အခန်း (၂၇၈၁-၂၇၈၅)
Vol. 142 Ch. 2781-2785
Chapter 2781
"ဒီနေရာကို လာခဲ့အုံး"
လုံယွင်ရှန်းက လုယွီကိုစိုက်ကြည့်ကာ ချောင်ကျသောနေရာတစ်နေရာသို့ လိုက်ခဲ့ရန် မျက်ရိပ်ပြလိုက်သည်။
လုယွီက သူမကိုကြည့်ကာ ပြောဆိုသည်။
"ဘာလို့ မင်း ငါ့ကို ဟန့်တားတာလဲ"
လုံယွင်ရှန်းက လုယွီကို စူးစူးဝါးဝါးကြည့်ကာ ပြောဆိုလေ၏။
"နင့်ကိုယ်နင် တကယ်ကြီး သန်မာအားကောင်းတယ်လို့ နင် ထင်နေတာလား...အသိဝင်စမ်းပါ...တော်ဝင်ကျောင်းတော်ရဲ့အလယ်အလတ်အဆင့် တပည့်တစ်ယောက်က ဘယ်လောက်ထိ အစွမ်းထက်တယ်ဆိုတာ နင် သိရဲ့လား"
"နင်က မဟာအတွင်းဝန်ဖူ နတ်ဘုရားဓားအမတ်ကြီးတို့နဲ့ သိကျွမ်းတယ်ဆိုတာ ငါ သိပြီးပြီ...သူတို့က တော်ဝင်နန်းတွင်းရဲ့အရေးကြီးပုဂ္ဂိုလ်တွေ...သူတို့နဲ့သိကျွမ်းတယ်ဆိုတာ နင့်အတွက် ကောင်းတဲ့ကိစ္စပဲ...ဒါပေမယ့် သူတို့နှစ်ယောက်က သာမာန်လူတစ်ယောက်ကို မိတ်ဖွဲ့ချင်မှာမဟုတ်ဘူး...နင်နဲ့သူတို့က စားပွဲတစ်ခုတည်းမှာ အတူထိုင်ပြီး သောက်စားခဲ့ကြတဲ့ မိတ်ဆွေတွေဖြစ်ရုံသက်သက်ပဲ...ဒီပတ်သတ်မှုကို မှီခိုပြီးတော့ နင်လိုမြေခွေးတစ်ကောင်က ကျားတစ်ကောင်ယောင်ဆောင်လို့ရမလား"
"နေ့လည်ခင်းကြောင်တောင် အိမ်မက်မက်နေတာကို ရပ်လိုက်တော့...နင် ရိုးရိုးသားသား ကျင့်ကြံလို့ မရဘူးလား...နင် ဒီလိုလှည့်စားမှုတွေ ဆက်ပြီးမလုပ်သင့်တော့ဘူး...အခုချိန်မှာ မဟာအတွင်းဝန်ဖူနဲ့နတ်ဘုရားဓားအမတ်ကြီးတို့က တော်ဝင်မြို့တော်ကနေ ပြောင်းရွှေ့သွားပြီ...ဦးလေးတောင်မှ ရှေ့တန်းကို စစ်ချီသွားရတယ်...ဒီလိုအရေးကြီးပုဂ္ဂိုလ်တွေနဲ့နှိုင်းယှဥ်ရင် နင်က မပြောပလောက်တဲ့လူစားမျိုးပဲ...အခုထိ နင့်ရဲ့အခြေအနေကို နင် ရှင်းရှင်းလင်းလင်း မသိသေးဘူးလား"
လုံယွင်ရှန်းက အသက်ပြင်းပြင်းရှိုက်ကာ သူမပြောဆိုလိုသမျှ အရာရာတိုင်းကို ထုတ်ဖော်ပြောဆိုသည်။
နောက်ဆုံးတစ်ကြိမ်တွေ့ဆုံခဲ့စဥ်တွင် လုယွီသည် ဖူကျစ်ရွှယ်၏သြဇာအာဏာကိုအသုံးပြု၍ လုံယွင်ရှန်းကို အညံခံရန် ဖိအားပေးခဲ့သည်။
သို့ရာတွင် လုံယွင်ရှန်း၏အကျင့်စရိုက်အရ ဤကိစ္စကို မည်သည့်နည်းဖြင့် သည်းခံနိုင်မည်နည်း။
လုံယွင်ရှန်းသည် သူမ အချိန်အတော်ကြာ မြိုသိပ်ထားခဲ့သော စကားများအားလုံးကို လုယွီ၏ရှေ့၌ ပြောဆိုလိုက်သည်။ရုတ်ချည်းဆိုသလိုပင် သူမ၏စိတ် ပေါ့ပါးသွားသကဲ့သို့ ခံစားရကာ သူမ၏စိတ်နှလုံးသားအတွင်းရှိ တင်းကြပ်နေမှုများလည်း ပျောက်ကွယ်သွားပုံရသည်။
လုံယွင်ရှန်းက ဂုဏ်ယူဝင့်ကြွားသောအမူအယာဖြင့် ခေါင်းမော့ကာ လုယွီကို ကြည့်လိုက်၏။
"နင်နဲ့ငါရဲ့ဦးလေး ခြေရာချင်းတိုင်းနိုင်တဲ့ အကြောင်းအရင်းကို ငါ သိတယ်...ဒါက နင်ရဲ့နောက်ခံအင်အားနဲ့ ငါ့ရဲ့ဦးလေးကို ဖိအားပေးနိုင်လို့ပဲ...ဒါက ဘယ်လောက်များ ဂုဏ်ယူစရာကောင်းနေလို့လဲ...ငါရဲ့ဦးလေးက အမတ်ကြီးဖြစ်တာမကြာသေးတော့ လုံလောက်တဲ့အင်အားမျိုးမရှိသေးဘူး...ဒါပေမယ့် နင်ကတော့ နင့်ကိုယ်နင် အရူးလုပ်နေတဲ့ကောင်သက်သက်ပဲ...ဒါကို နင်ကိုယ်နင် အရမ်းအောင်မြင်ပြီလို့ ထင်နေတာလား"
သူမသည် အစဥ်အမြဲ ထိုသို့တွေးတောထားခဲ့သည်။
ထို့ကြောင့် ရှားဟိုလီသည် အင်အားများစွာစိုက်ထုတ်၍ လုံယွင်ရှန်းကို လုယွီနှင့် မိတ်ဆက်ပေးခဲ့သော်လည်း သူမကမူ ကိစ္စကြီးတစ်ရပ်ဟု တွေးထင်ခဲ့ခြင်းမရှိချေ။
"မင်း ပြောလို့ပြီးပြီလား"
လုယွီက သူမကိုကြည့်ကာ လေသံပြတ်ပြတ်နှင့် ပြောဆိုသည်။
"တကယ်လို့ မင်းက ရေတွင်းအောက်ခြေကဖားသူငယ်မဖြစ်ချင်ဘူးဆိုရင်...မင်း အပြင်ကိုထွက်ပြီးတော့ တစ်ချက်လေ့လာတာ ပိုကောင်းလိမ့်မယ်...မင်းရဲ့ရှေ့က အရာတွေသက်သက်နဲ့ မင်းရဲ့အမြင်ကို ဖုံးလွှမ်းမခံနဲ့...ဒီလောကကြီးထဲမှာ မင်း စိတ်ကူးတောင်ယဥ်ကြည့်ဖူးမှမဟုတ်တဲ့အရာတွေ အများကြီးရှိတယ်"
"ရှားဟိုလီရဲ့မျက်နှာကိုထောက်ပြီးတော့ ငါ မင်းနဲ့အငြင်းမပွားချင်ဘူး...ဒါပေမယ့် အဲ့ဒါကလည်း အကန့်အသတ်ရှိတယ်ဆိုတာ မင်း မှတ်ထားပါ...မင်းကိုယ်မင်း ဂရုစိုက်ပါ"
လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုပြီးနောက် ဤနေရာမှ ထွက်ခွာခဲ့တော့သည်။
ရှားဟိုလီ၏မျိုးဆက်သစ်လူငယ်များသည် သူ့အား ယုံကြည်လက်ခံခြင်းမရှိကြချေ။သို့ရာတွင် လုယွီသည် ရှားဟိုမိသားစု သေရေးရှင်ရေးအခြေအနေအတွင်းသို့ ကျရောက်ပါက ကူညီပေးမည်ဟု ရှားဟိုလီကို ကတိပေးထားခဲ့သည်။
ရှားဟိုမိသားစုမှ မောက်မာသောလူငယ်ကျင့်ကြံသူများကိုမူ လုယွီသည် အနည်းငယ်မျှပင် ညှာတာထောက်ထားနေမည်မဟုတ်ချေ။
"ဟွန့်...နင်က တခြားသူတွေကို မကြာခဏ လိမ်လည်လှည့်ဖျားခဲ့တယ်...ဒါပေမယ့် အဆုံးသတ်ကျတော့ နင်က နင့်ကိုယ်နင် လိမ်လည်လှည့်ဖျားနေတာပဲ"
လုံယွင်ရှန်းက သရော်တော်တော် ပြောဆိုသည်။
ဝှစ်...
ထိုအချိန်မှာပင် လူရိပ်တစ်ရိပ်က လုံယွင်ရှန်း၏နံဘေးသို့ ရောက်ရှိလာသည်။ထိုလူရိပ်သည် ရှားဟိုကျွင်းပင်။
ရှားဟိုကျွင်းက ထွက်ခွာသွားသော လုယွီ၏နောက်ကျောကိုကြည့်ကာ အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"ရှန်းအာ...ဘာလို့ အဲ့ဒီကောင်နဲ့တိုက်ခိုက်ဖို့ ငါ့ကိုခွင့်မပြုတာလဲ...သူက လူလိမ်လူညာတစ်ယောက်ဖြစ်နေမှတော့ ငါက ခွေးတစ်ကောင်ကိုသတ်သလိုမျိုး သူ့ကိုသတ်လိုက်လို့ရတယ်"
လုံယွင်ရှန်းက သူမ၏ခေါင်းကို ခါယမ်းပြလေ၏။
"အဲ့ဒီနေ့တုန်းက စားသောက်ဆိုင်မှာ သူနဲ့နတ်ဘုရားဓားအမတ်ကြီးတို့က အချင်းချင်းညီအကိုတွေလို့ ခေါ်ဆိုသုံးနှုန်းနေကြတယ်"
သူမသည် ယခင်က လုယွီနှင့် စားသောက်ဆိုင်အတွင်း၌ တွေ့ဆုံခဲ့ရသောကိစ္စကို ရှားဟိုကျွင်းအား အကုန်အစင်ပြောပြလိုက်သည်။
"သူ့ဆီမှာ ဒီလိုနောက်ခံအင်အားမျိုးရှိနေမယ်လို့ ငါ မျှော်လင့်မထားမိဘူး...အဲ့ဒီလူနှစ်ယောက်လုံးက ကောင်းကင်ဘုံနယ်မြေရဲ့ထိပ်သီးပုဂ္ဂိုလ်ကြီးတွေပဲ...သူတို့နဲ့အဲ့ဒီကောင်လေးကြားမှာ တကယ့်ကိုပဲ ရင်းနှီးတဲ့ဆက်ဆံရေးမျိုးရှိနေရင်...တကယ်လို့ ငါ သူ့ကိုသာသတ်မိရင် အဲ့ဒီပုဂ္ဂိုလ်ကြီးနှစ်ယောက်ကို အပြစ်ပြုမိသွားမယ်...နောင်အနာဂတ်မှာ အဲ့ဒီပုဂ္ဂိုလ်နှစ်ယောက်ရဲ့ ပစ်မှတ်ထားခံရမှာတောင် ငါ စိုးရိမ်မိတယ်"
လုံယွင်ရှန်းက သရော်တော်တော် ပြောဆိုသည်။
"သူလား...ငါ့ရဲ့အမြင်အရတော့ သူက အဲ့ဒီပုဂ္ဂိုလ်ကြီးတွေရဲ့ သတင်းပေးသက်သက်ပဲနေမှာ...အဲ့ဒီပုဂ္ဂိုလ်ကြီးတွေက သူ့ကိုဂရုစိုက်မှာ မဟုတ်ပေမယ့် သူ့ရဲ့နောက်မှာရှိနေတာတော့ အမှန်ပဲ"
Chapter 2782
ရှားဟိုကျွင်းက ခေါင်းညိတ်ပြလိုက်သည်။
"ငါ ထင်တာလည်း မင်းနဲ့အတူတူပဲ...အဲ့ဒီကောင်မှာ ဘာအရည်အချင်းမှမရှိဘူး...အများဆုံးအနေနဲ့ သူက အစွမ်းထက်ပုဂ္ဂိုလ်ကြီးတွေရဲ့ အစေခံအဆင့်ပဲရှိမှာ"
"ရှန်းအာ...ဖူးရွှေပွဲတော်က မကြာခင် စတင်တော့မယ်...နောက်ထပ်ရက်အနည်းငယ်အတွင်းမှာ မင်း ကောင်းကောင်းပြင်ဆင်ထားရမယ်...ငါက တော်ဝင်ကျောင်းတော်က မိတ်ဆွေတွေနဲ့ ဆက်သွယ်ပြီးတော့ ဖိတ်ကြားလွှာနှစ်စောင်ရထားတယ်...မင်းနဲ့ငါ အတူတူသွားကြရအောင်"
"ဘာ...ဖူးရွှေပွဲတော်...ဒီတစ်ကြိမ်မှာ ငါတို့ တကယ်ကြီး သွားလို့ရပြီလား"
ထိုသတင်းကိုကြားချိန်တွင် လုံယွင်ရှန်း၏ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီသွားကာ သူမ၏မျက်နှာပေါ်၌ စိတ်လှုပ်ရှားသောအမူအယာမျိုး ထင်ဟပ်လာသည်။
ကောလဟာလများအရ တော်ဝင်မြို့တော်၏အရှေ့မြောက်ဘက်တွင် မိုင်ပေါင်းများစွာကျယ်ဝန်းသော ရေအိုင်တစ်အိုင်ရှိသည်။
ထိုရေအိုင်၏အထက်ရှိ လေထုအတွင်း၌ တစ်နှစ်ပတ်လုံး စိတ်ဝိညာဥ်စွမ်းအင်များမျောလွင့်ကာ စုဝေးနေသည်။ထိုရေအိုင်အတွင်း၌ အချိန်အတော်ကြာကျင့်ကြံပါက ကျင့်ကြံသူတစ်ယောက်၏ခန္ဓာကိုယ်ကို တောင့်တင်းသန်မာစေသည့်အပြင် သူ၏ကျင့်ကြံဆင့်နယ်ပယ် မြှင့်တင်ရာတွေလည်း အလွန်အမင်း အကျိုးကျေးဇူးရနိုင်ပေ၏။
ထိုရေအိုင်ကို ဖူးရွှေရေအိုင်ဟု ခေါ်ဆိုသည်။ကောလဟာလများအရ အတိတ်တွင် စိတ်ဝိညာဥ်စမ်းရေများဖြင့် ပြည့်နှက်နေသော ဧကရာဇ်အဆင့်မှော်လက်နက်တစ်ခုရှိခဲ့သည်။ထိုဧကရာဇ်အဆင့်မှော်လက်နက်ကို ပိုင်ဆိုင်ထားသောအစွမ်းထက်ကျင့်ကြံသူသည် ဤနေရာသို့အရောက်တွင် ထိုမှော်လက်နက်ကို မတော်တဆ ပစ်ချမိခဲ့လေ၏။ထိုမှော်လက်နက်၏အတွင်းရှိ စိတ်ဝိညာဥ်စမ်းရေများ ပန်းထွက်လာကာ မြေပြင်ပေါ်၌ ရေအိုင်တစ်အိုင်အဖြစ် ဖွဲ့စည်းသွားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ စိတ်ဝိညာဥ်စမ်းရေများသည် အလွန်အမင်း အဖိုးတန်ရှားပါးပေ၏။ထိုအစွမ်းထက်ကျင့်ကြံသူ၏နောက်လိုက်များသည် စိတ်ဝိညာဥ်စမ်းရေများကို ပြန်လည်ယူဆောင်ရန် ကြံရွယ်ကြသော်လည်း ထိုအစွမ်းထက်ကျင့်ကြံသူက ပြောဆိုလေ၏။
"ဒီစိတ်ဝိညာဥ်စမ်းရေတွေက ဖြာကျသွားပြီးမှတော့ ဘာလို့ပြန်ယူနေအုံးမှာလဲ...မှောက်ကျသွားတဲ့ရေကို ပြန်ယူဖို့ဆိုတာ အရမ်းခက်ခဲတယ်...ဒီအတိုင်းသာ ထားခဲ့တော့"
နောက်ပိုင်းတွင် ထိုရေအိုင်ကို ဖူးရွှေဟု အမည်ပေးခဲ့ကြသည်။
ဖူးရွှေပွဲတော်ကို တစ်နှစ်လျှင်တစ်ကြိမ်သာ ကျင်းပသည်။
ထိုပွဲတော်ကို ဖူးရွှေရေအိုင်၏ကမ်းစပ်၌ ကျင်းပသဖြင့် ထိုနာမည်ခေါ်ဆိုကြခြင်းဖြစ်ကာ ပွဲတော်ကျင်းပသောရက်မှာ တစ်ရက်တည်းသာဖြစ်သည်။
ဤသည်က တော်ဝင်မြို့တော်အတွင်း၌ အကြီးမားဆုံးလေလံပွဲများအနက်မှတစ်ခုပင်။ဖူးရွှေပွဲတော်ကျင်းပသည့်အချိန်တိုင်း အမျိုးမျိုးသောကြယ်မြစ်များမှ ကြီးမားသောကုန်သည်အုပ်စုများ ဂိုဏ်းကြီးများနှင့်မြင့်မြတ်နယ်မြေများကဲ့သို့အင်အားစုကြီးများ လာရောက်ကြသည်။
ဤနေရာတွင် လောကကြီးတခွင်လုံးမှ ရတနာအမြောက်အများ ရှိနေလေ၏။တစ်စုံတစ်ယောက်သည် မည်သည့်အရာကို လိုအပ်သည်ဖြစ်စေ ဤနေရာ၌ လာရောက်ရှာဖွေနိုင်သည်။
ဖူးရွှေပွဲတော်၏အကြီးမားဆုံးကျော်ကြားမှုမှာ ဤပွဲတော်သည် တစ်နှစ်လျှင်တစ်ကြိမ်သာကျင်းပပြီး လေလံတင်သော မှော်ရတနာများအားလုံး ထိပ်တန်းအဆင့်ဖြစ်နေခြင်းပင်။ဤနေရာ၌ စျေးပေါသောမှော်ရတနာဟူ၍ မရှိချေ။အဖိုးတန်ရှားပါးသော မှော်ရတနာများသာ ဖူးရွှေပွဲတော်၌ရောင်းချရန် အရည်အချင်းပြည့်မီသည်။
ထို့ပြင် ဖူးရွှေပွဲတော်သို့ ဝင်ခွင့်ရရန် လိုအပ်ချက်သည် အလွန်အမင်း မြင့်မားပေ၏။ရှားဟိုမိသားစုတစ်စုလုံးတွင် အမတ်ကြီးရှားဟိုလီတစ်ယောက်တည်းသာ အရည်အချင်းပြည့်မီသည်။တခြားရှားဟိုမိသားစုဝင်များသည် ဖူးရွှေပွဲတော်သို့ဝင်ရောက်ရန် အရည်အချင်းမပြည့်မီချေ။သူတို့သည် ဖူးရွှေပွဲတော်သို့ဝင်ရောက်နိုင်ရန်အတွက် တခြားနည်းလမ်းများကို ရှာဖွေကြရသည်။
ချမ်းသာကြွယ်ဝသော လူအမြောက်အများပင်လျှင် ဖူးရွှေပွဲတော်သို့ ဝင်ခွင့်မရရှိချေ။
"ကောင်းတယ်...တကယ်လို့ ငါ ဖူးရွှေပွဲတော်ကနေ မှော်ရတနာတချို့ ဝယ်နိုင်ရင်...တော်ဝင်စာမေးပွဲမတိုင်ခင် ငါ့ရဲ့ခွန်အား မြင့်တက်သွားမှာ အသေအချာပဲ...ပြီးတော့ တကယ်လို့ ငါနဲ့သင့်တော်တဲ့ ရတနာကို ရှာမတွေ့ရင်တောင် ငါက လောကကြီးကို စူးစမ်းလေ့လာခွင့်ရတယ်"
လုံယွင်ရှန်းသည် အလွန်စိတ်လှုပ်ရှားနေသဖြင့် သူမ၏အသံက တုန်ရီနေသည်။
ရှားဟိုကျွင်းက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။
"ဒါက ဝင်ခွင့်ဖိတ်ကြားလွှာလေးပါ...ဒါ့ကိုရဖို့က ငါ့အတွက် အရမ်းလွယ်ကူတယ်"
"အကိုကြီးကျွင်းလိုလူမျိုးကသာ လောကကြီးရဲ့ပါရမီရှင်လို့ ခေါ်ခံရဖို့ထိုက်တန်တယ်...နင်နဲ့နှိုင်းယှဥ်ရင် လုယွီဆိုတဲ့ကောင်က လူပြက်တစ်ယောက်သက်သက်ပဲ"
လုံယွင်ရှန်းက ကြည်ညိုလေးစားသောအကြည့်မျိုးဖြင့် ရှားဟိုကျွင်းကို ကြည့်လိုက်သည်။
ရှားဟိုကျွင်းက သူ၏အင်္ကျီလက်ကိုဝှေ့ယမ်းကာ ယုံကြည်ချက်အခိုင်အမာရှိသောလေသံဖြင့် ပြောဆိုသည်။
"ငါက မိသားစုအကြီးအကဲတွေကို အသိပေးပြီးပြီ...ဒီတစ်ကြိမ်မှာ မိသားစုက ငါ့ကို အပြည့်အဝထောက်ပံပေးလိမ့်မယ်...လေလံပွဲအတွင်းမှာ ငါက အနည်းဆုံး အင်မော်တယ်ကျောက်တုံးသန်းတစ်ရာကို အသုံးပြုနိုင်တယ်...အချိန်ကျလာရင် ငါ မင်းနဲ့သင့်တော်တဲ့ မှော်ရတနာကို သေချာပေါက်ရှာပေးမယ်"
လုံယွင်ရှန်းက အလွန်အမင်း မနာလိုဖြစ်သွားလေ၏။
"ဒီလိုဆိုမှတော့ အကိုကြီးကျွင်းက ဒီတစ်ကြိမ်တော်ဝင်စာမေးပွဲမှာ တစ်ချက်တည်းနဲ့ လောကကြီးတခွင်လုံးကို အံ့အားသင့်သွားအောင် လုပ်မယ့်ပုံပဲ...နင်က ထိပ်တန်းအဆင့်မြင့်ကျောင်းတော်သားတစ်ယောက်ဖြစ်လာမှာ သေချာတယ်"
"ဟား ဟား ဟား...အမှန်ပဲ...ငါ မင်းကို ဖုံးကွယ်မထားတော့ဘူး...ဒီတစ်ကြိမ် ငါ့ရဲ့ရည်ရွယ်ချက်က ပထမနေရာပဲ...အဲ့ဒီပါရမီရှင်လို့ခေါ်တဲ့ကောင်တွေကို အစစ်အမှန်ခွန်အားကဘာလဲဆိုတာ ငါ သိခွင့်ပြုလိုက်မယ်"
တော်ဝင်စာမေးပွဲ၌ ပထမနေရာမှအောင်မြင်သူသည် ပထမအဆင့်ကျောင်းတော်သားဖြစ်ပြီး စာမေးပွဲအတွင်း၌ ထိပ်ဆုံးအဆင့်မှရပ်တည်နိုင်ကာ အစွမ်းထက်သောပါရမီရှင်ဟု ယူဆနိုင်သည်။
ဤအချိန်အခိုက်အတန့်တွင် လုံယွင်ရှန်းပင်လျှင် ရှားဟိုကျွင်း၏ရည်မှန်းချက်ကြောင့် အံ့အားသင့်တုန်လှုပ်သွားသည်။
Chapter 2783
ရက်အနည်းငယ်ကြာပြီးနောက် လုယွီသည် ရုတ်တရက် ဖိတ်ကြားလွှာတစ်စောင်ကို လက်ခံရရှိခဲ့သည်။
ထိုဖိတ်ကြားလွှာ၏အဖုံးတွင် ရွှေရောင်နဂါးအမှတ်အသားကိုထွင်းထုထားကာ အလွန်လက်ရာမြောက်ပြီး ကြီးကျယ်ခမ်းနားသည်။
ဤဖိတ်ကြားလွှာတစ်ခုတည်းဖြင့်ပင် အင်မော်တယ်ကျောက်တုံး ရာနှင့်ချီ၍ အဖိုးတန်သည်။
ထိုဖိတ်ကြားလွှာ၏ပုံစံသည် အလွန်လက်ရာမြောက်သော်လည်း မည်သူမဆို အသုံးမပြုနိုင်ချေ။
ဖိတ်ကြားလွှာ၏ထောင့်၌ နန်းတော်အတွင်း၌သာ အသုံးပြုနိုင်သော လျှို့ဝှက်အမှတ်အသားတချို့ရှိသည်။တခြားမည်သည့်အင်အားစုဖြစ်စေ ထိုကဲ့သို့ဖိတ်ကြားလွှာမျိုးကို အသုံးပြုမိပါက ပြင်းထန်သောရာဇဝတ်မှုကျူးလွန်မှုပင်။
"ကျန်းယုချင်...သူက မီဖေးနဲ့အတူ တော်ဝင်မြို့တော်ကို ရောက်နေတာပါလား"
လုယွီက သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။
အောက်ဘုံအတွင်း၌ ကျန်းယုချင်ထံတွင် မီဖေး၏သွေးမျိုးဆက်ရှိနေသဖြင့် သူမသည် မီဖေး၏တပည့်အဖြစ် လက်ခံခြင်းခံရကာ ကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိလာခဲ့သည်။
လုယွီနှင့်အတူ ကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိလာသူများအနက် တချို့သည် သူတို့၏ကိုယ်ပိုင်လမ်းကြောင်းအတိုင်း လျှောက်လှမ်းသွားကာ အများစုကမူ လီကျီးနှင့်အတူ ထန်အင်ပါယာသို့ လိုက်ပါသွားကြ၏။
ယခုချိန်တွင် အောက်ဘုံရှိမိတ်ဆွေဟောင်းတစ်ယောက်၏ ဆက်သွယ်မှုကိုရရှိသဖြင့် လုယွီ၏စိတ်နှလုံးသားတစ်ခုလုံး စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေသည်။
သို့ရာတွင် ကျန်းယုချင်ထံမှဖိတ်ကြားလွှာသည် အခမ်းအနားတစ်ခုအတွက် ဖိတ်ကြားခြင်းမျိုးမဟုတ်ချေ။
မီဖေးသည် အပြင်းအထန် ဖျားနာနေပေ၏။တော်ဝင်ဆေးကုသဆောင်၌ ကုသသော်လည်း သူမ၏အခြေအနေသည် အနည်းငယ်မျှပင် ကောင်းမွန်လာခြင်းမရှိပေ။
ကျန်းယုချင်၏စိတ်နှလုံးသားတစ်ခုလုံး စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေသည်။သူမက လုယွီသည် အောက်ဘုံအတွင်း၌ အစွမ်းထက်သောဆေးပညာရှင်တစ်ယောက်ဖြစ်ကာ ဆေးပညာအစည်းအရုံး၏ပြိုင်ပွဲ၌ ဗိုလ်စွဲခဲ့သူဖြစ်ကြောင်း သတိရသွားသည်။လုယွီသည် တော်ဝင်မြို့တော်၌ရှိနေကြောင်းကို သူမ သိရှိသွားချိန်တွင် လုယွီကို ဖိတ်ကြားရန်အတွက် တစ်စုံတစ်ယောက်ကို အလျင်စလိုစေလွှတ်လိုက်ခြင်းဖြစ်သည်။
"ဒီလိုဆိုမှတော့ ငါ သွားပြီး တစ်ချက်ကြည့်ရမယ်"
မိတ်ဆွေဟောင်းတစ်ယောက်ထံမှ တောင်းဆိုလာခြင်းဖြစ်သဖြင့် လုယွီ ငြင်းဆန်စရာအကြောင်းမရှိချေ။
အိမ်တော်တံခါးမှ သူ ထွက်လိုက်သည်နှင့် ပြင်ပတွင် တော်ဝင်ရထားလုံးတစ်စီး ရပ်ထားခြင်းကို တွေ့မြင်မိသည်။
"သခင်လေးလု...မင်းသမီးက သခင်လေးလုကို ခေါ်ဆောင်လာဖို့အတွက် ဒီအစေခံကို စေလွှတ်လိုက်ပါတယ်"
ရထားလုံးကိုမောင်းနှင်သူသည် အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားသော မိန်းမစိုးတစ်ယောက်ဖြစ်ကာ လုယွီကို ရိုသေလေးစားစွာ ပြောဆိုလေ၏။
လုယွီ၏မျက်ခုံးများ မြင့်တက်သွားသည်။
"မင်းသမီး....မင်းက ကျန်းယုချင်ကို ပြောနေတာလား"
အစိမ်းရောင်ဝတ်စုံဝတ်မိန်းမစိုးက တုံ့ပြန်ပြောဆိုသည်။
"မနှစ်က မင်းသမီး အောက်ဘုံကနေ တက်လှမ်းလာတဲ့ချိန်မှာ 'မေပယ်မင်းသမီး'ဘွဲ့ကို ခန့်အပ်ခံထားရတယ်...ဒီအစေခံကို မင်းသမီးဆီမှာ အမှုထမ်းဖို့အတွက် တော်ဝင်ကိုယ်လုပ်တော်က စေလွှတ်ထားတာပါ"
ရထားလုံးသည် တော်ဝင်နန်းတော်သို့ဦးတည်၍ မောင်းနှင်ခဲ့တော့သည်။
တာယွီတော်ဝင်နန်းတော်သည် တော်ဝင်မြို့တော်မြောက်ပိုင်း၏အလယ်ဗဟိုတွင် တည်ရှိသည်။
နန်းတော်ကို မြောက်မှတောင်သို့ မျက်နှာမူ၍ တည်ဆောက်ထားသည်။တော်ဝင်နန်းတော်သည် အလွန်အမင်းကျယ်ဝန်းကာ နံရံများသည် မီတာပေါင်းများစွာမြင့်မားပြီး ကောင်းကင်ယံကိုပင်ထိလုမတက်ဖြစ်နေကာ ပြင်ပလောကနှင့် အပြည့်အဝပိုင်းခြားထားသည်။
နန်းတော်နံရံများတွင် အားကောင်းသောဝင်္ကပါ အမြောက်အများကို တင်းကြပ်စွာခင်းကျင်းထားကာ နန်းတော်တစ်ခုလုံးကို ဘေးကင်းလုံခြုံစေသည်။
ထိုဝင်္ကပါများအားလုံးကို ဝင်္ကပါပညာရပ်တွင်အထွတ်အထိပ်အဆင့်သို့ရောက်နေသော ဝင်္ကပါပညာရှင်များက ခင်းကျင်းထားသဖြင့် အလွန်အမင်း အစွမ်းထက်သည်။ကောလဟာလများအရ တော်ဝင်နန်းတော်၏မဟာအကာအကွယ်ဝင်္ကပါကြီးသည် တာအိုသခင်တစ်ယောက်၏တိုက်ခိုက်မှုကို ခံရလျှင်ပင် မပျက်စီးနိုင်ဟု ဆိုကြ၏။
ကျင့်ကြံသူအမြောက်အများသည် တော်ဝင်နန်းတော်၏အတွင်းဘက်ခြံဝန်းအတွင်း၌ နေ့ရောညပါ ကင်းလှည့်နေကြသည်။တော်ဝင်နန်းတွင်း၏လေးဘက်လေးတန်လုံးကို စောင့်ကြပ်နေသော အစောင့်ပေါင်း တစ်သန်းခန့်ရှိသည်။
တော်ဝင်နန်းတော်အတွင်း၌ နတ်ဆိုးသားရဲဧကရာဇ်အဆင့်ရှိသော နတ်ဆိုးသားရဲများလည်းရှိနေသည်။ထိုနတ်ဆိုးသားရဲများသည် နန်းတော်၏နေရာအနှံ့အပြား၌ စောင့်ကြပ်နေသဖြင့် ယင်ကောင်တစ်ကောင်ပင်လျှင် တော်ဝင်နန်းတော်အတွင်းသို့ မဆင်မခြင်ဝင်ရောက်ဝံ့မည်မဟုတ်ချေ။
နန်းတော်၏နံရံများကို အလွှာလွှာအထပ်ထပ် တည်ဆောက်ထားသဖြင့် တစ်စုံတစ်ယောက်သည် သူ မည်သည့်နေရာ၌ရှိနေသည်ကို မသိနိုင်ပေ။
ရထားလုံးသည် နန်းတော်တံခါးမကြီးရှေ့၌ ရပ်တန့်သွားလေ၏။အစိမ်းရောင်ဝတ်စုံဝတ်မိန်းမစိုးသည် နန်းတော်နံရံအထပ်ထပ်ကိုဖြတ်ကျော်ကာ လုယွီကို တိတ်ဆိတ်ငြိမ်သက်သောနန်းဆောင်တစ်ခု၏ရှေ့သို့ ခေါ်ဆောင်သွားခဲ့သည်။
လမ်းတလျှောက်လုံး၌ လုယွီသည် သူ့အားစုံစမ်းထောက်လှမ်းနေသော အကြည့်အမြောက်အများကို အာရုံခံမိသည်။ဤသည်က နန်းတော်အတွင်း၌ လှုပ်ရှားမှုဟူသမျှကို စုံစမ်းထောက်လှမ်းနေသော လျှို့ဝှက်အစောင့်များပင်။
"လုယွီ...ငါတို့ ပြန်တွေ့ရပြီ"
နန်းဆောင်၏ပြင်ပမှနေ၍ ကျန်းယုချင်က လုယွီကို ကြိုဆိုနှုတ်ဆက်လိုက်၏။
သူမသည် နန်းတွင်းဝတ်စုံကိုဝတ်ဆင်ထားကာ တင့်တယ်လှပပြီး နှစ်လိုဖွယ်ကောင်းနေသည်။
ကျန်းယုချင်သည် အလွန်လှပချောမောစွာ မွေးဖွားလာသူဖြစ်သဖြင့် ယခုနန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားချိန်တွင် ပို၍ကျက်သရေရှိကာ ကြီးကျယ်ခမ်းနားနေပေ၏။သို့ရာတွင် သူမ၏လှပသောမျက်နှာလေးပေါ်ရှိ မျက်ခုံးနှစ်ဖက်ကို စုကျုံထားပြီး သူမကိုကြည့်ရသည်မှာ အနည်းငယ် စိုးရိမ်သောကရောက်နေပုံရသည်။
"ဒါက အမှန်ပဲ...ငါတို့ မတွေ့ဖြစ်တာ အချိန်အတော်ကြာနေပြီ...မင်းလည်း အရင်နဲ့မတူတော့ဘူး"
လုယွီက စိတ်ခံစားချက်တချို့နှင့် သက်ပြင်းရှိုက်လိုက်သည်။
Chapter 2784
လုယွီက ကျန်းယုချင်သည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ပြီးပြီဖြစ်ကြောင်း တွေ့မြင်မိလေ၏။
ဤကဲ့သို့ ကျင့်ကြံမှုအရှိန်နှုန်းကို လျှပ်စီးတမျှလျှင်မြန်သည်ဟု ဆိုနိုင်သည်။
ကောင်းကင်ဘုံနယ်မြေသို့ သူတို့လူစု တက်လှမ်းခဲ့ချိန်၌ ကျန်းယုချင်သည် သိုင်းသူတော်စင်နယ်ပယ်တွင်သာ ရှိနေသည်။
သို့ရာတွင် ဤသည်က ထူးဆန်းသောကိစ္စတစ်ရပ်မဟုတ်ချေ။
မည်သို့ပင်ဆိုစေကာမူ ကျန်းယုချင်သည် မီဖေး၏သွေးရင်းဆွေမျိုးတစ်ယောက်ပင်။ထိုကဲ့သို့ဆက်နွယ်ပတ်သတ်မှုကြောင့် မီဖေးသည် ကျင့်ကြံမှုအရင်းအမြစ် အမြောက်အမြားကိုအသုံးပြု၍ ကျန်းယုချင်ကို မြေတောင်မြှောက်ပေးပေမည်။
ထို့ပြင် ကျန်းယုချင်သည် မင်းသမီးရာထူးကို ခန့်အပ်ခြင်း ခံထားရသည်။မင်းသမီးတစ်ယောက်ဖြစ်သော သူမအနေဖြင့် တာယွီ၏ကံကြမ္မာစွမ်းအားမှ ကောင်းချီးပေးမှုကို ရရှိနိုင်သဖြင့် သူမ၏ကျင့်ကြံမှုသည် ခုန်ပျံကျော်လွှား၍ မြင့်တက်လာပေမည်။
"ငါ ဘာလုပ်ရမယ်ဆိုတာကို မသိတော့ဘူး...အရှင်မက ရုတ်တရက်ကြီး ဖျားနာသွားတယ်...တော်ဝင်ဆေးကုသဆောင်ကတောင် သူ့ကို မကုသနိုင်ဘူး...ငါက တော်ဝင်မြို့တော်မှာရှိတဲ့ အစွမ်းထက်သမားတော်တွေအားလုံးကို ဖိတ်ခေါ်ခဲ့ပေမယ့် သူက ခုထိသတိလစ်မေ့မျောနေတုန်းပဲ...ငါ့မှာ ရွေးချယ်စရာမရှိတော့တာကြောင့် နင့်ကိုခေါ်ပြီး ဒုက္ခပေးရတာပဲ"
ကျန်းယုချင်သည် ငိုကြွေးလုဆဲဆဲ အခြေအနေသို့ရောက်ရှိနေကာ သူမ၏မျက်လုံးအတွင်း၌ မျက်ရည်စများ စိုစွတ်နေသည်။
မီဖေးသည် သူမကို အောက်ဘုံမှနေ၍ ခေါ်ဆောင်လာပြီးနောက် သေချာစွာ ဂရုစိုက်၍ သင်ကြားပေးခဲ့သည်။ကျန်းယုချင်အတွက် မီဖေးသည် သူမ၏မိသားစုအကြီးအကဲတစ်ယောက် ဖြစ်ရုံသာမက သူမ၏ဆရာလည်းဖြစ်သည်။
မီဖေးသည် နတ်ဘုရားစာရင်းတွင်ပါဝင်ပြီး 'လော့ရှန်း'ဘွဲ့ကို အပ်နှင်းခံထားရသော နတ်ဘုရားမတစ်ပါးဖြစ်ကာ သူမသည် မည်သည့် ရောဂါလက္ခဏာမျှမပြဘဲ ရုတ်တရက် သတိလစ်မေ့မျောသွားခဲ့သည်။
ဤရက်များအတွင်း ကျန်းယုချင်သည် အလွန်စိုး ရိမ်ပူပန်နေခဲ့ရ၏။သူမသည် မီဖေး တစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်ပူပန်နေသဖြင့် သူမ၏မျက်နှာတပြင်လုံး စိုးရိမ်သောကများနှင့် ပြည့်နှက်နေသည်။
"နင်က အရည်အချင်းရှိတဲ့သူဆိုတာ ငါ သိတယ်...တကယ်လို့ အရှင်မကိုသာကုသနိုင်ရင် နင် ဘာပဲလိုချင်ချင် ငါ ပေးမယ်"
ကျန်းယုချင်က ပြောဆိုသည်။
"ဒါက ပြဿနာမရှိပါဘူး...အရင်ဆုံး ငါ တစ်ချက်ကြည့်ကြည့်မယ်"
လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့် တုံ့ပြန်ပြောဆိုလိုက်၏။
မီဖေးကို ကုသပေးနိုင်ရန်အတွက် သူမ၏အခြေအနေကို အရင်ဆုံးသိရှိရန် လိုအပ်သည်။လုယွီသည် ကောင်းကင်ဘုံနယ်မြေသို့ ရောက်လာသည်မှာ မကြာသေးသော ကျန်းယုချင်ကို အခက်အခဲတွေ့စေလိုခြင်းမရှိချေ။
ကျန်းယုချင်က ခေါင်းညိတ်ပြကာ သူမက တိတ်ဆိတ်ငြိမ်သက်စွာဖြင့် လုယွီကို ခေါ်ဆောင်သွားသည်။
နန်းဆောင်၏အတွင်းဘက်ခြံဝန်းအတွင်း၌ မီဖေးအပြင် သူမ၏အနီး၌ မည်သူမျှရှိမနေချေ။
မီဖေးသည် ယခုချိန်ထိတိုင် သတိပြန်မရသေးသဖြင့် ကျန်းယုချင်တစ်ယောက်တည်းသာ ဤနေရာ၌ နေထိုင်နေရသည်။သူမ ယုံကြည်အားကိုးရသူဟူ၍ မည်သူမျှရှိမနေပေ။
သို့ရာတွင် ကံကောင်းထောက်မစွာဖြင့် ယခုကဲ့သို့အချိန်မျိုး၌ လုယွီ ရောက်ရှိလာခဲ့သည်။
သူတို့နှစ်ယောက် နန်းဆောင်၏အတွင်းပိုင်းသို့ ခြေချမိသည်နှင့် ချက်ချင်းဆိုသလိုပင် ထူထပ်သိပ်သည်းသော ဆေးရနံ့များ မျောလွင့်နေသည်ကို ရှုရှိုက်မိလေ၏။
နန်းတော်အစေခံများနှင့်မိန်းမစိုးများသည် ဆေးပင်များနှင့်စိတ်ဝိညာဥ်ဆေးလုံးများကို ကိုင်ဆောင်ထားကာ နန်းဆောင်၏နံဘေးရှိ တံခါးငယ်ကိုဖြတ်သန်း၍ ရှေ့နောက်ယောက်ယပ်ခတ် သွားလာနေကြသည်။
နန်းဆောင်၏အလယ်ဗဟိုတွင် ကျယ်ဝန်းသောဖီးနစ်ကုတင်တစ်လုံးရှိသည်။ထိုကုတင်၏နံဘေးပတ်လည်တွင် လိုက်ကာများချထားကာ အိပ်ယာပေါ်၌ လဲလျောင်းနေသော ဝိုးတဝါးပုံရိပ်တစ်ခုကိုသာ တွေ့မြင်ရသည်။
ထိုကုတင်၏နံဘေးတွင် လူဆယ်ယောက်ကျော်ခန့် မတ်တတ်ရပ်နေသည်။
ထိုလူများသည် အုပ်စုနှစ်စု ကွဲနေလေ၏။ပထမအုပ်စုသည် ဆေးပညာရှင်ဝတ်စုံကိုဝတ်ဆင်ထားသော ဆေးပညာရှင်များဖြစ်သည်။သူတို့၏ရင်ဘတ်ပေါ်တွင် ချိတ်ဆွဲထားသော တံဆိပ်ပြားပေါ်ရှိ အမှတ်သင်္ကေတကိုကြည့်ခြင်းအားဖြင့် ထိုဆေးပညာရှင်များ၏အဆင့်အတန်းသည် နိမ့်ပါးခြင်းမရှိသည်မှာ သိသာထင်ရှားသည်။
တခြားအုပ်စုတစ်စုသည် အဖြူရောင်ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး သူတို့က မျက်မှောင်ကြုတ်ထားကြ၏။သူတို့သည် တော်ဝင်နန်းတွင်းမှ တော်ဝင်သမားတော်များပင်။
ဤအချိန်အခိုက်အတန့်တွင် နန်းဆောင်အတွင်းရှိ ဆေးပညာရှင်များနှင့်သမားတော်များအားလုံး မီဖေးကိုကုသရန် ကြိုးစားနေကြသည်။
ဆေးပညာရှင်များ၏ရှေ့တွင် အတွင်း၌မီးတဟုန်းဟုန်းတောက်လောင်နေသော ဆေးမီးဖိုတစ်လုံးရှိသည်။ထိုဆေးမီးဖိုမှထွက်ပေါ်နေသော ဆေးရနံ့များသည် ပတ်ဝန်းကျင်၌ ပြည့်နှက်နေပေ၏။
မီးတောက်များ ပို၍တောက်ပလာသည်နှင့်အမျှ ဆေးရနံ့များ ပို၍ထူထပ်သိပ်သည်းလာသည်။ဆေးသန့်စင်ခြင်း အောင်မြင်တော့မည်မှာ သိသာထင်ရှားလှ၏။
"လူတိုင်းပဲ...ငါ့ကို ကူညီပေးကြပါအုံး...ဆေးသန့်စင်တာ မကြာခင်အောင်မြင်တော့မယ်"
အဖိုးအိုတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
တခြားဆေးပညာရှင်များသည် ချက်ချင်းဆိုသလိုပင် အတူပူးပေါင်း၍ သူတို့၏မှော်စွမ်းအားများကို ဆေးမီးဖိုအတွင်းသို့ ထည့်သွင်းလိုက်ကြသည်။
ဆေးပညာရှင်များသည် သူတို့၏မှော်စွမ်းအားများကို အသုံးပြု၍ ဆေးပင်များအားပေါင်းစည်း၍ ဆေးလုံးဖြစ်တည်လာစေရန် ထိန်းချုပ်နိုင်သည်။
သို့ရာတွင် ယေဘုယျကျကျပြောဆိုရလျှင် ဆေးပညာရှင်အများစုသည် သူတို့၏ကိုယ်ပိုင်ဆေးလုံးကိုသာ ဖော်စပ်နိုင်ကြ၏။ဆေးပညာရှင်အနည်းစုကသာ ပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်နိုင်သည်။
တစ်ဦးတစ်ယောက်တည်းဖြင့် ဖော်စပ်ခြင်းမပြုနိုင်သော အဆင့်မြင့်မားသည့်ဆေးလုံးများကို သန့်စင်ချိန်မှသာ တခြားဆေးပညာရှင်များဖြင့် ပူးပေါင်းလေ့ရှိသည်။
ဒေါင်...
ဆေးပညာရှင်များ၏ပူးပေါင်းဆောင်ရွက်မှုအောက်တွင် ဆေးမီးဖိုမှနေ၍ ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာသည်။
Chapter 2785
ဆေးမီးဖိုအတွင်းမှနေ၍ ရွှေရောင်ဆေးလုံးတစ်လုံး ရုတ်တရက် ပျံသန်းထွက်လာသည်။
ထိုရွှေရောင်ဆေးလုံးမှနေ၍ ပတ်ဝန်းကျင်ရှိသက်ရှိများအားလုံးကို ဖိနှိပ်ထားနိုင်သည့်အလား ပြိုင်ဘက်ကင်းအရှိန်အဝါမျိုး ထွက်ပေါ်နေသည်။
ထိုဆေးလုံးမွေးဖွားလာသော အချိန်အခိုက်အတန့်တွင် ကိုယ်ပိုင်အသိဥာဏ်ရှိနေသည့်အလား ထွက်ပြေးရန် ကြံရွယ်နေလေ၏။
"ဟား ဟား ဟား...နောက်ဆုံးတော့ ငါ ဧကရာဇ်အဆင့်ဆေးလုံးကို သန့်စင်နိုင်ခဲ့ပြီ"
ဆေးပညာရှင်များကို ဦးဆောင်လာသော အဖိုးအိုက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလေသည်။
သူက လေထုအတွင်းသို့ခုန်တက်ကာ ရွှေရောင်ဆေးလုံးကို သူ၏လက်ဖြင့် မြဲမြံစွာဆုပ်ကိုင်လိုက်သည်။
ထိုရွှေရောင်ဆေးလုံးသည် ပြင်းပြင်းထန်ထန် တုန်ရီနေကာ အဖိုးအို၏လက်အတွင်းမှ ရုန်းထွက်နိုင်ရန် ကြိုးစားနေသော်လည်း လွတ်မြောက်ခြင်းမရှိချေ။
"ဧကရာဇ်အဆင့်ဆေးလုံးကို အောင်အောင်မြင်မြင် သန့်စင်နိုင်တဲ့အတွက် ဆရာသခင်ဝူကို ဂုဏ်ပြုပါတယ်"
"ဒီဆေးလုံးနဲ့ဆိုရင်...ဆေးပညာအစည်းအရုံးမှာ ဆရာသခင်ဝူရဲ့အဆင့်အတန်းက နောက်တစ်ဆင့်မြင့်တက်သွားမှာ သေချာတယ်"
တခြားဆေးပညာရှင်များသည် ထိုအဖိုးအိုကို ဝိုင်းဝန်း၍ ချီးမွမ်းပြောဆိုနေကြ၏။
ဆရာသခင်ဝူက သူ၏လက်ကိုဝှေ့ယမ်းပြကာ ပြောဆိုသည်။
"ဒါက မင်းတို့အားလုံးရဲ့ကျေးဇူးနဲ့ ငါက ဒီဧကရာဇ်အဆင့်ဆေးလုံးကို သန့်စင်နိုင်ခဲ့တာပါ"
ဆရာသခင်ဝူ၏လေသံသည် ဝင့်ဝါပလွှားမှုမရှိသော်လည်း သူ၏မျက်နှာပေါ်ရှိ ဂုဏ်ယူဝင့်ကြွားနေသော အမူအယာကို ဖုံးကွယ်၍မရချေ။
"ဆရာသခင်ဝူ...ဒီတစ်ကြိမ်မှာ အရှင်မရဲ့ဖျားနာမှုကို ကုသပေးနိုင်မယ်လို့ ရှင် ယုံကြည်ချက်ရှိလား"
ကျန်းယုချင်က စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။
ဆရာသခင်ဝူက အပြုံးနှင့် တုံ့ပြန်ပြောဆိုလေ၏။
"မင်းသမီး....စိတ်အေးအေးထားပါ...အရှင်မမီက ယင်အဆိပ်မိနေတာ...အဲ့ဒီယင်အဆိပ်က အရမ်းရက်စက်ကြမ်းကြုတ်တယ်...အဲ့ဒါက အရှင်မမီရဲ့ နှလုံးမရီဒါန်းတွေကို တိုက်ခိုက်နေတာကြောင့် သူ သတိလစ်မေ့မျောနေတာပဲ"
"ငါက အရှင်မမီအတွက် သန့်စင်ယန်ဆေးလုံးကို ဖော်စပ်ထားတယ်...ဒါကို ဝါးမြိုပြီးတာနဲ့ သူ နိုးထလာမှာ သေချာတယ်...ဒီတစ်ကြိမ်တော့ သူ့ရဲ့နာမကျန်းမှုကို ကုသနိုင်လိမ့်မယ်"
ဆရာသခင်ဝူသည် ထိုစကားကိုပြောဆိုချိန်တွင် သူ့ထံ၌ ယုံကြည်ချက်အခိုင်အမာ ရှိနေပုံရသည်။
ဆရာသခင်ဝူ၏စကားကိုကြားချိန်တွင် ကျန်းယုချင်၏မျက်နှာပေါ်၌ စိတ်သက်သာရာရသွားသော အရိပ်အယောင်မျိုး ထင်ဟပ်သွားလေ၏။
"ဒါဆိုလည်း ငါက အရာရာတိုင်းအတွက် ဆရာသခင်ဝူကိုပဲ အားကိုးလိုက်တော့မယ်"
ကျန်းယုချင်က ဆရာသခင်ဝူကို ဦးညွှတ်အရိုအသေပြု၍ ပြောဆိုသည်။
ဆရာသခင်ဝူ၏မျက်နှာပေါ်၌ မောက်မာဝံ့ကြွားသော အမူအယာမျိုးရှိနေကာ သူက တည်ငြိမ်စွာပြောဆိုသည်။
"ဆေးသန့်စင်ပြီးတဲ့ချိန်မှာ...ဆေးစွမ်းအားတွေက တစတစ လျော့နည်းလာလိမ့်မယ်...အရှင်မမီကို ဒီဆေးလုံး မြန်မြန်တိုက်ကျွေးလိုက်တော့"
နံဘေးဘက်တွင်ရှိနေသော တော်ဝင်သမားတော်များသည် လည်တဆန့်ဆန့်ဖြစ်နေကာ ထိုဆေးလုံးတွင် မည်ကဲ့သို့အံ့အားသင့်ဖွယ်ကောင်းသည့် ဆေးစွမ်းအားမျိုး ပါဝင်နေသည်ကို သိရှိလိုကြ၏။
ပတ်ဝန်းကျင်းရှိ နန်းတွင်းအစေခံများသည် ရှေ့သို့တိုးကာ မီဖေးကို တိုက်ကျွေးရန်အတွက် ဆေးလုံးကို ဆရာသခင်ဝူထံမှ ယူဆောင်လိုက်ကြသည်။
"ခဏနေဦး...ငါ တစ်ချက်ကြည့်ပါရစေ"
လုယွီက ရုတ်တရက် ပြောဆိုသည်။
သူ အတွင်းသို့ဝင်လာသည်ကို မည်သူမျှ သတိမပြုမိချေ။
အကယ်၍ တစ်စုံတစ်ယောက်မှ သူ့အား မြင်တွေ့လျှင်ပင် ဆေးပညာအလုပ်သင်တစ်ယောက်ဟုသာ ယူဆကြပေမည်။သူ ဤနေရာတွင်ရှိနေသည်ကို မည်သူကမျှ အလေးစိုက်မည်မဟုတ်ပေ။
သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် ဆေးလုံးတိုက်ကျွေးမည့်ကိစ္စကို ဟန့်တားလိုက်၏။ရုတ်ချည်းဆိုသလိုပင် လူတိုင်း၏မျက်လုံးအကြည့်များက လုယွီထံသို့ ကျရောက်လာသည်။
"မင်းက ဘယ်သူလဲ"
ဆရာသခင်ဝူက မျက်မှောင်ကြုတ်ကာ စိတ်မကျေမနပ်ဖြစ်သွားသောလေသံဖြင့် မေးမြန်းသည်။
ကျန်းယုချင်က အလျှင်အမြန်ရှေ့ထွက်ကာ ရှင်းပြလေ၏။
"သူက ဆေးပညာရပ်မှာကျွမ်းကျင်တဲ့ ငါ့ရဲ့မိတ်ဆွေပဲ....ငါက အရှင်မကို ကုသဖို့အတွက် သူ့ကို ဖိတ်ကြားထားတာ"
"ဆေးပညာမှာ ကျွမ်းကျင်တာလား...ဟား ဟား...ငါ့ရဲ့အမြင်အာရုံတွေ မှုံဝါးလာလို့ပဲလားတော့ မသိဘူး....တော်ဝင်မြို့တော်ထဲမှာ ဆေးပညာကျွမ်းကျင်တဲ့ လူငယ်တစ်ယောက်ရှိနေတယ်ဆိုတာ ငါ မသိခဲ့ဘူး...ကောင်လေး...မင်း ဆေးပညာကို ဘယ်နေရာက သင်ယူခဲ့တာလဲ"
ဆရာသခင်ဝူက အေးစက်စက်လေသံဖြင့် မေးမြန်းသည်။
လုယွီက ဆရာသခင်ဝူကို လျစ်လျှုရှုကာ ပြောဆိုလိုက်၏။
"ငါ့မှာ ဆေးပညာနဲ့ဆိုင်တဲ့ ဆရာသခင်မရှိဘူး...ငါက ဒါကို ငါ့ဟာငါ လေ့လာသင်ယူခဲ့တာပဲ"
အတိတ်ဘဝတွင် လုယွီသည် လေလွင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။
သူသည် ကောင်းကင်ဘုံနယ်မြေအတွင်း၌ အခက်အခဲအမြောက်အများနှင့် ရင်ဆိုင်ခဲ့ရကာ မရေမတွက်နိုင်သော ရန်သူများရှိနေခဲ့သည်။အကယ်၍ သူသည် ဆေးလုံးများကို ပြင်ပ၌ဝယ်ယူပါက တခြားသူများ၏လက်ချက်ကြောင့် သူ အဆိပ်မိသွားနိုင်သည်။
ထို့ကြောင့် သူ၏ဆေးပညာစွမ်းရည်သည် သေခြင်းရှင်ခြင်း အခြေအနေများကို ဖြတ်ကျော်ခဲ့ရမှ ရရှိလာခဲ့သော သူ၏ကိုယ်ပိုင်နားလည်သဘောပေါက်မှုဖြစ်သည်။
ဆရာသခင်ဝူက မျက်မှောင်ကြုတ်လိုက်၏။
"တကယ်လို့ မင်းမှာဆရာမရှိဘူးဆိုရင် ဆေးပညာအစည်းအရုံးရဲ့ အသိအမှတ်ပြုလက်မှတ်ရော မင်းမှာရှိလား...မင်းမှာ တရားဝင်ဆေးပညာရှင်တစ်ယောက်မှာရှိရမယ့် ဆေးပညာအသိအမှတ်ပြုလက်မှတ်တောင် မရှိဘူးလို့တော့ ငါ့ကိုမပြောနဲ့...ဟုတ်ပြီလား"
"ငါ့မှာ အချိန်ပိုမရှိဘူး...ဒါကြောင့် ငါက ဘာလို့ ဆေးပညာအသိအမှတ်ပြုလက်မှတ်ကို သွားလုပ်နေရမှာလဲ"
လုယွီက ပြောဆိုသည်။
လုယွီ၏အဖြေစကားကိုကြားချိန်တွင် ဆရာသခင်ဝူ၏မျက်နှာပေါ်၌ အေးစက်စက်အပြုံးတစ်ခု ထွက်ပေါ်လာသည်။
Thank For Reading.