အခန်း (၂၈၁၆-၂၈၂၀)
Vol. 144 Ch. 2816-2820
Chapter 2816
နောက်တစ်နေ့တွင်...
လုယွီသည် ရှားဟိုအိမ်တော်သို့ ပြန်ရောက်ပြီးနောက် သူ၏ကျင့်ကြံဆင့်ကို ထိန်းညှိလိုက်ရာ နောက်ဆုံး၌ တည်ငြိမ်စပြုလာသည်။
ယခင်ကတည်းက သူ့ထံတွင် အားကောင်းသောကျင့်ကြံဆင့်အခြေခံရှိနေမှုနှင့်အတူ မဟာပေါင်းစည်းခြင်းသစ်သီး၏ကူညီထောက်ပံမှုကြောင့် သူ၏စိတ်ဝိညာဥ်စွမ်းအားများ အထွတ်အထိပ်ထိမြင့်တက်သွားကာ မြေကမ္ဘာအင်မော်တယ်နယ်ပယ်အလယ်အလတ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။
အကယ်၍ သူ အပြင်းအထန်ဒဏ်ရာရရှိထားသောအချက်ကြောင့်သာ မဟုတ်ပါက သူ၏စိတ်ဝိညာဥ်စွမ်းအားအများစုကို သူ၏ဒဏ်ရာများကုသရန် အသုံးပြုခဲ့ရမည်မဟုတ်ချေ။သူသည် သူ့ကိုယ်သူ ထိန်းညှိနေရန်ပင်မလိုအပ်ဘဲ သူ၏ကျင့်ကြံဆင့်နယ်ပယ်တွင် တည်ငြိမ်စွာရပ်တည်နိုင်ပေမည်။
"ငါ တွေးထားသလိုပဲ...ငါ ကျင့်ကြံနိုင်ဖို့အတွက် အားကောင်းတဲ့ပြိုင်ဘက်တွေ လိုအပ်နေတုန်းပဲ...တကယ်လို့ ငါ အဆက်မပြတ်တိုက်ခိုက်နေရင် ငါ ကျင့်ကြံဆင့်ချိုးဖျက်ရတာ ပိုပြီးလွယ်ကူတယ်...ငါက ရက်တွေအကြာကြီးတံခါးပိတ်ကျင့်ကြံနေရင်တောင် ငါ့ရဲ့ကျင့်ကြံဆင့်က သိသိသာသာတိုးတက်မလာဘူး"
လုယွီက သက်ပြင်းတစ်ချက်ရှိုက်ကာ သူ ကျင့်ကြံနေခြင်းကို ရပ်တန့်လိုက်တော့သည်။
"ငါ ဒီနေ့ ဘာမှထပ်မလုပ်တာ ပိုကောင်းလိမ့်မယ်...ဖူရွှေပွဲတော်မှာ ဘယ်လိုမှော်ရတနာမျိုး ထွက်ပေါ်လာမလဲဆိုတာ ငါ သွားကြည့်ရမယ်"
လုယွီက မတ်တတ်ထရပ်ကာ အိမ်တော်ပြင်ပသို့ ထွက်လိုက်၏။
အိမ်တော်တံခါးဝ၌ မမျှော်လင့်ဘဲ သူသည် လုံယွင်ရှန်း ရှားဟိုကျွင်းတို့နှစ်ယောက်နှင့် ပက်ပင်းတိုးလေသည်။
ရှားဟိုကျွင်းသည် ခမ်းနားထည်ဝါသောဝတ်စုံကို ဝတ်ဆင်ထားကာ သူ၏ခေါင်းထက်၌ရွှေရောင်သရဖူတစ်ခုကိုဆောင်းထားပြီး သူ၏ခါးတွင် ကျောက်စိမ်းခါးပတ်ပတ်ထားသည်။လုံယွင်ရှန်းသည်လည်း မျက်နှာချေများထူထပ်စွာလိမ်းခြယ်ထားကာ လှပသောဝတ်စုံကို ဝတ်ဆင်ထားလေ၏။
လုယွီထွက်လာသည်ကိုမြင်တွေ့ချိန်တွင် ရှားဟိုကျွင်းက ခနဲ့တဲ့တဲ့ ပြောဆိုသည်။
"ဒါက အစွမ်းထက်ပုဂ္ဂိုလ်ကြီးလုမဟုတ်လား...ဘာလဲ...ဒီနေ့ မင်း အပြင်ကိုထွက်ဖို့ အားပြီလား"
လုယွီက သူတို့နှစ်ယောက်ကိုတစ်ချက်ကြည့်ကာ လေသံပြတ်ပြတ်နှင့် ပြောဆိုလိုက်သည်။
"ငါ အပြင်ကို ဘာသွားလုပ်လုပ်...မင်းကို သတင်းပို့ဖို့ လိုအပ်လို့လား"
ထိုအချိန်မှာပင် ရထားလုံးတစ်စီးဆိုက်ရောက်လာကာ အစေခံတစ်ယောက်ထွက်လာပြီး လုယွီကို ဦးညွှတ်၍ ရိုသေလေးစားစွာပြောဆိုလေ၏။
"သခင်လေးလု...ဒီငယ်သားက မင်းသမီးရဲ့အဆောင်တော်ကပါ...မင်းသမီးက သခင်လေးလုကိုကြိုဖို့ ဒီငယ်သားကို လွှတ်လိုက်ပါတယ်...မင်းသမီးမှာဖြေရှင်းစရာကိစ္စတချို့ရှိနေသေးတာကြောင့် သခင်လေးလု အရင်ဆုံးသွားနှင့်ပါလို့ မှာလိုက်ပါတယ်"
လုယွီက ခေါင်းညိတ်ပြကာ ရထားလုံးအတွင်းသို့ဝင်လိုက်သည်။
ဤရထားလုံးမျိုးကို တော်ဝင်နန်းတွင်း၌ သာမာန်သယ်ယူပို့ဆောင်ရေးများပြုလုပ်ရာတွင် အသုံးပြုခြင်းဖြစ်သည်။ရထားလုံးအတွင်း၌ အလွန်နေရာကျယ်ဝန်းကာ အတွင်း၌စီးနင်းသူသည် လှည်းဆောင့်ခြင်းခုန်ခြင်းတို့ကို ခံစားရမည်မဟုတ်ချေ။
ထိုရထားလုံး၏နံဘေးပတ်လည်တွင် စန္ဒကူးနံသာတိုင်များ ထွန်းညှိထားလေရာ လူအများကို စိတ်ကြည်လင်လန်းဆန်းစေနိုင်သည်။လုယွီက သူ၏မျက်လုံးကိုစုံမှိတ်၍ အနားယူလိုက်ကာ မလိုလားအပ်သောကိစ္စများကို ထပ်မံ၍မတွေးတောတော့ချေ။
ရထားလုံးထွက်ခွာသွားပြီးနောက် ရှားဟိုကျွင်းနှင့်လုံယွင်ရှန်းတို့က တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။
လုံယွင်ရှန်းက သရော်တော်တော် ပြောဆိုသည်။
"သူက ဘာတွေအယောင်ဆောင်နေတာလဲ...သူက လူလိမ်လူညာတစ်ယောက်ပဲ...သူက ငါတို့ရှေ့မှာဟန်လုပ်ဖို့ ရထားလုံးငှားထားတာပဲဖြစ်မယ်...သူက မင်းသမီးနဲ့သိကျွမ်းတယ်ဆိုတာ ငါတို့ယုံမယ်လို့ ထင်နေလားမသိဘူး"
ရှားဟိုကျွင်းက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"ဒီလိုလူမျိုးအပေါ်မှာ ငါတို့ရဲ့အချိန်တွေကိုဖြုန်းတီးဖို့ မထိုက်တန်ဘူး...ရှန်းအာ ခဏလောက်နေရင် ငါ မင်းကို စီနီယာအကိုမုဖေးပိုင်ဆီခေါ်သွားမယ်...တကယ်လို့ ငါတို့က သူ့ရဲ့လမ်းညွှန်မှုကိုသာရမယ်ဆိုရင် ငါတို့ရဲ့တော်ဝင်စာမေးပွဲအောင်မြင်နိုင်တဲ့အခွင့်အရေး ပိုပြီးတိုးတက်လာမှာသေချာတယ်"
"ဒါက တော်ဝင်ကျောင်းတော်ရဲ့စီနီယာတပည့် မုဖေးပိုင်ကိုပြောတာလား"
လုံယွင်ရှန်း၏မျက်နှာပေါ်၌ အံ့အားသင့်မှုအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
အကယ်၍ ထိုပုဂ္ဂိုလ်သာအမှန်ဖြစ်ပါက သူမတို့အား လမ်းညွှန်မှုပေးရန် အရည်အချင်းပြည့်မီသည်။
"တကယ်တော့ ငါက စီနီယာမုရဲ့အင်အားစုကို ပူးပေါင်းထားတာ အချိန်အတော်ကြာနေပြီ...အခုချိန်မှာ ငါက သူ့ရဲ့အရေးပါတဲ့ညာလက်ရုံးတစ်ယောက်ပဲ...ဒီတစ်ကြိမ် ဖူရွှေပွဲတော်အတွက် ဖိတ်ကြားလွှာက ငါ့ဆီကို သူ ပေးပို့လိုက်တာပဲ"
ဂုဏ်ယူဝင့်ကြွားသောအပြုံးတစ်ခုက ရှားဟိုကျွင်း၏မျက်နှာပေါ်၌ ထွက်ပေါ်လာသည်။
လုံယွင်ရှန်းသည် အလွန်စိတ်လှုပ်ရှားနေကာ ထိုစီနီယာတပည့်ထံသို့ အလျှင်အမြန်သွားရောက်ရန် ရှားဟိုကျွင်းကို တိုက်တွန်းလိုက်၏။
တခြားတစ်ဖက်တွင်...
လုယွီသည် ရထားလုံးကိုစီးနင်း၍ ဖူရွှေပွဲတော်ကျင်းပမည့်နေရာ၏အနီးသို့ အလျှင်အမြန်ရောက်ရှိသွားသည်။
ဖူရွှေရေအိုင်အနီး၌ ခမ်းနားထည်ဝါသောအဆောက်အအုံများကို နေရာအနှံ့အပြား၌ တွေ့မြင်နိုင်သည်။ဤနေရာသည် ဖူရွှေရေအိုင်၏အနီးတွင်တည်ရှိသဖြင့် ဤနေရာရှိစိတ်ဝိညာဥ်စွမ်းအားများသည် တခြားနေရာများထက် ပို၍ပေါကြွယ်ဝသည်။
ဤနေရာ၌ အဆောက်အအုံဆောက်လုပ်ထားသူများသည် ချမ်းသာကြွယ်ဝသူများ သို့မဟုတ် မြင့်မြတ်သူများဖြစ်သည်။
ဖူရွှေပွဲတော်ကို ဖူရွှေရေအိုင်၏ပြင်ပရှိ ဥယျာဥ်အတွင်း၌ ကျင်းပသည်။ပွဲတော်ကိုယခုထိတိုင် ကျင်းပခြင်းမရှိသေးသော်လည်း ပြင်ပတွင် နတ်ဆိုးသားရဲများဆွဲသည့် ခမ်းနားထည်ဝါသောရထားလုံးများ ရာနှင့်ချီ၍ရှိနေသည်။
ထိုရထားလုံးများ၏ဘေးတွင် အစေခံအမြောက်အများ မတ်တတ်ရပ်နေပေ၏။ဖူရွှေပွဲတော်၌ ပါဝင်ဆင်နွှဲခွင့်ရသူများအားလုံးမှာ အရေးကြီးပုဂ္ဂိုလ်များဖြစ်သည်။သူတို့ ပြင်ပသို့ထွက်လာစဥ်တွင် နောက်လိုက်အစေခံများ သူတို့၏နောက်မှလိုက်ပါလာကြသည်။
Chapter 2817
"မင်း ပြန်သွားလို့ရပြီ...အထဲကို ငါ့ဟာငါ ဝင်သွားလိုက်မယ်"
လုယွီသည် ထိုအစေခံကို ဆုလာဘ်တချို့ပေး၍ ပြန်လွှတ်လိုက်ကာ သူက ဖူရွှေပွဲတော်အတွင်းသို့ ဝင်ခဲ့တော့သည်။
ဂိတ်တံခါး၌ ဧည့်သည်တော်များ၏ဖိတ်ကြားလွှာများကို စစ်ဆေးရန်အတွက် အစောင့်များရှိနေသည်။
ဤနေရာသို့ဝင်ရောက်လိုသော တစ်စုံတစ်ယောက်သည် သတ်မှတ်ချက်များနှင့် ပြည့်စုံရပေမည်။မြင့်မြတ်သူများ၏အစေခံများပင်လျှင် ပြင်ပ၌သာစောင့်ဆိုင်းနေကြရ၏။
"လေးစားရတဲ့ဧည့်သည်တော်...ကျေးဇူးပြုပြီးတော့ အထဲကိုကြွပါ"
လုယွီသည် မင်းသမီးအိမ်တော်၏တံဆိပ်ပြားကို ထုတ်ပြလိုက်စဥ်တွင် ဂိတ်တံခါးကိုစောင့်ကြပ်သော အစောင့်များသည် ချက်ချင်းဆိုသလိုပင် ရိုသေလေးစားသောအမူအယာသို့ ပြောင်းလဲသွားကာ သူ့အားအတွင်းသို့ဝင်ရန် ဖိတ်ခေါ်လိုက်သည်။
ဥယျာဥ်အတွင်းသို့ဝင်ရောက်သွားသည်နှင့် သူသည် တခြားကမ္ဘာလောကတစ်ခုအတွင်းသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။
ဖူရွှေပွဲတော်ကျင်းပသောဥယျာဥ်ကို 'ဇီးပန်းပွင့်ဥယျာဥ်'ဟုခေါ်ဆိုသည်။ဤနေရာကို ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်မှ တည်ဆောက်ခဲ့ခြင်းဖြစ်ကာ တော်ဝင်မြို့တော်၏စီရင်ခန့်ခွဲမှုအောက်တွင် တည်ရှိသည်။
လေလံပွဲမှအကျိုးအမြတ်အများစုကို တော်ဝင်နန်းတွင်းမှရရှိသဖြင့် ဤနေရာရှိလုံခြုံရေးသည် လွန်စွာတင်းကြပ်ပေ၏။တော်ဝင်နန်းတွင်းမှအစွမ်းထက်ကျင့်ကြံသူများသည် ဤနေရာတွင် မည်သည့်အနှောက်အယှက်မျိုးမျှမဖြစ်စေရန် ရှေ့နောက်သွားလာ၍ ကင်းလှည့်နေကြသည်။
ဤသည်က တော်ဝင်နန်းတွင်းအတွက်ဝင်ငွေရရှိရန် အဓိကအရင်းအမြစ်တစ်ခုပင်။
ပြင်ပလောကအတွင်းတွင်ကဲ့သို့ လူများကို လုယက်သတ်ဖြတ်သည့်ကိစ္စမျိုး ဤနေရာ၌ဖြစ်ပေါ်လေ့မရှိချေ။အကယ်၍ တစ်စုံတစ်ယောက်သည် ဤနေရာ၌ လှုပ်ရှားမှုပြုလုပ်ဝံ့ပါက တော်ဝင်မြို့တော်အုပ်ချုပ်ရေးအဖွဲ့နှင့် တရားစီရင်ရေးဌာနကြီးသုံးခုတို့မှ ဝရမ်းထုတ်ခြင်းခံရမည်ဖြစ်ရာ အလွန်နည်းပါးသောလူတချို့ခန့်သာ စည်းမျဥ်းများကို ဖောက်ဖျက်ဝံ့သည်။
ဇီးပန်းပွင့်ဥယျာဥ်၏ဖွဲ့စည်းပုံသည် အလွန်အမင်းရှုပ်ထွေးကာ စိတ်ဝိညာဥ်စွမ်းအားများပေါကြွယ်ဝသည့် အဆောက်အအုံအမြောက်အများရှိသည်။
ဖူရွှေပွဲတော်၏လေလံပွဲကို ဇီးပန်းပွင့်ဥယျာဥ်၏ခမ်းနားထည်ဝါဆုံးခန်းမအတွင်း၌ ကျင်းပလေ၏။
ဤအချိန်အခိုက်အတန့်တွင် ခန်းမအတွင်း၌ လူအမြောက်အများ မတ်တတ်ရပ်နေကာ သုံးယောက်တစ်စု ငါးယောက်တစ်စုစသဖြင့် စကားစမြည်ပြောဆိုနေကြသည်။ဤသည်က အလွန်သက်ဝင်လှုပ်ရှားသော မြင်ကွင်းတစ်ခုပင်။
လုယွီ၏ရောက်ရှိလာမှုသည် လူတချို့၏အာရုံစိုက်ခြင်းကို ရရှိသွားလေ၏။မည်သို့ပင်ဆိုစေကာမူ လုယွီသည် တော်ဝင်မြို့တော်၏အထက်တန်းလွှာအသိုင်းအဝိုင်း၌ မျက်နှာစိမ်းတစ်ယောက်ပင်။သူတို့သည် လုယွီ၏အသက်ငယ်ရွယ်သေးသည်ကို မြင်တွေ့ချိန်တွင် မိသားစုကြီးတစ်စုမှလူငယ်တစ်ယောက် ပြင်ပလောကအားစူးစမ်းရန် ထွက်လာသည်ဟု တွေးထင်လိုက်ကြသည်။
ပင်မခန်းမကို အထပ်သုံးထပ် ခွဲခြားထားသည်။အပေါ်နှစ်ထပ်တွင်သာ လေလံပွဲများကျင်းပပြီး ပထမဆုံးထပ်တွင်မူ ပစ္စည်းကောင်းတချို့ကို ခင်းကျင်းပြသထားသည်။ထိုပစ္စည်းများအားလုံးကို မှန်ချပ်များဖြင့်ကာရံထားကာ ပြင်ပမှနေ၍ အကာအကွယ်ဝင်္ကပါတစ်ခုဖြင့် လွှမ်းခြုံထားလေ၏။ပစ္စည်းများ၏အောက်တွင် စျေးနှုန်းများ ရေးသားထားသည်။
ထိုပစ္စည်းများကို အတော်အသင့်ရှားပါးသောရတနာများဟု ယူဆနိုင်သည်။သို့ရာတွင် အကယ်၍ လေလံပွဲတွင် ရောင်းချရန်အတွက်မူ ဤပစ္စည်းများသည် အရည်အသွေးမပြည့်မီချေ။ထို့ကြောင့် စျေးနှုန်းများကိုရှင်းရှင်းလင်းလင်း ဖော်ပြထားသောရတနာများ ဤနေရာ၌ရှိနေခြင်းဖြစ်သည်။
ဖူရွှေပွဲတော်၏လေလံပွဲကို ယခုချိန်ထိတိုင် တရားဝင်စတင်ခြင်း မရှိသေးချေ။ဤနေရာသို့ရောက်ရှိလာသော ဧည့်သည်တော်များသည် လေလံပွဲကျင်းပမည်ကို စောင့်ဆိုင်းရင်းဖြင့် တစ်ချိန်တည်းမှာပင် ပစ္စည်းကောင်းများကို ကြည့်ရှုနိုင်သည်။
"ဧည့်သည်တော်က ဒီနေရာကိုရောက်လာတာ ပထမဆုံးအကြိမ်မဟုတ်လား...ဒီတစ်ကြိမ်လေလံပွဲမှာ လေလံတင်မယ့် ရတနာတွေအကြောင်း ကျွန်မ ရှင့်ကို မိတ်ဆက်ပေးရမလား..."
အနီရောင်ဝတ်စုံဝတ်ဆင်ထားသော လှပချောမောသည့် မိန်းကလေးတစ်ယောက်က လုယွီထံသို့ လျှောက်လှမ်းလာသည်။
ထိုမိန်းကလေး၏နာမည်သည် အမဟုန်ဖြစ်ပြီး ဖူရွှေပွဲတော်၏ကြီးကြပ်ရေးမှူးများအနက်မှ တစ်ယောက်ဖြစ်သည်။
သူမသည် လေလံပွဲ၏စီနီယာလေလံပစ်သူတစ်ယောက်လည်းဖြစ်ရာ ရတနာများအပေါ်တွင် အံ့အားသင့်ဖွယ်ကောင်းသော မြင်နိုင်စွမ်းရှိသည်။
"ဒီနေရာမှာ ဘာပစ္စည်းကောင်းတွေရှိလဲဆိုတာ တစ်ချက်ကြည့်ရအောင်"
လုယွီက ပြောဆိုသည်။
အမဟုန်က ပြုံးရယ်ကာ သူမ၏နောက်ရှိမှန်အတွင်းတွင်ရှိနေသောကျောက်စိမ်းဆွဲသီးတစ်ခုကို လုယွီအား အလျှင်အမြန် ညွှန်းဆိုပြလေ၏။
"ဧည့်သည်တော်...ကျေးဇူးပြုပြီး ဒါကို တစ်ချက်ကြည့်ပါအုံး..ဒီကျောက်စိမ်းဆွဲသီးကို မင်ကြွယ်ကျောက်စိမ်းဆွဲသီးလို့ခေါ်တယ်..ဒါကို ရေခဲကြယ်မြစ်ရဲ့အဆင့်မြင့်ကျောက်စိမ်းကနေ ပြုလုပ်ထားတာ...ပြီးတော့ ဝင်္ကပါပညာရှင်တစ်ယောက်က ဒီအရာပေါ်မှာ စိတ်ဝိညာဥ်စွမ်းအင်စုစည်းခြင်းဝင်္ကပါငယ်တစ်ခုကို ရေးထွင်းထားတယ်...တကယ်လို့ ရှင်က ဒီကျောက်စိမ်းဆွဲသီးကို အချိန်အကြာကြီးဝတ်ဆင်ထားမယ်ဆိုရင် ရှင်နဲ့အတူ စိတ်ဝိညာဥ်စွမ်းအင်စုစည်းခြင်းဝင်္ကပါတစ်ခု ရှိနေသလိုဖြစ်နေမှာ...ရှင့်ရဲ့ဘေးပတ်ဝန်းကျင်မှာရှိတဲ့ စိတ်ဝိညာဥ်စွမ်းအားတွေနဲ့ ရှင့်ရဲ့ကျင့်ကြံမှုအရှိန်နှုန်းကို တိုးမြှင့်ပေးနိုင်လိမ့်မယ်"
ဤကျောက်စိမ်းဆွဲသီးတွင် အမဟုန်ပြောဆိုသွားသော အကျိုးအာနိသင်မျိုးရှိသည်မှာ အမှန်ပင်။
အကယ်၍ လူငယ်ကျင့်ကြံသူတစ်ယောက်တွင် ဤသို့သောရတနာမျိုးရှိပါက သူ တစ်ဝက်ခန့်အင်အားစိုက်ထုတ်သည်နှင့် နှစ်ဆခန့်အကျိုးကျေးဇူးရရှိမည်ဖြစ်ကာ သူ၏ကျင့်ကြံမှုအရှိန်နှုန်း မြင့်တက်လာပေမည်။
ဤသည်က အမဟုန်၏လုပ်ငန်းကျွမ်းကျင်မှုကို ပြသနေသည်။
မည်သို့ပင်ဆိုစေကာမူ လုယွီကဲ့သို့ လူငယ်ကျင့်ကြံသူများသည် သူတို့၏ကျင့်ကြံမှုအရှိန်နှုန်းကို မြှင့်တင်ရန်အတွက် ဤကဲ့သို့မှော်ရတနာမျိုး လိုအပ်သည်။
လုယွီက စျေးနှုန်းကို တစ်ချက်ကြည့်လိုက်၏။ဤကျောက်စိမ်းဆွဲသီး၏တန်ကြေးမှာ အင်မော်တယ်ကျောက်တုံးသန်း၉၀၀ဖြစ်သည်။
ကြယ်နယ်မြေများမှ အင်အားစုအများစုသည် သန်းရာနှင့်ချီသော အင်မော်တယ်ကျောက်တုံးများကို ထုတ်ပေးနိုင်ခြင်းမရှိကြချေ။သို့ရာတွင် သေးငယ်သောကျောက်စိမ်းဆွဲသီးတစ်ခုသည် အလွန်များပြားသောအင်မော်တယ်ကျောက်တုံးများ တန်ကြေးရှိနေသည်မှာ မယုံကြည်နိုင်ဖွယ်ပင်။
Chapter 2818
သို့သော် ဤနေရာသည် ဖူရွှေပွဲတော်ပင်။
ဤနေရာ၌ထွက်ပေါ်လာသော ရတနာများကို နေရာဒေသအသီးသီးမှ စုစည်းထားခြင်းဖြစ်သည်။ထို့ကြောင့် ဤနေရာရှိရတနာများသည် ပြင်ပလောကထက်ပို၍ တန်ဖိုးကြီးသည်မှာ သဘာဝကျသောကိစ္စပင်။
ယခုလက်ရှိချိန်တွင် လုယွီ၏ချမ်းသာကြွယ်ဝမှုများမှာ သူသည် ကျန်းကျွင်းအရှင်ထံမှ အမွေအနှစ်များရရှိခဲ့ရုံမက လော့ရွှေကြယ်မြစ်မှနေ၍ စိတ်ဝိညာဥ်သွေးကြောများ ရရှိထားခဲ့သည်။ဤကျောက်စိမ်းဆွဲသီးကိုဝယ်ယူရန် အဖိုးအခသည် သူ့အတွက် အလွန်လွယ်ကူသောအရာပင်။
သို့ရာတွင် ယခုလက်ရှိချိန်၌ သူ့ထံတွင် မှော်ရတနာများ ကင်းမဲ့နေခြင်းမရှိချေ။
လုယွီသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၌ရှိနေစဥ်တွင် လိုအပ်သောပါဝင်ပစ္စည်းများကိုစုဆောင်း၍ စိတ်ဝိညာဥ်စွမ်းအင်စုစည်းပေးနိုင်သော မှော်ရတနာတစ်ခုကို ပြုလုပ်ခဲ့သည်။ထိုအရာကို လက်စွပ်တစ်ကွင်းအတွင်း၌သိပ်သည်း၍ သူ၏လက်တွင် ဝတ်ဆင်ထားလေ၏။
အတိတ်ဘဝတွင် လုယွီသည် မကြာခဏ မှော်ရတနာများပြုလုပ်ခြင်း ဆေးလုံးများဖော်စပ်ခြင်းနှင့် ဝင်္ကပါများထွင်းထုခြင်းတို့ကို သူကိုယ်တိုင် ပြုလုပ်လေ့ရှိသည်။
အကယ်၍ သူသည် သူအလိုရှိသော ပစ္စည်းများကို တခြားသူများထံ မတောင်းဆိုလိုပါက သူကိုယ်တိုင် ပြုလုပ်နိုင်သော အရည်အချင်းမျိုး ရှိနေရပေမည်။ထို့ပြင် အတိတ်ဘဝတွင် ကောင်းကင်ဘုံနယ်မြေအတွင်း၌ လုယွီသည် ရန်သူအမြောက်အများ ရှိခဲ့လေ၏။မည်သည်ကြောင့် သူ အသုံးပြုမည့်ပစ္စည်းများကိုပြုလုပ်ရန် တခြားသူများကို လွှဲအပ်ထားနိုင်မည်နည်း။
ယခုလက်ရှိချိန်တွင် လုယွီ၏လက်၌ ဝတ်ဆင်ထားသောလက်စွပ်သည် စိတ်ဝိညာဥ်စွမ်းအင်စုဝေးခြင်းလက်စွပ်ပင်။ထိုအရာသည် လုယွီအသုံးပြုရန်အတွက် စိတ်ဝိညာဥ်စွမ်းအင်များကို တစ်ချိန်လုံး စုစည်းပေးနိုင်သည်။
သို့ရာတွင် ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအင်များသည် အကန့်အသတ်ရှိပေ၏။တခြားစိတ်ဝိညာဥ်စွမ်းဝိညာဥ်စွမ်းအင်စုစည်းခြင်းရတနာတစ်ခုသည် သူ့အတွက် အနည်းငယ်သာအသုံးဝင်ပေမည်။
"ဒီပစ္စည်းက ငါ့အတွက် အများကြီးအသုံးမဝင်ဘူး...ထားလိုက်တော့"
လုယွီက ခေါင်းခါယမ်းကာ ပြောဆိုသည်။
လုယွီ၏တုံ့ပြန်စကားကိုကြားချိန်တွင် အမဟုန်၏မျက်နှာပေါ်၌ အထင်အမြင်သေးသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
သို့ရာတွင် ထိုမျက်နှာအမူအယာကို သူမသည် ကောင်းမွန်စွာ ဖုံးကွယ်ထားနိုင်လေ၏။ထိုအမူအယာသည် ဖျတ်ခနဲသာထွက်ပေါ်လာပြီးနောက် သူမ၏မျက်နှာပေါ်တွင် ကျွမ်းကျင်ပညာရှင်တစ်ယောက်၏အပြုံးမျိုး ပြန်လည်ထွက်ပေါ်လာသည်။
"လေးစားရတဲ့ ဧည့်သည်တော်...ရှင် အချိန်ယူပြီး ကြည့်လိုက်ပါအုံး...တကယ်လို့ ရှင် တစ်ခုခုလိုအပ်တယ်ဆိုရင် အချိန်မရွေး ကျွန်မကို လှမ်းခေါ်လိုက်ပါ"
ထိုသို့ပြောဆိုပြီးသည်နှင့် အမဟုန်က ချက်ချင်းနောက်ပြန်လှည့်ကာ ထွက်ခွာသွားတော့သည်။
လုယွီသည် ထိုကိစ္စကို ဂရုမစိုက်ချေ။ဤနေရာရှိပစ္စည်းများ၏တန်ဖိုးကို သူ အကြည့်တစ်ချက်ဖြင့်ပင် အတပ်ပြောနိုင်သည်။ထိုအရာများကို သူ့အား မိတ်ဆက်ပေးရန်အတွက် တစ်စုံတစ်ယောက်ကို သူ မလိုအပ်ချေ။
လုယွီ၏နောက်ကျောကိုကြည့်ပြီးနောက် အမဟုန်၏မျက်နှာပေါ်၌ အထင်အမြင်သေးသော သရော်တော်တော်အမူအယာမျိုး ထင်ဟပ်လာသည်။
"လူဆင်းရဲတစ်ယောက်က ဘယ်လိုမျိူးအရည်အချင်းနဲ့ ဖူရွှေပွဲတော်ကို ဝင်လာဝံ့တာလဲ...တကယ်လို့ သူ မတက်နိုင်ဘူးဆိုရင်လည်း မတက်နိုင်ဘူးလို့ပြောလေ...သူ့အတွက် ဒါက အသုံးမဝင်ဘူးလို့တောင် အရှက်မရှိကြွားလုံးထုတ်နေသေးတယ်...ဒါက တကယ့်ကို ရယ်ဖို့ကောင်းတာပဲ"
သူမက အေးစက်စက်အကြည့်ဖြင့် လုယွီကို ကြည့်နေလေ၏။ရုတ်တရက် ဥယျာဥ်အတွင်းသို့ လူတစ်စု လျှောက်လှမ်းဝင်ရောက်လာခြင်းကိုမြင်ချိန်တွင် သူမ၏အကြည့် ရပ်တန့်သွားသည်။
ထိုလူများအားလုံးသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူတို့၏ဝတ်စုံပေါ်တွင် ထိပ်သီးတော်ဝင်စွမ်းအားကို ပိုင်ဆိုင်ထားသော သင်္ကေတဖြစ်သည့် ရွှေရောင်နဂါးအမှတ်အသားကို ပန်းထိုးထားသည်။
တော်ဝင်ကျောင်းတော်သည် တာယွီအင်ပါယာအတွင်း၌ အဆင့်အမြင့်မားဆုံးကျောင်းတော်ပင်။ထိုကျောင်းတော်၌တက်ရောက်နေသော ကျောင်းတော်သားများအားလုံးကို မိုးကောင်းကင်၏သားတော်များဟု ခေါ်ဆိုကာ သူတို့၏အဆင့်အတန်းသည် အလွန်အထက်တန်းကျပေ၏။
တော်ဝင်ကျောင်းတော်မှ ကျောင်းတော်သားများသည် မည်သည့်နေရာသို့သွားသည်ဖြစ်စေ ရိုသေလေးစားရသော ဧည့်သည်တော်များအဖြစ် ဆက်ဆံခြင်းခံရပြီး တခြားသူများ၏ လေးစားခြင်းကိုခံရသည်။
"သခင်လေးမုပါလား....ဒီတစ်ကြိမ်တော့ ရှင်ရောက်လာတာ စောသားပဲ"
ဖူရွှေပွဲတော်၏ကြီးကြပ်ရေးမှူးတစ်ယောက်ဖြစ်သဖြင့် အမဟုန်သည် တော်ဝင်မြို့တော်အတွင်းရှိ ချမ်းသာကြွယ်ဝပြီးမြင့်မြတ်သောအင်အားစုများကို လေးလေးနက်နက် မှတ်သားထားသည်။
တော်ဝင်ကျောင်းတော်မှ ကျောင်းတော်သားများကို လူငယ်တစ်ယောက်က ဦးဆောင်လာသည်။သူသည် အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ ဝတ်စုံ၏ပခုံးနေရာ၌ ရွှေချည်များပန်းထိုးထားလေရာ သူ့ကို ကြည့်ရသည်မှာ ချမ်းသာကြွယ်ဝပြီးခမ်းနားထည်ဝါပုံပေါက်စေသည်။
ဤသည်က တော်ဝင်ကျောင်းတော်၏စီနီယာတပည့်များသာ အသုံးပြုရသော သင်္ကေတပင်။
ထိုလူစုကိုဦးဆောင်လာသောလူငယ်သည် တော်ဝင်ကျောင်းတော်၏ စီနီယာတပည့်မုဖေးပိုင်ဖြစ်သည်။
"ဒီတစ်ကြိမ်တော့ ငါက လောကကြီးကိုစူးစမ်းလေ့လာဖို့အတွက် ဂျူနီယာညီလေး ညီမလေးတွေကို ခေါ်လာခဲ့တယ်"
မုဖေးပိုင်က တည်ငြိမ်စွာ ပြောဆိုသည်။
သူ၏အသံသည် အလွန်နူးညံညင်သာကာ လေပြည်ညှင်းတစ်ချက် ဖြတ်သန်းတိုက်ခတ်သွားသကဲ့သို့ခံစားချက်မျိုး ပေးစွမ်းနိုင်သည်။လူအများသည် ထိုအသံကိုကြားသည်နှင့် သူတို့၏နှလုံးသားအောက်ခြေမှလာသော သူ့အား အရေးပေးလိုသည့်စိတ်မျိုး ခံစားရပေမည်။
အမဟုန်က ချက်ချင်းဆိုသလိုပင် အပြုံးနှင့်ပြောဆိုလိုက်၏။
"ဘာမှစိတ်မပူပါနဲ့...သူတို့အားလုံးက သခင်လေးမုရဲ့ဂျူနီယာတွေ ဖြစ်နေမှတော့ ကျွန်မရဲ့မိတ်ဆွေတွေပါပဲ...လေလံပွဲစတင်တဲ့အချိန်မှာ ကျွန်မက သူတို့အားလုံးအတွက် နေရာကောင်းရအောင် စီစဥ်ပေးမယ်"
ယေဘုယျကျကျပြောဆိုရလျှင် အစစ်အမှန်အရည်အချင်းရှိသူများသာ လေလံပွဲ၌ဝင်ရောက်ဆင်နွှဲရန် အရည်အချင်းပြည့်မီသည်။
ဥပမာအနေဖြင့် မုဖေးပိုင် ခေါ်ဆောင်လာသောသူများထံတွင် ဖိတ်ကြားလွှာများရှိသော်လည်း ဤသည်က ပထမထပ်သို့သာ ဝင်ရောက်နိုင်သည်။ထိုလူများသည် လေလံပွဲ၌ ပါဝင်ဆင်နွှဲရန် အရည်အချင်းမပြည့်မီချေ။
သို့ရာတွင် သူတို့သည် အမဟုန်၏ကူညီပေးမှုကိုရရှိပါက လေလံပွဲကိုကြည့်ရှုခွင့် ရရှိသွားပေမည်။
Chapter 2819
သူတို့သည် လေလံပွဲ၌ တိုက်ရိုက်ပါဝင်ဆင်နွှဲရန် အရည်အချင်းမပြည့်မီသော်လည်း အဝေးမှ တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ကြည့်ခြင်းဖြင့် အတွေ့အကြုံရရှိနိုင်သည်။
"ဒါဆိုရင်လည်း ငါ မင်းကို အခက်တွေ့စေမိပြီ...နောက်ဆုံးတစ်ကြိမ်က ငါ သဘောကျနေတဲ့ နဂါးပုံထွင်းဓားရော ဘယ်လိုအခြေအနေရှိလဲ"
မုဖေးပိုင်က မေးမြန်းသည်။
အမဟုန်က ချက်ချင်းဆိုသလိုပင် အပြုံးနှင့်ပြောဆိုသည်။
"အဲ့ဒီဓားက အရင်အတိုင်း ရှိနေတုန်းပါပဲ...အဲ့ဒီဓားရဲ့ပြင်ပမှာရှိတဲ့ ဝင်္ကပါက အရမ်းလျှို့ဝှက်ဆန်းကြယ်တယ်...ဝင်္ကပါပညာရှင်တွေအများကြီး ရောက်လာပြီး ကြိုးစားကြပေမယ့် အဆုံးသတ်မှာ သူတို့အားလုံး အရှုံးနဲ့ပြန်သွားရတယ်"
"ဟမ့်...အပြင်လောကကနေ ဝင်္ကပါပညာရပ်အကြောင်း နည်းနည်းလေးပဲသင်ယူခဲ့ရတဲ့ လူတစ်သိုက်ကများ...သူတို့ကိုယ်သူတို့ ဝင်္ကပါပညာရှင်လို့ ခေါ်ဆိုသုံးနှုန်းနေကြတယ်...အဲ့ဒီလိုလူစားမျိုးတွေက တကယ်လို့ သူတို့ နှစ်တစ်ရာလောက်ကြိုးစားရင်တောင် ဒီဝင်္ကပါကို ချိုးဖျက်နိုင်မှာမဟုတ်ဘူး"
မုဖေးပိုင်က ပြက်ရယ်ပြုသရော်လိုက်၏။
ထို့နောက် သူ၏လက်ကိုဝှေ့ယမ်းကာ ပြောဆိုသည်။
"လာကြ...ငါတို့ အဲ့ဒီနေရာကို တစ်ချက်သွားကြည့်ရအောင်...ငါက ဝင်္ကပါပညာရပ်ကိုလေ့လာခဲ့တာ အချိန်အတော်ကြာနေပြီ...ငါ ဒီတစ်ကြိမ်တော့ ဒါကို အလွယ်တကူဖြေရှင်းနိုင်မှာ သေချာတယ်"
မုဖေးပိုင်၏နောက်တွင် တော်ဝင်ကျောင်းတော်မှ ကျောင်းတော်သားတစ်စုရှိနေသည်။ထိုကျောင်းတော်သားများအကြားတွင် လုံယွင်ရှန်းနှင့်ရှားဟိုကျွင်းလည်း အပါအဝင်ပင်။
ဤကဲ့သို့နေရာမျိုးကို သူတို့ရောက်ရှိလာသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။သူတို့သည် နံဘေးဝဲယာကိုကြည့်ပြီးနောက် သူတို့၏စိတ်နှလုံးသားအတွင်း၌ တုန်လှုပ်ချောက်ချားမှုများဖြင့် ပြည့်နှက်နေပေ၏။
ရှားဟိုကျွင်းနှင့်လုံယွင်ရှန်းတို့နှစ်ယောက်လုံး မိသားစုကြီးများမှဖြစ်သည်။သူတို့သည် ဤနေရာရှိရတနာများကို မြင်တွေ့ချိန်တွင် မြို့အတွင်းသို့ဝင်ရောက်လာသော တောသားလူနုံများဟု အထင်ခံရမည်ကိုစိုးရိမ်သဖြင့် ကျယ်ကျယ်လောင်လောင် မပြောဝံ့သော်လည်း သူတို့၏စိတ်နှလုံးသားများအတွင်း၌ အံ့အားသင့်တုန်လှုပ်နေကြသည်။
ဤနေရာ၌ ရတနာအမြောက်အများရှိနေသည်။သူတို့သည် ထိုရတနာများအနက်မှအများစုကို ရှေးဟောင်းမှတ်တမ်းများအတွင်း၌သာ ဖတ်ရှုဖူးကာ ယခင်က တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးချေ။
"ဒီတစ်ကြိမ်တော့ ငါ ဒီနေရာကိုလာတာ တကယ့်ကို အလဟဿမဖြစ်တော့ဘူး"
သူတို့နှစ်ယောက်သည် အလွန်အမင်းစိတ်လှုပ်ရှားနေသော်လည်း မဆင်မခြင်မပြုလုပ်ဝံ့ကြသဖြင့် မုဖေးပိုင်၏နောက်မှသာ နာခံရို့ကျိုးစွာဖြင့် လိုက်နေကြ၏။
လုံယွင်ရှန်းက ရုတ်တရက်မေးမြန်းသည်။
"စီနီယာမုပြောတဲ့ နဂါးပုံထွင်းဓားကဘာလဲဆိုတာ နင်သိလား...ဘာလို့ အဲ့ဒီဓားရဲ့ပြင်ပမှာ ဝင်္ကပါတစ်ခု ရှိနေတာလဲ"
သူမ၏စိတ်အတွင်း၌ ဇဝေဇဝါဖြစ်နေသည်။သူတို့သည် ဤနေရာသို့လာရောက်ရန် သူတို့ထံတွင် ငွေကြေးရှိလျှင် လုံလောက်ပြီမဟုတ်လော။မည်သည်ကြောင့် သူတို့သည် ဝင်္ကပါကိုချိုးဖျက်ရန် လိုအပ်သနည်း။
သူမနောက်တွင်ရှိနေသော တော်ဝင်ကျောင်းတော်မှတပည့်တစ်ယောက်က အပြုံးနှင့်ပြောဆိုသည်။
"ဒါက ဖူရွှေပွဲတော်ရဲ့ထုံးတမ်းစဥ်လာတစ်ခုပဲ...ဖုန်းရွှေပွဲတော်ကျင်းပတဲ့အကြိမ်တိုင်း ဆုလာဘ်တချို့ကို ပေးလေ့ရှိတယ်...အဲ့ဒီရတနာတွေကို ဝင်္ကပါတွေထဲမှာထည့်ထားတယ်...အပြင်မှာရှိတဲ့ ဝင်္ကပါကိုချိုးဖျက်နိုင်တဲ့ ဘယ်သူမဆို အထဲမှာရှိတဲ့ရတနာကို ယူလို့ရတယ်"
အမ်...
လုံယွင်ရှန်းက သူမ၏ပါးစပ်ကိုဖုံးအုပ်ကာ မယုံကြည်နိုင်သောလေသံဖြင့် ပြောဆိုလိုက်၏။
"ဒါက တစ်ယောက်ယောက်က ဝင်္ကပါကိုချိုးဖျက်နိုင်တာနဲ့ အထဲမှာရှိတဲ့ရတနာကို ငွေကုန်ကြေးကျခံစရာမလိုဘဲ ရနိုင်တယ်လို့ ဆိုလိုတာမဟုတ်လား...ဒါက ကောင်းတဲ့ကိစ္စတစ်ခုပဲ"
"ဟား ဟား ဟား...မင်းက ဒါကို ဒီလောက်ရိုးရှင်းမယ်လို့ ထင်ထားတာလား...အထဲမှာရှိတဲ့ရတနာတွေကို ဂိုဏ်းကြီးတွေနဲ့မြင့်မြတ်နယ်မြေတွေကနေ တော်ဝင်နန်းတော်က ရထားတာ...ဒီရတနာတွေကို အကြောင်းအရင်းမည်မည်ရရမရှိဘဲ လက်လွှဲပေးပါ့မလား...အဲ့ဒီဝင်္ကပါတွေအားလုံးကို တော်ဝင်နန်းတွင်းရဲ့မဟာဝင်္ကပါပညာရှင်တွေကိုယ်တိုင် ခင်းကျင်းထားတာ...ဒါတွေက အရမ်းရှုပ်ထွေးပြီးတော့ နက်နဲသိမ်မွေ့တယ်...အဲ့ဒီဝင်္ကပါတွေကို ဖြေရှင်းဖို့မဆိုထားနဲ့ ဒါတွေကို တစ်ချက်ကြည့်မိရုံနဲ့ မူးဝေမှုကို ခံစားရလိမ့်မယ်"
ထိုတပည့်က ဆက်လက်ပြောဆိုသည်။
"ဖူရွှေပွဲတော် ကျင်းပခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ...ဒါပေမယ့် ဝင်္ကပါကိုချိုးဖျက်ပြီးတော့ အထဲကရတနာတွေကို ယူနိုင်တဲ့ကိစ္စက အရမ်းရှားပါးတယ်...ပြီးတော့ တကယ်လို့ အဲ့ဒါတွေကို ယူနိုင်တဲ့သူရှိရင်တောင် သာမာန်ရတနာပစ္စည်းတွေပဲ...ပိုပြီးအဖိုးတန်တဲ့ရတနာဖြစ်လေလေ အပြင်မှာရှိတဲ့ဝင်္ကပါက ပိုပြီးအစွမ်းထက်လေလေပဲ"
"ဒါက အပြင်လူတွေကိုဆွဲဆောင်ဖို့သက်သက် ဟန်ပြထားတဲ့ ထွင်လုံးတွေသက်သက်ပဲ...ဒါတွေက ထွင်လုံးတွေထက်မပိုဘူး...စီနီယာအကိုမု လိုချင်နေတဲ့ နဂါးပုံထွင်းဓားက အရမ်းလျှို့ဝှက်ဆန်းကြယ်တဲ့ ဓားရှည်တစ်လက်ပဲ...ဖူရွှေပွဲတော် စတင်ကျင်းပတဲ့ ပထမဆုံးနှစ်ကတည်းက အဲ့ဒီဓားက ရှိနေခဲ့တာ...အခုချိန်ထိ အဲ့ဒီဓားရှည်ကို ဘယ်သူမှမယူနိုင်ကြသေးဘူး...အဲ့ဒီဓားရဲ့အဆင့်ကိုလည်း ဘယ်သူမှမသိဘူး...ဓားရဲ့နာမည်ကိုပဲသိတယ်...အဲ့ဒီဓားရှည်ကိုယူဖို့ မရေမတွက်နိုင်တဲ့လူတွေ ကြိုးစားခဲ့ကြပေမယ့်...ဝင်္ကပါက အရမ်းလျှို့ဝှက်ဆန်းကြယ်တယ်...ဒါပေမယ့် ဝင်္ကပါပညာရှင်တွေအများကြီးတောင် ရှုံးနိမ့်ခဲ့ကြတယ်...ကောလဟာလတွေအရတော့ ဒါက မသေမျိုးအဆင့်မှော်လက်နက်လို့ ဆိုကြတယ်...ဒါက အမှန်ဟုတ်မဟုတ်ကိုတော့ ဘယ်သူမှ အတပ်မပြောနိုင်ဘူး"
ထိုစကားများကိုကြားချိန်တွင် လုံယွင်ရှန်းက အလွန်စိတ်လှုပ်ရှားသွားသည်။
"ဒီကိစ္စမျိုးရှိမယ်လို့ ငါ မျှော်လင့်မထားမိဘူး...ဒီလိုအခွင့်အရေးမျိုးရှိနေမှတော့ ငါလည်းပဲကြိုးစားကြည့်ရမယ်"
Chapter 2820
ထိုတပည့်သည် လုံယွင်ရှန်း၏အတွေးကို ခန့်မှန်းမိပုံရကာ အပြုံးနှင့်ပြောဆိုသည်။
"မင်း အဲ့ဒါကို ကြိုးစားကြည့်လို့ရတယ်...ဒါပေမယ့် အရမ်းတော့မျှော်လင့်ချက်မထားနဲ့...ဖူရွှေပွဲတော် ကျင်းပတဲ့အကြိမ်တိုင်း တချို့လူတွေက ဒီဝင်္ကပါကိုချိုးဖျက်နိုင်ဖို့ ဦးနှောက်ခြောက်အောင် စဥ်းစားခဲ့ကြတယ်...ဒါပေမယ့် အဆုံးသတ်ကျတော့ သူတို့အားလုံး လက်ဗလာနဲ့ပြန်သွားရတာပဲ"
လုံယွင်ရှန်းက သူမ၏လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်လိုက်သည်။
"ငါ မကြိုးစားကြည့်ရသေးဘဲနဲ့ ဘယ်လိုလုပ်ပြီးသိမှာလဲ"
"ဟား ဟား ဟား...စီနီယာအကိုမု ကြိုးစားပြီးတဲ့အချိန်ကျရင် မင်း သိသွားလိမ့်မယ်"
ထိုတပည့်က ရယ်မောကာ ပြောဆိုလေ၏။
သူတို့လူစု ရှေ့သို့ဆက်လက်၍လျှောက်လှမ်းခဲ့ကြာကာ ပထမထပ်၏အစွန်ဆုံးနေရာ၌ အလွန်ကျယ်ဝန်းသောမြေကွက်လပ်တစ်ခုရှိနေခြင်းကို တွေ့မြင်မိသည်။
ထိုနေရာ၌ အကြမ်းဖျင်းအားဖြင့် အဖိုးတန်ရှားပါးသောရတနာများ ဆယ်ခုကျော်ရှိနေသည်။ထိုရတနာတစ်ခုစီမှနေ၍ တောက်ပသောအလင်းရောင်များ ဖြာထွက်နေကာ ကြည့်ရသည်မှာ အလွန်ကြီးကျယ်ခမ်းနားလှ၏။
ဤရတနာများကို မှန်ချပ်များဖြင့် ကာရံထားခြင်းမရှိချေ။ထိုအစား ဤရတနာများအားလုံးကို ဝိုးတဝါးအလွှာတစ်လွှာဖြင့် ဖုံးအုပ်ထားသည်။
လူအမြောက်အများ ဤနေရာ၌ စုဝေးနေကြ၏။လူတိုင်းတစ်ကြိမ်ခန့် ကြိုးစားနိုင်သော်လည်း လူအများစုသည် နံဘေးမှစောင့်ကြည့်ရန်သာ ရွေးချယ်ခဲ့ကြသည်။
"စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့်မှော်ရတနာ...ရှေးဦးသံချပ်ကာ...စိတ်ဝိညာဥ်သားရဲအမြူတေ..."
"အား...ဒါက တော်ဝင်နတ်ဘုရားနည်းစနစ်ရဲ့ပထမတွဲပဲ...ဒါက တော်ဝင်မိသားစုဝင်တွေပဲ ကျင့်ကြံနိုင်တဲ့ နည်းစနစ်မဟုတ်လား"
ဝင်္ကပါအတွင်းဘက်ရှိ ရတနာပစ္စည်းများကိုမြင်တွေ့ချိန်တွင် လုံယွင်ရှန်းနှင့်ရှားဟိုကျွင်းတို့နှစ်ယောက်လုံး အလွန်စိတ်လှုပ်ရှားသွားသည်။
ထိုရတနာများအနက်မှ မည်သည့်အရာကိုရရှိသည်ဖြစ်စေ သူတို့၏ခွန်အား အလျှင်အမြန် မြင့်တက်လာပေမည်။ထိုအရာသည် သူတို့အား အသစ်တဖန်မွေးဖွားသကဲ့သို့ ဖြစ်သွားစေကာ ထိပ်သီးပါရမီရှင်အဖြစ်သို့ ပြောင်းလဲသွားစေနိုင်သည်။
ထိုရတနာများသည် သူတို့အားဆွဲဆောင်နိုင်သည်မှာ အံ့အားသင့်စရာမရှိချေ။သူတို့နှစ်ယောက်လုံးသည် မိသားစုကြီးများမှဖြစ်ကာ သူတို့ရရှိသော ကျင့်ကြံမှုအရင်းအမြစ်များသည် တခြားသူများထက် များစွာပို၍သာလွန်သည်။သို့ရာတွင် သူတို့နှစ်ယောက်သည် အလွန်အဖိုးတန်ရှားပါးသော မှော်ရတနာများကိုထိတွေ့ရန် အရည်အချင်းမပြည့်မီချေ။
"ကြည့်ကြစမ်း....ဝင်္ကပါရဲ့ဘေးမှာရပ်နေတဲ့သူတွေက တော်ဝင်နန်းတွင်းရဲ့လူဆိုးထိန်းတွေပဲ...သူတို့က လူသတ်ရင်တောင် မျက်တောင်တစ်ချက်မခတ်ဘူး...တော်ဝင်နန်းတွင်းရဲ့ခန့်အပ်ခြင်းကို ခံပြီးတဲ့နောက်မှာ သူတို့ရဲ့မျက်လုံးတွေက သိမ်းငှက်တွေလိုပဲ အရမ်းလျှင်တယ်....မင်းတို့က ဒီနေရာရဲ့စည်းမျဥ်းတွေကို ချိုးဖောက်လို့မရဘူး...မဟုတ်ရင် သူတို့က တော်ဝင်ကျောင်းတော်ကိုတောင် နည်းနည်းမှမျက်နှာသာပေးတာမဟုတ်ဘူး"
တပည့်တစ်ယောက်က သတိပေးစကားပြောဆိုသည်။
လုံယွင်ရှန်းနှင့်ရှားဟိုကျွင်းတို့နှစ်ယောက်လုံး ခေါင်းညိတ်လိုက်ကြ၏။
ဝင်္ကပါ၏နံဘေးတွင် စည်းမျဥ်းများကိုချိုးဖောက်သော တစ်စုံတစ်ယောက် ရှိမလာစေရန်အလို့ငှာ တော်ဝင်နန်းတွင်းမှအစွမ်းထက်သောအရာရှိများက စောင့်ကြပ်နေသည်။
ထိုလူများသည် ရက်စက်ကြမ်းကြုတ်ပုံရကာ သူတို့၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ရှိနေပေ၏။သူတို့၏ဓားအောက်တွင် မရေမတွက်နိုင်သောလူများ သေဆုံးခဲ့ရပုံရှိသည်။သူတို့ ထိုနေရာ၌မတ်တတ်ရပ်နေရုံဖြင့် သူခိုးဂျပိုးတချို့ကို ခြိမ်းခြောက်နိုင်ရန် လုံလောက်သည်။
ရုတ်တရက် လုံယွင်ရှန်းက ရင်းနှီးသောလူတစ်ယောက်ကို တွေ့မြင်မိသည်။
လုယွီသည် ဝင်္ကပါရှေ့၌ မတ်တတ်ရပ်နေကာ သာမာန်ကာလျှံကာအကြည့်မျိုးဖြင့် ကြည့်နေလေ၏။
လူအုပ်အကြားတွင် လုယွီဝတ်ဆင်ထားသောဝတ်စုံသည် ခမ်းနားထည်ဝါခြင်းမရှိချေ။ထို့ပြင် သူသည် မျက်နှာစိမ်းတစ်ယောက်ဖြစ်လေရာ လူနည်းစုကသာ သူ့ကို သတိပြုမိကြသည်။
"သူက ဘာလို့ ဒီနေရာကိုရောက်နေတာလဲ"
လုံယွင်ရှန်းက မျက်မှောင်ကြုတ်လိုက်သည်။
ဖူရွှေပွဲတော်သို့ လာရောက်သူများအားလုံးသည် အရေးကြီးပုဂ္ဂိုလ်များပင်။
လုယွီသည် ရှားဟိုအိမ်တော်၏ဧည့်သည်တစ်ယောက်ဖြစ်ကာ ကပ်ပါးရပ်ပါးလုပ်တက်သူတစ်ယောက်ထက်မပိုချေ။မည်သည်ကြောင့် လုယွီသည် ဖူရွှေပွဲတော်သို့လာရောက်ရန် အရည်အချင်းပြည့်မီသွားသနည်း။
"ရှန်းအာ...ဘာမှားနေလို့လဲ"
ရှားဟိုကျွင်းက မေးမြန်းသည်။
လုံယွင်ရှန်းက မလှမ်းမကမ်းအကွာအဝေးတွင်ရှိနေသောလုယွီကို လက်ညှိုးညွှန်ပြကာ ပြောဆိုသည်။
"ငါ ဘာလို့ သူနဲ့နေရာတိုင်းမှာ တွေ့နေရတာလဲဆိုတာ တွေးတောလို့မရဘူး...ဒီလိုကြီးကျယ်ခမ်းနားတဲ့နေရာမျိုးကို လာတာတောင် အဲ့ဒီကောင်နဲ့တဲ့တဲ့တိုးမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
ရှားဟိုကျွင်းက မျက်မှောင်ကြုတ်လိုက်၏။
"ဒါက မဟုတ်သေးဘူး...ဖူရွှေပွဲတော်ရဲ့စုံစမ်းစစ်ဆေးမှုက အရမ်းတင်းကြပ်တယ်...သူ ဘယ်လိုနည်းနဲ့ ခိုးဝင်လာတာလဲ"
သူတို့နှစ်ယောက်လုံးသည် သူတို့၏စိတ်နှလုံးသားများအတွင်းမှနေ၍ စိတ်မကျေမနပ်ဖြစ်နေကြသည်။
သူတို့သည် ဖူရွှေပွဲတော်အတွက် ဖိတ်ကြားလွှာကို သူတို့၏ကိုယ်ပိုင်အဆက်အသွယ်များမှတဆင့် ရရှိခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် သူတို့၏အိမ်တော်မှ ကြေးစားအလုပ်သင်တစ်ယောက်သည် ဤနေရာသို့ရောက်ရှိနေပေ၏။ဤကိစ္စကို သူတို့ လက်သင့်ခံနိုင်ခြင်းမရှိချေ။
ရှားဟိုကျွင်းသည် ချက်ချင်းဆိုသလိုပင် ထိုကိစ္စကို တော်ဝင်ကျောင်းတော်၏တခြားတပည့်များအား ပြောပြလိုက်၏။