အခန်း (၂၈၅၁-၂၈၅၅)
Vol. 146 Ch. 2851-2855
Chapter 2851
လုယွီက သူ၏ခေါင်းကို အနည်းငယ်မော့ကြည့်လိုက်ရာ ရူးသွပ်လုနီးပါးဖြစ်နေသော မုန့်ကျူးယွင်၏မျက်နှာကို မြင်တွေ့လိုက်ရသည်။
မုန့်ကျူးယွင်သည် အမှန်တကယ်ကို ရူးသွပ်သွားလုနီးပါးပင်။
ဤအဖိုးတန်ရတနာကို ယခင်က သူမ ပိုင်ဆိုင်ခဲ့ကာ သူမကိုယ်တိုင် စွန့်ပစ်ခဲ့မိသည်ဟု တွေးတောမိသည့်အချိန်တိုင်း သူမ၏စိတ်နှလုံးသားအတွင်းမှ ရူးသွပ်မှုများကို ခံစားမိသည်။
"မြန်မြန် ငါ့ကို ပြန်ပေးစမ်း..ငါ နင်နဲ့ အလဲအလှယ်မလုပ်တော့ဘူး"
မုန့်ကျူးယွင်က တင်းမာခက်ထန်သောလေသံဖြင့် အော်ဟစ်လိုက်၏။
လုယွီ၏မျက်လုံးများ အေးစက်တင်းမာသွားသည်။
"ဘာလဲ...မင်းနဲ့ငါ ပစ္စည်းချင်း လဲလှယ်ပြီးပြီလေ...မင်းက ဒါကို လက်မခံချင်တာလား"
"အဲ့ဒါဆိုရင်ရော ဘာဖြစ်လဲ...ငါတို့ကြားမှာ စာချုပ်ရှိလို့လား...သဘောတူညီမှုလက်မှတ် ထိုးထားလို့လား...ဘာမှမရှိဘူး...နဂါးအမြူတေကို အခုချက်ချင်း ငါ့ဆီပြန်ပေးစမ်း...နင်က ရှေးဟောင်းစာပေသူတော်စင်ရဲ့ဝါးစာလိပ်ကိုယူပြီး နင် ထွက်သွားတော့"
မုန့်ကျူးယွင်က ဆက်လက်၍ ခြိမ်းခြောက်စကားပြောဆိုသည်။
"တကယ်လို့ နင် လဲမပေးဘူးဆိုရင်...ငါက အရှင်ယဲ့ရဲ့ရုံးတော်ကို သွားပြီးတော့ ငါက နဂါးအမြူတေကို ပြန်လဲချင်ပါတယ်လို့ ပြောမယ်...သူက နင့်ဘက်ကနေ သက်သေလိုက်ပေးမလား...ဒါမှမဟုတ် ငါ့ဘက်မှာနေမလားဆိုတာ ကြည့်ကြသေးတာပေါ့"
"မင်း သွားလို့ရတယ်...ယဲ့စန်းကောမှာ ငါ့ဆီကပစ္စည်းကို လုယူနိုင်တဲ့ အရည်အချင်းမျိုးရှိလားဆိုတာ ငါ သိချင်တယ်"
လုယွီ၏မျက်နှာပေါ်၌ အမူအယာကင်းမဲ့နေကာ သူက မုန့်ကျူးယွင်ကို လျစ်လျှူရှုထားသည်။
သူသည် ယခင်က အဆင့်မြင့်အရာရှိတစ်ယောက်ကို မသတ်ဖြတ်ခဲ့ဖူးချေ။
အကယ်၍ ယဲ့စန်းကောသည် သူ၏စည်းမျဥ်းကို ချိုးဖောက်ဝံ့ပါက ယဲ့စန်းကောကို မမေ့နိုင်သောအမှတ်တရများပေးရန် သူ ဝန်လေးနေမည်မဟုတ်ချေ။
"ကောင်းပြီလေ...နင် စောင့်နေစမ်း"
ယခုလက်ရှိချိန်၌ မုန့်ကျူးယွင်၏စိတ်နှလုံးသားတစ်ခုလုံး ရူးသွပ်လုနီးပါးအခြေအနေမျိုးသို့ ရောက်ရှိနေလေပြီ။အင်မော်တယ်ကျောက်တုံးသန်းသုံးသောင်းကျော်ဟူသော ကမ်းလှမ်းချက်သည် သူမ၏ရှေ့၌ ထွက်ပေါ်လာခဲ့သည်ဖြစ်ရာ သူမ၏စိတ် အလွန်အမင်းရှုပ်ထွေးနေခဲ့သည်။
ဤှသည်က အင်မော်တယ်ကျောက်တုံး သန်းသုံးသောင်းပင်။
ဤတစ်ကြိမ်တွင် သူမ ထိုအရာကို ရရှိရပေမည်။
"ဟား ဟား ဟား...တကယ်လို့ ကိစ္စက ဒီလိုဆိုရင်တော့ ငါ နည်းနည်းလောက် ဂရုစိုက်ပေးရမှာပေါ့"
ယဲ့စန်းကောသည် အမှန်အားဖြင့် အဝေးသို့ထွက်သွားခြင်း မရှိသေးချေ။သူသည် မုန့်ကျူးယွင်၏စကားကိုကြားချိန်တွင် နောက်သို့ပြန်လည်၍ လျှောက်လှမ်းလာလေ၏။
ဤတစ်ကြိမ်တွင် ယဲ့စန်းကော၏မျက်နှာပေါ်၌ ယုံကြည်ချက်အခိုင်အမာရှိသောအပြုံးမျိုး ထင်ဟပ်နေသည်။
ကျန်းယုချင်က ဒေါသတကြီး အော်ငေါက်လိုက်သည်။
"ယဲ့စန်းကော....တကယ်လို့ နင် ပြဿနာရှာဝံ့တယ်ဆိုရင် ငါက နင့်ကို အရှင်မရဲ့ရှေ့မှာ သေချာပေါက်သင်ခန်းစာပေးမယ်"
ယဲ့စန်းကောက အနည်းငယ်မျှပင် စိတ်လှုပ်ရှားသွားပုံမရဘဲ ခပ်ဖျော့ဖျော့အပြုံးနှင့်ပြောဆိုသည်။
"မင်းသမီး...ငါက ကိစ္စတိုင်းကို စည်းမျဥ်းတွေအရဘဲလုပ်ဆောင်ပြီးတော့ ဘယ်သူ့ကိုမှ မျက်နှာမလိုက်တတ်ဘူး...တကယ်လို့ မင်းသမီးက အရှင်မကိုတိုင်ကြားမယ်ဆိုရင်တောင် ငါ ဂရုမစိုက်ဘူး"
သူက သီးသန့်ခန်းအတွင်းသို့ဝင်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"လေလံပွဲမှာတုန်းက နဂါးဆူးတောင်ကျောက်တုံးကို လေလံအောင်ခဲ့တာ သီးသန့်ခန်းနံပါတ်၈၇ကပဲ...ဒါကို ဒီမိန်းကလေး မုန့်ကျူးယွင်က ဝယ်သွားခဲ့တာ...ဒါကြောင့် သူကပဲ ဆုံးဖြတ်ချက်ချခွင့်ရှိတယ်...ဧည့်သည်တော်...ဒီနဂါးအမြူတေကို ပြန်ပေးလိုက်တာ ပိုကောင်းလိမ့်မယ်"
ကျန်းယုချင်က စိတ်မထိန်းချုပ်နိုင်တော့ဘဲ ဒေါသတကြီး အော်ငေါက်လေသည်။
"သူ ကျွန်မတို့နဲ့ ပစ္စည်းချင်းလဲလှယ်ခဲ့တာ ကြာလှပြီ...အခုချိန်မှာ သူက ဒီပစ္စည်းရဲ့အထဲမှာ အဖိုးတန်ရတနာတစ်ခုရှိနေတာကိုမြင်လို့ သူ့ရဲ့စကားကို ပြန်ရုတ်သိမ်းချင်နေတာ...ဒါက ဖြစ်သင့်ရဲ့လား"
မုန့်ကျူးယွင်က ကျယ်လောင်သောအသံဖြင့်ပြောဆိုသည်။
"ငါ ခုဏက ရယ်စရာသက်သက်ပြောခဲ့တာ...ဒီပစ္စည်းကို ငါက ဝယ်ယူခဲ့ပြီးတော့...နင်တို့နဲ့ငါကြားမှာ ဘာသဘောတူညီမှုစာချုပ်မှမရှိဘူး...ဒါကြောင့် ဒါက ငါ့ရဲ့အပိုင်ပဲ"
လုယွီက အေးစက်စက်အကြည့်ဖြင့် ယဲ့စန်းကောကို စူးစိုက်၍ကြည့်လိုက်သည်။
"တကယ်လို့ ငါ ခန့်မှန်းတာမမှားဘူးဆိုရင်...အခုဏက မင်း သီးသန့်ခန်းနံပါတ်၁၇မှာရှိနေတာမလား...အဲ့ဒီနေရာက နတ်ဘုရားစိတ်အာရုံတစ်ခုက ဒီနေရာကိုတစ်ချိန်လုံး ကျရောက်နေခဲ့တယ်...ဒီနေရာမှာဖြစ်ခဲ့တဲ့ အရာရာတိုင်းကို မင်း သိပြီးသားလေ...ဘာလို့ မင်းက သူ့ဘက်ကနေ လိုက်ပြောနေတာလဲ"
ယဲ့စန်းကောသည် အံ့အားသင့်တုန်လှုပ်သွားကာ သူ လျှောက်လှမ်းလာခြင်းကို ရုတ်တရက်ရပ်တန့်လိုက်၏။
လုယွီသည် သူ အမှန်တကယ်ရှိနေခဲ့သောနေရာကို စကားတစ်ခွန်းတည်းဖြင့် ထုတ်ဖော်နိုင်ခဲ့သည်။ဤသည်က သူ မျှော်လင့်ထားမိခြင်းမရှိသောကိစ္စပင်။
သီးသန့်ခန်းများ၏ပြင်ပတွင် အကာအကွယ်ဝင်္ကပါတစ်ခုကို ခင်းကျင်းထားသဖြင့် အလွန်အမင်း နက်နဲသိမ်မွေ့သော နတ်ဘုရားစိတ်အာရုံဖြင့်သာ စုံစမ်းထောက်လှမ်းနိုင်သည်။သို့ရာတွင် ထိုသို့စုံစမ်းထောက်လှမ်းနိုင်ရန် ရွှယ်အင်မော်တယ်နှင့်အထက်ကျင့်ကြံသူဖြစ်ရန် လိုအပ်သည်။ထိုသို့စုံစမ်းထောက်လှမ်းသူသည် အနည်းဆုံးအနေဖြင့် ရွှယ်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူ ဖြစ်ရပေမည်။
မည်သည်ကြောင့် လုယွီက ထိုသို့ပြုလုပ်နိုင်သနည်း...
လုယွီက ယဲ့စန်းကောကို လျစ်လျှူရှုလိုက်၏။သူက သူ၏လက်အတွင်းရှိ နဂါးအမြူတေကိုကြည့်ကာ တုံ့ဆိုင်းခြင်းမရှိဘဲ ဝါးမြိုလိုက်တော့သည်။
ရုတ်ချည်းဆိုသလိုပင် နဂါးအမြူတေသည် တောက်ပသောရွှေရောင်နဂါးတစ်ကောင်အသွင် ပြောင်းလဲသွားကာ လုယွီ၏ဝါးမြိုခြင်းကိုခံလိုက်ရပြီးနောက် အရိပ်အယောင်ပင်မကျန်ရှိတော့ဘဲ ပျောက်ကွယ်သွားလေ၏။
Chapter 2852
တောက်ပသော ရွှေရောင်နဂါးပုံရိပ်သည် လုယွီ၏ဝါးမြိုခြင်းကို ခံလိုက်ရ၏။
ရုတ်ချည်းဆိုသလိုပင် တောက်ပသောအလင်းတန်းများက လုယွီ၏ခန္ဓာကိုယ်မှ ဖြာထွက်လာကာ ကြည်လင်ပြတ်သားသောနဂါးဟိန်းသံက သူ၏ရင်ဘတ်မှ ထွက်ပေါ်လာသည်။
ကြီးကျယ်ခမ်းနားသောအရှိန်အဝါတစ်ရပ် ပွင့်အံထွက်လာခြင်းနှင့်အတူ ယဲ့စန်းကောနှင့်မုန့်ကျူးယွင်တို့ ကူကယ်ရာမဲ့စွာဖြင့် နောက်သို့ခြေလှမ်းအနည်းငယ်စီ ဆုတ်လိုက်ရသည်။
"သူက နဂါးဧကရာဇ်နင်းရွှမ်ရဲ့နဂါးအမြူတေကို တိုက်ရိုက်ဝါးမြိုဝံ့တယ်...သူ့ရဲ့အသက်ကို သူ မလိုချင်တော့တာလား"
ယဲ့စန်းကောသည် ထိတ်လန့်တုန်လှုပ်ကာ အလွန်ဒေါသထွက်နေပေ၏။လုယွီသည် ဤမျှထိ မဆင်မခြင်လုပ်ဝံ့မည်ဟု သူ မျှော်လင့်မထားမိချေ။
သူသည် နှိမ့်ချ၍ဆက်ဆံခဲ့ခြင်းမှာ ကျန်းယုချင်၏မျက်နှာကြောင့်ပင်။သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် အဆင်အခြင်ကင်းမဲ့စွာ လုပ်ဆောင်ခဲ့ကာ သူ၏အစီအစဥ်များကို လုံးလုံးလျားလျား ပျက်စီးသွားစေခဲ့သည်။
"နင်က ငါ့ရဲ့ပစ္စည်းကို ဝါးမြိုဝံ့တာလား...ငါ့ကို ပြန်ပေးစမ်း"
မုန့်ကျုးယွင်က ဒေါသတကြီးအော်ငေါက်ကာ လုယွီထံဦးတည်၍ လက်ဝါးတစ်ချက် ရိုက်နှက်လိုက်သည်။
သူမ၏စိတ်နှလုံးသားအတွင်း၌ နဂါးအမြူတေကို သူမ၏အပိုင်ဟု တထစ်ချယူဆထားပြီးလေပြီ။
အစောပိုင်းက သူမသည် အင်မော်တယ်ကျောက်တုံးသန်းသုံးသောင်းဟူသော အလွန်များပြားသည့်ပမာဏကို မည်ကဲ့သို့အသုံးပြုရမည်အား တွေးတောနေခဲ့သည်။သို့ရာတွင် လုယွီသည် သူမ၏စိတ်ကူးယဥ်အိမ်မက်ကို တစစီ ကြေမွှပျက်စီးသွားစေသည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် မုန့်ကျူးယွင်၏လက်ဝါးရိုက်ချက်က လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပေ၏။
သို့သော် ထိုအချိန်အခိုက်အတန့်မှာပင် သူမ၏လက် တုန်ခါသွားသည်။ရုတ်ချည်းဆိုသလိုပင် ကြီးမားသောအားလှိုင်းတစ်ရပ်က သူမထံတိုးဝင်လာခြင်းကို ခံစားမိသည်။
မုန့်ကျူးယွင်သည် သူမ၏ခွန်အားအပေါ် အမြဲတစေ ယုံကြည်မှုရှိသူဖြစ်ကာ သူမကိုယ်သူမ သက်တူရွယ်တူများအကြားတွင် အတော်ဆုံးလူအဖြစ် ယူဆထားသည်။သို့ရာတွင် သူမရှေ့ရှိပြင်းထန်သောအားလှိုင်းသည် သူမ၏မှော်စွမ်းအားလှိုင်းများကို အလွန်လွယ်ကူစွာ ဖျက်ဆီးသွားလေ၏။
ဘန်းခနဲမြည်ဟီးသံနှင့်အတူ မုန့်ကျူးယွင်သည် နောက်သို့ဆယ်မီတာခန့် အကွာအဝေးထိ လွင့်ထွက်သွားသည်။သူမ၏လက်မှအရိုးများအားလုံး ကျိုးပဲ့သွားလုနီးပါးပင်။
"ဟမ့်...မင်းက ငါ့ရှေ့မှာတောင် အကြမ်းဖက်ဝံ့တာလား"
ယဲ့စန်းကောက ဒေါသတကြီး အော်ငေါက်လိုက်ကာ သူ၏လက်အတွင်းမှနေ၍ အစိမ်းရောင်အခိုးအငွေ့များ ထွက်ပေါ်လာသည်။
ထိုအစိမ်းရောင်အခိုးအငွေ့များသည် တိမ်တိုက်များအဖြစ်သိပ်သည်းကာ သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ အဆက်မပြတ်စုဝေးနေသည်။ထိုတိမ်တိုက်တစ်ခုစီအတွင်းတွင် တုန်လှုပ်ချောက်ချားဖွယ်မှော်စွမ်းအားများ သိပ်သည်းနေပေ၏။
အဆင့်မြင့်အရာရှိခြင်းတူသည့်တိုင် ယဲ့စန်းကောသည် ထျန်းပိုယန်ထက် အဆများစွာပို၍ အစွမ်းထက်သည်။
ရုတ်ချည်းဆိုသလိုပင် တိမ်တိုက်တချို့သည် လုယွီထံဦးတည်၍ မျောလွင့်လာသည်။
ဤကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ် ဖိအားအရှိန်အဝါအောက်တွင် ယခုနေရာရှိလူအများစုသည် သူတို့၏ခေါင်းများကိုပင် မမော့နိုင်ကြတော့ချေ။
"ယဲ့စန်းကော...အခုချက်ချင်း ရပ်လိုက်စမ်း"
ကျန်းယုချင်သည် ထိုဖိအားအရှိန်အဝါကို အားတင်း၍တောင့်ခံကာ တင်းမာခက်ထန်သောလေသံဖြင့် အော်ငေါက်လိုက်၏။
သို့ရာတွင် ယခုလက်ရှိအချိန်၌ ယဲ့စန်းကော၏စိတ်နှလုံးသားတစ်ခုလုံး ဒေါသများဖြင့် လောင်ကျွမ်းနေသည်။မည်သည်ကြောင့် သူသည် ကျန်းယုချင်၏စကားကို နားဝင်မည်နည်း။အစွမ်းထက်သောမှော်စွမ်းအင်တိမ်တိုက်များသည် လုယွီ၏အနီးသို့ပင် ရောက်ရှိနေလေပြီ။
ဤနဂါးအမြူတေအတွင်း၌ နဂါးဧကရာဇ်နင်းရွှမ်၏ အကန့်အသတ်မရှိသောမှော်စွမ်းအားများ ပါဝင်နေသည်။အကယ်၍ တစ်စုံတစ်ယောက်သည် ထိုအရာကိုဝါးမြိုပြီး ချေဖျက်လိုပါက အချိန်အလုံအလောက်ရှိရန်လိုအပ်သည်။
အကယ်၍ သာမာန်ကျင့်ကြံသူတစ်ယောက်သည် ရုပ်ခန္ဓာကိုယ်သန်မာအားကောင်းခြင်းမရှိဘဲ ထိုနဂါးအမြူတေကို ဝါးမြိုပါက အလွန်ပြင်းထန်သော တန်ပြန်ရိုက်ခတ်မှုဒဏ်ကို ခံစားရပေမည်။အဆုံးသတ်၌ သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ မရီးဒါန်းများပေါက်ကွဲကာ အကျိုးအမြတ်မရှိဘဲ ဆုံးရှုံးမှုသာရရှိနိုင်သည်။
တခြားလူများသည် လုယွီ၏ရုပ်ခန္ဓာကိုယ် မည်မျှထိအစွမ်းထက်သည်ကို မမြင်နိုင်ကြချေ။ထို့ကြောင့် လုယွီသည် မှော်စွမ်းအားများကိုအသုံးပြု၍ နဂါးအမြူတေကို ဖိနှိပ်နေခြင်းဟု သူတို့အားလုံး တွေးထင်ခဲ့ကြသည်။ဤသည်က လုယွီ အားနည်းနေသောအချိန်မျိုး ဖြစ်ပေမည်။
ဝုန်း....
တလိမ့်လိမ့်ထနေသော မှော်စွမ်းအင်တိမ်တိုက်များအကြားသို့ လုယွီ၏ခန္ဓာကိုယ် နစ်ဝင်သွားသည်။သူသည် သီးသန့်ခန်း၏ကြမ်းပြင်မှ ကျွံကျသွားကာ အောက်အလွှာသို့ ကျရောက်သွားလေ၏။
"ဒီတစ်ကြိမ်က မင်းကို သင်ခန်းစာပေးတာပဲ...ဒီကိစ္စက ခုလောက်နဲ့ မပြီးသေးဘူး...မင်း ငါနဲ့အတူ တော်ဝင်မြို့တော်ကို ပြန်လိုက်ခဲ့တာ ပိုကောင်းလိမ့်မယ်"
ယဲ့စန်းကောက ခေါင်းမော့ကာ ဂုဏ်ယူဝင့်ကြွားသောလေသံဖြင့် ပြောဆိုသည်။
သူ အစောပိုင်းက အသုံးပြုခဲ့သောမှော်မန္တန်သည် အလွန်အစွမ်းထက်သော်လည်း လုယွီကိုသတ်ဖြတ်ရန် မလုံလောက်ချေ။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ထိုမှော်မန္တန်သည် လူတစ်ယောက်၏အရိုးနှင့်ကြွက်သားများကို ထိခိုက်နာကျင်စေရန် လုံလောက်သည်။အထူးသဖြင့် လုယွီသည် နဂါးအမြူတေကိုဝါးမြိုထားကာ ကျဥ်းထဲကျပ်ထဲအခြေအနေမျိုးသို့ ရောက်ရှိနေသဖြင့် သူ့အား မသန်မစွမ်းဖြစ်သွားစေရန် လုံလောက်ပေ၏။
"သူ သေသွားရင် ပိုကောင်းတယ်...သူ့ကို အသက်ရှင်ခွင့်ပေးလိုက်ရင် အလွယ်တကူ အလွတ်ပေးလိုက်သလိုဖြစ်သွားမယ်"
မုန့်ကျူးယွင်၏နှလုံးခုန်နှုန်း အလွန်အမင်း မြန်ဆန်နေကာ သူမက လက်ခုပ်လက်ဝါးတီး၍ အားပေးအားမြှောက်ပြုလုပ်လိုက်သည်။
သူမသည် လုယွီ နဂါးအမြူတေကို ဝါးမြိုခဲ့စဥ်တွင် အခွင့်ကောင်းယူ၍ ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ခဲ့သည်။သို့ရာတွင် သူမ၏တိုက်ခိုက်မှုကြောင့် လုယွီ ထိခိုက်ဒဏ်ရာရရှိသွားမည့်အစား သူမသာလျှင် ဒဏ်ရာရရှိခဲ့သည်။
ယခုလက်ရှိချိန်တွင် ယဲ့စန်းကော၏တိုက်ခိုက်မှုကို လုယွီခံစားနေရသည်အား မြင်တွေ့ချိန်၌ သူမ၏စိတ်နှလုံးသားအတွင်း၌ နှိုင်းယှဥ်ပြစရာမရှိသည်အထိ ပျော်ရွှင်ဝမ်းမြောက်နေသည်။
Chapter 2853
"ယဲ့စန်းကော...ရှင် အရမ်းလွန်မလာနဲ့...ငါ ဒီကိစ္စကို အရှင်မဆီ သတင်းပို့ရလိမ့်မယ်"
ကျန်းယုချင်၏မျက်လုံးများ ပြူးကျယ်နေကာ သူမက ဒေါသတကြီးအော်ငေါက်လိုက်၏။
ဤသည်က သူမ၏ရှေ့တွင် လှုပ်ရှားကြခြင်းဖြစ်ကာ သူမ၏မင်းသမီးအဆင့်အတန်းကို သူတို့သည် မျက်လုံးထဲပင်ထည့်မထားကြခြင်းပင်။
သို့ရာတွင် ယဲ့စန်းကောသည် ကျန်းယုချင်ကို အနည်းငယ်မျှပင် ဂရုမစိုက်ဘဲ မတုန်မလှုပ်အမူအယာဖြင့် ပြောဆိုသည်။
"ငါက တခြားသူရဲ့လေလံပစ္စည်းကိုခိုးယူတဲ့ သူခိုးကို နှိမ်နင်းတာလေ...တကယ်လို့ ဒီကိစ္စအတွက်နဲ့ အရှင်မက ငါ့ကိုအပြစ်တင်မယ်ဆိုရင်...ငါ့မှာ ဘာမှပြောစရာမရှိဘူး...ဒါပေမယ့် ငါ့ရဲ့ အစီရင်ခံစာကို မဟာအတွင်းဝန်ရုံးက ဆုံးဖြတ်လိမ့်မယ်...ပြီးတော့ တော်ဝင်ကိုယ်လုပ်တော်မီတောင် ငါ့ကို ဘာမှလုပ်လို့မရမှာကို ငါ စိုးရိမ်မိတယ်"
ကျန်းယုချင်သည် အလွန်အမင်း ဒေါသထွက်သွားလေ၏။ဤသည်က ဗြောင်ကျကျ လိမ်လည်ခြင်းပင်။
ဤနဂါးအမြူတေကို လုယွီ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သဖြင့် သူ၏ပိုင်ဆိုင်မှုဖြစ်သည်မှာ သိသာထင်ရှားသည်။သို့ရာတွင် ယဲ့စန်းကောက လုယွီသည် တခြားသူ၏လေလံပစ္စည်းကိုခိုးယူသော သူခိုးတစ်ယောက်ဟု ပြောဆိုခဲ့သည်။
မုန့်ကျူးယွင်က ပြောဆိုလိုက်၏။
"အရှင်ယဲ့...အရှင်က ကျွန်မအတွက် တရားစီရင်ပေးပါ...ဖူရွှေပွဲတော်မှာ တခြားသူရဲ့လေလံပစ္စည်းကို ခိုးယူဝံ့တဲ့သူခိုးမျိုးကို ဒီအတိုင်းဆက်ထားမယ်ဆိုရင် ဘာတွေကျူးလွန်အုံးမယ်ဆိုတာ မသိနိုင်ဘူး"
ယဲ့စန်းကောက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"လာကြစမ်း...ဒီသူခိုးကောင်ကို ဖမ်းလိုက်ကြစမ်း"
အစောပိုင်းက သူ၏တိုက်ခိုက်မှုသည် သီးသန့်ခန်း၏ကြမ်းပြင်ကို ထွင်းဖောက်ကာ နက်ရှိုင်းသောအပေါက်ကြီးတစ်ခု ဖြစ်သွားစေသည်။လုယွီသည် ထိုအပေါက်ကြီး၏အတွင်းသို့ ကျွံကျသွားလေ၏။
ယဲ့စန်းကော၏နောက်မှ အရာရှိများသည် ချက်ချင်းပြေးထွက်လာကာ လုယွီ၏ဖမ်းဆီးရန်အတွက် အပေါက်ကြီး၏အနီးသို့ ရောက်ရှိလာသည်။
"အရှင်ယဲ့ရဲ့တိုက်ခိုက်မှုကြောင့် သူ သေများသေသွားပြီလား"
"ဟီး ဟီး...အရှင်ယဲ့က ဘာမှလုပ်စရာတောင် လိုမှာမဟုတ်ဘူး...သူက နဂါးအမြူတေကို မဆင်မခြင် ဝါးမြိုခဲ့တယ်...မကြာခင်မှာပဲ သူ့ရဲ့ခန္ဓာကိုယ်ပေါက်ကွဲပြီးတော့ သေသွားမှာကို ငါ စိုးရိမ်မိတယ်"
ထိုအရာရှိများသည် လုယွီကို အထင်မကြီးကြသည်မှာ သိသာထင်ရှားသည်။
အကယ်၍ လုယွီသည် ထင်ရှားကျော်ကြားသော နာမည်ဂုဏ်သတင်းရှိသူ သို့မဟုတ် အသက်အိုမင်းသော မွန်းစတားအိုကြီးတစ်ကောင် ဖြစ်နေပါက သူတို့ အနည်းငယ် ဂရုစိုက်မိပေမည်။သို့ရာတွင် လုယွီသည် အသက်အလွန်ငယ်ရွယ်နေသဖြင့် သာမာန်မဟုတ်သော စွမ်းအားမျိုးကို တောင့်ခံနိုင်မည်မဟုတ်ချေ။
သီးသန့်ခန်း၏အောက်တွင် မှောင်မည်းနေသော သိုလှောင်ခန်းရှိသည်။
အရာရှိတချို့က အောက်သို့ခုန်ဆင်းလိုက်ကြရာ လုယွီသည် ပလ္လင်ခွေထိုင်နေပြီး သူ၏နံဘေးပတ်လည်၌ ရွှေရောင်အလင်းတန်းများ ဝိုင်းရံနေသည်ကို မြင်တွေ့လိုက်ကြ၏။
လုယွီ၏ခန္ဓာကိုယ်အရေပြားပေါ်တွင် တောက်ပသောသင်္ကေတအက္ခရာများရှိနေကာ သူ၏ခန္ဓာကိုယ်မှ အဆက်မပြတ်ထွက်ပေါ်နေပြီး လေထုအတွင်း၌ မျောလွင့်နေသည်။
ထိုသင်္ကေတအက္ခရာများသည် သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံထားကာ သူ့ကိုကြည့်ရသည်မှာ တည်ကြည်လေးနက်ပြီး လျှို့ဝှက်ဆန်းကြယ်သောအရှိန်အဝါမျိုးရှိနေသည်။
"ကောင်လေး...အမိန့်ကိုနာခံပြီးတော့ ငါတို့နဲ့အတူလိုက်ခဲ့စမ်း"
ထိုအရာရှိများသည် လုယွီကို ဤကဲ့သို့အခြေအနေမျိုးဖြင့် မြင်တွေ့ရချိန်တွင် ထိုအရာရှိများသည် တစ်စုံတစ်ခုမှားယွင်းနေသည်ဟု ခံစားလိုက်ရ၏။
သို့ရာတွင် သူတို့၏အမိန့်ကို လုယွီသည် ထိတ်လန့်ကြောက်ရွံနေကာ ခုခံဝံ့မည်မဟုတ်ဟု အခိုင်အမာယုံကြည်ထားသည်။သူတို့က ရက်စက်ကြမ်းကြုတ်သောအပြုံးများနှင့် လုယွီထံဦးတည်ကာ ပျံံသန်းလိုက်ကြသည်။
သူတို့၏လက်အတွင်း၌ ကျင့်ကြံသူများကိုဖမ်းဆီးရန် အထူးသီးသန့်ပြုလုပ်ထားသော သံကြိုးကြီးများရှိနေသည်။ထိုသံကြိုးတစ်ကြိုးစီပေါ်တွင် တားမြစ်ထိန်းချုပ်သောမှော်မန္တန်များကို ရေးထွင်းထားကာ ကျင့်ကြံသူများ၏မှော်စွမ်းအားများကို ထုတ်ဖော်အသုံးပြု၍ မရနိုင်ရန် ဟန့်တားနိုင်သည်။
"မင်းတို့ရဲ့ခွန်အားလောက်နဲ့ ငါ့ကို ဖမ်းနိုင်မယ်လို့ ထင်နေကြတာလား...ထွက်သွားကြစမ်း"
လုယွီက သူ၏မျက်လုံးကိုဖွင့်လိုက်ရာ အတွင်းမှနေ၍ တောက်ပသောရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။
သူက ရုတ်တရက် မတ်တတ်ထရပ်ပြီး အော်ဟစ်လိုက်၏။သူ၏အသံသည် ဧရာမနဂါးတစ်ကောင်၏ဟိန်းသံနှင့်တူညီကာ အသံလှိုင်းများက အရာရှိများထံသို့ တိုးဝင်သွားသည်။
ထိုအရာရှိများ၏စိတ်များ ဗလာဟင်းလင်းဖြစ်သွားကာ သူတို့သည် အသံလှိုင်းများ၏ရိုက်ခတ်ခြင်းခံရမှုကြောင့် မြေပြင်ပေါ်သို့ လဲကျသွားလေ၏။
သူတို့သည် လုယွီ အနက်ရောင်ပုံရိပ်တစ်ခုအသွင်ပြောင်းလဲပြီး သီးသန့်ခန်းအတွင်းသို့ ချက်ချင်းပြန်လည်ရောက်ရှိသွားခြင်းကို တွေ့မြင်လိုက်ရသည်။
လုယွီ တဖန်ပြန်၍ရောက်ရှိလာသည်ကိုမြင်တွေ့ချိန်တွင် ယဲ့စန်းကော၏မျက်လုံးမှ အေးစက်စက်အလင်းရောင်များ ဖြာထွက်လာသည်။
"မင်းက ခုထိ မတ်တတ်ရပ်နိုင်သေးတာလား...အခုချက်ချင်း ဒူးထောက်စမ်း"
ယဲ့စန်းကော၏ခန္ဓာကိုယ်မှ မှော်စွမ်းအားများ တလိမ့်လိမ့်ထွက်ပေါ်လာကာ သူက လုယွီထံဦးတည်၍ ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်၏။
ဤတစ်ကြိမ်တွင် ယဲ့စန်းကောသည် သူ၏မှော်စွမ်းအား အကုန်အစင်ကို အသုံးပြုထားသည်။
ရွှယ်အင်မော်တယ်တစ်ယောက်၏ ဖိအားအရှိန်အဝါက အခန်း၏ထောင့်တစ်နေရာတိုင်းကို လွှမ်းခြုံသွားသည်။မည်သူမည်ဝါဖြစ်နေပါစေ ဤကဲ့သို့တုန်လှုပ်ချောက်ချားဖွယ် ဖိအားအရှိန်အဝါမျိုးနှင့် ရင်ဆိုင်ရချိန်တွင် သူတို့အားလုံး အစွမ်းအစမဲ့သွားသကဲ့သို့ ခံစားလိုက်ရသည်။
Chapter 2854
သို့ရာတွင် လုယွီ၏အရှိန်နှုန်းသည် သူ စိတ်ကူးယဥ်တွေးတောထားသည်ထက် အဆများစွာပို၍ ကျော်လွန်နေသည်။
"တော်ဝင်မြို့တော်ထဲမှာ မင်းရဲ့လက်တစ်ဖက်တည်းနဲ့ ကောင်းကင်ကိုအုပ်မိုးထားနိုင်မယ်လို့ မင်း ထင်နေတာလား"
လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။သူ၏မှော်စွမ်းအားများကို သူ၏လက်ဝါးအတွင်း၌စုစည်းကာ သူ့ထံတိုးဝင်လာသော စွမ်းအားလှိုင်းကို ရိုက်နှက်လိုက်၏။
ရှေးဟောင်းသိုင်းပညာနည်းစနစ်...ထိုက်ယွမ်လက်ဝါး...
မိုးကောင်းကင်ယံကြီး တုန်ခါလုမတတ် ကျယ်လောင်သော နဂါးဟိန်းသံကြီးက လုယွီ၏ခန္ဓာကိုယ်ရှိ အရိုးများကြားမှ ထွက်ပေါ်လာသည်။
ယဲ့စန်းကော အသုံးပြုလိုက်သော မှော်မန္တန်သည် လုယွီ၏မှော်စွမ်းအင်လက်ဝါးပုံရိပ်ယောင်ကြီးနှင့် ဖီလာဆန့်ကျင်ရိုက်ခတ်မိသည်။
ကြီးကျယ်ခမ်းနားသော မှော်စွမ်းအားများမှ အသွင်ပြောင်းလာသော လက်ဝါးအားလှိုင်းသည် လေပြင်းမုန်တိုင်းတစ်ခုအလား ယဲ့စန်းကော၏မှော်စွမ်းအားလှိုင်းများအားလုံးကို ပျက်ပြယ်သွားစေသည်။
"ခွေးမသား...မင်းက ငါ့ကို တိုက်ခိုက်ဝံ့တာလား"
ဤကဲ့သို့ဖြစ်လာမည်ဟု ယဲ့စန်းကောသည် အနည်းငယ်မျှပင် မျှော်လင့်ထားမိပုံမရချေ။
သူသည် မြင့်မြတ်သောရွှယ်အင်မော်တယ်တစ်ယောက်ဖြစ်ပြီး ခွန်အားကုန်တိုက်ခိုက်သည့်တိုင် လူငယ်တစ်ယောက်ကိုပင် ဖိနှိပ်နိုင်ခြင်းမရှိချေ။
ယဲ့စန်းကောသည် အလွန်ဒေါသထွက်နေသဖြင့် သူ၏စိတ်နှလုံးသားတစ်ခုလုံး ပူပြင်းလောင်ကျွမ်းနေသည်။သူ တန်ပြန်တိုက်ခိုက်ရန် ဟန်ပြင်လိုက်စဥ်မှာပင် လုယွီက ရုတ်တရက် လက်ကိုဆန့်တန်းကာ သူ၏ပခုံးကို ဖိနှိပ်လိုက်၏။
"မင်းက တော်ဝင်နန်းတွင်းရဲ့အရာရှိတစ်ယောက် ဖြစ်တာနဲ့ပဲ...မင်းလုပ်ချင်တာကို လုပ်လို့ရပြီလို့ ထင်နေတာလား"
လုယွီက ယဲ့စန်းကော၏ပခုံးကို သူ၏လက်တစ်ဖက်ဖြင့်ဖိနှိပ်ကာ အားလှိုင်းတစ်လှိုင်း သက်ရောက်သွားစေသည်။ယဲ့စန်းကော၏အရိုးများအားလုံးမှ အက်ကွဲသံများ ထွက်ပေါ်လာသည်။
"မင်း..."
ယဲ့စန်းကော၏ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်လာသည်။လုယွီ၏လက်တစ်ဖက်တည်းဖြင့် ဖိနှိပ်ခံရရုံဖြင့် သူ အပြင်းအထန် ဒဏ်ရာရရှိသွားလေပြီ။
သို့ရာတွင် လုယွီသည် ရပ်တန့်ရန်ရည်ရွယ်မထားချေ။သူ၏လက်မှခွန်အားကို ပို၍စိုက်ထုတ်လိုက်မှုနှင့်အတူ ယဲ့စန်းကောသည် ကြမ်းပြင်ပေါ်သို့ ဒူးထောက်ရက်သား ကျသွားလေ၏။
ဘုန်း...
ယဲ့စန်းကော၏ ခြေထောက်နှစ်ဖက်ကြောင့် ကြမ်းပြင်ပေါ်တွင် အပေါက်ကြီးနှစ်ပေါက် ဖြစ်ပေါ်သွားတော့သည်။
သူ မည်မျှပင် အော်ဟစ်ကြုံးဝါးနေသည်ဖြစ်စေ လုယွီက သူ့ကို မြဲမြံစွာထိန်းချုပ်ထားကာ သူ့အားရုန်းကန်ရန် အခွင့်အရေးမပေးချေ။
"မင်းက တခြားသူတွေကို ဒူးထောက်ခိုင်းရတာ သဘောကျတယ်မလား...အခု မင်း ဘယ်လိုမျိုးခံစားရလဲ"
အေးစက်တင်းမာသော အမူအယာက လုယွီ၏မျက်နှာပေါ်၌ ထင်ဟပ်နေသည်။
ပတ်ဝန်းကျင်ရှိလူများအားလုံး ကြက်သေသေနေကြ၏။
ယဲ့စန်းကောသည် ရွှယ်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူတစ်ယောက်ပင်။
သူသည် လုယွီ၏ဖိအားပေးခြင်းကိုခံရကာ မတ်တတ်ပင်မရပ်နိုင်တော့ချေ။ဤသည်က မည်မျှထိ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ခွန်အားမျိုးဖြစ်သနည်း။
အစောပိုင်းက ဆူဆူညံညံပြုလုပ်နေကြသော အရာရှိများအားလုံး နေရာမှာပင် ကြက်သေသေနေသည်။
တော်ဝင်နန်းတွင်း၏အဆင့်မြင့်အရာရှိဖြစ်သော ယဲ့စန်းကောကို ရွှယ်အင်မော်တယ်များအကြားတွင် ထိပ်ဆုံးနေရာမှ ရပ်တည်နေသူဟု ယူဆနိုင်သည်။သူသည် တိုက်ပွဲပေါင်းများစွာကို ရင်ဆိုင်တိုက်ခိုက်ခဲ့သူလည်းဖြစ်သည်။
ယဲ့စန်းကောသည် ယခင်က တော်ဝင်စစ်တပ်အတွင်း၌ တာဝန်ထမ်းဆောင်ခဲ့သူပင်။သူသည် မရေမတွက်နိုင်သော တိုက်ပွဲများကို ရင်ဆိုင်ကြုံတွေ့ခဲ့ပြီးနောက် သူ၏စစ်ရေးအောင်မြင်မှုများနှင့် ခွန်အားကိုအမှီပြုကာ တော်ဝင်နန်းတွင်း၏အရာရှိတစ်ယောက် ဖြစ်လာခဲ့ပေ၏။
ဤနည်းလမ်းဖြင့် သူသည် တော်ဝင်မြို့တော်ရှိ အစွမ်းထက်ကျင့်ကြံသူများ၏ ထိပ်တန်းအဆင့်တွင် ရပ်တည်နိုင်ခဲ့သည်။
တော်ဝင်မြို့တော်အတွင်း၌ ယဲ့စန်းကောကို တခြားသူများ ရိုသေလေးစားရသည့် အကြောင်းအရင်းမှာ သူ၏ကိုယ်ပိုင်အရည်အချင်းကြောင့်ပင်။
ဤကဲ့သို့ လူစားမျိုးသည် တခြားသူနှင့်ထိပ်တိုက်ရင်ဆိုင်ချိန်တွင် မည်သည်ကြောင့် တိုက်ခိုက်မှုတစ်ခုတည်းဖြင့် ဖိနှိပ်ခံရသနည်း....
မည်သည့်နည်းဖြင့် ဖြစ်နိုင်မည်နည်း...
"မင်းက သေချင်နေတာလား"
ကြမ်းပြင်ပေါ်၌ဒူးထောက်ရန် ဖိအားပေးခံထားရသော ယဲ့စန်းကောက ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်သည်။ကြီးကျယ်ခမ်းနားသော ဖိအားအရှိန်အဝါတစ်ရပ်က သူ၏ခန္ဓာကိုယ်မှ ရုတ်တရက်ထွက်ပေါ်လာကာ ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို လွှမ်းခြုံသွားသည်။
ဤသည်က ရွှယ်အင်မော်တယ်တစ်ယောက်၏ တုန်လှုပ်ချောက်ချားဖွယ်စွမ်းအားပင်။
ဤအရှိန်အဝါ ထွက်ပေါ်လာစဥ်တွင် ပတ်ဝန်းကျင်ရှိလူတိုင်းသည် သူတို့ပေါ်သက်ရောက်လာသကဲ့သို့ ခံစားလိုက်ရ၏။
အားနည်းသူတချို့သည် ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားကာ မတ်တတ်ထရပ်ရန်ပင် ခွန်အားမရှိတော့ချေ။
ဝုန်း...
ယဲ့စန်းကော၏ပတ်ဝန်းကျင်ရှိလူများ ရှင်းလင်းသွားကာ သူက မတ်တတ်ထရပ်နိုင်ရန် ကြိုးပမ်းလိုက်သည်။
"ငါ မင်းကို ထခိုင်းလို့လား"
လုယွီ၏အေးစက်စက်အကြည့်က ယဲ့စန်းကောပေါ် ကျရောက်သွားခြင်းနှင့်အတူ သူ၏လက်ကို ထပ်မံ၍ဖိနှိပ်လိုက်၏။ယဲ့စန်းကော၏ဒူးအောက်ရှိ ကြမ်းခင်းများ ချက်ချင်းကြေမွှပျက်စီးသွားကာ ကြီးမားသောအပေါက်ကြီးတစ်ခု ထွက်ပေါ်လာသည်။
ယဲ့စန်းကော၏ခန္ဓာကိုယ်တစ်ခုလုံး အပေါက်ကြီးမှတဆင့် ကျွံဝင်သွားကာ အောက်ထပ်ရှိ သိုလှောင်ခန်းအတွင်းသို့ ကျရောက်သွားတော့သည်။
ဘုန်း...
ယဲ့စန်းကောသည် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျသွားသော်လည်း ဒူးထောက်ရက် အနေအထားအတိုင်းရှိနေဆဲပင်။
ဝှစ်...
ထိုအချိန်မှာပင် ပြင်းထန်သောလေပြင်းတစ်ချက် တိုက်ခတ်လာခြင်းနှင့်အတူ အနက်ရောင်ပုံရိပ်တစ်ခုက လုယွီကို ပြင်းပြင်းထန်ထန် ဝင်ရောက်တိုက်ခိုက်လေ၏။
Chapter 2855
ထိုအနက်ရောင်ပုံရိပ်သည် သီးသန့်ခန်း၏ပြင်ပ၌ ရုတ်တရက် ထွက်ပေါ်လာခြင်းဖြစ်သည်။သူသည် မည်သည့်သတိပေးမှုမျိုးမျှမရှိဘဲ လုယွီကို ဝင်ရောက်တိုက်ခိုက်ခြင်းပင်။
ထိုအနက်ရောင်ပုံရိပ် နီးကပ်လာစဥ်တွင် လူအများသည် ထိုပုံရိပ်၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရ၏။
ထိုလူသည် တုတ်ခိုင်ထွားကျိုင်းပြီး အရပ်ရှည်ကာ အရာရှိဝတ်စုံကို ဝတ်ဆင်ထားသည်။သူ၏လက်မှဓားရှည်ကို ဓားအိမ်မှချွတ်ထားသဖြင့် သူ့ကိုကြည့်ရသည်မှာ အလွန်အမင်း ရက်စက်ကြမ်းကြုတ်ပုံပေါက်နေသည်။
ဤသည်က လုယွီနှင့်ပထမထပ်တွင် ဆုံတွေ့ခဲ့သော အကြီးအကဲချူးပင်။
အကြီးအကဲချူးသည် မူလက ပထမထပ်တွင် ကင်းလှည့်၍ စောင့်ကြပ်နေခဲ့သည်။ဤနေရာ၌ တိုက်ခိုက်သည့်အသံများကို သူ ကြားမိသဖြင့် အလျင်စလိုပြေးလာခြင်းဖြစ်သည်။
ဤအထပ်သို့ သူ ရောက်ရှိသည်နှင့် လုယွီသည် ယဲ့စန်းကောကို ဖိနှိပ်ထားသည်အား သူ မြင်တွေ့လိုက်ရ၏။ထို့ကြောင့် သူ စိုးရိမ်ပူပန်သွားကာ ယဲ့စန်းကောကို ကယ်တင်ရန် တရကြမ်းဝင်ရောက်တိုက်ခိုက်ခဲ့သည်။
"မင်းက တော်ဝင်နန်းတွင်းရဲ့အရာရှိကိုတောင် ဆန့်ကျင်ပြီး တိုက်ခိုက်ဝံ့တာလား...မင်း ဘယ်သူဘယ်ဝါဖြစ်နေပါစေ အရေးမကြီးဘူး...ဒီတစ်ကြိမ်တော့ မင်း ဒုက္ခတွေ့တော့မယ်"
အကြီးအကဲချူးသည် ဤနေရာသို့အရောက်တွင် လုယွီသည် မောက်မာဝံ့ကြွားပြီး ယဲ့စန်းကောကို တိုက်ခိုက်ဝံ့သည်ကို မြင်တွေ့သဖြင့် အလွန်ဒေါသထွက်သွားသည်။
အကယ်၍ သာမာန်အချိန်များတွင် ကောင်းကင်နှင့်မြေပြင်ကို ကြောက်ရွံခြင်းမရှိသော လူပေါ်ကြော့များဆိုလျှင်ပင် သူ၏မျက်နှာကို မြင်တွေ့ချိန်၌ သူတို့ကိုယ်သူတို့ နှိမ့်ချ၍နေလေ့ရှိသည်။လုယွီကဲ့သို့ ဤနေရာ၌ လှုပ်ရှားဝံ့သော တစ်စုံတစ်ယောက်ကို သူ တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးချေ။
ဤသည်က သူ့ကို အရေးမစိုက်ခြင်းနှင့် တူညီပေ၏။
လုယွီသည် သူ့ရှေ့၌ တောက်ပသောအေးစက်စက် အလင်းရောင်တစ်တန်း ဖျတ်ခနဲလက်သွားသည်ကိုသာ မြင်တွေ့လိုက်ရသည်။ဤသည်က အကြီးအကဲချူး၏လက်အတွင်းရှိ ဓားရှည်မှ ထွက်ပေါ်လာခြင်းပင်။
ဤသည်က မရေမတွက်နိုင်သော တိုက်ပွဲများကို ရင်ဆိုင်ဖြတ်ကျော်ပြီးမှ အသုံးပြုနိုင်သော သေစေနိုင်သည့်တိုက်ခိုက်မှုဖြစ်သည်။
ထိုတိုက်ခိုက်မှုကို တစ်ကြိမ်အသုံးပြုသည်နှင့် လူတစ်ယောက် သေဆုံးရပေမည်။
အကြီးအကဲချုးသည် ယခင်က လုယွီ ရင်ဆိုင်ခဲ့ရသောလူတစ်စုနှင့် ကွဲပြားခြားနားသည်မှာ သိသာထင်ရှားလှ၏။
"မင်းကလည်း ငါ့ကို ဟန့်တားချင်တာလား...ထွက်သွားစမ်း"
လုယွီက အကြီးအကဲချူးကို ကြည့်ရှုခြင်းပင်မရှိချေ။သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ ကြီးကျယ်ခမ်းနားသောအရှိန်အဝါတစ်ရပ်က သူ၏လက်ဝါးအတွင်းမှ ပွင့်အံထွက်လာသည်။
ဓားရှည်သည် လုယွီ၏အနီးသို့ ရောက်ရှိမလာသေးမီမှာပင် တုန်လှုပ်ချောက်ချားဖွယ်အားလှိုင်းကြောင့် လွင့်ထွက်သွားသည်။ထိုဓားရှည်သည် လေထုအတွင်း၌ မျောလွင့်နေသော်လည်း အောက်သို့ကျရောက်လာခြင်းမရှိချေ။
အမ်...
အကြီးအကဲချူး၏မျက်လုံးများ ပြူးကျယ်သွားကာ တောက်ပသောအလင်းတန်းတစ်တန်းက သူ၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။
ဤအချိန်အခိုက်အတန့်တွင် သူသည် ဓားရှည်ကို ခုတ်ပိုင်းလိုက်သော ကိုယ်နေဟန်ထားအတိုင်း ရှိနေဆဲဖြစ်သော်လည်း သူ၏ဓားကို ဝှေ့ယမ်းနိုင်ခြင်းမရှိတော့ချေ။
အကြီးအကဲချူး၏ရှေ့တွင် မမြင်နိုင်သော အတားအဆီးအလွှာတစ်လွှာ ရှိနေသည့်အလား သူ၏ဓားကို ပိတ်ဆို့ဟန့်တားထားကာ အနည်းငယ်မျှပင် ရွေ့လျားနိုင်စွမ်းမရှိတော့ပေ။
ဤသည်က လေနံရံတစ်ခု မဟုတ်ကြောင်း အကြီးအကဲချူးက ကောင်းစွာသိရှိထားသည်။
ထိုအရာသည် သူ့ရှေ့၌ အကန့်အသတ်မရှိသောမှော်စွမ်းအားများ စုဝေးသွားကာ လေဟာနယ်အေးခဲသွားခြင်းဖြစ်သည်။
ခရက်...ခရက်...
ကြည်လင်ပြတ်သားသောအသံများ ကြားလိုက်ရခြင်းနှင့်အတူ အကြီးအကဲချူး၏ဓားရှည်ပေါ်၌ အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာပြီးနောက် အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားတော့သည်။
"လုံမင်ဓားတောင် ကြေမွှပျက်စီးသွားပြီ...ဘယ်လို စွမ်းအားမျိုးလဲ...ဒါက ဘယ်လိုစွမ်းအားမျိုးလဲ"
အကြီးအကဲချူး၏စိတ်နှလုံးသားတစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ရီသွားသည်။သူ၏လက်အတွင်းရှိ ဓားရှည်ကြေမွှပျက်စီးသွားသည်နှင့် သူသည် နောက်သို့ခြေလှမ်းများစွာဆုတ်လိုက်ကာ ရှေ့မတိုးဝံ့တော့ချေ။
"မင်းရဲ့အရည်အချင်းက သာမာန်မဟုတ်ဘူး...ဒါပေမယ့် မင်းက ဘာလို့ အရှင်ယဲ့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ရတာလဲ"
အကြီးအကဲချူးက အလေးအနက်ထားသောလေသံဖြင့် မေးမြန်းသည်။
ဤအချိန်အခိုက်အတန့်တွင် သူ လုယွီကို လျှော့တွက်ဝံ့ခြင်းမရှိတော့ချေ။သူသည် လုယွီကို ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဟု ယူဆထားလေ၏။
လုံမင်ဓားသည် တော်ဝင်နန်းတွင်းမှအရာရှိများ အသုံးပြုသော စံသတ်မှတ်ချက်ဓားရှည်ပင်။ထိုဓားရှည်သည် ဂျင်ရာနှင့်ချီ၍လေးလံကာ အရာရှိများသာ အသုံးပြုခွင့်ရှိသည်။
ထိုဓားရှည်ကို တာယွီအင်ပါယာ၏လက်နက်ထုတ်လုပ်ရေးဌာနမှ အထူးသီးသန့်သွန်းလုပ်ထားခြင်းဖြစ်ကာ အလွန်အမင်း မာကျောခိုင်ခံ့သည်။
အစောပိုင်းက လုယွီ၏လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် သူ၏လက်အတွင်းမှ လုံမင်ဓားရှည် အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားခဲ့သည်။အကယ်၍ ထိုလက်ဝါးသာ သူ့အား ရိုက်ခတ်မိပါက ယခုချိန်၌ သူ၏အသက်ကိုပင် ကာကွယ်နိုင်တော့မည်မဟုတ်ချေ။
လုယွီက အကြီးအကဲချူးကို တစ်ချက်ကြည့်လိုက်၏။
"မင်းက ဒီနေရာမှာဖြစ်နေတဲ့ အခြေအနေကို ဘာမှမသိဘဲနဲ့ အခွင့်အာဏာမရှိဘဲ ငါ့ကိုတိုက်ခိုက်ဝံ့တယ်...တကယ်လို့ မင်းရဲ့အရာရှိအဆင့်အတန်းကြောင့်သာမဟုတ်ရင် ငါ မင်းကို ဒီလောက် လွယ်လွယ်နဲ့ အလွတ်ပေးမှာမဟုတ်ဘူး"
လုယွီက ထိုစကားကိုပြောဆိုပြီးနောက် ယဲ့စန်းကောကို လက်ညှိုးညွှန်ကာ ဆက်လက်၍ပြောဆိုသည်။
"ဒီလူက ငါရထားတဲ့ရတနာကို လိုချင်တပ်မက်နေတာကြောင့်...တခြားသူရဲ့ရတနာကို ခိုးတယ်လို့ ငါ့ကိုစွပ်စွဲခဲ့တယ်...ပြီးတော့ သူက ငါ့ကို အရင်ဦးအောင် တိုက်ခိုက်ခဲ့တယ်...မင်းက ဒီလိုလူစားမျိုးကို ကာကွယ်ချင်တယ်ဆိုတာ သေချာလား"