အခန်း (၂၇၈၆-၂၇၉၀)
Vol. 143 Ch. 2786-2790
Chapter 2786
"ဟား ဟား ဟား...သူ ဒီလောက်ထိ စိတ်ကြီးဝင်နေတာ အံ့အားသင့်စရာမရှိတော့ဘူး...ခုကြည့်ကြည့်တော့မှ သူက ရမ်းကုသမားတော်တစ်ယောက်ဖြစ်နေတာပဲ...မင်းသမီးရဲ့အသက်က ငယ်ရွယ်သေးတာကြောင့် မင်း သူကို လိမ်လည်လှည့်ဖျားလို့ရမယ်...ဒါပေမယ့် မင်း ငါ့ကို လှည့်စားလို့ရမယ်လို့ ထင်နေတာလား"
ဆရာသခင်ဝူသည် လှောင်ပြောင်သရော်စရာတစ်ခုကို တွေ့ရှိသွားပုံဖြင့် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
ကျန်းယုချင်က အလျင်စလို ရှင်းပြလေ၏။
"ဆရာသခင်ဝူ...လုယွီက တကယ်အရည်အချင်းရှိတဲ့သူပါ..သူက တော်ဝင်မြို့တော်ကိုရောက်တာမကြာသေးလို့သာ သူ့ဆီမှာ ဆေးပညာအသိအမှတ်ပြုလက်မှတ် ရှိမနေတာ...တကယ်လို့ သူသာ ဆေးပညာအစည်းအရုံးကို သွားပြီးလျှောက်ထားမယ်ဆိုရင် အသိအမှတ်ပြုလက်မှတ်ကို အလွယ်တကူရမှာသေချာတယ်"
ဆရာသခင်ဝူက သူ၏မုတ်ဆိတ်မွှေးများကိုပွတ်သပ်ကာ ခေါင်းခါယမ်းလိုက်သည်။
"မင်းသမီး...မင်း နားမလည်သေးဘူး...ဆေးပညာအစည်းအရုံးရဲ့အသိအမှတ်ပြုလက်မှတ်ဆိုတာ ဆေးဘယ်လိုသန့်စင်ရမယ်ကိုသိရုံနဲ့ ရနိုင်တဲ့အရာမျိုးမဟုတ်ဘူး...ဆေးပညာအကြောင်းသိတဲ့ လူတွေအများကြီး ကြယ်နယ်မြေတွေမှာရှိတယ်...သူတို့က ဆေးပညာရှင်ဖြစ်အောင်လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်...ဒါပေမယ့် အဲ့ဒီလူတွေက ဆေးပညာအယူအဆတွေ မီးတောက်ကိုဘယ်လိုထိန်းချုပ်ရမယ်ဆိုတာတွေ မသိကြဘူး...သူတို့က ဆေးပင်တွေရဲ့အမျိုးအစားကိုတောင် သေချာမခွဲခြားနိုင်မှတော့ ဘယ်လိုလုပ်ပြီး အစစ်အမှန်ဆေးပညာရှင်တွေဖြစ်နိုင်မှာလဲ"
ထိုသို့ပြောဆိုပြီးနောက် ဆရာသခင်ဝူက လုယွီကို လက်ညှိုးညွှန်၍ အော်ဟစ်လေသည်။
"မင်းကရော...ဒီကိစ္စတွေကို မင်း နားလည်ရဲ့လား...ဖြစ်နိုင်တာတော့ မင်းက ဆေးညွှန်းနည်းနည်းလောက် သင်ယူထားပြီး တတ်ယောင်ကားလုပ်ချင်နေတာပဲဖြစ်မယ်...ငါ မင်းကို မေးမယ်...'ဆေးပညာမိတ်ဆက်' အဲ့ဒီစာအုပ်ကို မင်း အရင်က ဖတ်ဖူးလား"
"မဖတ်ဖူးဘူး"
လုယွီက ခေါင်းခါပြလိုက်၏။
အတိတ်ဘဝတွင် ရန်သူများနှင့်တိုက်ခိုက်ပြီးနောက် သူ ပထမဆုံးအကြိမ် ဆေးစတင်ဖော်စပ်ခဲ့သည်။သူ အဆိပ်မိနေခဲ့ကာ အဆိပ်ဖြေဆေးကိုသန့်စင်ရန်အတွက် လိုအပ်သောပါဝင်ပစ္စည်းများမှာ အကန့်အသတ်ရှိနေသည်။
ထိုအချိန်တုန်းက အကယ်၍ သူ သန့်စင်သော အဆိပ်ဖြေဆေးသာ အမှားအယွင်းရှိပါက သူ သေဆုံးသွားရမည်မှာ ချွင်းချက်မရှိချေ။
သေရေးရှင်ရေး အခြေအနေမျိုး၌ လုယွီသည် ဆေးဖော်စပ်မှု၏လျှို့ဝှက်ချက်ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ကာ ပထမဆုံးဆေးလုံးကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်။ထိုအဆိပ်ဖြေဆေးသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ သေလုမတတ်ပြင်းထန်သော အဆိပ်ကို ပျက်ပြယ်သွားစေသဖြင့် သူ အသက်ချမ်းသာရာ ရခဲ့လေ၏။
လုယွီသည် ကျင့်ကြံဆင့်နယ်ပယ် မြင့်မားလာချိန်၌ အဆင့်မြင့်ဆေးပညာရှင်များ ရေးသားထားသော စာအုပ်များကို ဖတ်ရှုခဲ့သည်။သို့ရာတွင် သူသည် ဆေးပညာမိတ်ဆက်စာအုပ်ကိုမူ လှန်လှော၍ကြည့်ခဲ့ဖူးခြင်းပင်မရှိချေ။
တခြားဆေးပညာရှင်များကဲ့သို့ သူသည် တစ်ဆင့်ပြီးတစ်ဆင့် ဆေးပညာများကို သင်ယူခဲ့ခြင်းမဟုတ်ပေ။ထိုအစား သူသည် ဆေးပညာအကြောင်း အစပျိုးသည့်အဆင့်ကို တိုက်ရိုက်ခုန်ပျံကျော်လွှားခဲ့သည်။
ဆရာသခင်ဝူ၏မျက်နှာပေါ်ရှိ လှောင်ပြောင်သရော်လိုသော အမူအယာ ပို၍ပီပြင်ထင်ရှားလာသည်။
"မင်းက ဆေးပညာမိတ်ဆက်စာအုပ်ကိုတောင် မဖတ်ဖူးဘဲနဲ့ မင်းကိုယ်မင်း ဆေးပညာရှင်တစ်ယောက်လို့ ပြောဝံ့တာလား...ဟား ဟား ဟား...ရယ်စရာတွေ ပြောမနေစမ်းနဲ့...မင်းသမီးရဲ့မျက်နှာကိုထောက်ပြီးတော့ ငါ မင်းနဲ့ပတ်သတ်ပြီးဂရုမစိုက်တော့ဘူး...ဒီနေရာမှာ ပြဿနာမရှာစမ်းနဲ့...ထွက်သွားစမ်း"
တခြားဆေးပညာရှင်များကလည်း အော်ဟစ်လိုက်ကြ၏။
"ဒါက အမှန်ပဲ...ဒီနေရာက မင်း ပြဿနာရှာလို့ရတဲ့ နေရာမျိုးမဟုတ်ဘူး...ဒီနေရာက ထွက်သွားစမ်း"
လုယွီ၏မျက်လုံးအကြည့်က အေးစက်သွားသည်။
"မင်းတို့က ငါ့ကို ဟန့်တားချင်တာလို့ ဆိုလိုတာလား...မင်းတို့ရဲ့ကုသမှုနည်းလမ်းက အစကတည်းက မှားနေတာ...ငါ ခုဏက အကြမ်းဖျင်းကြည့်ပြီးတော့ မီဖေးရဲ့အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်သွားပြီ...ငါကို မောင်းထုတ်တာရဲ့အကျိုးဆက်တွေကို မင်းတို့ သိကြလား"
"ဟား ဟား ဟား...မင်းလို မောက်မာတဲ့ကောင်မျိုးကို ငါ ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ...မင်းသမီး...ငါ ဒီနေ့ စကားတစ်ခွန်းကို သေချာပြောလိုက်မယ်...တကယ်လို့ မင်း ငါ့ကို လူကယ်စေချင်တယ်ဆိုရင် အဲ့ဒီကောင်လေးကို နန်းတော်ကနေ ချက်ချင်းမောင်းထုတ်ရမယ်"
ဆရာသခင်ဝူသည် ရုတ်တရက် မြေပြင်ပေါ်၌ထိုင်ချကာ သူ၏မျက်လုံးကိုစုံမှိတ်၍ သူ၏မှော်စွမ်းအားများကို လှည့်ပတ်နေသည်။
သူ၏လက်အတွင်း၌ ဧကရာဇ်အဆင့်ဆေးလုံးကို မြဲမြံစွာ ဆုပ်ကိုင်ထားဆဲပင်။အကယ်၍ သူ့အား ဖြေရှင်းချက်ကောင်းကောင်းမပေးပါက ထိုဆေးလုံးကို မီဖေးအား တိုက်ကျွေးမည်မဟုတ်ချေ။
ကျန်းယုချင်က စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။
"ဆရာသခင်ဝူ...လူကယ်ဖို့က ပိုပြီးအရေးကြီးတယ်...ကျေးဇူးပြုပြီးတော့ ကျွန်မကို အခက်တွေ့အောင်မလုပ်ပါနဲ့...အရှင်မကို မြန်မြန်ကုသပေးပါ"
နံဘေးတစ်ဖက်တွင်ရှိနေသော တော်ဝင်သမားတော်တစ်ယောက်သည် ထပ်မံ၍ရပ်မကြည့်နိုင်တော့ပုံဖြင့် ဝင်ရောက်ပြောဆိုလေ၏။
"လူငယ်လေး...မင်းရဲ့ရှေ့မှာရှိတဲ့ ဆရာသခင်ဝူက ဘယ်သူလဲဆိုတာ မင်း သိလား"
"သူက ဆေးပညာအစည်းအရုံးရဲ့ ကောင်းကင်အဆင့်ဆေးပညာရှင်တစ်ယောက်ပဲ...သူက ဆေးပညာအစည်းအရုံးကို အရင်ဆုံးဝင်ရောက်ခဲ့တဲ့လူတွေထဲမှာတောင်ပါတယ်...သူက မရေမတွက်နိုင်တဲ့ ဆေးညွှန်းတွေကို ဖန်တီးခဲ့တယ်...ထိပ်သီးဆေးပညာဂိုဏ်းတွေအများကြီးက သူ့ကို အကြီးအကဲအနေနဲ့ ဖိတ်ခေါ်ချင်နေကြတာ..သူက ဆေးပညာနယ်ပယ်မှာ ကျော်ကြားတဲ့ဆရာသခင်တစ်ယောက်ပဲ...ငါတို့တောင်မှ သူ့ကို စီနီယာလို့ ခေါ်ရတယ်...မင်းလိုကောင်စုတ်လေးတစ်ယောက်က သူ့ရှေ့မှာ အော်ဟစ်ဝံ့တာလား...မင်းက သေခြင်းနဲ့ရှင်ခြင်းကြားက ကွာခြားချက်ကို တကယ်မသိတဲ့ကောင်ပဲ"
Chapter 2787
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"သူ့ရဲ့ဆေးစစ်မှုက အရမ်းအလျင်စလိုလုပ်လွန်းတယ်...အဲ့ဒီလို အဆင့်အတန်းမျိုး သူ့မှာရှိနေရင်တောင် ဘာ သုံးလို့ရမှာလဲ"
တော်ဝင်သမားတော်များသည် ထိုစကားကိုကြားချိန်တွင် ကူကယ်ရာမဲ့စွာဖြင့် သူတို့၏ခေါင်းများကို ခါယမ်းလိုက်ကြ၏။
"သူက မင်းသမီးရဲ့ထောက်ပံမှုကိုရတာနဲ့ ကောင်းကင်အဆင့်ဆေးပညာရှင်တစ်ယောက်ကို ရိုင်းရိုင်းပျပျ ဆက်ဆံလို့ရတယ်လို့ သူက တကယ်ကြီးထင်နေတာလား...ဆရာသခင်ဝူရဲ့အဆင့်အတန်းက မင်းသားတချို့နဲ့တွေ့ရင်တောင် သူတို့နဲ့ ခြေရာခြင်းတိုင်းလို့ရတယ်"
"အတိတ်က ဆေးပညာတာအိုစည်းဝေးပွဲတစ်ခုမှာ ဆရာသခင်ဝူက သူ့ရဲ့ထူးချွန်တဲ့ ဆေးပညာစွမ်းရည်ကို ထုတ်ဖော်ပြသခဲ့တယ်...သူ့ရဲ့ဆေးပညာစွမ်းရည်က ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်နေပြီ...သူ လှုပ်ရှားလိုက်တာနဲ့ အရှင်မမီကို လွယ်လွယ်လေးကုသနိုင်လိမ့်မယ်...အဲ့ဒီလူငယ်လေးက ဒီနေရာကိုလာပြီး ရှုပ်ထွေးအောင်လုပ်နေတာပဲ"
တော်ဝင်သမားတော်များက တစ်ယောက်ပြီးတစ်ယောက် လုယွီကို အပြစ်တင်နေကြသည်။
ကျန်းယုချင်၏စိတ်နှလုံးသားအတွင်းတွင်လည်း လုယွီကို ဖိတ်ခေါ်ခဲ့မိသည့်အတွက် နောင်တရနေလေ၏။
အောက်ဘုံအတွင်း၌ လုယွီသည် ဆေးပညာရပ်၌ပါရမီရှင်တစ်ယောက်ဖြစ်ကာ သူ၏ခွန်အားသည်လည်း အလွန်အစွမ်းထက်သဖြင့် မည်သူကမျှ သူ့ကို ယှဥ်ပြိုင်နိုင်ခြင်းမရှိချေ။
သို့ရာတွင် ယခုလက်ရှိချိန်၌ ဤသည်က ကောင်းကင်ဘုံနယ်မြေပင်။
ဤနယ်မြေအတွင်းတွင် မည်မျှထိများပြားသော ပါရမီရှင်များ အစွမ်းထက်ကျင့်ကြံသူများ ရှိနေသည်ကို မည်သူမျှမသိနိုင်ချေ။အောက်ဘုံမှတက်လှမ်းလာသော ပါရမီရှင်အများစုသည် ကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိပြီးနောက် ပျောက်ကွယ်သွားခဲ့ကြသည်။
ဤအချိန်အခိုက်အတန့်တွင် လုယွီသည် တခြားအစွမ်းထက်ပညာရှင်များနှင့် အငြင်းပွားနေခြင်းမှာ ဥာဏ်ရှိသောဆုံးဖြတ်ချက်မဟုတ်ချေ။
"လုယွီ...ဆရာသခင်ဝူရဲ့စစ်ဆေးထားမှုအတိုင်း အရင်ဆုံး ကုသတာ ပိုမကောင်းဘူးလား"
ကျန်းယုချင်က မဝံ့မရဲလေသံဖြင့် မေးမြန်းသည်။
သူမသည် လုယွီ၏အစွမ်းအစကို ယုံကြည်သော်လည်း မီဖေးကို အလျှင်အမြန် ကုသလိုသည်။
"ဟား ဟား ဟား...ငါ့ကို မေးခွန်းထုတ်ရဲတဲ့ကောင်နဲ့ ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ"
ဆရာသခင်ဝူက သရော်တော်တော် ပြောဆိုသည်။
"ကောင်းပြီလေ...မင်းက ငါ့ရဲ့ကုသမှု မှားယွင်းနေတယ်လို့ပြောနေမှတော့ မင်း ပြောစမ်း...ငါ့ရဲ့ကုသမှုက ဘယ်နေရာမှာ မှားနေတာလဲ...တော်ဝင်ကိုယ်လုပ်တော်မီရဲ့ခန္ဓာကိုယ်တစ်ခုလုံး အေးစက်နေတယ်...ဆေးပညာကို အခြေခံလောက် သိနားလည်တဲ့သူတောင် သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ယင်အဆိပ်တွေရှိနေတယ်ဆိုတာ သိမှာပဲ...ဒီယင်အဆိပ်ကို ဖယ်ရှားနိုင်တာနဲ့ အရှင်မမီက ချက်ချင်း နိုးထလာလိမ့်မယ်"
"ငါ မင်းကို စောင့်ကြည့်နေမယ်...မင်းရဲ့အမြင်ကရော ဘယ်လိုရှိလဲ"
လုယွီ၏မျက်နှာပေါ်၌ အမူအယာကင်းမဲ့နေဆဲဖြစ်ကာ သူက မီဖေး၏အိပ်ယာနံဘေးသို့ လျှောက်လှမ်းသွားလိုက်သည်။
နံဘေး၌ရှိနေသော နန်းတွင်းအစေခံတချို့က လုယွီကို ဟန့်တားလေ၏။
"အရှင်မက လူစိမ်းတွေကို သဘောမကျဘူး...ရှင် ဒီအနားကို တိုးမလာပါနဲ့"
"ကိစ္စမရှိပါဘူး...ငါက ဒီနေရာကနေပဲ ကြည့်မှာ"
လုယွီသည် သူ၏အမြင်အာရုံကိုအသုံးပြု၍ အိပ်ယာတစ်ခုလုံးကို ကြည့်လိုက်သည်။
ခန်းဆီးများ၏လွှမ်းခြုံထားမှုအောက်တွင် အိပ်ယာပေါ်ရှိ အရာရာတိုင်း အလွန်အမင်းမှုံဝါးနေသည်။အိပ်ယာကုတင်၏ပြင်ပတွင် အကာအကွယ်မှော်ရတနာတခု ရှိနေပုံရပေ၏။လိုက်ကာများကိုချလိုက်သည်နှင့် တစ်စုံတစ်ယောက်သည် ပြင်ပမှကြည့်ပါက အတွင်းရှိအရာများကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်မည်မဟုတ်ချေ။
တခြားသူများသည် အထူးသီးသန့် အခြေအနေများကို ထွင်းဖောက်မြင်နိုင်မည်မဟုတ်ပေ။သူတို့သည် မီဖေး၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်နေသည့် အရိုးကွဲလုမတက်အေးစိမ့်သော အရှိန်အဝါကိုသာ အမှီပြု၍ ကောက်ချက်ချကြပေမည်။
သို့ရာတွင် ဤရောဂါလက္ခဏာမှာ အပေါ်ယံသက်သက်ပင်။
လုယွီက ချီစောင့်ကြည့်ခြင်းနည်းစနစ်ကို အသုံးပြုလိုက်သည်။ခရမ်းရောင်အလင်းတန်းများက သူ၏မျက်လုံးအတွင်း၌ တောက်ပလာသည်။ရုတ်ချည်းဆိုသလိုပင် အိပ်ယာပေါ်၌ရှိနေသော ယင်ချီအခိုးအငွေ့လုံးများ သူ၏အမြင်အာရုံအောက်၌ ထွက်ပေါ်လာပေ၏။
ထိုယင်ချီများသည် ဘီလူးနှင့်နတ်ဆိုးသရဲတစ္ဆေများ အသွင်ရှိနေသည်။ထိုအရာများသည် အစွယ်များကိုဖြဲဟ၍ ခြေစွယ်လက်စွယ်များကိုဝှေ့ယမ်းကာ ရက်စက်ကြမ်းကြုတ်သောမှော်မန္တန်များကို ရွတ်ဆိုနေကြသည်။
"မီဖေးက ယင်အဆိပ်မိနေတာမဟုတ်ဘူး...ကျိန်စာပဲ"
လုယွီ၏စကားလုံးများကြောင့် မြေပြင်တစ်ပြင်လုံး အက်ကွဲသွားလုမတက်ပင်။
လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး ကြက်သေသေသွားသည်။
ကျိန်စာဟု ဆိုလိုက်သလော.....
နန်းတော်အတွင်း၌ရှိနေသော တော်ဝင်ကိုယ်လုပ်တော်တစ်ယောက်ကို မည်သူက ကျိန်စာတိုက်ဝံ့မည်နည်း။ဤသည်က မျိုးနွယ်တစ်ခုလုံး အမြစ်ပြတ်သုတ်သင်ခြင်းခံရနိုင်သည့် ကြီးလေးသောရာဇဝတ်မှုကြီးပင်။
"ဒါက မင်းရဲ့သုံးသပ်မှုလား...ငါက မင်းနဲ့ ငြင်းခုံစရာတွေရှိလာမယ်လို့ ထင်ထားခဲ့တာ...အခုတော့ ငါ ရယ်ရလွန်းလို့သေတော့မယ်...အရှင်မမီက ဘယ်လိုတည်ရှိမှုမျိုးလဲဆိုတာ မင်း အပြင်မှာ စုံစမ်းမကြည့်ခဲ့ဘူးလား...သူက အကန့်အသတ်မရှိတဲ့ အမွှေးနံ့သာပူဇော်မှုတွေရထားပြီးတော့ တုန်လှုပ်ချောက်ချားဖို့ကောင်းတဲ့ စွမ်းအားမျိုးကို ပိုင်ဆိုင်ထားတဲ့ နတ်ဘုရားမတစ်ပါးပဲ...ဘယ်လိုကျိန်စာမျိုးက သူ့ကို ထိခိုက်နာကျင်စေမှာလဲ...သူက ကျင့်ကြံတဲ့နေရာမှာ တစ်ခုခုလွဲချော်သွားလို့ ယင်အဆိပ်တွေ သူ့ရဲ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားတာပဲဖြစ်မယ်...ဒါကြောင့် သူက သတိလစ်မေ့မျောသွားတာ...မင်း ဘာမှနားမလည်ဘူးဆိုရင်လည်း...ဒီနေရာမှာ မင်း ပေါက်ကရစကားတွေပြောနေတာကို ရပ်လိုက်စမ်း"
လုယွီ၏ကောက်ချက်ချမှုကို ကြားချိန်တွင် ဆရာသခင်ဝူသည် အလွန်ရယ်ရွှင်ဖွယ်ကောင်းသော ဟာသပြက်လုံးတစ်ခုကို ကြားရသည့်အလား ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
လုယွီ၏မျက်လုံး အေးစက်တင်းမာသွားသည်။
"မင်းတို့က ငါ့ကို မယုံကြည်ကြမှတော့...မင်းတို့ရဲ့နည်းလမ်းအတိုင်းပဲ မီဖေးကို နိုးထလာအောင်လုပ်ကြတော့"
ထိုသို့ပြောဆိုပြီးသည်နှင့် လုယွီက သူ၏အင်္ကျီလက်ကိုခါယမ်းကာ ထွက်ခွာသွားရန် ဟန်ပြင်လိုက်တော့သည်။
Chapter 2788
သူသည် ဤအဆင့်ထိရောက်အောင် သတိပေးခဲ့ပြီးဖြစ်သဖြင့် သူ၏တာဝန် ကျေသွားလေပြီ။
သူတို့သည် သူ၏စကားကို နားမထောင်လိုကြသဖြင့် ဤနေရာ၌ သူ၏အချိန်များကို ဆက်လက်၍ဖြုန်းတီးနေမည်မဟုတ်ချေ။
"လုယွီ..."
ကျန်းယုချင်က အလျင်စလိုပြေးလာကာ တောင်းပန်စကားပြောဆိုသည်။
လုယွီက သူမကိုကြည့်ပြီး နောက်ဆုံး၌ သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။
"တကယ်လို့ မင်း မီဖေးကို နိုးထစေချင်တယ်ဆိုရင်...အနည်းဆုံးတော့ နယ်မြေသခင်အဆင့်အစွမ်းထက်ပညာရှင်တစ်ယောက်ကို ဖိတ်ခေါ်သင့်တယ်...အဲ့ဒီလိုမှမဟုတ်ရင် မင်း ဘာသဲလွန်စကိုမှ ရှာတွေ့မှာမဟုတ်ဘူး"
ဤကဲ့သို့ကျိန်စာမျိုးသည် ကံကြမ္မာစွမ်းအားများကို ထိခိုက်စေနိုင်သည်။လုံရှန်းနတ်ဘုရားမကို ယုံကြည်ကိုးကွယ်သူများ၏ကံကြမ္မာစွမ်းအားများမှတဆင့် ထိုကျိန်စာဝင်ရောက်လာကာ သူမ၏နတ်ဘုရားပလ္လင်ကို အဆက်မပြတ်တိုက်စားနေခဲ့သည်။
မီဖေးကဲ့သို့ အဆင့်မြင့်နတ်ဘုရားမတစ်ပါးပင်လျှင် ဤကဲ့သို့အခြေအနေမျိုး၌ မည်သို့မျှရုန်းထွက်နိုင်ခဲ့ခြင်းမရှိချေ။
"ဘယ်လိုဟာသမျိုးလဲ...နယ်မြေသခင်တစ်ယောက်ကပဲ ဒီပြဿနာကို မြင်နိုင်မယ်...ဟုတ်လား...မင်းက တော်တော်လေလုံးထွားတဲ့ကောင်ပဲ"
ဆရာသခင်ဝူက လုယွီ၏စကားကိုကြားချိန်တွင် ထပ်မံ၍ သရော်တော်တော်ရယ်မောလိုက်သည်။
သူသည် သူသန့်စင်ထားသော ရွှေရောင်ဆေးလုံးကို နန်းတွင်းအစေခံများအား ယူဆောင်ခွင့်ပြုကာ မီဖေးကို တိုက်ကျွေးစေသည်။
မီဖေး၏ခန္ဓာကိုယ်အတွင်းသို့ ဆေးလုံးဝင်ရောက်သွားချိန်တွင် သူမ၏မျက်နှာ အနီရောင်သန်းစပြုလာသည်။ပတ်ဝန်းကျင်ရှိ အေးစက်စက်အရှိန်အဝါများပင်လျှင် အမြောက်အများ လျော့ပါးသွားပေ၏။
"အမ်...အရှင်မရဲ့လက်ချောင်းတွေ ပူနွေးလာပြီ"
နန်းတွင်းအစေခံတစ်ယောက်က မီဖေးကို အလျင်စလိုထိတွေ့ကြည့်ပြီးနောက် သူမက ပျော်ရွှင်သွားသောလေသံဖြင့် အံ့အားတသင့်အော်ဟစ်လိုက်သည်။
"ငါ တစ်ချက် စစ်ဆေးကြည့်မယ်"
တော်ဝင်သမားတော်တစ်ယောက်က မီဖေးကို စစ်ဆေးကြည့်ရန်အတွက် အလျှင်အမြန်ရှေ့တိုးလိုက်၏။
သူတို့သည် သာမာန်သမားတော်များမဟုတ်ဘဲ ကျင့်ကြံသူများဖြစ်သည်။သူတို့၏မှော်စွမ်းအားများကို အလင်းတန်းတစ်တန်းအသွင်သိပ်သည်း၍ မီဖေး၏လက်ရှိအခြေအနေကိုစစ်ဆေးရန် လိုက်ကာ၏နောက်သို့ ရောက်ရှိသွားစေသည်။
အချိန်တခဏကြာ ဂရုတစိုက်စစ်ဆေးပြီးနောက် ထိုတော်ဝင်သမားတော်၏မျက်လုံးများ တောက်ပသွားသည်။
"ဒါက တကယ့်ကို အံ့အားသင့်ဖို့ကောင်းတာပဲ...အရှင်မမီရဲ့နှလုံးခုန်နှုန်း တည်ငြိမ်စပြုလာပြီ"
ဆရာသခင်ဝူက အပြုံးနှင့်ပြောဆိုသည်။
"ဒီလိုပဲဖြစ်ရမယ်လေ...ငါ့ရဲ့ဆေးလုံးမှာပါတဲ့ ဆေးစွမ်းအားတွေက အရမ်းတလိမ့်လိမ့်ပြင်းထန်နေပြီးတော့ ယင်အဆိပ်တွေကို ချေဖျက်ပေးနိုင်တယ်...အခုလက်ရှိချိန်မှာ အရှင်မမီရဲ့ခန္ဓာကိုယ်က အရမ်းအားနည်းနေပြီးတော့ ယင်အဆိပ်က အရမ်းပြင်းထန်နေတယ်...ဒါကြောင့် သူက မနိုးထနိုင်သေးတာပဲ"
"မင်းတို့က သူ့ကို နေရောင်ခြည်လုံလုံလောက်လောက်ရတဲ့ နေရာတစ်ခုမှာထားလိုက်ရင် အချိန်အတိုင်းအတာတစ်ခုကြာတာနဲ့ သူ နိုးထလာလိမ့်မယ်"
ဤနန်းဆောင်သည် တော်ဝင်နန်းတော်၏အလွန်အမင်းချောင်ကျသောနေရာတွင် တည်ရှိသည်။များသောအားဖြင့် ဤနေရာသို့ နေရောင်ခြည်အနည်းငယ်သာ ကျရောက်လာလေ့ရှိရာ ယခင်ကတည်းက အလွန်အမင်းအေးစက်သောနန်းဆောင်တစ်ခုဖြစ်သည်။
"ငါတို့က ဆရာသခင်ဝူရဲ့အစီအစဥ်အတိုင်း လိုက်နာပါ့မယ်"
ယခုချိန်၌ တော်ဝင်သမားတော်များသည် ဆရာသခင်ဝူ၏စကားကို စံနမူနာပြအဖြစ်ယူဆထားကြပြီး အနည်းငယ်မျှပင် သံသယမရှိချေ။
ဆရာသခင်ဝူက စိတ်ကျေနပ်သွားသောအမူအယာဖြင့် ခေါင်းညိတ်ပြကာ လုယွီဘက်သို့လှည့်ကြည့်၍ ဂုဏ်ယူဝင့်ကြွားသောအပြုံးဖြင့် ပြောဆိုသည်။
"ကောင်လေး...မင်းနဲ့ငါကြားက ကွာဟချက်ကို မင်း အခု သိပြီမလား"
"ကောင်းပြီလေ...ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်...မင်းရဲ့အသက်ငယ်သေးတာကို ထောက်ပြီးတော့...အခုချက်ချင်း ငါ့ကို ဦးညွှတ်အရိုအသေပြုပြီး မင်းရဲ့အမှားကိုဝန်ခံစမ်း...ဒီတစ်ကြိမ်တော့ ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်မယ်...ငါက မင်းကို စိတ်ကြီးဝင်မောက်မာနေတဲ့ ဂျူနီယာတစ်ယောက်လို့ပဲမြင်တယ်...ဒါကြောင့် မင်းကို ထပ်ပြီးဂရုမစိုက်တော့ဘူး"
လုယွီ၏မျက်လုံးအကြည့်က အေးစက်သွားသည်။
"မင်းပြောတာကို ငါ မလုပ်ရင်...ဘာဖြစ်မှာမလို့လဲ"
"မလုပ်ရင်လား....ဟမ့်...ငါ့ကို တခြားသူတွေက ရန်စစော်ကားတာကို ငါ ဒီအတိုင်းတော့ အလွတ်မပေးနိုင်ဘူး...ငါ ခိုင်းတာကို မင်း မလုပ်သရွေ့...ဆေးပညာအစည်းအရုံးမှာရှိတဲ့ ဘယ်ဆေးပညာရှင်ကမှ မင်းအတွက် ဆေးလုံးဖော်စပ်ပေးမှာမဟုတ်ဘူး...ဘယ်ကုန်သည်အုပ်စုကမှလည်း မင်း လိုချင်တဲ့ပစ္စည်းတွေကို မရောင်းစေရဘူး....မင်း ဘယ်လောက်ပဲချမ်းသာကြွယ်ဝနေပါစေ...ဘာမှလုပ်လို့ရမှမဟုတ်ဘူး...ဒါက ငါ့ရဲ့ထုတ်ပြန်ကြေငြာချက်ပဲ"
ဆရာသခင်ဝူက မောက်မာဝင့်ကြွားသောလေသံဖြင့် ဆက်လက်ပြောဆိုသည်။
"ငါ့ရဲ့အဆက်အသွယ်တွေ ဘယ်လောက်ထိနက်ရှိုင်းတယ်ဆိုတာ မင်း သိမှာမဟုတ်ဘူး...ငါ့ရဲ့ရှေ့မှာ မောက်မာရိုင်းစိုင်းတဲ့စကားတွေ ပြောဝံ့တဲ့သတ္တိမျိုး မင်းကို ဘယ်သူကပေးလိုက်တယ်ဆိုတာ ငါ မသိဘူး...ဒါပေမယ့် ငါ ဒီနေ့ စိတ်ကောင်းဝင်နေတယ်...ဒါကြောင့် မင်းကို တောင်းပန်ဖို့အခွင့်အရေး ပေးလိုက်တာပဲ"
တခြားတော်ဝင်သမားတော်များကလည်း အလျင်စလို ဝင်ရောက်ပြောဆိုသည်။
"ဒါကအမှန်ပဲ...လူငယ်လေး...မင်းကို ဆရာသခင်ဝူက အခွင့်အရေးပေးနေတယ်လေ...မင်း ဒါကို ဆုပ်ကိုင်သင့်တယ်...မင်းရဲ့အသက်က ငယ်ငယ်လေးရှိသေးတယ်...ဒါကြောင့် မင်းရဲ့ပုဂ္ဂိုလ်ရေးခံစားချက်နဲ့ ဆေးပညာရှင်တစ်ယောက်ကို အပြစ်မပြုသင့်ဘူး"
ကျန်းယုချင်က ဆရာသခင်ဝူကို အလျင်စလို ဖြောင့်ဖျပြောဆိုလေ၏။
"ဆရာသခင်ဝူ...လုယွီက ငါ့ရဲ့မိတ်ဆွေပါ...ကျေးဇူးပြုပြီး သူ့ကို အခက်တွေ့အောင် မလုပ်ပါနဲ့လား...တကယ်လို့ ဆရာသခင်ဝူကို သူ အပြစ်ပြုမိခဲ့ရင်တောင် ငါ တောင်းပန်ပါတယ်...ဆရာသခင်ဝူက ဘယ်လိုလျော်ကြေးမျိုးကို လိုချင်တာပဲဖြစ်ဖြစ် ငါက စိတ်ကျေနပ်အောင် အကောင်းဆုံးကြိုးစားပြီး ဖြည့်ဆည်းပေးမယ်"
Chapter 2789
ဆရာသခင်ဝူက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။
"ဟမ့်...ငါက ငွေကြေးနဲ့ရတနာတွေ ပြတ်လပ်နေတဲ့သူတစ်ယောက်နဲ့ တူနေလို့လား...တကယ်လို့ သူ ဒီနေ့ ငါ့ကို မတောင်းပန်ဘူးဆိုရင်...ငါ ဒီကိစ္စကို ကြေအေးပေးမှာမဟုတ်ဘူး"
မတိုးသာမဆုတ်သာ အခြေအနေမျိုးသို့ ကျရောက်နေလေပြီ။
လူအများစုက သနားသောအကြည့်မျိုးဖြင့် လုယွီကို ကြည့်နေကြ၏။
ဤမောက်မာသောကောင်စုတ်လေးသည် ကောင်းကင်အဆင့်ဆေးပညာရှင်တစ်ယောက်ကိုပင် ရန်စစော်ကားဝံ့သည်။ကောင်းကင်အဆင့်ဆေးပညာရှင်တစ်ယောက်၌ မည်ကဲ့သို့အဆက်အသွယ်မျိုးနှင့်အရင်းအမြစ်များရှိနေသည်ကို သူ တွေးတောမိမည်ပင်မဟုတ်ချေ။
ဆရာသခင်ဝူ အမိန့်ပေးလိုက်သည်နှင့် လုယွီသည် တော်ဝင်မြို့တော်အတွင်း၌ အသက်ရှင်သန်နိုင်တော့မည်မဟုတ်ချေ။
လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိချေ။သူက တည်ငြိမ်စွာ ပြောဆိုသည်။
"မင်းတို့မှာ ဘာမှန်နေတာရှိလို့ ငါ တောင်းပန်ရမယ်လို့ တောင်းဆိုနေတာလဲ"
"ကောင်းပြီလေ...ငါက မင်းတို့နဲ့အငြင်းမပွားချင်ပေမယ့်...ငါက မင်းတို့အလွယ်တကူ အနိုင်ကျင့်လို့ရတဲ့သူမျိုးမဟုတ်ဘူး...ငါ့ရဲ့နည်းလမ်းကို မင်းတို့သိအောင် ပြရသေးတာပေါ့"
လုယွီ၏မျက်လုံးအတွင်းမှ တောက်ပသောအလင်းရောင်များ ဖြာထွက်လာကာ သူက ရုတ်တရက် ခြေတစ်လှမ်းရှေ့တိုးလိုက်သည်။
ထိုခြေတစ်လှမ်းလှမ်းပြီးသည်နှင့် လုယွီ၏အရှိန်အဝါ ကြောက်ခမန်းလိလိ ပြောင်းလဲသွားသည်။
ပြင်းထန်သောမှော်စွမ်းအားလှိုင်းတစ်လှိုင်းက သူ၏ရင်ဘတ်မှ ပွင့်အံထွက်လာကာ ကြီးကျယ်ခမ်းနားသော နဂါးဟိန်းသံတစ်သံအဖြစ် ဖွဲ့စည်းသွားပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားလေ၏။
ရှေးဟောင်းသိုင်းပညာနည်းစနစ်...နတ်ဘုရားနဂါးဟိန်းသံ....
ဝေါင်း...
ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိ ယင်ချီများအားလုံး နဂါးဟိန်းသံကြောင့် ပျက်ပြယ်သွားပုံရသည်။နန်းဆောင်၏တံခါးများနှင့် ပြတင်းပေါက်များအားလုံး ပွင့်ထွက်သွားကာ တဝုန်းဝုန်းအသံများ ထွက်ပေါ်လာသည်။
လုယွီ၏ရှေ့ရှိ လူများအားလုံးသည် သူတို့၏ရှေ့၌ လက်သည်းငါးချောင်း ရွှေရောင်နဂါးတစ်ကောင် ဒေါသတကြီး ဟိန်းဟောက်နေသကဲ့သို့ ခံစားလိုက်ရ၏။
ထိုနဂါးဟိန်းသံတွင် မြင့်မြတ်ပြီး ကြီးကျယ်ခမ်းနားသောအရှိန်အဝါမျိုး ရောယှက်နေကာ နတ်ဆိုးအငွေ့အသက်များကို ပျက်ပြယ်စေနိုင်စွမ်းရှိပုံရသည်။
ဝေါင်း...
လေထုအတွင်း၌ အသံလှိုင်းများသည် ပျံသန်းနေသောနဂါးတစ်ကောင်အဖြစ် ဖွဲ့စည်းသွားပုံရကာ အိပ်ယာနံဘေးရှိ လိုက်ကာများကို တိုက်ရိုက်ထွင်းဖောက်သွားသည်။
မူလက အိပ်ယာနံဘေး၌ ပျံဝဲနေသော ဘီလူးများနှင့်နတ်ဆိုးသရဲတစ္ဆေများသည် သူတို့၏သဘာဝရန်သူကို တွေ့လိုက်ရပုံဖြင့် စူးရှနာကျင်စွာ အော်ဟစ်လိုက်ကြ၏။
ထိုနတ်ဆိုးစိတ်ဝိညာဥ်များသည် စူးရှနာကျင်စွာ အော်ဟစ်ပြီးနောက် ကျယ်ပြန့်ပြီး ကြီးကျယ်ခမ်းနားသော နဂါးဟိန်းသံအကြားတွင် အရိပ်အယောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားတော့သည်။
ထို့နောက်မှနေ၍ မီဖေး၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် ရစ်ဝဲနေသည့် ထူးဆန်းသောအငွေ့အသက်သည်လည်း ပျောက်ကွယ်သွားသည်။
နဂါးဟိန်းသံ ပဲ့တင်ထပ်လာမှုနှင့်အတူ အိပ်ယာကုတင်၏နံဘေးပတ်လည်ရှိ လိုက်ကာများအားလုံး မြောက်တက်သွားကာ မီဖေး၏မျက်နှာ ထွက်ပေါ်လာသည်။
ဤအချိန်အခိုက်အတန့်တွင် မီဖေးသည် အိပ်ယာပေါ်၌ တိတ်ဆိတ်ငြိမ်သက်စွာ လဲလျောင်းနေကာ သတိလစ်မေ့မျောပြီး မလှုပ်မယှက်ရှိနေဆဲပင်။
"ကောင်လေး...မင်း ဘာလုပ်တာလဲ"
ဆရာသခင်ဝူသည် လုယွီ၏ကြီးကျယ်ခမ်းနားသော အရှိန်အဝါကြောင့် အံ့အားသင့်တုန်လှုပ်သွားသည်။
လုယွီ၏လက်ရှိခွန်အားအရ နယ်မြေသခင်အဆင့်ကျင့်ကြံသူများကိုပင် ယှဥ်ပြိုင်နိုင်သည်။
ဤကဲ့သို့အစွမ်းထက်သော အရှိန်အဝါဖြင့် နန်းဆောင်အတွင်းရှိ လူများအားလုံးကို ဖိနှိပ်ထားနိုင်ပေရာ ဆရာသခင်ဝူကဲ့သို့ ဆေးပညာရှင်တစ်ယောက်သည် ဆိုဖွယ်ရာပင်မရှိချေ။
ရုတ်ချည်းဆိုသလိုပင် ဆရာသခင်ဝူက သူ၏အသက်သည် သူ့အပိုင်မဟုတ်တော့သကဲ့သို့ ခံစားလိုက်ရ၏။အကယ်၍ လုယွီသည် သူ့အားသတ်ဖြတ်လိုပါက လက်ချောင်းတစ်ချောင်းသာမြှောက်ရန် လိုအပ်သကဲ့သို့ပင်။
လက်နက်များကိုဆွဲထုတ်လိုက်သောအသံများက ပတ်ဝန်းကျင်မှ ထွက်ပေါ်လာသည်။
မီဖေးထံတွင် အမှုထမ်းနေသော အစေခံများနှင့်မိန်းမစိုးများသည် သူမအား လျှို့ဝှက်၍ ကာကွယ်ပေးနေသော ကျင့်ကြံသူများဖြစ်ပေ၏။
လုယွီက ရုတ်တရက် လှုပ်ရှားလိုက်သည်ကိုမြင်တွေ့ချိန်၌ ထိုအစေခံများနှင့်မိန်းမစိုးများအားလုံးသည် သူတို့၏မှော်လက်နက်များကို တပြိုင်နက်တည်းဆွဲထုတ်၍ သူ့ကို ဝိုင်းရံလိုက်ကြသည်။
ဆရာသခင်ဝူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ဒီကောင်လေးက ဒီနေရာမှာ မဆင်မခြင်လှုပ်ရှားဝံ့တယ်...သူက တော်ဝင်ကိုယ်လုပ်တော်မီကို သတ်ဖြတ်ဖို့လာတဲ့ လုပ်ကြံသတ်ဖြတ်သူပဲဖြစ်ရမယ်...သူကို ဖမ်းဆီးပြီးတော့ ညှင်းပန်းနှိပ်စက်သင့်တယ်...ပြီးတော့ သူ့ရဲ့ဆွေစဥ်မျိုးဆက်ကိုးဆက်လုံးကို သတ်သင့်တယ်"
ကျန်းယုချင်က ပျာပျာသလဲ ပြောဆိုသည်။
"မင်းတို့အားလုံး...ရပ်လိုက်ကြစမ်း"
သို့ရာတွင် ဤနန်းဆောင်အတွင်းရှိ အစေခံများနှင့်မိန်းမစိုးများသည် မီဖေး၏အမိန့်ကိုသာ လိုက်နာကြသူများဖြစ်သဖြင့် ကျန်းယုချင်၏စကားသည် သူတို့ကို ဟန့်တားနိုင်စွမ်းမရှိချေ။
လုယွီက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီး တည်ငြိမ်စွာပြောဆိုသည်။
"ငါက မီဖေးရဲ့ခန္ဓာကိုယ်မှာရှိတဲ့ ကျိန်စာစွမ်းအားတချို့ကို ချေဖျက်ပြီးပြီ...ဒါပေမယ့် ဒီကျိန်စာကို လုံးလုံးလျားလျား မဖယ်ရှားရသေးတဲ့အတွက် သူက အပြည့်အဝပြန်ကောင်းလာမှာမဟုတ်ဘူး...တကယ်လို့ ထပ်ပြီးနှောင့်နှေးကြန့်ကြာနေမယ်ဆိုရင် သူ့ရဲ့နတ်ဘုရားပလ္လင်ကို ဆုံးရှုံးသွားရုံတင်မကဘူး...သူ သေသွားနိုင်တယ်...မင်းတို့အားဆုံး ဆုံးဖြတ်ချက်ချရမှာက ဘယ်သူက ပိုအရေးကြီးတယ်ဆိုတာပဲ"
ဆရာသခင်ဝူက ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် ပြောဆိုသည်။
"ဒီအခြေအနေထိရောက်တာတောင် မင်းက ဒီနေရာမှာ ပေါက်ကရစကားတွေပြောနေတုန်းပဲ...မင်းက ဒီနေ့ ဒီနေရာကနေ အသက်ရှင်ရက် ထွက်သွားချင်ပုံမရဘူး"
Chapter 2790
ပတ်ဝန်းကျင်ရှိ အစေခံများနှင့်မိန်းမစိုးများသည် လုယွီထံသို့ ခြေလှမ်းတစ်လှမ်းခြင်း ချဥ်းကပ်လာကြ၏။
လုယွီက ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ကာ အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"မင်းတို့ ငါ့ကို ဟန့်တားနိုင်မှာမဟုတ်ဘူး...ငါ့ကို ဟန့်တားထားတာကြောင့် ဖြစ်လာမယ့်အကျိုးဆက်တွေကို မင်းတို့ ရှင်းရှင်းလင်းလင်းသိသင့်တယ်"
ဆရာသခင်ဝူက သရော်တော်တော် ပြောဆိုလေသည်။
"ဘာလဲ...မင်းက နန်းတော်ထဲမှာတောင် လှုပ်ရှားဝံ့တာလား...ကြိုးစားကြည့်လေ.. တကယ်လို့ မင်း နန်းတော်ထဲမှာ တိုက်ခိုက်ဝံ့ရင်...အစွမ်းထက်ကျင့်ကြံသူတွေ ချက်ချင်းရောက်လာပြီးတော့ မင်းကိုနှိမ်နင်းလိမ့်မယ်...မင်း ဘာလုပ်နိုင်မှာလဲ"
ကျန်းယုချင်သည် အလွန်စိုးရိမ်ပူပန်နေကာ ငိုကြွေးလုမတက်ပင်။သူမသည် မီဖေးကို ကယ်တင်နိုင်သော တစ်စုံတစ်ယောက်ကို ရှာဖွေလိုရုံသာဖြစ်သော်လည်း ဤကဲ့သို့ အခြေအနေပြောင်းလဲသွားမည်ဟု မျှော်လင့်မထားမိချေ။
သူမက ရှေ့သို့ပြေးထွက်၍ လုယွီရှေ့၌ ကာဆီးကာ ကျယ်လောင်စွာ အော်ငေါက်လိုက်၏။
"လုယွီကို ငါ ခေါ်ထားတာ...ဘယ်သူလှုပ်ရှားဝံ့လဲဆိုတာ ငါ ကြည့်ချင်တယ်"
မိန်းမစိုးတချို့၏မျက်နှာအမူအယာများ သုန်မှုန်သွားသည်။
"မင်းသမီး...ကျွန်တော်တို့ကို အခက်တွေ့အောင် မလုပ်ပါနဲ့"
ကျန်းယုချင်သည် အကြောင်းပြချက်ရှာ၍ ငြင်းဆန်ရန် ကြံရွယ်လိုက်သော်လည်း ရုတ်တရက် လုယွီက သူမကို နောက်သို့ဆွဲထားလေ၏။
"မီဖေး...မင်း နိုးနေမှတော့...ထပ်ပြီးအိပ်မနေသင့်ဘူး"
လုယွီက ပြောဆိုသည်။
ဆရာသခင်ဝူက အေးစက်စက်နှာတစ်ချက်မှုတ်ကာ ပြောဆိုလေသည်။
"ဟမ့်...အရှင်မမီက ငါ့ဆေးလုံးရဲ့အကူအညီကို ရထားပေမယ့်...အခုချိန်မှာ သူ နိုးထလာဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး...ကောင်လေး...အသုံးမဝင်တဲ့ လှည့်စားမှုတွေမလုပ်တာ ပိုကောင်းလိမ့်မယ်...ဒီတစ်ကြိမ်တော့ မင်း သေရမှာသေချာတယ်"
"တစ်ယောက်ယောက်...လာခဲ့စမ်း"
ထိုအချိန်မှာပင် အေးစက်ပြီး သိမ်မွေ့နူးညံသောအသံတစ်သံက လူတိုင်း၏နောက်မှ ထွက်ပေါ်လာသည်။
နန်းတွင်းအစေခံများနှင့်မိန်းမစိုးများသည် ထိုအသံကိုကြားချိန်တွင် သူတို့၏ခန္ဓာကိုယ်များ တုန်ရီသွားကာ ချက်ချင်းဆိုသလိုပင် လှည့်ကြည့်လိုက်ကြ၏။
အချိန်အတော်ကြာ သတိလစ်မေ့မျောနေသော မီဖေးသည် ရုတ်တရက်နိုးထကာ ကုတင်ပေါ်၌ထိုင်နေခြင်းကို သူတို့အားလုံး မြင်တွေ့လိုက်ရသည်။
သူမသည် ယခုမှနိုးထလာကာ မည်သည့်ပြင်ဆင်ထားမှုမျှမရှိသော်လည်း သူမ၏လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါသည် လူအများအားလုံး၏စိတ်နှလုံးသားများကို တုန်ရီသွားစေအောင် ပြုလုပ်နိုင်ဆဲပင်။
နန်းတွင်းအစေခံများနှင့်မိန်းမစိုးများသည် မီဖေး၏အနီးသို့အပြေးသွားကြကာ လုယွီကို ထပ်မံ၍ အာရုံမစိုက်ကြတော့ချေ။
"အရှင်မ..."
ကျန်းယုချင်က ရှေ့သို့အပြေးသွားကာ အံ့အားသင့်စွာဖြင့် မီဖေး၏လက်ကို ကိုင်လိုက်သည်။သူမ၏မျက်လုံးအတွင်း၌ စိတ်လှုပ်ရှားမှုကြောင့် မျက်ရည်များဖြင့် စိုစွတ်နေသည်။
"ကောင်မလေး...ဘာမှမစိုးရိမ်နဲ့တော့...ငါက အလွယ်တကူ မသေနိုင်ပါဘူး"
မီဖေးက ချစ်မြတ်နိုးသောအမူအယာဖြင့် ကျန်းယုချင်၏နဖူးကို ထိတွေ့လိုက်၏။
ဆရာသခင်ဝူကလည်း အပြုံးနှင့် နှုတ်ဆက်လေသည်။
"တော်ဝင်ကိုယ်လုပ်တော်မီ...ငါက အရှင်မကို ကုသပေးတဲ့နေရာမှာ ဦးဆောင်ခဲ့တဲ့သူပါ...ငါ...."
ဆရာသခင်ဝူ၏စကား အဆုံးမသတ်သေးမီမှာပင် မီဖေးက အေးစက်စက်လေသံဖြင့် ကြားဖြတ်ဟန့်တားကာ လုယွီကို လက်ညှိုးညွှန်လိုက်သည်။
"မင်း ဒီနေရာကိုလာပြီးတော့ ငါ့ကို ကုသပေးပါ"
ဘာ....
ဆရာသခင်ဝူသည် လျှပ်စီးဖြင့်ရိုက်ခတ်ခံရသည့်အလား တုန်ရီသွားကာ နေရာမှာပင် ကြက်သေသေနေသည်။
အချိန်အတော်ကြာပြီးမှသာ ဆရာသခင်ဝူက အလျှင်အမြန် ဖြေရှင်းလေ၏။
"အရှင်မ ဒါက မဖြစ်သင့်ဘူး...အရှင်မ နိုးထလာနိုင်တဲ့ အကြောင်းအရင်းက ငါ သန့်စင်ထားတဲ့ ဆေးလုံးကြောင့်လေ...အဲ့ဒီကောင်စုတ်လေးက ခုဏက မင်းကိုတိုက်ခိုက်ဖို့တောင် ကြံစည်နေခဲ့တာ"
ဆရာသခင်ဝူ၏စိတ်နှလုံးသားအတွင်း၌ မမျှတသကဲ့သို့ ခံစားနေရသည်။
ဤနေရာသို့ သူ ကိုယ်တိုင်ကိုယ်ကျ လာရောက်ခဲ့ရသော အကြောင်းအရင်းသည် တော်ဝင်ကိုယ်လုပ်တော်မီဖေးကို အမှီပြု၍ အမြင့်သို့တက်လှမ်းလိုသောကြောင့်ပင်။
ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် ဧကရီတစ်ပါးကို မခန့်အပ်ခဲ့သော်လည်း ကိုယ်လုပ်တော်များအားလုံးအကြားတွင် တော်ဝင်ကြင်ယာတော်မှလွဲ၍ မီဖေးကို အနှစ်သက်ဆုံးပင်။
ရှန်လင်းလုံသည် ထီးနန်းကိုဆက်ခံပြီးနောက် ဧကရီဖြစ်လာစဥ်တွင် ကိုယ်လုပ်တော်အမြောက်အများကို နန်းတော်မှ မောင်းထုတ်ခဲ့သည်။မီဖေးနှင့်တခြားကိုယ်လုပ်တော် အနည်းစုကသာ နန်းတွင်း၌ ဆက်လက်နေထိုင်ကြကာ သူတို့၏အခွင့်အာဏာများသည်လည်း လျော့ပါးသွားခြင်းမရှိချေ။
ဤကဲ့သို့ အင်အားမျိုးပိုင်ဆိုင်ထားသော မီဖေးကို အမှီပြု၍ အထက်သို့တက်လှမ်းနိုင်ပါက သူ့အတွက် စိတ်ကူးပင်ယဥ်ကြည့်ဖူးခဲ့ခြင်းမရှိသော အကျိုးကျေးဇူးများရရှိမည်မှာ သေချာပေါက်ပင်။
"ဘေးဖယ်နေစမ်း...ငါ နှစ်ခါထပ်မပြောချင်ဘူး"
မီဖေး၏အသံက ရေခဲတမျှ အေးစက်တင်းမာနေသည်။
ထိုစကားသံကိုကြားချိန်တွင် ဆရာသခင်ဝူ၏မကျေနပ်ချက်များ ပျောက်ကွယ်သွားကာ သူ၏စိတ်မွန်းကြပ်လာသကဲ့သို့ ခံစားလိုက်ရပြီး သူက နာခံရို့ကျိုးစွာဖြင့် နံဘေးတစ်ဖက်သို့ နောက်ဆုတ်လိုက်သည်။
လုယွီက မီဖေးကိုကြည့်ကာ ပြောဆိုသည်။
"တကယ်လို့ မင်း ငါ့ကို လှုပ်ရှားစေချင်တယ်ဆိုရင်...ဘယ်လိုတန်ကြေးမျိုး မင်း ပေးနိုင်လဲ"
ထိုစကားသံ ထွက်ပေါ်လာချိန်တွင် ပတ်ဝန်းကျင်ရှိလူများအားလုံး ကူကယ်ရာမဲ့စွာဖြင့် လေအေးတစ်ချက်စီ ရှိုက်သွင်းလိုက်ကြ၏။
တော်ဝင်ကိုယ်လုပ်တော်မီကို ကုသပေးနိုင်မှာ မရေမတွက်နိုင်သော လူများ၏စိတ်ကူးယဥ်အိမ်မက်ပင်။ဤကောင်စုတ်လေးသည် မည်သည့်သတ္တိမျိုးနှင့် အပေးအယူကို စတင်၍ညှိနှိုင်းဝံ့သလော။
မီဖေးက မျက်မှောင်ကြုတ်လိုက်သည်။
"မင်းပြောမယ့် တန်ကြေးကို ငါက တတ်နိုင်မှာမဟုတ်ဘူးလို့ မင်း ထင်နေတာလား"
"ဘာကိစ္စပဲဖြစ်နေပါစေ ဘာမှမလုပ်ခင် စကားကိုကြိုပြီးပြောတာ ပိုကောင်းတယ်...ဒါမှ နောင်အနာဂတ်ကျရင် နောင်တမရတော့မှာ"
လုယွီက နှိမ့်ချခြင်းလည်းမရှိ ဝင့်ကြွားခြင်းလည်းမရှိသော အမူအယာမျိုးဖြင့် မီဖေးကိုကြည့်လေသည်။
မီဖေးက လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်ကာ ပြောဆိုသည်။
"မင်းက ချင်အာနဲ့အောက်ဘုံမှာ ရင်းနှီးခဲ့တဲ့ လူငယ်လေးဆိုတာ ငါမှတ်မိပြီ...မင်းက ကောင်းကင်ဘုံနယ်မြေကို တကယ်ကြီးရောက်လာခဲ့တာပဲ...ငါ့ကိုပြောပါ...မင်း ဘာလိုချင်တာလဲ"