အခန်း (၂၉၀၆-၂၉၁၀)
Vol. 149 Ch. 2906-2910
Chapter 2906
ပတ်ဝန်းကျင်မှနေ၍ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။
နောက်ထပ် စစ်သင်္ဘောတစ်စီး ထပ်မံ၍ထွက်ပေါ်လာခဲ့သလော...
သို့ရာတွင် ဤသည်က အဆုံးသတ်မဟုတ်သေးချေ။
လုယွီ၏နောက်ရှိ လေဟာနယ်အတွင်းမှနေ၍ နောက်ထပ်စစ်သင်္ဘောတစ်စီး ထပ်မံ၍ထွက်ပေါ်လာသည်။
ထိုစစ်သင်္ဘောများသည် အလွန်ကြီးမားကာ နဝမလွှသွားစစ်သင်္ဘောများ၏ အဆင်တန်ဆာ အပြည့်အစုံပါဝင်သည်။ထိုစစ်သင်္ဘောများ လူအများ၏မြင်ကွင်းရှေ့၌ ထွက်ပေါ်လာခြင်းနှင့်အတူ သူတို့အားလုံး၏စိတ်အာရုံကို ဆွဲဆောင်သွားနိုင်ခဲ့သည်။
စစ်သင်္ဘောငါးစီး...ဆယ်စီး...အစီးနှစ်ဆယ်...
မျက်တောင်တစ်ခတ်စာအချိန်မှာပင် စစ်သင်္ဘောအစီးသုံးဆယ်ကျော်က လေထုအတွင်း၌ ထွက်ပေါ်လာသည်။
ထိုစစ်သင်္ဘောများသည် လေဟာနယ်အတွင်း၌ မားမားမတ်မတ်တည်ရှိနေပေရာ နေ၏အလင်းရောင်ကိုပင် ပိတ်ဖုံးတော့လုမတတ်ပင်။
ကံကောင်းထောက်မစွာဖြင့် ထိပ်တန်းမိသားစုကြီးတစ်စုဖြစ်သော ကျန်းမိသားစုအိမ်တော်၏ အထက်ကောင်းကင်ယံတွင် မဟာအကာအကွယ်ဝင်္ကပါကြီးရှိနေသဖြင့် အတွင်းမှအရာများကို ပြင်ပမှမမြင်တွေ့နိုင်ချေ။ထိုသို့မဟုတ်ဘဲ အကယ်၍ တော်ဝင်မြို့တော်မှလူများသာ ဤမြင်ကွင်းကိုမြင်တွေ့သွားပါက ဤနေရာသို့လာရောက်၍ စုံစမ်းစစ်ဆေးကြမည်မှာ တိကျသေချာလှ၏။
ထိုစစ်သင်္ဘောတစ်စီးစီပေါ်တွင် လှံရှည်များကိုင်ဆောင်ထားသော စစ်သားများဖြင့်ပြည့်နှက်နေကာ စူးရဲသောအကြည့်များဖြင့် ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို ကြည့်နေသည်။
နှိုင်းယှဥ်ကြည့်ပါက ဝေ့ချင်ဖုန်း အစောပိုင်းက ထုတ်ဖော်အသုံးပြုလိုက်သော ဓားချီများသည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းပုံရသော်လည်း ဤကဲ့သို့ ကြီးမားသောစစ်သင်္ဘောအုပ်စုကြီးအောက်တွင် နှိုင်းယှဥ်စရာမလိုသည်အထိ အလွန်အမင်း သေးငယ်သွားသည်။
ထိုစစ်သင်္ဘောများသည် အကာအကွယ်အလွှာများကို အသက်သွင်းထားကာ ရွှေရောင်အလင်းတန်းများက စစ်သင်္ဘောတိုင်းကို လွှမ်းခြုံထားသည်။ထိုအရာများ၏ပြင်ပရှိ အပြင်ဘက်ဆုံး ခုခံကာကွယ်မှုအလွှာကို ထွင်းဖောက်နိုင်ရန်ပင် အလွန်အမင်း ခက်ခဲပေမည်။
ဒေါင်...ဒေါင်...ဒေါင်...
ဓားချီများက အကာအကွယ်အလွှာများပေါ်သို့ ကျရောက်နေကာ ကြည်လင်ပြတ်သားသောအသံများ အဆက်မပြတ်ထွက်ပေါ်လာသည်။သို့ရာတွင် ထိုဓားချီများသည် စစ်သင်္ဘောများ၏အကာအကွယ်အလွှာများကို ချိုးဖျက်နိုင်စွမ်းမရှိချေ။
"မဟုတ်ဘူး...ဒါက မဖြစ်နိုင်ဘူး...တကယ်လို့ မင်းက စစ်သင်္ဘောတွေအများကြီးကို ဆင့်ခေါ်ချင်တယ်ဆိုရင် အဲ့ဒါတွေကို ထိန်းချုပ်နိုင်ဖို့ စိတ်စွမ်းအားတွေအများကြီး မင်း လိုအပ်လိမ့်မယ်...ဒါက မဖြစ်နိုင်ဘူး....ရွှယ်အင်မော်တယ်တစ်ယောက်ရဲ့စိတ်ဝိညာဥ်မှာတောင် ဒီလောက်ထိမြင့်မားတဲ့စွမ်းအားမျိုးရှိမှာမဟုတ်ဘူး"
ဝေ့ချင်ဖုန်း၏မျက်နှာပေါ်၌ တုန်လှုပ်ချောက်ချားမှုများဖြင့် ပြည့်နှက်နေကာ သူ အနည်းငယ်မျှပင် မယုံကြည်နိုင်ချေ။
သူ၏ရှေ့၌ မျောလွင့်နေသော စစ်သင်္ဘောများသည် လွန်စွာကြီးကျယ်ခမ်းနားလှ၏။သို့ရာတွင် ထို့ထက်ပို၍ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသောအချက်မှာ ထိုစစ်သင်္ဘောများအားလုံးကို လုယွီတစ်ယောက်တည်းဖြင့် ဆင့်ခေါ်ခဲ့ခြင်းပင်။
ဤကဲ့သို့ပြုလုပ်ရန် မည်မျှထိအစွမ်းထက်သော စိတ်စွမ်းအား လိုအပ်သနည်း...
ဝင်္ကပါပညာရပ်နယ်ပယ်သည် ဆေးပညာရပ်နယ်ပယ်နှင့် တူညီသည်။တစ်စုံတစ်ယောက်သည် အောင်မြင်မှုရရှိနိုင်ရန်အတွက် သူ၏စိတ်ဝိညာဥ်မှ လုံလောက်သောစွမ်းအားကို ထောက်ပံနိုင်ရန် လိုအပ်သည်။
သို့ရာတွင် သူ့ရှေ့ရှိစစ်သင်္ဘောများသည် အမှန်တကယ်ကို တည်ရှိနေခြင်းပင်။သူ ကူကယ်ရာမဲ့စွာဖြင့် ယုံကြည်လက်ခံရုံသာရှိသည်။
"ငါ အရင်က ပြောခဲ့ပြီးပြီ...မင်းထက်တော်တဲ့ တစ်စုံတစ်ယောက်က အမြဲတမ်းရှိနေတယ်ဆိုတာ...မင်း ဒါကို မလုပ်နိုင်တာနဲ့ဘဲ တခြားသူတွေလည်း မလုပ်နိုင်ဘူးလို့ တွေးလို့မရဘူး"
လုယွီက သူ၏ခေါင်းကို ခါယမ်းနေလေသည်။
"မဖြစ်နိုင်ဘူး...ငါ မင်းကို ဒီနေ့ သတ်ကိုသတ်ရမယ်"
ဝေ့ချင်ဖုန်းက ဒေါသတကြီးအော်ဟစ်ကြုံးဝါးကာ ဓားဝင်္ကပါပေါ်သို့ ခုန်တက်လိုက်သည်။ထို့နောက် သူ၏လက်အတွင်းရှိ ခရမ်းရောင်ဓားရှည်ကိုမြှောက်ကာ လုယွီထံဦးတည်၍ ဝှေ့ယမ်းလိုက်၏။
ထိုဓားရှည်မှစွမ်းအားများသည် ခရမ်းရောင်သက်တန့်တစ်ခုအသွင် ဖွဲ့စည်းသွားကာ လုယွီထံသို့ တိုးဝင်၍တိုက်ခိုက်လေသည်။
"မကောင်းတော့ဘူး...ဝေ့ချင်ဖုန်းက စည်းမျဥ်းကို ချိုးဖောက်နေပြီ"
ကျန်းဟုန်က ရုတ်တရက် မတ်တတ်ထရပ်ကာ အော်ဟစ်လိုက်သည်။
ဤပြိုင်ပွဲသည် ဝင်္ကပါပညာရပ်အရ ယှဥ်ပြိုင်ခြင်းသာဖြစ်ပြီး ခွန်အားအရမဟုတ်ချေ။
ထို့ကြောင့် ဝေ့ချင်ဖုန်းသည် ရွှယ်အင်မော်တယ်တစ်ယောက် ဖြစ်သည့်တိုင် သူသည် ဓားဝင်္ကပါကိုသာအသုံးပြု၍ တိုက်ခိုက်နေရခြင်းဖြစ်သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ သူသည် ဓားဝင်္ကပါကို မှီခိုအားထား၍မရတော့သဖြင့် ဓားချီနည်းစနစ်ကိုအသုံးပြုကာ လုယွီကိုတိုက်ခိုက်ရန် ရွေးချယ်ခဲ့လေ၏။
လုယွီ၏မျက်နှာပေါ်၌ အမူအယာကင်းမဲ့နေသည်။သူက ဝေ့ချင်ဖုန်းကိုကြည့်ကာ အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"မင်းက နောက်ဆုတ်ဖို့ အစီအစဥ်မရှိမှတော့...ငါ မင်းကို တိုက်ခိုက်ရင်းနဲ့သေခွင့်ပြုလိုက်မယ်"
လုယွီ၏စကားသံ လွင့်ပြယ်သွားသည်နှင့် သူ၏နောက်ရှိ မရေမတွက်နိုင်သော စိတ်ဝိညာဥ်အမြှောက်များ တပြိုင်နက်တည်း လင်းလက်လာသည်။
"ဦးလေးနျန်....သူ့ကို သွားကယ်လိုက်ပါအုံး"
ဝေ့မုန့်ထင်က မျက်မှောင်ကြုတ်ကာ အော်ဟစ်လိုက်၏။
သူမ၏နောက်ရှိ လူလတ်ပိုင်းကြီးတစ်ယောက်က ချက်ချင်းဆိုသလိုပင် စင်မြင့်ပေါ်သို့ တရကြမ်းပြေးတက်သွားသည်။
"တော်သင့်ပြီ...ငါတို့ ဝေ့မိသားစုက ဒီတစ်ကြိမ်တိုက်ပွဲကို အရှုံးပေးတယ်...မင်း အခုချက်ချင်း ရပ်လိုက်စမ်း"
ထိုလူလတ်ပိုင်းကြီးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သို့ရာတွင် လုယွီသည် ရပ်တန့်ရန်ရည်ရွယ်ချက်မရှိသည်မှာ သိသာထင်ရှားလှ၏။
"ငါ ရပ်မယ်လို့ ပြောခဲ့လို့လား"
လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
Chapter 2907
လုယွီက လှုပ်ရှားခြင်းမပြုချေ။သို့ရာတွင် လေထုအတွင်း၌ မျောလွင့်နေသော နဝမလွှသွားစစ်သင်္ဘောများမှ စိတ်ဝိညာဥ်အမြှောက်များ တစ်ခုပြီးတစ်ခု လင်းလက်လာသည်။
ကျယ်ပြန့်ပြီး ပေါကြွယ်ဝသော စိတ်ဝိညာဥ်စွမ်းအားများက ချက်ချင်းဆိုသလိုပင် စိတ်ဝိညာဥ်အမြှောက်များအတွင်းသို့ စီးဝင်သွားသည်။တလိမ့်လိမ့်ထနေသော စိတ်ဝိညာဥ်စွမ်းအားများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပေ၏။
တိုက်ပွဲစင်မြင့်ပေါ်သို့ တဟုန်ထိုးပြေးတက်လာသော ဦးလေးနျန်ဟုခေါ်သည့် လူလတ်ပိုင်းကြီး၏မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားသည်။
"ခွေးမသား...မင်း လုပ်ရဲလား"
ဦးလေးနျန်က ဝေ့ချင်ဖုန်းကိုဆွဲခေါ်ကာ တိုက်ပွဲစင်မြင့်ပေါ်မှ ခုန်ဆင်းသွားရန် ဟန်ပြင်လိုက်သည်။
သို့ရာတွင် စိတ်ဝိညာဥ်အမြှောက်များအားလုံးမှနေ၍ ကျယ်လောင်သော တုန်ခါသံများ တပြိုင်နက်တည်း ထွက်ပေါ်လာသည်။
စိတ်ဝိညာဥ်အမြှောက်များမှ တောက်ပသောအလင်းတန်းများသည် လေထုကိုဖြတ်သန်းလာကာ သူတို့နှစ်ယောက်၏ခန္ဓာကိုယ်များပေါ်သို့ ပြင်းပြင်းထန်ထန် လာရောက်ရိုက်ခတ်သည်။
ဦးလေးနျန်၏မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားသည်။သူက သူ၏လက်ရှိလက်စွပ်ကို ရုတ်တရက် ခြေမွှဖျက်ဆီးလိုက်ရာ အစွမ်းထက်သော ဓားစိတ်ဆန္ဒတစ်ရပ်ထွက်ပေါ်လာပြီး သူတို့နှစ်ယောက်၏ခန္ဓာကိုယ်များကို လွှမ်းခြုံသွားလေ၏။
"ဒါက နယ်မြေသခင်တစ်ယောက်ရဲ့ ဓားစိတ်ဆန္ဒပဲ"
"ကြည့်ရတာတော့ ဒီတစ်ကြိမ်မှာ ဝေ့ချင်ဖုန်း သေရတော့မှာမဟုတ်ဘူး...နယ်မြေသခင်အဆင့် ဓားစိတ်ဆန္ဒရဲ့ အကာအကွယ်နဲ့ဆိုရင် သူ့ကို ထိခိုက်အောင်လုပ်ဖို့ အရမ်းခက်ခဲသွားလိမ့်မယ်"
ကျန်းမိသားအကြီးအကဲများသည် သက်ပြင်းရှိုက်လိုက်သော်လည်း ဤသည်က သူတို့ လက်သင့်ခံနိုင်သော အတိုင်းအတာအတွင်း၌ရှိသည်။
မည်သို့ပင်ဆိုစေကာမူ ဤတစ်ကြိမ်တွင် ဝေ့မိသားစု ရှုံးနိမ့်သွားပါက ကျန်းမိသားစုသည် သုံးကြိမ်ဆက်တိုက် အနိုင်ရရှိသွားလေပြီ။
ယခုလက်ရှိချိန်တွင် နှစ်ဖက်စလုံးသည် သရေကျနေလေရာ အကယ်၍ လုယွီထံတွင် နောက်ဆုံးပြိုင်ပွဲကို အနိုင်ယူနိုင်သော အရည်အချင်းမျိုးသာရှိနေပါက သူတို့၏ကျန်းမိသားစုအတွက် ကြီးမားသောအကျိုးအမြတ်များ ရရှိလာပေမည်။
"ငါ အရင်က ပြောပြီးပြီ...ငါက ဝေ့ချင်ဖုန်းရဲ့သေချင်နေတဲ့စိတ်ဆန္ဒကို ဖြည့်ဆည်းပေးမယ်ဆိုတာ....မင်း ငါ့ကို ဟန့်တားလို့မရဘူး"
လုယွီက သူ၏လက်ကို ထပ်မံ၍ဝှေ့ယမ်းလိုက်သည်။
ကြီးမားသောစစ်သင်္ဘောကြီးတစ်စီးက ဦးလေးနျန်နှင့်ဝေ့ချင်ဖုန်းတို့၏အထက်ရှိ ကောင်းကင်ယံအတွင်း၌ ရုတ်တရက် ထွက်ပေါ်လာသည်။
"ဘာလို့ ထပ်ရှိနေသေးတာလဲ...မင်းရဲ့စိတ်ဝိညာဥ်က ဘာလို့ ဒီလောက်ထိ အားကောင်းနေတာလဲ"
ဦးလေးနျန်က မိုးကောင်းကင်ယံကိုမော့ကြည့်ကာ သူ၏ဦးရေပြား ထုံကျင်လာသကဲ့သို့ ခံစားလိုက်ရ၏။
ဤကဲ့သို့ ဝင်္ကပါနည်းစနစ်ကို အသုံးပြုနိုင်ရန် လိုအပ်သောစွမ်းအားကို အနည်းဆုံးအနေဖြင့် ရွှယ်အင်မော်တယ် အထွတ်အထိပ်အဆင့်ကျင့်ကြံသူ၏ စိတ်ဝိညာဥ်မှသာ ထောက်ပံပေးနိုင်ပေမည်။
သို့ရာတွင် လုယွီ၏မျက်နှာအမူအယာကို ကြည့်ခြင်းအားဖြင့် သူ့ထံ၌ ခွန်အားတချို့ ကျန်ရှိနေဆဲဖြစ်ပုံရသည်။သူ့ထံတွင် စွမ်းအားကုန်ခမ်းသွားသော အရိပ်အယောင်မျိုး အနည်းငယ်မျှပင်ရှိမနေချေ။
ဤသည်က အနည်းငယ် တုန်လှုပ်ချောက်ချားဖွယ်ရာပင်။
သူ၏အကန့်အသတ်သည် မည်သည့်နေရာ၌ ရှိသနည်း....
ဦးလေးနျန် တုန်လှုပ်ချောက်ချားနေရာမှ အသိပြန်မဝင်သေးမီမှာပင် လေထုအတွင်းရှိ စစ်သင်္ဘောကြီးမှနေ၍ စိတ်ဝိညာဥ်အမြှောက် ပစ်ခတ်လိုက်သောအသံကြီး မြည်ဟီးလာသည်။
ထိုအရာ၏ပစ်မှတ်သည် ဦးလေးနျန်၏နောက်တွင်ရှိနေသော ဝေ့ချင်ဖုန်းပင်။
ဝုန်း....
စိတ်ဝိညာဥ်အမြှောက်များမှအလင်းတန်းများ ရိုက်ခတ်မိချိန်တွင် ဝေ့ချင်ဖုန်းကို ကာကွယ်ပေးထားသောဓားချီ ချက်ချင်းဆိုသလိုပင် ပျက်ပြယ်သွားတော့သည်။
ဝေ့ချင်ဖုန်း၏ခန္ဓာကိုယ်တစ်ခုလုံး ကြေမွှပျက်စီးသွားကာ သွေးမြူများအဖြစ်ပြောင်းလဲသွားပြီး လေထုအတွင်း၌ ပြည့်နှက်သွားပေ၏။
သွေးများက ဦးလေးနျန်၏မျက်နှာပေါ်သို့ ကျရောက်လာသဖြင့် သူ၏မျက်နှာတပြင်လုံး အလွန်အမင်း ရုပ်ပျက်ဆင်းပျက်ဖြစ်သွားသည်။
"မင်း..."
ဦးလေးနျန်က လုယွီကိုလက်ညှိုးညွှန်ကာ စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။
သူသည် ဝေ့ချင်ဖုန်းကိုကယ်တင်ရန် ရောက်ရှိလာခြင်းဖြစ်သည်။သို့ရာတွင် လုယွီက ဝေ့ချင်ဖုန်းကို သတ်ဖြတ်လိုက်၏။
"သူ အရှုံးပေးပြီလို့ ဘယ်တုန်းကမှ မပြောခဲ့ဘူး...သူက စင်မြင့်ပေါ်မှာပဲ ရှိနေသေးတယ်...ဒါက သူ ဆက်ပြီးတော့ တိုက်ခိုက်ချင်သေးတယ်ဆိုတဲ့ သဘောပဲ"
လုယွီက ဦးလေးနျန်ကို ကြည့်ကာ ဆက်လက်၍ပြောဆိုသည်။
"ဘာလဲ...မင်းက ငါးယောက်မြောက် ဝင်္ကပါပညာရှင်လား"
လုယွီ၏အကြည့်ကြောင့် ဦးလေးနျန်၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။
လုယွီ၏နောက်ရှိ စစ်သင်္ဘောအုပ်စုကြီးထံမှနေ၍ လွှမ်းမိုးချုပ်ကိုင်နိုင်သောအရှိန်အဝါမျိုးကို သူ ခံစားမိသည်။
သူသည် အစောပိုင်းက နယ်မြေသခင်အဆင့် ကျင့်ကြံသူတစ်ယောက်၏ဓားချီကို ဖြန့်ကျက်ခဲ့သည့်တိုင် ဝေ့ချင်ဖုန်းကိုကာကွယ်ပေးထားသော ဓားချီများသည် စိတ်ဝိညာဥ်အမြှောက်များ၏တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်စွမ်း မရှိခဲ့ချေ။
နယ်မြေသခင်အဆင့် ကျင့်ကြံသူတစ်ယောက်၏ဓားချီပင်လျှင် ထိုတိုက်ခိုက်မှုကို မဟန့်တားနိုင်ခဲ့ရာ သူ့အဆင့်ဖြင့်ဆိုပါက ထည့်သွင်းဖော်ပြရန်ပင် မလိုအပ်တော့ပေ။
"ကောင်းပြီလေ...ဦးလေးနျန် ရှင် ဆင်းလာခဲ့တော့...ငါးကြိမ်မြောက်တိုက်ပွဲကို ကျွန်မ ဂရုစိုက်လိုက်မယ်"
တိုက်ပွဲစင်မြင့်၏အောက်တွင်ရှိနေသော ဝေ့မုန့်ထင်က ရုတ်တရက် ပြောဆိုသည်။
ဝေ့မုန့်ထင်၏စကားကိုကြားချိန်တွင် ဦးလေးနျန်က သက်ပြင်းတစ်ချက်ရှိုက်ကာ တိုက်ပွဲစင်မြင့်ပေါ်မှ ခုန်ဆင်းလိုက်၏။
"သခင်မလေး...ဂရုစိုက်ပါ...အဲ့ဒီကောင်လေးက တော်တော်လေး ထူးဆန်းတယ်"
ဦးလေးနျန်က သတိပေးလိုက်သည်။
ဝေ့မုန့်ထင်က သူမ၏လက်ကိုဝှေ့ယမ်းကာ ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။
"ပြဿနာမရှိရဘူး...ကျွန်မ ဘာလုပ်ရမယ်ဆိုတာကို ကျွန်မ သိပြီးသားပါ"
ထိုသို့ပြောဆိုပြီးသည်နှင့် ဝေ့မုန့်ထင်က သူမ၏ခြေထောက်ကိုမြှောက်ကာ တိုက်ပွဲစင်မြင့်ပေါ်သို့ လျှောက်လှမ်းလိုက်၏။
Chapter 2908
ဝေ့မုန့်ထင်သည် တိုက်ပွဲစင်မြင့်ပေါ်သို့ သူမကိုယ်တိုင် တက်ရောက်သွားခဲ့သလော...
ယခုလက်ရှိနေရာတွင်ရှိနေသော အကြီးအကဲများဖြစ်စေ စင်မြင့်အောက်မှစောင့်ကြည့်နေကြသော ကျန်းမိသားစုဝင်များဖြစ်စေ ထိုမြင်ကွင်းကို မျက်လုံးအပြူးသားနှင့်ကြည့်နေကြ၏။
ဝေ့မုန့်ထင်သည် ဓားရေအိုင်မြင့်မြတ်နယ်မြေ၏သူတော်စင်မိန်းမပျိုဖြစ်သည့်အပြင် အရှင်သခင်နေရာကို ဆက်ခံမည့်သူပင်။
သူမသည် ပြိုင်ပွဲကို ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ဆင်နွှဲနေလေရာ လုယွီ သူမကို အနိုင်ယူနိုင်ခြင်း ရှိမရှိကို မည်သူမျှမသိနိုင်ချေ။
"နင့်နာမည်ကလုယွီ...ဟုတ်တယ်မလား...ငါတို့ အရင်က ဆုံဖူးကြတယ်နော်"
ဝေ့မုန့်ထင်က ရုတ်တရက် ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။
အမ်..
လုယွီက မျက်မှောင်ကြုတ်လိုက်၏။သူ၏စိတ်အတွင်း၌ ဝေ့မုန့်ထင်နှင့်တူညီသောလူကိုပင် စဥ်းစား၍မရချေ။
"ကြည့်ရတာတော့ နင်က တကယ်ကို မေ့လျော့သွားပုံပဲ...နင် စုံစမ်းစစ်ဆေးဖို့အတွက် တော်ဝင်စစ်ရေးဌာနကနေ ထွက်လာတဲ့အချိန်တုန်းက လမ်းတစ်ဝက်မှာ ငါတို့ဝေ့မိသားစုဝင်တစ်ယောက်ကို သတ်ခဲ့တယ်...နင် အခု မှတ်မိပြီလား"
ဝေ့မုန့်ထင်၏လေသံက အေးစက်နေကာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
လုယွီက ချက်ချင်းဆိုသလိုပင် ပြန်လည်တွေးတောလိုက်၏။
အတိတ်တွင် သူသည် တော်ဝင်စစ်ရေးဌာနမှ ထွက်ခွာလာခဲ့စဥ်တွင် လမ်းတစ်ဝက်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် တစ်စုံတစ်ယောက်က သူ့အား ရန်စစော်ကားခဲ့သည်။လုယွီသည် ထိုလူကို ဓားဖြင့် နံရံတွင်သံရိုက်ထားသကဲ့သို့ စိုက်ထားခဲ့လေ၏။
သို့ရာတွင် ထိုလူသည် ဝေ့မိသားစုဝင်တစ်ယောက်ဖြစ်နေမည်ဟု သူ ထင်မထားမိချေ။
"သူက ငါ့ရဲ့ဝမ်းကွဲမောင်လေး တစ်ယောက်ပဲ"
ဝေ့မုန့်ထင်က လေသံပြတ်ပြတ်နှင့် ပြောဆိုသည်။
လုယွီက ခေါင်းမော့ကာ ဝေ့မုန့်ထင်ကို ကြည့်လိုက်၏။
"ဒါဆိုရင် အခု မင်းက သူ့အတွက် လက်စားချေချင်တာလား"
ဝေ့မုန့်ထင်က ခေါင်းခါပြလေသည်။
"တကယ်တော့ ငါ အဲ့ဒီလိုလုပ်မှာမဟုတ်ဘူး...ငါတို့ ဝေ့မိသားစုမှာ မိသားစုဝင်တွေအများကြီးရှိတယ်...ငါ့ရဲ့ဝမ်းကွဲတွေဆိုတာကလည်း မှိုလိုပေါက်နေတာ....သူက သွေးမျိုးဆက်ကျဲပါးတဲ့ သွေးဝေးဆွေမျိုးတစ်ယောက်ပဲ....ပြီးတော့ သူက သူ့ရဲ့သေလမ်းကို သူကိုယ်တိုင်ရှာသွားတာ....သူက ဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘူး"
"ဒါပေမယ့် သူနဲ့ဝေ့ချင်ဖုန်းနှစ်ယောက်လုံးက ငါတို့ရဲ့ဝေ့မိသားစုဝင်တွေ...တကယ်လို့ နင် သူတို့ကိုသတ်လိုက်တယ်ဆိုရင်တောင် ငါက ဖြေရှင်းချက်တစ်ခုလိုအပ်တယ်"
ကျန်းဟုန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဝေ့မုန့်ထင်...ဒီနေရာမှာ ပေါက်ကရစကားတွေပြောနေတာကို ခုချက်ချင်း ရပ်လိုက်စမ်း...ဒီနေရာက ငါတို့ကျန်းအိမ်တော်ဆိုတာ မင်း သိထားသင့်တယ်"
ဝေ့မုန့်ထင်သည် ထိုစကားများကို ထုတ်ဖော်ပြောဆိုနေသည့်အတွက် ခြိမ်းခြောက်လိုသောရည်ရွယ်ချက်ရှိသည်မှာ သိသာထင်ရှားလှ၏။
ဝေ့ချင်ဖုန်းဖြစ်စေ တခြားသွေးဝေးဆွေမျိုးများဖြစ်စေ သူမ၏ ဝေ့မိသားစုဝင်များဖြစ်သည်။သူတို့သည် သေသင့်သော်လည်း သူတို့၏သေဆုံးခြင်းအတွက် သူမက လုယွီထံမှနေ၍ ဖြေရှင်းချက် တောင်းခံနေခဲ့သည်။
"နင်ရဲ့နောက်က ကျန်းမိသားစုဝင်တွေကို ကြည့်လိုက်စမ်း....သူတို့ကိုကြည့်ရတာ နင့်ကို ရန်လိုနေပုံပဲ...ဝင်္ကပါပညာရပ်နယ်ပယ်မှာ နင့်ရဲ့ကျွမ်းကျင်မှုက အရမ်းအားကောင်းတယ်...ဒါပေမယ့် အဲ့ဒီလူတွေက နင့်ကို လေးလေးစားစား မဆက်ဆံကြဘူး...သူတို့က နင့်ကို လှောင်ပြောင်သရော်နေခဲ့ကြတယ်"
ဝေ့မုန့်ထင်က ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ကာ အေးစက်စက်လေသံဖြင့် ဆက်လက်၍ပြောဆိုသည်။
"အဲ့ဒီလိုလူတွေအတွက်ကို နင် ဘာလို့ အလုပ်လုပ်ပေးနေတာလဲ...နင် ငါတို့ ဓားရေအိုင်မြင့်မြတ်နယ်မြေကို ဘာလို့မလာတာလဲ...တကယ်လို့ နင် လာမယ်ဆိုရင် ငါက နင့်ကို ဓားရေအိုင်မြင့်မြတ်နယ်မြေရဲ့ ခေါင်းဆောင်ဝင်္ကပါပညာရှင်ဖြစ်စေရမယ်လို့ အာမခံတယ်"
ထိုစကားကိုကြားချိန်တွင် ပတ်ဝန်းကျင်ရှိလူများထံမှနေ၍ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။
ဤသည်က ဓားရေအိုင်မြင့်မြတ်နယ်မြေသည် လုယွီကို သိမ်းသွင်းရန် ဆွဲဆောင်နေခြင်းမဟုတ်လော....
သူတို့သည် လုယွီကို ဓားရေအိုင်မြင့်မြတ်နယ်မြေ၏ခေါင်းဆောင်ဝင်္ကပါပညာရှင်အဖြစ် ခန့်အပ်ရန် ဆန္ဒရှိနေသလော....
ဤသည်က ကျန်းမိသားစုတွင် ကျန်းထိုက်ရန်၏ရာထူးနေရာကဲ့သို့ အဆင့်မျိုးဖြစ်ကာ အစွမ်းထက်ဆုံး ဝင်္ကပါပညာရှင်များသာ ထိုနေရာကိုရရှိသည်။
ဤသည်က ဝေ့မုန့်ထင်သည် လုယွီ၏ယခုလက်ရှိခွန်အားကို အသိအမှတ်ပြုသည်ဟု ဆိုလိုခြင်းပင်။
"သောက်ချေးပဲ...သူက ပြောင်ပြောင်တင်းတင် သွေးဆောင်ဖျားယောင်းဝံ့တယ်"
"ဒီလိုလုပ်ရပ်မျိုးက စက်ဆုပ်ရွံရှာဖို့ကောင်းပြီးတော့ အရှက်မရှိတာပဲ....ဒီနောက်ဆုံးပြိုင်ပွဲရဲ့ရလဒ်က ငါတို့ကျန်းမိသားစု အကန့်အသတ်မဲ့ကြယ်မြစ်ထိန်းချုပ်ခွင့်ကို ရမရဆိုတာနဲ့ ဆက်စပ်နေတယ်"
လက်ရှိနေရာတွင်ရှိနေသော ကျန်းမိသားစုအကြီးအကဲများသည် သူတို့၏လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်ကာ ကျိန်ဆဲနေကြ၏။
ကျန်းဟုန်က အေးစက်စက်နှာတစ်ချက်မှုတ်လိုက်သည်။
"ဟမ့်...ငါ မင်းတို့ကို စီနီယာရဲ့ခွန်အားအကြောင်း ပြောပြခဲ့တယ်...ဒါပေမယ့် မင်းတို့က ငါ့ကို မယုံကြည်ကြဘူး...အခု စီနီယာရဲ့အရည်အချင်းကိုမြင်တဲ့အချိန်ကျမှ မင်းတို့နောင်တရမနေကြနဲ့...ဒါက အသုံးမဝင်တော့ဘူး"
အကြီးအကဲများက စိတ်ပျက်လက်ပျက်ဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
အမှန်အားဖြင့် သူတို့သည် ကျန်းဟုန်မှနေ၍ လုယွီကို ချီးမွမ်းပြောဆိုနေသည်ကို ကြားခဲ့သော်လည်း အလေးအနက်မထားခဲ့ချေ။သူတို့သည် လုယွီကို မည်သည့်အရာကိုမျှ မသိနားမလည်သော လူငယ်တစ်ယောက်ဟုသာ ထင်မြင်ခဲ့ကြ၏။
လုယွီက ခပ်ဖျော့ဖျော့ပြုံးကာ သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"စိတ်တော့မရှိပါနဲ့...မင်းတို့ဓားရေအိုင်မြင့်မြတ်နယ်မြေက ငါ့ကို ဆွဲထားနိုင်မှာမဟုတ်ဘူး"
Chapter 2909
လုယွီ ထိုသို့ပြောဆိုလိုက်သည်နှင့် ဝေ့မိသားစုမှလူများက သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်ကြသည်။
ထိုကောင်လေးသည် အကောင်းအဆိုးကို နားမလည်သောသူပင်။
ဓားရေအိုင်မြင့်မြတ်နယ်မြေ၏ ခေါင်းဆောင်ဝင်္ကပါပညာရှင်နေရာသည် အကြီးအကဲတစ်ယောက်နှင့် ညီမျှသည်။သူ့အား ဓားရေအိုင်မြင့်မြတ်နယ်မြေ၏ အဆင့်အတန်းမြင့်မားသော အကြီးအကဲတစ်ယောက်ဟု ယူဆနိုင်သည်။
ထိုရာထူးနေရာဖြင့်ဆိုပါက သူသည် မြင့်မားသောအဆင့်အတန်းကို ရရှိရုံသာမက ဓားရေအိုင်မြင့်မြတ်နယ်မြေ၏အဖိုးတန်ရှားပါးသော ကျင့်ကြံနည်းစနစ်များကို တားဆီးပိတ်ပင်မှုမရှိ ဖတ်ရှုနိုင်သည်။
ထိုနေရာကို လိုချင်တပ်မက်နေသော လူအမြောက်အများရှိသော်လည်း လုယွီကမူ လွယ်လင့်တကူ လက်လွှက်လိုက်သည်။
"လေလုံးထွားလိုက်တာ...နင့်မှာ ဘယ်လိုအရည်အချင်းတွေရှိနေလို့ ငါတို့ဓားရေအိုင်မြင့်မြတ်နယ်မြေကိုတောင် နင်က မျက်စေ့ထဲမထည့်တာလဲဆိုတာ ငါ မြင်ချင်တယ်"
အေးစက်စက်အလင်းတန်းတစ်တန်းက ဝေ့မုန့်ထင်၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။
သူမသည် လုယွီ၏မောက်မာဝံ့ကြွားမှုကို သည်းခံနိုင်သော်လည်း သူမက စိတ်ရင်းစေတနာကောင်းဖြင့် သူ့အား ဓားရေအိုင်မြင့်မြတ်နယ်မြေသို့ ခေါ်ယူလိုခြင်းဖြစ်သည်။အကယ်၍ လုယွီသည် ထိုအရာကို လက်မခံဟုဆိုပါက သူ့အတွက် မည်သည့်အရာကကောင်းသည်ကို သူ မသိနားမလည်ခြင်းပင်။
"တကယ်လို့ နင်က ငါ့ရဲ့ဝင်္ကပါကို ခုခံနိုင်မယ်ဆိုရင်...ငါ ချက်ချင်း စင်မြင့်ပေါ်ကနေဆင်းသွားမယ်...ဒါကို ကျန်းမိသားစုရဲ့နိုင်ပွဲလို့ သတ်မှတ်လို့ရတယ်"
ဝေ့မုန့်ထင်က သူမ၏လက်ချောင်းများကိုလှုပ်ခတ်လိုက်ရာ သူမ၏ခြေထောက်အောက်၌ ထောင်နှင့်ချီသောဓားရှည်များ ရုတ်တရက်ထွက်ပေါ်လာသည်။
ထိုဓားရှည်များသည် မိုးကောင်းကင်ယံသို့ ချိန်ရွယ်ထားကာ ထိုအရာများ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် အလွန်ပြင်းထန်ပေ၏။ထိုဓားရှည်များသည် ယာယီအားဖြင့် ရပ်တန့်နေသည်။
"လက်ချောင်းတွေကိုလှုပ်ခတ်လိုက်ရုံနဲ့ ဝင်္ကပါတစ်ခုကို ဖွဲ့စည်းနိုင်တာလား...ဝေ့မိသားစုရဲ့ အကြီးဆုံးသခင်မလေးက တကယ်ကိုပဲ မရိုးရှင်းဘူး"
ကျန်းမိသားစုအကြီးအကဲများအားလုံး စိုးရိမ်ပူပန်စပြုလာသည်။
မည်သို့ပင်ဆိုစေကာမူ ဓားရေအိုင်မြင့်မြတ်နယ်မြေ၏ဆက်ခံသူ ဖြစ်လာသူသည် မြင့်မြတ်နယ်မြေအတွင်းရှိ လူငယ်မျိုးဆက်သစ်များအကြား၌ သန်မာအားကောင်းဆုံးနှင့် အလားအလာအရှိဆုံးသူဖြစ်သည်။
ဤကဲ့သို့ လူစားမျိုးနှင့်ရင်ဆိုင်ရချိန်တွင် ယခင်မျိုးဆက်ဟောင်းများမှ စီနီယာများပင်လျှင် သတိလက်လွတ်ရင်ဆိုင်ဝံ့မည်မဟုတ်ချေ။
ဝေ့မုန့်ထင်သည် ဓားဝင်္ကပါပေါ်သို့ ခြေချကာ ရုတ်တရက် ခြေတစ်လှမ်းရှေ့တက်လိုက်၏။သူမ၏ခြေထောက်အောက်ရှိ ထောင်နှင့်ချီသောဓားများသည် သူမနှင့်အတူလိုက်ပါ၍ လေထုအတွင်းသို့ မြင့်တက်သွားသည်။
ထိုဓားရှည်များတွင် ကိုယ်ပိုင်အသိစိတ်ရှိသည့်အလား လေထုအတွင်း၌ လူးလွန့်နေသည်။
ရုတ်တရက် လူသားအသွင်ပုံရိပ်ယောင်တစ်ခုစီက ဓားပျံတစ်လက်စီတိုင်း၏နံဘေး၌ ထွက်ပေါ်လာသည်။ထိုပုံရိပ်ယောင်များသည် သူတို့၏နံဘေးရှိ ဓားပျံကို သူတို့၏လက်ဖြင့် ဆုပ်ကိုင်လိုက်ကြ၏။
ရုတ်ချည်းဆိုသလိုပင် ထောင်နှင့်ချီသောပုံရိပ်ယောင်များက ဝေ့မုန့်ထင်၏နောက်၌ ထွက်ပေါ်လာသည်။
"ငါ့မှာ ဓားအင်မော်တယ်သုံးထောင်ရှိတယ်....ဘယ်လိုဝင်္ကပါမျိုးပဲဖြစ်ဖြစ် ငါက ဓားတစ်လက်နဲ့ဖျက်ဆီးနိုင်တယ်....လုယွီ...နင်က အရမ်းမောက်မာလွန်းတယ်...ဒီလောကထဲမှာ နင့်ကို အနိုင်ယူနိုင်တဲ့လူ ရှိနေမယ်လို့ နင် တွေးရောတွေးမိရဲ့လား"
ဝေ့မုန့်ထင်က လက်ညှိုးညွှန်လိုက်ရာ ဓားအင်မော်တယ်များက သူတို့၏ဓားများကိုကိုင်မြှောက်၍ ရှေ့သို့တဟုန်ထိုး ပြေးတက်လာကြသည်။
"သတ်...သတ်...."
စစ်သင်္ဘောများပေါ်ရှိ စိတ်ဝိညာဥ်အမြှောက်များ တပြိုင်နက်တည်း လင်းလက်တောက်ပသွားသည်။တစ်ချိန်တည်းမှာပင် စစ်သင်္ဘောများ၏ကုန်းပတ်များပေါ်ရှိ စစ်သားများသည် ရန်သူများကိုတိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြ၏။
"ကောင်းကင်ဘုံ...သူက တကယ့်ကိုပဲ ဝင်္ကပါရဲ့စွမ်းအားကို ဓားရေအိုင်မြင့်မြတ်နယ်မြေက ဓားအင်မော်တယ်သုံးထောင်ရဲ့အသွင်ပြောင်းလဲလိုက်တာလား"
"ဒါက ဓားရေအိုင်မြင့်မြတ်နယ်မြေရဲ့ အားအကောင်းဆုံး တိုက်ခိုက်မှုစွမ်းအားပဲ...သူတို့တွေက ရန်သူတွေကြားကို တရကြမ်းတိုးဝင်တိုက်ခိုက်တာနဲ့ ဘယ်သူကမှ သူတို့ကို အနိုင်မယူနိုင်ဘူး...အတိတ်မှာတုန်းက သူတို့တွေက တော်ဝင်နန်းတွင်းကိုကူညီပြီးတော့ ပုန်ကန်သူတွေကို တိုက်ခိုက်ပေးခဲ့တဲ့အတွက် ဂိုဏ်းတွေနဲ့အင်အားစုတွေအကြားမှာ သာလွန်ထူးကဲတဲ့နေရာမျိုးကိုရခဲ့တယ်...လုယွီက ဒါကို ဟန့်တားနိုင်ပါ့မလားဆိုတာ ငါ မသိဘူး"
ဓားအင်မော်တယ်သုံးထောင်သည် စစ်သင်္ဘောများဆီသို့ အလျှင်အမြန်ပြေးဝင်၍ တိုက်ခိုက်နေသည်။
စိတ်ဝိညာဥ်အမြှောက်များမှ အလင်းတန်းများသည် အလွန်လျှင်မြန်သော်လည်း ထိုဓားအင်မော်တယ်များ၏ လှုပ်ရှားမှုလမ်းကြောင်းများကို မှန်းဆရန် အလွန်အမင်းခက်ခဲကာ သူတို့အား ခြေရာကောက်၍မရနိုင်ချေ။ဤနေရာ၌ စိတ်ဝိညာဥ်အမြှောက်များ မည်မျှပင်ရှိနေပါစေ ထိုဓားအင်မော်တယ်ပုံရိပ်ယောင်များကို ရိုက်ခတ်မိရန် လွန်စွာခက်ခဲသည်။
ဘုန်း...ဘုန်း...ဘုန်း...
ဓားအင်မော်တယ်များသည် စစ်သင်္ဘောကုန်းပတ်ပေါ်ရှိစစ်သားများထံသို့ ရောက်ရှိသွားချိန်တွင် တစ်ဖက်သက်ဆန်သောမြင်ကွင်း ထွက်ပေါ်လာသည်။
စစ်သားများသည် ဓားအင်မော်တယ်များကို မည်သို့မျှ ယှဥ်ပြိုင်နိုင်ခြင်းမရှိချေ။သူတို့သည် ထိုဓားအင်မော်တယ်များ၏လက်အတွင်းမှ ဓားများဖြင့် ခုတ်ပိုင်းခြင်းခံရတော့သည်။
မူလက ကြီးကျယ်ခမ်းနားသော စစ်သင်္ဘောဝင်္ကပါကြီးသည် ဓားအင်မော်တယ်များ၏လက်ချက်ကြောင့် ပျက်စီးသွားကာ ပြိုလဲလုဆဲဆဲအခြေအနေမျိုးသို့ ရောက်ရှိနေလေပြီ။
"ဒါက ဓားရေအိုင်မြင့်မြတ်နယ်မြေက ဓားအင်မော်တယ်သုံးထောင်ရဲ့စွမ်းအားလား...ကြည့်ရတာတော့ လုယွီ ရှုံးနိမ့်တော့မယ့်ပုံပဲ"
"ဟူး...ဘယ်လိုပဲဖြစ်ဖြစ် တစ်ဖက်လူက ဓားရေအိုင်မြင့်မြတ်နယ်မြေရဲ့ သူတော်စင်မိန်းမပျိုလေ...လုယွီ ဒီလောက်ထိ ခုခံတိုက်ခိုက်နိုင်တာကပဲ သူ ဂုဏ်ယူဝင့်ကြွားလို့ရနေပြီ"
လူအမြောက်အများက တိတ်တဆိတ် သက်ပြင်းရှိုက်လိုက်ကြ၏။လုယွီ ရှုံးနိမ့်သွားမည်ဟုသာ သူတို့အားလုံး တွေးထင်ထားကြသည်။
ဓားအင်မော်တယ်သုံးထောင်သည် လုယွီနှင့် ဆယ်မီတာခန့်ပင် မဝေးတော့သောနေရာသို့ ရောက်ရှိနေကာ သူ့အား တိုက်ခိုက်လုဆဲဆဲ အခြေအနေမျိုးသို့ ရောက်ရှိနေလေပြီ။
"တကယ်လို့ အဲ့ဒီစစ်သင်္ဘောတွေက မင်းတို့ကို မသတ်နိုင်ဘူးဆိုရင်...ဒါဆိုရင် ငါ့နောက်ကဟာဆိုရင်ရော ဘယ်လိုဖြစ်နိုင်လဲ"
လုယွီက သူ့ထံတိုးဝင်လာသော ဓားအင်မော်တယ်များကို တစ်ချက်ကြည့်ကာ အေးစက်စက် အော်ငေါက်လိုက်၏။
Chapter 2910
လုယွီ၏အသံ လွင့်ပြယ်သွားချိန်တွင် သူ၏အနား၌ မျောလွင့်နေသော စစ်သင်္ဘောများ ရုတ်တရက် ကွဲထွက်သွားသည်။
နဝမလွှသွားစစ်သင်္ဘောကြီးများ၏နောက်မှနေ၍ ရုတ်တရက် ပို၍ကြီးမားသော တိုက်ပွဲဝင်ဝင်္ကပါကြီး ထွက်ပေါ်လာသည်။
ထိုတိုက်ပွဲဝင်ဝင်္ကပါကြီးကို ဦးဆောင်ထားသည်မှာ နဝမလွှသွားစစ်သင်္ဘောကြီးထက်ပင် ပို၍ကြီးမားသော စစ်သင်္ဘောကြီးသုံးစီးပင်။ထိုစစ်သင်္ဘောကြီး၏ဦးပိုင်းသည် ရက်စက်ကြမ်းကြုတ်သော နဂါးတစ်ကောင်၏ဦးခေါင်းပုံသဏ္ဍာန်ရှိသည်။ထိုစစ်သင်္ဘောကြီးသည် အထပ်ဆယ်ထပ်မြင့်မားကာ သင်္ဘောကိုယ်ထည်ကို ရွှေနက်ဖြင့် ပြုလုပ်ထားသည်။ဤသည်က တော်ဝင်နန်းတွင်းသာ ပိုင်ဆိုင်သော 'နတ်ဘုရားသတ္ထု'ပင်။ထိုသတ္ထုသည် အဖိုးမဖြတ်နိုင်အောင် တန်ကြေးကြီးမားရုံသာမက အလွန်အမင်းမာကြောခိုင်ခံ့သည်။
အလံများက လေထုအတွင်း၌ တဖျတ်ဖျတ်လူးလွန့်နေသည်။ထိုစစ်သင်္ဘောသုံးစီး၏နောက်တွင် အစစ်အမှန်နဂါးတစ်ရာကျော်ခန့် ရှိနေလေ၏။ထိုနဂါးတစ်ကောင်စီ၏နောက်ကျောပေါ်တွင် ရာနှင့်ချီသော စစ်သားများရှိနေသည်။ထိုစစ်သားများသည် တောက်ပသောသံချပ်ကာဝတ်စုံများကို ဝတ်ဆင်ထားသည်။သူတို့၏ဝတ်စုံပခုံးနေရာတွင် နဂါးအမှတ်အသားရှိနေသဖြင့် သာမာန်စစ်သားများမဟုတ်သည်မှာ သိသာထင်ရှားလှ၏။
ထိုနဂါးများ၏အကြားတွင် ကြီးကျယ်ခမ်းနားသော စစ်ရထားတစ်စီးရှိနေသည်။
ထိုစစ်ရထား၏နံဘေးပတ်လည်တွင် ရာနှင့်ချီသော နဂါးအစောင့်များနှင့် ရွှေရောင်သံချပ်ကာဝတ်စစ်သားများက မတ်တတ်ရပ်နေသည်။ထိုစစ်ရထားလုံး၏နောက်တွင် မရေမတွက်နိုင်သော နဂါးအလံများက တဖျတ်ဖျတ်လူးလွန့်နေသည်။
လုယွီ၏ပုံရိပ်က ထိုစစ်ရထားလုံးပေါ်၌ ထွက်ပေါ်လာသည်။
လုယွီက သူ၏လက်ကိုမြှောက်ကာ အောက်ရှိဓားအင်မော်တယ်များထံဦးတည်၍ သူ၏လက်ကို ပြင်းပြင်းထန်ထန် လွှဲယမ်းလိုက်၏။
ထောင်သောင်းချီသောစစ်သားများသည် မြစ်ကိုဖြတ်ကူးနေသော ရက်စက်ကြမ်းကြုတ်သည့်နဂါးများအလား ဓားအင်မော်တယ်များထံသို့ တဟုန်ထိုးတိုးဝင်သွားသည်။
ဓားအင်မော်တယ်များတွင် အလွန်လျှင်မြန်သော လှုပ်ရှားမှုနည်းစနစ်များနှင့်ဓားနည်းစနစ်များ ရှိသော်လည်း မည်သည့်တိုက်ခိုက်မှုမျိုးနှင့် တိုက်ခိုက်သည်ဖြစ်စေ ရှိခိုးကောင်တစ်ကောင်က သူ့ရှေ့ရှိစစ်ရထားကို ဟန့်တားနေသည်နှင့်တူညီကာ အနည်းငယ်မျှပင် တောင့်ခံနိုင်စွမ်းမရှိချေ။
"ဒီဝင်္ကပါက....ငါ ဒါကို အတိတ်မှာတုန်းက တွေ့မြင်ခဲ့ဖူးတယ်...ဒါက တော်ဝင်အကန့်အသတ်မဲ့ဝင်္ကပါပဲ...ဒီဝင်္ကပါက သွားလေသူဧကရာဇ် စစ်တပ်ကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ခဲ့တဲ့အချိန်တုန်းက ဖန်တီးခဲ့တဲ့ တိုက်ပွဲဝင်ဝင်္ကပါပဲ...သူက ဝင်္ကပါကို ဒီလောက်ထိအောင် ဆင့်ပွားဖွဲ့စည်းလိုက်တာပါလား"
မဟာအကြီးအကဲက မတ်တတ်ထရပ်ကာ တည်ကြည်လေးနက်သော မျက်နှာအမူအယာဖြင့် ကြည့်လိုက်၏။
ဤနေရာတွင် သူသည် အသက်အကြီးဆုံးဖြစ်သည့်အပြင် အသိပညာဗဟုသုတ ကြွယ်ဝသူတစ်ယောက်ပင်။
ဤနေရာရှိလူအများစုသည် ဤကဲ့သို့မဟာဝင်္ကပါမျိုးကို မမြင်တွေ့ဘူးသော်လည်း အနည်းငယ်တုန်လှုပ်ချောက်ချားမှုကို ခံစားနေရသည်။မဟာအကြီးအကဲတစ်ယောက်တည်းကသာ ဤမဟာဝင်္ကပါကြီး မည်မျှထိအစွမ်းထက်သည်ကို သိရှိထားသည်။
အတိတ်တွင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် ဤမဟာဝင်္ကပါကြီးကိုအသုံးပြု၍ ပုန်ကန်သူများကို နှိမ်နင်းခဲ့ရာတွင် သူ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်လှုပ်ရှားရန်ပင် မလိုအပ်ခဲ့ချေ။မည်သည့်ရန်သူမျိုးဖြစ်နေပါစေ ဤမဟာဝင်္ကပါကြီးနှင့် ရင်ဆိုင်ရချိန်တွင် ရှုံးနိမ့်သွားကြ၏။
တာယွီအင်ပါယာ၏ မြစ်ချောင်းများအကြားတွင် ယခင်က အစွမ်းထက်သောအင်အားစုတချို့ ရှိခဲ့လေ၏။ထိုအင်အားစုများသည် တာယွီအင်ပါယာကို အခွန်ပေးဆောင်ခြင်းမပြုသည့်အပြင် နန်းတွင်းအရာရှိများကို လက်လွတ်စပယ်သတ်ဖြတ်ခဲ့သည်။သူတို့သည် တော်ဝင်နန်းတွင်း၏စည်းမျဥ်းဥပဒေများကို အနည်းငယ်မျှပင် ဂရုမစိုက်ချေ။
သို့သော် နောက်ပိုင်းတွင် ဤမဟာဝင်္ကပါကြီးတည်ရှိမှုကြောင့် တော်ဝင်စစ်တပ်သည် သစ်ရွက်ကြွေများကို အဝေးသို့တိုက်ခတ်သွားသည့် ဆောင်းဦးလေညှင်းများအလား ထိုအင်အားစုများကို ရှင်းလင်းနိုင်ခဲ့သည်။
ထိုအချိန်တုန်းက မည်မျှထိအစွမ်းထက်ပြီး အင်အားကြီးမားသော အင်အားစုဖြစ်နေပါစေ အဆုံးသတ်၌ ပျက်စီးသွားခဲ့ရသည်။
ဝုန်း...
ကောင်းကင်ယံကြီးတုန်ခါသွားလုမတတ် မြည်ဟီးသံနှင့်အတူ ဓားအင်မော်တယ်သုံးထောင်သည် မရေမတွက်နိုင်သော စစ်သားများအကြားတွင် နစ်မြုပ်သွားလေ၏။
ဓားအင်မော်တယ်များ၏ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ဓားနည်းစနစ်များသည် ရန်သူများအပေါ်၌ လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့သော်လည်း ဤကဲ့သို့မဟာဝင်္ကပါကြီးနှင့် ရင်ဆိုင်ရချိန်တွင် အသုံးမဝင်ချေ။
"သတ်..."
မြောက်မြားစွာသော တိုက်ပွဲခေါ်သံများနှင့်အတူ သံချပ်ကာဝတ်စစ်သားများသည် ဝေ့မုန့်ထင်ထံသို့ အရပ်မျက်နှာအဘက်ဘက်မှ တိုးဝင်သွားကာ သူမအား အဘက်ဘက်မှ ဝိုင်းရံပိတ်ဆို့ထားပြီး နောက်ဆုတ်ရန်ပင် အခွင့်အရေးမပေးတော့ချေ။
ဝေ့မုန့်ထင်သည် အကောင်းဆုံးကြိုးစား၍ ဓားဝင်္ကပါကို ထိန်းချုပ်လိုက်သော်လည်း ထိုအရာသည် အချိန်အနည်းငယ်မျှသာ ကြာမြင့်ခဲ့ပြီး သူမသည် ထပ်မံ၍ တောင့်ခံမထားနိုင်တော့ချေ။
ကောင်းကင်ယံအတွင်း၌...မြေပြင်ပေါ်၌...
ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ပါက လုယွီ၏မဟာဝင်္ကပါကြီးမှ ဖွဲ့စည်းထားသောစစ်သားများက နေရာအနှံ့အပြား၌ရှိနေသည်။
အေးစက်စက်ဓားသွားများသည် ဝေ့မုန့်ထင်၏အနီးသို့ချဥ်းကပ်သွားကာ သူမနှင့်လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေလေပြီ။
ဘုန်း...ဘုန်း...ဘုန်း...
အက်ကွဲသံများ အဆက်မပြတ် မြည်ဟီးနေသည်။ဝေ့မုန်ထင်၏နံဘေးပတ်လည်ရှိ ဓားဝင်္ကပါကြီးသည် သူမကို ထပ်မံ၍ ထောက်ပံမပေးနိုင်တော့ဘဲ မကြာမီမှာပင် ပျက်စီးသွားလေ၏။
ဓားဆယ်လက်ကျော်က ဝေမုန့်ထင်၏လည်ပင်းပေါ်သို့ ချိန်ရွယ်ပြီးချိန်တွင် ဝင်္ကပါမှဖွဲ့စည်းထားသော ပတ်ဝန်းကျင်ရှိစစ်သားများအားလုံး၏လှုပ်ရှားမှုများ တပြိုင်နက်တည်း ရပ်တန့်သွားကြသည်။
"ငါ အရင်က ပြောခဲ့သလိုပဲ...မင်းတို့ဓားရေအိုင်မြင့်မြတ်နယ်မြေက ငါ့ကိုထိန်းသိမ်းထားနိုင်မှာမဟုတ်ဘူး"
လုယွီ၏အသံက တိုက်ပွဲစင်မြင့်တစ်ခုလုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။