← Chapters

အခန်း (၂၇၄၆-၂၇၅၀)

Vol. 141 Ch. 2746-2750

အခန်း (၂၇၄၆-၂၇၅၀)

Vol. 141 Ch. 2746-2750

Chapter 2746

တော်ဝင်မြို့တော်...ရှားဟိုအိမ်တော်...

ရှားဟိုလီသည် အမတ်ကြီးဘွဲ့ထူးကို ခန့်အပ်ခြင်းခံရပြီးနောက် ရှားဟိုအိမ်တော်၏အကျယ်အဝန်း ထပ်မံ၍ကြီးမားကျယ်ပြန့်လာကာ ယခင်ထက်ပို၍ ကြီးကျယ်ခမ်းနားလာသည်။

တာယွီအင်ပါယာတွင် အမတ်ကြီးပေါင်းတစ်ရာကျော်ရှိသည်။အမတ်ကြီးတစ်ယောက်စီသည် ထူးချွန်သောစစ်ရေးအောင်မြင်မှုနှင့် အံ့အားသင့်ဖွယ်ကောင်းသောစွမ်းအားမျိုးကို ပိုင်ဆိုင်ထားလေ၏။

မူလက ခြောက်ကပ်နေသော ရှားဟိုအိမ်တော်ခြံဝန်းရှေ့၌ ယခုချိန်တွင် လူများအတန်းလိုက်ရှိနေသည်။နေ့စဥ်နေ့တိုင်း ရှားဟိုအိမ်တော်သို့ လူအမြောက်အများ လာရောက်လည်ပတ်ကြသည်။

အဝေးမှကြည့်လျှင် ရှားဟိုအိမ်တော်၏ရှေ့၌ ရထားလုံးအမြောက်အများ ရပ်နားထားသည်ကို တွေ့မြင်ရပေမည်။ဝတ်ကောင်းစားလှဝတ်ဆင်ထားသော လူအမြောက်အများသည် လက်ဆောင်ပဏ္ဍာများကိုကိုင်ဆောင်၍ ရှားဟိုအိမ်တော်အတွင်းသို့ ဝင်ရောက်နေကြ၏။

လုယွီသည် အိမ်တော်တံခါးရှေ့သို့ ရောက်လာကာ အတွင်းသို့တွေ့လိုက်သည်။

"ခဏနေဦး...မင်းကို ဘယ်သူက ဝင်ခွင့်ပြုလို့လဲ...အစေခံတွေက တံခါးငယ်ကပဲဝင်ရမယ်"

အိမ်တော်တံခါးမကြီး၏ပြင်ပတွင် မတ်တတ်ရပ်နေသော အိမ်တော်ထိန်းက ပြောဆိုသည်။

ရှားဟိုအိမ်တော်တံခါးမကြီး၏နံဘေးတွင် တံခါးငယ်တစ်ခုရှိသည်။

ထိုတံခါးငယ်သည် အလွန်အမင်းသေးငယ်ကာ အစေခံများ ဖြတ်သန်းသွားလာရန်အတွက် အထူးသီးသန့်ပုံစံထုတ်ထားခြင်းဖြစ်သည်။အစေခံများသည် ထိုတံခါးမှဖြတ်သန်းရန်အတွက် သူတို့၏ခေါင်းများကိုငုံ၍ ဝင်ရောက်ရပေမည်။

လုယွီသည် သိမ်းငှက်နတ်ဘုရားနှင့် ပြင်းထန်သောတိုက်ပွဲတစ်ခုကို ဆင်နွှဲခဲ့ရသဖြင့် သူ၏အဝတ်အစားများ စုတ်ပြတ်သတ်နေသည်။သူသည် ဝတ်စုံလဲရန် ပျင်းရိငြီးငွေ့နေသဖြင့် သူ့ကိုကြည့်ရသည်မှာ အစေခံတစ်ယောက်နှင့် တူညီနေပေ၏။

လုယွီက ပြောဆိုသည်။

"ငါကို ဖိတ်ကြားထားလို့ စားသောက်ပွဲလာတက်တာ...မင်းတို့ရဲ့မိသားစုခေါင်းဆောင် ဘယ်မှာလဲ"

"ဒီသူတောင်းစားက ဘယ်နေရာကနေ ရောက်လာတာလဲ...မင်း သေချာကြည့်စမ်း...ဒီနေရာက အမတ်ကြီးရှားဟိုလီရဲ့အိမ်တော်...မင်းလို သူတောင်းစားမျိုးတွေ လာတောင်းစားလို့ရတဲ့နေရာမျိုးမဟုတ်ဘူး....မင်းက ငါတို့ရဲ့မိသားစုခေါင်းဆောင်ကိုတောင် ခေါ်ဝံ့တယ်...ဒီနေရာက ချက်ချင်းထွက်သွားစမ်း"

အိမ်တော်ထိန်းက အေးစက်စက်နှာတစ်ချက်မှုတ်ကာ သူ၏လက်ကို ဒေါသတကြီး ဝှေ့ယမ်းလိုက်သည်။

ဤနေရာ၌ရုတ်ရုတ်သဲသဲဖြစ်နေမှုကို ပတ်ဝန်းကျင်ရှိလူများအားလုံး တွေ့မြင်နေရသည်။ရှားဟိုအိမ်တော်၌ ဝင်ထွက်သွားလာနေသူများသည် ချမ်းသာကြွယ်ဝသူများနှင့် အဆင့်အတန်းမြင့်မြတ်သူများဖြစ်သည်။ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူတို့က လှောင်ပြောင်ရယ်မောလိုက်ကြ၏။

"ဒီသူတောင်းစားက ဘယ်နေရာက ရောက်လာတာလဲ...သူက အိမ်တော်ရှေ့ကိုတောင်လာပြီး ဟောင်ဖွာဟောင်ဖွာ လုပ်နေဝံ့တယ်"

"ဟား ဟား ဟား...ဒီရက်အနည်းငယ်အတွင်းမှာ ရှားဟိုအိမ်တော်ကို လက်ဆောင်လာပေးတဲ့သူတွေက အကုန်လုံးအဆင့်အတန်းမြင့်တဲ့သူတွေချည်းပဲ...ဒီသူတောင်းစားက ငါတို့လိုလူတွေရဲ့ စိတ်အာရုံကို ဆွဲဆောင်နိုင်ဖို့အတွက် သူ စိတ်တောင်မကူးဝံ့တဲ့ ကိစ္စမျိုးကိုလုပ်ဖို့ ရည်ရွယ်ထားတာပဲဖြစ်မယ်"

"ဒီလိုကောင်တွေက ရွှံနွံထဲက တီကောင်တွေလိုပဲ...ဒီလိုလူစားမျိုးတွေ တော်ဝင်မြို့တော်မှာ အများကြီးရှိတယ်"

ပတ်ဝန်းကျင်ရှိလူများက အထိန်းအကွပ်မဲ့စွာဖြင့် လုယွီကို လှောင်ပြောင်သရော်နေကြသည်။

လုယွီက မျက်မှောင်ကြုတ်လိုက်၏။

"မင်းတို့က ငါ့ရဲ့အဆင့်အတန်းကိုတောင် အတည်မပြုရသေးဘဲ လှောင်ပြောင်နေကြတယ်...ငါက မင်းတို့ပြောတဲ့သူတောင်းစားဆိုတာ မင်းတို့သေချာလား"

ထိုစကားဆုံးသည်နှင့် လုယွီက သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ရာ ရွှေရောင်သိမ်းငှက်နှစ်ကောင် အမှတ်အသားပါသော အနီရောင်ဖိတ်ကြားလွှာတစ်စောင်က အိမ်တော်ထိန်းထံသို့ ပျံဝဲသွားသည်။

ဤဖိတ်ကြားလွှာကို အလွန်ခမ်းနားထည်ဝါစွာပြုလုပ်ထားကာ ထိုအရာပေါ်တွင် အသုံးပြုထားသော ပစ္စည်းများမှာ အလွန်အဖိုးတန်သည်။ထိုအရာကို အလွန်အရေးပါသော ဧည့်သည်တော်များကို ဖိတ်ကြားရာတွင်သာ အသုံးပြုသည်။

သို့ရာတွင် မမျှော်လင့်ဘဲ အိမ်တော်ထိန်းသည် ထိုဖိတ်ကြားလွှာကို ကြည့်ရှုခြင်းပင်မပြုဘဲ ဆုတ်ဖြဲလိုက်၏။

"တကယ်လို့ မင်းက အထဲကိုဝင်ပြီးတော့ အရေးကြီးပုဂ္ဂိုလ်တွေကို တွေ့ချင်တယ်ဆိုရင်...မင်း အင်မော်တယ်ကျောက်တုံးတစ်သန်းပေးရမယ်...မင်း ငါ့ကို အဲ့ဒီအင်မော်တယ်ကျောက်တုံးတွေပေးတာနဲ့...ငါ မင်းကို ဝင်ခွင့်ပြုမယ်...ဘယ်လိုသဘောရလဲ"

အိမ်တော်ထိန်းက သရော်တော်တော် ပြောဆိုသည်။

ပတ်ဝန်းကျင်ရှိလူများကလည်း ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ကြသည်။

သူတောင်းစားတစ်ယောက်သည် မည်သည့်နည်းဖြင့် အင်မော်တယ်ကျောက်တုံးများ ထုတ်ပေးနိုင်မည်နည်း။

လုယွီ၏စိတ်နှလုံးသား လေးလံသွားသည်။သူသည် သူတော်စင်တစ်ယောက်မဟုတ်သဖြင့် အိမ်တော်ထိန်းတစ်ယောက်၏အနိုင်ကျင့်အရှက်ခွဲမှုကို သည်းခံရန် အကြောင်းမရှိချေ။

"အမတ်ကြီးရှားဟို...မိတ်ဆွေဟောင်းတစ်ယောက် အလည်အပတ်လာတာကို အမတ်ကြီးက ထွက်ပြီးမကြိုဆိုတော့ဘူးလား"

လုယွီက သူ၏ခေါင်းကိုမော့၍ အော်ဟစ်လိုက်သည်။

သူ၏အသံသည် လေထုအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့သွားကာ ရှားဟိုအိမ်တော်၏နေရာအနှံ့အပြားသို့ ကျရောက်သွားသည်။

လူတိုင်း ကြက်သေသေသွားကြ၏။

ဤကောင်စုတ်လေးသည် အသက်ဆက်၍ မရှင်ချင်တော့သလော....

အကယ်၍ သူသည် တံခါးမကြီးရှေ့၌ ပြဿနာလာရှာပါက မောင်းထုတ်ခံရရုံအပြင်မပိုချေ။သို့ရာတွင် သူသည် မည်သည့်သတ္တိမျိုးဖြင့် အမတ်ကြီးရှားဟိုကို သူ့အားလာရောက်ကြိုဆိုရန် ​အော်ဟစ်ပြောဆိုဝံ့သနည်း။

ဤသည်က အမတ်ကြီးရှားဟိုလီကို အနှောက်အယှက်ပေးခြင်းဟု ယူဆနိုင်သည်။

ရှားဟိုအိမ်တော်သို့ ဝင်ရောက်နိုင်ခဲ့သော လူတချို့ပင်လျှင် အမတ်ကြီးရှားဟိုလီနှင့်တွေ့ဆုံခွင့်ရရန် မဆင်မခြင်တောင်းဆိုဝံ့ခြင်းမရှိဘဲ သူတို့၏လက်ဆောင်များကို ပေးအပ်ကာ ပြန်လည်ထွက်ခွာသွားကြရသည်။

"ကောင်လေး...မင်း သေချင်နေတာလား"

အိမ်တော်ထိန်းသည် ဆွေ့ဆွေ့ခုန်နေကာ ဒေါသတကြီးအမူအယာဖြင့် လုယွီကို စူးစိုက်၍ကြည့်နေလေ၏။

ရွှပ်....ရွှပ်...

အစောင့်တစ်စုသည် သူတို့၏ဓားများကို ဆွဲထုတ်ကာ လုယွီကို ချိန်ရွယ်လိုက်ကြသည်။

"သူ့ကို ဖမ်းဆီးပြီး သတ်လိုက်ကြစမ်း"

အိမ်တော်ထိန်းက အံ့တင်းတင်းကြိတ်ကာ ဒေါသတကြီး အမိန့်ပေးလိုက်သည်။

Chapter 2747

ဘုန်း...

ထိုအချိန်မှာပင် ရှားဟိုအိမ်တော်၏တံခါးမကြီး ရုတ်တရက်ပွင့်သွားသည်။

ပိုးထည်ပန်းထိုးဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းကြီးတစ်ယောက်က အတွင်းမှထွက်လာလေ၏။သူ့ထံတွင် တည်ကြည်လေးနက်သော ပုံပန်းသွင်ပြင်မျိုးရှိနေကာ အခွင့်အာဏာကြီးမားသူတစ်ယောက်၏အရှိန်အဝါမျိုးလည်းရှိနေသည်။

ဤနေရာသို့ရောက်ရှိလာသူမှာ အမတ်ကြီးရှားဟိုလီပင်။

"အမတ်ကြီးရှားဟိုကို အရိုအသေပြုပါတယ်"

ရှားဟိုလီထွက်လာသည်ကို မြင်တွေ့ချိန်တွင် ပတ်ဝန်းကျင်ရှိလူများက အရိုအသေပြုလိုက်ကြ၏။

ရှားဟိုလီထွက်လာသော အချိန်အခိုက်အတန့်တွင် အိမ်တော်ထိန်းက ပျာပျာသလဲကြိုဆိုနှုတ်ဆက်ကာ ပြောဆိုသည်။

"သခင်ကြီး...ဒီကိစ္စလောက်နဲ့ အရှင်ကိုယ်တိုင်ကိုယ်ကျ ထွက်လာစရာမလိုပါဘူး...ဒီလိုမျိုးပြဿနာရှာတဲ့ကောင်ကို ကျွန်တော် ကိုင်တွယ်နိုင်ပါတယ်...သူ အသက်ရှင်ရက် ပြန်ထွက်မသွားနိုင်စေရဘူးလို့ ကျွန်တော် အာမခံတယ်"

ထိုသို့ပြောဆိုပြီးသည်နှင့် အိမ်တော်ထိန်းက ပတ်ဝန်းကျင်ရှိ အိမ်တော်အစောင့်များဘက်သို့လှည့်ကာ အော်ငေါက်လိုက်သည်။

"မင်းတို့က မတ်တတ်ရပ်ပြီး ဘာလုပ်နေကြတာလဲ...ကောင်းကင်နဲ့မြေပြင်ရဲ့အတိမ်အနက်ကို မသိတဲ့ ဒီကောင်စုတ်လေးကို မြန်မြန်မသတ်ကြသေးဘူးလား"

အစောင့်များသည် ချက်ချင်းဆိုသလိုပင် အသိဝင်လာကြကာ လုယွီထံဦးတည်၍ တဟုန်ထိုးအပြေးသွားကြတော့သည်။

သို့ရာတွင် သူတို့မလှုပ်ရှားရသေးမှာပင် ကျယ်လောင်သောဘန်းခနဲမြည်သံနှင့်အတူ ပြင်းထန်သောအားလှိုင်းတစ်ရပ်ကြောင့် အစောင့်များအားလုံး လွင့်ထွက်သွားသည်။

"ဘယ်ကောင်လှုပ်ရှားဝံ့လဲဆိုတာ ငါ စောင့်ကြည့်နေမယ်"

ရှားဟိုလီက ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်၏။

လူတိုင်း အံ့အားသင့်တုန်လှုပ်သွားက အိမ်တော်ထိန်းသည်လည်း နေရာမှာပင် ကြက်သေသေနေသည်။

"အရှင်...ကျွန်တော်ကို အချိန်နည်းနည်းလောက် ထပ်ပေးပါအုံး...ကျွန်တော်က ဒီကောင်လေးကို ချက်ချင်းအပြတ်ရှင်းလိုက်ပါ့မယ်"

အိမ်တော်ထိန်းက ရှားဟိုလီသည် အလွန်အမင်းဒေါသထွက်နေသဖြင့် ယခုကဲ့သို့ပြုမူခြင်းဖြစ်သည်ဟုတွေးတောကာ ပျာပျာသလဲ ကတိပေးလိုက်သည်။

ဖြောင်း....

မမျှော်လင့်ဘဲ ရှားဟိုလီက အိမ်တော်ထိန်းကို ပါးဖြတ်ရိုက်လိုက်၏။

"မင်းတို့ ကန်းနေတဲ့ကောင်တွေက...ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ရဲ့ဧည့်သည်တော်ကို ဟန့်တားထားဝံ့တာလဲ"

ရှားဟိုလီက ဒေါသတကြီး အော်ငေါက်လေသည်။

ထိုသို့အော်ငေါက်ပြီးသည်နှင့် ရှားဟိုလီက လုယွီဘက်သို့လှည့်ကာ ပြောဆိုသည်။

"ညီလေးလု...နောက်ဆုံးတစ်ကြိမ်တွေ့တုံးက ငါ အချိန်မရတာနဲ့ မင်းနဲ့အတူ မသောက်လိုက်ရဘူး...ဒီတစ်ကြိမ်တော့ မင်းက ငါ့ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီ"

လုယွီက အပြုံးနှင့် ပြောဆိုလိုက်၏။

"အမတ်ကြီးရှားဟိုက အရမ်းယဥ်ကျေးလွန်းနေပြီ"

အိမ်တော်ထိန်းက ကြက်သေသေနေသည်။လုယွီကို အစောပိုင်းက လှောင်ပြောင်သရော်ခဲ့ကြသူများသည်လည်း ဆွံအနေကြသည်။

သူတို့က အမတ်ကြီးရှားဟိုလီသည် သူတို့ရှေ့ရှိ သူတောင်းစားပုံပေါက်နေသောလူငယ်ဖြင့် ရယ်ရယ်မောမော စကားပြောဆိုနေသည်ကို မြင်တွေ့နေရ၏။

မည်သို့ ဖြစ်ပျက်သွားသနည်း...

အိမ်တော်ထိန်း၏ခြေထောက်များ ပျော့ခွေသွားသည်။လုယွီသည် အမှန်တကယ်ကိုပင် အမတ်ကြီးရှားဟိုလီနှင့် သိကျွမ်းနေမည်ဟု သူ မျှော်လင့်မထားမိချေ။

ထို့ပြင် အိမ်တော်သခင်ကြီး၏ လူငယ်အပေါ်ပြောဆိုဆက်ဆံမှုအရ သူတို့နှစ်ယောက်သည် အဆင့်အတန်းတူညီသူများဖြစ်ကြောင်း အိမ်တော်ထိန်းက သိရှိသွားသည်။

ရှားဟိုလီနှင့် ပခုံးခြင်းယှဥ်၍ စကားပြောဆိုနိုင်သူမှာ မည်ကဲ့သို့သော လူစားမျိုးဖြစ်သနည်း....

ထိုအကြောင်းကိုတွေးတောမိချိန်တွင် အိမ်တော်ထိန်းသည် သူ၏အမြင်အာရုံများ ဝေဝါးသွားသကဲ့သို့ ခံစားမိသည်။

"လာကြစမ်း....လာဘ်စားဖို့ကလွဲပြီး တခြားဘာမှကောင်းကျိုးမပေးတဲ့ကောင်ကို အိမ်တော်ကနေ မောင်းထုတ်လိုက်ကြစမ်း"

ရှားဟိုလီက အိမ်တော်ထိန်းကို လက်ညှိုးညွှန်၍ ပြောဆိုသည်။

"အမတ်ကြီး...ကျွန်တော်မှားမှန်းသိပါပြီ...ဒီတစ်ကြိမ်တော့ ကျွန်တော်ကို ခွင့်လွှတ်ပေးပါ"

အိမ်တော်ထိန်းက ကြောက်လန့်တကြား အော်ဟစ်တောင်းပန်လေ၏။

အိမ်တော်အစောင့်များသည် ရှားဟိုလီ၏အမိန့်ကိုသာ တသွေမတိမ်းနာခံကြသူများဖြစ်သဖြင့် အိမ်တော်ထိန်းကိုဆွဲမကာ အဝေးသို့မောင်းထုတ်လိုက်တော့သည်။

အမတ်ကြီးအိမ်တော်၏ကာကွယ်ပေးမှုမရှိတော့သဖြင့် အိမ်တော်ထိန်းသည် အရာရာတိုင်းကို ဆုံးရှုံးသွားကာ သာမာန်ကျင့်ကြံသူတစ်ယောက်အဖြစ်သို့ ရောက်ရှိသွားလေပြီ။

တော်ဝင်မြို့တော်အတွင်း၌ အဆင့်အတန်းမြင့်မားသောအမတ်ကြီးတစ်ယောက်၏အိမ်တော်တွင် အိမ်တော်ထိန်းတစ်ယောက်အဖြစ်လုပ်ဆောင်ခဲ့သော သူ့အနေဖြင့် သာမာန်ကျင့်ကြံသူတစ်ယောက်အဖြစ် အသက်ဆက်လက်ရှင်သန်နိုင်မည်မှာ အလွန်အမင်း ခက်ခဲပေမည်။

ရှားဟိုလီက တခြားလူများကိုလည်း အေးစက်စက်အကြည့်ဖြင့် ဝေ့ဝိုက်ကြည့်ကာ ပြောဆိုသည်။

"မင်းတို့ကောင်တွေအားလုံး...ကိုယ့်ပစ္စည်းကိုယ်ပြန်ယူပြီးတော့ ချက်ချင်းထွက်သွားကြစမ်း"

အစောပိုင်းက လုယွီကို လှောင်ပြောင်သရော်ခဲ့ကြသော လူများအားလုံး၏မျက်နှာများပေါ်တွင် စိတ်ဓာတ်ကျဆင်းပြီး ခါးသည်းသောအမူအယာမျိုး ထင်ဟပ်နေသည်။

သူတို့သည် လုယွီကို လှောင်ပြောင်သရော်ခဲ့ကြသည်မှာ ရှားဟိုလီကို အပြစ်ပြုမိသကဲ့သို့ ဖြစ်သွားမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိချေ။

အကယ်၍ တစ်စုံတစ်ယောက်သည် အစောပိုင်းကကိစ္စတွင် လုယွီအတွက် ဝင်ရောက်ပြောဆိုပေးမိပါက အကယ်၍ သူတို့သည် ရှားဟိုလီနှင့် မိတ်ဆွေမဖြစ်နိုင်လျှင်ပင် ဆက်ဆံရေးကောင်းတစ်ခုကို တည်ဆောက်နိုင်ပေမည်။

သို့ရာတွင် ယခုလက်ရှိချိန်မှ နောင်တရရှိခြင်းသည် အလွန်နောက်ကျသွားလေပြီ။

ရှားဟိုလီသည် လုယွီကို အိမ်တော်အတွင်းသို့ ခေါ်ဆောင်သွားလေ၏။လုယွီ၏စုတ်ပြတ်သတ်နေသောဝတ်စုံကိုကြည့်ပြီးနောက် ရှားဟိုလီက ကူကယ်ရာမဲ့သွားကာ သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းသည်။

"လုယွီ...မင်း ဘာတွေဖြစ်လာတာလဲ"

"ဒီနေရာကို ငါ ရောက်မလာခင်မှာ...တစ်ယောက်ယောက်ကို သတ်ခဲ့တယ်"

လုယွီက သာမာန်ကာလျှံကာ ပြောဆိုသည်။

ရှားဟိုလီ၏မျက်ခုံး မြင့်တက်သွားသည်။သူသည် လုယွီ၏အရည်အချင်းကို ကောင်းစွာသိရှိပေ၏။ယခင်ကတည်းက လုယွီသည် ရွှယ်အင်မော်တယ်တစ်ယောက်နှင့် အဆင့်တူသော ရှုရာဧကရာဇ်တစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့သည်။ထို့ကြောင့် ယခုလက်ရှိချိန်၌ လုယွီ၏ခွန်အားကို သူ လျှော့တွက်၍မရချေ။

Chapter 2748

လုယွီကို ဤကဲ့သို့အဆင့်ထိရောက်အောင် ဖိအားပေးတိုက်ခိုက်နိုင်သူသည် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်မည်မှာ သိသာထင်ရှားလှ၏။

အစေခံတစ်ယောက်၏လမ်းပြမှုအောက်တွင် လုယွီသည် သူ၏ဒဏ်ရာများကို ဆေးကြောသန့်စင်၍ သန့်ရှင်းသောဝတ်စုံတစ်စုံကို ပြောင်းလဲဝတ်ဆင်လိုက်သည်။ထို့နောက် သူက ပင်မခန်းမသို့ ရောက်ရှိလာခဲ့ပေ၏။

ပင်မခန်းမအတွင်းရှိ စားပွဲပေါ်၌ စားကောင်းသောက်ဖွယ်အမျိုးမျိုးကို တည်ခင်းထားသည်။

လုယွီသည် ကိန်းကြီးခမ်းကြီး လုပ်မနေတော့ချေ။သူသည် ပြင်းထန်သောတိုက်ပွဲတစ်ပွဲကို ဆင်နွှဲခဲ့ရသဖြင့် သူ၏ခန္ဓာကိုယ်အလွန်အမင်း အားနည်းနေကာ အစာအာဟာရဖြည့်တင်းရန် လိုအပ်နေသည်။

ဝိုင်ခွက်ချင်းတိုက်၍ စားသောက်ပွဲအစပြုသည်နှင့် လုယွီက စတင်၍စားသောက်တော့သည်။

စိတ်ဝိညာဥ်စွမ်းအင်များပါဝင်သော အစားအစာများသည် သူ၏အစာအိမ်အတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် ချက်ချင်းဆိုသလိုပင် အပူစီးကြောင်းတစ်ရပ်အဖြစ်သို့ ပြောင်းလဲသွားကာ သူ၏မရီးဒါန်းများအတွင်း၌ လှည့်ပတ်နေလေ၏။

ပြင်းထန်သော ဆေးစွမ်းအားများနှင့် နှိုင်းယှဥ်ပါက ဤကဲ့သို့အာဟာရဖြည့်တင်းမှုမျိုးသည် ယခုလက်ရှိ သူ၏ခန္ဓာကိုယ်အခြေအနေအတွက် ပို၍အကျိုးသက်ရောက်မှုရှိနိုင်သည်။

"ကောလဟာလတွေအရတော့...မင်းရထားတဲ့ ဧကရာဇ်အဆင့်မှော်ရတနာကို လုယူဖို့အတွက် အရင်တုန်းက မင်းနောက်ကို လူအများကြီး အမဲလိုက်နေကြတယ်လို့ ငါ ကြားထားတယ်...ဒီတစ်ကြိမ်ရော အတူတူပဲလား"

ရှားဟိုလီက မေးမြန်းသည်။

လုယွီက ခေါင်းညိတ်ပြလိုက်၏။

"အမှန်ပဲ...ဧကရာဇ်အဆင့်မှော်လက်နက်က အခုချိန်ထိ ငါ့ရဲ့လက်ထဲမှာပဲရှိသေးတယ်"

ဟူး....

ရှားဟိုလီက အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသည်။

"မင်းက ရှောင်မိသားစုဆီက ဧကရာဇ်အဆင့်မှော်ရတနာကို တကယ်ကြီးယူခဲ့ပုံပဲ...ရှောင်အိမ်တော်မှာ သူတို့ရဲ့ဘိုးဘေး ရှိမနေပေမယ့် အခုလက်ရှိ မိသားစုခေါင်းဆောင်ရဲ့ခွန်အားကလည်း သာမာန်မဟုတ်ဘူး...မင်း ဘယ်လိုလုပ်ပြီး လုယူနိုင်ခဲ့တာလဲ"

"ဒါက ပြောရရင် အရှည်ကြီးပဲ"

လုယွီက ခေါင်းခါယမ်းကာ သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။

ရှောင်အိမ်တော်သည် အမှန်တကယ်ကိုပင် တော်ဝင်မြို့တော်၏ထိပ်တန်းမိသားစုကြီးရှစ်စုအနက်မှတစ်စုဖြစ်ရန် ထိုက်တန်သည်။သူသည် ဤနေရာ၌ သေဆုံးသွားလုနီးပါးပင်။

သို့ရာတွင် ကံကောင်းထောက်မစွာဖြင့် ခွေးဝါကြီး၏အကူအညီကြောင့် လုယွီ ထွက်ပြေးလွတ်မြောက်ခဲ့ရသည်။

ရှောင်မိသားစုသည် လုယွီကို ပြဿနာအကြီးအကျယ် ဆက်၍မရှာဝံ့ခြင်းမှာ ခွေးဝါကြီးကြောင့်ပင်။တစ်စုံတစ်ယောက်သည် မဟာတာအိုကို အောင်မြင်ပြီးမြောက်ချိန်၌ သူ၏မိသားစုဝင်များလည်း တက်လှမ်းနိုင်သည်။ခွေးဝါကြီးသည် သူတော်စင်ယီဟန်နှင့်အတူ တက်လှမ်းလာသူဖြစ်သဖြင့် သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် အလွန်အမင်းနက်နဲသိမ်မွေ့ပေ၏။

ရှားဟိုလီ၏မျက်လုံးများ တောက်ပသွားသည်။

"အဲ့ဒါကို ငါ တစ်ချက်ကြည့်လို့ရမလား"

"ဘာလို့ မရရမှာလဲ"

လုယွီက သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ကို ချက်ချင်းထုတ်ပေးလိုက်သည်။

ယခုချိန်တွင် လုယွီထံ၌ သူကိုယ်သူကာကွယ်နိုင်သော စွမ်းရည်မျိုးရှိနေပြီဖြစ်သဖြင့် တခြားသူများ သူ့အား တိုက်ခိုက်မည်ကို စိုးရိမ်ပူပန်ရန် မလိုတော့ချေ။

ထို့ပြင် သူ သိမ်းငှက်နက်နတ်ဘုရားကို သတ်လိုက်သောသတင်းသည် အလျှင်အမြန်ပျံ့နှံ့သွားမည်ဟု လုယွီက ယုံကြည်ထားသည်။ထိုအချိန်ကျပါက သူ့အားတိုက်ခိုက်လိုသော မည်သူမဆို နှစ်ကြိမ်ပြန်၍ စဥ်းစားရပေမည်။

ဟူး...ဟူး...

သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင် ထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် ခန်းမအတွင်းရှိလေထုသည် ချက်ချင်းဆိုသလိုပင် မှုံမှိုင်းပြီး အေးစက်သွားပေ၏။

ဤသည်က အတိတ်တွင် သေခြင်းနှင့်ရှင်ခြင်းကို ထိန်းချုပ်နိုင်ပြီး ရှေးဟောင်းငရဲနယ်မြေ၏ ပြန်လည်ဝင်စားခြင်းသံသရာစက်ဝန်း ဥပဒေသကို သယ်ဆောင်ထားသော ဧကရာဇ်အဆင့်မှော်လက်နက်ပင်။ဤမှော်လက်နက်သည် နှစ်ထောင်သောင်းချီ၍ တိတ်ဆိတ်ငြိမ်သက်နေခဲ့သော်လည်း ရှေးဟောင်းခေတ်ကာလ၏ အံ့အားသင့်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှင့်နိုင်ဆဲဖြစ်သည်။

"ဒါက ဧကရာဇ်အဆင့်မှော်လက်နက်လို့ခေါ်ဆိုဖို့ ထိုက်တန်ပါပေတယ်...တကယ့်ကို တခြားမှော်လက်နက်တွေနဲ့ ကွဲပြားနေတာပဲ"

ရှားဟိုလီက စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

သာမာန်ကျင့်ကြံသူများသည် ဤကဲ့သို့ဧကရာဇ်အဆင့်မှော်လက်နက်မျိုးကို ထိတွေ့နိုင်ရန်မှာ မလွယ်ကူချေ။ထိပ်တန်းမိသားစုကြီးများပင်လျှင် သူတို့၏မိသားစုဝင်များကို ဧကရာဇ်အဆင့်မှော်လက်နက်ကို ထုတ်ဖော်ပြသချိန်၌ ခုခံကာကွယ်မှုများကို တင်းတင်းကြပ်ကြပ် ပြုလုပ်ထားသည်။

သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်သည် ထွက်ပေါ်လာသည်နှင့် စားပွဲပေါ်ရှိ စားကောင်းသောက်ဖွယ်များကို မြင်တွေ့ချိန်တွင် သူ၏မျက်လုံးများ တောက်ပသွားသည်။

သူသည် သစ္စာရှိစွာဖြင့် ဝံပုလွေပေါက်လေးကိုပါ ခေါ်ထုတ်လိုက်၏။ထို့နောက် ကလေးတစ်ယောက်နှင့်ဝံပုလွေပေါက်လေးတစ်ကောင်တို့သည် သူတို့၏အစာအိမ်များ ပြည့်တင်းကားနေသည်အထိ အငမ်းမရ စားသောက်ကြတော့သည်။

"ခရမ်းလျှပ်စီးဝံပုလွေလား...ဒီဝံပုလွေပေါက်လေးရဲ့အရည်အချင်းက မဆိုးဘူး...သူ့ရဲ့မျက်ခုံးနှစ်ခုကြားက ခရမ်းရောင်သလင်းကျောက်ကိုကြည့်ရင် သူက မြင့်မားတဲ့အဆင့်ကိုရောက်မှာ သေချာတယ်...တကယ်လို့ သူ့ကို သေချာပြုစုပျိုးထောင်မယ်ဆိုရင် သူက နောင်တစ်ချိန်မှာ နတ်ဆိုးသားရဲဧကရာဇ်အဆင့်ကိုရောက်မှာ သေချာပေါက်ပဲ"

ရှားဟိုလီက အံ့အားသင့်စွာဖြင့် ပြောဆိုသည်။

"ဒါက မတော်တဆ ရခဲ့တာပါ"

လုယွီက ဝံပုလွေပေါက်လေး၏ခေါင်းကို ပုတ်လိုက်၏။

ရှားဟိုလီက ရုတ်တရက် မေးမြန်းသည်။

"မင်းက တော်ဝင်စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုမလို့လား...မင်းရဲ့အရည်အချင်းနဲ့ဆိုရင် တော်ဝင်စာမေးပွဲမှာ နည်းနည်းလေးတောင် အခက်အခဲရှိမှာမဟုတ်ဘူး...ကံဆိုးချင်တော့ ဒီတစ်ကြိမ်တော်ဝင်စာမေးပွဲက ကောင်းတဲ့ကိစ္စတစ်ခုမဟုတ်ဘူး"

လုယွီက စိတ်လှုပ်ရှားသွားသည်။

"မင်း ဘာကိုဆိုလိုချင်တာလဲ"

"ဗိုလ်ချုပ်အများစုက အခုချိန်မှာ ရှေ့တန်းကိုစေလွှတ်ခံရတယ်...ဒါပေမယ့် ရှေ့တန်းစစ်မျက်နှာစာက အသူရာကြေးချွတ်သန့်စင်ဘုံလိုပဲ နေ့တိုင်း လူတွေအများကြီး သေဆုံးနေကြတယ်...တကယ်လို့ မင်းကိုသာ အဲ့ဒီနေရာကိုစေလွှတ်ခံရရင် မင်းက အမြှောက်စာဖြစ်သွားမှာပဲ"

"သီကျန်း ဘယ်လိုသေသွားလဲဆိုတာ မင်း သိလား...သူက နယ်မြေသခင်ငါးယောက်ရဲ့ ဝိုင်းဝန်းတိုက်ခိုက်တာကိုခံရလို့ သေဆုံးသွားတယ်လို့ တော်ဝင်နန်းတွင်းက သတင်းထုတ်ပြန်ကြေငြာခဲ့ပေမယ့်...အမှန်တော့ တခြားနယ်မြေသခင်လေးယောက်က ဘေးကနေပဲ စောင့်ကြည့်နေကြတာ...သူက တစ်ယောက်ချင်းတိုက်ပွဲမှာ အသတ်ခံလိုက်ရတာပဲ"

Chapter 2749

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။ဤကဲ့သို့ရလဒ်မျိုးရှိနေမည်ဟု သူ မျှော်လင့်မထားမိချေ။

သီကျန်းသည် တော်ဝင်စစ်ရေးဌာန၏အမတ်ကြီးဖြစ်လာခြင်းမှာ သူ၏စစ်ရေးအောင်မြင်မှုများ ကြောင့်သာမက သူ၏ကိုယ်ပိုင်ခွန်အားသန်မာမှုကြောင့်လည်းဖြစ်သည်။

ဤကဲ့သို့အစွမ်းထက်ကျင့်ကြံသူတစ်ယောက်သည် နယ်မြေသခင်များအကြားတွင်ပင် ပြိုင်ဘက်ကင်းတည်ရှိမှုကြီးဟု ဆိုနိုင်သည်။

အကယ်၍ သူ့အား ဝိုင်းရံတိုက်ခိုက်ခံရသဖြင့် သူ သေဆုံးခဲ့ရသည်ဆိုပါက အနည်းငယ်အဓိပ္ပါယ်ရှိသည်။သို့ရာတွင် တစ်ဦးချင်းတိုက်ပွဲ၍ သူ သေဆုံးခဲ့ရသည်ဆိုသည်မှာ အနည်းငယ်စိတ်ဝင်စားစရာပင်။

"သီကျန်းနဲ့တိုက်ခိုက်ခဲ့တဲ့သူက ထန်အင်ပါယာရဲ့ ပိုင်ချီစစ်တပ်က ခေါင်းဆောင်တပ်မှူးပဲ...ပိုင်ချီစစ်တပ်ဆိုတာက ဧကရာဇ်ရဲ့သီးသန့်စစ်သားတွေနဲ့ဖွဲ့စည်းထားတဲ့ စစ်တပ်...ဒါက ငါတို့တာယွီအင်ပါယာရဲ့နဂါးအစောင့်တပ်နဲ့ တူညီတယ်...အဲ့ဒီစစ်တပ်ကလူတွေက ရှေ့တန်းမှာရှိတဲ့ ငါတို့ရဲ့အဆင့်မြင့်စစ်ဗိုလ်ချုပ်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတယ်...ပြီးတော့ သူတို့ရဲ့လက်ထဲမှာ လူအမြောက်အများ သေဆုံးသွားကြရတယ်"

ရှားဟိုလီက ဆက်လက်ပြောဆိုသည်။

"ရှေ့တန်းက အခုချိန်မှာ အရမ်းတင်းမာတဲ့အခြေအနေမျိုးကို ရောက်နေတယ်...တကယ့်လို့ မင်းက အဆင့်မြင့်ကျောင်းတော်သားတစ်ယောက် ဖြစ်လာရင်တောင် ရှေ့တန်းကိုမဖြစ်မနေသွားရမှာပဲ"

လုယွီက နောက်ထပ်ဝိုင်တစ်ခွက်ငှဲ့ကာ ပြောဆိုလိုက်၏။

"တကယ်လို့ တစ်ယောက်ယောက်က မြင့်မားတဲ့စစ်ရေးအောင်မြင်မှုကို လိုချင်တယ်ဆိုရင် သူက အဆက်မပြတ်တိုက်ခိုက်နေဖို့လိုအပ်တယ်...တကယ်လို့ သူက သေမှာကိုကြောက်တယ်ဆိုရင် စကတည်းက မကျင့်ကြံခဲ့သင့်ဘူး"

ရှားဟိုလီက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

"ဟား ဟား ဟား...မင်း ဒီလိုပဲပြောမယ်ဆိုတာ ငါ သိတယ်...တကယ်လို့ လူတိုင်းသာ မင်းလိုဆိုရင် ဒီစစ်ပွဲမှာ ငါတို့အင်ပါယာ ဘယ်လိုလုပ်ပြီးရှုံးနိမ့်မှာလဲ"

ရှားဟိုလီက ရုတ်တရက် ပြင်ပသို့လက်ညှိုးညွှန်ကာ ပြောဆိုသည်။

"အပြင်မှာရှိတဲ့လူတွေ ငါ့ကို လက်ဆောင်ပဏ္ဍာတွေ လာပေးနေကြတဲ့အကြောင်းအရင်းက....ငါက သူတို့ရဲ့မိသားစုဝင်တွေကို နောက်တန်းမှာပဲနေခိုင်းပြီးတော့ အန္တရာယ်များတဲ့ရှေ့တန်းစစ်မျက်နှာကို ရှောင်တိမ်းနိုင်ဖို့ပဲ...သူတို့က သူရဲဘောကြောင်တဲ့ ကြွက်တစ်သိုက်ပဲ"

"နွေဦးပွဲတော်ပြီးတာနဲ့ ငါက စစ်တပ်ကိုဦးဆောင်ပြီးတော့ စစ်ချီတက်ရတော့မယ်...ဒီနွေဦးပွဲတော်အတွင်းမှာတော့ မင်းက ငါ့ရဲ့အိမ်တော်မှာပဲနေပြီး နှစ်သစ်ကိုကောင်းကောင်းဖြတ်ကျော်လို့ရတယ်"

လုယွီ၏စိတ်နှလုံးသားအတွင်း၌ နွေးထွေးသွားသကဲ့သို့ ခံစားလိုက်ရသည်။ယခုလက်ရှိချိန်၌ သူ အလိုအပ်ဆုံးအရာမှာ ဘေးကင်းလုံခြုံသောနေရာတစ်ခုပင်။

ရှားဟိုအိမ်တော်၌နေထိုင်သည်မှာ သူ့အတွက် မဆိုးလှသောရွေးချယ်မှုဖြစ်သည်။

"အရင်က အိမ်တော်မှာဖြစ်ခဲ့တဲ့အကြောင်းတွေကို ငါ ကြားပြီးပြီ...ဒါက နားလည်မှုလွဲသွားတာပါ...အခု ငါ့ရဲ့မိန်းမက သူ့ရဲ့ဆွေမျိုးတွေဆီကို အလည်အပတ်သွားတယ်...သူ ပြန်လာတာနဲ့...ငါ သူ့ကို ကိုယ်တိုင်ကိုယ်ကျ မင်းဆီလာပြီး တောင်းပန်ခိုင်းမယ်"

ရှားဟိုလီက ရုတ်တရက် တောင်းပန်လိုသောမျက်နှာအမူအယာဖြင့် ပြောဆိုသည်။

ယခင်က သူ၏ဇနီးသည်ရှားဟိုဝမ်ယန်းသည် လုယွီအား ရှားဟိုအိမ်တော်မှ မောင်းထုတ်ခဲ့သည့်အကြောင်းကို သူ ဆိုလိုခြင်းဖြစ်သည်။

လုယွီက ပြောဆိုလိုက်၏။

"ဒါက ကိစ္စငယ်လေးတစ်ခုပါ...ငါက စိတ်ထဲမထားပါဘူး...အမတ်ကြီးရှားဟိုက ဒီလိုလုပ်ဖို့ မလိုပါဘူး"

လုယွီသည် ရန်ငြိုးနှင့်ကျေးဇူးတရားကို ကွဲကွဲပြားပြား သိနားလည်သူပင်။သို့ရာတွင် ဤသည်က သူ ကိစ္စငယ်လေးတစ်ခုအတွက်နှင့် လက်စားချေမည်ဟု ဆိုလိုခြင်းမဟုတ်ချေ။ဤသည်က နားလည်မှုလွဲမှားခြင်းတစ်ခုဖြစ်ရာ မည်သည်ကြောင့် သူ စိတ်ထဲ၌မှတ်ထားရမည်နည်း။

ရှားဟိုလီက သက်ပြင်းတစ်ချက်ရှိုက်၍ ပြောဆိုသည်။

"မိသားစု ပိုပြီးကြီးထွားလာလေလေ တချို့မိသားစုဝင်တွေက ပိုပြီးမောက်မာလာကြလေလေပဲ....သူတို့က တခြားလူတွေကို အထင်သေးလာကြတယ်...ငါ အဲ့ဒီကိစ္စအတွက် မင်းကို ဖြေရှင်းချက်ကောင်းကောင်းပေးမယ်"

လုယွီသည် ရှားဟိုအိမ်တော်၌ နေထိုင်ခဲ့လေ၏။

ဤတစ်ကြိမ်တွင် ရှားဟိုလီသည် လုယွီအတွက် ခမ်းနားထည်ဝါဆုံးဧည့်ဆောင်ကို ပြင်ဆင်ပေးခဲ့သည်။

ထိုဧည့်ဆောင်၏နံဘေးပတ်လည်တွင် စိတ်ဝိညာဥ်စွမ်းအင်များ အလွန်ပေါကြွယ်ဝသည်။ထိုနေရာ၌ တိတ်ဆိတ်ပြီး တည်ငြိမ်အေးချမ်းကာ မည်သူကမျှ သူ့ကို မနှောက်ယှက်ဝံ့ချေ။

လုယွီသည် ငြင်းဆန်ခြင်းမပြုပေ။သူသည် ယခုလက်ရှိချိန်၌ ဒဏ်ရာရရှိထားသဖြင့် ပြန်လည်ကုသနိုင်ရန်အတွက် ဤကဲ့သို့နေရာကောင်းမျိုး လိုအပ်သည်။

"ငါ့ရဲ့ခွင့်ပြုချက်မရှိရင်...ဒီနေရာကို ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုနဲ့"

လုယွီက အစေခံများကို ပြောဆိုလိုက်၏။

ထိုခြံဝန်း၏နံဘေးပတ်လည်တွင် လုယွီက အတားအဆီးတစ်ခုကို ခင်းကျင်းထားသည်။ထို့​ကြောင့် ပြင်ပမှကြည့်ပါက ခြံဝန်းအတွင်းမှလှုပ်ရှားမှုများကို မြင်တွေ့နိုင်မည်မဟုတ်ချေ။

ထိုသို့ပြုလုပ်ပြီးသည်နှင့် လုယွီက ရှားဟိုအိမ်တော်မှထွက်ခွာကာ တော်ဝင်မြို့တော်၏ပြင်ပသို့ သွားလိုက်သည်။

ဖေးထျန်ကွမ်း စေလွှတ်ထားသောသူလျှိုသည် ရှဖုန်း၏တည်နေရာကို လုယွီထံ သတင်းပို့ပြီးဖြစ်သည်။

မည်သူတစ်ဦးတစ်ယောက်ကိုမျှ အသိပေးခြင်းမပြုဘဲ လုယွီသည် တော်ဝင်မြို့တော်၏ပြင်ပသို့ တိတ်တဆိတ် ရောက်ရှိလာလေ၏။

အရိုးများတဖျစ်ဖျစ်တဖြောက်ဖြောက်မြည်သံ အဆက်မပြတ်ထွက်ပေါ်လာခြင်းနှင့်အတူ လုယွီ၏မူလပုံပန်းသွင်ပြင်မှနေ၍ ဆံဖြူအဖိုးအိုတစ်ယောက်ပုံစံသို့ ပြောင်းလဲသွားသည်။

သူ၏ပုံပန်းသွင်ပြင်သာမက သူ၏အသံနှင့်အရှိန်အဝါသည်လည်း သိသိသာသာ ပြောင်းလဲသွားသည်။

သီရှား၏ပုံစံခုနစ်ဆယ့်နှစ်မျိုး ပြောင်းလဲခြင်း....

Chapter 2750

မှောင်မည်းနေသော ကောင်းကင်ယံအတွင်း၌ လေဟာနယ်သင်္ဘောတစ်စင်းက အရှိန်ဖြင့်မောင်းနှင်နေသည်။

ထိုလေဟာနယ်သင်္ဘောနှင့်ပတ်သတ်၍ မည်သည့်ထူးခြားချက်မျိုးမျှ ရှိမနေချေ။အစွန်အဖျားအကျဆုံးရွက်ပေါ်၌ မိသားစုငယ်တစ်ခု၏အမှတ်သင်္ကေတကိုသာ ချိတ်ဆွဲထားသည်။

နေ့စဥ်နေ့တိုင်း ကောင်းကင်ဘုံနယ်မြေအတွင်း၌ မရေမတွက်နိုင်သော လေဟာနယ်သင်္ဘောများ ဖြတ်သန်းသွားလာနေသည်။ဤလေဟာနယ်သင်္ဘောသည် သာမာန်အကျဆုံးအမျိုးအစားပင်။ဤလေဟာနယ်သင်္ဘောနှင့်ပတ်သတ်၍ မည်သည့်ထူးခြားချက်မျှမရှိသဖြင့် အကျိုးအမြတ်နည်းပါးမည်ဖြစ်ရာ လေဟာနယ်ဓားပြများကပင် အာရုံစူးစိုက်ခြင်းမရှိကြချေ။

ထိုလေဟာနယ်သင်္ဘော၏ကုန်းပတ်ပေါ်တွင်လည်း အစောင့်အနည်းငယ်သာရှိသည်။

ထိုအစောင့်များသည် ပင်ပန်းနွမ်းနယ်နေပုံရကာ အချင်းချင်း စကားစမြည်ပြောဆိုနေကြ၏။သူတို့ စောင့်ကြပ်နေကြသည်မှာ အလွန်အမင်း တာဝန်ပေါ့လျော့ပုံရသည်။

တစ်စုံတစ်ယောက်က မည်သို့ပင် ကြည့်ရှုပါစေ ဤသည်က လေဟာနယ်သင်္ဘောငယ်လေးတစ်စီးပင်။

သို့ရာတွင် ဖေးထျန်ကွမ်း၏သတင်းပေးမှုအရ ဤသည်က ရှဖုန်း လျှို့ဝှက်၍ခရီးသွားလာရာ၌ အသုံးပြုသော လေဟာနယ်သင်္ဘောဖြစ်သည်။

တခြားသူများ၏အာရုံစိုက်မှုကို ရှောင်ရှားနိုင်ရန်အတွက် ရှဖုန်းသည် အလွန်အမင်းသိုသိုသိပ်သိပ် လှုပ်ရှားရန် ရွေးချယ်ခဲ့သည်။

လုယွီသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီးနောက် သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ရာ အနက်ရောင်အခိုးအငွေ့များက ထိုလေဟာနယ်သင်္ဘောတစ်စီးလုံးကို လွှမ်းခြုံသွားသည်။

ဘုန်း..

လုယွီက ခြေလှမ်းရှေ့တိုးလိုက်ရာ ထိုလေဟာနယ်သင်္ဘော၏ရှေ့သို့ ရောက်ရှိသွားလေ၏။သူက သင်္ဘော၏ဦးပိုင်းကို ပြင်းပြင်းထန်ထန် ကန်ကျောက်လိုက်သည်။

အစွမ်းထက်သောအားလှိုင်းကြောင့် အရှိန်ဖြင့်သွားနေသော သင်္ဘောဦးပိုင်း ရုတ်တရက် ရပ်တန့်သွားသည်။သင်္ဘောတစ်စီးလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားပေ၏။

"ဘယ်သူက သင်္ဘောကို အကြမ်းဖက်ဝံ့တာလဲ...သေချင်နေတာလား"

မူလက ပျင်းရိငြီးငွေ့နေပုံရသော အစောင့်များသည် ရုတ်တရက် နိုးထလာကာ လုယွီထံသို့ တိုးဝင်လာကြသည်။

သူတို့အားလုံးသည် သူတို့၏အစစ်အမှန်ခွန်အားကို ဖုံးကွယ်ထားခြင်းပင်။သူတို့၏အစစ်အမှန်ခွန်အားကို ဖြန့်ကျက်လိုက်စဥ်တွင် သူတို့သည် လောကီအင်မော်တယ်နယ်ပယ်ကျင့်ကြံသူများ ဖြစ်နေသည်။

လောကီအင်မော်တယ်နယ်ပယ်ကျင့်ကြံသူများသည် စစ်တပ်အတွင်း၌ စစ်ဗိုလ်ချုပ်အဆင့်ဖြင့် တာဝန်ထမ်းဆောင်နိုင်သူများဖြစ်သည်။

သို့ရာတွင် သူတို့သည် ဤနေရာ၌ သာမာန်အစောင့်များကဲ့သို့ ပြုမူနေကြသည်။ဤသည်က သာမာန်မိသားစုငယ်တစ်စု လုပ်ဆောင်နိုင်သည့်အရာမျိုးမဟုတ်ချေ။

"ရှဖုန်း...ငါ ဒီနေ့ ဒီနေရာကိုရောက်လာတာ မင်းကိုသတ်ဖို့ပဲ...ထွက်လာခဲ့စမ်း"

လုယွီက ကုန်းပတ်ပေါ်သို့ ခြေချလိုက်၏။သူ၏ခွန်အားကို ဖြန့်ကျက်လိုက်ချိန်တွင် သူ၏ခြေထောက်အောက်ရှိ သင်္ဘောကုန်းပတ်ပေါ်၌ အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။

နတ်ဘုရားနဂါးဟိန်းသံက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။လုယွီထံတိုးဝင်လာသော လောကီအင်မော်တယ်အစောင့်များသည်မူးဝေသွားကြကာ သူတို့၏ပါးစပ်များမှ သွေးများအန်ထွက်လာပြီး သင်္ဘောကုန်းပတ်ပေါ်သို့လဲကျကာ သတိလစ်မေ့မျောသွားတော့သည်။

လုယွီ ကုန်းပတ်ပေါ်သို့ခုန်တက်လိုက်သော အချိန်အခိုက်အတန့်တွင် အစွမ်းထက်သောအားလှိုင်းတစ်ရပ်က သင်္ဘောတစ်စီးလုံးကို ဖြတ်သန်းတိုက်ခတ်သွားသည်။

ဘုန်း...ဘုန်း....ဘုန်း...

လေဟာနယ်သင်္ဘောပျံ၏အတွင်းမှနေ၍ ကျယ်လောင်သောဆူညံသံများ တစ်ခုပြီးတစ်ခု မြည်ဟီးလာသည်။

သင်္ဘော၏ဦးပိုင်းမှပဲ့ပိုင်းအထိ အကာအကွယ်ဝင်္ကပါများအားလုံး ပျက်စီးသွားကာ ထိုလေဟာနယ်သင်္ဘော၏ပျံသန်းနိုင်မှုစွမ်းအားလည်း ဆုံးရှုံးသွားလေပြီ။

"ဒီသူခိုးကောင်က ဘယ်နေရာက ရောက်လာတာလဲ...မင်းရဲ့နာမည်ကို ပြောစမ်း"

ရှဖုန်း၏မျက်နှာက သုန်မှုန်နေကာ သူက ပျက်စီးသွားသော လေဟာနယ်သင်္ဘောမှနေ၍ ပျံသန်းထွက်လာသည်။

ကြီးကျယ်ခမ်းနားသော အနက်ရောင်ချီလှိုင်းများက ရှဖုန်း၏ခန္ဓာကိုယ်မှ ဖြာထွက်နေသည်။ဤသည်က ရှမိသားစုဝင်များသာ ကျင့်ကြံရသော မှော်နည်းစနစ်၏စွမ်းအားပင်။

ဤကဲ့သို့စွမ်းအားမျိုးကို ရင်ဆိုင်နိုင်ရန်မှာ အလွန်အမင်း ခက်ခဲလှ၏။နောက်ဆုံးတစ်ကြိမ်တွင် လုယွီ မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေသို့ ထွက်ပြေးခဲ့စဥ်အချိန်၌ သူ ဒုက္ခအကြီးအကျယ် ခံစားခဲ့ရသည်။

"မင်းကို သတ်မယ့်သူပဲ"

လူအိုကြီးတစ်ယောက်၏အသံက လုယွီ၏ပါးစပ်မှ ထွက်ပေါ်လာသည်။

သူ၏လက်ရှိပုံပန်းသွင်ပြင်သည် ယခင်နှင့်များစွာကွဲပြားခြားနားနေပေ၏။သူ၏ပုံပန်းသွင်ပြင်ကိုကြည့်၍ သူ လုယွီဟု ပြောဆိုနိုင်ရန်မှာ မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ချေ။

ရှဖုန်းက အေးစက်စက်အပြုံးနှင့် ပြောဆိုသည်။

"စိတ်ဝင်စားစရာပဲ...လူအိုကြီး မင်းကို ဒီနေရာဆီ ဘယ်သူလွှတ်လိုက်တာလဲ...ကိစ္စတော့မရှိပါဘူး...ငါ မင်းကိုဖမ်းဆီးပြီးတာနဲ့ အသေးစိတ်စစ်ဆေးမေးမြန်းလိုက်ရင် မင်းအကြောင်းကို အနှေးနဲ့အမြန်သိရမှာပဲ"

ထိုစကားကိုပြောဆိုနေစဥ်မှာပင် ရှဖုန်းသည် သူ၏ခန္ဓာကိုယ်ကို ထက်ရှသောမြှားတစ်စင်းအသွင်ပြောင်းလဲကာ လုယွီထံဦးတည်၍ တဟုန်ထိုးတိုးဝင်လာသည်။

သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်ရှိ အကန့်အသတ်မရှိသော မှော်စွမ်းအားများမှနေ၍ တလိမ့်လိမ့်ထနေသော ချီစွမ်းအားလှိုင်းများအဖြစ်သို့ ပြောင်းလဲကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

အနက်ရောင်မှော်စွမ်းအားလှိုင်းများသည် ရှဖုန်း၏လက်အတွင်း၌ ဓားရှည်တစ်လက်အဖြစ်သိပ်သည်းသွားကာ လုယွီထံဦးတည်၍ ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလိုက်၏။

ဒေါင်...

မှော်စွမ်းအားများဖြင့်ဖွဲ့စည်းထားသော ဓားရှည်သည် လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားချိန်တွင် သတ္ထုနှင့်ကျောက်တုံး ရိုက်ခတ်မိသည့်အသံမျိုး ထွက်ပေါ်လာသည်။

လုယွီက ထိုဓားရှည်ကိုသူ၏လက်ဖြင့် ဖမ်းဆုပ်ကာ မြဲမြံစွာကိုင်ထားလိုက်သည်။

All Chapters