အခန်း (၂၇၆၁-၂၇၆၅)
Vol. 141 Ch. 2761-2765
Chapter 2761
"ဒီနေရာကကိစ္စတွေအားလုံးကို အရှင်အမတ်ကြီးဆီ ချက်ချင်းသတင်းပို့ကြစမ်း...ဒီအလောင်းတွေအားလုံးကို မီးရှို့ဖျက်ဆီးပြီး သက်သေမကျန်အောင်ဖျောက်လိုက်တော့...အရှင်အမတ်ကြီးက နောက်ဆုံးဆုံးဖြတ်ချက်ချလိမ့်မယ်"
ရွှေရောင်သံချပ်ကာဝတ်စစ်သားများသည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီးနောက် မီးတောက်များကိုဆင့်ခေါ်ကာ လေဟာနယ်သင်္ဘောပေါ်ရှိ အလောင်းများအားလုံးကို မီးရှို့ဖျက်ဆီးလိုက်သည်။
ထို့နောက် ထိုစစ်သားများသည် ပြန်လည်ထွက်ခွာသွားတော့သည်။သူတို့နံဘေးပတ်လည်ရှိ အရာရာတိုင်းသည်လည်း လေပြည်လေညင်းတစ်ရပ် တိုက်ခတ်လာသည်နှင့်အတူ ပျောက်ကွယ်သွားလေ၏။
ဤသည်က အရာအားလုံး မဖြစ်ပျက်ခဲ့သကဲ့သို့ပင်။
....
ကျယ်ပြန့်သောကောင်းကင်ဘုံနယ်မြေ၏ နက်ရှိုင်းသောနေရာ၌ ကုန်းမြေတစ်ခုပေါ်တွင် ကြီးမားပြီးမြင့်မားသော အဆောက်အအုံများရှိသည်။
ဤနေရာကို တစ်နှစ်ပတ်လုံး တောက်ပသောရွှေရောင်အလင်းတန်းများက လွှမ်းခြုံထားကာ ညအချိန်ဟူ၍ မရှိသကဲ့သို့ပင်။ဗုဒ္ဓကျမ်းစာရွတ်ဆိုသံများကလည်း အဆက်မပြတ်ပဲ့တင်ထပ်နေကာ ဖယောင်းတိုင်များကိုလည်း အဆက်မပြတ်ထွန်းညှိထားပေ၏။အမွှေးနံသာများ၏ရနံ့များကလည်း ဤနေရာပတ်ဝန်းကျင်တဝိုက်၌ ပြည့်နှက်နေသည်။
ဤသည်က ဗုဒ္ဓနယ်မြေပင်။ဤနေရာတွင် ဘုရားကျောင်းပေါင်း၃၃၈၄ကျောင်းရှိကာ သန်းနှင့်ချီသော ဘုန်းတော်ကြီးများရှိသည်။ယုံကြည်ကိုးကွယ်သူအရေအတွက်ကိုမူ ရေတွက်၍ပင်မရချေ။
ဤဗုဒ္ဓနယ်မြေအတွင်းတွင် ဗုဒ္ဓကိုကိုးကွယ်သော ဗုဒ္ဓကျင့်ကြံသူများလည်း အမြောက်အများရှိသည်။ဤနေရာရှိမိုးကောင်းကင်ကို လွှမ်းခြုံထားသော ရွှေရောင်အလင်းတန်းကြီးမှာ ကိုးကွယ်ယုံကြည်သူတို့၏ကံကြမ္မာစွမ်းအားကြောင့် ဖြစ်တည်လာခြင်းပင်။ဤသည်က ကောင်းကင်ယံတခွင်လုံးကို လွှမ်းခြုံထားလေ၏။
ဤနေရာသည် ဗုဒ္ဓကျင့်ကြံသူများ ရောက်ရှိနိုင်ရန် စိတ်ကူးယဥ်အိမ်မက်နေရသည့် နယ်မြေတစ်ခုပင်။ဗုဒ္ဓဂိုဏ်း၏နက်နဲသိမ်မွေ့သော ကျင့်ကြံနည်းစနစ်များကို တက်မြောက်ထားသူများသာလျှင် ဤနေရာသို့လာရောက်နိုင်သည်။
ဗုဒ္ဓနယ်မြေအတွင်းရှိ အကြီးမားဆုံးဘုရားကျောင်းမှာ မဟာမိုးကြိုးခြိမ်းသံဘုရားကျောင်းပင်။မဟာမိုးကြိုးခြိမ်းသံဘုရားကျောင်း၏ ပင်မခန်းမကြီးအတွင်း၌ ကြီးမားသောရွှေရောင်ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို စိုက်ထူထားသည်။
ထိုဗုဒ္ဓရုပ်ပွားတော်၏အောက်တွင် နတ်ဘုရားမြင့်မြတ်အမတ်ကြီးရှကွေ့ကျုံးထိုင်နေကာ သူ၏မျက်လုံးကို စုံမှိတ်ထားလေ၏။
ထိုရုပ်ပွားတော်ရှေ့၌ထွန်းညှိထားသော အမွှေးနံသာရနံများက ရှကွေ့ကျုံး၏နံဘေးပတ်လည်၌ မျောလွင့်နေသည်။အကယ်၍ တစ်စုံတစ်ယောက်မှ အနီးကပ်ကြည့်ရှုပါက အမွှေးနံ့သာအခိုးအငွေ့များသည် ရှကွေ့ကျုံး၏ခန္ဓာကိုယ်နှင့် နီးကပ်သွားချိန်တွင် မမြင်နိုင်သော အတားအဆီးနံရံတစ်ခုနှင့်ထိတွေ့မိသည့်အလား နောက်သို့ပြန်ကန်ထွက်ကာ မျောလွင့်သွားသည်ကို တွေ့မြင်ရပေမည်။
ထပ်...ထပ်...ထပ်...
သူ၏ပတ်ဝန်းကျင်တွင် သစ်သားတုံးခေါက်နေသည့်အသံက အဆက်မပြတ်မြည်ဟီးနေသည်။
အမ်...
ရုတ်တရက် ရှကွေ့ကျုံးက မျက်လုံးဖွင့်လိုက်၏။သူ၏မျက်လုံးအတွင်းမှနေ၍ ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ဖြာထွက်နေသည်။
ပတ်ဝန်းကျင်ရှိ သစ်သားတုံးခေါက်သံ ရုတ်တရက် ရပ်တန့်သွားသည်။
ဘုရားကျောင်းခန်းမအတွင်းရှိ ယခင်က တည်ငြိမ်အေးချမ်းနေသော အငွေ့အသက် ချက်ချင်းပျက်ပြယ်သွားလေ၏။ရုတ်ချည်းဆိုသလိုပင် ခန်းမတစ်ခုလုံးအနှံ့ စူးရှသောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်သွားသည်။
"သူက ငါရဲ့ကိုယ်ပွားပုံရိပ်ယောင်ကိုတောင် တကယ်ကြီးဖျက်ဆီးဝံ့တယ်...ဒီတစ်ကြိမ်မှာ ရှဖုန်း လွတ်မြောက်တော့မယ့်ပုံမရဘူး...သေစမ်း...အဲ့ဒီထိပ်သီးအစွမ်းထက်ကျင့်ကြံသူက ဘယ်နေရာက ရောက်လာတာလဲ"
ရှကွေ့ကျုံးက သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်၏။သူ၏မျက်လုံးအတွင်းရှိ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများသည် ဖုံးကွယ်ထား၍ပင်မရတော့ဘဲ ပွင့်အံထွက်လုမတတ်ပင်။
သူနှင့် လုယွီအသွင်ယူထားသောအဖိုးအို နောက်ဆုံးတစ်ကြိမ် တိုက်ခိုက်မှုခြင်းဖလှယ်ချိန်တွင် လုယွီသည် ဆေးလုံးကိုဝါးမြိုကာ ရှေးဟောင်းတာအိုလမ်းကြောင်း၏ရွှယ်အင်မော်တယ်နယ်ပယ်သို့ ယာယီတက်လှမ်းခဲ့သည်။
ရှကွေ့ကျုံးသည် ရှဖုန်းကို ပေးအပ်ထားသည်မှာ အသက်ကယ်မှော်ရတနာတစ်ခုသာဖြစ်သဖြင့် သူ၏စွမ်းအား တစ်စိတ်တစ်ဒေသသာပါဝင်သည်။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ထိုကိုယ်ပွားပုံရိပ်ယောင်၏စွမ်းအားကို လျှော့တွက်၍မရချေ။
မြောက်မြားစွာသောအတွေးများက ရှကွေ့ကျုံး၏စိတ်အတွင်း၌ ဖြတ်ပြေးသွားကာ ဤကိစ္စ၏ဖြစ်နိုင်ချေရှိသောအကျိုးဆက်များကို တွက်ချက်နေလေ၏။
သူ အလွန်ဒေါသထွက်နေသဖြင့် ဘုရားကျောင်းပင်မခန်းမတစ်ခုလုံး အသူရာငရဲကြေးချွတ်သန့်စင်ဘုံအတွင်းသို့ ကျရောက်သွားသည့်အလား သွေးပင်လယ်ဝေ၍ အလောင်းများတောင်ပုံရာပုံဖြစ်နေသကဲ့သို့ အငွေ့အသက်မျိုး ထွက်ပေါ်နေသည်။သူ၏နံဘေးပတ်ဝန်းကျင်၌ ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကလည်း ပျံ့နှံ့နေပေ၏။
ခန်းမအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များ၏မျက်နှာတော်များပေါ်တွင် သနားဂရုဏာနှင့်ပြည့်စုံသော အမူအယာမျိုး ထင်ဟပ်နေသည်။ပတ်ဝန်းကျင်ရှိ နံရံများပေါ်တွင်လည်း မြင့်မြတ်သောဗုဒ္ဓတာအို၏မြင်ကွင်းများကို ဆေးခြယ်ထားသည်။ဤနေရာပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်းချမ်းနေသော်လည်း ဤကဲ့သို့ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ခံနိုင်ရည်မရှိချေ။
ရှကွေ့ကျုံး၏လက်ဝါးအတွင်း၌ ထူထပ်သိပ်သည်းသော မှော်စွမ်းအားများဖြင့် ပြည့်နှက်နေသည်။
သူ၏လက်ဝါးအတွင်း၌ ကြယ်အမြောက်အများ လှည့်ပတ်နေသကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားလှိုင်းတစ်ရပ် ထွက်ပေါ်လာသည်။
ဤသည်က သူ၏လက်အတွင်းတွင် ကမ္ဘာလောကတစ်ခုရှိနေခြင်းပင်။
အလွန်အမင်းနက်နဲသိမ်မွေ့သော ကျင့်ကြံဆင့်နယ်ပယ်မျိုးရှိသည့် နယ်မြေသခင်များသာ ဤကမ္ဘာလောကကို လှည့်ပတ်နိုင်စွမ်းရှိသည်။
သူ၏လက်အတွင်းရှိကမ္ဘာလောကတွင် သူသည် အုပ်ချုပ်သူအရှင်သခင်ဖြစ်ကာ ထိပ်တန်းအဆင့်အခွင့်အာဏာမျိုးပိုင်ဆိုင်သည်။
ရှကွေ့ကျုံး၏လက်ဝါးအတွင်းရှိ မူလက တည်ငြိမ်နေသော လေဟာနယ်ကမ္ဘာလောကအတွင်းတွင် ရုတ်တရက် ရှဖုန်းရှိနေသော လေဟာနယ်သင်္ဘောပျံ ပျံသန်းနေသောပုံရိပ် ထင်ဟပ်လာပေ၏။
သို့ရာတွင် ရုတ်တရက် ထိုမြင်ကွင်း ပြတ်တောက်သွားသည်။ဤသည်က ရှကွေ့ကျုံး၏စုံစမ်းစစ်ဆေးမှုကို လျှို့ဝှက်ဆန်းကြယ်သောအားလှိုင်းတစ်ရပ်က ကြားဖြတ်၍ ဖြတ်တောက်လိုက်သကဲ့သို့ပင်။
ထိုပုံရိပ်များထပ်မံ၍ ထွက်ပေါ်လာချိန်တွင် ရွှေရောင်သံချပ်ကာဝတ်စစ်သားများ လေဟာနယ်သင်္ဘောပေါ်သို့ ပျံသန်းလာသောအချိန်သို့ ရောက်ရှိနေလေပြီ။
"ရှဖုန်းကိုသတ်လိုက်တဲ့ လုပ်ကြံသတ်ဖြတ်သူက အရမ်းသတိကြီးတယ်...သူထွက်သွားချိန်မှာ သူနဲ့ပတ်သတ်တဲ့ ခြေရာလက်ရာတွေအားလုံးကို ရှင်းလင်းသွားခဲ့တယ်...ဒီနည်းလမ်းနဲ့ သူကို ဘယ်သူ့မှရှာလို့မရနိုင်တော့ဘူး"
ရှကွေ့ကျုံး၏မျက်လုံးအတွင်းမှ အေးစက်စက်အလင်းရောင်များ ဖြာထွက်လာသည်။
Chapter 2762
ကျွီ...
ထိုအချိန်မှာပင် ဘုရားကျောင်းခန်းမတံခါးသည် ရုတ်တရက် ပြင်ပမှနေ၍တွန်းဖွင့်ခြင်း ခံလိုက်ရ၏။
ဘုန်းတော်ကြီးအိုတစ်ပါးက ပြင်ပမှနေ၍ ခန်းမအတွင်းသို့ ဝင်ရောက်လာသည်။သူ့ထံတွင် သနားကြင်နာတက်သောမျက်နှာအမူအယာမျိုးရှိကာ လူအများကို လေပြည်လေညှင်းဖြတ်သန်းတိုက်ခတ်သကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းနိုင်သည်။
ထိုဘုန်းတော်ကြီးသည် အနီရောင်သင်္ကန်းကိုဝတ်ဆင်ထားကာ သူ၏လည်ပင်း၌ ဆုတောင်းပုတီးတစ်ကုံးကို ဆွဲထားသည်။ထိုဆုတောင်းပုတီးတစ်စေ့ချင်းစီမှနေ၍ တောက်ပသောအလင်းရောင်များ ဖြာထွက်နေသည်။ထိုပုတီး၏မျက်နှာပြင်ပေါ်၌ ရှေးဟောင်းဗုဒ္ဓကျမ်းစာတချို့ကို ရေးထွင်းထားကာ ရှေးဟောင်းစန္ဒကူးနံသာရနံ သင်းပျံ့နေလေ၏။
ထိုဘုန်းတော်ကြီး ခြေတစ်လှမ်းလှမ်းလိုက်သည့်အချိန်တိုင်း သူ၏ခြေလှမ်းသည်လေးလံနေကာ မိုးကောင်းကင်၏လျှို့ဝှက်ချက်များကို ထုတ်ဖော်နိုင်ရန် ကြိုးပမ်းနေသကဲ့သို့ပင်။ထိုဘုန်းတော်ကြီး၏အရှိန်အဝါသက်သက်ဖြင့်ပင် လူအများကို သူတို့၏စိတ်နှလုံးသားများအတွင်းမှ မှားယွင်းသောအတွေးအမြင်များ ပျက်ပြယ်သွားစေရန် ကူညီပေးနိုင်စွမ်းရှိသည်။
"အရှင်အမတ်ကြီး...မင်း ခုဏက သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်လိုက်တယ်"
ဘုန်းတော်ကြီး၏အသံသည် နားဝင်ချိုကာ ညင်သာသိမ်မွေ့သည်။
ထိုဘုန်းတော်ကြီး၏အသံအောက်တွင် ပတ်ဝန်းကျင်၌ တဖျတ်ဖျတ်တောက်ပနေသော ဖယောင်းတိုင်များ ပို၍လင်းလက်လာကာ သိမ်မွေ့သောအလင်းရောင်မျိုး ထွက်ပေါ်လာသည်။
ခန်းမအတွင်း၌ အစောပိုင်းက ထွက်ပေါ်နေသော အသူရာငရဲဘုံနှင့်တူညီသော အငွေ့အသက် ရုတ်တရက် ပျက်ပြယ်သွားကာ အစိမ်းရောင်ကြာမီးအိမ်ကိုကိုင်ဆောင်ထားသော ဗုဒ္ဓတစ်ပါးရောက်လာသကဲ့သို့ တည်ငြိမ်အေးချမ်းသောအငွေ့အသက်အဖြစ်သို့ ပြောင်းလဲသွားသည်။
ရှကွေ့ကျုံးက နောက်သို့ပြန်လှည့်ကြည့်ခြင်းမရှိချေ။ထို့ပြင် သူ၏မျက်နှာပေါ်၌ ပျော်ရွှင်မှု ဝမ်းနည်းမှုစသည့် အရိပ်အယောင်များလည်း ရှိမနေပေ။
"ဒီသီးခြားကမ္ဘာလောကထဲမှာ ဘယ်လိုလုပ်ပြီးတော့ ဘယ်လိုလုပ်ပြီး သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ ရှိနေနိုင်မှာလဲ...ဆရာသခင်က အမြဲတမ်း မဟာမိုးကြိုးခြိမ်းသံဘုရားကျောင်းထဲမှာပဲ နေပြီးတော့ နတ်ဘုရားတွေနဲ့ဗုဒ္ဓကို အမွှေးတိုင်ထွန်းညှိပူဇော်တာကိုပဲ နေ့တိုင်းလုပ်ဆောင်နေတယ်...ဘယ်လိုလုပ်ပြီးတော့ ဆရာသခင်ရဲ့စိတ်ထဲမှာ စိုးရိမ်သောကတွေ ရှိနေနိုင်မှာလဲ"
"ဒါပေမယ့် ကျွန်တော်ကတော့ မတူဘူး....ကျွန်တော်ရဲ့လက်ထဲမှာ ထိပ်တန်းအခွင့်အာဏာမျိုးရှိနေတယ်...အတွေးတစ်ချက်နဲ့တင် သန်းနဲ့ချီတဲ့လူတွေကိုသတ်ဖို့ လုံလောက်တယ်...ကျွန်တော်ရဲ့သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ဖယ်ရှားဖို့ဆိုတာ မဖြစ်နိုင်ဘူး"
ဘုန်းတော်ကြီးက လေးလံသောသက်ပြင်းတစ်ချက်ရှိုက်ကာ ရှကွေ့ကျုံးထံသို့ လျှောက်လှမ်းသွားလေ၏။
"မင်းက မြင့်မြတ်တဲ့ဗုဒ္ဓရဲ့အမွေအနှစ်ကို ရရှိပြီးကတည်းက ဒီမဟာမိုးခြိမ်းသံဘုရားကျောင်းထဲကို ခြေမချတော့ဘူး...ဒီနေ့ မင်း ဘာလို့ ဒီနေရာကိုရောက်လာတာလဲ"
ခန်းမအတွင်း၌ ဖယောင်းတိုင်မီးများကြောင့် ဗုဒ္ဓရုပ်ပွားတော်ပေါ်၌ ရောင်ပြန်ဟပ်နေသော လူနှစ်ယောက်၏ပုံရိပ်သာရှိနေသည်။
"ရှေ့တန်းက အခြေအနေက အရမ်းကျဥ်းထဲကျပ်ထဲကျနေတယ်...ထန်အင်ပါယာက အလယ်ခေတ်တုန်းကအစွမ်းထက်ကျင့်ကြံသူတွေကို ဘယ်နေရာကရခဲ့လဲဆိုတာ ကျွန်တော်မသိဘူး...သူတို့က အခုချိန်မှာ အပြင်းအထန်ထိုးစစ်ဆင်နေတဲ့အတွက် ကျွန်တော်တို့ရဲ့အင်ပါယာက အရေးနိမ့်စပြုနေပြီ...ဧကရီက ကျွန်တော်ကို ဒီနေရာဆီစေလွှတ်ပြီးတော့ ဗုဒ္ဓဂိုဏ်းရဲ့အကူအညီကို တောင်းခံခိုင်းလိုက်တယ်"
ရှကွေ့ကျုံး၏အသံသည် ခိုင်မာပြီး ခွန်အားပြည့်ဝနေကာ ဓားလှံများ၏အသံ ခပ်သဲ့သဲ့ကိုပင်ကြားနိုင်သည်။
ဘုန်းတော်ကြီး၏မျက်ခုံး မသိမသာမြင့်တက်သွားသည်။သူသည် လက်အတွင်း၌ ဆုတောင်းပုတီးတစ်ကုံးကို ကိုင်ဆောင်ထားဆဲဖြစ်ကာ ရှကွေ့ကျုံး၏စကားများကြောင့် အနည်းငယ်မျှပင် လှုပ်ခတ်သွားပုံမရချေ။
"အရှင်အမတ်ကြီး...အတိတ်တုန်းက မင်းက ငါ့ရဲ့တပည့်တစ်ယောက်ဖြစ်ပေမယ့် မင်းက ဗုဒ္ဓဂိုဏ်းကိုဝင်ဖို့ မရွေးချယ်ခဲ့တာကြောင့် ငါတို့ရဲ့ဆရာတပည့်ပတ်သက်မှုက နာမည်ခံပဲရှိတော့တယ်...အစစ်အမှန်မဟုတ်တော့ဘူး"
"ငါက အခုချိန်မှာ မင်းကို တာယွီအင်ပါယာတော်ဝင်နန်းတွင်းရဲ့ နတ်ဘုရားမြင့်မြတ်အမတ်ကြီးလို့ပဲ ယူဆထားတယ်...ဒါကြောင့် ငါ မင်းနဲ့ရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ရမယ်...ဗုဒ္ဓလမ်းစဥ်ဆိုတာ ကျင့်ကြံမှု သနားဂရုဏာကြီးမားမှု ကယ်တင်စောင်မမှုတို့ကိုပဲ အမြဲတမ်းအာရုံစိုက်ရတယ်...ပြင်ပမှာရှိတဲ့အငြင်းပွားမှုတွေက ငါတို့ဗုဒ္ဓဂိုဏ်းဝင်တွေနဲ့ ဘာမှမသက်ဆိုင်ဘူး...ငါတို့က မလိုအပ်ဘဲနဲ့ ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူး....ဒါက ငါတို့ရဲ့ကျင့်ကြံမှုလမ်းကြောင်းနဲ့လည်း သဟဇာတမဖြစ်ဘူး"
ဘုန်းတော်ကြီးက တည်ငြိမ်စွာပြောဆိုကာ ယဥ်ယဥ်ကျေးကျေး ငြင်းပယ်လိုက်၏။
သို့ရာတွင် ရှကွေ့ကျုံးသည် ထိုရလဒ်ကို မျှော်လင့်ပြီးသားဖြစ်ပုံရကာ သူ၏မျက်နှာအမူအယာသည် အနည်းငယ်မျှပင် အံ့အားသင့်သွားပုံမရချေ။
ရှကွေ့ကျုံးက ထပ်မံ၍ ပြောဆိုသည်။
"အရှင်ဧကရီက ကတိပေးထားတယ်...ဗုဒ္ဓဂိုဏ်းက စစ်ပွဲအတွင်းမှာ ဝင်ရောက်တိုက်ခိုက်ပေးတာနဲ့ သုန်ရှန်းကြယ်နယ်မြေကို အင်ပါယာကနေခွဲထုတ်ပြီးတော့...ဗုဒ္ဓကျင့်ကြံသူတွေ ကျင့်ကြံဖို့အတွက် ဒီနေရာကိုယူလာပေးမယ်"
တုံ....တုံ...တုံ...
ပတ်ဝန်းကျင်၌ သစ်သားတုံးခေါက်သံများ တဖန်ထပ်၍ မြည်ဟီးလာသည်။
ဘုန်းတော်ကြီးသည် ဆုတောင်းပုတီးကို ကိုင်ဆောင်ထားဆဲဖြစ်ကာ သူ၏မျက်နှာပေါ်၌ မည်သည့် ပျော်ရွှင်မှုဝမ်းနည်းမှုအရိပ်အယောင်မျိုးမျှ ရှိမနေချေ။
အချိန်အတော်ကြာပြီးနောက် ဘုန်းတော်ကြီးက ပြောဆိုသည်။
"ဒါက မလုံလောက်သေးဘူး"
"ဆရာသခင်က ဘာလိုချင်တာလဲ"
ရှကွေ့ကျုံးက မျက်မှောင်ကြုတ်လိုက်၏။
"ရေခဲနယ်မြေနဲ့တောင်ပိုင်းစွန့်ပစ်နယ်မြေကို ငါတို့ဗုဒ္ဓဂိုဏ်းအတွက် ဖွင့်ပေးရမယ်...ပြီးတော့ ဗုဒ္ဓဂိုဏ်းရဲ့တံခါးမကြီးမှာ ချိပ်ပိတ်ထားတဲ့ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ရဲ့စည်းတံဆိပ်ကို ပယ်ဖျက်ပေးရမယ်"
ဘုန်းတော်ကြီးက တည်ငြိမ်စွာ ပြောဆိုသည်။
"ဘယ်လိုတောင် ကြီးမားတဲ့ တောင်းဆိုမှုလဲ...မင်းတို့ဗုဒ္ဓဂိုဏ်းက အရမ်းလောဘကြီးပြီးတော့ ရောင့်ရဲတင်းတိမ်နိုင်မှုမရှိဘူး...မင်းတို့တွေက ကျယ်ပြန့်တဲ့နယ်မြေတွေအားလုံးကို မလွှမ်းမိုးနိုင်ဘူးဆိုတာကိုလည်း သတိထားအုံး...အဆုံးသတ်ကျရင် မင်းတို့ တန်ပြန်ဆိုးကျိုးတွေကို ခံစားရလိမ့်မယ်"
ရှကွေ့ကျုံးက အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုလိုက်၏။
ဤအချိန်တွင် သူ့ရှေ့ရှိဘုန်းတော်ကြီးကို ကြည့်ရသည်မှာ သူ၏ဆရာသခင်နှင့်မတူညီတော့ဘဲ အနည်းငယ်ထူးဆန်းနေသည်။
Chapter 2763
ဘုန်းတော်ကြီး၏အမူအယာ ပြောင်းလဲသွားခြင်းမရှိဘဲ သူက ပြောဆိုသည်။
"ကျင့်ကြံခြင်းတွေဆုတ်ယုတ်လာတဲ့ ခေတ်ကာလရဲ့အဆုံးသတ်မှာ...ဗုဒ္ဓဂိုဏ်းရဲ့စွမ်းအားက အရင်ထက်အများကြီး အားနည်းသွားပြီ...ငါတို့ နေထိုင်ဖို့ နယ်မြေတွေပိုပြီးလိုချင်တာ ဘာလို့မရရမှာလဲ"
"ပြီးတော့ ပြင်ပကတိုက်ပွဲအခြေအနေကို ငါက တစ်ခု နှစ်ခုလောက် နားလည်သဘောပေါက်ထားတယ်...တာယွီအင်ပါယာက အမြဲတမ်း သတိကင်းမဲ့နေပြီးတော့ တိုက်ပွဲအတွေ့အကြုံမရှိတာ အချိန်အတော်ကြာနေပြီ...ထန်အင်ပါယာက အလယ်ခေတ်ကတည်းက ကြီးမားတဲ့စစ်တုရင်ကစားပွဲကို ကစားထားခဲ့တာ...သူတို့ရဲ့ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေကို မြှုပ်နှံ့ထားပြီးတော့ နတ်ဆိုးနည်းစနစ်တွေနဲ့ ပြန်ရှင်သန်နိုင်အောင် စီမံထားခဲ့တယ်...သူတို့က အရင်က သူတို့မှာရှိခဲ့တဲ့စွမ်းအားမျိုးကို ပြန်လိုချင်နေကြတယ်"
"တကယ်လို့ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သာ ဒီနေရာမှာရှိနေရင်...ထန်အင်ပါယာက ဒီလောက်ထိအများကြီး ပြဿနာရှာဝံ့မှာမဟုတ်ဘူး...ဒါပေမယ့် အခုလက်ရှိချိန်မှာ တော်ဝင်နန်းတွင်းကို အုပ်ချုပ်နေတာက ကျိုးထိုက်ယင်မဟုတ်တော့ဘူး...ရှန်လင်းလုံတစ်ယောက်တည်းနဲ့ သူက အခြေအနေတွေအားလုံးကို ထိန်းချုပ်နိုင်မှာလား"
ရှကွေ့ကျုံးသည် သူ၏လက်၌ဝတ်ထားသော လက်စွပ်ကို ပွတ်သပ်နေကာ အကျိုးအမြတ်နှင့်ဆုံးရှုံးမှုကို တွက်ချက်နေပုံရသည်။
ရှကွေ့ကျုံး ဝေခွဲရခက်နေသည်ကိုကြည့်ပြီး ဘုန်းတော်ကြီးက အပြုံးနှင့် ဆက်လက်ပြောဆိုသည်။
"ရေခဲနယ်မြေရဲ့ချိုင်မိသားစုက မင်းကိုအမြဲတမ်းဆန့်ကျင်နေတာ...ပြန်တွေးကြည့်ရင် ရေခဲနယ်မြေဘုရင်က မင်းတို့ရှမိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို စုံစမ်းစစ်ဆေးခဲ့တယ်...ဒါကြောင့် မင်းတို့ရှမိသားစုရဲ့တိုးတက်မှုအရှိန်အဟုန် အများကြီးထိခိုက်သွားခဲ့တယ်...မင်းက ရေခဲနယ်မြေဘုရင်အပေါ် လှုပ်ရှားချင်နေတာ အချိန်အတော်ကြာနေပြီဖြစ်မှာကိုတောင် ငါ စိုးရိမ်မိတယ်"
"ငါက ရေခဲနယ်မြေကိုရောက်တာနဲ့ မင်းကိုကူညီပြီးတော့ ချိုင်မိသားစုကို ကိုင်တွယ်ဖြေရှင်းပေးမယ်...အဲ့ဒီအချိန်ကျရင် မင်းရဲ့ခြေတံလက်တံတွေဆန့်ဖို့ ပိုပြီးနေရာကျယ်လာလိမ့်မယ်"
ဘုန်းတော်ကြီးသည် ထိုစကားများကို ပြောဆိုပြီးနောက် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် သနားဂရုဏာနှင့်ပြည့်ဝသောအရှိန်အဝါများ ပျောက်ကွယ်သွားသည်။
သူ၏ခန္ဓာကိုယ်မှ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများသည် အစောပိုင်းက ရှကွေ့ကျုံး ထုတ်ဖော်ပြသသည်ထက်ပင် ပို၍ပြင်းထန်နေလေ၏။
ဗုဒ္ဓတွင် ကြင်နာတတ်သော စိတ်နှလုံးသားရှိသော်လည်း ဤဘုန်းတော်ကြီးတွင် ဒေါသထွက်နေသော မျက်လုံးတစ်စုံသာရှိနေသည်။
အစောပိုင်းက ဘုန်းတော်ကြီးပြောဆိုလိုက်သောအသံသည် လူအများကိုအရိပ်အယောင်မကျန်ဘဲ သတ်ဖြတ်နိုင်သည့် ဓားရှည်တစ်လက်အလား နက်ရှိုင်းပြီးအစွမ်းထက်လှ၏။
ရှကွေ့ကျုံးကလည်း ပြုံးလိုက်သည်။
"ဒီလိုဆိုမှတော့ ငါက ဧကရီရဲ့ကိုယ်စား မင်းကို ကတိပေးတယ်...ဒါပေမယ့် ဒီတစ်ကြိမ်မှာ အရာအားလုံးက မင်းတို့ရဲ့ဗုဒ္ဓဂိုဏ်းပေါ်မူတည်နေတယ်...တကယ်လို့ မင်းတို့က ထန်အင်ပါယာကို ထိန်းမထားနိုင်ဘူးဆိုရင် ငါ့ကိုအပြစ်မတင်နဲ့...ငါက မင်းတို့ဗုဒ္ဓဂိုဏ်းရဲ့ပိုင်နက်နယ်မြေတွေအားလုံးကို သိမ်းပိုက်ရလိမ့်မယ်"
ဘုန်းတော်ကြီးက ပြောဆိုသည်။
"အရှင်အမတ်ကြီး...စိတ်အေးအေးထားပါ...ငါတို့ဗုဒ္ဓဂိုဏ်းက မင်းကို နောက်ဆံမတင်းစေရဘူး"
"ဒီလိုဆိုမှတော့...ငါက ဗုဒ္ဓဂိုဏ်းဝင်တွေကို တားမြစ်ကန့်သတ်ထားတဲ့အမိန့်တော်ကို အရင်ဆုံးဖယ်ရှားပေးမယ်...နောက်ထပ်ခုနစ်ရက်ကြာရင် ထန်အင်ပါယာက နောက်တစ်ကြိမ်ထပ်ပြီး တိုက်ခိုက်လိမ့်မယ်...အဲ့ဒီအချိန်ကျရင် ငါက ဗုဒ္ဓဂိုဏ်းရဲ့အစွမ်းထက်ကျင့်ကြံသူတွေအားလုံးကို မြင်တွေ့နိုင်ဖို့ မျှော်လင့်တယ်"
ရှကွေ့ကျုံးက သူ၏အင်္ကျီလက်ကိုခါယမ်း၍ ဘုရားကျောင်းခန်းမအတွင်းမှ ထွက်ခွာသွားတော့သည်။
ရုတ်တရက် တော်ဝင်အမိန့်စာလွှာတစ်ခုက ဗုဒ္ဓနယ်မြေ၏အထက်ကောင်းကင်ယံအတွင်းသို့ ပျံဝဲသွားသည်။
ဝုန်း....ဝုန်း..
ကျယ်လောင်သောတုန်ခါသံများက ကောင်းကင်နှင့်မြေပြင်အကြား၌ ပဲ့တင်ထပ်ပျံ့နှံ့သွားလေ၏။
ဗုဒ္ဓနယ်မြေအတွင်းမှ ကျမ်းစာရွတ်ဖတ်နေသံများအားလုံး ရုတ်တရက် ရပ်တန့်သွားသည်။
ဘုန်းတော်ကြီးအမြောက်အများသည် သူတို့၏ခေါင်းများကိုမော့၍ ကောင်းကင်ယံအတွင်း၌ မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို ကြည့်လိုက်ကြသည်။
ဗုဒ္ဓနယ်မြေ၏အထက်ကောင်းကင်ယံအတွင်း၌ တောက်ပသောရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည်။ထိုအလင်းတန်းများကြားတွင် တံလျှပ်ကဲ့သို့ လင်းလက်တောက်ပနေသော ဗုဒ္ဓပုံရိပ်ယောင်များ ထွက်ပေါ်လာကာ ဗုဒ္ဓကျမ်းစာများကိုအဆက်မပြတ် ရွတ်ဆိုနေကြ၏။
ဤသည်က ဗုဒ္ဓနယ်မြေအတွင်းမှ ဗုဒ္ဓကျင့်ကြံသူများအားလုံး နှစ်ရှည်လများ ကျမ်းစာရွတ်ဆိုခြင်းမှ ထွက်ပေါ်လာသောစွမ်းအားများ၏ သဘာဝလွန်ပုံရိပ်ပင်။
ထိုသဘာဝလွန်ပုံရိပ်များသည် လေထုအတွင်း၌ရစ်ဝဲနေကာ အချိန်အတော်ကြာသည့်တိုင် ပျောက်ကွယ်သွားခြင်းမရှိချေ။
ထိုသဘာဝလွန်ပုံရိပ်များ ပျက်ပြယ်မသွားရသည့်အကြောင်းအရင်းမှာ ဗုဒ္ဓနယ်မြေ၏အထက်ကောင်းကင်ယံအတွင်းရှိ တော်ဝင်အမိန့်တော်ကြောင့်ပင်။
ထိုအမိန့်တော်ပေါ်တွင် စာကြောင်းတချို့ကိုရေးသားထားကာ စုတ်ချက်များသည် နဂါးများပျံဝဲပြီး ဖီးနစ်များကခုန်နေသကဲ့သို့ ကြီးကျယ်ခမ်းနားနေသည်။
ထိုစာလုံးများ၏စုတ်ချက်တစ်ချက်စီသည် တောက်ပသောရွှေရောင်အလင်းတန်းများ ဖြာထွက်နေကာ မြင့်မြတ်သောအရှိန်အဝါမျိုးနှင့် ပြည့်နှက်နေပေ၏။
ထိုစုတ်ချက်များသည် အတိတ်တွင် ထိုအမိန့်စာလွှာကို ရေးသားခဲ့သော အစွမ်းထက်ပုဂ္ဂိုလ်၏စိတ်ဆန္ဒကို ပြသနေသည်။
ဤသည်က အတိတ်တွင် ဗုဒ္ဓနယ်မြေ စတင်တည်ထောင်စဥ်အချိန်၌ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ် ရေးသားခဲ့သော တားမြစ်အမိန့်တော်ပင်။
အတိတ်တွင် ဗုဒ္ဓဂိုဏ်းဝင်များသည် သူတို့ကိုယုံကြည်ကိုးကွယ်သူ အလွန်အမင်းများပြားသဖြင့် မောက်မာရိုင်းစိုင်းစွာ ပြုမူနေထိုင်ခဲ့ကြသည်။သူတို့သည် အင်အားစုများကို ဗုဒ္ဓဂိုဏ်းအတွင်းသို့ဝင်ရောက်ရောက် အမျိုးမျိုးသောလှည့်ဖျားမှုများကို ပြုလုပ်ခဲ့ကြ၏။
ဗုဒ္ဓဂိုဏ်းအတွင်းသို့ ဝင်ရောက်သွားသူများသည် သူတို့ကိုယ်သူတို့ တိုးတက်အောင်ပြုလုပ်ရမည်ကို မေ့လျော့သွားကာ မည်ကဲ့သို့ အလုပ်လုပ်ကိုင်ရမည်ကိုလည်း မသိကြတော့ချေ။သူတို့သည် ကျမ်းစာနှင့်ဗုဒ္ဓမှော်မန္တန်များကို ရွတ်ဆို၍ အစိမ်းရောင်ကြာပန်းမီးအိမ်ဗုဒ္ဓရုပ်ပွားတော်ရှေ့၌ အချိန်ကုန်ဆုံးရန်ကိုသာ သိရှိကြတော့သည်။
နောက်ပိုင်းတွင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် ဗုဒ္ဓဂိုဏ်း၏စရိုက်သဘာဝကို သတိပြုမိသွားသဖြင့် ဗုဒ္ဓကျင့်ကြံသူများကို သီးသန့်နေစေခဲ့သည်။တစ်ချိန်တည်းမှာပင် သူသည် အမိန့်တော်တစ်ခုထုတ်ပြန်၍ ဗုဒ္ဓနယ်မြေတစ်ခုလုံးကို ချိပ်ပိတ်ထားခဲ့ပေ၏။
Chapter 2764
ထိုအချိန်မှစ၍ ဗုဒ္ဓကျင့်ကြံသူများအားလုံးသည် ဗုဒ္ဓနယ်မြေအတွင်း၌သာ နေထိုင်နိုင်ကြတော့သည်။
ဗုဒ္ဓနယ်မြေ၏အထက်တွင် ထိုအမိန့်တော်ရှိနေသရွေ့ ဗုဒ္ဓဂိုဏ်းဝင်များ၏အင်အားကြီးထွားလာမှုကို ထိန်းချုပ်ထားနိုင်စွမ်းရှိသည်။ထို့ကြောင့် ဗုဒ္ဓကျင့်ကြံသူများ၏ကျမ်းစာရွတ်ဖတ်မှုများမှ ထွက်ပေါ်လာသောစွမ်းအားများသည် ဗုဒ္ဓနယ်မြေ၏ပြင်ပသို့ ရောက်ရှိနိုင်ခြင်းမရှိတော့ချေ။
ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ် တားမြစ်အမိန့်တော်ကို ထုတ်ပြန်လိုက်စဥ်မှစ၍ ဗုဒ္ဓကျင့်ကြံသူများသည် သီးသန့်နယ်မြေအတွင်း၌သာနေထိုင်ကာ ကောင်းကင်ဘုံနယ်မြေအတွင်း၌ ထွက်ပေါ်လာခြင်းမရှိတော့ပေ။
လုယွီ ယခင်ကနေထိုင်ခဲ့သော အောက်ဘုံအတွင်း၌ပင် ဗုဒ္ဓကျင့်ကြံသူများ ထွက်ပေါ်လာသည်မှာ လွန်စွာရှားပါးပေ၏။
ယခုလက်ရှိချိန်တွင် ရှကွေ့ကျုံးသည် ဗုဒ္ဓနယ်မြေအတွက် အမိန့်တော်အသစ်ကို ယူဆောင်လာခဲ့လေပြီ။
"သွားစမ်း"
ရှကွေ့ကျုံးက သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ရာ တော်ဝင်အမိန့်တော်တစ်ခုက သူ၏အင်္ကျီလက်အတွင်းမှနေ၍ ကောင်းကင်ယံသို့ ပျံသန်းသွားသည်။
ထိုတော်ဝင်အမိန့်တော်သည် တည်ကြည်လေးနက်ပြီး မြင့်မြတ်သောအရှိန်အဝါမျိုးရှိသော်လည်း ကောင်းကင်ယံအတွင်းရှိ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏အမိန့်တော်နှင့် နှိုင်းယှဥ်ပါက လွှမ်းမိုးချုပ်ကိုင်နိုင်မှုနှင့်ကြီးကျယ်ခမ်းနားမှု အနည်းငယ်လျော့နည်းနေသည်။
ထိုတော်ဝင်အမိန့်တော်ကို ရေးသားသူမှာ တာယွီအင်ပါယာ၏ယခုလက်ရှိဧကရီဖြစ်သော ရှန်လင်းလုံပင်။
ဝုန်း...
ထိုတော်ဝင်အမိန့်တော်နှစ်ခု လေထုအတွင်း၌ ထိတွေ့မိချိန်တွင် အလွန်အမင်းအစွမ်းထက်သော တည်ရှိမှုကြီးနှစ်ခု ဖီလာဆန့်ကျင်ရိုက်ခတ်မိသည့်အလား ကျယ်လောင်သောတုန်ခါသံကြီး မြည်ဟီးသွားသည်။
ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ် ရေးသားထားသော တော်ဝင်အမိန့်တော်သည် ရန်စစော်ကားမှုကို အာရုံခံမိသည့်အလား ထိုအရာမှနေ၍ အကန့်အသတ်မရှိသောအရှိန်အဝါများ ထွက်ပေါ်လာကာ ဗုဒ္ဓနယ်မြေတခွင်လုံးအနှံ့ ပျံ့နှံ့သွားသည်။
ဘုန်း...
ဘုန်း...
မြေပြင်ပေါ်၌ရှိနေသော ဗုဒ္ဓကျင့်ကြံသူအမြောက်အများသည် ထိုကဲ့သို့အစွမ်းထက်သောဖိအားအရှိန်အဝါကို တောင့်မခံနိုင်ကြသဖြင့် သူတို့၏ပါးစပ်မှ သွေးများအန်ထုတ်လိုက်ရကာ သတိလစ်မေ့မျောပြီး လဲကျသွားတော့သည်။
"ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ် သေဆုံးသွားတာ အချိန်အတော်ကြာနေပြီ...အခုထိ သူ ရေးသားခဲ့တဲ့ အမိန့်တော်မှာ ဒီလိုစွမ်းအားမျိုး ရှိနေသေးတာပါလား"
ဘုန်းတော်ကြီးသည် ဘုရားကျောင်းခန်းမ၏ဝင်ပေါက်၌ မတ်တတ်ရပ်နေသည်။ထိုမြင်ကွင်းကိုကြည့်ပြီးနောက် သူ၏လက်အတွင်းမှတောင်ဝှေးဖြင့် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်၏။
ဘုန်း...
ကျယ်လောင်သောတုန်ခါသံကြီးက ဘုန်းတော်ကြီး၏ခြေဖဝါးအောက်ရှိမြေပြင်ကို ဗဟိုပြု၍ မြည်ဟီးသွားသည်။
တောက်ပသောဗုဒ္ဓအမိန့်ပြန်တမ်းတစ်စောင်က သူ၏ခြေထောက်အောက်ရှိ မြေပြင်မှ တိုးထွက်လာကာ ပတ်ဝန်းကျင်၌ ဗုဒ္ဓကျမ်းစာရွတ်ဖတ်သံများ ပဲ့တင်ထပ်ပျံ့နှံ့သွားပြီး ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏အမိန့်တော်ကို ထိန်းချုပ်ရန် ကြိုးပမ်းလိုက်၏။
ပြင်းထန်သောအားလှိုင်းနှစ်ရပ်၏သက်ရောက်မှုကြောင့် ဗုဒ္ဓနယ်မြေ၏အထက်ကောင်းကင်ယံကို လွှမ်းခြုံထားသော ဖိအားအရှိန်အဝါ အနည်းငယ်လျော့ပါးသွားသော်လည်း ထို့ထက်မပိုချေ။
ဖူး..
သွေးများက ဘုန်းတော်ကြီး၏နှုတ်ခမ်းထောင့်မှ ယိုစီးကျလာသည်။သူက လေထုအတွင်းရှိ ရှကွေ့ကျုံးကိုကြည့်၍ အော်ဟစ်ပြောဆိုလိုက်သည်။
"နတ်ဘုရားမြင့်မြတ်အမတ်ကြီး...အဲ့ဒီအမိန့်တော်ကို မြန်မြန်ရုတ်သိမ်းလိုက်...မဟုတ်ရင် ငါတို့ ဗုဒ္ဓနယ်မြေတစ်ခုလုံး ပျက်စီးသွားလိမ့်မယ်"
ဤအမိန့်တော်တွင် ဗုဒ္ဓနယ်မြေတစ်ခုလုံးကို ဖျက်ဆီးနိုင်သည့်စွမ်းအားမျိုး ပါဝင်နေသည်။
အတိတ်တွင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် တားမြစ်အမိန့်တော် ထုတ်ပြန်ခဲ့သော်လည်း သူသည် ဗုဒ္ဓကျင့်ကြံသူများကို မျှော်လင့်ချက်အလင်းရောင်ပေးသည့်အနေဖြင့် ဗုဒ္ဓနယ်မြေအတွင်းတွင် နေထိုင်ခွင့်ပြုခဲ့သည်။
သို့ရာတွင် ဤသည်က လက်ဆောင်တစ်ခုသာဖြစ်ပြီး သည်းခံခြင်းမဟုတ်ချေ။
တစ်ချိန်က ဗုဒ္ဓဂိုဏ်းဝင်များသည် တာယွီအင်ပါယာဧကရာဇ်၏အခွင့်အာဏာကို စိန်ခေါ်သည့်အနေဖြင့် သူတို့သည် ခွင့်ပြုချက်မရှိဘဲ ဗုဒ္ဓနယ်မြေအတွင်းမှ ထွက်လာခဲ့ကြ၏။ထိုအချိန်မှာပင် တော်ဝင်အမိန့်တော်အတွင်း၌ထွက်လာသော စွမ်းအားများ တိုးထွက်လာကာ ဗုဒ္ဓနယ်မြေအတွင်းရှိ အရာရာတိုင်းကို ဖျက်ဆီးလိုက်သည်။
ဤသည်က အကြွင်းမဲ့ ခြိမ်းခြောက်ဟန့်တားနိုင်ခြင်းပင်။
ထို့ကြောင့် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ် သေဆုံးသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သော်လည်း ဗုဒ္ဓကျင့်ကြံသူများသည် ဗုဒ္ဓနယ်မြေအတွင်းမှ ထွက်ခွာဝံ့ခြင်းမရှိချေ။
ယခုလက်ရှိချိန်တွင် တာယွီအင်ပါယာ၏ အသစ်တက်လာသော ဧကရီမှ သူတို့ထံ လူလွှတ်၍ရှာဖွေခိုင်းမှသာ သူတို့အားလုံး နိုးကြားလာခြင်းဖြစ်သည်။
ကောင်းကင်ဘုံနယ်မြေအတွင်း၌ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏အမိန့်တော်ကို လှုပ်ခါဝံ့သောသူဟူ၍ လူနည်းစုသာရှိသည်။
သို့ရာတွင် တာယွီ၏လက်ရှိဧကရီမှ ထုတ်ပြန်သော တော်ဝင်အမိန့်တော်ဖြင့် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏တော်ဝင်အမိန့်တော်ကို ပယ်ဖျက်ကောင်း ပယ်ဖျက်နိုင်ပေမည်။
ဤအကြောင်းအရင်းကြောင့် အစဥ်အမြဲသတိကြီးစွာထားသော ဗုဒ္ဓကျင့်ကြံသူများသည် ရှကွေ့ကျုံးနှင့်ပူးပေါင်း၍ တာယွီအင်ပါယာသို့လူများစေလွှတ်၍ကူညီပေးရန် သဘောတူညီခဲ့ခြင်းပင်။
ရှကွေ့ကျုံး အလိပ်ဖြေလိုက်သော တော်ဝင်အမိန့်တော်ပေါ်တွင် ထူထပ်သိပ်သည်းသော သင်္ကေတအက္ခရာများ ထွက်ပေါ်လာသည်။
ဤသည်က ဗုဒ္ဓနယ်မြေ၏ချိပ်ပိတ်မှုကို ပယ်ဖျက်နိုင်ရန်အတွက် အသစ်ဖွဲ့စည်းလိုက်သော မဟာအကြံပေးအဖွဲ့မှထုတ်ပြန်သည့် အမိန့်တော်ဖြစ်ပေ၏။
ထိုအမိန့်တော်၏အောက်တွင် ဧကရီလင်းလုံ၏စည်းတံဆိပ်ကို ခတ်နှိပ်ထားကာ 'မိုးကောင်းကင်အောက်တွင်ရှိသော သက်ရှိများအားလုံး ထာဝရအသက်ရှည်မှုရရှိကာ စည်ပင်ဝပြောစေရန်'ဟု ရေးသားထားသည်။
ထိုစည်းတံဆိပ်ခတ်နှိပ်ထားခြင်းကြောင့် တော်ဝင်အမိန့်တော်သည် အစစ်အမှန်ဟုတ်မဟုတ်ကို မည်သူကမျှ သံသယဝင်ကြမည်မဟုတ်ချေ။
Chapter 2765
တာယွီအင်ပါယာ၏ဧကရီရှန်လင်းလုံ ထုတ်ပြန်သော အမိန့်စာလွှာဖြည်ချလိုက်ချိန်တွင် ယခင်က ဗုဒ္ဓနယ်မြေတွင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ် ချန်ထားခဲ့သော တော်ဝင်အမိန့်တော်သည်လည်း အလိပ်ပြေသွားလေ၏။
ထိုအမိန့်စာလွှာပေါ်တွင် ထူထပ်သိပ်သည်းသောသင်္ကေတအက္ခရာများ ရှိနေသည်။ထိုအရာအား တစ်ချက်ကြည့်မိရုံဖြင့်ပင် လူအများသည် မူးဝေမှုကို ခံစားရပေမည်။
ထို့နောက်မှနေ၍ အမိန့်စာလွှာပေါ်ရှိ စာလုံးများအားလုံး တဖြည်းဖြည်းပေါင်းစည်းသွားကာ နောက်ဆုံးတွင် စာလုံးတစ်လုံး ထွက်ပေါ်လာသည်။
'တားမြစ်ကန့်သတ်ခြင်း'
အတိတ်တွင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် ဗုဒ္ဓနယ်မြေကို တားမြစ်သည့်အမိန့်တော်ကို ထုတ်ပြန်ခဲ့စဥ်၌ 'တားမြစ်ကန့်သတ်ခြင်း'ဟူသော စာလုံးတစ်လုံးကိုသာ ရေးသားခဲ့သည်။
အမိန့်တော်ပေါ်ရှိ တခြားစာလုံးများသည် ထို'တားမြစ်ကန့်သတ်ခြင်း'ဟူသော စာလုံးမှတဆင့် ဆင့်ကဲပေါက်ဖွားလာခြင်းဖြစ်သည်။
'တားမြစ်ကန့်သတ်ခြင်း'ဟူသော စာလုံးသက်သက်ဖြင့် ဗုဒ္ဓနယ်မြေကို နှစ်ပေါင်းများစွာကြာသည်အထိ ဖိနှိပ်ထားနိုင်ခဲ့ကာ အတိတ်တွင် မောက်မာရိုင်းစိုင်းခဲ့သော ဗုဒ္ဓကျင့်ကြံသူများကို အရိပ်အယောင်ပင်မတွေ့ရသည်အထိ ပျောက်ကွယ်နေစေခဲ့သည်။
ယခုလက်ရှိဧကရီရှန်းလင်းလုံနှင့် နှိုင်းယှဥ်ပါက သူတို့နှစ်ယောက်၏ကြားမှကွာဟချက်သည် အလွန်သိသာထင်ရှားလေ၏။
"ဖြစ်နိုင်တာတော့ ဧကရီလင်းလုံရဲ့တော်ဝင်အမိန့်တော်က ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ရဲ့အမိန့်တော်အပေါ် သက်ရောက်မှုမရှိတာများလား"
"မကောင်းတော့ဘူး...တကယ်လို့ အဲ့ဒီလိုသာဖြစ်လာရင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ရဲ့တော်ဝင်အမိန့်တော်ကစွမ်းအားတွေ ပွင့်အံထွက်လာတာနဲ့ ငါတို့ ဗုဒ္ဓနယ်မြေတစ်ခုလုံး ပျက်စီးသွားလိမ့်မယ်"
ဗုဒ္ဓနယ်မြေအတွင်းမှနေ၍ ရုတ်တရက် အဆင့်မြင့်ဘုန်းတော်ကြီးတချို့ ထွက်ပေါ်လာသည်။
သူတို့တစ်ယောက်ချင်းစီ၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုအရိပ်အယောင်မျိုး ရှိနေလေ၏။
ယခင်က ရှကွေ့ကျုံးနှင့်တွေ့ဆုံခဲ့သော ဘုန်းတော်ကြီးက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"စိတ်ရှည်ရှည်ထားစမ်းပါ...နတ်ဘုရားမြင့်မြတ်အမတ်ကြီး ဘာဆက်လုပ်မလဲဆိုတာကိုသာ ငါတို့ စောင့်ကြည့်ကြစို့...ဒါက ငါတို့ဗုဒ္ဓကျင့်ကြံသူတွေ ဒီနယ်မြေကနေထွက်ခွာနိုင်မယ့် တစ်ခုတည်းသော အခွင့်အရေးပဲ...မင်းတို့ရဲ့ကျန်နေတဲ့ ဘဝသက်တမ်းတလျှောက်လုံးကို ဒီနေရာမှာပဲကုန်ဆုံးချင်တယ်လို့ ငါ့ကို မပြောကြနဲ့"
တခြားအဆင့်မြင့်ဘုန်းတော်ကြီးများအားလုံး ချက်ချင်းဆိုသလို တိတ်ဆိတ်ငြိမ်သက်သွားသည်။
မည်သူကမျှ ဤနေရာတွင် တစ်ချိန်လုံးလှောင်ပိတ်ထားခံရခြင်းကို မလိုလားချေ။သူတို့ထံတွင် အစွမ်းထက်သောစွမ်းအားနှင့် ကြီးမားသောအင်အားအစုအဖွဲ့ရှိသည်။ဤနေရာမှထွက်ခွာနိုင်သည်နှင့် သူတို့သည် ကိစ္စအမြောက်အများကို လုပ်ဆောင်နိုင်ပေမည်။
သူတို့၏ကျန်ရှိသောဘဝသက်တမ်းကို ဤနေရာတွင်သာ ကုန်ဆုံးရမည်ကို သူတို့အားလုံး မလိုလားချေ။
ဤအချိန်အခိုက်အတန့်မှာပင် တားမြစ်အမိန့်တော် ရုတ်တရက်တုန်ခါသွားကာ လေထုအတွင်း၌ တဝီဝီအသံများ ထွက်ပေါ်လာသည်။
ထိုအရာသည် တစ်စုံတစ်ခုကိုအာရုံခံမိပုံဖြင့် ရှေ့သို့တန်းတန်းမတ်မတ် ပျံသန်းသွားသည်။
ရှကွေ့ကျုံးသည် ထိုအရာကိုဖမ်းဆုပ်ရန်အတွက် သူ၏လက်ကိုဆန့်တန်းလိုက်သော်လည်း နှစ်ပေါင်းများစွာကြာမြင့်နေသည့်တိုင် ထိုတားမြစ်အမိန့်တော်တွင် အလွန်များပြားသောမှော်စွမ်းအားများ ကျန်ရှိနေအုံးမည်ဟု သူ မျှော်လင့်မထားမိချေ။ထိုတားမြစ်အမိန့်တော်သည် သူ၏ဟန့်တားထားမှုမှ လွတ်ထွက်သွားကာ အဝေးရှိလေဟာနယ်တစ်နေရာသို့ ရောက်ရှိသွားသည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် တားမြစ်အမိန့်တော်သည် အရိပ်အယောင်ပင်မကျန်ရှိတော့ဘဲ ပျောက်ကွယ်သွားလေ၏။
"ဒါက တကယ်ကိုပဲ အဝေးကိုပျံသန်းသွားပြီ...ဒါပေမယ့် ဒါလည်းကောင်းတာပဲ...တော်ဝင်အမိန့်တော်နှစ်ခုကြားမှာ တိုက်ရိုက်ထိတွေ့ဆက်စပ်မှုမရှိတော့ဘူး...မဟုတ်ရင် ငါ ဒါကို ခက်ခက်ခဲခဲ ဖြေရှင်းနေရလိမ့်မယ်"
ရှကွေ့ကျုံးက မျက်မှောင်ကြုတ်လိုက်သော်လည်း သူက အလျှင်အမြန် စိတ်သက်သာရာရသွားသည်။
ဤတားမြစ်အမိန့်တော်ကို အတိတ်ကကောင်းကင်ဘုံဧကရာဇ်ကိုယ်တိုင် ရေးသားခဲ့ခြင်းဖြစ်သည်။ဤသည်က ထာဝရအသက်နှင့်အနီးစပ်ဆုံးနေရာသို့ရောက်ခဲ့သော အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ပင်။ရှကွေ့ကျုံးသည် ကောင်းကင်ဘုံ၏ချီးမြှောက်ခံ ပါရမီရှင်တစ်ယောက်ဖြစ်သည့်တိုင် မလိုအပ်ဘဲနှင့် ထိုတားမြစ်အမိန့်တော်ကို တို့ထိလိုခြင်းမရှိချေ။
"လောကကြီးကို ပြန်လည်ထိန်းသိမ်းစမ်း"
ရှကွေ့ကျုံးက သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ ဧကရီလင်းလုံ၏တော်ဝင်အမိန့်တော်က လေထုအတွင်း၌ တဖန်ထပ်၍ထွက်ပေါ်လာသည်။
ကျင့်ကြံသူများတွင် အံ့အားသင့်ဖွယ်ကောင်းသော အမြင်အာရုံရှိသည်။ဤအချိန်တွင် ဗုဒ္ဓနယ်မြေ၏ဘုရားကျောင်းသုံးထောင်အတွင်း၌ ရှိနေသည့် ဘုန်းတော်ကြီးများအားလုံးသည် တော်ဝင်အမိန့်တော်ပေါ်တွင် ရေးသားထားသောစာလုံးများကို တွေ့မြင်လိုက်ရ၏။
အတိတ်တွင် ဗုဒ္ဓဂိုဏ်း၏အင်အားကြီးထွားလာမှုကို ကန့်သတ်နိုင်ရန်အလို့ငှာ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် ဗုဒ္ဓကျင့်ကြံသူများအပေါ် စည်းမျဥ်းများစွာ ချမှတ်ခဲ့သည်။
ဥပမာအနေဖြင့် ဗုဒ္ဓကျင့်ကြံသူများသည် တော်ဝင်နန်းတွင်း၏ခွင့်ပြုချက်မရှိဘဲ တခြားနေရာများသို့ သွားရောက်ခွင့်မရှိချေ။သူတို့သည် သတ်မှတ်ထားသောနေရာများတွင်သာ ဗုဒ္ဓကျမ်းစာရွတ်ဆိုမှုနှင့်ဟောပြောမှုကို ပြုလုပ်ခွင့်ရှိကာ ခွင့်ပြုချက်မရှိဘဲ ယုံကြည်ကိုးကွယ်သူများ စုဆောင်းခွင့်မရှိပေ။
တခြားဥပမာတစ်ခုမှာ ဗုဒ္ဓကျင့်ကြံသူများသည် ယုံကြည်ကိုးကွယ်သူများထံမှ ချမ်းသာကြွယ်ဝမှုများကို အတင်းအကြပ်လုယူခွင့်မရှိချေ။ထိုကိစ္စကို ရှာဖွေဖော်ထုတ်နိုင်သည်နှင့် ပြစ်မှုကျူးလွန်သော ဘုရားကျောင်းတစ်ကျောင်းလုံး အင်ပါယာ၏ဘဏ္ဍာတော်အဖြစ် သိမ်းယူခြင်းခံရပေမည်။ထိုဘုရားကျောင်း၏ကျောင်းထိုင်ဘုန်းတော်ကြီးနှင့် တခြားကြံရာပါများသည်လည်း ပြင်းပြင်းထန်ထန် အပြစ်ပေးခြင်းခံရလိမ့်မည်။
ဗုဒ္ဓဂိုဏ်း အင်အားကြီးထွားမလာစေရန် ချမှတ်ထားသော စည်းမျဥ်းချက်တချို့မှာ အလွန်တင်းကြပ်သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ ရှန်လင်းလုံထုတ်ပြန်လိုက်သော တော်ဝင်အမိန့်တော်တွင် အတိတ်က ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ် ချမှတ်ခဲ့သော စည်းမျဥ်းများအားလုံးကို ပယ်ဖျက်ထားသည်။
ထိုအမိန့်စာလွှာအတွင်း၌ သူမ ရေးသားထားသည်မှာ ဗုဒ္ဓကျင့်ကြံသူများသည် သနားဂရုဏာနှင့်ပြည့်စုံသော စိတ်နှလုံးသားရှိသဖြင့် လူအများကိုဦးဆောင်၍ လမ်းကြောင်းမှန်ကိုပြသသည်မှာ ကောင်းမွန်သည့်ကိစ္စဖြစ်သည်ဟု ရေးသားထားလေ၏။
ထို့ပြင် ရှန်လင်းလုံသည် ဗုဒ္ဓလမ်းစဥ်ကို တာယွီအင်ပါယာ၏ ကိုးကွယ်မှုအယူဝါဒအဖြစ် သတ်မှတ်ရန် ကြံရွယ်နေသဖြင့် ဗုဒ္ဓကျင့်ကြံသူများသည် အင်ပါယာအတွင်း၌ လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာနိုင်တော့ပေမည်။
Thank For Reading.