← Chapters

အခန်း (၂၇၀၆-၂၇၁၀)

Vol. 139 Ch. 2706-2710

အခန်း (၂၇၀၆-၂၇၁၀)

Vol. 139 Ch. 2706-2710

Chapter 2706

နှောင်ဖွဲ့ခြင်းကင်းကျမ်းစာနှင့် ညီမျှခြင်းသိုင်းပညာရပ်ဟူသော ကျမ်းစာနှစ်ခုကို နားလည်သဘောပေါက်ရန်မှာ လုယွီအတွက် မခက်ခဲချေ။

ယခုလက်ရှိချိန်တွင် ပိုင်မင်ဘိုးဘေးသည် ဥာဏ်အလင်းဖွင့်မှော်မန္တန်ကိုအသုံးပြု၍ လုယွီကို သင်ကြားပေးနေခြင်းဖြစ်သည်။

ဤှသည်က သူတော်စင်ကျွမ်းသည် သူ၏တိုက်ရိုက်မျိုးဆက်များကို ချီးမြှင့်ခဲ့သောမှော်မန္တန်ပင်။ထိုအရာတွင် သူတော်စင်ကျွမ်း၏မဟာတာအိုအပေါ် အတွေးအမြင်များ အမြောက်အများပါဝင်သဖြင့် အလွန်အမင်းအဖိုးတန်သည်။

ထိုမှော်မန္တန်၏လွှမ်းမိုးမှုအောက်တွင် သူတော်စင်တစ်ယောက်က သူ့ကို မျက်နှာချင်းဆိုင်၍ ဟောပြောနေသည့်အလား သူ့အား ကျမ်းစာများမှနေ၍ နက်ရှိုင်းသောနားလည်သဘောပေါက်မှုများကို ရရှိစေသည်။

နေ့တစ်ဝက်ခန့် သင်ကြားပေးပြီးနောက် လုယွီသည် နက်နဲစွာဥာဏ်အလင်းပွင့်နေသော အခြေအနေအတွင်းသို့ ကျရောက်သွားလေ၏။

လုယွီ၏နောက်တွင် ပုံရိပ်ယောင်များ ထွက်ပေါ်လာသည်။ထိုပုံရိပ်ယောင်များတွင် ကောင်းကင်ယံနှင့်နေရောင်ကိုပင် ပိတ်ဖုံးလုမတတ် အလွန်များပြားသည့် ရက်စက်ကြမ်းကြုတ်သော မှော်သားရဲများအပြင် သုခဘုံတစ်ခုနှင့်တူညီသော အဆောက်အအုံနှင့်ခန်းမများလည်း ပါဝင်လေ၏။

ထိုအရာများသည် လုယွီ၏နံဘေးတွင် အဆက်မပြတ် ရစ်ပတ်နေကာ အတွင်း၌ မဟာတာအိုဥပဒေသတချို့ ကိန်းအောင်းနေသည်။

"ဒီနားလည်သဘောပေါက်နိုင်မှုစွမ်းရည်က တကယ့်ကို အံ့အားသင့်တုန်လှုပ်စရာပဲ...ငါက ဒီကျမ်းစာတွေကို ဖတ်ပြီးတဲ့အချိန်မှာ နှစ်ဝက်လောက် လေ့လာဆင်ခြင်ခဲ့ရတယ်...ကျွမ်းမိသားစုရဲ့ထိပ်တန်းပါရမီရှင်တွေတောင် ဒီအရာကို နားလည်သဘောပေါက်နိုင်ဖို့ အနည်းဆုံးလအနည်းငယ်လောက် ပြင်းပြင်းထန်ထန် ကြိုးစားဖို့လိုအပ်တယ်...သူက ဒါကို တစ်ကြိမ်ကြားတာနဲ့ ချက်ချင်းကို နားလည်သဘောပေါက်သွားခဲ့တယ်"

ပိုင်မင်ဘိုးဘေးသည် သူ၏စိတ်နှလုံးသားအတွင်း၌ အံ့အားတသင့်ရေရွတ်နေသော်လည်း သူသည် ထိတ်လန့်တုန်လှုပ်နေခြင်းမရှိချေ။

အတိတ်တွင် လုယွီသည် ကောင်းကင်ဘုံနယ်မြေ၏အစွမ်းထက်ဆုံး တာအိုသခင်ဖြစ်ခဲ့သူပင်။အကယ်၍ သူ့ထံတွင် ထူးခြားသောအရည်အရည်အချင်းမရှိပါက ထိုကဲ့သို့ အစွမ်းထက်သောအဆင့်အတန်းမျိုးကို ရရှိပိုင်ဆိုင်ခဲ့မည်မဟုတ်ချေ။

"တကယ်လို့ ငါ့ရဲ့မြေးမလေးသာ သူနဲ့လက်ထပ်ရမယ်ဆိုရင်...ငါတို့ ကျွမ်းမိသားစုက နောက်တစ်ဖန် မြင့်တက်လာမှာ သေချာပေါက်ပဲ"

တောက်ပသော အလင်းတန်းတစ်တန်းက ပိုင်မင်ဘိုးဘေး၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားကာ ထိုအရာအတွင်း၌ မီးတောက်များ လောင်ကျွမ်းနေသကဲ့သို့ပင်။

လုယွီသည် တစ်ချိန်လုံး ပလ္လင်ခွေထိုင်၍ တိတ်ဆိတ်ငြိမ်သက်စွာ ကျင့်ကြံနေသည်။

ဤနေရာတွင် သုံးရက်တိတိ ကျင့်ကြံခဲ့ပြီးနောက် လုယွီက ရုတ်တရက်မတ်တတ်ထရပ်ကာ သိုလှောင်အိတ်အတွင်းမှ ထွက်ခွာခဲ့ကာ အပြင်ဘက်၌ လမ်းလျှောက်နေလေ၏။

ကောင်းကင်ယံ၌ ကြယ်အလင်းရောင်များက တဖျတ်ဖျတ်တောက်ပနေသည်။ဤအချိန်အခိုက်အတန့်တွင် လုယွီ၏စိတ်အတွင်း၌ မြောက်မြားစွာသော အတွေးများ ထင်ဟပ်နေပေ၏။သူသည် သူတော်စင်ကျွမ်း၏ကျမ်းစာနှစ်ခုတွင်ပါဝင်သော မဟာတာအိုအတွေးအမြင်များကို စဥ်းစားတွေးတောကာ နောက်ဆုံးတွင် သူ၏ကိုယ်ပိုင်နားလည်သဘောပေါက်မှုအဖြစ် ပြောင်းလဲလိုက်သည်။

"ကျွမ်းစစ်ဝေ...ငါက သူတော်စင်ကျွမ်းရဲ့အမွေအနှစ်ကို ဆက်ခံပြီးပြီ...မင်းနဲ့ငါကြားမှာ တစ်ယောက်နဲ့တစ်ယောက် ဘာကျေးဇူးကြွေးမှ မရှိတော့ဘူး"

လုယွီက ပြောဆိုသည်။

"မြေအောက်လောက...မကြာခင်မှာပဲ ငါက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားရတော့မှာ....တကယ်လို့ နောင်အနာဂတ်မှာ မင်း မဟာတာအိုကို ရရှိသွားတဲ့အချိန်ကျရင် မင်းက ကောင်းကင်ဘုံနယ်မြေရဲ့အရှင်သခင် ထပ်ပြီးဖြစ်လာလိမ့်မယ်...မင်း ငါ့ကို ပြန်လည်မွေးဖွားနိုင်အောင် ကူညီပေးဖို့ ငါ မျှော်လင့်မိတယ်...တကယ်လို့ မင်း လုပ်ပေးမယ်ဆိုရင် ငါ မင်းကို သူတော်စင်ကျွမ်းရဲ့တခြားအမွေအနှစ်တွေလည်းပေးမယ်"

ပိုင်မင်ဘိုးဘေးက တောင်းဆိုလေ၏။

လုယွီက အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိဘဲ ပြောဆိုသည်။

"ကောင်းပြီလေ...ငါ မင်းကို ကတိပေးတယ်"

အကယ်၍ လုယွီသည် အတိတ်ဘဝကဲ့သို့ တာအိုသခင်အဆင့်သို့ ပြန်လည်ရောက်ရှိခဲ့လျှင်ပင် မပြည့်စုံသောစိတ်ဝိညာဥ်တစ်ခုကို ပြန်လည်မွေးဖွားလာအောင် လုပ်ဆောင်ရမည်မှာ လွယ်ကူသောကိစ္စတစ်ရပ်မဟုတ်ချေ။သို့ရာတွင် ထိုကိစ္စသည် မဖြစ်နိုင်သောအရာလည်း မဟုတ်ပေ။

"ကျေးဇူးတင်ပါတယ် မြေအောက်လောက"

ပိုင်မင်ဘိုးဘေးက စိတ်သက်သာရာရသွားသကဲ့သို့ ခံစားလိုက်ရသည်။သူသည် နဂါးဆူးတောင်ဓားအတွင်းသို့ ပြန်ဝင်ကာ ဟန်မြစ်အဆောင်သို့ ပျံဝဲခဲ့တော့သည်။

"သူတော်စင်ကျွမ်းက တကယ့်ကိုပဲ သူတော်စင်လို့ခေါ်ဖို့ ထိုက်တန်တယ်...ဒီလို ဥာဏ်အလင်းပွင့်မှုမျိုးက ငါ အချိန်အတော်ကြာ လေ့လာဖို့အတွက် လုံလောက်တယ်"

လုယွီက သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။

ဤကဲ့သို့ အလွန်များပြားသော အသိပညာဗဟုသုတများကို ချေဖျက်ရန်အတွက် အချိန်လိုအပ်သည်။ထို့ကြောင့် လုယွီသည် ချက်ချင်းဆိုသလိုပင် သူ တံခါးပိတ်ကျင့်ကြံမည်ဟု ထုတ်ပြန်ကြေငြာလိုက်တော့သည်။

တစ်လတိတိ တံခါးပိတ်ကျင့်ကြံပြီးနောက် လုယွီ၏ကျင့်ကြံဆင့် ပို၍တိုးတက်လာခဲ့သည်။

သူ၏လက်ရှိ ကျင့်ကြံဆင့်အခြေခံသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်တွင်သာရှိသော်လည်း မဟာတာအိုအပေါ် သူ၏နားလည်သဘောပေါက်မှုအရ သူ နောက်တစ်ဆင့်သို့တက်လှမ်းရန် လုံလောက်နေလေပြီ။

လုယွီသည် အကယ်၍ သူ ဆန္ဒရှိပါက မြေကမ္ဘာအင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်သို့ အချိန်မရွေး တက်လှမ်းနိုင်ကြောင်း ဝိုးတဝါးခံစားမိသည်။

"အခုက အချိန်ကောင်းမဟုတ်သေးဘူး...အချိန်ကျမှ ငါက မြေကမ္ဘာအင်မော်တယ် အလယ်အလတ်အဆင့်ကို ချိုးဖျက်ဝင်ရောက်ရမယ်"

လုယွီက သက်ပြင်းတစ်ချက်ရှိုက်ကာ သူ၏ခန္ဓာကိုယ်အတွင်း၌ တလိမ့်လိမ့်ထနေသော မှော်စွမ်းအားများကို တည်ငြိမ်အောင် ပြန်လည်ထိန်းသိမ်းလိုက်၏။

မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ရောက်ချိန်တွင် အဆင့်တက်လှမ်းမှုတိုင်းသည် အရေးပါသော ပြောင်းလဲမှုတစ်ခုဖြစ်သည်။ထိုအဆင့်များအကြား ကွာဟချက်မှာ အလွန်ကြီးမားသည်။ထို့ပြင် သူ လျှောက်လှမ်းနေသော လမ်းကြောင်းသည် အနာဂတ်မျိုးဆက်များ လျှောက်လှမ်းနေသော အတုအယောင်အင်မော်တယ်လမ်းကြောင်းနှင့် များစွာကွဲပြားခြားနားသည်။သူ့အတွက် နောက်ထပ်နယ်ပယ်တစ်ခုသို့ တက်လှမ်းနိုင်ရန်မှာ အလွန်အမင်းခက်ခဲလှ၏။

လုယွီသည် ဆက်လက်၍ ကျင့်ကြံနေကာ သူ၏ကျင့်ကြံဆင့်နယ်ပယ်ကို တည်ငြိမ်အောင် ထိန်းသိမ်းလိုက်သည်။

သို့ရာတွင် ရုတ်တရက် သတ်ဖြတ်လိုခြင်းအရှိန်အဝါလှိုင်းတစ်ရပ်က သူ့အား လွှမ်းခြုံလာခဲ့သည်။

ထိုအရှိန်အဝါတွင် ဖျက်ဆီးလိုခြင်းနှင့်သတ်ဖြတ်လိုခြင်း ရည်ရွယ်ချက်များနှင့် ပြည့်နှက်နေသည်။သူ သတိလက်လွတ်နေမိချိန်ကိုရွေးချယ်၍ ထိုသတ်ဖြတ်လိုခြင်းအရှိန်အဝါသည် သူ့ထံသို့ သက်ရောက်လာခြင်းဖြစ်ပေ၏။

Chapter 2707

ဘုန်း...

ပြင်းထန်သောအားလှိုင်းတစ်ရပ်ကြောင့် လုယွီရှိနေသော အိမ်တစ်အိမ်လုံး ပျက်စီးသွားသည်။

အိမ်ကြီး ပြိုလဲပျက်စီးသွားသည်နှင့် တစ်ချိန်တည်းမှာပင် လုယွီက လေထုအတွင်းသို့ ပျံသန်းလိုက်သည်။

မူလက လုယွီရှိနေခဲ့သောနေရာသည် အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားလေ၏။ဖုန်မှုန့်များနှင့်မီးခိုးငွေ့များက တထောင်းထောင်းထနေကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

"ဘယ်သူလဲ"

လုယွီ၏စိတ်နှလုံးသား လေးလံသွားပေ၏။ကျောင်းတော်အတွင်း၌ သူ့အား လုပ်ကြံဝံ့သူတစ်ယောက် အမှန်တကယ်ကိုပင် ရှိနေခဲ့သည်။

အစောပိုင်းကတိုက်ခိုက်ခံရမှုတွင် အန္တရာယ်အပေါ် သူ၏အာရုံခံနိုင်မှု အလွန်အမင်း ကောင်းမွန်ခြင်းကြောင့်သာ မဟုတ်ပါက သူ၏ခန္ဓာကိုယ်သည် အပျက်အစီးများအောက်တွင် ကြေမွှပျက်စီးနေနိုင်သည်။

ဝှစ်...ဝှစ်...ဝှစ်...

ထိုအချိန်မှာပင် အစွမ်းထက်သောအနက်ရောင်အလင်းတန်းတချို့က လုယွီ၏နောက်မှနေ၍ တိုးဝင်လာသည်။

လုယွီက နောက်သို့လှည့်ကြည့်ကာ ရှောင်တိမ်းလိုက်၏။

ထိုအနက်ရောင်အလင်းတန်းများသည် နံရံတစ်ခုနှင့် ရိုက်ခတ်သွားချိန်တွင် မူလက မာကျောကျစ်လစ်သောနံရံကြီး ချက်ချင်းဆိုသလိုပင် အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

လုယွီ၏လှုပ်ရှားမှုသည် နဂါးတစ်ကောင်နှင့်တူညီနေကာ သူက ရှေ့တိုးနောက်ဆုတ်ပျံဝဲ၍ အနက်ရောင်အလင်းတန်းများကို ရှောင်တိမ်းနေသည်။သူသည် ရှောင်တိမ်းနေရင်းမှ ထိုအလင်းတန်းများ ထွက်ပေါ်လာသည့် ရင်းမြစ်နေရာသို့ ဦးတည်၍ပျံသန်းလိုက်၏။

သို့ရာတွင် ထိုနေရာသို့ လုယွီရောက်ရှိသွားသော အချိန်အခိုက်အတန့်တွင် အနက်ရောင်အလင်းတန်းများ ထုတ်လွှတ်နေသောအရာသည် ခရမ်းရောင်အဆောင်လက်ဖွဲ့တစ်ခု ဖြစ်နေသည်။

"မင်း ငါ့ရဲ့ထောင်ချောက်ထဲကို ကျသွားပြီ"

အေးစက်စက်ရယ်သံတစ်သံက လုယွီ၏နောက်မှ ထွက်ပေါ်လာသည်။

လုယွီ၏ရှေ့ရှိ ခရမ်းရောင်အဆောင်လက်ဖွဲ့သည် ချက်ချင်းပေါက်ကွဲသွားကာ တုန်လှုပ်ချောက်ချားဖွယ် တုန်ခါမှုလှိုင်းများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

သို့ရာတွင် လုယွီ၏ခြံဝန်းပတ်လည်တွင် မမြင်နိုင်သောအတားအဆီးအလွှာတစ်လွှာ ရှိနေသည့်အလား ဤနေရာ၌ဖြစ်ပျက်သမျှ အရာအားလုံး ပြင်ပမှမကြားရစေရန် ပိုင်းခြားထားသည်။

ဤနေရာနှင့်မလှမ်းမကမ်းတွင် တခြားခြံဝန်းတချို့ရှိနေသော်လည်း အတွင်းရှိလူများသည် လုယွီ၏လှုပ်ရှားမှုများကို အနည်းငယ်မျှပင် သတိပြုမိပုံမရချေ။

ဝုန်း....

ပြင်းထန်သောပေါက်ကွဲမှုကြီးက လုယွီထံသို့ တိုးဝင်လာပေ၏။

ဖုန်မှုန့်များပျက်ပြယ်သွားချိန်တွင် လေထုအတွင်း၌ ကျမ်းစာစာရွက်တစ်ရွက်က ရုတ်တရက် မျောလွင့်နေသည်။ထိုအရာ၏မျက်နှာပြင်မှနေ၍ တည်ကြည်လေးနက်သော ခရမ်းရောင်အလင်းတန်းများ ဖြာထွက်နေကာ မဟာတာအိုဥပဒေသ၏ ဆင့်ကဲသဘောတရားများ ပါဝင်နေသည်။

"ငါ မျှော်လင့်ထားသလိုပဲ မင်းက ကံကောင်းပြီး အခွင့်အရေးတချို့ ရခဲ့တဲ့သူပဲ...မင်းက အစစ်အမှန်ပါရမီရှင်တစ်ယောက်နဲ့တော့ အရမ်းအဆင့်ကွာဟတယ်"

သရော်တော်တော်ပြောဆိုသံတစ်သံက ထိုကျမ်းစာစာရွက်မှ ထွက်ပေါ်လာသည်။ရုတ်ချည်းဆိုသလိုပင် မြောက်မြားစွာသည့် ထူထပ်သိပ်သည်းသော ခရမ်းရောင်ချည်မျှင်များက လုယွီထံဦးတည်၍ တိုးဝင်လာပေ၏။

ခရမ်းရောင်ချည်မျှင်များအားလုံး တိုးဝင်သွားသော်လည်း လုယွီရှိနေသောနေရာမှနေ၍ မည်သည့်တုံ့ပြန်မှုမျှမရှိချေ။

အမ်...

ကျမ်းစာစာရွက်မှနေ၍ မယုံကြည်နိုင်စွာဖြင့် အံ့အားတသင့်ရေရွတ်လိုက်သော အသံတစ်သံ ထွက်ပေါ်လာသည်။

သူ၏အံ့အားသင့်မှုမှ အသိပြန်မဝင်သေးမီမှာပင် ရုတ်တရက် လုယွီက သူ၏နောက်၌ ထွက်ပေါ်လာပေ၏။

"ဒါဆိုရင် လှည့်ကွက်တွေလုပ်နေတာက မင်းပေါ့...ပြန်တွေးကြည့်ရင် မိုးကောင်းကင်ကျမ်းစာဆောင်မှာတုန်းက ငါ မင်းကို သိပ်ပြီးအာရုံမစိုက်ခဲ့ဘူး...ဒါပေမယ့် မင်းက ကိုယ်တိုင်ကိုယ်ကျ ငါ့ရှေ့ကိုရောက်လာတယ်"

လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်၍ နဂါးဖမ်းလက်ကို ထုတ်ဖော်အသုံးပြုကာ ကျမ်းစာစာရွက်ထံဦးတည်၍ ဖမ်းဆွဲလိုက်သည်။

သူ့ရှေ့ရှိ ကျမ်းစာစာရွက်သည် ရှေးဟောင်းမဟာတာအိုကျမ်းစာသုံးခုအနက်မှတစ်ခုဖြစ်သော ထိုက်ဟွာကျမ်းစာပင်။

ယခင်က ထိုက်ဟွာကျမ်းစာသည် မိုးကောင်းကင်ကျမ်းစာဆောင်၏ထိပ်ဆုံးထပ်တွင် တည်ရှိသည်။လုယွီသည် မိုးကောင်းကင်ကျမ်းစာဆောင်၏အထပ်တိုင်းကို ဖြတ်ကျော်နိုင်ခဲ့ကာ ထိပ်ဆုံးထပ်ရှိ ထိုက်ဟွာကျမ်းစာ၏အရှေ့တွင် ရပ်တန့်ခဲ့ရသည်။

လုယွီထံတွင် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာရှိနေသော်လည်း ထိုက်ဟွာကျမ်းစာသည် သူ့အား မရွေးချယ်ခဲ့ချေ။ထိုအချိန်တုန်းက လုယွီသည် ထိုက်ဟွာကျမ်းစာကိုရရှိရန် အတင်းအကြပ်ကြိုးစားခဲ့ခြင်းမရှိဘဲ လျစ်လျှူရှုခဲ့လေ၏။

သို့ရာတွင် ထိုက်ဟွာကျမ်းစာသည် သူ ကျင့်ကြံနေစဥ်တွင် အလစ်အငိုက်ဖမ်း၍ တိုက်ခိုက်မည်ဟု သူ မျှော်လင့်မထားမိချေ။

အကယ်၍ လုယွီထံတွင် ကျွမ်းကျင်လိမ္မာမှုရှိမနေဘဲ သူ၏ခွန်အားသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ပြီးနောက် အဆများစွာမြင့်တက်နေခြင်းသာမရှိပါက အစောပိုင်းက ခရမ်းရောင်အဆောင်လက်ဖွဲ့၏ပေါက်ကွဲမှုတွင် သူ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားပေမည်။

အနက်ရောင်လက်ဝါးပုံရိပ်ကြီးက ထိုက်ဟွာကျမ်းစာကို လွှမ်းခြုံသွားကာ ထိုအရာအား လွတ်မြောက်မသွားစေရန် ပြုလုပ်ထားသည်။

"ဒါက အမတ်ကြီးချွယ်ရဲ့မှော်နည်းစနစ်ပဲ...ဒါဆို မင်းက ကံကြမ္မာကောင်းကြီးတစ်ခုကို တကယ်ရထားတာပဲ...အရမ်းကောင်းတယ်...ငါ မင်းကို သတ်ပြီးတာနဲ့ မင်းဆီမှာရှိတဲ့ အရာရာတိုင်းက ငါ့ရဲ့အပိုင်ပဲ"

ထိုက်ဟွာကျမ်းစာက ကောက်ကျစ်ယုတ်မာသောလေသံဖြင့် ပြောဆိုသည်။ထိုအရာသည် လုယွီ၏နဂါးဖမ်းလက်ကို လျစ်လျှူရှုထားလေ၏။လျှို့ဝှက်ဆန်းကြယ်သောကျမ်းစာစာလုံးများက ကျမ်းစာ၏မျက်နှာပြင်ပေါ်၌ ထွက်ပေါ်လာသည်။

အနက်ရောင်လက်ဝါးပုံရိပ်ယောင်ကြီးသည် ကျမ်းစာကို ထိတွေ့မိသည်နှင့် ချက်ချင်းဆိုသလိုပင် အရည်ပျော်ကျသွားကာ စွမ်းအားများအားလုံး ဆုံးရှုံးသွားတော့သည်။

မူလက ပြိုင်ဘက်ကင်းတည်ရှိမှုကြီးဖြစ်သော နဂါးဖမ်းလက်သည် ပထမဆုံးအကြိမ် ရှုံးနိမ့်သွားလေပြီ။

Chapter 2708

နဂါးဖမ်းလက် ပျောက်ကွယ်သွားမှုနှင့်အတူ ထိုက်ဟွာကျမ်းစာသည် ပုံမှန်အခြေအနေသို့ တဖန်ပြန်၍ ရောက်ရှိသွားသည်။

"ငါ မင်းဆီကနေ ရင်းနှီးတဲ့အငွေ့အသက်မျိုးရနေတာ အံ့အားသင့်စရာမရှိတော့ဘူး..ဒါဆိုရင် မင်းက အမတ်ကြီးချွယ်ရဲ့ဆက်ခံသူပေါ့လေ...ဒါပေမယ့် သူက ငါ့အရှင်သခင်ဆီကိုလာရတဲ့ ဧည့်သည်အဆင့်ပဲရှိတာ...သူက မဟာမိုးကောင်းကင်ရွှေအင်မော်တယ်တစ်ယောက် ဖြစ်နေရင်တောင် ကျွန်တစ်ယောက်ပဲ...မင်းလည်း အတူတူပဲ"

ထိုက်ဟွာကျမ်းစာက ပြက်ရယ်ပြုပြောဆိုလေ၏။ကျမ်းစာစာရွက်၏မျက်နှာပြင်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲသိမ်မွေ့သောစာလုံးများက အဆက်မပြတ် ထွက်ပေါ်နေသည်။

ထိုစာလုံးများ အတူတကွစုဝေးမိချိန်တွင် ကျမ်းစာ၏အရှိန်အဝါ ပို၍အစွမ်းထက်လာသည်။

"ထပ်ပြီးတော့လား"

လုယွီက နောက်တွန့်သွားခြင်းမရှိချေ။ထိုအစား သူက ဆက်လက်၍ တိုက်ခိုက်လိုက်၏။အမျိုးမျိုးသော မှော်နည်းစနစ်များက သူ၏လက်ဝါးအတွင်းမှ ထွက်ပေါ်နေကာ ထိုအရာများအားလုံးသည် နှိုင်းယှဥ်ပြစရာမရှိသည့်အထိ နက်နဲသိမ်မွေ့သည်။

ရှေးဟောင်းသိုင်းပညာနည်းစနစ်...အရပ်ရှစ်မျက်နှာ ချိပ်ပိတ်ခြင်း...

ရှေးဟောင်းသိုင်းပညာနည်းစနစ်...ထိုက်ယွမ်လက်ဝါး...

ရှေးဟောင်းသိုင်းပညာနည်းစနစ်...အင်မော်တယ်သုတ်သင်ဓားချီ...

အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော သတ်ဖြတ်ခြင်းမှော်နည်းစနစ်သုံးခုက ထိုက်ဟွာကျမ်းစာထံသို့ တိုးဝင်သွားသည်။

ထိုသတ်ဖြတ်ခြင်းနည်းစနစ်များနှင့် ရင်ဆိုင်နေရသည့်တိုင် ထိုက်ဟွာကျမ်းစာသည် အထင်အမြင်သေးသောပုံစံမျိုး ရှိနေဆဲပင်။

"မင်းက ဒီနေရာမှာ တပည့်ခေါင်းဆောင်ဖြစ်နေတာ အံ့အားသင့်စရာမရှိတော့ဘူး...မင်းက အမတ်ကြီးချွယ်ရဲ့အမွေအနှစ်ကို အပြည့်အဝ ဆက်ခံထားတာပဲ...ဒါပေမယ့် အခုချိန်မှာ အရာအားလုံး ပြီးဆုံးတော့မယ်...မင်းက နိမ့်ပါးတဲ့မြေကမ္ဘာအင်မော်တယ်တစ်ယောက်...ဒီရှေးဟောင်းသိုင်းပညာနည်းစနစ်တွေရဲ့စွမ်းအားကို မင်း အကုန်အစင် ထုတ်ဖော်အသုံးပြုနိုင်မှာမဟုတ်ဘူး"

ထိုက်ဟွာကျမ်းစာက အထင်အမြင်သေးသောလေသံဖြင့် သရော်တော်တော် ပြောဆိုသည်။ထို့နောက် ကျမ်းစာစာရွက်၏မျက်နှာပြင်မှနေ၍ ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာကာ သူ့ရှေ့ရှိ မှော်နည်းစနစ်များပေါ်သို့ ကျရောက်သွားသည်။

ခရမ်းရောင်အလင်းတန်းများ၏ ရိုက်ခတ်ခြင်းခံရပြီးနောက် အလွန်အမင်း ပြင်းထန်သော မှော်နည်းစနစ်များသည် အရည်ပျော်စပြုလာကာ အချိန်တခဏသာ တောင့်ခံနိုင်ခဲ့သည်။

"အစတုန်းကတော့ ငါ မင်းကို မသတ်ချင်ဘူး...ဒါပေမယ့် မင်းဆီမှာ တော်တော်လေးကောင်းမွန်တဲ့ မှော်ရတနာတွေရှိနေတယ်...မဟာကပ်ဘေးကြီး ဆိုက်ရောက်မလာခင် ကောင်းကင်ဘုံရဲ့ကံကြမ္မာသားတော် ကျင့်ကြံနိုင်ဖို့ မင်းဆီကရတနာတွေ ငါ လိုအပ်တယ်...ဒါကြောင့် မင်း သေတာပိုကောင်းတယ်"

ထိုက်ဟွာကျမ်းစာသည် ခရမ်းရောင်အလင်းတန်းများကိုလှည့်ပတ်၍ လေဟာနယ်အတွင်း၌ ထက်ရှသောဓားတစ်ချောင်းကို ဖွဲ့စည်းလိုက်၏။ထိုဓားသည် လုယွီရှိနေသောနေရာသို့ တိုးဝင်သွားသည်။

သို့သော် ထိုအချိန်အခိုက်အတန့်မှာပင် လုယွီ၏ပုံရိပ် ရုတ်တရက် ဝေဝါးသွားသည်။ယခင်က သူရှိနေသောနေရာတွင် နောက်ချန်ပုံရိပ်တစ်ခုသာ ကြွင်းကျန်ခဲ့လေ၏။

ရုတ်ချည်းဆိုသလိုပင် လုယွီက ထိုက်ဟွာကျမ်းစာ၏နောက်၌ ထွက်ပေါ်လာသည်။

လုယွီသည် သူ၏မှော်စွမ်းအားများကိုဖြန့်ကျက်လိုက်ရာ သူ၏ခန္ဓာကိုယ်နောက်တွင် ရက်စက်ကြမ်းကြုတ်သောဧရာမမှော်သားရဲကြီးတစ်ကောင်၏ပုံရိပ်ယောင်အဖြစ် ဖွဲ့စည်းသွားသည်။ထိုပုံရိပ်ယောင်ကြီးသည် ကောင်းကင်နှင့်နေရောင်ကိုပင် ပိတ်ဖုံးလုမတတ် အလွန်ကြီးမားသည်။ဤသည်က အလွန်အံ့အားသင့်ဖွယ်ကောင်းသော မြင်ကွင်းပင်။

ထိုပုံရိပ်ယောင်ကြီးသည် ရုတ်တရက် ပါးစပ်ကြီးကိုဖွင့်ဟ၍ ထိုက်ဟွာကျမ်းစာအပါအဝင် ထိုအရာမှထုတ်လွှင့်ထားသော ခရမ်းရောင်အလင်းရောင်အလင်းတန်းများကိုပါ ဝါးမြိုလိုက်သည်။

ရှေးဟောင်းသိုင်းပညာနည်းစနစ်...မိုးကောင်းကင်အား တက်တူဝါးမြိုခြင်း...

ဤသည်က လုယွီအမွေဆက်ခံထားသော မှော်နည်းစနစ်များအနက် အထူးဆန်းဆုံးမှော်မန္တန်တစ်ခုပင်။

ထိုအရာသည် လောကကြီးအတွင်းရှိ အရာရာတိုင်းကို ဝါးမြိုနိုင်ကာ သန့်စင်ပြီးနောက် လိုအပ်သောစွမ်းအားအဖြစ် ပြောင်းလဲနိုင်စွမ်းရှိသည်။

ဤသည်က မိုးကောင်းကင်ကိုဖီဆန်သော ကျင့်ကြံနည်းစနစ်ဖြစ်သော်လည်း မှော်စွမ်းအားအမြောက်အများအသုံးပြုရန် လိုအပ်သည်။လုယွီသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ပြီးသည့်တိုင် ထိုကျင့်ကြံနည်းစနစ်ကို ကြာရှည်စွာထိန်းသိမ်းထားနိုင်ခြင်းမရှိချေ။

ဤသည်က အမတ်ကြီးချွယ်ကိုယ်တိုင် ဖန်တီးခဲ့သော မှော်နည်းစနစ်တစ်ခုပင်။ထိုမှော်မန္တန်ကို တစ်ကြိမ်ရွတ်ဆိုလိုက်သည်နှင့် တက်တူပုံရိပ်ယောင်ကြီးမှနေ၍ ထောင်သောင်းချီသော နတ်ဆိုးသားရဲများကို ဝါးမြိုနိုင်သည်။

လုယွီသည် ထိုက်ဟွာကျမ်းစာနှင့်ရင်ဆိုင်နေရချိန်တွင် မည်ကဲ့သို့တိုက်ခိုက်ရမည်ကို စဥ်းစားတွေးတောထားပြီးလေပြီ။

မည်သို့ပင်ဆိုစေကာမူ ဤသည်က မဟာမိုးကောင်းကင်ရွှေအင်မော်တယ်ကိုယ်တိုင် ဖန်တီးခဲ့သော ရှေးဟောင်းမဟာကျမ်းစာသုံးခုအနက်မှတစ်ခုပင်။

ဤသည်က ရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာများထက် အတိုင်းအတာပမာဏတစ်ခုထိ သာလွန်ကာ ရှေးဟောင်းခေတ်မှ ဆင်းသက်လာသော ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုဟု ဆိုနိုင်သည်။

တက်တူပုံရိပ်ယောင်ကြီးမှနေ၍ ထိုက်ဟွာကျမ်းစာကို ဝါးမြိုပြီးချိန်တွင် ပတ်ဝန်းကျင်နေရာတစ်ဝိုက်လုံး သုသာန်တစပြင်ကဲ့သို့ ချက်ချင်းတိတ်ဆိတ်ငြိမ်သက်သွားသည်။

သို့ရာတွင် ဤတိတ်ဆိတ်ငြိမ်သက်မှုသည် ယာယီအခိုက်အတန့်ပင်။

မကြာမီမှာပင် တက်တူပုံရိပ်ယောင်ကြီး ပြင်းပြင်းထန်ထန် တုန်ခါစပြုလာလေ၏။မူလက အလွန်ကြီးကျယ်ခမ်းနားသော မှော်စွမ်းအားပုံရိပ်ယောင်ကြီးသည် တဖြည်းဖြည်း ဆက်လက်၍တောင့်မခံနိုင်တော့ဘဲ ပြိုလဲလုဆဲဆဲအခြေအနေသို့ ရောက်ရှိလာသည်။

"ထိုက်ဟွာကျမ်းစာ ထွက်လာတော့မယ်...သန့်စင်လိုက်စမ်း"

ဤမှော်နည်းစနစ်အဆင့်ဖြင့် ထိုက်ဟွာကျမ်းစာကို အပြည့်အဝလှောင်ပိတ်ထားနိုင်မည်မဟုတ်ကြောင်း လုယွီက သိရှိထားသည်။

Chapter 2709

သို့ရာတွင် လုယွီက စိတ်ပိုင်းဖြတ်ကာ သူ၏ဆုံးဖြတ်ချက်ကို ချက်ချင်းပြင်ဆင်လိုက်သည်။

သူသည် ထိုက်ဟွာကျမ်းစာကို အပြည့်အဝဝါးမြိုခြင်း မပြုနိုင်သည့်တိုင် သန့်စင်ကြည့်ရန် ကြိုးစားရပေမည်။

ရုတ်ချည်းဆိုသလိုပင် တက်တူပုံရိပ်ယောင်ကြီး၏ခန္ဓာကိုယ်တစ်ခုလုံးမှနေ၍ မီးတောက်များ ပွင့်အံထွက်လာကာ မဟာတာအိုမှော်မန္တန်အမြောက်အများက လုယွီ၏စိတ်အတွင်း၌ ထွက်ပေါ်နေသည်။

ထိုမဟာတာအိုမှော်မန္တန်များသည် လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲသိမ်မွေ့ကာ တစ်စုံတစ်ယောက်၏စိတ်အာရုံကို ဖွင့်ပေးနိုင်စွမ်းရှိသည်။ထိုအရာများကိုမြင်တွေ့ပြီးနောက် ထိုသူသည် ဥာဏ်အလင်းပွင့်သွားကာ ယခင်က အခက်အခဲတွေ့နေသော ပြဿနာများအားလုံးကို ဖြေရှင်းနိုင်ပေလိမ့်မည်။

"မင်းလို နိမ့်ကျတဲ့ကျွန်က ငါ့ကိုတကယ်ကြီး သန့်စင်ဝံ့တာလား...ကောင်းကင်နဲ့မြေပြင်ရဲ့ အတိမ်အနက်ကိုမသိတဲ့ နှောင်းပိုင်းမျိုးဆက်သစ်တွေက ကောင်လေးတစ်ယောက်ကများ...ဖျက်ဆီးစမ်း"

တုန်လှုပ်ချောက်ချားမှုနှင့်ဒေါသထွက်မှု ရောယှက်နေသောအသံကြီးက တက်တူပုံရိပ်ယောင်ကြီးအတွင်းမှ ထွက်ပေါ်လာသည်။

ဘုန်း...

ရုတ်ချည်းဆိုသလိုပင် တက်တူပုံရိပ်ယောင်ကြီး ပေါက်ကွဲသွားကာ အတွင်းမှနေ၍ ကျမ်းစာစာရွက်က ပျံဝဲထွက်လာသည်။ထိုစာရွက်ပေါ်ရှိ စာလုံးတစ်လုံးစီမှနေ၍ စူးရှသော ခရမ်းရောင်အလင်းတန်းများ ဖြာထွက်နေသည်။

ထိုက်ဟွာကျမ်းစာသည် အဆုံးသတ်၌ ပြင်ပသို့ ထွက်လာနိုင်ခဲ့လေပြီ။

သို့ရာတွင် လုယွီ၏ရည်မှန်းချက်ပန်းတိုင် အောင်မြင်ပြီးမြောက်သွားခဲ့သည်။အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာ မပြည့်သေးမီမှာပင် လုယွီသည် ထိုက်ဟွာကျမ်းစာမှမှော်မန္တန်တစ်ပုဒ်၏ တစ်စိတ်တဒေသကို လေ့လာဆင်ခြင်နိုင်ခဲ့ပေ၏။

ဤသည်က မဟာမိုးကောင်းကင်ရွှေအင်မော်တယ်၏ မဟာတာအိုအပေါ် လေ့လာဆင်ခြင်ထားမှုတစ်ရပ်ပင်။ထိုအရာသည် သူတော်စင်ကျွမ်း၏လေ့လာဆင်ခြင်နိုင်မှုထက်ပင် ပို၍နက်နဲသိမ်မွေ့သည်။တခဏခန့် ဥာဏ်အလင်းပွင့်သွားမှုသည် နှစ်ပေါင်းရာနှင့်ချီ၍ ပင်ပင်ပန်းပန်း လေ့လာဆင်ခြင်ရမည်ကို သက်သာသွားစေသည်။

ပေါက်ကွဲမှုကြောင့် လုယွီ၏ခန္ဓာကိုယ် နောက်ဆုတ်လိုက်ရကာ သူ၏လက်မှနေ၍ ခရမ်းရောင်ချီအလင်းတန်းများ ထွက်ပေါ်လာသည်။ဤသည်က ထိုက်ဟွာကျမ်းစာတွင်ဖော်ပြထားသော ကျစ်ဝေမဟာဆုတ်ဖြဲခြင်း လက်သီးနည်းစနစ်ပင်။

ထိုလက်သီးနည်းစနစ်ကို ထုတ်ဖော်အသုံးပြုလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် ကောင်းကင်ယံအတွင်းရှိ လမင်းကြီးအလား တောက်ပသောခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။

ထိုက်ဟွာကျမ်းစာသည် ဒေါသထွက်နေပုံ မရတော့ချေ။ထိုအစား သူက လေးစားသောအကြည့်မျိုးဖြင့် လုယွီကို ကြည့်လိုက်၏။

"ဒီနည်းစနစ်ကို အချိန်တိုအတွင်းမှာ သင်ယူနိုင်ခဲ့တဲ့အတွက် မင်းကို ပါရမီရှင်တစ်ယောက်လို့ ယူဆလို့ရတယ်...ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်...မင်း ငါ့ဆီမှာ သစ္စာခံလိုက်...ငါက မင်းရဲ့ခန္ဓာကိုယ်ပေါ်မှာ အမှတ်အသားတစ်ခု ချန်ထားခဲ့မယ်...မင်းက မိုးကောင်းကင်ရဲ့ကံကြမ္မာသားတော်ကို နှစ်တစ်ရာတိတိ ကူညီထောက်ပံပေးရမယ်...မင်း ဘယ်လိုသဘောရလဲ"

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

"ဒါက မင်း ငါ့ကို တိုက်ခိုက်ရတဲ့ အကြောင်းအရင်းလား"

သူသည် မျောက်ထံမှနေ၍ မိုးကောင်းကင်၏ကံကြမ္မာသားတော်အကြောင်းကို ကြားခဲ့ဖူးသည်။

သူသည် ခေတ်ကာလတိုင်းတွင် လူအများ၏အသက်ကို ကယ်တင်ခဲ့သောပုဂ္ဂိုလ်တစ်ယောက်ပင်။ထိုသူသည် မွေးဖွားလာစဥ်မှစ၍ အစွမ်းထက်သောကံကြမ္မာရှိကာ အရာအားလုံးကို ရေဘေး မီးဘေးမှနေ၍ ကယ်တင်နိုင်စွမ်းရှိသည်။

အလယ်ခေတ်ကာလတွင် ထန်အင်ပါယာ၏တည်ထောင်သူဧကရာဇ်သည် မိုးကောင်းကင်၏ကံကြမ္မာသားတော်ပင်။ထို့ပြင် ရှေးဟောင်းခေတ်နှင့်နီးစပ်သော အချိန်ကာလအတွင်းမှ တာယွီ၏ဧကရာဇ်ကောကျူးသည်လည်း မိုးကောင်းကင်၏ကံကြမ္မာသားတော်ဖြစ်သည်။

ထိုက်ဟွာကျမ်းစာက မောက်မာဝံ့ကြွားသောလေသံဖြင့် ပြောဆိုသည်။

"မိုးကောင်းကင်ရဲ့ကံကြမ္မာသားတော်တစ်ယောက်တည်းကိုပဲ ငါက ကူညီထောက်ပံပေးနိုင်မယ်...စစ်ဗိုလ်ချုပ်တစ်ယောက်ရဲ့အောင်မြင်မှုနောက်မှာ ထောင်သောင်းချီတဲ့အရိုးတွေဆွေးမြည့်နေရသလိုပဲ...ပါရမီရှင်တွေဆိုတာက မိုးကောင်းကင်ရဲ့ကံကြမ္မာသားတော် လျှောက်လှမ်းမယ့်လမ်းကြောင်းက အတားအဆီးတွေပဲ...မင်းရဲ့ပါရမီအရည်အချင်းက မဆိုးဘူး...အနှေးနဲ့အမြန် မင်းနဲ့ကံကြမ္မာသားတော်က တိုက်ပွဲဆင်နွှဲရမှာပဲ...ငါက သူ့အတွက်ခလုတ်ကန်သင်းဖြစ်စေမယ့် မင်းကိုရှင်းထုတ်ပြီး သူ့ရဲ့လမ်းကြောင်းကို ချောမွေ့အောင် လုပ်ပေးရမယ်"

လုယွီက ကူကယ်ရာမဲ့စွာဖြင့် သရော်တော်တော် ပြောဆိုသည်။

"ငါက သူနဲ့ရင်မဆိုင်နိုင်ရအောင် မိုးကောင်းကင်ရဲ့ကံကြမ္မာသားတော်က ဘာကောင်မလို့လဲ...မင်း ဒီလောက်တောင် ယုံကြည်ချက်အခိုင်အမာရှိနေမှတော့ သူ့ကို ငါနဲ့ ထိပ်တိုက်ရင်ဆိုင်ခိုင်းလိုက်ပါလား"

"ဟမ့်...မင်း ငါ့ကို ရန်စနေစရာမလိုဘူး...ငါ မင်းကို အမှန်အတိုင်းပြောရရင်...ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးက ကြီးမားတဲ့ဘေးကပ်ဆိုးကြီးနဲ့ ရင်ဆိုင်ရတော့မယ်...ရှေးဟောင်းခေတ်အချိန်ကာလကစပြီး ခေတ်ကာလအဆက်ဆက်တိုင်းမှာ ဒီလိုမျိုးဘေးကပ်ဆိုးကြီးတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတယ်...ပြီးတော့ ဒီတစ်ကြိမ်ဘေးကပ်ဆိုးကြီးက မကြုံစဖူးဘေးအန္တရာယ်မျိုးပဲ"

"ဒီဘေးကပ်ဆိုးကြီးက စကြာဝဠာတခွင်လုံးမှာရှိတဲ့ သက်ရှိတွေအားလုံးကို သေကြေပျက်စီးစေမယ်လို့ ငါတို့ရဲ့အရှင်သခင်က ဟောကိန်းထုတ်ထားတယ်"

"မိုးကောင်းကင်ရဲ့ကံကြမ္မာသားတော် ရရှိတဲ့အချိန်က အရမ်းတိုတောင်းတယ်...သူ့ကို အစွမ်းထက်တဲ့ပြိုင်ဖက်တွေနဲ့ရင်ဆိုင်စေပြီးတော့ အတွေ့အကြုံရစေဖို့ အချိန်မပေးနိုင်ဘူး...ငါက မင်းကိုသတ်မယ်...မင်းရဲ့ကံကြမ္မာကောင်းတွေကိုခိုးယူပြီး သူ့ကိုပေးအပ်မယ်...မိုးကောင်းကင်ရဲ့ကံကြမ္မာသားတော် အစွမ်းထက်လာတာနဲ့ ဘေးကပ်ဆိုးကြီးရောက်လာတဲ့အချိန်ကျရင် သူက သက်ရှိတွေအားလုံးကို ကယ်တင်နိုင်လိမ့်မယ်"

ထိုက်ဟွာကျမ်းစာက လုယွီကို သွေးဆောင်စကားပြောဆိုသည်။

"လုယွီ...လောကကြီးတခွင်လုံးမှာရှိတဲ့ လူတွေရဲ့ကောင်းကျိုးကိုထောက်ပြီး မင်းကိုယ်မင်း သတ်သေသင့်တယ်...တကယ်လို့ ငါ တိုက်ခိုက်မယ်ဆိုရင် မင်း ပြန်ဝင်စားနိုင်မယ့်အခွင့်အရေးတောင် ရှိမှာမဟုတ်ဘူး"

Chapter 2710

ထိုက်ဟွာကျမ်းစာသည် ဖြောင့်မတ်မှန်ကန်သောလေသံဖြင့် ပြောဆိုနေခြင်းပင်။

ဤသည်က သူ ပြောဆိုနေသမျှ အကြွင်းမဲ့မှန်ကန်နေသည့်အလား မည်သူကိုမျှ သူ၏စကားကို ငြင်းဆန်ခွင့်မပြုချေ။

လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"အဲ့ဒီကံကြမ္မာသားတော်ဆိုတဲ့ကောင်အတွက် မင်းက တခြားသူတွေကို တွေဝေမှုမရှိဘဲ သတ်ဖြတ်မယ်ပေါ့...ဒါက နတ်ဆိုးတွေရဲ့နည်းလမ်းဆိုတာ အသိသာကြီးလေ...ထိုက်ဟွာကျမ်းစာရဲ့အရှင်သခင်က ရှေးဟောင်းကောင်းကင်ဘုံနန်းတွင်းရဲ့ အဆင့်မြင့်အင်မော်တယ်တစ်ယောက်ပဲ...မင်း ဒီလိုမျိုးတွေ လုပ်ဆောင်နေတယ်ဆိုတာ သူ သိရဲ့လား"

"ပါးစပ်ပိတ်ထားစမ်း...မင်းက နိမ့်ကျတဲ့ကျွန်တစ်ယောက်...ငါ့ရဲ့အရှင်သခင်အကြောင်းကို ထည့်ပြောစရာမလိုဘူး...မင်းရဲ့တည်ရှိမှုက မိုးကောင်းကင်ရဲ့ကံကြမ္မာသားတော် မြင့်တက်လာဖို့အတွက်ပဲ...မင်းက အနှေးနဲ့အမြန် အသတ်ခံရမှာသေချာတယ်...ငါက ဒီကိစ္စကို ရှေ့နည်းနည်းတိုးပြီး ဆောင်ရွက်လိုက်တာပဲရှိတာ"

အေးစက်စက်အသံတစ်သံက ထိုက်ဟွာကျမ်းစာမှနေ၍ ဆက်လက်၍ထွက်ပေါ်လာသည်။

"မင်းကို ပြန်ဝင်စားခွင့်ပေးတာကပဲ..ငါ အရမ်း သနားညှာတာလွန်းနေပြီ...စိတ်မကျေမနပ် ဖြစ်မနေနဲ့"

"ဒါဆိုရင် မင်း ငါ့ကို သတ်နိုင် မသတ်နိုင်ဆိုတာကို ကြိုးစားကြည့်နိုင်တယ်"

လုယွီသည်လည်း ထိုက်ဟွာကျမ်းစာကို သတ်ဖြတ်လိုပေ၏။

ကျမ်းစာများအပါအဝင် ရှေးဟောင်းခေတ်မှ စိတ်ဝိညာဥ်ပစ္စည်းများသည် သူတို့၏ကိုယ်ပိုင်အသိဥာဏ်များ ဖွံဖြိုးနေကြလေပြီ။

ထိုက်ဟွာကျမ်းစာမှမွေးထုတ်ထားသော စိတ်ဝိညာဥ်သည် ကျိုးကြောင်းဆီလျော်ခြင်းမရှိချေ။မိုးကောင်းကင်၏ကံကြမ္မာသားတော် ကောင်းကျိူးရရန်အတွက် သူ အရာအားလုံးကို ပြုလုပ်နိုင်သည်။

လုယွီ၏ခန္ဓာကိုယ်အတွင်းမှ မှော်စွမ်းအားများ ပြင်းပြင်းထန်ထန် ဆူပွက်လာလေ၏။ထိုတလိမ့်လိမ့်ထနေသောမှော်စွမ်းအားများမှတဆင့် မီတာသောင်းကျော်မြင့်မားသော ရွှေရောင်ဓမ္မပုံရိပ်ယောင်ကြီးအဖြစ် ဖွဲ့စည်းသွားသည်။ထိုပုံရိပ်ယောင်ကြီးက ထိုက်ဟွာကျမ်းစာထံသို့ တဟုန်ထိုးတိုးဝင်၍ တိုက်ခိုက်လိုက်သည်။

ထိုက်ဟွာကျမ်းစာပေါ်မှ ခရမ်းရောင်စာလုံးများ တဖျတ်ဖျတ်တောက်ပသွားသည်။ထိုခရမ်းရောင်စာလုံးများမှအလင်းတန်းများက လေထုအတွင်း၌ရစ်ဝဲကာ လုယွီ၏တိုက်ခိုက်မှုကို ပိတ်ဆို့ဟန့်တားလိုက်၏။

"မြင့်မြတ်ဧကရာဇ်ခန္ဓာကိုယ်...မင်းက ငါ့ကို တကယ်အံ့အားသင့်စေတယ်...ငါက မင်းကို ပုရွက်ဆိတ်တစ်ကောင်လို့ပဲ တွေးထင်ထားခဲ့တာ...ဒါပေမယ့် ပုရွက်ဆိတ်တစ်ကောင်ဆီမှာ ရတနာတွေအများကြီးရှိနေတယ်...ငါ မင်းရဲ့ခန္ဓာကိုယ်က ကျင့်ကြံနည်းစနစ်တွေကို ဆွဲထုတ်ပြီးတာနဲ့ မိုးကောင်းကင်ရဲ့ကံကြမ္မာသားတော်က အရမ်းလျှင်မြန်တဲ့အရှိန်နဲ့ တိုးတက်လာမှာသေချာတယ်"

ထိုက်ဟွာကျမ်းစာသည် စိတ်ဆိုးဒေါသထွက်ရမည့်အစား ပျော်ရွှင်သွားပုံရသည်။ကျမ်းစာပေါ်မှ ခရမ်းရောင်စာလုံးများ ပို၍ပီပြင်ထင်ရှားလာသည်။ခရမ်းရောင်အလင်းတန်းများသည် မိုးကောင်းကင်ယံထိတိုင် မြင့်တက်သွားကာ လုယွီ၏တိုက်ခိုက်မှုကို လွှမ်းခြုံသွားသည်။

မူလက လုယွီ၏ခွန်အားသည် သိုင်းပညာသူတော်စင်အဆင့်တွင်ရှိနေကာ အထွတ်အထိပ်အဆင့်ရုပ်ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်နှင့် ပေါင်းစပ်လိုက်ချိန်တွင် အကန့်အသတ်မရှိလုနီးပါးပင်။

သို့ရာတွင် ထိုက်ဟွာကျမ်းစာ၏လွှမ်းမိုးမှုအောက်တွင် လုယွီ၏လက်သီးချက်တိုင်းသည် ဝါဂွမ်းကိုထိုးနှက်ရသည်နှင့်တူညီနေကာ ထိုက်ဟွာကျမ်းစာအပေါ် အနည်းငယ်မျှပင် သက်ရောက်မှုမရှိချေ။

ဘုန်း...ဘုန်း...ဘုန်း...

အချိန်တိုအတွင်း၌ နှစ်ဖက်စလုံးသည် တိုက်ကွက်ပေါင်းများစွာ ဖလှယ်ပြီးသော်လည်း လုယွီသည် ထိုက်ဟွာကျမ်းစာကို ထိခိုက်နာကျင်အောင် တစိုးတစိမျှပင် မပြုလုပ်နိုင်ပေ။

လုယွီက မျက်မှောင်ကြုတ်ထားသော်လည်း သူ၏စိတ်နှလုံးသားအတွင်း၌ ပျော်ရွှင်မှုလည်းမရှိ ဝမ်းနည်းမှုလည်းရှိမနေချေ။သူသည် စိတ်အတွင်းမှနေ၍ ထိုက်ဟွာကျမ်းစာ၏အားနည်းချက်များကို စတင်၍တွက်ချက်နေသည်။

ထိုက်ဟွာကျမ်းစာက အလွန်ပျော်ရွှင်ဝမ်းမြောက်နေသောအသံဖြင့် ကျယ်လောင်စွာ ပြောဆိုသည်။

"ဒါက တကယ့်ကို ပြည့်စုံတဲ့ မြင့်မြတ်ဧကရာဇ်ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်ပဲ...ဒါက ကောင်းကင်ဘုံဧကရာဇ်ကျင့်ကြံခဲ့တဲ့ ကျင့်ကြံနည်းစနစ်တွေထဲက တစ်ခုလည်းဖြစ်တယ်...ဘယ်လောက်တောင် ကြီးမားတဲ့အခွင့်ကောင်းကြီးလဲ...ငါက ဒီနေ့ မင်းကိုသတ်ပြီးတာနဲ့ မင်းရဲ့ကံကြမ္မာကောင်းတွေအားလုံးကို လုယူရမယ်"

ထိုက်ဟွာကျမ်းစာမှနေ၍ ခရမ်းရောင်အခိုးအငွေ့များထွက်ပေါ်လာကာ ဓားကိုဝှေ့ယမ်းနေသော အဖိုးအိုတစ်ယောက်၏ပုံသဏ္ဍာန် သိပ်သည်းသွားသည်။

ဓားဝှေ့ယမ်းနေသောအဖိုးအိုသည် ကျမ်းစာမှဖွဲ့စည်းထားခြင်းဖြစ်သော်လည်း သူ့ထံတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေလေ၏။သူ၏လက်အတွင်းရှိ သုံးပေခန့်ရှည်လျားသော ခရမ်းရောင်ဓားရှည်သည် အလွန်ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် သိပ်သည်းထားပုံရသည်။ဤသည်က ထိုဓားရှည်သည် တစ်ဖက်ရန်သူထံသို့ အချိန်မရွေး တိုးဝင်သွားနိုင်သည့်ပုံပင်။

"ဓားအင်မော်တယ် လမ်းကြောင်းလား"

လုယွီက သူ၏ရှေ့ရှိ ဓားဝှေ့ယမ်းနေသော အဖိုးအိုကိုမြင်တွေ့ချိန်တွင် မျက်ခုံးပင့်လိုက်မိသည်။

သူ၏ရှေ့ရှိ ဓားဝှေ့ယမ်းနေသောအဖိုးအိုသည် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ ပုံရိပ်ယောင်ကမ္ဘာအတွင်းရှိ ရှေးဟောင်းကောင်းကင်ဘုံနန်းတော်တွင် နာမည်ကျော်ကြားသော ဓားအင်မော်တယ်တစ်ယောက်ပင်။

ထိုက်ဟွာကျမ်းစာသည် ဓားအင်မော်တယ်တစ်ယောက်၏ပုံရိပ်ယောင်ကိုပင် သိပ်သည်းနိုင်လေ၏။ဤသည်က အလွန်အမင်း ထူးခြားဆန်းကြယ်သောကိစ္စတစ်ရပ်ဖြစ်သည်။

"သူ့ကို သတ်လိုက်စမ်း"

ထိုက်ဟွာကျမ်းစာက ချက်ချင်းဆိုသလိုပင် အမိန့်ပေးလေသည်။

ဓားအင်မော်တယ်သည် သူ၏ဓားကိုဆုပ်ကိုင်၍ လုယွီကို ချိန်ရွယ်လိုက်သည်။ဓားချီအလင်းတန်းတစ်တန်းက လုယွီထံသို့ ချက်ချင်းတိုးဝင်လာသည်။

ထက်ရှသောဓားချီအလင်းတန်းက မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီ၏ရှေ့သို့ ရောက်ရှိလာပေ၏။

"အင်မော်တယ်သုတ်သင်ဓားချီ..."

လုယွီက ခြေတစ်လှမ်းရှေ့တက်၍ သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ မရေမတွက်နိုင်သော ဓားချီများကိုဖြန့်ကျက်ကာ ဓားအင်မော်တယ်နှင့် တိုက်ခိုက်လိုက်သည်။

သူ၏ပြိုင်ဖက်သည် ရှေးဟောင်းဓားအင်မော်တယ်တစ်ယောက်ဟုခေါ်ဆိုရန် ထိုက်တန်သည်။ထိုဓားအင်မော်တယ်၏ဓားချက်တိုင်းသည် သူ၏အဓိကနေရာများကို ဦးတည်ထားလေ၏။သူ၏ဓားနည်းစနစ်များသည် အပြောင်းအလဲမြန်ဆန်သဖြင့် ဓားဝင်လာမည့်လမ်းကြောင်းကို ခန့်မှန်းနိုင်ရန်မှာ အလွန်ခက်ခဲသည်။

လုယွီနှင့်ဓားအင်မော်တယ် တိုက်ခိုက်နေကြရာ အချိန်တခဏကြာသည်အထိ လက်ရည်တူဖြစ်နေသည်။

All Chapters