← Chapters

အခန်း (၂၇၅၆-၂၇၆၀)

Vol. 141 Ch. 2756-2760

အခန်း (၂၇၅၆-၂၇၆၀)

Vol. 141 Ch. 2756-2760

Chapter 2756

လုယွီ၏နံဘေးပတ်ဝန်းကျင်၌ မျောလွင့်နေသော အနက်ရောင်အခိုးအငွေ့များ ပျက်ပြယ်စပြုလာသည်။

သူ၏ခန္ဓာကိုယ်သည် ကူကယ်ရာမဲ့စွာဖြင့် အနည်းငယ်တုန်ခါသွားကာ သူ၏နှုတ်ခမ်းထောင့်မှနေ၍ သွေးအမြောက်အများ ယိုစီးကျလာလေ၏။

သူသည် နဂါးနက်သွေးမျက်ရည်ဆေးလုံးကို သူကိုယ်တိုင် ဖော်စပ်ခဲ့ခြင်းဖြစ်သော်လည်း အားနည်းချက်များစွာရှိနေသည်။ထိုဆေးလုံးသည် သာမာန်တားမြစ်ဆေးလုံးများနှင့် တူညီသည့်အချက်ကို ဖယ်ထားလျှင်ပင် အတွင်း၌ အဆိပ်သုံးဆယ်ရာခိုင်နှုန်း ပါဝင်သည်။

ဤလောကကြီးအတွင်း၌ အရာရာတိုင်းသည် မျှတပေ၏။မည်သည့်ပေးဆပ်မှုမျိုးမျှမရှိဘဲ ခွန်အားကို အတင်းအကြပ်မြှင့်တင်ရန်မှာ မဖြစ်နိုင်ချေ။

လုယွီသည် သိမ်းငှက်နက်နတ်ဘုရားနှင့်တိုက်ခိုက်ပြီးစဥ်ကတည်းက အပြင်းအထန်ဒဏ်ရာရရှိထားပြီးဖြစ်သည်။ယခုချိန်တွင် သူသည် နဂါးနက်သွေးမျက်ရည်ဆေးလုံးကို ဝါးမြို၍ ခွန်အားကိုအတင်းအကြပ်မြှင့်တင်ခဲ့သဖြင့် သူ၏ခန္ဓာကိုယ်မှ အတွင်းဒဏ်များ ပို၍ဆိုးရွားလာခဲ့သည်။

ယခုလက်ရှိချိန်တွင် လုယွီသည် ဒဏ်ရာဗရပွရရှိထားသည်ဟု ယူဆနိုင်ပေ၏။သူသည် အမှန်တကယ်ကိုပင် အလွန်အမင်းအားနည်းသော အခြေအနေမျိုးသို့ ရောက်ရှိသွားလေပြီ။

"ငါ ဒီဆေးလုံးကို ထပ်ပြီးအသုံးပြုလို့ မဖြစ်တော့ဘူး...တကယ်လို့ ငါက ခွန်အားကိုအတင်းအကြပ် ယာယီတိုးမြှင့်လိုက်မယ်ဆိုရင်...ငါ့ရဲ့အတွင်းဒဏ်ရာတွေပြန်ကောင်းဖို့နဲ့ ငါ နောက်ထပ်ကျင့်ကြံဆင့်နယ်ပယ် တက်လှမ်းနိုင်ဖို့ အချိန်အကြာကြီးယူရလိမ့်မယ်"

လုယွီက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။

ရှေးဟောင်းတာအိုအင်မော်တယ်များ၏ကျင့်ကြံမှုလမ်းကြောင်းသည် ယခင်ကတည်းက ခက်ခဲကြမ်းတမ်း၍ကြာရှည်သည်။ထိုကျင့်ကြံမှုလမ်းကြောင်းတွင် သူသည် စွမ်းအားများကို အဆက်မပြတ်နှင့် အချိန်ကြာမြင့်စွာစုဆောင်းနိုင်ရန် လိုအပ်ပေ၏။ထိုအချိန်မှသာ ကျင့်ကြံဆင့် ချိုးဖျက်နိုင်ပေမည်။

လုယွီ ရွေးချယ်ထားသည်မှာ ရှေးဟောင်းတာအိုကျင့်ကြံမှုလမ်းကြောင်းပင်။သူ၏ကျင့်ကြံဆင့်နယ်ပယ်တစ်ခုစီသည် ယခုလက်ရှိကျင့်ကြံဆင့်နယ်ပယ်တူများထက် များစွာပို၍အားကောင်းသော်လည်း လိုအပ်သောစိတ်ဝိညာဥ်စွမ်းအားပမာဏမှာ လွန်စွာကြီးမားသည်။

အကယ်၍ လုယွီသည် ပုံမှန်ထုံးတမ်းစဥ်လာအရ ကျင့်ကြံပါက နောက်ထပ်ကျင့်ကြံဆင့်နယ်ပယ်တစ်ခုသို့ ချိုးဖျက်ဝင်ရောက်နိုင်ရန် အချိန်များစွာ ကြာမြင့်ပေမည်။သူ နှစ်အနည်းခန့်ပင် အချိန်ယူ၍ ကျင့်ကြံရနိုင်သည်။

ထို့ပြင် ယခုလက်ရှိချိန်၌ လုယွီသည် တားမြစ်နည်းစနစ်များကို အဆက်မပြတ်အသုံးပြုခဲ့သဖြင့် ပြင်းထန်သောဒဏ်ရာများကို ခံစားရနေသည်။အကယ်၍ သူ ဆက်လက်၍ကျင့်ကြံလိုပါက သူ၏အတွင်းဒဏ်များကို ကုသနိုင်ရန် စိတ်ဝိညာဥ်စွမ်းအားများကို အသုံးပြုရပေမည်။ထို့ကြောင့် သူ ကျင့်ကြံဆင့်ချိုးဖျက်နိုင်ရန်အတွက် ပိုလျှံသောစိတ်ဝိညာဥ်စွမ်းအား ရှိတော့မည်မဟုတ်ချေ။

ပြောရမည်ဆိုလျှင် အကျိုးအမြတ်ကို ရရှိခဲ့သည့်အတွက် ဆုံးရှုံးနစ်နာမှုများလည်း ကြုံတွေ့ရသည့် သဘောပင်။

လုယွီသည် သူ၏ရန်သူများကိုရှင်းထုတ်နိုင်ခဲ့ကာ နတ်ဘုရားသွေးစက်ကို ရရှိခဲ့သည်။သို့ရာတွင် သူ၏ကျင့်ကြံဆင့်သည် အချိန်အတိုင်းအတာတစ်ခုထိ ရပ်တန့်သွားပေမည်။

"ငါက ဒီအခြေအနေကို အခွင့်ကောင်းယူပြီးတော့ ငါ့ရဲ့ကျင့်ကြံဆင့်ကို ပြန်ပြီးကျစ်လစ်သိပ်သည်းရမယ်...ရှဖုန်းကိုသတ်လိုက်တာက ရှကွေ့ကျုံးရဲ့လက်နှစ်ဖက်ကို ဖြတ်လိုက်တာနဲ့အတူတူပဲ...ဒီတစ်ကြိမ်တော့ ဒါက ထိုက်တန်ပါတယ်"

လုယွီက အချိန်တခဏကြာ စဥ်းစားတွေးတောပြီးနောက် နောက်ဆုံး၌ ဆုံးဖြတ်ချက်ချလိုက်၏။

သူသည် သူ့ရှေ့ရှိလေဟာနယ်သင်္ဘောကို တစ်ချက်ကြည့်လိုက်သည်။ထိုအရာသည် လေထုအတွင်း၌ အထိန်းအကွပ်မဲ့စွာ မျောလွင့်နေဆဲပင်။

လေဟာနယ်သင်္ဘောပျံပေါ်တွင် အစောင့်များသည် သတိလစ်မေ့မျောကာ ကုန်းပတ်ပေါ်၌ လဲကျနေဆဲဖြစ်သည်။

လုယွီ ထုတ်ဖော်အသုံးပြုလိုက်သော နတ်ဘုရားနဂါးဟိန်းသံသည် သူတို့၏စိတ်ဝိညာဥ်များကို လုံးလုံးလျားလျား အံ့အားသင့်တုန်လှုပ်သွားစေသည်။

ထိုလူများ၏စိတ်ဝိညာဥ်သည် တုန်လှုပ်ချောက်ချားသွားသဖြင့် သူတို့သည် အချိန်အတော်ကြာသည်အထိ သတိပြန်ရလာမည်မဟုတ်ချေ။

"မဟုတ်ဘူး...တစ်ခုခုတော့မှားနေတယ်...သူက တော်ဝင်စစ်ရေးဌာနရဲ့လက်ထောက်အမတ်ကြီးဖြစ်ပြီးတော့ နန်းတွင်းမှာ မြင့်မားတဲ့အဆင့်အတန်းရှိတယ်...သူ ခုလိုမျိုး ခိုးထွက်ရတဲ့အထိ အရေးပါတဲ့ကိစ္စတစ်ခုခုတော့ ရှိနေရမယ်"

လုယွီက မျက်မှောင်ကြုတ်လိုက်၏။

ရှဖုန်း၏လှုပ်ရှားမှုများသည် အမှန်တကယ်ကိုပင် ပုံမှန်မဟုတ်ချေ။

သာမာန်အားဖြင့် သူတို့ကဲ့သို့ ထိပ်တန်းမိသားစုဝင်များသည် လူအများအာရုံစိုက်မှုမျိုးမှ ရှောင်လွှဲနိုင်ရန် ယခုကဲ့သို့ သိုသိုသိပ်သိပ်လှုပ်ရှားသည့် ကိစ္စမျိုးမှာ အလွန်ရှားပါးသည်။

ဖေးထျန်ကွမ်းသည် သူလျှိုများစေလွှက်၍ ထိုကိစ္စကို စုံစမ်းစေခဲ့သည်။သူသည် ရှဖုန်း တော်ဝင်မြို့တော်မှ တိတ်တဆိတ်ထွက်ခွာသွားသည်ကို သတင်းရရှိခဲ့သော်လည်း မည်သည့်အရာအား ပြုလုပ်ရန်အတွက်ဟု မသိရှိချေ။

"တကယ့်ပြဿနာအရင်းအမြစ်က ဒီသင်္ဘောပေါ်မှာပဲ ရှိရမယ်"

လုယွီ၏မျက်လုံးအကြည့်က ထိုလေဟာနယ်သင်္ဘောပေါ်သို့ ကျရောက်သွားသည်။

ထိုလေဟာနယ်သင်္ဘောပေါ်တွင် ရှဖုန်းအပါအဝင် လူဆယ့်ငါးယောက်သာ ရှိနေသည်။

ထိုလူများအကြားတွင် လူဆယ့်လေးယောက်သည် လောကီအင်မော်တယ်နယ်ပယ်ကျင့်ကြံဆင့်သာရှိသော အစောင့်များပင်။

ထိုကဲ့သို့အင်အားအစုအဖွဲ့သည် ထိပ်တန်းအဆင့်ဟုမဆိုနိုင်သော်လည်း ကောင်းကင်ဘုံနယ်မြေအတွင်း၌ အတော်အသင့်အစွမ်းထက်သောအင်အားမျိုးဖြစ်သည်။

လုယွီ ကောင်းကင်ဘုံနယ်မြေသို့ ပထမဆုံးရောက်ရှိစဥ်တွင် ရှေးဟောင်းဖုန်မှုန့်ကြယ်ကြီးပေါ်၌ နေထိုင်ခဲ့ရသည်။ထိုကြယ်နယ်မြေတစ်ခုလုံးပေါ်တွင် လောကီအင်မော်တယ်နယ်ပယ်ကျင့်ကြံသူဟူ၍ သုံး လေးယောက်သာ ရှိပေ၏။ထို့ကြောင့် သာမာန်လေဟာနယ်ဓားပြများသည် လောကီအင်မော်တယ်ကျင့်ကြံသူဆယ့်လေးယောက်ရှိနေသော လေဟာနယ်သင်္ဘောကို ထိတွေ့ဝံ့မည်မဟုတ်ချေ။အင်အားကြီးမားသော လေဟာနယ်ဓားပြတချို့ပင်လျှင် လေဟာနယ်သင်္ဘောငယ်တစ်စီးအတွက်ဖြင့် ထိုအင်အားအစုအဖွဲ့ကို တိုက်ခိုက်မည်မဟုတ်ပေ။

လုယွီက နတ်ဘုရားစိတ်အာရုံကိုအသုံးပြု၍ သင်္ဘောတစ်စီးလုံးကို စစ်ဆေးလိုက်သည်။

Chapter 2757

ရုတ်ချည်းဆိုသလိုပင် သင်္ဘော၏ဖွဲ့စည်းတည်ဆောက်ပုံအားလုံး လုယွီ၏မျက်လုံးအတွင်း၌ ထွက်ပေါ်လာသည်။

စားပွဲများ ထိုင်ခုံများစသည့် သာမာန်ပရိဘောဂများမှအစ အရာအားလုံး လုယွီ၏အမြင်အာရုံအောက်သို့ ကျရောက်လာပေ၏။

အင်မော်တယ်ကျောက်တုံးများအပြည့်ထည့်ထားသော သေတ္တာအနည်းငယ်ကို ဖုံးကွယ်ထားသည့် နေရာတချို့မှလွဲ၍ တခြားသာမာန်လေဟာနယ်သင်္ဘောများအတိုင်း အရာအားလုံး ပုံမှန်အတိုင်းပင်။

"တစ်ခုခုတော့ မဟုတ်သေးဘူး...ဒီနေရာက တစ် ခုခုတော့မှားနေတယ်"

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

ရှမိသားစုထံတွင် မည်သည့်နည်းနှင့်မျှ ငွေကြေးပြတ်လပ်ခြင်းမရှိနိုင်ချေ။

တာယွီအင်ပါယာတွင် ချမ်းသာကြွယ်ဝဆုံးမိသားစုတစ်စုဖြစ်သည့် ရှမိသားစုထံတွင် ငွေကြေးချို့တဲ့မှုမရှိပေ။

ဤသေတ္တာများအတွင်းတွင် အင်မော်တယ်ကျောက်တုံးများအပြည့်ရှိနေသော်လည်း ထိုအရာများအတွက်ဖြင့် ရှဖုန်းကိုယ်တိုင် လိုက်ပါလာရန် မလိုအပ်ချေ။

အမှန်အားဖြင့် ထိုအင်မော်တယ်ကျောက်တုံးပမာဏသည် ရှဖုန်း ညစာစားပွဲတစ်ပွဲ ကျင်းပရာ၌ ကုန်ကျသည့်စရိတ်စကထက်ပင် နည်းပါးနေသည်။

သူသည် တခြားသူများ၏နား မျက်စေ့များကိုရှောင်ရှား၍ ကိုယ်တိုင်ကိုယ်ကျထွက်လာရသော အကြောင်းအရင်းတစ်ခု သေချာပေါက်ရှိနေရပေမည်။

"အတွင်းခန်းထဲမှာ ဘာပြဿနာမှမရှိဘူး...ဒါဆိုရင်...အမ်..."

လုယွီက ရုတ်တရက် ထူးဆန်းသောနေရာတစ်ခုကို သတိပြုမိသွားသည်။

အစောပိုင်းက သူသည် သင်္ဘောအတွင်းခန်းကိုသာ စူးစမ်းစစ်ဆေးနေသော်လည်း သူ့ရှေ့ရှိအရာများကို အမှတ်တမဲ့သာကြည့်ခဲ့မိသည်။

အစောင့်ဆယ့်လေးယောက်တွင် ဆယ့်သုံးယောက်သည် ကုန်းပတ်ပေါ်တွင်ရှိနေပြီး တစ်ယောက်သည် သင်္ဘောအတွင်းခန်းအတွင်း၌ ထိုင်နေသည်။

ဤလူသည် ရှဖုန်း၏သစ္စာရှိလူယုံ ဟုတ် မဟုတ် သူ မသိရှိသော်လည်း သူတစ်ယောက်တည်းသာ သင်္ဘောအတွင်းခန်းတွင် ရှိနေသဖြင့် သူသည် အထူးသီးသန့်တာဝန်တစ်ခုကို ယူဆောင်ထားရသူ ဖြစ်နေနိုင်သည်။

လုယွီက ထိုအစောင့်ကို တစ်ချက်ကြည့်လိုက်၏။ထိုလူ၏သိုလှောင်အိတ်အတွင်း၌ အင်မော်တယ်ကျောက်တုံးတချို့နှင့်မှော်လက်နက်အကျိုးအပဲ့များသာရှိနေသည်။ထိုအရာအတွင်း၌ မည်သည့်အဖိုးတန်ပစ္စည်းမျှရှိမနေချေ။

ရုတ်တရက် လုယွီ၏အကြည့်က ထိုအစောင့်၏ဆေဘာဓားပေါ်သို့ ကျရောက်သွားသည်။

ဤသည်က အဆင့်မြင့်အဆင့်မှော်လက်နက်ဖြစ်သော သာမာန်ဆေဘာဓားတစ်လက်ပင်။ထိုမှော်လက်နက်၏အရည်အသွေးသည် အလွန်ကောင်းမွန်ခြင်းမရှိသော်လည်း အကြမ်းခံနိုင်သည့်အရာမျိုးဟု ဆိုနိုင်ပေ၏။

"ဘယ်လိုလုပ်ပြီးတော့ သာမာန်ဆေဘာဓားတစ်လက်မှာ လေဟာနယ်စွမ်းအင်လှုပ်ခတ်မှုတွေရှိနေတာလဲ"

လုယွီက ထိုဆေဘာဓားနှင့်ပတ်သတ်၍ မှားယွင်းမှုတစ်ခုခုရှိနေကြောင်း အတည်ပြုနိုင်ခဲ့သည်။

ထိုလေဟာနယ်စွမ်းအင်လှုပ်ခတ်မှုလှိုင်းများသည် သိသာထင်ရှားခြင်းမရှိချေ။ရွှယ်အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနေသော ကျင့်ကြံသူများသာလျှင် ထိုစွမ်းအင်လှုပ်ခတ်မှုကို ဝိုးတဝါးအာရုံခံနိုင်ပေမည်။

လုယွီက သူ၏လက်ကိုဆန့်ထုတ်လိုက်ရာ ဓားအိမ်အတွင်းမှ ဆေဘာဓားရှည်သည် ပျံဝဲထွက်လာပြီး သူ၏လက်အတွင်းသို့ ရောက်ရှိလာပေ၏။

သူသည် ထိုဆေဘာဓားကို သာမာန်ကာလျှံကာကြည့်လိုက်ရာ အမှန်တကယ်ကိုပင် ထိန်းညှိပြင်ဆင်ထားခြင်းရှိနေကြောင်း ရှာဖွေတွေ့ရှိမိသည်။

သူ၏လက်ချောင်းဖြင့် အနည်းငယ်တောက်ကြည့်လိုက်ရာ ထိုဆေဘာဓားရှည်မှနေ၍ ခပ်ဖျော့ဖျော့တုန်ခါသံတစ်သံ ထွက်ပေါ်လာသည်။

"အမ်....ဒီဆေဘာဓားကို ကြယ်ပျံသတ္ထုနဲ့သွန်းလုပ်ထားပုံပဲ"

လုယွီ၏မျက်ခုံး မြင့်တက်သွားပေ၏။

ရုတ်ချည်းဆိုသလိုပင် လုယွီ၏စိတ်ဝိညာဥ်မှစွမ်းအားက ထိုဓားရှည်အတွင်းသို့ ကျရောက်သွားသည်။

ဤအချိန်အခိုက်အတန့်တွင် လုယွီ၏ရှေ့၌ မရေတွက်နိုင်သောသံကြိုးကြီးများ ထွက်ပေါ်လာကာ ဓားရှည်၏ဓားသွားကို တင်းတင်းကြပ်ကြပ် ရစ်ပတ်ချည်နှောင်လိုက်သည်။

ဤသည်က သူ၏စိတ်ဆန္ဒဖြင့်ဖန်တီးထားသော ပုံရိပ်ယောင်သံကြိုးကြီးများပင်။ဆေဘာဓားရှည်၏ဓားသွားပေါ်တွင် အနက်ရောင်အမှတ်အသားတစ်ခုရှိနေသည်။

ထိုအမှတ်အသားပေါ်မှနေ၍ အေးစိမ့်သော အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်နေလေ၏။

ဤှသည်က တခြားသူများကို တားမြစ်ကန့်သတ်ရန် အထူးသီးသန့်ခတ်နှိပ်ထားသော နတ်ဘုရားစိတ်အာရုံအမှတ်အသားပင်။အကယ်၍ တစ်စုံတစ်ယောက်သည် အတွင်းရှိအရာများကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုပါက ထိုအမှတ်အသားကို ချိုးဖျက်ရပေမည်။ထိုသို့မဟုတ်ပါက ထိုလူသည် အမှတ်အသား၏တိုက်ခိုက်ခြင်းကို ခံရပေလိမ့်မည်။

ယေဘုယျကျကျပြောဆိုရလျှင် ဤကဲ့သို့အမှတ်အသားမျိုးကို အလွန်အဖိုးတန်ရှားပါးသော သိုလှောင်အိတ်မျိုးတွင်သာ ခတ်နှိပ်လေ့ရှိသည်။

"ဟမ့်...တားမြစ်အမှတ်အသားတစ်ခုက ငါ့ကိုဟန့်တားနိုင်မှာလား"

ထိုအရာအတွင်းတွင် လျှို့ဝှက်ချက်တစ်ခုရှိနေမည်ဟု လုယွီက တွေးတောထားပြီးဖြစ်သည်။အတွေးတစ်ချက်နှင့်အတူ သူ၏စိတ်ဝိညာဥ်မှစွမ်းအားသည် တားမြစ်အမှတ်အသားထံတိုးဝင်သွားလေ၏။

ဟုန်း....

တစ်စုံတစ်ယောက်သည် တားမြစ်ကန့်သတ်ချက်ကို ချိုးဖျက်ရန် ကြိုးစားသည်ကို အာရုံခံမိပုံဖြင့် တားမြစ်အမှတ်အသား လင်းလက်တောက်ပသွားသည်။စိတ်အခြေအနေသုံးမျိုးရှိသော ဦးခေါင်းပြတ်သုံးလုံးသည် ထိုတားမြစ်အမှတ်အသားမှ တိုးထွက်လာကာ အသံသေးအသံကြောင်ဖြင့် ရယ်မောလိုက်ကြသည်။

"ဟီး ဟီး ဟီး....ဂျီး ဂျီး ဂျီး...."

ထိုအသံသေးအသံကြောင်ရယ်မောသံကြီးသည် အကောင်အထည်ရှိသောအရာများအလား လူအများ၏စိတ်အတွင်းသို့တိုးဝင်ကာ တစ်ဖက်လူ၏စိတ်ဆန္ဒကို ဖျက်ဆီးရန် ကြိုးပမ်းနေကြသည်။

Chapter 2758

ဤတားမြစ်အမှတ်အသားသည် အလွန်အမင်း ရက်စက်ကြမ်းကြုတ်ပေ၏။

တားမြစ်အမှတ်အသားကို ချိုးဖျက်ရန်ကြိုးစားသည့် တစ်စုံတစ်ယောက်သည် အကယ်၍ သတိလက်လွတ်နေမိပါက သူ၏စိတ်အတွင်းသို့ ထိုသရဲတစ္ဆေများ ကျူးကျော်ဝင်ရောက်လာပေမည်။နောက်ဆုံးတွင် ထိုသရဲတစ္ဆေများသည် သူ၏အသိစိတ်ကိုသိမ်းပိုက်သွားကာ ရုပ်သေးရုပ်တစ်ရုပ် ဖြစ်လာပေလိမ့်မည်။

"သတ်...သတ်...သတ်..."

အက်ရှရှအသံများက လုယွီ၏စိတ်အတွင်း၌ ထွက်ပေါ်လာသည်။

ဤသည်က ထိုသရဲတစ္ဆေစိတ်ဝိညာဥ်များ သူ၏အသိစိတ်အာရုံအတွင်း၌ စူးရှစွာအော်ဟစ်နေခြင်းပင်။သူတို့သည် လုယွီ၏စိတ်ဝိညာဥ်ကို သတ်ဖြတ်ရန်သာသိတော့သော ရုပ်သေးတစ်ရုပ်အဖြစ် ပြောင်းလဲလိုခြင်းဖြစ်သည်။

လုယွီက အေးစက်စက်လေသံဖြင့် အော်ငေါက်လိုက်၏။

"နတ်ဆိုးလမ်းကြောင်းက ယုတ်ညံတဲ့ကောင်တွေ...အခုချက်ချင်း ပျက်ပြယ်သွားစမ်း"

လုယွီ၏စိတ်အတွင်း၌ အင်မော်တယ်များ၏ပုံရိပ် အမြောက်အများထွက်ပေါ်လာသည်။ထို့နောက် သူ၏ခန္ဓာကိုယ်အတွင်း၌ အင်မော်တယ်စွမ်းအားများ လှည့်ပတ်စီးဆင်းနေသဖြင့် တောက်ပပြီးမြင့်မြတ်သောအရှိန်အဝါမျိုး သူ၏နံဘေးပတ်လည်မှ ထွက်ပေါ်နေသည်။

လုယွီထံသို့ တိုးဝင်လာသော သရဲတစ္ဆေများ၏သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများသည် ကြီးမားကျယ်ပြန့်သော အင်မော်တယ်စွမ်းအားများကြောင့် ချက်ချင်းဆိုသလို ပျက်ပြယ်သွားတော့သည်။ထိုအရာများသည် လုယွီကို အနည်းငယ်မျှပင် သက်ရောက်စေခြင်းမရှိချေ။

လုယွီ၏စိတ်ဆန္ဒသည် အလွန်အမင်း ခိုင်မာပေ၏။ထိုကဲ့သို့ လှည့်စားမှုလေးမျှဖြင့် သူ၏စိတ်ဆန္ဒကို လွှမ်းမိုးနိုင်မည်မဟုတ်ပေ။

လုယွီ၏စိတ်ဝိညာဥ်မှစွမ်းအားများ အနည်းငယ်လှုပ်ရှားသွားခြင်းနှင့်အတူ နဂါးတစ်ကောင်၏ပုံရိပ်က ဓားရှည်ထံသို့ တိုးဝင်သွားသည်။ထိုနဂါးပုံရိပ်ယောင်ကြီးသည် လက်သည်းကိုဆန့်ထုတ်၍ ဓားရှည်ပေါ်မှ တားမြစ်အမှတ်အသားကို ဖယ်ရှားလိုက်သည်။

လုယွီ၏နတ်ဘုရားစိတ်အာရုံသည် ထိုဓားရှည်အတွင်းသို့ တန်းတန်းမတ်မတ် တိုးဝင်သွားလေ၏။

ဤနေရာသည် တခြားကမ္ဘာလောကတစ်ခုဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။

ဤသည်က ဓားရှည်တစ်လက်ကဲ့သို့ ပုံပန်းသွင်ပြင်ရှိသော်လည်း ကွဲပြားခြားနားသော ကမ္ဘာလောကတစ်ခုကဲ့သို့ လုံးလုံးလျားလျား ပြောင်းလဲသွားကာ သိုလှောင်အိတ်တစ်ခုကဲ့သို့ ဖြစ်သွားသည်။

ဤနေရာတွင် ကျောင်းတော်တစ်ခု၏ခြံဝန်းအရွယ်အစားရှိသော လေဟာနယ်နယ်မြေကြီးရှိနေသည်။

ထိုလေဟာနယ်နယ်မြေအတွင်း၌ ထောင်သောင်းချီသောစိတ်ဝိညာဥ်များ ရှိနေပေ၏။

ထိုစိတ်ဝိညာဥ်တစ်ကောင်ချင်းစီထံတွင် လောကီအင်မော်တယ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်၏အရှိန်အဝါမျိုးရှိသည်။ထိုစိတ်ဝိညာဥ်များထံမှ အစွမ်းထက်သောမှော်စွမ်းအားများက ပတ်ဝန်းကျင်အဘက်ဘက်သို့ ပျံ့နှံ့နေလေ၏။

ဤနေရာရှိစိတ်ဝိညာဥ်များသည် ဝက်ဝံများ ရေနဂါးများ ဝံပုလွေများ ကျားများ ကျားသစ်များအစရှိသဖြင့် မှော်သားရဲများ၏စိတ်ဝိညာဥ်များပင်။

ထိုနတ်ဆိုးသားရဲများ၏စိတ်ဝိညာဥ်များသည် အသိစိတ်ဖျက်ဆီးခံထားရသဖြင့် တွေဝေမိန်းမောသောအမူအယာများဖြင့် လေထုအတွင်း၌မျောလွင့်နေကာ မလှုပ်မယှက်ရှိနေကြသည်။

"ဒီလောက်များတဲ့စိတ်ဝိညာဥ်တွေကို သူ ဘယ်ကနေ ရခဲ့ပါလိမ့်"

လုယွီက ထိတ်လန့်တုန်လှုပ်သွားသည်။

အကယ်၍ သူသည် ထိုကဲ့သို့အဆင့်သားရဲတစ်ကောင်၏စိတ်ဝိညာဥ်ကို အလိုရှိပါက ထိုသားရဲကို တခဏချင်းသတ်ဖြတ်ကာ စိတ်ဝိညာဥ်ကို ဆွဲထုတ်ရပေမည်။

ထို့နောက်မှနေ၍ သူသည် အထူးသီးသန့်မှော်မန္တန်များကို အသုံးပြု၍ ထိုစိတ်ဝိညာဥ်၏အသိစိတ်ကို ပယ်ဖျက်ပြီးမှသာ ဤကဲ့သို့အခြေအနေမျိုး ရရှိနိုင်သည်။

ထိုစိတ်ဝိညာဥ်ထံတွင် အသက်ရှင်သန်နေစဥ်ကရှိခဲ့သော အရှိန်အဝါမျိုးနှင့်ကျင့်ကြံနည်းစနစ်များလည်း ဆက်လက်၍ကျန်ရှိနေပေမည်။

အကယ်၍ လူသားတစ်ယောက်သည် ထိုစိတ်ဝိညာဥ်များကိုသန့်စင်၍ ကျင့်ကြံပါက နတ်ဆိုးသားရဲ၏အမွေအနှစ်ကို ဆက်ခံနိုင်သည့်အပြင် သူ၏ခွန်အားသည်လည်း အကြီးအကျယ် မြင့်တက်လာပေလိမ့်မည်။

သို့ရာတွင် ထိုကဲ့သို့ပြုလုပ်ခြင်းကြောင့် ဆိုးကျိုးများရှိလာနိုင်သည်။

တချို့ကျင့်ကြံသူများသည် နတ်ဆိုးသားရဲဝိညာဥ်များနှင့်ပေါင်းစပ်၍ သူနှင့်ကျင့်ကြံဆင့်နယ်ပယ်တူများကို ဖိနှိပ်နိုင်ပေ၏။သို့ရာတွင် ထိုအချိန်မှစ၍ သူတို့သည် သူတို့သန့်စင်ထားသော နတ်ဆိုးသားရဲများနှင့်အမျိုးအစားတူညီသည့် ကျင့်ကြံနည်းစနစ်များကိုသာ ကျင့်ကြံနိုင်ပေတော့မည်။သူတို့သည် တခြားကျင့်ကြံနည်းစနစ်များကို ကျင့်ကြံပါက သဟဇာတဖြစ်တော့မည်မဟုတ်ချေ။ထို့ထက်ပို၍ ဆိုးရွားသောအချက်မှာ သူတို့သည် မှော်စွမ်းအားများ ဖောက်လွဲဖောက်ပြန်ဖြစ်ခြင်းကို ကြုံတွေ့ရနိုင်ခြင်းပင်။သူတို့၏ကျင့်ကြံမှုများအားလုံးပျက်စီးကာ မသန်မစွမ်းဘဝသို့ပင် ရောက်ရှိသွားနိုင်သည်။

ပြောရမည်ဆိုလျှင် တစ်စုံတစ်ခုသောအကျိုးရရှိရန်အတွက် တစ်စုံတစ်ခုကို စွန့်လွှတ်ရခြင်းပင်။ကျင့်ကြံသူအများစုသည် ဤကဲ့သို့အစွန်းရောက်သောနည်းလမ်းမျိုးကို အသုံးမပြုကြချေ။ထိုနည်းလမ်းသည် သူတို့၏ကျင့်ကြံမှုကို အချိန်တိုအတွင်း၌ အဆများစွာခုန်ပျံကျော်လွှား၍ မြင့်တက်သွားစေနိုင်သော်လည်း အနာဂတ်တွင် အကန့်အသတ်မရှိသော ဆိုးကျိုးများကို ဖြစ်ပွားစေနိုင်သည်။

အင်အားစုကြီးတချို့မှ အသေခံကျင့်ကြံသူများသာလျှင် ဤကဲ့သို့နည်းလမ်းမျိုးကို အသုံးပြုကြသည်။

ထောင်သောင်းချီသော အသေခံစစ်သားများဖြင့် စုဖွဲ့ထားသော အင်အားစုတစ်စုသည် မည်သည့်နေရာတွင်မဆို အားနည်းသည်ဟု မဆိုနိုင်ချေ။

အမှန်အားဖြင့် ထိုလေဟာနယ်နယ်မြေ၏အလယ်ဗဟိုတွင် ပို၍အစွမ်းထက်သော စိတ်ဝိညာဥ်များရှိနေသည်ကို လုယွီက မြင်တွေ့ထားပြီးလေပြီ။

ထိုစိတ်ဝိညာဥ်များထံမှနေ၍ ပို၍တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေသည်။

ထိုစိတ်ဝိညာဥ်များသည် မြေကမ္ဘာအင်မော်တယ်များပင်။

သူတို့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါများအရ သူတို့သည် အသက်ရှင်သန်နေစဥ်အတွင်း၌ မည်မျှထိအစွမ်းထက်ခဲ့သည်ကို ပြသနေပေ၏။

သို့ရာတွင် ဤကဲ့သို့အစွမ်းထက်သော တည်ရှိမှုကြီးများသည် သေဆုံးသွားရကာ တခြားသူများ ကျင့်ကြံနိုင်ရန် အသိစိတ်မရှိတော့သော စိတ်ဝိညာဥ်များအဖြစ် ပြောင်းလဲသွားမည်ဟု မည်သူမျှ မျှော်လင့်ထားမိမည်မဟုတ်ချေ။

"အဲ့ဒီ နတ်ဆိုးသားရဲတွေက တစ်ချိန်တည်းအသတ်ခံရပြီးတော့ သူတို့ရဲ့စိတ်ဝိညာဥ်တွေကိုလည်း တစ်ချိန်တည်းဆွဲထုတ်ခံထားရတာ...ဒါက အရမ်းကိုရက်စက်ကြမ်းကြုတ်တဲ့ နည်းစနစ်တစ်ခုပဲ"

လုယွီက သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

Chapter 2759

ထိုစိတ်ဝိညာဥ်များကိုဖြတ်သန်းပြီးနောက် လုယွီက တခြားလေဟာနယ်ကွက်လပ်တစ်ခုထံသို့ ရောက်ရှိသွားသည်။

ဤနေရာတွင် သံချပ်ကာများနှင့်မှော်လက်နက် အမြောက်အများရှိနေသည်။လုယွီက ထိုအရာများကိုစစ်ဆေးကြည့်လိုက်ရာ တာယွီတော်ဝင်နန်းတွင်းမှနေ၍ နယ်စပ်မှစစ်တပ်များအတွက် ထုတ်ပေးထားသည့် စံအဆင့်မှော်လက်နက်များဖြစ်နေကြောင်း တွေ့ရှိလိုက်ရ၏။

ထောင့်တစ်နေရာတွင် စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်များ နှင့် တိုက်ပွဲအလံများ စစ်ရထားများလည်းရှိနေသည်။

ဤသည်က ပြီးပြည့်စုံသောစစ်တပ်တစ်ခု ဖြစ်လုနီးပါးပင်။ထိုအရာများနှင့်ဆိုပါက လောကီအင်မော်တယ်များဖြင့် ဖွဲ့စည်းထားသော လက်ရွေးစင်စစ်တပ်တစ်တပ်ကို အချိန်မရွေးဖွဲ့စည်းနိုင်ပေမည်။

ရှဖုန်းသည် ပုန်းလျှိုးကွယ်လျှိုးလှုပ်ရှားနေသည်မှာ အမှန်အားဖြင့် ဤပစ္စည်းများကို အလိုရှိနေသောကြောင့်ပင်။

ဤကိစ္စသည် ရိုးရှင်းမည်ဟု လုယွီက ယုံကြည်လက်ခံခြင်းမရှိချေ။တော်ဝင်စစ်ရေးဌာန၏လက်ထောက်အမတ်ကြီးဖြစ်သော ရှဖုန်းထံတွင် အတိုင်းအတာတစ်ခုထိ အခွင့်အာဏာရှိသည်။ဤပစ္စည်းများကိုစုဆောင်းရန်မှာ သူ့အတွက် အခက်အခဲမရှိနိုင်ချေ။

ထို့ပြင် အကယ်၍ သူသည် ထိုပစ္စည်းများကိုအလိုရှိပါက ပြောင်ပြောင်တင်းတင်းဖြင့် ပွင့်လင်းမြင်သာစွာ လှုပ်ရှားနိုင်သည်။ယခုကဲ့သို့ ပုန်းလျှိုးကွယ်လျှိုးလုပ်နေရန် မလိုအပ်ချေ။

ဖြစ်နိုင်ချေရှိသည့် တစ်ခုတည်းသောအချက်မှာ ရှဖုန်းသည် တော်ဝင်စုံစမ်းစစ်ဆေးရေးမှူးများ၏ နား မျက်စေ့များကို ရှောင်ရှား၍ တခြားသူများကို ဤပစ္စည်းများအကြောင်း မသိစေလိုခြင်းပင်။

လုယွီက ရှေ့သို့ဆက်လက်၍လျှောက်လှမ်းလိုက်ရာ ပတ်ဝန်းကျင်ရှိ သံချပ်ကာများနှင့်မှော်လက်နက်များ၏ အရည်အသွေးများ ပို၍မြင့်မားလာသည်ကို တွေ့မြင်မိလေ၏။

ထိုနေရာတွင် သွေးများစွန်းထင်းနေဆဲဖြစ်သော သံချပ်ကာတစ်စုံပင်ရှိနေသည်။ထိုသံချပ်ကာ၏အပေါ်ရှိ အမှတ်အသားသင်္ကေတများမှနေ၍ တောက်ပသောအလင်းရောင်များ ဖြာထွက်နေဆဲပင်။

ဤသည်က ထိခိုက်ပျက်စီးနေသော သံချပ်ကာတစ်စုံဖြစ်သည်။ထိုသံချပ်ကာ၏မျက်နှာပြင်ပေါ်တွင် ခြစ်ရာရှရာများနှင့်အက်ကွဲရာများ ရှိနေသည်။

သို့ရာတွင် ထိုသံချပ်ကာ၌ နဂိုမူလ ခမ်းနားတောက်ပမှုမျိုး ရှိနေဆဲပင်။ထိုအရာ၏မျက်နှာပြင်သည် အလွန်မာကျောကာ ထိပ်တန်းအဆင့်မှော်လက်နက်များ မှော်နည်းစနစ်များ၏တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိပေ၏။

"တကယ်လို့ ငါသာ ဒီသံချပ်ကာကိုဝတ်လိုက်ရင် ငါ ဘာမှမလုပ်ရင်တောင် မြေကမ္ဘာအင်မော်တယ်တစ်ယောက်ရဲ့တိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မယ်...ဒါပေမယ့် ဒီသံချပ်ကာရဲ့ပုံသဏ္ဍာန်က ငါ အရင်က မြင်ဖူးနေကျဟာတွေနဲ့မတူဘူး"

လုယွီက ရုတ်တရက် ထိုသံချပ်ကာ၏ပခုံးနေရာတွင် ရေးထွင်းထားသည့် သေးငယ်သောစာလုံးများကို သတိပြုမိသွားသည်။

'ထန်အင်ပါယာ၏တော်ဝင်စစ်လက်နက်ပစ္စည်းတပ်ဆင်ရေးဌာနမှ ထုတ်လုပ်သည်'

ဤသည်က ထန်အင်ပါယာမှသွန်းလုပ်ထားသော သံချပ်ကာဝတ်စုံပင်။

"ဖြစ်နိုင်တာတော့ ရှဖုန်းက ထန်အင်ပါယာနဲ့ ပူးပေါင်းနေတာများလား"

လုယွီက ရုတ်တရက် ထိုဖြစ်နိုင်ချေကို တွေးတောမိသွားလေ၏။

လုယွီသည် ဆက်လက်၍ရှာဖွေလိုက်ရာ တော်ဝင်မြို့တော်ရှိ ဝင်္ကပါတချို့၏အချက်အလက်များနှင့်မြေပုံများကို တွေ့မြင်မိသည်။

ဤပစ္စည်းများကို တော်ဝင်နန်းတွင်း၏လျှို့ဝှက်ချက်များဟု ဆိုနိုင်သည်။ရှဖုန်းထံတွင် ထိုအရာများရှိနေသည်မှာ မထူးဆန်းသော်လည်း ပြင်ပသို့ထုတ်ယူလာသည်မှာ သွေးရိုးသားရိုးမဖြစ်နိုင်ချေ။

ထောင့်တစ်နေရာတွင် တော်ဝင်အမိန့်စာလွှာအလွတ်များနှင့်အရာရှိစည်းတံဆိပ်တချို့ ရှိနေသည်ကိုလည်း လုယွီက တွေ့မြင်မိလေ၏။

ဤအရာများကို လုယွီသည် မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေအတွင်းရှိ ချီလင်စစ်တပ်၏ခေါင်းဆောင်တပ်မှူးထံတွင် တွေ့မြင်ခဲ့ရပြီးဖြစ်သည်။

အကယ်၍ တော်ဝင်နန်းတွင်ကသာ ဤအရာများကို ရှာဖွေတွေ့ရှိသွားပါက ရှဖုန်း မည်ကဲ့သို့ရှင်းပြသည်ဖြစ်စေ ရန်သူအင်ပါယာနှင့်ပူးပေါင်းခဲ့သည့် ရာဇဝတ်မှုကြီးကို ရှောင်လွှဲနိုင်မည်မဟုတ်ချေ။အကယ်၍ သူ၏နောက်တွင် ရှမိသားစု၏ကူညီထောက်ပံမှု ရှိနေလျှင်ပင် သူသည် ထောင်နှင့်ချီသောလူများ၏ပြစ်တင်ရှုတ်ချခြင်းကို ခံရပေမည်။ထိုအချိန်ကျပါက သူသည် တော်ဝင်စစ်ရေးဌာန၏လက်ထောက်အမတ်ကြီးရာထူး၌ ဆက်လက်၍ရှိမနေတော့မည်မှာ သေချာပေါက်ပင်။

"ရှမိသားစုက တကယ့်ကိုပဲ ထန်အင်ပါယာဘက်ကို ရောက်သွားပြီလား...အခုချိန်မှာ တာယွီအင်ပါယာရဲ့အတွင်းရောအပြင်ပါ လောက်ကောင်တွေနဲ့ ပြည့်နေတာပဲ"

လုယွီ၏မျက်လုံးအတွင်း၌ ခပ်ဖျော့ဖျော့အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။

တော်ဝင်မြို့တော်အတွင်းရှိ ထိပ်သီးမိသားစုကြီးရှစ်စုအနက်မှ တစ်စုဖြစ်သော ရှမိသားစုသည် တာယွီအင်ပါယာတစ်ခုလုံး၏ ငွေကြေးစီးဆင်းမှုကို ထိန်းချုပ်ထားသည်။

တော်ဝင်နန်းတွင်းမှပိုင်ဆိုင်သော စိတ်ဝိညာဥ်ကျောက်တုံးမိုင်းတွင်းများသည်ပင် ရှမိသားစုလောက်များပြားခြင်းမရှိချေ။ဤသည်က ရှမိသားစု မည်မျှချမ်းသာကြွယ်ဝသည်ကို ပြသရန် လုံလောက်ပေ၏။

ထိုကဲ့သို့သော ထိပ်တန်းမိသားစုကြီးတစ်စုကသာ ပုန်ကန်ပါက တော်ဝင်နန်းတွင်းအတွက် ဘေးကပ်ဆိုးကြီးတစ်ခု ဖြစ်သွားပေမည်။

တခြားအရာများကို ဘေးဖယ်ထားလျှင်ပင် အကယ်၍ ရှမိသားစုမှထောက်ပံထားသော ငွေတိုက်များကို ပိတ်လိုက်ပါက တော်ဝင်နန်းတွင်းမှ ထုတ်ဝေထားသော ငွေလက်မှတ်များအားလုံး အသုံးဝင်တော့မည်မဟုတ်ချေ။

ထိုအချိန်ကျပါက တော်ဝင်နန်းတွင်း၏နာမည်ဂုဏ်သတင်း အဆုံးစွန်ဆုံးအခြေအနေထိ ထိုးကျသွားကာ ဆူပူအုံကြွမှုများက နေရာအနှံ့အပြား၌ ဖြစ်ပေါ်လာပေမည်။

ကျင့်ကြံသူများအတွက် စိတ်ဝိညာဥ်ကျောက်တုံးများသည် အခြေခံအုတ်မြစ်ပင်။

စိတ်ဝိညာဥ်ကျောက်တုံးများမရှိဘဲနှင့် ကျင့်ကြံသူများသည် ကျင့်ကြံခြင်းမပြုနိုင်ကြသည့်အပြင် မှော်ရတနာများနှင့်ဝင်္ကပါများကိုလည်း အသက်သွင်းနိုင်မည်မဟုတ်ချေ။

ဤသည်က အရာအားလုံး၏အခြေခံအုတ်မြစ်ဖြစ်သဖြင့် အကယ်၍ စိတ်ဝိညာဥ်ကျောက်တုံးများသာမရှိပါက တာယွီအင်ပါယာအတွက် အလွန်ကြီးမားသောဘေးကပ်ဆိုးကြီး ဆိုက်ရောက်လာပေမည်။

ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏လက်ထက်တွင် စိတ်ဝိညာဥ်ကျောက်တုံးမိုင်းတွင်းများသည် တော်ဝင်နန်းတွင်း၏လက်အတွင်း၌သာ ရှိပေ၏။သို့ရာတွင် ဤတိုတောင်းသောနှစ်အနည်းငယ်အတွင်းတွင် တာယွီအင်ပါယာ၏အရင်းအမြစ်အများစုသည် ရှမိသားစု၏လက်အတွင်းသို့ ကျရောက်သွားလေပြီ။

Chapter 2760

"ကောက်ကျစ်တဲ့ ရည်ရွယ်ချက်တွေနဲ့..တကယ်လို့ ဒီတစ်ကြိမ်မှာသာ ငါ သူ့ကိုမသတ်ခဲ့ရင်...ဒီလျှို့ဝှက်ချက်ကို ဘယ်လိုနည်းနဲ့မှ တွေ့နိုင်မှာမဟုတ်ဘူး"

သူ၏နံဘေးပတ်ဝန်းကျင်တွင်ရှိနေသည့် ထောင်သောင်းချီသော စိတ်ဝိညာဥ်များနှင့် စစ်လက်နက်ကိရိယာများအရ အစွမ်းထက်သောစစ်တပ်တစ်တပ်ကို တည်ထောင်ရန်လုံလောက်သည်။

အမတ်ကြီးတစ်ယောက်ထံတွင် ထောင်သောင်းချီသောစစ်သားများဖြင့် ကိုယ်ပိုင်စစ်တပ်ဖွဲ့စည်းခွင့်မရှိချေ။အထူးသဖြင့် တော်ဝင်မြို့တော်ကဲ့သို့ နေရာမျိုးတွင် ထိုသို့ပြုလုပ်ခွင့်မရှိချေ။စစ်ဗိုလ်ချုပ်တစ်ယောက်၏လက်အောက်တွင်ရှိသည့် စစ်သားအရေအတွက်ကို အလွန်တင်းကြပ်စွာ ထိန်းချုပ်ထားသည်။

လုယွီကို ဥပမာထား၍ကြည့်လျှင်ပင် သူသည် စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်သော်လည်း စစ်တပ်ကိုဦးဆောင်၍ တိုက်ပွဲတိုက်ခိုက်ခွင့်မရှိချေ။

ပုန်းကွယ်နဂါးတပ်ခွဲမှစစ်သားများသည် ဗာမီလီယန်စစ်စခန်းတွင်သာ စခန်းချနေရသည်။သူတို့သည် တိုက်ပွဲတွင်ဝင်ရောက်တိုက်ခိုက်ရန် အမိန့်ရရှိမှသာ ပြင်ပသို့ ထွက်ခွင့်ရပေမည်။

ရှားဟိုလီသည် အမတ်ကြီးတစ်ယောက်ဖြစ်သည့်တိုင် သူ၏ကိုယ်ပိုင်တပ်သားဟူ၍ ရာဂဏန်းအနည်းငယ်သာရှိသည်။

ရှဖုန်းသည် ယခုကဲ့သို့အရာများကို သူ၏ကိုယ်ပိုင်အင်အားအဖြစ် အသုံးပြုလိုခြင်းမှာ သူ၏လုပ်ပိုင်ခွင့်ထက် များစွာပို၍ကျော်လွန်နေသည်။သူသည် ပုန်ကန်ရန်ကြံရွယ်နေသည်ဟု သံသယရှိဖွယ်ပင်။

မြေကမ္ဘာအင်မော်တယ်အယောက်တစ်ရာမှဦးဆောင်မည့် ထောင်သောင်းချီသော လောကီအင်မော်တယ်စစ်သားများကို တာယွီအင်ပါယာ၏နယ်စပ်ရှိ စစ်တပ်များအကြား၌ ဖုံးကွယ်ထားမည်ဆိုလျှင် ရှဖုန်း မည်သည့်အရာကိုပဲပြုလုပ်သည်ဖြစ်စေ အလွန်ကြီးမားစွာဖရိုဖရဲဖြစ်သွားပေမည်။

"ရှဖုန်းက ဒီပစ္စည်းတွေ ငါ့ရဲ့လက်ထဲရောက်လာမယ်လို့ နည်းနည်းလေးတောင် တွေးတောထားမိမှာမဟုတ်ဘူး...မင်း သယ်ဆောင်လာတဲ့ပစ္စည်းတွေကို ငါက ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်မယ်"

လုယွီသည် ဤကိစ္စကို လူသိရှင်ကြားထုတ်ဖော်ရန် ရည်ရွယ်မထားချေ။

ရှမိသားစုသည် တော်ဝင်မြို့တော်၌ အခိုင်အမာအမြစ်တွယ်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။တာယွီအင်ပါယာ၏နေရာတိုင်းနီးပါးတွင် ရှမိသားစုမှလူများ စိမ့်ဝင်နေသည်။ရှမိသားစုမှထိန်းချုပ်ထားသောနေရာ မည်မျှထိများများရှိနေမည်ကို မည်သူမျှမသိနိုင်ချေ။

ဤှကဲ့သို့ အခိုင်အမာတည်ရှိမှုကြီးတစ်ခုကို ရာဇဝတ်မှုတစ်ခုတည်းဖြင့် ဖျက်ဆီးနိုင်မည်မဟုတ်ပေ။

လုယွီသည် အလျင်စလိုလှုပ်ရှားရန် ရည်ရွယ်မထားချေ။သူသည် လုံလောက်သော ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရလိမ့်မည်။ထို့မှသာ သူ အမှန်တကယ်လှုပ်ရှားမှုပြုလုပ်ချိန်တွင် ရှမိသားစုကို တစ်ချက်တည်းဖြင့် အမြစ်ပြတ်သုတ်သင်နိုင်ပေမည်။

"သိမ်းဆည်းစမ်း"

အတွေးတစ်ချက်နှင့်အတူ ဓားရှည်က လုယွီ၏လက်အတွင်းသို့ ရောက်ရှိလာသည်။

လုယွီသည် သူ၏လက်အောက်ငယ်သားများကို ထိုနတ်ဆိုးသားရဲဝိညာဥ်များ ဝါးမြိုခိုင်းမည်မဟုတ်ချေ။

သို့ရာတွင် အကယ်၍ လုယွီသည် နောင်အနာဂတ်တွင် နတ်ဆိုးသားရဲများ မွေးမြူမည်ဆိုပါက ထိုနတ်ဆိုးသားရဲဝိညာဥ်နှင့်ပေါင်းစပ်ကာ သူတို့၏ခွန်အားကို တိုးမြှင့်ပေးနိုင်ပေမည်။

ဤမျှထိများပြားသော နတ်ဆိုးသားရဲဝိညာဥ်များသည် လုယွီအတွက် အကျိုးကျေးဇူးများစွာ ယူဆောင်ပေးနိုင်လိမ့်မည်။

"အခုက ထွက်သွားဖို့အချိန်ကျပြီ"

လုယွီသည် ပစ္စည်းများကို သိမ်းဆည်းပြီးနောက် အစွမ်းထက်သောအရှိန်အဝါတချို့ ဤနေရာထံဦးတည်၍ ပျံဝဲလာသည်ကို အာရုံခံမိလေ၏။

ထူထပ်သိပ်သည်းသော မြူခိုးများနှင့်တူညီသည့် ထူးဆန်းသောစွမ်းအားလှိုင်းများက လုယွီ၏နံဘေး၌ မြင့်တက်သွားကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကိုရစ်ပတ်လွှမ်းခြုံ၍ အဝေးသို့ပျံသန်းသွားတော့သည်။

လုယွီ ထွက်ခွာသွားပြီးနောက် အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် ရွှေရောင်သံချပ်ကာဝတ်စုံများကို ဝတ်ဆင်ထားသော ကျင့်ကြံသူအမြောက်အများက လေဟာနယ်သင်္ဘောပျံရှိနေသောနေရာသို့ ရောက်ရှိလာကြ၏။

ဘုန်း...ဘုန်း...ဘုန်း...

ထိုရွှေရောင်သံချပ်ကာဝတ်စစ်သားများ လေဟာနယ်သင်္ဘောကုန်းပတ်ပေါ်သို့ ဆင်းသက်လာချိန်တွင် ဆူညံသံများ ထွက်ပေါ်လာသည်။

"လက်ထောက်အမတ်ကြီးရှသေပြီ....သူ့ရဲ့စိတ်ဝိညာဥ်ကတောင် လွတ်မြောက်မသွားဘူး"

"ဒီနေရာပတ်ဝန်းကျင်မှာ လုပ်ကြံသတ်ဖြတ်သူတွေရဲ့အရိပ်အယောင်ကိုလည်း မတွေ့ရဘူး...ငါတို့ အဲ့ဒီလူတွေကို ဘယ်လိုရှာကြမလဲ"

ရွှေရောင်သံချပ်ကာဝတ်စစ်သားများသည် ကုန်းပတ်ပေါ်၌ သတိလစ်မေ့မျောနေသော အစောင့်များကို နိုးထလာစေရန် ကန်ကျောက်လိုက်ကြ၏။

ထိုအစောင့်များသည် မူလက ရှဖုန်း၏လုံခြုံရေးကိုကာကွယ်ရန် တာဝန်ယူထားကြသူများဖြစ်သည်။လုယွီ ရောက်ရှိလာပြီးနောက် နတ်ဘုရားနဂါးဟိန်းသံကြောင့် သူတို့အားလုံး သတိလစ်မေ့မျောသွားခဲ့သည်။သို့ရာတွင် လုယွီသည် သူတို့အား သတ်ဖြတ်ခဲ့ခြင်းမရှိချေ။

"လက်ထောက်အမတ်ကြီးရှ မင်းကိုသယ်ဆောင်ခိုင်းထားတဲ့ပစ္စည်းက ဘယ်မှာလဲ"

ရွှေရောင်သံချပ်ကာဝတ်စစ်သားတစ်ယောက်က အလေးအနက်ထားသောလေသံဖြင့် မေးမြန်းသည်။

အစောင့်များသည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြကာ မည်သည့်စကားမျှမဆိုချေ။

ရွှေရောင်သံချပ်ကာစစ်သားများသည် ထပ်မံ၍စကားပြောဆိုခြင်းမရှိဘဲ တံဆိပ်ပြားတစ်ခုကို ထုတ်ပြလိုက်သည်။

ထိုတံဆိပ်ပြားကိုမြင်တွေ့မှသာ အစောင့်များအားလုံး စိတ်သက်သာရာရသွားသည်။

အစောင့်များအနက်မှတစ်ယောက်၏မျက်နှာ ရုတ်တရက် သေလုမတက်ဖြူရော်သွားသည်။သူသည် ထိတ်ထိတ်ပျာပျာဖြင့် ပတ်ဝန်းကျင်ကိုလှည့်ပတ်၍ ရှာဖွေလိုက်၏။

"အဲ့ဒီ...အဲ့ဒီပစ္စည်း...ပျောက်သွားပြီ"

ထိုအစောင့်က တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။

သူသည် ထိုဆေဘာဓားကို အစဥ်အမြဲသယ်ဆောင်ထားကာ တစ်ကြိမ်တစ်ခါမျှပင် သူ၏ခန္ဓာကိုယ်နှင့်ခွာမထားခဲ့ချေ။

သို့ရာတွင် ယခုလက်ရှိချိန်၌ သူ၏ခန္ဓာကိုယ်ပေါ်ရှိဆေဘာဓား ပျောက်ကွယ်သွားလေပြီ။

"အဲ့ဒီပစ္စည်းက မင်းတို့ပျောက်အောင်လုပ်လို့ရတဲ့ အရာမျိုးလား...အမှိုက်တစ်သိုက်ပဲ...သေစမ်း"

ရွှေရောင်သံချပ်ကာဝတ်စစ်သားတစ်ယောက်၏မျက်လုံး အေးစက်တင်းမာသွားကာ သူ၏လက်အတွင်းမှဓားဖြင့် သူ့ရှေ့ရှိအစောင့်များအားလုံးကို ခုတ်ပိုင်းလိုက်တော့သည်။

All Chapters