အခန်း (၂၈၈၁-၂၈၈၅)
Vol. 147 Ch. 2881-2885
Chapter 2881
နဝမအကြီးအကဲ၏မျက်နှာအမူအယာ ပြောင်းလဲသွားကာ သူက အေးစက်တင်းမာသောအကြည့်ဖြင့် ကျန်းဟုန်ကိုကြည့်လိုက်၏။
"ဒါက စိတ်ဝင်စားစရာပဲ...ငါ မင်းနဲ့ အလောင်းအစားလုပ်မယ်...တကယ်လို့ မင်း ရှုံးနိမ့်သွားရင် မိသားစုခေါင်းဆောင်နေရာကနေ ဆင်းပေးရမယ်...အဲ့ဒီနေရာက မင်းလို နလပိန်းတုံးကောင်တစ်ကောင် တာဝန်ယူနိုင်တဲ့နေရာမျိုးမဟုတ်ဘူး"
ကျန်းဟုန်က ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ကာ ပြောဆိုသည်။
"မဟာအကြီးအကဲ...ကျေးဇူးပြုပြီးတော့ ဒီကိစ္စအတွက် သက်သေလုပ်ပေးပါလား"
မဟာအကြီးအကဲသည် သူ၏မုတ်ဆိတ်များကိုပွတ်သပ်ကာ အချိန်တခဏကြာစဥ်းစားတွေဝေပြီးမှ ပြောဆိုလေသည်။
"ကောင်းပြီလေ...ငါ မင်းတို့နှစ်ယောက်ကို သက်သေလုပ်ပေးမယ်...ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဟုန်အာက အရင်မိသားစုခေါင်းဆောင်ရဲ့ တစ်ဦးတည်းသောသားပဲ....တကယ်လို့ သူ မိသားစုခေါင်းဆောင်နေရာက အနားယူရရင်တောင် သူ့ကို ချမ်းချမ်းသာသာနေနိုင်ဖို့ စီစဥ်ပေးရမယ်"
နဝမအကြီးအကဲက အပြုံးနှင့်ပြောဆိုသည်။
"အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဘာမှမစိုးရိမ်ပါနဲ့...ငါက ဟုန်အာကို အရမ်းကောင်းတဲ့အဆင့်အတန်းမျိုးပေးမှာပါ...သူ့ရဲ့ဘဝတလျှောက်လုံး သက်တောင့်သက်သာ နေထိုင်နိုင်ရမယ်လို့ ငါ အာမခံတယ်"
ကျန်းဟုန်းက ထိုလူနှစ်ယောက်ကို စူးစိုက်၍ကြည့်လိုက်၏။သူ၏မျက်နှာအမူအယာသည် တည်ငြိမ်အေးဆေးနေသော်လည်း သူ၏မျက်လုံးများကမူ အေးစက်သည်ထက် ပို၍အေးစက်လာသည်။
မည်သည့်မိသားစုတွင်ဖြစ်စေ မိသားစုခေါင်းဆောင်နေရာမှဖြုတ်ချခြင်းသည် အရေးကြီးသောကိစ္စတစ်ရပ်ပင်။သို့ရာတွင် သူတို့နှစ်ယောက်သည် အရေးမပါသောကိစ္စကို ပြောဆိုနေသည့်အလား စကားစမြည်ပြောကာ ရယ်မောနေကြသည်။ကျန်းဟုန်၏ကံကြမ္မာကို သူတို့ ဆုံးဖြတ်ပြီးသွားသကဲ့သို့ပင်။
အကယ်၍ သူ၏ဖခင်သာ ဤနေရာတွင်ရှိနေပါက ထိုလူအိုကြီးများသည် ဤကဲ့သို့စကားမျိုး ပြောဆိုဝံ့မည်လော.....
"လုယွီရဲ့ခွန်အားက အဲ့ဒီလူအိုကြီးတွေကို ဖိနှိပ်နိုင်ဖို့ပဲ ငါ မျှော်လင့်တယ်"
ကျန်းဟုန်က သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ တီးတိုးရေရွတ်လိုက်၏။
ဤသည်က သူ အလောင်းအစားလုပ်ခဲ့ခြင်းပင်။အကယ်၍ သူ ရှုံးနိမ့်သွားပါက သူ အရာရာတိုင်းကို လက်လွှတ်ဆုံးရှုံးရပေမည်။
……
လေးရက်ကြာပြီးနောက်...
လုယွီသည် အကန့်အသတ်မရှိသော စာအုပ်ပင်လယ်ကြီးအကြားမှနိုးထလာကာ သူ၏စိတ်နေသဘောထား ရုတ်တရက် ပြောင်းလဲသွားသည်။
သူ၏မျက်လုံးအတွင်း၌ တောက်ပသောအလင်းဘီးနှစ်ခု လည်ပတ်နေသည့်အလား တောက်ပနေသည်။
ဤလေးရက်အတွင်း၌ လုယွီသည် စာအုပ်အမြောက်အများကို ဖတ်ရှုခဲ့ကာ ဤနေရာတွင်ရှိနေသော စာအုပ်များအားလုံးနီးပါးပင်။
ဤနေရာတွင် ကျန်းဟောင်ကိုယ်တိုင်ရေးသားထားသော စာအုပ်များရှိနေရုံသာမက ရှေးဟောင်းစာအုပ်တချို့လည်းရှိနေသည်။
လုယွီထံတွင် ဘဝနှစ်ခုစာအတွေ့အကြုံများရှိကာ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်နှင့်ရှေးဟောင်းကောင်းကင်ဘုံဧကရာဇ်တို့၏ မှတ်ဥာဏ်များကို အမွေဆက်ခံခဲ့သော်လည်း သူသည် အရာခပ်သိမ်းကို မသိရှိခဲ့ချေ။
ကောင်းကင်ဘုံနယ်မြေသည် လွန်စွာကျယ်ပြောပြီး အကန့်အသတ်မရှိချေ။ဤနေရာတွင် ပြောင်းလဲမှုများနှင့် ဖြစ်နိုင်ချေများစွာရှိသည်။မည်သူမျှ မွေးဖွားလာစဥ်ကတည်းက အရာခပ်သိမ်းကို သိရှိနိုင်မည်မဟုတ်ချေ။
လေးရက်တိုင် ပြင်းပြင်းထန်ထန် ကြိုးစားလေ့လာပြီးနောက် လုယွီသည် အကျိုးကျေးဇူးများစွာ ရရှိခဲ့လေ၏။ကောင်းကင်နှင့်မြေပြင်အကြားမှ မဟာတာအိုများမှသည် ကျိန်စာများနှင့်ကောင်းချီးပေးမှုများအထိ သူသည် အသိပညာဗဟုသုတများစွာ ရရှိခဲ့သည်။
အသိဥာဏ်ပညာအလင်းတန်းများက လုယွီ၏မျက်လုံးအတွင်း၌ ဖြတ်ပြေးနေသည်။ဤအချိန်အခိုက်အတန့်တွင် လုယွီသည် အရာများစွာကိုသိရှိခဲ့ကာ သူ၏အခြေခံအုတ်မြစ်သည် အထူးသဖြင့် ပို၍နက်နဲသိမ်မွေ့လာသည်။
ဤအချိန်သည် သူ ကျင့်ကြံဆင့်ချိုးဖျက်ရန် အကောင်းဆုံးအချိန်ပင်။
လုယွီသည် သူ၏စိတ်ခံစားချက်များကို တည်ငြိမ်အောင် ထိန်းသိမ်းကာ စိတ်ဝိညာဥ်စွမ်းအားများကို ညင်သာစွာ ရှုသွင်းရှုထုတ်ပြုလုပ်လိုက်၏။ထို့နောက် သူက နဂါးအမြူတေကို ထုတ်ယူလိုက်သည်။
သစ်သားသေတ္တာကိုဖွင့်လိုက်သည်နှင့် နဂါးအမြူတေထံမှနေ၍ တုန်လှုပ်ချောက်ချားဖွယ်နဂါးဟိန်းသံကြီး ထွက်ပေါ်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
မည်သည့်တုံ့ဆိုင်းခြင်းမျှမရှိဘဲ လုယွီက နဂါးအမြူတေကို ဝါးမြိုလိုက်၏။
နဂါးအမြူတေသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်နှင့် ချက်ချင်းဆိုသလိုပင် အလွန်များပြားသောစွမ်းအားများအဖြစ်သို့ ပြောင်းလဲသွားကာ သူ၏မရီးဒါန်းများအားလုံးအတွင်းသို့ ဝင်ရောက်သွားသည်။
လုယွီထံတွင် နဂါးအမြူတေ ဝါးမြိုဖူးသောအတွေ့အကြုံမျိုး ယခင်က ရှိနေခဲ့သဖြင့် သူ မည်သည့်ကသိကအောက်ဖြစ်မှုမျိုးကိုမျှ မခံစားရချေ။
သူသည် လက်သင်္ကေတချို့ကို ဖော်ထုတ်ကာ သူ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသည့် အကန့်အသတ်မရှိသောစွမ်းအားများကို စတင်၍သန့်စင်လိုက်သည်။
ဒုန်း...ဒုန်း....ဒုန်း...
စစ်ဗုံသံနှင့်တူသော အသံများက လုယွီ၏ရင်ဘတ်မှ ထွက်ပေါ်လာသည်။
ဤသည်က သူ၏ခန္ဓာကိုယ်နှင့်စွမ်းအားများ ပေါင်းစပ်နေခြင်းကြောင့် ထွက်ပေါ်လာသောအသံပင်။
ထိုစွမ်းအားများ အဆက်မပြတ်စုဝေးနေမှုနှင့်အတူ လုယွီ၏နှုတ်ခမ်းထောင့်မှ သွေးစတချို့ ယိုစီးကျလာသည်။
"မကောင်းတော့ဘူး...ဖြစ်နိုင်တာတော့ ငါက အဆင့်ချိုးဖျက်ဖို့အတွက် အရမ်းအလျင်လိုသွားတာများလား"
လုယွီက ထိတ်လန့်တုန်လှုပ်သွားသည်။သူသည် မှော်မန္တန်တစ်ပုဒ်ကို အလျှင်အမြန်ရွတ်ဆိုကာ သူ၏နတ်ဘုရားစိတ်အာရုံကို သူ့ခန္ဓာကိုယ်အတွင်းသို့ ကျရောက်သွားစေသည်
သူ ထိန်းချုပ်ထားသည့် တလိမ့်လိမ့်ထနေသော စွမ်းအားများသည် သူ၏မိုးကောင်းကင်လှိုဏ်ဂူမှ အစိတ်အပိုင်းတချို့ထံသို့ ဦးတည်၍စီးဝင်နေပေ၏။
ထိုစွမ်းအားများသည် သူ၏ထိန်းချုပ်မှုအောက်၌ မရှိတော့ချေ။ထိုအရာများသည် သူ၏မရီးဒါန်းများမှတဆင့် သူ့ခန္ဓာကိုယ်၏အစိတ်အပိုင်းတိုင်းကို တိုက်ခိုက်နေသည်။
ဤသည်က လုယွီ ယခုကဲ့သို့အခြေအနေမျိုးကို ကြုံတွေ့ရသည့် ပထမဆုံးအကြိမ်ပင်။
Chapter 2882
အတိတ်ဘဝမှအတွေ့အကြုံများကြောင့် လုယွီသည် သူ၏ကျင့်ကြံမှုတွင် အမှားအယွင်းပြုလုပ်မိသည်မှာ လွန်စွာရှားပါးသည်။
သူသည် အတိတ်ဘဝတွင် ကျူးလွန်ခဲ့သောအမှားမျိုး ထပ်မံ၍ကျူးလွန်မိမည်မဟုတ်ချေ။
သို့ရာတွင် ခန္ဓာကိုယ်သန့်စင်ခြင်းသည် လုယွီနှင့်မရင်းနှီးသောနယ်ပယ်ပင်။
သူသည် တစ်ချိန်က ကောင်းကင်နှင့်မြေပြင်အကြားမှ မဟာတာအိုဥပဒေသများကို နားလည်သဘောပေါက်နိုင်ခဲ့ကာ တာအိုသခင်အဆင့်ထိ ပြီးမြောက်အောင်မြင်ခဲ့သူဖြစ်သည်။သို့ရာတွင် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းကိုမူ လုယွီသည် ဤဘဝတွင်မှ ပထမဆုံးထိန်းညှိခဲ့ခြင်းဖြစ်ပေ၏။
အစစ်အမှန်နဂါး၄၉ကောင်၏ခွန်အားသည် သိုင်းသူတော်စင်နယ်ပယ် အထွတ်အထိပ်အဆင့်ပင်။
လုယွီထံတွင် ယခုလက်ရှိချိန်၌ အစစ်အမှန်နဂါး၄၈ကောင်၏ခွန်အားမျိုးရှိနေကာ သိုင်းပညာသူတော်စင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းစာသာ လိုအပ်တော့သည်။
ရုတ်တရက် သူ၏မိုးကောင်းကင်လှိုဏ်ဂူအတွင်းမှ သက်ရှည်မီးအိမ်သည် နဂါးအမြူတေမှစွမ်းအားများကို စတင်၍ဝါးမြိုနေသည်အား လုယွီက သတိပြုမိသွားသည်။
သူ၏မရီးဒါန်းများအတွင်းတွင် လှည့်ပတ်နေသော စွမ်းအားများအားလုံး ယခုချိန်၌ သက်ရှည်မီးအိမ်ထံသို့ ဦးတည်၍ တရကြမ်းစီးဆင်းသွားသည်။
"မကောင်းတော့ဘူး...သက်ရှည်မီးအိမ်က ဒီတစ်ကြိမ်မှာ တကယ့်ကို ပြဿနာဖြစ်စေတာပဲ"
အတိတ်ဘဝတွင် လုယွီသည် မဟာတာအိုဂိတ်တံခါးကို ဖွင့်လှစ်နိုင်ရန် ခြေတစ်လှမ်းစာအကွာသာ လိုအပ်ခဲ့သည်။
သို့ရာတွင် လုယွီသည် မဟာတာအိုဂိတ်တံခါးနှင့်တူညီသော သက်ရှည်မီးအိမ်ကိုမူ အနည်းငယ်မျှပင် မထိတွေ့ခဲ့ချေ။
ဤသက်ရှည်မီးအိမ်ကို မျောက်ကြောင့် သူ ထိတွေ့ဆက်စပ်မိခြင်းဖြစ်သည်။ထိုအချိန်ကျမှသာ သူ၏ရုပ်ခန္ဓာကိုယ်ကို သန့်စင်နိုင်မည့် အစစ်အမှန်နည်းလမ်းကို ရရှိခဲ့သည်။
ကံအကြောင်းမလှစွာဖြင့် မျောက်သည် ဤနေရာ၌ရှိမနေသဖြင့် ဤအခြေအနေကို သူ မည်ကဲ့သို့ ဖြေရှင်းရမည်အား ပြောဆိုမည့်သူမရှိချေ။
သို့ရာတွင် လုယွီသည် သူ၏စိတ်ကို တည်ငြိမ်အောင်ထိန်းသိမ်းခြင်းမပြုဘဲ မည်ကဲ့သို့ တန်ပြန်ရမည်ကို စတင်၍တွေးတောလိုက်၏။
ဤအခြေအနေသည် သူ၏ထိန်းချုပ်နိုင်မှုထက် ကျော်လွန်နေသော်လည်း ထိုအကြောင်းကြောင့် သူ ထိတ်လန့်ကြောက်ရွံသွားခြင်းမရှိချေ။
သက်ရှည်မီးအိမ်သည် စိတ်ဝိညာဥ်စွမ်းအားများကို ဆက်လက်၍ဝါးမြိုနေမှုနှင့်အတူ လုယွီက ထိုအရာသည် သူ၏ရုပ်ခန္ဓာကိုယ်ပေါ်သို့ အတိုင်းအတာတစ်ခုထိ သက်ရောက်လာကြောင်း ခံစားမိသည်။
ဤသက်ရှည်မီးအိမ်သည် လူသားခန္ဓာကိုယ်အတွင်းရှိ အတားအဆီး သံမဏိချိပ်စည်းတစ်ခုနှင့်တူညီသည်။
သက်ရှည်မီးအိမ်ကိုထွန်းညှိနိုင်သည်နှင့် လူသားခန္ဓာကိုယ် အကန့်အသတ်ကို ချိုးဖျက်နိုင်ပေမည်။အကယ်၍ တစ်စုံတစ်ယောက်သည် သေဆုံးသွားလျှင်ပင် သက်ရှည်မီးအိမ်မငြိမ်းသရွေ့ ပြန်လည်ရှင်သန်နိုင်ကာ ထာဝရအသက်ရှင်နေထိုင်သွားနိုင်သည်။
"ငါ အခု နားလည်သဘောပေါက်သွားပြီ...သိုင်းပညာသူတော်စင် အထွတ်အထိပ်အဆင့်ကိုရောက်ဖို့ နောက်ဆုံးခြေတစ်လှမ်းက ခွန်အားကိုမြှင့်တင်ရုံသက်သက် မရိုးရှင်းဘူး...ရုပ်ခန္ဓာကိုယ်တစ်ခုလုံးကို အဆင့်မြှင့်တင်ရမှာပဲ"
လုယွီသည် အတွေ့အကြုံရင့်ကျက်သူဖြစ်သဖြင့် အကြည့်တစ်ချက်ဖြင့်ပင် ပြဿနာအရင်းအမြစ်ကို ရှာဖွေတွေ့ရှိသွားပေ၏။
သူ၏စိတ်အတွင်း၌ အလွန်အမင်း တည်ငြိမ်အေးချမ်းနေသည်။သူသည် သိုလှောင်အိတ်အတွင်းမှ ဆေးလုံးအမြောက်အများကို ထုတ်ယူလိုက်သည်။
အကယ်၍ တစ်စုံတစ်ယောက်သာ ဤနေရာ၌မတ်တတ်ရပ်နေပြီး ထိုမြင်ကွင်းကိုမြင်တွေ့ပါက သူတို့၏အောက်မေးရိုးများ ပြုတ်ကျလုမတက် အံ့အားသင့်တုန်လှုပ်သွားပေမည်။
ကျင့်ကြံသူအများစုသည် သူတို့၏ကျင့်ကြံဆင့်၌ အတိမ်းအစောင်းမခံသော အခြေအနေမျိုးသို့ ရောက်ရှိမှသာ အဖိုးတန်ရှားပါးသောဆေးလုံးများကို အသုံးပြုကြသည်။သူတို့သည် များသောအားဖြင့် ကျင့်ကြံဆင့်ချိုးဖျက်စဥ်တွင် ဆေးလုံးများကို သုံးစွဲကြလေ၏။
ဆေးလုံးများကို အောင်မြင်စွာသန့်စင်နိုင်ခဲ့သော ဆေးပညာရှင်တစ်ယောက်ပင်လျှင် ကျရှုံးမှုနှုန်း လွန်စွာများပြားလေ့ရှိသည်။
အလွန်နည်းပါးသောလူတစ်စုသာ လုယွီကဲ့သို့ ဆေးလုံးများ အပုံလိုက်ထုတ်ယူအသုံးပြုနိုင်ပေမည်။အကယ်၍ တစ်စုံတစ်ယောက်သည် ချမ်းသာကြွယ်ဝလျှင်ပင် အဖိုးတန်ရှားပါးသောဆေးလုံးများကို ဝယ်ယူနိုင်ရန် လွန်စွာခက်ခဲသည်။
လုယွီ ထုတ်ယူလိုက်သော ဆေးလုံးတစ်လုံးစီတွင် ထူထပ်သိပ်သည်းသော ဆေးစွမ်းအားများရှိကာ သင်းပျံ့သောဆေးရနံ့များ ထွက်ပေါ်နေသည်။
ထိုဆေးလုံးများအနက်မှအများစု၏နံဘေးပတ်လည်တွင် ဝိုးတဝါးပုံရိပ်ယောင်များ ရှိနေလေ၏။ထိုအရာများသည် စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့် ဆေးလုံးများဖြစ်သည်မှာ သိသာထင်ရှားသည်။
လုယွီသည် ဆေးလုံးတစ်ထောင်ကျော်ကို ထုတ်ယူလိုက်ကာ ထိုဆေးလုံးတစ်လုံးစီသည် လွန်စွာအဖိုးထိုက်တန်သည်။
ထို့နောက် လုယွီသည် ထိုဆေးလုံးများကိုထိန်းချုပ်ကာ သိပ်သည်းသောဆေးရည်အဖြစ်သို့ ပြောင်းလဲပြီး သူ၏ပါးစပ်အတွင်းသို့ ဝါးမြိုလိုက်၏။
ထိုဆေးရည်များသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်နှင့် ချက်ချင်းဆိုသလိုပင် အလွန်ပေါကြွယ်ဝသော စိတ်ဝိညာဥ်စွမ်းအားများအဖြစ်သို့ ပြောင်းလဲသွားသည်။
သက်ရှည်မီးအိမ်ကြောင့် ကုန်ဆုံးသွားသောစွမ်းအားများ ပြန်လည်၍ပြည့်တင်းလာသည်။
သို့ရာတွင် သက်ရှည်မီးအိမ်သည် ဆာလောင်မွတ်သိပ်နေသော တက်တူတစ်ကောင်အလားပင်။ဆေးစွမ်းအားများ၏အကူအညီဖြင့်ပင် ထိုအရာသည် လုယွီ၏ခန္ဓာကိုယ်အတွင်းမှ စိတ်ဝိညာဥ်စွမ်းအားများအားလုံးကို ဆက်လက်၍ဝါးမြိုနေဆဲဖြစ်သည်။
"ငါက အရမ်းစွန့်စားလွန်းရာကျသွားတယ်...ရှေးဟောင်းအချိန်ကာလအတွင်းမှာတောင် သိုင်းပညာသူတော်စင်တွေအများကြီးရှိပေမယ့် အထွတ်အထိပ်အဆင့်ကိုရောက်တဲ့သူက တစ်ယောက် နှစ်ယောက်ပဲရှိတယ်...ငါက ဒါကို စွမ်းအားတွေစုစည်းရုံသက်သက်လို့ လွယ်လွယ်လေး တွေးထားမိတယ်...ဒါပေမယ့် သိုင်းပညာသူတော်စင်အထွတ်အထိပ်အဆင့်ကို ရောက်ဖို့ဆိုတာ စွမ်းအားတွေစုစည်းရုံလောက် မရိုးရှင်းဘူး"
Chapter 2883
လုယွီက သူ၏စိတ်နှလုံးသားအတွင်းမှ သက်ပြင်းတစ်ချက်ရှိုက်လိုက်သော်လည်း မကြာမီမှာပင် သူ၏စိတ်ကိုပြောင်းလဲလိုက်၏။
အကယ်၍ တစ်စုံတစ်ယောက်သည် ကျင့်ကြံခြင်းလမ်းကြောင်းပေါ်တွင် ကြိုးစားခြင်းမရှိပါက အတားအဆီးနေရာတွင် တစ်ဆို့နေပေမည်။
"ဒီစိတ်ဆန္ဒလောက်နဲ့ မင်းက ငါ အဆင့်ချိုးဖျက်မှာကို ဟန့်တားနိုင်မယ်လို့ ထင်နေတာလား...ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ"
လုယွီက ဆေးလုံးတစ်လုံးကို ထပ်မံ၍ ထုတ်ယူလိုက်သည်။
ထိုဆေးလုံးထွက်ပေါ်လာသည့် အချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိ စာအုပ်များ ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။
မိုးကောင်းကင်မှဆင်းသက်လာသော အရှိန်အဝါတစ်ရပ်က စာကြည့်ဆောင်အတွင်း၌ ထွက်ပေါ်လာသည်။
ဤှသည်က ဧကရာဇ်အဆင့်ဆေးလုံးပင်။
လုယွီသည် နေ့စဥ်ကျင့်ကြံမှုပြုလုပ်နေစဥ်အတွင်း၌ ဆေးလုံးများကို မကြာခဏသန့်စင်ထားလေ့ရှိသည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီထံတွင် ဧကရာဇ်အဆင့်ဆေးလုံးအမြောက်အများမရှိချေ။
ဤသည်က လုယွီသည် ထိုအဆင့်ဆေးလုံးမျိုးကို မသန့်စင်နိုင်သောကြောင့်မဟုတ်ပေ။အကြောင်းအရင်းမှာ ဧကရာဇ်အဆင့်ဆေးလုံးကို သန့်စင်နိုင်ရန်အတွက် လိုအပ်သောဆေးပင်များသည် အလွန်ခက်ခဲကြမ်းတမ်းသောကြောင့်ပင်။များသောအားဖြင့် ထိုဆေးပင်များကို စုဆောင်းရန်အတွက် အချိန်အမြောက်အများလိုအပ်သည်။
ကံကောင်းထောက်မစွာဖြင့် လုယွီသည် အဖိုးတန်ရှားပါးသောဆေးပင်အမြောက်အများကို တော်ဝင်နန်းတွင်းမှရရှိခဲ့သည်။ထို့ကြောင့် ဧကရာဇ်အဆင့်ဆေးလုံးတစ်လုံးကို အသုံးပြုရလျှင်ပင် သူ ခေါင်းခဲစရာဟု မခံစားရချေ။
ဘုန်း...
ဧကရာဇ်အဆင့်ဆေးလုံး သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသော အချိန်အခိုက်အတန့်တွင် နှိုင်းယှဥ်ပြစရာမရှိသည်အထိ ပြင်းထန်သော စွမ်းအားလှိုင်းများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
လုယွီ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် ကောင်းကင်နှင့်မြေပြင်ပင် တုန်ခါသွားစေသော စွမ်းအားလှိုင်းများရှိနေသည်။ထိုစွမ်းအားလှိုင်းများတွင် ခြစ်ခြစ်တောက်ပူပြင်းသော အရှိန်အဝါမျိုး ပါဝင်နေပေ၏။
ဤအချိန်အခိုက်အတန့်တွင် သက်ရှည်မီးအိမ်သည် လုံလောက်သောစွမ်းအားပမာဏကို ရရှိသွားပုံဖြင့် အရူးအမူးဝါးမြိုစပြုလာသည်။
သန့်စင်သောစွမ်းအားလှိုင်းများက သက်ရှည်မီးအိမ်အတွင်းသို့ စီးဝင်သွားသည်။မီးအိမ်၏မျက်နှာပြင်ပေါ်ရှိ ဝေဝါးနေသောနေရာတချို့ ကြည်လင်ပြတ်သားစပြုလာကာ ထိုအရာပေါ်၌ အမှတ်အသားတချို့ကိုပင် မြင်တွေ့နိုင်သည်။
အကယ်၍ တစ်စုံတစ်ယောက်မှ အနီးကပ်ကြည့်ရှုပါက ထိုအရာများသည် ရှေးဟောင်းမှရုပ်ပုံများကို မှတ်တမ်းတင်ထားခြင်းဖြစ်ကြောင်း တွေ့မြင်နိုင်ပေမည်။
သို့ရာတွင် လုယွီသည် နတ်ဘုရားစိတ်အာရုံကိုအသုံးပြု၍ ထိုအရာများကို အချိန်အတော်ကြာကြည့်ပြီးနောက် သူသည် ဝိုးတဝါးရုပ်ပုံများကိုသာ မြင်တွေ့ရလေ၏။သူ ထပ်မံ၍ သေသေချာချာ ကြည့်ရှုသည့်တိုင် ထိုအရာများကို ရှင်းရှင်းလင်းလင်း မမြင်တွေ့ရချေ။
"ငါ့ရဲ့ အခုလက်ရှိခွန်အားက မလုံလောက်သေးဘူး...ဒါကြောင့် သက်ရှည်မီးအိမ်ကို ထွန်းညှိမှာမဟုတ်ဘူး"
လုယွီက ညည်းတွားလိုက်သည်။
မဟာတာအိုဂိတ်တံခါးနှင့် တူညီသောအဆင့်တွင်ရှိသည့် တည်ရှိမှုကြီးတစ်ခုဖြစ်သည့် သက်ရှည်မီးအိမ်သည် ကောင်းကင်နှင့်မြေပြင်အကြားမှ စိတ်ဝိညာဥ်ချီစွမ်းအားများကြောင့် ဖြစ်တည်လာခြင်းဖြစ်သည်။
သက်ရှိများအကြားတွင် ဖြစ်တည်နေသော သံမဏိကဲ့သို့ခိုင်မာသည့် အချုပ်အနှောင်နှစ်ခုရှိသည်။အတိတ်တွင် မဟာမိုးကောင်းကင်ရွှေအင်မော်တယ်များနှင့်သိုင်းပညာအုပ်စိုးသူအဆင့်အစွမ်းထက်သူများ ရှိခဲ့လေ၏။သူတို့သည် ထိုအချုပ်အနှောင်များ၏အစွန်အဖျားကို ထိတွေ့နိုင်ခဲ့သည်။ကံအကြောင်းမလှစွာဖြင့် သူတို့သည် တားမြစ်ချက်တချို့ကို မကျော်လွှားနိုင်သောကြောင့် ရလဒ်အနေဖြင့် သူတို့အားလုံး သေဆုံးခဲ့ရသည်။
သို့ရာတွင် လုယွီသည် စိတ်ဓာတ်ကျသွားခြင်းမရှိချေ။ဤကဲ့သို့ကိစ္စမျိုးသည် ညတွင်းချင်းဖြေရှင်း၍ရသည့် အရာမျိုးမဟုတ်ချေ။
"အဆင့်ချိုးဖျက်ဖို့ အချိန်ကျပြီ"
လုယွီက တီးတိုးရေရွတ်လိုက်သည်။
သက်ရှည်မီးအိမ်၏စွမ်းအား တဖြည်းဖြည်း အားပျော့သွားမှုနှင့်အတူ ထိုအရာ၏မျက်နှာပြင်ပေါ်၌ တောက်ပနေသောအလင်းရောင် တစတစလွင့်ပြယ်စပြုလာသည်။
ထိုအရာသည် မူလပုံပန်းသွင်ပြင်သို့ ပြန်လည်ရောက်ရှိသွားကာ လုယွီ၏မိုးကောင်းကင်လှိုဏ်ဂူအတွင်း၌ တိတ်ဆိတ်ငြိမ်သက်စွာ ပြန်လည်၍တည်ရှိနေပေ၏။
သို့ရာတွင် လုယွီက သက်ရှည်မီးအိမ်သည် ယခင်နှင့် ကွဲပြားခြားနားသွားခြင်းကို သိရှိထားသည်။
လုယွီသည် ယခင်က သူ သက်ရှည်မီးအိမ်အနီးသို့ ချဥ်းကပ်သွားနိုင်သရွေ့ သူ အောင်မြင်စွာထွန်းညှိနိုင်မည်ဟု ယူဆခဲ့ဖူးသည်။အမှန်အားဖြင့် ထိုသို့မဟုတ်ဘဲ ဤအရာသည် လူသားခန္ဓာကိုယ်အတွင်း၌ရှိနေသော စိတ်ဝိညာဥ်ပစ္စည်းတစ်ခုပင်။ထိုအရာအား ပြီးပြည့်စုံအောင် ပြုလုပ်နိုင်မှသာ သူ အောင်မြင်စွာထွန်းညှိနိုင်ပေမည်။
သက်ရှည်မီးအိမ်၏ဝါးမြိုခြင်းစွမ်းအားများ ပျောက်ကွယ်သွားလေပြီ။လုယွီသည် နဂါးအမြူတေမှစွမ်းအားများကို သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်၏။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် တုန်လှုပ်ချောက်ချားဖွယ်ကောင်းပြီး ပြင်းထန်သောစွမ်းအားလှိုင်းများက လုယွီ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ တဖန်ထပ်၍ထွက်ပေါ်လာသည်။
သူ၏ခန္ဓာကိုယ်အတွင်းရှိစွမ်းအားများ ပို၍ပို၍ ပြန့်ကားလာသောကြောင့် သူက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
ဝေါင်း...
ကျယ်လောင်သောအသံတစ်သံ မြည်ဟီးလာခြင်းနှင့်အတူ နဂါးဟိန်းသံကဲ့သို့အသံလှိုင်းများက လုယွီ၏ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသည်။
သူသည် အနည်းငယ်ရွေ့လျားကြည့်လိုက်ရာ သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ပြင်းထန်သောလေလှိုင်းများ ရစ်သိုင်းလွှမ်းခြုံနေသည်ကို ခံစားမိလေ၏။
ဤအချိန်အခိုက်အတန့်တွင် လုယွီက သူ့ရှေ့မှအရာရာတိုင်းကို ရှင်းရှင်းလင်းလင်းမြင်တွေ့လိုက်ရသည်။ဤသည်က သူ တစ်ချက်ခုန်ပေါက်လိုက်ရုံဖြင့် မိုးကောင်းကင်ယံအတွင်းသို့ ရောက်ရှိသွားမည့်အလားပင်။သူ၏လက်သီးနှင့်လက်ဝါးကို အနည်းငယ်လှုပ်ရှားလိုက်ရုံဖြင့် တောင်များနှင့်ပင်လယ်များကို ကြေမွှပျက်စီးစေနိုင်စွမ်းရှိသည်။
ယနေ့မှစ၍ လုယွီသည် သိုင်းပညာသူတော်စင်အထွတ်အထိပ်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းသွားနိုင်လေပြီ။
Chapter 2884
နောက်တစ်နေ့ မနက်စောစောအချိန်တွင် စာကြည့်ဆောင်တံခါးရှေ့သို့ ကျန်းဟုန်က ရောက်ရှိလာသည်။
"စီနီယာ အချိန်ကျလာပြီ...ဝေ့မိသားစုကလူတွေက ခဏလောက်ကြာရင် ရောက်လာတော့မယ်"
ကျန်းဟုန်က ရိုသေလေးစားစွာ ပြောဆိုသည်။
ကျွီ...
စာကြည့်ဆောင်တံခါးပွင့်သွားကာ လုယွီက အတွင်းမှ ထွက်လာသည်။
"သွားကြစို့"
လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုလိုက်၏။
ကျန်းဟုန်က အံ့အားသင့်မှုအပြည့်ဖြင့် လုယွီကို ကြည့်လိုက်သည်။သူ့ရှေ့ရှိလူ၏အရှိန်အဝါသည် ယခင်ထက်ပို၍ လျှို့ဝှက်ဆန်းကြယ်သွားသည်ဟု သူ ခံစားမိသည်။
အကယ်၍ လုယွီသည် ယခင်က အတွင်းပိုင်းကို ထွင်းဖောက်မမြင်နိုင်သော ကျောင်းတော်သားတစ်ယောက်နှင့် တူညီသည်ဆိုပါက ယခုလက်ရှိ သူ၏အရှိန်အဝါသည် အချိန်အတော်ကြာနာမည်ကျော်ကြားခဲ့သော မွန်းစတားအိုကြီးတစ်ကောင်နှင့် တူညီနေသည်။
သို့ရာတွင် အကယ်၍ လုယွီသည် ကောင်းကင်ဘုံ၏ချီးမြှောက်ခံ ပါရမီရှင်တစ်ယောက်ဖြစ်လျှင်ပင် သူ၏အသက်သည် မည်မျှရှိသေးသနည်း....
ဖြစ်နိုင်သည်မှာ သူသည် စာကြည့်ဆောင်အတွင်း၌ ဥာဏ်အလင်းပွင့်မှုတချို့ကို ရရှိခဲ့သလော...
ကျန်းဟုန်သည် ထိုဖြစ်နိုင်ချေကို တွေးတောမိသော်လည်း သူ၏ခေါင်းကိုခါယမ်းကာ ပယ်ချလိုက်၏။
ငါးရက်ဟူသောအချိန်ကာလမှာ လွန်စွာတိုတောင်းသည်။လုယွီ၏စိတ်ဝိညာဥ်မည်မျှထိ သန်မာအားကောင်းနေပါစေ ဤအချိန်ကာလအတွင်း၌ စာအုပ်တစ်ရာကျော် ဖတ်ရှုနိုင်လျှင်ပင် မဆိုးလှဟု ယူဆနိုင်သည်။
ထို့ပြင် ဤနေရာရှိစာအုပ်တိုင်းသည် ပြင်ပလောကတွင်ရှာတွေ့နိုင်ရန် လွန်စွာခက်ခဲသည့် အဖိုးတန်ရှားပါးသောအရာများဖြစ်သည်။ထိုစာအုပ်များကို အပြည့်အဝနားလည်သဘောပေါက်နိုင်ရန်မှာ ရိုးရှင်းသောကိစ္စတစ်ရပ် မဟုတ်ချေ။
"ဝေ့မိသားစုကလူတွေ မကြာခင်မှာ ရောက်လာလိမ့်မယ်...အခုချိန်မှာ အကြီးအကဲတွေအားလုံးက လေ့ကျင့်ရေးကွင်းပြင်ဘေးမှာ စောင့်ဆိုင်းနေကြတယ်"
ကျန်းဟုန်က လုယွီကို လေ့ကျင့်ရေးကွင်းပြင်သို့ ခေါ်ဆောင်သွားလေ၏။
ဤအချိန်အခိုက်အတန့်တွင် လေ့ကျင့်ရေးကွင်းပြင်အနီး၌ လူအမြောက်အများ စုဝေးနေသည်။
ကျန်းမိသားစုဝင်လူငယ်အမြောက်အများ ဤနေရာ၌စောင့်ဆိုင်းနေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
တော်ဝင်မြို့တော်၏ထိပ်တန်းမိသားစုကြီးရှစ်စုအနက်မှတစ်ခုဖြစ်သော ကျန်းမိသားစု၏ မြို့တော်ရှိအိမ်တော်အတွင်း၌ မိသားစုဝင်တစ်ထောင်ကျော်အပြင် ထောင်သောင်းချီသောအစေခံများရှိသည်။
ဝေ့မိသားစုနှင့်ကျန်းမိသားစုကြား၌ ရန်ငြိုးရန်စများ ရှိနေခဲ့သည်။လူငယ်မိသားစုဝင်များ ကျင့်ကြံရာတွင်ဖြစ်စေ စီးပွားရေးလုပ်ငန်းများလုပ်ဆောင်ရာတွင်ဖြစ်စေ သူတို့အကြား၌ ပဋိပက္ခများ ရှိနေလေ၏။
ယနေ့ပြိုင်ပွဲသည် အကန့်အသတ်ကြယ်မြစ်ပေါ်ရှိ စွမ်းအားများခွဲဝေနိုင်ရေး ဖြစ်ရုံသာမက မိသားစုနှစ်စု၏နာမည်ဂုဏ်သတင်းနှင့် တိုက်ဆိုင်နေသည်။
ထို့ကြောင့် ကျန်းမိသားစုဝင်အမြောက်အများသည် သူတို့လုပ်ဆောင်နေသော အရေးကိစ္စများကိုဘေးဖယ်ကာ ဤနေရာသို့ အပြေးအလွှားလာရောက်၍ စောင့်ကြည့်နေကြခြင်းဖြစ်သည်။
လေ့ကျင့်ရေးကွင်းပြင်၏အလယ်ဗဟို၌ အလွန်ကျယ်ဝန်းသော တိုက်ပွဲစင်မြင့်ကို တည်ဆောက်ထားပြီးလေပြီ။
ကျန်းမိသားစုဝင်အကြီးအကဲများသည် ထိုစင်မြင့်၏အောက်၌ ထိုင်နေကြ၏။
"မိသားစုခေါင်းဆောင်...ဒါက မင်း ဖိတ်ကြားထားတဲ့ အစွမ်းထက်ပညာရှင်လား...သူ့ကိုကြည့်ရတာ သာမာန်လူတစ်ယောက်လိုပဲ ဘာမှမထူးခြားဘူး...မင်း လူမှားပြီးရှာမလာခဲ့မိတာ သေချာလား"
လုယွီ၏ပုံပန်းသွင်ပြင်ကိုကြည့်ပြီးနောက် နဝမအကြီးအကဲက လှောင်ပြောင်သရော်လိုက်သည်။
အကယ်၍ လုယွီထံတွင် ခွန်အားတချို့ရှိနေပါက သူ ကွဲပြားခြားနားသော အမြင်ဖြင့် စောင့်ကြည့်ကောင်း စောင့်ကြည့်နေမိနိုင်သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ နဝမအကြီးအကဲ၏အမြင်အရ လုယွီထံတွင် ကျင့်ကြံသူတစ်ယောက်၏အရှိန်အဝါမျိုး အနည်းငယ်မျှပင်ရှိမနေချေ။
အရေးအကြီးဆုံးအချက်မှာ ဝင်္ကပါတာအိုသည် ဆေးပညာတာအိုနှင့် သဘောတရားခြင်းတူညီနေခြင်းပင်။ထိုပညာရပ်အား ကျွမ်းကျင်စွာတက်မြောက်နိုင်ရန်မှာ အတွေ့အကြုံများကို အချိန်ကြာမြင့်စွာစုဆောင်းထားရန် လိုအပ်သည်။
လူငယ်တစ်ယောက်သည် မည်မျှထိပါရမီရင့်သန်နေပါစေ ဝင်္ကပါပညာရပ်တွင် ကြီးမားသောအောင်မြင်မှုရရှိရန်မှာ မဖြစ်နိုင်ချေ။
ကျန်းဟုန်က အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"နဝမအကြီးအကဲ...စီနီယာကို လေးလေးစားစားဆက်ဆံတာက မင်းအတွက် ပိုကောင်းလိမ့်မယ်"
"ကောင်စုတ်လေးတစ်ယောက်ကို မင်းက စီနီယာဆိုပြီး လေးလေးစားစား ဆက်ဆံနေတယ်...အိုက်ယား...ကျန်းဟုန်...အဲ့ဒီဝေးလံခေါင်သီတဲ့ကြယ်နယ်မြေပေါ်မှာ မင်းရဲ့ဦးနှောက်တွေ ပျက်သွားတာများလား"
နဝမအကြီးအကဲက ခနဲ့တဲ့တဲ့လေသံဖြင့် လှောင်ပြောင်သရော်လိုက်၏။
ကျန်းဟုန်သည် နဝမအကြီးအကဲ၏လှောင်ပြောင်သရော်မှုကို လျစ်လျှူရှုကာ လုယွီကို သူ၏အနီးရှိ ထိုင်ခုံပေါ်တွင်ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။
ဤနေရာသည် ယနေ့ပြိုင်ပွဲ၌ ဝင်ရောက်ယှဥ်ပြိုင်မည့် ဝင်္ကပါပညာရှင်များအတွက် စီစဥ်ထားခြင်းပင်။ထိုင်ခုံတစ်လုံးစီ၏ဘေးတစ်ဖက်တစ်ချက်တွင် လှပချောမောသောအစေခံမလေးနှစ်ယောက်ရှိနေကာ ရှေ့ရှိစားပွဲပေါ်၌ စားကောင်းသောက်ဖွယ်များကို တင်ထားသည်။
ထိုအစေခံမလေးများသည် လုယွီ ဤနေရာ၌ ဝင်ထိုင်လိုက်သည်ကို မြင်တွေ့ချိန်တွင် အံ့အားသင့်သွားသည်။
"စီနီယာ...ဒီနေရာမှာ ခဏလောက်စောင့်နေပါအုံး...ဝေ့မိသားစုကလူတွေ မကြာခင်ရောက်လာတော့မှာပါ...ငါက စီနီယာကိုပဲ အားကိုးရတော့မယ်"
ကျန်းဟုန်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
လုယွီက ခေါင်းညိတ်ပြလိုက်၏။
သူသည် ကျန်းဟုန်၏နဂါးအမြူတေကို လက်ခံပြီးဖြစ်သဖြင့် သူ ကတိပေးထားသောကိစ္စကို လုပ်ဆောင်ပေးရပေမည်။
ထို့ပြင် လုယွီသည် တခြားဝင်္ကပါပညာရှင်များ၏နည်းစနစ်များကို တွေ့မြင်လိုသည်။
လုယွီ ရောက်ရှိလာမှုသည် လူအမြောက်အများအားလုံး၏စိတ်အာရုံကို ဆွဲဆောင်သွားနိုင်ခဲ့သည်။သူတို့အားလုံးက လုယွီကို စူးစိုက်၍ ကြည့်နေကြ၏။
Chapter 2885
သူတို့သည် ဤတစ်ကြိမ်တွင် မိသားစုအတွက် တိုက်ခိုက်ပေးမည့် ဝင်္ကပါပညာရှင်ကို မြင်တွေ့လိုသဖြင့် ဤနေရာ၌ စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။
သို့ရာတွင် မမျှော်လင့်ဘဲ ထိုနေရာသို့ လူငယ်တစ်ယောက် ရောက်ရှိလာသဖြင့် လူတိုင်း အံ့အားသင့်သွားကြ၏။
"ဘာတွေဖြစ်နေတာလဲ...သူက ဘယ်သူလဲ...ဘာလို့ သူက ဝင်္ကပါပညာရှင်တွေအတွက် ထားတဲ့ထိုင်ခုံမှာ ဝင်ထိုင်နေရတာလဲ"
"သူက ဘယ်သူလဲ...ဒါက ငါတို့မိသားစုအတွက် အရေးကြီးတဲ့ကိစ္စကြီးလေ...ဘာလို့ ဒီလိုလူငယ်တစ်ယောက်ကို ရှာဖွေလာကြတာလဲ"
ပတ်ဝန်းကျင်ရှိကျန်းမိသားစုဝင်များသည် အချင်းချင်း တိုင်ပင်ဆွေးနွေးနေကြကာ လုယွီ၏အဆင့်အတန်းကို ခန့်မှန်းနိုင်ရန် ကြိုးစားနေကြ၏။
နဝမကြီးအကဲသည် ထိုမြင်ကွင်းကို အေးစက်စက်အကြည့်ဖြင့်ကြည့်ကာ မည်သည့်စကားတစ်ခွန်းမျှ မပြောဆိုသော်လည်း သူ၏မျက်လုံးအတွင်းမှ သရော်တော်တော်အရိပ်အယောင်များကို ကွယ်ဝှက်ထား၍မရချေ။
ထိုအချိန်မှာပင် နဝမအကြီးအကဲ၏နောက်၌ မတ်တတ်ရပ်နေသော လူလတ်ပိုင်းကြီးတစ်ယောက်က ရုတ်တရက် အံ့အားတသင့် ရေရွတ်လိုက်သည်။
"လုယွီ....သူက ဘာလို့ ဒီနေရာကို ရောက်နေတာလဲ"
နဝမအကြီးအကဲ၏မျက်ခုံးများမြင့်တက်သွားကာ သူ့နောက်ရှိလူကို ကြည့်လိုက်၏။
"မင်းက သူ့ကို သိနေတာလား"
"နဝမအကြီးအကဲ...အဲ့ဒီလူက ကျွန်တော်နဲ့အတူ အောက်ဘုံကနေတက်လှမ်းလာခဲ့တဲ့သူပါ"
ထိုစကားကိုပြောသူမှာ နာမည်ကျော်ကြားသော နန့်ရှန်နယ်စားကျန်းချွယ်အပြင် တခြားသူမဟုတ်ချေ။
ထိုအချိန်တုန်းက ကျန်းချွယ် လုယွီ နှင့် တခြားလူများသည် အောက်ဘုံမှတက်လှမ်းခဲ့ကြကာ သူသည် ကျန်းမိသားစုအတွင်းသို့ ရောက်ရှိလာခဲ့သည်။
သူသည် မူလကတည်းက ကျန်းမိသားစုဝင်တစ်ယောက်ပင်။ကျန်းဟောင်သည် အောက်ဘုံမှတက်လှမ်းသွားခဲ့သူဖြစ်ခြင်းကြောင့် သူ၏မျိုးဆက်ဖြစ်သော ကျန်းချွယ်သည် နန့်ရှန်းနယ်စားဘွဲ့ထူး ခန့်အပ်ခြင်းခံရကာ အကန့်အသတ်မရှိသော ချမ်းသာကြွယ်ဝမှုများနှင့် သက်တောင့်သက်သာ နေထိုင်ခဲ့ရသည်။
သို့ရာတွင် ကောင်းကင်ဘုံနယ်မြေအတွင်း၌ ကျန်းချွယ်၏အဆင့်အတန်းသည် အောက်ဘုံမှာကဲ့သို့ မြင့်မားခြင်းမရှိတော့ချေ။
သူသည် အောက်ဘုံအတွင်း၌ အလွန်မြင့်မားသော အဆင့်အတန်းရှိခဲ့သော်လည်း ကျန်းမိသားစုအတွင်းတွင်မူ သွေးမျိုးဆက်ဝေးကွာသူဖြစ်သည့်အပြင် သူ့ထံတွင် လုံလောက်သောခွန်အားမျိုး မရှိချေ။
ဤအချိန်အရောက်တွင် တစ်စုံတစ်ယောက်သည် ကောင်းကင်ဘုံနယ်မြေနှင့် အောက်ဘုံများအကြားရှိ ကွဲပြားခြားနားချက်ကို တွေ့မြင်နိုင်ပေမည်။
အောက်ဘုံများနှင့်ကောင်းကင်ဘုံနယ်မြေအကြားရှိ ကျင့်ကြံမှုအရင်းအမြစ်များကြားကွာဟချက်မှာ လွန်စွာကြီးမားသည်။လူအများစုသည် သိုင်းသူတော်စင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်လိုလျှင်ပင် အလွန်အမင်းခက်ခဲသည်။
ကျန်းချွယ်သည် အင်အားများစွာစိုက်ထုတ်၍ ကြိုးစားခဲ့သဖြင့် လေလွင့်အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိခဲ့သည်။သို့ရာတွင် သူသည် ကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိလာသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်သော်လည်း ယခုချိန်ထိတိုင် လောကီအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခြင်းမရှိသေးချေ။
သူသည် အသက်အိုမင်းနေသည်ဖြစ်သည့်အပြင် သူ၏အရည်အချင်းမှာလည်း အကန့်အသတ်ရှိလေရာ ပို၍မြင့်မားသော ကျင့်ကြံဆင့်နယ်ပယ်များသို့ တက်လှမ်းနိုင်ရန် သူ့အတွက် အလွန်အမင်းခက်ခဲလှ၏။
ကံကောင်းထောက်မစွာဖြင့် ကျန်းချွယ်သည် အလွန်လိမ္မာပါးနပ်သူတစ်ယောက် ဖြစ်နေသည်။ကျန်းမိသားစု၏တိုက်ရိုက်သွေးမျိုးဆက်သည် စွမ်းအားနိမ့်ပါးနေသည်ကို မြင်တွေ့ချိန်၌ သူသည် ချက်ချင်းဆိုသလိုပင် နဝမအကြီးအကဲဘက်သို့ ကူးပြောင်းလိုက်သည်။
နဝမအကြီးအကဲသည် မိသားစုအတွင်း၌ အလွန်ကြီးမားသော နာမည်ဂုဏ်သတင်းရှိကာ မိသားစုဘဏ္ဌာရေးကိုလည်း စီမံအုပ်ချုပ်ရသူဖြစ်သည်။
အကယ်၍ မိသားစုဝင်တစ်ယောက်သည် ကျင့်ကြံရန်အတွက် လုံလောက်သော အရင်းအမြစ်နှင့်ငွေကြေးကို ရရှိလိုပါက နဝမအကြီးအကဲ၏ခွင့်ပြုချက်ရရန် လိုအပ်သည်။ထို့ကြောင့် ကျန်းချွယ်သည် အောက်ဘုံအတွင်းမှ သူ၏မောက်မာဝံ့ကြွားမှုများအားလုံးကို စွန့်လွှက်ကာ နဝမအကြီးအကဲ၏နောက်သို့ ကျိုးကျိုးနွံနွံ လိုက်နေခဲ့ရသည်။
ကျန်းချွယ်သည် လုယွီကို ဤနေရာ၌ မြင်တွေ့ရမည်ဟု မျှော်လင့်မထားမိချေ။
လုယွီသည် ဝင်္ကပါပညာရှင်များ၏နေရာဖြစ်သော ထိုင်ခုံပေါ်၌ထိုင်နေကာ ကျန်းမိသားစုခေါင်းဆောင်က သူ့အား လေးလေးစားစားဆက်ဆံနေသည်ကို မြင်တွေ့ချိန်တွင် ကျန်းချွယ်၏စိတ်နှလုံးသားအတွင်း၌ ဒေါသမီးများ တဟုန်းဟုန်းလောင်မြိုက်လာပေ၏။
သူသည် ဤနေရာ၌ တခြားသူများကို ရိုသေလေးစားစွာ အလုပ်အကျွေးပြုနေရသည်။သို့ရာတွင် လုယွီကမူ မည်သည်ကြောင့် အဆင့်အတန်းမြင့်မားသောနေရာတွင် ရောက်နေကာ ရိုသေလေးစားစွာဆက်ဆံခြင်း ခံနေရသနည်း။
"သူက မင်းနဲ့အတူ အောက်ဘုံကနေ တက်လှမ်းလာတာလား...ကောင်းတယ်...အရမ်းကောင်းတယ်"
နဝမအကြီးအကဲက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။
သူသည် ကျန်းချွယ် တက်လှမ်းလာသည့်အချိန်ကို သိရှိထားသည်။
ကောင်းကင်ဘုံနယ်မြေသို့ တက်လှမ်းလာသည်မှာ မကြာသေးသော လူငယ်တစ်ယောက်သည် မည်ကဲ့သို့နည်းဖြင့် အရည်အချင်းရှိနိုင်မည်နည်း....
ထိုလူငယ်သည် လေလုံးကြီးကာ အသိပညာကြွယ်ဝခြင်းမရှိသော ကျန်းဟုန်ကို လှည့်စားထားခြင်းသာဖြစ်ပေမည်။
ဤတစ်ကြိမ်တွင် သူ မိသားစုခေါင်းဆောင်နေရာကို ရရှိရန်မှာ သေချာသွားလေပြီ။
နဝမအကြီးအကဲက စိတ်ကျေနပ်မှုရရှိသွားပုံဖြင့် ကျန်းချွယ်ကိုကြည့်ကာ ပြောဆိုသည်။
"နောင်တစ်ချိန်ကျရင် မင်းက ဆေးခန်းမရဲ့ကြီးကြပ်ရေးမှူးနေရာမှာ တာဝန်ယူရမယ်"
ကျန်းဟုန်က အလွန်ပျော်ရွှင်သွားကာ ပျာပျာသလဲ ပြောဆိုလိုက်၏။
"နဝမအကြီးအကဲကို ကျေးဇူးတင်ပါတယ်"
ဆေးခန်းမသည် ကျန်းအိမ်တော်အတွင်း၌ အကျိုးအမြတ်အများဆုံး ရရှိနိုင်သောနေရာပင်။ကျန်းမိသားစုအတွင်းရှိ လူအများစုသည် ထိုနေရာကို လိုချင်တပ်မက်နေကြသော်လည်း ကျန်းချွယ်က မမျှော်လင့်ဘဲ ရရှိသွားခဲ့သည်။
"လုယွီ..မင်း ဒီလိုဖြစ်လာမယ်လို့ တွေးမိမှာမဟုတ်ဘူး...အောက်ဘုံမှာတုန်းက မင်းက မောက်မာဝံ့ကြွားပြီးတော့ မင်းကိုယ်မင်း အရမ်းအထင်ကြီးနေခဲ့တယ်...ဒါပေမယ့် မင်းက အခုချိန်မှာတော့ ငါ့ရဲ့ခြေနင်းတုံးသက်သက်ပဲ"
ကျန်းချွယ်၏စိတ်နှလုံးသားအတွင်း၌ မောက်မာဝံ့ကြွားမှုများဖြင့် ပြည့်နှက်နေကာ သူက သရော်တော်တော်အကြည့်ဖြင့် လုယွီကို စူးစိုက်၍ကြည့်လိုက်၏။
Thank For Reading.