အခန်း (၂၈၄၁-၂၈၄၅)
Vol. 145 Ch. 2841-2845
Chapter 2841
ပတ်ဝန်းကျင်ရှိ လေလံရုံအစောင့်များသည် ကြီးမားသောရန်သူတော်ကြီးတစ်ယောက်ကို ရင်ဆိုင်ရသည့်အလား သူတို့၏မှော်လက်နက်များကို ဆွဲထုတ်လိုက်ကြသည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ်က အခန်းတစ်ခုလုံးအတွင်း၌ ပျံ့နှံ့သွားသည်။
သတ်...သတ်...သတ်...
လူတိုင်း၏စိတ်အတွင်း၌ ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ခံစားမိလေ၏။ဤသည်က တစ်စုံတစ်ယောက်သည် သူတို့၏စိတ်အတွင်း၌ အဆက်မပြတ်အော်ဟစ်နေသည့်အလား သူတို့အား မူးဝေမှုကို ခံစားရစေသည်။
ကျန်းယုချင်၏မျက်နှာအမူအယာသည်လည်း ကောင်းမွန်ခြင်းမရှိချေ။သူမသည် ကူကယ်ရာမဲ့စွာဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်၏။
သူမ၏ဖြူသွယ်သော လက်ကောက်ဝတ်တွင် ကျောက်စိမ်းလက်ကောက်တစ်ကွင်းကို ဝတ်ဆင်ထားသည်။ဤအချိန်အခိုက်အတန့်တွင် ထိုအရာမှနေ၍ တောက်ပသောအလင်းရောင်များ ဖြာထွက်လာကာ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားလေသည်။
ထိုလက်ကောက်အတွင်း၌ မီဖေး၏နတ်ဘုရားစွမ်းအားရှိနေသည်။ဤသည်က ကျန်းယုချင်အတွက် မီဖေးကိုယ်တိုင် သန့်စင်ပေးထားသော အကာအကွယ်မှော်ရတနာပင်။
ပတ်ဝန်းကျင်ရှိလူများ၏ ခန္ဓာကိုယ်များ တုန်ရီနေကာ သူတို့၏ခြေထောက်များ မတည်ငြိမ်တော့ချေ။
"ဒါက နတ်ဆိုးတာအို မှော်လက်နက်တစ်ခုပဲ...ဒီဆေဘာဓားရဲ့လက်ကိုင်ရိုးက လူတစ်ယောက်ရဲ့ဦးခေါင်းကို သန့်စင်ပြီးတော့ သွန်းလုပ်ထားခဲ့တာ"
လုယွီသည် သူ၏လက်ဖြင့် ဆေဘာဓားရှည်ကိုကိုင်ဆောင်ပြီးနောက် သူ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။
သူ့စိတ်ဝိညာဥ်မှစွမ်းအားသည် ဆေဘာဓားရှည်၏နက်ရှိုင်းသောနေရာသို့ တန်းတန်းမတ်မတ် တိုးဝင်သွားပေ၏။
ထိုဆေဘာဓားရှည်၏နက်ရှိုင်းသောနေရာတွင် အကန့်အသတ်မရှိသော မှောင်မည်းသည့် လေဟာနယ်နယ်မြေတစ်ခုရှိနေသည်။ဤသည်က အတွင်း၌ တခြားကမ္ဘာလောကတစ်ခု ရှိနေသကဲ့သို့ပင်။
လုယွီ၏စိတ်ဝိညာဥ် မှောင်မည်းသောလေဟာနယ်နယ်မြေသို့ ဝင်ရောက်သွားသည်နှင့် တုတ်ခိုင်သန်မာပြီး ဆံပင်များဖရိုဖရဲဖြစ်နေသော လူထွားကြီးတစ်ယောက် ရုတ်တရက် ထွက်ပေါ်လာသည်။သူက လုယွီကိုကြည့်ကာ ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်၏။
"သေစမ်း...ငါ မင်းကို သတ်မယ်...ငါ မင်းကို သတ်မယ်...."
အကန့်အသတ်မရှိသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများသည် အစစ်အမှန်နတ်ဆိုးနတ်ဘုရားတစ်ပါး ထွက်ပေါ်လာသည့်အလား လုယွီ၏စိတ်ဝိညာဥ်ထံသို့ တိုးဝင်လာသည်။
ဤသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် အလွန်အစွမ်းထက်ပေ၏။အကယ်၍ တစ်စုံတစ်ယောက်သည် သတိလက်လွတ်နေမိကာ ထိုအရာ၏တိုက်ခိုက်ခြင်းကိုခံရပါက ထိုလူ၏အသိစိတ်အာရုံ ဖရိုဖရဲဖြစ်သွားကာ ဆွံ့အသူတစ်ယောက် ဖြစ်သွားပေမည်။
ဤှသည်က ဖူရွှေပွဲတော်တွင် ဤဧကရာဇ်အဆင့်မှော်လက်နက်ကို လေလံတင်ရောင်းချရသော အကြောင်းအရင်းလည်း ဖြစ်နိုင်သည်။
ဤသည်က ပြိုင်ဘက်ကင်း နတ်ဆိုးမှော်လက်နက်တစ်ခုပင်။ထိုအရာကို သန့်စင်ပြီးပါက တစ်စုံတစ်ယောက်၏ခွန်အားကို အဆပေါင်းများစွာ တိုးတက်စေနိုင်သည့်တိုင် တစ်ဖက်တွင် လျှို့ဝှက်ဖုံးကွယ်ထားသော အန္တရာယ်တစ်ခုရှိနေသည်။အကယ်၍ တစ်စုံတစ်ယောက်သည် သတိလက်လွတ်နေမိပါက ဤပြိုင်ဘက်ကင်းနတ်ဆိုးမှော်လက်နက်၏တန်ပြန်တိုက်ခိုက်မှုကို ခံစားရပေမည်။
လေလံပွဲအတောအတွင်း၌ အတွင်းရေးကိစ္စများကိုသိရှိထားသော တချို့မိသားစုကြီးများသည် ဤပြဿနာကို သတိပြုမိကြသဖြင့် လုယွီနှင့်ကျန်းဟုန်အကြားရှိ လေလံပြိုင်ဆွဲနေမှုတွင် မပါဝင်ကြခြင်း ဖြစ်ပေလိမ့်မည်။
"မင်းက ငါ့ရဲ့အသိစိတ်အာရုံကို လှုပ်ခါနိုင်မယ်လို့ တွေးနေတာလား...မင်းက အကြွင်းအကျန်စိတ်ဝိညာဥ်လေးသက်သက်ပဲ...မင်းလောက်ကို မဆိုထားနဲ့..ငါက ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ရဲ့အကြွင်းအကျန်စိတ်ဝိညာဥ်ကိုတောင် ရှင်းလင်းနိုင်ခဲ့တယ်"
လုယွီ၏စိတ်ဝိညာဥ်မှနေ၍ ပို၍ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပွင့်အံ့ထွက်လာသည်။
အတိတ်ဘဝတွင် သူသည် အထွတ်အထိပ်သို့ရောက်ရှိရန်အတွက် သွေးပင်လယ်ကြီးနှင့်တောင်ပုံရာပုံဖြစ်နေသောအလောင်းများကို နင်းဖြတ်ခဲ့သည်။
အကယ်၍ သန့်စင်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသက်သက် နှိုင်းယှဥ်ပါက လုယွီ၏စိတ်ဝိညာဥ်သည် သူ့ရှေ့ရှိတာအိုသခင်၏စိတ်ဝိညာဥ်ထက် နိမ့်ကျမည်မဟုတ်ချေ။
"သေစမ်း..."
ထိုစိတ်ဝိညာဥ်သည် အော်ဟစ်ကြုံးဝါးနေဆဲဖြစ်သော်လည်း လုယွီ၏စိတ်ဝိညာဥ်မှ လွှမ်းမိုးမှုအောက်တွင် အားနည်းစပြုလာသည်။
အစွမ်းထက်သော အသိစိတ်အာရုံနှစ်ခု ဖီလာဆန့်ကျင်တိုက်ခိုက်နေသည်။လုယွီ၏လက်အတွင်းမှ ဆေဘာဓားရှည်သည် သူ့ထံမှရုန်းထွက်လိုသည့်အလား ပြင်းပြင်းထန်ထန် တုန်ခါနေပေ၏။
"ငါ့ရဲ့လက်ထဲကို ရောက်လာပြီးမှတော့...ထွက်သွားဖို့ မစဥ်းစားနဲ့"
လုယွီက သူ၏လက်ချောင်းများကို လှုပ်ခတ်ကာ အရပ်ရှစ်မျက်နှာချိပ်ပိတ်ခြင်းနည်းစနစ်ကိုအသုံးပြုလိုက်သည်။အစွမ်းထက်သောအားလှိုင်းတစ်ရပ်က ဆေဘာဓားရှည်ကို လွှမ်းခြုံသွားကာ ထိုအရာကိုချိပ်ပိတ်လိုက်တော့သည်။
ဆေဘာဓားရှည်အတွင်းရှိ တာအိုသခင်၏အကြွင်းအကျန်စိတ်ဝိညာဥ်သည် ရုန်းကန်နေဆဲဖြစ်သော်လည်း သူ၏အသိစိတ်အာရုံ အားနည်းသွားသဖြင့် လုယွီ၏ပြိုင်ဘက် မဖြစ်နိုင်တော့ချေ။
ယခုလက်ရှိချိန်တွင် ပတ်ဝန်းကျင်၌ စောင့်ကြည့်နေသူ အမြောက်အများရှိနေသဖြင့် လုယွီသည် အလွန်အမင်း ရုတ်ရုတ်သဲသဲ ဖြစ်စေလိုခြင်းမရှိချေ။သူသည် ဆေဘာဓားရှည်အတွင်းရှိ တာအိုသခင်၏အကြွင်းအကျန်စိတ်ဝိညာဥ်မှ အမှတ်အသားကို ပယ်ဖျက်ကာ သူ၏အမှတ်အသားကို ခတ်နှိပ်လိုက်၏။ထို့နောက် ဆေဘာဓားရှည်ကိုဖိနှိပ်ကာ သူ၏သိုလှောင်အိတ်အတွင်းသို့ ထည့်သွင်းလိုက်သည်။
ဤဆေဘာဓားရှည်သည် ဧကရာဇ်အဆင့်မှော်လက်နက်ဖြစ်ကာ အရည်အသွေးသည်လည်း အလွန်ကောင်းမွန်ကြောင်း လုယွီက အတည်ပြုနိုင်ခဲ့သည်။
သို့ရာတွင် အတိတ်တွင် ဤဆေဘာဓားရှည်သည် မည်ကဲ့သို့သောဖြစ်ရပ်များကို ဖြတ်သန်းလာသဖြင့် အလွန်ပြင်းထန်သောသွေးညှီနံ့နှင့်သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ရှိနေသည်ကို သူ မသိရှိချေ။
Chapter 2842
လုယွီသည် ဧကရာဇ်အဆင့်မှော်လက်နက်ကို ဖိနှိပ်ပြီးနောက် အခန်းတစ်ခန်းလုံး ပြန်လည်၍တိတ်ဆိတ်ငြိမ်သက်သွားသည်။
ကျန်းယုချင်သည် သူမ၏အမူအယာမပျက်အောင် ထိန်းသိမ်းနိုင်ခဲ့သော်လည်း သူမ၏ထိုင်ခုံ၌ ပြန်ထိုင်ကာ သူမ၏မျက်နှာ အနည်းငယ်ဖြူရော်နေသည်။
အမျိုးသမီးအစေခံနှင့်အစောင့်များကမူ မြေပြင်ပေါ်၌ ပြိုလဲကျနေကာ မတ်တတ်ထရပ်ရန်ပင် အားမရှိကြတော့ချေ။
ဤှကဲ့သို့ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒမျိုးသည် အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ရာပင်။
စစ်မြေပြင်၌ အချိန်အတော်ကြာကျင်လည်၍ တိုက်ပွဲများစွာကို ဖြတ်ကျော်ခဲ့သော စစ်ဗိုလ်ချုပ်များထံ၌ပင် ဤကဲ့သို့ ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒမျိုးကို ထုတ်လွှတ်နိုင်မည်မဟုတ်ချေ။
ဤကဲ့သို့ အကန့်အသတ်မရှိသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒမျိုးကို အဆုံးမရှိသောသတ်ဖြတ်မှုများကို ပြုလုပ်ပြီးနောက် မရေမတွက်နိုင်သောသက်ရှိများ သွေးချောင်းစီးပြီးမှသာ ထုတ်လွှတ်နိုင်ပေမည်။
"ဒီဧကရာဇ်အဆင့်မှော်လက်နက်က မဆိုးဘူး...ဒါက မင်းတို့လေလံပစ္စည်းတွေအတွက် ကျသင့်ငွေ...ဒါကိုယူသွားတော့"
ယခုလက်ရှိချိန်တွင် သူ့ထံသို့ နတ်ဘုရားစိတ်အာရုံအမြောက်အများ ကျရောက်နေသည်ကို လုယွီက အာရုံခံမိလေ၏။သူတို့သည် ဧကရာဇ်အဆင့်မှော်လက်နက်ကို သူ မည်သို့ရင်ဆိုင်ဖြေရှင်းမည်ကို တွေ့မြင်လိုခဲ့ကြသည်။
လုယွီသည် ဧကရာဇ်အဆင့်မှော်လက်နက်ကို လွယ်လင့်တကူ ဖိနှိပ်လိုက်သည်အား မြင်တွေ့ချိန်တွင် သူ၏ခွန်အားကို ထိတ်လန့်ကြောက်ရွံသွားကြသည့်အလား သူတို့သည် နတ်ဘုရားစိတ်အာရုံများကို ပြန်ရုတ်သိမ်းသွားခဲ့သည်။
"ဟုတ်ကဲ့ပါ...လေးစားရတဲ့ဧည့်သည်တော်ကို ဒီနေရာဆီ နောက်တစ်ကြိမ်ကျရင်လည်း လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်"
အမျိုးသမီးအစေခံသည် ထူထပ်သောငွေလက်မှတ်တစ်ထပ်ကို ကိုင်ဆောင်ကာ သူမ၏နတ်ဘုရားစိတ်အာရုံဖြင့် တစ်ချက်ကြည့်ပြီးနောက် အကြမ်းဖျင်းပမာဏကို ခန့်မှန်းနိုင်ခဲ့သည်။ဤသည်က သူမ ကာလရှည်ကြာလေ့ကျင့်ခဲ့ခြင်း၏ရလဒ်ပင်။နတ်ဘုရားစိတ်အာရုံဖြင့် အနည်းငယ်စစ်ဆေးကြည့်ရုံဖြင့် သူမသည် ငွေပမာဏနှင့်အတုအစစ်ကို ဆုံးဖြတ်နိုင်စွမ်းရှိသည်။
အမှန်အားဖြင့် ငွေလက်မှတ်တစ်ရွက်စီသည် နည်းပါးသောငွေပမာဏမဟုတ်ချေ။
"လေလံပွဲ ပြီးသွားတာနဲ့...ဖူရွှေရေအိုင်နံဘေးမှာ ညစာစားပွဲတစ်ခုရှိတယ်...ဧည့်သည်တော်တို့ စိတ်ဆန္ဒရှိတယ်ဆိုရင် ညစာစားပွဲကိုတက်ရောက်ပြီးတော့ ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲလို့ရပါတယ်...ကျွန်မ အရင်ဆုံး ထွက်သွားပါတော့မယ်"
အမျိုးသမီးအစေခံ၏မျက်နှာပေါ်တွင် အားတင်း၍ပြုံးထားသော အပြုံးမျိုးရှိနေကာ သူမသည် အစောင့်များကိုခေါ်ဆောင်၍ ဆိုးရွားသောအခြေအနေမျိုးနှင့် ထွက်ခွာသွားလေ၏။
အစောပိုင်းက ထွက်ပေါ်လာသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် သူတို့၏အသက်များပင် သူတို့၏အပိုင်မဟုတ်တော့သကဲ့သို့ ခံစားရစေသည်။
မည်သူကမျှ ဤကဲ့သို့ခံစားချက်မျိုးကို ဒုတိယအကြိမ် ခံစားလိုခြင်းမရှိချေ။
ကျန်းယုချင်က ဒေါသတကြီး ပြောဆိုသည်။
"ဒီဧကရာဇ်အဆင့်မှော်လက်နက်ရဲ့ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒက အရမ်းပြင်းထန်မယ်လို့ ငါ မျှော်လင့်မထားမိဘူး...တကယ်လို့ နင့်ဆီမှာသာ လုံလောက်တဲ့ခွန်အားမျိုးမရှိရင် ဒီလိုမှော်လက်နက်မျိုးကို ဖိနှိပ်နိုင်မှာမဟုတ်ဘူး...လေလံပွဲမှာ ဒီအကြောင်းကို ကြိုတင်သတိပေးထားမှုလည်းမရှိဘူး...သူတို့က တကယ့်ကို အကြင်နာတရားကင်းမဲ့တာပဲ"
အကယ်၍ လုယွီသည် ထိုတုန်လှုပ်ချောက်ချားဖွယ် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို တောင့်မခံနိုင်ပါက သူ၏စိတ်ကို လွှမ်းမိုးသွားပေမည်။
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"တကယ်လို့ သူတို့က အဲ့ဒီကိစ္စကိုသာ ထုတ်ပြောလိုက်ရင်...ဒီဆေဘာဓားကို ခုလိုစျေးနှုန်းမျိုးနဲ့ ထုတ်ရောင်းနိုင်တော့မှာမဟုတ်ဘူး...ဒါပေမယ့် သူတို့က စည်းမျဥ်းဘောင်ထဲကနေ လက်တစ်လုံးခြားလုပ်သွားတာလို့ ပြောလို့ရတယ်"
လုယွီ၏အကြည့်က တခြားသေတ္တာတစ်လုံးထံသို့ ရုတ်တရက် ကျရောက်သွားသည်။
ထိုသေတ္တာအတွင်း၌ ရှေးဟောင်းစာပေသူတော်စင်၏စာလိပ် ရှိနေပေ၏။
လုယွီက ထိုအရာကိုစူးစိုက်၍ ကြည့်လိုက်သည်။စာပေသူတော်စင်၏ဝါးစာလိပ်သည် အမှန်တကယ်ကိုပင် ဆိုးဆိုးရွားရွား ပျက်စီးနေသည်။ယခုလက်ရှိချိန်တွင် ရှေးဟောင်းသူတော်စင်ရေးသားခဲ့သော စာလိပ်ဟူ၍ အရှိန်အဝါသာကျန်ရှိတော့ပြီး အတွင်း၌ အနှစ်သာရအမြောက်အများ မရှိတော့ချေ။
လုယွီသည် စာလိပ်တစ်ခုလုံးကို ပြီးဆုံးသည့်အထိ ဖတ်ရှုပြီးနောက် ကြီးကျယ်ခမ်းနားသောပုံရိပ်တစ်ခုက သူ၏စိတ်အတွင်း၌ ထွက်ပေါ်လာသည်။
ထိုပုံရိပ်သည် အလွန်အမင်း ဝေဝါးနေသော်လည်း မြင့်မြတ်သောစွမ်းအားမျိုးရှိနေပုံရသည်။သူ၏လက်အတွင်းမှစုတ်တံ ညင်သာစွာကျဆင်းလာရုံဖြင့် သူ့ရှေ့ရှိ နတ်ဆိုးများအားလုံးကို အမှုန်အမွှားများအဖြစ် ခြေမွှနိုင်စွမ်းရှိသည်။
ဤသည်က နတ်ဆိုးဖိနှိပ်ခြင်းအမိန့်တော်၏တစ်စိတ်တစ်ပိုင်းပင်။စာလုံးတစ်လုံးစီသည် ထိုက်တောင်ကြီးတမျှလေးလံကာ တည်ငြိမ်အေးချမ်းသောသဘာဝမျိုးရှိသည်။
လုယွီသည် စာလိပ်တစ်ခုလုံးကိုဖတ်ရှုပြီးနောက် သူ၏ကွန်ဖြူးရှပ်တာအို အနည်းငယ်တိုးတက်လာသကဲ့သို့ ခံစားလိုက်ရသည်။
ဤသည်က သူ ဝယ်ခဲ့သော ရှေးဟောင်းစာပေသူတော်စင်ရေးသားခဲ့သည့်စာလိပ်၏ အကျိုးသက်ရောက်မှုပင်။
ဤစာလိပ်ကို ရှေးဟောင်းပစ္စည်းတစ်ခုအနေဖြင့်သာ ယူဆနိုင်ပြီး လုယွီအတွက် များစွာအကျိုးသက်ရောက်မှုမရှိချေ။
"ကံဆိုးတာပဲ..တကယ်လို့ ပြီးပြည့်စုံတဲ့ စာလိပ်တစ်ခုသာဆိုရင် ငါ့ရဲ့ကွန်ဖြူးရှပ်တာအို အခုထပ်ပိုပြီး တိုးတက်သွားနိုင်တယ်"
လုယွီက သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
လုယွီက မတ်တတ်ထရပ်ကာ ထွက်ခွာသွားရန် ပြင်ဆင်လိုက်သည်။
ယခုချိန်တွင် လေလံပွဲအဆုံးသတ်သွားကာ ညစာစားပွဲကျင်းပသောအချိန်သို့ ရောက်ရှိနေလေပြီ။
သို့ရာတွင် သူ ထွက်ခွာတော့မည့်အချိန်မှာပင် ရုတ်တရက် လူတစ်ယောက်က အခန်းတံခါးရှေ့သို့ ရောက်ရှိလာသည်။သူသည် ညစာစားပွဲမှအစေခံတစ်ယောက်၏ဝတ်စုံကို ဝတ်ဆင်ထားလေ၏။
ထိုအစေခံသည် လုယွီနှင့်ကျန်းယုချင်ကို မြင်တွေ့ချိန်တွင် ဦးညွှတ်အရိုအသေပြု၍ ရိုသေလေးစားစွာ ပြောဆိုသည်။
"ကျေးဇူးပြုပြီးတော့ ခဏနေပါဦး...သီးသန့်ခန်းနံပါတ်၈၇ကနေ ကမ်းလှမ်းချက်တစ်ခု ပြောခိုင်းလိုက်လို့ပါ...ဧည့်သည်တော်တို့ နားထောင်ဖို့ဆန္ဒရှိလားဆိုတာ ကျွန်တော် သိချင်မိတယ်"
Chapter 2843
"သီးသန့်ခန်း၈၇ကလား...သူက ဘာအတွက်နဲ့ ငါ့ကို လာရှာခိုင်းတာလဲ"
လေလံပွဲကျင်းပနေစဥ်တွင် ထိုသီးသန့်အတွင်းမှလူများကသာ လုယွီနှင့် စျေးပြိုင်ပေးနိုင်ခဲ့သည်။ထို့ကြောင့် လုယွီသည် ထိုသီးသန့်ခန်းနှင့်ပတ်သတ်၍ အလွန်နက်ရှိုင်းသောအမြင်တချို့ရှိနေသည်။
အစေခံက ရိုသေလေးစားစွာ ပြောဆိုသည်။
"လေးစားရတဲ့ဧည့်သည်တော်တစ်ယောက်က ရှေးဟောင်းစာပေသူတော်စင်ရဲ့စာလိပ်ကို အရမ်းစိတ်ဝင်စားနေပါတယ်...တကယ်လို့ ဧည့်သည်တော်က ဒါကို လက်လွှတ်ပေးမယ်ဆိုရင် သူက လုံလောက်တဲ့တန်ကြေးကိုပေးဖို့ ဆန္ဒရှိပါတယ်"
"တကယ်လို့ သူ အဲ့ဒါကို လိုချင်နေခဲ့တယ်ဆိုရင်...ဘာလို့ လေလံပွဲမှာတုန်းက စျေးပြိုင်မပေးခဲ့တာလဲ"
ကျန်းယုချင်က အေးစက်စက်လေသံဖြင့် မေးမြန်းလိုက်၏။
အစေခံက တုံ့ပြန်ပြောဆိုသည်။
"သီးသန့်ခန်းနံပါတ်၈၇က ဧည့်သည်တော်က နောက်ထပ်ပစ္စည်းတစ်ခုကို လေလံဆွဲဖို့အတွက် ငွေကြေးတွေ ကြိုပြင်ဆင်ထားခဲ့ရတယ်...ဒါကြောင့်မလို့ ဒီပစ္စည်းအတွက် ငွေအများကြီးမသုံးနိုင်ခဲ့ဘူး...ဒါပေမယ့် သူက ဧည့်သည်တော်တို့ရဲ့ပစ္စည်းနဲ့ညီမျှတဲ့တန်ကြေးကို ပေးမယ်လို့ ကမ်းလှမ်းလိုက်ပါတယ်"
လုယွီက အချိန်တခဏကြာ စဥ်းစားတွေးတောပြီးနောက် ပြောဆိုလေသည်။
"သီးသန့်ခန်းနံပါတ်၈၇က ပင်လယ်ဆူးတောင်ကျောက်တုံးကို လေလံအောင်ထားတယ်ဆိုတာ ငါ သိထားတယ်...မင်းတို့ ပြန်သွားပြီးတော့ သူ့ကိုပြောလိုက်...တကယ်လို့ သူက ပင်လယ်ဆူးတောင်ကျောက်တုံးနဲ့လဲလှယ်မယ်ဆိုရင် ငါ လက်ခံမယ်"
"လုယွီ....နင် ရှေးဟောင်းစာပေသူတော်စင်ရဲ့စာလိပ်ကိုဝယ်ဖို့ သန်းတစ်ထောင်သုံးထားတာနော်...တကယ်လို့ နင်က ဒါကို ပင်လယ်ဆူးတောင်ကျောက်တုံးနဲ့ လဲလှယ်မယ်ဆိုရင် ဒါက ကြီးမားတဲ့ဆုံးရှုံးမှုပဲ"
ကျန်းယုချင်က လုယွီကို အလျင်စလို သတိပေးလေ၏။
ပင်လယ်ဆူးတောင်ကျောက်တုံးသည် အဖိုးတန်ရှားပါးသော်လည်း ရေစွမ်းအင်အထူးပြုကျင့်ကြံသူများသာ ကျင့်ကြံရန်အတွက် အသုံးပြုနိုင်သည်။တခြားသူများအတွက်မူ အကျိုးသက်ရောက်မှုသည် သိသာထင်ရှားခြင်းမရှိချေ။
လုယွီက ပြောဆိုသည်။
"စာပေသူတော်စင်ရဲ့စာလိပ်က ငါ့အတွက် အသုံးမဝင်တော့ဘူး...ဘာလို့ ငါက မလဲရမှာလဲ"
သူသည် ထိုစာလိပ်အတွင်း၌ပါဝင်သော ကွန်ဖြူးရှပ်တာအိုကို လေ့လာလိုသဖြင့် ထိုအရာကိုဝယ်ယူခဲ့ခြင်းဖြစ်သည်။
ယခုလက်ရှိချိန်တွင် သူသည် ထိုစာလိပ်အတွင်းမှ ကွန်ဖြူးရှပ်တာအိုကို လေ့လာပြီးဖြစ်သဖြင့် ဤကဲ့သို့ရှေးဟောင်းပစ္စည်းမျိုး သူ့အတွက် မလိုအပ်တော့ချေ။
"ကောင်းပါပြီ...ကျွန်တော် ခုချက်ချင်းပြန်သွားပြီးတော့ အဲ့ဒီဧည့်သည်တော်ကို ပြောလိုက်ပါ့မယ်"
အစေခံသည် ဤမျှထိ အလွန်လွယ်ကူစွာ ညှိနှိုင်း၍ရမည်ဟု မျှော်လင့်မထားမိပေ။ထို့ကြောင့် သူက သတင်းပြန်ပို့ရန်အတွက် နောက်သို့ ပျာပျာသလဲ လှည့်ထွက်လိုက်၏။
"မလိုတော့ဘူး...ငါ ကိုယ်တိုင် စကားပြောမယ်"
ထိုအချိန်မှာပင် ခရမ်းရောင်ဝတ်စုံဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက်က အခန်းအနီးသို့ လျှောက်လှမ်းလာသည်။
သူမက ထိုအစေခံကို ဆုလာဘ်တချို့ သာမာန်ကာလျှံကာ ပစ်ပေးလိုက်သည်။အစေခံသည် ကျေးဇူးတင်ကြောင်းပြောဆိုကာ ဤနေရာမှ ထွက်ခွာသွားတော့သည်။
အခန်းတံခါးဖွင့်ထားသဖြင့် ခရမ်းရောင်ဝတ်စုံဝတ်အမျိုးသမီးက တန်းတန်းမတ်မတ် ဝင်ရောက်လာသည်။
သို့ရာတွင် သူမသည် အခန်းအတွင်းသို့ ရောက်ရှိသည်နှင့် နေရာမှာပင် ကြက်သေသေသွားလေ၏။
"ကျန်းယုချင်...လုယွီ..."
ခရမ်းရောင်ဝတ်စုံဝတ်မိန်းကလေး၏မျက်လုံးများ အေးစက်တင်းမာသွားသည်။
သီးသန့်ခန်းနံပါတ်၉အတွင်းမှလူများသည် ယခင်က သူမနှင့်သိကျွမ်းခဲ့သူများ ဖြစ်နေမည်ဟု သူမ မျှော်လင့်မထားမိချေ။
လုယွီက နောက်ဆုံး၌ ထိုခရမ်းရောင်ဝတ်စုံဝတ်မိန်းကလေးကို မှတ်မိသွားတော့သည်။
သူမသည် မုန့်ကျူးယွင်ပင်။
အောက်ဘုံ၏တောင်ပိုင်းစွန့်ပစ်ကုန်းမြေ၌ လုယွီသည် မုန့်ကျူးယွင်၏ခန္ဓာကိုယ်မှ အဆိပ်မြူခိုးများကို ကူညီ၍ဖယ်ထုတ်ပေးခဲ့သည်။သို့ရာတွင် သူမသည် သူ၏သနားကြင်နာမှုကို ကျေးဇူးကန်းမှုနှင့် ပြန်ပေးဆပ်ကာ သူ့အား ချောက်အတွင်းသို့ တွန်းချခဲ့လေ၏။
နောက်ပိုင်းတွင် မုန့်ကျူးယွင်သည် သူနှင့်တူညီစွာ စာပေသူတော်စင်ယီဟန်၏တပည့်ဖြစ်လာသော်လည်း သူမသည် နာမည်ခံတပည့်တစ်ယောက်ပင်။
အဆင့်အတန်းအရဖြစ်စေ အရေးပါမှုအရဖြစ်စေ သူမနှင့်လုယွီအကြားတွင် ကြီးမားသောကွာဟချက်ကြီးရှိသည်။
မုန့်ကျူးယွင်သည် နာမည်ခံတပည့်ဖြစ်လာခဲ့သော်လည်း ဒဏ္ဍာရီလာစာပေသူတော်စင်ယီဟန်ကို မမြင်တွေ့ဖူးချေ။သူမသည် စာပေသူတော်စင်ယီဟန်၏ နာမည်ခံတပည့်ဖြစ်သဖြင့် တော်ဝင်ကျောင်းတော်သို့ ဝင်ခွင့်ရခဲ့သည်။ယခုလက်ရှိချိန်တွင် သူမသည် တော်ဝင်ကျောင်းတော်၏ဂျူနီယာတပည့်တစ်ယောက်အဆင့်သာ ရှိနေပေ၏။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် သူမသည် တခြားသက်တူရွယ်တူများအပေါ် အထင်သေးနိုင်သော အရည်အချင်းမျိုးရှိသည်။
ထို့ပြင် သူမတို့၏မုန့်မိသားစုသည် တော်ဝင်မြို့တော်အတွင်းရှိကျန်းမိသားစုနှင့် လက်ထပ်မှုအရပေါင်းစည်းပြီးဖြစ်သည်။ထို့ပြင် မုန့်ကျူးယွင်သည် ကျန်းမိသားစုမှသခင်လေးကျန်းဟုန်၏ ဝမ်းကွဲအမပင် ဖြစ်လာခဲ့သည်။
"ဒီလောက်အချိန်တွေကြာပြီးမှ...နင့်ကို တော်ဝင်မြို့တော်မှာပြန်တွေ့မယ်လို့ ငါ ထင်မထားမိဘူး"
မုန့်ကျူးယွင်က အေးစက်စက်အမူအယာဖြင့် သူမ၏ခေါင်းကို ခါယမ်းလိုက်၏။
ကျန်းယုချင်သည် အောက်ဘုံ၌ရှိနေစဥ်ကတည်းက ထင်ရှားကျော်ကြားသော နာမည်ဂုဏ်သတင်းရှိသည်။နောက်ပိုင်းတွင် သူမသည် ကျန်းမိသားစုခေါင်းဆောင်ပင် ဖြစ်လာခဲ့သည်။
ကျန်းယုချင်သည် ကောင်းကင်ဘုံနယ်မြေသို့ တက်လှမ်းပြီးနောက် သူမသည် မင်းသမီးဘွဲ့ခန့်အပ်ခြင်းခံရကာ တော်ဝင်မိသားစုဝင်တစ်ယောက်ပင် ဖြစ်လာခဲ့ပေ၏။
လုယွီသည် ကောင်းကင်ဘုံနယ်မြေသို့ တက်လှမ်းပြီးစဥ်ကတည်းက အရိပ်အယောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားခဲ့ကာ လူအုပ်ကြား၌ ထွက်ပေါ်လာခဲ့ခြင်းမရှိချေ။
Chapter 2844
အောက်ဘုံအတွင်း၌ လုယွီသည် အလွန်မာန်မာနဝင့်ကြွားကာ စိတ်ဓာတ်အလွန်တက်ကြွနေခဲ့သည်။
သို့ရာတွင် ကောင်းကင်ဘုံနယ်မြေသို့ရောက်ရှိစဥ်၌ လုယွီသည် ယခင်ကဲ့သို့ မာန်မာနတက်ကြွခြင်းမျိုး ရှိနေသေးသလော...
မုန့်ကျူးယွင်က လုယွီကိုကြည့်ကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
"အတိတ်တုန်းက ကောင်းကင်နန်းတော်ပြိုင်ပွဲတုန်းမှာ နင်က စာပေသူတော်စင်ရဲ့တိုက်ရိုက်တပည့်ဖြစ်ဖို့ အရည်အချင်းပြည့်မီခဲ့တယ်...ငါ ဘာလို့ နင့်ကို တော်ဝင်မြို့တော်မှာ မတွေ့ရတာလဲ"
စာပေသူတော်စင်ယီဟန်၏တိုက်ရိုက်တပည့်တိုင်း လူအများ၏စိတ်ဝင်စားခြင်းကို ခံရသည်။
သို့ရာတွင် မုန့်ကျူးယွင်သည် လုယွီကို မမြင်တွေ့ရရုံမက သူ၏နာမည်ကိုပင် မကြားရချေ။
"တခြားအပိုစကားတွေ မပြောကြရအောင်...မင်းက ငါ့ဆီကပစ္စည်းကို လိုချင်တာမလား...မင်း လဲမယ့်ပစ္စည်းကို ထုတ်လိုက်တော့"
လုယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။သူနှင့်မုန့်ကျူးယွင်ကြားတွင် မည်သည့်ပတ်သတ်ဆက်နွယ်မှုမျိုးမျှ ရှိမနေချေ။
သူတို့သည် သိဟောင်းကျွမ်းဟောင်းများဟု ဆိုနိုင်သော်လည်း လုယွီသည် ထိုအတိတ်ဟောင်းကို ပြန်လည်အမှတ်ရလိုခြင်းမရှိပေ။
"တကယ်လို့ ငါ ခန့်မှန်းတာမမှားဘူးဆိုရင်...နင်က အခု စာပေသူတော်စင်ရဲ့တိုက်ရိုက်တပည့် မဟုတ်တော့ဘူးမလား...နင်က ကျန်းယုချင်ဆီမှာ လက်အောက်ခံလိုက်တာ တကယ်တော့ အကောင်းဆုံးရွေးချယ်မှုပဲ...နင်က အောက်ဘုံမှာတုန်းက အရမ်းတောက်ပခဲ့တယ်...ဒါပေမယ့် အခုချိန်မှာတော့ နင်က ဘာမှအရေးမပါတဲ့သူဖြစ်သွားပြီ"
မုန့်ကျူးယွင်၏မျက်လုံးအတွင်း၌ အထင်အမြင်သေးမှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
စာပေသူတော်စင်ယီဟန်၏ တိုက်ရိုက်တပည့်ဖြစ်လာရန်မှာ လွယ်ကူသောကိစ္စတစ်ရပ်မဟုတ်ချေ။
နှစ်အနည်းငယ်ကြာမြင့်ချိန်တိုင်း စာပေသူတော်စင်ယီဟန်သည် သူ၏တပည့်များကို အောက်ဘုံရှိကြယ်နယ်မြေများထံ စေလွှတ်၍ သင့်လျော်သောဆက်ခံသူကို ရှာဖွေလေ့ရှိသည်။
ထိုလူများသည် ကွန်ဖြူးရှပ်တာအိုဂိုဏ်းသို့ဝင်ရန် အရည်အချင်းကိုသာ ပိုင်ဆိုင်ထားကြ၏။အကယ်၍ သူတို့သည် ဂိုဏ်းအတွင်းသို့ဝင်ရောက်ပြီးနောက် ယီဟန်၏တိုက်ရိုက်တပည့်ဖြစ်လိုပါက စမ်းသပ်စစ်ဆေးမှုပေါင်းများစွာကို ဖြတ်ကျော်ရပေမည်။
ထိုစစ်ဆေးစမ်းသပ်မှုများကို အောင်မြင်ပြီးမှသာ စာပေသူတော်စင်ယီဟန်၏တိုက်ရိုက်တပည့်အဖြစ် လောကကြီးတခွင်လုံးကို ထုတ်ပြန်ကြေငြာခြင်း ခံရပေလိမ့်မည်။
စာပေသူတော်စင်ယီဟန်၏တိုက်ရိုက်တပည့်တစ်ယောက် မွေးထုတ်သည့်အချိန်တိုင်း ကြီးမားသောအခမ်းအနားတစ်ခု ကျင်းပလေ့ရှိသဖြင့် ကောင်းကင်ဘုံနယ်မြေမှလူအများ၏ အာရုံစိုက်ခြင်းကိုခံရသည်။
သို့ရာတွင် မုန့်ကျူးယွင်သည် ကောင်းကင်ဘုံနယ်မြေသို့ရောက်ရှိပြီးနောက် လုယွီ၏နာမည်ကို မကြားရတော့ချေ။
လုယွီသည် တိုက်ရိုက်တပည့်ဖြစ်ရန်အတွက် စစ်ဆေးစမ်းသပ်မှုများကို ကျရှုံးခဲ့သည်မှာ သိသာထင်ရှားလှ၏။
လေလံပွဲအတွင်း၌ သူ အသုံးပြုခဲ့သော အင်မော်တယ်ကျောက်တုံးများမှာမူ ကျန်းယုချင်၏ထောက်ပံပေးမှုကြောင့် လုယွီ ဤမျှထိအလွန်အကျွံဖြုန်းတီးနိုင်ခြင်းဖြစ်ပေမည်။
"အရမ်းကောင်းတယ်....ငါကလည်း နင်နဲ့မပတ်သတ်ချင်ပါဘူး...ဒါက ပင်လယ်ဆူးတောင်ကျောက်တုံးပဲ...နင် အရင်ကပြောထားသလိုမျိုး ရှေးဟောင်းစာပေသူတော်စင်ရဲ့ဝါးစာလိပ်နဲ့ ပင်လယ်ဆူးတောင်ကျောက်တုံးကို လဲလှယ်မယ်...နင့်ရဲ့စကားကို ပြန်ရုတ်သိမ်းဖို့ မစဥ်းစားနဲ့"
မုန့်ကျူးယွင်သည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ပင်လယ်ဆူးတောင်ကျောက်တုံးကို ထုတ်ပေးလိုက်သည်။
သူမသည် ရေဒြပ်စင်အထူးပြု ကျင့်ကြံသူတစ်ယောက်ဖြစ်ကာ ပင်လယ်ဆူးတောင်ကျောက်တုံးကိုအသုံးပြ၍ ကျင့်ကြံပါက သူမ၏ကျင့်ကြံဆင့် အနည်းငယ်တိုးတက်သွားပေမည်။သို့ရာတွင် ရှေးဟောင်းစာပေသူတော်စင်၏ဝါးစာလိပ်နှင့် နှိုင်းယှဥ်ပါက ပင်လယ်ဆူးတောင်ကျောက်တုံးသည် သူမအတွက် အရေးမပါတော့ချေ။
စာပေသူတော်စင်ယီဟန်သည် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာတော့မည်ဖြစ်ကြောင်း သူမ သိရှိထားပြီးလေပြီ။
ထိုအချိန်ကျပါက သူမသည် ဤအရာကို လက်ဆောင်အဖြစ် ပေးအပ်နိုင်ပေမည်။အကယ်၍ သူမသည် စာပေသူတော်စင်ယီဟန်၏မျက်နှာသာပေးမှုကိုရရှိကာ နက်နဲသိမ်မွေ့သောကျင့်ကြံနည်းစနစ်များကို သူမအား သင်ကြားပေးပါက ပင်လယ်ဆူးတောင်ကျောက်တုံးထက် အဆများစွာပို၍ အားကောင်းသွားနိုင်သည်။
သူမသည် စကားပြောဆိုပြီးနောက် လုယွီသည် သူ၏စကားကိုပြန်ရုတ်သိမ်းမည်ကို စိုးရိမ်သဖြင့် အစေခံတချို့ကိုခေါ်ဆောင်ကာ ရှေးဟောင်းစာပေသူတော်စင်၏ဝါးစာလိပ်ကို အဝေးသို့ အလျှင်အမြန် သယ်ဆောင်သွားစေသည်။
ယခုလက်ရှိချိန်တွင် သီးသန့်ခန်းတံခါးကိုဖွင့်ထားသဖြင့် ဤနေရာကို စုံစမ်းထောက်လှမ်းနေသော နတ်ဘုရားစိတ်အာရုံများရှိနေကြောင်း မုန့်ကျူးယွင်က သိရှိထားသည်။
သူမတို့နှစ်ယောက်ကြားတွင် ပစ္စည်းချင်းလဲလှယ်ပြီးဖြစ်သဖြင့် လုယွီသည် သူ၏စကားကို ပြန်ရုတ်သိမ်း၍မရတော့ချေ။မည်သို့ပင်ဆိုစေကာမူ ပတ်ဝန်းကျင်၌ သက်သေအဖြစ် လူအမြောက်အများရှိနေသည်။
လုယွီသည် ပင်လယ်ဆူးတောင်ကျောက်တုံးကိုကောက်ယူပြီးသည်နှင့် ချက်ချင်းဆိုသလိုပင် သူ့ထံတိုးဝင်လာသည့် ကြီးကျယ်ခမ်းနားပြီးအစွမ်းထက်သောအားလှိုင်းများကို ခံစားမိသည်။
ဤသည်က အဆင့်မြင့်နဂါးတစ်ကောင် ပိုင်ဆိုင်ထားသည့် အစွမ်းထက်သောစွမ်းအားများဖြစ်သော်လည်း ထိုအရာသည် ပင်လယ်ဆူးတောင်ကျောက်တုံးအတွင်း၌ အလွန်နက်ရှိုင်းစွာ ပုန်းကွယ်နေလေ၏။
လုယွီ၏စိတ်ဝိညာဥ်မှစွမ်းအားဖြင့် စုံစမ်းထောက်လှမ်းမှုအရ ဤပင်လယ်ဆူးတောင်ကျောက်တုံးအတွင်း၌ ခြစ်ခြစ်တောက်ပူပြင်းသော နေမင်းကြီးတစ်စင်းရှိနေသည့်အလား ပူပြင်းပြီးကြီးကျယ်ခမ်းနားသော အရှိန်အဝါကို အဆက်မပြတ် ထုတ်လွှတ်ပေးနေသည်။
အကယ်၍ သူသည် ဤအရာအတွင်းရှိ နဂါးအမြူတေကိုသာ ဝါးမြိုနိုင်ပါက သိုင်းပညာသူတော်စင် အထွက်အထိပ်အဆင့်သို့ တက်လှမ်းနိုင်ပေမည်။
"မင်းသမီး...နင့်ရဲ့ငွေတွေကို လေလွင့်သွားသလို ဖြုန်းတီးမပစ်သင့်ဘူး...ဘာလို့ နင် သူ့ကို ထောက်ပံပေးနေတာလဲ...သူက နင့်ရဲ့ငွေတွေကို ဒီလိုမျိုး ဖြုန်းတီးပစ်နေတာ...နင် ဘယ်လိုခေါင်းခဲမှုမျိုးကိုမှ မခံစားရဘူးလို့တော့ ငါ့ကိုမပြောနဲ့"
ရှေးဟောင်းစာပေသူတော်စင်၏ဝါးစာလိပ်ကို ယူဆောင်ပြီးချိန်တွင် မုန့်ကျူးယွင်သည် မည်သည့်မျက်နှာထောက်ထားမှုမျှ မရှိတော့ချေ။
ကျန်းယုချင်က အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"ဒါဆိုရင်တော့ နင် အမှားကြီးမှားသွားပြီ...ဒီငွေတွေအားလုံးက လုယွီပိုင်ဆိုင်တာတွေပဲ"
Chapter 2845
"သူ အောက်ဘုံကနေ တက်လှမ်းလာတာ ဘယ်လောက်ကြာသေးလို့လဲ...သူ့မှာ အစွမ်းထက်တဲ့ နောက်ခံအင်အားလည်းရှိမနေဘူး...ဘယ်လိုလုပ်ပြီးတော့ သူ့မှာ ငွေတွေအများကြီးရှိနိုင်မှာလဲ"
ကျန်းယုချင်ပြောဆိုသောစကားကို မုန့်ကျူးယွင်ယုံကြည်ခြင်းမရှိသည်မှာ သိသာထင်ရှားလှ၏။
ဤမျှထိများပြားသော အင်မော်တယ်ကျောက်တုံးပမာဏကို တော်ဝင်မိသားစုဝင်တစ်ယောက်ဖြစ်သော ကျန်းယုချင်ကသာ ထုတ်ပေးနိုင်ပေမည်။လုယွီထံတွင် ဤကဲ့သို့ ချမ်းသာကြွယ်ဝမှုမျိုး ရှိနေနိုင်သည့် အရည်အချင်းမျိုးမရှိချေ။
မုန့်ကျူးယွင်က လုယွီ၏လက်အတွင်းရှိ ပင်လယ်ဆူးတောင်ကျောက်တုံးကိုတစ်ချက်ကြည့်ကာ အေးစက်စက်ပြုံးလိုက်၏။
"နင်က စကားလှအောင်ပြောနေတာလို့ ငါ ထင်တယ်...ဘာလို့လဲဆိုတော့ လုယွီက ရှေးဟောင်းသူတော်စင်ရဲ့ဝါးစာလိပ်ကို အလွယ်တကူ ထုတ်ပေးခဲ့လို့ပဲ...နင်တို့က ဒါကို ပင်လယ်ဆူးတောင်ကျောက်တုံးနဲ့ တကယ်ကြီးလဲလှယ်ပေးမယ်လို့ ငါ မျှော်လင့်မထားမိဘူး...သူက သူ့ရဲ့ကိုယ်ပိုင်ငွေမဟုတ်တော့...အလကားသက်သက် ဖြုန်းတီးပစ်နေတာမလား"
ကျန်းယုချင်က ချက်ချင်းခွန်းတုံ့ပြန်လေသည်။
"ဒီလိုလုပ်ခဲ့တာအတွက် လုယွီမှာ သေချာပေါက်အကြောင်းအရင်းရှိမှာပဲ...အခု နင်လိုချင်တဲ့ဟာကို ရသွားပြီမလား...ဘာလို့ ဒီမှာ ဆက်နေနေသေးတာလဲ"
"ဟား...ဟား..ဒါက ပင်လယ်ဆူးတောင်ကျောက်တုံးလေးသက်သက်ပဲ...လုယွီက ရေစွမ်းအင်အထူးပြုကျင့်ကြံသူမဟုတ်ဘူး...ဒါပေမယ့် သူက ရှေးဟောင်းစာပေသူတော်စင်ရဲ့ဝါးစာလိပ်နဲ့ ဒါကို လဲလှယ်ခဲ့တယ်...ငါက သူ့ကို နုံအတဲ့သူလို့ခေါ်သင့်လား ဒါမှမဟုတ် မောက်မာဝံ့ကြွားတဲ့သူလို့ခေါ်သင့်လားဆိုတာ မသိတော့ဘူး"
မုန့်ကျူးယွင်က သရော်တော်တော်လေသံဖြင့် ဆက်လက်ပြောဆိုသည်။
"ငါ နင်ကို ပြောစရာရှိတယ်...စာပေသူတော်စင်က တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတော့မယ်...စာပေသူတော်စင်က ငွေကြေးအဖိုးတန်ပစ္စည်းတွေကို စိတ်မဝင်စားဘဲနဲ့ ရှေးဟောင်းပစ္စည်းတွေကိုပဲ နှစ်ခြိုက်သဘောကျတယ်...ဒီရှေးဟောင်းဝါးစာလိပ်က စာပေသူတော်စင်အတွက် အကောင်းဆုံးလက်ဆောင်ပဲ...ဒါက ဆိုးဆိုးရွားရွားပျက်စီးနေတာကြောင့် တန်ဖိုးမရှိဘူးလို့ နင် ထင်နေတာမလား..ဒီပစ္စည်းရဲ့တန်ဖိုးက နင် ခန့်မှန်းထားတာထက် အများကြီးကျော်လွန်နေတယ်"
တိုက်ရိုက်တပည့်များကသာ စာပေသူတော်စင်ယီဟန်ကို ဆရာသခင်ဟု ခေါ်ဆိုခွင့်ရှိသည်။
မုန့်ကျူးယွင်ကဲ့သို့ အမည်ခံတပည့်များသည် ယီဟန်ကို အရာရှိဘွဲ့နာမည် သို့မဟုတ် စာပေသူတော်စင်ဟုသာ ခေါ်ဆိုခွင့်ရှိပေ၏။သူမသည် ယီဟန်ကို ဆရာသခင်ဟု ခေါ်ဆိုခွင့်မရှိချေ။
ယခုလက်ရှိချိန်တွင် မုန့်ကျူးယွင်သည် ရှေးဟောင်းစာပေသူတော်စင်၏ဝါးစာလိပ်ကို ရရှိပြီးဖြစ်သဖြင့် သူမသည် ယီဟန်၏တန်ဖိုးထားခြင်းကို သေချာပေါက်ခံယူရပေမည်။ထို့ကြောင့် သူမသည် လုယွီကို မျက်လုံးထဲတွင်ပင် ထည့်မထားတော့ချေ။
"ဆရာသခင်က တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတော့မှာလား"
လုယွီက ရုတ်တရက် နားလည်သဘောပေါက်သွားသည်။သူသည် တော်ဝင်မြို့တော်သို့ ရောက်ရှိလာခဲ့သော်လည်း ထိုကိစ္စရပ်ကို သိရှိခြင်းမရှိချေ။
ဖေးထျန်ကွမ်းသည် ကင်းထောက်များကိုလေ့ကျင့်ပေး၍ တော်ဝင်မြို့တော်အနှံ့ စေလွှတ်ထားသော်လည်း စာပေသူတော်စင်ယီဟန်၏အိမ်တော်သို့ ထိုးဖောက်စုံစမ်းဝံ့ခြင်းမရှိချေ။
မည်သို့ပင်ဆိုစေကာမူ လုယွီ၏လက်ရှိဘဝတွင် ယီဟန်သည် သူ၏ဆရာသခင်ဖြစ်သဖြင့် သူ ရိုသေလေးစားမှုရှိရန်လိုအပ်သည်။
ကြည့်ရသည်မှာ သူသည် အခွင့်ကောင်းရှာ၍ ဆရာသခင်ထံ သွားရောက်လည်ပတ်ကာ အရိုအသေပြုရပေမည်။
လုယွီက ခေါင်းမော့ကာ တည်ငြိမ်သောလေသံဖြင့် ပြောဆိုသည်။
"မင်းက ဒီပစ္စည်းရဲ့အမှန်တရားကို ထွင်းဖောက်မမြင်နိုင်ဘူး...မင်းက ဒါကို သာမာန်ပင်လယ်ဆူးတောင်ကျောက်တုံးလို့ပဲထင်ထားတယ်...ဘာလို့လဲဆိုတော့ မင်းက အမြင်ကျဥ်းလို့ပဲ...ဒီပစ္စည်းရဲ့တန်ဖိုးက ရှေးဟောင်းစာပေသူတော်စင်ရဲ့ဝါးစာလိပ်ထက် အဆပေါင်းများစွာ ပိုပြီးကျော်လွန်တယ်"
"နင် ဟန်ဆောင်နေတာကို ရပ်သင့်တယ်လို့ ငါ ထင်တယ်...အခုချိန်မှ နင် နောင်တရနေလို့လည်း အသုံးမဝင်ဘူး...ပင်လယ်ဆူးတောင်ကျောက်တုံးက အဖိုးတန်ရှားပါးပေမယ့် တန်ဖိုးအရမ်းမြင့်မားတဲ့ပစ္စည်းမျိုးမဟုတ်ဘူး...နင်က ငါ့ကို ခြောက်လှန့်ချင်ရုံသက်သက်နဲ့ လုပ်ကြံမပြောသင့်ဘူး"
မုန့်ကျူးယွင်က သရော်တော်တော် ပြောဆိုလေ၏။
သူမသည် ပင်လယ်ဆူးတောင်ကျောက်တုံးကို လေလံဆွဲပြီးနောက် ချက်ချင်းဆိုသလိုပင် စစ်ဆေးပြီးလေပြီ။သို့ရာတွင် ထိုအရာသည် တခြားပင်လယ်ဆူးတောင်ကျောက်တုံးများနှင့် တူညီနေကာ မည်သည့်ကွဲပြားခြားနားချက်မျိုးမျှမရှိချေ။
ပင်လယ်ဆူးတောင်ကျောက်တုံးကို လေလံပွဲများ၌ သာမာန်ပစ္စည်းတစ်ခုဟုသာ ယူဆနိုင်သည်။
ကျန်းယုချင်သည် ငြင်းဆန်စကား ပြောဆိုလိုသော်လည်း လုယွီက ဟန့်တားလိုက်၏။
"ငါ မင်းနဲ့ အငြင်းအခုံမလုပ်ချင်ပေမယ့်...ဒါက မင်း မဟုတ်တမ်းတရားတွေပြောလို့ရတဲ့ ပစ္စည်းမျိုးမဟုတ်ဘူး...မင်းက ဒါကို သာမာန်ပင်လယ်ဆူးတောင်ကျောက်တုံးလို့ ပြောခဲ့တယ်နော်...ဒါဆိုရင် ငါ မင်းကို အမြင်ကျဥ်းတယ်လို့ ဘာလို့ပြောတာလဲဆိုတာ မင်းသိအောင် ငါ ပြပေးမယ်"
လုယွီက ရုတ်တရက် သူ၏လက်ဝါးကိုဆန့်ထုတ်ကာ ပင်လယ်ဆူးတောင်ကျောက်တုံးကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်သည်။
ဤပင်လယ်ဆူးတောင်ကျောက်တုံးကို လောကကြီးအတွင်း၌ အဖိုးတန်ရတနာတစ်ပါးဟု ယူဆနိုင်ပေ၏။ထိုအရာ၏မျက်နှာပြင်ပေါ်တွင် မှိန်ဖျော့ဖျော့အခိုးအငွေ့များ ရစ်ဝဲနေကာ အထူးသဖြင့် ပြင်ပအကာသည် အလွန်အမင်းမာကျောသည်။
သို့ရာတွင် လုယွီ၏လက်ဝါးရိုက်ချက် ကျရောက်သွားသည်နှင့် ပင်လယ်ဆူးတောင်ကျောက်တုံး၏မျက်နှာပြင်ပေါ်တွင် မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။
ခရက်...ခရက်...ခရက်...
အက်ကွဲသံများက ပင်လယ်ဆူးတောင်ကျောက်တုံး၏မျက်နှာပြင်မှနေ၍ အဆက်မပြတ် ပဲ့တင်ထပ်မြည်ဟီးလာပေ၏။
ဤအချိန်အခိုက်အတန့်တွင် မာကျောသော ပင်လယ်ဆူးတောင်ကျောက်တုံး အလယ်မှနေ၍ စတင်၍ကွဲအက်စပြုလာသည်။
တောက်ပသောရွှေရောင်အလင်းတန်းတစ်တန်းက ထိုအက်ကွဲကြောင်းများအကြားမှနေ၍ ဖြာထွက်လာပေ၏။ဤသည်က အလွန်အမင်း ရွှန်းစိုကာ လင်းလက်တောက်ပနေသော ရွှေရောင်အလင်းတန်းများပင်။
Thank For Reading.