အခန်း (၂၈၈၆-၂၈၉၀)
Vol. 148 Ch. 2886-2890
Chapter 2886
"ငါ သူ့ကို ဒီနေရာမှာထပ်တွေ့ရမယ်လို့ မျှော်လင့်မထားမိဘူး"
လုယွီက ကျန်းချွယ်ကို သတိပြုမိချိန်တွင် သူ၏မျက်ခုံးများ မြင့်တက်သွားသည်။
သို့ရာတွင် သူသည် တစ်ချက်သာကြည့်ပြီး လျစ်လျှူရှုလိုက်၏။
ကျန်းမိသားစုဝင်များ စောင့်ဆိုင်းနေစဥ်မှာပင် အဝေးမှနေ၍ လူတစ်စုရောက်ရှိလာသည်။
"နောက်ဆုံးတော့ အဲ့ဒီပုဂ္ဂိုလ်ရောက်လာပြီ...လာကြစမ်း...သူ့ကို ကြိုဆိုကြရအောင်"
မဟာအကြီးအကဲက မတ်တတ်ထရပ်လိုက်ကာ သူ၏မျက်နှာပေါ်၌ အပြုံးများ ဝေဆာနေသည်။
ကျန်းဟုန်သည်လည်း မတ်တတ်ထရပ်ကာ မဟာအကြီးအကဲ၏နောက်သို့ လိုက်ပါသွားသည်။သူ၏နံဘေးတွင် ကျန်းမိသားစုမှအကြီးအကဲများ ရှိနေလေ၏။
မလှမ်းမကမ်းအကွာအဝေးတွင် ပိုးထည်ဝတ်စုံဝတ်ဆင်ထားသော လူလတ်ပိုင်းကြီးတစ်ယောက် လျှောက်လှမ်းလာကာ သူ၏နံဘေးတွင် ဆံဖြူအဖိုးအိုတစ်ယောက်ရှိနေသည်။
ထိုဆံဖြူအဖိုးအိုသည် ဟောင်းနွမ်းစုတ်ပြတ်သော ချည်ကြမ်းဝတ်စုံကိုဝတ်ဆင်ထားသည်။သူ၏နောက်၌ တပည့်အနည်းငယ်ရှိနေပြီး ကြည့်ရသည်မှာ သာမာန်ထက်ထူးခြားနေခြင်းမရှိချေ။
သို့ရာတွင် ယခုလက်ရှိနေရာတွင်ရှိနေသော မည်သူတစ်ဦးတစ်ယောက်ကမျှ ထိုအဖိုးအိုကို အထင်မသေးဝံ့ချေ။
အဖိုးအိုနှင့်အတူယှဥ်တွဲ၍ လမ်းလျှောက်လာသော လူလတ်ပိုင်းကြီးသည် ကျန်းမိသားစု၏ဝင်္ကပါပညာရှင် ကျန်းထိုက်ရန်ပင်။
ကျန်းထိုက်ရန်သည် ကျန်းမိသားစု၏ တစ်ဦးတည်းသောဝင်္ကပါပညာရှင်ပင်။သူ့ထံ၌ အလွန်မြင့်မားသော အဆင့်အတန်းရှိသည်။မိသားစုခေါင်းဆောင်ပင်လျှင် သူ့ကိုမြင်တွေ့ချိန်၌ လေးစားမှုတချို့ ပြသရသည်။သူ၏အဆင့်အတန်းသည် အကြီးအကဲတစ်ယောက်နှင့် ညီမျှပေ၏။
ကျန်းထိုက်ရန်၏နံဘေးရှိ အဖိုးအို၏အဆင့်အတန်းသည် အလွန်မြင့်မားနေသဖြင့် သူကိုယ်တိုင် သွားရောက်ကြိုဆိုရခြင်းဖြစ်သည်မှာ သိသာထင်ရှားသည်။
ထိုအဖိုးအိုသည် နက်နဲသိမ်မွေ့ယင်ဂိုဏ်း၏ဝင်္ကပါပညာရှင်ပင်။
"ဟား ဟား ဟား...နက်နဲသိမ်မွေ့ယင်ဂိုဏ်းရဲ့ မဟာဆရာခင် ဟန်လျန့်ကိုယ်တိုင်ရောက်လာမယ်လို့ ငါ ထင်မထားမိဘူး...ငါကိုယ်တိုင် မင်းကို လာပြီးမကြိုဆိုမိတဲ့အတွက် တောင်းပန်ပါတယ်"
နဝမအကြီးအကဲက အရင်ဆုံးစကားပြောဆိုလိုက်၏။မည်သို့ပင်ဆိုစေကာမူ နက်နဲသိမ်မွေ့ယင်ဂိုဏ်းမှ ဝင်္ကပါပညာရှင်ကို သူ ဖိတ်ကြားထားခြင်းဖြစ်သည်။
မဟာအကြီးအကဲ၏မျက်လုံးများ တောက်ပသွားသည်။
"ဖြစ်နိုင်တာတော့ မင်းက နက်နဲသိမ်မွေ့ယင်ဂိုဏ်းရဲ့ လက်ထောက်ဂိုဏ်းချုပ်ဖြစ်ပြီးတော့...ကောင်းကင်ဘုံနယ်မြေရဲ့ ထိပ်သီးဝင်္ကပါပညာရှင်သုံးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ မဟာဆရာသခင်ဟန်လျန့်လား....
"ဒါက ငါနဲ့မထိုက်တန်တန်တဲ့ ဂုဏ်သတင်းတစ်ခုပါ...ငါ မခံယူဝံ့ပါဘူး"
အဖိုးအိုက ခပ်ဖျော့ဖျော့အပြုံးနှင့် ဆက်လက်၍ပြောဆိုသည်။
"ငါက တံခါးပိတ်ကျင့်ကြံနေတာ အချိန်အတော်ကြာနေပြီ....ဒါကြောင့် ငါ့ရဲ့အရိုးတွေနဲ့ကြွက်သားတွေကို လှုပ်ရှားချင်တယ်...ငါ တော်ဝင်မြို့တော်ကို ရောက်မလာခဲ့တာ တော်တော်ကြာခဲ့ပြီ...ဒီတစ်ကြိမ်ပြိုင်ပွဲက ငါ့ကို စိတ်ကျေနပ်မှုရရှိစေဖို့ ငါ မျှော်လင့်တယ်"
ပတ်ဝန်းကျင်နေရာတဝိုက်မှနေ၍ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။ကျန့်မိသားစုဝင်လူငယ်များသည် ဆရာသခင်ဟန်လျန့်၏အမည်ကိုကြားချိန်တွင် အလွန်အမင်း စိတ်လှုပ်ရှားနေကြ၏။
ဤသည်က နက်နဲသိမ်မွေ့ယင်ဂိုဏ်း၏လက်ထောက်ဂိုဏ်းချုပ်ပင်။
ကောင်းကင်ဘုံနယ်မြေတခွင်လုံး၌ ဟန်လျန့်သည် နာမည်ကျော်ကြားသော ဝင်္ကပါပညာရှင်တစ်ယောက်ပင်။
"ဆရာသခင်ဟန်လျန့်...ကျေးဇူးပြုပြီးတော့ ထိုင်ပါအုံး"
နဝမအကြီးအကဲက အလွန်ရိုသေလေးစားစွာ ဆက်ဆံနေသည်။သူသည် မဟာဆရာသခင်ဟန်လျန်နှင့်တပည့်များကို ဝင်္ကပါပညာရှင်များထိုင်ရမည့်နေရာသို့ လမ်းပြခေါ်ဆောင်သွားလေ၏။
လူတိုင်းက မဟာဆရာသခင်ဟန်လျန့်၏နံဘေးတွင် စုဝေးနေကြသည်။ဤသည်က သူတို့ကျန်းမိသားစု အနိုင်ရရှိနိုင်သော သော့ချက်ဖြစ်သဖြင့် လူတိုင်းက အရေးပေး၍ ဆက်ဆံနေသည်။
ထိုအချိန်မှာပင် မဟာဆရာသခင်ဟန်လျန့်သည် လုယွီကို မြင်တွေ့မိသဖြင့် မျက်မှောင်ကြုတ်လိုက်၏။
တခြားဝင်္ကပါပညာရှင်များ၏ထိုင်ခုံများသည် နံဘေးတစ်ဖက်တစ်ချက်တွင်ရှိနေကာ လုယွီ၏ထိုင်ခုံသည် အလယ်ဗဟို၌ ထင်ထင်ရှားရှားရှိနေသည်။
ရိုသေလေးစားခံရဆုံး ဝင်္ကပါပညာရှင်များသာ အလယ်ဗဟို၌ နေရာယူရလေ့ရှိသည်။
မူလက ထိုနေရာကို နက်နဲသိမ်မွေ့ယင်ဂိုဏ်းမှ ဝင်္ကပါပညာရှင်အတွက် စီစဥ်ပေးထားခြင်းဖြစ်သည်။သို့ရာတွင် ကျန်းဟုန်သည် ဟန်လျန့်ရောက်မလာမီ လုယွီကို ထိုနေရာ၌ နေရာချထားခဲ့လေ၏။
အကယ်၍ မဟာဆရာသခင်ဟန်လျန့်သာ လုယွီ၏နံဘေးတွင် ထိုင်လိုက်ပါက သူ၏အဆင့်အတန်းသည် လုယွီထက်နိမ့်ပါးသည်ဟူသော အဓိပ္ပါယ်မျိုး သက်ရောက်သွားပေမည်။
"အမ်...ဒီမိတ်ဆွေငယ်လေးက ဘယ်သူလဲ"
မဟာဆရာသခင်ဟန်လျန့်က လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။
နဝမအကြီးအကဲသည် ဤကဲ့သို့ဖြစ်လာမည်ဟု မျှော်လင့်ထားမိခြင်းမရှိချေ။အစောပိုင်းက လုယွီသည် ကျန်းမိသားစုအတွက် အရှက်ရစရာကိစ္စတစ်ခုဖြစ်လာကာ ကျန်းဟုန်ကို ထိုကိစ္စဖြင့် မိသားစုခေါင်းဆောင်နေရာမှ သူ ဖြုတ်ချနိုင်မည်ဟုသာ တွေးတောနေခဲ့မိသည်။
သို့ရာတွင် လုယွီ မည်သည့်နေရာ၌ ထိုင်နေသည်နှင့်ပတ်သက်၍ သူ တွေးတောမိခြင်းမရှိချေ။
ယခု သူ မြင်တွေ့လိုက်ချိန်တွင် လုယွီသည် မဟာဆရာသခင်ဟန်လျန့်အတွက် ရည်ရွယ်ထားသောနေရာတွင် ထိုင်နေလေ၏။ကျန်းဟုန်သည် မည်ကဲ့သို့စဥ်းစားဥာဏ်မျိုးဖြင့် ထိုကောင်စုတ်လေးကို အလယ်ဗဟိုတွင် ထိုင်ခွင့်ပြုလိုက်ရသနည်း။
"ကောင်စုတ်လေး....မင်း အမြင်အာရုံကောင်းတယ်မလား...ဝင်္ကပါပညာရပ်နယ်ပယ်က စီနီယာတွေကို မင်း တွေ့နေတာတောင် မတ်တတ်ထရပ်ပြီးတော့ အလယ်နေရာကိုမပေးသေးဘူးလား"
နဝမအကြီးအကဲက အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။
လုယွီက နဝမအကြီးအကဲကို တစ်ချက်သာစောင်းငဲ့ကြည့်ပြီး လျစ်လျှုရှုထားလေသည်။
ဝင်္ကပါပညာရပ်နယ်ပယ်ရှိ သူ၏ကျွမ်းကျင်မှုကို တာအိုသခင်တချို့ပင် အရှုံးပေးကြောင်း ဝန်ခံခဲ့ရသည်။သူသည် မည်သည်ကြောင့် ကျန်းမိသားစုမှနဝမအကြီးအကဲ၏အမိန့်ကို နာခံရမည်နည်း။
Chapter 2887
ကျန်းဟုန်က အလေးအနက်ထားသော လေသံဖြင့်ပြောဆိုသည်။
"နဝမအကြီးအကဲ...မင်း ဘာလုပ်တာလဲ...စီနီယာက ငါ ဖိတ်ခေါ်ထားတဲ့ ဝင်္ကပါပညာရှင်...သူ ဘယ်နေရာမှာထိုင်ရမယ်ဆိုတာ မင်း ပြောခွင့်မရှိဘူး"
ကျန်းမိသားစုခေါင်းဆောင်နှင့်နဝမအကြီးအကဲကြားတွင် အငြင်းပွားနေသည်ကို မြင်တွေ့ချိန်၌ မဟာဆရာသခင်ဟန်လျန့်၏မျက်နှာပေါ်၌ သရော်တော်တော်အပြုံးတစ်ခု ထွက်ပေါ်လာသည်။
သို့ရာတွင် သူက တည်ငြိမ်သောလေသံဖြင့် ပြောဆိုလိုက်၏။
"ထားလိုက်တော့...ဝေ့မိသားစုကလူတွေ မကြာခင်ရောက်လာတော့မယ်လို့ ငါ ကြားထားတယ်...ငါ အဲ့ဒီနေရာမှာ မထိုင်တော့ဘူး"
အမှန်အားဖြင့် သူသည် လုယွီ၏နံဘေး၌ မထိုင်လိုချေ။
ဤသည်က သူသည် လုယွီထက် အဆင့်နိမ့်သည်ဟု လူသိရှင်ကြားကြေငြာလိုက်သကဲ့သို့ ဖြစ်သွားမည်မဟုတ်လော...
နဝမအကြီးအကဲက မဟာဆရာဟန်လျန့်ဘက်သို့လှည့်၍ ပျာပျာသလဲပြောဆိုသည်။
"မဟာဆရာသခင်ဟန်လျန့်...နားလည်မှုမလွဲပါနဲ့...ငါတို့ရဲ့မိသားစုခေါင်းဆောင်က ငယ်သေးတာကြောင့် တခြားသူတွေရဲ့လှည့်စားတာကို ခံနေရတယ်...သူက ဝင်္ကပါပညာရပ်မှာဘာမှနားမလည်တဲ့ ကောင်စုတ်လေးတစ်ယောက်ကို ငှားယမ်းလာခဲ့တယ်...ဒါက မဟာဆရာသခင်ဟန်လျန့်အတွက်တော့ ရယ်စရာဖြစ်စေမိပြီ"
ဟန်လျန့်က တည်ငြိမ်သောအကြည့်ဖြင့် လုယွီကိုတစ်ချက်ကြည့်ကာ အေးစက်စက်ပြုံးလိုက်၏။
"ဒါက ပြဿနာမရှိပါဘူး...ကျန်းမိသားစုခေါင်းဆောင်က အမြင်မကျယ်သေးတာပဲဖြစ်မယ်...ဝင်္ကပါတာအိုလမ်းကြောင်းကို လျှောက်လှမ်းဖို့ဆိုတာ အရမ်းခက်ခဲတယ်....ဒီလိုလူငယ်လေးတွေက အဆင့်နိမ့်တဲ့နေရာတွေကနေ ထွက်လာကြပြီးတော့...ဝင်္ကပါပညာရပ်မှာ တစ်ခုနှစ်ခု သင်ယူပြီးရုံနဲ့ သူတို့ကိုယ်သူတို့ ပညာရှင်တွေဖြစ်ပြီလို့ ယူဆထားကြတယ်...အဲ့ဒီနေရာမှာ သူ့ကို ထိုင်ခွင့်ပြုလိုက်တာက ကျန်းမိသားစုရဲ့အမှားမဟုတ်တာ အသိသာကြီးလေ"
ဝင်္ကပါပညာရပ်နယ်ပယ်တွင် ဟန်လျန့်သည် လုယွီကို တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးချေ။ထို့ကြောင့် သူက လုယွီသည် လေလုံးထွားသောလူငယ်တစ်ယောက်ဖြစ်မည်ဟု ယူဆလိုက်သည်။
"မင်း..."
ကျန်းဟုန်သည် အလွန်အမင်း ဒေါသထွက်သွားလေ၏။သို့ရာတွင် မဟာဆရာသခင်ဟန်လျန့်သည် ပြိုင်ပွဲတွင် ကျန်းမိသားစုဘက်မှ ဝင်ရောက်တိုက်ခိုက်ပေးမည့်သူဖြစ်ကြောင်းကို တွေးတောမိချိန်တွင် သူ၏ဒေါသများကို မြိုသိပ်လိုက်သည်။
သူတို့သည် စကားပြောဆိုနေချိန်တွင် သူ့ကိုသာမက လုယွီကိုပါ လှောင်ပြောင်သရော်နေကြသည်။သူသည် ကျန်းမိသားစုခေါင်းဆောင်ဖြစ်ခြင်းကို မည်သူကမျှ ဂရုစိုက်ပုံမရချေ။
ပတ်ဝန်းကျင်ရှိ ကျန်းမိသားစုဝင်များကြားမှနေ၍ လှောင်ပြောင်ရယ်မောသံများ ထွက်ပေါ်လာသည်။
ထိပ်တန်းမိသားစုကြီးရှစ်စုအနက်မှ ကျန်းမိသားစုမဆိုထားနှင့် မိသားစုငယ်များမှခေါင်းဆောင်များပင်လျှင် ဤကဲ့သို့အဆင့်မျိုးထိ စော်ကားခံရသည်ကို သည်းခံနိုင်မည်မဟုတ်ချေ။
မဟာဆရာသခင်ဟန်လျန့်က အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"တကယ်တော့ ငါ ဘယ်သူကိုမှ မလိုအပ်ဘူး...ငါ တစ်ယောက်တည်းနဲ့လုံလောက်တယ်...ဒီတစ်ကြိမ် ငါထွက်လာတာက တော်ဝင်မြို့တော်ကဝင်္ကပါပညာရှင်တွေရဲ့ နည်းစနစ်တွေကို ကြည့်ချင်တဲ့အပြင် တခြားရည်ရွယ်ချက်တစ်ခုရှိသေးတယ်...အဲ့ဒါက ငါ့ရဲ့တပည့်တွေကို လေ့ကျင့်ပေးဖို့ပဲ"
မဟာဆရာသခင်ဟန်လျန့်၏ နောက်၌ရှိနေသော လူငယ်တစ်ယောက်က ရှေ့သို့ထွက်လာသည်။
"ငါ့နာမည်က ယွဲ့စန်း...မင်းတို့အားလုံးကို တွေ့ရတာ ဝမ်းသာပါတယ်"
ထိုလူငယ်က သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ ပြောဆိုလိုက်၏။
ယွဲ့စန်းသည် သူ၏ဆရာသခင်နှင့် ကွဲပြားခြားနားသော အကျင့်စရိုက်မျိုးရှိသည်။သူ့ကိုကြည့်ရသည်မှာ သာမာန်မဟုတ်သောအရှိန်အဝါမျိုးရှိပြီး ဖြောင့်မတ်မှန်ကန်ပုံရသည်။
အကြီးအကဲများက ယွဲ့စန်းကိုကြည့်ကာ ခေါင်းညိတ်ပြလိုက်ကြသည်။ယွဲ့စန်း၏ထွက်ပေါ်လာမှုသည် လူအများကို သူ့အား မှီခိုအားထားလိုသောခံစားချက်မျိုး ပေါက်ဖွားစေပေ၏။
မဟာဆရာသခင်ဟန်လျန့်က ယွဲ့စန်း၏ပခုံးကိုပုတ်ကာ အပြုံးနှင့်ပြောဆိုသည်။
"ငါ့ရဲ့ဒီတပည့်က ငါ့ရဲ့အမွေအနှစ်တွေအားလုံးကို ဆက်ခံထားပြီးပြီ...ဒီနေ့က သူ့ရဲ့ ပညာသင်ကာလပြီးဆုံးသွားတဲ့နေ့ပဲ...ဒီပြိုင်ပွဲက သူ ဝင်္ကပါဖွဲ့စည်းပုံတွေနဲ့ရင်းနှီးအောင်....သူကိုယ်တိုင် လေ့လာခွင့်ရဖို့ ငါ ခေါ်လာခဲ့တာပဲ"
"နာမည်ကျော်ကြားတဲ့ ဝင်္ကပါပညာရှင်တစ်ယောက်ရဲ့တပည့်လို့ မပြောရဘူး...ငါ ကြည့်ရသလောက်တော့ မင်းရဲ့တပည့်မှာ မဟာဆရာသခင်တစ်ယောက်ရဲ့အမူအကျင့်မျိုးရှိနေတယ်"
"နက်နဲသိမ်မွေ့ယင်ဂိုဏ်းရဲ့တပည့်ကတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ...သူ့ရဲ့စကားလုံးတိုင်းနဲ့လှုပ်ရှားမှုတိုင်းမှာ မြင့်မြတ်တဲ့အရှိန်အဝါတွေရှိနေတယ်"
အကြီးအကဲတချို့က ယွဲ့စန်းကို ချီးမွမ်းမြှောက်ပင့်နေကြသည်။
ထိုလူများ၏ချီးမွမ်းစကားများကိုကြားချိန်တွင် ယွဲ့စန်း၏မျက်နှာပေါ်၌ စိတ်ကျေနပ်မှုရသွားသောအပြုံးမျိုး ထင်ဟပ်လာသည်။သူ၏ခေါင်းကိုအနည်းငယ်မော့လိုက်ကာ သူ့ထံတွင် ဂုဏ်ယူဝင့်ကြွားသော မျက်နှာအမူအယာမျိုး ရှိနေလေ၏။
သူက လုယွီကိုတစ်ချက်ကြည့်ကာ အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"အဲ့ဒီထိုင်ခုံနေရာက ငါ့ဆရာသခင်အတွက်ဆိုတာ အသိသာကြီးလေ....ကောင်လေး...မင်း လုပ်လိုက်တာက ငါ့ဆရာသခင် ထိုင်စရာနေရာမရှိတော့ဘူး...ပြိုင်ပွဲပြီးတဲ့အချိန်ထိ မင်း စောင့်နေစမ်း...ငါ မင်းနဲ့ ဝင်္ကပါပညာရပ်ခြင်း တိုက်ခိုက်မယ်...ငါ ကြည့်ချင်တယ်...ဆရာသခင်နဲ့ထိုက်တန်တဲ့ထိုင်ခုံကို မင်းက ဘယ်လိုအရည်အချင်းမျိုးနဲ့ ထိုင်နေတာလဲဆိုတာ"
ထိုစကားသံထွက်ပေါ်လာချိန်တွင် လူတိုင်း၏အကြည့်က လုယွီပေါ်သို့ စူးစိုက်၍ကျရောက်သွားသည်။
အကြီးအကဲများက မည်သည့်စကားတစ်ခွန်းမျှမဆိုချေ။သူတို့သည် ပြပွဲကောင်းတစ်ခုကို ကြည့်နေကြသည့်အလား နံဘေးမှသာ စောင့်ကြည့်နေကြ၏။
လုယွီက လေသံပြတ်ပြတ်နှင့် တုံ့ပြန်ပြောဆိုသည်။
"မင်းက ငါ့ကိုစိန်ခေါ်ချင်တာ သေချာလား"
Chapter 2888
"စိန်ခေါ်တာလား...မင်းကိုယ်မင်း တော်တော်လေး အထင်ကြီးနေတာပဲ...ငါက မင်းကို သင်ခန်းစာပေးချင်ရုံသက်သက်ပဲ"
ယွဲ့စန်းက သူ၏စိတ်အတွင်း၌ရှိသည့်အတိုင်း ဗြောင်ကျကျ ပြောဆိုလိုက်၏။သူ၏မျက်လုံးအတွင်းရှိ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို သူ ကွယ်ဝှက်မထားနိုင်ချေ။
လုယွီက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"မင်းက အရည်အချင်းမမီဘူး...မင်းရဲ့ဆရာသခင်ကိုယ်တိုင် ရှေ့ထွက်လာရင်တောင် ဘာမှထူးခြားလာမှာမဟုတ်ဘူး"
ထိုစကားကိုကြားချိန်တွင် ပတ်ဝန်းကျင်ရှိလူများထံမှနေ၍ လှောင်ပြောင်ရယ်မောသံများ ထွက်ပေါ်လာသည်။
ယွဲ့စန်းက အေးစက်စက်နှာတစ်ချက်မှုတ်ကာ သူ၏မျက်နှာပေါ်၌ အထင်အမြင်သေးသောအရိပ်အယောင်မျိုး ထင်ဟပ်နေသည်။
"ဟမ့်....အရှက်မရှိ ကြွားဝါနေတဲ့ကောင်ပဲ...မင်းကိုယ်မင်း ဘာကောင်ထင်နေတာလဲ...မင်းက ငါ့ဆရာသခင်ကိုယ်တိုင် တိုက်ခိုက်ရအောင် ထိုက်တန်လို့လား....မင်း တခြားဆင်ခြေမျိုးရှာသင့်တယ်...ဒီကိစ္စပြီးသွားတဲ့အချိန်ထိ မင်း စောင့်နေစမ်း...ငါတို့ နက်နဲသိမ်မွေ့ယင်ဂိုဏ်းရဲ့နည်းစနစ်တွေကို မင်းသိအောင် ငါ ပြပေးမယ်"
ထိုသို့ပြောဆိုပြီးနောက် ယွဲ့စန်းက မြေပြင်ပေါ်သို့ ခြေတစ်ချက်ဆောင့်လိုက်ရာ ရုတ်ချည်းဆိုသလိုပင် အေးစက်စက်အရှိန်အဝါတစ်ရပ်က ပတ်ဝန်းကျင်ရှိလူများ၏နံဘေးသို့ မျောလွင့်သွားကာ လူတိုင်းသည် အရာရာတိုင်းအေးစက်သွားသကဲ့သို့ ခံစားလိုက်ရ၏။
ထိုအချိန်ကျမှသာ လူတိုင်း အိမ်မက်မှလန့်နိုးလာသကဲ့သို့ သတိဝင်သွားကြသည်။
အမှန်အားဖြင့် နက်နဲသိမ်မွေ့ယင်ဂိုဏ်းသည် ဝင်္ကပါပညာရပ်နယ်ပယ်တွင် ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်သည့်အပြင် နတ်ဆိုးတာအိုကိုကျင့်ကြံသောဂိုဏ်းလည်းဖြစ်သည်။
နက်နဲသိမ်မွေ့ယင်ဂိုဏ်းကို ရန်စစော်ကားမိသော မည်သူမဆို ကောင်းမွန်သောအဆုံးသတ်နှင့် ရင်ဆိုင်ရမည်မဟုတ်ချေ။
လုယွီကို ကြည့်နေသော လူတိုင်း၏မျက်လုံးများအတွင်း၌ စာနာသနားသောအရိပ်အယောင်မျိုးရှိနေသည်။အချိန်ကျလာပါက ထိုကောင်စုတ်လေး၏အဆုံးသတ်သည် ကောင်းမွန်မည်မဟုတ်သည်မှာ သေချာပေါက်ပင်။
ထိုအချိန်မှာပင် တစ်စုံတစ်ယောက်က ပြင်ပမှနေ၍ ဝေ့မိသားစုရောက်ရှိလာပြီဖြစ်ကြောင်း သတင်းပို့လေ၏။
"နောက်ဆုံးတော့ သူတို့ ရောက်လာပြီ"
ကျန်းမိသားစုဝင်လူငယ်များသည် သူတို့၏လည်ပင်းများကိုဆန့်၍ ဝေ့မိသားစုမှနေ၍ စေလွှတ်လိုက်သည့်လူများအား ကြည့်လိုက်ကြသည်။
သူတို့သည် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော အကြမ်းဖျင်းအားဖြင့် လူနှစ်ဆယ်ကျော်ခန့်ရှိသည့် အစောင့်တစ်စု ဘယ်ညာစီတန်း၍ လျှောက်လှမ်းလာသည်ကို တွေ့မြင်လိုက်ရသည်။
ထိုအဖြူရောင်ဝတ်စုံဝတ်အစောင့်များသည် ကြီးကျယ်ခမ်းနားသော ဝေါယာဥ်တစ်စီးကို ခြံရံထားသည်။ထိုဝေါယာဥ်ကို လူလေးယောက်က သယ်ဆောင်ထားကာ တည်ငြိမ်သောခြေလှမ်းများဖြင့် လျှောက်လှမ်းနေလေ၏။ထိုဝေါယာဥ်ထမ်းသမားလေးယောက်လုံးသည် ကြီးမားသောခွန်အားကို ပိုင်ဆိုင်ထားသည်မှာ သိသာထင်ရှားသည်။
ထိုဝေါယာဥ်၏နောက်တွင် လူတချို့ရှိနေသည်။သူတို့၏ဝတ်စုံများပေါ်မှ အမှတ်အသားကို ကြည့်ခြင်းအားဖြင့် ရှေ့ရှိအစောင့်များထက် ပို၍ကြီးကျယ်ခမ်းနားသည်။ကြည့်ရသည်မှာ ဝေါယာဥ်၏ရှေ့နှင့်နောက်ရှိ လူနှစ်စု၏အဆင့်အတန်းသည် ကွဲပြားခြားနားပုံပင်။
သူတို့၏နောက်ကျောတွင် ဓားတစ်ချောင်းစီကိုလွယ်ထားကာ သူတို့လမ်းလျှောက်နေသည်မှာ အင်မော်တယ်များအလား လေထုအတွင်း၌ မျောလွင့်နေသည်။
ဝေ့မိသားစု၏ဓားအင်မော်တယ်...
ဒဏ္ဍာရီများအရ ဝေ့မိသားစုဘိုးဘေးသည် ဓားရေအိုင်မြင့်မြတ်နယ်မြေကို တည်ထောင်ခဲ့ကာ ဓားအင်မော်တယ်အယောက်သုံးထောင်ဖြင့် လောကကြီးတခွင်လုံးကို တုန်လှုပ်စေခဲ့သည်ဟု ဆိုကြ၏။
လူတိုင်းနီးပါးသည် ဓားအင်မော်တယ်များကို ကြည့်မိချိန်တွင် သူတို့ထံမှ ထွက်ပေါ်နေသည့် ထက်ရှသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ခံစားမိသည်။
ဤကဲ့သို့ အေးစက်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒမျိုးသည် လွယ်လင့်တကူ ကျင့်ကြံ၍ရနိုင်သော အရာမျိုးမဟုတ်ချေ။ဤသည်က မရေမတွက်နိုင်သော သေရေးရှင်ရေးတိုက်ပွဲများကို ရင်ဆိုင်ပြီးနောက်မှသာ ရရှိလာသော ဓားစိတ်ဆန္ဒပင်။
ဓားကျင့်ကြံရေးလမ်းကြောင်းကို လျှောက်လှမ်းသူများသည် ကောင်းကင်ဘုံနယ်မြေအတွင်း၌ အစွမ်းထက်ဆုံးကျင့်ကြံသူ အမျိုးအစားအတွင်း၌ပါဝင်သည်။ဓားကျင့်ကြံသူတစ်ယောက်သည် ကျင့်ကြံဆင့်နယ်ပယ်တူ ကျင့်ကြံသူသုံးယောက်နှင့် တပြိုင်နက်တည်းတိုက်ခိုက်လျှင်ပင် မရှုံးနိမ့်လေရာ ဓားကျင့်ကြံသူများ မည်မျှထိအစွမ်းထက်သည်ကို သိရှိနိုင်လေ၏။
ဝေ့မိသားစုမှလူများ၏နောက်တွင် ကျန်းမိသားစုမှအစောင့်များက အနီးကပ်လိုက်ပါ၍ စောင့်ကြည့်နေကြသည်။
ထိပ်တန်းမိသားစုကြီးတစ်စုဖြစ်သဖြင့် ကျန်းမိသားစုသည် ဝေ့မိသားစု၏အစောင့်များကို ပြင်ပတွင်သာ စောင့်ဆိုင်းခိုင်းခြင်းမျိုးမပြုချေ။ထိုအစား ဝေ့မိသားစုမှလူများအားလုံးကို ဝင်ခွင့်ပြုလိုက်သည်။
ဤသည်မှာ 'ဝေ့မိသားစုရဲ့ဓားကျင့်ကြံသူတွေ...မင်းတို့ကို ငါတို့က ဘာလို့ကြောက်ရမှာလဲ...မင်းတို့ရဲ့ဓားတွေကိုကိုင်ပြီး ငါတို့နောက်ကလိုက်ခဲ့စမ်း'ဟူသော အဓိပ္ပါယ်မျိုးသက်ရောက်သည်။
"ကျန်းမိသားစုရဲ့အကြီးအကဲတွေ...ငါတို့အချင်းချင်းမတွေ့တာ အချိန်အတော်ကြာနေပြီနော်"
ခရမ်းရောင်အသားအရေရှိသော လူလတ်ပိုင်းကြီးတစ်ယောက်က ဝေါယာဥ်၏နောက်မှထွက်လာကာ သူ၏မျက်နှာပေါ်၌ မနှစ်မြို့ဖွယ်အပြုံးတစ်ခုရှိနေသည်။
ထိုလူလတ်ပိုင်းကြီးကိုကြည့်ရသည်မှာ အလွန်အမင်းထူးဆန်းသည်။သူ၏မျက်နှာပေါ်၌ ထူးဆန်းသော သင်္ကေတအက္ခရာများရှိနေကာ သူ့ကိုကြည့်ရသည်မှာ အလွန်ကိုးရိုးကားရားနိုင်သည်။သူ၏ပါးပြင်ပေါ်ရှိ နက်ရှိုင်းသောအမာရွက်ကြီးနှင့် တွဲဖက်မိချိန်တွင် သူ၏မျက်နှာတပြင်လုံးသည် အလွန်အမင်း မနှစ်မြို့ဖွယ်ရာပင်။
သူသည် ကျက်သရေရှိသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့်တိုင် ထိုလူလတ်ပိုင်းကြီးသည် တောင်ကြားရွာတစ်ရွာသို့ ပြေးဝင်လာသော တောပုန်းဓားပြတစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုးရှိနေသည်။
"ဝေ့ချင်ဖုန်း...စကားအပိုတွေ ထပ်ပြောနေစရာမလိုဘူး...မင်းကြောင့် ငါတို့ကျန်းမိသားစုရဲ့ကြီးကြပ်ရေးမှူးတစ်ယောက် ဒဏ်ရာအပြင်းအထန်ရသွားခဲ့တယ်...ခုချိန်ထိ ငါ မင်းနဲ့ အဲ့ဒီကိစ္စကို စာရင်းမရှင်းရသေးဘူး"
နဝမအကြီးအကဲသည် ထိုလူလတ်ပိုင်းကြီးကိုမြင်တွေ့ချိန်တွင် ဒေါသတကြီး အော်ဟစ်လိုက်၏။
လူလတ်ပိုင်းကြီးက ကျယ်လောင်စွာအော်ဟစ်ရယ်မောကာ ပြောဆိုသည်။
"ဟား ဟား ဟား...မင်းအဆင့်လောက်နဲ့လား...မင်းတို့မိသားစုရဲ့မဟာအကြီးအကဲကို လှုပ်ရှားခိုင်းလိုက်တာ ပိုကောင်းလိမ့်မယ်...မင်းတို့ကျန်းမိသားစုက တကယ့်ကို စိတ်ပျက်ဖို့ကောင်းတယ်...ဘာမဟုတ်တဲ့အစေခံကောင်တွေကို ငါ့ရဲ့လမ်းကြောင်းမှာ လာပိတ်ခိုင်းထားတယ်...ငါ သူတို့ကို သတ်မပစ်တာကပဲ တော်တော်လေး ညှာတာလွန်းရာကျနေပြီ"
Chapter 2889
ဝေ့မိသားစုမှဝေ့ချင်ဖုန်းဟူသော လူလတ်ပိုင်းကြီးသည် နဝမအကြီးအကဲကို အနည်းငယ်မျှပင် လေးစားပုံမရချေ။
သူတို့နှစ်ယောက်ကြားရှိ ပြောဆိုနေမှုများကိုကြည့်ခြင်းအားဖြင့် သူတို့အကြားတွင် ရန်ငြိုးရန်စများရှိခဲ့သည်မှာ အချိန်ကြာမြင့်နေပြီဖြစ်ကြောင်း သိသာထင်ရှားလှ၏။
"ဓားနဲ့ခန္ဓာကိုယ် တစ်သားတည်းအဆင့်လား"
လုယွီက ဝေ့ချင်ဖုန်းဟုခေါ်သော လူလတ်ပိုင်းကြီးကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
ထိုလူလတ်ပိုင်းကြီး၏မိုးကောင်းကင်လှိုဏ်ဂူအတွင်း၌ ခရမ်းရောင်ဓားရှည်တစ်လက်ရှိနေသည်။
ဝေ့ချင်ဖုန်း၏ခန္ဓာကိုယ်သည် ထိုခရမ်းရောင်ဓားရှည်နှင့် ပေါင်းစပ်ထားပြီးလေပြီ။လူသည်ဓား ဓားနှင့်ခန္ဓာတစ်သားတည်း ကျနေသည်။ဤကဲ့သို့အဆင့်ထိ ကျင့်ကြံထားသဖြင့် ဝေ့ချင်ဖုန်းသည် သူ၏ဓားစွမ်းအင်ကို အကြီးမားဆုံးစွမ်းအား ထွက်ပေါ်လာသည်အထိ ထုတ်ဖော်အသုံးပြုနိုင်ပေမည်။
ဝေ့ချင်ဖုန်းကို ကြည့်ရသည်မှာ အလွန်အကျည်းတန်ပြီး ကိုးရိုးကားရားနိုင်နေခြင်းသည် ထိုဓားရှည်၏လွှမ်းမိုးမှုကြောင့်ပင်။
သို့ရာတွင် ဝေ့ချင်ဖုန်း၏အပြုအမူနှင့်အသွင်အပြင်ကို ကြည့်ခြင်းအားဖြင့် ထိုဓားရှည်သည် နတ်ဆိုးဓားတစ်လက်သာဖြစ်ပေလိမ့်မည်။ထိုဓားရှည်ကို လူသားခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်ထားသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သောကြောင့် လူတစ်ယောက်၏ပင်ကိုစရိုက်ကို လုံးလုံးလျားလျား ပြောင်းလဲသွားစေသည်။အကယ်၍ ထိုလူသည် ယခင်က နူးညံသိမ်မွေ့ပြီး ယဥ်ကျေးသူတစ်ယောက်ဖြစ်လျှင်ပင် သူသည် ရက်စက်ကြမ်းကြုတ်ပြီး သတ်ဖြတ်လိုစိတ်ပြင်းထန်လာပေမည်။
နဝမအကြီးအကဲက သရော်တော်တော် ပြောဆိုသည်။
"အသုံးမဝင်တဲ့အရာတွေ မပြောစမ်းနဲ့....ဒီနေ့က ငါတို့မိသားစုနှစ်စုကြားမှာ အကန့်အသတ်မဲ့ကြယ်မြစ်ရဲ့စွမ်းအားတွေ ခွဲဝေဖို့အတွက် ယှဥ်ပြိုင်ရမယ့်နေ့ပဲ...မင်းတို့ရဲ့ဝင်္ကပါပညာရှင်တွေ ဘယ်မှာလဲ...တကယ်လို့ သူတို့ ပါမလာဘူးဆိုရင် ...ထွက်သွားစမ်း"
ဝေ့ချင်ဖုန်းက နဝမအကြီးအကဲ၏နောက်ရှိ လူများကို တစ်ချက်ကြည့်ကာ အထင်အမြင်သေးသောလေသံဖြင့် ပြောဆိုလိုက်၏။
"မင်းက ဒီလောက်ထိမောက်မာနေတာ အံ့အားသင့်စရာမရှိတော့ဘူး...မင်းက နက်နဲသိမ်မွေ့ယင်ဂိုဏ်းက ဝင်္ကပါပညာရှင်တွေကို ဖိတ်ခေါ်ထားတာပဲ...ဒါပေမယ့် မင်းက ရေတွင်းထဲက ဖားသူငယ်အဆင့်ပဲရှိတယ်...နက်နဲသိမ်မွေ့ယင်ဂိုဏ်းက ငါတို့ဝေ့မိသားစုရဲ့မျက်လုံးထဲမှာတော့ ဘာမှအရေးမပါဘူး"
ထိုစကားကိုပြောဆိုပြီးချိန်တွင် မဟာဆရာသခင်ဟန်လျန့်၏နောက်မှ တပည့်များက ဝေ့ချင်ဖုန်းကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်ကြသည်။
သူတို့ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ နက်နဲသိမ်မွေ့ယင်ဂိုဏ်းမှလူများဟု ဆိုလိုက်သည်နှင့် တခြားသူများက သူတို့ကို အထူးဧည့်သည်တော်များကဲ့သို့ ဆက်ဆံခြင်းကိုခံရသည်။
သို့ရာတွင် ဤနေရာ၌ သူတို့သည် တခြားသူများ၏ လှောင်ပြောင်သရော်ခြင်းကိုခံရကာ အရှက်ခွဲခံနေရလေ၏။
ယွဲ့စန်းက ခြေတစ်လှမ်းရှေ့တက်ကာ အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"ခင်ဗျားရဲ့စကားတွေကို ပြန်ရုတ်သိမ်းလိုက်စမ်း...မဟုတ်ရင် ကျုပ်က ခင်ဗျားကို မြှုပ်နှံ့စရာမြေမရှိဘဲ သေအောင်လုပ်ပေးမယ်"
ဝေ့ချင်ဖုန်းက ယွဲ့စန်းကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။
"ခွေးမသားလေး....မင်းက ငါ့ကို ပြန်ပြောဝံ့တာလား"
ဘုန်း...
ထက်ရှသောဓားစိတ်ဆန္ဒက ရုတ်တရက် ဝေ့ချင်ဖုန်း၏ခန္ဓာကိုယ်အတွင်းမှ ပွင့်အံ့ထွက်လာသည်။
ထိုဓားစိတ်ဆန္ဒသည် လေထုအတွင်းသို့ မြင့်တက်သွားကာ တိမ်တိုက်များကိုပင် ထွင်းဖောက်သွားသည်။ထိုဓားစိတ်ဆန္ဒထွက်ပေါ်လာသည်နှင့် မလှမ်းမကမ်းမှစောင့်ကြည့်နေသော ကျန်းမိသားစုဝင်လူငယ်များပင် တုန်လှုပ်ချောက်ချားမှုကို ခံစားရသည်။
ဤသည်က ဓားကျင့်ကြံသူတစ်ယောက်ပင်။သူ၏လက်အတွင်း၌ ဓားတစ်ချောင်းရှိနေသရွေ့ ကောင်းကင်နှင့်မြေပြင်အကြားမှ ဥပဒေသများကို ကပြောင်းကပြန်ဖြစ်စေနိုင်စွမ်းရှိသည်။
ယွဲ့စန်း၏မျက်နှာ ဖြူရော်သွားသည်။သူသည် ဝင်္ကပါပညာရပ်တွင် ထူးချွန်သောပါရမီရှင်တစ်ယောက်ဖြစ်သော်လည်း ငယ်ရွယ်သောလူငယ်တစ်ယောက်သာဖြစ်သဖြင့် အချိန်အတော်ကြာနာမည်ကျော်ကြားခဲ့သော ဓားကျင့်ကြံသူတစ်ယောက်နှင့် ယှဥ်ပြိုင်နိုင်ရန်မှာ လုံးလုံးလျားလျားမဖြစ်နိုင်ချေ။
"ရပ်လိုက်စမ်း...ငါက ငါ့ရဲ့တပည့်ကိုခေါ်လာတာ မင်းတို့ရဲ့ဝင်္ကပါပညာရှင်တွေနဲ့ ဝင်္ကပါပညာရပ်ခြင်း ယှဥ်ပြိုင်ဖို့ပဲ...တကယ်လို့ မင်းက တိုက်ခိုက်ချင်တယ်ဆိုရင်....ငါက မင်းနဲ့အတူ အဆုံးထိတိုက်ခိုက်ပေးမယ်"
မဟာဆရာသခင်ဟန်လျန့်က ရုတ်တရက် ခြေတစ်လှမ်းရှေ့တက်ကာ ယွဲ့စန်း၏ရှေ့၌ မတ်တတ်ရပ်လိုက်၏။
ရုတ်ချည်းဆိုသလိုပင် ယွဲ့စန်းကိုလွှမ်းခြုံထားသော တုန်လှုပ်ချောက်ချားဖွယ်ဓားစိတ်ဆန္ဒသည် မြင့်မားသောတောင်ကြီးတစ်လုံး၏ ပိတ်ဆို့ဟန့်တားခြင်းကို ခံလိုက်ရပုံဖြင့် သူ၏အနီးသို့ မချဥ်းကပ်နိုင်တော့ချေ။
မဟာအကြီးအကဲက အသံနက်ကြီးဖြင့် ပြောဆိုသည်။
"ဝေ့ချင်ဖုန်း...မင်းက တကယ်လို့ ငါတို့ကျန်းအိမ်တော်ထဲမှာ တိုက်ခိုက်ချင်တယ်ဆိုရင် လွတ်လွတ်လပ်လပ် ကြိုးစားကြည့်နိုင်တယ်...မင်း ကြည့်ကြည့်စမ်း...မင်းရဲ့ဓားကပဲ ပိုမြန်မလား မင်းရဲ့ခေါင်းကို ငါကပဲ အရင်ဖြတ်နိုင်မလားဆိုတာ"
ဝေ့ချင်ဖုန်း၏မျက်နှာပေါ်၌ အေးစက်စက်အပြုံးတစ်ခု ထင်ဟပ်လာသည်။
"ခုဏက ငါက ရယ်စရာတစ်ခုလုပ်လိုက်တာပါ....ငါက ဘယ်လိုသတ္တိမျိုးနဲ့ ကျန်းမိသားစုရဲ့မဟာအကြီးအကဲရှေ့မှာ လှုပ်ရှားဝံ့မှာလဲ"
"တော်သင့်ပြီ"
ရုတ်တရက် အေးစက်စက်မိန်းကလေးသံတစ်သံက ဝေါယာဥ်အတွင်းမှ ထွက်ပေါ်လာသည်။
ထိုအသံကိုကြားသည်နှင့် ဝေ့ချင်ဖုန်း၏မျက်နှာအမူအယာ အနည်းငယ်ပြောင်းလဲသွားကာ သူ၏မောက်မာဝံ့ကြွားနေမှုများကို ချက်ချင်းပြန်ရုတ်သိမ်း၍ နံဘေးဘက်သို့ကပ်ကာ မတ်တတ်ရပ်လိုက်သည်။
ဝေါယာဥ်၏လိုက်ကာများမြောက်တက်သွားကာ အတွင်းမှနေ၍ ဝတ်စုံပြောင်ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက် ထွက်လာသည်။
ထိုမိန်းကလေးသည် အသက်၂၇ ၂၈ခန့်ရှိကာ အရပ်ရှည်ပြီး သူမ၏မျက်နှာပေါ်၌ မြင့်မြတ်ပြီး ကျက်သရေရှိသော အရှိန်အဝါမျိုးရှိနေသည်။သူမ၏လှုပ်ရှားမှုတိုင်းသည် နူးညံသိမ်မွေ့ပြီး တင့်တယ်လှပပေ၏။
"ငါတို့က ကျန်းမိသားစုကို စကားအပိုတွေပြောပြီး အချိန်ဖြုန်းဖို့လာတာမဟုတ်ဘူး...ငါတို့မိသားစုနှစ်စုကြားမှာ သဘောတူညီမှုတစ်ခု လုပ်ပြီးသားပဲ...အခုချက်ချင်း စလိုက်ကြစို့"
ထိုမိန်းကလေးက တည်ငြိမ်စွာ ပြောဆိုသည်။
Chapter 2890
နဝမအကြီးအကဲက အေးစက်စက်နှာတစ်ချက်မှုတ်လိုက်သည်။
"မင်းက ဘယ်သူလဲ...ဝေ့မိသားစုမှာ တခြားဘယ်သူမှ မရှိတော့ဘူးလား...မိန်းကလေးတစ်ယောက်ကို လွှတ်ပြီးတော့ အရေးကြီးကိစ္စတွေကို ဆွေးနွေးခိုင်းနေတယ်...မင်းတို့ရဲ့အကြီးအကဲတွေ ဘယ်မှာလဲ"
ဝေ့ချင်ဖုန်းက မနှစ်မြို့ဖွယ်အပြုံးနှင့် ပြောဆိုသည်။
"လူအိုကြီး...မင်းရဲ့ပါးစပ်ကို သန့်သန့်ရှင်းရှင်းထားစမ်းပါ....ဒါက ငါတို့ဝေ့မိသားစုရဲ့အကြီးဆုံးသခင်မလေးပဲ...သူ့ရဲ့အဆင့်အတန်းက မင်းထက် အများကြီးပိုမြင့်မားတယ်"
ပထမအကြီးအကဲက အံ့အားသင့်တုန်လှုပ်စွာ ပြောဆိုလိုက်၏။
"မင်းက ဝေ့မိသားစုရဲ့အကြီးဆုံးသခင်မလေးဖြစ်ပြီးတော့...ဓားရေအိုင်မြင့်မြတ်နယ်မြေရဲ့ဒဏ္ဍာရီလာ သူတော်စင်မရဲ့ဆက်ခံသူ သူတော်စင်မိန်းမပျိုလား"
ထိုမိန်းကလေး၏မျက်နှာပေါ်၌ အမူအယာကင်းမဲ့နေကာ ထိုစကားသည်အမှန်ဖြစ်ကြောင်း ဝန်ခံလိုက်သကဲ့သို့ပင်။
တခြားအကြီးအကဲများသည်လည်း အံ့အားသင့်တုန်လှုပ်သွားသည်။သူတို့အားလုံးသည် သူတို့ရှေ့မှမိန်းကလေး၏အမည်ကို ကြားဖူးကြပေ၏။
ဝေ့မိသားစု၏ဘိုးဘေးများသည် တစ်နှစ်ပတ်လုံး တံခါးပိတ်ကျင့်ကြံနေလေ့ရှိသည်။သူတို့ထံတွင် တခြားသူများကို သင်ကြားပြသပေးရန် အချိန်မရှိသော်လည်း တစ်စုံတစ်ယောက်မှာမူ ချွင်းချက်ပင်။
ထိုချွင်းချက်ထားခံရသူမှာ ဝေ့မိသားစု၏အကြီးဆုံးသခင်မလေးဖြစ်သော ဝေ့မုန့်ထင်ဖြစ်သည်။
ဝေ့မိသားစု၏တိုက်ရိုက်မျိုးဆက်ဖြစ်သော ဝေ့မုန့်ထင်သည် ငယ်ရွယ်စဥ်ကပင် အံ့အားသင့်ဖွယ်ကောင်းသော ပါရမီအရည်အချင်းကို ထုတ်ဖော်ပြသခဲ့သည်။သူမ၏ခွန်အားသည် သူမနှင့်သက်တူရွယ်တူများထက် များစွာပို၍သာလွန်သည်။
သူမ ငယ်ရွယ်စဥ်ကတည်းက ဝေ့မိသားစုသည် သူမအား ကျင့်ကြံရန်အတွက် ဓားရေအိုင်မြင့်မြတ်နယ်မြေသို့ ပို့ဆောင်ထားခဲ့သည်။
ဝေ့မိသားစုသည် ဓားရေအိုင်မြင့်မြတ်နယ်မြေကို အကြွင်းမဲ့ထိန်းချုပ်ထားနိုင်သော်လည်း အကယ်၍ ထိုနေရာတွင် လုံလောက်သောအခွင့်အာဏာမျိုးကို ရရှိလိုပါက နောက်ခံအင်အားတစ်ခုတည်းဖြင့် ရရှိရန်မှာ လွန်စွာအလှမ်းကွာဟသည်။
အစပိုင်းတွင် ဓားရေအိုင်မြင့်မြတ်နယ်မြေမှလူများသည် ဝေ့မိသားစုမှ သူတို့၏အဖိုးတန်သော သခင်မလေးတစ်ယောက်ကို စေလွှတ်လိုက်ခြင်းမှာ သူမကိုယ်သူမ ထိန်းညှိနိုင်ရုံသက်သက်ဟု ယူဆခဲ့ကြ၏။
သို့ရာတွင် ဝေ့မုန့်ထင်သည် ဓားရေအိုင်မြင့်မြတ်နယ်မြေသို့ ရောက်ရှိလာစဥ်မှစ၍ တုန်လှုပ်ချောက်ချားဖွယ် ပါရမီအရည်အချင်းကို ပြသနိုင်မည်ဟု သူတို့အားလုံး မျှော်လင့်မထားမိချေ။
သူမ၏ကျင့်ကြံမှုအရှိန်နှုန်းသည် အလွန်အမင်းလျှင်မြန်ကာ ဓားနည်းစနစ်များအပေါ်ကျွမ်းကျင်မှုသည်လည်း အလွန်ထူးချွန်သည်။သူမ၏တိုးတက်မှုသည် အလွန်အမင်းမြန်ဆန်ကာ ဓားရေအိုင်မြင့်မြတ်နယ်မြေမှလူအများစုကို ဖိနှိပ်ထားနိုင်ခဲ့သည်။ဓားရေအိုင်မြင့်မြတ်နယ်မြေ၌ နာမည်ကျော်ကြားသော စီနီယာတပည့်တချို့ပင်လျှင် ဝေ့မုန့်ထင်၏လက်အောက်၌ လုံးလုံးလျားလျား ရှုံးနိမ့်ခဲ့ရ၏။သူတို့သည် သူမ၏ပြိုင်ဘက် မဖြစ်နိုင်ခဲ့ချေ။
ထိုအချိန်မှစ၍ ဝေ့မုန့်ထင်သည် ဓားရေအိုင်မြင့်မြတ်နယ်မြေ၏ဆက်ခံသူ ဖြစ်လာသည်။
ထို့ထက်ပို၍အရေးကြီးသောအချက်မှာ သူမသည် ဝေ့မိသားစုဘိုးဘေး၏ဆင့်ခေါ်ခြင်းကိုခံ ကာ သူ၏ကိုယ်တိုင်ကိုယ်ကျ သင်ကြားပြသခြင်းကို ခံယူရခြင်းပင်။
ဤကဲ့သို့ဆက်ဆံခံရမှုမျိုးသည် ဝေ့မိသားစုမှတပည့်အများစု၏ဘဝတစ်သက်သာတွင် ရရှိနိုင်သောအရာမျိုးမဟုတ်ချေ။
သူမသည် ဝေ့မိသားစုဘိုးဘေးမှရွေးချယ်ထားသော ဆက်ခံသူဖြစ်မည်ဟု လူအများက ထင်ကြေးပေးနေကြ၏။
သူမ၏ထွက်ပေါ်လာမှုသည် ဝေ့မိသားစုကိုကိုယ်စားပြု၍ ကျန်းမိသားစုနှင့်အရေးကိစ္စများ ဆွေးနွေးရန် အရည်အချင်းပြည့်မီသည်။
"ကောင်းပြီလေ...မင်းတို့ ဝေ့မိသားစုကလူတွေ ရောက်လာမှတော့ စလိုက်ကြစို့...ငါတို့နဲ့မင်းတို့ကြားမှာ ငါးကြိမ်ယှဥ်ပြိုင်ဖို့ ကြိုတင်သဘောတူညီထားပြီးပြီ...အကြိမ်ရေအများဆုံးအနိုင်ရတဲ့ဘက်က အကန့်အသတ်မဲ့ကြယ်မြစ်ကို ထိန်းချုပ်ခွင့်ရမယ်...ရှုံးနိမ့်တဲ့သူက အကန့်အသတ်မဲ့ကြယ်မြစ်မှာရှိတဲ့ အင်အားတွေကို ပြန်ရုတ်သိမ်းပြီးတော့ နောက်ဆယ်နှစ်အတွင်းမှာ ကြယ်မြစ်ပေါ်ကို ခြေချခွင့်မရှိဘူး"
မဟာအကြီးအကဲက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
ဆယ်နှစ်ဆိုသောအချိန်ကာလမှာ ထိပ်တန်းမိသားစုကြီးတစ်စုအတွက် ထိုကြယ်မြစ်ပေါ်၌ အစီအစဥ်အမျိုးမျိုးပြုလုပ်ရန်လိုအပ်သည်။
ထိုအချိန်ကျော်လွန်သွားပါက အကယ်၍ တခြားထိပ်တန်းအင်အားစုကြီးတစ်စုသည် ထိုကြယ်မြစ်ပေါ်သို့ ခြေချလိုလျှင်ပင် လွယ်ကူတော့မည်မဟုတ်ချေ။
"ဒါက ကျွန်မတို့ အရင်ကတည်းက သဘောတူညီထားတဲ့ အချက်တွေပဲ...ဘာပြဿနာမှ မရှိဘူး...တကယ်လို့ ရှင်တို့ ကျန်းမိသားစု ရှုံးနိမ့်သွားမယ်ဆိုရင် ငြင်းဆန်ဖို့မကြိုးစားနဲ့...အဲ့ဒီအချိန်ကျရင် ရှင်တို့က စာပေသူတော်စင်ကို အရှက်ရစေလိမ့်မယ်"
ဝေ့မုန့်ထင်က ပြောင်ပြောင်တင်းတင်း ပြောဆိုလိုက်၏။
"ကျန့်ယီ...နင် အရင်ဆုံးသွားလိုက်"
ဝေ့မိသားစုမှလူများအကြားမှနေ၍ ပိန်ပါးပါးလူတစ်ယောက် ထွက်လာသည်။သူ၏နောက်ကျောတွင် လေးလံသောဓားတစ်ချောင်းကိုလွယ်ထားကာ အေးစက်စက်မျက်နှာအမူအယာနှင့် စင်မြင့်ပေါ်သို့ ခုန်တက်လိုက်သည်။
ထိုလေးလံသောဓားသည် သူ၏ပိန်ပါးပါးခန္ဓာကိုယ်နှင့် သဟဇာတမဖြစ်ချေ။ထိုလူသည် သူ၏ဓားကို ဓားအိမ်မှချွတ်ကာ စင်မြင့်ပေါ်သို့ တက်လိုက်၏။ရုတ်ချည်းဆိုသလိုပင် ကျယ်လောင်သောအသံတစ်သံက စင်မြင့်အထက်တွင် မြည်ဟီးသွားသည်။
"အဲ့ဒီလူရဲ့နာမည်က ဝေ့ကျန့်ယီ....သူက ဓားရေအိုင်မြင့်မြတ်နယ်မြေရဲ့ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပဲ...ကောလဟာလတွေအရတော့ သူ့ရဲ့အစစ်အမှန်သွေးနဲ့ သူ့ရဲ့ဓားကိုတစ်ချိန်လုံး မွမ်းမံနေခဲ့တယ်လို့ ဆိုကြတယ်...နောက်ဆုံးတော့ သူ့ရဲ့ခန္ဓာကိုယ်က အသွေးအသားတွေ ခမ်းခြောက်ပြီး သူ ပိန်ပါးသွားတာပဲ...ဒါပေမယ့် သူ့ရဲ့ဓားပညာအရည်အချင်းက ဓားရေအိုင်မြင့်မြတ်နယ်မြေတစ်ခုလုံးမှာ နာမည်ကျော်ကြားတယ်...ဝင်္ကပါပညာရပ်မှာ သူ ဘယ်လောက်အရည်အချင်းရှိလဲဆိုတာ ကျွန်တော် သိချင်မိတယ်"
နဝမအကြီးအကဲ၏နောက်တွင် မတ်တတ်ရပ်နေသော ကျန်းချွယ်က သတိပေးလေသည်။
သူသည် တချို့ဝေယျာဝစ္စကိစ္စရပ်များနှင့် ဝေ့မိသားစုမှ အစွမ်းထက်ကျင့်ကြံသူများ၏သတင်းအချက်အလက်များ စုဆောင်းရသည့်ကိစ္စကို ဆောင်ရွက်ရသူဖြစ်သည်။