← Chapters

အခန်း (၂၈၂၁-၂၈၂၅)

Vol. 144 Ch. 2821-2825

အခန်း (၂၈၂၁-၂၈၂၅)

Vol. 144 Ch. 2821-2825

Chapter 2821

"အဲ့ဒီလိုလား...ဒီကိစ္စတွေက ဖူရွှေပွဲတော်မှာ မကြာခဏ ဖြစ်နေကျပဲ...သူတို့က ပွဲတော်ရဲ့စီစဥ်သူတွေ လက်ထောက်တွေနဲ့ ရောနှောဝင်လာပြီးမှ သူတို့ရဲ့ဝတ်စုံကို ပြောင်းပြီးဝတ်ဆင်ကြတယ်...ဒီကိစ္စမျိုးက မထူးဆန်းပါဘူး"

တော်ဝင်ကျောင်းတော်မှတပည့်တစ်ယောက်က အထင်အမြင်သေးသောလေသံဖြင့် ပြောဆိုသည်။

"ဒါပေမယ့် တကယ်လို့ သူတို့ကိုဖမ်းမိသွားရင်တော့ မတွေးဝံ့စရာပဲ...ပျဥ်ချပ်နဲ့ရိုက်ခံရတာက အပေါ့ပါးဆုံးပြစ်ဒဏ်ပဲ...အဲ့ဒီလူတွေကို ဝေးလံခေါင်သီတဲ့မိုင်းတွင်းတွေကို စေလွှတ်ခံရပြီးတော့ ဆယ်စုနှစ်တွေအများကြီးကြာတဲ့အထိ အလုပ်ကြမ်းတွေလုပ်ရလိမ့်မယ်...ဒီနေရာက ဘယ်သူမဆို ဝင်လို့ရတဲ့နေရာမျိုးလို့ သူတို့ တကယ်ကြီးထင်နေကြတာလား"

ထိုစကားကိုကြားချိန်တွင် သူတို့နှစ်ယောက်လုံး စိတ်သက်သာရာရသွားသကဲ့သို့ ခံစားလိုက်ရ၏။

လုံယွင်ရှန်းက စိတ်မရှည်သောလေသံဖြင့် ပြောဆိုသည်။

"စီနီယာအကို...ပွဲတော်ထဲကို တစ်ယောက်ယောက်ခိုးဝင်လာတယ်လို့ အစောင့်တွေကို တိုင်ကြားလို့မရဘူးလား"

သူမ၏စိတ်နှလုံးသားအတွင်း၌ လုယွီကို အလွန်နက်ရှိုင်းစွာ မုန်းတီးနေသည်။

အထူးသဖြင့် မိသားစုညစားစာပွဲတွင် ရှားဟိုလီသည် သူမအား လုယွီကိုတောင်းပန်စေခဲ့ရာ သူမအတွက် အရှက်ရစရာကိစ္စဖြစ်ခဲ့သည်။

လုံယွင်ရှန်းသည် ရှားဟိုလီကို ခွန်းတုံ့ပြန်မပြောဆိုဝံ့သော်လည်း လုယွီကိုမူ ဂရုမစိုက်ချေ။

ယခုချိန်တွင် သူမအတွက် အခွင့်အရေးကောင်းတစ်ခုရပြီဖြစ်သဖြင့် သူမ လက်လွတ်မခံနိုင်ချေ။

'တကယ်လို့ နင်က မဟာအတွင်းဝန်ဖူ နတ်ဘုရားဓားအမတ်ကြီးတို့နဲ့ ရင်းနှီးတယ်ဆိုရင်တောင် အခုချိန်မှာ သူတို့က အဝေးကိုပြောင်းရွှေ့သွားကြပြီ...ပြီးတော့ နင်က သူတို့နဲ့စားပွဲတစ်ခုတည်းမှာ အတူထိုင်ပြီးစားဖူးတဲ့ မိတ်ဆွေတွေဖြစ်ရုံထက်မပိုဘူး...သူတို့က နင့်ကို တကယ်ကြီး လာပြီးကယ်တင်မှာလား'

လုံယွင်ရှန်းက စဥ်းစားတွေးတောနေကာ လှောင်ပြောင်သရော်လိုဟန်ဖြင့် သူမ၏နှုတ်ခမ်းကို တွန့်ကွေးထားသည်။

ထိုတပည့်က ပြောဆိုသည်။

"သူက ဘာကောင်မှမဟုတ်ဘူး...ဂျူနီယာညီမလေးလုံနဲ့ ဂျူနီယာညီလေးရှားဟိုတို့က ဒီနေရာကို ပထမဆုံးအကြိမ်ရောက်ဖူးတာမဟုတ်လား...မင်းတို့က ဒီဝင်္ကပါတွေကို အရင်ဆုံးကြိုးစားကြည့်သင့်တယ်...ဒီထဲကိုခိုးဝင်လာတဲ့ကောင်တစ်ကောင်လောက်ကတော့ အဆုံးသတ်ကျမှ ဖြေရှင်းရင်လည်း နောက်မကျသေးပါဘူး"

လုံယွင်ရှန်း၏မျက်လုံးများ တောက်ပသွားသည်။

"စီနီယာအကို့ကို ကျေးဇူးတင်ပါတယ်"

ဝင်္ကပါအားချိုးဖျက်နိုင်ရန်သည် သူမအတွက် အရေးအကြီးဆုံးကိစ္စဖြစ်သည်။လုယွီကမူ အရေးမပါသူတစ်ယောက် သက်သက်ပင်။

သူမသည် ဝင်္ကပါကို ချိုးဖျက်ပြီးနောက်မှ လုယွီကို ကိုင်တွယ်ဖြေရှင်း၍ရသည်။ဤှသည်က လုယွီသည် တော်ဝင်နန်းတွင်းမှ ချမှတ်ထားသောစည်းမျဥ်းကို ချိုးဖောက်၍ ဖူရွှေပွဲတော်အတွင်းသို့ ခိုးဝင်လာခြင်းဖြစ်ပေ၏။အကယ်၍ ရှားဟိုလီသည် နောင်တစ်ချိန်တွင် ဤကိစ္စအားစုံစမ်းစစ်ဆေးလျှင်ပင် သူမကို အပြစ်တင်၍ရမည်မဟုတ်ချေ။

လုံယွင်ရှန်းနှင့်ရှားဟိုကျွင်းတို့နှစ်ယောက်လုံးသည် သူတို့အလိုရှိသောရတနာကိုရွေးချယ်ကာ ဝင်္ကပါကိုချိုးဖျက်နိုင်ရန် ကြိုးစားလိုက်ကြသည်။

သူတို့သည် သူတို့၏ဖိတ်ကြားလွှာများကို ပြသလိုက်သည်။ပတ်ဝန်းကျင်ရှိအရာရှိများသည် ထိုအရာများကိုတစ်ချက်ကြည့်ကာ သူတို့ကို လျစ်လျှူရှုလိုက်ကြ၏။

"ချိုးဖျက်စမ်း"

ရှားဟိုကျွင်းသည် ဝင်္ကပါအတွင်းရှိ ရတနာကိုစူးစိုက်ကြည့်နေကာ သူ၏မျက်လုံးပင် အနီရောင်သို့ ပြောင်းလဲသွားလေပြီ။

မိသားစုကြီးများမှ လူငယ်ကျင့်ကြံသူများသည် မည်သည့်ပညာရပ်မဆို ဟိုစပ်စပ်သည်စပ်စပ် လေ့လာလိုက်စားထားကြသဖြင့် သူတို့သည် ဝင်္ကပါများကို ချိုးဖျက်သည့်ပညာရပ်ကိုလည်း သင်ယူထားကြသည်။

သို့ရာတွင် သူတို့သည် ဝင်္ကပါကိုတစ်ချက်ကြည့်မိရုံဖြင့် လွန်စွာရှုပ်ထွေးသော ဝင်္ကပါအမှတ်အသားများ သူတို့ရှေ့၌ ထွက်ပေါ်လာသကဲ့သို့ ခံစားမိသည်။ဤဝင်္ကပါကိုချိုးဖျက်နိုင်ရန် လွန်စွာခက်ခဲပေမည်။

ရှားဟိုကျွင်းသည် ဝင်္ကပါကိုချိုးဖျက်ရန် ကြိုးစားခဲ့သော်လည်း ဝင်္ကပါလမ်းကြောင်းများသည် အလိုအလျောက် ပြောင်းလဲသွားမည်ဟု သူ မျှော်လင့်မထားမိချေ။

ဤကဲ့သို့ အပြောင်းအလဲများမှုကြောင့် ဝင်္ကပါ၏လမ်းကြောင်းကို အနည်းငယ်မျှပင် ခန့်မှန်း၍မရနိုင်ချေ။

"ဒီဝင်္ကပါက တကယ့်ကို အပြောင်းအလဲများတာပဲ...ငါ ဒါကို ဘယ်လိုနည်းနဲ့ချိုးဖျက်ရမလဲ"

အေးစက်စက်ချွေးစေးများက ရှားဟိုကျွင်း၏နဖူးမှ ယိုစီးကျလာသည်။

သူသည် ခွန်အားသီးသန့်ကိုအသုံးပြု၍ ဝင်္ကပါကိုချိုးဖျက်ရန် ကြိုးပမ်းလိုက်၏။

ဤလှုပ်ရှားမှုကိုမြင်တွေ့ချိန်တွင် ပတ်ဝန်းကျင်ရှိလူများက ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါယမ်းလိုက်ကြသည်။

"ခွန်အားသီးသန့်ကိုအသုံးပြုဖို့ ရည်ရွယ်ထားတဲ့ နောက်ထပ်ကောင်တစ်ကောင် ရောက်လာပြန်ပြီ...သူတို့က ဒီနေရာမှာရှိတဲ့ ဝင်္ကပါတွေ ဘယ်လောက်ထိနက်နဲသိမ်မွေ့တယ်ဆိုတာ မသိမှာကို ငါ စိုးရိမ်မိတယ်"

"ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းက ကြိုးစားကြည့်ချင်တာပဲလေ...သူတို့ကိုယ်သူတို့ ကံကောင်းမယ့်သူတစ်ယောက်ဖြစ်မယ်လို့ ထင်နေကြတာ...ဒီနေရာက ဝင်္ကပါတွေကို တော်ဝင်နန်းတွင်းရဲ့မဟာဝင်္ကပါပညာရှင်တွေကိုယ်တိုင် ခင်းကျင်းထားတာ...ဟာကွက်တွေအားလုံးကို သူတို့က ပိတ်ဆို့ထားပြီးပြီ...ဒီဝင်္ကပါတွေကို ဘယ်လိုနည်းနဲ့ ချိုးဖျက်နိုင်မှာလဲ"

ပတ်ဝန်းကျင်ရှိလူများက အေးစက်စက်အကြည့်များဖြင့် ထိုမြင်ကွင်းကို စောင့်ကြည့်နေကြ၏။

နောက်ဆုံး၌ ရှားဟိုကျွင်းသည် ဝင်္ကပါ၏ပြင်းထန်သောတွန်းကန်အားကို တောင့်မခံနိုင်တော့ချေ။သူ၏စိတ်ဝိညာဥ်မှ စူးရှရှနာကျင်မှုကို ခံစားရသဖြင့် ရုတ်တရက် သူ၏လက်ကိုလွှတ်လိုက်သည်။

သူ၏လက်ကိုလွှက်လိုက်သည်နှင့် သူ့ရှေ့မှဝင်္ကပါသည် နဂိုမူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားကာ အနည်းငယ်မျှပင် သက်ရောက်ပုံမရချေ။

Chapter 2822

"ဘယ်လိုတောင် အစွမ်းထက်တဲ့ဝင်္ကပါဖွဲ့စည်းပုံလဲ"

ရှားဟိုကျွင်းသည် သူ၏စိတ်ကို ဝင်္ကပါမှ ပြန်ရုတ်သိမ်းလိုက်၏။ရုတ်ချည်းဆိုသလိုပင် သူ၏ခြေလှမ်းများ မတည်မငြိမ်ဖြစ်သွားကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ချွေးစေးများဖြင့် စိုရွှဲသွားတော့သည်။

ဤသည်က စိတ်စွမ်းအားကိုအလွန်အကျွံအသုံးပြုခြင်း၏ရလဒ်ပင်။

သူ့အတွက် ဤဝင်္ကပါကိုချိုးဖျက်နိုင်ရန်မှာ လွန်စွာခက်ခဲနေသည်။

တခြားတစ်ဖက်တွင် လုံယွင်ရှန်းသည် ပို၍ပင်အခြေအနေဆိုးရွားနေသည်။သူမသည် ထပ်မံ၍တောင့်မခံနိုင်တော့သဖြင့် လက်လျှော့အရှုံးပေးလိုက်တော့သည်။

"မင်းတို့နှစ်ယောက်က ဒီနေရာကို ပထမဆုံးအကြိမ်ရောက်လာတာ...ဒီလောက်ထိကြာအောင် တောင့်ခံနိုင်တာကပဲ မဆိုးဘူးလို့ပြောလို့ရတယ်"

လုံယွင်ရှန်း၏နံဘေးရှိ ကျောင်းတော်တပည့်က အပြုံးနှင့်ပြောဆိုသည်။

လုံယွင်ရှန်းက ထိုကိစ္စကို လက်ခံနိုင်ခြင်းမရှိသေးပုံရကာ သူမက ပြောဆိုလေ၏။

"ခုဏက ငါ ဒီဝင်္ကပါကိုချိုးဖျက်နိုင်ဖို့ နည်းနည်းလေးပဲလိုတော့တာ...ဒါက ငါ့ရဲ့အကောင်းဆုံးအခြေအနေမှာရှိမနေလို့ မချိုးဖျက်နိုင်ခဲ့တာပဲ"

ပတ်ဝန်းကျင်ရှိကျောင်းတော်တပည့်များသည် သူတို့၏ခေါင်းများကိုခါယမ်းကာ မည်သည့်စကားတစ်ခွန်းမျှမဆိုကြချေ။

ဝင်္ကပါပညာရပ်ကိုအထူးပြုလေ့လာသော ကျောင်းတော်တပည့်များပင်လျှင် ဤနေရာ၌ ထိုကဲ့သို့စကားမျိုးကို မပြောဆိုဝံ့ပေ။

သို့ရာတွင် လုံယွင်ရှန်းသည် ဂျူနီယာတပည့်အဆင့်သာရှိသေးသည်ကို သိထားသဖြင့် သူတို့အားလုံး နားလည်ပေးလိုက်ကြသည်။မည်သို့ပင်ဆိုစေကာမူ သူမသည် ငယ်ရွယ်ပြီး အလေးအနက်မထားတက်သေးသူတစ်ယောက်ပင်။လူတိုင်းနီးပါးသည် ဟန်လုပ်သောစကားမျိုးကို ပြောဆိုလေ့ရှိကြ၏။

"စီနီယာမုက ဝင်္ကပါကို စပြီးချိုးဖျက်တော့မယ်"

"မြန်မြန်...အဲ့ဒီနေရာကိုသွားပြီး ကြည့်ကြရအောင်"

ရုတ်တရက် တော်ဝင်ကျောင်းတော်တပည့်များအကြားမှ တစ်ယောက်က ပြောဆိုသည်။

လူအုပ်ကြီး၏ဝိုင်းရံကြည့်ခြင်းကိုခံနေရသော မုဖေးပိုင်သည် ဝင်္ကပါများရှေ့သို့တိုးသွားကာ အစွန်ဘက်ဆုံးနေရာတွင်ရှိနေသော ဝင်္ကပါထံသို့ ဦးတည်၍လျှောက်လှမ်းသွားသည်။

ဤနေရာရှိဝင်္ကပါ၏အတွင်းတွင် စိမ်းဖန့်ဖန့်သန်းနေသော ရှေးဟောင်းကြေးနီဓားရှည်တစ်လက်ရှိနေသည်။ထိုဓားရှည်ကိုကြည့်ရသည်မှာ အလွန်အမင်းရှေးကျပုံပင်။

ထိုရှေးဟောင်းဓားရှည်၏ပုံသဏ္ဍာန်သည် ယခုခေတ်ကာလအတွင်း၌ သွန်းလုပ်ထားသောဓားရှည်များဖြင့် လွန်စွာကွဲပြားခြားနားသည်။ဓား၏လက်ကိုင်ရိုးတွင် အသက်ဝင်သော ရှေးဟောင်းအစစ်အမှန်နဂါးတစ်ကောင်၏အမှတ်အသားရှိနေသည်။

ထိုရှေးဟောင်းဓားရှည်သည် ဝင်္ကပါအတွင်း၌ရှိနေသော်လည်း ခန်းမတစ်ခုလုံးမှလူများ၏အာရုံစူးစိုက်ခြင်းခံရသော ဗဟိုချက်ဖြစ်ပုံရသည်။

ပတ်ဝန်းကျင်တွင် မည်သည့်မှော်ရတနာများရှိနေပါစေ ထိုဓားရှည်ကြောင့် တိမ်မြုပ်နေပေ၏။

လူအုပ်ကြီးအတွင်း၌ရှိနေသော လုယွီသည် ထိုမြင်ကွင်းကို စောင့်ကြည့်နေဆဲပင်။

မည်သူကမျှ မှော်ရတနာများအကြောင်း လုယွီကို မိတ်ဆက်မပေးကြသော်လည်း သူသည် အတွေ့အကြုံအလွန်ရင့်ကျက်သူတစ်ယောက်ပင်။အကြည့်တစ်ချက်ဖြင့်ပင် မည်သည့်ရတနာကိုမဆို အကဲဖြတ်နိုင်ပေရာ မည်သူကမျှ သူ့အားမိတ်ဆက်ပေးရန်မလိုအပ်ချေ။

ကံဆိုးစွာဖြင့် ပထမထပ်တွင်ရှိနေသော ရတနာများအားလုံးသည် အလယ်အလတ်အဆင့်သာရှိနေသည်။

လုယွီအတွက် ထိုအရာများအနက်မှ မည်သည့်အရာကိုဝယ်သည်ဖြစ်စေ သူ့အတွက် အနည်းငယ်မျှပင် အကူအညီမဖြစ်စေနိုင်ချေ။

ထိုအချိန်မှာပင် လုယွီအကြည့်သည် လူအများ၏အာရုံစိုက်ခြင်းကိုခံနေရသော မုဖေးပိုင်ထံသို့ ကျရောက်သွားသည်။

မူဖေးပိုင်၏ရှေ့ရှိ ဝင်္ကပါအတွင်းမှ ရှေးဟောင်းဓားရှည်ကိုမြင်တွေ့ချိန်တွင် လုယွီ၏မျက်လုံးများ တောက်ပသွားသည်။

"ဒီဓားမှာ မသေမျိုးအဆင့်မှော်လက်နက်တစ်ခုရဲ့အငွေ့အသက်မျိုး တကယ့်ကိုရှိနေတာပါလား"

သူသည် မသေမျိုးအဆင့်မှော်လက်နက်များကို ဘဝနှစ်ခုလုံး၌ ပိုင်ဆိုင်ထားခဲ့သဖြင့် ထိုအဆင့်မှော်လက်နက်မျိုးနှင့် လွန်စွာရင်းနှီးကျွမ်းဝင်သည်။

ရှေးဟောင်းခေတ်ကာလပျက်သုဥ်းသွားခြင်းနှင့်အတူ အင်မော်တယ်ချီစွမ်းအားများ ပြတ်တောက်သွားသဖြင့် ကောင်းကင်နှင့်မြေပြင်အကြား၌ မသေမျိုးအဆင့်မှော်လက်နက်များ အသစ်ထပ်မံ၍ ထွက်ပေါ်လာခြင်းမရှိတော့ချေ။အဆင့်မြင့်ဧကရာဇ်အဆင့် မှော်လက်နက်များပင်လျှင် မသေမျိုးအဆင့်သို့ အဆင့်တက်နိုင်ခြင်းမရှိချေ။

မသေမျိုးအဆင့်မှော်လက်နက်တိုင်းတွင် ပြိုင်ဘက်ကင်းအင်မော်တယ်တာအိုအရှိန်အဝါများ ရှိနေသည်။

ဤအရှိန်အဝါသည် အတုအယောင်အင်မော်တယ်မှော်လက်နက်များ၏အရှိန်အဝါထက် များစွာပို၍ သာလွန်ပေ၏။ဤသည်က လောကကြီးအတွင်းရှိ အရာရာတိုင်း၏မူလရင်းမြစ်ပင်။

သူ့ရှေ့ရှိ အစိမ်းရောင်ကြေးနီဓားရှည်သည် မသေမျိုးချီစွမ်းအားများကို ထုတ်လွှတ်နေသဖြင့် မသေမျိုးအဆင့်မှော်ရတနာနှင့် တစ်စုံတစ်ခုဆက်စပ်နေပုံရသည်။

အကယ်၍ ဤအရာသည် မသေမျိုးအဆင့်မှော်လက်နက်မဟုတ်သည့်တိုင် မသေမျိုးအဆင့်မှော်လက်နက်၏အစိတ်အပိုင်းတစ်ခုခု ပါဝင်နေပေမည်။

"အဲ့ဒီအရှိန်အဝါ ပြန်ပြီးပျောက်ကွယ်သွားပြန်ပြီ...ကြည့်ရတာတော့ ဒါက အရမ်းအားနည်းနေတော့ ဘယ်သူကမှစုံစမ်းထောက်လှမ်းမိတဲ့ပုံမရဘူး...ဒီဓားရှည်ကို ဒီလိုနေရာမျိုးမှာထားပြီးတော့ တခြားသူတွေကိုယူဆောင်ခွင့်ပြုတာ အံ့အားသင့်စရာမရှိတော့ဘူး"

အကယ်၍ ဤအရာသည် အစစ်အမှန်မသေမျိုးအဆင့်မှော်လက်နက် မဟုတ်လျှင်ပင် မသေမျိုးအဆင့်မှော်လက်နက်၏တစ်စိတ်တစ်ပိုင်း ပါဝင်နေသည်ကို တခြားသူများသိရှိပါက ဤနေရာ၌ထွက်ပေါ်လာမည်မဟုတ်ချေ။

ပတ်ဝန်းကျင်ရှိလူများ၏အကြည့်များအောက်တွင် မုဖေးပိုင်သည် ရှေးဟောင်းဓားရှည်၏ရှေ့သို့ ရောက်ရှိသွားပေ၏။

"အရင်လတွေထဲမှာ စီနီယာအကိုမုက ဝင်္ကပါပညာရပ်ကို ပြင်းပြင်းထန်ထန်လေ့ကျင့်နေတာ အံ့အားသင့်စရာမရှိတော့ဘူး...ခုကြည့်ကြည့်တော့မှ သူက ဒီနေ့အတွက် ပြင်ဆင်ထားတာပဲ"

"အကြီးအကဲတွေရဲ့ အတွင်းစကားတွေအရတော့ စီနီယာမုက ဝင်္ကပါပညာရပ်မှာ ထူးချွန်တဲ့ပါရမီရှင်တစ်ယောက်ပဲ...သူက ဒီဝင်္ကပါကို ချိုးဖျက်နိုင်မယ့် အခွင့်အရေးအမြင့်မားဆုံးသူပဲ"

တော်ဝင်ကျောင်းတော်မှတပည့်များက မုဖေးပိုင်ကို ချီးမွမ်းမြှောက်ပင့်နေကြသည်။

မုဖေးပိုင်က ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

"ငါ ဒီဓားရှည်ကိုကြည့်နေတာ အချိန်အတော်ကြာနေပြီ...ဒီလိုဆိုမှတော့ ငါက ငါ့ကိုယ်ငါ ထပ်ပြီးအရူးဖြစ်မခံတော့ဘူး"

Chapter 2823

ထိုသို့ပြောဆိုပြီးသည်နှင့် မုဖေးပိုင်သည် သူ၏အင်္ကျီလက်ကြားမှနေ၍ အပ်ချည်မျှင်တမျှပါးလွှာသော ငွေအပ်များကိုထုတ်ယူလိုက်သည်။ထို့နောက် သူ၏မှော်စွမ်းအားများကိုအသုံးပြုကာ ထိုငွေအပ်များကို သူ၏ရှေ့၌ မျောလွင့်နေစေသည်။

ထိုငွေအပ်များ၏နောက်တွင် သာမာန်မျက်စိဖြင့်မမြင်တွေ့နိုင်သည့် ပါးလွှာသောမှော်စွမ်းအင်ချည်မျှင်များရှိနေသည်။သို့ရာတွင် ထိုမှော်စွမ်းအင်ချည်မျှင်များအားလုံးကို မုဖေးပိုင်က ထိန်းချုပ်ထားလေ၏။

"ငွေအပ်တွေလား...ဖြစ်နိုင်တာတော့ စီနီယာအကိုမုက ဝင်္ကပါကိုချိုးဖျက်ဖို့ ဒီနည်းစနစ်ကို ပြင်ဆင်ထားတာလား"

တော်ဝင်ကျောင်းတော်မှတခြားတပည့်များ၏ မျက်နှာများပေါ်၌ ထိတ်လန့်တုန်လှုပ်သော အမူအယာများ ထင်ဟပ်လာသည်။

ငွေအပ်များကိုအသုံးပြု၍ ဝင်္ကပါကိုချိုးဖျက်သည့် နည်းစနစ်များသည် လွန်စွာရှားပါးပေ၏။ဤနည်းစနစ်ကို အသုံးပြုသူသည် ဝင်္ကပါပညာရပ်၌ အလွန်အဆင့်မြင့်မားရန်လိုအပ်သည်။

ဝင်္ကပါလည်ပတ်နေချိန်တွင် မသိသာသောဟာကွက်များ အမြဲတစေရှိနေသည်။

ထိုအချိန်မျိုးတွင် ဝင်္ကပါ၏ဟာကွက်များကိုရှာဖွေကာ ငွေအပ်များကိုအသုံးပြု၍ ထွင်းဖောက်လိုက်ပါက ဝင်္ကပါကို တိုက်ရိုက်ချိုးဖျက်နိုင်ပေမည်။

သို့ရာတွင် ဤနည်းစနစ်ကိုအသုံးပြုနိုင်ရန် လိုအပ်သောအခြေအနေများမှာ လွန်စွာမြင့်မားသည်။မည်သို့ပင်ဆိုစေကာမူ ငွေအပ်များသည် လွန်စွာကျိုးပဲ့လွယ်ပေ၏။အကယ်၍ သူသည် ဟာကွက်များကို အချိန်မီမရှာဖွေနိုင်ပါက ငွေအပ်များ ကြေမွှပျက်စီးသွားကာ ဝင်္ကပါချိုးဖျက်မှု ကျရှုံးသွားပေမည်။

"ဒီတစ်ကြိမ်မှာ စီနီယာအကိုမုက ယုံကြည်ချက်အရမ်းမြင့်မားနေတာ အံ့အားသင့်စရာမရှိတော့ဘူး...သူက ဒီတစ်ကြိမ်မှာ ဝင်္ကပါကို ချိုးဖျက်နိုင်တော့မယ့်ပုံပဲ"

လူအများကတိုင်ပင်ဆွေးနွေးနေချိန်တွင် မုဖေးပိုင်သည် ငွေအပ်များကိုထိန်းချုပ်ကာ ဝင်္ကပါထံသို့ စတင်၍ပျံသန်းသွားစေသည်။

ဝှစ်...ဝှစ်...ဝှစ်...

ငွေအပ်များပျံသန်းသွားခြင်း၏နောက်တွင် လေထုကိုထွင်းဖောက်သွားသောအသံများက ပဲ့တင်ထပ်ကျန်ခဲ့သည်။

ပျံသန်းသွားသောငွေအပ်များသည် ပုံရိပ်ယောင်များအသွင်သို့ပြောင်းလဲသွားကာ ဝင်္ကပါထံသို့ တိုးဝင်သွားပေ၏။

မုဖေးပိုင်၏ရှေ့ရှိဝင်္ကပါသည် ဝေဝါးပြီး ညင်သာစွာပြောင်းလဲစပြုလာသည်။ဝင်္ကပါ၏မျက်နှာပြင်ပေါ်တွင် အလင်းရောင်များ တဖျတ်ဖျတ်တောက်ပနေသည်။

ဒေါင်....ဒေါင်...ဒေါင်...

ငွေအပ်ပျံများ ဝင်္ကပါ၏မျက်နှာပြင်ပေါ်သို့ ကျရောက်သွားချိန်တွင် ကြည်လင်ပြတ်သားသောအသံများက ခန်းမတစ်ခုလုံးအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

ငွေအပ်ပျံများ ဆက်လက်၍ကျဆင်းနေခြင်းနှင့်အတူ ဝင်္ကပါ၏မျက်နှာပြင်မှ အလင်းတန်းများ မှိန်ဖျော့စပြုလာသည်။ဝင်္ကပါ၏မျက်နှာပြင်သည် ပုစဥ်းရင်ကွဲကောင်၏တောင်ပံကဲ့သို့ ပါးလွှာနေကာ ထိုအရာအား ညင်သာစွာထိတွေ့လိုက်ရုံဖြင့် ကြေမွှပျက်စီးသွားတော့မည့်ပုံပင်။

ဤအပြောင်းအလဲသည် လူတိုင်း တွေးတောထားသည်ထက် များစွာပို၍ကျော်လွန်နေသည်။

"ဒီဝင်္ကပါကိုချိုးဖျက်နိုင်ဖို့ အချိန်တစ်ခုပဲလိုတော့တယ်...ဒီနေ့ သမိုင်းသစ်တစ်ခုမွေးဖွားမယ့်အချိန်ကျပြီထင်တယ်"

"စီနီယာအကိုမုက တကယ့်ကို သန်မာအားကောင်းတာပဲ...ဒီဝင်္ကပါ ခုလိုမျိုးဖြစ်လာတာကို ငါ အရင်က တစ်ခါမှမမြင်တွေ့ဖူးဘူး"

လူအများသည် မုဖေးပိုင်ကို သိသည်ဖြစ်စေ မသိသည်ဖြစ်စေ သူတို့အားလုံး သူ့ကို အားပေးနေကြ၏။

တော်ဝင်ကျောင်းတော်မှတပည့်များကမူ ထ၍ခုန်ပေါက်တော့လုမတက်ပင်။

အကယ်၍ မုဖေးပိုင်သာ ထိုဝင်္ကပါကိုချိုးဖျက်နိုင်ပါက နောက်တစ်နေ့တွင် သူ၏နာမည်သည် တော်ဝင်မြို့တော်အတွင်း၌ ကျော်ကြားသွားပေမည်။

လူများအကြား၌ရှိနေသော လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

"ဝင်္ကပါကိုဖြိုခွင်းတဲ့ဦးတည်ချက်က မှားယွင်းနေတယ်...ဒီဝင်္ကပါကို ယင်ယန်ဝင်္ကပါလို့ခေါ်တယ်...နူးညံမှုကိုအသုံးပြုပြီးတော့ မာကြောမှုကိုတန်ပြန်တိုက်ခိုက်တယ်..ဒီဝင်္ကပါကို ချိုးဖျက်ဖို့ ပိုပြီးအစွမ်းထက်တဲ့နည်းစနစ်တွေ အသုံးပြုလေလေ ဒါကိုချိုးဖျက်နိုင်တော့မယ်လို့ ထင်ရလေလေပဲ...ဒါပေမယ့် တကယ့်အဖြစ်မှန်က ဒီဝင်္ကပါက ပိုပြီးကျစ်လစ်သိပ်သည်းသွားတယ်...နူးညံမှုတွေကိုဖိနှိပ်တဲ့နည်းစနစ်တွေနဲ့ ဒီဝင်္ကပါကို ချိုးဖျက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"

နံဘေးဘက်မှ မတ်တတ်ရပ်၍ကြည့်နေသော လုယွီသည် ထိုအချက်များကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပေ၏။

အမှန်အားဖြင့် လုယွီသည် မုဖေးပိုင် ငွေအပ်များကို စတင်၍အသုံးပြုလိုက်ကတည်းက ထိုသို့ဖြစ်လာမည်ကို သိရှိထားပြီးလေပြီ။

ကံအကြောင်းမလှစွာဖြင့် မုဖေးပိုင်သည် အစမှစတင်၍ မှားယွင်းသောလမ်းကြောင်းကို ဦးတည်နေခဲ့သည်။

သူ၏နည်းစနစ် မည်မျှပင်အဆင့်မြင့်မားသည်ဖြစ်စေ အသုံးဝင်မည်မဟုတ်ချေ။

လူအများ၏အားပေးသံများ ပို၍ကျယ်လောင်လာစဥ်တွင် မုဖေးပိုင်၏နဖူးပေါ်တွင် ချွေးစေးများဖြင့် ရွှဲနစ်နေလေပြီ။

ငွေအပ်များကို အဆက်မပြတ်အသုံးပြုခြင်းကြောင့် သူ၏စိတ်ဝိညာဥ်စွမ်းအင်အမြောက်အများကို ကုန်ဆုံးစေသည်။

ကံအကြောင်းမလှစွာဖြင့် သူ မည်သည့်နည်းစနစ်ကိုအသုံးပြု၍ ငွေအပ်များကို ပစ်လွှတ်နေပါစေ ဝင်္ကပါကို အပြည့်အဝချိုးဖျက်နိုင်ခြင်းမရှိချေ။

ဤထူးဆန်းသောဝင်္ကပါသည် အလွန်ပါးလွှာနေလေပြီ။သို့ရာတွင် ထိုအလွှာပါးသည် သူ၏ငွေအပ်ပျံများကို ပိတ်ဆို့ဟန့်တားထားကာ ဝင်္ကပါကို သူ ချိုးဖျက်၍မရစေရန် ကာကွယ်ဟန့်တားထားသည်။

"သောက်ချေးပဲ...ဒါက ဘယ်လိုငရဲမျိုးလဲ"

မုဖေးပိုင်သည် အလွန်စိတ်လှုပ်ရှားနေကာ တဖြည်းဖြည်း ဒေါသထွက်စပြုလာသည်။သူ ထိန်းချုပ်ထားသော ငွေအပ်ပျံများသည်လည်း သူ၏စိတ်အခြေအနေ သက်ရောက်သွားပုံရပေ၏။

Chapter 2824

မူဖေးပိုင်၏စိတ်ရှုပ်ထွေးနေသဖြင့် သူ ထိန်းချုပ်ထားသော ငွေအပ်များလည်း ဖရိုဖရဲဖြစ်စပြုလာသည်။

လူအများ၏အမြင်တွင် ထိုငွေအပ်များသည် အလွန်အစီအစဥ်တကျပျံဝဲကာ ဝင်္ကပါကြီးကိုခေါက်တုံ့ခေါက်ပြန်ဖြတ်သန်း၍ ဝင်္ကပါမှစွမ်းအားများကို အနည်းငယ်စီချေဖျက်ကာ ဝင်္ကပါကို အပြည့်အဝချိုးဖျက်နိုင်ရန် ရည်ရွယ်ထားသည်။

သို့ရာတွင် မုဖေးပိုင် စိတ်ရှုပ်ထွေးလာမှုနှင့်အတူ ငွေအပ်ပျံများ၏လမ်းကြောင်း ဖရိုဖရဲဖြစ်လာကာ ရာနှင့်ချီသောအမှားများ ထွက်ပေါ်လာသည်။ထို့ကြောင့် ဝင်္ကပါအားချိုးဖျက်နိုင်ရန် အခြေခံအားဖြင့် မဖြစ်နိုင်တော့ချေ။

ခရက်...ခရက်...

ရုတ်တရက် အက်ကွဲသံတချို့ ထွက်ပေါ်လာသည်။

မုဖေးပိုင် ထိန်းချုပ်ထားသောငွေအပ်များသည် ဝင်္ကပါကြီး၏တန်ပြန်အားလှိုင်းကြောင့် ကျိုးပဲ့သွားသည်ကို လူတိုင်း တွေ့မြင်မိကြ၏။

မုဖေးပိုင်က ရုတ်တရက် သူ၏မျက်လုံးကိုဖွင့်လိုက်သည်။သူ၏မျက်လုံးသည် သွေးနီရောင်သန်းနေကာ သူ၏မျက်နှာဖြူရော်စပြုလာသည်။

သူသည် ရုန်းကန်၍ ခြေလှမ်းအနည်းငယ်ခန့် နောက်ဆုတ်လိုက်ရသည်။ကံကောင်းထောက်မစွာဖြင့် သူ၏နောက်မှ ကျောင်းတော်တပည့်တစ်ယောက်သည် သူ့ထံသို့အလျှင်အမြန်ပြေးသွားကာ သူ့အားအလျှင်အမြန် ကူညီပေးလေ၏။

ပတ်ဝန်းကျင်ရှိလူများက သက်ပြင်းရှိုက်လိုက်ကြသည်။

မုဖေးပိုင်သည် ဤတစ်ကြိမ်တွင်လည်း ဝင်္ကပါချိုးဖျက်ရာ၌ ကျရှုံးသွားပြီဖြစ်ကြောင်းကို လူတိုင်း သိရှိလိုက်သည်။

မူလက ထိုဝင်္ကပါသည် ပျက်စီးသွားလုဆဲဆဲအခြေအနေမျိုးသို့ ရောက်ရှိနေလေပြီ။ထိုအရာကို ချိုးဖျက်နိုင်ရန် အနည်းငယ်သာလိုအပ်တော့သော်လည်း အဆုံးသတ်၌ မုဖေးပိုင် ရှုံးနိမ့်သွားခဲ့သည်။

"စီနီယာအကိုမု...အဆင်ပြေရဲ့လား"

ကျောင်းတော်တပည့်များက စိုးရိမ်ပူပန်တကြီး မေးမြန်းလေသည်။

မုဖေးပိုင်က သူ၏လက်ကိုဝှေ့ယမ်းကာ ဖျော့တော့တော့လေသံဖြင့် ပြောဆိုသည်။

"ငါ အဆင်ပြေပါတယ်...ငါက ဒီဝင်္ကပါကို လျှော့တွက်ခဲ့မိတယ်...ဒါပေမယ့် ဒီတစ်ကြိမ်မှာ ငါက ဟာကွက်တချို့ကို တွေ့ထားပြီးပြီ...နောက်တစ်ကြိမ်ကျရင် ငါ ဒီဝင်္ကပါကို အပြည့်အဝချိုးဖျက်နိုင်မှာ သေချာတယ်"

ထိုစကားကိုကြားချိန်တွင် ပတ်ဝန်းကျင်ရှိလူအများသည် မနာလိုအားကျသောအကြည့်များက မုဖေးပိုင်ထံသို့ စူးစိုက်၍ကျရောက်လာသည်။

ဤကဲ့သို့ရှုပ်ထွေးသော ဝင်္ကပါမျိုးနှင့် ရင်ဆိုင်ရချိန်တွင် သူတို့သည် ချိုးဖျက်နိုင်ရန်အတွက် အနည်းငယ်မျှပင် သဲလွန်စရှာမရခဲ့ချေ။သို့ရာတွင် မုဖေးပိုင်ကိုကြည့်ရသည်မှာ သူသည် ဝင်္ကပါအား ချိုးဖျက်နိုင်မည့်နည်းလမ်းကို ရှာတွေ့သွားပုံရသည်။

မုဖေးပိုင်၏စကားများကို မည်သူကမျှ သံသယမရှိချေ။မည်သို့ပင်ဆိုစေကာမူ အရာရာတိုင်း သူတို့၏ရှေ့၌ ဖြစ်ပျက်သွားခြင်းဖြစ်သည်။

ကြည့်ရသည်မှာ ဝင်္ကပါသည် နောက်ထပ်အနည်းငယ်သာ အားစိုက်နိုင်ပါက ပျက်စီးသွားတော့မည့်ပုံပင်။

"စီနီယာအကိုမုက ဘက်စုံထူးချွန်တဲ့သူလို့ခေါ်ခံရဖို့ တကယ့်ကိုထိုက်တန်တယ်...ကောလဟာလတွေအရတော့ စီနီယာအကိုမုက ဝင်္ကပါပညာရပ်မှာလည်း တော်ဝင်ကျောင်းတော်မှာ ထိပ်တန်းပါရမီရှင်တွေထဲကတစ်ယောက်လို့ ဆိုကြတယ်...ဒီတစ်ကြိမ်တော်ဝင်စာမေးပွဲမှာ စီနီယာအကိုက လူတွေရဲ့အာရုံစိုက်မှုကို အခံရဆုံးလူဖြစ်လာမှာပဲ"

လုံယွင်ရှန်းက အလွန်အမင်း မနာလိုအားကျနေသော်လည်း သူမက ရိုသေလေးစားသောလေသံဖြင့် ပြောဆိုသည်။

သူမသည် တော်ဝင်စာမေးပွဲကို ကျောင်းတော်သားအဆင့်ဖြင့် ဝင်ရောက်ဖြေဆိုခွင့်ရသည်မှာ ကောင်းကင်နှင့်မြေပြင်ကို ကျေးဇူးတင်ရပေမည်။မုဖေးပိုင်ကမူ မဟာကျောင်းတော်သားအဆင့်ဖြင့် တော်ဝင်စာမေးပွဲကိုဝင်ရောက်ဖြေဆိုခွင့် ရရှိထားသူဖြစ်သည်။

မုဖေးပိုင်က ခပ်ဖျော့ဖျော့ပြုံးလိုက်၏။

"ငါက မဟာကျောင်းတော်သားတွေထဲမှာ အတော်ဆုံးလူတစ်ယောက်လို့ ပြောလို့မရဘူး...ဘယ်လိုပဲဖြစ်ဖြစ် ငါနဲ့အစစ်အမှန်ပါရမီရှင်တွေကြားမှာ ကွဲပြားခြားနားချက်တွေရှိသေးတယ်"

လုံယွင်ရှန်းသည် မုဖေးပိုင်ကို အလွန်လေးစားစွာ ပြောဆိုဆက်ဆံနေသည်ကိုမြင်ချိန်တွင် ရှားဟိုကျွင်းသည် ကူကယ်ရာမဲ့စွာဖြင့် စိတ်မပျော်ရွှင်တော့သကဲ့သို့ ခံစားလိုက်ရသည်။သူက လုံယွင်ရှန်းကို တီးတိုးပြောဆိုလိုက်သည်။

"ရှန်းအာ...ဘာမှမစိုးရိမ်နဲ့...တော်ဝင်စာမေးပွဲစတင်တဲ့ အချိန်ကျရင်...အစစ်အမှန်ဖျက်မြင်းက ဘယ်သူလဲဆိုတာ သူတို့အားလုံးသိအောင် ငါ ပြပေးမယ်"

လုံယွင်ရှန်းက အချိန်တခဏခန့် ကြက်သေသေသွားပြီးနောက် သူမက ခပ်ဖျော့ဖျော့ပြုံးကာ ပြောဆိုသည်။

"အကိုကျွင်း...ငါက နင့်ရဲ့စွမ်းအားကို ယုံကြည်ပြီးသားပါ"

သူမ ထိုစကားကိုပြောဆိုနေချိန်တွင် သူမ၏မျက်လုံးအတွင်း၌ စိတ်မကြည်မသာဖြစ်နေသောအရိပ်အယောင်များ ထင်ဟပ်နေသည်။

သူမ တော်ဝင်မြို့တော်သို့ လာခဲ့ရသည့်အကြောင်းအရင်းမှာ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်နှင့် နီးစပ်ခွင့်ရရန်ပင်။သို့ရာတွင် ဤကိစ္စသည် သူမ တွေးထင်ထားသကဲ့သို့ မလွယ်ကူကြောင်း သူမ သိရှိခဲ့ပေ၏။

တော်ဝင်မြို့တော်အတွင်း၌ ပါရမီရှင်အမြောက်အများရှိနေကာ ချောမောလှပသောမိန်းမပျိုလေးများကလည်း မရေမတွက်နိုင်အောင်ရှိနေသည်။သူမ၏ပုံပန်းသွင်ပြင်သည် လုံမိသားစုတည်ရှိသောကြယ်နယ်မြေအတွင်း၌ တိုင်းပြည်ပျက်စီးစေနိုင်သော အလှပိုင်ရှင်ဟု ယူဆ၍ရသည်။သို့ရာတွင် သူမ တော်ဝင်မြို့တော်သို့ ရောက်ရှိလာစဥ်တွင် လူအများကြားသို့ရောက်ရှိချိန်၌ သူမ၏အလှသည် ထင်ပေါ်မှုမရှိတော့ချေ။

သူမသည် ရည်ရွယ်ချက်ရှိရှိဖြင့် စီနီယာတပည့်တချို့ကို မိတ်ဖွဲ့ခဲ့သော်လည်း အဆုံးသတ်၌ သူမ ကျရှုံးခဲ့ရသည်။

ထို့ကြောင့် သူမထံတွင် ရွေးချယ်စရာမရှိတော့ဘဲ သူမ၏ဝမ်းကွဲအကိုရှားဟိုကျွင်းကို သူမ၏တာအိုလက်တွဲဖော်အဖြစ် ရွေးချယ်ခဲ့ရသည်။

သို့ရာတွင် ဤသည်က သူမ၏ယာယီရွေးချယ်မှုပင်။

အကယ်၍ သူမသည် မုဖေးပိုင်ကဲ့သို့ ထိပ်သီးပါရမီရှင်မျိုးကို ကပ်တွယ်ထားနိုင်ပါက ရှားဟိုကျွင်းကို ကန်ထုတ်ရန်မှာ သူမအတွက် မဖြစ်နိုင်သောကိစ္စမဟုတ်ချေ။

Chapter 2825

လုံယွင်ရှန်း၏အတွေးများကို ရှားဟိုကျွင်း မသိရှိချေ။

သူသည် သူ့ကိုယ်သူ သက်သေပြရန် ကြိုးပမ်းလိုသော်လည်း ကံဆိုးစွာဖြင့် ဖိတ်ကြားလွှာတစ်စောင်လျှင် ဝင်္ကပါအားချိုးဖျက်ရန် တစ်ကြိမ်သာကြိုးစားခွင့်ရှိသည်။သူသည် ထိုအခွင့်အရေးကို အစောပိုင်းက အသုံးပြုပြီးလေပြီ။ဤတစ်ကြိမ်တွင် သူသည် နံဘေးမှစောင့်ကြည့်နေရုံသာ တက်နိုင်တော့သဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

"ထားလိုက်တော့...နောက်တစ်ကြိမ် ဖူရွှေပွဲတော်ကျရင် ငါက ဝင်္ကပါကို ချိုးဖျက်နိုင်ရမယ်...အချိန်ကျလာရင် ငါက မုဖေးပိုင်တို့လိုစီနီယာတပည့်တွေကို ငါက သူတို့ထက် အားမနည်းဘူးဆိုတာ သိစေရမယ်"

ရှားဟိုကျွင်းက သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်၏။

ထိုအချိန်မှာပင် အံ့အားတသင့်ရေရွတ်သံများက လူအုပ်ကြီး၏အကြားမှ ထွက်ပေါ်လာသည်။

"ကြည့်ကြအုံး...နောက်ထပ်လူတစ်ယောက်က ဝင်္ကပါကို ချိုးဖျက်မလို့ ကြံရွယ်နေပြီ"

"အရမ်းငယ်သေးတယ်...ဒါပေမယ့် သူ့ရဲ့မျက်နှာကို ငါ သိပ်မရင်းနှီးဘူးဖြစ်နေတယ်...သူက ဘယ်မိသားစုရဲ့လူငယ်ကျင့်ကြံသူတစ်ယောက်များ ဖြစ်နေမလဲ"

ထိုအသံများကိုကြားချိန်တွင် လူတိုင်းက ခေါင်းမော့၍ ကြည့်လိုက်ကြသည်။

လုယွီသည် လူအုပ်ကြီးကြားမှထွက်လာကာ ဝင်္ကပါထံလျှောက်လှမ်းသွားသည်ကို သူတို့အားလုံး တွေ့မြင်လိုက်ရ၏။

"လုယွီ...နင်က ဘယ်လိုသတ္တိမျိုးနဲ့ ဒီနေရာကို လာဝံ့တာလဲ...ငါတို့က နင့်ကို မဖော်ထုတ်ရသေးဘူး...နင်က နင့်သဘောနဲ့နင် ရှေ့ကိုထွက်လာဝံ့တယ်"

လုယွီသည် လူသူအများ၏ရှေ့သို့ ထွက်လာဝံ့သည်ကို မြင်တွေ့ချိန်တွင် လုံယွင်ရှန်း၏မျက်လုံးများ ပြူးကျယ်သွားသည်။သူမသည် မအောင့်အည်းနိုင်တော့ဘဲ လုယွီကို သရော်တော်တော် ပြောဆိုလေသည်။

သို့ရာတွင် ဤအချိန်အခိုက်အတန့်တွင် လုယွီ၏မျက်လုံးအကြည့်သည် ဝင်္ကပါအတွင်းရှိ နဂါးပုံထွင်းဓားပေါ်တွင်သာ စူးစိုက်၍ကျရောက်နေကာ မသေမျိုးအဆင့်မှော်လက်နက်၏အရှိန်အဝါကို တိတ်ဆိတ်ငြိမ်သက်စွာ အာရုံခံနေသည်။

ဤအငွေ့အသက်သည် အလွန်အမင်း ပုန်းလျှိုးနေပေ၏။အကယ်၍ တစ်စုံတစ်ယောက်သည် ဂရုတစိုက် အာရုံခံခြင်းမပြုပါက ထိုအရာကိုစုံစမ်းထောက်လှမ်းနိုင်မည်မဟုတ်ချေ။

အကယ်၍ လုယွီထံတွင် တာအိုသခင်၏စိတ်ဝိညာဥ်ရှိနေသော အချက်ကြောင့်သာမဟုတ်ပါက သူသည် ဝင်္ကပါအတွင်း၌ရှိသော နဂါးပုံထွင်းဓား၏အရှိန်အဝါကို အာရုံခံနိုင်မည်မဟုတ်ပေ။

"ကြည့်ရတာတော့ ဒီဓားက မသေမျိုးအဆင့်မှော်လက်နက်နဲ့ တစ်ခုခုဆက်စပ်နေပုံပဲ...ဘယ်လိုပဲဖြစ်ဖြစ် ငါ ဒီဓားကို ရမှဖြစ်မယ်"

လုယွီက ဝင်္ကပါ၏ရှေ့သို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားလေ၏။

လုယွီက သူမအား လျစ်လျှူရှုထားသည်ကို မြင်တွေ့ချိန်တွင် လုံယွင်ရှန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"နင်လို နိမ့်ကျတဲ့​ကြေးစားအလုပ်သင်တစ်ယောက်က...ငါ့ကို လျစ်လျှူရှုထားဝံ့တာလား...ဒီလိုသတ္တိမျိုး နင့်ကို ဘယ်သူက ပေးထားတာလဲ"

သူမသည် သူမ၏စိတ်အတွင်းရှိ ဒေါသများကိုချိုးနှိမ်မထားနိုင်တော့သဖြင့် လုယွီ၏ရှေ့သို့ လျှောက်လှမ်းသွားကာ ဟန့်တားလိုက်၏။

"နင် အခုချက်ချင်း ရပ်လိုက်စမ်း"

ထိုအချိန်မှသာ လုယွီက ခေါင်းမော့၍ လုံယွင်ရှန်းကို ကြည့်လိုက်သည်။

အမှန်အားဖြင့် လုယွီသည် လုံယွင်ရှန်းတို့ကို သတိပြုမိသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။သို့ရာတွင် သူသည် ထိုဂျူနီယာများနှင့် အငြင်းအခုံလုပ်ရန် အလွန်ပျင်းရိငြီးငွေ့နေခဲ့သည်။

"ဘာကိစ္စရှိလို့လဲ"

လုယွီက မေးမြန်းသည်။

"ဟား ဟား ဟား...နင်က တည်ငြိမ်ချင်ယောင်ဆောင်နေတာလား...နင့်ရဲ့နောက်ကြောင်းကို ငါ မသိဘူးလို့ နင် ထင်နေတာလား"

လုံယွင်ရှန်းက အေးစက်စက်လေသံဖြင့် ဆက်လက်ပြောဆိုသည်။

"အခုချက်ချင်း ပြန်သွားစမ်း...နင့်ကြောင့် ငါတို့ရှားဟိုအိမ်တော် အရှက်မရချင်ဘူး"

လုယွီသည် တခြားသူများနှင့် ရောနှော၍ဝင်လာခဲ့ခြင်းဖြစ်သဖြင့် သိုသိုသိပ်သိပ်နေမည်ဟု လုံယွင်ရှန်းက ယူဆထားသည်။

သို့ရာတွင် လုယွီသည် ရှေ့သို့ထွက်လာကာ ဝင်္ကပါအားချိုးဖျက်ရန် ကြိုးစားမည်ဟု သူမ မျှော်လင့်မထားမိချေ။

ဤှသည်က အလွန်ရယ်ရွှင်ဖွယ်ကောင်းသော ဟာသပြက်လုံးတစ်ခုပင်။

"မဟာအစွမ်းထက်ပုဂ္ဂိုလ်ကြီးလု...ဘာလို့ အိမ်တော်ထဲမှာပဲ မနေတာလဲ...မင်း ဒီနေရာမှာ ဘာလုပ်နေတာလဲ...မင်းရဲ့လှည့်ကွက်တွေကို ငါတို့သိထားတာ အချိန်အတော်ကြာနေပြီ...မင်းက ဒီနေရာကို ဝင်လာဖို့တောင် အခွင့်အရေးမရှိတဲ့သူတစ်ယောက်လေ...မင်းက ခိုးဝင်လာတာမလား...မင်းက ငါတို့ရှားဟိုအိမ်တော်ကို လူအများရှေ့မှာ မျက်နှာပျက်ရအောင် လုပ်နေတာပဲ...အခုချက်ချင်း ဒီနေရာက ထွက်သွားစမ်း...ဒါက မင်း ရှိနေရမယ့်နေရာမျိုးမဟုတ်ဘူး"

ရှားဟိုကျွင်းကလည်း ရှေ့သို့ခုန်ထွက်လာကာ လုယွီကို ဟန့်တားလိုက်၏။

လုယွီက ထိုလူနစ်ယောက်ကိုတစ်ချက်ကြည့်ကာ အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"မင်းတို့ စကားပြောနေတဲ့သူက ဘယ်သူလဲဆိုတာ မင်းတို့သိရဲ့လား...ရှားဟိုလီတောင်မှ ငါကို ဒီလိုလေသံမျိုးနဲ့ စကားမပြောရဲဘူး"

သူ၏စိတ်ရှည်သည်းခံမှုမှာ အကန့်အသတ်ရှိသည်။

ဤမောက်မာရိုင်းစိုင်းသော ဂျူနီယာနှစ်ယောက်သည် သူ့အား တစ်ကြိမ်ပြီးတစ်ကြိမ် ရန်စစော်ကားနေပေ၏။မည်သည့်ကြောင့် လုယွီသည် လွယ်လင့်တကူ ရန်စစော်ကား၍ရသောသူ ဖြစ်နိုင်မည်နည်း။

"မင်းက လေလုံးထွားလှချည်လား...ငါတို့တော်ဝင်ကျောင်းတော်ရဲ့တပည့်တွေကို ဘယ်သူက ရန်စဝံ့တာလဲဆိုတာ ငါ သိချင်တယ်"

မုဖေးပိုင်က ခေါက်ယပ်တောင်ကိုခါယမ်းကာ မာန်မာနဝံ့ကြွားသောအမူအယာဖြင့် ရှေ့သို့လျှောက်လှမ်းလာသည်။

သူသည် အဆင့်အတန်းမြင့်မားသူတစ်ယောက်ဖြစ်သဖြင့် သူ ပြုလုပ်လိုက်သော လှုပ်ရှားမှုတိုင်းတွင် အလွန်ထူးခြားသည့် ခမ်းနားထည်ဝါမှုနှင့်မြင့်မြတ်မှုများရောယှက်နေသော အရှိန်အဝါမျိုးရှိနေသည်။

"မင်းက ရှားဟိုအိမ်တော်ရဲ့ကြေးစားအလုပ်သင်တစ်ယောက်လို့ ငါ သူတို့ဆီကနေ ကြားထားတယ်..ကြေးစားအလုပ်သင်တစ်ယောက်က အစေခံထက် အဆင့်တစ်ဆင့်ပဲမြင့်တယ်ဆိုတာ မင်းသိလား...တာယွီရဲ့ဥပဒေအရ ကြေးစားအလုပ်သင်တစ်ယောက်က သူ့ရဲ့အရှင်သခင်တွေကို ပြန်ပြီးရန်ပြုမယ်ဆိုရင် ဝေးလံခေါင်သီတဲ့ကြယ်နယ်မြေတွေမှာရှိတဲ့ မိုင်းတွင်းတွေမှာ နှစ်ငါးဆယ်လောက် အလုပ်ကြမ်းလုပ်ရမယ်....မင်း အမှားမလုပ်တာ ပိုကောင်းလိမ့်မယ်"

****note..တချို့လက်နက်အဆင့်တွေကို ဒီအပိုင်းကနေစပြီး ပြောင်းပါ့မယ်...english siteမှာက ဘယ်အဆင့်ကိုပဲဖြစ်ဖြစ် immortal weaponပဲသုံးထားတော့ စဥ်းစားရတာနည်းနည်းခက်လို့ပါ....အမှားအယွင်းဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်****

Thank For Reading.

All Chapters