← Chapters

အခန်း (၂၈၇၆-၂၈၈၀)

Vol. 147 Ch. 2876-2880

အခန်း (၂၈၇၆-၂၈၈၀)

Vol. 147 Ch. 2876-2880

Chapter 2876

ထိုသတင်းကိုကြားချိန်တွင် ယခုလက်ရှိနေရာတွင်ရှိနေသော အကြီးအကဲများ၏မျက်လုံးများ တောက်ပသွားသည်။

နက်နဲသိမ်မွေ့ယင်ဂိုဏ်းသည် ကောင်းကင်ဘုံနယ်မြေအတွင်း၌ ကြီးမားသောနာမည်ဂုဏ်သတင်းရှိကာ ဝင်္ကပါပညာရပ်ကို အထူးပြုလေ့လာလိုက်စားသော ဂိုဏ်းအနည်းစုအနက်မှ တစ်ဂိုဏ်းဖြစ်သည်။

ထိုဂိုဏ်းတွင် နာမည်အကျော်ကြားဆုံးသူမှာ နက်နဲသိမ်မွေ့ယင်ဂိုဏ်း၏ဂိုဏ်းချုပ်ပင်။အတိတ်တွင် သူသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ဖိတ်ခေါ်ခြင်းကိုခံရကာ တော်ဝင်မြို့တော်အတွင်း၌ နာမည်ကျော်ကြားသောဝင်္ကပါများကို ခင်းကျင်းခဲ့ရသည်။ယခုလက်ရှိချိန်တွင် တာယွီအင်ပါယာရှိ ဝင်္ကပါအများစုကို သူကိုယ်တိုင် ပုံစံထုတ်၍ ခင်းကျင်းပေးထားခြင်းဖြစ်သည်။

နောက်ပိုင်းတွင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ် ကြွေလွင့်သွားပြီးနောက် နက်နဲသိမ်မွေ့ယင်ဂိုဏ်း၏ဂိုဏ်းချုပ်သည် တော်ဝင်နန်းတွင်းမှ ထွက်ခွာသွားကာ လူသူအများ၏မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

သို့ရာတွင် ထိုသို့ဆိုသည့်တိုင် နက်နဲသိမ်မွေ့ယင်ဂိုဏ်းဟူသော အမည်နာမသည် ကောင်းကင်ဘုံနယ်မြေအတွင်း၌ ကျော်ကြားနေဆဲပင်။ထိုဂိုဏ်းဝင်များသည် မည်သည့်နေရာသို့ သွားသည်ဖြစ်စေ သူတို့အား အထူးဧည့်သည်တော်များအဖြစ် သတ်မှတ်ခြင်းခံရကာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြလေ၏။

"ဒါဆိုရင် ဒီယှဥ်ပြိုင်ရဲ့အနိုင်ရလဒ်ကို ငါတို့ဖမ်းဆုပ်နိုင်ဖို့ဆိုတာ သေချာသလောက်ရှိနေပြီ...ဒါပေမယ့် ငါတို့ရဲ့ပထမအစီအစဥ်က အကန့်အသတ်မဲ့ကြယ်မြစ်ပေါ်မှာရှိတဲ့ အရင်းအမြစ်တွေကို စီမံခန့်ခွဲနိုင်တဲ့ အခွင့်အာဏာကိုရဖို့ သက်သက် မဟုတ်ဘူးမလား"

အကြီးအကဲတစ်ယောက်က ရုတ်တရက် ပြောဆိုသည်။

ယှဥ်ပြိုင်ပွဲသည် ယခုထိတိုင်မစတင်သေးသော်လည်း ယခုလက်ရှိနေရာတွင်ရှိနေသော အကြီးအကဲများအားလုံးသည် အနိုင်ရရှိမည်ဟု အခိုင်အမာ ယုံကြည်ထားကြ၏။

နဝမအကြီးအကဲက သရော်တော်တော် ပြောဆိုသည်။

"အတိတ်မှာတုန်းက...တာယွီအင်ပါယာရဲ့အကျိုးအမြတ်တစ်ဝက်ကျော်ကို ရှမိသားစုက လက်ဝါးကြီးအုပ်ထားတယ်...ဒါပေမယ့် အခုချိန်မှာ ရှေ့တန်းစစ်မျက်နှာစာက မတိုးသာမဆုတ်သာအခြေအနေမျိုးထဲကို ကျရောက်နေတယ်...အဲ့ဒီအတွက်နဲ့ လူတွေအများကြီးက အကန့်အသတ်မဲ့ကြယ်မြစ်ပေါ်ကို ထွက်ပြေးလာကြတယ်...ရှမိသားစုက အဲ့ဒီနေရာမှာ အခိုင်အမာ ခြေကုပ်ယူထားတာမရှိဘူး...ဒါကြောင့် သူတို့ရဲ့နယ်ရုပ်ဖြစ်တဲ့ ဝေ့မိသားစုကို အရင်စေလွှတ်လိုက်တာပဲ...ဒါက ငါတို့ကျန်းမိသားစုအတွက် အခွင့်အရေးပဲ"

"ဒီတစ်ကြိမ်တော့ ငါက အကန့်အသတ်မဲ့ကြယ်မြစ်ပေါ်မှာ ငါတို့ကျန်းမိသားစုအတွက် စိတ်ဝိညာဥ်မိုင်းတွင်းတွေ ရှာဖွေချင်တယ်...ပြောရမယ်ဆိုရင် အကန့်အသတ်မဲ့ကြယ်မြစ်ပေါ်မှာရှိတဲ့ စိတ်ဝိညာဥ်သွေးကြောကို ခုထိရှာမတွေ့သေးဘူး...တကယ်လို့ ငါတို့သာ စိတ်ဝိညာဥ်သွေးကြောတစ်ခုကို ပိုင်ဆိုင်နိုင်မယ်ဆိုရင် ရှမိသားစုနဲ့ထိပ်တိုက်ရင်ဆိုင်ရမယ်ဆိုရင်တောင် ဘာမှ ကြောက်နေစရာမလိုတော့ဘူး"

စိတ်ဝိညာဥ်သွေးကြော....

ဤသည်က ချမ်းသာကြွယ်ဝမှု၏အရင်းအမြစ်ဖြစ်ပြီး မကုန်ခမ်းနိုင်သော အထောက်အပံကြီးပင်။

အကယ်၍ ထိုစိတ်ဝိညာဥ်သွေးကြောကို အလွန်အကျွံတူးဖော်မိလျှင်ပင် အချိန်အတိုင်းအတာတစ်ခု ကြာမြင့်သည်နှင့် ကောင်းကင်နှင့်မြေပြင်အကြား၌ ပြန့်ကြဲနေသော စိတ်ဝိညာဥ်စွမ်းအင်များသည် ထိုစိတ်ဝိညာဥ်သွေးကြော၌ ပြန်လည်စုဝေးသွားကာ စိတ်ဝိညာဥ်ကျောက်တုံးများအဖြစ် ဖွဲ့စည်းသွားပေမည်။

တာယွီအင်ပါယာ၏ပိုင်နက်အတွင်းရှိ ကြယ်မြစ်၁၂ခုတွင် အကန့်အသတ်မဲ့ကြယ်မြစ်တစ်ခုတည်းတွင်သာ ယခုထိတိုင် စိတ်ဝိညာဥ်သွေးကြော၏အရိပ်အယောင်ကို ရှာမတွေ့သေးသဖြင့် အင်အားစုအမြောက်အများက အာရုံစူးစိုက်နေကြသည်။

ကျန်းမိသားစုနှင့်ဝေ့မိသားစုသည် အရင်းအမြစ်အတွက် တိုက်ခိုက်နေသည်ဟု ထင်ရသော်လည်း အမှန်အားဖြင့် စိတ်ဝိညာဥ်သွေးကြောကို ရှာဖွေခွင့်အတွက် တိုက်ခိုက်နေကြခြင်းဖြစ်သည်။

အကန့်အသတ်ကြယ်မြစ်ပေါ်၌ အခွင့်အာဏာ ပို၍ရှိလေလေ ထိုအင်အားစုသည် စိတ်ဝိညာဥ်သွေးကြောကို ရှာဖွေတွေ့ရှိရန် အခွင့်အရေး ပို၍များလာလေလေပင်။

ထို့ကြောင့် နဝမအကြီးအကဲသည် ငွေကြေးများစွာအသုံးပြုရမည်ကို လက်တွန့်နေခြင်းမရှိဘဲ နက်နဲသိမ်မွေ့ယင်ဂိုဏ်းမှဝင်္ကပါပညာရှင်များကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပေ၏။

"ဘိုးဘေးက မိသားစုအရေးကိစ္စတွေကို ဝင်မစွက်ဖက်ဘူးဆိုပေမယ့်...တကယ်တော့ သူက ငါတို့ကို အမြဲတမ်းစောင့်ကြည့်နေတယ်...ငါတို့သာ စိတ်ဝိညာဥ်သွေးကြောကို ပိုင်ဆိုင်နိုင်မယ်ဆိုရင် ဘိုး​ဘေးက ဝမ်းသာသွားမှာသေချာတယ်...သူက ငါတို့ကို လမ်းညွှန်မှုတချို့တောင် ပေးကောင်းပေးနိုင်တယ်"

အကြီးအကဲတစ်ယောက်က စိတ်လှုပ်ရှားစွာ ပြောဆိုသည်။

တခြားအကြီးအကဲများ၏မျက်နှာများပေါ်တွင်လည်း လိုလားတောင့်တနေသော အရိပ်အယောင်များ ထင်ဟပ်နေသည်။

သူတို့၏ကျန်းမိသားစုအတွင်း၌ စာပေသူတော်စင်ကျန်းဟောင် ထွက်ပေါ်လာမှုမှာအလွန်အမင်းရှားပါးသည်။

ကျန်းမိသားစုအတွင်း၌ အလွန်ထူးချွန်သောပါရမီရှင်တစ်ယောက် ထွက်ပေါ်လာခြင်း သို့မဟုတ် အရေးကြီးကိစ္စတစ်စုံတစ်ခု ဖြစ်ပွားခြင်းတို့တွင်သာ ကျန်းဟောင်က ဝင်ရောက်ပြောဆိုလေ့ရှိသည်။

စာပေသူတော်စင်အဆင့်သို့ရောက်ရှိစဥ်တွင် မိသားစု၏အရေးပါမှုသည် အလွန်မှေးမှိန်သွားလေပြီ။သူတို့၏ရည်မှန်းချက်ပန်းတိုင်သည် သာမာန်လူများ စိတ်ကူးယဥ်တွေးတောထားသည်ထက် များစွာပို၍ကျော်လွန်ပေ၏။အကယ်၍ ကျန်းမိသားစု ပြိုလဲပျက်စီးသွားလျှင်ပင် ကျန်းဟောင်သည် မေးခွန်းတစ်ခုတစ်လေမျှ ထုတ်မည့်ပုံမရှိချေ။

သူတို့သည် စာပေသူတော်စင်၏လမ်းညွှန်မှုကိုရရှိရန် စိတ်အားထက်သန်နေခဲ့သည်။သို့ရာတွင် ဝမ်းနည်းစရာတစ်ခုမှာ သူတို့အကြားတွင် သွေးသားတော်စပ်မှုရှိနေသော်လည်း စာပေသူတော်စင်၏လမ်းညွှန်မှုကို ရရှိရန်အတွက် လုံလောက်သောအခွင့်အရေးရှိရန် လိုအပ်သည်။

သူတော်စင်များသည် ရှေးဟောင်းခေတ်ကာလများမှ ယခုလက်ရှိချိန်ထိ အသိပညာဗဟုသုတ အကြွယ်ဝဆုံးသူများပင်။အကယ်၍ သူတို့သာ စာပေသူတော်စင်၏လမ်းညွှန်မှုကို ရရှိပါက သူတို့၏ကျင့်ကြံဆင့်တွင် အကျိုးကျေးဇူးများစွာ ရရှိလာနိုင်သည်။သူတို့အတွက် အချိန်အတော်ကြာ စိတ်ရှုပ်ထွေးစေခဲ့သော မေးခွန်းများကိုလည်း လွယ်လင့်တကူ ဖြေရှင်းနိုင်ပေလိမ့်မည်။

မဟာအကြီးအကဲက အပြုံးနှင့် ပြောဆိုသည်။

"ဟုန်အာ...ဒီတစ်ကြိမ်အတွက် မင်းလုပ်ခဲ့တာ ဘာရှိလဲ...မင်းရဲ့ နဝမအဖိုးက မင်းရဲ့ပြဿနာကြီးကို ကူညီပြီးတော့ ဖြေရှင်းပေးလိုက်ပြီ...မြန်မြန်ထပြီးတော့ မင်းရဲ့ နဝမအဖိုးကို ကျေးဇူးမတင်သေးဘူးလား"

Chapter 2877

ထိုစကားနှင့်အတူ မဟာအကြီးအကဲက ကျန်းဟုန်ဘက်သို့ လှည့်ကြည့်လိုက်၏။

ယခုလက်ရှိနေရာတွင်ရှိနေသော အကြီးအကဲများအားလုံး၏အမြင်တွင် ကျန်းဟုန်သည် လူငယ်မျိုးဆက်သစ်တစ်ယောက်ပင်။

ဤတစ်ကြိမ်သည် မူလက ကျန်းဟုန်အတွက် ခက်ခဲသောပြဿနာတစ်ရပ်ဖြစ်သည်။သို့ရာတွင် အကန့်အသတ်ကြယ်မြစ်၏စွမ်းအားခွဲဝေမှုသည် ကျန်းမိသားစုအတွက် အလွန်အရေးကြီးသဖြင့် နဝမအကြီးအကဲသည် ကျန်းဟုန်ကို ကူညီပေးခဲ့ခြင်းဖြစ်သည်။

ကြည့်ရသည်မှာ ပြဿနာကို ဖြေရှင်းပြီးပြီဟု ထင်ရသော်လည်း အမှန်အားဖြင့် ထိုသို့မဟုတ်ချေ။

အကယ်၍ နဝမအကြီးအကဲကြောင့်သာ ပြဿနာကို ဖြေရှင်းပြီးသွားပါက ကျန်းမိသားစုဝင်များအားလုံးသည် ကျန်းဟုန်ကို အကြီးအကဲတစ်ယောက်၏အကူအညီကိုယူရသော အသုံးမကျသူတစ်ယောက်ဟု တွေးထင်ကြပေမည်။

တခြားကိစ္စတစ်ရပ်မှာ အကန့်အသတ်မဲ့ကြယ်မြစ်မှ အကျိုးအမြတ်များ ရရှိနိုင်ရန်ပင်။

ဤှသည်က ဆူဖြိုးသောအသားစတစ်စဖြစ်ကာ မည်သူကမျှ လက်မလွှက်လိုကြချေ။

ထန်အင်ပါယာ၏ကျူးကျော်တိုက်ခိုက်လာမှုနှင့်အတူ ကျင့်ကြံသူများသည် ထန်အင်ပါယာကိုပူးပေါင်းရန်ရွေးချယ်ခြင်း သို့မဟုတ် ဝေးလံခေါင်သီသောကြယ်မြစ်များသို့ထွက်ပြေးခြင်းတို့ကို လုပ်ဆောင်နေကြ၏။

အကန့်အသတ်မဲ့ကြယ်နယ်မြေသည် တာယွီအင်ပါယာ၏ အတွင်းပိုင်းတွင်တည်ရှိကာ အချိန်အတိုင်းအတာတစ်ခုထိ ဘေးကင်းလုံခြုံနိုင်သော နေရာဖြစ်သည်။ရလဒ်အနေဖြင့် ထိုနေရာတွင် ကျင့်ကြံသူများ ပို၍ပို၍စုဝေးလာကာ မရေမတွက်နိုင်သော လုပ်ငန်းများလည်း ပေါက်ဖွားလာသည်။

အချိန်ကျလာပါက ထိုအကျိုးအမြတ်များအားလုံးသည် ကျန်းဟုန်၏လက်အတွင်းသို့ ရောက်ရှိလာမည်မဟုတ်ဘဲ ထိုအကြီးအကဲများကသာ ခွဲဝေ၍ယူကြပေမည်။

အကယ်၍ သူ၏ဖခင်သာ သက်ရှိထင်ရှားရှိနေပါက ထိုအကြီးအကဲများသည် ဤမျှထိ မလေးမစားဆက်ဆံဝံ့မည်မဟုတ်ချေ။

ကျန်းဟုန်သည် ကူကယ်ရာမဲ့စွာဖြင့် သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်သော်လည်း သူ၏မျက်နှာပေါ်၌ အပြုံးတစ်ခုရှိနေဆဲပင်။

"နဝမအဖိုးက အရမ်းတွေးတောတတ်တာပဲ...ငါ အိမ်တော်ကိုပြန်လာတဲ့အချိန်မှာ လုပ်ဆောင်စရာကိစ္စတွေအများကြီးရှိနေပေမယ့် ငါက ဘာတစ်ခုကိုမှ မည်မည်ရရ မလုပ်နိုင်သေးဘူး...အကြီးအကဲတွေရဲ့ ကူညီထောက်ပံပေးမှုကိုပဲ ကျေးဇူးတင်ရမယ်"

နဝမအကြီးအကဲက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။

"မင်းက ဒီကိစ္စတွေနဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိတော့ အလျင်စလိုသင်ယူနေရတယ်...ငါတို့က မင်းကို အမြဲတမ်းကူညီပေးနေမယ်လို့ မမျှော်လင့်နဲ့...တကယ်လို့ မင်းက ငါတို့ကျန်းမိသားစုရဲ့ အမာခံထောက်တိုင်ကြီးတစ်ခု ဖြစ်မလာဘူးဆိုရင်...မင်းကို အနှေးနဲ့အမြန် ဖြုတ်ချမှာပဲ...ငါတို့ကျန်းမိသားစုရဲ့ဂုဏ်သိက္ခာကို ကျဆင်းမခံနိုင်ဘူး"

ဤသည်က ကျန်းဟုန်ကို အနည်းငယ်မျှပင်မျက်နှာသာမပေးသော အဓိပ္ပါယ်မျိုး သက်ရောက်သည်။

ယခုလက်ရှိချိန်တွင် ကျန်းဟုန်ထံ၌ မည်သည့်အခွင့်အာဏာမျှမရှိသော်လည်း ကျန်းမိသားစု၏ နာမည်ခံမိသားစုခေါင်းဆောင်ပင်။ကျန်းမိသားစုခေါင်းဆောင်နေရာသည် အကန့်အသတ်မရှိသော ချမ်းသာကြွယ်ဝမှုများ ဂုဏ်ကျက်သရေများနှင့် ပြည့်ဝနေမည်ဟု အပြင်လူများက တွေးတောကြမည်ဖြစ်သော်လည်း အမှန်အားဖြင့် သူသည် မိသားစုအကြီးအကဲများ၏ ဆူပူကြိမ်းမောင်းခြင်းကို တစ်ချိန်လုံးခံယူနေရသည်။

ကျန်းဟုန်၏မျက်နှာပေါ်၌ မည်သည့်ဒေါသအရိပ်အယောင်မျှ ရှိမနေချေ။ထိုအစား သူက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

"နဝမအကြီးအကဲက ဒီလိုပြောလာမှတော့...ဒီတစ်ကြိမ်ကိစ္စအတွက် ငါက ဆုံးဖြတ်ချက်ချရလိမ့်မယ်...ငါက ဝင်္ကပါပညာရှင်တစ်ယောက်ကို ကျန်းအိမ်တော်မှာ တည်းခိုဖို့ ဖိတ်ခေါ်ထားပြီးပြီ...အချိန်ကျလာရင် ငါ ဖိတ်ခေါ်ထားတဲ့ ဝင်္ကပါပညာရှင်က ယှဥ်ပြိုင်ပွဲမှာ ဝင်ရောက်ဆင်နွှဲလိမ့်မယ်"

အကြီးအကဲများ၏အသံ ရုတ်တရက်ရပ်တန့်သွားကာ သူတို့၏အကြည့်များက ကျန်းဟုန်ပေါ်သို့ စူးစိုက်၍ကျရောက်လာသည်။

ဘာ...

သူသည်လည်း ဝင်္ကပါပညာရှင်တစ်ယောက်ကို ဖိတ်ခေါ်ထားသည်ဟု ဆိုလိုက်သလော...

နဝမအကြီးအကဲက အပြုံးနှင့် ပြောဆိုလေ၏။

"ငါပြောမယ် ကျန်းဟုန်...မင်းလည်း အသက်မငယ်တော့ဘူး...မင်းက ဝေးလံခေါင်သီတဲ့ကြယ်နယ်မြေပေါ်မှာ သွားလေ့ကျင့်ပြီးတော့ အတွေ့အကြုံတွေအများကြီးရခဲ့တယ်လို့ ငါ ကြားထားတယ်...ဒါပေမယ့် ငါ့အထင်တော့ မင်းက တော်ဝင်မြို့တော်က တခြားအသုံးမကျတဲ့လူပေါ်ကြော့တွေနဲ့အတူတူပဲ"

"တကယ်လို့ မင်းက ဝင်္ကပါပညာရှင်တစ်ယောက်ကို ဖိတ်ခေါ်ချင်တယ်ဆိုရင် အဆက်အသွယ်နဲ့ငွေကြေးရှိဖို့ လိုအပ်တယ်...ဒီရက်တွေအတွင်းမှာ ဧည့်သည်တွေအများကြီးကို လက်ခံတွေ့ဆုံခဲ့တယ်...ကြည့်ရတာတော့ မင်းက ငွေဖြုန်းတီးဖို့ စဥ်းစားနေတဲ့ပုံပဲ ဟုတ်တယ်မလား...အဲ့ဒီဝင်္ကပါပညာရှင်ကို မင်းက ဘာနဲ့အဖိုးအခပေးမှာလဲ...တကယ်လို့ မင်းမှာ ငွေမရှိဘူးဆိုရင်...ဘယ်ဝင်္ကပါပညာရှင်ကိုမှ ငှားယမ်းလို့ရမှာမဟုတ်ဘူး"

နဝမအကြီးအကဲသည် ကျန်းဟုန်ကို ကြည့်ရှုခြင်းပင်မရှိချေ။

အမှန်အားဖြင့် ကျန်းမိသားစု၏အမွေဆက်ခံမှုစည်းမျဥ်းများကြောင့်သာမဟုတ်ပါက နဝမအကြီးအကဲသည် မိသားစုခေါင်းဆောင်နေရာကို ဆက်ခံရန်အတွက် အသင့်လျော်ဆုံးလူတစ်ယောက်ပင်။

မဟာအကြီးအကဲသည် အသက်အရွယ်အိုမင်းနေကာ တစ်ချိန်လုံး တံခါးပိတ်ကျင့်ကြံနေလေ့ရှိသဖြင့် အခွင့်အာဏာအတွက် ယှဥ်ပြိုင်တိုက်ခိုက်မည်မဟုတ်ချေ။နဝမအကြီးအကဲကမူ မိသားစု၏အခွင့်အာဏာကို ယခင်ကတည်းက ထိန်းချုပ်ထားသူဖြစ်ရာ သူ၏အမိန့်ကို မည်သူမျှ မလိုက်နာဘဲ မနေဝံ့ပေ။

ထို့ကြောင့် နဝမအကြီးအကဲသည် မည်သည့်ကိစ္စရပ်တွင်မဆို ကျန်းဟုန်ကို သိသိသာသာ ပစ်မှတ်ထားလေ့ရှိသည်။

ကျန်းဟုန်သည်သာ မိသားစုခေါင်းဆောင်နေရာကို လက်လျှော့လိုက်ပါက နဝမအကြီးအကဲသည် ထိုအခွင့်အရေးကို ချက်ချင်းရယူကာ ကျန်းမိသားစု၏မိသားစုခေါင်းဆောင်အသစ် ဖြစ်လာပေမည်။

ကျန်းဟုန်က ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုလိုက်၏။

"နဝမအကြီးအကဲက ငါ့ကို လျှော့တွက်ထားတာပဲ...ငါ့ရဲ့အဖေ သေဆုံးသွားတဲ့အချိန်မှာ ငါ့အတွက် ရတနာတချို့ချန်ထားခဲ့တယ်...ဒီရတနာတွေနဲ့ဆိုရင် ငါက ဘာလို့ ဝင်္ကပါပညာရှင်တစ်ယောက်ကို ငှားယမ်းလို့မရရမှာလဲ"

Chapter 2878

ဘုန်း...

နဝမအကြီးအကဲက သူ၏လက်အတွင်းမှ လဖက်ရည်ခွက်ကို စားပွဲပေါ်သို့ဆောင့်ချကာ ကျန်းဟုန်ကို စူးစိုက်၍ကြည့်လိုက်၏။

"မင်းက မိသားစုဘဏ္ဌာတိုက်ကို ထိပါးထားတာလား"

ကျန်းဟုန်သည် အနည်းငယ်မျှပင် ဂရုစိုက်ပုံမရဘဲ အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"ဒါက ငါ့ရဲ့ဖခင် ငါ့အတွက် ချန်ထားခဲ့တဲ့အရာပဲလေ...ဘာလို့ ငါက ထိပါးလို့ မရရမှာလဲ"

"ကောင်စုတ်လေး...မင်းက ငါ့ကို ပြန်ပြောဝံ့တာလား"

နဝမအကြီးအကဲက မတ်တတ်ထရပ်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူ၏ခန္ဓာကိုယ်မှနေ၍ ပြင်းထန်ပြီးအစွမ်းထက်သော အားလှိုင်းတစ်ရပ် ထွက်ပေါ်လာကာ ကျန်းဟုန်ထံဦးတည်၍ ပါးဖြတ်ရိုက်လိုက်၏။

ထိုပါးရိုက်ချက်တွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ များစွာပါဝင်ခြင်းမရှိသော်လည်း အကယ်၍ လူတစ်ယောက်ပေါ်သို့ ကျရောက်သွားပါက ထိုလူ၏ခံစားချက် ကောင်းမွန်တော့မည်မဟုတ်ချေ။

ထိုအကြီးအကဲများသည် မိသားစုအတွင်း၌ အလွန်မြင့်မားသောအဆင့်အတန်း ရှိရုံသာမက သူတို့၏ကိုယ်ပိုင်ကျင့်ကြံမှုအတွက် ငွေကြေးအမြောက်အများကို အသုံးပြုနိုင်သည်။

နဝမအကြီးအကဲသည် မိသားစုအတွင်း၌ ကြီးမားသောငွေကြေးပမာဏနှင့် အခွင့်အာဏာကို ထိန်းချုပ်ထားသူဖြစ်သည်။သူ၏ကျင့်ကြံဆင့်နယ်ပယ်ကို မြှင့်တင်နိုင်ရန်အတွက် ဆေးလုံးများနှင့်မှော်ရတနာများကို အလွန်ပေါများစွာ အသုံးပြုနိုင်ပေ၏။

သူသည် ကျင့်ကြံခြင်းကို အထူးအာရုံစိုက်သည့်သူမဟုတ်သည့်တိုင် ရွှယ်အင်မော်တယ်နယ်ပယ်သို့ရောက်ရှိနေလေပြီ။

ဘုန်း...

နဝမအကြီးအကဲထုတ်လွှတ်လိုက်သော လက်ဝါးရိုက်ချက်သည် ကျန်းဟုန်နှင့်မီတာဝက်ခန့်အကွာတွင် ရုတ်တရက် ပျက်ပြယ်သွားသည်။

ကျန်းဟုန်၏အရှေ့၌ လေအတားအဆီးအလွှာတစ်ရပ် ထွက်ပေါ်လာကာ နဝမအကြီးအကဲ၏လက်ဝါးရိုက်ချက်ကို ပိတ်ဆို့ဟန့်တားလိုက်၏။

ပထမအကြီးအကဲက သူ၏လက်ကို အနည်းငယ်မြှောက်ကာ အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"နဝမညီလေး...ဘယ်လိုပဲဖြစ်ဖြစ် ဟုန်အာက မိသားစုခေါင်းဆောင်ပဲ...မင်း မဆင်မခြင်ရိုင်းပျလို့မရဘူး"

သူသည် ကျန်းမိသားစုအတွင်း၌ အစွမ်းထက်ဆုံးကျင့်ကြံသူဖြစ်ပြီး သူ၏နာမည်ဂုဏ်သတင်းသည် အမြင့်မားဆုံးပင်။သူသည် ရိုက်ချက်တစ်ချက်တည်းဖြင့် နဝမအကြီးအကဲ၏တိုက်ခိုက်မှုကို မရှိခဲ့သကဲ့သို့ ပျောက်ကွယ်သွားစေသည်။

နဝမအကြီးအကဲ၏မျက်နှာအမူအယာ ပျက်ယွင်းသွားကာ သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မဟာအကြီးအကဲ...ဘဏ္ဌာတိုက်က ငါတို့မိသားစုရဲ့အခြေခံအုတ်မြစ်ပဲ...အဲ့ဒီထဲမှာ ရတနာတွေအများကြီးကို သိမ်းဆည်းထားတယ်...ဘာကိုပဲဖြစ်ဖြစ် မိသားစုနဲ့မျှဝေပြီး အသုံးပြုရမယ်...ငါက မိသားစုရဲ့ဘဏ္ဌာရေးကိစ္စကို စီမံအုပ်ချုပ်နေရတာ...သူက ဘဏ္ဌာတိုက်ထဲက ရတနာတွေကို ထိပါးချင်နေတယ်...ဒါပေမယ့် သူက ငါ့ဆီကနေ ခွင့်ပြုချင်မတောင်းဘူး...သူက ငါ့ကို မျက်လုံးထဲတောင်မထည့်တဲ့သဘောပဲ"

မဟာအကြီးအကဲက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"သူက လူငယ်တစ်ယောက်လေ...ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က သူရဲ့စိတ်ကို ပြောင်းလဲပြီးတော့ အမှားပြင်ဆင်နိုင်ဖို့ အခွင့်အရေးပေးရမယ်...ဟုန်အာ...မင်း ခုထက်ထိ မင်းရဲ့နဝမအဖိုးကို မတောင်းပန်သေးဘူးလား"

"သူ တောင်းပန်စရာမလိုဘူး...သူ ဘဏ္ဍာတိုက်ထဲကနေ တစ်ခုခုထုတ်ယူချင်ရင် ငါ့ကို ပြောရမယ်..အဲ့ဒီဘဏ္ဌာတိုက်ထဲက ဘယ်အရာကိုမဆို သာမာန်ကာလျှံကာ ထုတ်ယူလိုက်ရင်တောင် အရမ်းအဖိုးတန်တဲ့ရတနာပစ္စည်းတစ်ခုပဲ...အဲ့ဒီနေရာက သူ့စိတ်တိုင်းကျ ထိပါးလို့ရတဲ့ နေရာမျိုးလား"

နဝမအကြီးအကဲက သူ၏လက်ကိုဝှေ့ယမ်းကာ စိတ်မရှည်သောလေသံဖြင့် ပြောဆိုသည်။

ကျန်းဟုန်သည် အကြီးအကဲများကို ဝေ့ဝိုက်၍ကြည့်လိုက်ကာ သူ၏စိတ်နှလုံးသားတစ်ခုလုံး လုံးလုံးလျားလျား အေးစက်နေလေပြီ။

ဤနေရာတွင်ရှိနေသော အကြီးအကဲများအားလုံးနီးပါး ဘဏ္ဌာတိုက်အတွင်းမှရတနာများကို ဆန္ဒရှိသကဲ့သို့ ထုတ်ယူအသုံးပြုခဲ့ကြသည်။

ကျန်းဟုန် ကျန်းအိမ်တော်သို့ ပြန်လည်ရောက်ရှိလာစဥ်တွင် သူ၏သစ္စာရှိလူယုံများကိုစေလွှတ်၍ ထိုကိစ္စကို စုံစမ်းစစ်ဆေးပြီးလေပြီ။အဆုံးသတ်၌ ဘဏ္ဌာတိုက်အတွင်းမှရတနာအမြောက်အများကို ထိုအကြီးအကဲများက ထုတ်ယူခဲ့ကာ မိသားစု၏စာရင်းစာအုပ်အတွင်း၌ပင် မှတ်တမ်းမကျန်ရှိခဲ့ကြောင်း ရှာဖွေတွေ့ရှိခဲ့ရလေ၏။

ထိုအကြီးအကဲများအကြားတွင် နဝမအကြီးအကဲ ယူဆောင်ခဲ့သည်မှာ အများဆုံးပင်။မိသားစု၏စီးပွားရေးကို ကိုင်တွယ်ထိန်းချုပ်ထားသည်ဟူသော အကြောင်းအရင်းကို အမှီပြု၍ သူသည် ဘဏ္ဌာတိုက်အတွင်းရှိ ရတနာအမြောက်အများကို သူ၏ကိုယ်ပိုင်အဖြစ် သိမ်းဆည်းခဲ့သည်။

ထိုကိစ္စသည် ကျန်းမိသားစုအတွင်း၌ အထူးသီးသန့်လျှို့ဝှက်ထားသော ကိစ္စတစ်ရပ်မဟုတ်ချေ။

ကျန်းဟုန်က အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"ဘာလဲ..မင်းကျတော့ ဒီပစ္စည်းတွေကို ယူလို့ရပြီးတော့...ငါကျ ဘာလို့မရရမှာလဲ"

"မင်းကိုယ်မင်း အတောင်စုံနေပြီလို့ ထင်နေပြီးတော့ ငါ့ကို ဒီစကားမျိုး ပြောဝံ့တာလား...ဘဏ္ဌာတိုက်ထဲက ရတနာတွေကို ငါတို့ ထုတ်ယူတယ်ဆိုတာ ငါတို့မှာ အစီအစဥ်တွေရှိတယ်...အရာအားလုံးက မိသားစုရဲ့ကောင်းကျိုးအတွက်ပဲ...မင်းလို အိမ်တော်ကိုခုမှပြန်ရောက်လာတဲ့ ကောင်စုတ်လေးတစ်ကောင်က ဘာမှမသိနားမလည်ဘဲနဲ့...မင်းမှာ ငါတို့ကို ဘာလုပ်ရမယ်ဆိုတာပြောနိုင်တဲ့ အခွင့်အာဏာမျိုးရှိလို့လား"

နဝမအကြီးအကဲက စားပွဲခုံကို သူ့လက်ဖြင့်ရိုက်ပုတ်ကာ ဒေါသတကြီး အော်ဟစ်လိုက်၏။

ကျန်းဟုန်က အလျှော့မပေးဘဲ ခွန်းတုံ့ပြန်လေသည်။

"အဲ့ဒီလိုလား...မင်းရဲ့သား ပါရမီအရည်အချင်းက အစတုန်းက သာမာန်ပဲ ...သူ့ရဲ့ပါရမီအရည်အချင်းကို မြှင့်တင်ပေးနိုင်ဖို့အတွက် မင်းက ဘဏ္ဌာတိုက်ထဲကနေ ပြီးပြည့်စုံခြင်းအဆင့်ရှိတဲ့နတ်ဘုရားအရိုးကို ထုတ်ယူခဲ့တယ်...ဒီကိစ္စကို မိသားစုကောင်းကျိုးအတွက်လုပ်တာလို့ ယူဆလို့ရလား"

နဝမအကြီးအကဲက စားပွဲခုံကိုရိုက်ပုတ်ကာ မတ်တတ်ထရပ်လိုက်သည်။

"အဓိပ္ပါယ်မရှိတာတွေ...ငါ့ရဲ့သားကလည်း မိသားစုရဲ့တစ်စိတ်တစ်ပိုင်းပဲ...သူ့ရဲ့ပါရမီအရည်အချင်းကို မြှင့်တင်ပေးတာက မိသားစုကောင်းကျိုးအတွက်ပဲ...မင်းက ဘာနားလည်လို့လဲ"

Chapter 2879

နှစ်ဖက်အကြားတွင် အလွန်တင်မားသော စကားစစ်ထိုးပွဲ ဖြစ်ပေါ်နေလေပြီ။

ကျန်းဟုန်၏မျက်နှာပေါ်တွင် နာကျည်းမုန်းတီးမှုနှင့် ဒေါသအရိပ်အယောင် အနည်းငယ်မျှပင် ရှိမနေချေ။သူသည် ဤကိစ္စအတွက် အချိန်အတော်ကြာယူ၍ သူ၏စိတ်ပိုင်းဆိုင်ရာကို အဆင်သင့်ပြင်ဆင်ထားခဲ့ပုံပင်။သူက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

"နဝမအကြီးအကဲ...ဘာလို့ ဒီလောက်ထိ ဒေါသကြီးနေတာလဲ...ငါက ဝင်္ကပါပညာရှင်တစ်ယောက်ကို ဖိတ်ခေါ်ထားတယ်ဆိုတာကလည်း ကျန်းမိသားစုကို ကူညီဖို့အတွက်ပဲလေ...ငါက ဒါကို မိသားစုရဲ့ကောင်းကျိုးအတွက် လုပ်ခဲ့တာပဲ"

နဝမအကြီးအကဲ၏မျက်လုံးများ ပြူးကျယ်သွားသည်။ကျန်းဟုန်သည် သူ၏စကားအတိုင်း ပြန်လည်ချေပမည်ဟု သူ မျှော်လင့်မထားမိချေ။

အကယ်၍ ယခုလက်ရှိချိန်တွင် သူ ကျန်းဟုန်၏စကားကို ငြင်းပယ်လိုက်ပါက သူသည် သူ၏သားအတွက် အသုံးပြုရန် ဘဏ္ဌာတိုက်အတွင်းရှိ ရတနာကိုမထုတ်ယူသင့်ဟု အဓိပ္ပါယ်သက်ရောက်သွားပေမည်။

"တော်သင့်ပြီ"

မဟာအကြီးအကဲက သူတို့နှစ်ယောက်၏အငြင်းပွားနေမှုကို ကြားဖြတ်ဟန့်တားကာ ကျန်းဟုန်ကိုကြည့်လိုက်၏။

"ငါက ဘဏ္ဌာတိုက်ထဲက ရတနာတွေအကုန်လုံးကိုသိတယ်...ဟုန်အာ...မင်းယူသွားတာက ဘာရတနာလဲ"

ကျန်းဟုန်က အေးစက်စက်လေသံဖြင့် တုံ့ပြန်ပြောဆိုသည်။

"အဲ့ဒါက နဂါးဧကရာဇ်ပိုင်ချမ်ရဲ့နဂါးအမြူတေပဲ"

"အဆင်အခြင်မဲ့လိုက်တာ...ဒါက ငါတို့ကျန်းမိသားစုရဲ့ ထိပ်တန်းမှော်ရတနာပဲ...ဒါကို တခြားသူဆီပေးဝံ့တဲ့သတ္တိမျိုး မင်း ဘယ်နေရာကနေ ရလာတာလဲ"

ကျန်းဟုန်၏စကားကိုကြားချိန်တွင် နဝမအကြီးအကဲက အလွန်အမင်း ဒေါသထွက်သွားသည်။

ပထမအကြီးအကဲကလည်း မျက်မှောင်ကြုတ်လိုက်၏။

"မင်းယူသွားတဲ့ ရတနာအကြောင်းကို မင်းသိလား...ငါက မင်းကို မိသားစုရဲ့ဂျူနီယာမျိုးဆက်တစ်ယောက်လိုမျိုး မဆက်ဆံခဲ့ဘူး...ဘယ်လိုပဲဖြစ်ဖြစ် မင်းက ကျန်းမိသားစုခေါင်းဆောင်...နဂါးဧကရာဇ်ပိုင်ချမ်ရဲ့နဂါးအမြူတေက ငါတို့မိသားစုထဲမှာ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ကို မြေတောင်မြှောက်ပေးဖို့လုံလောက်တယ်...မင်းက တကယ့်ကို ခွင့်မလွှတ်နိုင်တဲ့အမှားမျိုးကို ကျူးလွန်ခဲ့တာပဲ"

"ဟား ဟား ဟား ဟား..."

ကျန်းဟုန်က ကျယ်လောင်စွာအော်ဟစ်ရယ်မောကာ ပြောဆိုသည်။

"ဒီနဂါးအမြူတေက ဘဏ္ဌာတိုက်ထဲမှာရှိနေတာ အချိန်အတော်ကြာလှပြီ...မင်းတို့အားလုံးက လိုချင်နေကြတယ်...နောက်ထပ် နှစ်အနည်းငယ်လောက်ကြာရင် အဲ့ဒီထဲမှာရှိတဲ့စွမ်းအားတွေ တဖြည်းဖြည်း လွင့်ပြယ်သွားတော့မယ်...အဲ့ဒီအစား တခြားတစ်ယောက်ကိုပေးလိုက်တာ ပိုမကောင်းဘူးလား...မင်းတို့အချင်းချင်း တိုက်ခိုက်မနေရအောင် ငါက ခွဲဝေပေးလိုက်တာလေ"

"သောက်အဓိပ္ပါယ်မရှိလိုက်တာ..."

နဝမအကြီးအကဲက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ငါ့အထင်တော့ ကျန်းဟုန်က ထင်ရာစိုင်းတတ်တဲ့ လူတစ်ယောက်ဖြစ်တာကြောင့် မိသားစုခေါင်းဆောင်နေရာနဲ့ မသင့်တော်ဘူး...ငါက သူ့ကို မိသားစုခေါင်းဆောင်နေရာကနေ အခုချက်ချင်းဖယ်ရှားဖို့ အဆိုတင်သွင်းတယ်"

ဒုန်း...

မဟာအကြီးအကဲက ရုတ်တရက် သူ၏တောင်ဝှေးကိုမြှောက်ကာ ​မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ဆောင့်ချလိုက်၏။

ကျယ်လောင်သောအသံကြီးက ချက်ချင်းဆိုသလိုပင် လူတိုင်း၏နားများအတွင်း၌ မြည်ဟီးသွားသည်။အငြင်းပွားနေသူနှစ်ယောက်က သူတို့၏ပါးစပ်များကို ပိတ်လိုက်ကြသည်။

"ဒီနေရာက ဆွေးနွေးရမယ့်နေရာ...ငြင်းခုံရမယ့်နေရာမဟုတ်ဘူး...မိသားစုခေါင်းဆောင် ဖြုတ်ချဖို့ဆိုတာက ကလေးကစားစရာကိစ္စမဟုတ်ဘူး...ခုချိန်ကနေစပြီးတော့ ဒီနေရာမှာ ပေါက်ကရစကားတွေ ဘယ်သူ့ကိုမှ ပြောခွင့်မပြုဘူး"

မဟာအကြီးအကဲ၏အသံသည် ကျယ်လောင်ပြီး ကြည်လင်ပြတ်သားနေကာ ခန်းမတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

ကျန်းဟုန်နှင့်နဝမအကြီးအကဲတို့ထံတွင် ရွေးချယ်စရာမရှိတော့ချေ။သူတို့ထံတွင် မည်သည့်အဆင့်အတန်းမျိုးရှိနေပါစေ မိသားစုအတွင်း၌ သူတို့၏ပြောရေးဆိုခွင့်သည် မဟာအကြီးအကဲထက် သာလွန်ခြင်းမရှိပေ။

"ဟုန်အာက ဝင်္ကပါပညာရှင်တစ်ယောက်ကို ဖိတ်ခေါ်ထားတယ်လို့ ပြောခဲ့တယ်...ဒါဆိုရင် မင်းဖိတ်ခေါ်ထားတဲ့ ဝင်္ကပါပညာရှင်က ဘယ်သူလဲ...ငါက တော်ဝင်မြို့တော်ထဲမှာရှိတဲ့ ဝင်္ကပါပညာရပ်မှာ ထူးချွန်တဲ့သူတွေတော်တော်များများကို သိထားတယ်"

မဟာအကြီးအကဲက မေးမြန်းသည်။

ကျန်းဟုန်က ပြောဆိုလိုက်၏။

"သူက ငါ တော်ဝင်မြို့တော်ကို လာတဲ့လမ်းခရီးမှာ တွေ့ခဲ့တဲ့ စီနီယာတစ်ယောက်ပဲ...ငါ သူ့ရဲ့ခွန်အားနဲ့ပတ်သက်ပြီးတော့ အများကြီးမပြောနိုင်ဘူး....ဒါပေမယ့် သူက နယ်မြေသခင်အဆင့်ထက် မနိမ့်ကျတာသေချာတယ်"

"အဲ့ဒီလိုလား....ငါက အဲ့ဒီ အစွမ်းထက်ပညာရှင်နဲ့ တွေ့ချင်မိတယ်"

မဟာအကြီးအကဲ၏မျက်လုံးအတွင်း၌ အလေးအနက်ထားသောအရိပ်အယောင်များ ထင်ဟပ်လာသည်။

နယ်မြေသခင်အဆင့်အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ကို ကောင်းကင်ဘုံနယ်မြေအတွင်း၌ ထိပ်တန်းအဆင့် တိုက်ခိုက်မှုစွမ်းအားရှိသူဟု ယူဆနိုင်သည်။သူတို့၏ကျန်းမိသားစုပင်လျှင် ထိုကဲ့သို့ထိပ်သီးအစွမ်းထက်ကျင့်ကြံသူမျိုးကို လေးလေးစားစား ဆက်ဆံရပေမည်။

ကျန်းဟုန်က သူ၏ခေါင်းကိုခါယမ်းကာ ငြင်းဆန်လိုက်၏။

"ငါးရက်ကြာပြီးတော့ ဝေ့မိသားစုရောက်လာတဲ့အချိန်ကျရင်...အဲ့ဒီစီနီယာ ထွက်လာလိမ့်မယ်...ငါက သူ့ကို စာကြည့်ဆောင်မှာကျင့်ကြံနိုင်ဖို့ စီစဥ်ပေးထားတယ်...ဒါကြောင့် အခုချိန်မှာ ငါ သူ့ကို မနှောက်ယှက်ချင်ဘူး"

"အပြောကတော့ ကောင်းတယ်...ငါက သူ ဘယ်သူလဲဆိုတာ သိချင်တယ်"

နဝမအကြီးအကဲက လက်ခုပ်တီးကာ အော်ဟစ်လိုက်၏။

"အိမ်တော်ထိန်း...ဝင်လာခဲ့စမ်း"

လုယွီကို ကျန်းအိမ်တော်၏စာကြည့်ဆောင်သို့ ပို့ဆောင်ပေးခဲ့သော အိမ်တော်ထိန်းက ခန်းမအတွင်းသို့ အလျှင်အမြန်ဝင်ရောက်လာကာ ရိုသေလေးစားစွာ ​အရိုအသေပြုလိုက်သည်။

"နဝမအကြီးအကဲ...."

"မင်းက မိသားစုခေါင်းဆောင်ရဲ့ဧည့်သည်တော်ကို ကြိုဆိုဖို့အတွက် အိမ်တော်ပြင်ပမှာ စောင့်ဆိုင်းနေရတယ်လို့ ငါကြားထားတယ်...အဲ့ဒီဝင်္ကပါပညာရှင်က ဘယ်သူလဲ...ငါတို့အားလုံးကို ပြောပြစမ်း....သူက ဘယ်သူလဲဆိုတာ..."

Chapter 2880

အိမ်တော်ထိန်းက ပြောဆိုသည်။

"သူက အသက်နှစ်ဆယ်လောက်ပဲရှိသေးတဲ့ လူငယ်တစ်ယောက်ဖြစ်ပြီးတော့ ရှားဟိုအိမ်တော်ကနေ ရောက်လာတာပါ....သူက ရှားဟိုမိသားစုရဲ့ဧည့်သည်တစ်ယောက်လို့ ကျွန်တော် ကြားခဲ့တယ်...ကျွန်တော်က သူ့အကြောင်းကို အရင်က စုံစမ်းပြီးပြီ...သူ့ကိုကြည့်ရတာ သန်မာအားကောင်းပုံလည်းမရှိဘူး....အနည်းဆုံးတော့ ကျွန်တော်ရဲ့အမြင်အရ သူက လှည့်စားတတ်တဲ့ လူလိမ်တစ်ယောက်ထက် မပိုဘူး"

"ရှားဟိုအိမ်တော်...ဒါက ရာထူးတိုးသွားတာမကြာသေးတဲ့ အမတ်ကြီးရှားဟိုလီရဲ့အိမ်တော်မလား"

မဟာအကြီးအကဲက မေးမြန်းသည်။

"ဒါက အမှန်ပါပဲ"

"ဟား ဟား ဟား...အမတ်ကြီးအိမ်တော်ရဲ့ဧည့်သည်တစ်ယောက်တဲ့လား...ကျန်းဟုန် သူက မင်းရဲ့မိတ်ဆွေလား...မင်းက မင်းရဲ့မိတ်ဆွေကို ဆုလာဘ်ပေးရမယ်လို့ အကြောင်းပြပြီးတော့ နဂါးအမြူတေကို အပိုင်သိမ်းလိုက်တာမလား...ကောင်းလိုက်တဲ့ နည်းဗျူဟာ"

နဝမအကြီးအကဲက လှောင်ပြောင်သရော်လိုက်၏။

ကျန်းဟုန်သည် သူ၏လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်ထားကာ အိမ်တော်ထိန်းထံသို့ သူ၏မျက်လုံးအကြည့်က စူးစိုက်၍ ကျရောက်နေသည်။

သူသည် ထိုအိမ်တော်ထိန်းကို ရိုးရှင်းသောအမိန့်တစ်ခုကို ပေးခဲ့ရုံသက်သက်ပင်။သို့ရာတွင် အိမ်တော်ထိန်းသည် အရာရာတိုင်းကို နဝမအကြီးအကဲထံ ထုတ်ဖော်ပြောဆိုမည်ဟု သူ မျှော်လင့်မထားမိချေ။

ကျန်းမိသားစုအတွင်း၌ သူသည် မိသားစုခေါင်းဆောင်နေရာကို ရရှိထားသော်လည်း အလွန်နည်းပါးသောလူတစ်စုကသာ သူ၏အမိန့်ကို လိုက်နာကြသည်။

မဟာအကြီးအကဲက သူ၏မုတ်ဆိတ်မွှေးများကိုပွတ်သပ်ကာ လေးလံသောသက်ပြင်းတစ်ချက် ရှိုက်လိုက်၏။

"မိသားစုခေါင်းဆောင်...အကန့်အသတ်မဲ့ကြယ်မြစ်က ငါတို့မိသားစုအတွက် ဘယ်လောက်ထိအရေးကြီးတယ်ဆိုတာ မင်း မသိဘူးလား....တကယ်လို့ ငါတို့ရှုံးနိမ့်သွားရင် ဝေ့မိသားစုက ဒီအခွင့်အရေးကိုယူပြီးတော့ တဟုန်ထိုးမြင့်တက်သွားလိမ့်မယ်...အဲ့ဒီအချိန်ကျရင် ငါတို့ကျန်းမိသားစု အဆုံးသတ်သွားနိုင်တယ်"

"ငါတို့ကျန်းမိသားစုမှာ ဘိုးဘေးရဲ့ကာကွယ်မှုကို မှီခိုစရာရှိတယ်ဆိုပေမယ့်...ဘိုးဘေးက မိသားစုအရေးကိစ္စတွေကို ဂရုမစိုက်တော့ဘူး...သူတို့က ဒါကို သိထားကြတယ်...ဝေ့မိသားစုက ငါတို့ရဲ့ချမ်းသာကြွယ်ဝမှုတွေကို မျက်စေ့ကျနေတာ အချိန်အတော်ကြာနေပြီ...သူတို့က ငါတို့ရဲ့ပိုင်ဆိုင်မှုတွေကို တစ်ချီတည်းနဲ့တော့ မဝါးမြိုရဲဘူး....အဲ့ဒီအစား သူတို့က ငါတို့ရဲ့ပိုင်ဆိုင်မှုတွေကို တစ်တိတစ်တိဝါးမြိုနိုင်တဲ့နည်းလမ်းကို ရွေးချယ်ခဲ့တယ်...အဆုံးသတ်ကျရင် ငါတို့ကျန်းမိသားစုက ချောက်ထဲကို တွန်းပို့ခံရလိမ့်မယ်"

"ငါတို့က ဒီပြိုင်ပွဲမှာ ရှုံးနိမ့်လို့မဖြစ်ဘူး...အဲ့ဒီလူငယ်လေးရဲ့ဝင်္ကပါပညာရပ်အရည်အချင်းက နက်နဲသိမ်မွေ့ယင်ဂိုဏ်းက ဝင်္ကပါပညာရှင်တွေထက် ပိုပြီးကောင်းမွန်တယ်လို့ မင်းက ဘာကိုအခြေခံပြီးတော့ ဆုံးဖြတ်ခဲ့တာလဲ"

ကျန်းဟုန်က သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ကာ အံ့တင်းတင်းကြိတ်၍ ပြောဆိုသည်။

"ဖူရွှေပွဲတော် ကျင်းပတဲ့နေ့မှာ...သူက ဖူရွှေပွဲတော်ရဲ့ ရတနာတွေထည့်ထားတဲ့ ဝင်္ကပါကို အလွယ်တကူချိုးဖျက်ခဲ့ပြီးတော့ နဂါးပုံထွင်းဓား ယူဆောင်သွားတာကို ငါက အမှတ်မထင် မြင်တွေ့ခဲ့ရတယ်"

မဟာအကြီးအကဲက ခေါင်းညိတ်ပြလိုက်၏။

"ဒါဆိုရင် အဲ့ဒီလူလား...ဖူရွှေပွဲတော်မှာ တော်ဝင်ကျောင်းတော်ရဲ့ကျောင်းတော်သားတစ်ယောက်က ဝင်္ကပါကို ချိုးဖျက်နိုင်လုနီးပါး အခြေအနေမျိုးထိ ရောက်ခဲ့တယ်လို့ ငါ ကြားထားတယ်...ဒါပေမယ့် အဆုံးသတ်ကျတော့ နောက်မှရောက်လာတဲ့ တခြားသူတစ်ယောက်က အဲ့ဒီမှော်ရတနာကို လုယူသွားခဲ့တယ်...မင်း ဖိတ်ခေါ်လာတာက အဲ့ဒီလူလား"

ပတ်ဝန်းကျင်ရှိ အကြီးအကဲများထံမှ လှောင်ပြောင်ရယ်မောသံများ ထွက်ပေါ်လာသည်။

တချို့လူများသည် တော်ဝင်ကျောင်းတော်မှ ကျောင်းတော်သား၏ကံဆိုးမှုအတွက် ရယ်မောနေကြကာ တချို့သည် ကျန်းဟုန်၏ အသိပညာနည်းပါးမှုအတွက် လှောင်ပြောင်နေကြ၏။

ကျန်းဟုန်သည် မိသားစုခေါင်းဆောင်တစ်ယောက်ဖြစ်သော်လည်း ထိုကဲ့သို့လူစားမျိုးကိုရှာဖွေခဲ့ကာ ဝင်္ကပါပညာရှင်အဖြစ် လေးလေးစားစား ဆက်ဆံနေသည်။

ဤသည်က နားဝေတိမ်တောင်ဖြစ်သည်ဟု ယူဆနိုင်ကာ အမှန်အားဖြင့် ကျန်းဟုန်ထံ၌ စဥ်းစားဥာဏ်မရှိခြင်းပင်။

နဝမအကြီးအကဲက ရုတ်တရက် သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။

"မိသားစုခေါင်းဆောင်က ဒီကိစ္စမှာ ပါဝင်ချင်နေမှတော့ ငါတို့ကလည်း သူ့ကို အခွင့်အရေးပေးသင့်တယ်...သူက အဲ့ဒီလူကို အစွမ်းထက်တဲ့ဝင်္ကပါပညာရှင်တစ်ယောက်လို့ တွေးထားမှတော့ ငါတို့ကလည်း သူ့ကို ယုံကြည်ရမယ်...အဲ့ဒီလူငယ်လေးကို ပြိုင်ပွဲမှာပါဝင်ယှဥ်ပြိုင်ခွင့် ပေးလိုက်ကြရအောင်"

ရုတ်တရက် နဝမအကြီးအကဲ၏စကားလမ်းကြောင်း ပြောင်းလဲသွားကာ သူက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"ဒါပေမယ့် တကယ်လို့ အဲ့ဒီလူမှာ အရည်အချင်းမရှိဘူးဆိုရင် ငါတို့ကျန်းမိသားစုအတွက် အရှက်ရစရာဖြစ်လာလိမ့်မယ်...ကျန်းဟုန်...အဲ့ဒီလိုကိစ္စမျိုးသာဖြစ်လာရင် မင်း မိသားစုခေါင်းဆောင်နေရာမှာ ဆက်ပြီးနေနိုင်အုံးမယ်လို့ မင်း ထင်နေတာလား"

ဤသည်က သူ၏အစစ်အမှန်ရည်ရွယ်ချက်ပင်။

ကျန်းဟုန်သည် ရူးသွပ်မိုက်မဲသော ဆုံးဖြတ်ချက်ကို ပြုလုပ်ခဲ့သဖြင့် သူ့အား ဆက်လက်၍ မှားယွင်းခွင့်ပြုရပေမည်။

ဝေ့မိသားစုရောက်လာပါက ပြိုင်ပွဲကျင်းပစဥ်တွင် ကျန်းမိသားစုဝင်များအားလုံး စုဝေးနေပေမည်။ထိုအချိန်ကျပါက ကျန်းဟုန်ဖိတ်ခေါ်လာသူသည် အနည်းငယ်မျှပင် တောင့်ခံနိုင်ခြင်းမရှိလျှင် သူ့အတွက် အရှက်ရစရာကိစ္စဖြစ်သွားကာ မိသားစုခေါင်းဆောင်နေရာကို ဆက်လက်၍ တာဝန်ယူနိုင်တော့မည် မဟုတ်ချေ။

ထိုအချိန်ရောက်လျှင် နဝမအကြီးအကဲသည် မိသားစုနေရာအတွက် ရွေးချယ်ခံတစ်ယောက် ဖြစ်သွားပေလိမ့်မည်။

ကျန်းဟုန်သည် နဝမအကြီးအကဲ မည်သည့်အရာအား ကြံရွယ်နေသည်ကို ကောင်းစွာသိရှိထားလေ၏။

သူက အေးစက်စက်အပြုံးနှင့် ပြောဆိုလိုက်သည်။

"နဝမအကြီးအကဲ...မင်းရဲ့အကြံအစည်က မဆိုးဘူး....ဒီလိုဆိုရင်ရော...ငါတို့နှစ်ယောက် အလောင်းအစား လုပ်ကြရအောင်...တကယ်လို့ ငါ ဖိတ်ခေါ်လာတဲ့လူက အရည်အချင်းရှိပြီးတော့ ပြိုင်ပွဲမှာ အနိုင်ရသွားမယ်ဆိုရင် မင်းရဲ့အမြင်မှားသွားပါတယ်လို့ ဝန်ခံရမယ်...ပြီးတော့ မင်းက တံခါးပိတ်ကျင့်ကြံနေရမယ့်အပြင် မိသားစုရဲ့စီးပွားရေးလုပ်ငန်းတွေအားလုံး ငါ့ကိုလက်လွှဲပေးရမယ်...မင်း ဘယ်လိုသဘောရလဲ"

All Chapters