အခန်း (၂၈၇၁-၂၈၇၅)
Vol. 147 Ch. 2871-2875
Chapter 2871
ဝုန်း...
ရုတ်ချည်းဆိုသလိုပင် သူ၏စိတ်အတွင်းမှ အတားအဆီးတချို့ ရုတ်တရက်ရှင်းလင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ဤအချိန်အခိုက်အတန့်တွင် သူသည် မြောက်မြားစွာသောစည်းမျဥ်းဥပဒေသများကို နားလည်သဘောပေါက်သွားသကဲ့သို့ပင်။
အတိတ်တွင် သူ့အား အခက်တွေ့စေခဲ့သော ပြဿနာများကို ဖြေရှင်းနိုင်သော အတွေးအခေါ်အသစ်များ ရုတ်တရက် ရရှိလာပေ၏။
လုယွီက သူ၏စိတ်ဝိညာဥ်သည် တိမ်စိုင်များအကြား၌ ပျံသန်းနေသကဲ့သို့ ခံစားနေရသည်။ထိုခံစားချက်သည် ညင်သာပေါ့ပါးပြီး နူးညံသိမ်မွေ့နေကာ သူ၏အရှိန်အဝါသည် အဆများစွာပို၍ မြင့်တက်လာသည်။
သူ၏မိုးကောင်းကင်လှိုဏ်ဂူအတွင်းရှိ ကွန်ဖြူးရှပ်တာအိုဥပဒေသ၏သင်္ကေတဖြစ်သော စွမ်းအားသည် အဆများစွာ ခုန်ပျံကျော်လွှား၍ တိုးတက်သွားပေ၏။
ထိုအခြင်းအရာနှင့်အတူ သူ့စိတ်ဝိညာဥ်၏စွမ်းအားသည်လည်း တိုးတက်လာခဲ့သည်။
"သူက တကယ့်ကို စာပေသူတော်စင်လို့ ခေါ်ထိုက်တယ်...ဒီစာအုပ်ထဲမှာ အဆုံးမရှိတဲ့ မဟာတာအိုသဘောတရားတွေ ပါဝင်နေတယ်...တကယ်လို့ ငါ့မှာသာ နက်ရှိုင်းတဲ့အခြေခံအုတ်မြစ်မရှိရင် ဒီထဲမှာရေးသားထားတဲ့အရာတွေကို ငါ ဘယ်လိုနည်းနဲ့မှ နားလည်သဘောပေါက်နိုင်မှာမဟုတ်ဘူး"
လုယွီက မျက်လုံးစုံမှိတ်ကာ သူ နားလည်သဘောပေါက်ထားသောအရာများကို ထပ်မံ၍ အသေးစိတ်လေ့လာဆင်ခြင်လိုက်သည်။
ဤရှင်းပြချက်များကို သူ အပြည့်အဝ နားလည်သဘောပေါက်လိုပါက သူ ထပ်ခါတလဲလဲဖတ်ရှုရန် လိုအပ်သည်။
ကျောင်းတော်သားအများစုသည် သူတို့၏ဘဝတစ်သက်စာတွင် ကျမ်းစာတစ်အုပ်ကို တစ်ကြိမ်လေ့လာရုံဖြင့်မှတ်သားနိုင်သော်လည်း သူတို့၏နားလည်သဘောပေါက်မှုတွင် အားနည်းချက်အမြောက်အများရှိနေသည်။
သို့ရာတွင် လုယွီအတွက်မူ ဤကျမ်းစာကို အပြည့်အဝနားလည်သဘောပေါက်နိုင်ရန်မှာ မဖြစ်နိုင်သောကိစ္စတစ်ရပ် မဟုတ်ချေ။
လုယွီ၏ယခုလက်ရှိ စိတ်ဝိညာဥ်စွမ်းအား သူ၏အသိပညာဗဟုသုတနှင့် နားလည်သဘောပေါက်နိုင်စွမ်းတို့အရ ဤစာအုပ်တစ်အုပ်လုံးကို အချိန်နှစ်နာရီအတွင်း၌ အပြည့်အဝ လေ့လာဆင်ခြင်နိုင်သည်။
"ဒီနေရာကို ရတနာတောင်ကြီးတစ်တောင်လို့ ယူဆလို့ရတယ်...ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့မိုးကောင်းကင်ကျမ်းစာဆောင်တောင် ဒီနေရာနဲ့ယှဥ်ရင် အများကြီးအဆင့်နိမ့်တယ်"
ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာပြီးနောက် လုယွီသည် ထိပ်တန်းမိသားစုကြီးများနှင့်ပတ်သက်၍ အတွေးအမြင်သစ်တချို့ကို ရရှိသွားသည်။
တော်ဝင်မြို့တော်ရှိ ထိပ်တန်းမိသားစုကြီးရှစ်စုမှ လူငယ်မိသားစုဝင်များသည် နေ့စဥ်နေ့တိုင်း ဖတ်ရှုလေ့လာရန် စာအုပ်အမြောက်အများရှိနေသည်။သူတို့၏ကျင့်ကြံမှုအတွက် လမ်းညွှန်ပေးမည့် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ ရှိနေရုံသာမက ပညာရပ်အမျိုးမျိုးကိုလည်း မတောက်တခေါက် လေ့လာသင်ယူနိုင်သည်။
ထိုအချက်ကြောင့် လေလွင့်ကျင့်ကြံသူများနှင့် အင်အားစုငယ်များမှကျင့်ကြံသူများသည် သူတို့ထက် သာလွန်နိုင်ရန် အလွန်အမင်း ခက်ခဲနေခြင်းပင်။
လုယွီသည် ထိုစာအုပ်ကို စားပွဲပေါ်သို့ပြန်ချကာ ပြင်ပရှိ မိုးကောင်းကင်ယံကို တစ်ချက်ကြည့်ပြီးနောက် ဆက်လက်၍ဖတ်ရှုလိုက်၏။
ယခင်က ကျန်းဟုန်သည် ကျန်းအိမ်တော်သို့လာရန် သူ့အား ဖိတ်ကြားခဲ့သည်။သို့ရာတွင် သူသည် ယခုလက်ရှိချိန်၌ အိမ်တော်ထိန်းတစ်ယောက်ကိုသာစေလွှတ်၍ သူ့အားကြိုဆိုခိုင်းခဲ့ကာ ဤနေရာ၌ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းစေခဲ့သည်။ဤသည်က ရိုင်းပျမှုတစ်ခုပင်။
သို့ရာတွင် လုယွီသည် ဤနေရာ၌ သန်းနှင့်ချီသောစာအုပ်များရှိနေသောအချက်ကို ထည့်သွင်းမဖော်ပြလျှင်ပင် ယခင်ကတည်းက သူသည် အတုအယောင်ကြိုဆိုမှုမျိုးကို ကြိုက်နှစ်သက်သူမဟုတ်ချေ။သူ့အတွက် ဤသည်က အလွန်အမင်းအဖိုးတန်သော အခွင့်ကောင်းကြီးပင်။
လုယွီသည် စာကြည့်ဆောင်အတွင်းရှိ စာအုပ်များကို တစ်အုပ်ပြီးတစ်အုပ် ဆက်လက်၍ဖတ်ရှုလိုက်၏။
အချိန်သည် တဖြည်းဖြည်းနှင့် နေဝင်ရီတရောအချိန်သို့ ရောက်ရှိသွားလေပြီ။
စာကြည့်ဆောင်အတွင်းမှ ညလင်းပုလဲများသည် အလိုအလျောက် လင်းလက်တောက်ပလာကာ တစ်ခုနှင့်တစ်ခု ရောင်ပြန်ဟပ်နေပြီး စာကြည့်ဆောင်တစ်ခုလုံးကို နေ့အချိန်အလား ထွန်းလင်းတောက်ပနေစေသည်။
လုယွီသည် အချိန်ရှစ်နာရီခန့် စာဖတ်ခဲ့ကာ ရာနှင့်ချီသောစာအုပ်များကို လှန်လှော၍ ဖတ်ရှုပြီးလေပြီ။
လုယွီ၏စိတ်အတွင်း၌ မဟာတာအိုသဘောတရားများ မျောလွင့်နေကာ သူ၏မျက်လုံးအတွင်း၌ အသိဥာဏ်ပညာများဖြင့် ပြည့်နှက်နေသည်။ဤသည်က သူသည် ဥပဒေစည်းမျဥ်းအမြောက်အများကို ဖမ်းဆုပ်နိုင်ခဲ့ခြင်းကြောင့်ပင်။
ဤသည်က စာအုပ်များကိုဖတ်ရှုပြီးနောက် သူ၏အသိဥာဏ်ပညာကို ဖုံးကွယ်မထားနိုင်တော့ခြင်း၏ ရလဒ်လည်းဖြစ်သည်။
ရုတ်တရက် လုယွီက စာကြည့်ဆောင်တံခါးကို တစ်ချက်ကြည့်ကာ ပြောဆိုသည်။
"မင်း ဒီနေရာကို ရောက်လာပြီဆိုမှတော့...ဝင်လာခဲ့တော့"
စာကြည့်ဆောင်တံခါး တွန်းဖွင့်ခြင်းခံရကာ အတွင်းသို့ ကျန်းဟုန် ဝင်ရောက်လာသည်။
ဤအချိန်အခိုက်အတန့်တွင် ကျန်းဟုန်၏မျက်နှာပေါ်၌ အနည်းငယ်ပင်ပန်းနွမ်းနယ်နေသော အရိပ်အယောင်များရှိနေသည်။သူက လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုလေ၏။
"စီနီယာ...ကျေးဇူးပြုပြီးတော့ ငါ့ကို ခွင့်လတ်က်ပေးပါ...ငါက မိသားစုကြားမှာ ဖြေရှင်းစရာရှိတဲ့ ကိစ္စတချို့ကို တိုင်ပင်ဆွေးနွေးနေရတယ်...ဒါပေမယ့် ဒီလောက်ထိ အချိန်ကြာသွားမယ်လို့ ငါ မျှော်လင့်မထားမိဘူး...ငါက စီနီယာကို အကြာကြီးစောင့်ဆိုင်းနေရအောင် လုပ်ခဲ့မိတယ်"
"ဒါက အဆင်ပြေပါတယ်...ငါက ဒီစာကြည့်ဆောင်ကနေ အကျိုးကျေးဇူးတွေ အများကြီးရခဲ့တယ်...ငါက ကျန်းမိသားစုခေါင်းဆောင်ကို ကျေးဇူးတောင် တင်ရမှာ"
လုယွီက ပွင့်ပွင့်လင်းလင်း ပြောဆိုသည်။
ကျန်းဟုန်သည် သူ့အား ဤစာကြည့်ဆောင်အတွင်း၌ အနားယူနိုင်ရန် စီစဥ်ပေးထားခဲ့သည်။
ဤစာကြည့်ဆောင်အတွင်းသို့ဝင်ရောက်၍ အတွင်းရှိ ကျမ်းစာများကိုဖတ်ရှုလေ့လာနိုင်ရန်မှာ မရေမတွက်နိုင်သောလူများ စိတ်ကူးယဥ်အိမ်မက်မက်နေကြသည့် ကိစ္စတစ်ရပ်ပင်။
ကျန်းဟုန်က ပြောဆိုသည်။
"ငါက စီနီယာကို ကတိပေးထားတဲ့ နဂါးအမြူတေကိုရှာဖို့ ဘဏ္ဌာတိုက်ထဲကို အစောကြီးကတည်းက လူတွေစေလွှတ်ပြီးပြီ...ငါက နဂါးဧကရာဇ်တစ်ပါး ကြွင်းကျန်ခဲ့တဲ့ နဂါးအမြူတေကို ရှာတွေ့ခဲ့တယ်"
Chapter 2872
ထိုသို့ပြောဆိုပြီးသည်နှင့် ကျန်းဟုန်က လက်ရာမြောက်သော သစ်သားသေတ္တာတစ်လုံးကိုထုတ်ယူကာ လုယွီ၏ရှေ့ရှိ စားပွဲပေါ်၌ တင်လိုက်သည်။
ထိုသစ်သားသေတ္တာကိုဖွင့်လိုက်ချိန်တွင် အတွင်း၌ ရွှေရောင်နဂါးအမြူတေတစ်လုံးရှိနေသည်။ထိုနဂါးအမြူတေ၏မျက်နှာပြင်ပေါ်တွင် ရေခိုးရေငွေ့များရှိနေကာ နဂါးတစ်ကောင်၏ဝိုးတဝါးပုံရိပ်က ထိုအရာ၏နံဘေးပတ်လည်တွင် လှည့်ပတ်နေလေ၏။
"ဒါက 'နဂါးဧကရာဇ်ပိုင်ချန်'ရဲ့ နဂါးအမြူတေပဲ...သူ့ရဲ့စွမ်းအားက နဂါးဧကရာဇ်နင်းရွှမ်လောက် မကောင်းပေမယ့်...သူကလည်း တစ်ချိန်က အရပ်လေးမျက်နှာလုံးကို အမိန့်ပေးထိန်းချုပ်နိုင်ခဲ့တဲ့ နဂါးဧကရာဇ်တစ်ပါးပဲ...အတိတ်မှာတုန်းက ဒီနဂါးအမြူတေကို ငါတို့မိသားစုရဲ့ဘိုးဘေးတွေက မတော်တဆရရှိခဲ့တယ်...ဒီအရာထဲမှာ တုန်လှုပ်ချောက်ချားဖို့ကောင်းအောင်များပြားတဲ့ စိတ်ဝိညာဥ်စွမ်းအားတွေ ပါဝင်နေပြီးတော့ ဒါကို ငါတို့မိသားစုရဲ့ဘဏ္ဌာတိုက်ထဲမှာ အမြဲတမ်းသိမ်းဆည်းထားခဲ့တယ်"
ကျန်းဟုန်က ရှင်းပြသည်။
ကျန်းဟုန် မည်သည့်စကားမျှ ပြောဆိုခြင်းမရှိလျှင်ပင် လုယွီသည် ထိုနဂါးအမြူတေမှ ထွက်ပေါ်နေသည့် တလိမ့်လိမ့်ထနေသော စိတ်ဝိညာဥ်စွမ်းအားများကို ခံစားမိပြီးဖြစ်သည်။
ထိုနဂါးအမြူတေနှင့်ဆိုပါက လုယွီသည် သူ သိုင်းပညာသူတော်စင်နယ်ပယ် အထွတ်အထိပ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်မည်ဟု အခိုင်အမာယုံကြည်ချက်ရှိသည်။
သို့ရာတွင် လုယွီသည် ထိုနဂါးအမြူတေကို ယူဆောင်ခြင်း မပြုသေးချေ။ထိုအစား သူက ကျန်းဟုန်ကိုကြည့်ကာ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလိုက်၏။
"ကျန်းမိသားစုခေါင်းဆောင်...ငါ မင်းအတွက် ဘာလုပ်ပေးဖို့ လိုအပ်တယ်ဆိုတာ မင်း ငါ့ကို ပွင့်ပွင့်လင်းလင်းပြောပါ...ဘာအကျိုးဆောင်မှုမှမရှိဘဲ ဆုလာဘ်ကိုမရယူနိုင်ဘူးဆိုတဲ့ ဆိုရိုးစကားလိုပဲ...မင်းရဲ့ ဒီနဂါးအမြူတေကို တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးလို့ ယူဆလို့ရတယ်...ဒါနဲ့ဆိုရင် မင်းတို့ရဲ့မိသားစုထဲမှာ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ကို မွေးထုတ်ပေးဖို့ လုံလောက်တယ်...တကယ်လို့ မင်း ငါ့ကို ဒီအရာပေးလိုက်မယ်ဆိုရင် မင်းအပေါ်မှာ ဖိအားတွေအများကြီး ကျရောက်သွားမှာကို ငါ စိုးရိမ်မိတယ်"
ကျန်းအိမ်တော်သို့ လုယွီ ရောက်မလာမီကတည်းက ဖေးထျန်ကွမ်းသည် ကျန်းမိသားစုနှင့်ပတ်သတ်သော သတင်းအချက်အလက်များကို လုယွီထံသို့ ညတွင်းချင်း ပေးပို့ထားပြီးလေပြီ။
ထိပ်သီးမိသားစုကြီးများ၏ မိသားစုခေါင်းဆောင်နေရာများတွင် တခြားအင်အားစုများကို ခြိမ်းခြောက်နိုင်စွမ်းရှိသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများကသာ တာဝန်ယူလေ့ရှိသည်။
သို့ရာတွင် ကျန်းမိသားစုကမူ ကွဲပြားခြားနားပေ၏။စာပေသူတော်စင်ကျန်းဟောင်သည် တော်ဝင်နန်းတွင်း၏မဟာဆရာသခင်ဟောင်းတစ်ယောက်ဖြစ်သဖြင့် နန်းတွင်းအစဥ်အလာနှင့်စည်းမျဥ်းများကို လိုက်နာစောင့်ထိန်းသည်။ထို့ကြောင့် သူ၏မိသားစုအတွင်းတွင်လည်း ထိုစည်းမျဥ်းများကို ကျင့်သုံးရလေ၏။တိုက်ရိုက်သွေးမျိုးဆက်၏အမွေအနှစ်ဆက်ခံမှုအရ မိသားစုခေါင်းဆောင်အဖြစ် ရွေးချယ်ခံရသူ၏အမွေအနှစ်သည် အလွန်အမင်းမဆိုးရွားသရွေ့ ထိုလူသည် မိသားစုခေါင်းဆောင်နေရာကို ဆက်ခံနိုင်သည်။
ကျန်းဟုန်သည် ယခင် ကျန်းမိသားစုခေါင်းဆောင်ဟောင်း၏သားတစ်ယောက်ပင်။မိသားစုအမွေအနှစ်ဆက်ခံမှု၏ဝါစဥ်အရ သူသည် မိသားစုခေါင်းဆောင်နေရာကိုဆက်ခံရန် ထိုက်တန်သည်။
သို့ရာတွင် ကျန်းဟုန်၏ယခုလက်ရှိခွန်အားသည် နိမ့်ပါးနေပေ၏။မည်သို့ပင်ဆိုစေကာမူ သူသည် ငယ်ရွယ်သော လူငယ်တစ်ယောက်ပင်။
ထို့ထက်ပို၍အရေးကြီးသောအချက်မှာ သူသည် ကျန်းအိမ်တော်၌ ကြီးပြင်းလာခြင်းမဟုတ်ချေ။ထိုအစား သူသည် ငယ်စဥ်ကတည်းက ကျင့်ကြံရန်အတွက် ဝေးလံခေါင်သီသောကြယ်နယ်မြေတစ်ခုသို့ ပို့ဆောင်ထားခြင်းခံရကာ ထိုနေရာ၌ ကြီးပြင်းခဲ့ရသည်။
အကျိုးဆက်အနေဖြင့် သူ၏ဖခင် ရုတ်တရက်သေဆုံးသွားမှုကြောင့် သူ ကျန်းအိမ်တော်သို့ ပြန်လာခဲ့စဥ်တွင် မိသားစုအတွင်း၌ အနည်းငယ်မျှပင် လွှမ်းမိုးနိုင်မှု မရှိတော့ချေ။ထို့ကြောင့် မိသားစုအတွင်းရှိ အကြီးအကဲများသည် ကျန်းဟုန်၏နေရာကို လိုချင်တပ်မက်စိတ်များ ပြင်းပြလာကြ၏။
မည်သို့ပင်ဆိုစေကာမူ ကျန်းဟုန်သာ သေဆုံးသွားပါက အကယ်၍ တိုက်ရိုက်သွေးမျိုးဆက် ပြတ်တောက်သွားလျှင်ပင် တခြားမိသားစုခွဲများမှ အကြီးအကဲများသည် မိသားစုခေါင်းဆောင်နေရာအတွက် ယှဥ်ပြိုင်နိုင်သည့်အခွင့်အရေးကို ရရှိနိုင်သည်။
ယခုလက်ရှိချိန်တွင် ကျန်းဟုန်သည် အဖိုးတန်ရှားပါးသော နဂါးအမြူတေကို လုယွီအားပေးနိုင်ရန်အတွက် ဖိအားအမြောက်အမြားကို ခံယူခဲ့ရပေမည်။သူသည် အကြောင်းအရင်းမရှိဘဲ ထိုအရာကို လုယွီအား ထုတ်ပေးမည်မဟုတ်ချေ။
"ငါက စီနီယာနဲ့ မိတ်ဆွေဖြစ်ချင်ခဲ့တယ်...စီနီယာကို ပထမဆုံးမြင်တွေ့ခဲ့တဲ့အချိန်ကတည်းက ငါက မိတ်ဆွေဟောင်းတစ်ယောက်လို့ ခံစားရတယ်....ဒီနဂါးအမြူတေကို သိမ်းဆည်းထားတာ ဆယ်စုနှစ်တွေအများကြီး ကြာမြင့်နေခဲ့ပြီးတော့ ငါ အိမ်တော်ကို ပြန်လာတဲ့အထိပဲ...လူတိုင်းက ဒါကို လိုချင်ကြတယ်...သူတို့က မိသားစုဝင်ထဲက တစ်ယောက်ယောက်ရသွားမှာကိုလည်းသဘောမတူကြဘူး...ဒါကြောင့် ငါက ဒါကို ဘဏ္ဌာတိုက်ထဲမှာပဲ ဆက်ပြီးသိမ်းဆည်းထားခဲ့တယ်.. အဲ့ဒီလိုထားမှာထက် ငါက စီနီယာကို လက်ဆောင်ပေးတာက ပိုပြီးကောင်းမယ်လို့ ငါ ထင်တယ်"
ကျန်းဟုန်က ရုတ်တရက် အချိန်တခဏကြာ တုံ့ဆိုင်းပြီးနောက် ခါးသည်းသောအပြုံးနှင့် ဆက်လက်ပြောဆိုသည်။
"ဒါပေမယ့် တကယ်တော့ စီနီယာကို အကူအညီတောင်းရမယ့် ကိစ္စတစ်ခု ငါ့မှာရှိနေတယ်....စီနီယာက ဝေ့မိသားစုကို ကြားဖူးလား"
ဝေ့မိသားစုဟု ဆိုသလော....
ထိုမိသားစုနာမည်သည် လုယွီ၏စိတ်အတွင်း၌ ဖြတ်ပြေးသွားသည်။
ဝေ့မိသားစုသည် တော်ဝင်မြို့တော်ရှိ ထိပ်တန်းမိသားစုကြီးရှစ်စုအနက်မှတစ်ခုပင်။
တစ်ချိန်တည်းမှာပင် သူတို့သည် ဓားအင်မော်တယ်မိသားစုလည်းဖြစ်သည်။ဝေ့မိသားစု၏ဘိုးဘေးသည် ကောင်းကင်ဘုံနယ်မြေရှိ ထိပ်တန်းဓားအင်မော်တယ်ဂိုဏ်းများအနက်မှ တစ်ဂိုဏ်းဖြစ်သော ဓားရေအိုင်မြင့်မြတ်နယ်မြေကို တည်ထောင်ခဲ့သည်။
ကောင်းကင်ဘုံနယ်မြေအတွင်းရှိ မရေမတွက်နိုင်သော ဓားကျင့်ကြံသူများသည် ဓားရေအိုင်မြင့်မြတ်နယ်မြေသို့ ဝင်ရောက်ခွင့်ရပါက အလွန်ဂုဏ်ယူဝင့်ကြွားကြ၏။
အတိတ်ဘဝတွင် ဝေ့မိသားစု၏ဘိုးဘေးသည် သူ၏လက်အောက်မှ နယ်မြေသခင်တစ်ယောက်ကို စိန်ခေါ်တိုက်ခိုက်ခဲ့သည်အား သူ အမှတ်ရနေဆဲပင်။တိုက်ကွက်အနည်းငယ်သာ ဖလှယ်ရသေးသော်လည်း ဝေ့မိသားစုဘိုးဘေးသည် ရှုံးနိမ့်သွားခဲ့ရသဖြင့် အရှက်ရသွားခဲ့သည်။ဝေ့မိသားစုဘိုးဘေးသည် ကျင့်ကြံရန်အတွက် တံခါးပိတ်ကျင့်ကြံနေကာ တခြားသူများကို စိန်ခေါ်ရန်အတွက် ပြင်ပသို့ တစ်ကြိမ်တစ်ခါမျှ ထွက်ပေါ်လာခြင်းမရှိတော့ချေ။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ဓားရေအိုင်မြင့်မြတ်နယ်မြေ၏ နာမည်ဂုဏ်သတင်းသည် မှေးမှိန်သွားခြင်းမရှိဘဲ ဆက်လက်၍တောက်ပနေဆဲပင်။
Chapter 2873
"ဝေ့မိသားစုလား...မင်းက ဘာလို့ ဝေ့မိသားစုရဲ့အကြောင်းကို ရုတ်တရက်ကြီး ပြောတာလဲ"
လုယွီက မေးမြန်းသည်။
ဝေ့မိသားစုသည် မူလက ပြင်ပလောကရှိအင်အားစုတစ်စုဖြစ်ကာ တော်ဝင်မြို့တော်ရှိအင်အားစုများအကြားတွင် ကြားဝင်စွက်ဖက်နိုင်စွမ်းမရှိချေ။
သို့ရာတွင် ဝေ့မိသားစုသည် နည်းလမ်းမျိုးစုံ အစွမ်းကုန်ကြိုးစား၍ အသုံးပြုကာ ရှမိသားစုနှင့် လက်ထပ်မှုအရ ပေါင်းစည်းခဲ့သည်။ရှမိသားစုသည် လူငယ်ပါရမီရှင်ဆယ်ယောက်ကျော်ကို ဝေ့မိသားစုဝင်မိန်းကလေးများနှင့် လက်ထပ်စေခဲ့လေ၏။
ဝေ့မိသားစုသည် ရှမိသားစု၏မျက်နှာသာပေးမှုကို ရရှိရန်အတွက် ဂိုဏ်းအစောင့်အရှောက်နတ်ဘုရားဓားဖြစ်သော 'ကောင်းကင်အကြေးခွံဓား'ကိုပင် ရှကွေ့ကျုံးကို ဆက်သခဲ့သည်။
ဤအခြင်းအရာကိုကြည့်ခြင်းအားဖြင့် ဝေ့မိသားစုသည် ရှမိသားစုဘက်၌ လုံးလုံးလျားလျားရှိနေသည်ဟု ယူဆနိုင်သည်။ဝေ့မိသားစုသည် တော်ဝင်မြို့တော်သို့ ရောက်ရှိလာစဥ်တွင် သူတို့၏ကိုယ်ပိုင်အင်အားနှင့် ရှမိသားစု၏အရင်းအမြစ်ထောက်ပံပေးမှုများကြောင့် တခြားအင်အားစုများကိုကျော်တက်ကာ မြို့တော်၏ထိပ်သီးမိသားစုကြီးရှစ်စုအနက်မှ တစ်စုဖြစ်လာသည်။
ဤနှစ်များအတွင်းတွင် ဝေ့မိသားစုသည် လှုပ်ရှားမှုများကို အဆက်မပြတ်လုပ်ဆောင်ကာ အင်အားစုငယ်များနှင့်ဂိုဏ်းငယ်များကို တိုက်ခိုက်သိမ်းပိုက်ခဲ့သဖြင့် ထင်ရှားကျော်ကြားလာပေ၏။
အတိတ်သို့ပြန်တွေးကြည့်ပါက ဝေ့မိသားစု၏လုပ်ဆောင်ချက်များသည် တရားလွန်လာသောကြောင့် ဖေးထျန်ကွမ်းသည် စုံစမ်းစစ်ဆေးရန် တော်ဝင်စစ်ခုံရုံးကို အမိန့်ပေးခဲ့သည်။မမျှော်လင့်ဘဲ ဝေ့မိသားစု၏နောက်ခံအင်အားသည် အလွန်နက်ရှိုင်းနေသဖြင့် ဖေးထျန်ကွမ်းသာ ရာထူးနေရာမှ ဆွဲချခြင်းခံလိုက်ရသည်။
ကျန်းဟုန်က သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုလေ၏။
"မိသားစုတိုင်း ပြင်ပမှာစီးပွားရေးလုပ်ငန်းတွေရှိတယ်...အရင်တုန်းကတော့ ဒါက ငြိမ်းငြိမ်းချမ်းချမ်းပဲ...ဘယ်သူက တွေးမိမှာလဲ...ဝေ့မိသားစုက ကြယ်မြစ်တွေမှာရှိတဲ့ ငါတို့ကျန်းမိသားစုရဲ့ လုပ်ငန်းတွေကို ရုတ်တရက်ကြီး ဝင်တိုက်ခိုက်မယ်ဆိုတာ...သူတို့မှာ ဓားအင်မော်တယ်တွေရှိနေတယ်ဆိုတဲ့အချက်ကို မှီခိုပြီးတော့ အပြင်မှာရှိနေတဲ့ ငါတို့ရဲ့မိသားစုဝင်တွေကို ထိခိုက်ဒဏ်ရာရအောင်လုပ်ခဲ့တယ်"
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
"ဝေ့မိသားစုက အရမ်းမောက်မာရိုင်းစိုင်းနေပါလား...သူတို့က စာပေသူတော်စင်ကျန်းရဲ့နာမည်ဂုဏ်သတင်းကိုတောင် ဂရုမစိုက်ကြဘူးလား"
ကျန်းမိသားစု၏နောက်တွင် စာပေသူတော်စင်ကျန်းဟုန်ရှိနေသည်။
စာပေသူတော်စင်သုံးယောက်အနက်မှတစ်ယောက်ဖြစ်သော ကျန်းဟုန်သည် အဆင့်အတန်းအလွန်မြင့်မားကာ သူ့ထံတွင် မရေမတွက်နိုင်သောတပည့်များရှိပေ၏။
ဝေ့မိသားစုသည် ဤကဲ့သို့လူစားမျိုး၏မိသားစုကို ထိတွေ့ဝံ့သည်မှာ သေလမ်းရှာခြင်းပင်။
"အမှန်ပဲ...ငါတို့က သူတို့ကို အကြိမ်ပေါင်းများစွာ သတိပေးခဲ့တယ်...ဒါပေမယ့် ဝေ့မိသားစုက အပေါ်ယံမှာ မလှုပ်ရှားဝံ့ပေမယ့်...သူတို့က ငါတို့ရဲ့နောက်ကွယ်ကနေ ခိုးကြောင်ခိုးဝှက် လှုပ်ရှားနေကြတယ်...ငါတို့ ကျန်းမိသားစုရဲ့လုပ်ငန်းတွေကို လျှို့ဝှက်ကြံစည်နေတဲ့ နတ်ဆိုးတွေရှိတယ်...သူတို့က နတ်ဆိုးတွေကို သုတ်သင်ရှင်းလင်းတယ်ဆိုတဲ့ နာမည်ကိုခံယူပြီးတော့ ငါတို့ကို တိုက်ခိုက်နေတာပဲ"
ကျန်းဟုန်က သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ အလေးအနက်ထားသောလေသံဖြင့် ဆက်လက်ပြောဆိုသည်။
"သူတော်စင်က ဒီလိုမျိုးကိစ္စငယ်လေးတွေကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဘူး...မိသားစုထဲက အကြီးအကဲတွေကတော့...သူတို့က ဒီပြဿနာထဲ ငါ့ကိုပစ်ထည့်ချင်နေကြတယ်...တကယ်လို့ ငါက ဒီကိစ္စကို ကောင်းကောင်းမဖြေရှင်းနိုင်ဘူးဆိုရင် ဒါက ကျန်းမိသားစုရဲ့ဂုဏ်သတင်းကို ညှိုးနွမ်းစေတာနဲ့ အတူတူပဲ...သူတို့က ဒီအကြောင်းပြချက်ကို အသုံးပြုပြီးတော့ ငါ့ကို မိသားစုခေါင်းဆောင်နေရာကနေ ဖြုတ်ချကြလိမ့်မယ်"
"ဒီနေ့လွန်သွားတာနဲ့...ဝေ့မိသားစုကလူတွေလာပြီးတော့ နောက်တစ်နှစ်အတွက် အကန့်အသတ်မဲ့ကြယ်မြစ်ပေါ်က စွမ်းအားတွေခွဲဝေဖို့အတွက်ကို ဆုံးဖြတ်ကြလိမ့်မယ်...ဒါကြောင့် စီနီယာလုက ငါ့ကိုကူညီပေးဖို့ တောင်းဆိုချင်တယ်"
ကျန်းဟုန်က အကူအညီတောင်းခံလိုက်၏။
လုယွီက မေးမြန်းသည်။
"တကယ်လို့ ငါ ခန့်မှန်းတာမမှားဘူးဆိုရင်...ကျန်းမိသားစုမှာ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေ ရှားပါးနေမှာမဟုတ်ဘူး...ဘာလို့ မင်းက ငါလို အပြင်လူတစ်ယောက်ကို အကူအညီတောင်းရတာလဲ"
ကျန်းဟုန်၏မျက်နှာပေါ်၌ ခါးသည်းသောအရိပ်အယောင်မျိုး ထင်ဟပ်လာသည်။
"ငါတို့ကျန်းမိသားစုက ဘယ်လိုပဲဖြစ်ဖြစ် စာပေသူတော်စင်ရဲ့မိသားစုဖြစ်နေတယ်...ဝေ့မိသားစု ဘယ်လောက်ပဲ မောက်မာရိုင်းစိုင်းနေပါစေ သူတို့က ငါတို့ကျန်းမိသားစုကို အမှန်တကယ် ထိပ်တိုက်ဆန့်ကျင်တိုက်ခိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး...ဒါကြောင့် သူတို့အတွက် လွယ်ကူမယ့် နည်းလမ်းတစ်ခုကို ရွေးချယ်ခဲ့တယ်...ဒါက မိသားစုနှစ်စုကြားမှာ ဝင်္ကပါချင်း ယှဥ်ပြိုင်တိုက်ခိုက်ဖို့ပဲ"
"မိသားစုတစ်စုစီဘက်ကနေ ဝင်္ကပါပညာရှင်ငါးယောက် ရွေးချယ်ပြီးတော့ ငါးကြိမ်တိုက်ခိုက်ရမယ်...ဒီတိုက်ပွဲမှာအနိုင်ရတဲ့မိသားစုက အကန့်အသတ်မဲ့ကြယ်မြစ်ပေါ်မှာ အကြွင်းမဲ့အခွင့်အာဏာကို ရရှိနိုင်တယ်...အကန့်အသတ်မဲ့ကြယ်မြစ်က အင်အားစုတော်တော်များများ လိုချင်တပ်မက်နေကြတဲ့ အသားတုံးကြီးတစ်တုံးပဲ...မိသားစုအကြီးအကဲတွေတွေးထားတာက တကယ်လို့ ဒီအရာကိုသာ ငါ ဖြေရှင်းရရင်...ကျန်းမိသားစုက အကန့်အသတ်မဲ့ကြယ်မြစ်ကို ထိန်းချုပ်ခွင့်ဆုံးရှုံးပြီးတော့ ငါ့ရဲ့မိသားစုခေါင်းဆောင်နေရာကို အဆုံးသတ်နိုင်လိမ့်မယ်"
လုယွီက ပြောဆိုသည်။
"ဒါက ဝင်္ကပါပညာရပ် ယှဥ်ပြိုင်မှာလေ...ဘာလို့ မင်းက ငါ့ကို ဒီလောက်ထိ ယုံကြည်နေတာလဲ"
ကျန်းဟုန်က လုယွီကိုကြည့်ကာ ပြောဆိုလိုက်၏။
"အဲ့ဒီနေ့က ဖူရွှေပွဲတော်မှာ စီနီယာက လှုပ်ရှားမှုတစ်ခုတည်းနဲ့ ဝင်္ကပါကို ချိုးဖျက်ခဲ့တယ်ဆိုတာ ငါ သိထားပြီးပြီ...စီနီယာရဲ့ ဝင်္ကပါပညာရပ်အပေါ်ကျွမ်းကျင်မှုက သာမာန်မဟုတ်ဘူးဆိုတာ ငါ ခန့်မှန်းမိတယ်...ငါတို့ကျန်းမိသားစုမှာ ဝင်္ကပါပညာရှင်တချို့ရှိပေမယ့် သူတို့က ဖူရွှေပွဲတော်ရဲ့ဝင်္ကပါကို ချက်ချင်းချိုးဖျက်နိုင်မှာမဟုတ်ဘူး...စီနီယာမှာ အရည်အချင်းရှိတယ်ဆိုတာ ငါ ယုံကြည်တယ်"
လုယွီက အချိန်တခဏကြာတွေးတောပြီးနောက် တိတ်ဆိတ်ငြိမ်သက်စွာ ခေါင်းညိတ်ပြလိုက်၏။အကယ်၍ သူသည် နဂါးအမြူတေကို အလိုရှိပါက ဝင်္ကပါပညာရပ်ပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ရပေမည်။ဤတောင်းဆိုမှုကို သူ လက်သင့်ခံနိုင်သည်။
Chapter 2874
"ကောင်းပြီလေ...မင်း အဲ့ဒီကိစ္စကို စီစဥ်လိုက်ပါ"
လုယွီက ခေါင်းညိတ်ပြကာ သဘောတူညီလိုက်၏။
သူသည်လည်း ကောင်းကင်ဘုံနယ်မြေရှိ တခြားဝင်္ကပါပညာရှင်များ၏နည်းစနစ်များကို မြင်တွေ့လိုသည်။
အတိတ်တွင် လုယွီ အောက်ဘုံ၌ရှိနေစဥ်တွင် တစ်ခါတစ်ရံတွင် အစွမ်းထက်သောရန်သူများနှင့် ရင်ဆိုင်ရချိန်၌ နဂါးသွေးကြောများကို ဝင်္ကပါအဖြစ်ထိန်းချုပ်၍ သူ့ထက်ပို၍ ကျင့်ကြံဆင့်မြင့်မားသူများကို သတ်ဖြတ်နိုင်ခဲ့သည်။
ဝင်္ကပါပညာရှင်အများစုသည် မိသားစုကြီးများနှင့်ဂိုဏ်းကြီးများ၏ မဟာအကာအကွယ်ဝင်္ကပါကြီးများကဲ့သို့သော ဝင်္ကပါများခင်းကျင်းရာတွင် ကျွမ်းကျင်ကြသည်။
ထိုဝင်္ကပါများကိုခင်းကျင်းထားမှုသည် ကောင်းမွန်သော်လည်း အစပျိုးရန်အတွက် အခြေအနေများ အတိုင်းအတာတစ်ခုထိလိုအပ်ကာ တိုက်ခိုက်ရန်အတွက် အသုံးပြုနိုင်ခြင်းမရှိချေ။
လုယွီ၏ဝင်္ကပါများသည် များသောအားဖြင့် တိုက်ခိုက်ရန်ကိုသာ ဦးတည်ထားပေ၏။
ဤကဲ့သို့ ဝင်္ကပါပညာရပ်မျိုးကို ပို၍အဆင့်မြှင့်တင်နိုင်ရန် အားကောင်းသောပြိုင်ဘက်များ လိုအပ်သည်။လုယွီသည် ဝင်္ကပါပညာရပ်အပေါ်တွင် နက်ရှိုင်းသောအခြေခံအုတ်မြစ်ရှိသော်လည်း ဤဘဝတွင် သူသည် မည်သူနှင့်မျှ ဝင်္ကပါပညာရပ်ခြင်း မယှဥ်ပြိုင်ခဲ့ဖူးချေ။
လုယွီ၏သဘောတူညီမှုကိုကြားချိန်တွင် ကျန်းဟုန်၏မျက်လုံးများ တောက်ပသွားကာ သူက ပျော်ရွှင်ဝမ်းမြောက်စွာ ပြောဆိုသည်။
"စီနီယာကို ကျေးဇူးအများကြီးတင်ပါတယ်...စီနီယာ ရောက်လာမှတော့ ငါတို့ကျန်းမိသားစုက ဒီတစ်ကြိမ်ပြိုင်ပွဲမှာ အနိုင်ရမှာသေချာတယ်...နောက်ထပ်ငါးရက်အကြာမှာ ဝေ့မိသားစုကလူတွေ ရောက်လာလိမ့်မယ်...ဒီအချိန်အတောအတွင်းမှာ စီနီယာက ကျွန်တော်တို့ကျန်းအိမ်တော်မှာ အနားယူနေဖို့ ဖိတ်ခေါ်ပါရစေ"
ကျန်းဟုန်သည် လုယွီအား ရိုသေလေးစားစွာဖြင့် နဂါးအမြူတေ ပေးအပ်ခဲ့သည့်အပြင် စာကြည့်ဆောင်အတွင်း၌လည်း နေထိုင်ခွင့်ပြုခဲ့သည်။
ဤှသည်က ကျန်းမိသားစုခေါင်းဆောင်တစ်ယောက်တည်းသာ နေထိုင်ရန် အရည်အချင်းပြည့်မီသော နေရာတစ်ခုပင်။စာကြည့်ဆောင်၏နံဘေးတွင် အခန်းတစ်ခန်းရှိကာ အတွင်း၌ ကုတင်အိပ်ယာနှင့်ပရိဘောဂပစ္စည်းများအားလုံးကို အပြည့်အစုံ စီစဥ်ထားသည်။
အချိန်အများစုတွင် ကျန်းဟုန်သည် ဤနေရာ၌ တံခါးပိတ်ကျင့်ကြံနေလေ့ရှိသည်။
ထို့ထက်ပို၍ အရေးကြီးသောအချက်မှာ စာကြည့်ဆောင်အတွင်း၌ အဖိုးတန်ရှားပါးသော စာအုပ်အမြောက်အများ ရှိနေခြင်းပင်။ပညာရပ်မျိုးစုံနှင့်ဆက်နွယ်နေသော စာအုပ်များကို ဤနေရာ၌ တစ်စုတစ်စည်းတည်း တွေ့ရှိနိုင်သည်။ဤစာအုပ်များအနက်မှအများစုကို ပြင်ပလောကတွင် ရှာဖွေ၍မရနိုင်ချေ။
လုယွီကို ဤနေရာ၌ နေထိုင်ခွင့်ပြုလိုက်သော ဆက်ဆံမှုအတွက် ကျန်းမိသားစုဝင်အမြောက်အများ စိတ်မကျေမနပ်ဖြစ်နေကြ၏။
လုယွီကမူ မည့်သည့်အားတောင့်အားနာစကားကိုမျှ မပြောဆိုတော့ချေ။သူသည် နဂါးအမြူတေကိုယူဆောင်၍ စားပွဲပေါ်သို့ ပြန်တင်ထားလိုက်သည်။
သူသည် ဤနဂါးအမြူတေကိုဝါးမြိုရန် အလျင်မလိုချေ။အလျင်စလိုပြုလုပ်ခြင်းသည် ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေနိုင်သည်။သူ၏ခန့်မှန်းချက်အရ ဤနဂါးအမြူတေအတွင်း၌ပါဝင်သော စွမ်းအားများသည် သူ့အား သိုင်းပညာသူတော်စင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိစေရန် လုံလောက်သည်။
သိုင်းပညာသူတော်စင်အထွတ်အထိပ်အဆင့်သည် လူသားခန္ဓာကိုယ်၏အကန့်အသတ်ပင်။ရှေးဟောင်းအချိန်ကာလအတွင်းမှ နာမည်ကျော်ကြားသော သိုင်းပညာသူတော်စင်အများစုသည် ဤအဆင့်အရောက်တွင် ရပ်တန့်သွားကြ၏။
ရှေးဟောင်းအချိန်ကာလများအတွင်းရှိ ကျင့်ကြံသူများသည် ထာဝရအသက်ကို ရရှိလိုသဖြင့် သူတို့၏ရုပ်ခန္ဓာကိုယ်များကို သန့်စင်ခဲ့ကြသည်။ဤသည်က ကောင်းကင်ဘုံတာအိုကို ဆန့်ကျင်သောလှုပ်ရှားမှုပင်။အကယ်၍ တစ်စုံတစ်ယောက်သည် သိုင်းပညာသူတော်စင်ထက်မြင့်မားသောအဆင့်သို့ တက်လှမ်းလိုပါက လူသားခန္ဓာကိုယ်၏အကန့်အသတ်ကို ချိုးဖျက်ရပေမည်။ထိုလူသည် ကောင်းကင်နှင့်မြေပြင်အကြားမှ ဥပဒေသများကို ချိုးဖျက်နိုင်မှသာ သိုင်းပညာအင်မော်တယ်တစ်ယောက် ဖြစ်လာပေမည်။
သို့ရာတွင် လုယွီသည် အလျှင်လိုခြင်းမရှိချေ။
သူသည် နဂါးဧကရာဇ်နင်းရွှမ်၏နဂါးအမြူတေကို ဝါးမြိုထားသဖြင့် ထိုစွမ်းအားများကို အပြည့်အဝသန့်စင်နိုင်ရန် အချိန်လိုအပ်သည်။
လုယွီထံတွင် သိုင်းပညာသူတော်စင်အဆင့်ရုပ်ခန္ဓာကိုယ်ရှိနေသဖြင့် နဂါးအမြူတေနှစ်ခုလုံးကို တစ်ချိန်တည်းသန့်စင်နိုင်သည်။သို့ရာတွင် ဤသည်က သူ့အတွက် အလွန်စွန့်စားလွန်းရာကျပေမည်။ရက်အနည်းငယ်သာ သူ ထပ်မံ၍စောင့်ဆိုင်းရန် လိုအပ်သဖြင့် လုယွီသည် မလိုအပ်ဘဲ စွန့်စားမှုမပြုလုပ်လိုချေ။
"ဒါက အဖိုးတန်တဲ့ အခွင့်အရေးတစ်ခုပဲ...ဒီနေရာမှာ ကျန်းဟုန်ရေးသားခဲ့တဲ့ စာအုပ်တွေ ဘယ်လောက်များများရှိနေလဲဆိုတာ ငါ မသိဘူး...ဒီနေရာမှာ ကျင့်ကြံဖို့အခွင့်အရေးရနေမှတော့ ငါက ဒါကို လက်လွတ်မခံနိုင်ဘူး"
လုယွီသည် တခြားစာအုပ်တစ်အုပ်ကို ထုတ်ယူကာ ပလ္လင်ခွေထိုင်၍ ဂရုတစိုက်ဖတ်ရှုလိုက်၏။
တံခါး၏ပြင်ပရှိ ကောင်းကင်ယံအတွင်း၌ လမင်းကြီးက ထွန်းလင်းနေကာ ကြယ်တာရာများက ကျိုးတိုးကျဲတဲ တောက်ပနေသည်။သို့ရာတွင် လုယွီသည် ပင်ပန်းနွမ်းနယ်ခြင်းမရှိသည့်အလား စာအုပ်များကို အဆက်မပြတ် ဖတ်ရှုနေလေ၏။
……
ကျန်းအိမ်တော်...သူတော်စင်ခန်းမ
ဤနေရာသည် စာပေသူတော်စင်ကျန်းဟောင်၏အမွေအနှစ်များကို တရိုတသေထိန်းသိမ်းထားသော နေရာဖြစ်ပြီး မြင့်မြတ်သောအရှိန်အဝါများ ပျံ့နှံ့နေကာ နတ်ဆိုးစိတ်ဝိညာဥ်များ ချဥ်းကပ်နိုင်ခြင်းမရှိချေ။
သူတော်စင်ခန်းမသည် ကျန်းမိသားစုအတွင်းရှိ အရေးကိစ္စများကို တိုင်ပင်ဆွေးနွေးသော နေရာလည်းဖြစ်ကာ မိသားစုအတွင်းရှိ အရေးကြီးကိစ္စတချို့ကို ဤနေရာ၌ ဆုံးဖြတ်ချက်ချလေ့ရှိသည်။
ဤအချိန်အခိုက်အတန့်တွင် သူတော်စင်ခန်းမအတွင်း၌ လူများဖြင့် ပြည့်နှက်နေသည်။
ကျန်းဟုန်သည် တည်ကြည်လေးနက်သော မျက်နှာအမူအယာဖြင့် အဓိကထိုင်ခုံ၌ထိုင်နေသည်။သူ၏နံဘေးဝဲယာရှိ ထိုင်ခုံများပေါ်တွင် လူအိုကြီးဆယ်ယောက်ကျော်ခန့် ထိုင်နေလေ၏။
ထိုလူအိုကြီးများသည် ကျန်းမိသားစု၏အကြီးအကဲများပင်။သူတို့တစ်ယောက်ချင်းစီသည် စာပေပညာရပ်ကို ကျွမ်းကျင်ကာ သူတို့၏ခွန်အားသည်လည်း အားနည်းခြင်းမရှိချေ။
သူတို့အနက်မှတချို့သည် ကျောင်းတော်များကိုအုပ်ချုပ်ကာ တချို့သည် ကျန်းမိသားစု၏ဘဏ္ဌာရေးကို ကိုင်တွယ်စီမံပြီး တချို့သည် တခြားနေရာများရှိ ကျန်းမိသားပိုင်လုပ်ငန်းများကို စီမံအုပ်ချုပ်ရသည်။သူတို့အားလုံးသည် ကျန်းမိသားစုအတွင်း၌ ပြောရေးဆိုခွင့်ရှိသော အခွင့်အာဏာကို ကိုင်ဆောင်ထားသူများဖြစ်သည်။
Chapter 2875
ဤနေရာရှိ အကြီးအကဲတစ်ယောက်ချင်းစီသည် ကျန်းမိသားစု၏အသက်သွေးကြောကို ထိန်းချုပ်ထားကြ၏။
ဆန့်ကျင်ဘက်အနေဖြင့် ကျန်းဟုန်သည် ရုပ်သေးဧကရာဇ်တစ်ပါးနှင့် တူညီနေသည်။သူ၏လက်အတွင်း၌ အစစ်အမှန် အခွင့်အာဏာမရှိဘဲ ဟန်ပြမိသားစုခေါင်းဆောင်သက်သက်ပင်။
မိသားစုစည်းဝေးပွဲ ကျင်းပသည့်အချိန်တိုင်း ကျန်းဟုန်သည် နားထောင်နေရုံသက်သက်သာ ထိုင်နေခဲ့ရသည်။မည်သည့်ကိစ္စရပ်ကိုမဆို အကြီးအကဲများကသာ ဆုံးဖြတ်ချက်ချလေ့ရှိသည်။
"ဝေ့မိသားစုကလူတွေ ရောက်လာတော့မယ်...သူတို့က အကန့်အသတ်မဲ့ကြယ်မြစ်ရဲ့အရင်းအမြစ်တွေရဖို့ကို တိုက်ခိုက်ဖို့အတွက် လာကြတာပဲ...ဓားရေအိုင်မြင့်မြတ်နယ်မြေက သူတို့ရဲ့အထူးချွန်ဆုံး ဝင်္ကပါပညာရှင်တွေကို စေလွှတ်လိုက်တယ်...ဓားရေအိုင်မြင့်မြတ်နယ်မြေက ဝင်္ကပါပညာရပ်ရဲ့ပါရမီရှင်တစ်ယောက်ကို မွေးထုတ်ထားနိုင်ခဲ့တယ်လို့ ငါ ကြားထားတယ်...သူ့ရဲ့အသက်နှစ်ဆယ်ပြည့်တဲ့ချိန်မှာပဲ သူတို့ဂိုဏ်းထဲက ဝင်္ကပါပညာရှင်တွေအားလုံးကို အနိုင်ယူနိုင်ခဲ့တယ်...ဒီတစ်ကြိမ်ယှဥ်ပြိုင်ပွဲမှာ သူ ပါလာလိမ့်မယ်...ငါတို့ သတိထားဖို့ လိုအပ်တယ်"
ကြမ်းတမ်းသောမျက်နှာသွင်ပြင်နှင့် အဖိုးအိုတစ်ယောက်က သူ၏မုတ်ဆိတ်မွှေးရှည်များကို ပွတ်သပ်ရင်းပြောဆိုသည်။
သူသည် ကျန်းမိသားစု၏မဟာအကြီးအကဲဖြစ်ကာ အကြီးအကဲများအားလုံးအနက် အသက်အကြီးဆုံးပင်။သူ၏ခွန်အားသည် အလွန်အစွမ်းထက်ကာ ကျန်းမိသားစုကို တခြားအင်အားစုများမှ ခြိမ်းခြောက်နိုင်ခြင်းမရှိစေရန် ကာကွယ်စောင့်ကြပ်ပေးနေသူဖြစ်သည်။
သူ၏မျက်နှာချင်းဆိုင်တွင်ထိုင်နေသော ကတုံးပြောင်ရှိကာ ဝဖြိုးသောအဖိုးအိုတစ်ယောက်က ရယ်မော၍ပြောဆိုသည်။
"ဝေ့မိသားစုရဲ့ဓားအင်မော်တယ်တွေက တကယ့်ကို အစွမ်းထက်တယ်...ဒါပေမယ့် ဝင်္ကပါပညာရပ်အရ ပြောရရင်တော့ သူတို့က တခြားဝင်္ကပါပညာဂိုဏ်းတွေထက် ပိုပြီးအားနည်းတယ်...ဝင်္ကပါပညာဂိုဏ်းတွေရဲ့တပည့်တွေက မွေးဖွားလာတဲ့အချိန်ကနေစပြီးတော့ ဝင်္ကပါပညာရပ်ကို သင်ယူခဲ့ရတယ်...တကယ်လို့ ဝေ့မိသားစုက သူတို့နဲ့တိုက်ခိုက်ချင်တယ်ဆိုရင်...ဒါက အရှက်ကွဲခံရဖို့အတွက် တောင်းဆိုတာနဲ့ အတူတူပဲ...မဟာအကြီးအကဲ...ဒီအတွက်နဲ့ ဘာမှစိုးရိမ်ပူပန်နေစရာ မလိုပါဘူး"
ထိုစကားကိုပြောဆိုလိုက်သူသည် ကျန်းမိသားစု၏ပြင်ပလုပ်ငန်းများကို စီမံအုပ်ချုပ်ရသော နဝမအကြီးအကဲပင်။
ကျန်းမိသားစုသည် တာယွီအင်ပါယာအတွင်းတွင် အကြီးမားဆုံးစက္ကူလုပ်ငန်း ဟင်းခတ်အမွှေးအကြိုင်နှင့်အထည်အလိပ်များ ကုန်သွယ်သည့်လုပ်ငန်းများကိုလုပ်ကိုင်ကာ နှစ်စဥ်ရရှိသော အသားတင်အမြတ်ငွေသည် အင်မော်တယ်ကျောက်တုံးသန်းရာထောင်ချီနေပေ၏။သူတို့အား ချမ်းသာကြွယ်ဝသောတိုင်းပြည်တစ်ပြည်ဟုပင် သတ်မှတ်နိုင်သည်။
မည်သို့ပင်ဆိုစေကာမူ အဆောင်လက်ဖွဲ့များ ကျင့်ကြံနည်းစနစ်များ ကျမ်းစာများနှင့် အမိန့်တော်များကိုရေးသားရာတွင် အထူးသီးသန့်ပြုလုပ်ထားသော စက္ကူစာရွက်များကိုအသုံးပြုရသည်။ထိုစက္ကူစာရွက်များအကြား၌ အကျော်ကြားဆုံးမှာ ကျန်းမိသားစုမှထုတ်လုပ်သော ခရမ်းရွှေရောင်စာရွက်ဖြစ်သည်။
ကျန်းမိသားစုသည် ပင်လယ်ပြင်အတွင်း၌ ကျယ်ပြန့်သော ပိုင်နက်နယ်မြေလည်းရှိကာ ရေသူမအမွှေးနံ့သာ နဂါးနတ်ဘုရားအမွှေးနံ့သာနှင့် စိတ်သန့်စင်ခြင်းအမွှေးနံ့သာတို့ကို ထုတ်လုပ်သည်။တော်ဝင်နန်းတွင်း၌ အသုံးပြုသော အမွှေးနံ့သာများကိုပင် ကျန်းမိသားစုမှ ထောက်ပံပေးထားခြင်းဖြစ်သည်။
အထည်အလိပ်လုပ်ငန်းမှာမူ ကျန်းမိသားစုသည် တာယွီအင်ပါယာအတွင်းရှိ ချန်ခွန်းအထည်အလိပ်လုပ်ငန်း၏ အကြီးမားဆုံးအစုရှင်ဖြစ်သည်။ထိုလုပ်ငန်းမှထုတ်လုပ်သော အထည်အလိပ်များသည် ရေနှင့်မီးကြောင့် ပျက်စီးနိုင်ခြင်းမရှိသဖြင့် အကာအကွယ်မှော်ဝတ်စုံများ သိုလှောင်အိတ်များပြုလုပ်ရန်အတွက် အကောင်းဆုံးပစ္စည်းဖြစ်ပေ၏။
ထိုလုပ်ငန်းသုံးခုကြောင့် ကျန်းမိသားစု၏နဝမအကြီးအကဲသည် အလွန်အမင်းချမ်းသာကြွယ်ဝရုံသာမက သန်းရာချီသောလူများ၏အသက်မွေးဝမ်းကြောင်းကို စီမံအုပ်ချုပ်ရသဖြင့် သူ၏အခွင့်အာဏာသည် လွန်စွာကြီးမားသည်။
အကြီးအကဲများအားလုံးအနက် သူတစ်ယောက်တည်းကသာ မဟာအကြီးအကဲနှင့် ခြေရာခြင်းတိုင်းနိုင်သည်။
မဟာအကြီးအကဲက ခေါင်းညိတ်ပြကာ အပြုံးနှင့်ပြောဆိုသည်။
"ဒီတစ်ကြိမ်အတွက် သင့်တော်တဲ့အကူအညီကို မင်း ရှာပေးနိုင်မလား...ငါတို့ကျန်းမိသားစုမှာ ဝင်္ကပါပညာရှင်တွေရှိတယ်ဆိုပေမယ့် တကယ်တမ်းပြောရမယ်ဆိုရင် သူတို့က ဝင်္ကပါပညာရပ်ကို အထူးပြုပြီးတော့ လေ့လာလိုက်စားတဲ့သူတွေမဟုတ်ဘူး...တကယ်လို့ ငါတို့ရဲ့မိသားစုဝင်တွေကို ဝင်ရောက်ယှဥ်ပြိုင်ခိုင်းလိုက်မယ်ဆိုရင် ငါတို့ဘက်က အရေးနိမ့်သွားနိုင်တယ်"
"ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ မဟာအကြီးအကဲ စိုးရိမ်ပူပန်စရာ မလိုပါဘူး...ငါက ငွေကြေးတွေအများကြီး အကုန်အကျခံပြီးတော့ နက်နဲသိမ်မွေ့ယင်ဂိုဏ်းက ပညာရှင်တွေကို ဖိတ်ကြားထားတယ်...သူတို့က ငါတို့ကို ကူညီပေးဖို့အတွက် ဒီနေရာကို နှစ်ရက်အတွင်းမှာ ရောက်လာကြလိမ့်မယ်...အဲ့ဒီ ဝေ့မိသားစုရဲ့ဓားရေအိုင်မြင့်မြတ်နယ်မြေကကောင်တွေကို ကြက်လေးငှက်လေးတွေလို အနိုင်ယူလို့ရတယ်"
နဝမအကြီးအကဲက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။
နက်နဲသိမ်မွေ့ယင်ဂိုဏ်းဟူသော အမည်ကိုကြားချိန်တွင် ယခုလက်ရှိနေရာတွင်ရှိနေသော လူများအားလုံး အံ့အားသင့်တုန်လှုပ်သွားသည်။
အကြီးအကဲတစ်ယောက်က ထိတ်လန့်တကြား ပြောဆိုသည်။
"နက်နဲသိမ်မွေ့ယင်ဂိုဏ်းဆိုတာက ဝင်္ကပါပညာရပ်ရဲ့ကမ္ဘာလောကလို့ နာမည်ကျော်ကြားတဲ့ ဂိုဏ်းတစ်ဂိုဏ်းမဟုတ်လား...အဲ့ဒီဂိုဏ်းမှာ အစစ်အမှန်မဟာဝင်္ကပါပညာရှင်တစ်ယောက်ရှိနေပြီးတော့ မရေမတွက်နိုင်တဲ့ ဝင်္ကပါပညာရှင်တွေလည်းရှိနေတယ်...အဲ့ဒီဂိုဏ်းရဲ့ဂိုဏ်းချုပ်က ဝင်္ကပါနတ်ဘုရားလို့ နာမည်ကျော်ကြားပြီးတော့ တော်ဝင်မြို့တော်ရဲ့ပြင်ပမှာရှိတဲ့ ဒဏ္ဍာရီလာဒြပ်စင်လေးခုမဟာဝင်္ကပါကြီးကို ခင်းကျင်းခဲ့တဲ့သူပဲ"
နဝမအကြီးအကဲ၏မျက်နှာပေါ်ရှိအပြုံးက ပို၍ပီပြင်ထင်ရှားလာသည်။
"ဒါက အမှန်ပဲ..."
သူက ခေါင်းမော့၍ ဂုဏ်ယူဝင့်ကြွားသောလေသံဖြင့် ဆက်လက်၍ပြောဆိုလိုက်၏။
"ဒီတစ်ကြိမ်တော့ ငါက အဲ့ဒီဂိုဏ်းက ဝင်္ကပါပညာရှင်တွေကို ငါတို့ကိုကူညီပေးဖို့အတွက် ဖိတ်ခေါ်ထားတယ်...ဝေ့မိသားစုကလူတွေ လိမ်လိမ်မာမာနဲ့နောက်ဆုတ်သွားဖို့အတွက် လူတစ်ယောက်ပဲလိုတယ်...သူတို့က ဝင်္ကပါပညာရပ်မှာပါရမီရှင်တစ်ယောက်ကို မွေးထုတ်နိုင်တာနဲ့ပဲ သူတို့ကိုယ်သူတို့ ပြိုင်ဘက်ကင်းပြီလို့ ထင်နေကြတယ်...ဟား ဟား ဟား...ဘယ်လောက်တောင် ရယ်ဖို့ကောင်းလိုက်လဲ"