အခန်း (၂၆၆၁-၂၆၆၅)
Vol. 136 Ch. 2661-2665
Chapter 2661
အစိမ်းရောင်ကြာနတ်ဘုရား၏အသံတွင် ဖြားယောင်းသွေးဆောင်မှုများနှင့် ပြည့်နှက်နေသည်။
နတ်ဘုရားတစ်ပါး၏ချမ်းသာကြွယ်ဝမှုသည် မခန့်မှန်းနိုင်လောက်အောင် အလွန်အမင်းများပြားသည်။ထို့ပြင် အစိမ်းရောင်ကြာနတ်ဘုရားသည် လူအများကို သွေးဆောင်ဖြားယောင်းသောနေရာ၌ ထူးချွန်သူတစ်ယောက်ပင်။သူမကို ပြောင်ပြောင်တင်းတင်းနှင့် တိတ်တဆိတ်ကိုးကွယ်သူ အမြောက်အများရှိသည်။
ထိုလူများသည် နတ်ဘုရားအပေါ် သူတို့၏သစ္စာရှိမှုကို ပြသရန်အတွက် သူတို့၏ဘဝတသက်စာစုဆောင်းခဲ့သမျှ ချမ်းသာကြွယ်ဝမှုများကို လိုလိုလားလားပေးအပ်ရန် ဆန္ဒရှိကြ၏။
"နင် သေချာစဥ်းစားကြည့်ပါအုံး....တကယ်လို့ နင် ငါ့ကိုသတ်လိုက်ရင် ငါချန်ထားတဲ့ ချမ်းသာကြွယ်ဝမှုတွေကို ရတော့မှာမဟုတ်ဘူး...ဘာလို့ ငါ့ရဲ့ရတနာတွေအားလုံးကိုယူပြီး ငါ့ကို လွှတ်မပေးရမှာလဲ...မင်းက အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းကို ဖျက်ဆီးလိုက်ရင်တောင် တော်ဝင်နန်းတွင်းက မင်းကို ဆုလာဘ်နည်းနည်းလေးပဲပေးမှာ...ဘာလို့ နင်နဲ့ငါ အသေအကြေတိုက်ပွဲကို ဒီနေရာမှာ တိုက်ခိုက်ရမှာလဲ"
အစိမ်းရောင်ကြာနတ်ဘုရားက ဆက်လက်၍ သွေးဆောင်ဖြားယောင်းနေလေသည်။
ဘုန်း...
သူမ၏အသံလွင့်ပါးသွားသော အချိန်မှာပင် လုယွီက ပြင်းထန်သောလက်သီးတစ်ချက် ထိုးနှက်လိုက်ရာ သိုလှောင်အိတ်များကို ထွင်းဖောက်၍ အစိမ်းရောင်ကြာနတ်ဘုရား၏ စိတ်ဝိညာဥ်ခန္ဓာကိုယ်ကို ထိမှန်သွားသည်။
အစိမ်းရောင်ကြာနတ်ဘုရား ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားသည်။သူမသည် စူးရှနာကျင်စွာအော်ဟစ်ပြီး နောက်သို့ဆုတ်လိုက်ကာ သူမ၏စိတ်ဝိညာဥ်ခန္ဓာကိုယ်မှနေ၍ အစိမ်းရောင်အခိုးအငွေ့များ ထွက်ပေါ်လာသည်။
"မင်းစကားပြောပြီး အချိန်ဖြုန်းမနေနဲ့တော့...ဒီနေ့ မင်း သေချာပေါက် သေရမယ်"
သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒက လုယွီ၏မျက်လုံးအတွင်း၌ ထင်ဟပ်နေသည်။
သိုလှောင်အိတ်များကိုမူ လုယွီသည် ထိုအရာများကို ထိတွေ့ခြင်းပင်မပြုချေ။
ထိုနတ်ဘုရားသည် အလွန်ကောက်ကျစ်ယုတ်မာပြီး လိမ္မာပါးနပ်လှ၏။ထိုသိုလှောင်အိတ်များပေါ်တွင် သူမသည် လှည့်စားမှုများ ပြုလုပ်မထားဘဲနေမည်ဟု အာမမခံနိုင်ချေ။လုယွီသည် မလိုအပ်ဘဲ စွန့်စားလိုခြင်းမရှိချေ။
"သေစမ်း"
လုယွီက ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။သူ၏အသံသည် အထက်ကိုးကောင်းကင်ဘုံမှကျရောက်လာသော အစစ်အမှန်မိုးခြိမ်းသံနှင့်တူညီကာ အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ရှေးဟောင်းသိုင်းပညာနည်းစနစ်...နတ်ဘုရားနဂါးဟိန်းသံ...
ကြီးကျယ်ခမ်းနားသောအသံလှိုင်းများသည် ချက်ချင်းဆိုသလိုပင် အစိမ်းရောင်ကြာနတ်ဘုရား၏စိတ်ဝိညာဥ်ခန္ဓာကိုယ်ကို လှောင်ပိတ်လိုက်၏။အစိမ်းရောင်ကြာနတ်ဘုရားသည် အဆက်မပြတ် အော်ဟစ်ညည်းတွားနေကာ သူမ၏ခန္ဓာကိုယ်မှနေ၍ အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်စပြုလာသည်။
"အား...ကောင်လေး...ငါ့ရဲ့လက်နဲ့ ငါ နင့်ကို အရှင်လတ်လတ် အရေခွံခွါမယ်"
အစိမ်းရောင်ကြာနတ်ဘုရားက နာကျင်မှုကြောင့် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ထိတ်လန့်ကြောက်ရွံဖွယ်ကောင်းသော အသံနက်ကြီး အနောက်ဘက်တောင်မှထွက်ပေါ်လာသည်ကို ဆေးပညာရှင်များအားလုံး ကြားလိုက်ရ၏။
ရုတ်ချည်းဆိုသလိုပင် လူတိုင်းသည် ထိုအသံနက်ကြီးကို ပီပီပြင်ပြင် ကြားလိုက်ရတော့သည်။
"နတ်ဘုရားတစ်ပါးရဲ့အော်သံက ဘယ်လိုလုပ်ပြီးတော့ အနောက်ဘက်တောင်ကနေ ထွက်ပေါ်လာတာလဲ"
"ကောင်းကင်ယံမှာ ကြာပန်းစိမ်းတစ်ပွင့် ရှိနေတယ်...ဖြစ်နိုင်တာတော့ တောင်ကြားသခင်ဝေ့က အစိမ်းရောင်ကြာနတ်ဘုရားနဲ့ တကယ်ကြီးပူးပေါင်းထားတာများလား"
ဆေးပညာရှင်များသည် အချင်းချင်းတီးတိုးပြောဆိုနေကြကာ ခန့်မှန်းမှုအမျိုးမျိုးကို ပြုလုပ်နေကြ၏။
ဤအချိန်အခိုက်အတန့်တွင် ဆရာသခင်ချင်းဟယ်က ရုတ်တရက် မတ်တတ်ထရပ်ကာ ပြောဆိုသည်။
"မင်းတို့အားလုံး...ဘာမှမကြောက်ကြနဲ့...တကယ်လို့ သူက ဗိုလ်ချုပ်တစ်ယောက်ဖြစ်နေရင်တောင် သူက တော်ဝင်နန်းတွင်းရဲ့အမိန့်မရှိဘဲနဲ့ လူသတ်ခဲ့တယ်...သူက အမှားကြီးကျူးလွန်ထားတဲ့အတွက် နောင်တစ်ချိန်မှာ အပြစ်ပေးခံရမှာပဲ"
သူက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ကာ ဆက်လက်ပြောဆိုသည်။
"ငါတို့အားလုံးကို ဆေးလုံးကို ဆက်ပြီးသန့်စင်နေဖို့ပဲလိုတယ်...ဒီဆေးလုံးကို သန့်စင်နိုင်တဲ့ဘယ်သူမဆို ခုလိုမျိုးအောင်မြင်မှုကို အခြေခံပြီးတော့ ဆေးပညာအစည်းအရုံးကိုသွားပြီး အဆင့်တိုးမြှင့်လို့ရတယ်"
ဆရာသခင်ချင်းဟယ်၏စကားကြောင့် ပတ်ဝန်းကျင်နေရာတစ်ဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ဆေးမီးဖိုများမှ မီးတောက်များ ဆက်လက်၍လောင်ကျွမ်းနေခြင်းနှင့်အတူ သူတို့အားလုံး ဆက်လက်၍ ဆေးသန့်စင်နေကြတော့သည်။
တခြားတစ်ဖက်တွင်...
အစိမ်းရောင်ကြာနတ်ဘုရား၏လက်ရှိအခြေအနေသည် အလွန်အမင်း ဆိုးရွားနေပေ၏။
လုယွီသည် ဤနေရာသို့ရောက်ရှိမလာစဥ်ကတည်းက အစွမ်းရောင်ကြာနတ်ဘုရားအား မည်ကဲ့သို့ရင်ဆိုင်ရမည်ကို တွေးတောထားပြီးလေပြီ။ယခုလက်ရှိချိန်၌ သူသည် ရဲဝံ့စွာဖြင့်တိုက်ခိုက်နေကာ သူ၏မှော်မန္တန်များအားလုံးသည် စိတ်ဝိညာဥ်ကို ပစ်မှတ်ထားသည်။သူ၏မှော်မန္တန်များ တစ်ခုပြီးတစ်ခု အသုံးပြုမှုသည် ရေစီးဆင်းသကဲ့သို့ ချောမွေ့နေကာ အနည်းငယ်မျှပင် ရပ်နားခြင်းမရှိချေ။
ဤကဲ့သို့ ဖိအားအရှိန်အဝါအောက်တွင် အစိမ်းရောင်ကြာနတ်ဘုရားသည် အဆက်မပြတ်နောက်ဆုတ်နေရကာ သူမ၏စိတ်ဝိညာဥ်ခန္ဓာကိုယ်သည် မှေးမှိန်ပြီးဝေဝါးစပြုလာသည်။
"မကောင်းတော့ဘူး...သူက ငါ့ကိုသတ်ဖို့ ကြံစည်နေတာပဲ"
အစိမ်းရောင်ကြာနတ်ဘုရားသည် ထိတ်လန့်တုန်လှုပ်သွားကာ လုယွီ မည်သည့်အရာအား ပြုလုပ်ရန်ကြံစည်နေသည်ကို ချက်ချင်းဆိုသလိုပင် သိရှိသွားလေ၏။
သူမက ချက်ချင်းဆိုသလိုပင် လှိုဏ်ဂူအတွင်းသို့ နောက်ဆုတ်ပြေးလိုက်သည်။
ထိုနေရာသည် ကျဥ်းမြောင်းပြီး လျှို့ဝှက်လမ်းကြောင်းအမြောက်အများရှိသဖြင့် လုယွီကို မျက်ခြေဖြတ်နိုင်ပေမည်။
တိကျသေချာစွာပင် အစိမ်းရောင်ကြာနတ်ဘုရား လျှို့ဝှက်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် သူမသည် လုယွီနှင့် အနည်းငယ်ဝေးကွာသွားခဲ့သည်။
သူမ လှိုဏ်ဂူအတွင်းသို့ ဝင်ရောက်ပြီးနောက် မကြာမီမှာပင် လုယွီ ရောက်ရှိလာခဲ့သည်။
ထိုအချိန်တွင် ဝေ့ထိုက်သည် မြေပြင်ပေါ်မှ မတ်တတ်ထရပ်ကာ သူ၏မျက်နှာပေါ်တွင် ဒေါသများဖြင့် ပြည့်နှက်နေပေ၏။
လုယွီသည် သူ့အား တောင်ကြား၏ပြင်ပ၌ လူသူအများရှေ့တွင် အရှက်ရအောင်လုပ်ခဲ့သည်ကို သူ သည်းခံနိုင်လျှင်ပင် သူ၏အစီအစဥ်ကို ထပ်မံ၍ ပျက်စီးအောင်လုပ်ခဲ့သည်မှာ ဆိုးရွားလှသည်။
ပိုင်မင်ဟန်၏မျက်စိဖမ်းစားနိုင်ဖွယ် ခန္ဓာကိုယ်ကို သူ ပိုင်ဆိုင်ရတော့မည့်ကိစ္စမှ လက်မတင်လေး လွဲချော်သွားခဲ့သဖြင့် သူ၏နှလုံးသားမှ သွေးစိမ်းရှင်ရှင်စီးကျနေသကဲ့သို့ ခံစားနေရသည်။
"သောက်ချေးပဲ...သောက်ချေးပဲ"
ဝေ့ထိုက်က ဒေါသတကြီး အော်ဟစ်ဆဲဆိုလိုက်၏။
Chapter 2662
အစောပိုင်းက လုယွီ၏လက်ဝါးရိုက်ချက်သည် သူ၏ခန္ဓာကိုယ်ရှိ အရိုးတချို့ကို ကျိုးပဲ့သွားစေသည်။သူ လမ်းလျှောက်နေစဥ်တွင် ထော့နဲ့ထော့နဲ့ ဖြစ်နေလေ၏။
သို့ရာတွင် ဝေ့ထိုက်သည် ကျင့်ကြံသူတစ်ယောက်ဖြစ်သဖြင် အချိန်အနည်းငယ်အတွင်းမှာပင် သူ၏ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာကာ သွက်သွက်လက်လက် လှုပ်ရှားနိုင်စပြုလာသည်။
ဝုန်း...
ထိုအချိန်မှာပင် ဝေ့ထိုက်၏နောက်ရှိနံရံ ရုတ်တရက် ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။
စိတ်ဝိညာဥ်ခန္ဓာကိုယ်တစ်ခုက ရုတ်တရက် ဝေ့ထိုက်၏နောက်တွင် ထွက်ပေါ်လာသည်။သူ၏မျက်နှာသည် မြင့်မြတ်ကာ တောက်ပသောအလင်းတန်းများ ဖြာထွက်နေပေ၏။
"ဘယ်သူလဲ"
ဝေ့ထိုက်က နောက်လှည့်ကြည့်လိုက်ရာ ထိုစိတ်ဝိညာဥ်ခန္ဓာကိုယ်ကို မြင်တွေ့သည်နှင့် ချက်ချင်းဒူးထောက်လိုက်သည်။
"နတ်ဘုရားကို အရိုအသေပြုပါတယ်"
ဝေ့ထိုက်သည် ဝေ့ဟောင်ရှုံးနှင့်အတူ အစိမ်းရောင်ကြာနတ်ဘုရားထံ သစ္စာခံထားခြင်းဖြစ်သည်။သူသည် ယခင်က အစိမ်းရောင်ကြာနတ်ဘုရားကို တစ်ကြိမ်မြင်တွေ့ဖူးလေ၏။
ယုံကြည်ကိုးကွယ်သူများအားလုံးအတွက် အစိမ်းရောင်ကြာနတ်ဘုရား၏အမှတ်အသားကို သူတို့၏စိတ်ဝိညာဥ်တွင် ခတ်နှိပ်ထားရသည်။သူတို့သည် အစိမ်းရောင်ကြာနတ်ဘုရားကို မြင်တွေ့သည်နှင့် သူတို့၏စိတ်ဝိညာဥ်အနက်ရှိုင်းဆုံးနေရာမှလာသော အရှုံးပေးအညံခံလိုစိတ်ကို ချက်ချင်းခံစားရပေမည်။
"မြင့်မြတ်တဲ့နတ်ဘုရား...ကျေးဇူးပြုပြီးတော့ ဒီကျွန်က နတ်ဘုရားအတွက် နှစ်တွေအများကြီး တာဝန်ထမ်းဆောင်ခဲ့တာကို ထောက်ရှုပြီး ကျွန်တော်ရဲ့ရန်သူတစ်ယောက်ကို ဖျက်ဆီးပေးပါ"
ဝေ့ထိုက်က မြေပြင်ပေါ်၌ဒူးထောက်၍ အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။
သူသည် လုယွီအား ကြီးမားသောတန်ကြေးကို ပြန်ပေးဆပ်ရစေလိုသည်။
"ဘာမှ မစိုးရိမ်ပါနဲ့...နင်က ငါ့အပေါ်မှာသစ္စာရှိတာကြောင့် ငါ နင်ကို ပြန်ကူညီပေးရမှာပေါ့...ဒါပေမယ့် အဲ့ဒီကိစ္စမတိုင်မီ နင် ငါ့ကို တစ်ခုခုပေးဖို့လိုအပ်တယ်"
အစိမ်းရောင်ကြာနတ်ဘုရားက ဝေ့ထိုက်ထံသို့ တရွေ့ရွေ့ ချဥ်းကပ်လာသည်။
"ဘယ်လို အရာမျိုးပဲဖြစ်နေပါစေ...နတ်ဘုရားက ကျွန်တော်ကို အမိန့်သာပေးလိုက်ပါ'
ဝေ့ထိုက်၏မျက်လုံးအတွင်း၌ အယူသည်းသောအရိပ်အယောင်များ ထင်ဟပ်နေသည်။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်အတွင်းမှာပင် အစိမ်းရောင်ကြာနတ်ဘုရား၏လက်က ဝေ့ထိုက်၏နှလုံးသားနေရာသို့ ထွင်းဖောက်ဝင်ရောက်သွားသည်။
ပြင်းထန်သောနာကျင်မှုက သူ၏နှလုံးသားတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားပေ၏။
"မြင့်မြတ်တဲ့နတ်ဘုရား...မင်း......."
ဝေ့ထိုက်၏မျက်လုံးတစ်စုံသည် မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်နေသည်။
ဤသည်က အမှန်မဟုတ်နိုင်ချေ။
မည်သည်ကြောင့် အဆုံးသတ်တွင် သူ သေဆုံးရသနည်း...
"ငါက မင်းရဲ့သစ္စာစောင့်သိမှုကို လက်ခံတယ်...မင်း အခုသွားနိုင်ပြီ"
အစိမ်းရောင်ကြာနတ်ဘုရားသည် ဝေ့ထိုက်၏စိတ်ဝိညာဥ်ကိုလည်း ခြေမွှဖျက်ဆီးလိုက်၏။
ဝေ့ထိုက်သည် သေအံ့မူးမူးအခြေအနေမျိုးသို့ ရောက်ရှိနေစဥ်တွင် သူ၏မျက်လုံးအတွင်း၌ ထိတ်လန့်ကြောက်ရွံခြင်းနှင့်နောင်တရခြင်းတို့ ထင်ဟပ်နေသည်။
အကယ်၍ သူသည် ဤကဲ့သို့ရလဒ်မျိုး ထွက်ပေါ်လာမည်ကိုသာ ကြိုသိခဲ့ပါက အစိမ်းရောင်နတ်ဘုရားထံတွင် သစ္စာခံခဲ့မည်မဟုတ်ချေ။
ဝေ့ထိုက်၏ခေါင်း ငိုက်စိုက်ကျသွားသော်လည်း မကြာမီမှာပင် သူက တဖန်ပြန်၍ ခေါင်းမော့လိုက်သည်။
ဤအချိန်အခိုက်အတန့်တွင် ဝေ့ထိုက်၏မျက်လုံးသည် သွေးနီရောင်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားလေ၏။ယခင်က သူ၏ ပေါ့ပျက်ပျက်သခင်လေးတစ်ယောက်အသွင်မျိုး ပျောက်ကွယ်သွားကာ အလွန်အမင်းအေးစက်ပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သော အသွင်အပြင်မျိုးရှိနေသည်။
အစိမ်းရောင်ကြာနတ်ဘုရား၏ရုပ်ခန္ဓာကိုယ်သည် လုယွီကြောင့် ပျက်စီးသွားခဲ့လေပြီ။ထို့ကြောင့် သူမထံတွင် ရွေးချယ်စရာမရှိတော့သဖြင့် ကြုံရာကျပန်းလူတစ်ယောက်၏ခန္ဓာကိုယ်ကို အပိုင်စီးလိုက်ရခြင်းဖြစ်သည်။
ဝှစ်...
အစိမ်းရောင်ကြာနတ်ဘုရားသည် ခန္ဓာကိုယ်ရရှိသွားပြီးနောက် လှိုဏ်ဂူပြင်ပသို့ထွက်လိုက်၏။
လှိုဏ်ဂူပြင်ပတွင် ဆေးပညာရှင်များ ဆက်လက်၍ ဆေးသန့်စင်နေဆဲပင်။
"ဆရာသခင်တို့...ကျွန်တော်တို့ရဲ့ရှန်းနွန်တောင်ကြားက ဘေးကပ်ဆိုးကြီးတစ်ခုနဲ့ရင်ဆိုင်ရပြီးတော့ အန္တရာယ်ထဲကိုကျရောက်နေတယ်..ငါတို့က ကမ္ဘာဦးရင်းမြစ်စွမ်းအင်တွေကို အသုံးမပြုနိုင်ဘူး...ဒါကြောင့် မင်းတို့ကို အသုံးပြုခွင့်ပေးမယ်"
အစိမ်းရောင်ကြာနတ်ဘုရားသည် ဝေ့ထိုက်၏အသွင်မျိုးဖြင့် ပြောင်ပြောင်တင်းတင်း ပြောဆိုလေသည်။
ဝေ့ထိုက်သည် ဝေ့မိသားစု၏သခင်လေးပင်။ထို့ကြောင့် ရှန်းနွန်တောင်ကြားတွင် သူသည် သခင်လေးတစ်ယောက်၏အဆင့်အတန်းမျိုးရှိလေ၏။
အစိမ်းရောင်ကြာနတ်ဘုရား ထိုသို့ပြောဆိုပြီးနောက် မကြာမီမှာပင် ဆေးပညာရှင်များအားလုံး၏သဘောတူညီမှုကို ရရှိသွားသည်။
ထို့နောက် အရပ်မျက်နှာအဘက်ဘက်၌ ပြန့်ကျဲနေသော မီးခိုးရောင်လေစီးကြောင်းများ စီးဆင်းလာကာ ဆေးမီးဖိုများမှစုပ်ယူသွားပေ၏။
ကမ္ဘာဦးရင်းမြစ်စွမ်းအင်သည် အလွန်အမင်းရှေးကျသောအရှိန်အဝါတစ်ခုဖြစ်သည်။ထိုအရာသည် ဆေးဖက်ဝင်ပစ္စည်းများအားလုံး၏စိတ်ဝိညာဥ်သဘောသဘာဝကို အဆုံးစွန်ဆုံးအဆင့်ထိ မြှင့်တင်ပေးနိုင်ကာ အောင်မြင်စွာသန့်စင်နိုင်သော ဆေးလုံး၏အရည်အသွေးကိုလည်း အကြီးအကျယ် တိုးတက်စေနိုင်သည်။
ထိုကမ္ဘာဦးရင်းမြစ်စွမ်းအင်ကို ထပ်မံ၍ပွါးယူ၍လည်း မရချေ။ထို့ကြောင့် ထိုအရာကိုအနည်းငယ်အသုံးပြုရလျှင်ပင် အလွန်အမင်းအဖိုးတန်ရှားပါးသောစွမ်းအင်ဖြစ်သည်။
"သခင်လေးဝေ့...ဘာမှမစိုးရိမ်ပါနဲ့...ငါတို့က မင်းကို သေချာပေါက် ကူညီထောက်ပံပေးမယ်"
"ရှန်းနွန်တောင်ကြားက ဆေးပညာရှင်တွေရဲ့ မြင့်မြတ်နယ်မြေပဲ...အဲ့ဒီကောင်လေးက တော်ဝင်နန်းတွင်းရဲ့အမည်နာမကိုသုံးပြီးတော့ မဆင်မခြင်လူသတ်ခဲ့တယ်...အဲ့ဒီကိစ္စကို ငါတို့က ဘယ်လိုနည်းနဲ့မှ သဘောမတူနိုင်ဘူး!
အစိမ်းရောင်ကြာနတ်ဘုရား ထွက်ခွါသွားပြီးနောက် လှိုဏ်ဂူနံရံ၌ ပျက်စီးနေသော အပေါက်ကြီးတစ်ပေါက်ကျန်ခဲ့သည်။
လုယွီက အေးစက်စက်အကြည့်ဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ကာ လေထုအတွင်းရှိ စိတ်ဝိညာဥ်ချီအငွေ့အသက်ကို အာရုံခံ၍ လိုက်လံဖမ်းဆီးလေ၏။
ပြင်ပတွင် ဆေးပညာရှင်များ ဆက်လက်၍ဆေးဖော်စပ်နေဆဲပင်။
လုယွီ ရောက်ရှိလာသည်ကိုမြင်တွေ့ချိန်တွင် ဆေးပညာရှင်တချို့သည် ထိတ်လန့်ကြောက်ရွံသွားသော်လည်း နေရာမှထွက်ခွါသွားကြခြင်းမရှိချေ။
ဤသည်က အချင်းချင်း ဖျက်ဆီးလိုစိတ်ဖြင့် တိုက်ခိုက်သည့် ရန်မူလိုသော အင်အားစုတစ်ခုမဟုတ်ချေ။တော်ဝင်နန်းတွင်းသည် အပြစ်မဲ့သူများကို သတ်ဖြတ်မည်မဟုတ်ပေ။
"မင်းတို့ ဆက်ပြီးဆေးသန့်စင်နေကြတုန်းပဲလား...အရင်က ငါ သတိပေးထားတာ မလုံလောက်သေးဘူးလား"
လုယွီက မျက်မှောင်ကြုတ်လိုက်၏။
Chapter 2663
ထိုလူများသည် သေလမ်းရှာနေကြခြင်းပင်။
တစ္ဆေကိုးကောင်ဝါးမြိုခြင်းနဂါးဆေးလုံး၏ သတ်ဖြတ်လိုခြင်းအရှိန်အဝါကို ထိုဆေးပညာရှင်များ ဖိနှိပ်နိုင်မည်မဟုတ်ချေ။
လုယွီက ထိုလူတစ်စုကို ဝေ့ဝိုက်၍ကြည့်လိုက်ကာ နောက်ဆုံးတွင် သူ၏အကြည့်က ဝေ့ထိုက်ပေါ်သို့ စူးစိုက်၍ကျရောက်သွားသည်။
ဤဝေ့ထိုက်ကို ကြည့်ရသည်မှာ အနည်းငယ်မျှပင် ပြောင်းလဲသွားပုံမရချေ။သူသည် ဆေးပညာရှင်များအကြားသို့ရောက်ရှိနေသဖြင့် သိုသိုသိပ်သိပ်နေကာ ယခင်ကဲ့သို့ ဟောင်ဖွာဟောင်ဖွာလုပ်မနေခြင်းမှလွဲ၍ တခြားထူးခြားမှုမရှိပေ။
ဝေ့ထိုက်တွင် သိသာသောပြောင်းလဲမှုမရှိသော်လည်း လုယွီ၏အမြင်အာရုံသည် လွန်စွာစူးရှပေ၏။အကြည့်တစ်ချက်ဖြင့်ပင် ဝေ့ထိုက်၏ခန္ဓာကိုယ်အတွင်းရှိစိတ်ဝိညာဥ် ပိုင်ရှင်ပြောင်းလဲသွားပြီဖြစ်ကြောင်း သိရှိသွားသည်။
"ဘာလဲ...မင်းက ထွက်ပြေးဖို့ မကြံစည်တော့ဘူးလား"
လုယွီက အေးစက်စက်အသံဖြင့် ပြောဆိုသည်။
ဝေ့ထိုက်က ခေါင်းမော့၍ လုယွီကိုကြည့်ကာ ကြေကွဲဝမ်းနည်းနေသော မျက်နှာအမူအယာဖြင့် ပြောဆိုလေ၏။
"ဗိုလ်ချုပ်...မင်းက ငါတို့ရဲ့မိသားစုခေါင်းဆောင်ကို သတ်ပြီးပြီ...မင်းက ငါတို့အားလုံးကိုလည်း သတ်ချင်သေးတာလား"
တခြားဆေးပညာရှင်များကလည်း တူညီစွာခံစားနေရသည်။သူတို့သည် လုယွီ၏ရက်စက်ကြမ်းကြုတ်မှုအတွက် အပြစ်တင်နေကြ၏။
"တော်သင့်ပြီ...မင်းက တော်ဝင်နန်းတော်ရဲ့ဘာအမိန့်စာရွက်မှ မပါဘဲနဲ့ တောင်ကြားသခင်ဝေ့ကို သတ်ဖြတ်ခဲ့တယ်...ဒါက အရမ်းကို ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုကြီးပဲ...မင်းက ဝေ့မိသားစုဝင်တွေအားလုံးကို တကယ်ကြီးသတ်ချင်နေတာလား...ငါက တော်ဝင်နန်းတွင်းကအရေးကြီးပုဂ္ဂိုလ်တွေအများကြီးနဲ့ ရင်းနှီးတယ်...ဒီနေရာက မင်းလုပ်ချင်တိုင်းလုပ်လို့ရမယ့် နေရာတစ်ခု မဟုတ်ဘူး"
ဆရာသခင်ချင်းဟယ်က ဒေါသတကြီးအော်ဟစ်လိုက်၏။
လုယွီက ဆူပူသောင်းကြမ်းနေသော ဆရာသခင်ချင်းဟယ်ကို လျစ်လျှူရှုကာ ဝေ့ထိုက်ကို ကြည့်လိုက်သည်။
"ဒီလူတွေက မင်းကိုကာကွယ်ပေးနိုင်မယ်လို့ မင်းထင်နေတာလား"
လုယွီက မေးမြန်းသည်။
ဝေ့ထိုက်က သရော်တော်တော်လေသံဖြင့် ပြောဆိုသည်။
"မင်း ဘာတွေပြောနေတာလဲ...ဘာလဲ...စီနီယာဆေးပညာရှင်တွေက ငါ့အတွက် တရားမျှတမှုကို ရှာပေးလို့မရဘူးလား"
"တရားမျှတမှု...တကယ်လို့ မင်းမှာသာ သူတို့ကို ထိခိုက်နာကျင်အောင်လုပ်မယ့် ရည်ရွယ်ချက်မျိုးမရှိဘူးဆိုရင်...မင်း ဒီစကားကို ပြောလို့ရတယ်...အစကတည်းက မင်းကို သူတို့က ကူညီနေကြတာ အသိသာကြီးလေ...ဒါပေမယ့် မင်းရဲ့စိတ်ထဲမှာတော့ သူတို့ကို ဘယ်လိုထိခိုက်နာကျင်အောင် လုပ်ရမလဲဆိုတာကိုပဲ စဥ်းစားနေခဲ့တာ...မင်းက ဘယ်သူ့ကိုမဆို ထိုးကျွေးမယ့် နတ်ဆိုးနတ်ဘုရားပဲ....ဘယ်လိုကောက်ကျစ်ယုတ်မာတဲ့ လှည့်စားမှုတွေလုပ်ရမလဲဆိုတာကိုပဲ မင်း တစ်ချိန်လုံးစဥ်းစားနေတာမလား"
လုယွီက ဆရာသခင်ချင်းဟယ်နှင့်တခြားဆေးပညာရှင်များကို အဝေးသို့ပို့ဆောင်ရန်ရည်ရွယ်၍ သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။
သို့သော် ထိုအချိန်မှာပင် ကျယ်လောင်သောတုန်ခါသံကြီးက ဆရာသခင်ချင်းဟယ်၏အနီရောင်ဆေးမီးဖိုအတွင်းမှ မြည်ဟီးလာပေ၏။
ဘုန်း...
ရုတ်ချည်းဆိုသလိုပင် ဆရာသခင်ချင်းဟယ်၏ဆေးမီးဖို လေထုအတွင်းသို့ မြောက်တက်သွားကာ အတွင်းမှနေ၍ စူးရှတောက်ပသောအလင်းတန်းများ ဖြာထွက်လာသည်။
ထိုဆေးမီးဖိုအတွင်း၌ ခြစ်ခြစ်တောက်ပူပြင်းသောမီးတောက်များ လောင်ကျွမ်းနေဆဲပင်။သို့ရာတွင် ရုတ်တရက် နှိုင်းယှဥ်ပြစရာမရှိသည်အထိ အလွန်နက်မှောင်သော ဆေးလုံးတစ်လုံးက မီးတောက်များ၏အလယ်မှ ထွက်ပေါ်လာသည်။
ထိုဆေးလုံးသည် တဖြည်းဖြည်းမြောက်တက်လာကာ အရိုးကွဲမတက်အေးစက်သော အရှိန်အဝါများကို ထုတ်လွှတ်နေသဖြင့် လူအများအား ရေခဲလှိုဏ်ဂူအတွင်းသို့ ကျရောက်သွားသည့်အလား ခံစားချက်မျိုးကို ပေးစွမ်းနိုင်ပေ၏။
ထိုဆေးလုံး၏မျက်နှာပြင်ပေါ်တွင် အနက်ရောင်နဂါးတစ်ကောင်၏ပုံရိပ်က အသက်ဝင်နေသည့်အလား ဖြည်းညှင်းစွာ လူးလွန့်လှုပ်ရှားနေသည်။ထိုနဂါးရွေ့လျားသည့်အချိန်တိုင်း ပတ်ဝန်းကျင်ရှိအပူချိန် အနည်းငယ်လျော့ကျသွားကာ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ပတ်ဝန်းကျင်နေရာတစ်ဝိုက်လုံး အလွန်အမင်း အေးစိမ့်သွားသည်။
"ဟား ဟား ဟား...ငါက နောက်ဆုံးတော့ ဧကရာဇ်တစ်ဝက်အဆင့်ဆေးလုံးကို သန့်စင်နိုင်ပြီ"
ဆရာသခင်ချင်းဟယ်ကို ကြည့်ရသည်မှာ ရူးသွပ်သွားပုံရသည်။သူသည် လက်ခုပ်လက်ဝါးတီးကာသူ့ကိုယ်သူဂုဏ်ယူသည့်စကားများ အဆက်မပြတ် ပြောဆိုနေလေ၏။
ဧကရာဇ်တစ်ဝက်အဆင့်ဆေးလုံးကို သန့်စင်နိုင်ခဲ့ခြင်းသည် သူ့အား ဆေးပညာအစည်းအရုံး၏သမိုင်းစဥ်တလျှောက်၌ နာမည်ကျော်ကြားနေစေရန်လုံလောက်သည်။
ထို့ပြင် ဤသည်က သူ့အား 'ဆေးဘုရင်'ဟူသော ဘွဲ့ထူးရရှိနိုင်မည့် အခွင့်အရေးကို မြှင့်တင်ပေးနိုင်သည်။
ဤသည်က မရေမတွက်နိုင်သောဆေးပညာရှင်များ စိတ်ကူးယဥ်အိမ်မက်မက်နေကြရသည့် ဘွဲ့ထူးတစ်ခုပင်။
ထိုအချိန်မှာပင် ပတ်ဝန်းကျင်ရှိ ဆေးပညာရှင်များထံမှလည်း ပျော်ရွှင်ဝမ်းမြောက်စွာ အော်ဟစ်လိုက်သောအသံများ ထွက်ပေါ်လာသည်။
ရုတ်ချည်းဆိုသလိုပင် ဆေးပညာရှင်များအနက်မှဆယ်ယောက်ကျော်သည် ဆေးလုံးကို အောင်မြင်စွာဖော်စပ်နိုင်ခဲ့လေ၏။
ထို့ပြင် အောင်မြင်စွာသန့်စင်ပြီးသော ဆေးလုံးအရေအတွက်သည် တိုးပွါးနေဆဲပင်။
ဤသည်က ဧကရာဇ်တစ်ဝက်အဆင့်ဆေးလုံးဖြစ်ကာ တခြားဆေးလုံးများထက် များစွာပို၍အစွမ်းထက်သည်။
အကယ်၍ အဆင့်တစ်ဆင့်သာ ဆက်၍မြှင့်တင်နိုင်ပါက ထိုဆေးလုံးသည် ဒဏ္ဍါရီလာဧကရာဇ်အဆင့်ဆေးလုံးအဖြစ်အသွင်ပြောင်းကာ ထိုဆေးလုံးကိုစားမိသူသည် ထာဝရအသက်ကို ပိုင်ဆိုင်နိုင်ပေမည်။
ယခုလက်ရှိနေရာတွင်ရှိနေသော ဆေးပညာရှင်များအားလုံး ပျော်ရွှင်ဝမ်းမြောက်စွာ အော်ဟစ်နေကြ၏။
ထို့နောက်မှနေ၍ တခြားဆေးမီးဖိုများမှ ဆေးဖော်စပ်မှုများသည်လည်း ဆက်တိုက်ဆိုသလိုပင် အောင်မြင်လာကြသည်။
ဤသည်က ကမ္ဘာဦးရင်းမြစ်စွမ်းအင်၏အကျိုးသက်ရောက်မှုကြောင့် ဖြစ်နိုင်သော်လည်း ဆေးပညာရှင်အနည်းစုမှာမူ ကျရှုံးသွားကြလေ၏။
အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် အနက်ရောင်ဆေးလုံးတစ်ရာကျော် ကောင်းကင်ယံအတွင်း၌ မျောလွင့်နေသည်။
ထိုဆေးလုံးများ စုဝေးနေသည်မှာ နဂါးတစ်ကောင် ရှေ့နောက်လူးလွန့်နေခြင်းနှင့် တူညီနေသည်။ဤသည်က အလွန်အမင်း အံ့အားသင့်ဖွယ်ကောင်းသော မြင်ကွင်းပင်။
Chapter 2664
"ဒါက ဆေးပညာရှင်တွေရဲ့ မဟာစည်းဝေးပွဲကြီးပဲ"
ဆရာသခင်ချင်းဟယ်သည် အလွန်စိတ်လှုပ်ရှားနေသဖြင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။
လေထုအတွင်း၌မျောလွင့်နေသော အနက်ရောင်ဆေးလုံးများထံမှနေ၍ အစွမ်းထက်သောဖိအားအရှိန်အဝါမျိုး ထုတ်လွှင့်ပေးနေသည်။
ဆေးပညာရှင်အများစုသည် ဆေးလုံးကိုအောင်မြင်စွာ သန့်စင်နိုင်ခဲ့သော်လည်း ကျရှုံးသူတချို့ရှိနေဆဲပင်။
ကျရှုံးသွားသောဆေးပညာရှင်များသည် ကောင်းကင်ယံအတွင်း၌ မျောလွင့်နေသော ဆေးလုံးများကိုကြည့်ပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် မနာလိုအားကျခြင်း မခံချိမခံသာဖြစ်ခြင်းတို့ကို ခံစားနေရ၏။
"ဆရာသခင်ချင်းဟယ်...မင်းတို့သန့်စင်ထားတဲ့ ဆေးလုံးတွေက....ဘာလို့ ဒီလောက်ပဲ စွမ်းအားရှိတာလဲ...ကောလဟာလတွေအရတော့ ဧကရာဇ်တစ်ဝက်အဆင့်ဆေးလုံး မွေးဖွားလာတဲ့အချိန်မှာ သာမာန်မဟုတ်တဲ့ သဘာဝလွန်ပုံရိပ်တွေ လောကကြီးအတွင်းမှာ ထွက်ပေါ်လာလိမ့်မယ်...ဘာလို့ ဒီဆေးလုံးတွေကျမှ လေထုထဲကို မြောက်တက်သွားတာကလွဲပြီး ဘာထူးခြားချက်မှမရှိတာလဲ"
ဆေးဖော်စပ်ရာတွင် ရှုံးနိမ့်သွားသူတချို့က သံသယအပြည့်ဖြင့် မေးမြန်းသည်။
ဧကရာဇ်တစ်ဝက်အဆင့်ဆေးလုံး မွေးဖွားလာချိန်တွင် ဖြစ်ပေါ်လေ့ရှိသော မြင်ကွင်းမျိုးကို ရှေးဟောင်းမှတ်တမ်းများတွင် ဖော်ပြထားလေ၏။
ကောလဟာလများအရ ထိုအချိန်တွင် ကုန်းမြေတစ်ခုလုံးသည် ဧကရာဇ်တစ်ဝက်အဆင့်ဆေးလုံး၏ပုံရိပ်ယောင်ကို တွေ့မြင်ရပေမည်။ထိုဆေးလုံးပုံရိပ်ယောင် လေထုအတွင်း၌မျောလွင့်နေခြင်းကို လောကကြီးအတွင်းရှိ နေရာဒေသအသီးသီးမှလူများ မြင်နိုင်ပေလိမ့်မည်။
သို့ရာတွင် ယခုလက်ရှိအချိန်၌ ကောင်းကင်ယံတခွင်လုံး ဧကရာဇ်အဆင့်တစ်ဝက်ဆေးလုံးများဖြင့် ပြည့်နှက်နေသည်။ထိုဆေးလုံးများသည် ကြီးမားသောအရှိန်အဝါရှိသော်လည်း မည်သည့်သဘာဝလွန်ပုံရိပ်မျှ ထွက်ပေါ်လာခြင်းမရှိချေ။
အင်ပါယာအဆင့်ဆေးလုံးတစ်လုံး ထွက်ပေါ်လာလျှင်ပင် ယခုလက်ရှိမြင်ကွင်းထက် ပို၍ကြီးကျယ်ခမ်းနားသည်ကို လူတိုင်းသိရှိထားကြ၏။
ဆရာသခင်ချင်းဟယ်က သူ၏မုတ်ဆိတ်မွှေးများကိုပွတ်သပ်ကာ ပြောဆိုသည်။
"ဒါက တစ်ကြိမ်တည်းနဲ့ ဧကရာဇ်တစ်ဝက်အဆင့်ဆေးလုံးတွေ အများကြီးထွက်ပေါ်လာလို့ပဲ...ဆေးလုံးတစ်လုံးက တခြားဆေးလုံးတစ်လုံးရဲ့စွမ်းအားကို ချိုးနှိမ်ထားတယ်...ဒါကြောင့် ကောင်းကင်နဲ့မြေပြင်က ဒီဆေးလုံးတွေကို အာရုံမခံမိတော့ဘူး...ဇဝေဇဝါဖြစ်အောင် မလုပ်ကြနဲ့"
ပတ်ဝန်းကျင်ရှိဆေးပညာရှင်များသည် ဆရာသခင်ချင်းဟယ်၏ အသိပညာကြွယ်ဝမှုအတွက် ချက်ချင်းဆိုသလိုပင် ချီးမွမ်းစကား ပြောဆိုလိုက်ကြသည်။
"ဒီနေရာက ထွက်သွားကြစမ်း"
လုယွီက ရုတ်တရက် ဒေါသတကြီးအော်ငေါက်လိုက်သည်။သူ၏လက်ကို ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ လေပြင်းများတိုက်ခတ်လာကာ သူရှေ့ရှိဆေးလုံးများကို အဝေးသို့လွင့်သွားစေသည်။
ဤသည်က ဧကရာဇ်တစ်ဝက်အဆင့်ဆေးလုံးများ မဟုတ်ချေ။
တစ္ဆေကိုးကောင်ဝါးမြိုခြင်းနဂါးဆေးလုံးတွင် အဆင့်သတ်မှတ်ချက်မရှိပေ။ထိုဆေးလုံးတွင် ကိုယ်ပိုင်စွမ်းအားသာရှိသည်။ဆေးလုံးတွင်ပါဝင်သော ဆေးပင်များ၏အရည်အသွေးပို၍မြင့်မားလေလေ စွမ်းအားပို၍ပြင်းထန်လေလေပင်။
ထိုအရာကို ဆေးလုံးဟုခေါ်ဆိုသော်လည်း အမှန်အားဖြင့် လူသတလက်နက်ဖြင့် ကွာခြားခြင်းမရှိချေ။
"မင်း လုပ်ရဲလား"
"တောင်ကြားသခင်ဝေ့ကို မင်း သတ်လိုက်တာက ငါတို့နဲ့မဆိုင်ဘူး...ဒါပေမယ့် မင်းက ငါတို့ရဲ့ဆေးလုံးတွေကို လာပြီးထိဝံ့တယ်...မင်းက ရူးနေတာလား"
ဆေးပညာရှင်များသည် ဒေါသတကြီးဖြင့် လုယွီကို တစ်ယောက်ပြီးတစ်ယောက် စွပ်စွဲပြစ်တင်နေကြသည်။
လုယွီသည် ထိုလူတစ်စုနှင့်ငြင်းခုံရန် ပျင်းရိငြီးငွေ့သဖြင့် ဝေ့ထိုက်ကိုဖမ်းဆီးရန်အတွက် သူ၏လက်ကို ဆန့်တန်းလိုက်၏။
သူ၏ရည်မှန်းချက်ပန်းတိုင်သည် အစိမ်းရောင်ကြာနတ်ဘုရားကို သတ်ဖြတ်ရန်ပင်။
လုယွီ၏နဂါးဖမ်းလက်သည် လူအုပ်ကြီးကိုဖြတ်ကျော်ကာ ဝေ့ထိုက်ထံသို့ တန်းတန်းမတ်မတ်တိုးဝင်သွားသည်။
ဝေ့ထိုက်က ရှောင်ရှားခြင်းမရှိချေ။သူ၏မျက်နှာပေါ်တွင် ထူးဆန်းသောအပြုံးတစ်ခု ထွက်ပေါ်လာသည်။
"ကြည့်ရတာတော့ မင်းက ဒီဆေးလုံးရဲ့အကြောင်းကိုသိပုံပဲ...သနားဖို့ကောင်းတာတစ်ခုကတော့ မင်းကို ဘယ်သူကမှ မယုံကြည်ကြဘူး"
ဘုန်း..
နဂါးဖမ်းလက်သည် ဝေ့ထိုက်နှင့်မီတာအနည်းငယ်ခန့်အကွာတွင် ရပ်တန့်သွားသည်။နဂါးဖမ်းလက်ကို ရုတ်တရက် အစွမ်းထက်သော လေအေးစီးကြောင်းတစ်ရပ်က ပိတ်ဆို့ဟန့်တားလိုက်ခြင်းပင်။
အစောပိုင်းက လုယွီကြောင့်လွင့်ထွက်သွားသော တစ္ဆေကိုးကောင်ဝါးမြိုခြင်းနဂါးဆေးလုံးများသည် ဝေ့ထိုက်၏နံဘေးပတ်ဝန်းကျင်တွင် တဖန်ပြန်၍စုဝေးလာကြ၏။ထိုဆေးလုံးများမှ ထွက်ပေါ်နေသော ယင်ချီအခိုးအငွေ့များက ဝေ့ထိုက်ကို အခိုင်အမာကာကွယ်ပေးထားသည်။
"ဆေးလုံးအရေအတွက် လုံလောက်ပြီ"
ဝေ့ထိုက်၏မျက်နှာပေါ်၌ ကောက်ကျစ်ယုတ်မာသောအပြုံးမျိုး ထင်ဟပ်လာသည်။
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ဆေးပညာရှင်များ သတိလက်လွတ် ဖြစ်သွားကြသည်။
"သခင်လေးဝေ့...မင်း ဘာလုပ်နေတာလဲ...ဒါက ငါတို့ဖော်စပ်ထားတဲ့ ဆေးလုံးတွေလေ...ကျေးဇူးပြုပြီးတော့ ငါတို့ကို ပြန်ပေးပါ"
ဆရာသခင်ချင်းဟယ်က ရှေ့ထွက်၍ ပြောဆိုသည်။
ဝေ့ထိုက်က သရော်တော်တော် ရယ်မောလိုက်၏။
"ဒီဆေးပင်တွေအားလုံးက ငါ့အပိုင်...ဆေးညွှန်းကလည်း ငါ့ဟာပဲ...မင်းတို့က ငါ့အတွက် အလုပ်လုပ်ပေးရုံသက်သက်ပဲ...ဘယ်အချိန်ကနေစပြီးတော့ မင်းတို့ရဲ့ဆေးလုံးတွေ ဖြစ်သွားတာလဲ"
ဆရာသခင်ချင်းဟယ်က ကြက်သေသေသွားသည်။
ဝေ့ထိုက်သည် မည်သည်ကြောင့် သူ၏မျက်နှာအမူအယာကို အလွန်လျှင်မြန်စွာ ပြောင်းလဲနိုင်သနည်း။
သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ သူသည် ကောင်းကင်အဆင့်ဆေးပညာရှင်တစ်ယောက်ပင်။ရုတ်ချည်းဆိုသလိုပင် သူက ဒေါသတကြီး ပြောဆိုလိုက်၏။
"သခင်လေးဝေ့....ခုဏက မင်း ကူညီပေးခဲ့တဲ့မျက်နှာကို ထောက်ထားပြီးတော့ ဒီကိစ္စကို ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူးလို့ ငါ သဘောထားလိုက်မယ်....အခုလက်ရှိချိန် ရှန်းနွန်တောင်ကြားမှာ အစွမ်းထက်တဲ့ဆေးပညာရှင်ဆိုလို့ တစ်ယောက်မှမရှိတော့ဘူး...အနှေးနဲ့အမြန် နိမ့်ပါးလာမှာပဲ...မင်းက ဒီဆေးလုံးတွေအတွက်နဲ့ ငါတို့ကိုအပြစ်ပြုချင်တာ သေချာလား"
တခြားဆေးပညာရှင်များကလည်း ဝေ့ထိုက်ကို စူးစူးဝါးဝါး စိုက်ကြည့်နေကြသည်။
ဤဝေ့ထိုက်သည် အမှန်တကယ်ကိုပင် မည့်သည့်အရာက သူ့အတွက်ကောင်းမွန်သည်ကို မသိရှိချေ။
ဝေ့ထိုက်က သရော်တော်တော်အမူအယာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။ရုတ်တရက် သူက ခနဲ့တဲ့တဲ့လေသံဖြင့် ပြောဆိုသည်။
"ငနုံငအတစ်သိုက်ပဲ...မင်းတို့က သူနဲ့အတူ သေသွားတာပိုကောင်းတယ်"
Chapter 2665
ဝေ့ထိုက်၏အရှိန်အဝါ ရုတ်တရက်ပြောင်းလဲသွားကာ သူ့ထံမှနေ၍ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ တလိမ့်လိမ့် ထွက်ပေါ်လာသည်။
ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်၌မျောလွင့်နေသော တစ္ဆေကိုးကောင်ဝါးမြိုခြင်းနဂါးဆေးလုံးများပေါ်ရှိ အနက်ရောင်နဂါးပုံရိပ်များသည် နှစ်ခြိုက်စွာအိပ်မောကျနေရာမှ နိုးထလာသကဲ့သို့ သူတို့၏မျက်လုံးများကို ဖွင့်လိုက်ကြ၏။
ထိုသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိလေထု ပို၍အေးစက်လာသည်။
ဆရာသခင်ချင်းဟယ်က ထိုအရာကိုသတိပြုမိသွားကာ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"မင်း ဘာလုပ်နေတာလဲ"
"တစ္ဆေကိုးကောင်ဝါးမြိုခြင်းနဂါးဆေးလုံးတွေ ငါ့အတွက် ဖော်စပ်ပေးတဲ့အတွက် မင်းတို့ကို ကျေးဇူးတင်ပါတယ်...တကယ်လို့ မင်းတို့သာမရှိရင် ဒီအသုံးမကျတဲ့ခန္ဓာကိုယ်နဲ့ ဟိုကောင်စုတ်လေးကို ရင်ဆိုင်နိုင်မှာမဟုတ်ဘူး"
ဝေ့ထိုက်က ကောက်ကျစ်ယုတ်မာစွာ ပြုံးလိုက်၏။သူ၏နဖူးပေါ်တွင် ကြာပန်းစိမ်းတစ်ပွင့်အမှတ်အသားက ရုတ်တရက်ထွက်ပေါ်လာသည်။
သူ၏နောက်တွင် မြင့်မြတ်ပြီး တည်ကြည်လေးနက်ပုံရသည့် အလင်းဘီးကြီးတစ်ခုက ဖြည်းညှင်းစွာလည်ပတ်နေကာ တောက်ပသောရောင်စဥ်တန်းများ ဖြာထွက်နေသည်။
"မင်း....မင်းက ဝေ့ထိုက်မဟုတ်ဘူး...အစိမ်းရောင်ကြာနတ်ဘုရားပဲ"
ဤအချိန်အခိုက်အတန့်တွင် ဆေးပညာရှင်များသည် မည်မျှပင်ရူးသွပ်မိုက်မဲသူဖြစ်နေပါစေ မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို နားလည်သဘောပေါက်သွားပေ၏။
သူတို့၏ရှေ့ရှိဝေ့ထိုက်သည် ခန္ဓာကိုယ်အပိုင်စီးခြင်း ခံလိုက်ရလေပြီ။
ယခင်က လုယွီသည် အလွန်အမင်းလွှမ်းမိုးချုပ်ကိုင်နိုင်သောအမူအယာဖြင့် ရှန်းနွန်တောင်ကြားသို့ ကျူးကျော်ဝင်ရောက်လာသည်မှာ အံ့အားသင့်စရာ မရှိတော့ချေ။ရှန်းနွန်တောင်ကြား၏အရှင်သခင်သည် အမှန်တကယ်ကိုပင် အစိမ်းရောင်ကြာနတ်ဘုရားနှင့် ပူးပေါင်းထားလေ၏။
အစိမ်းရောင်ကြာနတ်ဘုရားသည် နတ်ဆိုးနတ်ဘုရားတစ်ပါးပင်။ဤကိစ္စကို မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေမှ မည်သူမဆို သိရှိထားကြသည်။
အစောပိုင်းက သူတို့သည် ဝေ့ထိုက်အတွက် ကာကွယ်ပြောဆိုနေသည်မှာ အလွန်ရယ်ရွှင်ဖွယ်ကောင်းပေ၏။ဤကိစ္စသည် ယခုလက်ရှိအချိန်၌ သူတို့၏ပါးများကို ဖြတ်ရိုက်လိုက်သကဲ့သို့ပင်။
"အခုချိန်မှ မင်းတို့ သိတာလား...နောက်ကျသွားပြီ...မင်းတို့အားလုံး အတူတူသေကြတော့...ဟား ဟား ဟား"
ရုတ်ချည်းဆိုသလိုပင် ဝေ့ထိုက်၏ပါးစပ်မှနေ၍ အမျိုးသမီးတစ်ယောက်၏ သရော်တော်တော် ရယ်မောလိုက်သောအသံကြီး ထွက်ပေါ်လာသည်။
ရာနှင့်ချီသောနဂါးဆေးလုံးများ တပြိုင်နက်တည်း ပေါက်ကွဲသွားလေပြီ။
နဂါးဟိန်းသံများက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားကာ ချက်ချင်းဆိုသလိုပင် ယင်ချီများက ရှန်းနွန်တောင်ကြား၏အထက်ရှိ ကောင်းကင်ယံတခွင်လုံးကို လွှမ်းခြုံသွားသည်။
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် လုယွီက မျက်မှောင်ကြုတ်လိုက်၏။
အစိမ်းရောင်ကြာနတ်ဘုရားသည် တစ္ဆေကိုးကောင်ဝါးမြိုခြင်းနဂါးဆေးလုံး၏ဆေးညွှန်းကို ရရှိထားရုံသာမက ထိုအရာကိုအသုံးပြုသည့်နည်းစနစ်ကိုလည်း ပိုင်ဆိုင်ထားမည်ဟု သူ မျှော်လင့်မထားမိချေ။
"မင်းတို့အားလုံး....ဘေးဖယ်ကြစမ်း"
လုယွီက အော်ဟစ်လိုက်သည်။
တစ္ဆေကိုးကောင်ဝါးမြိုခြင်းနဂါးဆေးလုံး၏စွမ်းအားများသာ ပွင့်အံထွက်လာပါက ထိုဆေးပညာရှင်များအားလုံး သေဆုံးသွားရန် လုံလောက်သည်။
ဆေးပညာရှင်များ၏ခန္ဓာကိုယ်များသည် နုနယ်သဖြင့် ပြင်းထန်သောယင်ချီစွမ်းအားလှိုင်းများကို တောင့်ခံနိုင်မည်မဟုတ်ချေ။
ဆရာသခင်ချင်းဟယ်က ရုတ်တရက် အော်ဟစ်လိုက်၏။
"အားလုံးပဲ မကြောက်ကြနဲ့...ဒါတွေက ငါတို့ဖော်စပ်ထားတဲ့ ဆေးလုံးတွေ...တကယ်လို့ အဲ့ဒီဆေးလုံးတွေထဲမှာ ယင်ချီတွေ ရောယှက်နေတယ်ဆိုရင်တောင်....ငါတို့ကို သေစေနိုင်လောက်တဲ့အထိတော့ ပြင်းထန်မှာမဟုတ်ဘူး...ငါတို့ အတူပူးပေါင်းပြီးဟန့်တားမယ်ဆိုရင် အဲ့ဒီယင်ချီတွေက ငါတို့ကို ဘာထိခိုက်နာကျင်မှုမှ ဖြစ်စေနိုင်မှာမဟုတ်ဘူး"
သူသည် ကောင်းကင်အဆင့်ဆေးပညာရှင်တစ်ယောက်ဖြစ်သဖြင့် လူအများစုက သူ၏စကားများကို ယုံကြည်လက်ခံကြသည်။
ဤအချိန်အခိုက်အတန့်တွင် ဆေးပညာရှင်များအားလုံး ဆရာသခင်ချင်းဟယ်၏နံဘေးတဝိုက်တွင် စုဝေးလိုက်ကြ၏။
လုယွီ၏ယခင်အကြံပေးမှုကိုမူ လူတိုင်းက လျစ်လျှုရှုထားကြသည်။
"မင်းက ဒီလူတစ်စုကို မင်းနဲ့အတူသေသွားစေချင်တာ သေချာလား"
လုယွီက အေးစက်တင်းမာသောအကြည့်ဖြင့် ဆရာသခင်ချင်းဟယ်ကို စူးစိုက်၍ကြည့်လိုက်၏။
ဤကောင်းကင်အဆင့်ဆေးပညာရှင်ဆိုသူသည် တစ်ကိုယ်ကောင်းဆန်ကာ သူ၏နံဘေးပတ်ဝန်းကျင်ရှိ ဆေးပညာရှင်များ၏အသက်ကို အနည်းငယ်မျှပင် ဂရုမစိုက်ချေ။
"တကယ်လို့ မင်း ဆေးပညာရပ်အကြောင်းကိုမသိရင်လည်း ဘာမှလျှောက်မပြောစမ်းနဲ့...ဒီဆေးလုံးကို ငါတို့ကိုယ်တိုင် သန့်စင်ထားတာ...ဒါကြောင့် ဆေးလုံးထဲမှာပါတဲ့ ပါဝင်ပစ္စည်းတွေရဲ့အာနိသင်ကို ငါတို့ သိပြီးသား....ဒါက စိတ်ဝိညာဥ်ရဲ့စွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့ဆေးလုံးပဲ...တစ်စုံတစ်ယောက်က ဒီယင်ချီတွေရဲ့တိုက်စားမှုကို ခုခံနိုင်သရွေ့ သူ့ရဲ့စိတ်ဝိညာဥ်ကစွမ်းအားတွေ မြင့်တက်လာပြီးတော့ အဆင့်ချိုးဖျက်နိုင်လိမ့်မယ်"
ဆရာသခင်ချင်းဟယ်က အေးစက်စက်အပြုံးဖြင့် ပြောဆိုသည်။
မကြာမီမှာပင် တစ္ဆေကိုးကောင်ဝါးမြိုခြင်းနဂါးဆေးလုံးများမှစွမ်းအားများ အပြည့်အဝပွင့်အံထွက်လာကာ ယင်ချီများက ဆေးပညာရှင်များအားလုံးကို လွှမ်းခြုံသွားသည်။
ဆေးပညာရှင်များသည် ထိတ်လန့်ကြောက်ရွံနေခြင်းမရှိချေ။ထိုအစား သူတို့သည် စိတ်လှုပ်ရှားနေကြ၏။
ဤသည်က ဧကရာဇ်တစ်ဝက်အဆင့်ဆေးလုံးများပင်။ထိုအရာမှစွမ်းအားများ အသက်ဝင်လာသည်နှင့် သူတို့၏စိတ်ဝိညာဥ်မှစွမ်းအားများသည် တိုင်းဆ၍မရလောက်အောင် မြင့်တက်သွားပေမည်။
"အဲ့ဒါက လာနေပြီ"
ဆရာသခင်ချင်းဟယ်၏အသံသည် စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေသည်။
ထူထပ်သိပ်သည်းသောယင်ချီများသည် အစိုင်အခဲတစ်ခုအလား ပျံ့နှံ့နေပေ၏။
အစွန်အဖျား၌ရှိနေသော ဆေးပညာရှင်များသည် အသက်ရှုရှိုက်ရန် ပြင်ဆင်လိုက်သော်လည်း ထိုယင်ချီများကို ထိတွေ့မိသည်နှင့် သူတို့၏မျက်နှာများဖြူရော်သွားကာ တုန်လှုပ်ချောက်ချားသွားကြသည်။
သူတို့သည် ထိုယင်ချီများအားထိတွေ့မိသည်နှင့် သူတို့ပေါ်သို့ထူထပ်သိပ်သည်းသော မြူခိုးများလွှမ်းခြုံသွားကာ သူတို့၏ခန္ဓာကိုယ်များ အလွန်လျှင်မြန်စွာ ပုပ်သိုးဆွေးမြည့်စပြုလာသည်။
Thank For Reading.