← Chapters

အခန်း (၂၇၅၁-၂၇၅၅)

Vol. 141 Ch. 2751-2755

အခန်း (၂၇၅၁-၂၇၅၅)

Vol. 141 Ch. 2751-2755

Chapter 2751

ဘာ...

ရှဖုန်းက အံ့အားသင့်တုန်လှုပ်သွားသည်။

သူသည် လုယွီ၏ခွန်အားကိုစမ်းသပ်နိုင်ရန်အတွက် ထိုဓားရှည်အတွင်း၌ သူ၏စွမ်းအားငါးဆယ်ရာခိုင်နှုန်းကို ထည့်သွင်းအသုံးပြုထားသည်။

သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ဤသည်က ရွှယ်အင်မော်တယ်တစ်ယောက်၏တိုက်ခိုက်မှုဖြစ်နေဆဲပင်။ဤသည်က ကိစ္စငယ်လေးတစ်ရပ်မဟုတ်ချေ။ရှဖုန်းက သူ၏လမ်းကြောင်းကို ပိတ်ဆို့ဟန့်တားသူကို ရင်ဆိုင်ရသည်မှာ လွယ်ကူမည်မဟုတ်ဟု ခံစားမိလေ၏။

ကျင့်ကြံဆင့်နယ်ပယ်တူအတွင်း၌ရှိသော ကျင့်ကြံသူများပင်လျှင် သူ၏တိုက်ခိုက်မှုကိုခံယူရန်အတွက် နည်းလမ်းတချို့ကိုအသုံးပြုရန်လိုအပ်သည်။

သို့ရာတွင် လုယွီသည် မည်သည့်နည်းစနစ်ကိုမျှ အသုံးပြုခဲ့ခြင်းမရှိချေ။သူသည် ရုပ်ခန္ဓာကိုယ်ခွန်အားသက်သက်ကို အမှီပြု၍ ထိုတိုက်ခိုက်မှုကို ခံယူခဲ့ခြင်းဖြစ်သည်။

ဤသည်က မည်မျှထိတုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ရုပ်ခန္ဓာကိုယ် အားကောင်းသန်မာမှုဖြစ်သနည်း....

ရှဖုန်းသည် အံ့အားသင့်တုန်လှုပ်နေရာမှ အသိပြန်မဝင်သေးမီမှာပင် လုယွီက သူ၏လက်ကိုဆန့်ထုတ်ကာ ထိုဓားရှည်ကို ဖျက်ဆီးလိုက်၏။

ခရက်....

ရှဖုန်းဖွဲ့စည်းထားသော မှော်စွမ်းအင်ဓားရှည်ကြီး ပါးလွှာသောလေထုအတွင်း၌ ပျောက်ကွယ်သွားလေပြီ။

"လက်ထောက်အမတ်ကြီးရှ...ကြည့်ရတာတော့ မင်းက နည်းနည်းလေးတောင် တိုးတက်လာပုံမရဘူး"

လုယွီ၏မျက်လုံးက အေးစက်တင်းမာနေကာ သူက ရှဖုန်းထံဦးတည်၍ လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။

ခရမ်းရောင်မှော်စွမ်းအားများက ချက်ချင်းဆိုသလိုပင် လေထုအတွင်း၌ထွက်ပေါ်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

လက်သီးတစ်ချက်ဖြင့် ရှဖုန်း၏ခုခံကာကွယ်မှု မှော်နည်းစနစ်များအားလုံး ပျက်စီးသွားလေပြီ။

ဤသည်က ထိုက်ဟွာကျမ်းစာတွင်ပါရှိသော ရှေးဟောင်းအင်မော်တယ်မှော်နည်းစနစ်ဖြစ်သည့် ကျစ်ဝေမဟာဆုတ်ဖြဲခြင်းလက်သီး၏စွမ်းအားပင်။လက်သီးတစ်ချက်စီတိုင်းသည် အလွန်အမင်း အစွမ်းထက်ကာ ကြီးမားသောစွမ်းအားမျိုးပါဝင်သည်။ထိုအရာတွင် မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေ၏ အထက်ကောင်းကင်ယံမှ ခုနစ်စင်ကြယ်၏ကူညီထောက်ပံမှုပါဝင်နေပုံရကာ တစ်ဖက်ရန်သူကို ခုခံရခက်ခဲစေသည်။

"ဒါက ဘယ်လိုမှော်မန္တန်မျိုးလဲ...အရမ်းထူးဆန်းတာပဲ...ဒါနဲ့ မင်းက ဘယ်သူလဲ...ငါနဲ့မင်းအကြားမှာ ဘာရန်ငြိုးရန်စမှလည်းမရှိဘူး...ငါ့ကိုသတ်ဖို့ မင်းကို ဘယ်သူကလွှတ်လိုက်တာလဲ...အဲ့ဒီလူပေးတဲ့အဖိုးအခထက် ငါ မင်းကို ဆယ်ဆပြန်ပေးမယ်"

ရှဖုန်းက တင်းမာခက်ထန်သောလေသံဖြင့် ပြောဆိုလေ၏။

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

"ရှဖုန်း...ဒီနေ့ မင်းကို ဘယ်သူမှ မကယ်နိုင်စေရဘူး....မင်း တခြား ဘာလှည့်ကွက်မှသုံးဖို့ မစဥ်းစားနဲ့"

ဘုန်း...ဘုန်း...ဘုန်း....

လုယွီ၏လက်သီးချက်များ အဆက်မပြတ်ကျရောက်နေမှု၏အောက်တွင် ရှဖုန်းသည် သူ၏ခန္ဓာကိုယ်မှအရိုးများ ကျိုးပဲ့ပျက်စီးလုဆဲဆဲ အခြေအနေသို့ရောက်ရှိနေခြင်းကို သူ ခံစားမိသည်။ရှဖုန်း၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများဖြင့်ပြည့်နှက်နေကာ သွေးများစိုရွှဲနေသည်။

"လူအိုကြီး...ငါ့ကိုတိုက်ခိုက်တာရဲ့အကျိုးဆက်ကို မင်း သိလား....ငါက တော်ဝင်စစ်ရေးဌာနရဲ့လက်ထောက်အမတ်ကြီး...တကယ်လို့ မင်း ငါ့ကိုသတ်ဝံ့ရင် တော်ဝင်နန်းတွင်းက ချက်ချင်းစစ်ဆေးမှာပဲ...အဲ့ဒီအချိန်ကျရင် မင်း ဖမ်းဆီးခံရပြီးတော့ တော်ဝင်အကျဥ်းထောင်မှာ အကျဥ်းချခံရမယ်....မင်းရဲ့တသက်လုံး ဘယ်တော့မှ အပြင်ကို ပြန်ထွက်နိုင်တော့မှာမဟုတ်ဘူး"

ရှဖုန်းသည် သေအံ့မူးမူးအခြေအနေမျိုးဖြင့် ရုန်းကန်နေရလေ၏။

သို့ရာတွင် လုယွီသည် ရှဖုန်းကို အသက်ရှင်သန်နိုင်မည့်အခွင့်အရေးပေးရန် ရည်ရွယ်မထားချေ။

"ဖိနှိပ်ပြီး ဖျက်ဆီးစမ်း"

လုယွီက နောက်ထပ်လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။ပတ်ဝန်းကျင်ရှိကြယ်များပင်လျှင် ထိုလက်သီးအားလှိုင်း၏သက်ရောက်မှုခံရပုံဖြင့် တဖျတ်ဖျတ်တောက်ပသွားသည်။

ဤလက်သီးချက်မှစွမ်းအားသည် လုယွီထုတ်ဖော်အသုံးပြုခဲ့သော လက်သီးချက်များအားလုံးအနက် အပြင်းထန်ဆုံးဖြစ်ပုံရသည်။

ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု မြည်ဟီးသွားလေ၏။ရှဖုန်း၏ခန္ဓာကိုယ်အတွင်းသို့ မရေမတွက်နိုင်သော ခရမ်းရောင်ချီများ နစ်ဝင်နေသည်။သူ၏ခန္ဓာကိုယ်သည် တစတစ ပြိုကွဲနေကာ အမှုန်အမွှားဘဝသို့ ရောက်ရှိသွားလုနီးပါးပင်။

"မိသားစုခေါင်းဆောင်...ကျွန်တော်ကို ကယ်ပါအုံး"

ရှဖုန်းက စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် သူ၏လည်ပင်း၌ဆွဲထားသော ဆွဲသီးမှနေ၍ အလွန်အမင်းမျက်စိကျိမ်းစေသော ပယင်းရောင်အလင်းတန်းများ ဖြာထွက်လာသည်။

ထိုအလင်းတန်းကြားမှနေ၍ ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ လျှောက်လှမ်းထွက်လာသည်။ထိုပုံရိပ်သည် မြင့်မားပြီး ကြီးကျယ်ခမ်းနားကာ မြောက်မြားစွာသောဘုရားကျောင်းများအတွင်း၌ ဝတ်ပြုကိုးကွယ်သော နတ်ဘုရားတစ်ပါးနှင့် တူညီနေသည်။သူ့ထံ၌ မြင့်မားသောအဆင့်အတန်းရှိပုံရကာ မည်သူကမျှ သူကို စေ့စေ့ကြည့်ဝံ့မည် မဟုတ်ချေ။

ထိုပုံရိပ်၏နံဘေးပတ်လည်ရှိ မှော်စွမ်းအားများသည် ပုံစံအမျိုးမျိုးပြောင်းလဲနေကာ မြောက်မြားစွာသောပုံရိပ်ယောင်များအသွင်ဖြင့် လှည့်ပတ်နေသည်။ထိုပုံရိပ်ယောင်တစ်ခုစီတွင် ထိုပုဂ္ဂိုလ် ယခင်ကကျင့်ကြံခဲ့ဖူးသော ကျင့်ကြံနည်းစနစ်တစ်ခုရှိနေသည်။

ထိုပုံရိပ်သည် တော်ဝင်စစ်တပ်မှဒုတိယအဆင့်အရာရှိတစ်ယောက်၏ အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပေ၏။သူ၏ခေါင်းပေါ်၌ အနက်ရောင်ခေါင်းဆောင်းတစ်ခုဆောင်းထားကာ သူ၏ခါးတွင် ကျောက်စိမ်းခါးပတ်ကိုပတ်ထားသည်။

သူက လုယွီကိုကြည့်ကာ အေးစက်စက်အသံဖြင့် ပြောဆိုသည်။

"မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ငါတို့ရှမိသားစုကလူကို ထိဝံ့တာလဲ...မင်းက သေလမ်းရှာနေတာလား"

သူ၏အသံ တစ်လုံးတစ်ပါဒစီတိုင်းတွင် ကြီးကျယ်ခမ်းနားသော အရှိန်အဝါနှင့် ပြည့်နှက်နေသည်။

ထိုအသံအား တုပနိုင်ရန်မှာ အလွန်ခက်ခဲလှ၏။တစ်စုံတစ်ယောက်သည် အဆင့်အတန်းမြင့်မားသောနေရာမျိုး၌ အချိန်အတော်ကြာ နေထိုင်ခဲ့မှသာလျှင် ဤကဲ့သို့အစွမ်းထက်သည့် အသံမျိုး ရရှိနိုင်သည်။

သူ၏စကားလုံးတစ်လုံးဖြင့်ပင် ကြားရသူ၏စိတ်နှလုံးသားအတွင်းမှနေ၍ အရှုံးပေးအညံခံလိုစိတ်ကို ပေါက်ဖွားစေသည်။

ဤပုဂ္ဂိုလ်သည် တာယွီအင်ပါယာ၏ နတ်ဘုရားမြင့်မြတ်အမတ်ကြီးဖြစ်သော ရှကွေ့ကျုံးပင်။

Chapter 2752

ဤသည်က ရှကွေ့ကျုံး သူ၏တိုက်ရိုက်မျိုးဆက်ရှမိသားစုဝင်များကို ပေးအပ်ထားသော မှော်ရတနာပင်။

ရှမိသားစုဝင်တစ်ယောက်သည် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရပါက ထိုမှော်ရတနာကိုအသက်သွင်းကာ ရှကွေ့ကျုံး၏ပုံရိပ်ယောင်ကို ဆင့်ခေါ်နိုင်သည်။

ဤသည်က အပြင်းအထန်ဒဏ်ရာရရှိထားကာ ခွန်အားကုန်ထုတ်ဖော်အသုံးပြုနိုင်ခြင်းမရှိသော သိမ်းငှက်နက်နတ်ဘုရားနှင့် ကွဲပြားခြားနားသည်။ရှကွေ့ကျုံးသည် နယ်မြေသခင်နယ်ပယ်၌ အလွန်တည်ငြိမ်နေလေပြီ။သူ၏ဒုတိယအဆင့်ရာထူးမှ ကံကြမ္မာစွမ်းအား ကူညီထောက်ပံမှုကြောင့် သူ၏ကျင့်ကြံဆင့်သည် အဆပေါင်းများစွာ ခုန်ပျံကျော်လွှား၍ မြင့်တက်လာခဲ့သည်။

နယ်မြေသခင်နယ်ပယ်အစွမ်းထက်ကျင့်ကြံသူများအကြားတွင်ပင် ရှကွေ့ကျုံးကို အကြွင်းမဲ့အားကောင်းသူဟု ဆိုနိုင်သည်။

ထိုမှော်ရတနာသည် သူကိုယ်တိုင်သန့်စင်ထားခြင်းဖြစ်သဖြင့် အံ့အားသင့်ဖွယ်ကောင်းသော စွမ်းအားမျိုးပါဝင်သည်။

"ရှကွေ့ကျုံး...ငါ မင်းကိုစောင့်နေတာ အချိန်အတော်ကြာနေပြီ"

လုယွီ၏အသံတွင် ​ဝမ်းနည်းခြင်း ပျော်ရွှင်ခြင်း ခံစားချက်မျိုးရှိမနေဘဲ လေထုအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။သို့ရာတွင် ထိုအသံအတွင်း၌ သူသည် ရှကွေ့ကျုံးကို အရှင်လတ်လတ် ဝါးမြိုချင်ပုံဖြင့် အကန့်အသတ်မရှိသော အမုန်းတရားများ ပါဝင်နေသည်။

သူသည် ရှကွေ့ကျုံးနှင့် အောက်ဘုံတွင် ပထမဆုံးဆုံတွေ့ခဲ့သည့်အချိန်ကို အမှတ်ရနေဆဲပင်။ထိုအချိန်တုန်းက ကျီးချန်ယွီသည် ရှကွေ့ကျုံး၏နတ်ဆိုးမှော်သားရဲမှ ဝါးမြိုခြင်းကို ခံခဲ့ရလေ၏။

သူ ကောင်းကင်ဘုံနယ်မြေသို့ တက်လှမ်းစဥ်တွင် ရှကွေ့ကျုံး၏ကြားဖြတ်နှောက်ယှက်မှုကြောင့် သူ သေလုမျောပါးဖြစ်ခဲ့ရသည်ကိုလည်း အမှတ်ရနေဆဲပင်။

ဤရန်ငြိုးသည် သူ၏အရိုးအတွင်း၌ ထွင်းထုထားသကဲ့သို့ အမြစ်တွယ်နေလေရာ ရှကွေ့ကျုံးအပေါ် သူ၏မုန်းတီးမှုကို တိုင်းတာ၍ပင်မရနိုင်ချေ။

"နိမ့်ကျတဲ့ကောင်...မင်းက ငါထွက်လာတာကိုမြင်တာတောင် အရှုံးပေးအညံခံရကောင်းမှန်းမသိဘူး...မင်းရဲ့မျက်လုံးထဲမှာ တော်ဝင်နန်းတွင်းကို နည်းနည်းလေးတောင် မထည့်တာလား...ကြည့်ရတာတော့ မင်းက ပုန်ကန်သူတစ်ယောက်ပဲ...မင်း သေဖို့ထိုက်တန်တယ်"

ရှကွေ့ကျုံး၏အသံတွင် အကန့်အသတ်မရှိသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ရောယှက်နေကာ အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

သူ၏စကားအတွင်း၌ တာယွီတော်ဝင်နန်းတွင်း၏ ဖြောင့်မတ်မှန်ကန်မှုများ ပါဝင်နေလေ၏။ထိုအသံသည် ဒေါသထွက်၍ အော်ဟစ်ကြုံးဝါးမှုမျိုးဖြစ်ပုံရသော်လည်း အမှန်အားဖြင့် နောက်ကွယ်၌ လျှို့ဝှက်ဖုံးကွယ်ထားသော အဓိပ္ပါယ်များရှိနေသည်။

ထိုစကားများကို လုယွီကြားချိန်တွင် သူ့ကိုယ်သူ ပုန်ကန်သူသစ္စာဖောက်အဖြစ် သတ်မှတ်ခြင်းခံရသဖြင့် တာယွီကံကြမ္မာစွမ်းအားများကို ခံယူနိုင်တော့မည်မဟုတ်ချေ။ထိုအချိန်ကျပါက သူသည် အရာရှိရာထူးရရှိရန်မဆိုထားနှင့် တော်ဝင်နန်းတွင်း၏လိုက်လံဖမ်းဆီးကာ သတ်ဖြတ်ခြင်းကိုခံရပေမည်။

ထိုအရာကိုသတိပြုမိသည်နှင့် လုယွီသည် သူ့စိတ်ဝိညာဥ်စွမ်းအားကို အသုံးပြု၍ ရှကွေ့ကျုံး၏အသံလှိုင်းမှစွမ်းအားများကို ချက်ချင်းဖယ်ထုတ်လိုက်သည်။

သူ၏စိတ်ဝိညာဥ်တွင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏စွမ်းအားများဖြင့် ရောယှက်နေသည်။မည်သည့်ကိစ္စရှိနေပါစေ တာယွီအင်ပါယာတစ်ခုလုံး၏ ကံကြမ္မာစွမ်းအားများသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ကို မည်သည့်နည်းနှင့်မျှ တိုက်ခိုက်မည်မဟုတ်ချေ။

"ဒီနေ့ မင်းရဲ့ကိုယ်ပွားပုံရိပ်ယောင် မဆိုထားနဲ့ မင်းကိုယ်တိုင်ကိုယ်ကျ ရောက်လာရင်တောင် သူ ..ရှဖုန်း သေကိုသေရမယ်...ရှကွေ့ကျုံး...ခုချိန်မှာ မင်း ပျော်ပျော်နေလိုက်အုံး...မကြာခင် မင်းအလှည့်ရောက်လာမယ်"

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

"ဟမ့်...မင်းက သေချင်နေတာပဲ"

လုယွီသည် သူ၏စကားများအတွင်းမှစွမ်းအားများကို ချေဖျက်လိုက်သည်ကို အာရုံခံမိချိန်တွင် ရှကွေ့ကျုံး၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထင်ဟပ်သွားသည်။

လုယွီသည် သူ၏အစစ်အမှန်ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောဆိုပြီးဖြစ်သဖြင့် သူ ထပ်မံ၍ အပိုစကားပြောဆိုရန် မလိုတော့ချေ။

အစွမ်းထက်သောအရှိန်အဝါတစ်ရပ်က ရှကွေ့ကျုံး၏ကိုယ်ပွားပုံရိပ်ယောင်ထံမှ ရုတ်တရက် ထွက်ပေါ်လာသည်။ဤသည်က မရေမတွက်နိုင်သောသတ်ဖြတ်မှုများကို ပြုလုပ်ခဲ့ပြီးမှ ဖြစ်တည်လာသော အစွမ်းထက်သည့်စိတ်ဆန္ဒပင်။ထိုအရာသည် တောင်ပုံရာပုံဖြစ်နေသောအလောင်းများအကြားမှ တိုးထွက်လာသောအရှိန်အဝါနှင့်တူညီသည်။

ဤအချိန်အခိုက်အတန့်တွင် လုယွီက သူနှင့်ရှကွေ့ကျုံးကြားရှိလေဟာနယ်သည် နယ်မြေပေါင်းများစွာ ခြားနားနေသကဲ့သို့ ခံစားလိုက်ရ၏။ထိုနယ်မြေတစ်ခုစီအတွင်းတွင် ရှကွေ့ကျုံး၏ပုံရိပ်ရှိနေသည်။

"သေစမ်း"

ရှကွေ့ကျုံး၏ပုံရိပ်ဆယ်ခုကျော်က တပြိုင်နက်တည်း အော်ဟစ်လိုက်သည်။ထိုအသံသည် ကောင်းကင်ယံအတွင်း၌ တလိမ့်လိမ့်ထနေသော မိုးခြိမ်းသံများအလား အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

ဝုန်း...

ပြင်းထန်သောအသံလှိုင်းများသည် လောကကြီးအတွင်းရှိ အရာရာတိုင်းကို ဖျက်ဆီးပစ်မည့်အလား ပဲ့တင်ထပ်ပျံ့နှံ့နေပေ၏။

လုယွီရှိနေသော နေရာသည်လည်း ထိုအသံလှိုင်းများ၏ သက်ရောက်ခြင်းခံရကာ ပတ်ဝန်းကျင်ရှိလေဟာနယ် ပြင်းပြင်းထန်ထန်တွန့်ခေါက်စပြုလာသည်။ဤသည်က နယ်မြေသခင်တစ်ယောက်၏စွမ်းအားအကုန်အစင်ကို ထုတ်လွှတ်လိုက်ရာ၌ ဖြစ်တည်လာသောစွမ်းအားပင်။ထိုအရာသည် ကောင်းကင်နှင့်မြေပြင်ကိုပင် ဖျက်ဆီးပစ်နိုင်သော စွမ်းအားမျိုးဖြစ်သည်။သူသည် ဤလေဟာနယ်အတွင်းရှိ နယ်မြေများကို ဖျက်ဆီးနိုင်စွမ်းရှိသည်။ဤသည်က အရာအားလုံးကို လုံးလုံးလျားလျားဖျက်ဆီးနိုင်သော စွမ်းအားတစ်ရပ်ပင်။

ဤခြိမ်းခြောက်ဟန့်တားနိုင်သော စွမ်းအားလှိုင်း၏အောက်တွင် လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးပေါ်၌ ခရမ်းရောင်ချီအလင်းတန်းများနှင့် ပြည့်နှက်နေသည်။သူ၏ခန္ဓာကိုယ်ကို တောက်ပသောဧကရာဇ်ကြယ်အဖြစ်ပြောင်းလဲကာ ခုနစ်စင်ကြယ်၏စွမ်းအားက သူ၏နံဘေးပတ်လည်၌ လှည့်ပတ်နေသည်။

"ရှကွေ့ကျုံး...ဒါက မင်းရဲ့အစွမ်းအကုန်ပဲလား...ဒါဆိုရင်တော့ မင်းရဲ့မိသားစုဝင်ကို မင်း ကယ်တင်နိုင်မှာမဟုတ်ဘူး"

Chapter 2753

လုယွီသည် ခရမ်းရောင်တိမ်တိုက်များ၏အထက်၌ ကောင်းကင်ဘုံနယ်မြေ၏ပြင်ပမှ အစစ်အမှန်အင်မော်တယ်တစ်ယောက်ကဲ့သို့ မတ်တတ်ရပ်နေသည်။

လုယွီ၏နောက်၌ မြောက်မြားစွာသော ခရမ်းရောင်တိမ်တိုက်များ စုဝေးသွားကာ ဧရာမအစစ်အမှန်အင်မော်တယ် ဓမ္မပုံရိပ်ယောင်ကြီးအဖြစ် သိပ်သည်းသွားသည်။ဤသည်က ရှေးဟောင်းအချိန်ကာလများအတွင်းမှ ထိုက်ဟွာကျမ်းစာ၏ဘိုးဘေးပင်။

ရှေးဟောင်းကျင့်ကြံနည်းစနစ်တစ်ခု၏ အစွမ်းထက်သော စိတ်ဆန္ဒသည် ရှကွေ့ကျုံး၏အရှိန်အဝါကို ချက်ချင်းဖျက်ဆီးလိုက်၏။

ပြောရမည်ဆိုလျှင် ရှကွေ့ကျုံး၏အရှိန်အဝါသည် လူတစ်ယောက်၏ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန်ခုတ်ပိုင်းလိုက်သော ဓားရှည်တစ်လက်နှင့်တူညီသည်။လုယွီ အသုံးပြုလိုက်သော ဓမ္မပုံရိပ်ယောင်ကြီးကမူ သံမဏိဒိုင်းတစ်ခုအလား သူ့ထံတိုးဝင်လာသော တိုက်ခိုက်မှုများအားလုံးကို ပျက်ပြယ်သွားစေသည်။

"တော်လိုက်တဲ့ သူပုန်ကောင်...မင်း ဘယ်လိုကံကြမ္မာကောင်းမျိုးတွေရခဲ့လို့ ဒီလိုကြီးကျယ်ခမ်းနားတဲ့ မှော်နည်းစနစ်မျိုးကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်တာလဲဆိုတာ ငါ သိချင်မိတယ်...ဒါပေမယ့် မင်းရဲ့ဒီအရည်အချင်းလောက်နဲ့ မင်း ဆန္ဒရှိတဲ့အရာရာတိုင်းကို လုပ်နိုင်မယ်လို့ မင်း ထင်နေတာလား"

ရှကွေ့ကျုံး၏မျက်လုံးများ တောက်ပနေကာ သူ၏လက်ဝါးအတွင်း၌ အစွမ်းထက်သောမှော်မန္တန်များကို အဆက်မပြတ်လှည့်ပတ်နေသည်။တချို့မှော်မန္တန်များသည် နဂါးများပုံစံရှိကာ တချို့သည် ဝံပုလွေများနှင့်ကျားသစ်များအသွင်ရှိသည်။

သူသည် လက်တစ်ဖက်ဖြင့် မိုးကောင်းကင်ကို လက်ညှိုးညွှန်၍ တခြားလက်တစ်ဖက်ဖြင့် မြေပြင်ကို ညွှန်ပြထားသည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှနေ၍ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေကာ သူ၏မျက်လုံးအတွင်းမှနေ၍ မြင့်မြတ်သော အလင်းရောင်များ ထွက်ပေါ်နေလေ၏။

"ကောင်းကင်နဲ့မြေပြင်အကြားမှာရှိတဲ့ ဗုဒ္ဓနဲ့နတ်ဘုရားတွေရဲ့စွမ်းအား...နည်းစနစ်တွေအားလုံးကို ဖျက်ဆီးလိုက်စမ်း"

ရှကွေ့ကျုံး၏စကားလုံးတစ်လုံးစီတိုင်း လေထုအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့နေသည်။

ကျယ်လောင်ပြီးကြည်လင်ပြတ်သားသော အသံသည် ပတ်ဝန်းကျင်ရှိလေဟာနယ်ဥပဒေသများကို သက်ရောက်သွားပုံရသည်။ထိုအသံကြောင့် ပတ်ဝန်းကျင်ရှိလေဟာနယ် ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။

ရွှေရောင်အလင်းရောင်စဥ်တန်းများက ရှကွေ့ကျုံး၏နောက်၌ ထွက်ပေါ်လာကာ နောက်ဆုံး၌ ရွှေရောင်ဗုဒ္ဓပုံရိပ်ယောင်ကြီးအဖြစ် ဖွဲ့စည်းသွားလေ၏။

"ဗုဒ္ဓကျင့်ကြံနည်းစနစ်လား"

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။သူ ဖွဲ့စည်းလိုက်သော အင်မော်တယ်ဓမ္မပုံရိပ်ယောင်ကြီးသည် ထိုက်ဟွာကျမ်းစာထံမှ ရရှိခဲ့ခြင်းပင်။

ဖေးထျန်ကွမ်းသည် ယခင်က ရှကွေ့ကျုံး၏အကြောင်းကို စုံစမ်းခဲ့ဖူးသည်။ရှကွေ့ကျုံးသည် ယခင်က အထွတ်အထိပ်အဆင့်ဘုန်းတော်ကြီးတစ်ပါး၏အမွေအနှစ်ကို ကံကြမ္မာအရ ရရှိခဲ့ဖူးသည်။ထိုအချိန်မှစ၍ သူ၏ကျင့်ကြံဆင့် အလွန်အမင်းမြင့်တက်သွားကာ ကောင်းကင်ဘုံနယ်မြေအတွင်းရှိ ထိပ်သီးအစွမ်းထက်ပုဂ္ဂိုလ်များအနက်မှ တစ်ယောက်ဖြစ်လာသည်။

သူသည် အစစ်အမှန်ဘုန်းတော်ကြီးတစ်ပါးမဟုတ်သည့်အပြင် ဗုဒ္ဓဂိုဏ်းအတွင်းသို့ ဝင်ရောက်ခြင်းလည်းမရှိသော်လည်း ဗုဒ္ဓဂိုဏ်းအတွင်း၌ သူ၏အဆင့်အတန်းမှာ လွန်စွာမြင့်မားသည်။

အစွမ်းထက်ဗုဒ္ဓကျင့်ကြံသူတချို့သည် ရှကွေ့ကျုံးကို အထွတ်အထိပ်အဆင့်ဘုန်းတော်ကြီး၏မျိုးဆက်အဖြစ် ယူဆထားသည်။ထိုဗုဒ္ဓကျင့်ကြံသူများသည် ရှကွေ့ကျုံးကို အလွန်များပြားသော ကျင့်ကြံခြင်းအရင်းအမြစ်များ ပေးရုံသာမက သူ့အား လမ်းညွှန်မှုများလည်း ပေးခဲ့ကြ၏။

ထိုကဲ့သို့ ကူညီထောက်ပံမှုမျိုး ရရှိနေသဖြင့် ရှကွေ့ကျုံး၏စွမ်းအားသည် အဆပေါင်းများစွာ ခုန်ပျံကျော်လွှား၍ မြင့်တက်လာခဲ့သည်။

ဝုန်း...

ထိုက်ဟွာဘိုးဘေး၏ဓမ္မပုံရိပ်ယောင်ကြီးသည် ရွှေရောင်ဗုဒ္ဓပုံရိပ်ယောင်ကြီးနှင့် ဖီလာဆန့်ကျင်ရိုက်ခတ်မိတော့သည်။

ဤအချိန်အခိုက်အတန့်တွင် လုယွီသည် သူ့အားလွှမ်းခြုံလာသော မြင့်မြတ်သည့်အရှိန်အဝါတစ်ရပ်ကို ခံစားမိလေ၏။

ထိုအရှိန်အဝါတွင် ဗုဒ္ဓ၏စွမ်းအားများ ရောယှက်နေသည်။ဤသည်က ဘုန်းတော်ကြီးတစ်ပါး ကျမ်းစာရွတ်ဆိုနေသကဲ့သို့ သနားကြင်နာခြင်းစိတ်ကြည်လင်စေခြင်းများနှင့် ပြည့်နှက်နေပေ၏။

အကယ်၍ တစ်စုံတစ်ယောက်၏စိတ်ဆန္ဒသည် လုံလောက်စွာသန်မာအားကောင်းခြင်းမရှိပါက ထိုဗုဒ္ဓကျမ်းစာကိုနားထောင်ပြီးနောက် သူ၏လက်အတွင်းမှဓားကိုချကာ နေရာမှာပင် ဗုဒ္ဓကျင့်ကြံသူတစ်ယောက်အဖြစ် ပြောင်းလဲသွားပေမည်။

မှော်မန္တန်များဖြင့်တိုက်ခိုက်သော တိုက်ပွဲအတွင်း၌ အမှားအယွင်းတစ်ခုစီတိုင်းသည် နှစ်ထောင်သောင်းချီနောက်ကျသွားခြင်းနှင့်တူညီသည်။အကယ်၍ တစ်စုံတစ်ယောက်သည် တိုက်ပွဲအတွင်း၌ သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ဖယ်ရှားခြင်းခံလိုက်ရပါက တစ်ဖက်ရန်သူအား အရေးနိမ့်သွားမည်မှာ သေချာပေါက်ပင်။

"မင်းက ငါ့ရဲ့စိတ်ဆန္ဒကို လွှမ်းမိုးချင်တာလား...အဲ့ဒီအကြောင်း စဥ်းတောင်မစဥ်းစားနဲ့"

လုယွီထံမှနေ၍ အိုမင်းပြီးမောက်မာဝံ့ကြွားသော ရယ်သံကြီး ထွက်ပေါ်လာသည်။တစ်ချိန်တည်းမှာပင် သူ၏စိတ်အတွင်း၌ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးကို အသက်သွင်းလိုက်သည်။ယခင်က လုယွီ၏စိတ်ဆန္ဒကိုသက်ရောက်နေသော ဗုဒ္ဓစွမ်းအားများသည် ချက်ချင်းပြိုကွဲပျက်စီးသွားတော့သည်။

ဤအချိန်အခိုက်အတန့်တွင် လုယွီ၏စိတ်ဆန္ဒသည် အလွန်ခိုင်မာပေ၏။မည်သည့်အရာကမျှ သူ၏စိတ်ဆန္ဒကို သက်ရောက်စေမည်မဟုတ်ချေ။

ထိုက်ဟွာဘိုးဘေးဓမ္မပုံရိပ်ယောင်ကြီး၏ ပြင်းထန်သောတိုက်ခိုက်မှုအောက်တွင် လုယွီရှေ့ရှိ ရွှေရောင်ဗုဒ္ဓပုံရိပ်ယောင်ကြီး တစထက်တစ ပြိုကွဲစပြုလာသည်။အက်ကွဲကြောင်းများက ထိုပုံရိပ်ယောင်ကြီး၏မျက်နှာပြင်ပေါ်၌ စတင်၍ထွက်ပေါ်နေသည်။

"​ငါ ပြေးမှရမယ်"

အခြေအနေမကောင်းသည်ကို မြင်တွေ့ချိန်တွင် ရှဖုန်းသည် နောက်သို့ချာခနဲလှည့်ကာ ထွက်ပြေးလိုက်၏။

ရှဖုန်းက အလွန်အမင်း တုန်လှုပ်ချောက်ချားနေသည်။သူ၏မှော်ရတနာအတွင်း၌ နတ်ဘုရားမြင့်မြတ်အမတ်ကြီးရှကွေ့ကျုံး၏စိတ်ဆန္ဒ ပါဝင်နေသည်။

ယခုချိန်တွင် နတ်ဘုရားမြင့်မြတ်အမတ်ကြီးရှကွေ့ကျုံး၏စိတ်ဆန္ဒပင်လျှင် ထိုလုပ်ကြံသတ်ဖြတ်သူအပေါ် သက်ရောက်စေခြင်းမရှိချေ။

ရှဖုန်းသည် အကယ်၍ သူ ဤနေရာ၌ဆက်နေနေပါက သေဆုံးသွားနိုင်သည်ကို ကောင်းစွာသိရှိထားလေ၏။

"မင်းက ဘယ်သွားမလို့လဲ"

လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်ကာ ခရမ်းရောင်ချီများပြည့်နှက်နေသော သူ၏လက်ဖြင့် ရှဖုန်းထံဦးတည်ကာ လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။

Chapter 2754

ထိုခရမ်းရောင်ချီလက်သီးသည် နေမင်းကိုထွင်းဖောက်သွားသော သက်တန့်တစ်စင်းနှင့်တူညီသည်။ရုတ်ချည်းဆိုသလိုပင် ထိုအရာသည် ထွက်ပြေးသွားသောရှဖုန်းနောက်သို့ ပြေးထွက်သွားသည်။

ရှဖုန်းသည် သူ၏နောက်မှ ပြင်းထန်သောအားလှိုင်းတစ်ရပ် တိုးဝင်လာသကဲ့သို့ ခံစားလိုက်ရ၏။သူသည် ကူကယ်ရာမဲ့စွာဖြင့် ထိတ်လန့်တုန်လှုပ်သွားသည်။သူသည် အရှက်ရမည်ကိုပင် ဂရုမစိုက်တော့ဘဲ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"မိသားစုခေါင်းဆောင်...ကျွန်တော်ကို ကယ်ပါအုံး"

"အတင့်ရဲလှချည်လား"

ရှကွေ့ကျုံးက အလွန်ဒေါသထွက်သွားသည်။သူက ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးကို ရိုက်ထုတ်ကာ လေထုကိုဖြတ်သန်းသွားသော လုယွီ၏အားလှိုင်းကို ပိတ်ဆို့ဟန့်တားလိုက်၏။

လုယွီ၏တိုက်ခိုက်မှု ကျရှုံးသွားသော်လည်း သူ စိတ်ပျက်သွားခြင်းမရှိချေ။ထိုအစား သူသည် ကျစ်ဝေမဟာဆုတ်ဖြဲခြင်းလက်သီးကို ထုတ်ဖော်အသုံးပြုကာ မြစ်ပြင်ကိုဖြတ်သန်းသွားသည့် ရက်စက်ကြမ်းကြုတ်သော နဂါးတစ်ကောင်အလား သူ့ရှေ့ရှိ ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးကို ကြေမွှပျက်စီးသွားစေသည်။

ရှ​ကွေ့ကျုံးသည် နယ်မြေသခင်အဆင့် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင်။သူ၏မှော်စွမ်းအားများသည် အကန့်အသတ်မရှိချေ။သူ၏တိုက်ခိုက်မှုတိုင်းသည် အထွတ်အထိပ်အခြေအနေကို ထိန်းသိမ်းထားဆဲဖြစ်ကာ အနည်းငယ်မျှပင် အားပျော့သွားခြင်းမရှိပေ။

ဘုန်း...ဘုန်း...ဘုန်း...

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် နှစ်ဖက်စလုံးသည် ရာနှင့််ချီသောတိုက်ကွက်များကို ဖလှယ်ပြီးလေပြီ။

လုယွီသည် ပြင်းထန်စွာတိုက်ခိုက်နေသော်လည်း ရှကွေ့ကျုံး၏ခုခံကာကွယ်မှုသည် အလွန်အမင်းတင်းကြပ်ကာ အနည်းငယ်မျှပင် ဟာကွက်မရှိချေ။

"လူအိုကြီး...မင်း စောင့်နေစမ်း...ငါ မင်းရဲ့ပုံပန်းသွင်ပြင်ကို သေချာမှတ်ထားမယ်...ငါ ပြန်ရောက်တာနဲ့ တော်ဝင်နန်းတွင်းက အစွမ်းထက်ကျင့်ကြံသူတွေကို စုဝေးပြီးတော့ မင်းရဲ့အကြောင်းကို စုံစမ်းစစ်ဆေးမယ်...မင်း သေဖို့သာစောင့်နေတော့"

လုယွီနှင့်ရှကွေ့ကျုံး တိုက်ခိုက်နေစဥ်တွင် ရှဖုန်းသည် မိုင်အနည်းငယ်ဝေးကွာသောနေရာသို့ ရောက်ရှိနေလေပြီ။

သူသည် လုယွီ ဖမ်းမမိနိုင်သော အကွာအဝေးသို့ ရောက်ရှိနေပြီဟု ဆိုနိုင်သည်။

သို့ရာတွင် ဤတစ်ကြိမ်၌ လုယွီသည် ပြင်ဆင်ထားပြီးဖြစ်ပေ၏။

"ငါ မင်းကို သတ်ဖို့လာတာ...ဘယ်နည်းနဲ့မှ မင်း မလွတ်မြောက်စေရဘူး"

လုယွီ၏မျက်လုံးအကြည့်က အေးစက်တင်းမာသွားသည်။သူက ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ဝါးမြိုလိုက်သည်။

ထိုဆေးလုံးသည် အပြည့်အဝမည်းနက်နေကာ အတွင်း၌ ထူထပ်သိပ်သည်းသော ဆေးစွမ်းအားများ ရောနှောနေသည်။ထိုဆေးမှထွက်ပေါ်နေသော အခိုးအငွေ့များသည် နဂါးနက်တစ်ကောင် ကောင်းကင်ယံကိုမော့ကြည့်၍ ဟိန်းဟောက်နေသည်နှင့် တူညီပေ၏။

ဤှသည်က အင်ပါယာအဆင့်ဆေးလုံးဖြစ်သော နဂါးနက်သွေးမျက်ရည်ဆေးလုံးဖြစ်သည်။

လုယွီသည် ရှဖုန်းကိုသတ်ဖြတ်ရန် ကြံရွယ်ပြီးချိန်ကတည်းက အရာအားလုံးကို တွက်ချက်ထားပြီးလေပြီ။တော်ဝင်စစ်ရေးဌာန၏လက်ထောက်အမတ်ကြီး ဖြစ်သည့်အပြင် ရှမိသားစုဝင်တစ်ယောက်လည်းဖြစ်သော ရှဖုန်းထံတွင် အသက်ကယ်နည်းလမ်း တစ်ခုထက်မနည်းရှိနေမည်မှာ သေချာပေါက်ပင်။

ထို့ကြောင့် လုယွီသည် အရေးပေါ်အကြံအစည်တချို့ကို ပြင်ဆင်ထားပြီးဖြစ်သည်။

သူ၏လက်ရှိဆေးပညာစွမ်းရည်အရ အင်ပါယာအဆင့် မှော်ဆေးလုံးတစ်လုံးကို ဖော်စပ်ရန်မှာ ခက်ခဲသောကိစ္စတစ်ရပ်မဟုတ်ချေ။

အဖိုးတန်ရှားပါးသောဆေးပင်များ ရရှိရန်ကိုမူ လုယွီသည် ထိုအရာများကို ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ အကောင်းဆုံးကြိုးစား၍ ရှာဖွေခဲ့သည်။

ထိုဆေးလုံးဖြင့်ဆိုပါက လုယွီသည် ကျင့်ကြံနယ်ပယ်ကြီးတစ်ခု တိုက်ရိုက်မြင့်တက်သွားကာ ရွှယ်အင်မော်တယ်နယ်ပယ်၏အစွန်အဖျားကို ထိတွေ့နိုင်ပေမည်။

ရှေးဟောင်းတာအိုရွှယ်အင်မော်တယ်ဟူသည်မှာ ယခုလက်ရှိခေတ်ကာလအတွင်းရှိ ရွှယ်အင်မော်တယ်များ ယှဥ်ပြိုင်နိုင်မည့်အရာမျိုးမဟုတ်ချေ။

အတိတ်တွင် ရှေးဟောင်းကောင်းကင်ဘုံနန်းတွင်း၌ ရွှယ်အင်မော်တယ်တိုင်းသည် အဆင့်မြင့်အင်မော်တယ်များဖြစ်ပြီး ရွှေအင်မော်တယ်၏နောက် ဒုတိယနေရာတွင်ရှိနေသော တည်ရှိမှုကြီးများဖြစ်သည်။

ထိုအချိန်တုန်းက အကယ်၍ တစ်စုံတစ်ယောက်သည် ရွှယ်အင်မော်တယ်နယ်ပယ်ကို ထိတွေ့နိုင်ပါက အစစ်အမှန်မိုးကောင်းကင်အင်မော်တယ်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကာ ထိုလူသည် ထာဝရအသက်ကို ရရှိနိုင်ပြီး အနှောင်အဖွဲ့များမှလွတ်မြောက်ကာ သာမာန်ထက်သာလွန်ထူးကဲ့သည့် မဟာတာအိုဥပဒေသများကို လေ့လာဆင်ခြင်နိုင်သည်။

ဝုန်း...

လုယွီသည် ဆေးလုံးကိုဝါးမြိုပြီးနောက် ကျယ်လောင်သောတုန်ခါသံကြီးက ချက်ချင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသည်။

သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါများနှင့်မရီးဒါန်းများ အားလုံးအတွင်း၌ ကြီးကျယ်ခမ်းနားသောဆေးစွမ်းအားများဖြင့် ပြည့်နှက်သွားပေ၏။တလိမ့်လိမ့်ထနေသော ဆေးစွမ်းအားများသည် သူ၏မရီးဒါန်းတစ်ခုချင်းစီကို ဖြတ်သန်းသွားသည်။

လုယွီ၏ခန္ဓာကိုယ်အရေပြားမှနေ၍ သွေးများယိုစိမ့်ကျနေသည်။ဤသည်က ဆေးစွမ်းအားများကြောင့် သူ၏မရီးဒါန်းများ အလွန်ကြီးမားပြန့်ကားလာသဖြင့် ကြေမွှပျက်စီးသွားခြင်းပင်။

ကံကောင်းထောက်မစွာဖြင့် လုယွီသည် သိုင်းပညာသူတော်စင်ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ထို့ကြောင့် သူသည် ကြီးကျယ်ခမ်းနားသောဆေးစွမ်းအားများကို အတင်းအကြပ်ဖိအားပေး၍ ခံယူနိုင်ခဲ့ခြင်းဖြစ်ပေ၏။

"ရှကွေ့ကျုံး...မင်း အရမ်းစိတ်လှုပ်ရှားနေဖို့မလိုဘူး....မကြာခင် မင်းအလှည့်ကို ရောက်လာလိမ့်မယ်"

လုယွီ၏မျက်နှာပေါ်၌ မည်သည့်ခံစားချက်အရိပ်အယောင်မျိုးမျှ ရှိမနေချေ။သူက ကျစ်ဝေမဟာဆုတ်ဖြဲခြင်းလက်သီးကို တစ်ကြိမ်ထပ်မံ၍ အသုံးပြုလိုက်သည်။ဤတစ်ကြိမ်တွင် သူ၏လက်သီးချက်မှစွမ်းအားသည် အလွန်အမင်း ပြင်းထန်လှ၏။

ပတ်ဝန်းကျင်ကိုကြည့်ပါက ကောင်းကင်ယံတခွင်လုံးကို တောက်ပသောခရမ်းရောင်အလင်းတန်းများက အပြည့်အဝလွှမ်းခြုံထားသည်။

ဤလက်သီးချက်၏စွမ်းအားတွင် အကန့်အသတ်မရှိသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။ဤလက်သီးချက်မှစွမ်းအားသည် ဖြတ်သန်းသွားရာလမ်းကြောင်းပေါ်ရှိ အရာရာတိုင်းကို ဖျက်ဆီးပစ်တော့မည့်ပုံပင်။

"တောက်..."

ရှကွေ့ကျုံးသည် အလွန်အမင်း ဒေါသထွက်နေလေ၏။သူ၏ကိုယ်ပွားပုံရိပ်ယောင် ရုတ်တရက်ပျောက်ကွယ်သွားကာ ချက်ချင်းဆိုသလိုပင် ဧရာမရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးအဖြစ် ပြောင်းလဲသွားပြီး သူက လုယွီထံဦးတည်ကာ ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်သည်။

Chapter 2755

လေဟာနယ်အတွင်းရှိ ဧရာမလက်ဝါးပုံရိပ်ယောင်ကြီးသည် လေပြင်းတစ်ရပ်နှင့်အတူ လုယွီထံသို့ တိုးဝင်လာသည်။

လက်သီးနှင့်လက်ဝါးမှ စွမ်းအားနှစ်ရပ် ဖီလာဆန့်ကျင်ရိုက်ခတ်မိချိန်တွင် ကျယ်လောင်သော တုန်ခါသံကြီးက ကြယ်တာရာကောင်းကင်တခွင်လုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

လုယွီ ဖြန့်ကျက်လိုက်သော ခရမ်းရောင်လက်သီးအားလှိုင်းသည် ထောပတ်ကိုလှီးဖြတ်လိုက်သည့် ပူနွေးသောဓားတစ်ချောင်းအလား သူ့ရှေ့မှအရာရာတိုင်းကို ကြေမွှပျက်စီးသွားစေသည်။

ချီစွမ်းအင်လှိုင်းများက ပတ်ဝန်းကျင်နေရာတဝိုက်လုံး၌ တလိမ့်လိမ့်ထသွားလေ၏။

လုယွီ၏ပြင်းထန်သော လက်သီးစွမ်းအားအောက်တွင် ရှကွေ့ကျုံး၏ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးသည် ပါးလွှာသောလေထုအတွင်း၌ ပျက်ပြယ်သွားတော့သည်။

ထို့နောက် လုယွီက ရှဖုန်း၏နောက်သို့ လိုက်လံ၍ဖမ်းဆီးလေသည်။

"သောက်ချေးပဲ...သောက်ချေးပဲ...ဒီအစွမ်းထက်ကျင့်ကြံသူက ဘယ်နေရာကနေ ရောက်လာတာလဲ...သူ့ကို ဒီနေရာ ဘယ်သူလွှတ်လိုက်တာလဲ...သူက ရှမိသားစုဝင်ကိုတောင် သတ်ဝံ့တယ်...သူက အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲခံရပြီးတော့ သေသင့်တယ်"

ရှဖုန်းက လိပ်ပြာလွင့်လုမတက် ထိတ်လန့်ကြောက်ရွံနေသည်။

နတ်ဘုရားမြင့်မြတ်အမတ်ကြီးရှကွေ့ကျုံးသည် ရှမိသားစုအတွင်း၌ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင်။

ဤကဲ့သို့အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် သန့်စင်ထားသောအသက်ကယ်မှော်ရတနာသည် တစ်စုံတစ်ယောက်၏လက်ချက်ဖြင့် ကြေမွှပျက်စီးသွားမည်ဟု သူ အနည်းငယ်မျှပင် မျှော်လင့်မထားမိချေ။

သူ့အား လိုက်လံဖမ်းဆီးနေသူသည် မည်သူဖြစ်သနည်း...

ထိုလူသည် ရွှယ်အင်မော်တယ်နယ်ပယ်အထွတ်အထိပ်အဆင့် သို့မဟုတ် နယ်မြေသခင်အဆင့်၌ ရှိနေနိုင်သည်။

ရှဖုန်း၏စိတ်နှလုံးသားတစ်ခုလုံး ရှုပ်ထွေးနေကာ သူသည် အရပ်မျက်နှာအဘက်ဘက်သို့ လှည့်ပတ်ကြည့်၍ အကူအညီတောင်းခံရန် စတင်၍ရှာဖွေလိုက်တော့သည်။

သို့ရာတွင် သူသည် ပတ်ဝန်းကျင်အား အကူအညီတောင်းခံရန်အတွက် အချက်ပေးသင်္ကေတထုတ်လွှတ်ချိန်တွင် ထူထပ်သောမြူခိုးများ၏ပိတ်ဆို့ဟန့်တားခြင်း ခံထားရ​သဖြင့် သူ အလွန်စိတ်ဓာတ်ကျသွားခဲ့သည်။

သူ မည်ကဲ့သို့နည်းလမ်းဖြင့် အချက်ပေးသင်္ကေတကို ထုတ်လွှတ်သည်ဖြစ်စေ ချွင်းချက်မရှိ ပိတ်ဆို့ဟန့်တားခြင်းခံထားရ၏။

ရှဖုန်း၏စိတ်နှလုံးသားတစ်ခုလုံး လေးလံသွားသည်။

သူ၏လက်ရှိအခြေအနေအရ အကယ်၍ သူ့အားသတ်ဖြတ်ခြင်းခံရလျှင်ပင် မည်သူကမျှ သူ ဤနေရာ၌ရှိသည်ကို သိရှိမည်မဟုတ်ချေ။

သာမာန်အားဖြင့် သူကဲ့သို့ အရေးပါသောအရာရှိများ ပြင်ပသို့ထွက်စဥ်တွင် သက်တော်စောင့်အမြောက်အများ လိုက်ပါရသည့်အပြင် နဂါးအစောင့်များ၏ ကာကွယ်စောင့်ကြပ်မှုကိုပင် ရရှိသည်။

တခြားစကားပြောင်းဆိုရလျှင် တော်ဝင်စစ်ရေးဌာန၌ သူ၏အဆင့်အတန်းသည် လွန်စွာမြင့်မားပေ၏။အကယ်၍ သူသည် သေမျိုးတစ်ယောက် ဖြစ်နေလျှင်ပင် တော်ဝင်နန်းတွင်း၏မျက်နှာဖြင့် အလွန်နည်းပါးသောလူတချို့ကသာ သူ့ကို ထိဝံ့ပေမည်။

တစ်စုံတစ်ယောက်သည် တော်ဝင်မြို့တော်၏ပြင်ပတွင် သူ့အားသတ်ဖြတ်ဝံ့ပါက အင်အားစုများအားလုံး၏စိတ်အာရုံကို ဆွဲဆောင်နိုင်သော ရုတ်ရုတ်သဲသဲကိစ္စကြီးတစ်ခု ဖြစ်သွားပေလိမ့်မည်။တော်ဝင်နန်းတွင်းသည် ထိုကိစ္စကို ဖြေရှင်းရန်အတွက် အစွမ်းထက်ပညာရှင်များကိုစေလွှတ်ကာ စုံစမ်းစစ်ဆေးပေမည်။

တခြားစကားပြောဆိုရလျှင် ဤကိစ္စကို ကျူးလွန်ဝံ့သော မည်သူမဆို တော်ဝင်နန်းတွင်း၏ ပြင်းပြင်းထန်ထန် အပြစ်ပေးခြင်းကို ခံရလိမ့်မည်။

ထို့ကြောင့် ရှဖုန်းသည် တော်ဝင်စစ်ရေးဌာန၏လက်ထောက်အမတ်ကြီးဖြစ်စဥ်ကတည်းက သူသည် လုပ်ကြံသတ်ဖြတ်သူများနှင့် ကြုံတွေ့ရသည်မှာ လွန်စွာရှားပါးပေ၏။

အကယ်၍ လုပ်ကြံသတ်ဖြတ်သူများ ရောက်ရှိလာလျှင်ပင် သူ၏အစောင့်များမှ ဟန့်တားခြင်းကိုခံရကာ သူ့အပေါ်တွင် အနည်းငယ်မျှပင် သက်ရောက်မှုရှိမည်မဟုတ်ချေ။

အချိန်များ ကုန်လွန်လာသည်နှင့်အမျှ သူ တဖြည်းဖြည်း သတိပေါ့လျော့လာခဲ့သည်။

ဤတစ်ကြိမ်တွင် သူသည် လျှို့ဝှက်၍ထွက်ခွာခဲ့ခြင်းဖြစ်ပြီး သူ၏သက်တော်စောင့်များအပါအဝင် မည်သူကိုမျှအသိမပေးခဲ့ချေ။သူသည် တစ်ယောက်တည်း ထွက်လာခဲ့ခြင်းပင်။

သို့ရာတွင် သူသည် လမ်းတလျှောက်လုံးတွင် မည်သည့်အန္တရာယ်နှင့်မျှ မကြုံတွေ့ရဘဲ တော်ဝင်မြို့တော်အနီးသို့ ရောက်ရှိချိန်ကျမှသာ အစွမ်းထက်သော လုပ်ကြံသတ်ဖြတ်သူနှင့် ဆုံတွေ့ရမည်ဟု သူ မျှော်လင့်မထားမိချေ။

"လက်ထောက်အမတ်ကြီးရှ...ဒီနေရာကနေ ထွက်သွားဖို့ကို စဥ်းတောင်မစဥ်းစားနဲ့"

ရုတ်တရက် လူအိုကြီးတစ်ယောက်၏အသံက ရှဖုန်း၏နောက်မှ ထွက်ပေါ်လာသည်။

ရှဖုန်း၏ခန္ဓာကိုယ်တစ်ခုလုံး ချွေးစေးများဖြင့် ရွှဲနစ်သွားတော့သည်။သူက နောက်သို့လှည့်ကြည့်လိုက်ရာ သူ၏နောက်၌ လူအိုကြီးတစ်ယောက်ရှိနေသည်ကို မြင်တွေ့လိုက်ရ၏။

လုယွီ၏လက်အတွင်းမှ ထွက်ပေါ်နေသော ခရမ်းရောင်ချီ အလင်းတန်းများမှနေ၍ ဧရာမမှော်စွမ်းအားလက်ကြီးအဖြစ်သိပ်သည်းသွားကာ အကန့်အသတ်မရှိသောစွမ်းအားကို ထုတ်လွှတ်နေသည်။

ဤသည်က သူ၏အသက်အန္တရာယ်ကို အမှန်တကယ်ခြိမ်းခြောက်နိုင်မှုပင်။

ရှဖုန်း၏စိတ်နှလုံးသားတစ်ခုလုံး နက်ရှိုင်းသောချောက်နက်ကြီးအတွင်းသို့ ပြုတ်ကျသွားသည့်အလား လေးလံသွားသည်။ဤအချိန်အခိုက်အတန့်တွင် သူ၏ကြီးကျယ်ခမ်းနားမှုနှင့်မောက်မာဝံ့ကြွားမှုများအားလုံး ပျောက်ကွယ်သွားလေပြီ။

သူ၏အသက်ထက် အရေးကြီးသောအရာဟူ၍ မည်သည့်အရာမျှမရှိချေ။

"ငါ့အသက်ကို ချမ်းသာပေးပါ..."

ရှဖုန်းသည် အသနားခံတောင်းပန်နေသော်လည်း လုယွီ၏လက်မှ အေးစက်စက်အလင်းတန်းတစ်တန်း ထွက်ပေါ်လာကာ သူ၏လည်ပင်းကို ဖြတ်တောက်လိုက်တော့သည်။

သွေးများက မြေပြင်ပေါ်သို့ ဖြာခနဲကျသွားသည်။

ထိုဓားချီသည် ရှဖုန်း၏ခန္ဓာကိုယ်ရော စိတ်ဝိညာဥ်ကိုပါ အမြစ်ပြတ်သုတ်သင်လိုက်၏။

"ဘာမှ အသနားခံမနေတော့...ငါက မင်းရဲ့အသံကိုနားထောင်ရတာ အရမ်းငြီးငွေ့တယ်...တော်ဝင်နန်းတွင်းရဲ့အမတ်တစ်ယောက် ဖြစ်တဲ့အတွက် ငါ မင်းကို ဂုဏ်သိက္ခာရှိရှိသေခွင့်ပြုလိုက်မယ်"

လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။

All Chapters