အခန်း (၂၉၀၁-၂၉၀၅)
Vol. 148 Ch. 2901-2905
Chapter 2901
"တိုက်ခိုက်နေတာကို ရပ်လိုက်တော့...မင်းက ငါ့ရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး"
လုယွီက စင်မြင့်ပေါ်သို့ခြေချပြီးနောက် သူက လက်နောက်ပစ်ကာ တည်ငြိမ်စွာပြောဆိုသည်။
လုယွီ၏ပုံပန်းသွင်ပြင်ကိုကြည့်ပြီးနောက် ဝေ့ချင်ဖုန်း၏မျက်နှာပေါ်ရှိ သရော်တော်တော်အပြုံး ပို၍ပီပြင်ထင်ရှားလာသည်။
"ဒါဆိုရင် ဒါက ဂုဏ်သတင်းကြီးမားတဲ့ ကျန်းမိသားစုရဲ့လုပ်ရပ်ပေါ့...သူတို့က ရှုံးနိမ့်တော့မယ်ဆိုတာကိုသိတာနဲ့ လူငယ်တစ်ယောက်ကို စင်မြင့်ပေါ်လွှတ်ပြီး သူတို့ရဲ့သိက္ခာကို ပြန်ဆယ်လိုက်တယ်...ဟား ဟား ဟား...ကောင်းပြီလေ...ငါက ကျန်းမိသားစုခေါင်းဆောင်ကို မျက်နှာသာပေးရမှာပေါ့"
ဝေ့ချင်ဖုန်းက လုယွီကိုလက်ညှိုးညွှန်ကာ မောက်မာဝံ့ကြွားသောလေသံဖြင့် ပြောဆိုသည်။
"ကောင်လေး...ငါ ဒီနေရာမှာပဲ မတ်တတ်ရပ်နေပြီးတော့ မလှုပ်ရှားဘူး...မင်းရဲ့ဝင်္ကပါက ငါ့ရဲ့ဓားဝင်္ကပါကို ဖျက်ဆီးနိုင်တာနဲ့....ငါ အောက်ကိုဆင်းသွားမယ်....ဘယ်လိုသဘောရလဲ...မြန်မြန်လာပြီး တိုက်ခိုက်စမ်း...ငါက မင်းတို့ကျန်းမိသားစုခေါင်းဆောင်ကို မျက်နှာသာ နည်းနည်းတော့ပေးရမယ်...မင်းက ဒီအခွင့်အရေးကို ဆုပ်ကိုင်ထားသင့်တယ်"
စင်မြင့်အောက်ရှိ ကျန်းမိသားစုဝင်များသည် အလွန်ဒေါသထွက်နေခြင်းကြောင့် သူတို့၏အဆုတ်များ ပေါက်ကွဲထွက်လုမတတ် ခံစားနေရသည်။
ဤနေရာသည် ကျန်းမိသားစု၏ပိုင်နက်နယ်မြေပင်။ဤကိစ္စသည် သူတို့ကျန်းမိသားစု၏မျက်နှာကို နေ့လည်ခင်းကြောင်တောင် ပါးဖြတ်ရိုက်လိုက်ခြင်းနှင့် တူညီပေ၏။
"ဟမ့်...ငါ ဒါကို သိသွားပြီ...ကျန်းဟုန်က အောင်မြင်မှုရအောင် မစွမ်းဆောင်နိုင်တဲ့အပြင် အရှက်ပိုကွဲရအောင်ပဲ လုပ်နိုင်တယ်...အဲ့ဒီကောင်လေးကို စင်မြင့်ပေါ်တက်ခိုင်းလိုက်တာက ငါတို့ကျန်းမိသားစုရဲ့အကြီးမားဆုံးအမှားပဲ"
နဝမအကြီးအကဲ၏ဒေါသများသည် မိုးကောင်းကင်ကိုထွင်းဖောက်သွားလုမတက် မြင့်မားနေကာ သူက စောဒကတက်လိုက်သည်။
အေးစက်စက်အလင်းတန်းတစ်တန်းက လုယွီ၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။
"ငါ့ကို အရင်ဆုံး တိုက်ခိုက်စေချင်တာ မင်း သေချာလား"
"သေချာတာပေါ့...အချိန်ဖြုန်းမနေစမ်းနဲ့...မင်း ဝင်္ကပါတစ်ခုကို ဘယ်လိုဖွဲ့စည်းရမယ်ဆိုတာကိုတောင် မသိဘူးလို့တော့ ငါ့ကိုမပြောနဲ့"
ဝေ့ချင်ဖုန်းက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။
မဟာဆရာသခင်ဟန်လျန့်၏ ဧရာမဝံပုလွေပုံရိပ်ယောင်ကြီးကို တားဆီးပိတ်ဆို့ရန် သူ၏အစွမ်းထက်ဆုံးဓားဝင်္ကပါကို ဆင့်ခေါ်ထားပြီးဖြစ်သည်။
ထိုကြီးမားသောဓားဝင်္ကပါဖြင့် အတွေ့အကြုံရင့်ကျက်သော ဝင်္ကပါပညာရှင်တချို့ကိုပင် သူ ရင်ဆိုင်နိုင်ရန် ယုံကြည်ချက်ရှိပေရာ လုယွီကဲ့သို့ လူငယ်တစ်ယောက်ဆိုလျှင် ဆိုဖွယ်ရာပင်မရှိချေ။
လုယွီက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ထားလိုက်တော့...မင်းက အရမ်းမောက်မာဝံ့ကြွားလွန်းတယ်...တချို့လူတွေရဲ့နည်းလမ်းတွေက မင်းထက်ပိုကောင်းတယ်ဆိုတာ မင်းသိအောင် ငါ ပြပေးမယ်...မင်းထက် သာလွန်တဲ့ တစ်စုံတစ်ယောက်က အမြဲတမ်းရှိနေမှာပဲ"
ထိုသို့ပြောဆိုပြီးသည်နှင့် လုယွီက မြေပြင်ပေါ်သို့ ခြေတစ်ချက်ဆောင့်ကာ အော်ဟစ်လိုက်၏။
"မြင့်တက်စမ်း"
ဘုန်း...
တိုက်ပွဲစင်မြင့်တစ်ခုလုံး ရုတ်တရက် ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။
ထူထပ်သိပ်သည်းသည့် သင်္ကေတအက္ခရာအမြောက်အများက ရုတ်တရက် လုယွီ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ထွက်ပေါ်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ထိုသင်္ကေတအက္ခရာများသည် ရှေးဟောင်းအချိန်ကာလများမှ ဆင်းသက်လာခြင်းဖြစ်ကာ လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲသိမ်မွေ့သည်။ဝင်္ကပါပညာရှင်အများစုသည် ထိုသင်္ကေတအက္ခရာများကို ဂရုတစိုက် စူးစမ်းလေ့လာလျှင်ပင် နားလည်သဘောပေါက်နိုင်မည်မဟုတ်ချေ။
"ကြည့်လိုက်စမ်း...သူ့ခြေထောက်အောက်က သင်္ကေတအက္ခရာတွေက အရမ်းထူးဆန်းတယ်"
"ဒါက ဘယ်လိုဝင်္ကပါမျိုးပါလိမ့်....ငါ ဒါမျိုးကို အရင်က တစ်ခါမှမမြင်တွေ့ဖူးဘူး"
စင်မြင့်အောက်မှစောင့်ကြည့်နေကြသောလူများသည် လုယွီ၏ခြေထောက်အောက်ရှိသင်္ကေတအက္ခရာများကို မြင်တွေ့ချိန်တွင် ထိုဝင်္ကပါ၏မူရင်းဇစ်မြစ်ကို စတင်၍တိုင်ပင်ဆွေးနွေးနေကြ၏။
လုယွီဆင့်ခေါ်လိုက်သော ဝင်္ကပါကို မည်သူမျှနားမလည်ချေ။
"လျှို့ဝှက်ဆန်းကြယ်နေသလိုမျိုး အယောင်ဆောင်နေသေးတယ်"
လုယွီဆင့်ခေါ်လိုက်သော ဝင်္ကပါကိုမြင်တွေ့ချိန်တွင် ဝေ့ချင်ဖုန်း၏မျက်နှာပေါ်၌ အထင်အမြင်သေးသော အရိပ်အယောင်များနှင့် ရက်စက်ကြမ်းကြုတ်သောအပြုံးတစ်ခု ထင်ဟပ်လာသည်။
သူသည် လက်ဟန်သင်္ကေတတချို့ဖွဲ့စည်းကာ သူ၏ကိုယ်ပိုင်ဝင်္ကပါပေါ်သို့ ရိုက်နှိပ်လိုက်သည်။ရုတ်ချည်းဆိုသလိုပင် မရေမတွက်နိုင်သောဓားချီများ လေထုအတွင်းမှထွက်ပေါ်လာကာ သူ၏ခန္ဓာကိုယ်ကိုဝိုင်းရံ၍ လှည့်ပတ်နေသည်။
ဤဓားချီများသည် သူ့ဓားဝင်္ကပါ၏စွမ်းအားကို တိုးမြှင့်နိုင်ကာ ချိုးဖျက်၍မလွယ်ကူနိုင်တော့ချေ။
"မင်း ကြိုးစားကြည့်နိုင်တယ်...ငါက ဒီနေရာမှာ မတ်တတ်ရပ်နေပြီးတော့ မင်း ငါ့ကိုလှုပ်ရှားလာအောင် လုပ်နိုင်မလားဆိုတာကို စောင့်ကြည့်နေမယ်"
ဝေ့ချင်ဖုန်းက သရော်တော်တော်ပြောဆိုသည်။
သို့ရာတွင် လုယွီအောက်ရှိ ဝင်္ကပါကြီး ရုတ်တရက် လင်းလက်တောက်ပလာသည်။
သူ၏နောက်၌ ဧရာမစစ်သင်္ဘောကြီးတစ်စီး၏ပုံရိပ်ယောင်က ထွက်ပေါ်လာပေ၏။
ဤသည်က နဝမလွှသွား စစ်သင်္ဘောပင်။
အတိတ်တွင် နတ်ဘုရားကုန်းမြေအတွင်း၌ လုယွီသည် ပန်းချီတာအိုကိုအသုံးပြု၍ နဝမလွှသွားသင်္ဘောကြီးကို အောင်မြင်စွာဖန်တီးနိုင်ခဲ့သည်။
ယခုလက်ရှိချိန်တွင်လည်း လုယွီသည် ဝင်္ကပါတာအိုကိုအသုံးပြု၍ ကြီးမားသောစစ်သင်္ဘောကြီးတစ်စီးကို ဖန်တီးလိုက်သည်။
နဝမလွှသွားစစ်သင်္ဘောကြီးက လေထုအတွင်း၌ မျောလွင့်နေသည်။ထိုစစ်သင်္ဘောကြီးတွင် အဆင်တန်ဆာများ ပြည့်စုံစွာပါဝင်သည်။
စိတ်ဝိညာဥ်အမြှောက်များက စစ်သင်္ဘောကြီး၏ထိပ်တွင် နေရာယူထားကာ အနက်ရောင်ပြောင်းဝများဖြင့် ဝေ့ချင်ဖုန်းကို ချိန်ရွယ်ထားသည်။
ဘုန်း....
ထိုစိတ်ဝိညာဥ်အမြှောက်များမှ မီးပွင့်များဖြာထွက်သွားခြင်းနှင့်အတူ ရုတ်တရက် အလင်းတန်းတစ်တန်းက ဝေ့ချင်ဖုန်းထံဦးတည်၍ တိုးဝင်သွားသည်။
Chapter 2902
ဝေ့ချင်ဖုန်းသည် တုန်လှုပ်ချောက်ချားသွားက သူက အလျှင်အမြန် တုံ့ပြန်လိုက်၏။
သို့ရာတွင် သူ၏လှုပ်ရှားမှုသည် အနည်းငယ်နောက်ကျသွားလေပြီ။
သူ မတုံ့ပြန်ရသေးမီမှာပင် စိတ်ဝိညာဥ်အမြှောက်များမှ အမြှောက်ဆန်များသည် သူ၏ဝင်္ကပါပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်လာသည်။
ဝုန်း....
ထက်ရှသောဓားချီများသည် ရေခဲစတစ်စသည် ခြစ်ခြစ်တောက်ပူပြင်းသော မီးတောက်တစ်ခုနှင့် ထိတွေ့မိသည့်အလား အရည်ပျော်ကျသွားသည်။ထိုဓားချီများသည် အနည်းငယ်မျှပင် တောင့်ခံနိုင်စွမ်းမရှိချေ။
ကျယ်လောင်သောမြည်ဟီးသံကြီးနှင့်အတူ ဝေ့ချင်ဖုန်းသည် စိတ်ဝိညာဥ်အမြှောက်များ၏ ရိုက်ခတ်ခြင်းခံရမှုကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တိုက်ပွဲစင်မြင့်ပေါ်မှ လွင့်ထွက်သွားတော့သည်။
ဘုန်း...
မြေပြင်ပေါ်၌ ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာသည်။
ဝေ့ချင်ဖုန်းသည် မြေပြင်ပေါ်၌ အလွန်စိုးရိမ်ဖွယ်အနေအထားဖြင့် လဲလျောင်းနေရလေ၏။သူ၏ခန္ဓာကိုယ်ပေါ်ရှိ အဖြူရောင်ဝတ်စုံ အပိုင်းပိုင်းအစစ စုတ်ပြဲသွားကာ အတွင်းရှိသံချပ်ကာကို တွေ့မြင်နေရသည်။
ထိုသံချပ်ကာသည် ရွှေရောင်တောက်ပနေကာ ထိုသံချပ်ကာ၏အစိတ်အပိုင်းတစ်ခုစီပေါ်၌ သင်္ကေတအက္ခရာများရှိနေသည်။ထိုသံချပ်ကာ၏အရည်အသွေးသည် နိမ့်ပါးခြင်းမရှိသည်မှာ သိသာထင်ရှားလှ၏။
"မင်း ရှုံးသွားပြီ...နောက်တစ်ယောက်"
လုယွီ၏အေးစက်စက်အသံက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ယခင်က လုယွီကို လှောင်ပြောင်ခဲ့ကြသော ကျန်းမိသားစုဝင်များအားလုံး ကြက်သေသေနေကြသည်။သူတို့၏မျက်လုံးကိုပင် သူတို့မယုံကြည်နိုင်တော့ချေ။
ကျန်းဟုန်သည် မိသားစု၏နာမည်ဂုဏ်သတင်းကို အနည်းငယ်ကာကွယ်လိုသဖြင့် မထင်မရှားလူငယ်တစ်ယောက်ကို စေလွှတ်လိုက်ခြင်းဟုသာ ယခင်က သူတို့အားလုံး တွေးထင်ခဲ့ကြသည်။
လုယွီသည် တိုက်ပွဲစင်မြင့်ပေါ်သို့ ခြေချလိုက်စဥ်မှာပင် ဤကဲ့သို့အစွမ်းထက်သောစွမ်းအားမျိုးကို ထုတ်ဖော်အသုံးပြုနိုင်မည်ဟု သူတို့က မျှော်လင့်မထားမိချေ။
ဝင်္ကပါပညာရှင်များသည် ဝင်္ကပါပညာရပ်ကိုအသုံးပြု၍ ပုံရိပ်ယောင်အသွင်ဖန်တီးရာတွင် တင်းကြပ်သောအဆင့်များရှိသည်။အနည်းဆုံးအနေဖြင့် အချိန်အတော်ကြာ မှော်မန္တန်ရွတ်ဆိုရပေမည်။
ဝင်္ကပါပညာရပ်တွင် ကျွမ်းကျင်သော မဟာဆရာသခင်ဟန်လျန့်ကဲ့သို့ အစွမ်းထက်ပညာရှင်တစ်ယောက်သည်ပင် ဝင်္ကပါတစ်ခုကို လွယ်လင့်တကူ ဖွဲ့စည်းနိုင်သော်လည်း ဧရာမဝံပုလွေကြီးတစ်ကောင်အသွင်ဖန်တီးရန်မှာ လွယ်ကူသောကိစ္စတစ်ရပ်မဟုတ်ချေ။
ထိုဧရာမဝံပုလွေပုံရိပ်ယောင်များသည် မဟာဆရာသခင်ဟန်လျန့်၏စွမ်းအားကို ကိုယ်စားပြုပေ၏။
သို့ရာတွင် ဤသည်မှာ လုယွီ ထုတ်ဖော်ပြသလိုက်သော ခွန်အားနှင့်နှိုင်းယှဥ်ပါက ထည့်သွင်းဖော်ပြရန်ပင် မထိုက်တန်ချေ။
လုယွီသည် ဧရာမစစ်သင်္ဘောကြီးအသွင် ဖန်တီးခဲ့သည်။
ပုံပန်းသွင်ပြင်သက်သက် အကဲဖြတ်ကြည့်ပါက ထိုစစ်သင်္ဘောကြီးသည် လွန်စွာအသက်ဝင်လှ၏။စစ်သင်္ဘောကုန်းပတ်ပေါ်ရှိ အဆင်တန်ဆာများအရဖြစ်စေ သင်္ဘောထိပ်ရှိအေးစက်စက်စိတ်ဝိညာဥ်အမြှောက်များအရဖြစ်စေ လုယွီ၏ဝင်္ကပါပညာရပ်အပေါ်၌ ကျွမ်းကျင်မှုကို ပြသနေသည်။
ခလွမ်...
နဝမအကြီးအကဲကိုင်ထားသော လဖက်ရည်ခွက် ရုတ်တရက် အောက်သို့လွတ်ကျကာ ကြေမွှပျက်စီးသွားသည်။
သူသည် တိုက်ပွဲစင်မြင့်ပေါ်သို့ စူးစိုက်၍ကြည့်လိုက်၏။လုယွီ ထုတ်ဖော်ပြသထားသောစွမ်းအားကို မြင်တွေ့ချိန်တွင် သူ၏မျက်နှာပေါ်၌ တုန်လှုပ်ချောက်ချားမှုများဖြင့် ပြည့်နှက်သွားသည်။
ထိုကောင်လေးသည် အမှန်တကယ်ကိုပင် ဝင်္ကပါပညာရှင်တစ်ယောက် ဖြစ်နေသလော....
လုယွီ ထုတ်ဖော်ပြသထားသော စွမ်းအားအရ အကဲဖြတ်ကြည့်ပါက သူ၏ဝင်္ကပါပညာအရည်အချင်းသည် မဟာဆရာသခင်ဟန်လျန့်ထက် များစွာပို၍သာလွန်နေသည်။
"ခွေးမသား...သူက မင်းနဲ့အတူတက်လှမ်းလာတာလို့ မင်း ပြောခဲ့တယ်မဟုတ်လား...သူက မင်းပြောသလိုမျိုး အမှိုက်ကောင်ဆိုရင်...ဘယ်လိုလုပ်ပြီးတော့ ဝင်္ကပါပညာရပ်မှာ မြင့်မားတဲ့ကျွမ်းကျင်မှုမျိုး ရှိနေမှာလဲ"
နဝမအကြီးက နောက်သို့ချာခနဲလှည့်ကာ ကျန်းချွယ်ကို ပါးဖြတ်ရိုက်လိုက်၏။
ကျန်းချွယ်သည်လည်း အံ့အားသင့်တုန်လှုပ်နေသည်။
သူ၏ထင်မြင်ချက်အရ လုယွီသည် အောက်ဘုံ၌ ရုတ်တရက် စွမ်းအားများမြင့်တက်လာကာ ပြိုင်ဘက်ကင်းတည်ရှိမှုကြီး ဖြစ်လာသူပင်။
လုယွီသည် အလွန်သန်မာအားကောင်းသည်ကို သူ မှတ်မိသော်လည်း ဝင်္ကပါပညာရပ်၌ကျွမ်းကျင်သူဖြစ်သည်ဟု သူ မကြားဘူးချေ။
"အကြီးအကဲ...ကျွန်တော်လည်း ဒါကို မသိခဲ့ဘူး"
ကျန်းချွယ်က ပြောဆိုသည်။
နဝမအကြီးအကဲသည် ကျန်းချွယ်ကို လျစ်လျှူရှုကာ သူ့ရှေ့ရှိစားပွဲခုံကို ထိုးနှက်လိုက်၏။
အကယ်၍ အကန့်အသတ်မဲ့ကြယ်မြစ်အားထိန်းချုပ်ခွင့်ကို လက်လွှတ်လိုက်ရပါက သူ၏စိတ်နှလုံးသားနာကျင်ရလျှင်ပင် အချိန်တခဏသာဖြစ်ပေမည်။
သို့ရာတွင် အကယ်၍ မိသားစုခေါင်းဆောင်နေရာကိုသာ လက်လွှတ်လိုက်ရပါက...သူ၏အနာဂတ်အစီအစဥ်များအားလုံး ရေစုန်မျောသွားပေမည်။
မိသားစုခေါင်းဆောင်အသစ်ဖြစ်လာစေရန်အလို့ငှာ သူသည် မြောက်မြားစွာသောနည်းလမ်းများကိုအသုံးပြု၍ တခြားအကြီးအကဲများ သူ့ကို လိုလိုလားလား လက်အောက်ခံလာစေရန် အချိန်ကြာမြင့်စွာ ကြိုးပမ်းခဲ့ရသည်။
မည်သည့်နည်းဖြင့် နဝမအကြီးအကဲသည် ဤကိစ္စကို လက်ခံနိုင်မည်နည်း။ဤအချိန်သို့ရောက်ရှိပြီးမှ မတော်တဆကိစ္စရပ်မျိုး သူ အဖြစ်မခံနိုင်ချေ။
"စောင့်ကြည့်ရသေးတာပေါ့...ဝေ့မိသားစုဘက်မှာ ဝင်္ကပါပညာရှင်သုံးယောက်ကျန်သေးတယ်....မင်း သူတို့ကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ ငါ စောင့်ကြည့်မယ်"
နဝမအကြီးအကဲ၏အကြည့်က အေးစက်တင်းမာနေသည်။
Chapter 2903
တိုက်ပွဲစင်မြင့်ပေါ်၌ လုယွီက မတ်တတ်ရပ်နေသည်။လေပြည်များ ညင်သာစွာတိုက်ခတ်နေကာ သူ့အား အစွမ်းထက်ပညာရှင်တစ်ယောက်၏ပုံသဏ္ဍာန်မျိုးပေါက်အောင် ထောက်ပံပေးနေသည်။
သူ၏ခန္ဓာကိုယ်အထက်ရှိ နဝမလွှသွားစစ်သင်္ဘောပုံရိပ်ယောင်ကြီးနှင့် ပေါင်းစပ်လိုက်ပါက သူ့ထံတွင် အရာရာတိုင်းကို ခြေမွှဖျက်စီးနိုင်သော စွမ်းအားမျိုးရှိနေကာ မည်သူကမျှ သူ၏ပြိုင်ဘက်မဖြစ်နိုင်သည့်ခံစားချက်မျိုး လူအများကို ရရှိစေသည်။
"ခွေးမသား...ငါ ဒီရလဒ်ကို လက်မခံနိုင်ဘူး"
ဝေ့ချင်ဖုန်းက ရုတ်တရက် မြေပြင်ပေါ်မှခုန်ထကာ ဒေါသတကြီး အော်ဟစ်လိုက်၏။
သူက ရုတ်တရက် သူ၏ပါးစပ်ကိုဟကာ ခရမ်းရောင်ဓားရှည်တစ်လက်ကို ထွေးထုတ်လိုက်သည်။ထိုဓားကို သူ၏လက်အတွင်း၌ကိုင်ဆောင်ကာ သူက စင်မြင့်ပေါ်သို့ ခုန်တက်လေသည်။
"ဝေ့ချင်ဖုန်း...မင်းက စည်းမျဥ်းတွေကို ချိုးဖောက်ချင်တာလား"
ကျန်းဟုန်က သူ့ရှေ့ရှိစားပွဲခုံကို ရိုက်ပုတ်ကာ ခက်ထန်တင်းမာသောလေသံဖြင့် အော်ဟစ်လိုက်သည်။
ဝေ့ချင်ဖုန်းသည် စင်မြင့်ပေါ်မှ ပြုတ်ကျလာခဲ့ပြီးဖြစ်သဖြင့် ရှုံးနိမ့်သွားလေပြီ။ယခုချိန်တွင် သူ၏လှုပ်ရှားလိုက်မှုမှာ စည်းမျဥ်းများကို သူ၏မျက်လုံးအတွင်း၌ ထည့်မထားသကဲ့သို့ပင်။
ဝေ့ချင်ဖုန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"ငါတို့ ဝေ့မိသားစုဘက်ကနေ...ပြိုင်ပွဲမှာဝင်ရောက်ယှဥ်ပြိုင်ဖို့ အရည်အချင်းပြည့်မီတဲ့ တတိယမြောက်ဝင်္ကပါပညာရှင်ကို ငါလို့ပဲ သတ်မှတ်လိုက်တော့"
သူသည် ပြိုင်ပွဲနှစ်ပွဲကို ဆက်တိုက်ယှဥ်ပြိုင်ရန် ကြံရွယ်နေသည်။
ကျန်းဟုန်က အေးစက်စက်နှာတစ်ချက်မှုတ်လိုက်သော်လည်း အဆုံးသတ်၌ သူ မည်သည့်စကားမျှမဆိုနိုင်ချေ။
ဤသည်က စည်းမျဥ်းဘောင်အတွင်း၌ရှိသည်ဟု သတ်မှတ်၍ရသော်လည်း ဝေ့ချင်ဖုန်းသည် ဤမျှထိတိုက်ပွဲဆာလောင်သူဖြစ်မည်ဟု သူ မျှော်လင့်မထားမိချေ။
"ကောင်းပြီလေ...ငါ ခုဏက မင်းကို လျှော့တွက်ခဲ့မိတယ်...ဒါပေမယ့် မင်းက စစ်သင်္ဘောတစ်စီးရဲ့အသွင်ကို ဖွဲ့စည်းနိုင်တာနဲ့ မင်းကိုယ်မင်း အရမ်းတော်နေပြီလို့ ထင်နေတာလား....ငါ ဝေ့မိသားစုရဲ့ဓားအင်မော်တယ်က ထောင်သောင်းချီတဲ့ရန်သူစစ်သည်တော်တွေကြားက ရန်သူစစ်ဗိုလ်ရဲ့ခေါင်းကိုတောင် တစ်ချိန်က ဖြတ်ယူခဲ့ဖူးတယ်...ငါက မင်းလိုကောင်မျိုးလောက်နဲ့ ဟန့်တားလို့ရမယ့် လူစားမျိုးမဟုတ်ဘူး"
ဝေ့ချင်ဖုန်းက ရုတ်တရက် တိုက်ပွဲစင်မြင့်ပေါ်သို့ ခြေလှမ်းတစ်လှမ်းခြင်း နင်းလျှောက်လိုက်ရာ သူ၏ခြေဖဝါးအောက်၌ ကြာပန်းပွင့်များ ထွက်ပေါ်လာသည်။
"ဒါက ဓားရေအိုင်မြင့်မြတ်နယ်မြေရဲ့ဘိုးဘေးထိုက်ပိုင်ဖန်တီးခဲ့တဲ့ ကြာပန်းစိမ်းဓားဝင်္ကပါမဟုတ်လား"
"ဒါက တားမြစ်နည်းစနစ်တစ်ခုပဲ...ဒီနည်းစနစ်က ဖျက်ဆီးမှုစွမ်းအား အရမ်းပြင်းထန်တာကြောင့် တော်ဝင်နန်းတွင်းကတောင် မကျင့်ကြံဖို့တားမြစ်ခဲ့တာ အချိန်အတော်ကြာနေပြီ...ဒီနည်းစနစ်ကိုကျင့်ကြံတဲ့လူတစ်ယောက် ရှိနေအုံးမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
ကျန်းမိသားစုဝင်တချို့က ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။
ကြာပန်းစိမ်းဓားဝင်္ကပါသည် လုပ်ကြံသတ်ဖြတ်သူတစ်ယောက်၏ပုံရိပ်ယောင်အဖြစ်သို့ အသွင်ပြောင်းနိုင်သော ဝင်္ကပါဖြစ်သည်။
အတိတ်တွင် ထိုဝင်္ကပါနည်းစနစ်ကို လူအမြောက်အများလေ့ကျင့်ကြကာ တော်ဝင်နန်းတွင်းမှ အရာရှိများကို လုပ်ကြံသတ်ဖြတ်ရန် အခွင့်ကောင်းကို စောင့်ဆိုင်းနေကြသဖြင့် ထိုနည်းစနစ်ကိုကျင့်ကြံခြင်းမပြုရန် တားမြစ်ခဲ့သည်။
သို့ရာတွင် တော်ဝင်နန်းတွင်းမှ တားမြစ်ကန့်သတ်မိန့်သည် ထိပ်တန်းမိသားစုကြီးများကို မဟန့်တားနိုင်ခဲ့ချေ။
အထူးသဖြင့် တော်ဝင်နန်းတွင်း၏ ရာထူးနေရာအသီးသီးကို ထိပ်တန်းမိသားစုကြီးများမှ သိမ်းပိုက်ထားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ထိပ်တန်းမိသားစုများ၏ရှေ့တွင် တချို့နန်းတွင်းအရာရှိများသည် သူတို့၏ခေါင်းများကိုပင် မမော့ဝံ့ချေ။သူတို့၏ရာထူးအဆင့်အတန်းများသည်လည်း အသုံးမဝင်ပေ။
ဝေ့ချင်ဖုန်း၏ခြေဖဝါးအောက်၌ ဖူးပွင့်နေသော ကြာပန်းပွင့်များရှိနေသည်။
ဤသည်က အစစ်အမှန်ကြာပန်းပွင့်များမဟုတ်သော်လည်း ဝင်္ကပါ၏မှော်စွမ်းအားများမှ သရုပ်သကန်ပေါ်ထွက်လာခြင်းပင်။
လေထုအတွင်း၌ လူတစ်ယောက်၏နှလုံးသားနှင့်စိတ်ကို လန်းဆန်းစေသော ဖျော့တော့တော့ပန်းရနံ့များဖြင့် ပြည့်နှက်နေသည်။သို့ရာတွင် အကယ်၍ တစ်စုံတစ်ယောက်သည် ထိုပန်းရနံ့များ၏ ရစ်သိုင်းလွှမ်းခြုံခြင်းကိုခံရပါက မူးယစ်ရီဝေသွားကာ သူ၏စိတ်ကိုထိန်းချုပ်နိုင်မှု လွတ်ကင်းသွားပေမည်။ထိုအခြေအနေမျိုးသို့ရောက်ရှိသွားပါက ထိုလူသည် ပြင်းထန်သောလုပ်ကြံသတ်ဖြတ်မှုကို ခုခံကာကွယ်နိုင်တော့မည်မဟုတ်ချေ။
ထိုကြာပန်းပုံရိပ်ယောင်များမှနေ၍ အနက်ရောင်ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ထိုလူသည် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားကာ သူ၏မျက်လုံးအတွင်း၌ ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များထင်ဟပ်နေသည်။
ဤသည်က ကြာပန်းစိမ်းဝင်္ကပါအတွင်းမှ ထွက်ပေါ်လာသော လုပ်ကြံသတ်ဖြတ်သူတစ်ယောက်၏ပုံရိပ်ယောင်ပင်။
"သတ်စမ်း..."
ဝေ့ချင်ဖုန်းက လက်ညှိုးညွှန်လိုက်ရာ ကြာပန်းပွင့်ချပ်များနှင့်တူညီသော ပုံရိပ်ယောင်အမြောက်အများက လုယွီထံသို့ဦးတည်၍ တိုးဝင်သွားသည်။
ဝှစ်...ဝှစ်...ဝှစ်...
တစ်စုံတစ်ယောက်သည် လေထုအတွင်းမှ ဝိုးတဝါးပုံရိပ်ယောင်များကို တွေ့မြင်နိုင်သော်လည်း ထိုအရာများ၏အစစ်အမှန်ပုံသဏ္ဍာန်ကို တွေ့မြင်နိုင်မည်မဟုတ်ချေ။
အစိုင်အခဲအဖြစ်သို့ပင် ဖြစ်တည်လုနီးပါးဖြစ်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကသာ ကောင်းကင်နှင့်မြေပြင်အကြား၌ ပျံ့နှံ့နေသည်။
"မင်းက ငါ့ကို လုပ်ကြံသတ်ဖြတ်ချင်တာလား"
လုယွီက ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
ရုတ်တရက် သူ၏ခန္ဓာကိုယ်ကို ရွေ့လျားကာ နဝမလွှသွားစစ်သင်္ဘော၏နောက်၌ ပုန်းအောင်းလိုက်သည်။
"မင်း ပုန်းအောင်းနေတာနဲ့ပဲ ငါ မင်းကို ရှာမတွေ့နိုင်ဘူးလို့ မင်း ထင်နေတာလား"
ဝေ့ချင်ဖုန်းက ဒေါသတကြီး အော်ဟစ်ကြုံးဝါးလေသည်။သူသည် ကြာပန်းစိမ်းဓားဝင်္ကပါအတွင်းမှ လုပ်ကြံသတ်ဖြတ်သူပုံရိပ်ယောင်ကို ထိန်းချုပ်ကာ သင်္ဘောကုန်းပတ်ပေါ်သို့ ခုန်တက်သွားစေသည်။
ဒုန်း....
ထိုလုပ်ကြံသတ်ဖြတ်သူပုံရိပ်ယောင် ကုန်းပတ်ပေါ်သို့ ရောက်ရှိသွားသည်နှင့် ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာသည်။
ထို့နောက် ကျယ်လောင်ပြီးကြည်လင်ပြတ်သားသောအသံတစ်သံက နဝမလွှသွားစစ်သင်္ဘောပေါ်မှ မြည်ဟီးလာပေ၏။
"အဲ့ဒီအသံက ဘယ်နေရာက ထွက်လာတာလဲ"
ဝေ့ချင်ဖုန်းက ထိတ်လန့်တုန်လှုပ်သွားကာ ကူကယ်ရာမဲ့စွာဖြင့် အံ့အားတသင့် ရေရွတ်လိုက်သည်။
Chapter 2904
ထို့နောက် ဝေ့ချင်ဖုန်းသည် သူ၏ဘဝတသက်တာတွင် မေ့နိုင်တော့မည်မဟုတ်သောမြင်ကွင်းကို မြင်တွေ့လိုက်ရ၏။
မူလက ဗလာလင်းဟင်းဖြစ်နေသော နဝမလွှသွားစစ်သင်္ဘော၏ကုန်းပတ်ပေါ်တွင် ရုတ်တရက် အလံများက တလူလူလွင့်နေကာ လှုပ်ရှားနေသော လူရိပ်များကိုလည်း သူ မြင်တွေ့လိုက်ရသည်။
မည်သည့်အချိန်ကရောက်ရှိလာမှန်းမသိရသော သံချပ်ကာဝတ်စစ်သားများက စစ်သင်္ဘောကုန်းပတ်ပေါ်၌ရှိနေသည်။
ထိုစစ်သားများ၏လက်အတွင်းတွင် လှံရှည်များကိုကိုင်ထားကာ လုပ်ကြံသတ်ဖြတ်သူ၏ရှေ့တွင် ပိတ်ဆို့ဟန့်တား၍ သူ့ကို ဝိုင်းရံထားလေ၏။
"အဲ့ဒီစစ်သားတွေက ဘယ်နေရာကနေ ရောက်လာတာလဲ"
"မဟုတ်ဘူး...အဲ့ဒီလိုမဟုတ်ဘူး...သူတို့တွေကို ဝင်္ကပါကနေ ဖွဲ့စည်းထားတာပဲ...အိုး ကောင်းကင်ဘုံ...ဒါက ဘယ်လိုဝင်္ကပါမျိုးလဲ...ဒီလိုဝင်္ကပါမျိုးကို ဆင့်ခေါ်လို့ရတာလား"
ကျန်းမိသားစုဝင်များက သူတို့၏ခေါင်းများကိုမော့လိုက်ကြကာ သူတို့၏အကြည့်များသည် တစ်နေရာတည်း၌ တစ်ညီတစ်ညွတ်တည်း စုဝေးနေသည်။
လုယွီ အသုံးပြုလိုက်သော ဝင်္ကပါနည်းစနစ်သည် သူတို့ မျှော်လင့်ထားသည်ထက် များစွာပို၍ကျော်လွန်နေသည်။
သူတို့အနက်မှတချို့သည် ဝင်္ကပါပညာရှင်များ၏တိုက်ပွဲကို ယခင်က မြင်တွေ့ဖူးသော်လည်း လုယွီ ဖန်တီးခဲ့သော ဤကဲ့သို့ဝင်္ကပါမျိုးကို သူတို့ တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးချေ။
အမ်...
တစ်ချိန်လုံးတိတ်ဆိတ်ငြိမ်သက်နေခဲ့သော ဝေ့မုန့်ထင်ပင်လျှင် သူမ၏မျက်လုံးကိုဖွင့်၍ တိုက်ပွဲစင်မြင့်ပေါ်၌ ဖြစ်ပျက်နေသည့်အရာများကို ကြည့်လိုက်၏။
"သခင်မလေး...တစ်ဖက်ရန်သူက အရမ်းသန်မာအားကောင်းတယ်...ဒီတစ်ကြိမ်တော့ ချင်းဖုန် ရှုံးနိမ့်သွားမှာကို ကျွန်တော်စိုးရိမ်မိတယ်"
ဝေ့မုန့်ထင်၏နံဘေး၌ မတ်တတ်ရပ်နေသော ဝေ့မိသားစုဓားကျင့်ကြံသူတစ်ယောက်က ပြောဆိုသည်။
ဝေ့မုန့်ထင်က ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။
"ပြဿနာမရှိပါဘူး...သူက စိန်ခေါ်ချင်နေမှတော့ သူ့ကို ကြိုးစားခွင့်ပြုလိုက်ပါ"
ရုတ်တရက် ဝေ့မုန့်ထင်က စကားလမ်းကြောင်းပြောင်းလိုက်၏။
"ဒါပေမယ့် ဒီတစ်ကြိမ်တော့ ငါက ဝင်္ကပါပညာရပ်မှာ ပါရမီရှင်တစ်ယောက်ကို တွေ့ပြီထင်တယ်...သူက ကျန်းမိသားစုထဲမှာ နာမည်ကျော်ကြားတဲ့သူ ဟုတ်ပုံမရဘူး...သူ့ရဲ့နောက်ကြောင်းကို အခုချက်ချင်းစုံစမ်းကြစမ်း...တကယ်လို့ သူ့ရဲ့နောက်ကြောင်းက ရှင်းလင်းနေတယ်ဆိုရင် ငါတို့မိသားစုဆီ သူ့ကို ခေါ်ယူရမယ်"
တိုက်ပွဲစင်မြင့်ပေါ်၌...
မရေမတွက်နိုင်သောစစ်သားများသည် လုပ်ကြံသတ်ဖြတ်သူကို ထိန်းချုပ်ကာ မြေပြင်ပေါ်၌ ချုပ်နှောင်ထားသည်။
"လုပ်ကြံသတ်ဖြတ်သူကို ဖမ်းမိပြီ...အခုချက်ချင်း သူ့ကို သတ်ကြစမ်း"
"သတ်...သတ်..."
စစ်သားတစ်ယောက်က သူ၏ဓားရှည်ကိုဆွဲထုတ်ကာ ထိုလုပ်ကြံသတ်ဖြတ်သူ၏ဦးခေါင်းကို ခုတ်ပိုင်းလိုက်သည်။
ဤသည်က တိုက်ပွဲပုံရိပ်ယောင်များသာဖြစ်သော်လည်း လုပ်ကြံသတ်ဖြတ်သူ၏ပုံရိပ်ယောင် ကြေမွှပျက်စီးသွားချိန်တွင် ဝေ့ချင်ဖုန်း၏ခြေထောက်အောက်ရှိ ကြာပန်းစိမ်းဓားဝင်္ကပါသည် အကန့်အသတ်အခြေအနေသို့ ရောက်ရှိသွားပုံရကာ တည်ငြိမ်ခြင်းမရှိတော့ချေ။
ဘုန်း...
စစ်သင်္ဘောပေါ်မှနေ၍ စိတ်ဝိညာဥ်အမြှောက်ပစ်ခတ်သံတစ်ချက် ထပ်မံ၍ထွက်ပေါ်လာကာ အလင်းတန်းတစ်တန်းက ဝေ့ချင်ဖုန်းပေါ်သို့ ကျရောက်သွားသည်။
ဝေ့ချင်ဖုန်းသည် မြေပြင်ပေါ်သို့ တဖန်ထပ်၍ လွင့်စင်ကျလာပေ၏။သူ၏ခန္ဓာကိုယ်ပေါ်ရှိ သံချပ်ကာသည် အကန့်အသတ်အခြေအနေသို့ ရောက်ရှိသွားပုံရကာ အပိုင်းပိုင်းအစစကြေမွှပျက်စီးသွားတော့သည်။
သူသည် ပြင်းထန်သောအတွင်းဒဏ်ရာ ရရှိနေပြီဖြစ်သဖြင့် သူ၏ပါးစပ်မှ သွေးများအဆက်မပြတ် အန်ထုတ်နေရသည်။
"ချင်ဖုန်း...တကယ်လို့ မင်း ထပ်မလုပ်နိုင်တော့ရင် နောက်ဆုတ်လိုက်တော့"
ဝေ့မိသားစုမှဓားအင်မော်တယ်တစ်ယောက်က အော်ဟစ်လိုက်သည်။
ဝေ့ချင်ဖုန်း၏ဝင်္ကပါပညာရပ် အရည်အချင်းသည် လုယွီ၏ပြိုင်ဘက်ဖြစ်ရန် အလွန်အလှမ်းကွာဟကြောင်း လူတိုင်း သိရှိထားကြ၏။
လုယွီ အသွင်ပြောင်းဖန်တီးထားသော စစ်သားများ၏အရေအတွက် သက်သက်ဖြင့်ပင် သာမာန်လူများ ယှဥ်ပြိုင်နိုင်မည့်အရာမျိုးမဟုတ်ချေ။
"မရဘူး...ငါ ဒီကိစ္စကို ဒီအတိုင်းမထားနိုင်ဘူး"
ဝေ့ချင်ဖုန်းက ထပ်မံ၍ မတ်တတ်ထရပ်လိုက်သည်။
ဝေ့ချင်ဖုန်း၏ခန္ဓာကိုယ်တစ်ခုလုံး၌ သွေးများစိုရွှဲနေသော်လည်း ဤတစ်ကြိမ်တွင် သူ၏မျက်လုံးအကြည့်သည် ပို၍ရက်စက်ကြမ်းကြုတ်ပြီး တုန်လှုပ်ချောက်ချားဖွယ်ကောင်းနေသည်။
"မင်းရဲ့ခွန်အားက ငါ့ထက်ပိုပြီး သန်မာအားကောင်းတယ်ဆိုတာ ငါ မယုံကြည်နိုင်ဘူး...မင်းက အသက်ဘယ်လောက်ကြီးသေးလို့လဲ...တကယ်လို့ မင်းက မင်းအမေရဲ့ဗိုက်ထဲကနေ စပြီးကျင့်ကြံလာတယ်ဆိုရင်တောင် ဒီလိုအဆင့်မျိုးကို မရောက်နိုင်ဘူး"
ဝေ့ချင်ဖုန်းက အံ့တင်းတင်းကြိတ်ကာ ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်၏။
"သခင်မလေး...ကျွန်တော်တို့ သူ့ကို ဟန့်တားသင့်လား"
ဓားအင်မော်တယ်တစ်ယောက်က စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။
ဝေ့မုန့်ထင်က တည်ငြိမ်အေးဆေးစွာ တုံ့ပြန်သည်။
"သူ့ကို သူဆန္ဒရှိသလို လုပ်ခွင့်ပြုလိုက်ပါ"
ဘုန်း...
နောက်ထပ်အချိန်အခိုက်အတန့်မှာပင် ဝေ့ချင်ဖုန်းက တိုက်ပွဲစင်မြင့်ပေါ်သို့ ထပ်မံ၍ခုန်တက်သွားသည်။
သူ၏လက်အတွင်း၌ ခရမ်းရောင်ဓားရှည်ကို ကိုင်ဆောင်ထားဆဲပင်။ထိုဓားရှည်၏မျက်နှာပြင်ပေါ်တွင် အေးစက်စက်အလင်းရောင်များ တဖျတ်ဖျတ်တောက်ပနေကာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော စွမ်းအားအရှိန်အဝါမျိုးရှိနေသည်။
"ဒါကို ငါတို့ ဝေ့မိသားစုရဲ့လေးယောက်မြောက်ဝင်္ကပါပညာရှင်နေရာအတွက်လို့ သတ်မှတ်လိုက်စမ်း"
ဝေ့ချင်ဖုန်းက အော်ဟစ်လိုက်သည်။
လူတိုင်း ကြက်သေသေနေကြ၏။
သူသည် ဤမျှထိဆိုးဆိုးရွားရွား ဒဏ်ရာရရှိထားသော်လည်း ဆက်လက်၍တိုက်ခိုက်ချင်နေဆဲပင်။
ဤသည်က ဓားကျင့်ကြံသူတစ်ယောက်ပင်။သူ၏ဓားစိတ်ဆန္ဒသည် စိတ်နှလုံးသား၏လမ်းညွှန်မှုအတိုင်း လုပ်ဆောင်သည်ဖြစ်သဖြင့် တားဆီးနိုင်ရန် လွန်စွာခက်ခဲသည်။
လုယွီက နဝမလွှသွားစစ်သင်္ဘောပေါ်မှ ဆင်းသက်လာကာ သူက သိချင်စိတ်ပြင်းပြသောအကြည့်ဖြင့် ဝေ့ချင်ဖုန်းကို ကြည့်လိုက်၏။
"မင်းရဲ့တိုက်ပွဲဝင်စိတ်ဆန္ဒကမဆိုးဘူး...မင်းက တိုက်ခိုက်ချင်နေမှတော့...ငါ အစွမ်းကုန် ထုတ်သုံးပြီး တိုက်ခိုက်ပေးမယ်"
လုယွီက ပြောဆိုသည်။
Chapter 2905
ပတ်ဝန်းကျင်ရှိလူများအားလုံး ကြက်သေသေသွားသည်။
ဘာ...
မင်းရဲ့ဝင်္ကပါက ဒီလိုအဆင့်မျိုးထိ ခင်းကျင်းထားတာတောင်...မင်းက ခုထိ အစွမ်းကုန်ထုတ်မသုံးရသေးဘူးလို့ ပြောလိုက်တာလား....
သူ၏အစစ်အမှန် ဝင်္ကပါပညာအဆင့်သည် မည်မျှထိ တုန်လှုပ်ချောက်ချားဖွယ် ကောင်းနေသနည်း....
ဝေ့ချင်ဖုန်းသည် အလွန်ဒေါသထွက်နေကာ ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးလိုက်၏။
"အပိုစကားတွေ ပြောတာလျှော့ပြီး...ငရဲကိုသွားစမ်း"
သူက မှော်မန္တန်တစ်ပုဒ်ကို ထပ်မံ၍ရွတ်ဆိုလိုက်သည်။သို့ရာတွင် ဤတစ်ကြိမ်တွင် သူဆင့်ခေါ်လိုက်သော ဓားဝင်္ကပါသည် ယခင်နှင့်များစွာကွဲပြားခြားနားနေသည်။
ဝေ့ချင်ဖုန်းသည် သူ၏နံဘေးပတ်လည်၌ ပြန့်ကျဲနေသော ဓားချီများကို ထပ်မံ၍စုစည်းခြင်းမပြုချေ။ထိုအစား သူသည် ထိုဓားချီများကို ပြန့်ကျဲခွင့်ပြုကာ သူ၏နံဘေးပတ်လည်၌ မျောလွင့်နေစေသည်။
လွှမ်းမိုးချုပ်ကိုင်နိုင်သော ဓားချီများက တစ်လှိုင်းပြီးတစ်လှိုင်း ဝေ့ချင်ဖုန်း၏ရှေ့သို့ ကျရောက်လာသည်။ဤအချိန်အခိုက်အတန့်တွင် သူသည် ထောင်နှင့်ချီသော ဓားချီလှိုင်းများကို ထိန်းချုပ်ကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
"ဖြတ်တောက်စမ်း"
ဝေ့ချင်ဖုန်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။ရုတ်ချည်းဆိုသလိုပင် သူ၏နံဘေးပတ်လည်၌ မျောလွင့်နေသည့် မြောက်မြားစွာသော ဓားချီလှိုင်းများက လုယွီထံသို့ ဒီရေအလား တိုးဝင်သွားသည်။
ဝှစ်...ဝှစ်...ဝှစ်...
ရုတ်ချည်းဆိုသလိုပင် မိုးကောင်းကင်ယံအတွင်း၌ ဓားချီပုံရိပ်ယောင်များဖြင့် ပြည့်နှက်သွားလေ၏။ထိုဓားချီများ၏လမ်းကြောင်းကို သာမာန်မျက်စိဖြင့် မြင်တွေ့ရန်မှာ မဖြစ်နိုင်ချေ။
ပြင်းထန်သောဓားချီလှိုင်းများက စစ်သင်္ဘောကုန်းပတ်ပေါ်သို့ ကျရောက်သွားသည်။ကုန်းပတ်ပေါ်မှ စစ်သားများသည် ထိုဓားချီများ၏တိုက်ခိုက်မှုကို တောင့်ခံနိုင်ခြင်းမရှိသဖြင့် သူတို့အားလုံး တစ်ယောက်ပြီးတစ်ယောက် ကြေမွှပျက်စီးသွားတော့သည်။
ဝှစ်...ဝှစ်...ဝှစ်...
မြောက်မြားစွာသောဓားချီများ ဖြတ်သန်းသွားခြင်း၏နောက်တွင် စစ်သားပုံရိပ်ယောင်များ လွယ်လင့်တကူ ကြေမွှပျက်စီးသွားကာ အရိပ်အယောင်ပင် မကျန်ရှိခဲ့တော့ချေ။
အစောပိုင်းက တစ်ဖက်သက်ဆန်နေသော အခြေအနေသည် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ပြောင်းပြန်ဖြစ်သွားသည်။
"ဟား ဟား ဟား...အဲ့ဒီကောင်လေးက ထပ်ပြီးစွမ်းဆောင်နိုင်မှာ မဟုတ်တော့ဘူး"
နဝမအကြီးအကဲက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။
"နဝမညီလေး...မင်း စကားကိုသတိထားပြောစမ်း"
မဟာအကြီးအကဲက နဝမအကြီးအကဲကို စူးစူးဝါးဝါးကြည့်ကာ အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။
နဝမအကြီးအကဲ၏မျက်နှာအမူအယာ မသိမသာပျက်ယွင်းသွားသည်။သူသည် အကြိမ်ရေအနည်းငယ်ခန့် ချောင်းတဟွတ်ဟွတ်ဆိုးကာ ထပ်မံ၍စကားမဆိုတော့ချေ။
နံဘေးဘက်မှစောင့်ကြည့်နေသော ကျန်းဟုန်သည် နာကျည်းမုန်းတီးမှုများဖြင့် အံ့တင်းတင်းကြိတ်လိုက်၏။
လုယွီသည် စင်မြင့်ပေါ်၌ ကျန်းမိသားစုအတွက် တိုက်ခိုက်နေသော်လည်း ထိုလူတစ်စုသည် အောက်မှနေ၍ ပြောင်ပြောင်တင်းတင်း ဝေဖန်ကဲ့ရဲ့နေကြသည်။
ကျန်းဟုန်သည် ယခုလက်ရှိချိန်၌ နဝမအကြီးအကဲကို သူ မည်သို့မျှ လက်တုံ့မပြန်နိုင်သေးသဖြင့် ကူကယ်ရာမဲ့စွာဖြင့် စောင့်ကြည့်နေခဲ့ရသည်။
"စီနီယာ အနိုင်ရပါစေလို့ပဲ ငါ မျှော်လင့်မိတယ်"
ကျန်းဟုန်က သူ၏စိတ်အတွင်းမှနေ၍ ဆုတောင်းလိုက်၏။
တိုက်ပွဲစင်မြင့်ပေါ်တွင် မရေမတွက်နိုင်သောဓားချီများသည် သင်္ဘောကုန်းပတ်ပေါ်ရှိ စစ်သားပုံရိပ်ယောင်များကို ဆက်လက်၍ထွင်းဖောက်နေဆဲပင်။
လုယွီ၏ဝင်္ကပါမှစွမ်းအားများဖြင့် ဖန်တီးထားသော စစ်သားပုံရိပ်ယောင်များသည် ထပ်ခါတလဲလဲရှုံးနိမ့်နေကာ တုံ့ပြန်တိုက်ခိုက်ရန်ပင် အခွင့်အရေးမရချေ။
"ဟား ဟား ဟား...ငါ နိုင်တော့မယ်...ကောင်လေး....ငါတို့ဓားကျင့်ကြံသူတွေ ဘယ်လောက်အထိ အစွမ်းထက်တယ်ဆိုတာ မင်း အခုသိပြီမလား"
ဝေ့ချင်ဖုန်းက ရူးသွပ်နေသောနတ်ဆိုးတစ်ကောင်အလား ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
လုယွီက ဝေ့ချင်ဖုန်းကိုကြည့်ကာ တည်ငြိမ်စွာပြောဆိုသည်။
"မင်းရဲ့တိုက်ပွဲဝင်စိတ်ဆန္ဒကို ငါ နားလည်သွားပြီ...ဒါပေမယ့် ငါ့ရဲ့စွမ်းအားအကုန်အစင်ကို မင်းကို ထုတ်ဖော်ပြသပေးမယ်လို့ ငါ အရင်က မင်းကိုပြောခဲ့တယ်...ဒီနေ့ ငါ မင်းကို ဘာကြောင့်လို့မသိရသေးခင်ထိ သေခွင့်မပြုနိုင်ဘူး"
ဝေ့ချင်ဖုန်းသည် ရယ်စရာပြက်လုံးတစ်ခုကို ကြားလိုက်ရပုံဖြင့် အော်ဟစ်ရယ်မောလိုက်သည်။
"မင်းက ငါ့ကို သတ်ချင်သေးတာလား...မင်းက ဘာကိုအသုံးပြုပြီးတော့ ငါ့ကိုသတ်မှာလဲ...မင်းရဲ့ဝင်္ကပါကြီးတစ်ခုလုံးကို ငါ ဝါးမြိုနိုင်လုနီးပါးပဲ...ငါ့ရဲ့ဓားချီတွေက မင်းရဲ့စစ်သားတွေအားလုံးကိုသတ်ပြီးသွားရင် မင်း သေရမယ့်အချိန်ပဲ"
"ဒါက ငါ့ရဲ့အစစ်အမှန်စွမ်းအားလို့ မင်း တကယ်ကြီး ထင်နေတာလား"
လုယွီက သူ၏အင်္ကျီလက်ကိုခါယမ်းလိုက်ရာ သူ၏နောက်ရှိ ဝင်္ကပါကြီး တဖန်ပြန်၍လင်းလက်တောက်ပလာသည်။လေထုအတွင်း၌ ပြင်းထန်သော လေဟာနယ်လှုပ်ခတ်မှုလှိုင်းများ ထွက်ပေါ်လာပေ၏။
ကြီးမားသောစစ်သင်္ဘောကြီးတစ်စီးက လူတိုင်း၏အမြင်အာရုံရှေ့သို့ တဖန်ထပ်၍ ရောက်ရှိလာသည်။
ဤှသည်က နဝမလွှသွားစစ်သင်္ဘောပင်။ထိုအရာသည် ယခင်စစ်သင်္ဘောနှင့် မည်သည့်ကွဲပြားခြားနားခြင်းမျှမရှိဘဲ ကုန်းပတ်ပေါ်တွင် သံချပ်ကာဝတ်စစ်သားများဖြင့် ပြည့်နှက်နေသည်။
"အမ်...သူက နဝမလွှသွားစစ်သင်္ဘောတစ်စီးကို ထပ်ပြီးဆင့်ခေါ်လိုက်တာလား"
ပတ်ဝန်းကျင်ရှိလူများက ထိုမြင်ကွင်းကို အံ့အားသင့်တုန်လှုပ်စွာဖြင့် ကြည့်နေကြ၏။
အလွန်ကြီးမားသော စစ်သင်္ဘောကြီးနှစ်စီးက လေထုအတွင်း၌ မျောလွင့်နေသည်။ထိုမြင်ကွင်းကို ကြည့်မိသော မည်သူမဆို အကြည့်မလွှဲနိုင်ကြတော့ချေ။
သို့ရာတွင် လူတိုင်း ကြက်သေသေနေရာမှ အသိပြန်မဝင်သေးမီမှာပင် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံက လေထုအတွင်း၌ မြည်ဟီးသွားသည်။
နောက်ထပ်နဝမလွှသွားစစ်သင်္ဘောကြီးတစ်စီးက လူအများ၏မြင်ကွင်းရှေ့၌ ဖြည်းညှင်းစွာထွက်ပေါ်လာသည်။
Thank For Reading.