← Chapters

အခန်း (၂၆၇၆-၂၆၈၀)

Vol. 137 Ch. 2676-2680

အခန်း (၂၆၇၆-၂၆၈၀)

Vol. 137 Ch. 2676-2680

Chapter 2676

လုယွီသည် တိုက်ခိုက်မှုတစ်ခုတည်းဖြင့် လျူချင်နှင့် ချီလင်စစ်တပ်မှစစ်သားတစ်စုကို မောင်းထုတ်နိုင်ခဲ့လေ၏။

မူလက လှောင်ပြောင်သရော်နေကြသော စစ်သားများ၏မျက်နှာများပေါ်တွင် ယခုလက်ရှိချိန်၌ သိချင်စိတ်ပြင်းပြသောအမူအယာများ ထင်ဟပ်လာသည်။

သူတို့ရှေ့ရှိလူငယ်သည် ရိုးရှင်းပုံမရချေ။

သို့ရာတွင် လျူချင်သည် ထိုသို့တွေးတောပုံမရချေ။သူက အမူအယာကင်းမဲ့စွာဖြင့် ပြောဆိုသည်။

"အရင်တုန်းကတော့ မင်းက တော်ဝင်နန်းတွင်းအတွက် အကျိုးဆောင်ပေးထားတာကို ထောက်ပြီး ငါက မင်းကို မျက်နှာသာနည်းနည်းပေးမလို့ပဲ...ကြည့်ရတာတော့ မင်းက ငါ့ရဲ့မျက်နှာသာပေးမှုကို ခံယူချင်ပုံမရဘူး"

ထူထပ်သိပ်သည်းသော မှော်စွမ်းအားများ လျူချင်၏ခန္ဓာကိုယ်မှ ပွင့်အံထွက်လာကာ လေထုအတွင်းသို့ မြင့်တက်သွားလေ၏။

ထို့နောက် သူ၏နောက်တွင် ဓမ္မပုံရိပ်ယောင်ကြီးတစ်ခု ထွက်ပေါ်လာသည်။

ထိုဓမ္မပုံရိပ်ယောင်သည် လက်အတွင်း၌ပုဆိန်တစ်လက်ကို ကိုင်ဆောင်ထားသော ကြမ်းတမ်းသည့်လူရိုင်းတစ်ယောက်ပင်။ထိုလူရိုင်းပုံရိပ်ယောင်၏လည်ပင်းတွင် အရိုးခေါင်းများကိုဆွဲထားကာ သူ၏မျက်လုံးများသည် လုံးလုံးလျားလျား သွေးနီရောင်ရှိနေသည်။ရံဖန်ရံခါ သူ့ထံမှနေ၍ နတ်ဆိုးမှော်သားရဲများကဲ့သို့ ဟိန်းဟောက်သံကြီး ထွက်ပေါ်နေပေ၏။

ကြမ်းတမ်းသောလူရိုင်း ဓမ္မပုံရိပ်ယောင် ထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် သူ၏နံဘေးပတ်ဝန်းကျင်ရှိ လေထုအတွင်း၌ သတ်ဖြတ်လိုခြင်းအရှိန်အဝါများဖြင့် ပြည့်နှက်သွားသည်။

ပတ်ဝန်းကျင်ရှိ စစ်သားများသည် နံဘေးဘက်သို့ အလျှင်အမြန် ကပ်လိုက်ကြကာ သူတို့၏မျက်နှာများပေါ်၌ ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

ဤသည်က သူတို့တပ်မှူး၏အစွမ်းထက်ဆုံးမှော်နည်းစနစ်ပင်။လျူချင် ထိုနည်းစနစ်အား အသုံးပြုစဥ်တွင် သူ၏ခွန်အားများ အဆများစွာမြင့်တက်လာကာ ရန်သူမိတ်ဆွေဟူ၍ မကွဲပြားတော့ချေ။သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ အလွန်အမင်း ပြင်းထန်လာပေ၏။

"ရှေးဟောင်းဖန်ရှန်မျိုးနွယ်လား"

လုယွီသည် လျူချင်၏နောက်ရှိ လူရိုင်းဓမ္မပုံရိပ်ယောင်ကြီးကို တစ်ချက်ကြည့်မိရုံဖြင့်ပင် မှတ်မိသွားသည်။

ဤသည်က ရှေးဟောင်းခေတ်ကာလအတွင်းတွင် တည်ရှိခဲ့သော ရှေးဟောင်းမျိုးနွယ်တစ်ခုပင်။ထိုမျိုးနွယ်ဝင်များ၏ပုံပန်းသွင်ပြင်သည် လူသားများနှင့် တူညီသော်လည်း သူတို့၏အရွယ်အစားသည် သာမာန်လူသားများနှင့် များစွာကွဲပြားခြားနားသည်။

မွေးကင်းစဖန်ရှန်မျိုးနွယ်ဝင်တစ်ယောက်သည် အလွန်အမင်းခွန်အားကြီးမားကာ ဆေးမီးဖိုတစ်လုံးကိုပင် မနိုင်သည်။ဖန်ရှန်မျိုးနွယ်ဝင်များမှ အရွယ်ရောက်သူများသည်လည်း အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ခွန်အားကို ပိုင်ဆိုင်ထားကြ၏။သူတို့သည် သိုင်းပညာသူတော်စင်အဖြစ် မွေးဖွားလာသူများဖြစ်သဖြင့် တောင်များကို အလွယ်တကူ ကွဲအက်စေပြီး ကျောက်တုံးကြီးများကို ခြေမွှဖျက်ဆီးနိုင်သည်။သူတို့သည် အကြွင်းမဲ့ခွန်အားကြီးသူများဖြစ်သဖြင့် အင်မော်တယ်တချို့ပင် သူတို့အား လွယ်လင့်တကူ ရန်မစဝံ့ချေ။

ကံအကြောင်းမလှစွာဖြင့် ဖန်ရှန်မျိုးနွယ်ဝင်များသည် အလွန်အမင်းတိုက်ပွဲဆာလောင်ပြီး ရက်စက်ကြမ်းကြုတ်သည်။သူတို့၏အနီးတွင် တခြားမျိုးနွယ်များမရှိလျှင်ပင် သူတို့အချင်းချင်း သတ်ဖြတ်ရန်ရွေးချယ်ကြသည်။ထို့ကြောင့် ရှေးဟောင်းခေတ်ကာလ အဆုံးမသတ်မီမှာပင် ဖန်ရှန်မျိုးနွယ်သည် ပျက်သုဥ်းလုဆဲဆဲ အခြေအနေမျိုးသို့ ရောက်ရှိသွားလေ၏။

လျူချင်သည် ဖန်ရှန်မျိုးနွယ်၏ဓမ္မပုံရိပ်ယောင်ကို အသုံးပြုနေသဖြင့် သူသည် ထိုမျိုးနွယ်မှအမွေအနှစ်တချို့ကို ရရှိထားခြင်းမှာ သိသာထင်ရှားသည်။

"တကယ်လို့ မင်းက အခုချိန်မှာ ရတနာတွေအားလုံးကို လက်လွှဲပေးမယ်ဆိုရင်တောင် အသုံးမဝင်တော့ဘူး...အခုချက်ချင်း မင်းရဲ့ကျင့်ကြံဆင့်ကို မင်းကိုယ်တိုင်ဖျက်ဆီးပြီး ဒူးထောက်တောင်းပန်စမ်း...တော်ဝင်နန်းတွင်းအတွက် မင်း အကျိုးဆောင်ပေးခဲ့တာတွေကို ထောက်ထားပြီး ငါ မင်းရဲ့အလောင်းကို အပြည့်အစုံချန်ထားပေးမယ်"

လျူချင်က မောက်မာဝံ့ကြွားစွာ ပြောဆိုသည်။

ပတ်ဝန်းကျင်ရှိစစ်သားများကလည်း ချက်ချင်းဆိုသလိုပင် မြှောက်ပင့်ပြောဆိုလိုက်ကြ၏။

"တပ်မှူးက တကယ့်ကို သနားညှာတာတတ်တဲ့သူပဲ"

"ဒီလိုမျိုး တိုက်ပွဲအကျိူးအမြတ်ကို လုယူဖို့ကြိုးစားနေတဲ့ သူခိုးကောင်ကို အစိတ်စိတ်အမွှာမွှာဆုတ်ဖြဲပြီး သတ်သင့်တယ်"

ထိုစစ်သားများ၏စကားများအတွင်း၌ လုယွီသည် တိုက်ပွဲအကျိုးအမြတ်များကို လုယူသူဖြစ်သွားကာ သူတို့ကိုယ်သူတို့ တိုက်ပွဲအောင်နိုင်ခဲ့သူများအဖြစ် ကြွားဝါပြောဆိုနေကြသည်။

လုယွီက သရော်တော်တော် ပြောဆိုလိုက်၏။

"ဒါဆိုရင် အစိမ်းရောင်ကြာနတ်ဘုရားကို မင်းတို့သတ်လိုက်တာလား"

စစ်သားများအားလုံး ကြက်သေသေသွားသည်။

ဘာ....

အစိမ်းရောင်ကြာနတ်ဘုရား သေဆုံးသွားပြီဟု ဆိုလိုက်သလော....

သူတို့သည် ပြင်ပ၌သာစောင့်ကြပ်နေသဖြင့် ရှန်းနွန်တောင်ကြားအတွင်း၌ ဖြစ်ပျက်ခဲ့သောကိစ္စများကို မသိရှိချေ။

သူတို့၏တာဝန်သည် အစိမ်းရောင်ကြာနတ်ဘုရားကို ဟန့်တားရန်ဟူသည်ကို သူတို့အားလုံး သိရှိထားကြသည်။သို့ရာတွင် သူတို့သည် အစိမ်းရောင်ကြာနတ်ဘုရားနှင့် အမှန်တကယ်ရင်ဆိုင်ရမည်ဟု မျှော်လင့်မထားကြချေ။

မည်သို့ပင်ဆိုစေကာမူ တစ်ဖက်ရန်သူသည် မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေအတွင်း၌ နှစ်ပေါင်းများစွာကြာအောင် ပြဿနာများဖန်တီးခဲ့ပြီး အချိန်အတော်ကြာနာမည်ကျော်ကြားခဲ့သော နတ်ဆိုးနတ်ဘုရားဖြစ်သည်။

ရွှယ်အင်မော်တယ်နယ်ပယ် အစွမ်းထက်ကျင့်ကြံသူများပင်လျှင် ထိုနတ်ဆိုးနတ်ဘုရားကို အမြစ်ပြတ်သုတ်သင်နိုင်ခဲ့ခြင်းမရှိချေ။မည်သည်ကြောင့် ထိုနတ်ဆိုးနတ်ဘုရား သေဆုံးသွားခဲ့သနည်း။

"ငါတို့ မဟုတ်ရင်...သူ့ကို မင်း သတ်လိုက်တာလား"

လျူချင်က အမေးဖြင့် တုံ့ပြန်သည်။

အစိမ်းရောင်ကြာနတ်ဘုရား အမှန်တကယ်သေဆုံးသွားပြီဟု လျူချင်က မှန်းဆထားပြီးလေပြီ။အကယ်၍ ထိုကိစ္စသာအမှန်ဖြစ်ပါက လျူချင်သည် ထိုတိုက်ပွဲအောင်မြင်မှုအကျိုးအမြတ်များကို သူ့အတွက်ရယူရန် ဝန်လေးနေမည်မဟုတ်ချေ။

"ငါ သူ့ကို သတ်လိုက်တာ တကယ်ပဲလေ...မဟုတ်ရင် ငါက မင်းတို့လိုကောင်တွေနဲ့ အရေးမပါတဲ့စကားတွေ ပြောနေပါ့မလား...အခုချက်ချင်း ဒီနေရာက ထွက်သွားကြစမ်း...ငါ မင်းတို့ကို မတိုက်ခိုက်ချင်ဘူး"

လုယွီက လေသံပြတ်ပြတ်ဖြင့် ပြောဆိုသည်။

"ဟား ဟား ဟား...ဒါက အရမ်းရယ်စရာကောင်းတာပဲ....မင်းက အစိမ်းရောင်ကြာနတ်ဘုရားကို သတ်လိုက်တာတဲ့လား....မင်းက တော်တော်အရှက်မရှိတဲ့ကောင်ပဲ...ငါက မင်းကို တိုက်ပွဲအကျိုးအမြတ်တွေ ခိုးယူချင်တဲ့ သူခိုးတစ်ကောင်လို့ပဲ ထင်ထားခဲ့တာ...မင်းက အစိမ်းရောင်ကြာနတ်ဘုရားကို သတ်လိုက်တာလို့တောင် ပြောဝံ့တယ်ပေါ့လေ"

လျူချင်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ မှော်စွမ်းအားများ ရုတ်တရက်ပွင့်အံထွက်လာသည်။ထို့နောက် သူက ဖန်ရှန်မျိုးနွယ်၏ဓမ္မပုံရိပ်ယောင်ကို ထိန်းချုပ်ကာ လုယွီထံဦးတည်၍ ပုဆိန်ကြီးဖြင့် ခုတ်ပိုင်းလိုက်၏။

Chapter 2677

ပုဆိန်ကြီးသည် လေထုကိုဖြတ်သန်းလာရာ ပြင်းထန်သောတုန်ခါသံကြီး ထွက်ပေါ်လာသည်။

ရှေးဟောင်းဖန်ရှန်မျိုးနွယ်ဝင်များသည် အလွန်ကြီးမားသောခွန်အားမျိုး ရှိသဖြင့် သူတို့၏တိုက်ခိုက်မှုတစ်ခုစီတိုင်းတွင် အနည်းဆုံးအနေဖြင့် သိုင်းသူတော်စင်တစ်ယောက်၏ခွန်အားမျိုး ထုတ်ဖော်အသုံးပြုနိုင်သည်။ဤသည်က လူသားခန္ဓာကိုယ်၏အကန့်အသတ်ပင်။သာမာန်မျက်စိဖြင့်ကြည့်လျှင်ပင် ပုဆိန်ပုံရိပ်ယောင်ကြီး၏အသွားသည် လုယွီ၏အနီးသို့ ချဥ်းကပ်သွားသည်ကို တွေ့မြင်ရပေမည်။

"မင်းတို့က ခေါင်းမာနေမှတော့...ငရဲကို သွားကြတော့"

လုယွီ၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ဖြတ်​ပြေးသွားသည်။

ဤကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ် ပုဆိန်ပုံရိပ်ယောင်ကြီးနှင့် ရင်ဆိုင်ရချိန်တွင် လုယွီသည် ရုတ်တရက် သူ၏လက်ကိုမြှောက်၍ ပုဆိန်ပုံရိပ်ယောင်ကြီးကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်၏။

အစွမ်းထက်သောစွမ်းအားနှစ်ရပ် ဖီလာဆန့်ကျင်ရိုက်ခတ်မိသွားသည်။စစ်သားများသည် သူတို့နားအတွင်း၌ မိုးခြိမ်းသံကဲ့သို့ကျယ်လောင်သောအသံကြီး ပေါက်ကွဲသွားခြင်းကို ခံစားလိုက်ရသည်။သူတို့အနက်မှအများစုသည် ထိုအသံလှိုင်းကို တောင့်မခံနိုငသဖြင့် သူတို့၏နားများအတွင်းမှ သွေးများယိုစီးကျလာသည်။

ဘုန်း

နားအူလုမတက် ကျယ်လောင်သော ပေါက်ကွဲသံကြီးကို ကြားလိုက်ရပြီးနောက် ယခင်က ပြိုင်ဘက်ကင်းတည်ရှိမှုကြီးဖြစ်သော သူတို့၏တပ်မှူးသည် နောက်သို့ခြေဆယ်လှမ်းခန့် ဆုတ်ခွါလိုက်ရကာ မတ်တတ်ရပ်နိုင်ရုံမျှသာ ရှိတော့ကြောင်း တွေ့မြင်လိုက်ရသည်။

ဖန်ရှန်မျိုးနွယ်၏ ကြီးမားသော ဓမ္မပုံရိပ်ယောင်ကြီးသည် ကြီးမားသောတန်ပြန်အားလှိုင်း၏ ရိုက်ခတ်ခြင်းခံရပုံဖြင့် ဝေဝါးစပြုလာသည်။

သူတို့အားလုံးက လုယွီသေဆုံးသွားမည်ဟု တွေးထင်ခဲ့ကြသော်လည်း သူသည် ယခင်နေရာမှာပင် မတ်တတ်ရပ်နေဆဲဖြစ်ကာ အနည်းငယ်မျှပင် ထိခိုက်ဒဏ်ရာရရှိပုံမရချေ။

"ဒါ....ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ"

စစ်သားများအားလုံး တုန်လှုပ်ချောက်ချားသွားသည်။

သူတို့၏တပ်မှူး အမှန်တကယ် အရေးနိမ့်သွားသလော....

လျူချင်သည် မူလကတည်းက တောက်ပနေသောကြယ်တစ်ပွင့်ဖြစ်ပြီး ချီလင်စစ်တပ်အတွင်းတွင် သူ့အား ယှဥ်ပြိုင်နိုင်သူမရှိချေ။တစ်ဖက်လူသည် မည်မျှအစွမ်းထက်သူ ဖြစ်နေပါစေ သူ၏ပြိုင်ဘက်မဖြစ်နိုင်ပေ။

တစ်ချိန်တုန်းက ကျင်းဟူဂိုဏ်း၏ဂိုဏ်းချုပ်သည် တခြားကျင့်ကြံသူအမြောက်အများနှင့် ပူးပေါင်း၍ လျူချင်ကို တိုက်ခိုက်ခဲ့သည်။သို့ရာတွင် လျူရှင်သည် ပုဆိန်ခုတ်ချက်တစ်ချက်တည်းဖြင့် ထိုလူများအားလုံးကို သတ်ဖြတ်ခဲ့လေ၏။

ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုမျိုးသည် မည်သည်ကြောင့် ယခုကဲ့သို့ လွယ်လင့်တကူ ပျက်ပြယ်သွားနိုင်မည်နည်း။

လျူချင်က သူ၏အင်္ကျီလက်ကိုခါယမ်းကာ ခေါင်းခါယမ်း၍ သူ၏လက်တစ်ဖက်ကို နောက်ပစ်ပြီး ပြောဆိုသည်။

"ခုဏက ငါ မင်းရဲ့ခွန်အားကို စမ်းသပ်ချင်လို့ တမင်သက်သက် အလျှော့ပေးလိုက်တာပဲ...အခု မင်းနဲ့ငါကြားက ကွာဟချက်ကို မင်း သိစေရမယ်"

လုယွီက တည်ငြိမ်စွာ တုံပြန်ပြောဆိုလေသည်။

"ဘာလဲ....မင်းရဲ့ညာဘက်လက်က မနာဘူးလား"

အစောပိုင်းက လုယွီ၏လက်သီးချက်သည် လျူချင်၏ဓမ္မပုံရိပ်ယောင်နှင့်အတူ သူ၏လက်ယာဘက်လက်ကို ရိုက်ခတ်သွားသည်။

လျူချင်သည် ယခုလက်ရှိချိန်တွင် သူ၏လက်ယာလက်ကို နောက်ပစ်ထားသည်။သူ့ကို ကြည့်ရသည်မှာ လွတ်လွတ်လပ်လပ်ဖြင့် လွယ်လင့်တကူ လှုပ်ရှားနိုင်သော ပုံစံမျိုးရှိသော်လည်း အမှန်အားဖြင့် သူ၏လက်မှအရိုးများမှာ ကျိုးပဲ့နေလေပြီ။

"မင်း ဘာတွေပြောနေတာလဲဆိုတာ ငါ နားမလည်ဘူး...ငါ ထင်တာတော့ မင်းက တကယ်ကို နားမလည်သေးပုံပဲ...ခုဏက တိုက်ခိုက်မှုမှာ ငါ့ခွန်အားရဲ့ ၃၀ရာခိုင်နှုန်းကိုပဲ အသုံးပြုထားတယ်...မင်းတို့လိုကောင်တွေက မင်းတို့အတွက် ဘယ်အရာကကောင်းတယ်ဆိုတာ တကယ့်ကို မသိတာပဲ"

လျူချင်က သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။

ထိုစကားကိုကြားချိန်တွင် စစ်သားများအားလုံး အသိပြန်ဝင်လာကြသည်။

သူတို့၏တပ်မှူးသည် တစ်ဖက်လူကို ထွက်ပေါက်တစ်ခုပေးနေခြင်းသာ ဖြစ်ပေ၏။

နှစ်ဖက်အကြားရှိတိုက်ပွဲ အလွန်လျှင်မြန်စွာ ပြီးဆုံးသွားသည်မှာ အံ့အားသင့်စရာ မရှိတော့ချေ။

လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"မင်း ငါ့ကို ဘာမှမျက်နှာသာ ပေးနေစရာမလိုဘူး...မင်းရဲ့ခွန်အားကုန်သုံးပြီး ငါ့ကို လာတိုက်ခိုက်စမ်း"

ဖန်ရှန်မျိုးနွယ်သည် ကြီးမားသောခွန်အားရှိသဖြင့် သူ့အတွက် ခြေနင်းတုံးအဖြစ် အသုံးပြုနိုင်မည်ဟု မူလက သူ တွေးထင်ခဲ့သည်။မမျှော်လင့်ဘဲ လျုချင်သည် ထိုနည်းစနစ်ကို အနည်းငယ်သာ သင်ယူထားလေ၏။

ပြောရလျှင် လျူချင်သည် လုယွီ ခွန်အားကုန်ဖြန့်ကျက်ခြင်း မပြုရသေးမီမှာပင် ရှုံးနိမ့်သွားပြီဟု ဆိုနိုင်သည်။

လျူချင်က အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။

"မင်းက ငါ့ရဲ့ခွန်အားကုန်အသုံးပြုမှုနဲ့ ထိုက်တန်တယ်လို့ မင်းကိုယ်မင်း ထင်နေတာလား....မင်းက အရည်အချင်းမမီဘူး...ငါ မင်းကို အခွင့်အရေးတစ်ခု ထပ်ပေးမယ်...အခုချက်ချင်း အရှုံးပေးလိုက်စမ်း...ငါ မင်းရဲ့အသက်ကို ချမ်းသာပေးမယ်....မဟုတ်လို့ကတော့ တကယ်လို့ တခြားစစ်တပ်သာ တိုက်ခိုက်လာမယ်ဆိုရင် မင်း အလောင်းအပြည့်အစုံနဲ့တောင် သေရမှာမဟုတ်ဘူး"

လုယွီက သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။ထို့နောက် သူ၏အကြည့်က ရုတ်တရက် ကျိုးပဲ့နေသော ဘုရားကျောင်းပျက်တစ်လုံးပေါ်သို့ ကျရောက်သွားသည်။

"စီနီယာ....စီနီယာ ဒီနေရာကိုရောက်နေတာ အချိန်အတော်ကြာနေပြီ....ပြပွဲကို ဆက်ပြီးကြည့်ဖို့ ကြံစည်နေတာလား"

လျုချင်က အချိန်တခဏကြာ ကြက်သေသေသွားပြီးမှ သရော်တော်တော် ပြောဆိုသည်။

"ဟန်ဆောင်နေတာ ရပ်လိုက်စမ်း...ငါတို့ ဒီနေရာကို ရောက်မလာခင်ကတည်းက ရှန်းနွန်တောင်ကြားကို အတွင်းရောအပြင်ပါ ချိပ်ပိတ်ထားပြီးပြီ...ဘယ်သူမှ ဒီထဲကို ဝင်လာနိုင်မှာမဟုတ်ဘူး"

သူ၏စကားအဆုံးသတ်သွားသော အချိန်မှာပင် ထိုဘုရားကျောင်းပျက်၏နံဘေးမှနေ၍ ရုတ်တရက် ခြေလှမ်းသံတစ်သံ ထွက်ပေါ်လာသည်။

ဖျင်ကြမ်းဝတ်စုံဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက် ဘုရားကျောင်းပျက်၏နောက်မှ ထွက်လာလေ၏။သူသည် အစိမ်းရောင်ကြာနတ်ဘုရားကို ယဇ်ပူဇော်သည့်အိုးအား ကိုင်ထားကာ ဂရုတစိုက် လေ့လာဆန်းစစ်နေသည်။

Chapter 2678

"လူအိုကြီး...ခင်ဗျားကို ဘယ်သူက ဝင်ခွင့်ပြုလို့လဲ"

စစ်သားတစ်ယောက်က အော်ငေါက်လိုက်သည်။

လုယွီမှလွဲ၍ တခြားမည်သူကမျှ အဖိုးအို၏တည်ရှိမှုကို သတိမပြုမိချေ။

လျူချင်၏မျက်နှာအမူအယာ အဆက်မပြတ် ပြောင်းလဲနေပေ၏။သူသည် အစောပိုင်းကပင် ဤနေရာသို့ မည်သူမျှမဝင်ရောက်နိုင်ဟု ပြောဆိုခဲ့သည်။သို့ရာတွင် ထိုအဖိုးအို ရုတ်တရက် ထွက်ပေါ်လာပေရာ သူ့အား ပါးဖြတ်ရိုက်လိုက်သကဲ့သို့ပင်။

ထို့ပြင် သူသည် အစမှအဆုံးတိုင် အဖိုးအို၏တည်ရှိမှုကို သတိမပြုမိချေ။

"သိုင်းသူတော်စင်နယ်ပယ်လား...ခင်ဗျားလို ကျင့်ကြံသူတစ်ယောက်က ဒီနေရာကို ဘယ်လိုသတ္တိမျိုးနဲ့ ဝင်လာဝံ့တာလဲ...သေချင်နေတာလား....အခုချက်ချင်း ခင်ဗျားလက်ထဲကပစ္စည်းကိုချပြီး မြန်မြန်ထွက်သွားစမ်း"

လျူချင်က ဒေါသတကြီး အော်ငေါက်လိုက်သည်။

အကယ်၍ လုယွီကဲ့သို့ စစ်ဗိုလ်ချုပ်တစ်ယောက်သည် သူ၏အမိန့်ကို မနာခံဟုဆိုလျှင်ပင် သူ လက်ခံနိုင်ဖွယ်ရှိသည်။သို့ရာတွင် နိမ့်ပါးသော သိုင်းသူတော်စင်နယ်ပယ် အဖိုးအိုတစ်ယောက်သည် သူ၏ရှေ့တွင် လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနေခဲ့သည်။ဤသည်က သူ့အတွက် အလွန်အမင်း ဒေါသထွက်စရာပင်။

ထိုအဖိုးအိုသည် လျူချင်၏ခြိမ်းခြောက်စကားကို အနည်းငယ်မျှပင် ဂရုစိုက်ပုံမရချေ။

သူသည် သူ့လက်အတွင်းရှိ ယဇ်ပူဇော်အိုးကိုမြှောက်၍ လျူချင်ကို ကြည့်လိုက်၏။

"မင်း ပြောတာက....ဒါက မင်းရဲ့ဟာလား...."

လျုချင်က ခေါင်းမော့၍ အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"တကယ်ကို ငါ့ဟာပဲပေါ့....ဒါက ငါတို့ချီလင်စစ်တပ်ရဲ့ တိုက်ပွဲအကျိုးအမြတ်ပဲ...လူအိုကြီး အရှက်မရှိမလုပ်စမ်းနဲ့...အခုချက်ချင်း ခင်ဗျားရဲ့လက်ထဲကပစ္စည်းကို အောက်ချလိုက်စမ်း"

"ဒီပစ္စည်းက မင်းရဲ့အပိုင် မဟုတ်ဘူး...ပြီးတော့ ဘယ်သူရဲ့ပိုင်ဆိုင်မှုမှလည်း မဟုတ်ဘူး...ဒါက တော်ဝင်နန်းတွင်းရဲ့အပိုင်ပဲ"

အဖိုးအိုက လုယွီကိုကြည့်၍ ဆက်လက်ပြောဆိုလေသည်။

"ဗိုလ်ချုပ်လုက...ဒီပစ္စည်းတွေ တော်ဝင်နန်းတွင်းကို လွှဲပြောင်းပေးရမှာကို ငြင်းဆန်မှာမဟုတ်ဘူးလို့ ငါ ထင်တယ်....ဟုတ်တယ်မလား"

လုယွီက ပြောဆိုလိုက်၏။

"ဒါတွေကို တော်ဝင်နန်းတွင်းက ပိုင်ဆိုင်သင့်တာ သဘာဝကျတဲ့ကိစ္စပဲလေ...ငါက ငြင်းဆန်မှာမဟုတ်ဘူး"

တချို့သောယဇ်ပူဇော်ခံပစ္စည်းများသည် အဖိုးတန်ရှားပါးသည်ဟု ဆိုနိုင်သော်လည်း လုယွီအတွက် အနည်းငယ်မျှသာ တန်ဖိုးရှိသည်။ထိုအရာများအားလုံးသည် သူ့အတွက် အသုံးမဝင်ချေ။

အဖိုးအို၏သရုပ်မှန်ကို လုယွီ မခန့်မှန်းနိုင်သော်လည်း သူ့ထံမှထွက်ပေါ်နေသည့် အားကောင်းသောတိုင်းပြည်ကံကြမ္မာစွမ်းအားကို ခံစားမိသည်။

ဤသည်က တာယွီအင်ပါယာ၏ကံကြမ္မာစွမ်းအားကို လက်ခံရရှိထားသော အစွမ်းထက်ပုဂ္ဂိုလ်မျိုးတွင်သာရှိနိုင်သည့် သဘာဝလွန်ပုံရိပ်ပင်။

တာယွီအင်ပါယာ၌ အဆင့်မြင့်အရာရှိရာထူးကို ပိုင်ဆိုင်ထားသူများထံတွင်သာ ဤကဲ့သို့ ပြင်းထန်သည့်ကံကြမ္မာစွမ်းအင်လှုပ်ခတ်မှုမျိုးရှိသည်။

အဖိုးအိုက ပြုံးကာ သူ့လက်အတွင်းရှိအိုးကို အောက်သို့ချလိုက်၏။

"ဗိုလ်ချုပ်လု ဘာမှမစိုးရိမ်ပါနဲ့...ငါက မင်း အစိမ်းရောင်ကြာနတ်ဘုရားကို သတ်ခဲ့တယ်ဆိုတဲ့ တိုက်ပွဲအောင်မြင်မှုကို သတင်းပို့ပေးမယ်"

သူတို့နှစ်ယောက် စကားပြောဆိုနေစဥ်တွင် လျူချင်ကို လျစ်လျှူရှုထားကြသည်။

လျုချင်က ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

"ဒီလူအိုကြီးက ဘယ်နေရာက ရောက်လာတာလဲ...ခင်ဗျားက တိုက်ပွဲအကျိုးအမြတ်တွေကိုတောင် တော်ဝင်နန်းတွင်းအတွက်ဆိုပြီး ပိုင်စိုးပိုင်နင်း ခွဲဝေနေသေးတယ်...ခင်ဗျားက ကျုပ်ကို ရွှံစေးရုပ်ထုကြီးလို့ ထင်နေတာလား"

အဖိုးအိုက မျက်မှောင်ကြုတ်လိုက်၏။

"တကယ်လို့ ငါ ခန့်မှန်းတာမမှားဘူးဆိုရင် ဒီတိုက်ပွဲအောင်မြင်မှုက အစကနေအဆုံးထိ ချီလင်စစ်တပ်နဲ့ ဘာမှမဆိုင်ဘူးမလား...မင်းက တိုက်ပွဲအောင်မြင်မှုတွေကို လုယူချင်နေတာလား"

လျူချင်၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အမူအယာများ ဖြတ်ပြေးသွားသည်။အဖိုးအို၏စကားများသည် သူ၏ပျော့ကွက်ကို ထိတွေ့သွားပေ၏။

အစိမ်းရောင်ကြာနတ်ဘုရား မည်ကဲ့သို့ သေဆုံးသွားသည်ကို သူ မသိရှိချေ။

သို့ရာတွင် ယခုလက်ရှိချိန်၌ ဤနေရာမှ ရတနာပစ္စည်းများကို ရယူနိုင်ရန်အတွက် အစိမ်းရောင်ကြာနတ်ဘုရားကို သူ သတ်ခဲ့သည်ဟု ပြောဆိုရလျှင်ပင် ဘာဖြစ်မည်နည်း။

ထိုစကားကိုကြားချိန်တွင် အဖိုးအို၏မျက်နှာအမူအယာ ရုတ်တရက် ပြောင်းလဲသွားသည်။သူ၏မျက်နှာပေါ်မှအပြုံး ပျောက်ကွယ်သွားကာ ချက်ချင်းဆိုသလိုပင် သုန်မှုန်သွားလေ၏။

"လျူချင်...မင်းက အရင်က နတ်ဘုရားစွမ်းအားဂိုဏ်းရဲ့ဂိုဏ်းချုပ်ပဲ...နောက်ပိုင်းမှာ မင်းက တော်ဝင်နန်းတွင်းကို ခိုလှုံပြီးတော့ ချီလင်စစ်တပ်ရဲ့တပ်မှူးဖြစ်လာတယ်...ဘာလို့ မင်းက တော်ဝင်နန်းတွင်းကို အရင်ကတည်းက မပူးပေါင်းခဲ့တာလဲ...ခုထိ ဘာလို့ မင်းရဲ့အကျင့်စရိုက်တွေ မပျောက်သေးတာလဲ...မင်းကို ခေါ်ယူတဲ့သူက တခြားသူရဲ့ တိုက်ပွဲအောင်မြင်ကိုလုယူတာ ကြီးလေးတဲ့ရာဇဝတ်မှုကြီးလို့ မင်းကို မပြောပြဘူးလား"

အဖိုးအို၏အသံ တစတစ ပို၍တင်းမာခက်ထန်လာကာ သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများလည်း ပို၍ပြင်းထန်လာသည်။

လျူချင်၏မျက်နှာအမူအယာ တောင့်တင်းသွားသည်။

သူသည် ယခင်က ပြင်ပရှိကျင့်ကြံရေးဂိုဏ်းမှ လူတစ်ယောက်ပင်။သူ တော်ဝင်နန်းတွင်း၏စစ်ဗိုလ်ချုပ်တစ်ယောက် ဖြစ်လာသည်မှာ နန်းတွင်းအတွက် ဂုဏ်သိက္ခာကျစရာတစ်ခုဟု ဆိုနိုင်သည်။

တော်ဝင်နန်းတွင်းသည် နှစ်စဥ်နှစ်တိုင်း နန်းတွင်းနှင့်ပူးပေါင်းရန်အတွက် အစွမ်းထက်ကျင့်ကြံသူများကို ခေါ်ယူလေ့ရှိသည်။သို့ရာတွင် ထိုလူများသည် နန်းတွင်းမှတခြားအရာရှိများ၏ အထင်သေးခြင်းကိုခံရကာ အလျှင်အမြန် ရာထူးတိုးလေ့မရှိချေ။

လျူချင်သည် ချီလင်စစ်တပ်သို့ ရောက်ရှိခဲ့စဥ်ကတည်းက ထိုကိစ္စကို လျှို့ဝှက်ချက်တစ်ခုအနေဖြင့် ထိန်းသိမ်းထားခဲ့သည်။သူ၏တပ်မှ စစ်သားများကိုပင် ထိုကိစ္စအကြောင်းတစိုးတစိမျှ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိချေ။

Chapter 2679

သို့ရာတွင် မည်သည့်နေရာက ရောက်ရှိလာမှန်းမသိသော အဖိုးအိုတစ်ယောက်သည် သူ၏နောက်ခံဇစ်မြစ်ကို စကားလုံးတချို့ဖြင့် ဖော်ထုတ်ပြောဆိုခဲ့သည်။

"လူအိုကြီး...ခင်ဗျားက ကျုပ်အကြောင်းကို စုံစမ်းနေတာလား"

လျူချင်၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သော အမူအယာမျိုး ထင်ဟပ်နေကာ သူ၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေပေ၏။

အဖိုးအိုက ပြောဆိုသည်။

"ဒါက စုံစမ်းစရာလိုလို့လား...မင်းနဲ့ဆိုင်တဲ့မှတ်တမ်းတွေက တော်ဝင်စစ်ရေးဌာနမှာရှိတာ အချိန်အတော်ကြာနေပြီ...ပြောရမယ်ဆိုရင် မင်းက ချီလင်စစ်တပ်မှာ တပ်မှူးနေရာရခဲ့တာ မင်းအတွက် ကံကောင်းမှုကြီးပဲ...စိတ်ပျက်စရာကောင်းတာတစ်ခုကတော့ မင်းက ကိုယ့်နေရာနဲ့ကိုယ်မနေဘဲ တခြားသူရဲ့တိုက်ပွဲအောင်မြင်မှုကို လုယူချင်နေတယ်...အဆုံးသတ်ကျတော့ မင်းအတွက် ဘာမှအကျိုးရှိမှာမဟုတ်ဘူး"

အဖိုးအို၏စကား အဆုံးမသတ်သေးမီမှာပင် ပုဆိန်ပုံရိပ်ယောင်ကြီးက သူ၏ခေါင်းထက်သို့ ကျရောက်လာသည်။

"ကျုပ် ခင်ဗျားကို သတ်မယ်...ဒါဆိုရင် ဘယ်သူမှ သိတော့မှာ မဟုတ်ဘူး"

လျူချင်က ကောက်ကျစ်ယုတ်မာသော အပြုံးမျိုးပြုံးလိုက်၏။သူသည် ဓမ္မပုံရိပ်ယောင်ကြီးကိုထိန်းချုပ်ပြီး ပုဆိန်ကြီးဖြင့် အဖိုးအို၏ခေါင်းကိုဦးတည်၍ ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလိုက်သည်။

သိုင်းသူတော်စင်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ခြင်းသည် သူ့အတွက် ပုရွက်ဆိတ်တစ်ကောင်ကို နင်းချေသည့်အလား အလွန်လွယ်ကူသော ကိစ္စတစ်ရပ်ပင်။

ပုဆိန်ပုံရိပ်ယောင်ကြီး သူ့ထံတိုးဝင်လာသည်ကို မြင်တွေ့ချိန်တွင် အဖိုးအို၏မျက်လုံးအတွင်းမှ ရုတ်တရက် စူးရှတောက်ပသောအလင်းရောင်များ ဖြာထွက်လာကာ သူက ရုတ်တရက် အော်ငေါက်လေသည်။

"အတင့်ရဲလှချည်လား"

အဖိုးအို၏နောက်ကျောမှနေ၍ ရုတ်တရက် ရွှေရောင်အလင်းတန်းတစ်တန်း ပျံဝဲ၍ထွက်ပေါ်လာသည်။

ထိုအလင်းတန်းများကြားတွင် ရွှေရောင်တောက်ပနေသော ဓားရှည်တစ်လက် ရှိနေလေ၏။ထိုဓားရှည်၏လက်ကိုင်တွင် မှိန်ဖျော့ဖျော့ နဂါးအမှတ်အသားရှိနေသည်။ဓား၏မျက်နှာပြင်မှနေ၍ ကြီးကျယ်ခမ်းနားသော အေးစက်စက်ရွှေရောင်အလင်းတန်းများ ဖြာထွက်နေလေရာ လူအများသည် ထိုဓားကို စေ့စေ့မကြည့်ဝံ့ချေ။

ထိုဓားရှည်ထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိဖိအားအရှိန်အဝါသည် ချက်ချင်းဆိုသလိုပင် အဆများစွာ မြင့်တက်သွားခဲ့သည်။

ဘုန်း...

အစွမ်းထက်သော အားလှိုင်းတစ်ရပ်က ပတ်ဝန်းကျင်နေရာတစ်ဝိုက်ကို ဖြတ်သန်းသွားသည်။နံဘေးဘက်မှ စောင့်ကြည့်နေကြသော စစ်သားများသည် ချက်ချင်းဆိုသလိုပင် မြေပြင်ပေါ်သို့ ဒူးထောက်ရက်အနေအထားဖြင့် ပြိုလဲကျသွားကြ၏။

ထိုဓားရှည်ပေါ်တွင် ရွှေရောင်ရှေးဟောင်းအက္ခရာနှစ်လုံးကို ရေးထွင်းထားကာ တောက်သောအလင်းရောင်များ ဖြာထွက်နေသည်။ဟိန်းသံကဲ့သို့ အသံတစ်သံ ထွက်ပေါ်လာပြီးနောက် ဓားရှည်သည် တုန်ခါသွားကာ ထက်ရှသောဓားချီတစ်လှိုင်းကို ထုတ်လွှက်လိုက်ပြီး ပုဆိန်ပုံရိပ်ယောင်ကြီးနှင့် ဖီလာဆန့်ကျင် ရိုက်ခတ်မိသွားသည်။

ဘုန်း....

ဖန်ရှန်မျိုးနွယ်၏ဓမ္မပုံရိပ်ယောင်မှ ပုဆိန်ကြီးသည် ထိုဓားရှည်ကြောင့် ပျက်ပြယ်သွားကာ ချက်ချင်းဆိုသလိုပင် ပြိုကွဲပျက်စီးသွားတော့သည်။

သို့ရာတွင် ထိုဓားရှည်၏စွမ်းအားသည် ပျောက်ကွယ်သွားခြင်းမရှိသေးချေ။ထိုအစား ထိုဓားချီလှိုင်းသည် ဖန်ရှန်မျိုးနွယ်၏ဓမ္မပုံရိပ်ယောင်ကြီးကို ထွင်းဖောက်၍ ခြေမွှဖျက်ဆီးလိုက်သည်။

လျုချင်နှင့် ဓမ္မပုံရိပ်ယောင်ကြီးသည် ချိတ်ဆက်ထားလေ၏။ဓမ္မပုံရိပ်ယောင်ကြီး ပျက်စီးသွားချိန်တွင် သူအပေါ်တွင်လည်း ချက်ချင်းဆိုသလိုပင် သက်ရောက်သွားခဲ့သည်။သူ၏ခန္ဓာကိုယ် တုန်ရီသွားကာ သူ၏နှုတ်ခမ်းထောင့်မှနေ၍ သွေးစီးကြောင်းတစ်ကြောင်း ယိုစီးကျလာသည်။

လျူချင်၏မျက်လုံးအတွင်း၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

သူသည် ရွှယ်အင်မော်တယ်တစ်ယောက်ပင်။

အကယ်၍ သူသည် ရွှယ်အင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ခဲ့သည်မှာ မကြာမြင့်မီကမှ ဖြစ်နေလျှင်ပင် နယ်မြေတစ်ခုကို လွှမ်းမိုးအုပ်ချုပ်နိုင်သော အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်နေဆဲဖြစ်သည်။

သို့ရာတွင် သူသည် မမျှော်လင့်ဘဲ သိုင်းသူတော်စင်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ကြောင့် ဤအဆင့်ထိ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပြဿနာများအားလုံး ထိုဓားရှည်ပေါ်တွင်သာ မူတည်နေပေမည်။

လျူချင်သည် အာရုံစူးစိုက်ကာ သူ၏နတ်ဘုရားစိတ်အာရုံဖြင့် ရွှေရောင်ဓားရှည်ကို စူးစမ်းလေ့လာလိုက်၏။သို့ရာတွင် ထိုဓားရှည်ပေါ်သို့ သူ၏နတ်ဘုရားစိတ်အာရုံ ကျရောက်သွားသည်နှင့် သူ၏မျက်လုံးနာကျင်သွားကာ သွေးမျက်ရည်နှစ်ကြောင်း ယိုစီးကျလာသဖြင့် သူက မျက်လုံးစုံမှိတ်လိုက်ရသည်။

"ရှန့်ဖန်းဓားလား...မဟုတ်ဘူး...ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

သူ မျက်လုံးစုံမမှိတ်မီ နောက်ဆုံးအချိန်အခိုက်အတန့်တွင် ထိုဓား၏ပုံပန်းသွင်ပြင်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်မိသည်။

ရှန့်ဖန်းဓား ထွက်ပေါ်လာချိန်တွင် ဧကရာဇ်ကိုယ်တိုင် ကြွချီလာသကဲ့သို့ပင်။

ရှန့်ဖန်းဓားသည် ဧကရာဇ်ကိုယ်တိုင်သွန်းလုပ်ထားသော ရတနာဓားတစ်လက်ဖြစ်သည်။ထိုဓား၏အစိတ်အပိုင်းတစ်ခုစီသည် အင်ပါယာအဆင့်ဖြစ်သဖြင့် အလွန်တန်ဖိုးကြီးလေ၏။

ဤသည်က သာမာန်ရတနာဓားတစ်လက်မဟုတ်ဘဲ ဧကရာဇ်၏အခွင့်အာဏာကို ကိုယ်စားပြုသောအရာပင်။

မည်သူမည်ဝါဖြစ်နေပါစေ ရှန့်ဖန်းဓားကို ကိုင်ဆောင်ထားသူသည် ဧကရာဇ်ကိုယ်တိုင် ကြွချီလာသကဲ့သို့ ကိုယ်စားပြုသည်။

ထို့ကြောင့် အဖိုးအိုသည် သိုင်းသူတော်စင်နယ်ပယ်သာ ဖြစ်သော်လည်း လျူချင်သည် အပြစ်မပြုဝံ့သဖြင့် အလျှင်အမြန်ဒူးထောက်ကာ အရိုအသေပြုလိုက်၏။

"ဘယ်လိုလုပ်ပြီး ရှန့်ဖန်းဓားဖြစ်နေတာလဲ...ဖြစ်နိုင်တာတော့ တော်ဝင်နန်းတွင်းရဲ့သံတမန်က မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေလို နေရာငယ်လေးကို တကယ်ကြီး ရောက်လာတာလား"

လျူချင်၏အသံက တုန်ရီနေသည်။

သူ အဆုံးသတ်သွားပြီဖြစ်ကြောင်းကို သူ ကောင်းစွာသိရှိထားသည်။

ရှန့်ဖန်းဓားကို အတုအယောင်သွန်းလုပ်၍ မရချေ။ဤသည်က တာယွီအင်ပါယာ၏စိတ်ဆန္ဒပင်။အကယ်၍ တစ်စုံတစ်ယောက်သည် ထိုဓားရှည်ကို တိတ်တဆိတ် ပုံတူသွန်းလုပ်ဝံ့ပါက တာယွီ၏ကံကြမ္မာစွမ်းအားများမှတဆင့် ချက်ချင်းရှာဖွေတွေ့ရှိသွားပေမည်။ထိုအတုသွန်းလုပ်ထားသောဓားသည် ချက်ချင်းဖျက်ဆီးခံရကာ သွန်းလုပ်သူသည် နဂါးအစောင့်များ၏ ခြေရာခံလိုက်လံဖမ်းဆီးခြင်းကို ခံရနိုင်သည်။

သူ့ရှေ့ရှိအဖိုးအိုသည် တော်ဝင်နန်းတွင်းမှစေလွှတ်လိုက်သော အစစ်အမှန်သံတမန်တစ်ယောက်ပင်။

Chapter 2680

"အကြီးအကဲက တော်ဝင်နန်းတော်ကစေလွှတ်လိုက်တဲ့ သံတမန်တစ်ယောက်ပဲ...ဘာလို့ ဒီလိုမျိုး အရမ်းသိုသိုသိပ်သိပ်နေနေတာလဲ...သံတမန်ကြီးရောက်လာမှာကိုလည်း ကျွန်တော်တို့ ဘာသတင်းမှ ကြိုမရထားဘူး"

လျူချင်သည် သူ၏လည်ချောင်းများ ခြောက်ကပ်ကပ်ဖြစ်နေသကဲ့သို့ ခံစားနေရသည်။

အတိတ်တွင် အကယ်၍ တော်ဝင်နန်းတွင်းမှသံတမန်တစ်ယောက် ရောက်လာပါက အလွန်အမင်းကြီးကျယ်ခမ်းနားပေသည်။နယ်မြေခံအရာရှိများသည် ထိုသံတမန်ကို ဂရုတစိုက် ကြိုဆိုရလေ၏။

မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေအတွင်း၌ ယခုလတ်တလောအချိန်ကာလအတွင်း ကိစ္စကြီးပေါင်းများစွာ ဖြစ်ပွါးခဲ့သည်။

ပထမဦးဆုံး အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းသည် ချီလင်စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေမှ အရာရှိတချို့လည်း ပျောက်ကွယ်သွားခဲ့သည်။ဤနေရာသည် သူတော်စင်ယီဟန်၏ ပိုင်နက်နယ်မြေဖြစ်နေသည့်တိုင် တော်ဝင်နန်းတွင်းသည် ထိုကိစ္စကို လျစ်လျှူရှုထားမည်မဟုတ်ချေ။

အဖိုးအိုက တည်ငြိမ်စွာ ပြောဆိုသည်။

"တကယ်လို့ ငါက တိတ်တဆိတ်မလှုပ်ရှားဘူးဆိုရင်...မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေမှာ ဒီလောက်ထိ အခြေအနေတွေဗြောင်းဆန်နေတယ်ဆိုတာ ငါ ဘယ်လိုလုပ်ပြီးသိမှာလဲ...မင်းလိုတပ်မှူးငယ်လေးတစ်ယောက်က အစိမ်းရောင်ကြာနတ်ဘုရားကို သတ်ဖြတ်တဲ့ တိုက်ပွဲအောင်မြင်မှုကြီးကိုတောင် လုယူဝံ့တယ်...မင်းတို့ တခြားမလုပ်ရဲတဲ့ကိစ္စ ဘာရှိသေးလဲ"

"သံတမန်ကြီးရဲ့နာမည်က ဘယ်လိုခေါ်လဲဆိုတာ ကျွန်တော် မေးလို့ရမလား"

လျူချင်က အထူးဂရုစိုက်၍ မေးမြန်းသည်။

"ငါက တော်ဝင်နန်းတွင်းရဲ့လက်ဝဲစုံစမ်းစစ်ဆေးရေးမှူး ယန်ကျွင်း"

အဖိုးအိုက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုလေ၏။

ထိုနာမည်ကိုကြားချိန်တွင် လျူချင်သည် သူ၏ခန္ဓာကိုယ်ကို လျှပ်စီးဖြင့်ရိုက်ခတ်ခံရသကဲ့သို့ ခံစားလိုက်ရသည်။

တာယွီအင်ပါယာရှိ လူတိုင်းနီးပါး ယန်ကျွင်းဟူသောနာမည်ကို သိရှိကြသည်။

သူသည် တာယွီအင်ပါယာတစ်ခုလုံးရှိ အရာရှိနယ်ပယ်နှင့် ကွဲပြားခြားနားသူတစ်ယောက်ပင်။အကြောင်းအရင်းမှာ သူ၏ကျင့်ကြံဆင့်ပါရမီသည် မြင့်မားခြင်းမရှိသည့်အပြင် ကံကြမ္မာစွမ်းအားများ၏ ကူညီထောက်ပံမှုနှင့်ပင် သူသည် သိုင်းသူတော်စင်နယ်ပယ်သို့သာ ရောက်ရှိခဲ့သည်။

ယန်ကျွင်းသည် အားကောင်းသန်မာခြင်းမရှိသော်လည်း သူ့ထံတွင် အလွန်သိသာထင်ရှားသော ကျောထောက်နောက်ခံရှိသည်။

ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ် ထီးနန်းမဆက်ခံရသေးမီအချိန်၌ ယန်ကျွင်းသည် သူနှင့်အတူ ပညာသင်ယူခဲ့သည်။ယန်ကျွင်းကို ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ စာသင်ဖက်တစ်ယောက်ဟု ယူဆနိုင်ပေ၏။

နောက်ပိုင်းတွင် သူသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ သစ္စာရှိလူယုံဖြစ်လာခဲ့သည်။ဧကရာဇ်နှင့်ချီးမြှင့်မြှောက်စားမှုကြောင့် ယန်ကျွင်းသည် သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူဖြစ်သည့်တိုင် နယ်မြေသခင်များနှင့် ရွှယ်အင်မော်တယ်များပင်လျှင် သူ့ရှေ့၌ ဦးညွှတ်အရိုအသေပြုရသည်။

"လျူချင်...မင်းက တခြားသူရဲ့တိုက်ပွဲအောင်မြင်မှုကို အတင်းအကြပ်လုယူဖို့ ကြံစည်ခဲ့တယ်...မင်းရဲ့ပြစ်မှုက ခွင့်လွှတ်လို့မရဘူး...ငါနဲ့အတူ လိုက်ခဲ့တော့"

ယန်ကျွင်းသည် ရုတ်တရက် လျူချင်ကိုဖမ်းဆုပ်ရန် သူ၏လက်ကိုဆန့်တန်းလိုက်၏။

သူ၏ခွန်အားသည် အားကောင်းခြင်းမရှိသော်လည်း ရှန့်ဖန်းဓား၏ကူညီထောက်ပံမှုကြောင့် သူသည် ရွှယ်အင်မော်တယ်တစ်ယောက်ထက် မနိမ့်ကျသောစွမ်းအားမျိုးကို ထုတ်ဖော်အသုံးပြုနိုင်သည်။

တုန်လှုပ်ချောက်ချားဖွယ်ဖိအားတစ်ရပ်က ပတ်ဝန်းကျင်နေရာတစ်ဝိုက်သို့ ထပ်မံ၍သက်ရောက်လာသည်။

ရှန့်ဖန်းဓားမှနေ၍ တောက်ပပြီး ကြီးကျယ်ခမ်းနားသော ဧကရာဇ်အရှိန်အဝါမျိုး ဖြာထွက်နေကာ အလွန်အားကောင်းသော အရှိန်အဟုန်ဖြင့် လျူချင်ကို လွှမ်းခြုံသွားသည်။

စိတ်ပျက်အားငယ်သောအရိပ်အယောင်များက လျူချင်၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။

အကယ်၍ သူသည် ယန်ကျွင်း၏ဖမ်းဆီးခြင်းကို ခံရပါက သူ၏အဆုံးသတ်သည် သေခြင်းတရားသာဖြစ်ပေလိမ့်မည်။

အကယ်၍ သူ မသေဆုံးလျှင်ပင် သူ၏ကျန်ရှိနေသော ဘဝသက်တမ်းတလျှောက်လုံး မှောင်မည်းနေသောအကျဥ်းထောင်အတွင်းမှနေ၍ ခြေတစ်လှမ်းထွက်နိုင်မည်မဟုတ်ချေ။

"ဒါတွေအားလုံးက မင်းကြောင့်ပဲ"

လျူချင်က ရုတ်တရက် လုယွီဘက်သို့လှည့်၍ အော်ဟစ်ပြောဆိုသည်။

သူသည် ရှန့်ဖန်းဓားရှိနေခြင်းကြောင့် ယန်ကျွင်းကို ပစ်မှတ်မထားဝံ့ချေ။ယန်ကျွင်းသည် နယ်မြေသခင်များကိုပင် စိန်ခေါ်နိုင်သူတစ်ယောက်ပင်။ထို့ကြောင့် သူသည် မည်သည့်နည်းနှင့်မျှ ယန်ကျွင်း၏ပြိုင်ဘက်မဖြစ်နိုင်ပေ။

သို့ရာတွင် လုယွီကမူ ကွဲပြားခြားနားပေ၏။

ဤကောင်စုတ်လေးသည် အရေးကြီးအချိန်အခိုက်အတန့်၌ သူ၏အစီအစဥ်များကို ဖျက်ဆီးခဲ့သည်။

အကယ်၍ လုယွီသာမရှိခဲ့ပါက သူသည် ဤနေရာရှိပစ္စည်းများအားလုံးကို ယူဆောင်ပြီးကာ အဝေးသို့ထွက်သွားနိုင်လောက်လေပြီ။

"ငါ မင်းကို သတ်မယ်"

လျူချင်က ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်၏။သူသည် မှော်စွမ်းအားများအားလုံးကို သူ၏လက်ဖဝါးအတွင်း၌စုစည်းကာ ကြီးမားသောပုဆိန်ပုံရိပ်ယောင်ကြီးတစ်ခုကို ဖွဲ့စည်းလိုက်သည်။

သူသည် ဖန်ရှန်ဓမ္မပုံရိပ်ယောင်ကို ထိန်းသိမ်းမထားနိုင်သော်လည်း သူ၏မှော်စွမ်းအားများအားလုံးကို ပုဆိန်ပုံရိပ်ယောင်ကြီးအတွင်း၌ ထည့်သွင်းထားသည်။

ရုတ်ချည်းဆိုသလိုပင် ကြီးမားသောပုဆိန်ပုံရိပ်ယောင်ကြီးတစ်ခုကို သိပ်သည်းပြီးသွားလေ၏။

ထိုပုဆိန်ကြီး၏မျက်နှာပြင်မှနေ၍ ယခင်ထက်ပို၍ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထွက်ပေါ်နေသည်။မိုးကောင်းကင်ယံကိုပင်ထွင်းဖောက်လုမတတ် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ရောယှက်၍ ပုဆိန်ကြီးက လုယွီထံသို့ တိုးဝင်လာသည်။

ထိုပုဆိန်ကြီးနှင့်ရင်ဆိုင်ရချိန်တွင် လုယွီ၏လက်ဝါးအတွင်း၌ ရွှေရောင်အလင်းတန်းတစ်တန်း ထွက်ပေါ်လာကာ ထိုက်ယွမ်လက်ဝါးဖြင့် ထိုအရာကို ရိုက်နှက်လိုက်၏။

ဝုန်း....

ထိုက်ယွမ်လက်ဝါးနှင့် ပြင်းပြင်းထန်ထန် ရိုက်ခတ်မိစဥ်တွင် တုန်လှုပ်ချောက်ချားဖွယ် ပုဆိန်ပုံရိပ်ယောင်ကြီး ချက်ချင်းကြေမွှပျက်စီးသွားတော့သည်။

အစွမ်းထက်သော အားလှိုင်းတစ်ရပ်က လျူချင်ပေါ်သို့ ကျရောက်သွားသည်။ထို့နောက် လျူချင်သည် နောက်သို့လွင့်ထွက်သွားကာ မြေကြီးအတွင်းသို့ လေးမီတာ ငါးမီတာခန့်အထိ နစ်ဝင်သွားလေ၏။

"ဒါက မင်းရဲ့ ခွန်အားကုန်တိုက်ခိုက်မှုလား...ရိုးရိုးသားသားဝန်ခံရရင် ဒါက တော်တော်စိတ်ပျက်စရာပဲ....မင်းကိုကြည့်ရတာ ရှေးဟောင်းဖန်ရှန်မျိုးနွယ်ရဲ့မှော်နည်းစနစ်ကို နည်းနည်းလေးတောင် သင်ယူထားတဲ့ပုံမရဘူး"

လုယွီက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

All Chapters