← Chapters

အခန်း (၂၆၈၁-၂၆၈၅)

Vol. 137 Ch. 2681-2685

အခန်း (၂၆၈၁-၂၆၈၅)

Vol. 137 Ch. 2681-2685

Chapter 2681

"မင်း...."

လျူချင်သည် အလွန်ဒေါသထွက်နေသဖြင့် သတိလစ်မေ့မျောသွားလုနီးပါးပင်။

တခြားစစ်သားများသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူတို့၏တပ်မှူးနှင့်လုယွီအကြားရှိ ကွာဟချက်ကို နောက်ဆုံးတွင် နားလည်သဘောပေါက်သွားကြသည်။

ယခင်က လျူချင်သည် လုယွီကို လွယ်လင့်တကူအနိုင်ယူနိုင်မည်ဟု သူတို့အားလုံး တွေးထင်ထားကြ၏။သို့ရာတွင် ယခု သူတို့ကြည့်ရသလောက် လျူချင်သည် လုယွီ၏ပြိုင်ဘက်ဖြစ်ရန်ပင် အလွန်အလှမ်းကွာဟပုံရသည်။

သူသည် သူ၏ခွန်အား၃၀ရာခိုင်နှုန်းသာအသုံးပြု၍ လုယွီကို တိုက်ခိုက်ခဲ့သည်ဟု ကြွားလုံးထုတ်ခြင်းမှာ အလွန်ရယ်ရွှင်ဖွယ်ကောင်းသည်။သို့ရာတွင် အဆုံးသတ်၌ သူသည် ခွန်အားကုန်အသုံးပြု၍ တိုက်ခိုက်ခဲ့သည့်တိုင် လုယွီ၏လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် လွင့်ထွက်သွားခဲ့သည်။

မည်သည့်စစ်သားကမျှ လျူချင်အတွက် ရှေ့ထွက်မပြောဝံ့ချေ။သူတို့အားလုံးက လျူချင် မည်ကဲ့သို့အဆုံးသတ်မည်ကိုသာ စောင့်ကြည့်နေကြ၏။

"လျူချင်...ရုန်းကန်နေတာရပ်လိုက်တော့...ချိပ်ပိတ်စမ်း"

ယန်ကျွင်းက သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ရာ ပေတစ်ထောင်ကျော်ရှိသည့်ရွှေရောင်အလင်းတန်းတစ်တန်းက သူ၏နောက်ကျောမှ ထွက်ပေါ်လာသည်။ထိုရွှေရောင်အလင်းတန်းသည် လျူချင်ပေါ်သို့ ကျရောက်သွားချိန်တွင် ရွှေရောင်သံကြိုးများအဖြစ်ပြောင်းလဲသွားကာ သူ၏ခြေလက်များနှင့်လည်ပင်းကို တုပ်နှောင်လိုက်သည်။

"သံတမန်ကြီး...ဒီတိုက်ပွဲအောင်မြင်မှုက သူ့ရဲ့အပိုင်ဆိုတာ ကျွန်တော် မသိခဲ့ပါဘူး...အရာအားလုံးက နားလည်မှုလွဲသွားတာပါ"

ဤအချိန်အခိုက်အတန့်တွင် လျူချင်သည် ခေါင်းငုံနေရုံသာ တက်နိုင်တော့လေ၏။

ထိုသံကြိုးများကို ရှန့်ဖန်းဓားမှဖွဲ့စည်းထားခြင်းဖြစ်သဖြင့် ဧကရာဇ်အရှိန်အဝါရှိနေသည်။အကယ်၍ လျူချင်သည် သူ၏အထွတ်အထိပ်အခြေအနေ၌ ရှိနေလျှင်ပင် ထိုသံကြိုးများကို ဖျက်ဆီးနိုင်မည်မဟုတ်ချေ။

ယန်ကျွင်းက အေးစက်စက် ရယ်မောလိုက်သည်။

"ငါက ဘေးကနေတစ်ချိန်လုံး စောင့်ကြည့်နေခဲ့တာ...ငါ မျက်လုံးကန်းနေတယ်လို့ မင်း ထင်နေတာလား"

ထိုစကားဆုံးသည်နှင့် ယန်ကျွင်းသည် လျူချင်၏အသနားခံတောင်းပန်နေမှုကို ဆက်လက်၍နားထောင်ခြင်း မပြုတော့ချေ။သူ၏လက်ကို ဆန့်ထုတ်ကာ ဖမ်းဆုပ်လိုက်၏။

လျူချင်၏ခန္ဓာကိုယ် ချက်ချင်းဆိုသလိုပင် ကျုံဝင်စပြုလာသည်။အဆုံးသတ်၌ သူ၏ခန္ဓာကိုယ်သည် သဲမှုန်တစ်မှုန်အရွယ်အစားသို့ ပြောင်းလဲသွားကာ ယန်ကျွင်း၏အင်္ကျီလက်အတွင်းသို့ စုပ်ယူခြင်းခံလိုက်ရသည်။

"အင်္ကျီလက် သိုလှောင်နည်းစနစ်လား"

လုယွီ၏မျက်ခုံး မြင့်တက်သွားသည်။

ဤသည်က မည်သည့်အရာကိုမဆို အသေးငယ်ဆုံးအရွယ်အစားထိ ကျုံသွားစေသော သာမာန်မဟုတ်သည့် နည်းစနစ်တစ်ခုပင်။ထိုအရာသည် သိုလှောင်အိတ်များနှင့် နှိုင်းယှဥ်ပါက များစွာလုံခြုံစိတ်ချရပေ၏။

သို့ရာတွင် ထိုနည်းစနစ်ကိုကျင့်ကြံရခြင်း၏ခက်ခဲမှုသည် နိမ့်ပါးခြင်းမရှိချေ။

သူတို့၏တပ်မှူး ဖမ်းဆီးခံလိုက်ရသည်ကိုကြည့်ပြီး ချီလင်စစ်တပ်မှစစ်သားများသည် သူတို့၏အမာခံကျောရိုး ဆုံးရှုံးသွားပြီကို သိနားလည်သွားသဖြင့် ချက်ချင်းဆိုသလိုပင် ဒူးထောက်၍ အသနားခံတောင်းပန်လိုက်ကြသည်။

ယန်ကျွင်းသည် အမြဲတစေ ပြတ်ပြတ်သားသား လုပ်ဆောင်တတ်သူတစ်ယောက်ပင်။သူက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ကာ မေးမြန်းသည်။

"မင်းတို့ရဲ့ ခေါင်းဆောင်တပ်မှူးချုပ်က ဘယ်မှာလဲ...ငါ ဘာလို့ သူ့ကို ရှာမတွေ့တာလဲ"

စစ်သားများက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။

အချိန်တခဏကြာပြီးနောက် စစ်သားတစ်ယောက်က ပြောဆိုသည်။

"တပ်မှူးချုပ်က ကျင့်ကြံဖို့အတွက် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကို သွားတယ်လို့ ကျွန်တော်တို့ ကြားထားတယ်...အဲ့ဒီနောက်ကနေစပြီး ကျွန်တော်တို့ သူ့ကို ထပ်မတွေ့ရတော့ဘူး"

"အဓိပ္ပါယ်မရှိတာတွေ....မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေထဲကို အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းက ကျူးကျော်ဝင်ရောက်နေတာ အချိန်အတော်ကြာနေပြီ...သူ့လိုတပ်မှူးချုပ်တစ်ယောက်က ဘယ်လိုလုပ်ပြီး ပျောက်နေတာလဲ"

ယန်ကျွင်း၏မျက်ခုံး မြင့်တက်သွားကာ သူက ဒေါသတကြီး အော်ငေါက်လိုက်သည်။

သို့ရာတွင် ထိုစစ်သားများသည် အမိန့်ကိုနာခံကြရရုံသက်သက်ပင်။

ယန်ကျွင်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"မင်းတို့အားလုံး အခုချက်ချင်း စစ်စခန်းကိုပြန်ကြတော့...အချိန်တစ်ခုကြာပြီးရင် ငါကိုယ်တိုင် မင်းတို့အားလုံးကို အစီရင်ခံစာတင်ခိုင်းမယ်"

ထိုစစ်သားများကိုကြည့်ရသည်မှာ လွတ်ငြိမ်းချမ်းသာခွင့် ရရှိသွားသကဲ့သို့ပင်။ယန်ကျွင်း၏စကားအရ သူတို့ထံတွင် အမှားပြင်ဆင်နိုင်သော အခွင့်အရေး ရှိနေလေ၏။

တော်ဝင်စုံစမ်းစစ်ဆေးရေးမှူးထံမှ တိုက်ပွဲအကျိုးအမြတ်များကို လုယူရန်ကြိုးစားခဲ့မိသော သူတို့၏လုပ်ရပ်ကို ပြန်လည်တွေးတောမိချိန်တွင် သူတို့အားလုံး ဇောချွေးပြန်လာကြတော့သည်။

"အရှင်ယန်...ကျွန်တော်တို့ ခုချက်ချင်း ထွက်သွားပါတော့မယ်"

ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိ ချီလင်စစ်တပ်မှစစ်သားများအားလုံး ထွက်ခွါသွားတော့သည်။

"ဗိုလ်ချုပ်လု....မင်းက လော့ရွှေကြယ်မြစ်တိုက်ပွဲမှာ ရှုရာဧကရာဇ်ကို သတ်ဖြတ်ခဲ့တယ်လို့ ငါ ကြားထားတယ်...ပြီးတော့ အခုချိန်မှာ မင်းက အစိမ်းရောင်ကြာနတ်ဘုရားကို သတ်လိုက်တယ်...မင်းက ငယ်ရွယ်ပြီးအရည်အချင်းရှိတဲ့သူလို့ ပြောလို့ရတယ်...ငါက မင်းရဲ့တိုက်ပွဲအောင်မြင်မှုတွေကို တော်ဝင်နန်းတွင်းဆီ သတင်းပို့ပေးမယ်...နောင်တစ်ချိန်မှာ ငါက မင်းကို ဒီတိုက်ပွဲအောင်မြင်မှုအတွက် အကျိုးအမြတ်အများကြီးပေးမယ်...အခုချိန်မှာတော့ ငါ့မှာ အရေးကြီးတဲ့ကိစ္စတွေ လုပ်ဆောင်စရာရှိသေးတယ်...ဒါကြောင့် နှုတ်ဆက်ခဲ့ပါတယ်"

ယန်ကျွင်း၏အမူအယာသည် အလျင်လိုနေပုံရကာ သူ၏မျက်ခုံးနှစ်ဖက်ကို တင်းတင်းကြပ်ကြပ်စုကျုံထားပြီး ကိစ္စအမြောက်အများကို တွေးတောစဥ်းစားနေပုံရသည်။

လုယွီကို နှုတ်ဆက်စကားပြောဆိုပြီးနောက် သူသည် ချက်ချင်းထွက်ခွါသွားတော့သည်။တော်ဝင်စုံစမ်းစစ်ဆေးရေးမှူးတစ်ယောက်ဖြစ်သော သူအနေဖြင့် လုပ်ဆောင်စရာ တာဝန်ဝတ္တရားများစွာရှိနေသည်။သူ၏လှုပ်ရှားမှုသည် အလွန်သိုသိပ်ပြီး ကိစ္စများစွာကို စုံစမ်းစစ်ဆေးလေ့ရှိသည်မှာ သိသာထင်ရှားလှ၏။

ချီလင်စစ်တပ်၏တပ်မှူးချုပ်ကို သတ်ဖြတ်သူမှာ သူဖြစ်ကြောင်း လုယွီသည် ယန်ကျွန်းကို ထုတ်မပြောခဲ့ချေ။

ချီလင်စစ်တပ်၏တပ်မှူးချုပ်သည် ထန်အင်ပါယာနှင့် ပူးပေါင်းထားပုံရသည်။တာယွီအင်ပါယာအတွင်းတွင် ထန်အင်ပါယာနှင့် တိတ်တဆိတ်ဆက်သွယ်နေသော လူအမြောက်အများရှိနေပေမည်။

အကယ်၍ သူ ရှေ့ထွက်လိုက်ပါက သူသည် လူအများ၏ပစ်မှတ်ဖြစ်သွားမည်မှာ သံသယဖြစ်ဖွယ်မရှိချေ။သူသည် လျှို့ဝှက်ပူးပေါင်းနေသူ၏ပစ်မှတ် ဖြစ်သွားရုံသာမက သူသည်လည်း စစ်မေးခြင်းခံရပေမည်။ထိုအချိန်ကျပါက သူကိုယ်သူ မည်မျှထိ အပြင်းအထန် ခုခံကာကွယ်နေသည်ဖြစ်စေ ထိုကိစ္စကို ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်ရန်မှာ မဖြစ်နိုင်ချေ။

Chapter 2682

ယန်ကျွင်းသည် ထွက်ခွါမသွားမီ ဘုရားကျောင်းပျက်များအားလုံးကို သူ၏စကြာဝဠာအင်္ကျီလက်အတွင်းသို့ထည့်၍ ယူဆောင်သွားခဲ့သည်။

သို့ရာတွင် ယန်ကျွင်းသည် နတ်ဘုရားသွေးစက်နှင့်ပတ်သက်၍ မေးမြန်းခြင်းမပြုချေ။

လုယွီ အစိမ်းရောင်ကြာနတ်ဘုရားကို သတ်ဖြတ်ခဲ့ခြင်းမှာ ကြီးမားသောတိုက်ပွဲအောင်မြင်မှုဖြစ်ကြောင်း သူ သိရှိထားသည်။အကယ်၍ သူသည် ကိစ္စငယ်လေးတချို့ကို ကပ်တွက်နေပါက နောင်အနာဂတ်တွင် သူနှင့်လုယွီအကြားတွင် အဖုအထစ်တချို့ ရှိသွားနိုင်သည်။

ယန်ကျွင်း ထွက်ခွါသွားသည်ကို စောင့်ကြည့်ပြီးနောက် လုယွီသည် အတွေးတစ်ချက်ဖြင့် သူ၏သိုလှောင်အိတ်ကမ္ဘာငယ်လေးအတွင်းသို့ ဝင်လိုက်၏။

လုယွီ ကယ်တင်ခဲ့သော ပိုင်မင်ဟန်သည် ပိုင်တိုကောင်းကင်ဘုံဂိုဏ်းအတွင်းရှိ စိတ်ဝိညာဥ်စမ်းရေအိုင်နံဘေး၌ တိတ်ဆိတ်ငြိမ်သက်စွာ လဲလျောင်းနေသည်။

သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်သည် စပ်စုတက်သောကလေးတစ်ယောက်အလား ပိုင်မင်ဟန်ကို နံဘေးမှနေ၍ လှည့်ပတ်ကြည့်နေသည်။သူသည် လက်ကိုဆန့်ထုတ်ကာ ပိုင်မင်ဟန်၏ပါးပြင်ကို ညှစ်ကြည့်လိုက်၏။

"သူက သေသွားပြီ"

သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်က ပြောဆိုသည်။

လုယွီသည် ပိုင်မင်ဟန်ကို ဂရုတစိုက်စစ်ဆေးပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။

သူမထံတွင် စိတ်ဝိညာဥ် ရှိမနေတော့ချေ။သူမသည် လမ်းလျှောက်နေသော အလောင်းကောင်တစ်ကောင်အလား ခန္ဓာကိုယ်အလွတ်ကြီးသာ ကျန်ရှိတော့ပေ၏။

အစိမ်းရောင်ကြာနတ်ဘုရားသည် ကြီးမားသောအကြံအစည်တစ်ခုကို လုပ်ဆောင်ခဲ့ပုံပင်။

ပြီးပြည့်စုံသော သန္ဓေသားလောင်းကို ရရှိနိုင်ရန်အလို့ငှါ အစိမ်းရောင်ကြာနတ်ဘုရားသည် သူမအတွက်အန္တရာယ်ဖြစ်လာနိုင်သော အရာဟူသမျှကို ရှင်းလင်းထားခဲ့သည်။သို့ရာတွင် ပိုင်မင်ဟန်သည် သူမအား လက်စားမချေနိုင်သည့်တိုင် ဤနေရာတွင် သူမ သေဆုံးသွားရမည်ဟု အစိမ်းရောင်ကြာနတ်ဘုရား မျှော်လင့်ထားမိမည်မဟုတ်ချေ။

"သူ့ကို အသက်ရှင်သန်အောင်ပဲ ဆက်ထိန်းထားပေး...နောက်ကျမှ တခြားကိစ္စတွေကို ငါ ဖြေရှင်းလိုက်မယ်"

လုယွီက လက်နက်စိတ်ဝိညာဥ်ကလေးငယ်၏ခေါင်းကိုပုတ်၍ ပြောဆိုသည်။

ရုတ်ချည်းဆိုသလိုပင် လျှို့ဝှက်ဆန်းကြယ်သော အားလှိုင်းတစ်ရပ်က ပိုင်မင်ဟန်၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။

သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်တွင် တစ်စုံတစ်ယောက်၏ရှင်သန်ခြင်းနှင့်သေဆုံးခြင်းကို ဆုံးဖြတ်ပေးနိုင်သော စွမ်းအားမျိုးရှိသည်။ဤသည်က အတိတ်ဘဝတွင် လုယွီပိုင်ဆိုင်ခဲ့သည့် သေခြင်းရှင်ခြင်းမှတ်တမ်းစာအုပ်နှင့် တူညီပေ၏။

ရုတ်ချည်းဆိုသလိုပင် ပိုင်မင်ဟန်၏ခန္ဓာကိုယ်မှနေ၍ အားကောင်းသောအသက်စွမ်းအားများ ပွင့်အံထွက်လာသည်။သူမ၏နှလုံး ပြင်းပြင်းထန်ထန် ခုန်စပြုလာကာ သူမ၏သွေးများသည်လည်း သွေးကြောများအတွင်း လှည့်ပတ်နေပြီး အသက်ရှင်သန်နေသူတစ်ယောက်နှင့် ကွဲပြားခြားနားခြင်းမရှိတော့ချေ။

သူမ၏ခန္ဓာကိုယ်သည် ရှင်သန်နေသော်လည်း အတွင်း၌ စိတ်ဝိညာဥ်ကိန်းအောင်းနေခြင်း မရှိတော့ချေ။

ဤသည်က ခန္ဓာကိုယ်အတွင်း၌ ဗလာလင်းလင်းဖြစ်နေသော အခွံလွတ်ကြီးပင်။

လုယွီသည် သူ၏နတ်ဘုရားစိတ်အာရုံကို သိုလှောင်အိတ်အတွင်းမှ ရုတ်သိမ်းပြီးနောက် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သို့ ပြန်ခဲ့တော့သည်။

ဤအချိန်အခိုက်အတန့်တွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် ပြင်းထန်သောတိုက်ပွဲကြီးကို ရင်ဆိုင်ခဲ့ရသဖြင့် နေရာအနှံ့ အပျက်အစီးများဖြင့် ပြည့်နှက်နေသည်။

မဟာကွန်ဖြူးရှပ်ပညာရှင်ကိုးယောက် စီနီယာတပည့်၃၁ယောက်အပြင် တခြားတပည့်အမြောက်အများ သေဆုံးသွားခဲ့သည်။အပြင်းအထန်ဒဏ်ရာရရှိထားသော တပည့်များလည်း ရှိနေပေ၏။

ဤကပ်ဘေးကြီးအတွင်းတွင် ကျောင်းတော်အတွင်းရှိ ခန်းမများနှင့်အဆောက်အအုံအမြောက်အများလည်း ပျက်စီးသွားခဲ့သည်။ကျောင်းတော်၏မဟာအကာအကွယ်ဝင်္ကပါကြီးပင် ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးသွားသဖြင့် အချိန်အတော်ကြာယူ၍ ပြုပြင်ပြီးမှသာ ပြန်လည်အသုံးပြုနိုင်ပေမည်။

"လုယွီ ပြန်လာပြီ"

"လုရှီကို အရိုအသေပြုပါတယ်"

လုယွီ ပြန်ရောက်လာသည်ကို မြင်တွေ့ချိန်တွင် တပည့်အမြောက်အများ ရှေ့သို့တိုးလာကာ သူ့အား ကြိုဆိုနှုတ်ဆက်ကြသည်။

သူတို့သည် ကံကြမ္မာဆိုးမှနေ၍ ကံကြမ္မာကောင်းအဖြစ်သို့ ပြောင်းလဲနိုင်ခဲ့သော အကြောင်းအရင်းမှာ လုယွီသည် အရေးကြီးအချိန်အခိုက်အတန့်၌ ထွက်ပေါ်လာကာ အစိမ်းရောင်ကြာနတ်ဘုရားကို မောင်းထုတ်ခဲ့သောကြောင့်ပင်။

ဂျူနီယာတပည့်တချို့သည် လုယွီကို ရိုသေလေးစားသော အကြည့်မျိုးဖြင့် ကြည့်နေကြ၏။

လုယွီသည် ယခုကဲ့သို့ ငယ်ရွယ်သောအသက်ဖြင့်ပင် ကြီးမားသောအောင်မြင်မှုမျိုးကို ရရှိထားသည်။သူသည် တပည့်အမြောက်အများ၏စိတ်နှလုံးသားများအတွင်းတွင် စံပြပုဂ္ဂိုလ်ဖြစ်သွားလေပြီ။

"နင် အစိမ်းရောင်ကြာနတ်ဘုရားကို တကယ်ကြီးသတ်ခဲ့ပြီလို့တော့ ငါ့ကိုမပြောနဲ့"

ကျင်းမင်ခုံးက ရုတ်တရက် လုယွီထံသို့ အသံပေးပို့လေသည်။

လုယွီသည် သူမအား မည်သည့်အရာကိုမျှ ဖုံးကွယ်မထားတော့ချေ။သူသည် ကျင်းမင်ခုံးအား ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြောဆိုလိုက်၏။

"ဟူး...ဒီနှစ်တွေထဲမှာ အစိမ်းရောင်ကြာနတ်ဘုရားက မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေမှာ တော်တော်လေးအင်အားကြီးမားလာတာပဲ...အခု သူ့ရဲ့အမွေအနှစ်တွေ ဖျက်ဆီးခံရပြီးတော့ သူ သေဆုံးသွားရတာက သူ့ရဲ့ကံကြမ္မာပဲ...သူက နင် ခန့်မှန်းထားသလိုပဲ နတ်ဘုရားကုန်းမြေရဲ့တန်ပြန်တိုက်ခိုက်မှုကို ခံရပြီးတော့ အပြင်းအထန် ဒဏ်ရာရသွားခဲ့တယ်...ဖြစ်နိုင်တာတော့ နင်က နတ်ဘုရားကုန်းမြေထဲမှာ လှည့်စားမှုတစ်ခု လုပ်ထားတာများလား"

ကျင်းမင်ခုံးသည် သိချင်စိတ်ပြင်းပြနေမှုကြောင့် သူမ၏မျက်လုံးများ ပြူးကျယ်နေသည်။

လုယွီက ပြောဆိုသည်။

"စီနီယာ....စီနီယာက နတ်ဘုရားကုန်းမြေအနီးကို မချဥ်းကပ်တာ ပိုကောင်းလိမ့်မယ်...အဲ့ဒီနေရာမှာ နတ်ဆိုးစိတ်ဝိညာဥ်တစ်ကောင် ပုန်းအောင်းနေတယ်...သူတော်စင်ကပဲ သူ့ကို ဖိနှိပ်နိုင်လိမ့်မယ်"

အစိမ်းရောင်ကြာနတ်ဘုရားကို ဤမျှအဆင့်ထိ ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိစေသူမှာ လူကောင်းတစ်ယောက်မဖြစ်နိုင်ကြောင်း ကျင်းမင်ခုံးက တွေးတောထားမိပြီးဖြစ်သည်။

"ငါ နင့်အကြောင်းကို တဖြည်းဖြည်း ပိုပြီးသိချင်နေပြီ...ဒါနဲ့ နင်နဲ့ငါ တစ်နေရာရာမှာ တွေ့ဖူးလား"

ကျင်းမင်ခုံးက ရုတ်တရက် မေးမြန်းလိုက်၏။

Chapter 2683

လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိချေ။သူက တည်ငြိမ်စွာ ပြောဆိုသည်။

"စီနီယာက ရယ်စရာပြောနေပြန်ပြီ...ကျွန်တော်က အောက်ဘုံကနေ တက်လှမ်းလာတာ...ဘယ်လိုလုပ်ပြီး စီနီယာလိုပုဂ္ဂိုလ်မျိုးနဲ့ဆုံတွေ့ဖို့ ကျွန်တော်မှာ အခွင့်အရေးရှိမှာလဲ"

"အဲ့ဒီလိုလား...ငါနဲ့သိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့အရိပ်အယောင်တွေ မင်းဆီမှာ ငါ တွေ့နေတယ်"

ကျင်းမင်ခုံးသည် နက်နဲသိမ်မွေ့သောအကြည့်ဖြင့် လုယွီကို စူးစိုက်၍ကြည့်လိုက်၏။

ဤကဲ့သို့အကြည့်မျိုးဖြင့် အကြည့်ခံရချိန်တွင် လုယွီသည် စိတ်မသက်မသာဖြစ်နေသကဲ့သို့ ခံစားရသဖြင့် သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ နှုတ်ဆက်ကာ ထွက်ခွါခဲ့တော့သည်။

ကျင်းမင်ခုံးသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ တော်ဝင်ကိုယ်လုပ်တော်တစ်ယောက်ပင်။သူမသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်နှင့် အချိန်အတော်ကြာ နေထိုင်ခဲ့သူဖြစ်သည်။

လုယွီသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏စိတ်ဝိညာဥ်ကို အပြည့်အဝချေဖျက်ပြီးပြီဖြစ်သော်လည်း ကျန်းဖေးသည် သူ၏ဟာကွက်များကို ထွင်းဖောက်မြင်နိုင်ဆဲပင်။

မိန်းမသားများ၏ဆဋ္ဌမအာရုံသည် အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းပေ၏။

လုယွီ၏နောက်ကျောကိုကြည့်ရင်း ကျင်းမင်ခုံး၏မျက်နှာပေါ်၌ အထီးကျန်ဆန်သောအရိပ်အယောင်များ ထင်ဟပ်လာသည်။

"ဒါက ငါ ထင်ယောင်ထင်မှား ဖြစ်နေတာလား"

ကျင်းမင်ခုံးက ညည်းတွားလိုက်သည်။

ဟန်မြစ်အဆောင်...

လုယွီ ရောက်ရှိသွားချိန်တွင် ထျန်အာသည် နဂါးဆူးတောင်ဓားကိုကိုင်၍ တံခါးမကြီးရှေ့၌ တစ်ယောက်တည်းထိုင်နေသည်ကို တွေ့မြင်မိလေ၏။

သူမ၏အဖြူရောင်ဝတ်စုံပေါ်တွင် သွေးများစွန်းထင်းနေသည်။အစောပိုင်းက တိုက်ပွဲအတွင်းတွင် ထန်အာသည်လည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။

သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ သူမသည် ကျင့်ကြံမှုအခြေခံခိုင်မာသော စီနီယာတပည့်တစ်ယောက်ပင်။ထို့ပြင် သူမထံတွင် နဂါးဆူးတောင်ဓား၏ကူညီထောက်ပံမှုရှိနေသဖြင့် သူမအတွက် အသက်အန္တရာယ်မရှိခဲ့ချေ။

"လုယွီ....နင် ငါ့ရဲ့ဆရာသခင်ကိုတွေ့လား"

ထန်အာက စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသောအကြည့်ဖြင့် လုယွီကိုကြည့်ကာ မေးမြန်းသည်။

လုယွီက ထန်အာကိုတစ်ချက်ကြည့်ပြီး အမှန်အတိုင်းမပြောဆိုရန် ဆုံးဖြတ်လိုက်၏။

ထိုမိန်းကလေးသည် အစောပိုင်းကပင် တိုက်ပွဲကြီးတစ်ခုကို ရင်ဆိုင်တိုက်ခိုက်ခဲ့ရသဖြင့် ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာနှစ်ခုလုံး ပင်ပန်းနွမ်းနယ်နေလေပြီ။အကယ်၍ သူမသည် ထပ်မံ၍ ကြီးမားသောစိတ်ထိခိုက်မှုမျိုးနှင့် ကြုံတွေ့ရပါက သူမ တောင့်ခံနိုင်တော့မည်မဟုတ်ချေ။

"ငါကို နဂါးဆူးတောင်ဓား ခဏငှါးပါလား"

လုယွီက ပြောဆိုသည်။

ထန်အာသည် အကြောင်းအရင်းကိုမသိရှိသော်လည်း လုယွီသည် နဂါးဆူးတောင်ဓားကို ပြန်လည်ရှာဖွေပေးခဲ့သူဖြစ်သည်။ထို့ကြောင့် သူမသည် လုယွီကို အပြည့်အဝ ယုံကြည်ပေ၏။

နဂါးဆူးတောင်ဓားကို ယူပြီးနောက် လုယွီက သူ၏သိုလှောင်အိတ်အတွင်းသို့ ထည့်သွင်းလိုက်သည်။

"ကျွမ်းစစ်ဝေ...မင်းရဲ့မြေးက ဒီနေရာမှာပဲ"

လုယွီက ပြောဆိုသည်။

နဂါးဆူးတောင်ဓား အနည်းငယ်တုန်ခါသွားသည်။ထူထပ်သိပ်သည်းသော အဖြူရောင်အခိုးအငွေ့များက ထိုဓားမှနေ၍ ထွက်ပေါ်လာပေ၏။

ထိုအဖြူရောင်အခိုးအငွေ့များကြားမှနေ၍ အဖိုးအိုတစ်ယောက်၏ပုံရိပ်က ဖြည်းညှင်းစွာ မျောလွင့်လာသည်။ဤသည်က ပိုင်မင်ဘိုးဘေး၏ပုံရိပ်ပင်။

သူ၏ပုံရိပ်သည် အလွန်အမင်း ဝေဝါးနေသည်။သူသည် ယခုလက်ရှိချိန်၌ သရဲတစ္ဆေစိတ်ဝိညာဥ်အဆင့်သာဖြစ်ပြီး အသိစိတ်ကို ထိန်းသိမ်းထားနိုင်ရုံသာရှိသည်။

"ဒါက အစိမ်းရောင်ကြာနတ်ဘုရား လုပ်တာမလား...ငါ သူ့ရဲ့နည်းလမ်းတွေကို အာရုံခံမိတယ်"

ပိုင်မင်ဘိုးဘေး၏အသံက အလွန်အမင်း ဖျော့တော့နေသည်။

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

"မင်းရဲ့မြေးမက သေသွားပြီလေ...မင်းကိုကြည့်ရတာ နည်းနည်းလေးတောင် ဝမ်းနည်းပုံမပေါ်ဘူး"

"ငါက ဘာလို့ဝမ်းနည်းရမှာလဲ...နာမည်ကျော်ကြားတဲ့ မြေအောက်လောကတာအိုသခင်က ငါ့ရဲ့ဘေးမှာ ရှိနေတယ်လေ...ငါက ဒီလိုကိစ္စမျိုးကို ဘာလို့စိုးရိမ်ပူပန်နေရမှာလဲ...ငါ့မြေးမရဲ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အစိမ်းရောင်ကြာနတ်ဘုရားရဲ့အမှတ်အသားက ပိုင်ရှင်မရှိတော့ဘူး...ဒါက အဲ့ဒီဆိုးသွမ်းယုတ်မာတဲ့ အစိမ်းရောင်ကြာနတ်ဘုရား သေသွားပြီလို့ ဆိုလိုတာပဲ...ငါက ပျော်တောင်ပျော်နေသေးတယ်"

ပိုင်မင်ဘိုးဘေးက အပြုံးနှင့် ပြောဆိုသည်။

ထိုသို့ပြောဆိုနေသော်လည်း ပိုင်မင်ဘိုးဘေး၏မျက်လုံးအကြည့်သည် ပိုင်မင်ဟန်ပေါ်တွင်သာ စူးစိုက်၍ကျရောက်နေကာ သူ၏လက်သီးကို မသိမသာဆုပ်ထားသည်။

ယခုလက်ရှိချိန်တွင် ပိုင်မင်ဟန်ကို ဖုတ်ကောင်တစ်ကောင်ဟုသာ ယူဆနိုင်ပေ၏။

မည်သူမည်ဝါဖြစ်နေပါစေ သူတို့ ချစ်မြတ်နိုးရသူတစ်ယောက်ကို ဤကဲ့သို့ပုံစံမျိုးဖြင့် မြင်တွေ့လိုကြမည်မဟုတ်ချေ။

"အပေးအယူအကြောင်း ပြောကြစို့"

ပိုင်မင်ဘိုးဘေးက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။

လုယွီက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဗြောင်ကျကျပြောဆိုသည်။

"ငါက အစိမ်းရောင်ကြာနတ်ဘုရားရဲ့အကြွင်းအကျန်နယ်မြေတစ်ခုလုံးကို ရှာပြီးပြီ...ဒါပေမယ့် ဘာအရိပ်အယောင်မှ မတွေ့ခဲ့ဘူး...ကျွမ်းစစ်ဝေ မင်းက သူတော်စင်ကျွမ်းရဲ့မျိုးဆက်ဖြစ်နေတာကြောင့် သူ့ရဲ့ကျမ်းစာအကြောင်းကိုသိမှာပဲ...သူတော်စင်ကျွမ်းရဲ့ကျမ်းစာနှစ်ခု မင်း ငါ့ကို သင်ပေးရမယ်...ပြီးတော့ မင်းက သူတော်စင်ကျွမ်းရဲ့မှော်မန္တန်ကိုရွတ်ဆိုပြီးတော့ ငါ့ကို ဥာဏ်အလင်းဖွင့်ပေးဖို့လိုအပ်တယ်...ဒါဆိုရင် ငါ သူ့ရဲ့အသက်ကို ကယ်တင်ပေးမယ်"

"ဒီနေရာမှာ မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေရဲ့ ပြန်လည်မွေးဖွားခြင်းသံသရာစက်ဝန်းရှိနေပေမယ့် အတုအယောင်လမ်းကြောင်းတစ်ခုပဲ...ဒီနေရာရဲ့ မြေအောက်လောကမှာရှိတဲ့စွမ်းအားတွေက အားမကောင်းဘူး....မင်းရဲ့မြေးမက အချိန်သုံးရက်ထက်ကျော်သွားတာနဲ့ တကယ်သေသွားလိမ့်မယ်...တကယ်လို့ ငါ အခုချက်ချင်း သူ့ကိုကယ်နိုင်မယ်ဆိုရင်တော့ သူ အသက်ပြန်ရှင်လာနိုင်တယ်...ဘယ်လိုရွေးချယ်မလဲဆိုတာကတော့ မင်းရဲ့ရွေးချယ်မှုပေါ် မူတည်တယ်"

Chapter 2684

တစ်စုံတစ်ယောက်ကို အသက်ပြန်သွင်းခြင်းသည် အလွန်အမင်းအံသြဖွယ်ဖြစ်ရပ်ပင်။

အကယ်၍ လုယွီ လောကီအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်တွင် ရှိနေစဥ်ကသာ ဤကိစ္စဖြစ်ပွါးခဲ့ပါက သူ စွမ်းဆောင်နိုင်မည်မဟုတ်ချေ။

အကြောင်းအရင်းမှာ သူသည် ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးတွင် နက်နဲသိမ်မွေ့ဆုံးဥပဒေသဖြစ်သည့် ပြန်လည်ဝင်စားခြင်းဥပဒေသကို ထိတွေ့ရမည်ဖြစ်သောကြောင့်ပင်။

အတိတ်တွင် လုယွီအောက်ဘုံ၌ ရှိနေစဥ်အချိန်က သူသည် စိတ်ဝိညာဥ်၏စွမ်းအားကိုအသုံးပြု၍ တစ်စုံတစ်ယောက်၏သေဆုံးခြင်းကို နှောင့်နှေးစေခဲ့သည်။သို့ရာတွင် ဤသည်က သေဆုံးရန်အချိန်ကို နှောင့်နှေးစေရုံသက်သက်ပင်။ထိုလူသည် သေဆုံးရမည်ဖြစ်သော ကံကြမ္မာမှ ရှောင်လွှဲနိုင်မည်မဟုတ်ချေ။

သေလူတစ်ယောက်ကို ပြန်လည်အသက်သွင်းလိုသူသည် ပြန်လည်ဝင်စားခြင်းဥပဒေသကို အလွန်နက်ရှိုင်းစွာ နားလည်သဘောပေါက်ထားရန်လိုအပ်သည်။

ယခုလက်ရှိအချိန်တွင် လုယွီသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည့်အပြင် ရှေးဟောင်းအစစ်အမှန်အင်မော်တယ်တစ်ယောက်ဖြစ်ကာ နှောင်းပိုင်းမျိုးဆက်များမှ အတုအယောင်အင်မော်တယ်များနှင့် မတူညီချေ။

ထို့ပြင် ပိုင်မင်ဟန်၏ရုပ်ခန္ဓာကိုယ်သည် အကောင်းပကတိရှိနေကာ သူမ သေဆုံးသည်မှာလည်း အချိန်ကြာမြင့်ခြင်းမရှိသေးပေ။သူမအား ပြန်လည်အသက်သွင်းရန်မှာ မဖြစ်နိုင်သောကိစ္စမဟုတ်ချေ။

"မှော်မန္တန်နဲ့ ဥာဏ်အလင်းဖွင့်ပေးရမှာလား"

ဤအချိန်အခိုက်အတန့်တွင် ပိုင်မင်ဘိုးဘေးသည် စိတ်အတွင်းမှနေ၍ ချီတုံချတုံ ဖြစ်နေလေ၏။

ဤမှော်မန္တန်သည် အလွန်အရေးကြီးသောအရာပင်။ဤသည်က သူတော်စင်များမှနေ၍ သူတို့၏မျိုးဆက်များကို ပေးသနားခဲ့သော မြင့်မြတ်သည့်စကားစုဖြစ်ကာ အကြိမ်ရေအနည်းငယ်သာ အသုံးပြုနိုင်သည်။

ထိုမှော်မန္တန်ကို တစ်ကြိမ်အသုံးပြုလိုက်သည်နှင့် သူတော်စင်ချန်ထားခဲ့သော စိတ်ဆန္ဒထွက်ပေါ်လာပေမည်။ထိုအရာသည် တစ်စုံတစ်ယောက်ကို ဥာဏ်အလင်းဖွင့်ပေးနိုင်ရုံသာမက ထောင်နှင့်ချီသောရန်သူများကို ဖျက်ဆီးနိုင်စွမ်းရှိသည်။

ဤသည်က သူတော်စင်မိသားစုများအတွက် အရေးကြီးသော အခြေခံအုတ်မြစ်ဟု ဆိုနိုင်ပေ၏။

လုယွီသည် ပိုင်မင်ဘိုးဘေးကို အလျင်စလို တိုက်တွန်းခြင်းမပြုဘဲ တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းလိုက်သည်။အကယ်၍ ပိုင်မင်ဘိုးဘေးနှင့်သူသည် သိဟောင်းကျွမ်းဟောင်းများသာမဟုတ်ပါက ဤကိစ္စကို သူ ကူညီပေးမည်မဟုတ်ချေ။

တစ်စုံတစ်ယောက်၏စိတ်ဝိညာဥ်ကို မြေအောက်လောကမှ ပြန်ခေါ်ခြင်းသည် ပြန်လည်ဝင်စားခြင်းသံသရာစက်ဝန်းကို အတင်းအကြပ်နှောက်ယှက်ခြင်းပင်။ဤသည်က သူ အတိုင်းအတာတစ်ခုထိ စွန့်စားရပေမည်။လုယွီသည် ဤကဲ့သို့အန္တရာယ်များသောကိစ္စမျိုးကို အကျိုးအမြတ်မရဘဲ မလုပ်ဆောင်နိုင်ချေ။

ပိုင်မင်ဘိုးဘေးသည် အချိန်အတော်ကြာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိပေ။အဆုံးသတ်၌ သူက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။

"ငါ မင်းတောင်းဆိုတာတွေ အကုန်ပေးမယ်...ငါ့မြေးမရဲ့ကိစ္စကိုတော့ မင်းပဲ တာဝန်ယူလိုက်တော့"

"ကောင်းပြီလေ...အဲ့ဒီကျမ်းစာတွေအကြောင်းကို နောက်မှပြောကြတာပေါ့...ငါ မင်းရဲ့မြေးမကို အရင်ဆုံးကယ်တင်ပေးမယ်"

အပြုသဘောဆောင်သောအဖြေကို ရရှိပြီးနောက် လုယွီသည် တုံ့ဆိုင်းမနေတော့ချေ။သူသည် နတ်ဘုရားစိတ်အာရုံကို သိုလှောင်အိတ်အတွင်းမှပြန်ရုတ်သိမ်းပြီးနောက် သူ၏လက်အတွင်းမှနေ၍ ထူထပ်သိပ်သည်းသော အနက်ရောင်အခိုးအငွေ့များ ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာသည်။

ထိုမှော်စွမ်းအားများသည် ရုတ်တရက် မြင့်တက်သွားကာ လုယွီ၏ရှေ့တွင် လေဟာနယ်အက်ကွဲကြောင်းကြီးအဖြစ် ဖွဲ့စည်းသွားသည်။

ထိုအက်ကွဲကြောင်း၏နောက်တွင် အဆုံးမရှိသော အမှောင်ထုကြီး ရှိနေလေ၏။ထိုနေရာမှနေ၍ ယင်ချီလှိုင်းများက အဆက်မပြတ်ထွက်ပေါ်နေကာ စူးရှနာကျင်စွာ အော်ဟစ်နေသော အသံများကိုလည်း ခပ်သဲ့သဲ့ကြားနေရသည်။

"လေဟာနယ်အက်ကွဲကြောင်းလား...နင် ဘယ်ကိုသွားမလို့လဲ"

လုယွီ၏လှုပ်ရှားမှုကို မြင်တွေ့ချိန်၌ ထန်အာ အလွန်အံ့အားသင့်သွားသည်။သူသည် လက်တစ်ဖက်တည်းဖြင့် လေဟာနယ်အက်ကွဲကြောင်းတစ်ခုဖြစ်အောင် ကွဲအက်စေခဲ့လေ၏။

သို့ရာတွင် သူမသည် လေဟာနယ်အက်ကွဲကြောင်းအတွင်းမှ ကမ္ဘာလောကကို တစ်ချက်ကြည့်မိလိုက်ချိန်တွင် မူးဝေသွားခဲ့သည်။သူမသည် ကူကယ်ရာမဲ့စွာ ထိတ်လန့်ကြောက်ရွံမှုကို ခံစားလိုက်ရသည်။

လေဟာနယ်အက်ကွဲကြောင်းအတွင်းရှိ ကမ္ဘာလောကသည် ပြင်ပကမ္ဘာလောကနှင့် အပြည့်အဝကွဲပြားခြားနားနေကာ နတ်ဆိုးအငွေ့အသက်များ သတ်ဖြတ်လိုခြင်းအရှိန်အဝါများနှင့် ပြည့်နှက်နေသည်။

လုယွီက ပြောဆိုသည်။

"ဒီအကြောင်းကို နောက်မှပြောကြရအောင်...အရင်ဆုံး မင်း အပြင်မှာ စောင့်နေအုံး"

ထိုစကားဆုံးသည်နှင့် လုယွီသည် လေဟာနယ်အက်ကွဲကြောင်းအတွင်းသို့ တိုးဝင်သွားတော့သည်။

ဤသည်က ပြင်ပကမ္ဘာလောကတွင် ငရဲဟုလူသိများသော နေရာပင်။

လုယွီသည် ပတ်ဝန်းကျင်ရှိ ပြန်လည်ဝင်စားခြင်းဥပဒေသကိုအာရုံခံကာ ငရဲနယ်မြေ၏တည်နေရာကို ထွင်းဖောက်မြင်နိုင်သည်နှင့် အားနည်းချက်ကိုရှာဖွေ၍ လေဟာနယ်ကိုဆုတ်ဖြဲကာ အတွင်းသို့ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

ငရဲနယ်မြေအတွင်း၌ မည်သည့်နေအလင်းရောင်မျှ မရှိချေ။ဤနေရာတစ်ခုလုံးတွင် အေးစက်စက် ယင်ချီအငွေ့အသက်များဖြင့်သာ ပြည့်နှက်နေပေ၏။

"တစ်ယောက်ယောက်က အောက်ကိုဆင်းလာနေတယ်"

"သူက ရုပ်ခန္ဓာကိုယ်နဲ့ ငရဲနယ်မြေထဲကို ဆင်းလာဝံ့တယ်...သူက အသက်မရှင်ချင်တော့တာများလား"

"တော်တော်အရသာရှိမယ့် အသွေးအသားတွေပဲ...ငါ ထပ်ပြီးတောင့်မခံနိုင်တော့ဘူး...သူ့ကိုဖမ်းပြီး သူ့ရဲ့အသွေးအသားတွေကို ဝါးမြိုမယ်"

အနက်ရောင်ပုံရိပ်တချို့က ပတ်ဝန်းကျင်၌ ထွက်ပေါ်လာသည်။သူတို့၏မျက်လုံးများအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေကာ လုယွီကို ဝိုင်းရံလိုက်ကြ၏။

ဤသည်က ငရဲတွင် အချိန်အတော်ကြာ နေထိုင်ခဲ့သော သရဲတစ္ဆေစိတ်ဝိညာဥ်များပင်။သူတို့သည် အသက်ရှင်စဥ်အတွင်း၌ ကျူးလွန်ခဲ့သောပြစ်မှုများကြောင့် ပြန်လည်ဝင်စားခွင့် မရသေးချေ။ထို့ကြောင့် သူတို့သည် ငရဲနယ်မြေအတွင်း၌သာ လှည့်လည်သွားလာနေကြပြီး ပြန်လည်ဝင်စားနိုင်ရန် အခွင့်အရေးကို စောင့်ဆိုင်းနေကြသည်။

အချိန်ကြာလာသည်နှင့်အမျှ ငရဲနယ်မြေ ပတ်ဝန်းကျင်အခြေအနေများ၏ လွှမ်းမိုးမှုကြောင့် ထိုသရဲတစ္ဆေစိတ်ဝိညာဥ်များသည် ရက်စက်ကြမ်းကြုတ်လာကာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများလည်း ပြင်းထန်လာသည်။

Chapter 2685

"ငါ ထပ်ပြီးတောင့်မခံနိုင်တော့ဘူး...ငါ သူ့ရဲ့အသွေးအသားကို ဝါးမြိုတော့မယ်"

နောက်ဆုံး၌ သရဲတစ္ဆေတချို့သည် သက်ရှိလူသားတစ်ယောက်၏အငွေ့အသက်မှ သွေးဆောင်ဖြားယောင်းမှုကို တောင့်မခံနိုင်တော့သဖြင့် လုယွီထံသို့ ပျားများအလား တိုးဝင်လာကြ၏။

ထိုသရဲတစ္ဆေများလှုပ်ရှားသည်ကို မြင်ချိန်တွင် တခြားသရဲတစ္ဆေများကလည်း သူတို့၏စိတ်နှလုံးသားများအတွင်းမှ တားဆီးနေမှုကို ဘေးဖယ်၍ လုယွီထံသို့ ပြေးဝင်လာကြတော့သည်။

ငရဲနယ်မြေသို့ သက်ရှိတစ်ယောက်ဝင်လာသည်မှာ ဆာလောင်နေသော ဝံပုလွေအုပ်အတွင်းသို့ အသားစိမ်းများ ပစ်ချလိုက်သကဲ့သို့ပင်။

"မင်းတို့အားလုံး...ထွက်သွားကြစမ်း"

လုယွီ၏မျက်လုံးများ ပြူးကျယ်နေကာ သူက ဒေါသတကြီး အော်ငေါက်လိုက်၏။အထက်ကိုးကောင်းကင်ဘုံမှလာသော မိုးကြိုးပစ်သံနှင့် တူညီသော နဂါးဟိန်းသံက ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို ရိုက်ခတ်မိသွားသည်။

မြောက်မြားစွာသောသရဲတစ္ဆေများသည် ထိုနဂါးဟိန်းသံ၏အောက်တွင် အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

လုယွီနှင့် အတန်ငယ်ဝေးကွာသော နေရာတွင်ရှိနေသည့် သရဲတစ္ဆေများပင်လျှင် သူတို့၏ခန္ဓာကိုယ်များပေါ်သို့ ခြစ်ခြစ်တောက်ပူပြင်းသော နေရောင်ခြည် ကျရောက်လာသကဲ့သို့ ခံစားလိုက်ရ၏။ရုတ်ချည်းဆိုသလိုပင် သူတို့၏ခန္ဓာကိုယ်များပေါ်မှ ယင်ချီများ အငွေ့ပြန်သွားကာ သူတို့သည် သေလုမျောပါးအခြေအနေမျိုးသို့ ရောက်ရှိသွားလေပြီ။

"အား...ငါ သေတော့မှာပဲ...ငါ သေတော့မယ်"

မြောက်မြားစွာသော သရဲတစ္ဆေများသည် နာကျင်မှုကြောင့် လူးလိမ့်နေကာ သူတို့၏ခန္ဓာကိုယ်များမှ ယင်ချီများ အဆက်မပြတ်အငွေ့ပြန်နေသည်။

ဤမြင်ကွင်းသည် တခြားသရဲတစ္ဆေများကို ထိတ်လန့်ကြောက်ရွံသွားစေသည်။

သူတို့သည် လုယွီကို မလှမ်းမကမ်းမှ ဝိုင်းရံလိုက်ကြ၏။သူတို့သည် လုယွီအနီးသို့ မချဥ်းကပ်ဝံ့သည့်အပြင် ထွက်သွားရန်ကိုလည်း မလိုလားကြချေ။

"သက်ရှိလူသား...ဒီနေရာက မင်း မဆင်မခြင်လုပ်လို့ရတဲ့ နေရာမျိုးမဟုတ်ဘူး..."

အေးစက်မှုံမှိုင်းသော အသံတစ်သံက သရဲတစ္ဆေများ၏နောက်မှ ထွက်ပေါ်လာသည်။

လုယွီက ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ကာ အေးစက်စက်နှာတစ်ချက်မှုတ်လိုက်သည်။

"ဟမ့်...ခေါင်းဖွက်ပြီး အမြှီးကိုပြမနေစမ်းနဲ့...ထွက်လာခဲ့စမ်း"

ရှေးဟောင်းသိုင်းပညာနည်းစနစ်...နဂါးဖမ်းလက်

အနက်ရောင်လက်သည်းပုံရိပ်ယောင်ကြီးသည် မြောက်မြားစွာသော သရဲတစ္ဆေများကိုဖြတ်ကျော်ကာ အစောပိုင်းက စကားပြောဆိုလိုက်သူကို ဖမ်းဆီးလိုက်၏။

ဘုန်း...

တစ်ဖက်လူ၏ကြီးမားသော ခန္ဓာကိုယ်ကြီး မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။ဤသည်က မြင်းမျက်နှာရှိသော တစ္ဆေစစ်ဗိုလ်ချုပ်တစ်ယောက်ပင်။

"မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ကို ဖမ်းဝံ့တာလဲ...ငါ မင်းကို ပြောလိုက်မယ်...မင်း ဘယ်သူပဲဖြစ်ဖြစ်...တကယ်လို့ ငရဲနယ်မြေမှာ ပြဿနာလာရှာရင် မင်း မြှုပ်နှံစရာမြေမရှိဘဲ သေရလိမ့်မယ်"

မြင်းမျက်နှာတစ္ဆေစစ်ဗိုလ်ချုပ်သည် အရိုးဖြူသံချပ်ကာကို ဝတ်ဆင်ထားသည်။သူ့ထံတွင် ရက်စက်ကြမ်းကြုတ်သော မျက်နှာအမူအယာမျိုးရှိနေကာ ယင်ချီများကို အဆက်မပြတ်ထုတ်လွှတ်၍ လုယွီ၏နဂါးဖမ်းလက်မှ ရုန်းထွက်နိုင်ရန် ကြိုးပမ်းနေသည်။

သို့ရာတွင် လုယွီ၏ခွန်အားသည် သူ့ထက် အဆများစွာ သန်မာအားကောင်းလေ၏။နဂါးဖမ်းလက်သည် သူ့အား မြဲမြံစွာဖမ်းချုပ်ထားကာ သူ့အား အနည်းငယ်မျှပင် လှုပ်ရှား၍မရအောင် ဖိနှိပ်ထားသည်။

"အားကုန်ခံပြီး ရုန်းမနေစမ်းနဲ့...ငါ ဒီနေရာကိုလာတာ တစ်ယောက်ယောက်ကိုရှာပြီးခေါ်သွားဖို့ပဲ...တကယ်လို့ မင်းရဲ့စိတ်ဝိညာဥ် ကြေမွှပျက်စီးမသွားစေချင်ဘူးဆိုရင် ငြိမ်ငြိမ်နေစမ်း"

လုယွီသည် မြင်းမျက်နှာတစ္ဆေစစ်ဗိုလ်ချုပ်ကို ထပ်မံ၍ ဖမ်းဆုပ်လိုက်သည်။

အောက်ဘုံအတွင်းတွင် လုယွီသည် သူ၏ကိုယ်ပိုင်ခွန်အားကို အကုန်အစင်အသုံးပြုကာ ဤကဲ့သို့တစ္ဆေစစ်ဗိုလ်ချုပ်တစ်ကောင်ကို သတ်ဖြတ်ခဲ့ဖူးလေ၏။

သို့ရာတွင် ယခုလက်ရှိချိန်တွင် တစ္ဆေစစ်ဗိုလ်ချုပ်တစ်ယောက်၏ခွန်အားသည် လုယွီအတွက် မပြောပလောက်တော့ချေ။

မြင်းမျက်နှာတစ္ဆေစစ်ဗိုလ်ချုပ်က အချိန်အတော်ကြာ ရုန်းကန်နေခဲ့သည်။နောက်ဆုံးတွင် သူက လုယွီသည် သူ ရင်ဆိုင်၍မရသော တည်ရှိမှုကြီးဖြစ်ကြောင်း သိရှိသွားလေပြီ။သူက အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။

"မင်းက အတင်းအကြပ် ကျူးကျော်ဝင်လာပြီးတော့ သရဲတစ္ဆေစိတ်ဝိညာဥ်တစ်ကောင်ကိုလည်း ခေါ်သွားချင်သေးတယ်...ပြန်လည်ဝင်စားခြင်းသံသရာစက်ဝန်းကို နှောက်ယှက်တဲ့အတွက် မင်း တန်ပြန်ဆိုးကျိုးကို ခံစားရလိမ့်မယ်"

"ဒါက မင်းနဲ့မဆိုင်ဘူး...ငရဲနယ်မြေရဲ့အုပ်ချုပ်သူ ဘယ်မှာလဲ"

ဤနေရာသည် ငရဲနယ်မြေ၏အစွန်အဖျားနေရာ ဖြစ်ပုံရသည်။မည်သည့်အစွမ်းထက်သရဲတစ္ဆေမျှ ဤနေရာအနီးတစ်ဝိုက်တွင် ရှိမနေချေ။

"တကယ်လို့ ငါ မင်းကို ပြောပြမယ်ဆိုရင်...မင်း ငါ့ကို လွှတ်ပေးမှာလား"

မြင်းမျက်နှာတစ္ဆေစစ်ဗိုလ်ချုပ်က ပြောဆိုသည်။

လုယွီက တည်ငြိမ်စွာ တုံ့ပြန်ပြောဆိုလေ၏။

"ငါ ဒီနေရာကိုရောက်လာတာ လူလာရှာရုံသက်သက်ပဲ...ငါ သတ်ဖြတ်တာတွေကို အများကြီးမလုပ်ချင်ဘူး...အဲ့ဒီနေရာဆီ ငါ့ကို ခေါ်သွားစမ်း"

မြင်းမျက်နှာတစ္ဆေစစ်ဗိုလ်ချုပ်၏မျက်နှာပေါ်တွင် ရုန်းကန်လိုသော အရိပ်အယောင်များ ထင်ဟပ်နေဆဲဖြစ်သော်လည်း လုယွီ၏အစွမ်းထက်သော ဖိအားအရှိန်အဝါကြောင့် နောက်ဆုံးတွင် သူက ခေါင်းညိတ်ပြကာ သဘောတူညီလိုက်သည်။

လုယွီ၏လှုပ်ရှားမှုကိုကြည့်ပြီး ပတ်ဝန်းကျင်ရှိသရဲတစ္ဆေများအားလုံး အဝေးသို့ ထွက်ပြေးတိမ်းရှောင်သွားကြတော့သည်။

အလွန်လျှင်မြန်စွာဖြင့်ပင် မြင်းမျက်နှာစစ်ဗိုလ်ချုပ်သည် လုယွီကို မြို့တစ်မြို့ထံသို့ ခေါ်ဆောင်သွားလေ၏။

အောက်ဘုံရှိငရဲနယ်မြေနှင့် နှိုင်းယှဥ်ပါက ဤနေရာရှိငရဲနယ်မြေမှာ ပို၍ပြီးပြည့်စုံသည်။မြို့တိုင်းကို အဝါရောင်စမ်းချောင်းမြစ်က ဝိုင်းရံထားပြီး အဆက်မပြတ်စီးဆင်းနေကာ မည်သည့်နေရာသို့ စီးဆင်းသွားကြောင်း မည်သူမျှမသိနိုင်ချေ။

ဤနေရာရှိ မြို့တိုင်း၏အထက်တွင် မရေမတွက်နိုင်သော သံကြိုးကြီးများရှိနေကာ အဝါရောင်စက္ကူများကို ထိုအရာများပေါ်၌ ကပ်ထားသည်။မြို့အတွင်းရှိ သရဲတစ္ဆေများကို ဖိနှိပ်နိုင်ရန်အတွက် ထိုအဝါရောင်စက္ကူများပေါ်တွင် သင်္ကေတအက္ခရာများကို ဟင်္သာပြဒါးဖြင့် ရေးဆွဲထားလေ၏။

မြို့အတွင်း၌ စည်ကားနေသောစျေးဆိုင်များနှင့်အဆောက်အအုံများ အတန်းလိုက်ရှိကာ စျေးတန်းကြီးတစ်ခုအလား နေရာချထားသည်။

ဤမြို့အတွင်း၌ နေထိုင်သော သရဲတစ္ဆေများသည် အသက်ရှင်သန်နေကြသူများကဲ့သို့ပင်။

ယန်တွင် ဘဝသက်တမ်းရှိ၍ ယင်တွင်လည်း ဘဝသက်တမ်းရှိသည်။

ထိုသရဲတစ္ဆေများသည် သေဆုံးပြီးနောက် ပြန်လည်ဝင်စားခြင်း မပြုနိုင်သေးသရွေ့ ဤမြို့များအတွင်း၌သာ နေထိုင်ကြရ၏။

Thank For Reading.

All Chapters