← Chapters

အခန်း (၂၇၃၆-၂၇၄၀)

Vol. 140 Ch. 2736-2740

အခန်း (၂၇၃၆-၂၇၄၀)

Vol. 140 Ch. 2736-2740

Chapter 2736

လုယွီသည် ပထမဆုံးပြန်စာကို ဖေးထျန်ကွမ်းထံ ရေးသားပြီးနောက် ဖူကျစ်ရွှယ်နှင့်ရှားဟိုလီတို့ထံ ပြန်စာပေးပို့လိုက်သည်။

တောက်ပနေမင်းကြယ်မြစ်သည် နယ်စပ်နှင့်နီးကပ်သောနေရာတွင် တည်ရှိသည်။ထိုနေရာတွင် ကျင့်ကြံရေးဂိုဏ်းများနှင့် အမျိုးမျိုးသောအင်အားစုများ နေရာအနှံ့အပြား၌ အတူတကွရောယှက်၍ရှိနေလေ၏။များသောအားဖြင့် ထိုနေရာသည် ပုန်ကန်မှုများ ဖြစ်ပွားလေ့ရှိသော နယ်မြေတစ်ခုပင်။

ထို့ပြင် ထန်အင်ပါယာ၏အကြီးစားကျူးကျော်တိုက်ခိုက်မှုဒဏ်ကို တောက်ပနေမင်းကြယ်မြစ်သည် ကုန်းရုန်း၍ခံနေရပေ၏။ထိုနေရာ၌ နေ့စဥ်နေ့တိုင်း ဖြစ်ပွားနေသော ပြဿနာများသည် ဖြေရှင်း၍မရနိုင်အောင်ပင် ရှုပ်ထွေးပွေလီသည်။ထို့ကြောင့် အုပ်ချုပ်ရေးမှူးဖြစ်သော ဖူကျစ်ရွှယ်သည် အကျဥ်းထောင်အတွင်း၌ လှောင်ပိတ်မိနေသကဲ့သို့ဖြစ်ကာ နေ့စဥ်နေ့တိုင်း အဆုံးမရှိသောကိစ္စရပ်များကို ရင်ဆိုင်ဖြေရှင်းနေရပေမည်။

လုယွီက သူနှင့်ပတ်သတ်၍ စိုးရိမ်ပူပန်မနေရန် ဖူကျစ်ရွှယ်ကို တုံ့ပြန်ရေးသားခဲ့သည်။ယခုလက်ရှိချိန်တွင် သူ့ထံ၌ သူ့ကိုယ်သူ ကာကွယ်နိုင်သောစွမ်းအားမျိုး ရှိနေလေပြီ။

ရှားဟိုလီ၏ဖိတ်ကြားချက်ကိုမူ လုယွီက ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်သည်။

တော်ဝင်စာမေးပွဲကို ဒုတိယလ၏ကိုးရက်မြောက်နေ့တွင် ကျင်းပပေလိမ့်မည်။ထိုအချိန်ကျလျှင် တော်ဝင်စာမေးပွဲ၌ ဝင်ရောက်ယှဥ်ပြိုင်ရန် နေရာဒေသအသီးသီးမှ လူငယ်ပါရမီရှင်များ တော်ဝင်မြို့တော်၌ စုဝေးနေပေမည်။

အမှန်အားဖြင့် တော်ဝင်မြို့တော်နှင့်မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေကြား အကွာအဝေးသည် တစ်ရက်တာခရီးသာ ကြာမြင့်မည်ဖြစ်သဖြင့် လုယွီသည် အလျင်စလိုသွားရောက်ရန်မလိုအပ်ချေ။

သို့ရာတွင် လုယွီသည် အခွင့်ကောင်းယူ၍ ရှားဟိုလီနှင့်တိုင်ပင်ဆွေးနွေးကာ ရှဖုန်းကို ရှင်းထုတ်လိုသည်။

လုယွီသည် သူ၏စုတ်တံကိုကိုင်ကာ နွေဦးပွဲတော်ကို ရှားဟိုလီနှင့်အတူ ကျင်းပရန် ဆန္ဒရှိကြောင်း ရေးသားကာ ပြန်စာပေးပို့လိုက်၏။

အချိန်များကုန်လွန်လာသည်နှင့်အမျှ လုယွီသည် ရက်အနည်းငယ်ခန့် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၌ နေထိုင်ပြီးသည်နှင့် တော်ဝင်မြို့တော်သို့ ထွက်ခွာရပေမည်။

သူ ကျောင်းတော်သို့ မည်သည့်အချိန်မှ ပြန်လာနိုင်မည်ကို မည်သူမျှမသိရှိချေ။ထို့ကြောင့် မဟာကွန်ဖြူးရှပ်ပညာရှင်များသည် လုယွီ မထွက်ခွာမီ စားသောက်ပွဲတစ်ခုကို ကျင်းပလိုက်ကြ၏။

"ငါတို့ တစ်နေရာရာမှာဆုံတွေ့ခဲ့ဖူးတယ်ဆိုတဲ့ ခံစားချက်မျိုး ခုထိ ငါ ရနေတုန်းပဲ"

ထိုစားသောက်ပွဲသို့ ကျင်းမင်ခုံးလည်း တက်ရောက်ခဲ့ကာ သူမက လုယွီကို စူးစိုက်ကြည့်၍ သူ့ထံမှသဲလွန်စများကို ရှာဖွေနိုင်ရန် ကြိုးစားနေသည်။

လုယွီက တိတ်တဆိတ်ကျိတ်၍ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ထိုအမျိုးသမီး၏စူးစမ်းလေ့လာမှုစွမ်းရည်သည် အမှန်တကယ်ကိုပင် အံ့အားသင့်စရာကောင်းလှ၏။

ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏အကြွင်းအကျန်စိတ်ဝိညာဥ်ကို ဝါးမြိုပြီးနောက် သူ၏မှတ်ဥာဏ်တချို့ကို လုယွီ ရရှိခဲ့သည်။လုယွီ၏လက်တစ်ချက်ဝှေ့ယမ်းလိုက်လျှင်ပင် အင်ပါယာထိုက်ချမ်၏အရိပ်အယောင်များ ရောယှက်နေသည်။

ကျင်းမင်ခုံးသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်နှင့် အချိန်အတော်ကြာနေထိုင်ခဲ့သူဖြစ်သဖြင့် ထိုအရိပ်အယောင်များကို အလွန်ရင်းနှီးကျွမ်းဝင်သည်။

"စီနီယာကတော့...ရယ်စရာထပ်ပြောပြန်ပြီ"

လုယွီသည် ကျင်းမင်ခုံး၏ရှေ့၌ မည်သည့်စကားကိုမျှ ပြောဆိုလိုခြင်းမရှိချေ။

သူမ၏ရှေ့၌ သူ စကားများများ ပို၍ပြောဆိုသည်နှင့်အမျှ သူ၏ဟာကွက်များ ထွက်ပေါ်သွားနိုင်သည်။

စားသောက်ပွဲပြီးဆုံးသည်နှင့် လုယွီသည် လူများအားလုံးကို နှုတ်ဆက်ကာ တော်ဝင်မြို့တော်သို့ ထွက်ခွာခဲ့တော့သည်။

ဤအချိန်တွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ပြင်ပ၌ ရှမိသားစုမှ စေလွှတ်ထားသော သူလျှိုတချို့ရှိနေသည်။ထိုလူများသည် လုယွီ၏လှုပ်ရှားမှုတိုင်းကို အနီးကပ်စောင့်ကြည့်၍ စုံစမ်းထောက်လှမ်းနေကြ၏။

ထိုသူလျှိုများအနက်မှတချို့သည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ အစေခံများကဲ့သို့ အယောင်ဆောင်ထားကြကာ တချို့သူများသည် အနီးအနားရှိမြို့များမှ လေလွင့်ကျင့်ကြံသူများ အသွင်ယူ၍ ကျောင်းတော်၏အနီးပတ်ဝန်းကျင်တွင် တဝဲလည်လည်လုပ်နေကြသည်။

ထိုသူလျှိုများသည် သူတို့ကိုယ်သူတို့ အလွန်ပိရိလုံခြုံသည်ဟု ထင်နေကြသော်လည်း အမှန်အားဖြင့် သူတို့၏လှုပ်ရှားမှုတိုင်းသည် လုယွီ၏ထိန်းချုပ်မှုအောက်တွင်သာ ရှိနေခဲ့သည်။

လုယွီသည် နောက်ထပ်ရက်အနည်းငယ်အကြာတွင် သူ ကျောင်းတော်မှ ထွက်သွားတော့မည်ဖြစ်ကြောင်း လူသိရှင်ကြား ထုတ်ပြန်ကြေငြာလိုက်၏။

အမှန်အားဖြင့် စားသောက်ပွဲပြီးဆုံးသွားချိန်ကတည်းက လုယွီသည် ကျောင်းတော်မှထွက်ခွာလာခဲ့ရာ ယခုလက်ရှိချိန်၌ သူသည် မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေ၏နယ်စပ်သို့ပင် ရောက်ရှိနေလေပြီ။

မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေနှင့်တော်ဝင်မြို့တော်အကြားတွင် ကြီးမားကျယ်ပြန့်သော ပင်လယ်ပြင်ကြီးရှိသည်။ထိုပင်လယ်ပြင်ကြီးသည် အဆုံးအစရှိပုံမရဘဲ ကမ်းများကို မမြင်တွေ့နိုင်ချေ။

လုယွီ၏ရှေ့ရှိ ပင်လယ်ပြင်ကြီးသည် အမှန်အားဖြင့် တော်ဝင်မြို့တော်၏ကျုံးဖြစ်ကာ အတွင်း၌ ရက်စက်ကြမ်းကြုတ်သော မှော်သားရဲအမြောက်အများကို မွေးမြူထားသည်။ထို့ပြင် ကျုံးအတွင်း၌ မိုင်ပေါင်းထောင်နှင့်ချီကွာဝေးသောနေရာထိ ခြေချစရာနေရာမရှိချေ။

အကယ်၍ တစ်စုံတစ်ယောက်သည် ကျုံးပေါ်မှပျံသန်းသွားပါက လမ်းတစ်ဝက်မှာပင် သူ၏မှော်စွမ်းအားများကုန်ခမ်းကာ အောက်သို့ပြုတ်ကျပြီး မှော်သားရဲများ၏ပါးစပ်အတွင်း၌ အဆုံးသတ်ရပေမည်။

ယေဘုယျကျကျပြောဆိုရလျှင် ကျင့်ကြံသူများသည် တော်ဝင်မြို့တော်သို့ သွားရောက်လိုပါက လေဟာနယ်သင်္ဘောများကိုစီးနင်းရန် လိုအပ်သည်။

သို့ရာတွင် လုယွီအတွက် လေဟာနယ်သင်္ဘောများသည် သူ၏အရှိန်နှုန်းထက် များစွာနှေးကွေးပေ၏။

လုယွီက ပင်လယ်ပြင်ကြီးကိုဖြတ်သန်း၍ ပျံသန်းလာခဲ့သည်။ပင်လယ်ပြင်အထက်မှ အေးစက်စက်လေညှင်းများက သူ၏အင်္ကျီလက်များကို ဖြတ်သန်းတိုက်ခတ်နေသည်။

ဤအချိန်အခိုက်အတန့်တွင် လုယွီသည် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်စာခန့် ပျံသန်းပြီးလေပြီ။သူသည် မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေ၏အရိပ်အယောင်ကို တစိုးတစိမျှပင် မမြင်တွေ့ရတော့ဘဲ သူ၏နံဘေးပတ်လည်တွင် အကန့်အသတ်မရှိ ကျယ်ဝန်းသော ပင်လယ်ပြင်ကြီးသာ ရှိနေလေ၏။

"မင်း ငါ့နောက်ကနေ တစ်ချိန်လုံးလိုက်လာတာ...ထပ်ပြီးပုန်းအောင်းနေစရာ မလိုတော့ဘူး...ထွက်လာခဲ့ကြစမ်း"

လုယွီ၏အသံက ပင်လယ်ပြင်အထက်ရှိ ကောင်းကင်ယံအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

Chapter 2737

အချိန်အတော်ကြာစောင့်ဆိုင်းသည့်တိုင် ပတ်ဝန်းကျင်မှနေ၍ မည်သည့်လှုပ်ရှားမှုမျိုးမျှ ရှိမလာချေ။

"မင်းက ဆက်ပြီးပုန်းအောင်းချင်သေးတာလား...ဘာလဲ ငါက မင်းကိုဖမ်းဆီးမယ့်အချိန်ကို မင်း စောင့်နေတာလား"

လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားကာ သူ၏လက်ကို လေဟာနယ်တစ်နေရာထံ ဆန့်ထုတ်လိုက်၏။

သူ၏နောက်မှလေဟာနယ် စတင်၍ပုံပျက်သွားကာ တစ်လက်မချင်းကြေမွှပျက်စီးသွားပြီး အတွင်း၌ပုန်းအောင်းနေသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

ကြေမွှပျက်စီးသွားသော လေဟာနယ်အတွင်းမှနေ၍ ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးထွက်ပေါ်လာကာ လုယွီ၏လက်ဝါးဖြင့် ဖီလာဆန့်ကျင် ရိုက်ခတ်မိတော့သည်။

ဘုန်း....

ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ လုယွီ၏လက်ဝါးရိုက်ချက်မှစွမ်းအားများ ချက်ချင်းဆိုသလိုပင် ပျက်ပြယ်သွားလေ၏။

"မင်းက လုယွီလား...ရှောင်မိသားစုရဲ့လက်ထဲက ရှေးဟောင်းမသေမျိုးအဆင့်မှော်ရတနာကို မင်း လုယူသွားတယ်လို့ ငါ ကြားထားတယ်...မင်းက ကောင်းကင်နဲ့မြေပြင်ရဲ့အတိမ်အနက်ကို တကယ်မသိတဲ့ကောင်ပဲ...ဧကရာဇ်အဆင့်မှော်လက်နက်ဆိုတာ မင်း ပိုင်ဆိုင်ရမယ့်အရာမျိုးမဟုတ်ဘူး...ငါ့ကို မြန်မြန်လက်လွှဲပေးစမ်း"

လေဟာနယ်အတွင်းမှနေ၍ ရွှေရောင်အလင်းတန်းများဖြာထွက်နေသော သက်ရှိတစ်ကောင် လျှောက်လှမ်းထွက်လာသည်။ထိုသက်ရှိသည် သိမ်းငှက်ဦးခေါင်းနှင့်လူခန္ဓာကိုယ်ရှိပြီး သူ၏ကျောပေါ်၌ တောင်ပံတစ်စုံပါရှိသည်။

သူ၏ခန္ဓာကိုယ်ပေါ်မှ ရွှေရောင်သံချပ်ကာသည် သူ မွေးဖွားလာစဥ်ကတည်းက အတူတကွကပ်ပါလာသကဲ့သို့ပင်။ထိုအရာသည် သူ၏ခန္ဓာကိုယ်နှင့် ပူးကပ်နေကာ အလွန်အမင်းတောက်ပသော ရွှေရောင်အလင်းတန်းများ ဖြာထွက်နေပေ၏။

သူ၏နောက်တွင် နတ်ဘုရားအလင်းတန်းများ ဖြာထွက်နေသည့် အလင်းဘီးကြီးတစ်ခုက ဖြည်းညှင်းစွာ လည်ပတ်နေသည်။

"နတ်ဆိုးသားရဲမျိုးနွယ်ရဲ့ နတ်ဘုရားလား"

ထိုသက်ရှိကိုမြင်တွေ့ပြီးနောက် လုယွီက မျက်မှောင်ကြုတ်၍ ပြောဆိုသည်။

"မင်းက ဘယ်လိုသတ္တိမျိုးနဲ့ တော်ဝင်မြို့တော်ကိုသွားတဲ့ လမ်းကြောင်းမှာတောင် လုယက်ဝံ့တာလဲ...မင်းက တော်တော်လေး အတင့်ရဲတာပဲ"

ယခင်က လုယွီထံမှ ရှေးဟောင်းမသေမျိုးအဆင့်မှော်ရတနာကို လုယူရန်ကြိုးစားခဲ့သူများ ရှိခဲ့ဖူးသော်လည်း ထိုသူများအားလုံးသည် လူသားများပင်။

အကယ်၍ နတ်ဆိုးသားရဲမျိုးနွယ်သည် ဤနေရာ၌တိုက်ခိုက်ဝံ့ပါက ရလဒ်သည် တူညီမည်မဟုတ်တော့ချေ။ဤသည်က နတ်ဆိုးသားရဲမျိုးနွယ်မှနေ၍ လူသားမျိုးနွယ်ကို ရန်စစော်ကားမှုဟု တော်ဝင်နန်းတွင်းမှ သတ်မှတ်ပေမည်။ထိုကိစ္စကို ဆင်ခြေတစ်ခုအဖြစ်အသုံးပြု၍ နတ်ဆိုးသားရဲမျိုးနွယ်တစ်စုလုံး အမြစ်ပြတ်သုတ်သင်ခြင်းကို ခံရပေလိမ့်မည်။

"ငါ ထပ်ပြီးဂရုမစိုက်နိုင်တော့ဘူး....ဧကရာဇ်အဆင့်မှော်လက်နက်ကို မြန်မြန်လက်လွှဲပေးစမ်း"

သိမ်းငှက်မျက်နှာနတ်ဘုရားသည် ရုတ်တရက် စူးရှကျယ်လောင်စွာအော်ဟစ်ကာ လုယွီပေါ်သို့ ခုန်အုပ်လိုက်၏။

လုယွီက စကားများစွာ ပြောဆိုခြင်းမပြုချေ။သိမ်းငှက်မျက်နှာနတ်ဘုရားမှ အရင်တိုက်ခိုက်လာသဖြင့် သူသည်လည်း တုံ့ဆိုင်းနေခြင်းမရှိပေ။သူက မှော်မန္တန်တစ်ပုဒ်ကိုရွတ်ဆိုကာ သိမ်းငှက်မျက်နှာနတ်ဘုရားကို တိုက်ခိုက်လိုက်တော့သည်။

ဘုန်း....ဘုန်း....ဘုန်း...

ပြင်းထန်သောတိုက်ပွဲတစ်ပွဲ စတင်နေလေပြီ။

လုယွီသည် ရုတ်တရက် သိမ်းငှက်မျက်နှာနတ်ဘုရား၏အရှိန်အဝါကို အာရုံခံမိသဖြင့် သူက မျက်မှောင်ကြုတ်၍ပြောဆိုသည်။

"မင်းရဲ့နတ်ဘုရားပလ္လင်က ပျက်စီးခါနီးအခြေအနေကို ရောက်နေပြီ...ဒါတောင်မှ မင်းက ဧကရာဇ်အဆင့်မှော်လက်နက်ကို လုယူချင်သေးတာလား"

ဤသိမ်းငှက်မျက်နှာနတ်ဘုရားသည် ယခင်က အစွမ်းထက်သောနတ်ဘုရားတစ်ပါးဖြစ်သည်ကို သူ အာရုံခံမိလေ၏။

ကံအကြောင်းမလှစွာဖြင့် သူသည် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကာ ပြန်လည်ကောင်းမွန်လာရန် အလွန်အမင်းခက်ခဲနေပုံပင်။အကယ်၍ သူ၏နတ်ဘုရားပလ္လင် လုံးလုံးလျားလျား ပျက်စီးသွားပါက သူ၏ကျင့်ကြံဆင့်နယ်ပယ် လျောကျသွားမည့်အပြင် သူ၏အသက်အန္တရာယ်ကိုပင် ထိခိုက်စေနိုင်သည်။

ယခုချိန်၌ ဤနတ်ဘုရားသည် နည်းလမ်းတချို့ကိုအသုံးပြု၍ သူ၏အသက်ကိုထိန်းသိမ်းထားနိုင်ရုံသာရှိသည်။သို့ရာတွင် ထိုနည်းလမ်းသည်လည်း အချိန်ကြာကြာခံမည့်ပုံမရချေ။

တစ်ခုတည်းသောနည်းလမ်းမှာ သူ၏စိတ်ဝိညာဥ်ကို မှော်ရတနာတစ်ခုအတွင်း၌ ထိန်းသိမ်းထားခြင်းပင်။

ဤသည်က ပိုင်မင်ဘိုးဘေးသေဆုံးပြီးနောက် သူ၏စိတ်ဝိညာဥ်ကို နဂါးဆူးတောင်ဓားအတွင်း၌ကိန်းအောင်းစေသော ကိစ္စရပ်နှင့်တူညီသည်။ထိုနည်းလမ်းဖြင့်သာ သူ ဆက်လက်၍ အသက်ရှင်သန်နိုင်ပေမည်။

ထို့ပြင် သူ့ရှေ့ရှိသိမ်းငှက်နတ်ဘုရား၏ဒဏ်ရာများသည် အလွန်အမင်း ပြင်းထန်ပေ၏။သူ အသက်ဆက်၍ရှင်သန်နိုင်ရန်အတွက် ဧကရာဇ်အဆင့်မှော်လက်နက်ကဲ့သို့ရတနာမျိုး လိုအပ်သည်။

ထို့ကြောင့် သူသည် လုယွီပေါ်သို့ မျက်စေ့ကျလာခြင်းဖြစ်သည်။

ဧကရာဇ်အဆင့်မှော်လက်နက်ကို ပိုင်ဆိုင်ထားသူများအားလုံးသည် ထိပ်တန်းအင်အားစုကြီးများမှဖြစ်သည်။သိမ်းငှက်မျက်နှာနတ်ဘုရား၏ခွန်အားသည် ယခင်ထက် များစွာပို၍အားနည်းနေသည်။ထိုအင်အားစုကြီးများထံသို့သာ သူ သွားပါက သူ့ကိုယ်သူ သေလမ်းရှာခြင်းသာဖြစ်ပေမည်။

"မင်း အဲ့ဒီအကြောင်းကို သိထားမှတော့ ဘာလို့ ဧကရာဇ်အဆင့်မှော်လက်နက် ငါ့ကို မြန်မြန်မပေးသေးတာလဲ...မင်းလိုကောင်ရဲ့လက်ထဲမှာ ဒီမှော်ရတနာရှိနေရင် သုံးစားမရတဲ့အမှိုက်ပဲဖြစ်နေမှာ...ငါတစ်ယောက်တည်းကပဲ အဲ့ဒီမှော်ရတနာရဲ့စွမ်းအားကို အပြည့်အဝထုတ်ဖော်အသုံးပြုနိုင်လိမ့်မယ်"

သိမ်းငှက်မျက်နှာနတ်ဘုရားက ခြောက်ကပ်ကပ်ရယ်မောကာ လုယွီကို သည်းကြီးမည်းကြီး တိုက်ခိုက်လေ၏။

သူ ထုတ်လွှတ်လိုက်သော တိုက်ခိုက်မှုတိုင်းသည် ပတ်ဝန်းကျင်ရှိ လေဟာနယ်ကိုပင် ပြိုလဲသွားစေသည်။

ဤသည်က နယ်မြေသခင်အဆင့်စွမ်းအားပင်။

ရွှယ်အင်မော်တယ်နယ်ပယ်၏အထက်တွင် နယ်မြေသခင်နယ်ပယ်ရှိသည်။

နယ်မြေသခင်နယ်ပယ်တွင် အဆင့်ဆယ်ဆင့်ရှိကာ အဆင့်တိုင်းတွင် အလွန်များပြားသော အံ့အားသင့်ဖွယ်အပြောင်းအလဲများရှိသဖြင့် ရွှယ်အင်မော်တယ်များ မည်သို့မျှယှဥ်ပြိုင်နိုင်မည်မဟုတ်ချေ။

Chapter 2738

သိမ်းငှက်မျက်နှာနတ်ဘုရားသည် အပြင်းအထန်ဒဏ်ရာရရှိထားပြီး စွမ်းအားကုန်ထုတ်ဖော်အသုံးပြုနိုင်ခြင်းမရှိသည့်တိုင် နယ်မြေသခင်တစ်ယောက်၏ကြီးကျယ်ခမ်းနားမှုကို လျှော့တွက်၍မရချေ။

"ငါ့ကို ဧကရာဇ်အဆင့်မှော်လက်နက် မြန်မြန်ပေးစမ်း...မဟုတ်ရင် မင်းကို ငါ ရိုက်သတ်ပစ်မယ်"

သိမ်းငှက်မျက်နှာနတ်ဘုရားက အော်ဟစ်ကြုံးဝါးကာ သူက ပြင်းထန်သောလက်သီးတစ်ချက်ပြီးတစ်ချက်ကို လုယွီထံဦးတည်၍ ထိုးနှက်လိုက်၏။

သူ၏ခွန်အားသည် အလွန်အမင်းပြင်းထန်ကာ လက်သီးတစ်ချက်တိုင်းသည် ထိုက်တောင်ကြီးကဲ့သို့လေးလံပြီး မည်သည့်နေရာကိုမဆို အမှုန်အမွှားဖြစ်အောင် ခြေမွှဖျက်ဆီးနိုင်စွမ်းရှိသည်။

"ဒီပစ္စည်းက မင်းရဲ့ဟာလို့ မင်း ပြောခဲ့တယ်...ကောင်းပြီလေ...တကယ်လို့ မင်းမှာ အရည်အချင်းရှိရင် ဒီပစ္စည်းကို မင်းကိုယ်တိုင်လာယူစမ်း"

ဤအချိန်အခိုက်အတန့်တွင် လုယွီ၏စိတ်နှလုံးသားအတွင်း၌ ဒေါသများအလုံးအရင်းလိုက် တလိမ့်လိမ့်ထနေသည်။

သူသည် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ကို ရရှိခဲ့စဥ်မှစ၍ အင်အားစုအမြောက်အများ၏မျက်စေ့ကျခြင်းကို ခံခဲ့ရသည်။

အကယ်၍ ထိုလူများသည် သူ့အားထိခိုက်နာကျင်အောင် မလုပ်နိုင်လျှင်ပင် သူတို့သည် မည်ကဲ့သို့အမှားမျိုး ပြုလုပ်ခဲ့မိသည်ကို သူတို့အားလုံး သိနားလည်မည်မဟုတ်ချေ။

တောက်ပသောရွှေရောင်အလင်းတန်းများက လုယွီ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် ရုတ်တရက်မြင့်တက်လာသည်။

"ကျစ်ဝေမဟာဖျက်ဆီးခြင်းက ဧကရာဇ်ရဲ့ကြယ်ပဲ....မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေရဲ့ခုနစ်စင်ကြယ်...ငါ့အမိန့်ကိုနားထောင်စမ်း"

လုယွီက အေးစက်စက်အော်ငေါက်ကာ သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်မှ မှော်စွမ်းအားများအားလုံး ခရမ်းရောင်အခိုးအငွေ့များအဖြစ်သို့ ပြောင်းလဲသွားသည်။

လုယွီသည် ခုနစ်စင်ကြယ်ပေါ်၌ ခြေချထားကာ သူ၏လက်သီးချက်တိုင်းသည် အလွန်အမင်း အပြောင်းအလဲမြန်ဆန်ပေ၏။ထိုလက်သီးတစ်ချက်စီ၏အရှိန်နှုန်းသည် လျှပ်ပြက်သကဲ့သို့ လျှင်မြန်ကာ သိမ်းငှက်နတ်ဘုရား၏တိုက်ခိုက်မှုတိုင်းကို အပြည့်အဝ ပိတ်ဆို့ဟန့်တားထားသည်။

"မင်းက အရည်အချင်းတော့ရှိသားပဲ...ဖြစ်နိုင်တာတော့ ဒီစွမ်းအားတွေက မင်းကို ဧကရာဇ်အဆင့်မှော်လက်နက်က ပေးထားတာများလား...ဒီလိုမှော်လက်နက်မျိုးက ငါ့ရဲ့အပိုင်ပဲဖြစ်သင့်တယ်...မင်းက သေသင့်တဲ့ကောင်ပဲ...မင်း သေသင့်တယ်"

ပြင်းထန်သောလောဘအရိပ်အယောင်များက သိမ်းငှက်နတ်ဘုရား၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။သူ၏မျက်လုံးအကြည့်သည် လုယွီအသုံးပြုသော တိုက်ခိုက်မှုနည်းစနစ်ပေါ်တွင်သာ အခိုင်အမာကျရောက်နေပေ၏။

ဤသိုင်းပညာနည်းစနစ်သည် သူ အသုံးပြုသောမှော်မန္တန်များထက်ပင် ပို၍လျှို့ဝှက်ဆန်းကြယ်ကာ နက်နဲသိမ်မွေ့သည်။

"ငါတစ်ယောက်တည်းကပဲ ဒီလိုသိုင်းပညာနည်းစနစ်မျိုးကို ကျင့်ကြံဖို့ထိုက်တန်တယ်...မင်းလို နိမ့်ကျတဲ့လူသားကောင်က ကျင့်ကြံဝံ့တယ်ပေါ့လေ...သေစမ်း"

သိမ်းငှက်မျက်နှာနတ်ဘုရားသည် ယခင်ကတည်းက ကျိုးကြောင်းမဆင်ခြင်တက်သူဖြစ်သဖြင့် ယခုချိန်တွင် ဒေါသစိတ်မွှန်ထူနေသော အခြေအနေမျိုးသို့ ရောက်ရှိနေသည်။

သူ၏လက်သီးချက်များမှစွမ်းအားများ ပို၍ပြင်းထန်လာသည်။သူ၏လက်သီးတစ်ချက်စီတိုင်းတွင် လေထုအတွင်း၌ ပေါက်ကွဲမှုကြီး ဖြစ်ပေါ်သွားလေ၏။

"အဲ့ဒီလိုလား...မင်း ငါ့ကိုသတ်နိုင်မယ်လို့ တကယ်ကြီးထင်နေတာလား"

လုယွီ၏မျက်လုံးအတွင်းမှ စူးရှသောအေးစက်စက်အလင်းရောင်များ ဖြာထွက်လာသည်။

သူက ရုတ်တရက် သိမ်းငှက်မျက်နှာနတ်ဘုရားထံသို့ လက်ဝါးတစ်ချက်ရိုက်ထုတ်ကာ လွင့်ထွက်သွားစေသည်။သူသည် လေဟာနယ်အတွင်း၌ အစစ်အမှန်အင်မော်တယ်တစ်ယောက်ကဲ့သို့ မတ်တတ်ရပ်နေလေ၏။

တလိမ့်လိမ့်ထနေသော မှော်စွမ်းအားများက လုယွီ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ တစတစစုဝေးသွားသည်။ဤအချိန်အခိုက်အတန့်တွင် လုယွီ၏အရှိန်အဝါသည် သိမ်းငှက်မျက်နှာနတ်ဘုရားနှင့် တူညီသွားလုနီးပါးပင်။

"လျှို့ဝှက်ဆန်းကြယ်ချင်ယောင် ဆောင်မနေစမ်းနဲ့"

သိမ်းငှက်မျက်နှာနတ်ဘုရားက သရော်တော်တော် ပြောဆိုသည်။ရုတ်တရက် သူက သူ၏လက်ကိုမြှောက်လိုက်ရာ နတ်ဘုရားသိမ်းငှက်တစ်ကောင်၏ရွှေရောင်ပုံရိပ်ယောင်ကြီးက သူ၏ခန္ဓာကိုယ်နောက်၌ ထွက်ပေါ်လာသည်။

ထို့နောက် သိမ်းငှက်မျက်နှာနတ်ဘုရားက ဒေါသတကြီး အော်ဟစ်လိုက်၏။

"ကောင်းကင်သိမ်းငှက် မိုးကောင်းကင်ကို ဖြိုခွင်းခြင်း...ဖျက်ဆီးလိုက်စမ်း"

ကျယ်လောင်သောတုန်ခါသံကြီးနှင့်အတူ သူ၏နောက်၌သိပ်သည်းထားသော နတ်ဘုရားသိမ်းငှက်ပုံရိပ်ယောင်ကြီးသည် လုယွီထံသို့ တဟုန်ထိုးတိုးဝင်သွားတော့သည်။

ထိုတိုက်ခိုက်မှုကို ထုတ်ဖော်အသုံးပြုလိုက်စဥ်တွင် ပြင်းထန်သောမှော်စွမ်းအားလှိုင်းများကြောင့် မိုးကောင်းကင်ယံပင်တစ်ဝက်ခန့် စုတ်ပြဲသွားပုံရသည်။

လေထုကိုထွင်းဖောက်သွားသော ပြင်းထန်သည့် အသံများနှင့် အတူယှဥ်တွဲ၍ တုန်ခါသံများက ပတ်ဝန်းကျင်နေရာတစ်ဝိုက်တွင် အဆက်မပြတ်ပဲ့တင်ထပ်ပျံ့နှံ့နေသည်။ဤသည်က အလွန်အမင်း ကြမ်းတမ်းသောတိုက်ခိုက်မှုပင်။

ကြည့်ရသည်မှာ ထိုနတ်ဘုရားသည် လုယွီကိုသတ်ဖြတ်ရန် အမှန်တကယ်ရည်ရွယ်ထားပုံရှိသည်။သူသည် အားအကောင်းဆုံး သတ်ဖြတ်ခြင်းလှုပ်ရှားမှုကိုပင် အသုံးပြုခဲ့လေ၏။

ဤကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ် တိုက်ခိုက်မှုနှင့်ရင်ဆိုင်ရချိန်တွင် လုယွီ၏မျက်လုံးအကြည့် တဖြည်းဖြည်းအေးစက်တင်းမာသွားသည်။သူ၏မျက်လုံးအတွင်းရှိ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ တစတစ ပို၍တည်ကြည်လေးနက်စပြုလာသည်။

လုယွီက သူ၏လက်ကိုဆန့်တန်းကာ သူ့ရှေ့ရှိပင်လယ်ရေပြင်ကို ဖမ်းဆုပ်လိုက်၏။လေဟာနယ်အတွင်း၌ ပြည့်နှက်နေသော ရေဒြပ်စင်ချီစွမ်းအားများကို ချက်ချင်းဆိုသလိုပင် သူ၏လက်အတွင်း၌ ဆုပ်ကိုင်သွားမိပုံရသည်။

"သမုဒ္ဒရာနဂါးသွေးကြော...မြင့်တက်စမ်း"

လုယွီ၏အော်ဟစ်သံနှင့်အတူ ပတ်ဝန်းကျင်ရှိပင်လယ်ရေများ ပြင်းပြင်းထန်ထန်တလိမ့်လိမ့်ထလာသည်။

လုယွီ၏နံဘေး၌ တလိမ့်လိမ့်ထနေသော ဧရာမလှိုင်းလုံးကြီးများသည် ရုတ်တရက် ကောင်းကင်ယံထိတိုင် မြင့်တက်သွားပေ၏။

ဝေါင်း...

ဝေါင်း....

နဂါးတစ်ကောင်၏ဟိန်းဟောက်သံက လေထုအတွင်း၌ ပဲ့တင်ထပ်နေသည်။

ရုတ်တရက် ပင်လယ်ရေလှိုင်းထန်လာမှုနှင့်အတူ ပင်လယ်၏အောက်ခြေမှနေ၍ ရေနဂါးများတိုးထွက်လာကာ သူတို့၏အစွယ်များကိုဖြဲဟ၍ သူတို့၏ခြေစွယ်လက်စွယ်များကို ဝှေ့ယမ်းနေကြသည်။ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့်အတူ သူတို့သည် သိမ်းငှက်မျက်နှာနတ်ဘုရားထံသို့ ဦးတည်၍တိုက်ခိုက်ကြတော့သည်။

Chapter 2739

ထိုအရာသည် ဤပင်လယ်၏အောက်ခြေ၌ရှိသော မြေအောက်နဂါးသွေးကြောပင်။

လုယွီသည် ဝင်္ကပါပညာရှင်တစ်ယောက်ဖြစ်သည်။သူသည် သူ၏ပတ်ဝန်းကျင်ရှိ ဖုန်းရွှေအနေအထားကို လေ့လာဆန်းစစ်နိုင်စွမ်းရှိသည်။

ဤနေရာသို့ သူ ပျံသန်းလာခြင်းမှာ သိမ်းငှက်မျက်နှာနတ်ဘုရားကို လှည့်စား၍ ထောင်ချောက်အတွင်းသို့ ဝင်ရောက်လာစေရန် ဖြစ်ပေ၏။

တိကျသေချာစွာပင် သိမ်းငှက်မျက်နှာနတ်ဘုရားသည် သူ၏ထောင်ချောက်အတွင်းသို့ ကျရောက်သွားကာ ယခုချိန်တွင် သူက လုယွီကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့သည်။

ဤသည်က လုယွီ အထူးသီးသန့်ရွေးချယ်ထားသော နေရာတစ်ခုပင်။သူသည် ထပ်မံ၍ သည်းမခံနိုင်တော့ချေ။ဤနေရာ၌ သူ သိမ်းငှက်မျက်နှာနတ်ဘုရားကို သတ်ဖြတ်ရပေမည်။ထိုသို့မဟုတ်ပါက ဤနတ်ဘုရားသည် ရူးသွပ်နေပုံရကာ ဧကရာဇ်အဆင့်မှော်လက်နက်ကိုလုယူနိုင်ရန် အရာရာတိုင်းကို ပြုလုပ်မည့်ပုံရသည်။

ဝေါင်း....

ရေနဂါးအမြောက်အများသည် သူတို့၏ပါးစပ်ကြီးများကို ကျယ်လောင်စွာဖွင့်ဟ၍ လေထုအတွင်းရှိ နတ်ဘုရားသိမ်းငှက်ပုံရိပ်ယောင်ကြီးကို ကိုက်ဖြတ်လိုက်ကြ၏။ထိုပုံရိပ်ယောင်ကြီးသည် အမှန်တကယ်ကိုပင် ရေနဂါးများ၏အစိတ်စိတ်အမွှာမွှာဆုတ်ဖြဲခြင်းကို ခံလိုက်ရတော့သည်။

ထိုရေနဂါးများသည် ရပ်တန့်သွားခြင်းမရှိချေ။ရုတ်ချည်းဆိုသလိုပင် သိမ်းငှက်မျက်နှာနတ်ဘုရားသည် ရေနဂါးများအကြားသို့ နစ်မြုပ်သွားတော့သည်။

"သောက်ချေးပဲ...မင်းလို နိမ့်ကျတဲ့ကောင်က ပင်လယ်နဂါးသွေးကြောကိုတောင် သုံးဝံ့တယ်ပေါ့လေ"

သိမ်းငှက်မျက်နှာနတ်ဘုရားက ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်၏။

သူ၏နောက်ကျောမှနေ၍ လေးမီတာငါးမီတာခန့်ရှည်လျားသည့် ကြီးမားသောတောင်ပံနှစ်ခု ထွက်ပေါ်လာသည်။ထိုတောင်ပံတစ်စုံသည် ရွှေဖြင့်သွန်းလုပ်ထားသည့်အလား တောက်ပသောရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည်။

ထိုတောင်ပံတစ်စုံကို တဖျတ်ဖျတ်ခတ်လိုက်ချိန်တွင် ပြင်းထန်သောလေပြင်းများက သိမ်းငှက်နတ်ဘုရား၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ စတင်၍တိုက်ခတ်စပြုလာသည်။

ဤလေတိုက်ခတ်သံသည် ထောင်နှင့်ချီသောဓားများ တုန်ခါနေသောအသံနှင့် တူညီပေ၏။ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်၌ လေမုန်တိုင်းများ ထန်လာသည်။

"ခွေးမသားလေး...ငါ ထွက်လာနိုင်တာနဲ့...မင်း သေဖို့သာပြင်ထားတော့"

သိမ်းငှက်မျက်နှာနတ်ဘုရား၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အမူအယာများနှင့် ပြည့်နှက်နေကာ သူသည် အကန့်အသတ်မရှိသောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပြည့်နှက်နေသော အကြည့်ဖြင့် လုယွီကို စူးစိုက်၍ကြည့်နေသည်။

သူ၏တောင်ပံတစ်စုံကိုခတ်လိုက်သည့်အချိန်တိုင်း ပတ်ဝန်းကျင်ရှိ ရေနဂါးများကို တိုက်ခတ်သွားကာ သူ၏အရှိန်အဝါများ တိုးထွက်လာပေ၏။

"မင်း ထွက်လာလို့မရစေရဘူး"

လုယွီ၏မျက်လုံးအကြည့်က အေးစက်တင်းမာနေသည်။သူက ကောင်းကင်ယံကိုလက်ညှိုးညွှန်ကာ တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"သမုဒ္ဒရာလေးစင်းနဲ့ပင်လယ်ရှစ်ခုက ရေနဂါးသွေးကြောတွေအားလုံး ငါ့ရဲ့အမိန့်အောက်မှာ စုစည်းစမ်း"

သိုင်းပညာသူတော်စင်တစ်ယောက်၏အမိန့်သံက ကောင်းကင်ယံတခွင်လုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

ဤသည်က ရှေးဟောင်းသိုင်းပညာသူတော်စင်တစ်ယောက်၏သတ်ဖြတ်ခြင်းလှုပ်ရှားမှုပင်။

လုယွီကိုယ်တိုင်ကပင် ရေနဂါးသွေးကြောကို ထိန်းချုပ်နိုင်သော စွမ်းရည်မျိုး ရှိထားပြီးလေပြီ။ထို့နောက် သိုင်းပညာသူတော်စင်၏အမိန့်နှင့်ပေါင်းစပ်လိုက်ချိန်တွင် သူ၏နည်းစနစ်သည် ပို၍အစွမ်းထက်သွားလေ၏။

ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိပင်လယ်ရေများ တဝုန်းဝုန်းရုန်းကြွလာကာ ရေနဂါးများက လေထုအတွင်းသို့မြင့်တက်လာပြီး သိမ်းငှက်မျက်နှာနတ်ဘုရားကိုဦးတည်၍ ကိုက်ဖြတ်လိုက်ကြသည်။

အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာ မပြည့်သေးမီမှာပင် ရေနဂါးပုံရိပ်ယောင်များက ကောင်းကင်ယံတခွင်လုံးအနှံ့ ပြည့်နှက်သွားတော့သည်။

ထိုရေနဂါးများ လေထုအတွင်း၌ မျောလွင့်နေသည်မှာ အလွန်အမင်းတုန်လှုပ်ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းပင်။

ပတ်ဝန်းကျင်ရှိ ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ဧရာမလှိုင်းလုံးကြီးများကလည်း တဝုန်းဝုန်းထကြွနေသည်။

ဤနေရာနှင့်မလှမ်းမကမ်းအကွာအဝေးတွင် လေဟာနယ်သင်္ဘောတစ်စင်းသည် လေပြင်းမုန်တိုင်းကိုအံ့တုကာ ခက်ခက်ခဲခဲ ပျံသန်းနေလေ၏။

ထိုသင်္ဘောပေါ်ရှိ အကာအကွယ်အဆောင်လက်ဖွဲ့များအားလုံးကို အသက်သွင်းထားကာ တောက်ပသောအလင်းရောင်များ ဖြာထွက်နေသည်။သင်္ဘော၏ ပဲ့ပိုင်းနှင့်ဦးပိုင်းတွင် အနက်ရောင်ကျောက်တုံးတစ်တုံးစီ မျောလွင့်နေကာ သင်္ဘောကို ဟန်ချက်ညီနေရန် ထိန်းသိမ်းပေးထားသည်။

သင်္ဘောကုန်းပတ်ပေါ်၌ ကျင့်ကြံသူဆယ်ယောက်ကျော်ခန့် မတ်တတ်ရပ်နေကာ သူတို့တစ်ယောက်ချင်းစီသည် သင်္ဘောကိုထိန်းချုပ်သော အဆောင်လက်ဖွဲ့များကိုကိုင်ထားကာ သင်္ဘော၏လုပ်ဆောင်ချက်များကို ထိန်းသိမ်းနိုင်ရန် အကောင်းဆုံးကြိုးစားနေကြ၏။

ထိုကျင့်ကြံသူများသည် မိသားစုကြီးတစ်စု၏အစေခံများဖြစ်ပုံရကာ သူတို့အားလုံးသည် သပ်ရပ်သန့်ရှင်းသောဝတ်စုံများကို ဝတ်ဆင်ထားကြသည်။

သင်္ဘောအတွင်းခန်း၌ အဖြူရောင်ဝတ်စုံဝတ်လူငယ်တစ်ယောက်ရှိနေကာ စိုးရိမ်ပူပန်နေသောမျက်နှာအမူအယာဖြင့် ပြတင်းပေါက်မှတဆင့် ပြင်ပကိုကြည့်နေသည်။

"သခင်လေး...ဒီပင်လယ်ဒေသတစ်ဝိုက်မှာ ခုလိုရာသီဥတုမျိုးက မကြာခဏထွက်ပေါ်လာတက်တယ်...မစိုးရိမ်ပါနဲ့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး"

ကျန်းဟုန်၏နံဘေးတွင် မတ်တတ်ရပ်နေသော အစေခံအဖိုးအိုတစ်ယောက်က ပြောဆိုသည်။

ကျန်းဟုန်၏မျက်နှာပေါ်တွင် တည်ငြိမ်ရင့်ကျက်မှုမရှိသော အမူအယာမျိုး ရှိနေဆဲဖြစ်ကာ သူက လေသံဖျော့ဖျော့ဖြင့် ပြောဆိုလေ၏။

"ဦးလေးဖူ...ကျွန်တော် ဒါကို စိုးရိမ်နေတာမဟုတ်ဘူးဆိုတာ ခင်ဗျားသိပါတယ်"

"သခင်လေး...ဘာမှမစိုးရိမ်နဲ့...တကယ်လို့ ငါ့ရဲ့အသက်သေဆုံးသွားရင်တောင် ငါက အကောင်းဆုံးကြိုးစားပြီးတော့ သခင်လေးကို မိသားစုခေါင်းဆောင်နေရာရအောင် တိုက်ခိုက်ပေးမယ်"

အဖိုးအို၏မျက်နှာနီမြန်းသွားကာ သူက အက်ရှရှလေသံဖြင့် ပြောဆိုသည်။

ကျန်းဟုန်က ခါးသည်းသောအမူအယာဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

"ငါ့ဆီမှာ တခြားသူတွေနဲ့ယှဥ်ပြိုင်စရာ ဘာမှမရှိဘူး...ငါ့မှာ လုံလောက်တဲ့ခွန်အားမရှိတဲ့အတွက် ဧကရာဇ်အဆင့်မှော်လက်နက်ကို ကာကွယ်နိုင်မှာမဟုတ်ဘူး....ဒီတစ်ကြိမ်တော့ မိသားစုအကြီးအကဲတွေက ငါ့ကို လိုလိုလားလားနဲ့ ဧကရာဇ်အဆင့်မှော်လက်နက်ကို ပေးမှာမဟုတ်ဘူး"

Chapter 2740

"သူတို့ လုပ်ရဲလား..သခင်လေး...မင်းက အရှင်သခင်ဟောင်း ခန့်အပ်ထားတဲ့ တစ်ယောက်တည်းသော ဆက်ခံသူပဲ...မင်းရဲ့အဆင့်အတန်းက မြင့်မြတ်တယ်...ပြီးတော့ မိသားစုရဲ့ပါရမီရှင်တစ်ယောက်...အများဆုံးအနေနဲ့ မပြောပလောက်တဲ့ လူတချို့လောက်ပဲ ပြဿနာရှာဝံ့မှာ...ဒါပေမယ့် အကြီးအကဲတွေကတော့ အမှားအမှန်ကို ဝေခွဲတတ်မှာပါ"

ဦးလေးဖူက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"ဟူး....ပါရမီရှင်တဲ့လား...ပါရမီရှင်ဖြစ်လည်း အသုံးမဝင်ဘူး...အကြွင်းမဲ့စွမ်းအားရှိတဲ့သူ မဖြစ်သေးသရွေ့ လူတစ်ယောက်မှာ ပါရမီဘယ်လောက်ရှိရှိ အသုံးမဝင်ဘူး...ငါက အမြဲတမ်း ဝေးလံခေါင်သီတဲ့ကြယ်နယ်မြေပေါ်မှာ လေ့ကျင့်နေခဲ့တာ...ငါ့ရဲ့ဘေးမှာ အစွမ်းထက်ကျင့်ကြံသူတွေ ကင်းမဲ့နေတယ်...သူတို့ကို ခြိမ်းခြောက်နိုင်တဲ့ စွမ်းအားအလုံအလောက်မရှိသရွေ့ အဲ့ဒီလူအိုကြီးတွေက ငါ့ဆီမှာ လိုလိုလားလားလက်အောက်ခံမှာမဟုတ်ဘူး"

ကျန်းဟုန်က စိတ်ပျက်လက်ပျက်အမူအယာဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

ဦးလေးဖူက ပျာပျာသလဲ ပြောဆိုသည်။

"သခင်လေး...ဘာမှမစိုးရိမ်ပါနဲ့...ငါက ဂိုဏ်းတချို့နဲ့ ဆက်သွယ်ပြီးသွားပြီ...အိမ်တော်ကိုပြန်ရောက်တာနဲ့ အဲ့ဒီဂိုဏ်းတွေက အစွမ်းထက်ကျင့်ကြံသူတွေ ရောက်လာပြီးတော့ သခင်လေးကို ကူညီထောက်ပံပေးလိမ့်မယ်"

"ဟမ့်...ဘာလဲ...ငွေမျက်နှာကိုပဲကြည့်ပြီး လောဘကြီးတဲ့ လူတစ်သိုက်လား...သူတို့က ဘာမှဖြစ်ဖြစ်မြောက်မြောက် စွမ်းဆောင်နိုင်တာမရှိဘဲနဲ့ အကျိုးအမြတ်ကိုပဲ လိုချင်ကြတာ....သူတို့ကို ထည့်တွက်လို့မရဘူး...ငါ တကယ်လိုအပ်တာက အစစ်အမှန်ပြိုင်ဘက်ကင်းကျင့်ကြံသူပဲ"

ကျန်းဟုန်က သူ၏လက်ဖြင့်ရွက်တိုင်ကိုပုတ်၍ စိတ်အားငယ်စွာ ပြောဆိုလေသည်။

ဘုန်း...

ထိုအချိန်မှာပင် သင်္ဘောအတွင်းခန်း ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။

"မကောင်းတော့ဘူး...လှိုင်းလုံးကြီးတွေကြောင့် သင်္ဘောမှောက်တော့မယ်"

"မြန်မြန်....ထိန်းထားကြစမ်း"

အစေခံများ၏တုန်လှုပ်ချောက်ချားစွာ အော်ဟစ်နေသံများက ပြင်ပမှထွက်ပေါ်နေသည်။သင်္ဘောတစ်စင်းလုံး ပြင်းပြင်းထန်ထန်တုန်ခါသွားကာ တိမ်းစောင်းစပြုလာသည်။

ဦးလေးဖူက ပြင်ပသို့ပြေးထွက်ကာ အော်ဟစ်လိုက်၏။

"အားလုံးပဲ....သင်္ဘောကို ငါ တည်ငြိမ်အောင် ထိန်းထားမယ်...မင်းတို့ ကိုယ့်နေရာကိုယ် နေကြစမ်း"

ထိုသို့ပြောဆိုပြီးသည်နှင့် ဦးလေးဖူသည် သင်္ဘော၏တက်မကိုကိုင်ပြီးနောက် သူ၏ခန္ဓာကိုယ်မှနေ၍ မှော်စွမ်းအားများ တလိမ့်လိမ့်ထွက်ပေါ်လာကာ သင်္ဘောကိုငြိမ်သက်အောင် ထိန်းသိမ်းလိုက်သည်။

သူသည် အမှန်တကယ်အားဖြင့် ဖုံးကွယ်ထားသော အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင်။

ကျန်းဟုန်က ပြင်ပသို့ထွက်လာကာ မေးမြန်းသည်။

"ဦးလေးဖူ...အခြေအနေဘယ်လိုရှိလဲ"

ဦးလေးဖူက မျက်မှောင်ကြုတ်လိုက်၏။

"တစ်ခုခု မှားယွင်းနေတယ်...ငါ ဒီလမ်းကြောင်းကို မကြာခဏဖြတ်သွားဖူးတယ်...ဒီနေရာမှာ လှိုင်းကြမ်းတယ်ဆိုပေမယ့် တစ်ခါမှတော့ ဒီလောက်ထိ လှိုင်းမထန်ဖူးဘူး"

သူတို့နှစ်ယောက်က သင်္ဘော၏ပြင်ပသို့ တပြိုင်နက်တည်း ကြည့်လိုက်ကြသည်။

ဤအချိန်တွင် ပင်လယ်ပြင်အထက်ရှိ ကောင်းကင်ယံ၌ တိမ်မည်းများလွှမ်းခြုံနေကာ မိုးသည်းထန်စွာရွာသွန်းနေသည်။ရေမျက်နှာပြင်မှနေ၍ ထူထပ်သိပ်သည်းသောမြူခိုးများ မြင့်တက်နေကာ ထိုမြူခိုးများအကြားတွင် နဂါးတစ်ကောင်၏ဝိုးတဝါးပုံရိပ်ကို တွေ့မြင်နိုင်သည်။

"နဂါးမျိုးနွယ်လား...မဖြစ်နိုင်ဘူး...ဒီပင်လယ်ထဲက နဂါးတွေအားလုံးက တော်ဝင်နန်းတွင်းရဲ့ထိန်းချုပ်မှုအောက်မှာရှိတယ်...တကယ်လို့ သူတို့ရဲ့နေရာကနေ ထွက်ခွာမယ်ဆိုရင်တောင် တော်ဝင်နန်းတွင်းရဲ့ခွင့်ပြုချက်ရဖို့လိုအပ်တယ်...ဘယ်လိုလုပ်ပြီးတော့ ဒီပင်လယ်ပြင်ထဲမှာ ပြဿနာရှာဝံ့တဲ့နဂါးတစ်ကောင်ရှိနေတာလဲ"

ဦးလေးဖူက အံ့အားတသင့် ရေရွတ်လိုက်၏။

ကျန်းဟုန်၏အကြည့်က မြူခိုးများအကြားသို့ကျရောက်သွားကာ သူက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။

"အဲ့ဒီမြူတွေကြားမှာ တစ်ယောက်ယောက်ရှိနေပုံပဲ"

ဦးလေးဖူက သူ၏ခေါင်းကို ခါယမ်းပြလေသည်။

"သခင်လေး...ဖြစ်နိုင်တာတော့ မင်း အမြင်မှားနေတာများလား...အခုချိန်မှာ အပြင်ဘက်မှာရှိတဲ့ စိတ်ဝိညာဥ်စွမ်းအားတွေက ဖရိုဖရဲဖြစ်နေတယ်...တကယ်လို့ အဲ့ဒီစွမ်းအားလှိုင်းတွေရဲ့သက်ရောက်မှုကိုသာခံရရင် ဘယ်သူမဆို လွင့်ထွက်သွားလိမ့်မယ်...ဒါကြောင့် အဲ့ဒီနေရာမှာ ဘယ်သူမှ ရှိမနေနိုင်ဘူး"

ဦးလေးဖူ၏စကားအဆုံးသတ်သွားသောအချိန်မှာပင် မိုးခြိမ်းသံကဲ့သို့ကျယ်လောင်သော အော်ဟစ်ကြုံးဝါးသံကြီးတစ်သံက မလှမ်းမကမ်းရှိ မြူခိုးများအကြားမှ ထွက်ပေါ်လာသည်။

"မင်း ငါ့ကို ဒီနဂါးသွေးကြောနဲ့ လှောင်ပိတ်ထားလို့မရဘူး...ဒီနတ်ဘုရားက မင်းကို အစိတ်စိတ်အမွှာမွှာဆုတ်ဖြဲပစ်မယ်"

ထိုအော်ဟစ်ကြုံးဝါးသံသည် ရုတ်တရက်ပစ်ချလိုက်သော မိုးကြိုးတစ်စင်းနှင့်တူညီနေကာ ပင်လယ်ပြင်ကြီးတစ်ခုလုံးရှိ လေပြင်းမုန်တိုင်းများကို ပို၍ပြင်းထန်သွားစေသည်။

"မကောင်းတော့ဘူး...အထဲမှာ တကယ့်ကိုပဲတစ်ယောက်ယောက်ရှိနေတယ်...ဒီအရှိန်အဝါတွေအရကြည့်ရင် ရွှယ်အင်မော်တယ်နဲ့အထက်အဆင့်ရှိတဲ့ အစွမ်းထက်ကျင့်ကြံသူတွေကြားက တိုက်ပွဲပဲ"

ဦးလေးဖူက ချက်ချင်းဆိုသလိုပင် နောက်သို့လှည့်ကာ ကြက်သေသေနေသော အစေခံများကို အော်ဟစ်လိုက်၏။

"လူတိုင်းပဲ...မင်းတို့အားလုံး အစွမ်းကုန်ကြိုးစားပြီးတော့ သင်္ဘောရဲ့ဦးတည်ချက် နောက်ကိုပြန်ကွေ့ကြစမ်း...တိုက်ပွဲအရှိန်ရဲ့သက်ရောက်မှုကို မခံရစေနဲ့"

သင်္ဘောပေါ်ရှိလူတိုင်း အလွန်စိုးရိမ်ပူပန်စပြုလာသည်။

ရွှယ်အင်မော်တယ်များအကြားမှတိုက်ပွဲသည် ကောင်းကင်နှင့်မြေပြင်ကိုပင် ဖျက်ဆီးပစ်နိုင်လုနီးပါး အလွန်ပြင်းထန်သည်။သူတို့ရှေ့ရှိတိုက်ပွဲမှအရှိန်အဝါများအရ ရွှယ်အင်မော်တယ်များ၏တိုက်ပွဲထက်ပင် သာလွန်နေသည်မှာ သိသာထင်ရှားသည်။

ကျွီ...ကျွီ...ကျွီ...

သင်္ဘောကြီးသည် လေပြင်းမုန်တိုင်းများကိုအံတုကာ ခက်ခက်ခဲခဲ နောက်ပြန်ဆုတ်ပြီး ဤနေရာမှအမြန်ဆုံးထွက်ခွာရန် ပြင်ဆင်နေတော့သည်။

သို့သော် ထိုအချိန်မှာပင် မလှမ်းမကမ်းမှနေ၍ ကြီးမားသောတုန်ခါမှုလှိုင်းကြီးသည် ပြင်းထန်သောလေလှိုင်းနှင့်အတူ ပျံ့နှံ့လာကာ သင်္ဘောကို လာရောက်ရိုက်ခတ်မိသည်။

All Chapters