← Chapters

အခန်း (၂၉၁၆-၂၉၂၀)

Vol. 149 Ch. 2916-2920

အခန်း (၂၉၁၆-၂၉၂၀)

Vol. 149 Ch. 2916-2920

Chapter 2916

"နဝမညီလေးက ဆရာသခင်လုကို ရန်စစော်ကားမိတဲ့အတွက် အပြစ်ပေးခံရတာ ထိုက်တန်ပါတယ်"

မဟာအကြီးအကဲက ဖြည်းညှင်းစွာ ပြောဆိုသည်။

မဟာအကြီးအကဲသည် အမှန်တကယ်ကိုပင် အလျှော့ပေးလိုက်သလော....

ပတ်ဝန်းကျင်ရှိကျန်းမိသားစုဝင်များ တဖန်ထပ်၍ ထိတ်လန့်တုန်လှုပ်သွားသည်။မဟာအကြီးအကဲသည် ကျန်းမိသားစုအတွင်း၌ အမြင့်မားဆုံး အခွင့်အာဏာရှိသူပင်။သူသည် အစဥ်အမြဲ စကားကိုလျှော့ပြော၍ မည်သည့်ပြဿနာကိုမဆို ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖြေရှင်းတတ်သူဖြစ်သည်။မမျှော်လင့်ဘဲ သူသည် ဤကိစ္စတွင် လုယွီကို အလျှော့ပေးလိုက်လေ၏။

မဟာအကြီးအကဲက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"တစ်ယောက်ယောက်....နဝမအကြီးအကဲကို သူ့ရဲ့ဒဏ်ရာတွေကုသပေးဖို့ ပြန်ခေါ်သွားကြစမ်း...ပြီးတော့ မင်းက ကျန်းမိသားစုရဲ့စီးပွားရေးလုပ်ငန်းတွေကို အခုချိန်ကနေစပြီးတော့ တာဝန်ယူစရာမလိုတော့ဘူး...ဟုန်အာက ကြီးပြင်းလာပြီ...ဒီတာဝန်တွေကို သူ ယူလိမ့်မယ်...ရှန့်ပင်လယ်ကြယ်မြစ်ရဲ့ပတ်ဝန်းကျင်က မဆိုးဘူး...နောင်တစ်ချိန်မှာ မင်းက အဲ့ဒီနေရာကိုသွားပြီးတော့ အနားယူရမယ်"

အစောင့်တချို့က နဝမအကြီးအကဲကို တွဲထူပေးလိုက်၏။မဟာအကြီးအကဲ၏စကားကိုကြားချိန်တွင် သူ၏မျက်နှာတပြင်လုံး သွေးဆုတ်ဖြူရော်သွားသည်။

သူ့ထံတွင် စီးပွားရေးလုပ်ငန်းများကို စီမံအုပ်ချုပ်ရသော အခွင့်အာဏာမရှိတော့ပါက သူ ပိုင်ဆိုင်ထားသော ပစ္စည်းဥစ္စာများအားလုံး အချည်းနှီးသာဖြစ်ပေမည်။

သူက လုယွီကိုတစ်ချက်ကြည့်ကာ မည်ကဲ့သို့ပြောဆိုရမည်ကို မသိတော့ချေ။ထို့ကြောင့် သူ၏ခေါင်းကိုငုံကာ ပြောဆိုလိုက်၏။

"ငါက မဟာအကြီးအကဲရဲ့အမိန့်ကို လိုက်နာပါ့မယ်"

နှိုင်းယှဥ်ကြည့်ပါက ကျန်းဟုန်သည် အလွန်အမင်း စိတ်လှုပ်ရှားနေသည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံး အထိန်းအချုပ်မဲ့စွာဖြင့် တုန်ရီနေကာ သူ၏စိတ်ခံစားချက်များက ယောက်ယက်ခတ်နေသည်။

ကျန်းဟုန်သည် နာမည်ခံမိသားစုခေါင်းဆောင်သာဖြစ်ပြီး မိသားစုအတွင်း၌ အစစ်အမှန်အခွင့်အာဏာမရှိချေ။သူ တစ်စုံတစ်ခု ပြုလုပ်သည့်အချိန်တိုင်း အကြီးအကဲများ၏တားမြစ်ခြင်းကိုခံရသည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ သူ၏ကိုယ်ပိုင်အခွင့်အာဏာကို ရရှိလေပြီ။

နဝမအကြီးအကဲကို အဝေးသို့စေလွှတ်လိုက်ပါက သူ၏နောက်လိုက် ကျန်းမိသားစုဝင်များ လူစုကွဲသွားပေမည်။

"ကျန်းမိသားစုထဲမှာ ပြောင်းလဲမှုကြီးကြီးမားမားတွေ ဖြစ်လာတော့မှာပဲ"

ကျန်းမိသားစုဝင်တချို့က တီးတိုးရေရွတ်လိုက်ကြ၏။

နဝမအကြီးအကဲ နိမ့်ပါးသွားမှုနှင့်အတူ ကျန်းဟုန်သည် ဘဏ္ဌာရေးကိစ္စများကို စီမံအုပ်ချုပ်ရတော့မည်ဖြစ်ရာ တိုက်ရိုက်သွေးမျိုးဆက်ဟူသောအချက်ဖြင့် သူ၏ခွန်အားများ တည်ငြိမ်စွာမြင့်တက်လာကာ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားနိုင်သည်။

နဝမအကြီးအကဲနှင့် ပူးပေါင်းမည်ဟု ကတိသစ္စာပြုထားသူများသည် သူတို့၏အူများ အစိမ်းရောင်သို့ ပြောင်းလုမတတ် နောင်တရနေကြ၏။သူတို့သည် ထိုကတိသစ္စာကြောင့် နဝမအကြီးအကဲ၏နောက်လိုက်များ ဖြစ်နေလေပြီ။ယခုချိန်ကျမှ သူတို့သည် ကျန်းဟုန်ဘက်သို့ ကူးပြောင်းလိုပါက အလွန်အမင်း ခက်ခဲပေမည်။

လုယွီ၏အကြည့်က ကျန်းချွယ်ပေါ်သို့ ကျရောက်သွားသည်။

နဝမအကြီးအကဲ၏လက် ပြတ်တောက်သွားစဥ်ကတည်းက ကျန်းချွယ်သည် အောက်ဘုံအတွင်း၌ ဖြစ်ပျက်ခဲ့သော ကိစ္စများကို ပြန်လည်တွေးတောမိသွားလေ၏။

ထိုအချိန်တုန်းက လုယွီသည် အောက်ဘုံ၌ ပြိုင်ဘက်ကင်းတည်ရှိမှုကြီးနီးပါး ဖြစ်ခဲ့ကာ အလွန်နည်းပါးသူတချို့သာ သူ၏ပြိုင်ဘက်ဖြစ်နိုင်ခဲ့သည်။

နန်ရှန့်၏မြင့်မြတ်သောနယ်စားမင်းဖြစ်သည့် ကျန်းချွယ်ပင်လျှင် ချွင်းချက်မရှိခဲ့ချေ။

ကျန်းချွယ်၏ခန္ဓာကိုယ်တုန်ရီနေကာ သူ၏ထိတ်လန့်ကြောက်ရွံမှုသည် အထွတ်အထိပ်အခြေအနေမျိုးသို့ ရောက်ရှိနေလေပြီ။

"လုယွီ...ငါတို့က ဇာတိမြို့အတူတူကနေ လာကြတာ...ငါက နဝမအကြီးအကဲကို မင်းရဲ့နောက်ကြောင်းကို ပြောပြမိတာပဲရှိတယ်...ဒါပေမယ့် ငါ မင်းကို ဘာရန်စစော်ကားတာမျိုးမှ မလုပ်ခဲ့ဘူး"

လုယွီက ကျန်းချွယ်ကို အေးစက်စက်အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်၏။

"မင်းက ငါနဲ့ဇာတိမြို့အတူတူဆိုပြီးပြောဖို့ ထိုက်တန်လို့လား"

အတိတ်တွင် ကောင်ကင်ဘုံလမ်းကြောင်း၌ ကျန်းချွယ်နှင့်လုဝူယာသည် လုယွီကို အခက်တွေ့စေရန်ရည်ရွယ်၍ ကိစ္စအမြောက်အများကို ပြုလုပ်ခဲ့သည်။

လုယွီသည် ထိုကိစ္စများနှင့်ပတ်သတ်၍ ပြဿနာမရှာခဲ့သော်လည်း သူ မေ့လျော့သွားပြီဟု ဆိုလိုခြင်းမဟုတ်ချေ။

ထို့ပြင် ကျန်းချွယ်သည် လုယွီ၏နောက်ကြောင်းကို နဝမအကြီးအကဲအား ပြောဆိုခဲ့ခြင်းမှာ ရည်ရွယ်ချက်ရှိရှိ ပြဿနာရှာခြင်းပင်။

အကယ်၍ ဤနေရာတွင် လုယွီသာ မဟုတ်ခဲ့ပါက ကျန်းချွယ်သည် စကားများစွာပြောမည်မဟုတ်ချေ။

"ဒီနေရာက ကျန်းအိမ်တော်...ဘယ်လိုပဲဖြစ်ဖြစ် ကျန်းမိသားစုခေါင်းဆောင်ရဲ့ မျက်နှာကိုထောက်ပြီးတော့ ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်...ဒီနေ့ကနေစပြီးတော့ ငါ မင်းကို တော်ဝင်မြို့တော်ထဲမှာ ထပ်မမြင်ချင်ဘူး...မဟုတ်လို့ကတော့ နောက်တစ်ကြိမ် မင်းကိုငါ ထပ်တွေ့ရတဲ့နေ့က မင်းသေရမယ့်နေ့ပဲ"

လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

ဤအချိန်အခိုက်အတန့်တွင် ကျန်းချွယ်သည် လုယွီကို ယခင်က ရန်စစော်ကားထားမိကြောင်း လူတိုင်းသိရှိသွားကြ၏။

"လာကြစမ်း...အဲ့ဒီကောင်ကို ကျန်းအိမ်တော်ကနေ ခုချက်ချင်း မောင်းထုတ်လိုက်ကြစမ်း"

ကျန်းဟုန်က ရုတ်တရက် အော်ဟစ်လိုက်သည်။

အစောင့်တချို့ပြေးဝင်လာကာ ကျန်းချွယ်ကို ချက်ချင်းဖမ်းချုပ်လိုက်ကြသည်။

ကျန်းချွယ်သည် အလွန်ကြောက်ရွံထိတ်လန့်သွားကာ စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"မိသားစုခေါင်းဆောင်...ဒါက နားလည်မှုလွဲမှားတာပါ...ကျွန်တော် မှားခဲ့တာကို ကျွန်တော်သိပါပြီ....ကျွန်တော်ရဲ့အမှားတွေကို ကျွန်တော်သိပါပြီ..."

သူသည် ကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိလာစဥ်၌ သူ ဂုဏ်ယူဝင့်ကြွားရသည့် တစ်ခုတည်းသောအချက်မှာ သူသည် ကျန်းမိသားစုဝင် ဖြစ်နေခြင်းပင်။

Chapter 2917

ထိုအဆင့်အတန်းသာမရှိပါက သူ၏လေလွင့်အင်မော်တယ်ခွန်အားဖြင့် ဤကောင်းကင်ဘုံနယ်မြေအတွင်းတွင် မည်သို့မျှအရာမဝင်နိုင်ချေ။

"အဲ့ဒီကောင်ကို ဝေးလံခေါင်သီတဲ့ ကြယ်နယ်မြေတစ်ခုစီ မောင်းထုတ်လိုက်ကြစမ်း...သူ့ကို တစ်သက်လုံး တော်ဝင်မြို့တော်ထဲကို ပြန်ခြေချခွင့်မပြုဘူး"

ကျန်းဟုန်၏စကားလုံးများက အေးစက်တင်းမာနေသည်။

နဝမအကြီးအကဲပင်လျှင် နယ်နှင်ဒဏ်ပေးခံရမည်ဖြစ်ရာ ကျန်းချွယ်ကဲ့သို့လူတစ်ယောက်ကို မည်သည့်နည်းဖြင့် ထည့်တွက်နေမည်နည်း...

ကျန်းချွယ်ကို မောင်းထုတ်လိုက်ပြီးနောက် ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ကျန်းဟုန်က အပြုံးနှင့်ပြောဆိုသည်။

"စီနီယာ...ငါတို့ကျန်းအိမ်တော်မှာ နောက်ထပ်ရက်နည်းနည်းလောက် ထပ်နေပါအုံးလား...စီနီယာက ငါတို့ကျန်းမိသားစုအတွက် အများကြီးကူညီပေးခဲ့တယ်....ဒါပေမယ့် ငါတို့က စီနီယာကို သေသေချာချာဧည့်ခံဖို့ အချိန်မရခဲ့ဘူး"

လုယွီက ငြင်းဆန်ခြင်းမပြုသဖြင့် ကျန်းမိသားစုဝင်များအားလုံး အလွန်ပျော်ရွှင်သွားသည်။

ကျန်းမိသားစုအတွက် ကံကြမ္မာကောင်းကြီးသည် ဤလူငယ်ပါရမီရှင်ကြောင့် ရရှိခဲ့ခြင်းပင်။

ကျန်းမိသားစုသည် ချက်ချင်းဆိုသလိုပင် လုယွီကို နွေးနွေးထွေးထွေး ဧည့်ခံနိုင်ရန်အတွက် စားသောက်ပွဲကြီးတစ်ခုကို ပြင်ဆင်လိုက်၏။

အတိတ်တွင် လုယွီ ကျန်းအိမ်တော်သို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့စဥ်၌ အကြီးအကဲတချို့သည် သူ့အား အေးတိအေးစက် ဆက်ဆံခဲ့ကာ သူတို့၏မျက်နှာများပေါ်၌ အထင်အမြင်သေးသောအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

သို့ရာတွင် ယခုချိန်၌ ထိုအကြီးအကဲများသည် အပြုံးများဖြင့် နံဘေးဘက်ရှိ ထိုင်ခုံများပေါ်တွင် ထိုင်နေကြသည်။လုယွီသည် အဓိကထိုင်ခုံတွင်ထိုင်နေကာ သူ၏ဘေးတစ်ဖက်တစ်ချက်၌ မဟာအကြီးအကဲနှင့်ကျန်းဟုန်တို့ရှိနေသည်။

မည်သည့်နေရာတွင်ရှိနေပါစေ ခွန်အားကသာ အရေးပါဆုံးပင်။

လုယွီ ထုတ်ဖော်ပြသခဲ့သောခွန်အားသည် လက်ရှိနေရာတွင်ရှိနေသော ကျန်းမိသားစုဝင်များအားလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။ထို့ကြောင့် သူတို့သည် လုယွီကို အထူးဧည့်သည်တော်တစ်ယောက်အဖြစ် အလေးပေး၍ ဆက်ဆံနေကြ၏။

"ဆရာသခင်လုက ငယ်ရွယ်ပြီးတော့ အစွမ်းထက်တဲ့လူပဲ...မင်းရဲ့ဆရာသခင်က ဘယ်သူလဲဆိုတာ ငါ သိခွင့်ရှိမလား"

မဟာအကြီးအကဲသည် လုယွီကို သူကိုယ်တိုင် ဝိုင်အရက်ငှဲ့ထည့်ပေးနေရင်းမှ သွယ်ဝိုက်၍ မေးခွန်းထုတ်လိုက်သည်။

လုယွီက ဖုံးကွယ်ထားခြင်းမရှိဘဲ တည်ငြိမ်စွာပြောဆိုသည်။

"ငါ့ရဲ့ဆရာသခင်က တော်ဝင်နန်းတွင်းရဲ့မဟာဆရာသခင်ပဲ"

လူတိုင်း ထိတ်လန့်တုန်လှုပ်သွားသည်။မဟာအကြီးအကဲ၏လက်ချောင်းများပင် အနည်းငယ်တုန်ရီသွားပေ၏။

တော်ဝင်နန်းတွင်း၏မဟာဆရာသခင် စာပေသူတော်စင်ယီဟန်သည် အလွန်ခံစားချက်ကင်းမဲ့သူပင်။

အကယ်၍ လုယွီသည် စာပေသူတော်စင်ယီဟန်၏တပည့်ဟူသောသတင်းသာ ပြင်ပသို့ပျံ့နှံ့သွားပါက ကောင်းကင်ဘုံနယ်မြေတခွင်လုံး အံ့အားသင့်တုန်လှုပ်သွားပေမည်။

မဟာဆရာသခင်ယီဟန်သည် တော်ဝင်နန်းတွင်း၏ဆရာသခင်သုံးယောက်အနက် ခေါင်းဆောင်ဖြစ်သည်။ဒဏ္ဍာရီများအရ သူ၏ခွန်အားသည် အလွန်နက်နဲသိမ်မွေ့လှ၏။အစွမ်းထက်သော တာအိုသခင်တချို့ပင်လျှင် သူ့ရှေ့၌ အမှားမကျူးလွန်ဝံ့ချေ။

ဤကဲ့သို့အစွမ်းထက်ပညာရှင်တစ်ယောက်သည် တော်ဝင်နန်းတွင်း၏ အခြေခံအုတ်မြစ်ပင်။သူ၏တပည့်များသည် ပို၍ပင် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည်။

ဖူကျစ်ရွှယ်တစ်ယောက်တည်းကို ကြည့်လျှင်ပင် သူသည် နန်းတွင်း၏အရေးပါသော အရာရှိတစ်ယောက်ပင်။သူသည် အသက်ငယ်ရွယ်စဥ်မှာပင် တော်ဝင်နန်းတွင်း၏အရေးပါသော အရာရှိတစ်ယောက် ဖြစ်လာရုံသာမက သူ၏ခွန်အားသည် အလွန်အမင်း နက်နဲသိမ်မွေ့လှ၏။သူသည် နယ်မြေသခင်အဆင့် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်ခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

ယီဟန်၏တိုက်ရိုက်တပည့်များသာ သူ့ကို ဆရာသခင်ဟု ခေါ်ဆိုခွင့်ရှိသည်။မုန့်ကျူးယွင်ကဲ့သို့ နာမည်ခံတပည့်များသည် ယီဟန်ကို စာပေသူတော်စင်ဟုသာ ခေါ်ဆိုခွင့်ရှိပေ၏။

ထို့ကြောင့် လုယွီ၏အဆင့်အတန်းသည် ရှင်းရှင်းလင်းလင်း ထွက်ပေါ်သွားလေပြီ။

"အရင်တုန်းက ဒီလူအိုကြီးနဲ့တခြားလူတွေက မျက်လုံးကန်းပြီးတော့ သခင်လေးရဲ့အဆင့်အတန်းကို ရှင်းရှင်းလင်းလင်းမသိခဲ့ဘူး...ငါက ငါ့ကိုယ်ငါ အပြစ်ပေးတဲ့အနေနဲ့ ဝိုင်အရက်သုံးခွက်သောက်ပါ့မယ်"

မဟာအကြီးအကဲက စိတ်ခံစားချက်များနှင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်ကာ တခြားအကြီးအကဲများသည်လည်း ထိတိလန့်တုန်လှုပ်နေရာမှ အသိပြန်ဝင်လာကြ၏။

လုယွီထံတွင် မည်သည်ကြောင့် ဤကဲ့သို့ခွန်အားမျိုးရှိနေသည်မှာ အကြောင်းပြချက်ရှိသွားလေပြီ။

စာပေသူတော်စင်ယီဟန်၏တပည့်တွင် ဤကဲ့သို့ခွန်အားမျိုးရှိနေသည်မှာ ထူးဆန်းသောကိစ္စတစ်ရပ်မဟုတ်ချေ။

ထိုအချိန်မှာပင် ကျန်းဟုန်က ရုတ်တရက်မေးမြန်းသည်။

"စီနီယာလု...စီနီယာက ဒီနှစ်ကျင်းပမယ့် တော်ဝင်စာပေးပွဲမှာ ဝင်ပြီးဖြေဆိုမယ်လို့ ငါ ကြားထားတယ်...ဘာလို့ကျန်းအိမ်တော်မှာ မနေတာလဲ...ငါက တခြားဘာမှမပြောဝံ့ပေမယ့် ဒီနေရာရဲ့ပတ်ဝန်းကျင်အနေအထားက ရှားဟိုအိပ်တော်ထက် အများကြီးပိုကောင်းတယ်"

လုယွီသည် တော်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုမည်ဟု ဆိုလိုက်သလော....

လူတိုင်းက ကူကယ်ရာမဲ့စွာဖြင့် လုယွီကို တစ်ချက်ကြည့်လိုက်သော်လည်း ဤသည်က ကျိုးကြောင်းဆီလျော်ပေ၏။

လုယွီ၏အသက်သည် ငယ်ရွယ်သေးသဖြင့် ဤအချိန်သည် သူ တော်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန်အတွက် အချိန်ကောင်းဖြစ်သည်။

သို့ရာတွင် လုယွီ ပြသခဲ့သောခွန်အားသည် သူ၏အသက်အရွယ်တွင် ရှိသင့်သည်ထက် များစွာပို၍ကျော်လွန်နေသည်။ထို့ကြောင့် လူအများစုသည် လုယွီကို အချိန်အတော်ကြာ နာမည်ကျော်ကြားခဲ့သော အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဟုသာ တွေးတောနေကြ၏။

"ကောင်းပြီလေ...ငါက မင်းတို့ကျန်းအိမ်တော်ကိုပဲ ဒုက္ခပေးရတော့မယ်"

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

သူသည် ကျန်းအိမ်တော်မှ စာအုပ်များကို ဖတ်ရှုရန် ဆန္ဒရှိနေဆဲပင်။

လုယွီသည် ဘဝနှစ်ခုစာ အတွေ့အကြုံများရှိကာ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏မှတ်ဥာဏ်များရှိသော်လည်း အလွန်အမင်းကျယ်ပြန့်သော ကောင်းကင်ဘုံနယ်မြေနှင့်နှိုင်းယှဥ်ပါက သူသိထားသောအရာများမှာ မပြောပလောက်ချေ။သူ သင်ယူရန်လိုအပ်သောအရာများမှာ အကန့်အသတ်မရှိပေ။

Chapter 2918

လုယွီသည် ကျန်းအိမ်တော်၌နေရန် ရွေးချယ်ခဲ့သဖြင့် ကျန်းမိသားစုဝင်များသည် သူ့အား အထူးဧည့်သည်တော်အဖြစ် အလေးထား၍ ဆက်ဆံခဲ့ကြသည်။

သူ၏ဧည့်ဆောင်ကို မိသားစုခေါင်းဆောင်၏စာကြည့်ဆောင်နံဘေး၌ စီစဥ်ပေးထားလေ၏။နေ့စဥ်နေ့တိုင်း သူ့အား အထူးသီးသန့် ပြုစုစောင့်ရှောက်ပေးနေသော အစေခံအမြောက်အများရှိနေကာ အလွန်အမင်း ကြီးကျယ်ခမ်းနားသည်။

စာပေသူတော်စင်ကျန်းဟုန်၏အဆောင်မှလွဲ၍ လုယွီသည် ကျန်းအိမ်တော်အတွင်းရှိ မည်သည့်နေရာတွင်မဆို အတားအဆီးမရှိ ဝင်ထွက်သွားလာနိုင်သည်။

မူလက လုယွီသည် ငယ်ရွယ်သောလူငယ်တစ်ယောက်ဖြစ်ကာ ကြီးမားသောခွန်အားမျိုးရှိနေသဖြင့် ကျန်းမိသားစုသည် သူ့အား သိမ်းသွင်းလိုခဲ့သည်။

သို့ရာတွင် လုယွီသည် စာပေသူတော်စင်ယီဟန်၏တပည့်ဖြစ်နေပေ၏။

စာပေသူတော်စင်ယီဟန်၏တိုက်ရိုက်တပည့်များအနက် မည်သည့်တပည့်မဆို ကောင်းကင်ဘုံနယ်မြေတခွင်လုံးကို လှုပ်ခတ်စေနိုင်စွမ်းရှိသော တည်ရှိမှုကြီးဖြစ်သည်။

လုယွီ ကြီးပြင်းမလာမီ သူတို့သည် သူနှင့် ရင်းနှီးမှုရယူထားရပေမည်။အနာဂတ်တွင် လုယွီသည် ကောင်းကင်ဘုံနယ်မြေ၏ ထိပ်သီးတည်ရှိမှုကြီး ဖြစ်လာသောအချိန်၌ သူတို့၏ကျန်းမိသားစုအပေါ်တွင်လည်း အနည်းငယ်သက်ရောက်မှု ရှိလာနိုင်သည်။

ဤအချိန်အတောအတွင်းတွင် ကျန်းဟုန်သည် ကျန်းမိသားစု၏စီးပွားရေးလုပ်ငန်းများကို အလျှင်အမြန်ထိန်းချုပ်ကာ နဝမအကြီးအကဲ၏သစ္စာရှိလူယုံများကို အဝေးသို့စေလွှတ်လိုက်သည်။

သူသည် သူ၏ကိုယ်ပိုင်လူယုံများကို ကျန်းမိသားစု၏စီးပွားရေးလုပ်ငန်းများအတွင်း၌ ပျိုးထောင်ကာ တဖြည်းဖြည်းနှင့် သူ၏ကိုယ်ပိုင်အင်အားကို တည်ဆောက်ရပေမည်။

ကျန်းဟုန်သည် လုယွီကို သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ အလွန်အမင်း ကျေးဇူးတင်နေမိလေ၏။

သူသည် လုယွီသုံးစွဲရန်အတွက် အင်မော်တယ်ကျောက်တုံးသန်းငါးရာကို တစ်စုံတစ်ယောက်ကိုစေလွှတ်၍ ပေးပို့ခဲ့သည်။

သို့ရာတွင် လုယွီသည် ထိုအင်မော်တယ်ကျောက်တုံးများကို မထိတွေ့ခဲ့ချေ။

လုယွီသည် ကျန်းအိမ်တော်စာကြည့်ဆောင်အတွင်း၌သာနေ၍ နေ့ရောညပါ စာအုပ်များကို မရပ်မနားဖတ်ရှုနေခဲ့သည်။

စာဖတ်နေစဥ်အတောအတွင်းတွင်လည်း လုယွီသည် ကျင့်ကြံနေခဲ့ကာ ပတ်ဝန်းကျင်ရှိစိတ်ဝိညာဥ်စွမ်းအားများကိုစုပ်ယူ၍ သူ၏ကိုယ်ပိုင်စွမ်းအားများအဖြစ် ပြောင်းလဲနေလေ၏။

သူ၏ကျင့်ကြံဆင့်နယ်ပယ်ဖြင့် သူသည် လုပ်ငန်းများစွာကို တပြိုင်နက်တည်း လုပ်ဆောင်နိုင်သည်ဖြစ်ရာ စာဖတ်ခြင်းနှင့်ကျင့်ကြံခြင်းတို့သည် သူ့အား အနည်းငယ်မျှပင် နှောင့်နှေးကြန့်ကြာစေခြင်းမရှိချေ။

"သူက ဒီနေ့လိုအောင်မြင်မှုမျိုးရလာတာ ဘယ်လိုနည်းနဲ့မှ တိုက်ဆိုင်မှုသက်သက်မဖြစ်နိုင်ဘူး"

ကျန်းဟုန်က သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

လူအများစုသည် နှစ်ကာလကြာရှည်စွာကျင့်ကြံရခြင်း၏ ခါးသည်းမှုဒဏ်ကို ခံနိုင်ရည်မရှိချေ။ကျန်းမိသားစုအတွင်း၌ ကျင့်ကြံနည်းစနစ်စာအုပ်များကို လွယ်လင့်တကူရရှိနိုင်သော်လည်း မိသားစုဝင်များအနက်မှအများစုသည် ပျင်းရိပြီး ထိုအရာများကို ဖတ်ရှုခြင်းမရှိချေ။

ထို့ပြင် လုယွီကမူ နေ့ရောညပါ မရပ်မနား စာဖတ်နေခြင်းပင်။

ဤကဲ့သို့ပြင်းပြင်းထန်ထန် ကြိုးစားခြင်းကြောင့် လုယွီသည် လူအများစုထက်သာလွန်သောအဆင့်မျိုးသို့ ရောက်ရှိနေခြင်းဖြစ်ပေမည်။

အချိန်များကုန်လွန်လာသည်နှင့်အမျှ မျက်စိတစ်မှိတ်အတွင်းမှာပင် တော်ဝင်စာမေးပွဲ စတင်တော့မည့်အချိန်သို့ ရောက်ရှိလာလေပြီ။

ဤနေ့တွင် တာယွီအင်ပါယာ၏လက်အောက်ခံကြယ်မြစ်များမှ အဆင့်မြင့်ကျောင်းတော်သားများ တော်ဝင်မြို့တော်သို့ ရောက်ရှိနေကြ၏။မနက်စောစောအချိန်ကတည်းက အဆင့်မြင့်ကျောင်းတော်သား အယောက်ငါးရာကျော်ခန့် တော်ဝင်မြို့တော်သို့ ရောက်ရှိနေကြသည်။

ထိုအဆင့်မြင့်ကျောင်းတော်သားများသည် နေရာဒေသအသီးသီးမှ လူငယ်ပါရမီရှင်များပင်။သူတို့သည် စမ်းသပ်မှုအမြောက်အများကို ဖြတ်ကျော်ပြီးမှ ထွက်ပေါ်လာကြခြင်းဖြစ်သဖြင့် အလွန်ထူးချွန်သော အရည်အချင်းများကို ပိုင်ဆိုင်ထားကြသည်။

ထိုအဆင့်မြင့်ကျောင်းတော်သားများကို ကြိုဆိုရန်အတွက် တော်ဝင်မြို့တော်အတွင်း၌ စာဖြေခန်းမ၁၂ခုကို တည်ဆောက်ထားသည်။

ထိုစာဖြေခန်းမတစ်ခုစီကို နန်းတွင်းမှအစွမ်းထက်ကျင့်ကြံသူများက စောင့်ကြပ်နေသည်။ထိုနေရာပတ်ဝန်းကျင်တွင်လည်း နဂါးအစောင့်များ စစ်သားများဖြင့် ပြည့်နှက်နေပေ၏။ကြီးမားသောကောင်းကင်ဘုံမျက်လုံးတစ်လုံးက အထက်ကောင်းကင်ယံအတွင်း၌ မျောလွင့်နေကာ ပတ်ဝန်းကျင်ကို နေ့ရောညပါ အဆက်မပြတ် စစ်ဆေးနေသည်။ထိုအရာသည် နတ်ဆိုးများ ရောနှော၍ဝင်ရောက်လာမည်ကို စစ်ဆေးစောင့်ကြည့်နေခြင်းပင်။

ဤကဲ့သို့ များပြားသော အဆင့်မြင့်ကျောင်းတော်သားအုပ်စုကြီးနှင့် နှိုင်းယှဥ်ပါက တော်ဝင်ကျောင်းတော်နှင့်ကျောင်းတော်ငါးကျောင်းမှ တပည့်များ၏အရေအတွက်မှာ လွန်စွာနည်းပါးသည်။

ဤသည်က အဆက်မပြတ်တိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ထိုကျောင်းတော်များမှနေ၍ လက်ရွေးစင်တပည့်များကိုသာ ရွေးချယ်ထားခြင်းပင်။အရည်အချင်းနိမ့်ပါးသူများကို ရွေးချယ်သည်ထက်စာလျှင် မရှိသည်က ပို၍ကောင်းမွန်ပေမည်။

မြင်းရထားလုံးတစ်စီးသည် လမ်းမကြီးကိုဖြတ်သန်း၍ မောင်းနှင်လာသဖြင့် လူအများက လမ်းဖယ်ပေးလိုက်ကြသည်။

ရထားလုံး၏နောက်တွင် ကျန်းမိသားစု၏ငွေနဂါးအလံရှိနေသည်။ထိုရထားလုံးကိုမြင်တွေ့ချိန်တွင် အဆင့်မြင့်ကျောင်းတော်သားများသည် ဘေးသို့ကပ်ပေးလိုက်ကြကာ အနီးသို့မချဥ်းကပ်ဝံ့ချေ။

ဤသည်က ဧကရာဇ်ကိုယ်တိုင် ချီးမြှင့်မြှောက်စားထားသော အမှတ်သင်္ကေတတစ်ခုပင်။ထိုအမှတ်သင်္ကေတသည် မြင့်မြတ်ခြင်းနှင့်ကြီးကျယ်ခမ်းနားမှုကို ကိုယ်စားပြုသည်။

"စီနီယာ...ဒါက အမ်းဝူစာဖြေခန်းမပါ...ဒီစာဖြေခန်းမက လူငါးထောင်ကို တစ်ပြိုင်နက်တည်း စာပေစစ်ဆေးလို့ရတယ်....အပြင်မှာ အစောင့်တွေ စောင့်ကြပ်နေပြီ...နောက်ထပ်တစ်နာရီလောက်ကြာရင် စာမေးပွဲစတင်တော့မယ်"

ကျန်းမိသားစုခေါင်းဆောင် ကျန်းဟုန်သည် လုယွီကို စာဖြေခန်းမဆီသို့ သူကိုယ်တိုင် လိုက်ပါပို့ဆောင်ပေးလေ၏။ဤသည်က သူ လုယွီကို ဖက်တွယ်ထားရန်မှာ သူ့အတွက် မည်မျှအရေးပါသည်ကို ပြသနေခြင်းပင်။

Chapter 2919

ဤအချိန်တွင် စာဖြေခန်းမခြံဝန်း၏ပြင်ပတွင် အဆင့်မြင့်ကျောင်းတော်သား အမြောက်အများ မတ်တတ်ရပ်နေကြ၏။

စာဖြေခန်းမတည်ရှိရာ လမ်း၏တစ်ဖက်ခြမ်းရှိ စားသောက်ဆိုင်များနှင့်လဖက်ရည်ဆိုင်များတွင် စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းနေကြသော အဆင့်မြင့်ကျောင်းတော်သားများဖြင့် ပြည့်နှက်နေသည်။

လုယွီသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှလူများကို မမြင်တွေ့မိချေ။သူတို့သည် တခြားစာဖြေခန်းမတွင်ရှိနေမည်ဟု သူ ခန့်မှန်းမိသည်။

တော်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့်သူများသည် နီးစပ်ရာစာဖြေခန်းမတွင် ဝင်ရောက်ဖြေဆိုခွင့်ရှိသည်။ထိုနေရာများကို တော်ဝင်စာမေးပွဲ မစတင်မီ ခုနစ်ရက်အလိုတွင် ထုတ်ပြန်ကြေငြာလေ၏။

ကျင့်ကြံခြင်းနိုင်ငံများအတွင်းရှိ တော်ဝင်စာမေးပွဲများသည် သေမျိုးလောကမှတော်ဝင်စာမေးပွဲများနှင့်မတူညီသည်မှာ စာပေနှင့်တိုက်ခိုက်ရေးစာမေးပွဲကို ခွဲခြားမထားခြင်းပင်။ရွေးချယ်ခံစာရင်းတွင် ပါဝင်သူများသည် စာပေပညာရပ်နှင့်တိုက်ခိုက်ရေးပညာရပ်နှစ်မျိုးလုံးကို ဖြေဆိုရပေမည်။

ပထမဆုံးစစ်မေးမည်မှာ စာပေစာမေးပွဲပင်။ထိုစာမေးပွဲကို အချိန်သုံးရက်ယူ၍ စစ်ဆေးမည်ဖြစ်ကာ ကွန်ဖြူးရှပ်ကျမ်းစာ တာအိုသဘောတရား စစ်ရေးနည်းဗျူဟာ စည်းမျဥ်းဥပဒေ အသိပညာဗဟုသုတ ထိုးထွင်းသိမြင်မှုနှင့်မူဝါဒဟူ၍ ဘာသာရပ်ခုနစ်ခု ခွဲခြားထားသည်။

ရှေးဟောင်းအလယ်ခေတ်အတွင်းတွင် ကျင့်ကြံခြင်းနိုင်ငံတချို့ရှိ အရာရှိများသည် သန်မာအားကောင်းမှုကြောင့် ရိုသေလေးစားခံရလေ၏။ထိုအရာရှိများသည် ထူးချွန်သောခွန်အားမျိုးရှိကြသော်လည်း သူတို့၏ကိုယ်ပိုင်ကျင့်ကြံမှုကိုသာ အာရုံစိုက်နေကြသည်။သာမာန်နေ့ရက်များတွင် သူတို့၏အိမ်တော်များတွင်သာ အေးအေးဆေးဆေး ကျင့်ကြံနေကြသည်။အကယ်၍ တစ်နေရာရာတွင် ဆူပူအုံ့ကြွမှုတစ်ခု ဖြစ်ပွားချိန်မှသာ သူတို့သည် အင်အားသုံး၍ နှိမ်နင်းလေ့ရှိသည်။

ဤနိုင်ငံများကို နိုင်ငံတစ်ခုဟု ခေါ်ဆိုသော်လည်း အမှန်အားဖြင့် လျော့ရဲနေသောအဖွဲ့အစည်းတစ်ခုသက်သက်ပင်။ထိုနိုင်ငံအတွင်း၌ နယ်စားအမြောက်အများရှိပြီး ဗဟိုအုပ်ချုပ်ရေးအဖွဲ့အစည်းမှအမိန့်များသည် နယ်မြေခံအစိုးရအဖွဲ့များထံသို့ မရောက်ရှိချေ။

ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏လက်ထက်သို့အရောက်တွင် သူသည် တော်ဝင်စာမေးပွဲ၏စည်းမျဥ်းများအားလုံးကို လုံးလုံးလျားလျား ပြောင်းလဲခဲ့သည်။

အတိတ်တွင် ကျင်းပခဲ့သော တော်ဝင်စာမေးပွဲများ၌ တိုက်ခိုက်ရေးပညာရပ်တစ်ခုတည်းကိုသာ စစ်ဆေးခဲ့လေ၏။အင်ပါယာအတွင်းရှိ ကျောင်းတော်များမှ အဆင့်မြင့်ကျောင်းတော်သားများသည် ကျင့်ကြံနည်းစနစ်အမျိုးမျိုးကိုအသုံးပြုကာ ယှဥ်ပြိုင်တိုက်ခိုက်ကြပြီး နောက်ဆုံး၌ အစွမ်းထက်ဆုံးသူကို ရွေးချယ်ခဲ့သည်။ထိုစာမေးပွဲကျင်းပမှုနည်းလမ်းသည် ရှေးဟောင်းအလယ်ခေတ်နှင့်တူညီကာ တူညီသောအမှားမျိုးကို ထပ်ခါတလဲလဲ ကျူးလွန်နေခြင်းပင်။

နောက်ပိုင်းတွင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် စာပေပညာရပ်စာမေးပွဲကို ကျင်းပစေခဲ့သည်။အကယ်၍ တစ်စုံတစ်ယောက်သည် စာပေစာမေးပွဲကို အောင်မြင်စွာဖြတ်ကျော်နိုင်ခြင်းမရှိပါက တိုက်ခိုက်ရေးစာမေးပွဲ၌ ဝင်ရောက်ဖြေဆိုရန် အရည်အချင်းမပြည့်မီချေ။

ဤသည်က အရည်အချင်းပြည့်ဝသော အရာရှိများ မွေးထုတ်ပေးနိုင်ရန် ပြုလုပ်ခဲ့သော စစ်ဆေးစမ်းသပ်မှုပင်။အကယ်၍ တစ်စုံတစ်ယောက်သည် ထိုအချက်ကို နားလည်သဘောပေါက်ခြင်းမရှိပါက နန်းတွင်းအရာရှိတစ်ယောက် ဖြစ်လာမည်မဟုတ်သည့်အပြင် တာယွီ၏ကံကြမ္မာစွမ်းအားမှကောင်းချီးပေးမှုကိုလည်း ခံယူနိုင်တော့မည်မဟုတ်ချေ။

ထို့ကြောင့် တော်ဝင်စာမေးပွဲတွင် စာပေနှင့်တိုက်ခိုက်ရေးဟူ၍ ခွဲခြားကျင်းပခြင်းမရှိဘဲ ထိုပညာရပ်နယ်ပယ်နှစ်ခုစလုံးကို စစ်ဆေးရန်လိုအပ်သည်။

"ဒါက ပြဿနာမရှိပါဘူး...ငါတို့ ဒီနေရာကနေပဲ စောင့်ကြတာပေါ့"

လုယွီက ရထားလုံးအတွင်း၌ထိုင်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။

ရထားလုံးအတွင်း၌ လေဟာနယ်ဝင်္ကပါတစ်ခုကို ခင်းကျင်းထားကာ အခန်းကျယ်တစ်ခန်းခန့် အရွယ်အစားရှိသည်။ထိုရထားလုံးကို ပြင်ပမှနေ၍ ထောက်လှမ်းခြင်းမပြုနိုင်စေရန် တားဆီးဟန့်တားထားသည်။ရထားလုံးအတွင်းမှကြည့်လျှင် ပြတင်းပေါက်မှတဆင့် ပြင်ပကို တွေ့မြင်နိုင်သည်။

ထိုအချိန်မှာပင် လုယွီက အဝေးမှနေ၍ လျှောက်လှမ်းလာသော လူတစ်စုကို သတိပြုမိသည်။

ထိုလူများသည် အဖြူရောင်ဝတ်စုံများကို ဝတ်ဆင်ထားကာ သူတို့၏ခေါင်းထက်၌ ရွှေရောင်သရဖူများကို တပ်ဆင်ထားသည်။သူတို့ကိုကြည့်ရသည်မှာ သာမာန်ကျောင်းတော်သားများနှင့် မတူညီချေ။

ထိုလူစုရောက်ရှိလာချိန်တွင် ပတ်ဝန်းကျင်ရှိ ဆူညံသံများအားလုံး ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသည်။လူတိုင်း၏မျက်လုံးအကြည့်များက သူတို့ထံတွင်သာ စူးစိုက်၍ကျရောက်နေသည်။

ထိုလူစုကိုဦးဆောင်လာသူမှာ အသက်နှစ်ဆယ်ခန့်ရှိသော လူငယ်တစ်ယောက်ပင်။သူ၏ရုပ်ရည်သည် အလွန်ချောမောခန့်ညားကာ ပန်းချီကားအတွင်းမှထွက်လာသော လူငယ်သခင်လေးတစ်ယောက်နှင့်တူညီသည်။

သူ၏နောက်ရှိလူတစ်စုသည် သူနှင့်တူညီသော ဝတ်စုံများကိုဝတ်ဆင်ထားသော်လည်း သူ၏နောက်လိုက်များဖြစ်သည်မှာ သိသာထင်ရှားလှ၏။

"အဲ့ဒီလူက ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်ပါလား"

လုယွီက ထိုလူငယ်ကျင့်ကြံသော ကျင့်ကြံနည်းစနစ်ကို အကြည့်တစ်ချက်ဖြင့်ပင် သိရှိသွားခဲ့သည်။

ကောင်းကင်ဘုံနယ်မြေသည် အလွန်ကြီးမားကျယ်ပြန့်သော်လည်း လူအများစုသည် တာအိုနည်းစနစ်များကို ကျင့်ကြံကြကာ အလွန်နည်းပါးသောလူတစ်စုကသာ ရုပ်ခန္ဓာကိုယ်ကို ကျင့်ကြံကြသည်။

ရုပ်ခန္ဓာကိုယ်ကျင့်ကြံခြင်း၏အရှိန်နှုန်းသည် မြန်ဆန်ခြင်းမရှိချေ။ထို့ပြင် ရှေးဟောင်းအလယ်ခေတ်အတွင်း၌ ဖရိုဖရဲဖြစ်ခဲ့ခြင်းကြောင့် ရုပ်ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်များသည် အပြည့်အစုံမရှိတော့ချေ။ပြီးပြည့်စုံသော ရုပ်ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်များကို ရရှိရန်အလို့ငှာ တစ်စုံတစ်ယောက်သည် အင်အားစုကြီးများသို့သွား၍ တပည့်ခံရန်လိုအပ်သည်။သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ထိုကျင့်ကြံနည်းစနစ်ကို နှစ်ကာလကြာရှည်စွာ ပြင်းပြင်းထန်ထန်ကြိုးစားကျင့်ကြံရန် လိုအပ်ပေ၏။

ထို့ကြောင့် ကျင့်ကြံသူအများစုသည် တာအိုနည်းစနစ်များကို ကျင့်ကြံရန်သာ ရွေးချယ်ကြတော့သည်။

လုယွီသည် ယခင်က ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူဟူ၍ မူမောင်နှမနှစ်ယောက်အပြင် တခြားသူများကို ရှားရှားပါးပါးသာ မြင်တွေ့ခဲ့ရသည်။

လုယွီ ပို၍ထိတ်လန့်တုန်လှုပ်သောအချက်မှာ ထိုလူငယ်ထံတွင် စိတ်ဝိညာဥ်မျက်လုံးတစ်စုံရှိနေခြင်းပင်။သူ၏ရက်စက်ကြမ်းကြုတ်သော သွေးချီများမှာ စုဝေးနေပြီး ပျက်ပြယ်သွားခြင်းမရှိချေ။သူ၏သွေးချီများသည် လေထုအတွင်း၌ မြင့်တက်နေပြီး သူ၏ခေါင်းထက်တွင် ကျားများ ကျားသစ်များနှင့် ဝံပုလွေပုံရိပ်ယောင်များအသွင် ဝိုးတဝါးဖွဲ့စည်းနေသည်။ထိုပုံရိပ်ယောင်များသည် အစွယ်များကိုဖြဲဟ၍ ဒေါသတကြီးဟိန်းဟောက်နေကြ၏။

Chapter 2920

ဤသည်က ရုပ်ခန္ဓာကိုယ်ကို သေချာသောအဆင့်တစ်ခုထိရောက်အောင် ကျင့်ကြံထားသဖြင့် သွေးချီများ အလွန်ပေါကြွယ်ဝစွာ ပွင့်အံ့ထွက်လာခြင်း၏ရလဒ်ပင်။

သူ့ရှေ့ရှိလူငယ်သည် 'သိုင်းပညာသူတော်စင်'အဆင့်သို့ ရောက်ရှိနေလေပြီ။

သူသည် လုယွီလောက် အစွမ်းထက်ခြင်းမရှိသော်လည်း နှောင်းပိုင်းမျိုးဆက်များတွင် ရုပ်ခန္ဓာကိုယ်ကို ဤအဆင့်ထိရောက်အောင် ကျင့်ကြံထားနိုင်ခြင်းမှာ မယုံကြည်နိုင်ဖွယ်ကိစ္စတစ်ရပ်ပင်။

"ခုကြည့်ကြည့်တော့မှ အဲ့ဒီလူဖြစ်နေတာပဲ...သူ့နာမည်က ရှထန်ကန်း..ရှမိသားစုရဲ့သေချာဂရုစိုက် ပျိုးထောင်ပေးတာခံရတဲ့ ပါရမီရှင်တစ်ယောက်ပဲ...အခု သူက တော်ဝင်ကျောင်းတော်ရဲ့တပည့်ခေါင်းဆောင်နေရာကို တာဝန်ယူထားတယ်...သူ့ရဲ့နောက်ကလူတွေအားလုံးက တော်ဝင်ကျောင်းတော်ရဲ့စီနီယာတပည့်တွေပဲ"

ကျန်းဟုန်က ထိုလူစုကိုတစ်ချက်ကြည့်ကာ လုယွီကို ပြောဆိုသည်။

"ရှထန်ကန်း...."

လုယွီက နာမည်တချို့ကို တီးတိုးရေရွတ်လိုက်၏။ကျန်းယုချင် ယခင်က သူ့ကိုပြောပြခဲ့သောအရာများကို သူ အမှတ်ရနေဆဲပင်။သူမသည် တော်ဝင်စာမေးပွဲ၌ ချင်လုရှန်းဟုခေါ်သော ရွေးချယ်ခံကို သတိထားရန် သူ့အား ပြောဆိုခဲ့သည်။ချင်လုရှန်းသည် တော်ဝင်ကျောင်းတော်သို့သွား၍ တပည့်ခေါင်းဆောင်ကို အနိုင်ယူခဲ့သည်။နောက်ပိုင်းတွင် ထိုတပည့်ခေါင်းဆောင်နေရာကို ရှမိသားစုက ပါရမီရှင်တစ်ယောက်နှင့် အစားထိုးခဲ့လေ၏။

မမျှော်လင့်ဘဲ ထိုလူသည် ဤစာဖြေခန်းမသို့ ရောက်ရှိလာခဲ့သည်။

ရှထန်ကန်းကိုကြည့်ရသည်မှာ အလွန်သိုသိုသိပ်သိပ်နေတတ်ပုံရသည်။သူတို့လူစုသည် လမ်းလျှောက်လာကာ ရထားလုံးပင်စီးနင်းခြင်းမပြုချေ။

ပတ်ဝန်းကျင်ရှိအဆင့်မြင့်ကျောင်းတော်သားတချို့သည် ရှထန်ကန်းကိုမြင်တွေ့ချိန်တွင် သူတို့၏လက်များကိုပူးဆုပ်၍ ဂါရဝပြုလိုက်ကြ၏။ရှထန်ကန်းကလည်း သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ အပြုံးနှင့် တုံ့ပြန်နှုတ်ဆက်သည်။

သူ၏မျက်နှာပေါ်တွင် မိသားစုကြီးတစ်စုမှသခင်လေးတစ်ယောက်၏ မောက်မာဝံ့ကြွားမှုမျိုးရှိနေသည့်အပြင် တခြားသူများနှင့်ဆက်ဆံရာတွင်လည်း ညင်သာပျော့ပျောင်းသော အပြုအမူမျိုးရှိနေသည်။ဤသည်က ရှကွေ့ကျုံးနှင့် အတော်အသင့် ကွဲပြားခြားနားပေ၏။

"စီနီယာလုက ရှထန်ကန်းကို စိတ်ဝင်စားနေတာလား...စီနီယာက တော်ဝင်စာမေးပွဲမှာ ဝင်ဖြေမှာဆိုရင် အဲ့ဒီလူကို နည်းနည်းတော့သတိထားရမယ်....သူက မြေကမ္ဘာအင်မော်တယ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ခဲ့တာ အချိန်အတော်ကြာနေပြီ...အဲ့ဒီအချိန်ကနေစပြီးတော့ ရှမိသားစုက သူ့ကို ဂရုတစိုက်စောင့်ရှောက်ခဲ့တယ်...သူ့ရဲ့အစစ်အမှန်ခွန်အားကို အပြင်လူတွေထဲက ဘယ်သူမှမသိကြဘူး"

"ဒါပေမယ့် ကောလဟာလတွေအရတော့ သူက မြေကမ္ဘာအင်မော်တယ်နယ်ပယ်ကျင့်ကြံဆင့်နဲ့ ရွှယ်အင်မော်တယ်တွေကို သတ်ဖြတ်နိုင်ခဲ့တယ်...ဒါက အမှန်ဟုတ်မဟုတ်ဆိုတာကို ငါ မသိပေမယ့် သူက အရည်အချင်းမြင့်မားလို့သာ တော်ဝင်ကျောင်းတော်ရဲ့တပည့်ခေါင်းဆောင်ဖြစ်လာတာပဲ"

ကျန်းဟုန်က နံဘေးမှနေ၍ သတိပေးလေသည်။

လုယွီက ခေါင်းညိတ်ပြလိုက်၏။သူ၏စိတ်နေသဘောထားသည် မောက်မာဝံ့ကြွားခြင်းမရှိသော်လည်း ဤတော်ဝင်စာမေးပွဲတွင် မည်သူကမျှ သူ၏အာရုံစိုက်မှုနှင့် ထိုက်တန်မည်မဟုတ်ချေ။

ရှထန်ကန်း၏ခန္ဓာကိုယ်တစ်ခုလုံးမှ သိုင်းပညာသူတော်စင်တစ်ယောက်၏သွေးချီများ ပွင့်အံ့ထွက်လာပါက အချိန်အတိုင်းအတာတစ်ခုအတွက် သူ၏လက်ရှိကျင့်ကြံဆင့်နယ်ပယ်ထက်သာလွန်သော စွမ်းအားမျိုးကိုရရှိကာ သူ အဆင့်ကျော်လွန်၍ တိုက်ခိုက်နိုင်ပေမည်။

သို့ရာတွင် လုယွီသည် ယခုလက်ရှိချိန်တွင် သိုင်းပညာသူတော်စင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေလေပြီ။

သိုင်းပညာသူတော်စင်နှင့် သိုင်းပညာသူတော်စင်အထွတ်အထိပ်အဆင့်အကြားတွင် စကားလုံးတစ်လုံးသာ ကွာခြားသော်လည်း ကွာဟချက်မှာ မိုးနှင့်မြေတမျှ ကြီးမားသည်။

လုယွီက ရှထန်ကန်းကို စူးစမ်းလေ့လာနေစဥ်မှာပင် အဝေးရှိလူအုပ်ကြီးအကြားမှနေ၍ ဆူဆူညံညံအသံများ ထွက်ပေါ်လာသည်။

လူတိုင်းသည် မူလက အစီအစဥ်တကျ မတ်တတ်ရပ်နေကြသော်လည်း ရုတ်တရက် တစ်စုံတစ်ယောက်က လူအုပ်ကြီးအကြားမှနေ၍ တိုးထွက်လာသည်။

"မင်းတို့အားလုံး ဘေးဖယ်ကြစမ်း...ဘေးကိုဖယ်ကြစမ်း"

ဝဖိုင့်သောခန္ဓာကိုယ်ရှိသည့် လူဝကြီးတစ်ယောက်က လူများအကြားမှတိုးထွက်လာသည်။သူ၏ခန္ဓာကိုယ်သည် အလွန်ဝဖြိုးကာ အရပ်မြင့်မားပြီး သန်မာထွားကျိုင်းသည်။သူ မတ်တတ်ရပ်နေစဥ်တွင် ကြီးမားသောဝက်ဝံတစ်ကောင်နှင့် တူညီပေ၏။

"ရှထန်ကန်း...ငါ မင်းကိုရှာဖို့ တော်ဝင်ကျောင်းတော်ကို အခေါက်ခေါက်အခါခါ သွားခဲ့တယ်...မင်းက ဘာလို့ ငါနဲ့မတိုက်ခိုက်တာလဲ...မင်း ကြောက်နေတာလား...မင်းတို့တော်ဝင်ကျောင်းတော်ရဲ့ပြောစကားအရတော့ မင်းက အရမ်းအစွမ်းထက်တယ်ဆို...ဒါပေမယ့် မင်းက အမြဲတမ်းတံခါးပိတ်ကျင့်ကြံနေပြီးတော့ အဖြေတောင်ပြန်မပေးခဲ့ဘူး...ဘာလဲ...မင်းက ငါ့ကို ဂရုမစိုက်တဲ့သဘောလား"

ဝက်ဝံတစ်ကောင်နှင့်တူသော လူဝကြီးသည် ရှထန်ကန်းကို မြင်တွေ့ချိန်တွင် သူ၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သောအပြုံးမျိုး ထွက်ပေါ်လာကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ပတ်ဝန်းကျင်ရှိလူများက ထိုလူဝကြီးကို တညီတညွတ်တည်း ကြည့်လိုက်ကြသည်။လူအများက သူတို့နှစ်ယောက်အတွက် လမ်းဖယ်ပေးလိုက်ကြ၏။

တစ်ဖက်လူသည် တော်ဝင်ကျောင်းတော်၏ ဂုဏ်ယူလေးစားရသော တပည့်ခေါင်းဆောင်ပင်။သို့ရာတွင် လူဝကြီးသည် ဤနေရာသို့ရောက်ရှိလာသည်နှင့် ထိုကဲ့သို့လူစားမျိုးကို မဆင်မခြင်ပြောဆိုဆက်ဆံမည်ဟု မည်သူမျှ မျှော်လင့်မထားမိချေ။

ရှထန်ကန်း၏မျက်နှာပေါ်၌ မည်သည့်ဒေါသအရိပ်အယောင်မျိုးမျှ ရှိမနေပေ။ထိုအစား သူက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

"ညီအကိုချင်...တကယ်လို့ မင်း တိုက်ခိုက်ချင်တယ်ဆိုရင် သီးသန့်အခွင့်အရေးတစ်ခုကို ရှာသင့်တယ်...ခဏနေကျရင် တော်ဝင်စာမေးပွဲက စတင်တော့မယ်...ဒီလိုအချိန်မျိုးမှာ မင်း ပြဿနာရှာချင်တာ သေချာလား"

တော်ဝင်ကျောင်းတော်မှ တခြားတပည့်များသည် လူဝကြီးကို စူးစူးဝါးဝါး စိုက်ကြည့်နေကြ၏။

All Chapters