အခန်း (၂၈၆၆-၂၈၇၀)
Vol. 147 Ch. 2866-2870
Chapter 2866
သူတို့နှစ်ယောက်သည် အချိန်အတော်ကြာ စကားပြောဆိုကြပြီးနောက် ကျန်းယုချင်သည် အကျိုးကျေးဇူးများစွာ ရရှိသွားပေ၏။
ညစာစားပွဲပြီးဆုံးသွားချိန်တွင် သူတို့နှစ်ယောက် လမ်းခွဲ၍ ထွက်ခွာခဲ့ကြကာ လုယွီသည် ရှားဟိုအိမ်တော်သို့ ပြန်လာခဲ့တော့သည်။
သူသည် တော်ဝင်မြို့တော်အတွင်း၌ အခြေတကျနေထိုင်ရန် နေရာတစ်ခု ယခုထိတိုင် မရှိသေးသဖြင့် ရှားဟိုအိမ်တော်၌ အချိန်အတိုင်းအတာတစ်ခုထိ သူ နေထိုင်ရပေမည်။
ညအချိန်တွင် ရှားဟိုအိမ်တော်အတွင်း၌ မှောင်မည်းနေလေပြီ။သို့ရာတွင် ရှားဟိုမိသားစုဝင် လူငယ်တချို့သည် ကျင့်ကြံနေကြဆဲပင်။လေ့ကျင့်ရေးကွင်းပြင်များအတွင်း၌ ရှေ့နောက်လှုပ်ရှား၍ တိုက်ခိုက်နေသော လူတချို့ရှိနေသည်။
လုယွီသည် ထိုနေရာမှဖြတ်သန်းသွားရုံသာဖြစ်ပြီး တခြားသူများကို နှောက်ယှက်လိုခြင်းမရှိချေ။ထို့အစား သူသည် သူ၏ဧည့်ဆောင်သို့ ပြန်သွားခဲ့သည်။
သို့ရာတွင် မမျှော်လင့်ဘဲ သူ၏ဧည့်ဆောင်ပြင်ပတွင် လူတချို့စောင့်ဆိုင်းနေသည်ကို သူ မြင်တွေ့လိုက်ရ၏။
"မဟာအစွမ်းထက်ပုဂ္ဂိုလ်ကြီးလု...ပြန်လာပြီလား...ဘာလဲ....မင်းက ဖူရွှေပွဲတော် ညစာစားပွဲမှာ ပျော်မြူးနေတာလား"
ဧည့်ဆောင်၏အဝင်ဝ၌ လုံယွင်ရှန်းနှင့်ရှားဟိုကျွင်းတို့နှစ်ယောက်က မတ်တတ်ရပ်နေသည်။
ဤအချိန်အခိုက်အတန့်တွင် သူတို့နှစ်ယောက်သည် ဒေါသထွက်နေသောမျက်လုံးအကြည့်များဖြင့် လုယွီကို စူးစိုက်၍ကြည့်နေကြ၏။
မူလက သူတို့နှစ်ယောက် ဖူရွှေပွဲတော်အတွင်းသို့ ဝင်နိုင်ခဲ့ခြင်းမှာ မုဖေးပိုင် ခေါ်ဆောင်လာမှုကြောင့်ဖြစ်သည်။မုဖေးပိုင်သည် အရှက်ရခဲ့သဖြင့် ဒေါသတကြီး ထွက်ခွာသွားခဲ့သည်။ထို့ကြောင့် သူတို့သည် ဖူရွှေပွဲတော်၌ ဆက်၍မနေနိုင်ကြတော့ချေ။
ယခုချိန်၌ သူတို့၏စိတ်နှလုံးသားအတွင်းမှ ဒေါသများကို လုယွီပေါ်သို့ ပုံချလိုခြင်းပင်။
"မင်းတို့က ငါ့ဆီကနေ ဘာလိုချင်လို့လဲ"
လုယွီက လေသံပြတ်ပြတ်နှင့် ပြောဆိုသည်။
"တကယ်တော့ ငါတို့လိုချင်တာရှိတာပေါ့...နင့်ကြောင့်သာမဟုတ်ရင် ငါတို့ ဖူရွှေပွဲတော်ကနေ ဘာလို့ပြန်လာခဲ့ရမှာလဲ...နင်က အရေအရမ်းထူတဲ့ကောင်ပဲ...ဝင်္ကပါကို ငါတို့ရဲ့စီနီယာမုက ချိုးဖျက်ခဲ့တယ်ဆိုတာ အသိသာကြီးလေ...နင်က ခိုးကြောင်ခိုးဝှက်နဲ့ အခွင့်ကောင်းဝင်ယူသွားခဲ့ပြီးတော့ စီနီယာမုကို အရှက်ရစေခဲ့တယ်...ဘယ်လိုလုပ်ပြီးတော့ နင့်လို အရှက်မဲ့တဲ့လူစားမျိုး လောကကြီးထဲမှာ ရှိနေတာလဲ"
လုံယွင်ရှန်းက မကျေမနပ် ပြောဆိုသည်။
ဖူရွှေပွဲတော်မှ ပြန်လာချိန်မှစ၍ သူမ၏ဒေါသများကို တစ်ချိန်လုံး ထိန်းချုပ်ထားခဲ့ရသည်။ယခုချိန်၌ လုယွီ ပြန်ရောက်လာသည်ကိုမြင်တွေ့ချိန်တွင် သူမ၏ဒေါသများ ချက်ချင်းဆိုသလိုပင် ပေါက်ကွဲထွက်လာသည်။
လုယွီက အေးစက်စက်လေသံဖြင့် တုံ့ပြန်ပြောဆိုလိုက်၏။
"မင်းတို့ မှားနေပြီ...ငါကမှ ဝင်္ကပါကိုချိုးဖျက်ခဲ့တဲ့သူပဲ...မင်းတို့စီနီယာမုရဲ့ ဝင်္ကပါချိုးဖျက်မှုနည်းလမ်းက အစကတည်းကမှားယွင်းနေတာ...သူ အဲ့ဒီဝင်္ကပါကို မချိုးဖျက်နိုင်တာ ဘာမှမထူးဆန်းဘူး"
လုယွီသည် အမှန်အတိုင်း ပြောဆိုခြင်းပင်။
သို့ရာတွင် လုံယွင်ရှန်းသည် မည်သည်ကြောင့် လုယွီ၏စကားကို ယုံကြည်လက်ခံမည်နည်း...
"ခစ် ခစ်...ဘယ်လိုဟာသမျိုးလဲ...နင်က ဝင်္ကပါပညာရပ်ကို သိလို့လား...ငါ တခြားသူတွေဆီမှာ စုံစမ်းပြီးပြီ...နင်က အောက်ဘုံကနေ တက်လှမ်းလာတဲ့သူတစ်ယောက်...နင့်ရဲ့ကျင့်ကြံဆင့်က နည်းနည်းလေးအားကောင်းနေတာတစ်ခုပဲ ချီးကျူးစရာရှိတယ်...ဒါတောင်မှ နင်က အဲ့ဒီဝင်္ကပါကို ချိုးဖျက်ခဲ့တယ်လို့ ပြောထွက်သေးတယ်...နင်က အရှက်မရှိတဲ့ ငကြွားကောင်ပဲ...နင် ဒီလိုမျိုး လေကြီးလေကျယ်စကားတွေကို နင့်ပါးစပ်ကပြောထွက်တာ ငါ အံ့သြမိတယ်"
လုံယွင်ရှန်း၏မျက်နှာပေါ်၌ အထင်အမြင်သေးမှုများနှင့် ပြည့်နှက်နေသည်။
"ရှန်းအာ...တော်တော့...ငါ ဆက်ပြောလိုက်မယ်"
ရှားဟိုကျွင်းက ရှေ့သို့တိုးလာကာ ရန်စလိုသောအကြည့်ဖြင့် လုယွီကို ကြည့်လိုက်၏။
"မိသားစုခေါင်းဆောင်က မင်းကို အစွမ်းထက်ကျင့်ကြံသူတစ်ယောက်လို့ ဘာကြောင့်သတ်မှတ်ထားတယ်ဆိုတာ ငါ မသိပေမယ့်...ငါ့ရဲ့အမြင်အရတော့ မင်းက ဘာကောင်မှမဟုတ်ဘူး"
ရုတ်ချည်းဆိုသလိုပင် အစွမ်းထက်သောအရှိန်အဝါတစ်ရပ်က ရှားဟိုကျွင်း၏ခန္ဓာကိုယ်မှ ပွင့်အံ့ထွက်လာသည်။
ထိုအရှိန်အဝါသည် အလွန်တုန်လှုပ်ချောက်ချားဖွယ်ရာပင်။အက်ကွဲကြောင်းများက လုယွီ၏နံဘေးပတ်ဝန်းကျင်ရှိ မြေပြင်ပေါ်တွင် ထွက်ပေါ်စပြုလာသည်။
"မင်းက ဒီနေရာမှာ တိုက်ခိုက်ချင်တာလား"
လုယွီက မျက်မှောင်ကြုတ်လိုက်၏။
အစောပိုင်းက သူ မလှုပ်ရှားခဲ့ရသည့် အကြောင်းအရင်းမှာ သူသည် ရှားဟိုလီအား ရှားဟိုမိသားစုကို ကာကွယ်ပေးမည်ဟု ကတိပေးထားသောကြောင့်ပင်။
သို့ရာတွင် အကယ်၍ ရှားဟိုကျွင်းသည် သူ့အား ထပ်ခါတလဲလဲ ရန်စစော်ကားလာပါက သူ သင်ခန်းစာပေးရန် ဝန်လေးနေမည်မဟုတ်ချေ။
"ဘာမှ မစိုးရိမ်ပါနဲ့...ဘယ်လိုပဲဖြစ်ဖြစ် မင်းက ငါတို့ရှားဟိုမိသားစုရဲ့ ဧည့်သည်တော်တစ်ယောက်ပဲလေ....တကယ်လို့ မင်းသာ ထိခိုက်ဒဏ်ရာရသွားရင် မိသားစုခေါင်းဆောင်က ငါ့ကို အပြစ်တင်လိမ့်မယ်....ပြီးတော့ အကျိုးဆက်တွေကို ငါ တာဝန်ယူရလိမ့်မယ်"
ရှားဟိုကျွင်းက လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်ကာ မောက်မာဝံ့ကြွားသောလေသံဖြင့် ဆက်လက်ပြောဆိုသည်။
"မင်းက အစွမ်းထက်ကျင့်ကြံသူတွေအများကြီးနဲ့ သိကျွမ်းတယ်ဆိုပေမယ့်...မင်း သိထားရမှာက ဒီလောကကြီးထဲမှာ အရာရာတိုင်း အဆက်အသွယ်ကိုပဲ မှီခိုအားကိုးနေလို့မရဘူး...ခွန်အားကသာ အဓိကပဲ...မင်းက တော်ဝင်စာမေးပွဲမှာ ဝင်ပြီးဖြေဆိုမယ်လို့ ငါ ကြားထားတယ်...မင်း တော်ဝင်စာမေးပွဲ ဖြေဆိုတဲ့အချိန်ကျရင် မင်းရဲ့အဆက်အသွယ်တွေက ဘာမှအရေးမပါဘူးဆိုတာ မင်း သိသွားလိမ့်မယ်"
"အဲ့ဒီအချိန်ကျရင် မင်းနဲ့ငါကြားက ကွာဟချက်ကို မင်း ကောင်းကောင်းကြီး နားလည်သွားလိမ့်မယ်...ငါတို့လိုပါရမီရှင်တွေက မင်းနဲ့အဆင့်ချင်းမတူဘူး"
ရှားဟိုကျွင်းက သရော်တော်တော်ပြုံးကာ လုံယွင်ရှန်းကိုခေါ်ဆောင်၍ ထွက်ခွာသွားတော့သည်။
Chapter 2867
သူတို့နှစ်ယောက် ထွက်ခွာသွားပြီးနောက် လုယွီက သူ၏ခေါင်းကိုခါယမ်းကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
သူတို့သည် လုယွီကို အဆက်မပြတ် လှောင်ပြောင်သရော်နေကြသည်။သို့ရာတွင် လုယွီက သူတို့ကို ရေတွင်းထဲမှဖားသူငယ်များဟု သတ်မှတ်ထားသည်ကို သူတို့ မသိကြချေ။
"ငါ့ရဲ့ခွန်အားကို မင်းတို့က ဘယ်လိုလုပ်ပြီးတော့ သိနိုင်မှာလဲ"
လုယွီက သူ၏ခြေထောက်ကိုမြှောက်ကာ လျှောက်လှမ်းလိုက်ပြီးနောက် အခန်းအတွင်းသို့ ပြန်လည်ရောက်ရှိသွားတော့သည်။
အစောပိုင်းက ရှားဟိုကျွင်းသည် သူ၏အရှိန်အဝါကို ဖြန့်ကျက်လိုက်ပြီးနောက် လုယွီကို ခြိမ်းခြောက်နိုင်ပြီဟု တွေးထင်သွားလေ၏။
သို့ရာတွင် သူ၏တုန်လှုပ်ချောက်ချားဖွယ် အရှိန်အဝါကြောင့် ပတ်ဝန်းကျင်ရှိမြေပြင် ကွဲအက်သွားသော်လည်း အက်ကွဲကြောင်းများသည် လုယွီ၏ခြေထောက်အနီးပတ်လည်တွင်သာ ပျံ့နှံ့နေပြီး လုယွီ၏ခြေထောက်အောက်၌မရှိသည်ကို သူ သတိမပြုမိချေ။
သူ၏အရှိန်အဝါသည် မျိုးဆက်တူလူငယ်များအကြားတွင် အတော်အသင့်အရေးပါသည်ဟု ဆိုနိုင်သော်လည်း လုယွီ၏ရှေ့တွင်မူ မလုံလောက်ပေ။
လုယွီသည် အခန်းအတွင်းသို့ ပြန်လည်ရောက်ရှိချိန်၌ နဂါးပုံထွင်းဓားကို ထုတ်ယူလိုက်၏။သူသည် ပြင်းထန်သောအားလှိုင်းတစ်ရပ်ကို ထုတ်လွှတ်ကာ နဂါးပုံထွင်းဓားပေါ်သို့ ကျရောက်သွားစေသည်။
ထိုဓားရှည်မှနေ၍ စူးရှသောအသံများ မြည်ဟီးလာကာ အဆက်မပြတ်တုန်ခါလာပြီး လုယွီ၏စွမ်းအားကို ခုခံတားဆီးနေသည်။
"ဓားကောင်းတစ်လက်ပဲ...ဒီအထဲမှာ မသေမျိုးအဆင့်မှော်လက်နက်ရဲ့တစ်စိတ်တစ်ပိုင်း ရှိနေတယ်ဆိုတာ သေချာတယ်"
ဤှဓားရှည်ကိုသွန်းလုပ်ထားသော လက်ရာသည် မဆိုးလှသော်လည်း လုယွီ၏စွမ်းအားကို ခုခံတားဆီးရန် မလုံလောက်ချေ။
ဤဓားရှည်အတွင်း၌ မသေမျိုးအဆင့်မှော်လက်နက်၏အပိုင်းအစတစ်ခု ရောနှောနေသဖြင့် အလွန်အမင်းမာကျောခိုင်ခံ့နေခြင်းဖြစ်သည်။
မသေမျိုးအဆင့်မှော်လက်နက်အပိုင်းအစ၏ ကူညီထောက်ပံမှုကြောင့် ဤဓားရှည်သည် အဆင့်တူမှော်လက်နက်များအကြား၌ ပြိုင်ဘက်ကင်းဟုဆိုနိုင်သည်။
"ဒီဓားရှည်က မဆိုးဘူးဆိုပေမယ့် အခုချိန်မှာ ငါ့အတွက် အများကြီးအသုံးမဝင်တော့ဘူး...သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ကို မြန်မြန်ကြီးထွားခွင့်ပြုလိုက်မယ်"
ထိုအတွေးစထွက်ပေါ်လာသည်နှင့်အတူ လုယွီသည် ကောင်းကင်ဘုံဧကရာဇ်၏အစစ်အမှန်မီးတောက်ကို ဆင့်ခေါ်ကာ နဂါးပုံထွင်းဓားကို မီးတောက်များအကြားသို့ ပစ်ထည့်လိုက်၏။
ကောင်းကင်ဘုံဧကရာဇ်၏အစစ်အမှန်မီးတောက်မှ ရွှေရောင်မီးတောက်များ ဖြည်းညှင်းစွာ လောင်ကျွမ်းနေသည်။နဂါးပုံထွင်းဓားသည် အရည်ပျော်စပြုလာကာ ထိုအရာပေါ်၌တွယ်ကပ်နေသော မသန့်စင်မှုများအားလုံးကို ဖယ်ရှားလိုက်သည်။
မသန့်စင်မှုများ ပျောက်ကွယ်သွားခြင်းနှင့်အတူ ရောင်စုံကျောက်တုံးတစ်တုံးက နဂါးပုံထွင်းဓားမှ ထွက်ပေါ်လာသည်။
ငါးရောင်ခြယ်ကျောက်တုံးတစ်တုံးက လေထုအတွင်း၌ မျောလွင့်နေကာ ကြည့်ရသည်မှာ သာမာန်ထက်သာလွန်ထူးကဲနေသည်။ဤသည်က နယ်နှင်ဒဏ်ခံရသော အင်မော်တယ်တစ်ယောက် သေမျိုးလောကအတွင်းသို့ ကျရောက်လာသကဲ့သို့ပင်။သူ၏ပုံပန်းသွင်ပြင်သည် သာမာန်ဖြစ်သော်လည်း သူ၏အရှိန်အဝါသည် သာမာန်မဟုတ်ချေ။
လုယွီသည် ငါးရောင်ခြယ်ကျောက်တုံးကို မြင်တွေ့ချိန်တွင် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဖမ်းယူလိုက်၏။
ထိုကျောက်တုံးအတွင်းမှထွက်ပေါ်နေသော အေးစက်စက်အရှိန်အဝါကို ခံစားမိချိန်တွင် လုယွီ၏မျက်နှာပေါ်၌ စိတ်ကျေနပ်သွားသော အရိပ်အယောင်မျိုး ထင်ဟပ်လာသည်။
"ဒါက တကယ့်ကို မသေမျိုးအဆင့်မှော်လက်နက်ရဲ့အပိုင်းအစပဲ"
ဤလောကကြီးအတွင်း၌ မသေမျိုးအဆင့်မှော်လက်နက်ကို အသစ်ထပ်မံထုတ်လုပ်နိုင်ရန် နည်းလမ်းမရှိတော့ချေ။ယခုလက်ရှိချိန်တွင်ရှိနေသော မသေမျိုးအဆင့်မှော်လက်နက်များအားလုံးသည် ရှေးဟောင်းခေတ်ကာလအတွင်းမှ ဆင်းသက်လာခြင်းဖြစ်ပေ၏။
အကယ်၍ မှော်လက်နက်တစ်ခုတွင် မသေမျိုးအဆင့်မှော်လက်နက်၏အပိုင်းအစများ ရောနှောနေပါက ထိုအရာ၏အရည်အသွေးသည် အဆင့်သစ်သို့ရောက်သည်အထိ မြင့်တက်သွားပေမည်။
အကယ်၍ ထိပ်တန်းအရည်အသွေးရှိသော ဧကရာဇ်အဆင့်မှော်လက်နက်တစ်ခုတွင် မသေမျိုးအဆင့်မှော်လက်နက်၏အပိုင်းအစတစ်ခု ရောနှောနေပါက ထိုအရာသည် မသေမျိုးအဆင့်မှော်လက်နက်၏အရှိန်အဝါ တစ်စိတ်တဒေသကို ပိုင်ဆိုင်သွားပေလိမ့်မည်။
မသေမျိုးအဆင့်မှော်လက်နက်၏အပိုင်းအစတိုင်း အလွန်အမင်း အဖိုးတန်ရှားပါးလှ၏။
မသေမျိုးအဆင့်မှော်လက်နက်အပိုင်းအစ၏အရှိန်အဝါကို အာရုံခံမိပုံဖြင့် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင် သိုလှောင်အိတ်အတွင်းမှ ခုန်ထွက်လာသည်။သူ၏မျက်လုံးဝိုင်းကြီးများဖြင့် လုယွီ၏လက်အတွင်းမှ မသေမျိုးအဆင့်မှော်လက်နက်အပိုင်းအစကို စူးစိုက်၍ကြည့်နေကာ သူ၏ပါးစပ်ထောင့်မှ သွားရည်များ ယိုစီးကျနေသည်။
"ဒါက ဘယ်လိုမသေမျိုးအဆင့် မှော်လက်နက်မျိုးလဲဆိုတာ မင်း အာရုံခံနိုင်လား"
လုယွီက မေးမြန်းလေ၏။
သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်သည် လုယွီအနီးသို့ကပ်လာကာ ငါးရောင်ခြယ်ကျောက်တုံး၏အရှိန်အဝါကို ရှုရှိုက်လိုက်သည်။ထို့နောက် သူ၏ခေါင်းကိုခါယမ်းကာ ပြောဆိုသည်။
"ငါ့ရဲ့မှတ်ဥာဏ်တွေ ပျောက်ဆုံးနေတာက အရမ်းပြင်းထန်တယ်....ဒါက ငါ့ရဲ့အထူးပြုဒြပ်စင်ချီနဲ့ လုံးလုံးလျားလျား ကွဲပြားခြားနားနေတယ်ဆိုတာကိုပဲ အာရုံခံနိုင်တယ်...ဒါပေမယ့် တကယ်လို့ ဒီအရာကို ငါ ဝါးမြိုလိုက်မယ်ဆိုရင်...ငါ့ရဲ့ခွန်အားအထွတ်အထိပ်အဆင့်ရဲ့ သုံးဆယ်ရာခိုင်နှုန်းလောက် ပြန်ရလာနိုင်တယ်"
အတိတ်တွင် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ကို တစ္ဆေဧကရာဇ်မှ သန့်စင်ခဲ့ခြင်းဖြစ်သည်။ထိုအရာကို သန့်စင်ပြီးနောက် သံသရာတာအိုကို အမွေဆက်ခံစေကာ ငရဲနယ်မြေအတွင်းမှ သက်ရှိများအားလုံး၏ ရှင်ခြင်းနှင့်သေခြင်းကို ထိန်းချုပ်ခဲ့သည်။
ထို့ကြောင့် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်တွင် အလွန်အေးစက်သော ယင်ချီအရှိန်အဝါများရှိနေသည်။
ငါးရှောင်ခြယ်ကျောက်တုံးထံတွင်မူ တောက်ပပြီးမြင့်မြတ်သော အရှိန်အဝါမျိုးရှိနေကာ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်၏အရှိန်အဝါနှင့် စရိုက်သဘာဝခြင်း ကွဲပြားခြားနားနေပေ၏။
"အထွတ်အထိပ်အဆင့်ရဲ့သုံးဆယ်ရာခိုင်နှုန်းလား...ဒါဆိုရင် လုံလောက်ပြီ"
လုယွီက ငါးရောင်ခြယ်ကျောက်တုံးကို သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ထံသို့ သာမာန်ကာလျှံကာ ပစ်ပေးလိုက်သည်။
Chapter 2868
သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်သည် ရတနာတစ်ပါးကို ရရှိသွားသည့်အလား ထိုငါးရောင်ခြယ်ကျောက်တုံးကို ဝါးမြိုလိုက်၏။
ထိုအရာကိုဝါးမြိုပြီးနောက် သူ၏သေးငယ်သောဗိုက်ကိုပုတ်ကာ စိတ်ကျေနပ်မှုအပြည့်ဖြင့် ပြောဆိုသည်။
"ငါ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံး စွမ်းအားတွေနဲ့ ပြည့်နှက်သွားသလို ခံစားရတယ်...ဂေ့..."
ကြိုတစ်ချက်ထိုးပြီးနောက် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင် အိပ်မောကျသွားကာ ဟောက်သံများ ထွက်ပေါ်စပြုလာသည်။
ဤသည်က အလွန်များပြားသောစွမ်းအင်ပမာဏကို ရုတ်တရက် စုပ်ယူလိုက်ခြင်းပင်။သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်သည် ထိုစွမ်းအားများကို ချေဖျက်နိုင်ရန်အတွက် အိပ်စက်ရန် လိုအပ်သည်။
လုယွီက သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ကို ခြေထောက်မှဆွဲကာ သိုလှောင်အိတ်အတွင်းသို့ ပြန်လည်ပစ်သွင်းလိုက်၏။
သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင် ကြီးထွားလာချိန်တွင် လုယွီ၏လူသတ်လက်နက်တစ်ခုဖြစ်လာမည်မှာ တိကျသေချာသည်။
အကယ်၍ လုယွီသည် နတ်ဘုရားသွေးစက်ကို ဝါးမြိုလျှင်ပင် သူ၏အတိတ်ဘဝမှ ခွန်အား၏ဆယ်ရာခိုင်နှုန်းကိုသာ ယာယီပြန်လည်ရရှိနိုင်သည်။
အကယ်၍ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်သာ ပြန်လည်ကောင်းမွန်လာပါက ထိုအရာထံမှစွမ်းအားသည် မိုးကောင်းကင်ကိုဖျက်ဆီးနိုင်ပြီး မြေပြင်ကို ပြိုလဲစေနိုင်စွမ်းရှိသည်။ထိုစွမ်းအားမျိုးကို စိတ်ကူးယဥ်တွေးတောကြည့်၍ပင် မရနိုင်ချေ။
မသေမျိုးအဆင့်မှော်လက်နက်တစ်ခုတည်းဖြင့် ရှန်လင်းလုံသည် တာယွီအင်ပါယာတစ်ခုလုံးအတွင်းရှိ တာအိုသခင်များကို သူမ၏လက်အောက်ခံ ဖြစ်စေခဲ့သည်။ဤအချင်းအရာကိုကြည့်ခြင်းအားဖြင့် မသေမျိုးအဆင့်မှော်လက်နက်များ မည်မျှထိအစွမ်းထက်သည်ကို သိရှိနိုင်ရန် လုံလောက်ပေ၏။
"အခုချိန်က ဧကရာဇ်အဆင့်မှော်လက်နက်ကို ကြည့်ရမယ့်အချိန်ပဲ"
လုယွီက ဆေဘာဓားရှည်ကို ထုတ်ယူလိုက်သည်။
ထိုဆေဘာဓားရှည်အတွင်းရှိ အကြွင်းအကျန်စိတ်ဝိညာဥ်ကို လုယွီက ဖိနှိပ်ထားပြီးဖြစ်သည်။သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ဆေဘာဓားရှည်ကို ထုတ်ယူလိုက်သည့် အချိန်အခိုက်အတန့်တွင် ထက်ရှသောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ်က ပတ်ဝန်းကျင်နေရာတစ်ဝိုက်၌ ရစ်သိုင်းလွှမ်းခြုံသွားသည်။
လုယွီ နေထိုင်သောအိမ်သည် ယခင်က အလွန်တိတ်ဆိတ်ငြိမ်သက်သော နေရာတစ်နေရာပင်။သို့ရာတွင် ဤအချိန်အတန့််၌ ရုတ်တရက် လေတိုးသံများတဝှီးဝှီးမြည်လာကာ သရဲတစ္ဆေအမြောက်အများ စူးရှရှအော်ဟစ်နေကြသည်နှင့် တူညီနေပေ၏။
ဤဆေဘာဓားရှည်၏ပိုင်ရှင်သည် မည်သည့်အတွေ့အကြုံများကို ဖြတ်ကျော်ခဲ့ရသည်အား မသိရှိနိုင်သော်လည်း ဓားရှည်ကို ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေစေခဲ့သည်။
"ဒါက ရက်စက်ကြမ်းကြုတ်တဲ့ မှော်လက်နက်တစ်ခုပဲ...တကယ်လို့ ဒီမှော်လက်နက်ကို ပိုင်ဆိုင်သွားတဲ့သူမှာ လုံလောက်တဲ့စိတ်စွမ်းအားသာမရှိရင်....သူက ဒီဆေဘာဓားရှည်ရဲ့ သက်ရောက်မှုကို ခံရပြီးတော့...ဓားရှည်ရဲ့ရုပ်သေး ဖြစ်သွားလိမ့်မယ်"
လုယွီသည် မည်သည်ကြောင့် လေလံပွဲအတွင်း၌ ဧကရာဇ်အဆင့်မှော်လက်နက်ထွက်ပေါ်လာသည်ကို ကောင်းစွာသတိပြုမိပြီးဖြစ်သည်။
သို့ရာတွင် ဤသည်က သူ့အတွက် ကြီးမားသောကိစ္စတစ်ရပ် မဟုတ်ချေ။
"လူသေကနေ ပြာ...ပြာကနေ မြေကြီး...မင်းရဲ့အရှင်သခင်တောင် သေဆုံးသွားပြီဖြစ်မှတော့ မင်းလည်းပဲ သူနဲ့အတူ လိုက်သွားသင့်တယ်"
ဤဆေဘာဓားရှည်၏အတွင်းရှိ လက်နက်စိတ်ဝိညာဥ်သည် ပျက်ပြယ်သွားပြီဖြစ်ကာ အကန့်အသတ်မရှိသော သတ်ဖြတ်လိုခြင်းအရှိန်အဝါများသာ ကျန်ရှိခဲ့တော့သည်။ထိုအရှိန်အဝါများကို သူ အသုံးပြုရန်မှာလည်း သူ့အတွက် များစွာအသုံးဝင်မည်မဟုတ်ချေ။
လုယွီက သူ၏လက်ကိုမြှောက်ကာ ထိုဆေဘာဓားရှည်ကို ကောင်းကင်ဘုံဧကရာဇ်၏အစစ်အမှန်မီးတောက်အတွင်းသို့ ထည့်သွင်းလိုက်၏။သူသည် ထိုဆေဘာဓားရှည်ကို သန့်စင်ကာ သူ၏ဆေဘာဓားသုံးလက်ဖြစ်သော ခေါင်းဖြတ်ဓား ယန်ကြွယ်ဓားနှင့်ယို့ကျွင်းဓားတို့ အတွင်းသို့ ထည့်သွင်းလိုက်သည်။
ထိုဆေဘာဓားသုံးလက်သည် သူ၏အတိတ်ဘဝမှာကတည်းက သူနှင့်အတူရှိခဲ့သော အရာများဖြစ်သည်။လုယွီသည် ထိုအရာများကို ထိန်းချုပ်ရာ၌ အလွန်ရင်းနှီးကျွမ်းဝင်ပေ၏။
ဧကရာဇ်အဆင့်မှော်လက်နက်၏ပါဝင်ပစ္စည်းများကို ပေါင်းထည့်ပြီးနောက် ဆေဘာဓားသုံးလက်၏မျက်နှာပြင်များပေါ်တွင် အလင်းတန်းများဖြင့် တဖျတ်ဖျတ်တောက်ပနေသည်။ထို့နောက် ပုံရိပ်သုံးရိပ်က ဝိုးတဝါး ထွက်ပေါ်လာသည်။
ထိုပုံရိပ်များသည် ဆေဘာဓားသုံးလက်၏လက်နက်စိတ်ဝိညာဥ်များပင်။အတိတ်ဘဝတွင် လုယွီ၏ကြွေလွင့်သွားခြင်းနှင့်အတူ ဆေဘာဓားသုံးလက်၏လက်နက်စိတ်ဝိညာဥ်များသည်လည်း နှစ်ခြိုက်စွာအိပ်မောကျသွားခဲ့သည်။
ဤဆေဘာဓားသုံးလက် အတိုင်းအတာတစ်ခုထိ ပြန်လည်ကောင်းမွန်လာမှသာ ထိုလက်နက်စိတ်ဝိညာဥ်များ အသိစိတ်ပြန်လည်ရရှိနိုင်ပေမည်။
……
တစ်ညတာလေ့လာပြီးနောက် လုယွီက အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်သည်။
နဂါးအမြူတေအတွင်းရှိစွမ်းအားများကို သူ အပြည့်အဝ သန့်စင်ပြီးလေပြီ။ယခုလက်ရှိချိန်တွင် လုယွီ၏ခန္ဓာကိုယ်အတွင်း၌ အကန့်အသတ်မရှိသောစွမ်းအားများနှင့် ပြည့်နှက်နေသည်။ညင်သာသော လက်သီးတစ်ချက်ထိုးနှက်ရုံဖြင့်ပင် သူ့ထံမှ ကြီးမားသောခွန်အားတစ်ရပ် ထွက်ပေါ်လာပေမည်။
"နဂါးဧကရာဇ်ရဲ့နဂါးအမြူတေက တကယ့်ကို အစွမ်းထက်တာပါလား...နဂါးအမြူတေတစ်လုံးကို ငါ အသုံးပြုလိုက်တာ ဆယ်စုနှစ်တစ်ခုစာလောက် ပြင်းပြင်းထန်ထန်ကျင့်ကြံရမှာကို သက်သာသွားစေတယ်...ကံဆိုးချင်တော့ ဒါက သိုင်းသူတော်စင်နယ်ပယ်အထွတ်အထိပ်အဆင့်ကို ငါ ချိုးဖျက်ဝင်ရောက်နိုင်ဖို့ မလုံလောက်သေးဘူး"
ထိုအကြောင်းကိုတွေးတောမိချိန်တွင် လုယွီက ကူကယ်ရာမဲ့စွာဖြင့် ခါးသည်းစွာပြုံးလိုက်၏။
အတိတ်ဘဝတွင် သူ၏ကျင့်ကြံဆင့်နယ်ပယ်တိုင်း၌ ခိုင်မာသောအခြေခံအုတ်မြစ်ရှိခဲ့သည်။သို့ရာတွင် ထိုအချိန်တုန်းက သူသည် လေလွင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သဖြင့် တစ်ခါတစ်ရံတွင် သူ့ထံ၌ ရွေးချယ်စရာမရှိသဖြင့် လျှို့ဝှက်ဆေးလုံးတချို့ကိုသောက်သုံးကာ ကျင့်ကြံဆင့်နယ်ပယ်ကို ဖိအားပေး၍ချိုးဖျက်ခဲ့ရသည်။
ဤဘဝတွင် လုယွီသည် ကျင့်ကြံဆင့်နယ်ပယ်တိုင်းကို တည်ငြိမ်စွာ တက်လှမ်းခဲ့သည်။သို့ရာတွင် နောက်ထပ်ကျင့်ကြံဆင့်နယ်ပယ်တစ်ခုသို့ သူ တက်လှမ်းနိုင်ရန်လိုအပ်သော မှော်စွမ်းအားပမာဏသည် နယ်ပယ်တူကျင့်ကြံသူများထက် အဆများစွာ ပို၍များပြားသည်။
လုယွီ၏ကျင့်ကြံမှုအရှိန်နှုန်းသည် အလွန်လျှင်မြန်သည်ဟု သတ်မှတ်၍ရသော်လည်း သူ ပေးဆပ်ရသောတန်ကြေးမှာလည်း အတော်အသင့်မြင့်မားသည်။အကယ်၍ လုယွီ ကြုံတွေ့ခဲ့ရသော ကံကြမ္မာကောင်းတချို့ကြောင့်သာ မဟုတ်ပါက သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် ဤမျှထိအလွန်လျှင်မြန်စွာ မြင့်မားလာမည်မဟုတ်ချေ။
Chapter 2869
နောက်တစ်နေ့၌....
မနက်စောစောအချိန်တွင် လုယွီကို ကျန်းအိမ်တော်သို့ ခေါ်ဆောင်သွားရန်အတွက် ရှားဟိုအိမ်တော်၏ရှေ့သို့ ရထားလုံးတစ်စီး ဆိုက်ရောက်လာသည်။
ထိုရထားလုံးကို ဧည့်သည်တော်များစီးနင်းရန်အတွက် အထူးသီးသန့် ပြင်ဆင်ထားခြင်းဖြစ်သည်။ရထားလုံး၏နောက်ဘက်တွင် ငွေနဂါးအလံတစ်ခုကို ချိတ်ဆွဲထားသည်။
ရထားလုံး၏နံလေးပတ်လည်၌ သံချပ်ကာဝတ်စုံဝတ်ဆင်ထားသော မြင်းစီးအစောင့်အကြပ်၁၆ယောက်ရှိနေရာ ကြည့်ရသည်မှာ အလွန်ခမ်းနားထည်ဝါသည်။
ဤမြင်ကွင်းသည် ရှားဟိုမိသားစုဝင်လူငယ်များ၏စိတ်အာရုံကို ဆွဲဆောင်သွားနိုင်ခဲ့သည်။ရံဖန်ရံခါ သူတို့သည် ထိုရထားလုံး၌ လက်ညှိုးညွှန်၍ သူတို့အချင်းချင်း တီးတိုးပြောဆိုနေကြ၏။
လုယွီ ရထားလုံးပေါ်သို့ ဝင်ထိုင်လိုက်သည်ကိုမြင်တွေ့ချိန်တွင် ပတ်ဝန်းကျင်ရှိ တိုင်ပင်ဆွေးနွေးနေသံများ ပို၍ကျယ်လောင်လာသည်။
"ဟမ့်...ငါတို့ သူကို အရင်ရက်ကပဲ သင်ခန်းစာပေးခဲ့တယ်...အခု သူက ဒီနေရာကိုလာပြီးတော့ သူ့ရဲ့နောက်ခံကို ထပ်ပြီးကြွားဝါနေပြန်ပြီ...ဟီး ဟီး...ဒါ ဟုန်ဖန်းမင်းသမီးက သူ့ကိုလာရှာတာပဲဖြစ်မယ်...ငါ ထင်တဲ့အတိုင်းပဲ သူက မိန်းမတစ်ယောက်ရဲ့အထောက်အပံကိုယူနေတဲ့ကောင်ပဲ...သူ့လိုကောင်မျိုးက အမြဲတမ်း စိတ်ကူးယဥ်ကမ္ဘာထဲမှာပဲ ပျော်မွေ့နေတော့မှာ"
နံဘေးဘက်၌မတ်တတ်ရပ်နေသော လုံယွင်ရှန်းနှင့်ရှားဟိုကျွင်းတို့သည် လုယွီကို အထင်အမြင်သေးသောအကြည့်များဖြင့် ကြည့်နေကြသည်။
.....
တော်ဝင်မြို့တော်...ကျန်းအိမ်တော်...
တော်ဝင်မြို့တော်၏ထိပ်တန်းမိသားစုကြီးရှစ်စုအနက်မှတစ်ခုဖြစ်သော ကျန်းမိသားစု၏အိမ်တော်သည် မြို့တော်၏အနောက်ဘက်ခြမ်းတွင် တည်ရှိသည်။ကျန်းအိမ်တော်သည် အလွန်ကျယ်ပြောကာ အစေခံအမြောက်အများရှိပြီး အလွန်အမင်းကြီးကျယ်ခမ်းနားသော နေရာတစ်ခုပင်။
သို့ရာတွင် ကျန်းအိမ်တော်သည် ရှအိမ်တော်နှင့်ရှောင်အိမ်တော်ကဲ့သို့ ခမ်းနားထည်ဝါခြင်းမရှိချေ။ကျန်းအိမ်တော်သည် ရိုးရှင်းပြီးသပ်ရပ်ကျနသော အဆောက်အအုံများကြောင့် နာမည်ကျော်ကြားပေ၏။
တံခါးမကြီးမှဝင်ရောက်သွားပါက ကျန်းမိသားစု၏ အဆောက်အအုံအမြောက်အများ ဥယျာဥ်အတွင်း၌ တည်ရှိသည်ကို တွေ့မြင်ရပေမည်။ပတ်ဝန်းကျင်တွင် စိမ်းစိုသောမြက်ခင်းပြင်များရှိနေကာ ပတ်ဝန်းကျင်သည် အေးချမ်းငြိမ်သက်ပြီး စိတ်ချမ်းမြေ့ဖွယ်ကောင်းသည်။တစ်စုံတစ်ယောက်ထံတွင် စိတ်ရှုပ်ထွေးစေသော အတွေးများရှိနေလျှင်ပင် ဤနေရာသို့အရောက်တွင် သူ၏စိတ်နှလုံးသားအောက်ခြေမှလာသော တည်ငြိမ်အေးဆေးမှုကို ခံစားရပေမည်။
ကျန်းအိမ်တော်၏အဆင်အပြင်ကို ကျန်းဟောင် ကိုယ်တိုင်ကိုယ်ကျ စီမံထားခြင်းဖြစ်သည်။ကျန်းအိမ်တော်သည် ကောင်းကင်နှင့်မြေပြင်အကြားမှ စိတ်ဝိညာဥ်စွမ်းအားများကို စုပ်ယူ၍ အိမ်တော်အတွက် အသုံးပြုနိုင်သည်။
ထို့ကြောင့် ကျန်းမိသားစုဝင်များသည် အိမ်တော်အတွင်း၌ ကျင့်ကြံနေသရွေ့ တခြားနေရာများထက် အဆများစွာ ပို၍သိပ်သည်းသော စိတ်ဝိညာဥ်စွမ်းအားများကို စုပ်ယူနိုင်သည်။ဤနေရာသည် ပြင်ပလောကရှိ ကျင့်ကြံခြင်းမြင့်မြတ်နယ်မြေနှင့်တူညီနေကာ ပို၍ပင်သာလွန်နိုင်သည်။
"သခင်လေးလု...မိသားစုခေါင်းဆောင်က အကြီးအကဲတစ်ယောက်နဲ့ စကားပြောနေတယ်...သူက ခုချိန်မှာ အပြင်ကို ထွက်လို့မရသေးဘူး....ဒါကြောင့် ဒီအစေခံအိုကြီးကပဲ သခင်လေးလု အရင်ဆုံးအနားယူလို့ရအောင် ခေါ်ဆောင်သွားပေးပါ့မယ်"
ကျန်းအိမ်တော်၏ပင်မတံခါးမကြီးရှေ့တွင် အိမ်တော်ထိန်းလူအိုကြီးတစ်ယောက်က မတ်တတ်ရပ်နေကာ လုယွီကို ရထားလုံးအတွင်းမှဆင်းလာရန် ရိုသေလေးစားစွာ ပြောဆိုလိုက်၏။
ရထားလုံးအတွင်းမှဆင်းလာပြီးနောက် လုယွီသည် သူ့ရှေ့၌ ကြီးကျယ်ခမ်းနားပြီးထည်ဝါသော တံခါးကြီးတစ်ချပ် မားမားမတ်မတ်ရှိနေခြင်းကို မြင်တွေ့မိသည်။
ထိုတံခါးသည် ခြောက်မီတာကျော်မြင့်မားကာ ကမ္ပည်းပြားပေါ်၌ 'ကျန်းအိမ်တော်'ဟူသော စာလုံးကို ရေးသားထားသည်။ထိုစာလုံးများကို ကမ္ဗည်းပြားပေါ်တွင် စာပေသူတော်စင်ကျန်းဟောင်ကိုယ်တိုင် ရေးသားထားခြင်းပင်။ထိုကမ္ပည်းပြားပေါ်ရှိစာလုံးများကို ရေးသားခဲ့သည်မှာ နှစ်ပေါင်းထောင်သောင်းချီ၍ ကြာမြင့်ခဲ့ပြီဖြစ်သည့်တိုင် ကြီးကျယ်ခမ်းနားသောအရှိန်အဝါသည် လျော့ပါးသွားခြင်းမရှိချေ။
တံခါးမကြီး၏ဘေး၌ အစောင့်ရှစ်ယောက်ရှိနေသည်။သူတို့၏လက်ဝဲလက်များတွင် ကြီးမားသောမှော်သားရဲတစ်ကောင်စီကို ကိုင်ဆောင်ထားကာ လက်ယာဘက်လက်ဖြင့် ဓားရိုးကို ဆုပ်ကိုင်ထားကြ၏။သူတို့သည် အရပ်မြင့်မားပြီး သန်မာထွားကျိုင်းကာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။အကြည့်တစ်ချက်ဖြင့်ပင် သူတို့သည် ကျင့်ကြံဆင့်နယ်ပယ်မြင့်မားသော အစွမ်းထက်စစ်သည်တော်များဖြစ်ကြောင်း အတပ်ပြောနိုင်သည်။
အနီရောင်တံခါးမကြီးကို ဖွင့်လိုက်စဥ်တွင် အတွင်းရှိလေထုအတွင်း၌ ပေါ့ပါးညင်သာပြီး နူးညံသိမ်မွေ့သော စိတ်ဝိညာဥ်စွမ်းအားများ ရစ်သိုင်းလွှမ်းခြုံနေသည်။
ဤသည်က စိတ်ဝိညာဥ်စွမ်းအားများ အလွန်ထူထပ်သိပ်သည်းပြီး ပေါကြွယ်ဝသော နေရာများတွင်သာ ထွက်ပေါ်လာလေ့ရှိသော မြင်ကွင်းတစ်ရပ်ပင်။
အိမ်တော်ထိန်းက အပြုံးနှင့် ပြောဆိုသည်။
"ဧည့်သည်တော်...ကျေးဇူးပြုပြီးတော့ စာကြည့်ဆောင်ထဲမှာ ခဏလောက် စောင့်ဆိုင်းပေးပါအုံး...မိသားစုခေါင်းဆောင်က ခဏနေရင် ရောက်လာပါလိမ့်မယ်...သခင်လေးလုက ကျန်းအိမ်တော်ရဲ့ လေးစားရတဲ့ဧည့်သည်တော်တစ်ယောက်ပါ...တကယ်လို့ သခင်လေးလု လိုအပ်တာရှိရင် လွတ်လွတ်လပ်လပ် တောင်းဆိုလို့ရပါတယ်...မိသားစုခေါင်းဆောင်က သခင်လေးလု စိတ်ကျေနပ်အောင် ဧည့်ခံထားဖို့ ကျွန်တော်တို့ကို သေသေချာချာ ညွှန်ကြားထားခဲ့တယ်"
အိမ်တော်ထိန်းက လုယွီကို ကြီးမားကျယ်ပြန့်သောစာကြည့်ဆောင်အတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။
စာပေသူတော်စင်၏မိသားစုဖြစ်သဖြင့် ကျန်းအိမ်တော်တွင် စာကြည့်ဆောင်များသာအမြောက်အများရှိပြီး တိုက်ခိုက်ရေးကွင်းပြင်များ နည်းပါးသည်။
ကျန်းမိသားဝင်တိုင်းနီးပါးတွင် သူတို့၏ကိုယ်ပိုင်စာကြည့်ခန်းများရှိသည်။ကျန်းအိမ်တော်၏စာကြည့်တိုက်တွင် သန်းဆယ်ချီသောစာအုပ်များရှိနေကာ စာအုပ်ပင်လယ်ကြီးဟု လူသိများကျော်ကြားသည်။ထိုစာအုပ်များသည် ပညာရပ်ပေါင်းများစွာကို ခြုံငုံမိလေ၏။
စာအုပ်တစ်အုပ်ကိုဖတ်ရှုခြင်းသည် မိုင်တစ်ထောင်ခရီးသွားလာခြင်းနှင့် ညီမျှသည်။ကျန်းမိသားစုဝင်လူငယ်များအတွက် ငယ်ရွယ်စဥ်ကတည်းက စာပေကိုရင်းနှီးကျွမ်းဝင်အောင် ပြုလုပ်ရခြင်းသည် အခြေခံအကျဆုံးအချက်ပင်။သူတို့၏နေ့စဥ်ကျင့်ကြံမှုအပြင် ကျင့်ကြံခြင်းတာအိုများ လောကီအတတ်ပညာများနှင့် အုပ်ချုပ်မှုနည်းလမ်းများကို သင်ယူကြရသည်။
တိုက်ခိုက်ရန်တစ်ခုတည်းကိုသာ ကျင့်ကြံသူသည် လူရိုင်းတစ်ယောက်နှင့် ကွဲပြားခြားနားခြင်းမရှိချေ။ယခုလက်ရှိ ကောင်းကင်ဘုံနယ်မြေသည် ရှေးဟောင်းအလယ်ခေတ်အတွင်းမှာကဲ့သို့ သိုင်းပညာရပ်တစ်ခုတည်းကသာ ကြီးစိုးထားခြင်းမျိုးမဟုတ်တော့ချေ။ကျင့်ကြံသူတစ်ယောက်သည် တခြားအထောက်အကူပြုပညာရပ်များကိုလည်း သင်ယူထားရန် လိုအပ်ပေ၏။
လုယွီသည် စာကြည့်ဆောင်အတွင်း၌ ထိုင်လိုက်သည်နှင့် အစေခံတစ်ယောက်က စန္ဒကူးအမွှေးတိုင်ကို လာရောက်ထွန်းညှိပေးသည်။သင်းပျံ့သောစန္ဒကူးရနံက စာကြည့်ဆောင်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။
Chapter 2870
ဤစာကြည့်ဆောင်သည် အလွန်ကျယ်ဝန်းကာ အတွင်း၌ စာအုပ်အမြောက်အများရှိနေသည်။
ထိုစာအုပ်များကို အနက်ရောင်စာအုပ်စင်ပေါ်တွင် နေရာချထားသည်။ထိုစာအုပ်စင်ကို အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှ 'ကောင်းကင်စိမ်းသစ်သား'နှင့် ပြုလုပ်ထားကာ အစိတ်အပိုင်းတစ်ခုစီသည် အလွန်အမင်း အဖိုးတန်လှ၏။
စာကြည့်ဆောင်၏အလယ်တွင် စားပွဲရှည်တစ်လုံးရှိနေကာ ထိုအရာပေါ်၌ စာအုပ်ခုနစ်အုပ် ရှစ်အုပ်ခန့်ကို စီထားကာ နံဘေးတွင် စုတ်တံ စာရွက်နှင့်မှင်သွေးကျောက်တို့ရှိနေသည်။မှင်သွေးကျောက်ပေါ်ရှိ မှင်များသည် ယခုထိတိုင် အပြည့်အဝ မခမ်းခြောက်သေးချေ။ကြည့်ရသည်မှာ ဤနေရာ၏ပိုင်ရှင်သည် စာဖတ်ခြင်းနှင့်စာရေးသားခြင်းတို့ကို မကြာခဏပြုလုပ်လေ့ရှိပုံပင်။
ဤနေရာ၌ထိုင်နေပါက တစ်စုံတစ်ယောက်၏စိတ်နှလုံးသားသည် မသိစိတ်မှနေ၍ ယခင်ထက် များစွာတည်ငြိမ်သွားပေမည်။မလိုလားအပ်သောအတွေးများသည်လည်း မည်သည့်အချိန်ကမျှ မရှိခဲ့သကဲ့သို့ မသိလိုက်မသိဘာသာ ပျောက်ကွယ်သွားပေလိမ့်မည်။
"ဒီကျမ်းစာတွေက ကျန်းဟုန်လေ့လာနေတဲ့စာပေတွေပဲဖြစ်မယ်"
လုယွီသည် ပတ်ဝန်းကျင်ရှိ ကျမ်းစာတချို့ကိုမြင်တွေ့ချိန်တွင် ကောက်ယူကာ လှန်လှော၍ဖတ်ရှုလိုက်၏။
အတိတ်ဘဝတွင် သူသည် အမြဲတစေ လှည့်လည်သွားလာနေရသဖြင့် တည်ငြိမ်အေးချမ်းစွာထိုင်၍ စာဖတ်နိုင်သောအခွင့်အရေးမှာ လွန်စွာရှားပါးသည်။ကွန်ဖြူးရှပ်တာအိုဥပဒေသကို ပိုင်ဆိုင်ခဲ့ပြီးနောက် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏မှတ်ဥာဏ်များနှင့် ပေါင်းစည်းလိုက်ချိန်တွင် သူသည် မရေမတွက်နိုင်သောစာအုပ်များကို ဖတ်ရှုပြီးပြီဟု ယူဆနိုင်သည်။
သို့ရာတွင် စာပေသူတော်စင်ကျန်းဟောင်ကိုမူ လုယွီသည် ရင်းနှီးကျွမ်းဝင်ခြင်းမရှိချေ။ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ အကြွင်းအကျန်စိတ်ဝိညာဥ်မှ သူရရှိခဲ့သောမှတ်ဥာဏ်များသည် ပြည့်စုံခြင်းမရှိချေ။အတိတ်ဘဝတွင် သူသည် ဤစာပေသူတော်စင်နှင့် မည်သည့်ထိတွေ့ဆက်နွယ်မှုမျိုးမျှ မရှိခဲ့ချေ။
အတိတ်တွင် သူသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ကိုစိန်ခေါ်ရန် တော်ဝင်မြို့တော်သို့ ရောက်ရှိခဲ့စဥ်၌ စာပေသူတော်စင်သုံးယောက်အနက်မှ မည်သူမျှ ထွက်ပေါ်လာခြင်းမရှိပေ။
သို့ရာတွင် လုယွီသည် ထိုစာပေသူတော်စင်များနှင့် တိုက်ရိုက်ရင်ဆိုင်ဖူးခြင်းမရှိသော်လည်း သူတို့၏အခြေခံအုတ်မြစ်သည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ထက် နိမ့်ကျခြင်းမရှိကြောင်း ကောင်းစွာသိရှိထားသည်။
ကောင်းကင်ဘုံနယ်မြေတခွင်လုံး၌ မရေမတွက်နိုင်သော ပါရမီရှင်အစွမ်းထက်ကျင့်ကြံသူများ ရှိနေသည်။သို့ရာတွင် စာပေသူတော်စင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သော ကျောင်းတော်သားများမှာ အနည်းစုသာရှိပေ၏။ရှေးဟောင်းအချိန်ကာလများအတွင်း၌ပင် စာပေသူတော်စင်များ မွေးဖွားလာရန် လွန်စွာခက်ခဲသည်။ကောင်းကင်နှင့်မြေပြင် ဖရိုဖရဲဖြစ်နေကာ မဟာတာအိုလမ်းကြောင်း ပြီးပြည့်စုံခြင်းမရှိသော ဤကဲ့သို့ နေရာမျိုးတွင် စာပေသူတော်စင်တစ်ယောက်ဖြစ်လာရန်မှာ ပို၍ပင်ခက်ခဲလှသည်။
"ဒါက ကွန်ဖြူးရှပ်တာအိုအကြောင်းကို ရှင်းပြထားတဲ့ ရှေးဟောင်းစာအုပ်ပဲ...စာပေသူတော်စင်တစ်ယောက်လို့ မပြောရဘူး...သူ့ရဲ့ရှင်းပြချက်တွေမှာ ပြိုင်ဘက်ကင်းအတွေးအခေါ် အယူအဆတွေရှိနေတယ်"
လုယွီက စာအုပ်တစ်အုပ်ကို ကောက်ယူ၍ ဖတ်ရှုလိုက်၏။ထိုစာအုပ်ပေါ်တွင် 'မိုးကောင်းကင်ရေကျမ်းစာ၏အနှစ်ချုပ်'ဟု ရေးသားထားသည်။
ရှေးဟောင်းအချိန်ကာလအတွင်း၌ ရေကိုထိန်းချုပ်ရာတွင် နာမည်ကျော်ကြားသော စာပေသူတော်စင်တစ်ယောက်ရှိခဲ့သည်။သူသည် သူ၏တပည့်များနှင့် တာအိုဆွေးနွေးရာတွင် များသောအားဖြင့် ရေမျက်နှာပြင်ပေါ်တွင် ပြုလုပ်လေ့ရှိသည်။သူ ရေးသားခဲ့သော မိုးကောင်းကင်ရေကျမ်းစာသည် ရှေးဟောင်းအချိန်ကာလအတွင်းမှ လက်ဆင့်ကမ်းဆင်းသက်လာသော ကျမ်းစာတချို့အနက်မှတစ်အုပ်ဖြစ်ပြီး အလွန်အမင်း အဖိုးတန်ရှားပါးသည်။
ထိုကျမ်းစာများသည် နက်နဲသိမ်မွေ့ပြီး နားလည်သဘောပေါက်နိုင်ရန် ခက်ခဲလှ၏။ရှေးဟောင်းအချိန်ကာလများအတွင်းတွင် ကျမ်းစာအများစု၏အနက်အဓိပ္ပါယ်ကို တိုက်ရိုက်တပည့်များကသာ နားလည်သဘောပေါက်နိုင်သည်။
စာပေသူတော်စင်ကျန်းဟောင်သည် မိုးကောင်းကင်ရေကျမ်းစာအပေါ်၌ ပြိုင်ဘက်ကင်းအယူအဆများကို ကောက်နှုတ်ရေးသားထားခဲ့သည်။ထိုစာအုပ်ကို အနည်းငယ်ဖတ်ရှုပြီးနောက် လုယွီ၏မျက်လုံးများ တောက်ပသွားသည်။
ဤစာအုပ်အတွင်းရှိ စာလုံးတိုင်းနှင့် စာကြောင်းတစ်ကြောင်းစီကို အသေးစိတ်ကျကျ ရှင်းလင်းထားသည်။ကြည့်ရသည်မှာ သူသည် တခြားသူများ နားလည်သဘောပေါက်ခြင်းမရှိမည်ကို စိုးရိမ်ပုံဖြင့် တချို့နေရာများတွင် စာလုံးသေးတချို့ရေးသားကာ ထပ်မံ၍ရှင်းပြထားလေ၏။သူသည် အလွန်အမင်း အသေးစိတ်ကျသူတစ်ယောက်ဟု ဆိုနိုင်သည်။
ကွန်ဖြူးရှပ်တာအိုကို ယခင်က လေ့လာဖူးခြင်းမရှိသူပင်လျှင် ဤစာအုပ်တစ်အုပ်လုံးကို ဖတ်ရှုပြီးပါက အကျိုးကျေးဇူးများစွာ ရရှိသွားပေမည်။
"ကျန်းဟောင်က စာပေသူတော်စင်တစ်ယောက်ဖြစ်လာဖို့ ထိုက်တန်တဲ့လူပဲ...ငါ သူ့ကို အရင်က မမြင်တွေ့ဖူးပေမယ့် သူရေးသားထားတဲ့စာလုံးတွေကို ဖတ်ရုံနဲ့....ဒီစာလုံးတွေထဲကနေ သူ့ရဲ့မျက်နှာကို မြင်နေရသလိုပဲ"
လုယွီက အံ့အားသင့်စွာဖြင့် ဆက်လက်၍ ဖတ်ရှုလိုက်၏။
ထိုစာအုပ်ကို ဂရုတစိုက်ဖတ်ရှုပြီးနောက် လုယွီ၏ရှေ့၌ ရုတ်တရက် စာကြောင်းတစ်ကြောင်း ထွက်ပေါ်လာသည်။ထိုစာလုံးများ အတူတကွပေါင်းစည်းသွားချိန်တွင် စည်းမျဥ်းနိယာမတစ်ခုက လုယွီ၏စိတ်အတွင်း၌ ခတ်နှိပ်ပြီးသား ဖြစ်သွားလေ၏။
ဤအဆင့်ကျမ်းစာများ၏ စာကြောင်းတစ်ကြောင်းစီတွင် နက်နဲသိမ်မွေ့သောအဓိပ္ပါယ်များပါဝင်သည်။အကယ်၍ တစ်စုံတစ်ယောက်သည် ထိုအရာကို အပြည့်အဝနားလည်သဘောပေါက်လိုပါက ထိုသူ့ထံတွင် လုံလောက်သောအခြေခံအုတ်မြစ်မရှိလျှင် မဖြစ်နိုင်ချေ။
ကံကောင်းထောက်မစွာဖြင့် လုယွီထံတွင် နက်ရှိုင်းသောအခြေခံအုတ်မြစ်ရှိနေသည်။ထိုကျမ်းစာကို တစ်ချက်ကြည့်ရုံဖြင့်ပင် သူ၏စိတ်အတွင်း၌ မှတ်သားထားနိုင်စွမ်းရှိသည်။
လုယွီ ဆက်လက်၍ ဖတ်ရှုနေခြင်းနှင့်အတူ သူ၏ခန္ဓာကိုယ်အတွင်းရှိ ကွန်ဖြူးရှပ်တာအိုဥပဒေသ အနည်းငယ်တိုးတက်စပြုလာသည်။
ဤသည်က သူသည် ထူးဆန်းသောရေစီးကြောင်းနံဘေး၌ ထိုင်နေရသကဲ့သို့ပင်။ထိုနေရာ၌ လူအမြောက်အများ ပလ္လင်ခွေထိုင်နေကာ တာအိုဆွေးနွေးနေကြ၏။ထိုတာအိုသဘောတရားများက တစ်ခုပြီးတစ်ခု သူ၏စိတ်အတွင်းသို့ စီးဝင်လာသည်။