အခန်း (၂၆၉၁-၂၆၉၅)
Vol. 138 Ch. 2691-2695
Chapter 2691
ဘုန်း....
လုယွီ ဖွဲ့စည်းထားသော နဂါးနက်လက်သည်းသည် ယင်ချီနဂါးကြီးကိုရိုက်ခတ်မိသွားကာ သူ့ကို မြေပြင်ပေါ်၌ ဖိနှိပ်ထားလေသည်။
ယင်ချီနဂါးကြီးထံမှ ထွက်ပေါ်နေသော ယင်ချီများသည်လည်း ချက်ချင်းဆိုသလိုပင် ပျက်ပြယ်သွားတော့သည်။
"အရပ်မျက်နှာအဘက်ဘက်က သရဲတစ္ဆေတွေအားလုံး ..ငါ့ရဲ့ဆင့်ခေါ်သံကို ကြားတာနဲ့ လာခဲ့ကြစမ်း"
ယင်ချီနဂါးကြီးသည် ရုတ်တရက် အော်ဟစ်ကြုံးဝါးကာ သူ၏ပါးစပ်ကိုဖွင့်ဟ၍ မိုးကောင်းကင်ယံကိုမော့ကြည့်ကာ ဟိန်းဟောက်လိုက်၏။
ငရဲမြို့အတွင်း၌နေထိုင်သည့် မြောက်မြားစွာသောသရဲတစ္ဆေများသည် ထိုအသံကိုကြားသည်နှင့် ယင်ချီနဂါးကြီးရှိနေသောနေရာသို့ ပျံဝဲလာကြသည်။
တစ်ထောင်...နှစ်ထောင်...သုံးထောင်....
သရဲတစ္ဆေအမြောက်အများသည် ယင်ချီနဂါးကြီး၏ ဝါးမြိုခြင်းခံလိုက်ရ၏။
ယင်ချီနဂါးကြီး၏မူလက ကုန်ခမ်းသွားသော စွမ်းအားများအားလုံး ပြန်လည်ပြည့်တင်းသွားကာ မူလအခြေအနေသို့ ရောက်ရှိသွားတော့သည်။
"လူငယ်လေး...မင်းက သန်မာအားကောင်းပေမယ့် ဒီနေရာက ငရဲနယ်မြေ...ငါက ငရဲနယ်မြေရဲ့အရှင်သခင်ပဲ...မင်း ဘယ်လိုနည်းစနစ်ကိုပဲသုံးသုံး...ငါက ငါ့ရဲ့ယင်ချီစွမ်းအားတွေကို ချက်ချင်းပြန်ဖြည့်တင်းနိုင်တယ်"
ယင်ချီနဂါးကြီးက ကောက်ကျစ်ယုတ်မာသောအသံဖြင့် ရယ်မောလိုက်သည်။
လုယွီက မျက်မှောင်ကြုတ်လိုက်၏။
"မင်းက သရဲတစ္ဆေတွေကို အတင်းအကြပ်ဝါးမြိုခဲ့တယ်....ဒါက သူတို့ရဲ့စိတ်ဝိညာဥ်တွေကို ဆုံးရှုံးသွားစေပြီးတော့ သူတို့ ပြန်လည်ဝင်စားခွင့်မရတော့တာနဲ့ အတူတူပဲ...ဒါက နတ်ဆိုးလမ်းကြောင်းနဲ့ ဘာကွဲပြားခြားနားမှုမှမရှိဘူး"
ယင်ချီနဂါးကြီးက ခေါင်းမော့ကာ ကျယ်လောင်ပြီး ကြီးကျယ်ခမ်းနားသောလေသံဖြင့် ပြောဆိုသည်။
"ဒီနေရာမှာရှိတဲ့ အရာအားလုံးက ငါ့ရဲ့အပိုင်ပဲ...အဲ့ဒီသရဲတစ္ဆေတွေက ငါ့ရဲ့ကျေးကျွန်လေးတွေသက်သက်ပဲ...သူတို့တွေက မကုန်ခန်းနိုင်လောက်အောင် ပေါများတယ်...ငါ သူတို့ကို သတ်လိုက်ရင်တောင် ဘာဖြစ်မှာမလို့လဲ...ငါ့ရဲ့လက်ထဲမှာ အကန့်အသတ်မရှိတဲ့ ယင်ချီတွေရှိနေတယ်...မင်း ဘာကိုသုံးပြီး ငါနဲ့တိုက်ခိုက်မှာလဲ"
ထိုစကားဆုံးသည်နှင့် ယင်ချီနဂါးကြီးသည် သူ၏ပါးစပ်မှနေ၍ အနက်ရောင်အခိုးအငွေ့များကို မှုတ်ထုတ်ကာ လုယွီ၏ရှေ့ရှိ ကျင်းနက်ကြီးအတွင်းသို့ ကျရောက်သွားသည်။
တရားသူကြီးစွေ့သည် လုယွီ၏လက်ဝါးရိုက်ချက်နှစ်ချက်ကို ခံယူရပြီးနောက် မသန်မစွမ်းဖြစ်သွားလုနီးပါးပင်။အနက်ရောင်အခိုးအငွေ့များ၏ လွှမ်းမိုးမှုအောက်တွင် သူ၏ခန္ဓာကိုယ်မှဒဏ်ရာများ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်စပြုလာကာ နောက်ဆုံးတွင် နဂိုမူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားတော့သည်။
"စီရင်စုသခင်...ဒီကောင်လေးက ဘယ်လိုနည်းလမ်းတွေ အသုံးပြုခဲ့လဲဆိုတာ ကျွန်တော်မသိပေမယ့် သူက မြေအောက်လောကနတ်ဘုရားရဲ့ အမွှေးနံသာစွမ်းအားတွေကို စုပ်ယူခဲ့တယ်...ကျွန်တော်တို့ သူ့ကို အလွတ်ပေးလို့မဖြစ်ဘူး"
တရားသူကြီးစွေ့က ယင်ချီနဂါးကြီး၏နောက်သို့ ခုန်ဝင်၍ပုန်းအောင်းကာ ကျယ်လောင်သောအသံဖြင့် ပြောဆိုသည်။
"ဘာ...."
ယင်ချီနဂါးကြီး၏မျက်လုံးများ အေးစက်သွားသည်။
"မင်းက မြေအောက်လောကနတ်ဘုရားရဲ့အမွှေးနံသာစွမ်းအားကိုတောင် ခိုးယူဝံ့တာလား...ဘာကိစ္စပဲရှိနေနေ ငါ မင်းကို အသက်ရှင်ခွင့်မပေးနိုင်ဘူး"
လုယွီက ယင်ချီနဂါးကြီးကို အချိန်တခဏကြာ စူးစိုက်ကြည့်ပြီးနောက် သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
"အရင်တုန်းက ငါ ဒီနေရာကိုလာတာ စိတ်ဝိညာဥ်တစ်ခုကို ပြန်ခေါ်သွားရုံပဲ...ကြည့်ရတာတော့ ဒီနေရာကို သန့်ရှင်းအောင်လုပ်ဖို့ အချိန်ကျပြီ...မင်းတို့နှစ်ယောက်က ခွင့်ပြုချက်မရှိဘဲ မြေအောက်လောကနတ်ဘုရားရဲ့အမွှေးနံသာစွမ်းအားတွေကို ခိုးယူဝံ့တယ်...ဒီလိုသတ္တိမျိုး မင်းတို့ ဘယ်ကရလာတာလဲ"
လုယွီသည် ယင်ချီနဂါးကြီးထံမှလည်း မြေအောက်လောကနတ်ဘုရား၏အရှိန်အဝါကို အာရုံခံမိသည်။
သူတို့သည် ကပ်ပါးကောင်များပင်။
သူတို့သည် ငရဲနယ်မြေ၌ တွယ်ကပ်နေကာ လုယွီပိုင်ဆိုင်သော အမွှေးနံသာစွမ်းအားများကို ခိုးယူနေလေ၏။
"မင်းကိုယ်မင်း ဘာကောင်ထင်နေတာလဲ...မင်းက ဘယ်လိုသတ္တိနဲ့ ငါတို့ကို ဝေဖန်ဝံ့တာလဲ...ဒီနေ့ မင်းတင်မကဘူး အဲ့ဒီမိန်းကလေး...သူ့ကိုပါ ခေါ်သွားဖို့မစဥ်းစားနဲ့"
ယင်ချီနဂါးကြီးက ရုတ်တရက် သေခြင်းရှင်ခြင်းမှတ်တမ်းစာအုပ်ကိုဆင့်ခေါ်ကာ ပိုင်မင်ဟန်၏နာမည်ရှိနေသော စာမျက်နှာကို လှန်လိုက်သည်။
ထိုစာမျက်နှာပေါ်တွင် ပိုင်မင်ဟန်၏ဘဝသက်တမ်း နှစ်တစ်ရာခန့် ကျန်ရှိနေသေးသည်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပေ၏။သူမ၏စိတ်ဝိညာဥ်သည် သူမ၏ရုပ်ခန္ဓာမှ အတင်းအကြပ်ဆွဲခွါခြင်းခံရသော်လည်း အမှန်အားဖြင့် ဤသည်က သူမ ငရဲနယ်မြေသို့ရောက်ရှိလာရန် မလုံလောက်ချေ။
ပိုင်မင်ဟန် ငရဲနယ်မြေ၌ ထွက်ပေါ်လာရခြင်းမှာ ငရဲနယ်မြေအရှင်သခင်၏နည်းလမ်းများကြောင့်ပင်။
"အခုချက်ချင်း သူ သေရမယ်"
ယင်ချီနဂါးကြီးသည် သူ၏စုတ်တံကိုဆင့်ခေါ်ကာ ပိုင်မင်ဟန်၏ဘဝသက်တမ်းပေါ်၌ အနီရောင်ကြက်ခြေခတ်တစ်ခုကို ခြစ်ဆွဲလိုက်၏။
ရုတ်ချည်းဆိုသလိုပင် ပိုင်မင်ဟန်ထံ၌ တစ်စုံတစ်ခုသက်ရောက်သွားပုံဖြင့် သူမ၏ခန္ဓာကိုယ်ယိမ်းယိုင်သွားကာ သူမက မျက်မှောင်ကြုတ်လိုက်သည်။
"ငါ့ရဲ့အသိစိတ်တွေ တဖြည်းဖြည်းဝေဝါးလာသလို ခံစားနေရတယ်"
ပိုင်မင်ဟန်၏အသံသည် အေးစက်နေသည်။သို့ရာတွင် သူမ၏အသံတွင် မည်သည့်ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်မျိုးမျှ ရှိမနေချေ။
သူမ၏တာအိုနှလုံးသားသည် အလွန်သန်မာအားကောင်းသဖြင့် သေခြင်းတရားနှင့် ရင်ဆိုင်နေရသည့်တိုင် သူမ၏တည်ငြိမ်အေးဆေးမှုကို ထိန်းသိမ်းထားနိုင်ဆဲပင်။
လုယွီက ရုတ်တရက် ပြောဆိုသည်။
"သေခြင်းရှင်ခြင်းစာအုပ်က မင်း ပြောင်းလဲပြင်ဆင်လို့ရတဲ့ အရာမျိုးလား"
သူ၏အသံတွင် မိုးကောင်းကင်၏ဥပဒေသများပါဝင်နေပုံရကာ ခုခံတော်လှန်ခြင်းမပြုနိုင်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
မူလက သေခြင်းရှင်ခြင်းစာအုပ်ပေါ်ရှိ ပိုင်မင်ဟန်၏ဘဝသက်တမ်း ပယ်ဖျက်ခံထားရသည်။သို့ရာတွင် လုယွီ၏လွှမ်းမိုးမှုအောက်တွင် သူမ၏ဘဝသက်တမ်းပေါ်ရှိ မင်နီကြက်ခြေခတ် တဖြည်းဖြည်း ပျောက်ကွယ်သွားလေ၏။
Chapter 2692
သေခြင်းရှင်ခြင်းစာအုပ်၏စာမျက်နှာပေါ်တွင် ပိုင်မင်ဟန်၏ဘဝသက်တမ်း တဖန်ပြန်၍ထင်ဟပ်လာသည်။
ယင်ချီနဂါးကြီး၏ခန္ဓာကိုယ် အနည်းငယ်တုန်ရီသွားကာ သူ့ရှေ့၌မြင်တွေ့နေရသောဖြစ်ရပ်ကို သူ မယုံကြည်နိုင်တော့ချေ။
သူသည် ငရဲနယ်မြေ၏အုပ်ချုပ်သူ ငရဲနယ်မြေ၏အရှင်သခင်ဖြစ်ကာ ငရဲနယ်မြေအတွင်း၌ အကြွင်းမဲ့အာဏာရှိသူပင်။
တစ်စုံတစ်ယောက်၏ဘဝသက်တမ်းကို ထိန်းညှိရန်မှာ သူ့အတွက် ရိုးရှင်းသောကိစ္စတစ်ရပ်ဖြစ်ပြီး အင်အားများစွာစိုက်ထုတ်ရန်မလိုချေ။
သို့ရာတွင် ယခုလက်ရှိချိန်၌ သူ တန်ပြန်ရိုက်ခတ်မှုဒဏ်ကို ခံစားလိုက်ရသည်။
ဤအချိန်အခိုက်အတန့်တွင် အနက်ရောင်နဂါးကြီး၏နှုတ်ခမ်းထောင့်မှနေ၍ အနက်ရောင်သွေးများ တစ်စက်စက်ယိုစီးကျနေသည်။သေခြင်းရှင်ခြင်းစာအုပ်သည် သူ၏ထိန်းချုပ်မှုအောက်မှ ပျံသန်းထွက်သွားကာ လုယွီ၏လက်အတွင်းသို့ ရောက်ရှိသွားလေ၏။
"မင်းက ငါ့ရဲ့မှော်ရတနာကို ယူရဲတယ်ပေါ့လေ"
ယင်ချီနဂါးကြီးက နှလုံးကွဲကြေလုမတတ် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သေခြင်းရှင်ခြင်းစာအုပ်သည် ငရဲနယ်မြေ၏စွမ်းအားကို ချုပ်ကိုင်ထားသော အထိမ်းအမှတ်မှော်ရတနာပင်။
ဤသည်က တော်ဝင်နန်းတွင်း၏ကျောက်စိမ်းစည်းတံဆိပ်နှင့်တူညီပြီး ငရဲနယ်မြေအတွင်း၌ အလွန်အမင်းမြင့်မြတ်သော မှော်ရတနာဖြစ်သည်။
ယခုလက်ရှိချိန်တွင် ယင်ချီနဂါးကြီးသည် သေခြင်းရှင်ခြင်းစာအုပ်၏တည်ရှိမှုကို အာရုံခံနိုင်ခြင်းမရှိတော့ချေ။
လုယွီက သူ၏လက်အတွင်း၌ သေခြင်းရှင်ခြင်းစာအုပ်ကို ကိုင်ဆောင်လိုက်ချိန်တွင် ရင်းနှီးကျွမ်းဝင်သောခံစားချက်မျိုးက မြင့်တက်လာသည်။
"ဒီပစ္စည်းက အစကတည်းက မင်းရဲ့အပိုင်မဟုတ်ဘူး"
လုယွီက ဗြောင်ကျကျ ပြောဆိုသည်။
သူသည် သေခြင်းရှင်ခြင်းစာအုပ်ပေါ်၌ ပြင်ဆင်ပြောင်းလဲထားသော ခြေရာလက်ရာအမြောက်အများကို အာရုံခံမိသည်။
ဤသည်က ငရဲနယ်မြေအရှင်သခင်၏လက်ချက်ဖြစ်မည်မှာ သိသာထင်ရှားလှ၏။
ဤကိစ္စသည် ပြန်လည်ဝင်စားခြင်းသံသရာစက်ဝန်းကို အနှောက်အယှက်ဖြစ်စေကာ ငရဲနယ်မြေတစ်ခုလုံး၏အစီအစဥ်ကျနမှုကို ဖျက်ဆီးသည့်ကိစ္စဟု ဆိုနိုင်သည်။အကယ်၍ အတိတ်က မြေအောက်လောကတစ်ဆယ့်ရှစ်နယ်မြေအတွင်းတွင် ဤကဲ့သို့အပြစ်မျိုး ကျူးလွန်ဝံ့သူရှိပါက ထိုလူသည် ချွင်းချက်မရှိ ကွပ်မျက်ခြင်းခံရပေမည်။
ယင်ချီနဂါးကြီးက ဒေါသတကြီး တုံ့ပြန်ပြောဆိုသည်။
"ဘာလို့ ဒီပစ္စည်းက ငါ့ရဲ့အပိုင် မဟုတ်ရမှာလဲ...မင်းက ငါ့ရဲ့ရတနာကို လုယူထားတာလေ...မင်း သေသင့်တယ်"
သူက ရုတ်တရက် ခေါင်းမော့ကာ အော်ဟစ်ကြုံးဝါးလိုက်၏။
"မြေကမ္ဘာနတ်ဆိုး မြေအောက်လောကဖွင့်လှစ်ခြင်းဝင်္ကပါ...မြင့်တက်စမ်း"
ယင်ချီနဂါးကြီး၏အသံ ထွက်ပေါ်လာသည်နှင့် ငရဲနယ်မြေ၏မြေပြင်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ကျယ်လောင်သောတုန်ခါသံကြီးများ မြေပြင်မှ ဆက်တိုက်ထွက်ပေါ်လာပေ၏။မြေနဂါးတစ်ကောင် ကျွမ်းထိုးမှောက်ခုံလူးလိမ့်နေသည့်အလား မြေပြင်ပေါ်၌ ထင်ရှားသောအက်ကွဲကြောင်းကြီးများ ကွဲထွက်စပြုလာသည်။
"စီရင်စုသခင်...ကျွန်တော်တို့က မဟာဝင်္ကပါကြီးရဲ့အထဲမှာလေ"
တစ္ဆေစစ်ဗိုလ်ချုပ်များ၏မျက်နှာအမူအယာများ သိသိသာသာပျက်ယွင်းသွားကြကာ သူတို့က ထွက်ပြေးရန် ကြံစည်လိုက်ကြသည်။
သို့ရာတွင် မဟာဝင်္ကပါကြီး၏အထက်တွင် အပြာရောင်အလင်းလွှာတစ်လွှာက လွှမ်းခြုံထားကာ မဟာခန်းမရှိနေသောနေရာကိုဝိုင်းရံထားပြီး ပြင်ပနှင့်အပြည့်အဝ ပိုင်းခြားထားသည်။
ယင်ချီနဂါးကြီးသည် သူတို့အား လုံးလုံးလျားလျား လျစ်လျှူရှုထားသည်။
"အမှိုက်တစ်သိုက်...ဒီလူတစ်ယောက်ကိုတောင် ဟန့်တားမထားနိုင်ဘူး...မင်းတို့ကိုချန်ထားလို့ ဘာအသုံးဝင်မှာလဲ"
တစ္ဆေစစ်ဗိုလ်ချုပ်များ မည်မျှပင် အသနားခံတောင်းပန်နေပါစေ ယင်ချီနဂါးကြီးသည် သူတို့ကို ဂရုမစိုက်ချေ။
မဟာဝင်္ကပါကြီး၏အတွင်းရှိ မြေပြင်ပေါ်၌ အပြာရင့်ရောင်မီးတောက်များ အစုလိုက်အပြုံလိုက် ထွက်ပေါ်လာသည်။ထိုမီးတောက်များသည် အလွန်ပြင်းထန်စွာ လောင်ကျွမ်းနေသဖြင့် ပတ်ဝန်းကျင်ရှိလေဟာနယ်ပင် ပုံပျက်စပြုလာလေ၏။
တစ္ဆေစစ်ဗိုလ်ချုပ်များအနက်မှတစ်ယောက်သည် ထိုမီးတောက်ကို မတော်တဆထိတွေ့မိရာ ချက်ချင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို မီးတောက်များလွှမ်းခြုံသွားပြီး သူ မလွတ်မြောက်နိုင်တော့ချေ။
"အား အား...ဒါက ငရဲနယ်မြေမှာရက်စက်ကြမ်းကြုတ်ဆုံးမီးတောက်ဖြစ်တဲ့ မြေနတ်ဆိုးမီးတောက်ပဲ"
ထိုတစ္ဆေစစ်ဗိုလ်ချုပ်သည် စူးရှနာကျင်စွာအော်ဟစ်၍ မြေပြင်ပေါ်၌ကွေးကောက်နေကာ အနည်းငယ်မျှပင် ရွေ့လျားနိုင်ခြင်းမရှိချေ။
ထိုတစ္ဆေစစ်ဗိုလ်ချုပ်၏ကျင့်ကြံဆင့်နယ်ပယ်သည် အားနည်းခြင်းမရှိသော်လည်း မြေနတ်ဆိုးမီးတောက်နှင့်ရင်ဆိုင်ရချိန်တွင် အနည်းငယ်မျှပင် ခုခံနိုင်ခြင်းမရှိပေ။
ရက်စက်ကြမ်းကြုတ်သောမီးတောက်က ချက်ချင်းဆိုသလိုပင် တစ္ဆေစစ်ဗိုလ်ချုပ်၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားကာ ပြာဖြစ်သည်အထိ လောင်ကျွမ်းသွားစေသည်။
တခြားတစ္ဆေစစ်ဗိုလ်ချုပ်များသည် ထိုမြင်ကွင်းကိုကြည့်ပြီးနောက် သူတို့၏ခန္ဓာကိုယ်များတုန်ရီသွားကာ လုယွီ၏နောက်သို့ ရောက်ရှိလာကြ၏။
သူတို့ သေဆုံးလိုခြင်းမရှိချေ။
ကြည့်ရသည်မှာ သူတို့သည် ထိုမီးတောက်များကိုထိတွေ့မိသည်နှင့် ချက်ချင်းသေဆုံးသွားရမည့်ပုံရှိသည်။
"စီရင်စုသခင်က ငါတို့အားလုံးကို သတ်မလို့ပဲ...အခု ငါတို့က ဘယ်နေရာကို ထွက်ပြေးရမှာလဲ"
တစ္ဆေစစ်ဗိုလ်ချုပ်များသည် အလွန်စိတ်လှုပ်ရှားနေကာ သူတို့၏ခြေထောက်များကို မြေပြင်ပေါ်သို့ အဆက်မပြတ်ဆောင့်နင်းနေကြသည်။
"မင်းအခု နေရတာအဆင်ပြေသွားပြီလား"
လုယွီက ထိတ်လန့်ကြောက်ရွံနေခြင်းမရှိချေ။ထိုအစား သူက ပိုင်မင်ဟန်ကိုကြည့်ကာ မေးမြန်းလိုက်၏။
ပိုင်မင်ဟန်၏ဘဝသက်တမ်းကို ပြန်လည်ထိန်းသိမ်းပြီးပြီဖြစ်သဖြင့် သူမ၏စိတ်ဝိညာဥ် ပို၍ကျစ်လစ်ခိုင်မာသွားလေပြီ။သူမက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။
"နင် ဒီမီးတောက်တွေနဲ့ပတ်သတ်ပြီး စိုးရိမ်ပူပန်မှုမရှိဘူးလား....တစ္ဆေစစ်ဗိုလ်ချုပ်တွေကိုကြည့်ရတာ ဒီမီးတောက်တွေကို ကြောက်ရွံနေတဲ့ပုံပဲ...ဒါပေမယ့် နင်က ငါ့ကိုပဲ စိုးရိမ်ပူပန်နေတယ်"
"ငါက ဘာလို့ ဒီဝင်္ကပါလောက်ကို စိုးရိမ်ပူပန်ဖို့ လိုအပ်မှာလဲ"
လုယွီက သူ၏အင်္ကျီလက်ကို လှုပ်ခတ်၍ မှော်စွမ်းအားလှိုင်းတစ်လှိုင်းကို ဝင်္ကပါ၏ထောင့်တစ်နေရာထံ ပစ်လွှတ်လိုက်သည်။
ထိုထောင့်တစ်နေရာသည် တခြားနေရာများနှင့် ကွဲပြားခြားနားခြင်းမရှိသော်လည်း လုယွီ၏စွမ်းအားလှိုင်း ကျရောက်သွားသည်နှင့် မဟာဝင်္ကပါကြီးမှ ဖြစ်တည်လာသည့် ပတ်ဝန်းကျင်ရှိမီးတောက်များအားလုံး ပျက်ပြယ်သွားတော့သည်။
Chapter 2693
ဝင်္ကပါကြီးတစ်ခုလုံး တံ့သွားသောအခြေအနေသို့ ရောက်ရှိသွားသည်။
မူလက ယင်ချီနဂါးကြီး၏မျက်နှာပေါ်တွင် လှောင်ပြောင်ရယ်မောလိုသောအရိပ်အယောင်များနှင့် ပြည့်နှက်နေသော်လည်း ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ကြက်သေသေသွားလေ၏။
ဤသည်က သူ၏အစွမ်းထက်ဆုံးမှော်မန္တန်ပင်။ထိုအရာကိုရွတ်ဆိုလိုက်သည်နှင့် မည်သူမဆို မြေနတ်ဆိုးမီးတောက်၏ အရှင်လတ်လတ်လောင်ကျွမ်းခြင်းခံရပေမည်။
ဤနေရာသည် ငရဲနယ်မြေဖြစ်သဖြင့် မြောက်မြားစွာသောယင်ချီများက မြေနတ်ဆိုးမီးတောက်ကို အဆက်မပြတ်အားဖြည့်ပေးကာ ပို၍ပို၍အားကောင်းလာစေသည်။
ယခင်က ငရဲနယ်မြေသို့ဆင်းသက်လာသော ယန်ကမ္ဘာလောကမှ အစွမ်းထက်ကျင့်ကြံသူများရှိသော်လည်း အဆုံးသတ်တွင် သူတို့သည် မြေနတ်ဆိုးမီးတောက်၏လောင်ကျွမ်းခံရမှုကြောင့် သေဆုံးသွားကြ၏။
သို့ရာတွင် ယခုလက်ရှိချိန်၌ မဟာဝင်္ကပါကြီး အလွန်လွယ်ကူစွာ ပျက်စီးသွားလေပြီ။
ထို့ပြင် လုယွီသည် အနည်းငယ်မျှပင် ထိခိုက်ဒဏ်ရာရရှိခြင်းမရှိချေ။
"မင်းမှာ တခြားနည်းစနစ်တွေ မရှိတော့ဘူးလား...မင်းရဲ့အသုံးမဝင်တဲ့နည်းစနစ်တွေ ငါ့ရှေ့မှာလာပြီး ထုတ်မပြစမ်းနဲ့"
လုယွီက လေသံပြတ်ပြတ်ဖြင့် ပြောဆိုသည်။
သူသည် လေထုအတွင်း၌ မတ်တတ်ရပ်နေကာ သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ကြီးကျယ်ခမ်းနားသောအရှိန်အဝါများ ဖြာထွက်နေပြီး ကောင်းကင်ယံမှဆင်းသက်လာသော အစစ်အမှန်အင်မော်တယ်တစ်ယောက်နှင့် တူညီနေသည်။
အစောပိုင်းက လုယွီကို ပစ်မှတ်ထားနေခဲ့သော တစ္ဆေစစ်ဗိုလ်ချုပ်များသည်လည်း ယခုချိန်တွင် သူ့နောက်၌ ပုန်းအောင်းနေကြ၏။
ယခုချိန်တွင် စီရင်စုသခင်သည် သူတို့ကိုပါ တိုက်ခိုက်နေလေရာ လုယွီတစ်ယောက်တည်းကသာ သူတို့ကို ကာကွယ်ပေးနိုင်ပေမည်။
"ဖြစ်နိုင်တာတော့ မင်းက ဝင်္ကပါပညာရှင်တစ်ယောက်လား...မဖြစ်နိုင်ဘူး...ဒီဝင်္ကပါကို မြေအောက်လောကနတ်ဘုရားကိုယ်တိုင် ခင်းကျင်းခဲ့တာ...မင်းရဲ့ဝင်္ကပါပညာရပ် ဘယ်လောက်သိမ်မွေ့နက်နဲနေပါစေ ဒါကိုအလွယ်တကူ ချိုးဖျက်နိုင်မှာမဟုတ်ဘူး"
ယင်ချီနဂါးကြီးသည် ဒေါသတကြီး အော်ဟစ်ကြုံးဝါးကာ သူ၏မျက်လုံးကိုပင် သူ မယုံကြည်နိုင်တော့ချေ။
"မင်းမှာ တခြားနည်းစနစ်မရှိတော့ဘူးဆိုရင်တော့....မင်း သေလိုက်တော့"
လုယွီသည် စကားပြောဆို၍ အချိန်ဖြုန်းလိုစိတ်မရှိတော့ချေ။သူသည် နဂါးနက်လက်သည်းကိုဆန့်ထုတ်၍ ယင်ချီနဂါးကြီးကို ဖမ်းဆုပ်လိုက်၏။
"ငါက ငရဲနယ်မြေအရှင်သခင်....သရဲတစ္ဆေတွေအားလုံး ငါ့ကို အညံခံကြစမ်း...မင်းတို့အားလုံးပဲ...မင်းတို့ရဲ့အသက်တွေ ငါ့ကိုပေးကြစမ်း"
လုယွီ၏ဖမ်းဆုပ်ခြင်းကို ခံရချိန်တွင် ယင်ချီနဂါးကြီးက စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ငရဲနယ်မြေအတွင်းရှိ အနီးအနားမြို့များမှ သရဲတစ္ဆေများအားလုံးသည် သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ကြတော့ဘဲ ယင်ချီနဂါးကြီးထံသို့ဦးတည်၍ မျောလွင့်လာကြသည်။
ထိုသရဲတစ္ဆေများအကြားတွင် ကျားမမရွေး အသက်အရွယ်မရွေး ပါဝင်သည်။သူတို့သည် အသက်ရှင်သန်နေစဥ်အတောအတွင်း၌ မည်သည့်ကြီးလေးသောပြစ်မှုကိုမျှ ကျူးလွန်ခဲ့ခြင်းမရှိချေ။သို့ရာတွင် သူတို့၏ဘဝသစ်ပြန်ရရန် အချိန်မကျသေးသဖြင့် မြို့များအတွင်း၌နေထိုင်ကာ ပြန်လည်ဝင်စားခွင့်ရမည့်အချိန်ကို စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။
သို့သော် မုန်းတီးစက်ဆုပ်ဖွယ်ကောင်းသော ငရဲနယ်မြေအရှင်သခင်သည် သူတို့၏အသက်များကို သူ၏အပိုင်ဟု ဆုံးဖြတ်ခဲ့သည်။ငရဲနယ်မြေအရှင်သခင်၏ဝါးမြိုခြင်းခံရသော သရဲတစ္ဆေများအားလုံး၏စိတ်ဝိညာဥ်များ တစစီကြေမွှပျက်စီးသွားကာ ပြန်လည်ဝင်စားနိုင်သည့်အခွင့်အရေး ဆုံးရှုံးသွားပေမည်။
"မင်းက တကယ့်ကို သေဖို့ထိုက်တန်တယ်"
အေးစက်စက်အလင်းတန်းတစ်တန်းက လုယွီ၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။
ထိုသရဲတစ္ဆေများသည် မူလက မြေအောက်လောကနတ်ဘုရားကို ဝတ်ပြုကိုးကွယ်သူများဖြစ်သည်။တခြားစကားပြောဆိုရလျှင် သူတို့အားလုံးသည် လုယွီ၏လူများပင်။
ငရဲနယ်မြေအရှင်သခင်၏ ဤကဲ့သို့အပြုအမူမျိုးသည် စည်းမျဥ်းကိုဆန့်ကျင်နေပေ၏။အကယ်၍ ဧကရာဇ်တစ်ပါးသည် ပြစ်မှုကျူးလွန်သူများကို အပြစ်ပေးလိုပါက သူ၏လက်အောက်ငယ်သားများကိုသာ စေလွှတ်ပေမည်။မည်သည့်ဧကရာဇ်ကမျှ ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်မည်မဟုတ်ချေ။
ဘုန်း....
နဂါးလက်သည်းသည် ယင်ချီနဂါးကြီးကိုဖမ်းဆုပ်ထားရာမှ မြေပြင်ပေါ်သို့ လွှတ်ချလိုက်သည်။
ယင်ချီနဂါးကြီးသည် မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီးနောက် သူ၏ခန္ဓာကိုယ်မှ ယင်ချီများအားလုံး ပျက်ပြယ်သွားတော့သည်။သူက တုန်လှုပ်ချောက်ချားစွာဖြင့် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"မြန်မြန်...မြန်မြန်...မင်းတို့ကိုယ်မင်းတို့ စတေးပြီး ငါ့ကို စွမ်းအားတွေပေးကြစမ်း"
ငရဲမြို့အတွင်း၌ မြောက်မြားစွာသောသရဲတစ္ဆေများနှင့် ဖရိုဖရဲဖြစ်နေသည်။
သူတို့၏စိတ်ဝိညာဥ်များကို သူတို့မထိန်းချုပ်နိုင်တော့သကဲ့သို့ ခံစားနေရကာ သူတို့သည် ယင်ချီနဂါးကြီးထံဦးတည်၍ ရွေ့လျားနေကြရသည်။
"ဟား ဟား ဟား...ဘယ်လိုပဲဖြစ်ဖြစ် မင်း ငါ့ကို သတ်နိုင်မှာမဟုတ်ဘူး....ငရဲနယ်မြေထဲမှာ ငါ့ရဲ့စွမ်းအားတွေကို ထောက်ပံပေးဖို့ မရေမတွက်နိုင်တဲ့ သရဲတစ္ဆေတွေရှိတယ်....ဒီနေရာမှာ ငါက ပြိုင်ဘက်ကင်းပဲ"
ယင်ချီနဂါးကြီးသည် အောင်မြင်မှုကို ဖမ်းဆုပ်ထားနိုင်သည့်အလား ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်၏။
သရဲတစ္ဆေများသည် ရုန်းကန်နေကြသော်လည်း ငရဲနယ်မြေအရှင်သခင်၏ထိန်းချုပ်ထားမှုအောက်မှ လွတ်မြောက်နိုင်ခြင်းမရှိချေ။
အကြောင်းအရင်းမှာ ငရဲနယ်မြေအရှင်သခင်ဟူသည်မှာ မြေအောက်လောကနတ်ဘုရားမှနေ၍ ငရဲနယ်မြေအသီးသီးသို့ စေလွှက်ထားသည့် ပြောရေးဆိုခွင့်ရှိသူ ဖြစ်နေသောကြောင့်ပင်။
သူတို့သည် မြေအောက်လောကနတ်ဘုရား ပေးအပ်ထားမှုအရ အတိုင်းအတာတစ်ခုထိ အခွင့်အာဏာရှိသည်။
ဥပမာအနေဖြင့် သရဲတစ္ဆေများ၏ရှင်ခြင်းသေခြင်းကို ငရဲနယ်မြေအရှင်သခင်များမှ ဆုံးဖြတ်ပိုင်ခွင့်ရှိပေ၏။
"အဲ့ဒီလိုလား...မင်းတို့အားလုံး ပြန်သွားကြစမ်း"
လုယွီသည် ယင်ချီနဂါးကြီးထံတိုးဝင်လာသော သရဲတစ္ဆေများကိုကြည့်ပြီး အေးစက်စက်အော်ငေါက်လိုက်သည်။
ထိုအသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ရုတ်ချည်းဆိုသလိုပင် လျှို့ဝှက်ဆန်းကြယ်သောအားလှိုင်းတစ်ရပ်က ပတ်ဝန်းကျင်နေရာတဝိုက်လုံးသို့ တဟုန်ထိုးဖြတ်သန်းသွားတော့သည်။
Chapter 2694
လုယွီ၏အော်ငေါက်သံ ရပ်တန့်သွားချိန်တွင် ယင်ချီနဂါးကြီးထံတိုးဝင်နေသော သရဲတစ္ဆေများအားလုံး သူ၏ထိန်းချုပ်ထားမှုအောက်မှ လွတ်မြောက်သွားတော့သည်။
ယင်ချီနဂါးကြီးသည် ထိုသရဲတစ္ဆေများမှ သူ၏စွမ်းအားများအား ပြန်လည်ဖြည့်တင်းပေးမည်ကို စောင့်ဆိုင်းနေသော်လည်း ရုတ်တရက် သူ မျှော်လင့်မထားသောအခြေအနေ ဖြစ်ပွါးသွားခဲ့သည်။သရဲတစ္ဆေများအားလုံး သူ၏ထိန်းချုပ်မှုအောက်မှ လွတ်ကင်းသွားလေပြီ။
"သောက်ချေးပဲ...သောက်ချေးပဲ...ငါ ဒီလိုလုပ်ဖို့ မင်း ဖိအားပေးခဲ့တာ....ဒီနေ့ ဒီနေရာမှာရှိနေတဲ့သူအားလုံး တစ်ယောက်မှအသက်မရှင်စေရဘူး"
ယင်ချီနဂါးကြီးသည် ကူကယ်ရာမဲ့စွာ အရှက်ခွဲအနိုင်ကျင့်ခံရသကဲ့သို့ ခံစားနေရ၏။သူသည် ရူးသွပ်သွားလုနီးပါးပင်။
မည်သည့်နည်းစနစ်ကို သူ အသုံးပြုသည်ဖြစ်စေ လုယွီက လွယ်လင့်တကူဖြေရှင်းနိုင်သည်။
ဤသည်က သူတို့အားလုံးသည် သူ ငရဲနယ်မြေအရှင်သခင်ကို မထီမဲ့မြင်ပြုနေကြခြင်းပင်။
ယင်ချီနဂါးကြီးသည် ရုတ်တရက် ကောင်းကင်ယံကိုမော့ကြည့်ပြီးနောက် ရှည်လျားသောမန္တန်တစ်ပုဒ်ကိုရွတ်ဆိုလိုက်ကာ ကောင်းကင်ယံအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ထိုမှော်မန္တန်ထွက်ပေါ်လာသည်နှင့်အတူ ယင်ချီနဂါးကြီး၏ခန္ဓာကိုယ်သည် ဝေဝါးစပြုလာလေ၏။သို့ရာတွင် သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်ရှိ အရှိန်အဝါများ ပို၍ပြင်းထန်စွာ ပြန့်ကားလာကာ အလွန်အမင်း အစွမ်းထက်လာသည်။
တလိမ့်လိမ့်ထနေသောယင်ချီများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ထိုယင်ချီများကြားမှနေ၍ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးထွက်ပေါ်လာကာ လေထုအတွင်း၌ မျောလွင့်နေပေ၏။
"နတ်ဘုရား...ကျေးဇူးပြုပြီး ကျွန်တော်ကိုကူညီပေးပါ"
ယင်ချီနဂါးကြီးက ကျယ်လောင်ပြီး ကြည်လင်ပြတ်သားသောအသံဖြင့် ပြောဆိုသည်။
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် တစ္ဆေစစ်ဗိုလ်ချုပ်များအားလုံး၏မျက်နှာများ ဖြူရော်သွားသည်။
မြင်းမျက်နှာတစ္ဆေစစ်ဗိုလ်ချုပ်၏ခြေထောက်များ ပျော့ခွေသွားကာ သူက ပြောဆိုလိုက်၏။
"စီရင်စုသခင်က သူ့ရဲ့ဝှက်ဖဲတွေအားလုံးကို ထုတ်သုံးလိုက်ပြီ...သူက မြေအောက်လောကနတ်ဘုရားကိုတောင် ဆင့်ခေါ်လိုက်တယ်...မြေအောက်လောကနတ်ဘုရားရဲ့စွမ်းအားကို ဘယ်သူမှတောင့်ခံနိုင်မှာမဟုတ်ဘူး...ငရဲနယ်မြေမှာ မြေအောက်လောကနတ်ဘုရားက အရာအားလုံးရဲ့ အကြွင်းမဲ့အာဏာရှင်ပဲ....တကယ်လို့ စီရင်စုသခင်သာ အောင်မြင်သွားရင် ငါတို့အားလုံး သေသွားလိမ့်မယ်"
တစ္ဆေစစ်ဗိုလ်ချုပ်များအားလုံးသည် အဆင့်အတန်းမြင့်မားသူဖြစ်စေ နိမ့်ကျသူဖြစ်စေ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏ရှေ့တွင် သူတို့၏ခေါင်းများကို မမော့ဝံ့ချေ။
မည်သည့်ငရဲနယ်မြေတွင် ဖြစ်နေပါစေ မြေအောက်လောကနတ်ဘုရားသည် နယ်မြေအတွင်းရှိအရာရာတိုင်း၏အုပ်ချုပ်သူအရှင်သခင်ပင်။
သူတို့ကဲ့သို့သရဲတစ္ဆေများသည် တစ္ဆေဘုရင်ဖြစ်စေ တစ္ဆေစစ်ဗိုလ်ချုပ်ဖြစ်စေ စိတ်ဝိညာဥ်အဆင့်အရ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးထက် များစွာပို၍နိမ့်ကျသည်။
မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး ထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် သရဲတစ္ဆေများအားလုံး လွင့်ထွက်သွားတော့သည်။
"ဟား ဟား ဟား...ကောင်လေး...ဒီတစ်ကြိမ်တော့ မင်း လွတ်မြောက်နိုင်မှာမဟုတ်ဘူး...ပြင်ပလောကမှာ မင်းက ဘယ်လိုအရည်အချင်းမျိုးတွေရှိတယ်ဆိုတာ ငါ မသိပေမယ့် မင်းက ငရဲနယ်မြေကိုလာပြီး ပြဿနာရှာခဲ့တယ်...ငါ မင်းကိုသတ်ပြီး မင်းရဲ့စိတ်ဝိညာဥ်ကိုဆွဲထုတ်တဲ့အချိန်ထိ မင်း စောင့်နေလိုက်....ငါ မင်းကို အဆိုးရွားဆုံးအကျဥ်းထောင်ကိုပို့ပြီး နေ့ရောညပါ ညှင်းပန်းနှိပ်စက်မယ်....မင်း သေပါရစေလို့တောင် ဒူးထောက်တောင်းပန်စေရမယ်"
ယင်ချီနဂါးကြီး၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သော အမူအယာမျိုး ထင်ဟပ်နေသည်။သူသည် လုယွီကို အရှင်လတ်လတ် အရေခွံခွါချင်နေပုံပင်။
မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး တစတစ ဖွဲ့စည်းပြီးသွားချိန်တွင် ပတ်ဝန်းကျင်ရှိယင်ချီများသည်လည်း နောက်ဆုံးတွင် အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားလေပြီ။
ငရဲမြို့အတွင်းရှိ သရဲတစ္ဆေများအားလုံး ချွင်းချက်မရှိ ဒူးထောက်အရိုအသေပြုလိုက်ကြ၏။
ဤသည်က ဧကရာဇ်တစ်ပါး တိုင်းခမ်းလှည့်လည်လာစဥ်တွင် သာမာန်အရပ်သားပြည်သူများမှ ဒူးထောက်အရိုအသေပြုရသကဲ့သို့ပင်။
မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏ စွမ်းအားများ တဖြည်းဖြည်းမြင့်တက်လာသည်ကိုကြည့်ပြီး သရဲတစ္ဆေစစ်ဗိုလ်ချုပ်များသည် စိတ်ဓာတ်ကျဆင်းနေသော မျက်နှာအမူအယာများဖြင့် သူတို့သေဆုံးရမည့်အချိန်ကို စောင့်ဆိုင်းနေကြတော့သည်။
ဤသည်က သူတို့ မခုခံလိုသောကြောင့်မဟုတ်ဘဲ ငရဲနယ်မြေအတွင်း၌ အကယ်၍ မြေအောက်လောကနတ်ဘုရားမှ သတ်ဖြတ်လိုပါက မည်သူမျှလွတ်မြောက်မည် မဟုတ်သောကြောင့်ပင်။
ယခုလက်ရှိချိန်တွင် ပိုင်မင်ဟန်သည် အသိစိတ်အနည်းငယ် ပြန်လည်ရရှိသွားလေပြီ။သူမက လုယွီကို ကြည့်လိုက်၏။
"နင် ငါ့ကိုကယ်ဖို့ မလာခဲ့သင့်ဘူး...ငါ လုပ်ခဲ့သမျှ အရာရာတိုင်းက ငါ့ရဲ့စိတ်ဆန္ဒနဲ့လုပ်ခဲ့တာ...နင် ပါဝင်ပတ်သတ်ဖို့မလိုဘူး"
"မင်းဆိုလိုတာက အစိမ်းရောင်ကြာနတ်ဘုရားကိုသတ်ပြီး ကျွမ်းမိသားစုအတွက် လက်စားချေဖို့လား...မင်း လက်စားချေလို့မရတော့မှာကို ငါ စိုးရိမ်မိတယ်...အစိမ်းရောင်ကြာနတ်ဘုရားက သေသွားပြီ"
လုယွီက ပွင့်ပွင့်လင်းလင်း ပြောဆိုလေသည်။
လုယွီ၏စကားကိုကြားချိန်တွင် ပိုင်မင်ဟန်၏မျက်လုံးများ တောက်ပသွားသည်။
"နင် ဒါကို ဘယ်လိုလုပ်ပြီးသိတာလဲ"
သူမသည် ကျွမ်းမိသားစု၏တစ်ဦးတည်းကျန်ရှိသော တိုက်ရိုက်မျိုးဆက်ပင်။ဤကိစ္စကို အလွန်အမင်း လျှို့ဝှက်ထားကာ သိရှိထားသူဟူ၍ အလွန်နည်းပါးသည်။
ယခုချိန်တွင် လုယွီက ထိုကိစ္စကိုထုတ်ဖော်ပြောဆိုလိုက်သဖြင့် သူမ အလွန်စိတ်လှုပ်ရှားသွားလေ၏။
လုယွီက ပြောဆိုသည်။
"ဒါက ငါ့ရဲ့မိတ်ဆွေဟောင်းတစ်ယောက် ပြောပြတာ....နောင်တစ်ချိန်ကျရင် မင်း ဒီကိစ္စတွေကို သိလာလိမ့်မယ်"
ပိုင်မင်ဟန်သည် တဖြည်းဖြည်း သူမ၏သတိကြီးစွာထားနေမှုကို ရုတ်သိမ်းကာ သူမက ပျင်းရိငြီးငွေ့သောအကြည့်ဖြင့် လုယွီကို ကြည့်လိုက်သည်။
"ဘေးအန္တရာယ်ကြီးက ရောက်လာပြီ...နင်က ငါနဲ့စကားစမြည်ပြောနေတုန်းပဲ...သူက မြေအောက်လောကနတ်ဘုရားဆီက စွမ်းအားတွေကို ငှါးရမ်းပြီးအသုံးပြုချင်ပုံရတယ်...နင် သူ့ကို ဘယ်လိုရင်ဆိုင်မှာလဲ"
Chapter 2695
လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိဘဲ သူက တည်ငြိမ်စွာပြောဆိုသည်။
"ဒီစွမ်းအားက သူ ပိုင်ဆိုင်တာမဟုတ်ဘူး...တကယ်လို့ သူ ဒါကို အတင်းအကြပ်အသုံးပြုမယ်ဆိုရင် တန်ပြန်ဒဏ်ခံစားရမှာ သေချာတယ်"
သူ၏စကားလုံးများတွင် ယုံကြည်ချက်ခိုင်မာမှုများနှင့် ပြည့်နှက်နေသော်လည်း သရဲတစ္ဆေများ၏နားအတွင်းသို့ ရောက်ရှိစဥ်တွင် ရယ်စရာပြက်လုံးကြီးဖြစ်နေသည်။
"အင်မော်တယ်...မင်း အရမ်းအစွမ်းထက်တယ်ဆိုတာ ငါတို့သိတယ်...ဒါပေမယ့် အခု မင်းရင်ဆိုင်ရမှာက မြေအောက်လောကနတ်ဘုရားပဲ...မင်း ခေါင်းငုံအရှုံးပေးပြီး တိုက်ခိုက်တာကိုရပ်လိုက်တာ ပိုကောင်းလိမ့်မယ်...တကယ်လို့ မြေအောက်လောကနတ်ဘုရား ဒေါသထွက်သွားရင် အကုန်လုံးရှုပ်ထွေးကုန်လိမ့်မယ်"
တစ္ဆေစစ်ဗိုလ်ချုပ်များအနက်မှတစ်ယောက်က အကြံပေးသည်။
တခြားတစ္ဆေစစ်ဗိုလ်ချုပ်များကလည်း လုယွီကို ကြည့်လိုက်ကြ၏။
လုယွီသည် ငရဲနယ်မြေအတွင်းသို့ရောက်လာကာ သူဆန္ဒရှိသကဲ့သို့ လုပ်ဆောင်နေသော်လည်း စီရင်စုသခင်ပင်လျှင် သူ့အား အနိုင်ယူနိုင်ခြင်းမရှိချေ။
သို့ရာတွင် မြေအောက်လောကနတ်ဘုရား ထွက်ပေါ်လာချိန်တွင် သရဲတစ္ဆေများအားလုံးသည် သူတို့၏စိတ်ဝိညာဥ် အနက်ရှိုင်းဆုံးနေရာမှလာသော ကြောက်ရွံထိတ်လန့်မှုကို ခံစားနေရသည်။
လုယွီက ပြောဆိုသည်။
"သူက စည်းမျဥ်းတွေကို ချိုးဖောက်နေတာ...မြေအောက်လောကနတ်ဘုရားက သူ့ကို ဘယ်တော့မှ ကူညီထောက်ပံပေးမှာမဟုတ်ဘူး"
တစ္ဆေစစ်ဗိုလ်ချုပ်များအားလုံး ခေါင်းခါယမ်းလိုက်ကြ၏။မည်သည့်နည်းဖြင့် လုယွီ ပြောဆိုသကဲ့သို့ အလွန်လွယ်ကူနေမည်နည်း။
မြေအောက်လောကနတ်ဘုရားပျောက်ကွယ်သွားပြီးနောက် ငရဲနယ်မြေတိုင်းကို ငရဲနယ်မြေအရှင်သခင်များမှသာ အုပ်ချုပ်ထားခဲ့သည်။မည်သူကမျှ သူတို့၏လုပ်ရပ်များကို ဟန့်တားနိုင်ခြင်းမရှိချေ။
ထိုစကားကိုကြားချိန်တွင် ယင်ချီနဂါးကြီးက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။
"မောက်မာပြီး အကြောက်အလန့်ကင်းမဲ့တဲ့ကောင်ပဲ....မြေအောက်လောကနတ်ဘုရားရဲ့စွမ်းအားကို မင်းသိအောင် ငါ ပြပေးမယ်"
ထိုသို့ပြောဆိုပြီးသည်နှင့် ယင်ချီနဂါးကြီး၏မန္တန်ရွတ်ဆိုသံ ပို၍လျှင်မြန်လာသည်။မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးမှ စွမ်းအားများ သူ၏ခန္ဓာကိုယ်တွင် တွယ်ကပ်နေပေ၏။
ကြီးကျယ်ခမ်းနားသောယင်ချီများ တလိမ့်လိမ့်ထနေပြီးနောက် ကောင်းကင်ယံအတွင်းရှိ မြေအောက်လောကပုံရိပ်ကြီး၏ဧရာမလက်ကြီးက အောက်သို့ဆင်းသက်လာသည်။
တစ္ဆေစစ်ဗိုလ်ချုပ်များ၏မျက်နှာများပေါ်တွင် စိတ်ဓာတ်ကျဆင်းမှုအရိပ်အယောင်များ ထင်ဟပ်နေကာ သူတို့၏မျက်လုံးများကိုစုံမှိတ်၍ သေဆုံးရမည့်အချိန်ကို စောင့်ဆိုင်းနေကြတော့သည်။
အား...
ထိုအချိန်မှာပင် စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံကြီးက ကောင်းကင်ယံတခွင်လုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
မြေပြင်ပေါ်သို့ဆင်းသက်လာသော မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏ ဧရာမလက်ကြီးသည် ရုတ်တရက် ဦးတည်ချက်ပြောင်းလဲသွားကာ ယင်ချီနဂါးကြီးကို ဆုပ်ကိုင်လိုက်၏။
ထိုယင်ချီနဂါးကြီး၏ခန္ဓာကိုယ်သည် အလွန်ကြီးမားသော်လည်း မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏ရှေ့တွင် အလွန့်အလွန်သေးငယ်နေသည်။
"မြေအောက်လောကနတ်ဘုရားက ဘာလို့ ငါ့ကိုတိုက်ခိုက်တာလဲ...ဒါက အဓိပ္ပါယ်မရှိဘူး"
ယင်ချီနဂါးကြီးက စူးရှနာကျင်သောအသံဖြင့် အော်ဟစ်လိုက်သည်။
သူသည် ဒေါသထွက်ပြီး စိတ်ရှုပ်ထွေးနေကာ ဝေခွဲရခက်နေလေ၏။
လုယွီက အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။
"သေခါနီးတောင် အရူးထနေတဲ့ကောင်ပဲ...သေစမ်း"
မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးကို ကြည့်ရသည်မှာ လုယွီ၏အမိန့်ကို နားထောင်နေသကဲ့သို့ပင်။ထိုပုံရိပ်ယောင်ကြီးသည် သူ၏ဧရာမလက်ကြီးကိုညှစ်လိုက်ရာ ယင်ချီနဂါးကြီး ချက်ချင်းပေါက်ကွဲသွားတော့သည်။
ပြန့်ကြဲသွားသောယင်ချီများအကြားမှနေ၍ လူသားပုံရိပ်တစ်ခု ပျံသန်းထွက်လာသည်။ဤသည်က ငရဲနယ်မြေအရှင်သခင်၏စိတ်ဝိညာဥ်ပင်။
ထိုစိတ်ဝိညာဥ်သည် အနည်းငယ်တုန်ရီနေကာ လေထုအတွင်း၌ မျောလွင့်နေသည်။
"ဒါဆိုရင် မင်းမှာ မြေအောက်လောကနတ်ဘုရားကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းမျိုးရှိနေတာပေါ့လေ...ဒါပေမယ့် ငါက ငရဲနယ်မြေအရှင်သခင်...မင်း ငါ့ကို သတ်နိုင်မှာမဟုတ်ဘူး...ကောင်းကင်နဲ့မြေပြင်အကြားက ယင်ချီတွေ ငါ့ရဲ့ခန္ဓာကိုယ်ထဲကို စီးဝင်စမ်း"
ပတ်ဝန်းကျင်ရှိယင်ချီများသည် ချက်ချင်းဆိုသလိုပင် ငရဲနယ်မြေအရှင်သခင်ရှိရာသို့ တဟုန်ထိုး တိုးဝင်သွားကြ၏။
ငရဲနယ်မြေအရှင်သခင်သည် ငရဲအတွင်း၌ရှိနေသရွေ့ သူ၏ခွန်အားကိုဖြည့်တင်းရန်အတွက် ယင်ချီများကို အကန့်အသတ်မရှိ အသုံးပြုနိုင်သည်။
"မင်းက ငရဲနယ်မြေအရှင်သခင်လို့ ဘယ်သူကပြောတာလဲ...စည်းမျဥ်းတွေကို ဆန့်ကျင်တယ်...တခြားသူတွေရဲ့အသက်တွေကို မဆင်မခြင်နှုတ်ယူတယ်...မင်းရဲ့အဆင့်အတန်းတွေ အားလုံးကိုရုတ်သိမ်းဖို့ ငါ အမိန့်ထုတ်ပြန်တယ်"
လုယွီ၏အသံ ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိလေထု ပြင်းပြင်းထန်ထန်တုန်ခါသွားသည်။
ငရဲနယ်မြေ၏ကောင်းကင်ယံတခွင်လုံး မည်းမှောင်ပြီး ဖရိုဖရဲဖြစ်နေသည်။
ဤကဲ့သို့ဖရိုဖရဲဖြစ်နေမှုအကြားမှနေ၍ တောက်ပသော လျှပ်စီးမိုးကြိုးအလင်းတန်းတစ်တန်း ရုတ်တရက် ထွက်ပေါ်လာကာ ငရဲနယ်မြေအရှင်သခင်၏ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားသည်။
ငရဲနယ်မြေအရှင်သခင်၏ခန္ဓာကိုယ်တုန်ရီသွားကာ သူ၏မျက်လုံးအတွင်း၌ ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်နေပေ၏။
ငရဲနယ်မြေအတွင်းရှိ ဥပဒေသများသည် ပြင်ပလောကနှင့် များစွာကွဲပြားခြားနားသည်။ဤနေရာသို့ လျှပ်စီးမိုးကြိုးအလင်းတန်းကို ဆင့်ခေါ်နိုင်ရန်မှာ ငရဲနယ်မြေအရှင်သခင်သာ အသုံးပြုနိုင်သော နည်းစနစ်တစ်ခုပင်။
ငရဲနယ်မြေအရှင်သခင်အတွက် ပို၍တုန်လှုပ်ချောက်ချားဖွယ်အကောင်းဆုံးကိစ္စမှာ ငရဲနယ်မြေအပေါ် သူ၏ထိန်းချုပ်နိုင်မှု အလွန်လျှင်မြန်စွာ ပျောက်ကွယ်သွားခြင်းဖြစ်သည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ငရဲနယ်မြေတစ်ခုလုံးသည် သူနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိတော့သောကုန်းမြေကြီးတစ်ခု ဖြစ်သွားလေ၏။
ငရဲနယ်မြေအရှင်သခင်၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်နေသော ယင်ချီများသည် ချက်ချင်းဆိုသလိုပင် ပိုင်ရှင်မဲ့ဖြစ်သွားသဖြင့် လွင့်ပြယ်စပြုလာသည်။