← Chapters

အခန်း (၂၇၁၁-၂၇၁၅)

Vol. 139 Ch. 2711-2715

အခန်း (၂၇၁၁-၂၇၁၅)

Vol. 139 Ch. 2711-2715

Chapter 2711

"စိတ်ဝင်စားစရာပဲ...ငါ မင်းကို သတ်ဖို့ဆုံးဖြတ်ချက်ချတာ မှန်သွားတယ်...မင်းကို အသက်ရင်ရက်ချန်ထားရင် အနှေးနဲ့အမြန် ဘေးကပ်ဆိုးကြီးတစ်ခု ဖြစ်လာလိမ့်မယ်"

ထိုက်ဟွာကျမ်းစာ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပို၍ပြင်းထန်လာသည်။

ကျမ်းစာစာရွက်ပေါ်တွင် ထူထပ်သိပ်သည်းသော စာလုံးများရှိနေကာ ပို၍အစွမ်းထက်သော ခရမ်းရောင်အလင်းတန်းများကို ရောင်ပြန်ဟပ်စေသည်။

ထိုခရမ်းရောင်အလင်းတန်းများ၏ကူညီထောက်ပံမှုကြောင့် ဓားအင်မော်တယ်၏ရွေ့လျားမှုများ ပို၍လျှင်မြန်လာကာ သာမာန်မျက်စိဖြင့် မမြင်တွေ့နိုင်တော့လုနီးပါးပင်။

လေထုအား ဓားချီဖြတ်သန်းသွားသောအသံများကို ကြားနေရသော်လည်း တစ်ဖက်နှင့်တစ်ဖက် မည်ကဲ့သို့တိုက်ခိုက်နေသည်ကို တွေ့မြင်နိုင်ခြင်းမရှိချေ။

ဒေါင်...ဒေါင်...ဒေါင်...

တိုက်ကွက်ပေါင်း ရာနှင့်ချီ၍ဖလှယ်ပြီးနောက် ဓားအင်မော်တယ်၏အရှိန်အဝါ တစတစ ပို၍အားကောင်းလာသည်။

"အသုံးမဝင်တဲ့ ရုန်းကန်မှုပဲ"

ထိုက်ဟွာကျမ်းစာက သရော်တော်တော်ပြောဆိုကာ ပို၍အစွမ်းထက်သော ခရမ်းရောင်အလင်းတန်းများကို ထုတ်လွှတ်ရန် ဟန်ပြင်လိုက်၏။

ဤနေရာရှိ ကောင်းကင်နှင့်မြေပြင်တစ်ခုလုံး ထူထပ်သိပ်သည်းသော ခရမ်းရောင်အလင်းတန်းများနှင့် ပြည့်နှက်နေသည်။

"ရှေးဟောင်းဓားအင်မော်တယ်တွေက ရှေးဟောင်းကောင်းကင်ဘုံနန်းတော်ရဲ့ အစွမ်းထက်ဆုံး အင်မော်တယ်တွေထဲမှာပါတယ်...ငါ မျှော်လင့်ထားသလိုပဲ သူတို့က တကယ်အစွမ်းထက်တယ်"

လုယွီသည် တိုက်ပွဲအတွင်း၌ အဆက်မပြတ်တိုက်ခိုက်မှုများကို ပြုလုပ်နေခဲ့သည်။

သူ့အတွက် ဤကဲ့သို့အစွမ်းထက်သောပြိုင်ဘက်မျိုးနှင့် ရင်ဆိုင်ရသည်မှာ အခက်အခဲတချို့ရှိသော်လည်း တစ်ဖက်တွင် သူ၏နည်းစနစ်များကို ထက်ရှအောင်သွေးရန်အတွက် အခွင့်အရေးကောင်းကြီးပင်။

နှစ်ဖက်စလုံးသည် အချိန်တစ်နာရီခန့်ကြာသည်အထိ တိုက်ခိုက်နေကြ၏။ဓားအင်မော်တယ်၏တိုက်ခိုက်မှုများသည် အစွမ်းထက်သော်လည်း လုယွီကို အနိုင်ယူနိုင်ခြင်းမရှိချေ။

တခြားတစ်ဖက်တွင် လုယွီ၏ဓားနည်းစနစ်သည် တစတစ ပို၍ပို၍အံ့အားသင့်တုန်လှုပ်ဖွယ်ကောင်းလာသည်။

အကယ်၍ ဤကဲ့သို့အစွမ်းထက်သော လေ့ကျင့်ဖော်မျိုးသာ သူ့ထံတွင် အမြဲတစေရှိနေပါက သူ၏နည်းစနစ်များ အဆက်မပြတ် တိုးတက်လာပေမည်။

"မဟုတ်သေးဘူး...သူက ငါကို ဓားသွေးကျောက်လို အသုံးပြုနေတာပဲ"

ထိုက်ဟွာကျမ်းစာသည် သူ၏အမှားကို သိနားလည်သွားလေ၏။

လုယွီ၏အရှိန်အဝါ ပို၍အားကောင်းလာသည်နှင့်အမျှ ဓားအင်မော်တယ်ပုံရိပ်ယောင်တွင် အရေးနိမ့်တော့မည့်အရိပ်အယောင်များ ထင်ဟပ်စပြုလာသည်။

ဤသည်က ရလဒ်ဖြစ်ကြောင်း နားလည်သဘောပေါက်သွားချိန်တွင် ထိုက်ဟွာကျမ်းစာ အလွန်အမင်း ဒေါသထွက်သွားသည်။

ဤသည်က နှစ်ထောင်သောင်းချီ၍ အသက်ရှင်လာခဲ့သော မွန်းစတားအိုကြီးတစ်ကောင်သည် လူငယ်တစ်ယောက်၏ကျီစားခြင်းကို ခံလိုက်ရသကဲ့သို့ပင်။ဤတိုက်ပွဲ၏ရလဒ်သည် ထိုက်ဟွာကျမ်းစာကို အရှက်ခွဲခံလိုက်ရသကဲ့သို့ ခံစားရစေသည်။

"ကြည့်ရတာတော့ ငါက အရမ်းကြင်နာသနားပြနေတော့ မင်းက ကြောက်ရွံမှုဆိုတာကို မေ့သွားတဲ့ပုံပဲ"

ထိုက်ဟွာကျမ်းစာ၏မျက်နှာပြင်ပေါ်တွင် ခရမ်းရောင်စာလုံးများ ထပ်မံ၍ထွက်ပေါ်လာသည်။ထိုအရာမှနေ၍ အလင်းတန်းများ ဖြာထွက်နေကာ ခရမ်းရောင်စွမ်းအားများအဖြစ်သိပ်သည်းနေပြီး ပြန့်ကျဲသွားခြင်းမရှိချေ။

ထို့နောက် ထိုအရာ၏ရှေ့၌ အင်မော်တယ်ပုံရိပ်ယောင်ငါးခုအဖြစ် သိပ်သည်းသွားသည်။

သူတို့အနက် တချို့သည် မှော်လက်နက်များကို ကိုင်ဆွဲထားကာ တချို့ကမူ လက်ဟန်သင်္ကေတများကို ဖွဲ့စည်းထားသည်။သူတို့တွင် သူတို့၏ကိုယ်ပိုင် ကိုယ်နေဟန်ထားများရှိသော်လည်း သူတို့အားလုံး၏အရှိန်အဝါများမှာ သာမာန်ထက်သာလွန်ထူးကဲနေသည်။

ထိုအင်မော်တယ်ငါးယောက်သည် သူတို့၏အားအကောင်းဆုံးနည်းစနစ်များကို ထုတ်ဖော်အသုံးပြုကာ လုယွီကို တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။

သူတို့သည် လုယွီ အသက်ရှင်ခွင့်ရရန် အနည်းငယ်မျှပင် အခွင့်အရေးပေးလိုပုံမရချေ။

ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများက လုယွီကို ပစ်မှတ်ထားနေသည်။

ဤကဲ့သို့ သေရေးရှင်ရေးအခြေအနေမျိုးတွင် တိုက်ခိုက်ခံရသူအဖို့ အသက်ရှင်သန်နိုင်မည့်အခွင့်အရေးမှာ လွန်စွာနည်းပါးသည်။

ဘုန်း...

အစွမ်းထက်သောတိုက်ခိုက်မှုခြောက်မျိုးသည် လုယွီ မူလကရှိနေသော လေဟာနယ်ပေါ်သို့ ကျရောက်သွားသည်။ထိုနေရာရှိလေဟာနယ် ချက်ချင်းပြိုလဲသွားကာ ပြင်းထန်သောလေဟာနယ်မုန်တိုင်းကြီးက အရပ်မျက်နှာအဘက်ဘက်သို့ ဖြတ်သန်းတိုက်ခတ်သွားပေ၏။

ထိုက်ဟွာကျမ်းစာသည် ထိုပေါက်ကွဲမှု၏အလယ်ဗဟိုသို့ ချက်ချင်းပျံဝဲလာကာ လုယွီ၏အလောင်းကို ရှာဖွေလိုက်သည်။

"သူက မြင့်မြတ်ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ်ကို ကျင့်ကြံထားတာ....ဒီတိုက်ခိုက်မှုအဆင့်လောက်နဲ့ သူ့ကိုသေစေနိုင်မှာမဟုတ်ဘူး...ငါက သူ့ရဲ့စိတ်ဝိညာဥ်ကို ဆွဲထုတ်ပြီးတာနဲ့ သူ ကံကြမ္မာကောင်း ဘယ်လောက်များများရထားလဲဆိုတာ ငါ သိရတော့မယ်"

ခရမ်းရောင်အလင်းတန်းများက ထိုက်ဟွာကျမ်းစာ၏နံဘေးပတ်လည်တွင်ရစ်ဝဲနေကာ ပေါက်ကွဲမှုအလယ်ဗဟို၏ အထက်ရှိလေထုအတွင်း၌ မျောလွင့်နေသည်။

သို့သော် ထိုအချိန်အခိုက်အတန့်မှာပင် တိုးညှင်းသောအသံတစ်သံက ထိုက်ဟွာကျမ်းစာ၏နောက်မှ ထွက်ပေါ်လာသည်။

"ငါ ရှုံးနိမ့်သွားပြီဆိုတာ မင်း သေချာလား"

ဝှစ်...

ကျမ်းစာ၏နောက်ကျောမှနေ၍ ခရမ်းရောင်အလင်းတန်းများ ဖြာထွက်လာသော်လည်း လုယွီ၏အနီးသို့ ချဥ်းကပ်သွားချိန်တွင် ရုတ်တရက် အချိန်တခဏခန့် ရပ်တန့်သွားသည်။

ထိုက်ဟွာကျမ်းစာက တုန်လှုပ်ချောက်ချားစွာ ပြောဆိုသည်။

"ဒါက သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ပဲ...တစ္ဆေဧကရာဇ်ရဲ့မှော်ရတနာက မင်းရဲ့လက်ထဲကို ရောက်နေတာလား"

သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်သည် လေဟာနယ်နှင့်အချိန်ဥပဒေသကို ထိန်းချုပ်နိုင်သည်။ထိုအရာ၏လွှမ်းမိုးမှုအောက်တွင် ထိုက်ဟွာကျမ်းစာ၏လှုပ်ရှားမှုများအားလုံး အချိန်တခဏခန့် ရပ်တန့်သွားခဲ့သည်။

လုယွီ၏လက်ဝါးအတွင်း၌ တလိမ့်လိမ့်ထနေသော မှော်စွမ်းအားများကိုကြည့်ပြီး ထိုက်ဟွာကျမ်းစာက ပြောဆိုလေ၏။

"အရှုံးပေးစမ်း...မင်းမှာရှိတဲ့ မှော်နည်းစနစ်တွေအားလုံးက ငါ့ကို ဘာထိခိုက်နာကျင်မှုမှဖြစ်စေမှာမဟုတ်ဘူး"

Chapter 2712

"အဲ့ဒီလိုလား...ဒါဆိုရင်လည်း ဒီတိုက်ခိုက်မှုကို မင်းခံယူနိုင်မလားဆိုတာ ငါ စောင့်ကြည့်နေမယ်"

လုယွီက ရုတ်တရက် သူ ယခင်အသုံးပြုခဲ့သော မှော်မန္တန်များအားလုံးကို ရုတ်သိမ်းလိုက်သည်။ကြီးမားကျယ်ပြန့်သော မှော်စွမ်းအားများက သူ၏လက်ဝါးအတွင်းမှပေါ်လာကာ သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ရစ်ဝဲနေသည်။

ထိုမှော်စွမ်းအားများသည် ကြီးကျယ်ခမ်းနားပြီး အကန့်အသတ်မရှိချေ။

လုယွီသည် ရိုးရှင်းသော လက်ဟန်လှုပ်ရှားမှုကို အသုံးပြုနေသော်လည်း အချိန်ကာလပြောင်းလဲမှု လောကဓံတရားကို ခံစားရစေသည်။

"ဒါက အမတ်ကြီးချွယ်ရဲ့ကျင့်ကြံနည်းစနစ်မဟုတ်ဘူး"

ထိုက်ဟွာကျမ်းစာမှခရမ်းရောင်အလင်းတန်းများက မိုးကောင်းကင်ယံထိတိုင် မြင့်တက်သွားကာ အင်မော်တယ်ဆယ်ယောက်၏ပုံရိပ်ယောင်များထွက်ပေါ်လာပြီး သူ့၏ရှေ့၌ ကာကွယ်ဟန့်တားထားလေသည်။

သို့ရာတွင် လုယွီ၏မှော်စွမ်းအားများ တစတစ ပို၍အစွမ်းထက်လာသည့်တိုင် ထိုက်ဟွာကျမ်းစာသည် အထင်အမြင်သေးနေဆဲပင်။

"မင်းက ကျွန်အဆင့်ပဲရှိတာ...တကယ်လို့ မင်းက အမတ်ကြီးချွယ်ရဲ့အမွေအနှစ်တွေအားလုံးကို ဆက်ခံထားတယ်ဆိုရင်တောင် ငါ့ရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး"

ထိုက်ဟွာကျမ်းစာသည် သူ့အား လုယွီ ထိခိုက်နာကျင်အောင် ပြုလုပ်နိုင်မည်ဟု ယုံကြည်ခြင်းမရှိချေ။

သို့ရာတွင် လုယွီ၏လက်အတွင်းရှိ မှော်စွမ်းအားများသည် တဖြည်းဖြည်း သိသိသာသာ ပြန့်ကားစပြုလာသည်။

ပြင်းထန်သောမှော်စွမ်းအားလှိုင်းများက ပတ်ဝန်းကျင်အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ဤတစ်ကြိမ်တွင် ထိုက်ဟွာကျမ်းစာသည် သတိကြီးစွာထားသည့် ပြင်ဆင်မှုမျိုး ပြုလုပ်လိုက်၏။

ထိုက်ဟွာကျမ်းစာ၏မျက်နှာပြင်မှနေ၍ ကြီးမားသောခရမ်းရောင် ကျမ်းစာစာလုံးများ ထွက်ပေါ်လာသည်။ထိုကျမ်းစာစာလုံးတစ်လုံးစီအတွင်း၌ ထူထပ်သိပ်သည်းသော ခရမ်းရောင်ချီအလင်းတန်းများ ရောယှက်နေသည်။

ထိုက်ဟွာကျမ်းစာ၏နံဘေးပတ်လည်တွင် အင်မော်တယ်ဆယ်ယောက်ကျော်၏ပုံရိပ်ယောင်များကို သိပ်သည်းထားသည်။ထိုအင်မော်တယ်များသည် အသက်ရှင်သန်နေစဥ်အချိန်၌ ကောင်းကင်ဘုံနန်းတော်တွင် အရေးကြီးနေရာများကိုတာဝန်ယူခဲ့သော အကြီးအကဲများဖြစ်ပေ၏။သူတို့အား နည်းလမ်းတစ်မျိုးဖြင့် ထိုက်ဟွာကျမ်းစာပေါ်တွင် မှတ်တမ်းတင်ထားခဲ့သည်။ ထိုအရာမှတဆင့် သူတို့သည် ထိုက်ဟွာကျမ်းစာမှ အသုံးပြု၍ရသော ရုပ်သေးပုံရိပ်ယောင်များအဖြစ်သို့ ရောက်ရှိခဲ့ရသည်။

"မင်းနဲ့တခြားကျမ်းစာတွေကြားက ကွာဟချက်ကို မင်းသိလား"

လုယွီ၏အသံက အေးစက်တင်းမာနေသည်။သူ၏လက်ဝါးအတွင်း၌ မှော်စွမ်းအားများကို အထွတ်အထိပ်အခြေအနေရောက်သည်အထိ စုစည်းထားပြီးလေပြီ။

"ဘာလို့လဲဆိုတော့ တခြားကျမ်းစာနှစ်ခုက တကယ်လို့ တစ်ယောက်ယောက်ကို ရွေးချယ်လိုက်ရင်တောင်...အဲ့ဒီရွေးချယ်ခံအတွက် ခလုတ်ကန်သင်းတွေကို မင်းလိုမျိုး ရှင်းပေးမနေဘူး...မင်းက ခွေးတစ်ကောင်နဲ့တူတယ်လို့ မခံစားရဘူးလား"

ဝုန်း...

ပြင်းထန်သောတုန်ခါသံများ ဆက်တိုက်မြည်ဟီးလာခြင်းနှင့်အတူ လုယွီ၏မှော်စွမ်းအားများအားလုံး ပွင့်အံထွက်သွားကာ ကြီးမားပြီးကြီးကျယ်ခမ်းနားသော ဂိတ်တံခါးကြီးတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။

ထိုဂိတ်တံခါးကြီး၏အစွန်းများတွင် မြောက်များစွာသော ရှေးဟောင်းသင်္ကေတအက္ခရာများကို ရေးထွင်းထားသည်။ထိုအရာပေါ်တွင် အလွန်အမင်း အသေးစိတ်ကျသောရုပ်ကြွတချို့ကိုလည်း ရေးထွင်းထားကာ ရှေးဟောင်းအချိန်ကာလအတွင်းမှ အတိတ်ဖြစ်ရပ်တစ်ခုကို သရုပ်ဖော်ထားပုံရသည်။

ထိုတံခါးအတွင်းမှနေ၍ ရှေးဟောင်းခေါင်းလောင်းသံတစ်သံ မြည်ဟီးနေသည်။

ရုတ်ချည်းဆိုသလိုပင် တံခါးကြီးပွင့်သွားကာ အတွင်းမှနေ၍ တောက်ပသောအဖြူရောင်အလင်းတန်းများ ဖြာထွက်လာပေ၏။

ထိုအဖြူရောင်အလင်းတန်းများက ပတ်ဝန်းကျင်နေရာတစ်ဝိုက်လုံးကို လွှမ်းခြုံသွားသည်။ဤနေရာရှိ ကောင်းကင်နှင့်မြေပြင်ကို ထိုက်ဟွာကျမ်းစာ၏ချိပ်ပိတ်ထားမှု ချက်ချင်းကျိုးပျက်သွားကာ ပြင်ပလောကရှိမြင်ကွင်းများ ထွက်ပေါ်လာတော့သည်။

"လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ...ဒါဆိုရင် ငါ မင်းဆီကနေ အစောပိုင်းက ရင်းနှီးကျွမ်းဝင်တဲ့အငွေ့အသက်မျိုးကို အာရုံခံမိတာ အမတ်ကြီးချွယ်မဟုတ်ဘူး...လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာပဲ...မင်းက လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာရဲ့ရွေးချယ်မှုကို တကယ်ကြီး ရထားတာပါလား"

ထိုက်ဟွာကျမ်းစာသည် မယုံကြည်နိုင်ဖွယ် အရာတစ်ခုကို ရှာဖွေတွေ့ရှိသလား မျက်နှာပြင်တစ်ခုလုံး အဆက်မပြတ်တဖျတ်ဖျတ်တောက်ပနေသည်။

ထို့နောက် ထိုက်ဟွာကျမ်းစာက အလျင်စလို ပြောဆိုလိုက်၏။

"မင်းက ဒီသေတော့မယ့်ကျွန်ရဲ့နောက်ကို ဘာလို့လိုက်တာလဲ...မင်းကငါနဲ့အတူ မိုးကောင်းကင်ရဲ့ကံကြမ္မာသားတော်ကို ကူညီထောက်ပံပေးရမှာ မဟုတ်ဘူးလား...သူက ကောင်းကင်ဘုံဧကရာဇ် အစစ်အမှန်ပြန်ဝင်စားတဲ့သူလေ...သူက ကောင်းကင်ဘုံဧကရာဇ်ရဲ့ရွေးချယ်ခံပဲ...ဒီအမှိုက်ကောင်ပေါ်မှာ ဘာလို့ မင်းရဲ့အချိန်တွေကို ဖြုန်းတီးနေတာလဲ"

သူ့အားတုံ့ပြန်လာသည်မှာ တောက်ပသောအဖြူရောင်အလင်းတန်းများပင်။

လုယွီက သူ၏လက်ဝါးမှမှော်စွမ်းအားလှိုင်းတစ်လှိုင်း ထုတ်လွှတ်၍ ဂိတ်တံခါးကြီးကို ရိုက်နှက်လိုက်သည်။

ဝုန်း...

ပြင်းထန်သောတုန်ခါသံကြီးနှင့်အတူ ဂိတ်တံခါးကြီးတစ်ခုလုံး ချက်ချင်းပွင့်သွားသည်။

ထူထပ်သိပ်သည်းပြီးပေါများသော အင်မော်တယ်ချီစွမ်းအင်များသည် ဂိတ်တံခါးကြီး၏နက်ရှိုင်းသောနေရာမှ မျောလွင့်ထွက်ပေါ်လာသည်။ဤသည်က ရှေးဟောင်းအချိန်ကာလအတွင်းတွင် ပြတ်တောက်သွားခဲ့သော ရှေးဟောင်းအင်မော်တယ်ချီစွမ်းအင်များပင်။

ထိုနောက်မှနေ၍ အစွမ်းထက်သောစုပ်အားလှိုင်းတစ်ရပ်က ဂိတ်တံခါးကြီးမှနေ၍ ထွက်ပေါ်လာပေ၏။

ထိုက်ဟွာကျမ်းစာမှဖွဲ့စည်းထားသော အင်မော်တယ်ပုံရိပ်ယောင်များသည် ချက်ချင်းဆိုသလိုပင် ဝါးမြိုခြင်းခံလိုက်ရကာ မည်သည့်ခုခံကာကွယ်မှုမျှ မလုပ်နိုင်ကြချေ။

ဤသည်က သူ ဓားအင်မော်တယ်နှင့်တိုက်ခိုက်နေစဥ်တွင် သူ၏မှော်စွမ်းအားများကို နှိုးဆွပြီးနောက် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာထံမှ သူ သင်ယူနိုင်ခဲ့သော ပထမဆုံးနည်းစနစ်ပင်။

ရှေးဟောင်းအင်မော်တယ်နည်းစနစ်...နက်နဲသိမ်မွေ့မိုးကောင်းကင် ဂိတ်တံခါး...

Chapter 2713

နက်နဲသိမ်မွေ့မိုးကောင်းကင်ဂိတ်တံခါးဖွင့်လိုက်စဥ်တွင် ထိုက်ဟွာကျမ်းစာထံမှနေ၍ စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံကြီးထွက်ပေါ်လာသည်။

ထိုက်ဟွာကျမ်းစာ၏မျက်နှာပြင်မှနေ၍ အလင်းတန်းများနှင့်တူသော ခရမ်းရောင်အခိုးအငွေ့များ ထွက်ပေါ်လာကာ နက်နဲသိမ်မွေ့မိုးကောင်းကင်ဂိတ်တံခါး၏ စုပ်ယူမှုကိုဟန့်တား၍ အဝေးသို့ထွက်ပြေးရန် ရည်ရွယ်လိုက်၏။

"မင်းက ဒီနေရာကိုရောက်လာပြီဆိုမှတော့...ထွက်သွားချင်တယ်ဆိုရင်တောင် တစ်ခုခုကို ချန်ထားရမယ်"

လုယွီက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။သူသည် နက်နဲသိမ်မွေ့မိုးကောင်းကင်ဂိတ်တံခါးကိုထိန်းချုပ်၍ အဖြူရောင်အလင်းတန်းများကို ထိုက်ဟွာကျမ်းစာထံဦးတည်၍ ကျရောက်သွားစေသည်။

ရုတ်ချည်းဆိုသလိုပင် နက်နဲသိမ်မွေ့မိုးကောင်းကင်ဂိတ်တံခါးမှ စုပ်အားက ထိုက်ဟွာကျမ်းစာ၏မျက်နှာပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် သက်ရောက်သွားသည်။

ထိုအရာ၏မျက်နှာပြင်ပေါ်မှ အသက်ဝင်နေပုံရသောစာလုံးများသည် စုပ်အား၏ဝါးမြိုခြင်းခံရကာ နက်နဲသိမ်မွေ့မိုးကောင်းကင်ဂိတ်တံခါးအတွင်းသို့ ဝင်ရောက်သွားတော့သည်။

ရွှပ်...ရွှပ်...ရွှပ်...

အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် ထိုက်ဟွာကျမ်းစာမှစာလုံးဆယ်လုံးကျော် မျောလွင့်သွားကာ နက်နဲသိမ်မွေ့မိုးကောင်းကင်ဂိတ်တံခါးနှင့် ပေါင်းစပ်သွားလေ၏။

ထိုစာလုံးများ၏အရေအတွက်သည် များပြားခြင်းမရှိသော်လည်း စာလုံးတစ်လုံးစီတွင် အကန့်အသတ်မရှိသော မဟာတာအိုသဘောတရားများ ပါဝင်နေသည်။ဤသည်က တန်ဖိုးမဖြတ်နိုင်သောရတနာဖြစ်သဖြင့် အရေအတွက်အားဖြင့် ရိုးရှင်းစွာတွက်ဆ၍မရချေ။

ထိုက်ဟွာကျမ်းစာစာရွက်၏တစ်စိတ်တစ်ပိုင်းပေါ်တွင် စာလုံးများ ကင်းမဲ့သွားလေပြီ။

ဤသည်က စာလုံးများပြည့်နှက်နေသော စာရွက်တစ်ရွက်ပေါ်ရှိ နေရာတစ်နေရာ၌ ဗလာဟင်းလင်းဖြစ်နေသကဲ့သို့ပင်။တစ်စုံတစ်ယောက်သည် ပြင်ပမှအားတစ်ရပ်ကိုအသုံးပြု၍ ထိုစာရွက်ရှိစာလုံးတချို့မှ မင်များကိုဆွဲထုတ်လိုက်သဖြင့် အဖြူရောင်နေရာလွတ်များသာ ကျန်ရှိတော့ခြင်းမျိုးဖြစ်သည်။

ဤသည်က ထိုက်ဟွာကျမ်းစာအတွက် အလွန်အမင်းကြီးမားသော ဆုံးရှုံးမှုပင်။

ထိုစာလုံးများသည် ထိုက်ဟွာကျမ်းစာ၏မူလပုံစံဖြစ်သည်။အကယ်၍ စာရွက်ပေါ်တွင် စာလုံးများမရှိတော့ပါက ထိုကျမ်းစာ၏စွမ်းအား အကြီးအကျယ် လျော့ကျသွားပေမည်။

"လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာနဲ့ ကျွန်ကောင်...မင်းတို့ စောင့်နေကြစမ်း"

ထိုက်ဟွာကျမ်းစာသည် စူးရှကျယ်လောင်စွာအော်ဟစ်ကာ အဝေးသို့ ထွက်ပြေးသွားတော့သည်။

ထိုကျမ်းစာသည် ရှေးဟောင်းမဟာတာအိုကျမ်းစာသုံးခုအနက်မှတစ်ခုဖြစ်ရန် ထိုက်တန်သည်။ထိုအရာသည် ပျံသန်းထွက်ပြေးသွားပြီးနောက် ချက်ချင်းဆိုသလိုပင် ခရမ်းရောင်အလင်းတန်းအသွင်သို့ ပြောင်းလဲလိုက်၏။လုယွီသည် ချီစောင့်ကြည့်ခြင်းနည်းစနစ်ကိုအသုံးပြုသည့်တိုင် ထိုက်ဟွာကျမ်းစာ၏ အရိပ်အယောင်ကို တစိုးတစိမျှပင် မတွေ့ရတော့ချေ။

"မင်း ထွက်ပြေးတာမြန်သွားတယ်...ဒါပေမယ့် ငါက မင်းရဲ့အငွေ့အသက်ကို ဖမ်းဆုပ်ထားပြီးပြီ...နောင်တစ်ချိန် ငါ မင်းကို တွေ့တာနဲ့ မင်း သေရမယ့်အချိန်ပဲ"

လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းများ ဖြတ်ပြေးသွားသည်။

မိုးကောင်းကင်ရဲ့ကံကြမ္မာသားတော် ဆိုရင်တောင် ဘာကောင်မလို့လဲ...ရှေးဟောင်းမဟာကျမ်းစာတစ်ခုဖြစ်နေရင်တောင် ငါက ဘာအရေးစိုက်ရမှာလဲ...

လုယွီသည် သူ့အားသတ်ဖြတ်ချင်နေသူများကို မည်သည့်နည်းနှင့်မျှ အလွတ်ပေးမည်မဟုတ်ချေ။

လုယွီ၏ခန္ဓာကိုယ် ရုတ်တရက် အနည်းငယ်တုန်ရီသွားကာ နက်နဲသိမ်မွေ့မိုးကောင်းကင်ဂိတ်တံခါးလည်း ပျောက်ကွယ်သွားတော့သည်။

ယခုလက်ရှိချိန်တွင် လုယွီသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်၌ ရှိနေသော်လည်း ဤအဆင့်မှော်မန္တန်ကို အတင်းအကြပ်ထုတ်ဖော်အသုံးပြုရသည်မှာ သူ့အတွက် အခက်အခဲရှိနေဆဲပင်။

ယခုလက်ရှိချိန်တွင် လုယွီထံ၌ အစွမ်းထက်သော ရှေးဟောင်းမှော်မန္တန် အမြောက်အများရှိနေသည်။သို့ရာတွင် သူသည် ထိုမှော်မန္တန်များ၏အစစ်အမှန်စွမ်းအားကို အပြည့်အဝထုတ်ဖော်အသုံးပြုနိုင်ခြင်းမရှိချေ။သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် ထိုမှော်မန္တန်များကိုအသုံးပြုရန်အတွက် လုံလောက်ခြင်းမရှိသေးချေ။

မြေကမ္ဘာအင်မော်တယ်နယ်ပယ်တွင် ထိုမှော်နည်းစနစ်များကို အသုံးပြုရန် အရည်အချင်းပြည့်မီသော်လည်း ထိုအရာများ၏အစစ်အမှန်စွမ်းအားကိုမူ အပြည့်အဝ ထုတ်ဖော်အသုံးပြုနိုင်မည်မဟုတ်ပေ။

"လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ...မင်း နိုးထလာမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

လုယွီက နတ်ဘုရားစိတ်အာရုံဖြင့် သူ၏မိုးကောင်းကင်လှိုဏ်ဂူအတွင်းသို့ ဝင်လိုက်၏။

ဤနေရာတွင်ရှိနေသော လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏မျက်နှာပြင်၌ အပြာရောင်အလင်းတန်းများ တဖျတ်ဖျတ်တောက်ပကာ ဖြာထွက်နေသည်။

လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ အတွင်းဘက်မှနေ၍ ရှေးဆန်သော ပြတ်တောင်းပြတ်တောင်းအသံတစ်သံ ထွက်ပေါ်လာသည်။

"မဟာဘေးကပ်ဆိုးကြီးက လာတော့မယ်...မင်းရဲ့ခွန်အားကို တတ်နိုင်သမျှအမြန်ဆုံး မြှင့်တင်ထားပါ...မင်းရဲ့လက်ရှိခွန်အားနဲ့ဆိုရင် မဟာဘေးကပ်ဆိုးကြီးကနေ အသက်ရှင်ရက်လွတ်မြောက်နိုင်ဖို့ အရမ်းခက်ခဲလိမ့်မယ်"

"ဒါက ထိုက်ဟွာကျမ်းစာ အပြည့်အစုံမဟုတ်သေးဘူး...ဒါပေမယ့် ထိုက်ဟွာကျမ်းစာရဲ့နိဒါန်းဖြစ်တဲ့ ပထမဆုံးစာမျက်နှာပဲ...အတိတ်မှာတုန်းက ထိုက်ဟွာကျမ်းစာကို မဟာမိုးကောင်းကင်ရွှေအင်မော်တယ်တစ်ယောက်က ဖန်တီးခဲ့တယ်...ဒါပေမယ့် အဲ့ဒီမဟာမိုးကောင်းကင်ရွှေအင်မော်တယ် မရှိတော့တဲ့အချိန်မှာ ထိုက်ဟွာကျမ်းစာရဲ့နိဒါန်းစာမျက်နှာကနေ စိတ်ဝိညာဥ်တစ်ကောင် မွေးဖွားလာခဲ့တယ်...သူက ထိုက်ဟွာကျမ်းစာကို တိတ်တဆိတ်သင်ယူပြီးတော့ အဝေးကိုထွက်ပြေးသွားခဲ့တယ်...အခုချိန်မှာ အစစ်အမှန်ထိုက်ဟွာကျမ်းစာက နက်ရှိုင်းတဲ့တစ်နေရာမှာ အိပ်မောကျနေလောက်တယ်"

"ငါလည်း မကြာခင်မှာပဲ အိပ်မောကျသွားတော့မှာ...မင်းက ကောင်းကင်ဘုံဧကရာဇ်ရဲ့အမွေအနှစ်ကို ဆက်ခံထားတာကြောင့် လူအများရဲ့ပစ်မှတ်ထားတာကို ခံရမှာပဲ..ကျားတစ်စုပေါင်းလိုက်ရင် အစစ်အမှန်နဂါးကိုတောင် ဝါးမြိုနိုင်တယ်...ကပ်ဘေးကြီးမလာခင် မင်းရဲ့ခွန်အား အမြန်တိုးတက်လာအောင် လုပ်ထားပါ"

လျှို့ဝှက်ဆန်းကြယ်မိုးကောင်ကင်ကျမ်းစာ၏အသံသည် တစတစတိမ်ဝင်သွားကာ နောက်ဆုံး၌ ပျောက်ကွယ်သွားတော့သည်။

ထိုကျမ်းစာသည် တဖန်ပြန်၍ နက်ရှိုင်းစွာအိပ်မောကျသွားလေပြီ။

"ဒီလောကကြီးကို ဆိုက်ရောက်လာမယ့် ကပ်ဘေးကြီးက...ရှေးဟောင်းကောင်းကင်ဘုံနန်းတော်ကို ဖျက်ဆီးခဲ့တဲ့ကပ်ဘေးကြီးနဲ့ အတူတူပဲလား"

လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။

Chapter 2714

"လုယွီ...ဘာဖြစ်တာလဲ"

အဝေးမှနေ၍ ကျင်းမင်ခုံး မဟာကွန်ဖြူးရှပ်ပညာရှင်ချန်းကျင်းနှင့် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှအကြီးအကဲတချို့ ရောက်ရှိလာသည်။

လုယွီ နောက်ဆုံးအသုံးပြုခဲ့သော နက်နဲသိမ်မွေ့မိုးကောင်းကင်ဂိတ်တံခါးသည် ထိုက်ဟွာကျမ်းစာ ဖန်တီးထားသော အတားအဆီးကို ဖျက်ဆီးလိုက်သဖြင့် ဤနေရာမှရုတ်ရုတ်သဲသဲအသံများကို ပြင်ပမှလူများ ကြားလိုက်ရတော့သည်။

ပတ်ဝန်းကျင်ရှိ ပျက်စီးမှုအခြေအနေများကို မြင်တွေ့ချိန်တွင် လူတိုင်း လေအေးတစ်ချက် ရှိုက်သွင်းလိုက်ကြ၏။

လုယွီသည် ဓားအင်မော်တယ်နှင့်တိုက်ခိုက်စဥ်တွင် ကောင်းကင်နှင့်မြေပြင်ကိုပင် ဖျက်ဆီးလုမတတ်ပင်။ထို့ကြောင့် မြေပြင်ပေါ်ရှိ နေရာအနှံ့အပြား၌ နက်ရှိုင်းသောချိုင့်ကြီးများ ကျင်းကြီးများ ကျန်ရစ်ခဲ့သည်။

အထူးသဖြင့် ပတ်ဝန်းကျင်ရှိမြေပြင်ပေါ်တွင် နက်ရှိုင်းသော ဓားရာများရှိနေသည်။ထိုဓားရာတစ်ခုစီသည် ဧရာမဓားကြီးဖြင့် မြေပြင်ကို ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလိုက်သည့်အလား မီတာထောင်ပေါင်းများစွာနက်သော ဧရာမချိုင့်ကြီးတစ်ချိုင့်ကို ဖြစ်ပေါ်စေခဲ့လေ၏။

ပတ်ဝန်းကျင်နေရာတစ်ဝိုက်လုံး ဓားခုတ်ရာများဖြင့် မွစာကျဲနေသဖြင့် မြေပြင်တစ်ပြင်လုံး ပျက်စီးသွားကာ ပူပြင်းသောအခိုးအငွေ့များလည်း ထွက်ပေါ်နေသည်။

တိုက်ပွဲပြီးဆုံးသွားသော်လည်း တုန်လှုပ်ချောက်ချားဖွယ် ဓားစိတ်ဆန္ဒတစ်ရပ်က ဤနေရာ၌ ကြွင်းကျန်နေဆဲပင်။

"ခုဏက တစ်ယောက်ယောက် ကျွန်တော်ကို လာတိုက်ခိုက်တယ်...ဒါက ပြဿနာမရှိတော့ပါဘူး...အဲ့ဒီလူ ထွက်သွားပြီ"

လုယွီသည် ထိုကိစ္စအကြောင်းကို ထုတ်ဖော်ပြောဆိုရန် ရည်ရွယ်မထားချေ။မည်သို့ပင်ဆိုစေကာမူ ဤကိစ္စ၏အဓိကနေရာ၌ ထိုက်ဟွာကျမ်းစာ ပါဝင်ပတ်သတ်နေသည်။

အကယ်၍ ထိုက်ဟွာကျမ်းစာ ထွက်ပေါ်လာသည်ကို တစ်စုံတစ်ယောက် သိရှိသွားပါက ကောင်းကင်ဘုံနယ်မြေတစ်ခွင်လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားပေမည်။ထိုကိစ္စသည် လုယွီ ရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာကိုရရှိသွားသော ကိစ္စထက်ပို၍ လူအများ၏စိတ်အာရုံကို ဆွဲဆောင်နိုင်ပေလိမ့်မည်။

ထိုအချိန်ကျပါက မြင့်မြတ်သောတာအိုသခင်များပင် ဤနေရာရှိကိစ္စရပ်များကို မေးမြန်းစုံစမ်းရန် ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာနိုင်သည်။

ယခုလက်ရှိချိန်တွင် သူတော်စင်ယီဟန်သည် တံခါးပိတ်ကျင့်ကြံနေကာ မည်သည့်အချိန်မှ ထွက်လာမည်မှန်းကို မသိရချေ။ထို့ကြောင့် သူသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ကိစ္စရပ်များကို ဂရုစိုက်နိုင်မည်မဟုတ်ပေ။အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း၏ ကျူးကျော်တိုက်ခိုက်မှုသည် ဥပမာပင်။အကယ်၍ ဤနေရာ၌ ထိုက်ဟွာကျမ်းစာ ထွက်ပေါ်လာခြင်းကို လူအများသိရှိသွားပါက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွက် ဘေးကပ်ဆိုးများ ဆိုက်ရောက်လာပေမည်။

"ကောင်းပြီလေ...အခုချိန်မှာ အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းရဲ့ အကြွင်းအကျန်တွေ လာပြီးလက်စားမချေဘူးလို့ အာမခံဖို့ခက်တယ်...တကယ်လို့ နင် အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့ရမယ်ဆိုရင် ငါတို့ဆီကို အချိန်မရွေး သတင်းစကားပို့နိုင်တယ်"

ကျင်းမင်ခုံးက ပြောဆိုလိုက်၏။

ကျင်းမင်ခုံးသည် အနောက်ဘက်တောင်မှထွက်လာသည့် တစ်ယောက်တည်းသော ဧည့်အကြီးအကဲပင်။ယခုလက်ရှိချိန်တွင် သူမသည် ကျောင်းတော်တစ်ခုလုံး၌ အစွမ်းထက်ဆုံးကျင့်ကြံသူလည်းဖြစ်သည်။

"အကြီးအကဲတို့အားလုံးကို ကျေးဇူးတင်ပါတယ်"

လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ဂါရဝပြုကာ ပြောဆိုလိုက်၏။

ထို့နောက် လုယွီသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်းရှိ လူသူကင်းမဲ့သောတောင်တစ်လုံးပေါ်မှ အိမ်တော်သို့ ပြောင်းရွှေ့ခဲ့တော့သည်။

ဤသည်က ကိစ္စများစွာဖြစ်ပွားခဲ့ခြင်းဟု ယူဆနိုင်သည်။အကယ်၍ ထိုက်ဟွာကျမ်းစာ ထပ်မံရောက်ရှိလာပါက တိုက်ပွဲ၏ဂယက်ရိုက်မှုများကြောင့် ပတ်ဝန်းကျင်ကိုသက်ရောက်သွားနိုင်ကာ တခြားတပည့်များ ဘေးအန္တရာယ်အတွင်းသို့ ကျရောက်သွားနိုင်သည်။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တွင် ယခုလက်ရှိချိန်၌ အပြည့်အဝပျက်စီးနေသော အခြေအနေမျိုးတွင်ရှိနေဆဲဖြစ်သဖြင့် မည်သည့်ထိခိုက်မှုမျိုးကိုမျှ ခံနိုင်ရည်ရှိမည်မဟုတ်ချေ။

.....

တာယွီအင်ပါယာ...တော်ဝင်မြို့တော်..

တော်ဝင်မြို့တော်၏အနောက်ဘက်ခြမ်းတွင် အလွန်အမင်းကြီးမားကျယ်ပြန့်သော အိမ်တော်ခြံဝန်းတစ်ခု တည်ရှိသည်။ဤအရာကို အိမ်တော်ဟုခေါ်ဆိုသော်လည်း အမှန်အားဖြင့် သေမျိုးကမ္ဘာလောကမှ မြို့တစ်မြို့အရွယ်အစားခန့်ရှိကာ အလွန်ကြီးမားကျယ်ပြန်သော့နေရာကို လွှမ်းခြုံထားသည်။

ထိုခြံဝန်း၏နံရံများသည် ခြောက်မီတာခန့်မြင့်မားကာ မီတာအနည်းငယ်ကွာခြားသောနေရာတိုင်းတွင် စောင့်ကြည့်မျှော်စင်တစ်ခုစီရှိသည်။ထိုစောင့်ကြည့်မျှော်စင်၏ထိပ်တွင် အစွမ်းထက်ကျင့်ကြံသူများက နေ့ရောညပါ စောင့်ကြပ်နေလေ၏။

ခြံဝန်းအတွင်း၌ လမ်းမကြီးနှင့်လမ်းသွယ်အမြောက်အများ ကန့်လန့်ဖြတ်တည်ရှိနေကာ အဆောက်အအုံနှင့်ခန်းမဆောင်အမျိုးမျိုးကိုလည်း တွေ့မြင်ရပေမည်။အထူးသဖြင့် ညဥ့်နက်ချိန်တွင် အစွမ်းထက်ကျင့်ကြံသူအမြောက်အများ ကင်းလှည့်၍ စောင့်ကြပ်ကြသည်။အကယ်၍ ကျူးကျော်ဝင်ရောက်လာသူ တစ်စုံတစ်ယောက်ကို တွေ့ရှိပါက ချွင်းချက်မရှိ ကွပ်မျက်ခြင်းခံရပေမည်။ဤသည်က ထိပ်တန်းမိသားစုကြီးတစ်စု၏အိမ်တော်ပင်။

ထိုခြံဝန်း၏ဆိုင်းဘုတ်ပေါ်တွင် ဝင့်ကြွားသောလက်ရေးလက်သားဖြင့် 'လု အိမ်တော်'ဟူသော စာလုံးနှစ်လုံးကို ရေးသားထားသည်။

ဤသည်က တော်ဝင်မြို့တော်၏ထိပ်တန်းမိသားစုရှစ်စုနှင့် မဟာထိပ်တန်းမိသားစုလေးစုစာရင်းတွင်ပါဝင်သော လုအိမ်တော်ဖြစ်သည်။

လုမိသားစုသည် စစ်သူတော်စင်၏မိသားစုပင်။လုမိသားစုအတွင်းမှနေ၍ စစ်သူတော်စင်များကို အစဥ်အဆက် မွေးထုတ်ပေးနိုင်ခဲ့သည်။အလယ်ခေတ်၏ဖရိုဖရဲအခြေအနေများကြားတွင် ထိုအစဥ်အလာကို ဆက်လက်၍ ထိန်းသိမ်းမထားနိုင်တော့သော်လည်း လုအိမ်တော်သည် ကြီးကျယ်ခမ်းနားစွာ ရပ်တည်နိုင်ဆဲဖြစ်ပေ၏။

ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ် သက်ရှိထင်ရှားရှိနေစဥ်တွင် လုမိသားစုဝင် လူငယ်အမြောက်အများ စစ်တပ်အတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။လုမိသားစုဝင်လူငယ်အများစုသည် ကြီးမားသောစစ်ရေးအောင်မြင်မှုများကိုရရှိကာ သူတို့၏ခွန်အားသည်လည်း ကောင်းမွန်သည်ဟု ဆိုနိုင်လေ၏။

လုအိမ်တော်၏ပင်မခန်းမအတွင်း၌ ရွှေရောင်တောက်ပနေသော တော်ဝင်အမိန့်တော်၁၂ခုကို တရိုတသေချိတ်ဆွဲထားသည်။ဤသည်က ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်မှနေ၍ လုမိသားစုထံ ချီးမြှင့်ထားသော သေဒဏ်ကင်းလွတ်ခွင့် အမိန့်တော်များပင်။အကယ်၍ လုမိသားစုဝင်တစ်ယောက်သည် ပုန်ကန်မှုကြီးကဲ့သို့ ကြီးမားသောရာဇဝတ်မှုကြီးကို မကျူးလွန်ပါက ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့်ရနိုင်သည်။

လုမိသားစု၏ ယခုလက်ရှိ မိသားစုခေါင်းဆောင်မှာ လုကျိုးတင်းဖြစ်သည်။အတိတ်တွင် သူသည် တော်ဝင်နန်းတွင်း၌ ကြီးမားသောအကျိုးဆောင်မှုများ ရှိခဲ့သူတစ်ယောက်ပင်။သူ့အား အဆင့်မြင့်အမတ်ကြီးအဖြစ် ရာထူးခန့်အပ်ထားခြင်းခံရကာ ချင်အမတ်ကြီးဟူသောဘွဲ့ထူးကို ရရှိထားလေ၏။သူသည် အလွန်အဆင့်အတန်းမြင့်မားသော အရာရှိကြီးတစ်ယောက်ဖြစ်သည်။

နှိုင်းယှဥ်ကြည့်ပါက ရှောင်မိသားစုသည် ထင်ရှားကျော်ကြားသော်လည်း အမွေအနှစ်အရဆိုလျှင် လုမိသားစုနှင့်လွန်စွာအလှမ်းကွာဟသည်။

Chapter 2715

ညဥ့်နက်ချိန်သို့ရောက်ရှိနေသည့်တိုင် လုအိမ်တော်အတွင်း၌ လူအမြောက်အများ လေ့ကျင့်နေကြဆဲပင်။

ညလင်းပုလဲများနှင့်ဖယောင်းတိုင်များကို နေရာအနှံ့အပြား၌ ထွန်းညှိထားသဖြင့် နေ့အချိန်အလား အလင်းရောင်များ တောက်ပနေသည်။

လူအများ ကျင့်ကြံနိုင်စေရန်အတွက် လေထုအတွင်း၌ ထူထပ်သိပ်သည်းသော စိတ်ဝိညာဥ်စွမ်းအင်များကို အဆက်မပြတ် ထုတ်လွှတ်ထားသည်။

လုမိသားစုကဲ့သို့ ထိပ်တန်းမိသားစုများအတွင်း၌ လူငယ်မျိုးဆက်သစ်များ၏ ယှဥ်ပြိုင်မှုသည် အလွန်အမင်း ပြင်းထန်လေ၏။ကျင့်ကြံခြင်းအရင်းအမြစ်များခွဲဝေမှုသည် သူတို့၏ခွန်အားအပေါ်၌ မူတည်သည်။အကယ်၍ တစ်စုံတစ်ယောက်သည် ဘိုးဘေးတစ်ယောက်၏သားဖြစ်နေလျှင်ပင် ထိုသူထံတွင် လုံလောက်သောခွန်အားမရှိပါက ဝေးလံခေါင်သီသောနေရာသို့ စေလွှတ်ခြင်းခံရကာ အထီးကျန်စွာသေဆုံးသွားရပေမည်။ထိုသို့မဟုတ်လျှင်ပင် သူ၏ကျန်ရှိနေသော ဘဝသက်တမ်းတလျှောက်လုံး လုအိမ်တော်သို့ ပြန်လာနိုင်တော့မည်မဟုတ်ချေ။

လုအိမ်တော်တွင် နှစ်စဥ်နှစ်တိုင်း ပြိုင်ပွဲတစ်ပွဲကို ကျင်းပသည်။လုမိသားစုဝင်များသည် သူတို့၏ခွန်အားအဆင့်အရ အရင်းအမြစ်များ ရရှိလေ၏။ထိပ်တန်းမိသားစုကြီးများအတွင်းတွင် ခွန်အားကောင်းသူသည် အလွန်များပြားသော ကျင့်ကြံမှုအရင်းအမြစ်များနှင့် စိတ်ကြိုက်ကျင့်ကြံနိုင်သော်လည်း ခွန်အားနိမ့်ပါးသူသည် အလွန်နည်းပါးသော အရင်းအမြစ်ပမာဏကိုသာ ရရှိပေမည်။ထို့ပြင် ထိုခွန်အားနည်းသူသည် တခြားမိသားစုဝင်များ၏ ပြက်ရယ်ပြုလှောင်ပြောင်သရော်ခြင်းကို ခံယူရလိမ့်မည်။

ထို့ကြောင့် လုအိမ်တော်အတွင်းမှ ကျင့်ကြံမှုအငွေ့အသက်များသည် အလွန်အမင်း ထူထပ်သိပ်သည်းလှ၏။ရှောင်မိသားစုကဲ့သို့ တခြားသာမာန်ထိပ်သီးမိသားစုများနှင့် နှိုင်းယှဥ်ပါက လုအိမ်တော်သည် အဆများစွာ ပို၍ပြင်းထန်သည်။

လုအိမ်တော်ခြံဝန်း၏ နက်ရှိုင်းသောနေရာတွင် ပြင်ပကမ္ဘာလောကနှင့်ပိုင်းခြားထားသော အထီးကျန်လူရိုင်းကမ္ဘာဟုခေါ်ဆိုသည့် နယ်မြေတစ်ခုရှိသည်။

ထိုနယ်မြေအတွင်းတွင် လုမိသားစု၏အမွေအနှစ်ဖြစ်သော ဧကရာဇ်အဆင့်မှော်လက်နက်ဖြစ်သည့် အထီးကျန်ဓား ရှိနေလေ၏။

ဤသည်က လုမိသားစု၏ဘိုးဘေး စစ်သူတော်စင် အသုံးပြုခဲ့သော ဧကရာဇ်အဆင့် မှော်လက်နက်ပင်။ထိုအထီးကျန်ဓားကို တစ်ကြိမ်အသုံးပြုသည်နှင့် ကောင်းကင်နှင့်မြေပြင်ပင် ပြိုလဲသွားနိုင်စွမ်းရှိသည်။ထိုဓားအတွင်းတွင် လောကကြီးတခွင်လုံးကို တုန်လှုပ်ချောက်ချားစေနိုင်သည့် လုမိသားစုဝင်များသာအသုံးပြုနိုင်သော သိုင်းပညာနည်းစနစ်တစ်ခု ရှိလေ၏။

ကောလဟာလများအရ လုမိသားစုအတွင်းရှိဘိုးဘေးအိုကြီးတချို့ အထီးကျန်လူရိုင်းကမ္ဘာအတွင်း၌ရှိနေသည်။ထိုနေရာ၌ ပြင်ပကမ္ဘာလောကတွင် မရှိနိုင်သည့် ထူထပ်သိပ်သည်းသော စိတ်ဝိညာဥ်စွမ်းအားများရှိနေကာ အဖိုးတန်ရှားပါးသော ရတနာအမျိုးမျိုးနှင့် သားရဲများကိုလည်း တွေ့မြင်နိုင်သည်။

အထီးကျန်လူရိုင်းကမ္ဘာအတွင်းသို့ ဝင်ရောက်နိုင်သူများသည် ကောင်းကင်ဘုံ၏ချီးမြှောက်ခံများဖြစ်ကာ အလွန်အမင်းမြင့်မားသော ပါရမီအရည်အချင်းကို ပိုင်ဆိုင်ထားကြသူများဖြစ်သည်။

ဤအချိန်အခိုက်အတန့်တွင် လရောင်က တောက်ပစွာ ဖြာထွက်နေပြီး ကြယ်ရောင်က မှေးမှိန်နေသည်။

အလင်းတန်းတစ်တန်းက အထီးကျန်လူရိုင်းကမ္ဘာ၏အတားအဆီးကို ကျော်ဖြတ်ကာ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် လှိုဏ်ဂူတစ်လုံး၏ရှေ့သို့ ရောက်ရှိသွားသည်။

ဤလှိုဏ်ဂူသည် အထီးကျန်လူရိုင်းကမ္ဘာ၏ထိပ်တွင်တည်ရှိကာ တစ်နှစ်ပတ်လုံး ထူထပ်သိပ်သည်းသော စိတ်ဝိညာဥ်စွမ်းအင်များ လွှမ်းခြုံနေပြီး ကျင့်ကြံရန်အတွက် နေရာကောင်းတစ်ခုပင်။လုမိသားစု၏ထိပ်သီးပါရမီရှင်များသာလျှင် ဤနေရာ၌နေထိုင်ရန် အရည်အချင်းပြည့်မီသည်။

ဤအချိန်အခိုက်အတန့်တွင် ရုပ်ရည်ချောမောခန့်ညားသောလူငယ်တစ်ယောက်သည် လှိုဏ်ဂူအတွင်း၌ ပလ္လင်ခွေထိုင်ကာ ကျင့်ကြံနေလေ၏။

သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ စိတ်ဝိညာဥ်စွမ်းအင်လုံးများ အဆက်မပြတ်လှည့်ပတ်နေကာ ထူးဆန်းသောပုံရိပ်ယောင်အမြောက်အများကို ဖန်တီးနေခဲ့သည်။သူ အသက်ရှုရှိုက်လိုက်သည့်အချိန်တိုင်း တောအုပ်အတွင်း၌ကျားတစ်ကောင်ဟိန်းဟောက်လိုက်သည့်အလား တုန်ခါသံကြီးတစ်သံက သူ၏ရင်ဘတ်မှ ထွက်ပေါ်နေသည်။

"တစ်ယောက်ယောက် လာနေတယ်"

ထိုလူငယ်၏နဖူးပြင်ပေါ်မှနေ၍ ဒေါင်လိုက်မျက်လုံးတစ်လုံး ရုတ်တရက်ပွင့်လာသည်။

ထိုဒေါင်လိုက်မျက်လုံးသည် စူးရှစွာတောက်ပနေကာ မကြာမီမှာပင် ပြင်ပ၌ဖြစ်ပျက်နေသော အရာရာတိုင်းကို တွေ့မြင်သွားသည်။

သူ စောင့်ကြည့်နေစဥ်မှာပင် ခရမ်းရောင်အလင်းတန်းတစ်တန်းသည် လှိုဏ်ဂူပြင်ပရှိ အတားအဆီးဝင်္ကပါကို ဖြတ်သန်းကာ သူ့ရှေ့သို့ ရောက်ရှိလာသည်။

လူငယ်က မျက်မှောင်ကြုတ်လိုက်၏။

"မင်း ဘယ်သူလဲ...ညကြီးအချိန်မတော် ငါ့ဆီရောက်လာတာ ဘာကိစ္စရှိလို့လဲ"

ခရမ်းရောင်အလင်းတန်း၏လွှမ်းခြုံမှုအောက်မှနေ၍ ကျမ်းစာစာရွက်တစ်ရွက် ထွက်ပေါ်လာသည်။

"ငါ မင်းကို သတ်ပစ်မှာကို...မင်း နည်းနည်းလေးတောင် စိုးရိမ်ပူပန်မှုမရှိဘူးလား"

ကျမ်းစာစာရွက်ထံမှ အသံတစ်သံ ထွက်ပေါ်လာလေ၏။

လူငယ်က ရယ်မောလိုက်သည်။

"ဒီလောကကြီးထဲမှာ အထီးကျန်လူရိုင်းကမ္ဘာထဲမှာရှိနေတဲ့ ငါ လုကျိုးရှောင်ကို သတ်ဝံ့တဲ့သူ ဘယ်သူရှိလို့လဲ...ပြီးတော့ မင်းဆီမှာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ ရှိမနေဘူး...မင်း ဘာလို့ ဒီနေရာကိုရောက်လာတယ်ဆိုတာ ငါ့ကို မြန်မြန်ပြောစမ်း...မဟုတ်ရင် ငါ မင်းကို သတ်ပစ်လိုက်မယ်"

လုကျိုးရှောင်၏စကားများအတွင်း၌ မောက်မာဝံ့ကြွားမှုများနှင့် ပြည့်နှက်နေသည်။

"ကောင်းတယ်...ကောင်းတယ်...ရွေးချယ်ခံတစ်ယောက်ဆိုတဲ့အတိုင်းပဲ...ငါ လူရွေးမမှားဘူး"

ကျမ်းစာစာရွက်ပေါ်မှ ခရမ်းရောင်အလင်းတန်းများ ပျက်ပြယ်သွားကာ ထူထပ်သိပ်သည်းသော ကျမ်းစာစာလုံးများ ထွက်ပေါ်လာသည်။

ထိုကျမ်းစာစာလုံးများသည် အလွန်အမင်းနက်နဲသိမ်မွေ့ကာ ရှေးကျသော မဟာတာအိုသဘောတရားများ ပါဝင်နေပေ၏။ထိုအရာများကို ကြည့်မိသောမည်သူမဆို ညှို့ငင်ဖမ်းစားခြင်းဒဏ်ကို ခံရပေမည်။

"မင်းက ဒီခေတ်ကာလရဲ့ မိုးကောင်းကင်ကံကြမ္မာသားတော်ပဲ...ပြီးတော့ မင်းမှာ အထက်ကိုးကောင်းကင်ကို တက်လှမ်းနိုင်ပြီးတော့ အုပ်စိုးသူအရှင်သခင်တစ်ယောက်ဖြစ်ရမယ့် ကံကြမ္မာရှိပြီးသား...အခု မင်းအတွက် ကံကြမ္မာကောင်းကြီးတစ်ခု ရောက်လာပြီ...ငါက ရှေးဟောင်းခေတ်က မဟာမိုးကောင်းကင်ရွှယ်အင်မော်တယ်တစ်ယောက် ဖန်တီးခဲ့တဲ့ ထိုက်ဟွာကျမ်းစာပဲ...ငါ့ရဲ့ကူညီထောက်ပံမှုနဲ့ဆိုရင် မင်းရဲ့အောင်မြင်မှုက အကန့်အသတ်ရှိမှာမဟုတ်ဘူး"

All Chapters