အခန်း (၂၆၈၆-၂၆၉၀)
Vol. 138 Ch. 2686-2690
Chapter 2686
လုယွီကဲ့သို့ သက်ရှိလူသားတစ်ယောက်ထွက်ပေါ်လာမှုသည် သရဲတစ္ဆေများအားလုံး၏စိတ်အာရုံကို ဆွဲဆောင်သွားနိုင်ခဲ့သည်။
"မင်းတို့က ဘာကြည့်နေကြတာလဲ...ဒီနေရာက ထွက်သွားကြစမ်း"
မြင်းမျက်နှာတစ္ဆေစစ်ဗိုလ်ချုပ်က နားအူလုမတတ်အသံကြီးနှင့် ကျယ်လောင်စွာ အော်ငေါက်လိုက်၏။
သူသည် ဤမြို့အတွင်း၌ အတော်အသင့်ကြီးမားသောအခွင့်အာဏာရှိပုံရသည်။သူ အော်ငေါက်လိုက်သည်နှင့် သရဲတစ္ဆေများသည် လုယွီကို မကြည့်ဝံ့ကြတော့ချေ။
ပြင်ပကမ္ဘာရှိ လေလွင့်ယင်ဝိညာဥ်များနှင့် နှိုင်းယှဥ်ပါက ဤနေရာရှိ သရဲတစ္ဆေများတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ ပို၍နည်းပါးသည်။
"ရှေ့မှာရှိတဲ့ခန်းမက စိတ်ဝိညာဥ်တွေတည်ရှိတဲ့ နေရာမှန်သမျှကို မှတ်တမ်းတင်ထားတဲ့ မှော်ရတနာရှိတဲ့နေရာပဲ...ငါ မင်းကို အဲ့ဒီနေရာဆီ ခေါ်သွားပေးမယ်...မင်းရှာနေတဲ့သူ ငရဲကို ရောက်လာသရွေ့ အဲ့ဒီနေရာမှာ မှတ်တမ်းတင်ထားမှာသေချာတယ်"
မြင်းမျက်နှာတစ္ဆေစစ်ဗိုလ်ချုပ်က လုယွီကို ပင်မခန်းမထံ ခေါ်ဆောင်သွားခဲ့သည်။
ပင်မခန်းမသည် မြို့၏အလယ်ဗဟို၌ တည်ရှိလေ၏။ဤနေရာပတ်ဝန်းကျင်တွင် မည်သည့်သရဲတစ္ဆေမျှ ရှိမနေချေ။အကယ်၍ သရဲတစ္ဆေတချို့သည် ဤနေရာအနီးသို့ ချဥ်းကပ်မိပါက သူတို့သည် တားမြစ်နယ်မြေတစ်ခုအတွင်းသို့ ဝင်ရောက်မိသည့်အလား အလျှင်အမြန်ကွေကွင်းသွားကြသည်။
"အဲ့ဒီနေရာမှာ ရပ်လိုက်စမ်း"
တခြား တစ္ဆေစစ်ဗိုလ်ချုပ်နှစ်ယောက်က ပင်မခန်းမအတွင်းမှ ထွက်လာသည်။သူတို့နှစ်ယောက်လုံးသည် သားရဲခေါင်းနှင့်လူသားခန္ဓာကိုယ်ရှိကာ သူတို့၏အရွယ်အစားသည် ကြီးမားပေ၏။
"မြင်းမျက်နှာ...မင်း ဘာလို့ ပြင်ပလောကက သက်ရှိလူသားတစ်ယောက်ကို ခေါ်လာတာလဲ...မင်းက ဒီနေရာကို ခိုးဝင်ချင်နေတာများလား"
ထိုတစ္ဆေစစ်ဗိုလ်ချုပ်နှစ်ယောက်အနက်မှတစ်ယောက်က လုယွီကိုဖမ်းဆုပ်ရန်ရည်ရွယ်၍ သူ၏လက်ကို ဆန့်တန်းလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် ကြီးကျယ်ခမ်းနားသော အရှိန်အဝါတစ်ရပ်က လုယွီ၏ခန္ဓာကိုယ်မှ ပွင့်အံထွက်လာသည်။
"သူက အင်မော်တယ်တစ်ယောက်ပဲ...သူ့ရဲ့ခွန်အားကလည်း အားမနည်းဘူး...ဘယ်လောက်တောင် သန့်စင်တဲ့ ယန်ချီတွေနဲ့...အနည်းဆုံးတော့ သူက ရွှယ်အင်မော်တယ်တစ်ယောက်ပဲ"
တစ္ဆေစစ်ဗိုလ်ချုပ်နှစ်ယောက်သည် မြေပြင်ပေါ်သို့ ပြိုလဲကျသွားကာ သူတို့၏မျက်နှာများ ဖြူရော်နေသည်။
မြင်းမျက်နှာတစ္ဆေစစ်ဗိုလ်ချုပ်က ပျာပျာသလဲ ပြောဆိုသည်။
"ဒီစီနီယာက တစ်ယောက်ယောက်ကိုရှာဖို့ ငရဲကိုရောက်လာတာပဲ...သူက အဲ့ဒီလူကိုခေါ်ပြီးတာနဲ့ ထွက်သွားလိမ့်မယ်...ငါတို့က သူ့ကို ဟန့်တားဖို့မလိုဘူး"
တစ္ဆေစစ်ဗိုလ်ချုပ်နှစ်ယောက်သည် အလွန်အမင်း တုန်လှုပ်ချောက်ချားနေကြ၏။ဤအချိန်အခိုက်အတန့်တွင် သူတို့၏အသက်ကို သူတို့မပိုင်ဆိုင်တော့သကဲ့သို့ ခံစားနေရသည်။
မြင်းမျက်နှာတစ္ဆေစစ်ဗိုလ်ချုပ်၏စကားကိုကြားချိန်တွင် ထိုတစ္ဆေစစ်ဗိုလ်ချုပ်နှစ်ယောက်သည် လုယွီကို ထပ်မံ၍မဟန့်တားကြတော့ချေ။
အစွမ်းထက်သောပုဂ္ဂိုလ်များ ငရဲသို့ဆင်းလာကာ သူတို့အလိုရှိသော စိတ်ဝိညာဥ်ကို ယူဆောင်သွားခြင်းသည် အစဥ်အလာတစ်ရပ်ပင်။
မြင်းမျက်နှာက လုယွီကို ပင်မခန်းမအတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။
"မင်းရဲ့ကံက မဆိုးဘူး...ဒီနေ့က ငါတို့ရဲ့စီရင်စုသခင် လက်ထပ်မယ့်နေ့ပဲ...မဟုတ်ရင် မင်း ပင်မခန်းမထဲကို အလွယ်တကူဝင်ခွင့်ရမှာမဟုတ်ဘူး"
မြင်းမျက်နှာက သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
ပင်မခန်းမ၏အလယ်ဗဟိုတွင် ကြီးကျယ်ခမ်းနားသော နတ်ဘုရားရုပ်ထုတစ်ခုရှိနေသည်။ထိုနတ်ဘုရားရုပ်ထုကြီးသည် ခေါင်းမော့၍ မတ်တတ်ရပ်နေကာ ထိုအရာမှမျက်လုံးအကြည့်သည် မြင့်မြတ်ပြီး ကြီးကျယ်ခမ်းနားသည်။ထိုနတ်ဘုရားရုပ်ထုသည် အလွန်အသက်ဝင်လှရာ မည်သူကမျှ စေ့စေ့မကြည့်ဝံ့ချေ။
ဤသည်က မြေအောက်လောကနတ်ဘုရား၏ရုပ်ထုပင်။
မည်သည့်ကမ္ဘာလောကတွင် ဖြစ်နေပါစေ ငရဲအတွင်း၌ မြေအောက်လောကနတ်ဘုရားရုပ်ထုကြီးရှိသည်။
အားပျော့သောလေစီးကြောင်းတစ်ကြောင်းက မြေအောက်လောကနတ်ဘုရားရုပ်ထုကြီးမှ ထွက်ပေါ်လာကာ လုယွီ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်။ဤသည်က အမွှေးနံသာပူဇော်ခြင်း၏စွမ်းအားပင်။ငရဲနယ်မြေအတွင်းရှိ မြို့များအားလုံးမှ မြေအောက်လောကနတ်ဘုရားကို အမွှေးနံသာဖြင့် ပူဇော်မှုများအားလုံး လုယွီ၏ပိုင်ဆိုင်မှုဖြစ်ပေ၏။
အကြောင်းအရင်းမှာ လုယွီသည် မြေအောက်လောကနတ်ဘုရား ဖြစ်နေသောကြောင့်ပင်။
အမွှေးနံသာစွမ်းအားများသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာပြီးနောက် ချက်ချင်းဆိုသလိုပင် မှော်စွမ်းအားများအဖြစ်သို့ ပြောင်းလဲသွားကာ သူ၏မိုးကောင်းကင်လှိုဏ်ဂူအတွင်းသို့ ပေါင်းစပ်သွားသည်။
လုယွီ၏ခန္ဓာကိုယ်ရှိ အရိုးအဆစ်များနှင့်ကြွက်သားများကို ထိုအမွှေးနံသာစွမ်းအားများက ထိန်းညှိပေးနေသည်။တလိမ့်လိမ့်ထနေသော သွေးစွမ်းအားများသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးအတွင်း၌ လှည့်ပတ်နေကာ သူ့အား စွမ်းအားများဖြင့် ပြည့်နှက်နေစေသည်။
"ထူးဆန်းတယ်...ဘာလို့ နတ်ဘုရားရုပ်ထုရှေ့က ဖယောင်းတိုင်တွေ ရုတ်တရက်ကြီး မှေးမှိန်သွားတာလဲ"
မြင်းမျက်နှာက တီးတိုးရေရွတ်လိုက်၏။
သို့ရာတွင် သူသည် ကိစ္စများအားလုံးကို သတိမပြုမိချေ။
မြင်းမျက်နှာတစ္ဆေစစ်ဗိုလ်ချုပ်သည် မြေအောက်လောကနတ်ဘုရားရုပ်ထုကြီး၏ရှေ့တွင်ရှိနေသည့် စာအုပ်ထူကြီးတစ်အုပ်ကို လက်ညှိုးညွှန်ကာ ပြောဆိုလိုက်သည်။
"ဒါက သေခြင်းရှင်ခြင်းစာအုပ်ပဲ...ငရဲကျလာတဲ့ သက်ရှိတွေအားလုံးက သူတို့ရဲ့ဘဝသက်တမ်းကုန်ဆုံးသွားတာကြောင့်ပဲ...အဲ့ဒါတွေအားလုံးကို ဒီစာအုပ်ထဲမှာ မှတ်တမ်းတင်ထားတယ်...ငါ တစ်ခုတော့ကြိုပြောထားမယ်...မင်းလိုချင်တဲ့သူ တစ်ယောက်ကိုပဲ ခေါ်သွားရမယ်...အခု အရင်ဆုံး ငါ မင်းအတွက် ဒီစာအုပ်ကိုဖွင့်......"
သူ၏စကားအဆုံးမသတ်သေးမီမှာပင် လုယွီသည် အဝေးမှနေ၍ သေခြင်းရှင်ခြင်းစာအုပ်ကို ဆွဲယူပြီးဖြစ်သည်။
သေခြင်းရှင်ခြင်းစာအုပ်သည် လုယွီ၏လက်အတွင်းသို့ ရောက်ရှိသည်နှင့် အပြာရောင်အလင်းတန်းများ ဖြာထွက်လာသည်။
"ဒါဆိုရင် ဒီစာအုပ်က ပုံတူပွါးထားတာပေါ့....ဒါပေမယ့် တော်တော်လေး လက်ရာကြမ်းတမ်းတာပဲ"
လုယွီက ခေါင်းခါယမ်းလိုက်၏။
သေခြင်းရှင်ခြင်းစာအုပ်သည် အတိတ်ဘဝတွင် လုယွီသန့်စင်ခဲ့သော မှော်ရတနာဖြစ်သဖြင့် သူနှင့်အလွန်ရင်းနှီးကျွမ်းဝင်သောအရာဖြစ်သည်။
Chapter 2687
"မင်းက သေခြင်းရှင်ခြင်းမှတ်တမ်းစာအုပ်ကို ကိုင်နိုင်တာလား"
မြင်းမျက်နှာတစ္ဆေစစ်ဗိုလ်ချုပ်သည် ကြက်သေသေသွားလေ၏။
သေခြင်းရှင်ခြင်းစာအုပ် မည်မျှထိအရေးကြီးသည်ကို သူ ကောင်းစွာသိရှိထားသည်။ထိုအရာပေါ်တွင်ရှိသည့် တားမြစ်ကန့်သတ်မှုများကို ဖယ်ရှားနိုင်သော သီးသန့်မှော်မန္တန်တစ်ပုဒ်ကို မရွတ်ဆိုသရွေ့ ထိတွေ့သော မည်သူမဆို သေခြင်းရှင်ခြင်းစာအုပ်၏ တန်ပြန်ရိုက်ခတ်မှုကို ခံစားရပေမည်။
သို့ရာတွင် ယခုချိန်၌ လုယွီ၏မျက်နှာအမူအယာသည် ယခင်အတိုင်း တည်ငြိမ်အေးဆေးနေဆဲဖြစ်ကာ မည်သည့်တန်ပြန်ရိုက်ခတ်မှုမျိုးကိုမျှ ခံစားရပုံမပေါ်ချေ။
"ကံကောင်းထောက်မပြီးတော့ ငါ ခုဏက သူ့ကို ကလန်ကဆန်မလုပ်မိဘူး...သေခြင်းရှင်ခြင်းစာအုပ်ရဲ့ တန်ပြန်ရိုက်ခတ်မှုကို အလွယ်တကူဖိနှိပ်နိုင်တဲ့ ပုဂ္ဂိုလ်က သာမာန်အင်မော်တယ်တစ်ယောက် မဖြစ်နိုင်ဘူး...သူက ယန်ကမ္ဘာလောကရဲ့ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်တယ်...သူက လေဟာနယ်အက်ကွဲကြောင်းကနေ ငရဲနယ်မြေထဲကိုဝင်လာတာ အံ့အားသင့်စရာမရှိတော့ဘူး"
မြင်းမျက်နှာတစ္ဆေစစ်ဗိုလ်ချုပ်သည် သူ၏စိတ်အတွင်းမှနေ၍ တိတ်တဆိတ် ပျော်ရွှင်ဝမ်းမြောက်နေမိသည်။
သေခြင်းရှင်ခြင်းစာအုပ်တွင် သက်ရှိများ၏နာမည်များ သူတို့၏ဘဝသက်တမ်းများနှင့် ပြည့်နှက်နေသည်။
အမျိုးအမည်မသိရသော နတ်ဆိုးမှော်သားရဲတချို့ကိုပင် ဤစာအုပ်အတွင်း၌ မှတ်တမ်းတင်ထားလေ၏။
သို့ရာတွင် လုယွီနှင့် သေခြင်းရှင်ခြင်းစာအုပ်အကြားရှိ ရင်းနှီးကျွမ်းဝင်မှုအရ တစ်စုံတစ်ယောက်ကိုရှာဖွေရန်မှာ သူ့အတွက် အခက်အခဲမရှိချေ။
အလွန်လျှင်မြန်စွာဖြင့် လုယွီက ပိုင်မင်ဟန်၏မှတ်တမ်းကို တွေ့ရှိသွားသည်။
"ဒါက သူပဲ...သူ အခု ဘယ်မှာလဲ"
လုယွီက မေးမြန်းသည်။
"ကောင်းပြီလေ....ငါ မင်းအတွက် သူ့ကို ချက်ချင်းရှာပေးမယ်"
မြင်းမျက်နှာတစ္ဆေစစ်ဗိုလ်ချုပ်၏မျက်နှာအမူအယာ ချက်ချင်းပြောင်းလဲသွားကာ သူက ရိုသေလေးစားစွာဖြင့် လုယွီကို ပြောဆိုလေ၏။
သူသည် သေခြင်းရှင်ခြင်းစာအုပ်ပေါ်မှနာမည်ကို တွေ့မြင်လိုက်ချိန်တွင် သူ၏ခန္ဓာကိုယ်ကို လျှပ်စီးဖြင့်ရိုက်ခတ်ခံရသည့်အလား နေရာမှာပင် ကြက်သေသေသွားသည်။
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
"ပြဿနာတစ်ခုခု ရှိနေလို့လား"
မြင်းမျက်နှာတစ္ဆေစစ်ဗိုလ်ချုပ်၏နဖူးမှနေ၍ ချွေးစေးများ ယိုစီးကျလာသည်။
"ဒါ...ဒါက စီရင်စုသခင်လက်ထပ်မယ့် မိန်းကလေးပဲ"
သူသည် ထိုနာမည်ကို လွန်စွာရင်းနှီးကျွမ်းဝင်ပေ၏။
ဤှရက်အနည်းငယ်အတွင်းတွင် ငရဲနယ်မြေရှိမြို့များအတွင်း၌ သက်ဝင်လှုပ်ရှားဆုံးအရာမှာ ငရဲနယ်မြေအရှင်သခင် လက်ထပ်တော့မည့်ကိစ္စပင်။
ငရဲနယ်မြေအရှင်သခင်၏လက်အောက်တွင် တာဝန်ထမ်းဆောင်နေသူဖြစ်သဖြင့် မြင်းမျက်နှာတစ္ဆေစစ်ဗိုလ်ချုပ်သည် ထိုကိစ္စကို ကောင်းစွာသိရှိထားသည်။
လုယွီ ညွှန်ပြသောနာမည်မှာ ငရဲနယ်မြေအရှင်သခင် လက်ထပ်မည့် မိန်းကလေးပင်။
"ဒါဆို ပိုင်မင်ဟန်က ဒီကိစ္စကို သဘောတူလား"
လုယွီက အလေးအနက်ထားသောလေသံဖြင့် မေးမြန်းလိုက်၏။
မြင်းမျက်နှာတစ္ဆေစစ်ဗိုလ်ချုပ်သည် ခေါင်းငုံနေကာ မည်သည့်စကားကိုမျှ တုံ့ပြန်ပြောဆိုခြင်းမပြုချေ။
လုယွီက အခြေအနေများအားလုံးကို ချက်ချင်းဆိုသလိုပင် နားလည်သဘောပေါက်သွားကာ တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"ကြည့်ရတာတော့ သူက လက်ထပ်ဖို့ကို ဖိအားပေးခံထားရပုံပဲ...ငရဲနယ်မြေအရှင်သခင်က ပြန်လည်ဝင်စားခြင်းသံသရာစက်ဝန်းက တန်ပြန်တိုက်ခိုက်မှာကို မကြောက်တာများလား"
"ဒါဆို မင်း ရှာနေတဲ့သူက ငရဲနယ်မြေအရှင်သခင် လက်ထပ်ချင်နေတဲ့ မိန်းကလေးလား...ဟီး ဟီး...ဒါက စိတ်ဝင်စားစရာပဲ"
လုယွီ၏နောက်မှနေ၍ အရာရှိဝတ်စုံဝတ်ဆင်ထားသော သရဲတစ္ဆေတစ်ကောင် ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုသရဲတစ္ဆေအရာရှိသည် ပင်မခန်းမအတွင်း၌ တိတ်တဆိတ် ထွက်ပေါ်လာခြင်းဖြစ်ကာ သူ၏နောက်၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသော တစ္ဆေစစ်ဗိုလ်ချုပ်ဆယ်ကောင်ကျော်ရှိနေသည်။
မြင်းမျက်နှာတစ္ဆေစစ်ဗိုလ်ချုပ်သည် ထိုသရဲတစ္ဆေအရာရှိကို မြင်တွေ့သည်နှင့် ချက်ချင်းဆိုသလိုပင် ဦးညွှတ်၍ အရိုအသေပြုလိုက်၏။
"တရားသူကြီးစွေ့ကို အရိုအသေပြုပါတယ်"
လုယွီ၏နောက်၌ ရုတ်တရက်ထွက်ပေါ်လာသော သရဲတစ္ဆေအရာရှိသည် မြင်းမျက်နှာတစ္ဆေစစ်ဗိုလ်ချုပ်နှင့် တခြားတစ္ဆေစစ်ဗိုလ်ချုပ်များထက် အဆများစွာ ပို၍သန်မာအားကောင်းသည်။
တရားသူကြီးစွေ့က လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်ကာ ပြောဆိုသည်။
"မင်းက တော်တော်လေးအတင့်ရဲတာပဲ...ငရဲနယ်မြေထဲကို ကျူးကျော်ဝင်လာရုံတင်မကဘူး...မင်းက မြေအောက်လောကနတ်ဘုရားကို ပူဇော်ထားတဲ့ အမွှေးနံသာစွမ်းအားကိုတောင် ခိုးယူဝံ့တယ်...အဲ့ဒါတွေကို မြန်မြန်လွှဲပြောင်းပေးစမ်း...ငါ့ရဲ့စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်"
ထိုအမွှေးနံသာစွမ်းအားများသည် မြေအောက်လောကနတ်ဘုရားရုပ်ထုကြီးပေါ်တွင် သိပ်သည်းနေလေ၏။ထိုအရာတွင် အကန့်အသတ်မရှိသော ကံကြမ္မာစွမ်းအားများ ပါဝင်နေသည်။
လုယွီက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။သူသည် တရားသူကြီးစွေ့ထံမှနေ၍ ဖျော့တော့တော့ အမွှေးနံသာစွမ်းအားကို အာရုံခံမိသည်။
မြေအောက်လောကနတ်ဘုရားသည် ပြန်လည်ဝင်စားခြင်းဥပဒေသကို ထိန်းချုပ်သည်။ထို့ကြောင့် ငရဲနယ်မြေအတွင်းရှိ ပူဇော်ပသမှုများမှ အမွှေးနံသာစွမ်းအားများအားလုံးသည် မြေအောက်လောကနတ်ဘုရားရုပ်ထုကြီးထံတွင်သာ စုဝေးကြရ၏။သို့ရာတွင် ယခုလက်ရှိချိန်၌ အမွှေးနံသာစွမ်းအား၏အရှိန်အဝါက တရားသူကြီးစွေ့၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည်။
တစ်စုံတစ်ခု မှားယွင်းနေလေပြီ။
ငရဲသည် မြေအောက်လောကနတ်ဘုရား၏ နတ်ဘုရားကုန်းမြေပင်။တခြားနတ်ဘုရားတစ်ပါး ဤနယ်မြေကို လက်လွှဲယူထားရန်မှာလည်း မဖြစ်နိုင်ချေ။
ဤကဲ့သို့အခြေအနေမျိုး ဖြစ်ပေါ်လာနိုင်သည့်အချက်မှာ တရားသူကြီးစွေ့သည် မြေအောက်လောကနတ်ဘုရား၏အမွှေးနံသာစွမ်းအားများကို ခိုးယူထားခြင်းပင်။
ဤနေရာသည် ငရဲနယ်မြေဖြစ်သော်လည်း သရဲတစ္ဆေများထံမှ ကံကြမ္မာစွမ်းအားများသည် တရားသူကြီးစွေ့ထံသို့ ရောက်ရှိသွားပေ၏။
"ဘာလဲ...မင်းက ငါပြောတာ မကြားဘူးလား...ကြည့်ရတာတော့ ဒီနေရာက ဘယ်သူ့ရဲ့ပိုင်နက်နယ်မြေလဲဆိုတာ မင်းသိသွားအောင် ငါ မင်းကို ရိုက်နှက်ပေးရမယ့်ပုံပဲ"
တရားသူကြီးစွေ့က ဒေါသတကြီးအမူအယာဖြင့် ပြောဆိုသည်။
Chapter 2688
"ဒီအမွှေးနံသာစွမ်းအားတွေက အရင်ကတည်းက ငါ့ရဲ့အပိုင်ပဲ"
လုယွီက ဗြောင်ကျကျပြောဆိုသည်။
ဤသည်က မြောက်မြားစွာသော သရဲတစ္ဆေများ၏ပူဇော်ပသမှုပင်။
အတိတ်တွင် လုယွီ တာအိုသခင်ဖြစ်နေစဥ်၌ နှစ်စဥ်နှစ်တိုင်းစုဆောင်းမိသော အမွှေးနံသာစွမ်းအားများမှတဆင့် သူ့အတွက် ကျင့်ကြံမှုအရင်းအမြစ်များ အထောက်အပံအဖြစ် ရရှိစေသည်။
ထိုအမွှေးနံသာပူဇော်ပသခြင်းနှင့် ကံကြမ္မာစွမ်းအားများသည် အတိုင်းအတာပမာဏတစ်ခုထိ များပြားလာပါက အကယ်၍ လုယွီသည် ကျင့်ကြံခြင်းကို တမင်သက်သက်မပြုလျှင်ပင် သူ၏ခွန်အားသည် နေ့စဥ်နေ့တိုင်း အဆများစွာ မြင့်တက်နေပေမည်။
တရားသူကြီးစွေ့က ပြောဆိုသည်။
"တကယ့်ကို ကြောက်ရလန့်ရကောင်းမှန်း မသိတဲ့ကောင်ပဲ...ဒါက မြေအောက်လောကနတ်ဘုရားကို ဆက်သတဲ့ အမွှေးနံသာစွမ်းအားတွေ...ဘယ်လိုလုပ်ပြီး မင်းရဲ့အပိုင်ဖြစ်သွားတာလဲ...ကြည့်ရတာတော့ မင်းက သေချင်နေပုံပဲ...သူ့ကို သတ်လိုက်ကြစမ်း"
မြင်းမျက်နှာတစ္ဆေစစ်ဗိုလ်ချုပ်က အလျင်စလို ဝင်ရောက်ပြောဆိုလေ၏။
"တရားသူကြီးစွေ့...ခဏလောက်နေပါဦး"
လုယွီ၏ခွန်အားအကြောင်းကို သူ ရှင်းရှင်းလင်းလင်း သိရှိထားသည်။အကယ်၍ တိုက်ပွဲဖြစ်ပွါးပါက ဤနေရာရှိ တစ္ဆေစစ်ဗိုလ်ချုပ်များအားလုံး သေဆုံးသွားပေမည်။
သို့ရာတွင် တရားသူကြီးစွေ့က မျက်ခုံးပင့်၍ အော်ဟစ်လိုက်မည်ဟု သူ မျှော်လင့်မထားမိချေ။
"ဒီသစ္စာဖောက်ကိုပါ ဖမ်းလိုက်ကြစမ်း"
ရုတ်ချည်းဆိုသလိုပင် တရားသူကြီးစွေ့၏နောက်ရှိ တစ္ဆေစစ်ဗိုလ်ချုပ်ဆယ်ယောက်ကျော်က လုယွီနှင့်မြင်းမျက်နှာတစ္ဆေစစ်ဗိုလ်ချုပ်ထံသို့ တဟုန်ထိုးတိုးဝင်လာကြ၏။
မြင်းမျက်နှာတစ္ဆေစစ်ဗိုလ်ချုပ်၏အမူအယာ သိသိသာသာ ပျက်ယွင်းသွားသည်။သူသည် တရားသူကြီးစွေ့ကို ဖြောင့်ဖျရန်သာ ရည်ရွယ်ခဲ့သော်လည်း မထင်မှတ်ဘဲ သူ့အား သစ္စာဖောက်တစ်ယောက်အဖြစ် စွပ်စွဲခြင်းခံလိုက်ရသည်။
ယခုလက်ရှိချိန်တွင် သူ မည်သည့်စကားကိုပြောဆိုသည်ဖြစ်စေ အလွန်နောက်ကျသွားလေပြီ။မြင်းမျက်နှာတစ္ဆေစစ်ဗိုလ်ချုပ်က အလျှင်အမြန်နောက်ဆုတ်၍ ထွက်ပြေးရန်ကြံရွယ်လိုက်သည်။
သို့ရာတွင် ရုတ်တရက် သူတို့အားလုံး၏အမြင်အာရုံ ဝေဝါးသွားကာ နဂါးတစ်ကောင်၏ဟိန်းသံက သူတို့၏နားများနံဘေး၌ ပေါက်ကွဲသွားသည်။
လုယွီထံ တိုးဝင်လာသော တစ္ဆေစစ်ဗိုလ်ချုပ်များအားလုံး နောက်သို့ မီတာထောင်ပေါင်းများစွာ ဝေးကွာသည့်နေရာထိ လွင့်ထွက်သွားကာ ခန်းမ၏ပြင်ပသို့ ရောက်ရှိသွားတော့သည်။
"အဲ့ဒီယင်ကောင်ငယ်တွေကို လွှတ်လိုက်တာက အသေလာခံတာကလွဲပြီး အသုံးမဝင်ဘူး"
လုယွီက သူ၏လက်သီးကို တိတ်တဆိတ် ပြန်ရုတ်သိမ်းလိုက်၏။
သူ၏လက်ရှိခွန်အားသည် အစစ်အမှန်နဂါးအကောင်သုံးဆယ်၏စွမ်းအားမျိုးရှိနေကာ သိုင်းပညာသူတော်စင်အထွတ်အထိပ်အဆင့်သို့လည်း ရောက်ရှိနေလေပြီ။
တစ္ဆေစစ်ဗိုလ်ချုပ်များကို မဆိုထားနှင့် အကယ်၍ တစ္ဆေဘုရင်များ ရောက်လာလျှင်ပင် ဤကဲ့သို့တူညီသောအဆုံးသတ်နှင့် ရင်ဆိုင်ရပေမည်။
"ကောင်းတယ်...ကောင်းတယ်...ငါတို့ ငရဲနယ်မြေ တည်ထောင်ခဲ့တာ အချိန်အတော်ကြာသွားပြီ...မင်းက ငါတို့ကိုစိန်ခေါ်ဝံ့တဲ့ ပထမဆုံးသူပဲ...ကောင်လေး...ငါ မင်းကို အရင်ဆုံးသတ်မယ်...ပြီးမှ ဟိုသစ္စာဖောက်ကို ဖြေရှင်းမယ်"
တရားသူကြီးစွေ့က ကောက်ကျစ်ယုတ်မာသော မျက်နှာအမူအယာနှင့် ပြောဆိုသည်။
သို့ရာတွင် လုယွီသည် ဤလူတစ်စုနှင့် အချိန်ဖြုန်းရန် ရည်ရွယ်မထားချေ။
သူသည် တရားသူကြီးစွေ့၏စကားကို ကြားဖြတ်ကာ တဲ့တိုးမေးမြန်းလိုက်၏။
"ပိုင်မင်ဟန်...သူ အခု ဘယ်မှာလဲ"
"မင်းက အဲ့ဒီမိန်းကလေးကို ရှာနေတာလား...ဟီး ဟီး...ဖြစ်နိုင်တာတော့ မင်းက သူ့ရဲ့မိတ်ဆွေကောင်းဖြစ်ပုံပဲ...မင်း ခြေတစ်လှမ်း နောက်ကျသွားပြီ...အခုချိန်မှာ စီရင်စုသခင်က အဲ့ဒီမိန်းကလေးနဲ့ လက်ထပ်ပြီးနေလောက်ပြီ...သူက ခုချိန်ဆို စီရင်စုသခင်ရဲ့အိပ်ယာပေါ်မှာ လဲလျောင်းနေမှာပေါ့...ဟား ဟား ဟား..."
တရားသူကြီးစွေ့က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
ဘုန်း....
တရားသူကြီးစွေ့၏ရယ်သံကြီး ရုတ်တရက်ရပ်တန့်သွားကာ နက်နဲသိမ်မွေ့သော လက်ဝါးအားလှိုင်းတစ်ရပ်က သူ၏ခန္ဓာကိုယ်ကို ရိုက်ခတ်သွားကာ သူ့အား မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန်ကျရောက်သွားစေသည်။
ခန်းမအတွင်း၌ မူလကခင်းထားသော ကြမ်းခင်းကျောက်ပြားများသည် ပြားချပ်ပြီးမာကြောခိုင်ခံသော်လည်း လုယွီ၏အားလှိုင်းကြောင့် အက်ကွဲကြောင်းများအဖြစ် ကြေမွှပျက်စီးသွားတော့သည်။တရားသူကြီးစွေ့၏ခန္ဓာကိုယ်တစ်ခုလုံး မြေကြီးအတွင်းသို့ နစ်ဝင်နေကာ သူ၏ခန္ဓာကိုယ်မှ ယင်ချီများသည်လည်း ပျက်ပြယ်သွားလေပြီ။
"မင်း..."
တရားသူကြီးစွေ့ စကားပြောဆိုရန် ပါးစပ်ဟလိုက်စဥ်မှာပင် ကောင်းကင်ယံမှနေ၍ နောက်ထပ်လက်ဝါးပုံရိပ်ယောင်တစ်ခုက သူ့ထံသို့ ဆင်းသက်လာသည်။
ဘုန်း...
ဤတစ်ကြိမ်တွင် တရားသူကြီးစွေ့သည် မြေပြင်အတွင်းသို့ ပို၍နက်ရှိုင်းစွာ နစ်ဝင်သွားတော့သည်။
မြေပြင်ပေါ်၌ မီတာပေါင်းများစွာနက်သော အက်ကွဲကြောင်းရှည်ကြီးတစ်ခု ထွက်ပေါ်လာသည်။ထိုအက်ကွဲကြောင်းအတွင်း၌ တရားသူကြီးစွေ့ လဲကျနေကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး သွေးများစိုရွှဲနေပြီး သေလုမျောပါးအခြေအနေမျိုးသို့ ရောက်ရှိနေလေပြီ။
"မင်းက အပိုစကားတွေ အရမ်းပြောလွန်းတယ်"
လုယွီက သူ၏လက်ဝါးကို ပြန်ရုတ်သိမ်းလိုက်၏။
လက်ဝါးရိုက်ချက်နှစ်ချက်ဖြင့် သူသည် တရားသူကြီးစွေ့ကို လွယ်လင့်တကူ အနိုင်ယူနိုင်ခဲ့သည်။
ဤနေရာသို့ တရားသူကြီးစွေ့ခေါ်ဆောင်လာသော တစ္ဆေစစ်ဗိုလ်ချုပ်များအားလုံး ကြက်သေသေသွားသည်။မည်သူကမျှ တရားသူကြီးစွေ့အတွက် ရှေ့မထွက်ဝံ့ချေ။
သူတို့သည် ရိုးရှင်းသော တစ္ဆေစစ်ဗိုလ်ချုပ်အဆင့်သာရှိသည်။တရားသူကြီးစွေ့သည် စီရင်စုသခင်၏နောက် ဒုတိယနေရာတွင်ရှိသော ခန်းမသခင်ဖြစ်ကာ မြောက်မြားစွာသော တစ္ဆေစစ်ဗိုလ်ချုပ်များ သူ၏လက်အတွင်း၌ ရှုံးနိမ့်ခဲ့ရသည်။
ယခုလက်ရှိချိန်၌ ထိုကဲ့သို့အစွမ်းထက်ခန်းမသခင်တစ်ယောက်သည် လူသားကျင့်ကြံသူတစ်ယောက်၏လက်အတွင်း၌ ရုပ်ပျက်ဆင်းပျက်ရှုံးနိမ့်သွားရလေ၏။
"စီနီယာ....ကျွန်တော်က စီနီယာအတွက် လမ်းပြပေးဖို့ ဆန္ဒရှိပါတယ်...စီရင်စုသခင်ရဲ့မင်္ဂလာဆောင် ဘယ်နေရာမှာကျင်းပတာလဲဆိုတာ ကျွန်တော်သိတယ်"
လုယွီ၏ပစ်မှတ်သည် သူ့ထံသို့ တဖန်ထပ်၍ကျရောက်လာမည်ကို စိုးရိမ်သဖြင့် မြင်းမျက်နှာစစ်ဗိုလ်ချုပ်က ပျာပျာသလဲပြောဆိုသည်။
Chapter 2689
မြင်းမျက်နှာတစ္ဆေစစ်ဗိုလ်ချုပ်အပြင် တခြားတစ္ဆေစစ်ဗိုလ်ချုပ်များလည်း လိပ်ပြာလွင့်လုမတတ် ထိတ်လန့်ကြောက်ရွံနေသည်။
ငရဲနယ်မြေအတွင်း၌ စီရင်စုသခင်ကသာ လုယွီကို နှိမ်နင်းကောင်း နှိမ်နင်းနိုင်ပေမည်။
အမှန်အားဖြင့် စီရင်စုသခင်သည် လုယွီ၏ပြိုင်ဘက် ဖြစ်နိုင်မဖြစ်နိုင်ဟူသော အချက်မှာလည်း မသေချာချေ။
"အဲ့ဒီလိုလုပ်ဖို့ မလိုတော့ဘူး...မဟုတ်ရင် အရမ်းနောက်ကျသွားမှာကို ငါ စိုးရိမ်မိတယ်"
လုယွီက မှော်မန္တန်တစ်ပုဒ်ကိုရွတ်ဆိုကာ ရုတ်တရက် အော်ဟစ်လိုက်သည်။
"စိတ်ဝိညာဥ် ပြန်လာစမ်း"
ပတ်ဝန်းကျင်ရှိ ဥပဒေသများသည် လုယွီ၏လမ်းညွှန်မှုကို ခံရသည့်အလား အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
တစ္ဆေစစ်ဗိုလ်ချုပ်များသည် စိတ်ပျက်အားငယ်စွာဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။
ဖြစ်နိုင်သည်မှာ သူတို့ရှေ့ရှိလူငယ်သည် ငရဲနယ်မြေအတွင်းရှိ စိတ်ဝိညာဥ်တစ်ကောင်ကို ဆင့်ခေါ်ရန် ပြုလုပ်နေသလော....
"သူက နည်းနည်းတော့ နုံအသလိုပဲ...ငရဲနယ်မြေရဲ့နေရာအနှံ့အပြားမှာ မရေမတွက်နိုင်တဲ့ သရဲတစ္ဆေတွေရှိနေတယ်...အဲ့ဒါတွေက သန်းနဲ့ချီရှိနေပြီးတော့ အကန့်အသတ်မရှိလုနီးပါးပဲ....တကယ်လို့ ယန်လောကထဲမှာ လှည့်လည်သွားလာနေတဲ့ လေလွင့်ဝိညာဥ်တွေရဲ့ စိတ်ဝိညာဥ်ကို ဆင့်ခေါ်မယ်ဆိုရင် ဖြစ်နိုင်ချေရှိသေးတယ်...ဒါပေမယ့် ငရဲနယ်မြေထဲမှာတော့....ဒီမှော်မန္တန်အောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
"ဖြစ်နိုင်တာတော့ ဒီပုဂ္ဂိုလ်က ငရဲနယ်မြေကို ပထမဆုံးအကြိမ် ရောက်လာတာပဲ...သူက ခွန်အားကောင်းပေမယ့် ငရဲနယ်မြေရဲ့စည်းမျဥ်းတွေကို မသိဘူး"
တစ္ဆေစစ်ဗိုလ်ချုပ်များသည် အချင်းချင်း တီးတိုးပြောဆိုကာ လုယွီကို အထင်အမြင်သေးသောအကြည့်ဖြင့် ကြည့်နေကြသည်။
သို့ရာတွင် သူတို့သည် လုယွီ သူတို့ဘက်သို့လှည့်လာမည်ကို စိုးရိမ်ကြသဖြင့် သူတို့၏ခေါင်းများကို အောက်သို့ငုံထားကာ မော့မကြည့်ဝံ့ကြချေ။
မြင်းမျက်နှာတစ္ဆေစစ်ဗိုလ်ချုပ်က ပျာပျာသလဲ သတိပေးလေ၏။
"စီနီယာ....ငရဲနယ်မြေမှာ စိတ်ဝိညာဥ်တစ်ကောင်ကို ဆင့်ခေါ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး...စီနီယာက ကျွန်တော်နဲ့အတူလိုက်ခဲ့ပြီး ရှာတာ ပိုကောင်း....."
သူ၏စကားအဆုံးမသတ်သေးမီမှာပင် ရုတ်တရက် သူ့ရှေ့ရှိလေဟာနယ် ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။
ယင်ချီများက လေထုအတွင်း၌ တလိမ့်လိမ့်ပျံ့နှံ့နေသည်။ဖရိုဖရဲဖြစ်နေသော လေဟာနယ်အတွင်းမှနေ၍ စိတ်ဝိညာဥ်တစ်ကောင် လွင့်ထွက်လာကာ လုယွီ၏လက်အတွင်းသို့ ပြိုလဲကျလာသည်။
ထိုစိတ်ဝိညာဥ်သည် အလွန်အမင်း ချောမောလှပပေ၏။သူမ၏ဆံနွယ်ရှည်များသည် လေထုအတွင်း၌ လူးလွန့်နေကာ သူမ၏မျက်ခုံးသည် ရှည်လျားပြီး သေးသွယ်နေသည်။သူမသည် တိုင်းပြည်တစ်ပြည်ကိုပင် ပျက်သုဥ်းစေနိုင်သော ပြိုင်ဘက်ကင်းအလှပိုင်ရှင်ပင်။
ထိုစိတ်ဝိညာဥ်သည် ပိုင်မင်ဟန်မှတပါး တခြားသူမဟုတ်ချေ။
"သူက တကယ်ကြီးကို ဆင့်ခေါ်နိုင်တာပါလား"
အစောပိုင်းက လှောင်ပြောင်သရော်နေကြသော တစ္ဆေစစ်ဗိုလ်ချုပ်များသည် ကြက်သေသေသွားကာ သူတို့၏မျက်လုံးများကိုပင် သူတို့ မယုံကြည်နိုင်ကြတော့ပေ။
ပိုင်မင်ဟန်၏မျက်လုံးများ အနည်းငယ်ရီဝေဝေဖြစ်နေဆဲပင်။သူမသည် လုယွီကိုကြည့်ကာ တီးတိုးပြောဆိုလိုက်၏။
"ဘယ်သူလဲ...နင်ကိုငါ အရင်က တွေ့ဖူးသလိုပဲ"
"မင်းရဲ့မှတ်ဥာဏ်တွေကို ချိပ်ပိတ်ခံထားရတာလား"
ပိုင်မင်ဟန်၏နဖူးပြင်ပေါ်တွင် အနက်ရောင်အမှတ်အသားတစ်ခု ရှိနေခြင်းကို လုယွီက တွေ့မြင်မိသည်။
ဤသည်က ချိပ်ပိတ်မှော်မန္တန်အသုံးပြုရာမှ ကျန်ရစ်ခဲ့သော အမှတ်အသားဖြစ်သည်။ထိုအရာသည် ပိုင်မင်ဟန်၏မှတ်ဥာဏ်များကို အပြည့်အဝချိပ်ပိတ်ထားကာ သူမကို လေလွင့်ဝိညာဥ်ဘဝသို့ ရောက်ရှိသွားစေသည်။
လုယွီက ချက်ချင်းဆိုသလိုပင် ပိုင်မင်ဟန်၏နဖူးပြင်ကို သူ၏လက်ဖြင့်ဖိကာ တီးတိုးရေရွတ်လိုက်၏။
"ဖွင့်စမ်း...."
ရုတ်ချည်းဆိုသလိုပင် ပိုင်မင်ဟန်၏နဖူးပြင်ပေါ်ရှိ အနက်ရောင်အမှတ်အသား မှိန်ဖျော့သွားကာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
အတိတ်မေ့နေသကဲ့သို့ဖြစ်နေသော ပိုင်မင်ဟန်၏စိတ်ဝိညာဥ် ပုံမှန်အခြေအနေသို့ ချက်ချင်းပြန်လည်ရောက်ရှိသွားသည်။
"ဒါက နင်....လုယွီလား...ငါ သေသွားပြီလား"
ပိုင်မင်ဟန်က တောက်ပနေသောမျက်လုံးတစ်စုံဖြင့် လုယွီကို စူးစိုက်၍ကြည့်နေလေ၏။
မည်သို့ပင်ဆိုစေကာမူ သူမသည် ကျောင်းတော်တစ်ခု၏လက်ထောက်ကျောင်းအုပ်ပင်။သူမ သေဆုံးသွားခဲ့ပြီကို သိရှိသွားသည့်တိုင် သူမက ထိတ်လန့်ကြောက်ရွံသွားခြင်းမရှိချေ။
လုယွီက ပြောဆိုသည်။
"မင်း အခုထိ မသေသေးပါဘူး...မင်းရဲ့စိတ်ဝိညာဥ်ကို မင်းရဲ့ရုပ်ခန္ဓာကိုယ်ကနေ အတင်းအကြပ်ဆွဲခွါခံလိုက်ရတာ...ငါ ဒီနေ့ မင်းကို ပြန်ခေါ်သွားဖို့လာခဲ့တာ...မင်း ဘာတွေဖြစ်ခဲ့တာလဲ"
ပိုင်မင်ဟန်သည် နက်နက်နဲနဲတွေးတောနေပုံဖြင့် သူမက မျက်မှောင်တင်းတင်းကြပ်ကြပ် ကြုတ်ထားသည်။
သို့သော် ထိုအချိန်မှာပင် ဒေါသတကြီးအော်ဟစ်ကြုံးဝါးသံတစ်သံက မလှမ်းမကမ်းတစ်နေရာမှ ထွက်ပေါ်လာသည်။
ထို့နောက် ပင်မခန်းမ၏အထက်ကောင်းကင်ယံတခွင်လုံးတွင် ရုတ်တရက် အလွန်ထူထပ်သိပ်သည်းသော ယင်ချီလှိုင်းများ ထွက်ပေါ်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
တုန်လှုပ်ချောက်ချားဖွယ် ဖိအားအရှိန်အဝါတစ်ရပ်က ခန်းမတစ်ခုလုံးပေါ်သို့ သက်ရောက်လာသည်။ခန်းမ၏တိုင်လုံးတစ်ခုစီမှနေ၍ အက်ကွဲသံများ ထွက်ပေါ်စပြုလာကာ ထိုအရာများသည် သက်ရောက်လာသော ဖိအားအရှိန်အဝါကို ခံနိုင်ရည်ရှိပုံမရတော့ချေ။
တစ္ဆေစစ်ဗိုလ်ချုပ်များသည်လည်း ထိုဖိအားအရှိန်အဝါကို တောင့်မခံနိုင်ကြပေ။သူတို့သည် မြေပြင်ပေါ်သို့ ပြိုလဲကျသွားကာ သူတို့၏ခေါင်းများကိုပင် မော့မကြည့်ဝံ့ကြချေ။
"ဘယ်ကောင်က ငရဲနယ်မြေကိုလာပြီး ပြဿနာရှာဝံ့တာလဲ"
မိုးခြိမ်းသံကဲ့သို့ကျယ်လောင်သော အသံကြီးတစ်သံက ကောင်းကင်ယံအတွင်းမှ ထွက်ပေါ်လာသည်။
ထို့နောက်မှနေ၍ ယင်ချီများစုဝေးသွားကာ ရှည်လျားသောယင်ချီနဂါးကြီးအဖြစ် ဖွဲ့စည်းသွားပေ၏။ထိုနဂါးကြီးသည် စူးရဲသောမျက်လုံးတစ်စုံဖြင့် ခန်းမတစ်ခုလုံးကို ကြည့်နေသည်။
ထိုစူးရဲရဲမျက်လုံးတစ်စုံသည် လုယွီရှိနေသော နေရာအရောက်တွင် ရပ်တန့်သွားခဲ့သည်။
"ဒါက မင်းလား...မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ဒီနေရာကိုလာပြီး ပြဿနာရှာဝံ့တာလဲ"
ယင်ချီနဂါးကြီးက ဒေါသတကြီးအော်ဟစ်ကြုံးဝါးကာ သူ၏အသံသည် တိမ်တိုက်များကိုဖြတ်သန်း၍ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
Chapter 2690
ထိုယင်ချီနဂါးကြီး၏ခန္ဓာကိုယ်သည် အလွန်ကြီးမားကာ လူသားတစ်ယောက်ထက် အဆများစွာ ပို၍ကြီးမားသည်။
ထိုနဂါးကြီး လှုပ်ရှားလိုက်သည့်အချိန်တိုင်း ပြင်းထန်သော ဖိအားအရှိန်အဝါတစ်ရပ်ကို ထုတ်လွှင့်ပေးနေသည်။
ဤသည်က ငရဲနယ်မြေအရှင်သခင်ပင်။
ငရဲနယ်မြေအရှင်သခင်တွင် အစစ်အမှန်ပုံစံမရှိချေ။သူသည် အသွင်အမျိုးမျိုးသို့ ပြောင်းလဲနိုင်သော အဆင့်မြင့်စိတ်ဝိညာဥ်တစ်ကောင်ဖြစ်ကာ နဂါး မြွေ အစရှိသဖြင့် လောကကြီးအတွင်းရှိ အရာရာတိုင်း၏အသွင်ကို ယူနိုင်စွမ်းရှိသည်။သူသည် ပြောင်းလဲမှုများစွာကို ပြုလုပ်နိုင်ပေ၏။
"ငါက မင်းရဲ့ စုတ်ပြတ်နေတဲ့နေရာကို စိတ်မဝင်စားဘူး...ငါ ဒီနေရာကိုလာတာ သူ့ကိုခေါ်သွားဖို့ပဲ...မင်း ငါ့ကိုမတားဆီးတာ ပိုကောင်းလိမ့်မယ်"
လုယွီက ပိုင်မင်ဟန်၏ရှေ့၌မတ်တတ်ရပ်ကာ သူမကို သူ့နောက်သို့ ပို့လိုက်သည်။
ယင်ချီနဂါးကြီးက ဒေါတသကြီး အော်ငေါက်လေသည်။
"ယန်ကမ္ဘာလောကကလာတဲ့ ကျင့်ကြံသူလေးက...ငါ့ရဲ့ဇနီးကို လုယူချင်တာလား...မင်းက သေလမ်းရှာနေတာပဲ"
ထိုစကားကိုကြားချိန်တွင် ပိုင်မင်ဟန်က အထင်အမြင်သေးသောလေသံဖြင့် ပြောဆိုသည်။
"ဘယ်သူက နင့်ရဲ့မိန်းမလုပ်ဖို့ သဘောတူလို့လဲ...နင့်ရဲ့မှော်စွမ်းအားတွေအားလုံးကို နင့်ရဲ့မျက်နှာဖြစ်အောင် ဖွဲ့စည်းနေရမှာကိုပဲ ငါ စိုးရိမ်မိတယ်"
ပိုင်မင်ဟန် ထိုကဲ့သို့ပြောဆိုမည်ကို ယင်ချီနဂါးကြီးက မျှော်လင့်မိပုံမရချေ။သူ၏ခန္ဓာကိုယ် အနည်းငယ်တုန်ရီသွားကာ ပိုင်မင်ဟန်ကို ထပ်မံ၍တစ်ချက်ကြည့်ပြီးနောက် ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်၏။
"မင်းရဲ့ခန္ဓာကိုယ်ပေါ်မှာ ငါချန်ထားခဲ့တဲ့ ချိပ်စည်းအမှတ်အသားက....ဘယ်လိုလုပ်ပြီး ပျက်သွားတာလဲ"
ပိုင်မင်ဟန်ကို ထိန်းချုပ်နိုင်ရန်အလို့ငှါ သူသည် မှော်မန္တန်တစ်ပုဒ်ကိုအသုံးပြု၍ သူမ၏မှတ်ဥာဏ်များအားလုံးကို ချိပ်ပိတ်ထားခဲ့သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ ထိုချိပ်စည်း၏အငွေ့အသက်ကို သူ အနည်းငယ်မျှပင် အာရုံခံ၍မရတော့ချေ။
"အခုက သောက်အဓိပ္ပါယ်မရှိတဲ့ကိစ္စကို အဆုံးသတ်ရမယ့်အချိန်ပဲ...သူ့ရဲ့ဘဝသက်တမ်းက ခုထိ မကုန်သေးဘူး...ဒါပေမယ့် သူ့ရဲ့စိတ်ဝိညာဥ်က ရုပ်ခန္ဓာကိုယ်ကနေ အတင်းအကြပ်ဆွဲခွါခံခဲ့ရတယ်...မင်းက သူ့ကို ငရဲနယ်မြေဆီ ခေါ်လာပြီးတော့ လက်ထပ်ဖို့ဖိအားပေးခဲ့တယ်...ငရဲနယ်မြေအရှင်သခင်....မင်း အရမ်းစိတ်စောလွန်းရာ ကျမနေဘူးလား"
လုယွီ၏အသံသည် မိုးခြိမ်းသံကဲ့သို့ကျယ်လောင်ကာ အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ရုတ်ချည်းဆိုသလိုပင် မြို့အတွင်း၌ရှိနေသူများအားလုံး လုယွီ၏အသံကို ကြည်လင်ပြတ်သားစွာ ကြားလိုက်ရ၏။ငရဲနယ်မြေအရှင်သခင်ကို ဝေဖန်ဆွေးနွေးနေသောအသံများ ထွက်ပေါ်လာခဲ့သည်။ဤသည်က ငရဲနယ်မြေအရှင်သခင်အတွက် အရှက်ရစရာကိစ္စပင်။
"မင်းက သေချင်နေတာလား...မင်းက ငါ့ကို တစ်ခါပြီးတစ်ခါ ရန်စစော်ကားနေတယ်....ဒီနေ့ ငါ မင်းကို သင်ခန်းစာပေးမှရမယ်"
ယင်ချီနဂါးကြီးသည် သူ၏လက်သည်းကိုဆန့်ထုတ်ကာ လုယွီထံဦးတည်၍ ပြင်းပြင်းထန်ထန် ရိုက်ပုတ်လိုက်သည်။
"နဂါးနက်လက်သည်း..."
အနက်ရောင်နဂါးလက်သည်းပုံရိပ်ယောင်ကြီးက လုယွီထံသို့ တိုးဝင်လာသည်။ထိုနဂါးလက်သည်း၏နံဘေးပတ်လည်ရှိ ယင်ချီများသည် အလွန်အမင်း အစွမ်းထက်ပေ၏။
ထိုလှုပ်ရှားမှုကိုမြင်တွေ့ချိန်တွင် လုယွီက ခေါင်းခါယမ်းလိုက်သည်။
"မင်းက ဒီနည်းစနစ်ရဲ့ပုံစံကိုပဲ သင်ယူထားနိုင်ပြီးတော့ အနှစ်သာရမရှိဘူး...အပေါ်ယံမှာ ခြိမ်းခြောက်နိုင်မှုရှိသလောက် ဟာကွက်တွေအပြည့်ပဲ"
ဤမှော်မန္တန်သည် အတိတ်တွင် လုယွီဖန်တီးခဲ့သောအရာဖြစ်ကာ မည်သည့်အချက်ကိုမျှ ထိန်ချန်မထားဘဲ မြေအောက်လောကနယ်မြေအတွင်းရှိ အင်အားစုအမြောက်အများကို သင်ကြားပေးခဲ့သည်။
လုယွီ၏အမြင်အရ ငရဲနယ်မြေအရှင်သခင်၏ နဂါးနက်လက်သည်းနည်းစနစ်တွင် အားနည်းချက်များ ဟာကွက်များနှင့် ပြည့်နှက်နေသည်။
"အရှက်မရှိဘဲ ကြွားဝါနေလိုက်တာ...ယန်ကမ္ဘာလောကကလာတဲ့ မင်းလို မြေကမ္ဘာအင်မော်တယ်လေးတစ်ယောက်က ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ရဲ့နည်းစနစ်ကို ထောက်ပြဝံ့တာလဲ"
ငရဲနယ်မြေအရှင်သခင်သည် လုယွီ၏အရှိန်အဝါကိုအာရုံခံပြီးနောက် မြေကမ္ဘာအင်မော်တယ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်ကို သိရှိသွားသဖြင့် ပို၍မောက်မာနေခြင်းဖြစ်သည်။
ဤသည်က အသေးအမွှား မြေကမ္ဘာအင်မော်တယ်တစ်ယောက်ပင်။ရွှယ်အင်မော်တယ်တစ်ယောက်ပင်လျှင် ငရဲနယ်မြေသို့ဆင်းသက်လာပါက ယင်ချီများကြောင့် တားမြစ်ကန့်သတ်ခြင်းခံရပေမည်။သူတို့သည် ငရဲနယ်မြေအတွင်း၌ ခွန်အားကုန်ထုတ်ဖော်အသုံးပြုနိုင်မည်မဟုတ်ချေ။
"ဒါဆိုရင်လည်း အစစ်အမှန်နဂါးနက်လက်သည်းက ဘယ်လိုမျိုးလဲဆိုတာ မင်းသိအောင် ငါ ပြပေးမယ်"
လုယွီက ရုတ်တရက် ခြေတစ်လှမ်း ရှေ့တိုးလိုက်၏။သူ၏ခန္ဓာကိုယ်မှ မှော်စွမ်းအားများ ပြင်းထန်စွာ တလိမ့်လိမ့်ထလာသည်။အနက်ရောင်နဂါးလက်သည်းတစ်ချောင်းက ပါးလွှာသော လေထုအတွင်းမှ ထွက်ပေါ်လာကာ ကောင်းကင်ယံကို ဖြတ်သန်းသွားသည်။
တူညီသောမှော်မန္တန်နှစ်ခု လေထုအတွင်း၌ ဖီလာဆန့်ကျင် ရိုက်ခတ်မိသွားကာ ကျယ်လောင်သောတုန်ခါသံကြီး မြည်ဟီးသွားလေ၏။
ထိုမှော်မန္တန်နှစ်ခု ရိုက်ခတ်မိချိန်တွင် ပြင်းထန်သောလေပြင်းမုန်တိုင်းကြီးထွက်ပေါ်လာကာ ခန်းမအတွင်း၌ ပေါက်ကွဲသွားပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
တစ္ဆေစစ်ဗိုလ်ချုပ်များသည် မြေပြင်ပေါ်သို့ လဲကျသွားကာ သူတို့သည် လွင့်ထွက်မသွားစေရန်အတွက် ကြမ်းခင်းကျောက်ပြားအကြားမှ အက်ကွဲကြောင်းများကို ဆုပ်ကိုင်ထားကြရသည်။
မှော်မန္တန်အချင်းချင်း ရိုက်ခတ်မိသွားသော်လည်း လုယွီ၏နဂါးနက်လက်သည်းသည် ငရဲနယ်မြေအရှင်သခင်၏နဂါးနက်လက်သည်းကို ခြေမွှဖျက်ဆီးလိုက်သည်။
"မဖြစ်နိုင်ဘူး...ငါက ငရဲနယ်မြေအရှင်သခင်...မင်းရဲ့မှော်မန္တန်က ဘာလို့ ငါ့ထက်ပိုပြီး အစွမ်းထက်နေတာလဲ"
ငရဲနယ်မြေအရှင်သခင်က မယုံကြည်နိုင်သောလေသံဖြင့် အော်ဟစ်ကြုံးဝါးလေ၏။
သူ၏နားလည်သဘောပေါက်မှုအရ သူသည် လုယွီ၏မှော်မန္တန်အတွင်းမှ ဟာကွက်ကို အနည်းငယ်မျှပင် ရှာမတွေ့ချေ။
ဤှသည်က လုယွီ၏မှော်မန္တန်သည် သူ၏မှော်မန္တန်ထက်ပိုပြီး နက်နဲသိမ်မွေ့သည်ဟု ဆိုလိုဖြင်းပင်။