကို ဝင်ရောက်စွက်ဖက်လေ့မရှိချေ။
သို့ရာတွင် ဤသည်က တော်ဝင်နန်းတွင်းသည် မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေကို လုံးလုံးလျားလျားဂရုမစိုက်ဟု ဆိုလိုခြင်းမဟုတ်ပေ။
Chapter 2658
အကယ်၍ စစ်ဗိုလ်ချုပ်တစ်ယောက်သာ ရှန်းနွန်တောင်ကြားတွင် အသတ်ခံရပါက မည်သည့်အကြောင်းပြချက်မျိုးရှိနေပါစေ တော်ဝင်နန်းတွင်း၏စစ်မေးခြင်းကို ခံရပေမည်။
အကြီးအကဲများ တွန့်ဆုတ်နေသည်ကိုကြည့်ပြီး ဝေ့ဟောင်ရှုံးက အော်ဟစ်လိုက်သည်။
"မင်းတို့ ဘာတွေကြောက်နေကြတာလဲ...သူ့ကိုဖမ်းဆီးနိုင်တဲ့ ဘယ်သူ့ကိုမဆို ဧကရာဇ်တစ်ဝက်အဆင့်ဆေးလုံးကို ဆုအဖြစ်ပေးမယ်"
ထိုကတိစကားကိုကြားချိန်တွင် အကြီးအကဲများသည် သူတို့၏စိတ်နှလုံးသားအတွင်းမှ တွန့်ဆုတ်နေမှုကို လွှက်ချလိုက်ကြ၏။
သူတို့သည် ဆေးလုံးအတွက် ဝေ့ဟောင်ရှုံး၏နောက်သို့ လိုက်လာခဲ့ခြင်းဖြစ်သည်။
ဧကရာဇ်တစ်ဝက်အဆင့်ဆေးလုံးသည် သူတို့၏ကျင့်ကြံဆင့်နယ်ပယ်ကို အဆင့်သစ်တစ်ခုထိ မြင့်တက်သွားစေနိုင်ပေ၏။အကယ်၍ ဤကိစ္စအတွက် သူတို့အား တော်ဝင်နန်းတွင်းမှ လိုက်လံဖမ်းဆီးမည်ဆိုလျှင်ပင် သူတို့သည် အဝေးသို့တိမ်းရှောင်သွားနိုင်သည်။
"ဘာစစ်ဗိုလ်ချုပ်လဲ...မင်းမှာ တော်ဝင်နန်းတွင်းက စာရွက်စာတမ်းပါလို့လား...မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ဒီနေရာကိုလာပြီး ပေါက်ကရစကားတွေ ပြောနေတာလဲ"
"အမှန်ပဲ...ငါ့အထင်တော့ မင်းက လူလိမ်တစ်ယောက်ပဲ...ငါတို့ မင်းကိုဖမ်းပြီး အုပ်ချုပ်ရေးရုံးကိုပို့ရမယ်"
အကြီးအကဲတချို့၏မျက်နှာများပေါ်တွင် ရက်စက်ကြမ်းကြုတ်သောအမူအယာမျိုး ထင်ဟပ်နေကာ သူတို့က တစ်ယောက်ပြီးတစ်ယောက် မှော်မန္တန်များကိုရွတ်ဆိုကာ လုယွီထံဦးတည်၍ တိုက်ခိုက်လိုက်ကြသည်။
ထိုအကြီးအကဲအများစုသည် မြေကမ္ဘာအင်မော်တယ်ကျင့်ကြံသူများပင်။ဤအချိန်အခိုက်အတန့်တွင် မိုးကောင်းကင်ယံတခွင်လုံး၌ မှော်မန္တန်များ အလင်းတန်းများနှင့် ပြည့်နှက်နေလေ၏။
"ငါ့အထင်တော့ မင်းတို့အားလုံးက သေလမ်းရှာနေကြတာပဲ"
လုယွီက ဒေါသတကြီး အော်ဟစ်လိုက်သည်။သူ၏လက်ဝါးကို အောက်သို့ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ပြီးနောက် အလွန်ကြီးမားသော အားလှိုင်းတစ်ရပ်ထွက်လာကာ သူ့ထံတိုးဝင်လာသောမှော်မန္တန်များကို ရိုက်ခတ်သွားစေသည်။
ဘုန်း...ဘုန်း...
အစွမ်းထက်သောအားလှိုင်းတစ်ရပ် ဖြတ်သန်းသွားခြင်းနှင့်အတူ အကြီးအကဲများ၏မှော်မန္တန်များအားလုံး ပျက်ပြယ်သွားလေ၏။
မူလက မောက်မာဝံ့ကြွားစွာဖြင့် ပြေးဝင်တိုက်ခိုက်ခဲ့သော အကြီးအကဲများသည် လုယွီ၏လက်ဝါးရိုက်ချက်မှစွမ်းအားကြောင့် နောက်သို့လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွားတော့သည်။
ရှန်းနွန်တောင်ကြားတစ်ခုလုံးတွင် လုယွီကိုဟန့်တားနိုင်မည့်သူဟူ၍ မည်သူမျှမရှိချေ။
"ဒီထိပ်သီးကျင့်ကြံသူက ဘယ်နေရာကရောက်လာတာလဲ...သူ့ရဲ့စွမ်းအားက အရမ်းကြောက်ဖို့ကောင်းတယ်"
"သူ့ကိုကြည့်ရတာ အရမ်းအသက်မကြီးသေးဘူး...ဘယ်လိုလုပ်ပြီး သူ့မှာ ဒီလိုစွမ်းအားမျိုး ရှိနေတာလဲ"
မလှမ်းမကမ်းနေရာတွင်ရှိနေသော ဆေးပညာရှင်တစ်စုသည် ကြက်သေသေနေကြ၏။
ရှန်းနွန်တောင်ကြားသည် ဆေးပညာရှင်များ၏မြင့်မြတ်နယ်မြေတစ်ခုပင်။ဤနေရာ စတင်တည်ထောင်ခဲ့စဥ်ကတည်းက မည်သူမျှစိန်ခေါ်ဝံ့ခြင်းမရှိချေ။
ကျင့်ကြံသူအများစုသည် ဆေးပညာရှင်များထက် သူတို့ထက်အဆင့်မြင့်သော ကျင့်ကြံသူများကိုသာ ရန်စကောင်းရန်စမိပေမည်။အကြောင်းအရင်းမှာ ဆေးပညာရှင်များသည် သူတို့၏ဆေးပညာစွမ်းရည်ကိုအမှီပြု၍ တခြားအင်အားစုများကို လွယ်လင့်တကူ အကူအညီတောင်းခံနိုင်သောကြောင့်ပင်။ဆေးပညာရှင်များနှင့်အင်အားစုများကြားမှ ပတ်သတ်မှုများသည် လွန်စွာရှုပ်ထွေးပေ၏။ထို့ကြောင့် ဆေးပညာရှင်တစ်ယောက်ကို ရန်စမိခြင်းသည် လူတစ်စုကိုရန်စမိခြင်းနှင့် တူညီသည်။
လုယွီသည်သာ ဤကဲ့သို့ဆက်နွယ်ပတ်သက်မှုများကို ဂရုမစိုက်သည့်တစ်ယောက်တည်းသောသူ ဖြစ်နိုင်သည်။
"တော်သင့်ပြီ...တကယ်လို့ မင်းက တော်ဝင်နန်းတွင်းရဲ့စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်နေရင်တောင် ဒီနေရာမှာ ရိုင်းရိုင်းပျပျ မကျူးလွန်သင့်ဘူး...တောင်ကြားသခင်ဝေ့က အမြဲတမ်းတံခါးပိတ်ကျင့်ကြံနေပြီးတော့ ပြင်ပလောကကကိစ္စတွေအကြောင်းကို ဘယ်တုန်းကမှ မမေးမြန်းခဲ့ဘူး...ဒီတစ်ကြိမ်မှာ သူက သဘောထားကြီးစွာနဲ့ ဆေးညွှန်းကို လူသိရှင်ကြားထုတ်ပြန်ကြေငြာခဲ့တယ်...သူက ဘယ်လိုလုပ်ပြီးတော့ အစိမ်းရောင်ကြာနတ်ဘုရားနဲ့ ပူးပေါင်းနေတဲ့သူ ဖြစ်နိုင်မှာလဲ...မင်း ဒီနေရာမှာ ပေါက်ကရစကားတွေ ထပ်မပြောတာ ပိုကောင်းလိမ့်မယ်"
ဆေးပညာရှင်အိုကြီးတစ်ယောက်က ရုတ်တရက် လုယွီ၏ရှေ့၌ဟန့်တားလိုက်၏။
"ဒါက ဆရာသခင်ချင်းဟယ်ပဲ"
"ဆရာသခင်ချင်းဟယ်က ကောင်းကင်အဆင့်ဆေးပညာရှင်ဖြစ်ပြီးတော့ တောင်ကြားသခင်ဝေ့နဲ့ မိတ်ဆွေကောင်းတွေပဲ...အခု ရှန်းနွန်တောင်ကြား တိုက်ခိုက်ခံရတဲ့အချိန်မှာ သူ လျစ်လျှူရှုမထားနိုင်တာ သဘာဝပါပဲ"
ဆေးပညာရှင်များက အချင်းချင်း တီးတိုးပြောဆိုနေကြသည်။
သူတို့သည် များသောအားဖြင့် သက်တောင့်သက်သာရှိသော ဘဝမျိုးနှင့်သာ နေထိုင်ကြရသည်။ယခုလက်ရှိချိန်တွင် လုယွီတိုက်ခိုက်စဥ်၌ မည်သူကမျှ ရှေ့ထွက်ဝံ့ခြင်းမရှိချေ။
မည်သို့ပင်ဆိုစေကာမူ သူ့တို့ထံတွင် ဘဝကိုပျော်ရွှင်စွာဖြတ်သန်းရန် အခွင့်အရေးများရှိနေဆဲပင်။မည်သူကမျှ သူတို့၏အသက်ကို ဤနေရာတွင် ဆုံးရှုံးခံလိုစိတ်မရှိပေ။
လုယွီက ဆရာသခင်ချင်းဟယ်ကို တစ်ချက်ကြည့်လိုက်ရာ ထိုအဖိုးအို၏ခန္ဓာကိုယ်အတွင်းရှိသွေးချီများ လျော့ပါးနေခြင်းကို တွေ့မြင်မိသည်။
အဖိုးအိုသည် ဆေးလုံးများ သောက်သုံးထားခြင်းကြောင့် သိသာထင်ရှားခြင်းမရှိသော်လည်း သူ၏ခန္ဓာကိုယ်မှ သွေးချီများဆုံးရှုံးမှုသည် သူ၏သက်တမ်းအပေါ် သက်ရောက်မှုရှိနေလေပြီ။
ဤသည်က တစ္ဆေကိုးကောင်ဝါးမြိုခြင်းနဂါးဆေးလုံး၏ အကျိုးသက်ရောက်မှုပင်။ထိုဆေးလုံးသည် အကြွင်းမဲ့နတ်ဆိုးဆေးညွှန်းတစ်ခု ဖြစ်ပေ၏။
"ငါက အရူးတွေနဲ့စကားပြောမယ့်အစား တခြားသူနဲ့ပဲပြောချင်တယ်...ဒီဆေးညွှန်းမှာ ဘာမှားနေလဲဆိုတာ မင်း မမြင်ဘူးလား"
လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
သူသည် ဤဆေးညွှန်းကိုပထမဆုံး ဖန်တီးခဲ့သူဖြစ်သဖြင့် ဆေးလုံးတွင်ပါဝင်သော ပါဝင်ပစ္စည်းများကို ကောင်းစွာသိရှိထားသည်။
ထိုဆေးလုံးတွင် ပါဝင်သောအရာအများစုသည် အဆိပ်ပြင်းဆုံး သို့မဟုတ် အေးစက်သော ပါဝင်ပစ္စည်းများဖြစ်သည်။ကောင်းမွန်သောအမြင်ရှိသည့်မည်သူမဆို ဤနည်းလမ်းဖြင့် ဆေးလုံးကိုသန့်စင်ခြင်းသည် အဆိပ်များနှင့်ပြည့်နှက်နေကြောင်း သေချာပေါက် ပြောနိုင်ပေမည်။
Chapter 2659
သို့ရာတွင် ဆရာသခင်ချင်းဟယ်သည် လုယွီ၏စကားကိုကြားချိန်တွင် ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်၏။
"ကြည့်ရတာတော့ မင်းက ဆေးပညာအကြောင်းကို နည်းနည်းတော့သိထားပုံပဲ...ဒါပေမယ့် နက်နဲသိမ်မွေ့မှုမရှိဘူး...ဒီဆေးလုံးထဲက ပါဝင်ပစ္စည်းတွေက အရမ်းအဆိပ်ပြင်းပေမယ့် ဒါတွေအားလုံးက ပြင်းထန်ပြီးအစွမ်းထက်တယ်...ဧကရာဇ်တစ်ဝက်အဆင့် ဆေးလုံးတစ်လုံးကို သန့်စင်နိုင်ဖို့အတွက် ဒီလိုမျိုးပါဝင်ပစ္စည်းတွေ လိုအပ်တယ်...တကယ်လို့ မင်း ဘာမှနားမလည်ဘူးဆိုရင်လည်း လျှောက်မပြောစမ်းနဲ့"
သူက မောက်မာဝံ့ကြွားသောလေသံဖြင့် ဆက်လက်ပြောဆိုသည်။
"အစိမ်းရောင်ကြာနတ်ဘုရားက နတ်ဆိုးနတ်ဘုရားဆိုပေမယ့် တောင်ကြားသခင်ဝေ့ရဲ့အကြောင်းကို ငါ ကောင်းကောင်းသိတယ်...သူက အစိမ်းရောင်ကြာနတ်ဘုရားနဲ့ပူးပေါင်းမယ့်လူစားမျိုးမဟုတ်ဘူး...ငါ့အထင်တော့ မင်းက ကောလဟာလတွေကိုကြားပြီး ရောက်လာတာပဲဖြစ်မယ်...မင်း တောင်ကြားသခင်ဝေ့ကို တောင်းပန်သင့်တယ်"
ဆရာသခင်ချင်းဟယ်၏စကားကိုကြားချိန်တွင် ထောက်ခံအားပေးသံများ ထွက်ပေါ်လာသည်။
ဆေးပညာရှင်အများစုသည် လုယွီအား တောင်းပန်ရန်အတွက် တိုက်တွန်းနေကြ၏။
တစ်စုံတစ်ယောက်က သူ့အတွက် စကားပြောဆိုပေးနေသည်ကို မြင်တွေ့ချိန်တွင် ဝေ့ဟောင်ရှုံးက ပြေးလွှားနေရာမှရပ်တန့်ကာ လုယွီကို စူးစူးဝါးဝါးစိုက်ကြည့်လိုက်သည်။
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"မင်း မသေချင်ရင်...ဘေးဖယ်နေစမ်း"
ဆရာသခင်ချင်းဟယ်က ခေါင်းမော့၍ မောက်မာဝံ့ကြွားသောလေသံဖြင့် ပြောဆိုလိုက်၏။
"တကယ်လို့ မင်းမှာ အရည်အချင်းရှိတယ်ဆိုရင်...ငါ့ကို တိုက်ခိုက်စမ်း"
ဘုန်း...
လုယွီသည် ထိုအဖိုးအိုနှင့် စကားဆက်လက်ပြောဆို၍ အချိန်ဖြုန်းလိုစိတ်မရှိချေ။သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်မှုနှင့်အတူ ဆရာသခင်ချင်းဟယ် လွင့်ထွက်သွားတော့သည်။
အစောပိုင်းက တက်ကြွစွာဖြင့် ရှေ့ထွက်လာသော ဆရာသခင်ချင်းဟယ်သည် လွင့်ထွက်လာသောအရှိန်ကြောင့် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျလာသည်။သူ့အား နံဘေးရှိဆေးပညာရှင်များက ချက်ချင်းဆိုသလိုပင် ကူညီကာတွဲထူလိုက်ကြ၏။
"သူက တကယ့်ကိုပဲ ဆရာသခင်ချင်းဟယ်ကို တိုက်ခိုက်ဝံ့တာလား"
"ဘယ်လိုတောင် ရူးသွပ်မိုက်မဲတဲ့ကောင်လဲ...ငါ မြို့တော်ကိုရောက်တာနဲ့ သူ့ကိုအရေးယူဖို့ တော်ဝင်နန်းတွင်းကို တိုင်ကြားမယ်"
ဆေးပညာရှင်အမြောက်အများသည် ဒေါသထွက်နေကာ လုယွီကို မကျေမနပ်ဖြစ်နေကြသည်။
သူ၏လှုပ်ရှားမှုများသည် ဆေးပညာရှင်များကို အထင်သေးရာရောက်နေသည်။သူတို့သည် ဆေးပညာရှင်များဖြစ်စဥ်ကတည်းက လောကကြီးတခွင်လုံးတွင် မြင့်မြတ်ကာအထက်တန်းကျသော တည်ရှိမှုကြီးများ ဖြစ်လာခဲ့သည်။မည်သည့်အချိန်မှစ၍ ဤကဲ့သို့ရန်စစော်ကားဝံ့သော တစ်စုံတစ်ယောက် ထွက်ပေါ်လာရသနည်း။
"ဆရာသခင်ချင်းဟယ်...မင်း အဆင်ပြေရဲ့လား"
"ငါ့ဆီမှာ ငါ့ရဲ့ခန္ဓာကိုယ်ကိုကာကွယ်ပေးထားတဲ့ နတ်ဘုရားအမြူတေရှိတယ်...ဘယ်လိုလုပ်ပြီးတော့ ဒီလိုဂျူနီယာတစ်ယောက်ကြောင့် ထိခိုက်ဒဏ်ရာရမှာလဲ...ငါတို့ ဆက်ပြီးဆေးဖော်စပ်ကြရအောင်...ငါတို့ ဧကရာဇ်တစ်ဝက်အဆင့်ဆေးလုံးကို ဖော်စပ်နိုင်တာနဲ့...အဲ့ဒီဆေးလုံးက ဒီကောင်စုတ်လေးကိုသတ်ဖို့ လုံလောက်တယ်"
ဆရာသခင်ချင်းဟယ်က ဒေါသတကြီး ပြောဆိုသည်။
လုယွီက မျက်မှောင်ကြုတ်လိုက်၏။သူ၏လက်ချောင်းများ လှုပ်ခတ်လိုက်မှုနှင့်အတူ အားလှိုင်းတစ်ရပ် ပျံဝဲသွားကာ လေထုအတွင်း၌မျောလွင့်နေသောဆေးလုံးကို ကြေမွှပျက်စီးသွားစေသည်။
အလင်းတန်းများ ဖြာကျလာခြင်းနှင့်အတူ မူလက လေထုအတွင်း၌ မျောလွင့်နေသော ဆေးညွှန်းစာရွက် အစိတ်စိတ်အမွှာမွှာစုတ်ပြဲသွားကာ လေနှင့်အတူ မျောလွင့်သွားတော့သည်။
"ခွေးမသား...မင်းက ဆေးညွှန်းစာရွက်ကို တကယ်ကြီး ဖျက်ဆီးလိုက်တာလား"
"ခွင့်မလွှတ်နိုင်ဘူး...ငါ ဘယ်လိုနည်းနဲ့မှ ခွင့်မလွှတ်နိုင်ဘူး"
ယခုလက်ရှိနေရာတွင်ရှိနေသော ဆေးပညာရှင်များအားလုံးသည် ကူကယ်ရာမဲ့စွာဖြင့် ကြေမွှပျက်စီးသွားသောဆေးညွှန်းစာရွက်ကို ကြည့်နေကြသည်။သူတို့သည် မြေပြင်ပေါ်သို့ ခြေဆောင့်နင်းကာ ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်ကြ၏။
ဤနေရာသို့ သူတို့ ရောက်ရှိလာခြင်းမှာ ထိုဆေးညွှန်းကြောင့်ပင်။
ယခုလက်ရှိချိန်တွင် ဆေးညွှန်းစာရွက် ပျက်စီးသွားသဖြင့် ဧကရာဇ်တစ်ဝက်အဆင့်ဆေးလုံးကို ဖော်စပ်ရန် သူတို့ထံတွင် နည်းလမ်းမရှိတော့ချေ။
ဆရာသခင်ချင်းဟယ်က သူ၏လက်ကို ဝှေ့ယမ်းပြလိုက်သည်။
"တာအိုမိတ်ဆွေတို့...မင်းတို့ ဘာမှစိုးရိမ်နေစရာမလိုဘူး...ငါက ဒီဆေးညွှန်းကို မှတ်သားထားတာ အချိန်အတော်ကြာနေပြီ...အခု ငါ မင်းတို့ကို လက်ဆင့်ကမ်းပေးမယ်...ငါတို့ အတူပူးပေါင်းပြီး ဆေးသန့်စင်ကြရအောင်"
"ဆရာသခင်ချင်းဟယ်ကို ကျေးဇူးတင်ပါတယ်"
"ငါတို့ ဧကရာဇ်တစ်ဝက်အဆင့် ဆေးလုံးကိုသာ သန့်စင်နိုင်ခဲ့ရင်...ဆရာသခင်ချင်းဟယ်အတွက် သူ့ကို လက်စားချေပေးမယ်...သူ့ကို တန်ကြေးပြန်ပေးဆပ်စေရမယ်"
ဆေးပညာရှင်များအားလုံးသည် စိတ်ဓာတ်တက်ကြွစွာဖြင့် ဆက်လက်၍ဆေးသန့်စင်နေကြတော့သည်။
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် လုယွီက ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
ဤသည်က သူတို့အားလုံး သေလမ်းရှာနေကြခြင်းနှင့် ဘာမှမထူးခြားချေ။
မူလက သူသည် ထိုဆေးပညာရှင်များ၏အသက်ကိုကယ်တင်ရန် ရည်ရွယ်ထားခဲ့သည်။သို့ရာတွင် ယခုလက်ရှိချိန်၌ သူတို့သည် သူ၏စိတ်စေတနာကောင်းကို လက်ခံမည့်ပုံမရှိချေ။
ထို့နောက် လုယွီ၏အကြည့်က ဝေ့ဟောင်ရှုံးထံသို့ ရွှေ့ပြောင်းသွားသည်။
"အစိမ်းရောင်ကြာနတ်ဘုရား ဘယ်မှာလဲ"
လုယွီက အေးစက်စက်လေသံဖြင့် မေးမြန်းလိုက်၏။
ဝေ့ဟောင်ရှုံး၏မျက်လုံးများ နီမြန်းနေကာ သူ၏ဆံပင်များ ဖရိုဖရဲဖြစ်နေသည်။သူက လုယွီကို လက်ညှိုးထိုးကာ ကောက်ကျစ်ယုတ်မာသောအပြုံးဖြင့် ပြောဆိုသည်။
"ငါ့ဆီကနေ နတ်ဘုရားရဲ့သတင်းတစ်ခုတစ်လေကိုတောင် သိရဖို့ မင်း မစဥ်းစားနဲ့...မြင့်မြတ်တဲ့နတ်ဘုရား ပြန်ကောင်းလာတဲ့တစ်နေ့ကျရင် ငါတို့အားလုံး ပြန်လည်မွေးဖွားလာမှာပဲ..မင်းတို့အားလုံးက သေသင့်တယ်"
"သူက ပြန်ကောင်းချင်သေးတာလား"
လုယွီက သရော်တော်တော်ပြောဆိုကာ ဝေ့ဟောင်ရှုံးထံသို့ လျှောက်လှမ်းသွားလိုက်သည်။
လုယွီ ချဥ်းကပ်လာသည်ကို မြင်တွေ့ချိန်တွင် ဝေ့ဟောင်ရှုံးက ထိတ်လန့်တုန်လှုပ်သွားကာ တုန်ရီနေသောအသံဖြင့် အော်ဟစ်လိုက်၏။
"မင်း အဆုံးသတ်ရတော့မှာပါ...မြင့်မြတ်တဲ့နတ်ဘုရားက မင်းကိုသတ်မှာ သေချာတယ်"
ဘန်း...
လုယွီက ဝေ့ဟောင်ရှုံး၏နှလုံးသားနေရာကို လက်ဝါးဖြင့်ရိုက်ကာ သူ့အား နေရာမှာပင် သေဆုံးသွားစေသည်။
Chapter 2660
ဝေ့ဟောင်ရှုံး၏ရုပ်အလောင်းသည် အစွမ်းအစမဲ့စွာဖြင့် လေထုအတွင်း၌မျောလွင့်နေပြီး လုယွီ၏ဖမ်းဆုပ်ခြင်းကို ခံထားရသည်။
အကြီးအကဲများဖြစ်စေ ဆေးပညာရှင်များဖြစ်စေ မည်သူမဆို သူတို့ရှေ့ရှိမြင်ကွင်းကို ပါးစပ်အဟောင်းသားဖြင့် စူးစိုက်ကြည့်နေကြ၏။
ဤသည်က ကောင်းကင်အဆင့် ဆေးပညာရှင်တစ်ယောက်ပင်။ဝေ့ဟောင်ရှုံးသည် ဆေးပညာရှင်များအကြားတွင် ထိပ်သီးဆေးပညာရှင်တစ်ယောက်ဖြစ်သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ သူသည် သေမျိုးပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ လုယွီ၏သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။
"ရှန်းနွန်တောင်ကြားမှာ အပြောင်းအလဲတွေ ဖြစ်တော့မှာပဲ"
လူအများက သူတို့၏စိတ်နှလုံးသားအတွင်းမှနေ၍ ညည်းတွားလိုက်ကြသည်။
လုယွီသည် ဝေ့ဟောင်းရှုံး၏ခေါင်းကိုဖိနှိပ်ကာ စိတ်ဝိညာဥ်ရှာဖွေခြင်းနည်းစနစ်ကို အသုံးပြုလိုက်သည်။ရုတ်ချည်းဆိုသလိုပင် သူသည် အစိမ်းရောင်ကြာနတ်ဘုရား မည်သည့်နေရာ၌ ပုန်းအောင်းနေသည်ကို သိရှိသွားလေ၏။
ထို့နောက် လုယွီက ဝေ့ဟောင်ရှုံး၏အလောင်းကို နံဘေးသို့ လွှင့်ပစ်လိုက်သည်။
ရှန်းနွန်တောင်ကြားမှအကြီးအကဲများသည် ဝေ့ဟောင်ရှုံး၏အလောင်းကို ကောက်ယူရန် ရှေ့သို့ပြေးဝင်လာကြသည်။
"ဘယ်သူလှုပ်ရှားဝံ့လဲဆိုတာ ငါ ကြည့်ကြည့်မယ်"
လုယွီက ပြောဆိုသည်။
"ဒါက နတ်ဆိုးနတ်ဘုရားနဲ့ပူးပေါင်းတဲ့ အပြစ်သားပဲ...အလောင်းကိုကောက်ယူတဲ့ ဘယ်သူမဆို တူညီတဲ့ရာဇဝတ်မှုကျူးလွန်တယ်လို့ သတ်မှတ်ပြီး အပြစ်ပေးခံရမယ်...ရှန်းနွန်တောင်ကြားကို အခုချိန်ကစပြီး ဖျက်သိမ်းလိုက်ပြီ...လူတိုင်းပဲ အခုချက်ချင်း တောင်ကြားကနေ ထွက်သွားကြစမ်း...ဘယ်သူ့ကိုမှ ဆက်နေခွင့်မပြုဘူး"
အကယ်၍ သူသည် အစိမ်းရောင်ကြာနတ်ဘုရားနှင့် တိုက်ခိုက်ရပါက ပြင်းထန်သောတိုက်ပွဲတစ်ပွဲ ဖြစ်လာပေမည်။ထိုတိုက်ပွဲ၏သက်ရောက်မှုအားလှိုင်းများ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားမည်ဖြစ်ရာ အပြစ်ကင်းမဲ့သူများ ထိခိုက်ဒဏ်ရာရရှိသွားနိုင်သည်။
ရှေ့သို့တိုးဝင်လာသော အကြီးအကဲများ၏မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။သို့ရာတွင် မည်သူကမျှ မြေပြင်ပေါ်ရှိအလောင်းကို မထိဝံ့တော့ချေ။
ဝေ့ဟောင်ရှုံးသေဆုံးသွားပြီးနောက် အသိဥာဏ်ရှိသည့် မည်သူမဆို ရှန်းနွန်တောင်ကြား အဆုံးသတ်သွားပြီဖြစ်ကြောင်းကို သိရှိသွားလေပြီ။
သေလူတစ်ယောက်အတွက်ဖြင့် သူတို့သည် တော်ဝင်နန်းတွင်းကို ရန်စစော်ကားရန်မှာ မည်သည့်နည်းနှင့်မျှ မထိုက်တန်ချေ။
"လူတိုင်းပဲ...သူ့ရဲ့ပေါက်ကရစကားတွေကို နားမယောင်ကြနဲ့...ဆက်ပြီး ဆေးဖော်စပ်ကြရအောင်...ဧကရာဇ်တစ်ဝက်အဆင့်ဆေးလုံးက ခဏလောက်နေရင် သန့်စင်ပြီးတော့မယ်"
ဆရာသခင်ချင်းဟယ်၏အသံက ပတ်ဝန်းကျင်နေရာတစ်ဝိုက်၌ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
"ကြည့်ရတာတော့ ငါ မင်းကိုပေးတဲ့သင်ခန်းစာက နည်းသွားပုံပဲ"
လုယွီ၏မျက်လုံးအကြည့်က ချက်ချင်းဆိုသလိုပင် အေးစက်တင်းမာသွားပေ၏။
ဤဆရာသခင်ချင်းဟယ်ဆိုသူသည် ရူးသွပ်မိုက်မဲရုံသာမက ခေါင်းမာသူတစ်ယောက်လည်းဖြစ်နေသည်။
လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"ဒီဆေးလုံးကို တစ္ဆေကိုးကောင်ဝါးမြိုခြင်းနဂါးဆေးလုံးလို့ခေါ်တယ်...တကယ်လို့ မင်းတို့က ဒီဆေးလုံးကို တကယ်သိတယ်ဆိုရင် ဒီအရာရဲ့မူရင်းဇစ်မြစ်ကိုလည်း သိထားသင့်တယ်....ဒီဆေးလုံးသန့်စင်တာ အောင်မြင်သွားတာနဲ့ အထဲမှာပါတဲ့ သတ်ဖြတ်လိုခြင်းအရှိန်အဝါတွေကို မင်းတို့ ထိန်းချုပ်နိုင်မှာမဟုတ်ဘူး...မင်းတို့အားလုံး ဘေးထွက်ဆိုးကျိုးဒဏ်ကို ခံစားရလိမ့်မယ်...ဒါက ငါ စကားကုန်ပြောတာ...တကယ်လို့ မင်းတို့က ဒီဆေးလုံးကို ဆက်ပြီးဖော်စပ်ချင်သေးတယ်ဆိုရင်လည်း မင်းတို့သဘောပဲ"
ဆရာသခင်ချင်းဟယ်က အနည်းငယ်မျှပင် စိတ်လှုပ်ရှားသွားပုံမရချေ။
"ဟား ဟား ဟား...မင်းက ဒီဆေးလုံးကို ရှေးဟောင်းမှတ်တမ်းစာအုပ်တွေထဲမှာ တွေ့ခဲ့ဖူးတာဖြစ်မယ်လို့ ငါ ထင်တယ်...တစ္ဆေကိုးကောင်ဝါးမြိုခြင်းနဂါးဆေးလုံးက ပျောက်ကွယ်နေတာ အချိန်အတော်ကြာနေပြီ...မင်းကိုယ်မင်း ဘာကောင်ထင်နေတာလဲ...ဒီလိုဆေးလုံးမျိုးကို မင်းက သိနိုင်မှာလား...ငါ့ရဲ့ ခန့်မှန်းချက်အရ ဒါက ယင်မင်ကျွမ်းရှန်ဆေးလုံးပဲ...ဒါက စိတ်ဝိညာဥ်ရဲ့စွမ်းအားကို မြှင့်တင်ပေးနိုင်တယ်...တကယ်လို့ မင်း နားမလည်ဘူးဆိုရင်လည်း ဘာမှလျှောက်မပြောစမ်းနဲ့"
ထိုအချိန်မှာပင် လုယွီက ရှန်းနွန်တောင်ကြား၏အနက်ရှိုင်းဆုံးနေရာမှ စိတ်ဝိညာဥ်တစ်ခုသည် အလွန်လျှင်မြန်သောအရှိန်နှင့် အဝေးသို့ပျံသန်းနေခြင်းကို ရုတ်တရက် အာရုံခံမိလေ၏။
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။သူသည် ဤခေါင်းမာသောလူအိုကြီးတစ်သိုက်နှင့် စကားဆက်လက်ပြောဆို၍ အချိန်ဖြုန်းလိုခြင်းမရှိတော့ချေ။ထိုအစား သူက စိတ်ဝိညာဥ်၏နောက်သို့ လိုက်လံဖမ်းဆီးလေသည်။
အဝေးတစ်နေရာတွင် အစိမ်းရောင်ကြာနတ်ဘုရား၏စိတ်ဝိညာဥ်သည် အလွန်လျှင်မြန်သောအရှိန်ဖြင့် ထွက်ပြေးနေကာ ရှန်းနွန်တောင်ကြားမှ ထွက်သွားနိုင်လုဆဲဆဲ အခြေအနေသို့ ရောက်ရှိနေလေပြီ။
"အစိမ်းရောင်ကြာနတ်ဘုရား...ဒီနေ့ မင်းရဲ့အသက်ကို ဒီနေရာမှာထားခဲ့တော့"
လုယွီက အစိမ်းရောင်ကြာနတ်ဘုရားစိတ်ဝိညာဥ်၏ရှေ့တွင် ပိတ်ဆို့ဟန့်တားလိုက်သည်။
လုယွီ၏ရှေ့တွင် ရွှေရောင်အလင်းတန်းများ တောက်ပနေသော စိတ်ဝိညာဥ်ခန္ဓာကိုယ်တစ်ခုရှိနေသည်။ထိုစိတ်ဝိညာဥ်ခန္ဓာကိုယ်သည် ချောမောလှပသော မိန်းကလေးတစ်ယောက်၏ပုံပန်းသွင်ပြင်မျိုးရှိပြီး သူမက တည်ကြည်လေးနက်ပြီး မြင့်မြတ်သော အမူအယာမျိုးဖြင့် ကြာပန်းစိမ်းပေါ်တွင် မတ်တတ်ရပ်နေသည်။
သို့ရာတွင် အစိမ်းရောင်ကြာနတ်ဘုရားသည် ယခုလက်ရှိချိန်တွင် အလွန်အမင်းအားနည်းနေသဖြင့် ယခင်ကဲ့သို့ နတ်ဘုရားတစ်ပါး၏ကြီးကျယ်ခမ်းနားမှုမျိုးမရှိတော့ချေ။
အစိမ်းရောင်ကြာနတ်ဘုရားသည် မျက်လွှာချထားကာ ခပ်ဖျော့ဖျော့လေသံဖြင့် ပြောဆိုသည်။
"နင် ငါ့ကို ဘာလို့သတ်ချင်နေတာလဲ...ငါက ငါ့အသက်ရှင်သန်နိုင်ဖို့အတွက်ပဲ လိုချင်ခဲ့တာ...နင့်ရဲ့ပါရမီအရည်အချင်းက အရမ်းကောင်းတယ်...နင်က နောင်တစ်ချိန်မှာ ကောင်းကင်ဘုံနယ်မြေရဲ့ထိပ်သီးအစွမ်းထက်ပုဂ္ဂိုလ်ကြီးဖြစ်လာဖို့ ကံကြမ္မာပါပြီးသား...ဒီနေ့ နင် ငါ့ကို လွှတ်ပေးပါလား...ဒါက နင်လက်ချောင်းလေးတစ်ချောင်း လှုပ်လိုက်ရုံလောက်ပဲ...အရမ်းလွယ်တယ်...ငါ့ရဲ့ချမ်းသာကြွယ်ဝမှုတွေအားလုံး နင့်ကိုပေးဖို့ ငါ ဆန္ဒရှိတယ်"
အစိမ်းရောင်ကြာနတ်ဘုရား၏လက်အတွင်း၌ သိုလှောင်အိတ်အမြောက်အများ ထွက်ပေါ်လာပေ၏။
ထိုသိုလှောင်အိတ်တစ်ခုစီအတွင်း၌ အမျိုးအစားစုံလင်သော ရတနာများဖြင့် ပြည့်နှက်နေသည်။
ဤသည်က အစိမ်းရောင်ကြာနတ်ဘုရားယုံကြည်ကိုးကွယ်ကြသူများမှ အတိတ်တွင် သူမအား ဆက်သထားသောအရာများပင်။
"ဒီရတနာတွေအပြင်...တာယွီအင်ပါယာထဲမှာ မရေမတွက်နိုင်တဲ့ရတနာတွေနဲ့ ဂိုဏ်းအင်အားစုတွေကို ငါ ချန်ထားတယ်...နင် ငါ့ကို လွှတ်ပေးတာနဲ့ ဒါတွေအားလုံးက နင့်အပိုင်ပဲ"