အခန်း (၂၆၇၁-၂၆၇၅)
Vol. 137 Ch. 2671-2675
Chapter 2671
"ကြည့်ရတာတော့ ဒီလူငယ်စစ်ဗိုလ်ချုပ်ရဲ့ကောလဟာလတွေက အမှန်ဖြစ်နေပုံပဲ"
ဆေးပညာရှင်အများစု၏စိတ်နှလုံးသားအတွင်း၌ ထိုကဲ့သို့အတွေးမျိုး ဖြတ်ပြေးသွားသည်။
ဤသည်က အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ကိစ္စပင်။
သူ့အား ကောင်းကင်ဘုံနယ်မြေအတွင်းရှိ တခြားထိပ်သီးအစွမ်းထက်ကျင့်ကြံသူများဖြင့်ပင် နှိုင်းယှဥ်ကြည့်၍ရနိုင်သည်။
ထို့ပြင် သူတို့သည် ဤလူငယ်ပါရမီရှင်ကို တခြားသူများ သတိမပြုမိခင် မည်သည်ကြောင့် အရင်ဦးအောင် မိတ်ဖွဲ့မထားရမည်နည်း။
တောက်ပသောအနာဂတ်ရှိသော လူငယ်ပါရမီရှင်တစ်ယောက်နှင့် သူတို့အကြားတွင် ဆက်ဆံရေးကောင်းတစ်ခုရှိနေပါက နောင်တစ်ချိန်တွင် သူတို့အတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်ပေ၏။
"ဗိုလ်ချုပ်လု...မင်းက အစိမ်းရောင်ကြာနတ်ဘုရားကိုသတ်ခဲ့တာ ကြီးမားတဲ့အကျိုးဆောင်မှုကြီးပဲ...ဒါပေမယ့် အခုချိန်မှာ အစိမ်းရောင်ကြာနတ်ဘုရားရဲ့စိတ်ဝိညာဥ်က ပျက်စီးသွားပြီ....တော်ဝင်စစ်ရေးဌာနက ချီးမြှင့်မယ့်ဆုလာဘ်တွေ မင်းရဖို့ မလွယ်ကူမှာကို ငါ စိုးရိမ်မိတယ်"
ထိုအချိန်မှာပင် ခရမ်းရောင်ဆံပင်ရှိသည့် အဖိုးအိုတစ်ယောက်က ရုတ်တရက် ပြောဆိုသည်။
"အမ်..."
လုယွီက မျက်မှောင်ကြုတ်လိုက်၏။
သူ အစိမ်းရောင်ကြာနတ်ဘုရားကို သတ်ဖြတ်ခဲ့စဥ်က ထိုကိစ္စအကြောင်းကို အမှန်တကယ်ကိုပင် မစဥ်းစားမိချေ။
သူသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ပြီးလေပြီ။နောက်ထပ် ကျင့်ကြံဆင့်နယ်ပယ်များ တက်လှမ်းနိုင်ရန်မှာ သူ့အတွက် အလွန်အမင်း ခက်ခဲပေမည်။
ထိုအကြောင်းကို တွေးတောကြည့်လျှင် သူသည် လောကီအင်မော်တယ်အထွတ်အထိပ်အဆင့်၌ အချိန်အတော်ကြာ တစ်ဆို့နေခဲ့သည်။မရေမတွက်နိုင်သော ခက်ခဲကြမ်းတမ်းမှုများနှင့် အန္တရာယ်များကို ဖြတ်ကျော်ပြီးမှသာ သူ မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
အကယ်၍ သူသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်တွင် အဆင့်တစ်ဆင့် တက်လှမ်းလိုပါက သူ၏ကျင့်ကြံခြင်းတစ်ခုတည်းမျှဖြင့် အဆင့်ချိုးဖျက်နိုင်ရန်မှာ လွန်စွာခက်ခဲပေမည်။
တစ်ခုတည်းသောနည်းလမ်းမှာ တာယွီအင်ပါယာမှကံကြမ္မာစွမ်းအားများ၏ ကူညီထောက်ပံမှုကိုရရှိမှသာ သူ၏ကျင့်ကြံမှုအရှိန်နှုန်းကို မြှင့်တင်နိုင်ပေလိမ့်မည်။
လုယွီ၏ ယခုလက်ရှိကျင့်ကြံမှုအရှိန်နှုန်းသည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းအောင် လျှင်မြန်သည်ဟု ဆိုနိုင်သော်လည်း ရှေးဟောင်းအင်မော်တယ်တစ်ယောက်ဖြစ်ရန် လိုအပ်ချက်များနှင့် ပြည့်စုံရန်မှာမူ အလွန်အလှမ်းကွာဟနေဆဲပင်။
တာယွီတော်ဝင်နန်းတွင်းရှိ ထိပ်တန်းအရာရှိများသည် ကံကြမ္မာစွမ်းအားများတွင်း၌ နှစ်ခြင်းခံယူပြီးသည့်အကြိမ်တိုင်း ယခင်ထက် အဆနှစ်ဆယ် သို့မဟုတ် အဆငါးဆယ်ခန့်ပင် သူတို့၏စွမ်းဆောင်နိုင်စွမ်း မြင့်တက်သွားသည်။သူတို့၏စွမ်းရည် အချိန်တိုအတွင်း မြင့်တက်သွားသဖြင့် မည်သူကမျှ သူတို့ကို လိုက်မမှီတော့ချေ။
ဤအကြောင်းအရင်းကြောင့် နက်ရှိုင်းသောတောတောင်များအတွင်း၌ ကျင့်ကြံနေကြသော လူအိုကြီးအမြောက်အများသည် သူတို့၏အဆင့်အတန်းကို နှိမ့်ချ၍ တာယွီ၏ကံကြမ္မာစွမ်းအားမှ ထောက်ပံမှုကိုရရှိစေရန်အလို့ငှါ တော်ဝင်နန်းတွင်း၌ အရာရှိနေရာယူ၍ တာဝန်ထမ်းဆောင်နေကြခြင်းဖြစ်သည်။
လုယွီသည် ယခုထိတိုင် တော်ဝင်စာမေးပွဲကို မဖြေဆိုရသေးသော်လည်း ထိုကိစ္စသည် သူ တိုက်ပွဲအကျိုးဆောင်ရမှတ်များ စုဆောင်းမှုကို ဟန့်တားနိုင်မည်မဟုတ်ချေ။
တိုက်ပွဲအကျိုးဆောင်ရမှတ်များသည် စစ်တပ်မှရာထူးအဆင့်ကို မြှင့်တင်ပေးနိုင်လေ၏။ထိုရာထူးအဆင့်ဖြင့် ကံကြမ္မာစွမ်းအားကို မရရှိနိုင်သော်လည်း အတိုင်းအတာပမာဏတစ်ခုထိ စုဆောင်းမိပါက အရာရှိရာထူးတိုးမြင့်ရာ၌ သက်ရောက်မှုရှိလေ၏။
မည်သည့်စစ်ရေးအောင်မြင်မှုမျှမရှိသော အရာရှိတစ်ယောက်ကို လက်အောက်ငယ်သားများက အနည်းငယ်မျှပင် ယုံကြည်လက်ခံမှုရှိမည်မဟုတ်ချေ။
အစိမ်းရောင်ကြာနတ်ဘုရားကို သတ်ဖြတ်ခဲ့ခြင်းသည် အလွန်အမင်းကြီးမားသော တိုက်ပွဲအကျိုးဆောင်မှုကြီးပင်။
သို့ရာတွင် ယခုလက်ရှိချိန်၌ မည်သည့်သက်သေအထောက်အထားမျှမရှိသဖြင့် တော်ဝင်နန်းတွင်း၏ အသိအမှတ်ပြုမှုကိုရရှိရန် သူ့အတွက် လွန်စွာခက်ခဲပေမည်။
"ဒါက ငါ ခုဏက မှတ်တမ်းတင်ထားတဲ့ မှတ်ဥာဏ်သလင်းကျောက်ပါ...တကယ်လို့ တော်ဝင်နန်းတွင်းက ဒီကိစ္စကို စုံစမ်းမယ်ဆိုရင် ဗိုလ်ချုပ်က ဒီအရာကို သက်သေအနေနဲ့ အသုံးပြုနိုင်တယ်"
ခရမ်းရောင်ဆံပင်ရှိသော ဆေးပညာရှင်က အပြုံးဖြင့်ပြောဆိုကာ ရိုသေလေးစားသောအမူအယာဖြင့် အပြာရောင်သလင်းကျောက်တစ်ခုကို လုယွီထံ ပေးအပ်လေ၏။
ထိုသလင်းကျောက်၏မျက်နှာပြင်သည် ကြည်လင်တောက်ပနေကာ မည်သည့်အပြစ်အနာအဆာမျှ ရှိမနေချေ။
တစ်စုံတစ်ယောက်သည် ထိုသလင်းကျောက်အတွင်းသို့ မှော်စွမ်းအားအနည်းငယ် ထည့်သွင်းလိုက်ပါက ထိုအရာ၏မျက်နှာပြင်ပေါ်၌ လူရိပ်များထွက်ပေါ်လာကာ အသံများကိုလည်း ကြားရပေမည်။ဤသည်က လုယွီ အစောပိုင်းက အစိမ်းရောင်ကြာနတ်ဘုရားကို သတ်ဖြတ်ခဲ့သောမြင်ကွင်းပင်။
ဤသည်က လောကကြီးအတွင်းတွင် ဖြစ်ပျက်သမျှ အရာရာတိုင်းကို မှတ်တမ်းတင်နိုင်သော မှတ်ဥာဏ်သလင်းကျောက်ပင်။
မှတ်ဥာဏ်သလင်းကျောက်အတွင်းရှိ ဖြစ်ရပ်များကို အတုပြုလုပ်၍မရသဖြင့် ထိုအရာသည် အရေးကြီးသောကိစ္စများကို မှတ်တမ်းထင်ရာ၌ အထောက်အကူပေးနိုင်သောအရာဖြစ်လာသည်။တော်ဝင်နန်းတွင်း၌ အရေးကြီးကိစ္စများ ဖြစ်ပွါးနေသော အချိန်မျိုးတွင်ပင် ထိုမှတ်ဥာဏ်သလင်းကျောက်ကို အသုံးပြုကြလေ၏။
သို့ရာတွင် မှတ်ဥာဏ်သလင်းကျောက်သည် အလွန်အရေးပါသဖြင့် မိုင်းတွင်းများကို တော်ဝင်နန်းတွင်းမှ ထိန်းချုပ်ထားလေရာ အလွန်နည်းပါးသောအရေအတွက်သာ ပြင်ပလောက၌ရှိသည်။ခရမ်းရောင်ဆံပင်ရှိသောဆေးပညာရှင်သည် ဤပစ္စည်းကိုရရှိရန်အတွက် အလွန်များပြားသောတန်ကြေးကို အသုံးပြုထားရပေမည်။
"ငါက ဆေးပညာအစည်းအရုံးရဲ့ မြေကမ္ဘာအဆင့်ဆေးပညာရှင် နိုချီပါ...ငါက နတ်ဆိုးမျိုးနွယ်တောင်က လာခဲ့တာ...တကယ်လို့ ဗိုလ်ချုပ်လုက အကူအညီတစ်ခုခုလိုအပ်မယ်ဆိုရင် ငါ့ကို အချိန်မရွေး ခေါ်လိုက်ပါ...ငါက ငြင်းဆန်မှာမဟုတ်ဘူး"
ဆေးပညာရှင်နိုချီထံတွင် ခရမ်းရောင်ဆံပင်ရှိပြီး အစိမ်းရောင်မျက်စိသူငယ်အိမ်ရှိသဖြင့် လူသားများနှင့် အလွန်ကွဲပြားခြားနားသည်။
"ကောင်းပြီလေ...ငါ အချိန်ရရင် မင်းဆီကိုလာလည်မယ်"
လုယွီက မှတ်ဥာဏ်သလင်းကျောက်ကို လက်ခံလိုက်၏။
Chapter 2672
တခြားဆေးပညာရှင်များသည် ဆေးပညာရှင်နိုချီ၏လိမ္မာပါးနပ်မှုအတွက် သူတို့၏စိတ်အတွင်းမှနေ၍ ကျိန်ဆဲနေကြသည်။အစောပိုင်းကကဲ့သို့ အခြေအနေမျိုးတွင် နိုချီသည် မှတ်ဥာဏ်သလင်းကျောက်ဖြင့် မှတ်တမ်းတင်ရန် အမှတ်ရသည်မှာ အံ့အားသင့်စရာပင်။
ထိုအချိန်တုန်းက သူတို့အားလုံး အသက်ဘေးအတွက် ပြေးလွှားနေကြရသည်။မည်သူထံတွင် ထိုကဲ့သို့ပြုလုပ်ရန် အချိန်ရှိမည်နည်း။
"ဗိုလ်ချုပ်လု...ငါတို့ အရင်ဆုံး ထွက်သွားတော့မယ်...တကယ်လို့ နောင်တစ်ချိန်မှာ မင်း ငါတို့ဆီက အကူအညီလိုအပ်တယ်ဆိုရင် အချိန်မရွေး ပြောနိုင်ပါတယ်"
တခြားဆေးပညာရှင်များသည် ဤနေရာ၌ ထပ်မံ၍ကြာရှည်ဆက်နေလိုခြင်း မရှိတော့ချေ။
ဆေးပညာရှင်များသည် အစောပိုင်းက သေရေးရှင်ရေးအခြေအနေမျိုးကို ကြုံတွေ့ခဲ့ရ၏။မည်သည့်ကိစ္စများရှိနေပါစေ သူတို့သည် ဤနေရာ၌ ဆက်၍နေလိုခြင်း မရှိတော့ပေ။
လုယွီက ခေါင်းညိတ်ပြပြီးနောက် ဆေးပညာရှင်များသည် ရှန်းနွန်တောင်ကြားမှ ထွက်ခွါသွားကြတော့သည်။
ရှန်းနွန်တောင်ကြားမှတခြားလူများကမူ ဝေ့ဟောင်ရှုံးနှင့်ဝေ့ထိုက် သေဆုံးသွားပြီးနောက် သူတို့၏အင်အားစု ပျက်စီးခြင်းသို့ ဆိုက်ရောက်နေပြီဖြစ်ကြောင်း သိရှိထားလေ၏။
ရှန်းနွန်တောင်ကြား အဆုံးသတ်သွားလေပြီ။
အကယ်၍ သူတို့သည် ရှန်းနွန်တောင်ကြား၌ဆက်နေကာ တော်ဝင်နန်းတွင်း၏အမိန့်ကို ဖီဆန်လိုက်ပါက အဆုံးသတ်တွင် သူတို့အားလုံး သေဆုံးရပေမည်။
သူတို့သည် အခြေအနေကိုအခွင့်ကောင်းယူ၍ စောစီးစွာ တိမ်းရှောင်ထွက်ပြေးသည်က အကောင်ဆုံးဖြစ်ပေလိမ့်မည်။ထို့မှသာ နောင်တစ်ချိန်တွင် တော်ဝင်နန်းတွင်းမှ တစ်စုံတစ်ယောက်စေလွှတ်၍ အကျပ်ရိုက်စေခြင်းမှ သူတို့အားလုံး ရှောင်လွှဲနိုင်ချေရှိသည်။
ယခင်က သက်ဝင်လှုပ်ရှားကာ ဆူညံနေသော ရှန်းနွန်တောင်ကြားသည် ယခုလက်ရှိချိန်၌ ဗလာဟင်းလင်းဖြစ်သွားလေပြီ။မည်သည့်သက်ရှိလူသား၏အရိပ်အယောင်မျှ ကျန်ရှိမနေတော့ချေ။ဤသည်ကို အစောပိုင်းကပင် ဆေးပညာရှင်များ ဆေးဖော်စပ်နေသောမြင်ကွင်းနှင့် နှိုင်းယှဥ်ပါက လွန်စွာကွဲပြားခြားနားသည်။
"အစိမ်းရောင်ကြာနတ်ဘုရားကို သစ္စာခံတဲ့ ဘယ်သူမဆို အဆုံးသတ်မကောင်းကြဘူး...လူအများစုက ဒီအချက်ကို သိထားကြတယ်....ဒါပေမယ့် ဖြားယောင်းသွေးဆောင်မှုနဲ့ ကြုံတွေ့ရတဲ့အချိန်မှာ လူတော်တော်များများ တောင့်မခံနိုင်ကြဘူး"
လုယွီက သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
ရှေးဟောင်းအချိန်ကာလများအတွင်း၌ အစိမ်းရောင်ကြာနတ်ဘုရားထံတွင် သစ္စာခံခဲ့သဖြင့် မိသားစုလိုက်ပျက်စီးခဲ့ရသော လူအမြောက်အများရှိသည်။
အကယ်၍ ဝေ့ဟောင်ရှုံးသာ အစိမ်းရောင်ကြာနတ်ဘုရားနှင့် ပူးပေါင်းမှုမပြုလုပ်ခဲ့ပါက နယ်မြေတစ်ခု၏အုပ်ချုပ်သူဖြစ်လာနိုင်သည်။
သို့ရာတွင် သူသည် သစ္စာခံရာ၌ လူရွေးမှားခဲ့သည်မှာ သိသာထင်ရှားလှ၏။
"ဒီတောင်ကြားရဲ့ နက်ရှိုင်းတဲ့နေရာမှာ အစိမ်းရောင်ကြာနတ်ဘုရားရဲ့ အငွေ့အသက်တွေရှိနေသေးတယ်...ဒါက ဘာလို့ ခုထိမပျက်စီးသေးတာလဲ"
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
သူက လှိုဏ်ဂူအတွင်းသို့ ပြန်သွားလိုက်၏။ဤတစ်ကြိမ် သူ ထိုနေရာသို့ တဖန်ပြန်၍ရောက်ရှိချိန်တွင် အေးစက်စက်အရှိန်အဝါများသည် ယခင်ကဲ့သို့ တည်ကြည်လေးနက်နေခြင်း မရှိတော့ချေ။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် အရိုးကွဲလုမတက်အေးစိမ့်မှု ကျန်ရှိနေဆဲပင်။အကယ်၍ ကျင့်ကြံဆင့်နိမ့်ပါးသူတချို့ ဤနေရာသို့ရောက်ရှိလာပါက ထူထပ်သောအဝတ်အစားများကို ဝတ်ဆင်ထားရပေမည်။လုယွီကဲ့သို့ သိုင်းပညာသူတော်စင်တစ်ယောက်သာ ထိုအအေးဒဏ်ကို လွယ်လင့်တကူ ခံနိုင်ရည်ရှိလေမည်။
လုယွီသည် လှိုဏ်ဂူအတွင်းသို့ ဝင်ရောက်ပြီးနောက် အချိန်တခဏကြာ စူးစမ်းလေ့လာလိုက်သည်။ရုတ်တရက် သူက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။အစွမ်းထက်သောအားလှိုင်းတစ်ရပ်က ချက်ချင်းပွင့်အံထွက်လာကာ သူ့ရှေ့ရှိလှိုဏ်ဂူနံရံကို ရိုက်ခတ်မိသွားသည်။
"လမ်းကြောင်းပွင့်စမ်း"
လုယွီ၏အော်ငေါက်သံနှင့်အတူ သူ့ရှေ့ရှိလှိုဏ်ဂူနံရံနှင့်တကွ တောင်ပရဝုဏ်တစ်ခုလုံး လက်ဝါးစွမ်းအားကြောင့် ပြိုလဲပျက်စီးသွားတော့သည်။
တောင်ကြီးပြားချပ်သွားချိန်တွင် နောက်ရှိ မြင်ကွင်းများ ထွက်ပေါ်လာသည်။
မူလက ရှန်းနွန်တောင်ကြားသည် အလွန်လှပသောရှုမျှော်ခင်းများရှိကာ လောကကြီးအတွင်းရှိ မြင့်မြတ်နယ်မြေတစ်ခုပင်။သို့ရာတွင် တောင်၏နောက်၌ မညီညာသောကျောက်တုံးများကြားတွင် အဖြူရောင်အရိုးများရှိနေသည်။လှိုဏ်ဂူအတွင်းရှိအပူချိန်သည် ဤနေရာကြောင့် အလွန်အမင်းနိမ့်ပါးနေခြင်းဖြစ်ပေ၏။
ဤနေရာရှိ လေထုအတွင်းတွင် ယင်ချီများစီးဆင်းနေသည်ကို သာမာန်မျက်စိဖြင့်ပင် တွေ့မြင်နိုင်ပေမည်။ထိုယင်ချီလှိုင်းများသည် ရှေ့နောက်ရစ်ဝဲ၍ ဖြည်းညှင်းစွာစီးဆင်းနေကာ ဘယ်သောအခါမျှ လွင့်ပြယ်သွားခြင်းမရှိချေ။
လုယွီ ထိုနေရာအတွင်းသို့ ခြေချမိချိန်တွင် လမ်းနံဘေး၌ ဘုရားကျောင်းငယ်အမြောက်အများရှိနေခြင်းကို တွေ့မြင်မိသည်။
ဤနေရာတွင် ဘုရားကျောင်းငယ်ပေါင်း၃၃ကျောင်းရှိပြီး ဘုရားကျောင်းတစ်ကျောင်းစီတွင် အစိမ်းရောင်ကြာနတ်ဘုရား၏ရုပ်ထုတစ်ခု ရှိနေသည်။ထိုဘုရားကျောင်းများအားလုံးသည် အစိမ်းရောင်ကြာနတ်ဘုရားကို ဝတ်ပြုကိုးကွယ်သောနေရာများပင်။
ဘုရားကျောင်းတစ်ခုစီ၏ရှေ့၌ တောင်တစ်လုံးစာအမြင့်ရှိသော အရိုးစုပုံကြီးရှိနေသည်။ဤသည်က အတိတ်တွင် ယဇ်ပူဇော်ခဲ့ခြင်းများမှ ကြွင်းကျန်ခဲ့သောအရာများဖြစ်သည်။
အိမ်မွေးတိရစ္ဆာန်များအပြင် လူသားများနှင့်နတ်ဆိုးသားရဲများ၏အရိုးများလည်း ထိုနေရာတွင် ရှိနေလေ၏။သူတို့သည် အစွမ်းရောင်ကြာနတ်ဘုရားအတွက် စွမ်းအားထောက်ပံပေးနိုင်သရွေ့ မည်သည့်သက်ရှိကိုမျှ အလွတ်ပေးမည်မဟုတ်ချေ။
အတိတ်တွင် ရှန်းနွန်တောင်ကြားအရှင်သခင်သည် လူသိများကျော်ကြားသူဖြစ်ပြီး ဂုဏ်သိက္ခာမြင့်မားသောမိသားစုမှ ဆင်းသက်လာသူဖြစ်သည်။သူသည် လူအများ၏နောက်ကွယ်တွင် ဤကဲ့သို့ကိစ္စများကို လုပ်ဆောင်နေမည်ဟု မည်သူမျှ မျှော်လင့်ထားမိမည်မရှိချေ။
ယခုလက်ရှိချိန်တွင် ရုပ်ထုတစ်ခုစီ၏မျက်နှာပြင်ပေါ်၌ အနက်ရောင်အလင်းလွှာတစ်လွှာက လွှမ်းခြုံနေသည်။
Chapter 2673
ဤသည်က အစိမ်းရောင်ကြာနတ်ဘုရား သေဆုံးသွားသောကြောင့်ပင်။
သို့ရာတွင် ဤနေရာ၌ ရုပ်ထုများရှိနေသရွေ့ သူမအား ယုံကြည်ကိုးကွယ်သူတချို့ရှိနေမည်ဖြစ်ကာ အချိန်အတိုင်းအတာတစ်ခု ကုန်လွန်ပြီးနောက် အစိမ်းရောင်ကြာနတ်ဘုရား အသစ်တဖန် ပြန်လည်မွေးဖွားလာပေမည်။
ဤသည်က နတ်ဘုရားများ၏ တုန်လှုပ်ချောက်ချားဖွယ် အရေးပါမှုပင်။
အကယ်၍ သူတို့ သေဆုံးသွားလျှင်ပင် လောကကြီးအတွင်း၌ သူတို့ကို ယုံကြည်ကိုးကွယ်သူများရှိနေသရွေ့ အချိန်အတိုင်းအတာတစ်ခုအကြာတွင် ပြန်လည်မွေးဖွားလာပေမည်။
"အစိမ်းရောင်ကြာနတ်ဘုရားရဲ့သွေးမျိုးဆက်က ထပ်ပြီးတည်ရှိနေစရာ မလိုဘူး"
လုယွီက ကျယ်လောင်စွာ အော်ငေါက်လိုက်၏။သူ၏အသံတွင် ပြင်းထန်သော ဥပဒေသတစ်ခု ပါဝင်သည့်အလား အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ဤသည်က သိုင်းပညာသူတော်စင်တစ်ယောက်၏မှော်မန္တန်ပင်။ထိုအသံတွင် ပြင်းထန်ပြီးအစွမ်းထက်သော မှော်စွမ်းအားများ ရောယှက်နေသည်။ထိုမှော်မန္တန်ကို ရွတ်ဆိုလိုက်ချိန်တွင် ကောင်းကင်နှင့် မြေပြင်အကြားရှိ ဥပဒေသများကို တုန်ခါသွားစေကာ တချို့ဥပဒေသများ အနည်းငယ်ပြောင်းလဲသွားသည်အထိ သက်ရောက်မှုရှိသည်။
ထိုအရာသည် နှုတ်ထွက်စကားတိုင်းကို လေးစားလိုက်နာစေသော ဥပဒေသမဟုတ်သော်လည်း များစွာကွဲပြားခြားနားခြင်းမရှိချေ။
ပတ်ဝန်းကျင်ရှိ ဥပဒေသများ ပြောင်းလဲသွားမှုနှင့်အတူ ဘုရားကျောင်းများအတွင်း၌ မားမားမတ်မတ်တည်ရှိနေသော ရုပ်ထုများ ကွဲအက်စပြုလာသည်။ထို့နောက် ရုပ်ထုများအားလုံး ကြေမွှပျက်စီးကာ အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ဘုရားကျောင်းများသည်လည်း ပြိုလဲလုဆဲဆဲအခြေအနေသို့ ရောက်ရှိနေလေပြီ။ထိုဘုရားကျောင်းများ၏ခေါင်မိုးများမှ ကျောက်စကျောက်နနှင့်သဲမှုန်များ အဆက်မပြတ်ကျရောက်နေကာ အချိန်ကြာရှည်စွာ တောင့်ခံနိုင်တော့မည့်ပုံမရှိချေ။
ဝုန်း...ဝုန်း...
အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် ဤနေရာတွင်ရှိနေသော အစိမ်းရောင်ကြာနတ်ဘုရား၏အငွေ့အသက်များ လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် နေရာဒေသအသီးသီး၌တည်ရှိသော အစိမ်းရောင်ကြာနတ်ဘုရား၏ ဘုရားကျောင်းများအားလုံး ပြိုလဲကျသွားလေ၏။
မူလက အစိမ်းရောင်ကြာနတ်ဘုရား အသာစီးမှရှိနေစဥ်တွင် ထိုဘုရားကျောင်းများသည် မိုးဦးကျတွင်ပေါက်လာသော မှိုများအလား ထွက်ပေါ်လာခဲ့သည်။သို့ရာတွင် အစိမ်းရောင်ကြာနတ်ဘုရား ကြွေလွင့်သွားခြင်းနှင့်အတူ ထိုဘုရားကျောင်းများသည်လည်း ဆက်လက်၍တည်ရှိနေရန် မလိုအပ်တော့ချေ။
"အစိမ်းရောင်ကြာနတ်ဘုရားရဲ့အရှိန်အဝါ ပျောက်ကွယ်သွားပြီ"
"မဖြစ်နိုင်ဘူး...ငါ ဒီကိစ္စကို လက်မခံနိုင်ဘူး...မြင့်မြတ်တဲ့နတ်ဘုရားက မိုးကောင်းကင်အောက်မှာ ပြိုင်ဘက်ကင်းတည်ရှိမှုကြီးပဲ...ဘယ်လိုလုပ်ပြီး မြင့်မြတ်တဲ့နတ်ဘုရားကို သတ်ဖြတ်နိုင်တဲ့သူ ရှိနေနိုင်မှာလဲ"
မြောက်မြားစွာသော အစိမ်းရောင်ကြာနတ်ဘုရား ယုံကြည်သက်ဝင်သူတို့သည် သူတို့၏ခေါင်းများကို သူတို့လက်ဖြင့်ဆုပ်ကိုင်ကာ ဝမ်းနည်းကြေကွဲစွာဖြင့် ငိုကြွေးမြည်တမ်းနေကြ၏။
သူတို့သည် အစိမ်းရောင်ကြာနတ်ဘုရားထံမှနေ၍ စွမ်းအားများရရှိကာ သူတို့၏ကျင့်ကြံဆင့်များ ခုန်ပျံကျော်လွှား၍ တိုးတက်လာခဲ့သည်။
ဤသည်က သူတို့ ပြန်ပေးဆပ်ရမည့်အချိန်ပင်။
သူတို့သည် အစိမ်းရောင်ကြာနတ်ဘုရားထံမှ ရရှိထားသော စွမ်းအားများအတိုင်း ယခုလက်ရှိချိန်၌ ပြန်ပေးဆပ်ရပေမည်။
တချို့ကျင့်ကြံသူများသည် လောကီအင်မော်တယ်နယ်ပယ်မှနေ၍ လုံချီနယ်ပယ်သို့ တိုက်ရိုက်အဆင့်လျောကျသွားခဲ့သည်။တချို့ဆိုလျှင် သေမျိုးအဆင့်သို့ပင် ရောက်ရှိသွားလေရာ မြေပြင်ပေါ်၌ဝပ်တွား၍ မလှုပ်ရှားနိုင်တော့ချေ။
အမ်...
လုယွီ၏မျက်ခုံး ရုတ်တရက်မြင့်တက်သွားကာ သူသည် ထောင့်တစ်နေရာတွင်ရှိနေသော ဘုရားကျောင်းပျက်တစ်လုံးကို သတိပြုမိသွားလေ၏။
ထိုဘုရားကျောင်းသည် ပြိုလဲသွားသော်လည်း အတွင်းရှိရုပ်ထုသည် အပြည့်အဝ ပျက်စီးသွားခြင်းမရှိချေ။ထိုရုပ်ထု၌ ပြည့်စုံသော အခြေခံအုတ်မြစ်ကျန်ရှိနေဆဲပင်။
ထိုအခြေခံအုတ်မြစ်ကို ပတ်ဝန်းကျင်ရှိ ကျောက်တုံးစင်မြင့်များနှင့် ရောယှက်ထားသည်။အကယ်၍ တစ်စုံတစ်ယောက်သည် ဂရုတစိုက်လေ့လာဆန်းစစ်ခြင်းမရှိပါက ထိုအရာကိုသတိပြုမိမည်မဟုတ်ချေ။
သို့ရာတွင် ယခုလက်ရှိချိန်၌ ဤနေရာသို့ရောက်ရှိနေသူမှာ လုယွီ ဖြစ်နေသည်။
"ဒါက နည်းနည်းတော့ ထူးဆန်းတယ်...ကြည့်ရတာတော့ အထဲမှာ တစ်ခုခုရှိနေပုံပဲ"
လုယွီက ဓားချီတစ်လှိုင်းထုတ်လွှက်ကာ ထိုအုတ်မြစ်ပေါ်သို့ ကျရောက်သွားစေသည်။
ရုတ်ချည်းဆိုသလိုပင် ထိုအုတ်မြစ်ကျိုးပဲ့ပျက်စီးသွားကာ ရွှေရောင်သွေးစက်တစ်စက်ထွက်ပေါ်လာပြီး တောက်ပသော အလင်းတန်းများ ဖြာထွက်လာသည်။
ဤသည်က နတ်ဘုရားသွေးစက်ပင်။
အတိတ်တွင် အစိမ်းရောင်ကြာနတ်ဘုရားသည် ဤနေရာတွင် ဘုရားကျောင်းများကို တည်ဆောက်စဥ်၌ ၃၂လုံးသည် အတုအယောင်များဖြစ်ပြီး တစ်လုံးကသာ အစစ်အမှန်ဖြစ်သည်။
ဤနေရာတွင် သူမ၏အစစ်အမှန်ဝှက်ဖဲကို ထိန်းသိမ်းထားလေ၏။
ထိုကိစ္စသည် လိမ္မာပါးနပ်သောယုန်တစ်ကောင်တွင် ကျင်းသုံးကျင်း ရှိနေသကဲ့သို့ပင်။အစိမ်းရောင်ကြာနတ်ဘုရားသည်လည်း ချွင်းချက်မရှိချေ။
အကယ်၍ သူမသည် ဘေးကပ်ဆိုးကြီးနှင့် ရင်ဆိုင်ရလျှင်ပင် ဤနေရာ၌ နတ်ဘုရားသွေးစက်ရှိနေသရွေ့ သူမ အခွင့်အရေးရှာ၍ ပြန်လည်မွေးဖွားနိုင်ပေမည်။
"မင်း ဘယ်တော့မှ ထပ်ပြီးအသက်မရှင်စေရဘူး"
လုယွီ၏မျက်လုံးများ အေးစက်တင်းမာနေသည်။သူ၏လက်ချောင်းများ လှုပ်ခတ်လိုက်မှုနှင့်အတူ သူက ထိုနတ်ဘုရားသွေးစက်ကို ဆုပ်ကိုင်လိုက်၏။
နတ်ဘုရားသွေးစက် လုယွီ၏လက်အတွင်းသို့ ရောက်ရှိသည်နှင့် ထိုအရာအတွင်းမှနေ၍ နတ်ဘုရားစွမ်းအားများ ထွက်ပေါ်နေခြင်းကို သူ ခံစားမိသည်။
ထိုအရာအတွင်း၌ပါဝင်သည့် အကန့်အသတ်မရှိသော စွမ်းအားများသည် လုယွီအား သူ၏အတိတ်ဘဝမှစွမ်းအား ဆယ်ရာခိုင်နှုန်းကိုရရှိရန် ကူညီပေးနိုင်သည်။ဤသည်က အသက်ရှုချိန်အနည်းငယ်သာ ကြာမြင့်မည်ဖြစ်သော်လည်း သူ၏အစွမ်းထက်ဆုံးဝှက်ဖဲအဖြစ် ရှိနေနိုင်ဆဲပင်။
လုယွီသည် နတ်ဘုရားသွေးစက်ကို သိမ်းဆည်းပြီးနောက် သိုလှောင်အိတ်အတွင်းမှ သေသင့်သောမျောက်စုတ်ကို ရုတ်တရက် သတိရသွားသည်။
Chapter 2674
လုယွီ မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်စဥ်၌ ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများနှင့် ရင်ဆိုင်နေချိန်တွင် ထိုသေသင့်သောမျောက်စုတ်သည် အခွင့်ကောင်းယူကာ ထွက်လာခဲ့သဖြင့် သူ၏ဝေစုအတွက်ပါ လုယွီက ကပ်ဘေးမိုးကြိုးများ ပို၍ခံယူခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် လုယွီထံတွင် အားကောင်းသော ကျင့်ကြံခြင်းအခြေခံရှိနေသည်။အကယ်၍ သူသည် ထို့ထက်နှစ်ဆပြင်းထန်သော ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ရင်ဆိုင်ရလျှင်ပင် သူ့အတွက် ပြဿနာရှိမည်မဟုတ်ချေ။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ထိုအချိန်တုန်းက အလွန်အမင်း အန္တရာယ်များပြားနေဆဲပင်။အကယ်၍ အနည်းငယ်မျှသာ လွဲချော်သွားပါက လုယွီသည် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုး၏ သတ်ဖြတ်ခြင်းခံရကာ သူ၏စိတ်ဝိညာဥ် ကြေမွှပျက်စီးသွားပေမည်။
"ဟိုသေသင့်တဲ့မျောက်စုတ်...ဘယ်ရောက်သွားတာတုန်း"
လုယွီက သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ကို မေးမြန်းလိုက်၏။
သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်သည် ပြင်ပသို့ပြေးထွက်လာကာ စာရွက်အပိုင်းအစတစ်ခုကို လုယွီ၏လက်အတွင်းသို့ ထိုးသိပ်ထည့်လိုက်သည်။
ထိုစာရွက်ပေါ်ရှိ စာလုံးများသည် ကွေ့ကောက်လိမ်ဖည်နေကာ အဓိပ္ပါယ်မှန်းဆနိုင်ရုံမျှသာရှိသည်။
ထိုစာအရ မျောက်သည် မိုးကောင်းကင်တာအို၏တားဆီးကန့်သတ်မှုမှ ရုန်းထွက်နိုင်ပြီဖြစ်သဖြင့် သူသည် လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနိုင်လေပြီ။ထို့ကြောင့် သူသည် လက်စားချေရန်အတွက် ဗုဒ္ဓနယ်မြေသို့ သွားပြီသာဖြစ်ပေ၏။
မျောက် အစဥ်အမြဲ ပြောဆိုနေသော စကားများအတွင်းတွင် ဗုဒ္ဓနယ်မြေသည် သူ့အား အပြစ်ပြုခဲ့ကြောင်းပါရှိသည်။ယခုလက်ရှိအချိန်တွင် မျောက်သည် လက်စားပြန်ချေလိုခြင်းပင်။
ဤှလက်စားချေမှုသည် မျောက်၏စိတ်နှလုံးသားအတွင်း၌ နက်ရှိုင်းစွာအမြှစ်တွယ်နေသော မုန်းတီးမှုဖြစ်သောကြောင့် အချိန်တိုင်း တဖွဖွပြောဆိုနေခြင်းဖြစ်ပေမည်။
"သေသင့်တဲ့မျောက်စုတ်ကတော့...နောင်တစ်ချိန်မှာ ငါ မင်းကိုလာရှာတဲ့ထိ မင်း စောင့်နေစမ်း"
လုယွီသည် သူ၏စိတ်နှလုံးသားအတွင်း၌ မည်သည့်အရာကိုမျှ မခံစားရချေ။ထိုမျောက်သည် သူ့အပေါ်တွင် မကြာခဏလှည့်စားခဲ့သော်လည်း ကျဥ်းထဲကျပ်ထဲအခြေအနေမျိုးတွင် မှီခိုအားထားရပေ၏။
အကယ်၍ မျောက်ကြောင့်သာ မဟုတ်ခဲ့ပါက လုယွီသည် ဗုဒ္ဓလမ်းစဥ်၏မဖျက်စီးနိုင်သော ရွှေခန္ဓာကိုယ်ကို ရရှိမည်မဟုတ်သည့်အပြင် သိုင်းပညာသူတော်စင်အဖြစ်သို့လည်း အလျှင်အမြန်တက်လှမ်းနိုင်ခဲ့မည်မဟုတ်ချေ။
"သူ အဆင်ပြေပါစေလို့ ငါ မျှော်လင့်မိတယ်"
လုယွီက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
ဝှစ်...ဝှစ်...ဝှစ်....
ထိုအချိန်မှာပင် လုယွီက သူ၏နောက်သို့ အေးစက်စက်အလင်းတန်းများ တိုးဝင်လာသည်ကို ခံစားမိလေ၏။
ဤသည်က လေထုကိုဖြတ်သန်းလာသော မြှားသံများဖြစ်ကာ လုယွီ၏နောက်၌ ပေါက်ကွဲသွားသည်။
လုယွီက အနည်းငယ်ရှောင်တိမ်းလိုက်ရာ မူလက သူ မတ်တတ်ရပ်နေသောနေရာရှိ မြေပြင်အား သံမဏိမြှားဆယ်စင်းကျော် ထိုးစိုက်ဝင်သွားသည်ကို တွေ့မြင်မိသည်။
လုယွီက နောက်သို့လှည့်ကြည့်လိုက်ရာ လေးများကိုကိုင်ဆောင်ထားကာ သူ့အားချိန်ရွယ်ထားသော စစ်သားတချိူ့ကို မြင်လိုက်ရသည်။
"ချီလင်စစ်တပ်လား"
လုယွီက ချက်ချင်းဆိုသလိုပင် ထိုစစ်သားများ၏သံချပ်ကာဝတ်စုံကို မှတ်မိသွားသည်။
သူက လေဟာနယ်အတွင်းရှိ တခြားနေရာတစ်ခုသို့ ကြည့်လိုက်၏။
ထိုနေရာ၌ ဝိုးတဝါးပုံရိပ်တစ်ခု ထင်ဟပ်နေသည်။
"ဘယ်သူလဲ....ထွက်လာခဲ့စမ်း"
လုယွီက ရုတ်တရက် အသံနက်ကြီးဖြင့် အော်ဟစ်လိုက်၏။
လေဟာနယ်တွန့်ခေါက်သွားပြီးနောက် တာယွီတော်ဝင်စစ်တပ်၏စစ်ဗိုလ်ချုပ်ဝတ်စုံကို ဝတ်ဆင်ထားသော လူကြီးတစ်ယောက်ထွက်လာကာ လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။
လုယွီသည် သာမာန်ပိုးထည်ဝတ်စုံကိုသာ ဝတ်ဆင်ထားပြီး သူ၏ခန္ဓာကိုယ်တွင် မည်သည့်မှော်စွမ်းအင်လှုပ်ခတ်မှုမျိုးမျှ ရှိမနေသည်ကိုမြင်တွေ့ချိန်တွင် ထိုလူကြီး၏မျက်လုံးအတွင်း၌ အထင်အမြင်သေးသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"ငါက ချီလင်စစ်တပ်ရဲ့ခေါင်းဆောင်တပ်မှူး လျူချင်ပဲ...ချီလင်စစ်တပ်က ဒီနေရာကို လက်လွှဲယူလိုက်ပြီ...မင်းရဲ့လက်ထဲကဟာကိုချပြီး ချက်ချင်းထွက်သွားစမ်း"
ထိုစစ်ဗိုလ်ချုပ်က အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
လုယွီ၏မျက်နှာအမူအယာ ရုတ်တရက် သုန်မှုန်သွားသည်။အစိမ်းရောင်ကြာနတ်ဘုရား ထပ်မံ၍ထွက်ပြေးလွတ်မြောက်သွားခြင်းမှ ကာကွယ်တားဆီးနိုင်ရန်အလို့ငှါ သူသည် တာယွီတော်ဝင်စစ်တပ်ကို သတင်းပို့ကာ ရှန်းနွန်တောင်ကြားကို ပိတ်ဆို့ထားရန်အတွက် မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေအတွင်းမှ စစ်သားများကိုစေလွှက်ပေးရန် တောင်းဆိုခဲ့လေ၏။
သို့ရာတွင် ထိုလူများသည် သူ အစိမ်းရောင်ကြာနတ်ဘုရားနှင့် တိုက်ခိုက်နေစဥ်တွင် မည်သည့်နေရာသို့ ရောက်ရှိနေမှန်းပင် မသိရချေ။
ယခုချိန်မှသာ ထိုလူများထွက်ပေါ်လာကာ သူ့ထံမှ အကျိုးအမြတ်များကိုလုယူရန် ကြံရွယ်နေကြသည်။
လုယွီ မလှုပ်မယှက်ရှိနေသည်ကိုကြည့်ပြီး ဗိုလ်ချုပ်လျူချင်က အေးစက်စက်လေသံဖြင့် အော်ငေါက်လေ၏။
"ဘာလဲ...ငါ ပြောနေတာကို မင်း နားမလည်ဘူးလား"
ထိုစကားကိုပြောဆိုပြီးသည်နှင့် လျူချင်က ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။
ဤနေရာရှိဘုရားကျောင်းများအားလုံး ပြိုလဲပျက်စီးနေသော်လည်း အတွင်း၌ ယဇ်ပူဇော်ထားသော ရတနာအမြောက်အများရှိနေသည်။
အစိမ်းရောင်ကြာနတ်ဘုရားကို ယဇ်ပူဇော်သည့်ပစ္စည်းများမှာ များသောအားဖြင့် အဖိုးတန်ရှားပါးသောရတနာများပင်။
လုယွီသည် ထိုပစ္စည်းများကို ဂရုမစိုက်သော်လည်း စစ်သားများအတွက်မူ အလွန်အမင်းအဖိုးတန်သော ရတနာများဖြစ်သည်။
"လာကြစမ်း....ဒီနေရာမှာရှိတဲ့အရာတွေအားလုံးက နတ်ဆိုးနတ်ဘုရားရဲ့ ပိုင်ဆိုင်မှုတွေ...အဲ့ဒါတွေအားလုံးကို သိမ်းဆည်းလိုက်ကြစမ်း...တစ်ခုမှ မကျန်ခဲ့စေနဲ့"
ဗိုလ်ချုပ်လျူချင်က အမိန့်ပေးလေ၏။
ပတ်ဝန်းကျင်ရှိစစ်သားများအားလုံး ချက်ချင်းဆိုသလိုပင် စိတ်အားတက်ကြွသွားသည်။အကယ်၍ ဤနေရာတွင် ရန်သူများအား ရင်ဆိုင်တိုက်ခိုက်ရမည်ဆိုပါက သူတို့သည် ထူးချွန်သူများမဟုတ်ချေ။သို့ရာတွင် ပစ္စည်းများကို လုယက်သိမ်းဆည်းရာတွင်မူ သူတို့သည် အထူးချွန်ဆုံးဖြစ်သည်။
Chapter 2675
တော်ဝင်နန်းတွင်း၏ နယ်မြေခံအစောင့်တပ်များသည် မြောက်များစွာသောပြဿနာများဖြင့် ရင်ဆိုင်နေကြရ၏။များသောအားဖြင့် အစောင့်တပ်များသည် ပုန်ကန်လိုသော နတ်ဆိုးဂိုဏ်းများနှင့်အင်အားစုများကို နှိမ်နင်းနေရသည်။
ထိုအင်အားစုများသည် သူတို့၏ချမ်းသာကြွယ်ဝမှုများကိုကာကွယ်ရန်နှင့် အမြစ်ပြတ်သုတ်သင်ခြင်းခံရမည့်ဘေးမှ ကင်းဝေးစေရန် နည်းလမ်းမျိုးစုံကိုအသုံးပြု၍ အစောင့်တပ်များကို ရင်ဆိုင်ကြသည်။
အထူးသဖြင့် ဂိုဏ်းတစ်ဂိုဏ်းကို ပုန်ကန်သည်ဟု အတိအကျသတ်မှတ်ခံရသော အချိန်မျိုးတွင်ဖြစ်သည်။ထိုအချိန်ကျပါက တော်ဝင်စစ်တပ်မှမြောက်မြားစွာသော နယ်မြေခံစစ်တပ်များသည် ထိုဂိုဏ်းဆီသို့သွားကာ တိုက်ခိုက်၍ အဖိုးတန်ပစ္စည်းဟူသမျှကို လုယက်ကြလေ့ရှိသည်။
တော်ဝင်နန်းတွင်းမှနေ၍ ထိုစစ်သားများကိုအုပ်ချုပ်ရန် အရာရှိများ စေလွှတ်သော်လည်း စစ်ပွဲအကျိုးအမြတ်များသည် တင်းကျပ်စွာထိန်းသိမ်းထားသော လျှို့ဝှက်ချက်အဖြစ်ရှိနေဆဲပင်။
လျူချင်၏စကားကိုကြားချိန်တွင် စစ်သားများသည် သူတို့ဗိုလ်ချုပ်၏ဆိုလိုရင်းကို ချက်ချင်းဆိုသလိုပင် နားလည်သဘောပေါက်သွားကြ၏။
ဤနေရာတွင်ရှိသည့် ရတနာများအားလုံးကို ချီလင်စစ်တပ်၏ပိုင်ဆိုင်မှုအဖြစ် သိမ်းယူရပေမည်။
"မင်းရထားတဲ့ပစ္စည်းတွေထဲက ၂၀ရာခိုင်နှုန်းကိုယူပြီး မင်း မြန်မြန်ထွက်သွားစမ်း...ကျန်တာက ငါတို့အတွက်ပဲ"
စစ်သားတချို့သည် မစောင့်ဆိုင်းနိုင်တော့ပုံဖြင့် သူတို့၏လက်များကိုပွတ်သပ်၍ ဘုရားကျောင်းများဆီသို့ အပြေးသွားလေသည်။
ထိုစစ်သားတစ်စု ဘုရားကျောင်းများအနီးသို့ မချဥ်းကပ်နိုင်သေးမီမှာပင် လုယွီသည် ရုတ်တရက် မြေပြင်ပေါ်သို့ ခြေဆောင့်နင်းလိုက်ရာ အစွမ်းထက်သောအားလှိုင်းတစ်ရပ် ထွက်ပေါ်လာပြီး သူတို့အားလုံး နောက်သို့လွင့်ထွက်သွားကြ၏။
"ဘယ်သူလှုပ်ရှားရဲလဲဆိုတာ ငါ ကြည့်ကြည့်မယ်"
လုယွီက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
ပတ်ဝန်းကျင်နေရာတစ်ဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်သွားကာ စစ်သားများအားလုံး ကြက်သေသေသွားသည်။
မည်သူကမျှ တော်ဝင်စစ်တပ်၏ရှေ့တွင် ယခုကဲ့သို့ မပြုမူဝံ့ချေ။
ဖြစ်နိုင်သည်မှာ ထိုကောင်လေး ရူးသွပ်သွားသည်များ ဖြစ်နေသလော....
လျူချင်က လုယွီကို စူးစိုက်၍ကြည့်လိုက်၏။
"ကောင်လေး...မင်း သေချင်နေတာလား...တော်ဝင်စစ်တပ်ကိုတောင် မင်းက ဟန့်တားဝံ့တယ်...ဘာလဲ မင်းက ပုန်ကန်ချင်တာလား"
လုယွီက သူ၏ဗိုလ်ချုပ်တံဆိပ်ပြားကိုထုတ်ပြကာ အေးစက်စက်လေသံဖြင့် တုံ့ပြန်ပြောဆိုသည်။
"ငါက အစိမ်းရောင်ကြာနတ်ဘုရားကို သတ်ခဲ့တာ...ဒီနေရာမှာရှိတဲ့ ရတနာအားလုံးက ငါ့ရဲ့အပိုင်ပဲ....တပ်မှူးလျူ...မင်းက ဒီတိုက်ပွဲအောင်မြင်မှုကို ငါ့ဆီကနေ လုယူချင်နေတာလား"
ရွှမ်းဝူစစ်ဗိုလ်ချုပ်တံဆိပ်ပြားက လူတိုင်း၏ရှေ့၌ ထွက်ပေါ်လာသည်။
စစ်သားများအားလုံး ချက်ချင်းဆိုသလိုပင် အံ့အားသင့်တုန်လှုပ်သွားကြ၏။သူတို့ရှေ့ရှိလူငယ်သည် တော်ဝင်စစ်တပ်၏ စစ်ဗိုလ်ချုပ်တစ်ယောက် ဖြစ်နေသည်။
"ဟား...ဟား..."
လျူချင်က သရော်တော်တော်ပြောဆိုသည်။
"ဒါက တော်ဝင်စစ်တပ်ရဲ့ရာထူးငယ်လေးတစ်ခုပဲ...မင်းရဲ့တိုက်ပွဲအောင်မြင်မှုဆိုတာ အလိမ်အညတွေပဲမလား...တော်ဝင်နန်းတွင်းရဲ့ထိပ်တန်းပါရမီရှင်တွေမှာ အစစ်အမှန်အရာရှိဘွဲ့ထူးမရှိတဲ့သူ တစ်ယောက်မှမရှိဘူး...မင်းက ဒီတံဆိပ်ပြားလောက်နဲ့ ငါတို့ကို ထိတ်လန့်ကြောက်ရွံအောင် လုပ်ဖို့ဆိုတာ...မင်း ဆုတောင်းလိုက်အုံး"
လုယွီက မျက်လုံးစုံမှိတ်၍ တည်ငြိမ်စွာပြောဆိုလိုက်၏။
"ငါ နှစ်ခါထပ်မပြောချင်ဘူး...ဒါတွေအားလုံးက ငါ့အပိုင်ပဲ...မင်းတို့ထဲက ဘယ်သူမဆို လက်တစ်ချောင်းလှုပ်ရှားဝံ့တာနဲ့...အဲ့ဒီလူ သေရမယ်"
သူသည် ယခုထိတိုင် အစိမ်းရောင်ကြာနတ်ဘုရား၏အခြေခံအုတ်မြစ်များကို အပြည့်အဝ မရှင်းလင်းရသေးချေ။
အကယ်၍ ဘုရားကျောင်းအပျက်အစီးအကြား၌ အစိမ်းရောင်ကြာနတ်ဘုရား၏အကြွင်းအကျန်များရှိနေပါက ထိုစစ်သားများကိုအသုံးချ၍ လွတ်မြောက်သွားနိုင်သည်။
ထိုကဲ့သို့သာဖြစ်သွားပါက သူ၏အင်အားစိုက်ထုတ်ထားမှုများအားလုံး အချည်းနှီးဖြစ်သွားပေမည်။
"ဘယ်လိုဟာသမျိုးလဲ...မင်းကိုယ်မင်း ဘာကောင်ထင်နေတာလဲ...ငါ သုံးအထိရေမယ်...မင်းရထားတဲ့ ရတနာတွေအားလုံးကို လက်လွှဲပေးစမ်း...မဟုတ်လိုကတော့ ငါက မင်းကိုဖမ်းဆီးပြီး စစ်ဆေးမေးမြန်းဖို့အတွက် တော်ဝင်စစ်ရေးဌာနကိုပို့ရမယ်"
လျူချင်သည် လုယွီ၏လက်အတွင်းရှိနတ်ဘုရားသွေးစက်ကိုကြည့်ကာ သူ၏မျက်လုံးအတွင်း၌ လောဘအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
သူသည် ထိုအရာသည် မည်ကဲ့သို့ပစ္စည်းမျိုးဖြစ်သည်ကို မသိရှိသော်လည်း နတ်ဘုရားသွေးစက်အတွင်း၌ပါဝင်သော နတ်ဘုရားစွမ်းအားများသည် လူအများအား သူတို့၏စိတ်နှလုံးသား နက်ရှိုင်းသောနေရာမှ တုန်လှုပ်ချောက်ချားမှုကို ခံစားရစေလေ၏။
သုံး...
လျူချင်က စတင်၍ နံပါတ်စဥ်ရေတွက်လိုက်သည်။
တခြားစစ်သားများသည် ရယ်စရာပြပွဲကောင်းတစ်ခုကို စောင့်ကြည့်ရန်အတွက် နံဘေးဘက်၌ မတ်တတ်ရပ်နေကြသည်။
ယခုချိန်တွင် လုယွီ၏အဆင့်အတန်းမှာ သိသာရှင်းလင်းသွားလေပြီ။သူသည် မည်သည့်ဘွဲ့ထူးမျှမရှိသော နာမည်ခံဗိုလ်ချုပ်တစ်ယောက်ပင်။
လုယွီသည် ဦးရီးတော်ရှားဟိုလီ၏လက်အောက်၌ ရှိနေစဥ်တွင် သူ့ထံ၌ တပ်မှူးတစ်ယောက်၏အဆင့်အတန်း တရားဝင်ရှိနေသဖြင့် တခြားသူများက သူ့ကို ထိတ်လန့်ကြောက်ရွံကြခြင်းဖြစ်သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ တိုက်ပွဲအကျိုးဆောင်ရမှတ်များမှတဆင့် ရရှိခဲ့သော ဗိုလ်ချုပ်အဆင့်တန်းသည် နာမည်ခံသာဖြစ်၍ ထိုလူစုကို ထိန်းချုပ်ဟန့်တားရန် မလုံလောက်ချေ။
"မင်းက ငါ့ကို ခြိမ်းခြောက်ဝံ့တာလား"
လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်ကာ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ခြေတစ်ချက်ဆောင့်နင်းလိုက်၏။ရုတ်ချည်းဆိုသလိုပင် အစွမ်းထက်သောအားလှိုင်းတစ်ရပ် ထွက်ပေါ်လာကာ လေထုအတွင်းသို့ မြင့်တက်သွားသည်။
"မကောင်းတော့ဘူး...ဒီကောင်လေးက ငါ့ကို တိုက်ခိုက်ဝံ့တယ်"
လျုချင် ထိတ်လန့်တုန်လှုပ်သွားပေ၏။
သို့ရာတွင် သူ တုံ့ပြန်ရန်အတွက် အချိန်နောက်ကျသွားလေပြီ။
လျူချင်နှင့်စစ်သားတစ်စုပေါ်သို့ ထိုအားလှိုင်းသက်ရောက်လာရာ သူတို့အားလုံး လွင့်ထွက်သွားကြသည်။
သူတို့အားလုံး အသိစိတ်ပြန်ဝင်လာချိန်တွင် သူတို့သည် ရှန်းနွန်တောင်ကြား၏ပရဝုဏ်အတွင်းမှ လွင့်ထွက်သွားကာ မိုင်ပေါင်းများစွာကွာဝေးသောနေရာသို့ ရောက်ရှိလာကြောင်း သိရှိလိုက်ရ၏။