အခန်း (၂၇၄၁-၂၇၄၅)
Vol. 140 Ch. 2741-2745
Chapter 2741
သင်္ဘောပေါ်ရှိလူများသည် ဤအခြေအနေကို မျှော်လင့်မထားမိသဖြင့် သင်္ဘောကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။
သင်္ဘောကိုယ်ထည်တစ်ခုလုံး ပြင်းပြင်းထန်ထန်တုန်ခါစပြုလာသည်။ဤသင်္ဘောကို ထိပ်တန်းအဆင့်ဟုသတ်မှတ်နိုင်ကာ လွယ်လင့်တကူ ကျိုးပဲ့ပျက်စီးနိုင်သောအရာမဟုတ်ချေ။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် လေပြင်းများ၏တိုက်ခတ်မှုကြောင့် သင်္ဘောကြီး ပြင်းပြင်းထန်ထန် တုန်ခါစပြုလာသည်။
ဝုန်း....
လေပြင်းများ အဆက်မပြတ်တိုက်ခတ်လာမှုနှင့်အတူ သင်္ဘောကြီးကို ထိန်းချုပ်နိုင်မှု လုံးလုံးလျားလျား လွတ်ကင်းသွားလေ၏။သင်္ဘောကြီးသည် မီတာရာပေါင်းများစွာဝေးကွာသောနေရာထိ လွင့်ထွက်သွားပြီးမှသာ ရပ်တန့်သွားတော့သည်။
"မြန်မြန်...အားလုံးပဲ...သင်္ဘောကြီးရဲ့တက်မဖွဲ့စည်းပုံထဲကို မင်းတို့ရဲ့မှော်စွမ်းအားတွေ ထည့်သွင်းကြစမ်း"
ဦးလေးဖူက ကျယ်လောင်စွာ အော်ငေါက်လိုက်သည်။
အစောပိုင်းက ရုတ်ရုတ်သဲသဲဖြစ်မှုသည် ပင်လယ်သမုဒ္ဒရာကြမ်းခင်း၌ နှစ်ခြိုက်စွာအိပ်မောကျနေသော နတ်ဆိုးသားရဲများကို နိုးထသွားစေသည်။
မိုးကောင်းကင်ယံမှ ငုံကြည့်လိုက်ပါက အလွန်ကြီးမားသောပုံရိပ်ကြီးများသည် ပင်လယ်ရေအောက်မှနေ၍ အထက်သို့ကူးခတ်လာသည်ကို တွေ့မြင်ရပေမည်။
အကယ်၍ သင်္ဘောသာ ရေပြင်ပေါ်သို့ကျရောက်သွားပါက ထိုနတ်ဆိုးသားရဲများ၏ဝမ်းဗိုက်အတွင်း၌ အဆုံးသတ်သွားနိုင်သည်။
လူတိုင်း အလျင်စလို ပူးပေါင်းလုပ်ကိုင်ကြပြီးနောက် သင်္ဘောကိုတည်ငြိမ်စပြုအောင် ပြန်လည်ထိန်းသိမ်းနိုင်ခဲ့သည်။
တိုက်ပွဲနေရာသို့ ထပ်မံ၍ကြည့်လိုက်ချိန်တွင် သူတို့သည် ကောင်းကင်ယံတခွင်လုံး၌ ရေနဂါးသွေးကြောများနှင့် ပြည့်နှက်နေခြင်းကို မြင်တွေ့လိုက်ရ၏။ထိုရေနဂါးတစ်ကောင်စီသည် ပါးစပ်ကြီးကိုဖြဲဟ၍ ခြေစွယ်လက်စွယ်များကို ဝှေ့ယမ်းနေကြသည်။ရေနဂါးအမြောက်အများ စုဝေးနေသဖြင့် နဂါးဟိန်းသံများက ကျယ်လောင်စွာ မြည်ဟီးနေတော့သည်။
ထိုရေနဂါးများအကြားတွင် တောက်ပသောရွှေရောင်အလင်းတန်းများက အဆက်မပြတ်ဖြာထွက်နေသည်။ထိုအလင်းတန်းသည် နံဘေးပတ်ဝန်းကျင်ရှိ ရေနဂါးများကို ထွင်းဖောက်နိုင်ရန် ကြိုးပမ်းနေလေ၏။
ကောင်းကင်ယံအတွင်း၌ သိမ်းငှက်တစ်ကောင်၏ပုံရိပ်ယောင်နှင့်ရေနဂါးသွေးကြောများက အဆက်မပြတ်တိုက်ခိုက်နေကာ မိုးခြိမ်းသံတမျှကျယ်လောင်သော အသံများက ကောင်းကင်နှင့်မြေပြင်အကြားတွင် ပဲ့တင်ထပ်ပျံ့နှံ့နေသည်။
"ဒါက နယ်မြေသခင်တွေကြားက တိုက်ပွဲဖြစ်မှာ သေချာတယ်...ကောင်းကင်နဲ့မြေပြင်အကြားက ဥပဒေသတွေကိုတောင် သက်ရောက်နေပြီ...သခင်လေး...ငါတို့ အဲ့ဒီနေရာနဲ့ တတ်နိုင်သမျှအဝေးဆုံးမှာနေရမယ်...တကယ်လို့ အဲ့ဒီအားလှိုင်းတွေသာ ငါတို့ပေါ်သက်ရောက်လာရင် ငါတို့အားလုံး အမှုန်အမွှားဖြစ်သွားလိမ့်မယ်"
ဦးလေးဖူက စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။
သူသည် အတွေ့အကြုံကြွယ်ဝသူတစ်ယောက်ပင်။အတိတ်တွင် သူသည် နယ်မြေသခင်များအကြားမှ တုန်လှုပ်ချောက်ချားဖွယ်တိုက်ပွဲကို မြင်တွေ့ခဲ့ဖူးလေ၏။ဤသည်က ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးနိုင်လုနီးပါးအလွန်ပြင်းထန်ပြီး တိုက်ပွဲမှအားလှိုင်းသက်ရောက်မှုအရှိန်ကြောင့် နံဘေးပတ်ဝန်းကျင်တွင်ရှိသောသူများ အသက်ရှင်သန်နိုင်ရန် အလွန်အမင်းခက်ခဲသည်။
"အလျင်စလိုမလုပ်နဲ့...ဒီနေရာကနေ တစ်ချက်ကြည့်ကြည့်ရအောင်"
ကျန်းဟုန်၏မျက်လုံးအကြည့်သည် မလှမ်းမကမ်းရှိ တိုက်ပွဲပေါ်တွင်သာ အခိုင်အမာကျရောက်နေသည်။
ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများအကြားရှိ တိုက်ပွဲများကို မြင်တွေ့ရသည်မှာ အလွန်အမင်းရှားပါးလှ၏။ဤတိုက်ပွဲကို ကြည့်ရသည်မှာ အလွန်အန္တရာယ်များသော်လည်း အကယ်၍ သူလေ့လာဆင်ခြင်နိုင်ပါက သူ့အတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်သည်။
ရုတ်တရက် သိမ်းငှက်မျက်နှာနတ်ဘုရားကို လှောင်ပိတ်ထားသော ရေနဂါးသွေးကြောများသည် ပြင်းထန်သောနတ်ဘုရားစွမ်းအားကြောင့် အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားသည်။
"ခွေးမသားလေး...ငါ မင်းကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်မယ်"
ဒေါသထွက်နေသော သိမ်းငှက်မျက်နှာနတ်ဘုရားသည် သူ၏နံဘေးပတ်လည်ရှိ ရေနဂါးသွေးကြောများကိုဖျက်ဆီးကာ ပြင်ပသို့ ထွက်လာလေ၏။သူ၏နောက်၌ ကောင်းကင်နှင့်နေရောင်ကိုပင် ပိတ်ဖုံးလုမတတ် အလွန်ကြီးမားသော နတ်ဘုရားသိမ်းငှက်ဓမ္မပုံရိပ်ယောင်ကြီး ထွက်ပေါ်လာသည်။ထိုနတ်ဘုရားသိမ်းငှက်ပုံရိပ်ယောင်ကြီးသည် တောင်ပံကိုဖြန့်ကား၍ စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ထိုပုံရိပ်ယောင်ကြီး၏ရှေ့တွင် လုယွီက ပြင်းထန်သောလေပြင်းများအကြား၌ မတ်တတ်ရပ်နေသည်။
"ငါကလည်း မင်းထွက်လာမှာကို စောင့်နေတာ"
လုယွီက သူ၏လက်ချောင်းများကို လှုပ်ခတ်၍ စည်းတံဆိပ်တစ်ခုကို ဖွဲ့စည်းလိုက်ရာ သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ အင်မော်တယ်ချီများ မျောလွင့်လာသည်။
ထို့နောက် သူက ထိုအင်မော်တယ်ချီများဖြင့် ကြီးမားသောဓမ္မပုံရိပ်ယောင်တစ်ခုကို သိပ်သည်းလိုက်၏။
ဤသည်က တာအိုဝတ်စုံကို ဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက်ပင်။ထိုအဖိုးအို၏လက်အတွင်း၌ ဓားရှည်တစ်လက်ကို ကိုင်ဆွဲထားကာ သူ၏မျက်လုံးအတွင်း၌ တက်ကြွဖျက်လတ်မှုများနှင့် ပြည့်နှက်နေသည်။သူ၏မျက်ခုံးသည် ဖြောင့်တန်းနေကာ သူ၏မျက်လုံးတစ်စုံသည် စူးရှတောက်ပနေပေ၏။နတ်ဘုရားနှင့်နတ်ဆိုးများပင် သူ၏အရှိန်အဝါကြောင့် သူ၏အနီးသို့ ချဥ်းကပ်ဝံ့မည်မဟုတ်ချေ။
ထိုအဖိုးအိုသည် သူ၏လက်အတွင်းမှဓားကိုမြှောက်၍ နတ်ဘုရားသိမ်းငှက်ပုံရိပ်ယောင်ကြီးထံဦးတည်ကာ ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလိုက်သည်။
ဘုန်း...
ပြင်းထန်သောဓားချီသည် လေဟာနယ်ကိုထွင်းဖောက်၍ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် နတ်ဘုရားသိမ်းငှက်ပုံရိပ်ယောင်ကြီးပေါ်သို့ ကျရောက်သွားသည်။လေပြင်းမုန်တိုင်းများက တဖန်ထပ်၍ ကြောက်ခမမ်းလိလိ ပြင်းထန်လာတော့သည်။
ရှေးဟောင်းအင်မော်တယ်နည်းစနစ်...ကောင်းကင်ဘုံအရှင်သခင်၏ပြစ်ဒဏ်ခတ်မှု.....
ပြင်းထန်သောမှော်မန္တန်နှစ်ခု ဖီလာဆန့်ကျင်ရိုက်ခတ်မိချိန်တွင် ရုတ်ချည်းဆိုသလိုပင် တောက်ပသောအလင်းတန်းများက မိုးကုတ်စက်ဝိုင်းတစ်ခုလုံးကို လွှမ်းခြုံသွားကာ နေ့အချိန်အလား လင်းထိန်သွားပေ၏။
ဦးလေးဖူ၏မျက်နှာတပြင်လုံး ထိတ်လန့်ကြောက်ရွံမှုကြောင့် ဖြူရော်သွားသည်။ဤအချိန်အခိုက်အတန့်တွင် သူသည် သူ့သခင်လေး၏အမိန့်ကို နားမထောင်တော့ဘဲ သင်္ဘောကို အလျှင်အမြန်နောက်ဆုတ်နိုင်ရန် ကြိုးစားလိုက်သည်။
သို့ရာတွင် ပြင်းထန်သောလေလှိုင်းများသည် သင်္ဘောကို ပြင်းပြင်းထန်ထန် ရိုက်ခတ်မိသဖြင့် နောက်ထပ် လေး ငါးမီတာအကွာအဝေးသို့ လွင့်ထွက်သွားတော့သည်။
တောက်ပသော အလင်းရောင်များက လူတိုင်း၏အမြင်အာရုံကို လွှမ်းခြုံသွားကာ ကျယ်လောင်သောတုန်ခါသံကြီးကို သူတို့အားလုံး ကြားလိုက်ရ၏။
သင်္ဘောပေါ်ရှိ ကျင့်ကြံသူတချို့သည် ထိုပြင်းထန်သောစွမ်းအားလှိုင်းများ၏သက်ရောက်ခြင်းကို ခံလိုက်ရသည်။သူတို့သည် သွေးများအန်ထုတ်လိုက်ရကာ သင်္ဘောကြမ်းပြင်ပေါ်သို့လဲကျ၍ သတိလစ်မေ့မျောသွားတော့သည်။
Chapter 2742
ကျန်းဟုန်နှင့်ဦးလေးဖူသည် အတော်အသင့်သန်မာအားကောင်းသူများဖြစ်သဖြင့် ထိုပြင်းထန်သောအားလှိုင်းဒဏ်ကို တောင့်ခံနိုင်ခဲ့ကြသည်။
သို့ရာတွင် သူတို့သည် ထိုတုန်လှုပ်ချောက်ချားဖွယ် အားလှိုင်းကြောင့် ထိတ်လန့်ကြောက်ရွံနေကြ၏။
ကြီးမားသော ဓမ္မပုံရိပ်ယောင်ကြီးနှစ်ခု ကောင်းကင်ယံအတွင်း၌ တိုက်ခိုက်နေသည်မှာ အလွန်အမင်း အံ့အားသင့်တုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းပင်။
"အဲ့ဒီထိပ်သီးအစွမ်းထက်ပုဂ္ဂိုလ်နှစ်ယောက်က ဘယ်သူတွေလဲဆိုတာ ငါ သိချင်မိတယ်...သူတို့က တော်ဝင်မြို့တော်ကိုသွားတဲ့ လမ်းကြောင်းပေါ်မှာတောင် တိုက်ခိုက်ရဲတယ်...သူတို့က နာမည်မရှိတဲ့လူတွေတော့ မဖြစ်နိုင်ဘူး"
ကျန်းဟုန်က သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။
"သခင်လေး...မြန်မြန်ထွက်သွားကြရအောင်...ဘယ်အချိန်မှာ အဲ့ဒီထိပ်သီးအစွမ်းထက်ကျင့်ကြံသူနှစ်ယောက် ထပ်ပြီးတိုက်ခိုက်မယ်ဆိုတာ မသိနိုင်ဘူး...ဒါပေမယ့် ဒီနေရာကိုစောင့်ကြပ်မယ့် အစွမ်းထက်ကျင့်ကြံသူတွေ ရှိမနေဘူး...တကယ်လို့ တိုက်ပွဲရဲ့အားလှိုင်းအရှိန်တွေ ထပ်ပြီးသက်ရောက်လာရင် ကျွန်တော်တို့အားလုံး ဒုက္ခရောက်သွားနိုင်တယ်"
ဦးလေးဖူက စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။
ကျန်းဟုန်က သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုလေသည်။
"တကယ်လို့ ငါ့မှာသာ ဒီလိုမျိုးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ရဲ့ ကူညီထောက်ပံမှုရှိရင်...အိမ်တော်ကိုပြန်ရောက်တဲ့အချိန်မှာ အဲ့ဒီအကြီးအကဲတွေ ဘာတစ်ခွန်းမှပြောရဲမှာမဟုတ်ဘူး"
ဦးလေးဖူ၏နှုတ်ခမ်းထောင့်တွင် ခါးသည်းသောအပြုံးတစ်ခု ထင်ဟပ်လာသည်။
ဤကဲ့သို့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ကို ဖိတ်ခေါ်ရန်မှာ အပြောလွယ်သလောက် လက်တွေ့မှာ အလွန်အမင်းခက်ခဲသည်။
သူတို့၏ကျန်းမိသားစုသည် ထိပ်တန်းမိသားစုတစ်စုဖြစ်ကာ ချမ်းသာကြွယ်ဝပြီး အရင်းအမြစ်များ ပေါများသော်လည်း အများစုမှာ အကြီးအကဲများ၏လက်အတွင်း၌သာရှိသည်။
ကျန်းဟုန်သည် အိမ်တော်သခင်လေးဖြစ်သော်လည်း သူ၏အဆင့်အတန်းသည် ပါးလွှာသောရေခဲပြင်ပေါ် လမ်းလျှောက်နေရသည်နှင့်တူညီကာ အချိန်မရွေး ပြုတ်ကျသွားနိုင်သည်။သူရရှိသော ငွေကြေးနှင့်ကျင့်ကြံမှုအရင်းအမြစ်မှာ လွန်စွာနည်းပါးလှ၏။
ဤကဲ့သို့အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ကို ငှားယမ်းရန်အတွက် ကုန်ကျစရိတ်မှာ ကြောက်ခမမ်းလိလိ များပြားပေမည်။သူတို့၏လက်ရှိ အခြေအနေအရ ထိုကဲ့သို့အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ကို မည်သို့မျှငှားယမ်းနိုင်မည်မဟုတ်ချေ။
"နောင်အနာဂတ်မှာ သခင်လေးက မိသားစုခေါင်းဆောင်နေရာကိုရမှာပဲ...အဲ့ဒီအချိန်ကျရင် သခင်လေးအလိုရှိတဲ့အတိုင်း အစွမ်းထက်ကျင့်ကြံသူတွေကို ခေါ်နိုင်လိမ့်မယ်...ကျွန်တော်တို့ကျန်းမိသားစုရဲ့အကြီးအကဲခန်းမမှာ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေမရှားဘူး...သူတို့က မိသားစုခေါင်းဆောင်ပေါ်မှာ သစ္စာစောင့်သိဖို့ ကျိန်ဆိုထားတယ်"
ဦးလေးဖူက ပြောဆိုသည်။
ကျန်းဟုန်က အေးစက်စက်လေသံဖြင့် တုံ့ပြန်ပြောဆိုလိုက်၏။
"အဲ့ဒီမြင့်မြတ်အကြီးအကဲတွေက မိသားစုထဲမှာ သွေးစုပ်နေတဲ့ကောင်တစ်သိုက်ထက်မပိုဘူး...တကယ်လို့ သူတို့သာ ငါ့ရဲ့ဖခင်ကို အမှန်တကယ်ကာကွယ်ချင်တယ်ဆိုရင် ဘယ်လိုလုပ်ပြီး သူ သေဆုံးသွားမှာလဲ...ငါ မိသားစုခေါင်းဆောင် ဖြစ်လာတဲ့အချိန်ကျရင် အဲ့ဒီလောက်ကောင်တွေကို ရှင်းပစ်ရမယ်"
"သခင်လေး...ဒီလိုစကားမျိုးတွေကို လက်လွတ်စပါယ်မပြောသင့်ဘူး...တကယ်လို့ မြင့်မြတ်အကြီးအကဲတွေသာ ဒီစကားတွေကိုကြားသွားရင် သခင်လေးအတွက် ဘေးဒုက္ခတွေ ဖြစ်လာလိမ့်မယ်"
ဦးလေးဖူသည် အလွန်စိတ်လှုပ်ရှားနေကာ ကျင်းဟုန်ကို ပါးစပ်ပိတ်ထားရန် သတိပေးလိုက်သည်။
ဘုန်း...
ထိုအချိန်မှာပင် သင်္ဘောကုန်းပတ်၏တစ်ဖက်ခြမ်းမှနေ၍ ကျယ်လောင်သောတုန်ခါသံကြီး မြည်ဟီးလာသည်။ဤသည်က ကုန်းပတ်ပေါ်သို့ တစ်စုံတစ်ခု ကျရောက်လာသကဲ့သို့ပင်။
အစေခံတချို့သည် အသံကြားရာဘက်သို့ လှည့်ကြည့်လိုက်ကြရာ ကုန်းပတ်ပေါ်၌ လူငယ်တစ်ယောက် မတ်တတ်ရပ်နေသည်ကို မြင်တွေ့လိုက်ကြ၏။
"အတင့်ရဲလှချည်လား...မင်း ဘယ်နေရာက ရောက်လာတာလဲ"
အစေခံများက ချက်ချင်းဆိုသလိုပင် လုယွီထံသို့တဟုန်ထိုးပြေးသွားကာ တင်းမာခက်ထန်သောလေသံဖြင့် ပြောဆိုသည်။
လုယွီက ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ပြီး ပြောဆိုလိုက်သည်။
"မင်းတို့ရဲ့အရှင်သခင်ကို ခေါ်လိုက်စမ်း"
အစေခံများက အထင်အမြင်သေးစွာ ပြောဆိုသည်။
"မင်းကိုယ်မင်း ဘာကောင်ထင်နေတာလဲ...မင်းက ငါတို့ရဲ့သခင်လေးကိုတွေ့ဖို့ ထိုက်တန်လို့လား"
"ဒီနေရာက ထွက်သွားကြစမ်း"
ကျန်းဟုန်နှင့်ဦးလေးဖူတို့သည် အလျင်စလိုပြေးလာကာ အစေခံများကို မောင်းထုတ်လိုက်ကြ၏။
လုယွီကို မြင်ပြီးနောက် သူတို့နှစ်ယောက်လုံး ထိတ်လန့်တုန်လှုပ်သွားသည်။
အစောပိုင်းက တုန်လှုပ်ချောက်ချားဖွယ်တိုက်ပွဲအတွင်းတွင် အစေခံများသည် သူတို့၏အသက်ကို သူတို့ကာကွယ်ရန်သာ အရေးကြီးနေသဖြင့် လုယွီကို သတိမပြုမိကြချေ။
သို့ရာတွင် ကျန်းဟုန်နှင့်ဦးလေးဖူတို့သည် လုယွီ၏ပုံပန်းသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။
အထူးသဖြင့် လုယွီသည် ကောင်းကင်ဘုံအရှင်သခင်၏ပြစ်ဒဏ်ခတ်မှုကို အသုံးပြုခဲ့သော မြင်ကွင်းသည် သူတို့၏စိတ်အတွင်း၌ ကွက်ကွက်ကွင်းကွင်း ရှိနေဆဲပင်။
လုယွီကိုကြည့်ရသည်မှာ ငယ်ရွယ်ပုံပေါ်သော်လည်း ကျင်းဟုန်သည် အနည်းငယ်မျှပင် လျှော့မတွက်ဝံ့ချေ။
"စီနီယာ...ဘာများအမိန့်ပေးစရာရှိလို့ပါလဲ"
ကျန်းဟုန်က ဂရုတစိုက် မေးမြန်းလိုက်သည်။သူသည် လုယွီ၏ဒေါသကို ဆွပေးသကဲ့သို့ဖြစ်သွားမည်ကို စိုးရိမ်နေမိလေ၏။
လုယွီက ပြောဆိုသည်။
"ငါ့ကို တိတ်ဆိတ်တဲ့အခန်းတစ်ခန်း စီစဥ်ပေးစမ်း...ဘယ်သူမှ ငါ့ကို မနှောက်ယှက်စေနဲ့"
"ဟုတ်ကဲ့ပါ စီနီယာ...ကျေးဇူးပြုပြီး ကြွပါ"
လုယွီ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ကြီးကျယ်ခမ်းနားသည့် မှော်စွမ်းအားများကို အာရုံခံမိချိန်တွင် ကျင်းဟုန်သည် ပို၍ပင် သတိကြီးစွာထားလိုက်သည်။
များသောအားဖြင့် လုယွီသည် သူ၏မှော်စွမ်းအားအရှိန်အဝါ ယိုစိမ့်မှုမရှိစေရန် ကောင်းမွန်စွာ ထိန်းချုပ်ထားသည်။တခြားသူများသည် သူ့ကိုမြင်တွေ့ချိန်တွင် သူ၏အစစ်အမှန်ကျင့်ကြံဆင့်နယ်ပယ်ကို ထွင်းဖောက်မြင်နိုင်မည်မဟုတ်ချေ။
သို့ရာတွင် အစောပိုင်းက ကြီးမားသောတိုက်ပွဲကြီးနှင့် ရင်ဆိုင်ရပြီးနောက် လုယွီ၏မှော်စွမ်းအားများသည် သူ၏ခန္ဓာကိုယ်မှနေ၍ တလိမ့်လိမ့် ထွက်ပေါ်နေလေ၏။
ကျန်းဟုန်နှင့်ဦးလေးဖူသည် သူတို့ထံသို့ သက်ရောက်လာသော ဖိအားအရှိန်အဝါကိုခံစားမိချိန်တွင် အသက်ရှုမွန်းကြပ်သကဲ့သို့ ခံစားလိုက်ရသည်။
Chapter 2743
"စီနီယာ...ကျေးဇူးပြုပြီးတော့..."
ကျန်းဟုန်သည် သင်္ဘောအတွင်းပိုင်းရှိ အကျယ်ဝန်းဆုံးအခန်းအတွင်းသို့ လုယွီကို ပို့ဆောင်ပေးပြီးနောက် စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
ဦးလေးဖူက ပြောဆိုသည်။
"သခင်လေး...အဲ့ဒီလူက အရမ်းအစွမ်းထက်တယ်...ကံကောင်းချင်တော့ သူ့မှာ ကျွန်တော်တို့ကိုသတ်ဖို့ ရည်ရွယ်ချက်မရှိဘူး..တကယ်လို့ သူသာ ကျွန်တော်တို့ပေါ်ကို လှုပ်ရှားဝံ့မယ်ဆိုရင်...ကျွန်တော်တို့က သူ့နာမည်ကို မှတ်သားထားရမယ်...အဲ့ဒီအချိန်ကျရင် သူ့ကိုယ်သူ နည်းနည်းတော့ ထိန်းချုပ်ထားမှာ သေချာတယ်"
ကျန်းဟုန်က ခါးသည်းသောအပြုံးနှင့် ပြောဆိုလိုက်၏။
"သူတို့လိုမျိုး ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေက အဲ့ဒီကိစ္စတွေကို ဘယ်လိုလုပ်ပြီးတော့ ဂရုစိုက်မှာလဲ...အဲ့ဒီလူက အနည်းဆုံးတော့ နယ်မြေသခင်တစ်ယောက် ဖြစ်နေနိုင်တယ်...ငါ့ရဲ့မိသားစုက ငါ့အတွက်နဲ့ နယ်မြေသခင်တစ်ယောက်ကို ရန်စစော်ကားမှာမဟုတ်ဘူး...တကယ်လို့ ငါသေသွားရင်တောင် အဲ့ဒီအကြီးအကဲတွေက လက်ခုပ်လက်ဝါးတီးပြီး ဝမ်းသာနေကြလိမ့်မယ်"
"အရင်ဆုံး အဲ့ဒီအစွမ်းထက်ပုဂ္ဂိုလ် အနားယူနေပါစေ...ငါတို့က တော်ဝင်မြို့တော်ကို အမြန်ဆုံးသွားရမယ်...ဒီအခွင့်အရေးမျိုးရဖို့ဆိုတာ အရမ်းခက်ခဲတယ်...တကယ်လို့ ငါက အဲ့ဒီအစွမ်းထက်ပုဂ္ဂိုလ်နဲ့ မိတ်ဆွေဖွဲ့နိုင်ရင်တော့ အကောင်းဆုံးပဲ"
အခန်းအတွင်း၌....
လုယွီသည် အခန်းပြင်ပရှိစကားပြောဆိုနေမှုကို နားထောင်ပြီးနောက် တဖြည်းဖြည်း ဆိုးညစ်သောအငွေ့အသက်တချို့ကို အန်ထုတ်လိုက်သည်။
သူ၏လက်ဝါးသည် အထိန်းအချုပ်မဲ့စွာဖြင့် တုန်ရီနေကာ သူ၏အင်္ကျီလက်တလျှောက်မှနေ၍ သွေးများယိုစီးကျနေသည်။
တလိမ့်လိမ့်ထနေသော သွေးချီများက လုယွီ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေကာ သူ၏နှုတ်ခမ်းထောင့်တွင်လည်း သွေးစသွေးနများ ရှိနေလေ၏။
"ငါ မျှော်လင့်ထားသလိုပဲ အင်မော်တယ်နည်းစနစ်တစ်ခုကို အတင်းအကြပ်အသုံးပြုတဲ့ရလဒ်က တကယ့်ကိုလိုအပ်ချက်တွေ များပြားတာပဲ"
ခါးသည်းသောအရိပ်အယောင်တချို့က လုယွီ၏မျက်နှာပေါ်၌ ထင်ဟပ်လာသည်။
သိမ်းငှက်မျက်နှာနတ်ဘုရားကို ပင်လယ်နဂါးသွေးကြောဖြင့် လှောင်ပိတ်ထားစဥ်ကတည်းက လုယွီသည် အကြံအစည်တစ်ခုကို တွေးတောထားပြီးလေပြီ။
သူတို့နှစ်ယောက်ကြား၌ ကျင့်ကြံဆင့်နယ်ပယ်ကွာခြားချက် လွန်စွာကြီးမားသည်။သိမ်းငှက်မျက်နှာနတ်ဘုရားသည် အပြင်းအထန်ဒဏ်ရာရရှိထားသည့်တိုင် သူသည် နယ်မြေသခင်တစ်ယောက်ဖြစ်နေဆဲပင်။သူ့အား အလွန်အစွမ်းထက်သော တည်ရှိမှုကြီးတစ်ခုဟု ယူဆနိုင်ပေ၏။
လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ အိပ်မောကျမသွားမီ လုယွီကို အင်မော်တယ်သိုင်းပညာနည်းစနစ်သုံးခု ပေးအပ်ခဲ့သည်။
လုယွီ၏လက်ရှိခွန်အားဖြင့် သူသည် နက်နဲသိမ်မွေ့မိုးကောင်းကင်ဂိတ်တံခါးကို အသုံးပြုနိုင်ရုံမျှသာရှိသည်။သို့ရာတွင် နက်နဲသိမ်မွေ့မိုးကောင်းကင်ဂိတ်တံခါးသည် သိမ်းငှက်မျက်နှာနတ်ဘုရားကို လှောင်ပိတ်ထားနိုင်ရုံသာ ရှိမည်ဖြစ်ကာ သတ်ဖြတ်နိုင်မည်မဟုတ်ချေ။
ထို့ကြောင့် လုယွီသည် ဒုတိယအင်မော်တယ်နည်းစနစ်ဖြစ်သော ကောင်းကင်ဘုံနတ်ဘုရား၏ပြစ်ဒဏ်ခတ်မှုကို အသုံးပြုရန် တွေးတောခဲ့သည်။
ဤအင်မော်တယ်နည်းစနစ်ကို မြေကမ္ဘာအင်မော်တယ်နှောင်းပိုင်းအဆင့် ကျင့်ကြံသူများသာ အသုံးပြုနိုင်သည်။လုယွီ၏ မြေကမ္ဘာအင်မော်တယ်အစောပိုင်းအဆင့် ကျင့်ကြံမှုဖြင့် အသုံးပြုရသည်မှာ အခက်အခဲအမြောက်အများရှိနေပေ၏။
ထိုနည်းစနစ်ကိုအသုံးပြုနိုင်ရန်အလို့ငှာ လုယွီသည် အသက်တစ်ရှိုက်စာအချိန်အတွင်းတွင် ဆေးလုံးဆယ်လုံးကျော်ကို ဝါးမြိုခဲ့ရသည်။သူသည် သူ၏ခန္ဓာကိုယ်မှ မှော်စွမ်းအားများအားလုံးကို သူ၏မိုးကောင်းကင်လှိုဏ်ဂူအတွင်း၌ စုစည်းခဲ့သည်။ကျင့်ကြံဆင့်နယ်ပယ်ကွာခြားမှုကို မှော်စွမ်းအားအမြောက်အများဖြင့်ဖြည့်ဆည်းကာ သူ၏မှော်စွမ်းအားများအားလုံးကို အတိုင်းအတာပမာဏတစ်ခုထိ စုစည်းပြီးချိန်၌ မြေကမ္ဘာအင်မော်တယ်နှောင်းပိုင်းအဆင့်၏မှော်စွမ်းအားပမာဏကို သူ ယာယီပိုင်ဆိုင်နိုင်ခဲ့လေ၏။
ထိုနည်းစနစ်အတွက် လိုအပ်ချက်များသည် ခက်ခဲကြမ်းတမ်းသော်လည်း စွမ်းအားသည် အံ့အားသင့်တုန်လှုပ်ဖွယ်ရာပင်။သူသည် ထိုတိုက်ခိုက်မှုတစ်ခုတည်းဖြင့် သိမ်းငှက်မျက်နှာနတ်ဘုရားကို သတ်ဖြတ်နိုင်ခဲ့သည်။
သိမ်းငှက်မျက်နှာနတ်ဘုရားကို သတ်ဖြတ်ပြီးနောက် လုယွီသည် သူ၏မှတ်ဥာဏ်များကို ရရှိခဲ့သည်။
သိမ်းငှက်မျက်နှာနတ်ဘုရားကို သိမ်းငှက်နက်နတ်ဘုရားဟု ခေါ်ဆိုသည်။သူသည် ကြယ်မြစ်တစ်ခု၏အုပ်ချုပ်သူအရှင်သခင်ပင်။
သူသည် တော်ဝင်နန်းတွင်းသို့ လက်အောက်ခံအဖြစ်ဝင်ရောက်ခဲ့သဖြင့် သူ့အား ကောင်းကင်ဘုံအစောင့်အရှောက်ဟူသော ဘွဲ့ထူးကို ချီးမြှင့်ခံခဲ့ရသည်။သူသည် နတ်ဘုရားစာရင်းဝင် နတ်ဘုရားတစ်ပါးလည်းဖြစ်သည်။
သို့ရာတွင် နောက်ပိုင်း၌ သိမ်းငှက်နက်နတ်ဘုရားသည် သူ၏သေလမ်းကို သူကိုယ်တိုင်ရှာဖွေခဲ့သည်။သူသည် တော်ဝင်နန်းတွင်းကို သစ္စာဖောက်ကာ ကြယ်မြစ်ပေါ်မှ အရာရှိများကို သတ်ဖြတ်ခဲ့လေ၏။သူသည် သူ့ကိုယ်သူ နတ်ဘုရားဟု ခေါ်ဆိုကာ ပုန်ကန်သူစစ်တပ်ကို ဦးဆောင်ခဲ့သည်။
သိမ်းငှက်နက်နတ်ဘုရားသည် အလွန်အစွမ်းထက်သော်လည်း သူ၏အကျင့်စရိုက်သည် ခက်ထန်ကြမ်းတမ်းကာ ဒေါသထွက်လွယ်သည်။ထို့ကြောင့် သူ၏လက်အောက်ငယ်သားများသည် တစ်ယောက်ပြီးတစ်ယောက် သူ့အား သစ္စာဖောက်ကြတော့သည်။နောက်ပိုင်းတွင် တော်ဝင်နန်းတွင်းမှနေ၍ မြင့်မြတ်သူများကိုစေလွှတ်ကာ သူ့ကိုနှိမ်နင်းစေသည်။သူ၏စိတ်ဝိညာဥ် ပြိုလဲပျက်စီးလုဆဲဆဲဖြစ်သွားကာ သူ၏နတ်ဘုရားပလ္လင်လည်း ကြေမွှသွားခဲ့သည်။
ယခုချိန်တွင် သူ့အား သေဆုံးသွားပြီဟု တော်ဝင်နန်းတွင်းမှသတ်မှတ်ထားသော်လည်း သူသည် အလွန်လိမ်မာပါးနပ်သူပင်။သူသည် အလွန်အမင်းလျှို့ဝှက်သော နေရာတစ်နေရာ၌ ပုန်းအောင်းနေကာ အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
ဤနတ်ဘုရား၏စိတ်ဝိညာဥ်သည် မူလကတည်းက ပြိုလဲလုဆဲဆဲအခြေအနေသို့ ရောက်ရှိနေကာ ယခုထွက်ပေါ်လာချိန်၌ သူ အသုံးပြုခဲ့သည်မှာ နောက်ဆုံးလက်ကျန် နတ်ဘုရားစွမ်းအားဖြစ်ပေ၏။
"သူက တော်ဝင်မြို့တော်အနီးမှာတောင် လှုပ်ရှားဝံ့တာ အံ့အားသင့်စရာမရှိတော့ဘူး...တကယ်လို့ သူသာ ဧကရာဇ်အဆင့်မှော်လက်နက်ကိုမရရင် သူ့ရဲ့စိတ်ဝိညာဥ်က ကြေမွှပျက်စီးသွားရမှာပဲ"
အကယ်၍ သိမ်းငှက်နက်နတ်ဘုရားသာ အကန့်အသတ်အခြေအနေမျိုးသို့ ရောက်ရှိမနေပါက သူ လွယ်လင့်တကူ အနိုင်ယူနိုင်မည်မဟုတ်ကြောင်း လုယွီက ကောင်းစွာသိရှိထားသည်။
သူသည် တိုက်ခိုက်မှုတစ်ခုတည်းဖြင့် နယ်မြေသခင်တစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့သည်။ဤသတင်းသာ ပြင်ပသို့ပျံ့နှံ့သွားပါက လူအများရုတ်ရုတ်သဲသဲ ဖြစ်သွားပေမည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် အလွန်အမင်းအားနည်းသော အခြေအနေမျိုးသို့ ကျရောက်နေလေ၏။
Chapter 2744
ယခုချိန်၌ လုယွီသည် အလွန်အမင်းအားနည်းနေသည်။သူ၏ကျင့်ကြံဆင့်နယ်ပယ်ထက် ကျော်လွန်သော မှော်နည်းစနစ်ကို အတင်းအကြပ်ဖိအားပေး၍ အသုံးပြုခဲ့သည်မှာ သူ၏ခန္ဓာကိုယ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်။ထိုမှော်နည်းစနစ်ကိုအသုံးပြုခဲ့သဖြင့် သူ၏ခန္ဓာကိုယ် ပေါက်ကွဲသွားလုမတတ်ပင်။
အကယ်၍ လုယွီထံတွင်သာ သိုင်းပညာသူတော်စင်ရုပ်ခန္ဓာကိုယ်ရှိမနေပါက ယခုလက်ရှိချိန်တွင် သူ မသန်မစွမ်းဖြစ်နေလောက်လေပြီ။
ဟူး...
လုယွီက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ ပတ်ဝန်းကျင်ရှိစိတ်ဝိညာဥ်စွမ်းအားများကို သူ၏ခန္ဓာကိုယ်နှင့်ပေါင်းစပ်စေရန် လမ်းညွှန်ကာ သူ၏ဒဏ်ရာများကို ပြန်လည်ကုသလိုက်၏။
ဤကဲ့သို့ အခြေအနေမျိုးတွင် သူ ဆေးလုံးများကို တိုက်ရိုက်ဝါးမြိုခြင်းမပြုဝံ့ချေ။အကြောင်းအရင်းမှာ ဆေးစွမ်းအားများအလွန်ပြင်းထန်မှုကို သူ၏ခန္ဓာကိုယ်မှ တောင့်ခံနိုင်မည်မဟုတ်သောကြောင့်ပင်။ထို့ကြောင့် စိတ်ဝိညာဥ်စွမ်းအားများကိုသာ အသုံးပြုကာ သူ တဖြည်းဖြည်း ပြန်လည်ကုသရပေမည်။
"အခု သိမ်းငှက်နက်နတ်ဘုရားရဲ့နတ်ဘုရားသွေးစက်အပြင် ငါ အရင်က အစိမ်းရောင်ကြာနတ်ဘုရားနဲ့သွေးနတ်ဘုရားရဲ့သွေးစက်တွေကို ရထားတယ်...ငါ့ရဲ့ဒဏ်ရာတွေ ပျောက်ကင်းသွားတာနဲ့ အဲ့ဒီအရာတွေကိုမှီခိုပြီးတော့ ငါ မြေကမ္ဘာအင်မော်တယ်အလယ်အလတ်အဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်လိမ့်မယ်"
ဤတစ်ကြိမ်တွင် သူ၏ရိတ်သိမ်းနိုင်မှုမှာ နည်းပါးခြင်းမရှိချေ။
လုယွီသည် မူလက နတ်ဘုရားသွေးစက်ကို သိမ်းဆည်းထားသည်မှာ သူ၏အသက်ကိုကာကွယ်ရန် ဝှက်ဖဲအဖြစ်ထားရှိခြင်းဖြစ်သည်။သို့ရာတွင် ရှောင်အိမ်တော်အတွင်း၌ နတ်ဘုရားသွေးစက်ကို အသုံးပြုခဲ့စဥ်တွင် သူ အလွန်စွန့်စားခဲ့ရသည်။ထို့ကြောင့် လုယွီသည် နတ်ဘုရားသွေးစက်များကို တစ်ချိန်လုံးထိန်းသိမ်းမထားနိုင်ချေ။
နတ်ဘုရားသွေးစက်များအတွင်း၌ ပါဝင်သည့် ကြီးကျယ်ခမ်းနားသောစွမ်းအားများသည် သူ အဆင့်ချိုးဖျက်ရာ၌ ကြီးမားသော အထောက်အပံကြီး ဖြစ်စေနိုင်သည်။
ရှေးဟောင်းတာအိုအင်မော်တယ်လမ်းကြောင်းကို လျှောက်လှမ်းနေသော လုယွီအတွက် ကျင့်ကြံဆင့်နယ်ပယ်တစ်ခုတက်လှမ်းနိုင်ရန်မှာ အလွန်အမင်းခက်ခဲသည်။
တံခါး၏ပြင်ပ၌နေ၍ လူတိုင်းသည် အခန်းအတွင်းသို့ တလိမ့်လိမ့်စီးဝင်နေသော စိတ်ဝိညာဥ်စွမ်းအားများကို အာရုံခံမိလေ၏။သူတို့သည် ကူကယ်ရာမဲ့စွာဖြင့် အံ့အားသင့်တုန်လှုပ်နေကြသည်။
"ဒီလိုအံ့အားသင့်စရာကောင်းတဲ့ ဝါးမြိုခြင်းစွမ်းရည်မျိုးကို...ငါက မနက်ပိုင်းလေ့ကျင့်ချိန်မှာပဲ မြင်တွေ့ဖူးတယ်...ဒါပေမယ့် အဲ့ဒါက ထောင်နဲ့ချီတဲ့လူတွေ တစ်ချိန်တည်းကျင့်ကြံနေကြတာ...ဒီလူရဲ့စိတ်ဝိညာဥ်စွမ်းအင် စုပ်ယူတဲ့နှုန်းက တကယ့်ကို ကြောက်စရာပဲ"
ဦးလေးဖူက အံ့အားသင့်တုန်လှုပ်စွာ ပြောဆိုသည်။
စိတ်ဝိညာဥ်စွမ်းအင် ရှုသွင်းခြင်းမှတဆင့် တစ်စုံတစ်ယောက်၏ကျင့်ကြံမှုအရှိန်နှုန်းကို ဆုံးဖြတ်နိုင်သည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် မရေမတွက်နိုင်သောမြစ်များမှရေများ ပင်လယ်အတွင်းစီးဝင်သွားသကဲ့သို့ဖြစ်နေလေရာ အခန်းအတွင်းရှိ အစွမ်းထက်ပုဂ္ဂိုလ်၏ ကျင့်ကြံမှုအရှိန်နှုန်းသည် သာမာန်ကျင့်ကြံသူများထက် အဆများစွာ ပို၍လျှင်မြန်ပေမည်။
"အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ဖို့ ထိုက်တန်ပါပေတယ်....ငါက အခွင့်ကောင်းရှာပြီးတော့ သူနဲ့မိတ်ဆွေဖြစ်အောင် လုပ်ရမယ်"
ကျန်းဟုန်က သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်၏။
လေဟာနယ်သင်္ဘောပျံ၏အရှိန်သည် အလွန်လျှင်မြန်သဖြင့် အချိန်လေးနာရီမပြည့်သေးမီမှာပင် တော်ဝင်မြို့တော်၏ပုံသဏ္ဍာန်ကို သူတို့အားလုံးတွေ့မြင်နေရလေပြီ။
နေ့စဥ်နေ့တိုင်း တော်ဝင်မြို့တော်သို့ လေဟာနယ်သင်္ဘောပျံပေါင်းများစွာ ဆင်းသက်နေသည်။သန်းနှင့်ချီသောလေဟာနယ်သင်္ဘောပျံများသည် တော်ဝင်မြို့တော်၏ဆိပ်ကမ်း၌ အတန်းလိုက် ရပ်တန့်ထားလေ၏။
"ဦးလေးဖူ..အလံကိုလွှင့်ထူပြီးတော့ အဲ့ဒီနေရာကို ရွှက်လွှင့်လိုက်တော့"
ကျန်းဟုန်က ပြောဆိုသည်။
ရုတ်ချည်းဆိုသလိုပင် သူတို့၏လေဟာနယ်သင်္ဘောပျံပေါ်၌ ငွေရောင်နဂါးတစ်ကောင်ရစ်ခွေနေသော အမှတ်အသားပါသည့် အလံတစ်ခု မြင့်တက်လာသည်။နေရောင်ခြည်၏အောက်တွင် ထိုအလံသည် အလွန်စူးရှစွာတောက်ပနေလေ၏။
ဆိပ်ကမ်းမှနေ၍ စစ်သားတချို့ ချက်ချင်းပျံသန်းလာကာ လေဟာနယ်သင်္ဘောပျံကို လမ်းညွှန်ပေးကြသည်။
ငွေရောင်နဂါးအလံသည် တော်ဝင်အင်အားစု၏အမှတ်သင်္ကေတပင်။
ရွှေရောင်နဂါးအလံကို တော်ဝင်မိသားစုဝင်များဖြစ်သော အိမ်ရှေ့စံမင်းသား မင်းသားများနှင့်မင်းသမီးများ မင်းမျိုးမင်းနွယ်များသာ ပိုင်ဆိုင်သည်။
ငွေရောင်နဂါးအလံသည်မူ ဧကရာဇ်မှနေ၍ အမတ်ကြီးများကို ချီးမြှင့်ပေးသနားထားသော အမှတ်သင်္ကေတဖြစ်သည်။ဧကရာဇ်မင်း၏သစ္စာရှိလူယုံတချို့ တော်ဝင်နန်းတွင်း၌အလွန်အမင်းဂုဏ်သိက္ခာမြင့်မားသူတချို့သာ မိသားစု၏ဂုဏ်ယူဝင့်ကြွားစရာတစ်ခုအဖြစ် ငွေရောင်နဂါးအလံကို အသုံးပြုနိုင်သည်။
ဤအမှတ်သင်္ကေတပိုင်ဆိုင်ထားသော မိသားစုတိုင်းကို ထိပ်တန်းမိသားစုကြီးများဟု ယူဆနိုင်လေ၏။
ငွေရောင်နဂါးအလံထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် သူတို့၏သင်္ဘောရှေ့ရှိလေဟာနယ် ပို၍ကျယ်ဝန်းသွားသည်။ဆိပ်ကမ်းနံဘေး၌ရပ်နေသော အရာရှိများနှင့်စစ်သားများသည် ကျန်းဟုန်၏လေဟာနယ်သင်္ဘော ရပ်နားနိုင်ရန် ဦးစားပေး၍ နေရာချထားလေသည်။
"ဦးလေးဖူ...ငါ ပြန်လာတာကို တစ်ယောက်မှတောင် လာမကြိုကြဘူး...တကယ်လို့ ငါ့ရဲ့ဖခင်သာ သက်ရှိထင်ရှားရှိနေရင် အဲ့ဒီလူတွေ ဒီလိုမျိုးလုပ်ရဲမှာမဟုတ်ဘူး"
ကျန်းဟုန်က စိတ်ဓာတ်ကျဆင်းနေသောလေသံဖြင့် ပြောဆိုသည်။
ဆိပ်ကမ်း၏ကမ်းစပ်တွင် မျက်နှာချိုသွေးသောအပြုံးများနှင့် အရာရှိများရှိနေသော်လည်း ကျန်းအိမ်တော်မှလူ တစ်ယောက်တစ်လေမျှ ဤနေရာသို့ ရောက်ရှိလာခြင်းမရှိချေ။
ဦးလေးဖူက ပျာပျာသလဲ ပြောဆိုသည်။
"သခင်လေး...အိမ်တော်ကလူတွေက သခင်လေး ပြန်လာမှာကို ကြိုမသိတာကြောင့် လူလွှတ်ပြီးမကြိုဆိုမိတာလည်း ဖြစ်နိုင်တယ်"
"ဟမ့်...အဲ့ဒီလူအိုကြီးတွေရဲ့ နားတွေ မျက်စေ့တွေက တော်ဝင်မြို့တော်ရဲ့နေရာအနှံ့အပြားမှာရှိတယ်...ငါ ပြန်လာမယ်ဆိုတာကို သူတို့ သိပြီးနေလောက်ပြီ....သူတို့က ငါ့ကို တမင်သက်သက် မသိချင်ယောင်ဆောင်ပြီး လျစ်လျှူရှုထားကြတာပဲ"
ကျန်းဟုန်က အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။
လေဟာနယ်သင်္ဘောကိုရပ်နားပြီးဖြစ်သော်လည်း ကျင်းဟုန်က သင်္ဘောပေါ်မှမဆင်းသေးရန် ဆုံးဖြတ်ခဲ့သည်။
အကြောင်းအရင်းမှာ လုယွီသည် သင်္ဘောပေါ်၌ ပြန်လည်ကုသနေဆဲဖြစ်သောကြောင့်ပင်။
Chapter 2745
"အဲ့ဒီလူအိုကြီးတွေက ငါ့ကို တမင်သက်သက်လျစ်လျှူရှုထားမှတော့ ငါ ဒီနေရာမှာပဲ စောင့်နေမယ်...စီနီယာ အပြင်ကိုထွက်လာမှ အိမ်တော်ကို ငါ ပြန်မယ်"
ကျန်းဟုန်က သူ၏မျက်လုံးကိုစုံမှိတ်ကာ ထိုင်နေလေ၏။
ဦးလေးဖူနှင့်တခြားအစေခံများသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ကျန်းဟုန်၏နောက်၌ မတ်တတ်ရပ်၍ တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေကြသည်။
"မလိုတော့ဘူး.."
အခန်းတံခါးရုတ်တရက်ပွင့်လာကာ လုယွီက အခန်းပြင်ပသို့ ထွက်လာသည်။
သူ၏မျက်နှာသည် ဖြူရော်နေဆဲဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်မှထွက်ပေါ်နေသည့် ကြီးကျယ်ခမ်းနားသော အရှိန်အဝါများ ပျက်ပြယ်သွားလေပြီ။သူ့ထံတွင် တည်ငြိမ်အေးဆေးသော အသွင်အပြင်မျိုးသာ ရှိနေတော့သည်။
လုယွီသည် သူ၏ဒဏ်ရာများကို ပြင်းထန်မှုမရှိစေရန် ဟန့်တားထားနိုင်ရုံမျှသာ ကုသနိုင်သေးသည်။ဤတစ်ကြိမ်တွင် သူ ရရှိခဲ့သော ဒဏ်ရာများသည် အလွန်ပြင်းထန်သဖြင့် သူ အချိန်အတော်ကြာယူ၍ ကုသရပေမည်။
သို့ရာတွင် လုယွီထံ၌ လုပ်ဆောင်စရာကိစ္စအမြောက်အများရှိနေသဖြင့် သူ ဤနေရာ၌ အချိန်များစွာမဖြုန်းတီးနိုင်ချေ။
"မင်းရဲ့ကူညီပေးမှုအတွက် ကျေးဇူးတင်ပါတယ်...ဒါက မင်းအတွက် ဆုလာဘ်ပဲ"
လုယွီက အင်မော်တယ်ကျောက်တုံးဆယ်သန်းကိုထုတ်ယူကာ ကျန်းဟုန်ကို ပေးလိုက်၏။
အင်မော်တယ်နည်းစနစ်ကို ထုတ်ဖော်အသုံးပြုခဲ့ပြီးနောက် လုယွီသည် အလွန်အမင်း အားနည်းနေသော အခြေအနေမျိုးသို့ ကျရောက်သွားခဲ့သည်။သူသည် ခွန်အားအနည်းငယ်ကိုမျှ အသုံးပြုနိုင်ခြင်းပင် မရှိခဲ့ချေ။
အကယ်၍ သူ ခြေချစရာနေရာတစ်ခုသာမရှိခဲ့ပါက ပင်လယ်အတွင်းသို့ကျရောက်သွားကာ နတ်ဆိုးသားရဲများ၏တိုက်ခိုက်ခြင်းကို ခံရပေမည်။
ထိုအချိန်တုန်းက လုယွီ၏အားနည်းနေသောအခြေအနေမျိုးဖြင့် နတ်ဆိုးသားရဲများ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကိုခံရပါက သူ၏အသက်အန္တရာယ်ကိုပင် ထိခိုက်စေနိုင်သည်။
ကံကောင်းထောက်မစွာဖြင့် ထိုအချိန်တွင် ကျန်းဟုန်၏လေဟာနယ်သင်္ဘောသည် အနီးအနားတွင်ရှိနေသောကြောင့် လုယွီသည် ယာယီအနားယူရန် နေရာတစ်ခု ရရှိခဲ့လေ၏။
"ဒါက အကျိုးဆောင်မှုနည်းနည်းလေးပါ...စီနီယာရဲ့လက်ဆောင်ကို လက်မခံဝံ့ပါဘူး"
ကျန်းဟုန်က သူ၏လက်ကိုဝှေ့ယမ်းကာ အပြုံးနှင့်ပြောဆိုသည်။
"ကျွန်တော်က တော်ဝင်မြို့တော်ကကျန်းမိသားစုဝင်တစ်ယောက်ပါ...ပင်လယ်ရေမျက်နှာပြင်ပေါ်က စီနီယာရဲ့ကြီးကျယ်ခမ်းနားတဲ့ တိုက်ခိုက်မှုကို ကျွန်တော် မြင်တွေ့ခဲ့ရတယ်...ကျွန်တော်က စီနီယာနဲ့မိတ်ဆွေဖြစ်ချင်ပါတယ်"
"မင်းက အမတ်ကြီးကျန်းရဲ့မိသားစုဝင်လား"
လုယွီက မေးမြန်းသည်။
ကျန်းဟုန်က ခေါင်းညိတ်ပြလိုက်၏။
"အမှန်ပါပဲ"
ကျန်းမိသားစုသည် တော်ဝင်မြို့တော်၏ထိပ်တန်းမိသားစုကြီးရှစ်စုအနက်မှ တစ်စုဖြစ်သည့်အပြင် စာပေသူတော်စင်မိသားစုတစ်စုလည်းဖြစ်သည်။
ကျန်းမိသားစု၏ဘိုးဘေးနာမည်မှာ ကျန်းဟောင်ပင်။သူသည် ကျန်းမိသားစု၏ပထမဆုံးမျိုးဆက်ဖြစ်ပြီး တော်ဝင်နန်းတွင်း၏အမတ်ကြီးဘွဲ့ထူးကိုချီးမြှင့်ခံထားရသူဖြစ်ပေ၏။ကျန်းဟောင်သည် စာပေအမတ်ကြီးဖြစ်ပြီး စာပေသူတော်စင်ယီဟန် စာပေသူတော်စင်သောက်ရီတို့နှင့်အဆင့်တူသော တတိယအဆင့်အမတ်ကြီးဖြစ်သည်။
ထိုစာပေသူတော်စင်သုံးယောက်အနက် ကျန်းဟောင်တွင်သာ ကိုယ်ပိုင်မိသားစုရှိသည်။ယီဟန်နှင့်သောက်ရီတို့သည် တစ်ကိုယ်တည်းနေထိုင်သူများဖြစ်ပြီး သူတို့နောက်တွင် မည်သည့်မိသားစုမျှရှိမနေချေ။
အတိတ်တွင် အောက်ဘုံအတွင်း၌ လုယွီဆုံတွေ့ခဲ့ဖူးသည့် နန်ရှန်းနယ်စားကျန်းချွယ်သည် ကျန်းဟောင်၏မျိုးဆက်တစ်ယောက်ပင်။
ကျန်းမိသားစုတွင် ဤကဲ့သို့ဘိုးဘေးမျိုးရှိသဖြင့် သူတို့၏အဆင့်အတန်းသည် အလွန်မြင့်မားကာ မိသားစုကြီးရှစ်စုအနက်မှတစ်စုဖြစ်လာသည်။
သို့ရာတွင် ကျန်းဟောင်သည် တတိယအဆင့်အမတ်ကြီးဖြစ်သော်လည်း ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်သည်အထိ တော်ဝင်မြို့တော်သို့ ပြန်လာခဲ့ခြင်းမရှိချေ။သူသည် ပြင်ပလေဟာနယ်ကြယ်မြစ်များအတွင်းရှိ နတ်ဆိုးများကို နှိမ်နင်းနေခဲ့သည်။
ယခုလက်ရှိ ကျန်းမိသားစု၏အနေအထားသည် ကျန်းဟောင်၏နာမည်ကို အသုံးချထားရုံသက်သက်ပင်။အမှန်အားဖြင့် ကျန်းမိသားစု၏ဆုံးဖြတ်ချက်ဟူသမျှသည် ကျန်းဟောင်နှင့် အနည်းငယ်မျှပင် ဆက်စပ်ခြင်းမရှိချေ။
"စီနီယာ...တကယ်လို့ စီနီယာမှာအချိန်ရှိရင် ကျွန်တော်နဲ့အတူ ကျန်းမိသားစုကို လိုက်ခဲ့ပြီးတော့ ခဏလောက်အနားယူပါလား...စီနီယာနဲ့ကျွန်တော်က ပထမဆုံးတွေ့ဆုံချိန်မှာပဲ မိတ်ဆွေဖြစ်သွားမှတော့ ကျွန်တော်က အိမ်ရှင်အနေနဲ့ ဧည့်ဝတ်ပြုပါရစေ"
ကျန်းဟုန်က ရိုသေလေးစားစွာပြောဆိုသည်။
လုယွီက သူ၏လက်ကိုဝှေ့ယမ်းပြလိုက်၏။
"ထားလိုက်တော့...နောက်ရက်တွေကျမှ တွေ့ကြတာပေါ့"
နောက်ထပ်နှစ်ရက်အကြာတွင် တော်ဝင်မြို့တော်သို့ ရှဖုန်း ပြန်လည်ရောက်ရှိလာပေမည်။ထို့ကြောင့် လုယွီထံတွင် မဖြစ်မနေလုပ်ဆောင်ရမည့် အရေးကြီးကိစ္စများရှိနေသည်။
ကျန်းဟုန်၏အကြံအစည်ကို လုယွီက ရှင်းရှင်းလင်းလင်း သိရှိထားပြီးဖြစ်သည်။သူသည် ပင်လယ်ရေမျက်နှာပြင်အထက်မှ လုယွီ၏တိုက်ပွဲကို မြင်တွေ့ခဲ့ရသည်။ထို့ကြောင့် လုယွီ၏အကူအညီကိုယူ၍ သူ၏အိမ်တော်မှ သူ့အတွက်အနှောက်အယှက်ဖြစ်စေသူများကို ရှင်းထုတ်လိုခြင်းဖြစ်ပေ၏။
ပင်လယ်ပြင်မှနေ၍ သူ့အား သင်္ဘောဖြင့် တင်ဆောင်လာရုံမျှဖြင့် သူ ကျန်းဟုန်ကိုကူညီပေးရန် မလုံလောက်ချေ။
လုယွီ၏ထွက်ခွာသွားသော နောက်ကျောပြင်ကိုကြည့်ပြီး ကျန်းဟုန်က မျက်မှောင်ကြုတ်လိုက်သည်။
"တော်ဝင်မြို့တော်မှာ ဒီလိုမျိုးအစွမ်းထက်တဲ့ လူငယ်ကျင့်ကြံသူမျိုးရှိတယ်ဆိုတာ အရင်က ငါ တစ်ခါမှမကြားဖူးဘူး"
"သခင်လေး...နောက်ကျမှ ကျွန်တော် သူ့အကြောင်းကိုစုံစမ်းဖို့ တစ်ယောက်ယောက်လွှတ်လိုက်မယ်....ဒါပေမယ့် အခု ကျွန်တော်တို့က ဒီနေရာမှာဆက်ပြီး စောင့်နေအုံးမှာလား"
ဦးလေးဖူက မေးမြန်းသည်။
ကျန်းဟုန်က သရော်တော်တော်လေသံဖြင့် ပြောဆိုသည်။
"အဲ့ဒီလူအိုကြီးတွေက လူလွှတ်ပြီးတောင် ငါ့ကိုမကြိုဆိုခိုင်းမှတော့ ငါကလည်း အဲ့ဒီနေရာကိုပြန်သွားပြီးတော့ သူတို့ကိုမကြည့်ချင်ဘူး...မိုးကောင်းကင်တာအိုတည်းခိုဆောင်ကိုသွားမယ်...ငါက အဲ့ဒီနေရာမှာ ရက်နည်းနည်းလောက် နေအုံးမယ်"
Thank For Reading.