အခန်း (၂၈၉၁-၂၈၉၅)
Vol. 148 Ch. 2891-2895
Chapter 2891
ထို့ကြောင့် ကျန်းချွယ်သည် ဝေ့မိသားစုမှ အစွမ်းထက်ကျင့်ကြံသူများနှင့်ပတ်သတ်၍ လွန်စွာရင်းနှီးကျွမ်းဝင်သည်။ဝေ့ကျန့်ယီထွက်ပေါ်လာသည်နှင့် ထိုလူနှင့်ပတ်သတ်သော သူသိသမျှ သတင်းအချက်အလက်များကို ထုတ်ဖော်ပြောဆိုလိုက်၏။
ကျန်းမိသားစု၏ဝင်္ကပါပညာရှင်ဖြစ်သော ကျန်းထိုက်ရန်က မတ်တတ်ထရပ်ကာ ပြောဆိုသည်။
"ငါ အရင်ဆုံးသွားမယ်...နက်နဲသိမ်မွေ့ယင်ဂိုဏ်းက ဧည့်သည်တော်တွေက ရောက်လာတာမကြာသေးဘူး...အချိန်ခဏလောက် အနားယူလိုက်ကြပါအုံး"
ဆရာသခင်ဟန်လျန့်က ခေါင်းညိတ်ပြကာ မည်သည့်စကားမျှ ပြောဆိုခြင်းမရှိချေ။
ဝေ့မိသားစုမှဝင်္ကပါပညာရှင်၏ အရည်အချင်း မည်မျှထိရှိသည်ကို သူ သိရှိလိုသည်။
ကျန်းထိုက်ရန်က မတ်တတ်ထရပ်၍ သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ ပြောဆိုသည်။
"ကျန်းမိသားစု...ကျန်းထိုက်ရန်..."
ဤသည်က တိုက်ပွဲမစတင်မီ ဂါရဝပြုခြင်းပင်။မမျှော်လင့်ဘဲ ဝေ့ကျန့်ယီ၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခု ထင်ဟပ်လာသည်။သူ၏လက်အတွင်းရှိ ဓားရှည်ကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သောဓားချီများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ဒေါင်...ဒေါင်...ဒေါင်...
ကျန်းထိုက်ရန်၏ခြေထောက်အောက်ရှိ မြေပြင်ပေါ်တွင် ဓားရှည်များ ရုတ်တရက်ထွက်ပေါ်လာကာ သူ့ထံဦးတည်၍ အဘက်ဘက်မှ တိုက်ခိုက်ကြတော့သည်။
ပတ်ဝန်းကျင်ရှိမြင်ကွင်းသည် ချက်ချင်းဆိုသလိုပင် ကြောက်ခမန်းလိလိ ပြောင်းလဲသွားပေ၏။မူလက ဤနေရာသည် ပြိုင်ပွဲကွင်းပြင်တစ်ခုသာဖြစ်သော်လည်း ယခုချိန်တွင် ရုတ်တရက် ပတ်ဝန်းကျင်နေရာတဝိုက်လုံး ဓားဝင်္ကပါကြီးအဖြစ် ပြောင်းလဲသွားလေပြီ။
"စက်ဆုပ်ဖို့ ကောင်းလိုက်တာ...မင်းက ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ဝံ့တာလား"
ကျန်းဟုန်က သူ၏ပေါင်ကိုပုတ်ကာ ဒေါသတကြီး အော်ဟစ်လိုက်၏။
ဝေ့မိသားစုဘက်တွင်မူ သူတို့သည် မည်သည့်အမှားမျိုးမျှ ကျုးလွန်ထားခြင်း မရှိသည့်အလား အေးဆေးတည်ငြိမ်နေသည်။
ကျန်းထိုက်ရန်ကို ကျန်းမိသားစု၏ ထိပ်တန်းဝင်္ကပါပညာရှင်တစ်ယောက်ဟု ယူဆ၍ရသည်။ဤကဲ့သို့ ရုတ်တရက်ဆန်သော တိုက်ခိုက်မှုမျိုးနှင့် ရင်ဆိုင်ရသည့်တိုင် သူသည် ထိတ်ထိတ်ပျာပျာဖြစ်သွားခြင်းမရှိချေ။
ကျန်းထိုက်ရန်သည် လက်ဟန်သင်္ကေတတစ်ခုကို ဖွဲ့စည်းပြီးနောက် မှော်မန္တန်တစ်ပုဒ်ကို တီးတိုးရွတ်ဆိုလိုက်၏။တောက်ပသောအလင်းတန်းများက သူ၏လက်အတွင်းမှ ဖြာထွက်လာကာ သူက မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်သည်။
သင်္ကေတအက္ခရာတချို့က သူ၏ခြေထောက်အောက်တွင် ထွက်ပေါ်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
နှစ်ဖက်စလုံးရှိဝင်္ကပါနှစ်ခု ဖီလာဆန့်ကျင်ရိုက်ခတ်မိလေ၏။
ထိုအရာနှစ်ခုလုံးသည် အရည်အချင်းပြည့်ဝသော ဝင်္ကပါများပင်။အစောပိုင်းက တိုက်ခိုက်မှုခြင်း ဖလှယ်ကြပြီးနောက် တိုက်ပွဲသည်ရှုပ်ထွေးသွားလေရာ မည်သူက အနိုင်ရရှိမည် ရှုံးနိမ့်မည်ကို မပြောနိုင်ချေ။
"ကျန်းမိသားစုရဲ့ဝင်္ကပါပညာရှင်မှာ ဒီလောက်ထိ အရည်အချင်းရှိနေမယ်လို့ ငါ ထင်မထားမိဘူး"
မဟာဆရာသခင်ဟန်လျန့်က ပြောဆိုသည်။
မဟာအကြီးအကဲက မေးမြန်းသည်။
"ဆရာသခင်ဟန်လျန့်....မင်းရဲ့အမြင်အရ...ကျန်းထိုက်ရန်က ဝေ့ကျန့်ယီကို အနိုင်ရနိုင်လား"
မဟာဆရာသခင်ဟန်လျန့်က ဗြောင်ကျကျ တုံ့ပြန်ဖြေဆိုလိုက်၏။
"တကယ်လို့ ငါ ခန့်မှန်းတာမမှားဘူးဆိုရင် ကျန်းထိုက်ရန်က အကာအကွယ်ဝင်္ကပါတွေ ခင်းကျင်းတဲ့နေရာမှာ ထူးချွန်တဲ့သူဖြစ်မယ်...သူ့ရဲ့တိုက်ခိုက်မှုစွမ်းအားက မကောင်းဘူး....ခုခံကာကွယ်မှုဝင်္ကပါတွေရဲ့ အရေးအကြီးဆုံးလက္ခဏာရပ်က ခုခံဖို့အတွက် တိုက်ခိုက်မှုကို စောင့်ဆိုင်းနေရတာပဲ...ဒါက သာမာန်အချိန်တွေမှာဆိုရင်တော့ အတော်လေးကောင်းမွန်တယ်...ဒါပေမယ့် ဒါကို တိုက်ပွဲမှာအသုံးပြုရင်တော့ နည်းနည်းအရေးနိမ့်နေလိမ့်မယ်"
"ပြီးတော့ ဓားကျင့်ကြံသူတွေက အရင်ကတည်းက တိုက်ခိုက်မှုကိုပဲ ဦးတည်ထားပြီးတော့ ဓားဝင်္ကပါတွေက အမြဲတမ်းပြောင်းလဲနေတယ်...ကျန်းထိုက်ရန် နိုင်ဖို့အခွင့်အရေးမရှိဘူး...သူ ရှုံးနိမ့်သွားနိုင်တယ်"
"အား...ကျန်းထိုက်ရန်က အစတုန်းက အိမ်တော်မဟာအကာအကွယ်ဝင်္ကပါကြီးကို စောင့်ကြပ်တဲ့နေရာမှာ တာဝန်ယူရတဲ့သူ...ဒီတစ်ကြိမ်တော့ သူက ပြိုင်ပွဲမှာယှဥ်ပြိုင်ဖို့ စိတ်လောနေခဲ့တယ်...တကယ်လို့ ငါ အစောကြီးကတည်းကသာ ကြိုသိခဲ့ရင် ငါ မင်းတို့ကို အရင်ယှဥ်ပြိုင်ခိုင်းလိုက်တယ်"
မဟာအကြီးအကဲက သူ၏ပေါင်ကိုပုတ်၍ ပြောဆိုကာ သူ၏မျက်နှာပေါ်၌ နောင်တအရိပ်အယောင်များ ထင်ဟပ်နေသည်။
ဟန်လျန့်က အပြုံးဖြင့် ပြောဆိုသည်။
"ဘာမှမစိုးရိမ်ပါနဲ့...ငါ ဒီနေရာမှာရှိနေမှတော့ တကယ်လို့ တခြားမတော်တဆကိစ္စရပ်မျိုးမရှိရင်....ငါက သူတို့ရဲ့ဓားဝင်္ကပါကို ထွင်းဖောက်မြင်ပြီးပြီ...သူတို့ဘက်ကနေ ဝင်္ကပါပညာရှင်ငါးယောက် အတူပူးပေါင်းပြီး တိုက်ခိုက်ရင်တောင် ငါ့ရဲ့ပြိုင်ဘက် မဖြစ်နိုင်ဘူး"
မဟာဆရာသခင်ဟန်လျန့်၏စကားကိုကြားချိန်တွင် နဝမအကြီးအကဲက စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
စင်မြင့်ပေါ်တွင် ကျန်းထိုက်ရင်သည် ဓားဝင်္ကပါ၏ပြောင်းလဲမှုများ နောက်သို့လိုက်ပါ၍ သူ၏ခုခံကာကွယ်မှုဝင်္ကပါကို အဆက်မပြတ် ပြောင်းလဲနေသည်။
ဓားဝင်္ကပါမှ လေးလံသောဓားတစ်လက် ပျံသန်းလာသည့်အချိန်တိုင်း ကျန်းထိုက်ရန်သည် နေရာမှန်ကိုရှာဖွေကာ တုံ့ပြန်နိုင်လေ၏။
သို့ရာတွင် စောင့်ကြည့်နေကြသူများ၏အမြင်တွင် ကျိုးထိုက်ရန်၏ဝင်္ကပါများသည် ခုခံကာကွယ်မှုသက်သက်ဖြစ်နေခြင်းမှာ သိသာထင်ရှားသည်။သူသည့် ဝေ့ကျန့်ယီ တိုက်ခိုက်လာစဥ်တွင် တုံ့ပြန်နိုင်ရုံသာရှိသည်။
"ဟူး...အစကတည်းက ရလဒ်ကောင်းမရခဲ့ဘူး"
ကျန်းဟုန်က သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
ပထမဆုံးတိုက်ပွဲသည် အရာအားလုံး၏အဆုံးအဖြတ်မဟုတ်သော်လည်း တခြားသူများ၏စိတ်ကို သက်ရောက်မှုရှိစေသည်။
အထူးသဖြင့် ဤနေရာသည် သူတို့ကျန်းမိသားစု၏ပိုင်နက်နယ်မြေပင်။အကယ်၍ သူတို့သာ ပထမဆုံးတိုက်ပွဲတွင် ရှုံးနိမ့်သွားပါက ကျန်းမိသားစုဝင်များ အလွန်အမင်း စိတ်ဓာတ်ကျသွားပေမည်။
Chapter 2892
"ဘာမှမစိုးရိမ်နဲ့....ကျန်းထိုက်ရန် အနိုင်ရသွားလိမ့်မယ်"
လုယွီက ရုတ်တရက် ပြောဆိုသည်။
ကျန်းဟုန်က လုယွီကို အံ့အားသင့်နေသောအကြည့်ဖြင့် ကြည့်လိုက်၏။
"စီနီယာ...သူ နိုင်သွားမှာလား...အခုလက်ရှိအခြေအနေအရတော့ သူ အနိုင်ရဖို့ဆိုတာ မလွယ်လောက်ဘူး"
သူသည် ကျန်းမိသားစုခေါင်းဆောင်ဖြစ်သည့်တိုင် ဤတိုက်ပွဲအပေါ် မျှော်လင့်ချက်ကြီးကြီးမားမား မထားချေ။
လုယွီက ပြောဆိုသည်။
"အဲ့ဒီကျန်းထိုက်ရန်က သူ့ကိုယ်သူ ကောင်းကောင်းကြီး ဖုံးကွယ်ထားနိုင်တယ်...တစ်ဖက်လူက သူ့ကို အငိုက်ဖမ်းပြီးတိုက်ခိုက်မယ်ဆိုတာ သူ ကြိုတင်ခန့်မှန်းနိုင်ခဲ့တယ်...သူက ရည်ရွယ်ချက်ရှိရှိနဲ့ ဟာကွက်တွေကို ထုတ်ပြထားတာ...သူ့ရဲ့ဝင်္ကပါတွေအားလုံးက နောက်ဆုံးဝင်္ကပါကြီးအတွက် ပြင်ဆင်ထားတာပဲ....ဝေ့ကျန့်ယီရဲ့ဓားဝင်္ကပါက အစွမ်းထက်ပေမယ့် သူက ဒါကိုသတိမပြုမိဘူး"
လုယွီ၏စကားအဆုံးသတ်သွားသောအချိန်မှာပင် ကျန်းထိုက်ရန်ထံမှနေ၍ ကျယ်လောင်စွာအော်ဟစ်ရယ်မောသံကြီး ထွက်ပေါ်လာသည်။
"ဟမ့်....မင်းက တစ်ချိန်လုံး မောက်မာဝံ့ကြွားနေခဲ့တယ်...အမှန်က မင်း လှည့်စားခံနေရတာပဲ"
ကျန်းထိုက်ရန်က ရုတ်တရက် သူ၏လက်မှ လက်ဟန်သင်္ကေတကို အလျှင်အမြန် ပြောင်းလဲလိုက်ရာ သူ့ခြေထောက်အောက်ရှိ ဝင်္ကပါကြီးထံမှနေ၍ တောက်ပသောအလင်းတန်းများ ထွက်ပေါ်လာသည်။
သင်္ကေတအက္ခရာများက လေထုအတွင်း၌ မျောလွင့်သွားကာ ပတ်ဝန်းကျင်ရှိ လေဟာနယ် ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။
သူ၏လက်ဟန်သင်္ကေတပြောင်းလဲသွားသည်နှင့် ပတ်ဝန်းကျင်ရှိမြေပြင်ကို သက်ရောက်သွားပုံဖြင့် ဝင်္ကပါငယ်အမြောက်အများက တပြိုင်နက်တည်း ထွက်ပေါ်လာပေ၏။
ဝေ့ချင်ဖုန်းသည် ဤသို့ဖြစ်လာမည်ကို မျှော်လင့်ထားမိပုံမရချေ။သူ၏ဓားကို အလျှင်အမြန်ဝှေ့ယမ်းလိုက်ရာ သူ၏ရှေ့၌ ဓားရှည်ဆယ်လက်ခန့်စုဝေးသွားကာ မျောလွင့်နေသည်။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
ဝေ့ကျန့်ယီက ဝင်္ကပါကို ဝေ့ဝိုက်ကြည့်ပြီးနောက် ထိတ်လန့်တုန်လှုပ်သွားသည်။
သူသည် အစောပိုင်းက ကျန်းထိုက်ရန်၏ဝင်္ကများအားလုံးကို ချိုးဖျက်ပြီးလေပြီ။
သို့ရာတွင် ယခုလက်ရှိချိန်၌ ပျောက်ကွယ်သွားခဲ့သော ဝင်္ကပါများအားလုံး သူ့ရှေ့၌ တဖန်ပြန်၍ ထွက်ပေါ်နေခဲ့သည်။
"ထွက်သွားစမ်း..."
ကျန်းထိုက်ရန်က သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။ပတ်ဝန်းကျင်ရှိ ဝင်္ကပါများအားလုံး အတူတကွစုဝေးသွားကာ ဝေ့ကျန့်ယီကို လှောင်ပိတ်သွားလေသည်။
ဝေ့ကျန့်ယီက တုန်လှုပ်ချောက်ချားသွားသည်။သူသည် သူ၏နံဘေးပတ်လည်၌ မျောလွင့်နေသော ဓားရှည်များကိုထိန်းချုပ်ကာ ထိုတိုက်ခိုက်မှုကို ပိတ်ဆို့ဟန့်တားလိုက်၏။ကံအကြောင်းမလှစွာဖြင့် သူ၏ဓားရှည်များသည် အလွန်လေးလံသဖြင့် သူ ခြေတစ်လှမ်းစာခန့် နောက်ကျသွားခဲ့သည်။
ဘုန်း...
ဝင်္ကပါမှစွမ်းအားများ ပွင့်အံ့ထွက်သွားခြင်းနှင့်အတူ ဝေ့ကျန့်ယီသည် စင်မြင့်ပေါ်မှ လွင့်ထွက်သွားတော့သည်။
"ကောင်းတယ်..."
နံဘေးဘက်မှစောင့်ကြည့်နေကြသော ကျန်းမိသားစုဝင်များသည် ချက်ချင်းဆိုသလိုပင် ဝမ်းသာအားရ အော်ဟစ်လိုက်ကြ၏။
မဟာဆရာသခင်ဟန်လျန့်က ကူကယ်ရာမဲ့စွာဖြင့် ကျန်းထိုက်ရန်ကို ထပ်မံ၍တစ်ချက်ကြည့်ရှုကာ ပြောဆိုသည်။
"ဒီကျန်းထိုက်ရန်က တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ...တကယ်လို့ ငါတို့က သူ့ရဲ့ခွန်အားသက်သက်ကိုပဲကြည့်ရင် ဘယ်လိုနည်းနဲ့မှ ဝေ့ကျန့်ယီရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး...ဒါပေမယ့် သူက တိုက်ပွဲအစကတည်းက အကွက်ချစီစဥ်ခဲ့တယ်...ဒါကြောင့် ဝေ့ကျန့်ယီ သတိပေါ့လျော့သွားတဲ့အချိန်မှာ သူက တစ်ချက်တည်းနဲ့ အနိုင်ယူလိုက်တာပဲ"
နဝမအကြီးအကဲက အလွန်ပျော်ရွှင်သွားကာ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
"ဆရာသခင်ဟန်လျန့် ပြောခဲ့တာက အမှန်တွေပါ...ဒါပေမယ့် ဒါက မတော်တဆအနိုင်ရသွားတာလို့ ပြောလို့ရတယ်"
ဝေ့ကျန့်ယီက မြေပြင်ပေါ်မှ မတ်တတ်ထရပ်ကာ ဖုန်အလိမ်းလိမ်းကပ်နေသောမျက်နှာဖြင့် ဝေ့မုန့်ထင်၏ရှေ့သို့ အပြေးသွားကာ ရှက်ရွံနေသောလေသံဖြင့် ပြောဆိုသည်။
"သခင်မလေး...ကျွန်တော်က အသုံးမကျဘူး...ပြိုင်ပွဲမှာရှုံးနိမ့်သွားတယ်"
"ဒါက အဆင်ပြေပါတယ်...ဦးလေးဖုန်း...နောက်တစ်လှည့်ကျရင် ရှင် သွားလိုက်ပါ...ဒီနေရာက အရမ်းပျင်းဖို့ကောင်းတယ်...တတ်နိုင်သမျှအမြန်ဆုံး အဆုံးသတ်ကြရအောင်"
ဝေ့မုန့်ထင်၏လေသံက ပြတ်ပြတ်သားသားဆန်ကာ ပြိုင်ပွဲ၌ အနိုင်ရခြင်း သို့မဟုတ် ရှုံးနိမ့်ခြင်းသည် ကိစ္စကြီးတစ်ရပ် မဟုတ်သကဲ့သို့ပင်။
ဝေ့ချင်ဖုန်း၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သောအပြုံးမျိုး ထင်ဟပ်လာသည်။
"ဘာမှစိတ်မပူပါနဲ့ သခင်မလေး...သူတို့က သန်မာအားကောင်းတာမဟုတ်ဘူး...လှည့်ကွက်ငယ်လေးတွေကို မှီခိုနေရုံသက်သက်ပဲ...ဒီလောက်အရည်အချင်းနဲ့ကတော့ ကျွန်တော်ရဲ့လက်ကို ခါထုတ်လိုက်ရုံနဲ့ သူတို့တွေကို သတ်ပစ်နိုင်တယ်"
ထိုစကားဆုံးသည်နှင့် ဝေ့ချင်ဖုန်းက စင်မြင့်ပေါ်သို့ ခုန်တက်လိုက်သည်။
ဘုန်း..
သူက စင်မြင့်ပေါ်သို့ ပြင်းပြင်းထန်ထန်ခုန်ချလိုက်သဖြင့် မြေပြင်တစ်ခုလုံး တုန်ခါသွားသည်။
"ဝေ့ချင်ဖုန်း...ပြိုင်ပွဲက အခုမှပြီးတာ...အနည်းဆုံးတော့ သူ အနားယူဖို့ အချိန်ပေးရမယ်...ဘာလို့ မင်းက ချက်ချင်းကြီး စင်မြင့်ပေါ်ကို ခုန်တက်လာတာလဲ"
နဝမအကြီးအကဲက ဒေါသတကြီး အော်ဟစ်လိုက်၏။
ဟမ့်....
ဝေ့ချင်ဖုန်းက အထင်အမြင်သေးသောအမူအယာဖြင့် နှာတစ်ချက်မှုတ်လိုက်သည်။
"ပြိုင်ပွဲကျင်းပနေတဲ့အချိန်မှာ အနားယူခွင့်ပေးရမယ်လို့ စည်းမျဥ်းထုတ်ထားလို့လား...ငါတို့ရဲ့သခင်မလေးပြောတာ မင်း မကြားဘူးလား...ဒီပြိုင်ပွဲက အရမ်းပျင်းဖို့ကောင်းတယ်...မြန်မြန်အဆုံးသတ်ရမယ်...ငါတို့သခင်မလေးရဲ့အချိန်တွေကို မဖြုန်းတီးစမ်းနဲ့"
"ဟမ့်...ဒါဆိုရင် ငါကလည်း ဝေ့မိသားစုရဲ့ဓားအင်မော်တယ်ဆီကနေ သင်ယူရအုံးမှာပေါ့"
ကျန်းထိုက်ရန်သည် ဝေ့ချင်ဖုန်း၏ရန်စစော်ကားခြင်းကို သည်းမခံနိုင်သည်မှာ သိသာထင်ရှားနေပြီး သူက တိုက်ခိုက်ရန်အတွက် ဝင်္ကပါကို ချက်ချင်းအသက်သွင်းလေသည်။
Chapter 2893
"ဟား ဟား ဟား...မင်းက လှည့်စားမှုလေးတွေ နည်းနည်းလောက် သုံးတတ်ရုံနဲ့ ငါတို့အားလုံးကို အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား...ဒါက ဘယ်လို သောက်သုံးမကျတဲ့ ဝင်္ကပါမျိုးလဲ...ကျိုးပျက်စမ်း"
ဝေ့ချင်ဖုန်းက ကျယ်လောင်စွာအော်ဟစ်ရယ်မောကာ သူ၏ခြေထောက်ကိုမြှောက်၍ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ခြေဆောင့်နင်းလိုက်သည်။
ရုတ်တရက် ဝေ့ချင်ဖုန်း၏ခြေထောက်အောက်မှနေ၍ ပြင်းထန်သောဓားချီများ ပွင့်အံ့ထွက်လာကာ ကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားသည်။
ထက်ရှသောဓားစိတ်ဆန္ဒတစ်ရပ်သည် လေထုအတွင်း၌ ပြည့်နှက်သွားသဖြင့် လူအများသည် သူတို့၏မျက်လုံးကို ဖွင့်ရန်ပင် ခက်ခက်ခဲခဲ အားယူနေရ၏။
ဝေ့ချင်ဖုန်းသည် လက်ဟန်သင်္ကေတဖွဲ့စည်းခြင်းလည်းမရှိ မှော်မန္တန်ရွတ်ဆိုခြင်းလည်းမရှိချေ။သူ၏ခြေထောက်ကိုဆန့်တန်းကာ ခြေတစ်လှမ်းရှေ့တက်လိုက်ရုံဖြင့် ကြီးမားသော ဓားဝင်္ကပါကြီးတစ်ခု ဖွဲ့စည်းပြီးလေပြီ။
ထိုဓားဝင်္ကပါကြီးသည် အလွန်အမင်း ကြီးမားကျယ်ပြန့်ရုံသာမက တုန်လှုပ်ချောက်ချားဖွယ်အရှိန်အဝါမျိုးရှိနေသည်။
တုန်လှုပ်ချောက်ချားဖွယ်ဓားချီလှိုင်းများ ပြင်းပြင်းထန်ထန်ကျရောက်လာမှုနှင့်အတူ ကျန်းထိုက်ရန်ခင်းကျင်းထားသော ဝင်္ကပါကြီး ကွဲအက်သွားသည်။
ခရက်...ခရက်...ခရက်...
ကျန်းထိုက်ရန် ခင်းကျင်းထားသောဝင်္ကပါသည် ထိုတုန်လှုပ်ချောက်ချားဖွယ် ဓားစိတ်ဆန္ဒနှင့် ထိတွေ့မိချိန်တွင် အနည်းငယ်မျှပင် တောင့်ခံနိုင်စွမ်းမရှိဘဲ အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားလေ၏။
"ဘာလို့ ဒီလောက်ထိ အစွမ်းထက်နေတာလဲ"
သူ ဂရုတစိုက်ခင်းကျင်းထားသော ဝင်္ကပါကြီး ပျက်စီးသွားသည်ကို မြင်တွေ့ချိန်တွင် ကျန်းထိုက်ရန်သည် ထိတ်လန့်တုန်လှုပ်သွားကာ သူ၏မျက်နှာတပြင်လုံး ဖြူရော်သွားသည်။
ဓားအင်မော်တယ်တစ်ယောက်၏တိုက်ခိုက်မှုသည် အလွန်ပြင်းထန်မည်ဟု သူ ကြိုတင်ခန့်မှန်းမိပြီးဖြစ်သော်လည်း ဤမျှထိပြင်းထန်မည်ဟု သူ မျှော်လင့်မထားမိချေ။
"ဒီလောက်ပဲလား...ဒါဆိုရင်တော့ မင်း ငရဲကိုသွားတာ ပိုကောင်းလိမ့်မယ်"
ဝေ့ချင်ဖုန်းက ဓားဝင်္ကပါကို ထိန်းချုပ်ကာ ရုတ်တရက် သူ၏ခွန်အားကို ထပ်မံစိုက်ထုတ်ပြီး ကျန်းထိုက်ရန်ကို စင်မြင့်၏အစွန်သို့ တွန်းပို့လိုက်၏။
ပြင်းထန်သောဓားချီတစ်လှိုင်းသည် ဓားဝင်္ကပါမှထွက်ပေါ်လာကာ ကျန်းထိုက်ရန်၏လက်မောင်းကို ထွင်းဖောက်သွားသည်။ရုတ်ချည်းဆိုသလိုပင် ကျန်းထိုက်ရန်၏ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့်ရွှဲနစ်သွားကာ သူ့ကိုကြည့်ရသည်မှာ အလွန်အမင်းသနားစဖွယ်ကောင်းနေသည်။
"ရပ်လိုက်စမ်း"
မဟာအကြီးအကဲက အေးစက်စက်လေသံဖြင့် အော်ဟစ်ကာ သူ၏လက်တစ်ဖက်ကိုဝှေ့ယမ်း၍ စင်မြင့်ပေါ်ရှိ ကျန်းထိုက်ရန်ကို ဆွဲခေါ်လိုက်သည်။
ကျန်းထိုက်ရန်သည် သွေးများယိုစီးကျနေသော သူ၏လက်ကိုဖုံးအုပ်ကာ တုန်ရီနေသောလေသံဖြင့် ပြောဆိုသည်။
"မဟာအကြီးအကဲ...သူ့ရဲ့ဝင်္ကပါက အရမ်းအားကောင်းတယ်...ကျွန်တော်က ဘယ်လိုနည်းနဲ့မှ သူ့ရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး"
လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး ထိုအချက်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်ကြပေ၏။
ဝေ့ချင်ဖုန်းသည် ဝေ့ကျန့်ယီနှင့် တူညီသောအဆင့်တွင်ရှိမနေချေ။
မဟာအကြီးအကဲက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"ဒါက ပြဿနာမရှိပါဘူး...မင်းက မိသားစုအတွက် ပြိုင်ပွဲတစ်ပွဲကို အနိုင်ယူပေးပြီးပြီ...မင်းက မိသားစုအတွက် ကောင်းကောင်းကြီးအကျိုးဆောင်ခဲ့တာပဲ...မင်းရဲ့နေရာကိုပြန်သွားပြီး အနားယူလိုက်ပါအုံး"
ရုတ်ချည်းဆိုသလိုပင် ကျန်းအိမ်တော်မှသမားတော်များသည် ကျန်းထိုက်ရန်ကို အဝေးသို့ခေါ်ဆောင်သွားတော့သည်။
"ဟူး...ဒါက မင်းတို့ကျန်းမိသားစုရဲ့ဝင်္ကပါပညာရှင်လား...သူက ငါ့ရဲ့တိုက်ခိုက်မှုတစ်ခုကိုတောင် တောင့်မခံနိုင်ဘူး...ငါက ခုထိ ခွန်အားပြည့် ထုတ်မသုံးရသေးဘူး...သူက ရှုံးနိမ့်သွားပြီ"
ဝေ့ချင်ဖုန်းက ခနဲ့တဲ့တဲ့လေသံဖြင့် ပြောဆိုသည်။
ဘန်း...
ကျန်းဟုန်က ရုတ်တရက် သူ၏ရှေ့ရှိစားပွဲကို ပြင်းပြင်းထန်ထန်ရိုက်ပုတ်ကာ အသံနက်ကြီးဖြင့် အော်ဟစ်လိုက်၏။
"ဝေ့ချင်ဖုန်း...မင်း ဘာလို့ ပြိုင်ပွဲအတွင်းမှာ ခုလောက်ထိ ပြင်းပြင်းထန်ထန် တိုက်ခိုက်တာလဲ...အရင်တုန်းကတော့ မင်းတို့ဘက်ကနေ အသေအပျောက်ရှိမှာကို စိုးရိမ်လို့ဆိုပြီးတော့ ဝင်္ကပါပညာရပ်ပြိုင်ပွဲလုပ်ဖို့ တောင်းဆိုခဲ့တယ်...ဖြစ်နိုင်တာတော့ မင်းတို့က ဒါကို မေ့သွားပြီလား"
ထိုစကားကိုပြောဆိုလိုက်သူသည် ကျန်းဟုန်ဖြစ်နေသည်ကို မြင်တွေ့ချိန်၌ ဝေ့ချင်ဖုန်းက ပြုံးလိုက်သည်။
"ငါက ဘယ်သူများလဲလို့ အံ့အားသင့်နေခဲ့တာ...အခုကြည့်ကြည့်တော့မှ ကျန်းမိသားစုခေါင်းဆောင်နေရာကို လက်လွှဲယူထားတဲ့ ကောင်လေးဖြစ်နေတာကိုး....မင်းတို့ကျန်းမိသားစုက နို့နံမစင်သေးတဲ့ ကောင်လေးတစ်ယောက်ကို ဘာလို့ မိသားစုခေါင်းဆောင်နေရာ ပေးထားတာလဲဆိုတာ ငါ သိချင်မိတယ်....မင်းတို့မိသားစုမှာ တခြားသူတွေမရှိတော့ဘူးလို့တော့ ငါ့ကိုမပြောနဲ့...မင်းတို့မှာမရှိဘူးဆိုရင် ငါက မင်းတို့ကျန်းမိသားစုရဲ့ခေါင်းဆောင်နေရာကိုဆက်ခံဖို့ ငါတို့ရဲ့ဓားရေအိုင်မြင့်မြတ်နယ်မြေကတပည့်တွေ လွှတ်ပေးရမလား"
ဝေ့ချင်ဖုန်းသည် ကျန်းဟုန်၏မေးခွန်းကို အဖြေပေးလိုပုံမရချေ။ထိုအစား သူသည် ကျန်းဟုန်ကို ကျန်းမိသားစုခေါင်းဆောင်အဖြစ် ဆက်ဆံခြင်းမပြုချေ။
"မင်း..."
ကျန်းဟုန်က သူ၏လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်လိုက်ကာ သူ၏စိတ်နှလုံးသားအတွင်း၌ ဒေါသများဖြင့် ပြည့်နှက်နေသည်။
သူက နောက်သို့ချာခနဲပြန်လှည့်ကာ လုယွီထံဦးတည်ကာ ဦးညွှတ်အရိုအသေပြု၍ ပြောဆိုသည်။
"စီနီယာ...ကျေးဇူးပြုပြီးတော့ ဒီမောက်မာရိုင်းစိုင်းတဲ့ကောင်ကို သင်ခန်းစာပေးပေးပါ"
ကျန်းဟုန်၏စိတ်အတွင်း၌ ထိုသောက်ရေးမပါသောဓားအင်မော်တယ်များသည် လုယွီ၏ပြိုင်ဘက်မဖြစ်နိုင်ဟု အခိုင်အမာ ယုံကြည်ထားပေ၏။
ပင်လယ်ပြင်အထက်၌ တိုက်ပွဲဖြစ်ပွားခဲ့သောနေ့တွင် လုယွီသည် ရှေးဟောင်းမှော်မန္တန်တစ်ပုဒ်ကို ထုတ်ဖော်အသုံးပြုခဲ့သည်။ကောင်းကင်ဘုံအရှင်သခင်၏ပြစ်ဒဏ်ခတ်မှု မှော်နည်းစနစ်အား သူ ထုတ်ဖော်အသုံးပြုချိန်တွင် ထွက်ပေါ်လာသော ပုံရိပ်ယောင်ကြီးသည် ကောင်းကင်နှင့်မြေပြင်ကို ဖုံးကွယ်သွားလုမတတ် အလွန်ကြီးမားကာ လူအများအား တုန်လှုပ်ချောက်ချားစေသောခံစားချက်မျိုး ပေးစွမ်းနိုင်သည်။
ထို့ပြင် လုယွီသည် ဖူရွှေပွဲတော်ရှိ အလွန်အမင်းခက်ခဲသော အကာအကွယ်ဝင်္ကပါကိုပင် သူ၏လက်ချောင်းများ လှုပ်ခတ်လိုက်ရုံဖြင့် လွယ်လင့်တကူ ချိုးဖျက်နိုင်ခဲ့သည်။
ကျန်းဟုန်၏စိတ်နှလုံးသားအတွင်း၌ လုယွီသည် ပြိုင်ဘက်ကင်းတည်ရှိမှုကြီးပင်။လုယွီ ဤနေရာတွင် ရှိနေသရွေ့ ဝေ့ချင်ဖုန်း မည်မျှပင်မောက်မာဝံ့ကြွားနေပါစေ အရေးမပါတော့ချေ။
Chapter 2894
"မင်းက သူ့ကို ဘာလို့ အဲ့ဒီနေရာကိုသွားစေချင်နေတာလဲ...မင်း အရှက်ကွဲရတာ မလုံလောက်သေးဘူးလား...ငါ သွားလိုက်မယ်"
ယွဲ့စန်းက ခနဲ့တဲ့တဲ့ပြောဆိုကာ တိုက်ပွဲစင်မြင့်ပေါ်သို့ ခုန်တက်သွားတော့သည်။
သူသည် အသက်ငယ်ရွယ်သူဖြစ်သည့်တိုင် သူ၏ခြေလှမ်းများနှင့်လှုပ်ရှားမှုများသည် ကျန်းထိုက်ရန်ထက် အဆများစွာ ပို၍လျှင်မြန်သည်။
ယွဲ့စန်းသည် မြေပြင်ပေါ်သို့ ကျရောက်သွားသည်နှင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ အေးစက်စက်အရှိန်အဝါများ ထွက်ပေါ်လာသည်။တောင်ဝှေးတစ်ချောင်းက ရုတ်တရက် သူ၏လက်အတွင်း၌ ထွက်ပေါ်လာကာ သူက ထိုအရာကိုဝှေ့ယမ်းလိုက်သည်။ပတ်ဝန်းကျင်ရှိယင်ချီများအားလုံး ချက်ချင်းဆိုသလိုပင် ယွဲ့စန်း၏ခန္ဓာကိုယ်အနီးပတ်လည်၌ စုဝေးသွားပေ၏။
"မင်းက အရမ်းသန်မာအားကောင်းတယ်လို့ ငါကြားထားတယ်...ဓားအင်မော်တယ်တစ်ယောက်မှာ ဘယ်လောက်ထိအရည်အချင်းရှိလဲဆိုတာ ငါ ကြည့်ချင်တယ်"
ယွဲ့စန်းက သူ၏ခေါင်းကိုမော့လိုက်ကာ သူ၏မျက်နှာပေါ်၌ မောက်မာဝံ့ကြွားမှုအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
"မောက်မာလှချည်လား"
ဝေ့ချင်ဖုန်းက ထိုစကားကိုသာပြောဆိုပြီး ထပ်မံ၍ အပိုစကားမဆိုတော့ချေ။
ထိုသို့ပြောဆိုပြီးသည်နှင့် ဝေ့ချင်ဖုန်းက သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ရာ သူ၏ခြေဖဝါးအောက်မှ ဓားဝင်္ကပါကြီး ရုတ်တရက်ပြန့်ကားသွားကာ ထောင်နှင့်ချီသော ခရမ်းရောင်ဓားရှည်များအဖြစ်သို့ ပြောင်းလဲပြီး ယွဲ့စန်းထံဦးတည်၍ တိုးဝင်သွားသည်။
ဝေ့ချင်ဖုန်း၏ဓားဝင်္ကပါကို ဗဟိုပြု၍ ကောင်းကင်ယံအနှံ့ ဓားများ မိုးရွားသွန်းသကဲ့သို့ ပြည့်နှက်သွားလေ၏။
ယွဲ့စန်းက အေးဆေးတည်ငြိမ်နေဆဲပင်။သူ၏လက်မှ လက်ဟန်သင်္ကေတကို ပြောင်းလဲလိုက်ရာ အေးစက်စက်ယင်ချီလှိုင်းများက သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ထွက်ပေါ်လာသည်။
ထို့နောက် သူ၏လက်ညှိုးကို အနည်းငယ်ကိုက်ဖောက်၍ လေထုအတွင်း၌ အနက်ရောင်အဆောင်သင်္ကေတတစ်ခုကို ရေးဆွဲလိုက်သည်။
ထိုအဆောင်သင်္ကေတ လေထုအတွင်း၌ မျောလွင့်နေသည်နှင့် ပတ်ဝန်းကျင်၌ ရစ်ဝဲနေသောယင်ချီများအားလုံး ယွဲ့စန်း၏ရှေ့၌ စုဝေးသွားကာ ကြီးမားသောယင်ချီဝံပုလွေကြီးအဖြစ် ဖွဲ့စည်းသွားသည်။
ထိုယင်ချီဝံပုလွေကြီးသည် ပါးစပ်ကြီးကိုကျယ်လောင်စွာဖွင့်ဟ၍ ဝေ့ချင်ဖုန်းကို ဝါးမြိုရန်အတွက် တိုးဝင်သွားလေ၏။
"ဟား ဟား ဟား...လာတာကောင်းတယ်"
ဝေ့ချင်ဖုန်းက သူ၏လက်ချောင်းများကို လှုပ်ရှားလိုက်ပြီးနောက် ဓားပျံများအားလုံးကို ထိန်းချုပ်ကာ အတူတကွစုဝေးသွားစေသည်။
ထိုဓားပျံများ အတူတကွစုဝေးသွားချိန်တွင် ရုတ်ချည်းဆိုသလိုပင် ပို၍တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောဓားချီများ ထွက်ပေါ်လာသည်။
မူလကတည်းက လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါရှိသည့် ဓားရှည်များ စုဝေးသွားချိန်တွင် အလွန်ကြီးမားသော ဓားကြီးတစ်လက်အဖြစ် ဖွဲ့စည်းထားကာ ယွဲ့စန်းထံသို့ တိုးဝင်သွားသည်။
နှစ်ဖက်စလုံး၏ဝင်္ကပါများ ထိတွေ့မိချိန်တွင် ယွဲ့စန်း ဆင့်ခေါ်ထားသော ယင်ချီဝံပုလွေကြီးသည် ရုတ်တရက် သူ၏ပါးစပ်ကြီးကို ကျယ်လောင်စွာဖွင့်ဟလိုက်ရာ ယခင်ထက်အဆများစွာပို၍ ကြီးမားကျယ်ပြန့်သွားလေ၏။
ထိုယင်ချီဝံပုလွေကြီး၏ခေါင်း ရှေ့သို့ဆန့်ထွက်သွားကာ သူ့ရှေ့ရှိ ဧရာမဓားကြီးကို ဝါးမြိုလိုက်သည်။
"ဟား ဟား ဟား...ဒါက မင်းတို့ဝေ့မိသားစုက ဓားအင်မော်တယ်ရဲ့အရည်အချင်းလား...ဒီလောက်အဆင့်နဲ့များ"
ယွဲ့စန်းက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
သူသည် ခွန်အားကုန်အသုံးမပြုရသေးသည့်တိုင် တစ်ဖက်လူ၏ဓားချီကို ဝါးမြိုနိုင်ခဲ့လေပြီ။
"နက်နဲသိမ်မွေ့ယင်ဂိုဏ်းရဲ့တပည့်ကတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ အရမ်းထူးချွန်တယ်....သူ့ရဲ့တိုက်ခိုက်မှုက တကယ့်ကိုပဲ သာမာန်မဟုတ်ဘူး"
"တပည့်လုပ်တဲ့သူရဲ့အရည်အချင်းတောင် ခုလောက်ထိ နက်နဲသိမ်မွေ့နေရင် မဟာဆရာသခင်ဟန်လျန့် ဝင်္ကပါခင်းကျင်းတဲ့အချိန်ကျရင် ဘယ်လိုနေမလဲဆိုတာ ငါ သိချင်မိတယ်"
ကျန်းမိသားစုဝင်လူငယ်များသည် အလွန်အမင်းစိတ်လှုပ်ရှားနေကြကာ သူတို့အနက်မှတချို့လူများသည် ယခုလက်ရှိနေရာတွင်ရှိနေသော ဝေ့မိသားစုဝင်များကို စတင်၍ လှောင်ပြောင်သရော်နေကြ၏။
"အဲ့ဒီလိုလား"
ဝေ့ချင်ဖုန်းက အေးစက်စက်နှာတစ်ချက်မှုတ်ကာ အထင်အမြင်သေးသောလေသံဖြင့် ပြောဆိုသည်။
"ငါက မင်းကို စမ်းသပ်လိုက်ရုံသက်သက်ပဲ...ဒါပေမယ့် မင်းက ဒီလောက်ထိအားနည်းနေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
ယွဲ့စန်းက မျက်မှောင်ကြုတ်ကာ ပြောဆိုလိုက်၏။
"မင်းက ဒီအခြေအနေမျိုးထိရောက်လာတာတောင် ခေါင်းမာချင်သေးတယ်...ကြည့်ရတာတော့ မင်းက နည်းနည်းတော့ခံစားရမှ ကျေနပ်မယ့်ပုံပဲ"
ထိုစကားကိုပြောဆိုပြီးသည်နှင့် သူက မှော်မန္တန်များကို ထပ်မံ၍ရွတ်ဆိုကာ ယင်ချီဝံပုလွေကြီးကို ဝေ့ချင်ဖုန်းထံ တိုးဝင်သွားစေသည်။
ထိုဝံပုလွေကြီး၏ပစ်မှတ်သည် ဝေ့ချင်ဖုန်းကို ဝါးမြိုနိုင်ရန်ပင်။
ဝေ့ချင်ဖုန်းက သရော်တော်တော် ပြောဆိုသည်။
"မင်းက နည်းနည်းလောက်လေး သင်ယူလေ့လာပြီးတာနဲ့...ငါ့ရှေ့မှာလာပြီး ဟန်ရေးပြဖို့ မထိုက်တန်သေးဘူး...ကောင်းပြီလေ...ကျိုးပျက်သွားစမ်း"
သူ၏အော်ငေါက်သံနှင့် အတူယှဥ်တွဲ၍ လေထုအတွင်း၌ မျောလွင့်နေသော ယင်ချီဝံပုလွေကြီးသည် အလယ်မှနေ၍ ကြေမွှပျက်စီးသွားလေ၏။
ယင်ချီဝံပုလွေကြီး အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားခြင်းနှင့်အတူ အနက်ရောင်အခိုးအငွေ့များက အရပ်မျက်နှာအဘက်ဘက်သို့ ပြန့်ကျဲသွားသည်။
ဧရာမဓားကြီး၏တုန်လှုပ်ချောက်ချားဖွယ်အရှိန်အဝါကို ယင်ချီဝံပုလွေကြီးသည် ဝါးမြိုနိုင်ခဲ့ခြင်းမရှိချေ။ထိုအစား ဧရာမဓားကြီးသည် ပို၍ပင်အစွမ်းထက်လာခဲ့သည်။
ဘုန်း...
ဝေ့ချင်ဖုန်းက သူ၏လက်ညှိုးကိုညွှန်ပြ၍ ဧရာမဓားကြီးကိုထိန်းချုပ်ကာ ယွဲ့စန်းထံဦးတည်၍ ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလိုက်သည်။
ထိုဓားချက်သည် အလွန်အမင်းလျှင်မြန်ကာ ချက်ချင်းဆိုသလိုပင် ယွဲ့စန်း၏ရှေ့သို့ ရောက်ရှိလာသည်။
"ဝံပုလွေဘုရင် အကာအကွယ်"
ယွဲ့စန်းက အလွန်ထိတ်လန့်တုန်လှုပ်သွားကာ ခြေလှမ်းအနည်းငယ်ခန့် နောက်ဆုတ်လိုက်သည်။တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်ကို ဝိုင်းရံထားစေရန် သူ၏ဝင်္ကပါကိုထိန်းချုပ်ကာ သူ့အား အခိုင်အမာကာကွယ်ထားစေသည်။
Chapter 2895
ယွဲ့စန်း၏တုံ့ပြန်မှုအရှိန်နှုန်းသည် အလွန်လျှင်မြန်သည်။သို့ရာတွင် ဝေ့ချင်ဖုန်းသည် ဓားကျင့်ကြံသူတစ်ယောက်ဖြစ်သဖြင့် သူ၏အရှိန်နှုန်းသည် ယွဲ့စန်းထက် အဆများစွာပို၍ လျှင်မြန်ပေ၏။
ဝှစ်...
အလွန်ကြီးမားသောဓားရှည်သည် စူးရှသောလေတိုးသံနှင့်အတူ တိုးဝင်လာကာ ယွဲ့စန်း၏လက်ကို ဖြတ်တောက်သွားတော့သည်။
သွေးများက ဒဏ်ရာမှ ယိုစီးကျလာသည်။ယွဲ့စန်း၏ဒဏ်ရာပေါ်တွင် ဓားစိတ်ဆန္ဒ၏တစွန်းတစ ကျန်ရှိနေသေးကာ ဒဏ်ရာကိုပြန်လည်ကုသ၍မရစေရန် တားဆီးဟန့်တားထားသည်။
သာမာန်အားဖြင့် ကျင့်ကြံသူတစ်ယောက်သည် ဓားကျင့်ကြံသူတစ်ယောက်ကြောင့် ဒဏ်ရာရရှိသွားပါက များသောအားဖြင့် အချိန်အတော်ကြာယူ၍ ကုသရသော ပြင်းထန်သည့်ဒဏ်ရာများဖြစ်သည်။
"မင်း ခုဏက အရမ်းမောက်မာဝံ့ကြွားနေတာမဟုတ်လား....မင်း အခု ငါတို့ဝေ့မိသားစုရဲ့ဓားအင်မော်တယ်တွေကို အထင်သေးဝံ့သေးလား"
ဝေ့ချင်ဖုန်းက ဓားဝင်္ကပါပေါ်သို့ ထပ်မံ၍ခြေဆောင့်နင်းလိုက်ရာ ဓားချီများက ယွဲ့စန်းထံ တိုးဝင်သွားသည်။သူသည် ယွဲ့စန်းကို ဤတိုက်ပွဲစင်မြင့်ပေါ်၌ သတ်ဖြတ်ရန် ကြံရွယ်နေခြင်းပင်။
"ကူဟောင်...မင်းရဲ့စီနီယာအကိုကို သွားကယ်စမ်း"
မဟာဆရာသခင်ဟန်လျန့်၏မျက်လုံးများ အေးစက်သွားကာ သူက အလျင်စလို ပြောဆိုလိုက်၏။
သူ၏နောက်မှနေ၍ ကူဟောင်ဟုခေါ်သောတပည့်ထွက်လာကာ တိုက်ပွဲစင်မြင့်ပေါ်သို့ခုန်တက်၍ ယွဲ့စန်းကို ကယ်တင်ရန် ပြင်ဆင်လိုက်သည်။
"ကောင်းတယ်...နောက်ထပ်ဝင်္ကပါပညာရှင်တစ်ယောက် အမြန်တက်လာမယ်လို့ ငါ ထင်မထားမိဘူး...အတူတူဆင်းသွားကြစမ်း"
ဝေ့ချင်ဖုန်း၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သောအပြုံးမျိုး ထင်ဟပ်လာသည်။သူသည် ဝင်္ကပါကြီးကိုထိန်းချုပ်၍ ဓားချီများကိုသိပ်သည်းကာ ကောင်းကင်ယံအနှံ့ တဖန်ပြန်၍ ဓားများဖြင့် ပြည့်နှက်သွားစေသည်။ထိုဓားချီများ အတူတကွစုဝေးသွားပြီးနောက် နှိုင်းယှဥ်ပြစရာမရှိ ပြင်းထန်သော ဧရာမဓားချီလှိုင်းအဖြစ် ဖွဲ့စည်းသွားကာ ထိုလူနှစ်ယောက်ထံဦးတည်၍ ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလိုက်သည်။
ဝှစ်...
ဧရာမဓားချီလှိုင်းကြီး လေထုကိုဖြတ်သန်းသွားခြင်းနှင့်အတူ စူးရှသောလေတိုးသံများ မြည်ဟီးလာသည်။
"အေးခဲစမ်း..."
ကူဟောင်၏မျက်နှာ ထိတ်လန့်ကြောက်ရွံမှုကြောင့် ဖြူရော်သွားသည်။သူသည် သေလုမျောပါးအခြေအနေမျိုးသို့ရောက်ရှိနေသော ယွဲ့စန်းကို ကူညီမပေးနိုင်တော့ဘဲ သူ၏ကိုယ်ပိုင်ဝင်္ကပါကို အလျှင်အမြန်ဆင့်ခေါ်လိုက်၏။
မဟာဆရာသခင်ဟန်လျန့်၏တပည့်တစ်ယောက်ဖြစ်သဖြင့် ကူဟောင်သည်လည်း ဝင်္ကပါပညာရပ်တွင် ကျွမ်းကျင်မှုအထိုက်အလျောက်ရှိသည်။
ဝေ့ချင်ဖုန်းသည် ရုတ်တရက် တိုက်ခိုက်လိုက်ခြင်းဖြစ်သော်လည်း ကူဟောင်သည် ဝင်္ကပါကို အလျှင်အမြန်ဖွဲ့စည်းကာ သတိကြီးစွာထား၍ တုံ့ပြန်လိုက်သည်။
ဘုန်း...
တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ဓားချီက နောက်ဆုံးတွင် ဝင်္ကပါပေါ်သို့ ပြင်းပြင်းထန်ထန်ကျရောက်သွားသည်။
ကူဟောင်ဖွဲ့စည်းထားသော ဝင်္ကပါကြီးသည် ထိုဓားချီကြောင့် မတည်ငြိမ်တော့ဘဲ ခါယမ်းသွားလေ၏။ထိုအရာသည် အသက်ရှုချိန်အနည်းငယ်ခန့်သာ တောင့်ခံနိုင်ပြီး ထပ်မံ၍တည်ငြိမ်ခြင်းမရှိတော့ဘဲ ကွဲအက်စပြုလာသည်။
ဓားချီ၏စွမ်းအား ကျရောက်သွားခြင်းနှင့်အတူ ဝင်္ကပါဖွဲ့စည်းပုံကိုလည်း ထပ်မံ၍ထိန်းသိမ်းမထားနိုင်တော့ချေ။
တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောဓားချီသည် ဝင်္ကပါဖွဲ့စည်းပုံကိုဖြတ်သန်း၍ ယွဲ့စန်းနှင့်ကူဟောင်တို့ပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွားသည်။
ဘုန်း....ဘုန်း...
သူတို့နှစ်ယောက်သည် ဓားချီ၏ရိုက်ခတ်မှုကို ခံလိုက်ရ၏။သူတို့၏ခန္ဓာကိုယ်များပေါ်၌ နက်ရှိုင်းသော ဓားဒဏ်ရာနှစ်ချက် တစ်ပြိုင်နက်တည်းထွက်ပေါ်လာကာ ထိုဓားချီကြောင့် သူတို့နှစ်ယောက်လုံး မြေပြင်ပေါ်သို့ လွင့်စင်သွားတော့သည်။
ကူဟောင်၏ခန္ဓာကိုယ်ပေါ်တွင် နက်ရှိုင်းသော ဒဏ်ရာတစ်ခုရှိနေကာ သွေးများက အဆက်မပြတ်ယိုစီးကျနေသည်။
သူ၏အခြေအနေသည် အနည်းငယ် ကောင်းမွန်သေးသည်ဟု ဆိုနိုင်ပေ၏။ယွဲ့စန်းသည် လက်တစ်ဖက်ဆုံးရှုံးခဲ့ရရုံသာမက သူ၏ခန္ဓာကိုယ်ပေါ်တွင်လည်း ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။သွေးများက သူ၏ခန္ဓာကိုယ်မှ မရပ်မနား ယိုစီးကျနေလေ၏။
ဤသည်က သူ၏ခန္ဓာကိုယ်အတွင်းသို့ ဓားချီဝင်ရောက်သွားခြင်း၏ အကျိုးရလဒ်ပင်။
ထက်ရှသောဓားချီသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားပြီးနောက် အတားအဆီးမရှိဘဲ စတင်၍ဖျက်ဆီးနေသည်။သူ၏ရုပ်ခန္ဓာကိုယ် လုံးလုံးလျားလျား မပျက်စီးသေးသရွေ့ ထိုဓားချီသည် ရပ်တန့်သွားမည်မဟုတ်ချေ။
မူလက အလွန်ကြီးကျယ်ခမ်းနားသောအရှိန်အဝါရှိသူနှစ်ယောက်၏ အဆုံးသတ်ရလဒ်ကို မြင်တွေ့ချိန်တွင် စောင့်ကြည့်နေကြသူများအားလုံး လေအေးတစ်ချက်စီ ရှိုက်သွင်းလိုက်ကြသည်။
"နက်နဲသိမ်မွေ့ယင်ဂိုဏ်းက မဟာဆရာသခင်ဆိုတဲ့ကောင်က တကယ်တော့ လေလုံးကြီးနေတာပဲရှိတာ...ခုချက်ချင်း မင်း ဒီနေရာကိုတက်လာပြီးတော့ မင်းရဲ့အရည်အချင်း ဘယ်လောက်ရှိတယ်ဆိုတာ ပြစမ်း"
ဝေ့ချင်ဖုန်းသည် မည်သည့်အရာကိုမျှ ကြောက်ရွံမှုမရှိသည့်အလား မောက်မာဝံ့ကြွားစွာ ပြောဆိုသည်။
လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားကြ၏။
ဝေ့မိသားစုအတွင်း၌ ဝေ့ချင်ဖုန်း၏အဆင့်အတန်းမှာ လွန်စွာမြင့်မားသည်။သူသည် ဝေ့မိသားစု၏ လျှို့ဝှက်ကြီးကြပ်ရေးမှူးတစ်ယောက်ဖြစ်ကာ ဝေ့မိသားစုနှင့်ပတ်သက်သည့် သမာသမတ်မကျသောလုပ်ငန်းများကို လုပ်ဆောင်ရသည်။
တချို့ကိစ္စရပ်များတွင် ဝေ့မိသားစုသည် တာယွီ၏ဥပဒေစည်းမျဥ်းများကို ချိုးဖောက်ခဲ့လေ၏။လုပ်ကြံသတ်ဖြတ်ခြင်း အဆိပ်ခတ်ခြင်း ဖမ်းချုပ်ခြင်းစသော ကိစ္စရပ်များအားလုံးကို ဝေ့ချင်ဖုန်းက တာဝန်ယူဆောင်ရွက်သည်။
ဝေ့ချင်ဖုန်းသည် ဓားရေအိုင်မြင့်မြတ်နယ်မြေ၏ ဓားအင်မော်တယ်သုံးထောင်ကျော်အနက်မှ တစ်ယောက်ဟု လူတိုင်းသိရှိထားကြသော်လည်း သူသည် ဝင်္ကပါပညာရပ်၌ ဤမျှထိကျွမ်းကျင်မှုရှိကြောင်း သူတို့အားလုံး မသိကြချေ။
ဓားကျင့်ကြံသူများသည် သူတို့၏ဓားများကို အသုံးပြု၍ တခြားသူများကို သတ်ဖြတ်နိုင်သော်လည်း ဓားဝင်္ကပါဖွဲ့စည်းရန်မှာ သူတို့အတွက် လွယ်ကူသောကိစ္စတစ်ရပ်မဟုတ်ချေ။
ဓားဝင်္ကပါကို ဖွဲ့စည်းရန်အတွက် တစ်စုံတစ်ယောက်သည် ဓားနည်းစနစ်များအပေါ် အလွန်အမင်းနက်ရှိုင်းသော နားလည်သဘောပေါက်မှု ရှိရပေမည်။ဓားတစ်လက်ကို ဆန္ဒရှိသည့်အတိုင်း ထိန်းချုပ်နိုင်မှသာ ထိုလူသည် ဓားဝင်္ကပါကိုဖွဲ့စည်းနိုင်စွမ်းရှိသည်။