အခန်း (၂၉၂၆-၂၉၃၀)
Vol. 150 Ch. 2926-2930
Chapter 2926
ကျန်းရွှမ်စဲသည် အဖြေလွှာကို သူ၏လက်နံဘေး၌ ချထားလိုက်သော်လည်း သူ အမှတ်ပေးခြင်းမပြုသေးချေ။
ထိုအဖြေစာရွက်၏အောက်၌ စာရွက်အမြောက်အများ ကျန်ရှိနေသေးသည်။
သူသည် ဤအဖြေလွှာများအကြားမှ ပထမနေရာအတွက် ရွေးထုတ်လိုခြင်းပင်။
တော်ဝင်စာမေးပွဲတွင် စာပေနှင့်တိုက်ခိုက်ရေးနယ်ပယ်နှစ်ခုစလုံးအတွက် နောက်ဆုံးကောက်ချက်ချမှုသည် ရလဒ်များအားလုံးကိုခြုံငုံ၍ ပြုလုပ်ခြင်းဖြစ်သည်။သို့ရာတွင် စာပေစာမေးပွဲနှင့်တိုက်ခိုက်ရေးစာမေးပွဲတို့တွင် ကျောင်းတော်သားများရရှိသောအဆင့်များကို အမည်များနှင့် တွဲဖက်၍ရေးသားထားသည်။
ဤနည်းလမ်းဖြင့် တော်ဝင်စစ်ရေးဌာနမှ ကျောင်းတော်သားများကိုရွေးချယ်ရာတွင် စာပေစာမေးပွဲနှင့်တိုက်ခိုက်ရေးစာမေးပွဲတို့၏ အဆင့်အရ စီမံလေ့ရှိသည်။
စာပေစာမေးပွဲတွင် အမှတ်မြင့်သော ကျောင်းတော်သားများသည် များသောအားဖြင့် အတော်အသင့်တည်ငြိမ်သောနေရာများ၌ ရာထူးခန့်အပ်ခြင်းခံရသည်။တိုက်ခိုက်ရေးစာမေးပွဲ၌ အမှတ်မြင့်မားသူများကိုမူ တိုက်ခိုက်မှုစွမ်းအား ပြသရန်လိုအပ်သော ရှေ့တန်းရှိဖရိုဖရဲနေရာများ၌ တာဝန်ထမ်းဆောင်ရန် ရွေးချယ်လေ့ရှိသည်။
ထို့ကြောင့် ကျောင်းတော်သားတချို့သည် စာပေစာမေးပွဲတွင် ခြေချော်လက်ချော် ဖြစ်သွားတတ်သော်လည်း ပြဿနာမရှိချေ။
ကျင့်ကြံသူများသည် တော်ဝင်စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုရခြင်း၏ အဓိကအကြောင်းအရင်းမှာ တာယွီ၏ကံကြမ္မာစွမ်းအားကိုရရှိ၍ သူတို့၏ကျင့်ကြံမှုအရှိန်နှုန်းကို မြှင့်တင်နိုင်ရန်ပင်။
အကယ်၍ တစ်စုံတစ်ယောက်သည် တည်ငြိမ်သောနေရာတွင် တာဝန်ကျပါက နောက်ထပ်ဆယ်စုနှစ်အနည်းငယ်အတွင်းတွင် ရာထူးတိုးရန် အခွင့်အရေးရှိမည်မဟုတ်ချေ။အကြောင်းအရင်းမှာ သူတို့ထံတွင် စစ်ရေးအကျိုးဆောင်ရမှတ်များရရှိနိုင်ရန် အနည်းငယ်မျှပင် အခွင့်အရေးမရှိသောကြောင့်ပင်။
အကယ်၍ သူတို့သည် ဖရိုဖရဲနေရာများတွင် တာဝန်ကျပါက အန္တရာယ်များသော်လည်း သူတို့သည် အတွေ့အကြုံများရရှိနိုင်ရုံသာမက စစ်ရေးအကျိုးဆောင်ရမှတ်များကိုလည်းရရှိနိုင်သည်။
အကယ်၍ သူတို့သည် ပုန်ကန်သူများကိုနှိမ်နင်းခြင်းနှင့်ရန်သူများကိုချေမှုန်းခြင်းစသည့် ကြီးမားသောအောင်မြင်မှုမျိုးကို ရရှိပါက ရာထူးအဆင့်များစွာ မြင့်တက်သွားနိုင်ကာ တာယွီအင်ပါယာ၏ကံကြမ္မာစွမ်းအားကို ပို၍ရရှိကာ သူတို့၏ကျင့်ကြံမှုအရှိန်နှုန်း ပို၍လျှင်မြန်သွားပေမည်။
တာယွီအင်ပါယာ၏တော်ဝင်နန်းတွင်းသည် ကြီးမားကျယ်ပြန့်ကာ ရာထူးအဆင့်များကို ကျင့်ကြံဆင့်နယ်ပယ်များဖြင့် ခွဲခြားသတ်မှတ်ထားခြင်းမရှိသော်လည်း အဆုံးသတ်၌ အရာအားလုံး ခွန်အားပေါ်တွင်သာ အခြေခံပေ၏။
အတိတ်ဘဝတွင် လုယွီသည် တရားစီရင်ရေးဌာနကြီးသုံးခုလုံး၏ နံပါတ်တစ်အလိုရှိဝရမ်းပြေးဖြစ်ခဲ့သည်။သို့ရာတွင် လုယွီ တာအိုသခင်ဖြစ်လာပြီးနောက် ဝရမ်းထုတ်ထားသောစာရွက်များအားလုံးသည် အရိပ်အယောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားတော့သည်။
စာပေနှင့်တိုက်ခိုက်ရေးကို တန်းတူထားသည်ဟု ထင်ရသော်လည်း ဤကောင်းကင်ဘုံနယ်မြေအတွင်းတွင် တိုက်ခိုက်ရေးစွမ်းအားသည် စာပေပညာရပ်ထက် ပို၍အရေးပါနေဆဲပင်။
ထိုအချိန်မှာပင် တံခါး၏ပြင်ပရှိ လေဟာနယ် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားသည်။
ကျန်းရွှမ်စဲ၏မျက်လုံးများ ပြူးကျယ်သွားကာ သူက ကျယ်လောင်စွာအော်ဟစ်လိုက်၏။
"ဒါက တော်ဝင်စာမေးပွဲအတွက် အရေးကြီးတဲ့နေရာတစ်ခု...ဒီနေရာကို ဘယ်သူက မဆင်မခြင်ဝင်လာဝံ့တာလဲ"
ဝုန်း...
သူ၏အသံသည် မိုးခြိမ်းသံကဲ့သို့ကျယ်လောင်ကာ ချက်ချင်းဆိုသလိုပင် တုန်ခါသံကြီးတစ်သံ မြည်ဟီးသွားသည်။
ပတ်ဝန်းကျင်ရှိ စာစစ်သူများ၏နှလုံးသားများ ကဆုန်စိုင်းခုန်ပေါက်သွားကာ လေးလံသောတောင်ကြီးတစ်လုံးက သူတို့၏ခေါင်းထက်ကို လာရောက်ဖိစီးနေသကဲ့သို့ ခံစားနေရသည်။
ကျန်းရွှမ်စဲသည် နယ်မြေသခင်အဆင့် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင်။အကယ်၍ သူ ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်ပါက ကျင့်ကြံဆင့်နိမ့်ပါးသူတချို့ နေရာမှာပင် သေဆုံးသွားနိုင်သည်။
လေဟာနယ်လှုပ်ခတ်မှုလှိုင်းများ ရပ်တန့်သွားချိန်တွင် အနီရောင်မြွေရေခွံဝတ်စုံကို ဝတ်ဆင်ထားသောလူငယ်တစ်ယောက် ထွက်လာသည်။ထိုလူငယ်၏ခေါင်းထက်တွင် အနက်ရောင်ပိုးစတစ်စကိုပတ်ထားကာ သူ၏ဝတ်စုံပခုံးနေရာ၌ ရစ်ခွေနေသော ရွှေနဂါးတစ်ကောင်၏ပုံသဏ္ဍာန်ကို ပန်းထိုးထားလေ၏။သူ၏ခါး၌ ကျောက်စိမ်းခါးပတ်ကိုပတ်ထားကာ သူ့ကိုကြည့်ရသည်မှာ ကျက်သရေရှိပြီး ခန့်ညားထည်ဝါသည်။
"အရှင်ကျန်း...မင်းကတော့ အမြဲတမ်း စွမ်းအားအပြည့်ပါပဲလား"
ထိုလူငယ်က ရွှတ်နောက်နောက်အပြုံးနှင့် ပြောဆိုသည်။
ထိုလူငယ်ကိုမြင်တွေ့ချိန်တွင် ကျန်းရွှမ်စဲက ချက်ချင်းမတ်တတ်ထရပ်ကာ အရိုအသေပြုလိုက်၏။
"ဒီငယ်သားက အိမ်ရှေ့စံမင်းသားကို အရိုအသေပြုပါတယ်"
တခြားစာစစ်သူများကလည်း မတ်တတ်ထရပ်ကာ ထိုလူငယ်ကို ဦးညွှတ်၍အရိုအသေပြုလိုက်ကြသည်။
နဂါးအစောင့်များနှင့်နန်းတွင်းအစောင့်များသည် အတွင်းမှ ရုတ်ရုတ်သဲသဲအသံများကိုကြားသော်လည်း မဆင်မခြင် ဝင်မလာဝံ့ချေ။သူတို့သည် ပြင်ပတွင်သာမတ်တတ်ရပ်၍ ဦးညွှတ်အရိုအသေပြုနေကြသဖြင့် သူတို့သည် ထိုလူငယ်၏အဆင့်အတန်းကို သိရှိထားသည်မှာ သိသာထင်ရှားသည်။
ထိုလူငယ်သည် ယခုလက်ရှိ တာယွီအင်ပါယာ၏အိမ်ရှေ့စံမင်းသား ကျိုးယွမ်ယန်းပင်။
သူသည် အင်ပါယာ၏အိမ်ရှေ့စံမင်းသားဖြစ်သဖြင့် အလွန်အဆင့်အတန်းမြင့်မားသည်။လက်ရှိနေရာတွင်ရှိနေသူတိုင်းသည် သူ့ကိုမြင်တွေ့သည်နှင့် ဦးညွှတ်၍ အရိုအသေပြုကြရ၏။
သို့ရာတွင် ကျင့်ကြံသူတိုင်းတွင် သူတို့၏ကိုယ်ပိုင်မာန်မာနရှိသည်။ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ် တစ်ချိန်က အမိန့်တော်ထုတ်ပြန်ထားသည်မှာ ကျင့်ကြံသူတစ်ယောက်သည် အရာရှိများနှင့်ဆုံတွေ့ရရုံသာမက ဧကရာဇ်မင်းကို မြင်လျှင်ပင် ဒူးထောက်အရိုအသေပြုရန် မလိုအပ်ချေ။
ထို့ကြောင့် သူတို့သည် ဧကရာဇ်နှင့်တော်ဝင်မိသားစုများကို မြင်တွေ့စဥ်တွင် သေမျိုးများကဲ့သို့ ဒူးထောက်အရိုအသေပြုရန် မလိုအပ်ပေ။
"အရှင်ကျန်းက တကယ့်ကို ပင်ပင်ပန်းပန်းကြိုးစားနေတာပဲ...ညဥ့်နက်တဲ့အချိန်ထိတောင် မင်းက အဖြေစာလွှာတွေကို စစ်ဆေးနေတုန်းပဲ....မင်းက တာဝန်ကို လေးလေးစားစား ဆောင်ရွက်နေတယ်...ဒါက ရစ်ခွေနဂါးကျောက်စိမ်းလက်စွပ်ပဲ...မင်းရဲ့ခန္ဓာကိုယ်ပေါ်မှာ ဒါကို အချိန်အတော်ကြာ ဝတ်ဆင်ထားမယ်ဆိုရင်....စိတ်ဝိညာဥ်စွမ်းအားတချို့ကို စုပ်ယူနိုင်လိမ့်မယ်...ဒီနေ့ ငါ မင်းကို ဆုလာဘ်အနေနဲ့ ဒီကျောက်စိမ်းလက်စွပ် ချီးမြှင့်မယ်"
အိမ်ရှေ့စံမင်းသားက ရုတ်တရက် သူ၏လက်တွင်ဝတ်ဆင်ထားသော ကျောက်စိမ်းလက်စွပ်ကိုချွတ်ကာ ကျန်းရွှမ်စဲ၏ရှေ့သို့ ချထားလိုက်သည်။
Chapter 2927
ထိုလက်စွပ်သည်ဖြူဖွေးပြီး အပြစ်အနာအဆာကင်းမဲ့နေကာ ထိုအရာ၏မျက်နှာပြင်ပေါ်တွင် နဂါးအမှတ်အသားကို ရေးထွင်းထားသည်။
ဤလက်စွပ်သည် အဆင်တန်ဆာတစ်ခုဖြစ်ရုံသာမက အရည်အသွေးမြင့်မားသော မှော်လက်နက်တစ်ခုပင်။လက်ရှိနေရာတွင်ရှိနေသော လူများသည် ထိုလက်စွပ်၏အကြောင်းကို သိရှိထားကြ၏။ဤသည်က တော်ဝင်မိသားစု၏ ပြိုင်ဘက်ကင်းမှော်လက်နက်တစ်ခုပင်။ထိုလက်စွပ်သည် အထိမ်းအမှတ်သင်္ကေတတစ်ခုဖြစ်ရုံသာမက အစွမ်းထက်သောမှော်လက်နက်တစ်ခုလည်းဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်သည် ထိုလက်စွပ်ကို ဆွဲဆန့်လိုက်ပါက အလွန်အမင်း အရည်အသွေးမြင့်မားသော 'ရစ်ခွေနဂါးလေး'အဖြစ် ပြောင်းလဲသွားပေမည်။ထိုလေးမှ မြှားတစ်စင်းပစ်လွှတ်လိုက်ပါက တောင်နှင့်မြစ်များကို ကွဲအက်စေနိုင်စွမ်းရှိကာ အလွန်အမင်းအစွမ်းထက်ပေ၏။
ဤလက်စွပ်သည် အလွန်အမင်း အဖိုးတန်သော မှော်ရတနာတစ်ခုပင်။
ထို့ထက်ပို၍အရေးကြီးသောအချက်မှာ ဤသည်က အိမ်ရှေ့စံမင်းသားကိုယ်တိုင် ဆုလာဒ်အဖြစ်ပေးသော မှော်ရတနာဖြစ်နေသည်။
အိမ်ရှေ့စံမင်းသားသည် ဤကဲ့သို့ရတနာမျိုးကို ကျန်းရွှမ်စဲကို လက်ဆောင်အဖြစ်ပေးခြင်းမှာ သူ မည်မျှထိ အလေးထားကြောင်းကို ပြသနေသည်။
ပတ်ဝန်းကျင်ရှိစာစစ်သူများသည် မနာလိုအားကျသောအကြည့်များဖြင့် ကျန်းရွှမ်စဲကို ကြည့်နေကြ၏။အကယ်၍ နောင်အနာဂတ်တွင် အိမ်ရှေ့စံမင်းသားသာ နန်းတက်ပါက ကျန်းရွှမ်စဲ၏အဆင့်အတန်းသည် မိုးထိလုမတတ် မြင့်မားသွားပေမည်။
"အရှင့်သား...ဒီမှော်ရတနာက အရမ်းတန်ဖိုးကြီးတယ်...ဒီအရာရှိက လက်မခံဝံ့ပါဘူး"
ကျန်းရွှမ်စဲက ရုတ်တရက် ပြောဆိုသည်။
ပတ်ဝန်းကျင်ရှိ လူများအားလုံး ရုတ်တရက် ထိတ်လန့်တုန်လှုပ်သွားသည်။အိမ်ရှေ့စံမင်းသားသည် ကျန်းရွှမ်စဲကို အလေးထားသည့်အနေဖြင့် ဆုလာဘ်ချီးမြှင့်ခြင်းပင်။မည်သည်ကြောင့် ထိုအရာကို ကျန်းရွှမ်စဲက လက်မခံသနည်း...
ကျန်းရွှမ်စဲ၏စိတ် ဇဝေဇဝါဖြစ်နေသည်ကို မည်သူမျှ တွေးတောမိမည်မဟုတ်ချေ။ကျန်းရွှမ်စဲကဲ့သို့ လူစားမျိုးသည် အသိပညာဗဟုသုတနှင့်အတွေ့အကြုံ ကြွယ်ဝသူပင်။သူသည် မည်သည့်ကိစ္စကိုမဆို အလေးအနက်ထားကာ သတိထား၍ လုပ်ဆောင်တတ်သူဖြစ်ပြီး ရူးသွပ်မိုက်မဲသောကိစ္စမျိုးကို ကျူးလွန်လေ့မရှိချေ။
အိမ်ရှေ့စံမင်းသားက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သော်လည်း သူ၏မျက်နှာပေါ်တွင် မည်သည့်ဒေါသအရိပ်အယောင်မျိုးမျှ ရှိမနေပေ။
သူသည် အင်ပါယာတစ်ခု၏အိမ်ရှေ့စံမင်းသားပင်။သူ စိတ်မကျေမနပ်ဖြစ်နေသော အချိန်အခိုက်အတန့်တွင် ကြီးကျယ်ခမ်းနားသော အရှိန်အဝါတစ်ရပ်က ချက်ချင်းဆိုသလိုပင် လေထုအတွင်း၌ ထွက်ပေါ်လာသည်။
ပတ်ဝန်းကျင်ရှိ စာစစ်သူများအားလုံး ထိုအရှိန်အဝါကို ခံစားမိလေ၏။သူတို့အားလုံး တိတ်ဆိတ်ငြိမ်သက်နေကာ မည်သည့်စကားကိုမျှ မဆိုဝံ့ချေ။
"တကယ်လို့ တခြားအချိန်မှာဆိုရင် ဒီအရာရှိက အရှင့်သား ချီးမြှင့်တဲ့ဆုလာဘ်ကို ဝမ်းမြောက်ဝမ်းသာ လက်ခံမှာပါ...ဒါပေမယ့် အခုချိန်မှာ ဒီအရာရှိက တော်ဝင်နန်းတွင်းအတွက် ပါရမီရှင်တွေကို ရွေးထုတ်ပေးရမယ့်တာဝန်ကို ယူထားတယ်...နန်းတွင်းစည်းမျဥ်းတွေအရ စာစစ်တဲ့သူတွေဟာ တခြားသူတွေဆီက ဘာပစ္စည်းကိုမှ လက်ခံခွင့်မရှိဘူး...အရှင့်သားက ကျေးဇူးပြုပြီးတော့ ဒီအရာရှိကို ခွင့်လွှတ်ပေးပါ"
ကျန်းရွှမ်စဲက အိမ်ရှေ့စံမင်းသားကို တန်းတန်းမတ်မတ်ကြည့်ကာ ပြောဆိုသည်။သူ၏လေသံသည် ရို့ကျိုးခြင်းလည်းမရှိ မောက်မာဝံ့ကြွားခြင်းလည်းရှိမနေချေ။
လွှမ်းမိုးချုပ်ကိုင်နိုင်သော ဖိအားအရှိန်အဝါတစ်ရပ်သည် အချိန်အတိုင်းအတာတစ်ခုထိ ဆက်လက်၍တည်ရှိနေပြီးနောက် အိမ်ရှေ့စံမင်းသားက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
"အရှင်ကျန်းက တကယ့်ကိုပဲ အရာရှိတစ်ယောက်ဖြစ်ဖို့ ထိုက်တန်ပါပေတယ်...မင်းက နန်းတွင်းစည်းမျဥ်းတွေကို အမြဲတမ်းလိုက်နာတယ်...ဒါက ငါ ပေါ့လျော့သွားတာပါ"
အိမ်ရှေ့စံမင်းသား၏ရယ်မောသံနှင့်အတူ ယခင်က ခန်းမတစ်ခုလုံးကို လွှမ်းခြုံထားသော လွှမ်းမိုးချုပ်ကိုင်နိုင်သော ဖိအားအရှိန်အဝါတစ်ရပ် ရုတ်တရက် ပျက်ပြယ်သွားတော့သည်။
ပတ်ဝန်းကျင်ရှိ လှုပ်ယမ်းနေသော ဖယောင်းတိုင်မီးများသည်လည်း တဖြည်းဖြည်း မူလအခြေအနေသို့ ရောက်ရှိသွားကာ ပြန်လည်တည်ငြိမ်သွားလေ၏။
ထိုလူနှစ်ယောက်သည် သာမာန်ထက်သာလွန်ထူးကဲသော အဆင့်အတန်းရှိရုံသာမက သူတို့၏ခွန်အားများမှာလည်း သာမာန်မဟုတ်ချေ။သူတို့၏နောက်တွင် ကြီးကျယ်ခမ်းနားသောအရှိန်အဝါမျိုး အစဥ်အမြဲရှိနေသည်။
အိမ်ရှေ့စံမင်းသားက ကျန်းရွှမ်စဲ၏နံဘေးရှိ အဖြေလွှာစာရွက်ပုံကို တစ်ချက်ကြည့်ကာ မေးမြန်းသည်။
"ဒီအဖြေစာရွက်တွေထဲမှာ အရှင်ကျန်းနှစ်သက်တဲ့ အဖြေလွှာတစ်ခုခု ရှိနေပြီလား"
ကျန်းရွှမ်စဲက တည်ငြိမ်စွာ တုံ့ပြန်ပြောဆိုလေ၏။
"တချို့အဖြေလွှာတွေက သာမာန်ရဲ့အထက်မှာရှိတယ်လို့ပဲ ယူဆလို့ရတယ်...အခုထိတော့ တကယ့်အဖြေလွှာကောင်းကို ဒီအရာရှိက မမြင်မိသေးဘူး"
"အရှင်ကျန်း...ဒီအဖြေလွှာတွေကို စစ်ဆေးတဲ့နေရာမှာ အရမ်းမတင်းကြပ်ပါနဲ့...သူတို့က ကောင်ကင်ဘုံနယ်မြေရဲ့ မရေမတွက်နိုင်တဲ့ လူငယ်တွေကြားကနေ ရွေးထုတ်ထားတဲ့ လူငယ်ပါရမီရှင်တွေပဲ..သူတို့ရဲ့အရည်အချင်းတွေကို သာမာန်ထက်သာလွန်ထူးကဲတယ်လို့ ယူဆလို့ရတယ်....သူတို့ရဲ့အသက်အရွယ်နဲ့ စာပေပညာရပ်တွေကို ဘယ်လောက်ထိသင်ယူထားနိုင်မှာလဲ...သူတို့ ဘယ်လောက်များများ သိနေနိုင်မှာလဲ"
အိမ်ရှေ့စံမင်းသားက အဖြေလွှာစာရွက်တစ်ရွက်ကို သာမာန်ကာလျှံကာ ကောက်ယူလိုက်သည်။ထိုစာရွက်ပေါ်တွင် ရှထန်ကန်း၏အမည်ကို ရေးသားထားသည်ကို မြင်တွေ့ချိန်တွင် သူက မျက်တောင်တစ်ချက်မခတ်ဘဲ ပြောဆိုသည်။
"ဒီအဖြေလွှာက မဆိုးဘူး...ဒါက သာမာန်ထက်ထူးချွန်တဲ့ စာပေပညာရပ်အရည်အချင်းရှိပြီးတော့ စကားလုံးတွေက အဓိပ္ပါယ်ပြည့်ဝတယ်...ဒါက ပထမနေရာကိုရဖို့ သင့်လျော်တယ်"
အိမ်ရှေ့စံမင်းသားကိုကြားချိန်တွင် စာစစ်သူများအားလုံး ကြက်သေသေသွားသည်။
အမှန်အားဖြင့် အိမ်ရှေ့စံမင်းသား ဤနေရာသို့ရောက်လာသည်မှာ ရည်ရွယ်ချက်တစ်ခု ရှိနေလေ၏။
ဤနေရာသည် တော်ဝင်စာမေးပွဲအတွက် အရေးကြီးသော နေရာတစ်ခုပင်။အိမ်ရှေ့စံမင်းသားတွင် ဂုဏ်ရှိန်မြင့်မားသော အဆင့်အတန်းမျိုးရှိသော်လည်း သံသယများမြင့်တက်လာမှုမှ ရှောင်ရှားရန်အတွက် သူသည် ဤနေရာသို့မလာသင့်ချေ။
အိမ်ရှေ့စံမင်းသား ဤနေရာသို့ ရုတ်တရက်ဆန်စွာ ရောက်ရှိလာမှုသည် ပထမရမည့်အဖြေလွှာကို ညွှန်ပြပေးရန်အတွက် ဖြစ်နေသည်။ကြည့်ရသည်မှာ သူသည် တော်ဝင်စာမေးပွဲအတွင်း၌ ဝင်ရောက်စွက်ဖက်လိုပုံရသည်။
ဤသည်က ကိစ္စကြီးတစ်ရပ်ပင်။အကယ်၍ တော်ဝင်နန်းတွင်းမှ တခြားအရာရှိများသာ ဤကိစ္စကို သိရှိသွားပါက မုန်တိုင်းတစ်ခု ဆိုက်ရောက်လာပေမည်။
Chapter 2928
စာစစ်သူများအားလုံး ထိတ်လန့်တုန်လှုပ်နေသော်လည်း သူတို့သည် မည်သည့်စကားမျှ မဆိုဝံ့သဖြင့် တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ကြည့်နေကြ၏။
ကျန်းရွှမ်စဲက သူ၏ခေါင်းကို တဖြည်းဖြည်းမော့ကာ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"ဒီအရာရှိက အခုထိ အဖြေလွှာတွေအားလုံးကို စစ်ဆေးလို့ မပြီးသေးဘူး...ဘယ်သူက ပထမရမယ်ဆိုတာ ဒီအရာရှိက မဆုံးဖြတ်နိုင်သေးဘူး"
အတိတ်ရှိ တော်ဝင်စာမေးပွဲများ၏အစဥ်အလာအရ စာပေစာမေးပွဲ၏ပထမနေရာရရှိသူကို တော်ဝင်ကျောင်းတော်သို့ဝင်ရောက်ရန် ရွေးချယ်ကာ တော်ဝင်မြို့တော်၌သာ ဆက်လက်၍နေရသည်။
တော်ဝင်မြို့တော်၌ နေထိုင်ရခြင်းသည် သူ့အား ဗဟိုအချက်အချာကျသောနေရာတွင် ထားသည်ဟု ယူဆနိုင်ပေ၏။အကယ်၍ သူ့ထံတွင် မည်သည့်စစ်ရေးအကျိုးဆောင်ရမှတ်မျှမရှိလျှင်ပင် သူ၏အတွေ့အကြုံများကို ဖြည်းညှင်းစွာတည်ဆောက်၍ သူသည် အလျှင်အမြန်ရာထူးတိုးသွားနိုင်သည်။
ဤသည်က အဓိကသော့ချက်နေရာဖြစ်သဖြင့် အိမ်ရှေ့စံမင်းသားသည် ရှထန်ကန်းကို စာပေစာမေးပွဲ၏ပထမနေရာရရှိရန်အတွက် ဤနေရာသို့ ရောက်ရှိလာခြင်းဖြစ်သည်မှာ သိသာထင်ရှားသည်။
အိမ်ရှေ့စံမင်းသား၏မျက်နှာပေါ်မှအပြုံး ပျောက်ကွယ်သွားခြင်းမရှိချေ။
"ပြဿနာမရှိပါဘူး...ငါက အရှင်ကျန်း အဖြေလွှာအားလုံးကို စစ်ဆေးပြီးတဲ့အချိန်ထိ စောင့်နေမယ်"
"တစ်ယောက်ယောက်....အိမ်ရှေ့စံမင်းသားအတွက် ထိုင်ခုံယူလာခဲ့စမ်း"
ကျန်းရွှမ်စဲ၏မျက်နှာအမူအယာသည်လည်း ပြောင်းလဲသွားခြင်းမရှိပေ။သူက အစေခံနှစ်ယောက်ကို ခေါ်ဆောင်ကာ အိမ်ရှေ့စံမင်းသား ထိုင်ရန်အတွက် ထိုင်ခုံယူလာခိုင်းလိုက်သည်။
သူသည် စားပွဲခုံကို သူ၏လက်ဖြင့်အချက်အနည်းငယ်တောက်ကာ သူ၏မှော်စွမ်းအားအနည်းငယ်ကို ထုတ်လွှတ်လိုက်၏။မူလက စားပွဲပေါ်တွင် ကျန်ရှိနေသော အဖြေလွှာစာရွက်များအနက် တစ်ဝက်ခန့်က ရုတ်တရက် လေထုအတွင်းသို့ မျောလွင့်သွားသည်။
ယခုလက်ရှိချိန်တွင် စားပွဲပေါ်၌ အဖြေလွှာစာရွက် ရာဂဏန်းအနည်းငယ်ခန့် စစ်ဆေးရန် ကျန်ရှိနေဆဲပင်။
စာရွက်များသည် လေထုအတွင်း၌ မျောလွင့်နေသော်လည်း တချို့စာရွက်များကိုမြင်တွေ့ရသည်မှာ ပတ်ဝန်းကျင်ရှိစာရွက်များနှင့် ကွဲထွက်နေသည်။ထိုစာရွက်များပေါ်တွင် အလင်းရောင်များ တောက်ပနေကာ သိပ်သည်းကြွယ်ဝသော စာပေစွမ်းအားများမှတဆင့် ထူးဆန်းသော သဘာဝလွန်ပုံရိပ်များ ထွက်ပေါ်နေပေ၏။
တချို့စာရွက်များသည် မှုန်မှိုင်းနေကာ မည်သည့်စာပေစွမ်းအားမျှ ထွက်ပေါ်နေခြင်းမရှိချေ။ထိုအဖြေလွှာများသည် ရိုးရှင်းစွာ ချဲ့ကားဖြေဆိုထားခြင်းသာဖြစ်ပြီး စစ်မှန်သောအဓိပ္ပါယ်မျိုးရှိမနေပေ။
ကျန်းရွှမ်စဲသည် သူ၏နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်ပြီးနောက် အရည်အချင်းပြည့်မီသော အဖြေလွှာများကို တစ်ချက်ကြည့်ကာ ကျန်အဖြေလွှာများအားလုံးကို ဖယ်ရှားလိုက်သည်။သူ ထိုအရာများကို ရှင်းရှင်းလင်းလင်းစစ်ဆေးနိုင်ရန် အကြည့်တစ်ချက်သာ လိုအပ်သည်။
သူ၏လက်မှစုတ်တံ အလျှင်အမြန်ကျရောက်သွားမှုနှင့်အတူ သူက အဖြေလွှာများပေါ်တွင် မှတ်ချက်ရေးသားလိုက်၏။
အိမ်ရှေ့စံမင်းသားက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။
"အရှင်ကျန်း...ရှထန်ကန်းရဲ့အဖြေလွှာထက် ကောင်းတဲ့အဖြေလွှာမတွေ့ဘူး...ဟုတ်တယ်မလား...ငါက အကြောင်းပြချက်မရှိဘဲနဲ့ ဘယ်သူ့ကိုမှ ထောက်ခံမပေးတကတ်ဘူး...ဒါက တော်ဝင်နန်းတွင်းအတွက် အရေးပါတဲ့ကိစ္စ ဖြစ်နေမှတော့ ငါက အသုံးမကျတဲ့ပါရမီရှင်ကို ရွေးချယ်မှာမဟုတ်ဘူး"
"ဒီလိုဆိုမှတော့....."
ကျန်းရွှမ်စဲ၏မျက်နှာအမူအယာ ရုတ်တရက် ပြောင်းလဲသွားသည်။ဤတစ်ကြိမ်တွင် အိမ်ရှေ့စံမင်းသားသည် ယုံကြည်ချက်အပြည့်အဝရှိနေပုံရသည်။
သို့ရာတွင် ကျန်းရွှမ်စဲသည် ရုတ်တရက် စားပွဲပေါ်ရှိ အဖြေလွှာစာရွက်တစ်ရွက်ကို သတိပြုမိသွားလေ၏။
သူသည် စားပွဲပေါ်သို့ သူ၏လက်ဖြင့်ရိုက်ပုတ်လိုက်ရာ ကျန်ရှိနေသော အဖြေလွှာစာရွက်များအားလုံးလေထုအတွင်းသို့ မြောက်တက်သွားကာ အဖြေလွှာစာရွက်တစ်ရွက်သာလျှင် ကျန်ရှိခဲ့သည်။
"အရှင့်သား...ခဏစောင့်ပါဦး...ဒီအရာရှိက စစ်ဆေးစရာ အဖြေလွှာစာရွက်တစ်ရွက် ကျန်နေသေးတယ်"
ကျန်းရွှမ်စဲက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုသည်။
အိမ်ရှေ့စံမင်းသားက သူ၏လက်ကိုဝှေ့ယမ်းပြကာ ကျန်းရွှမ်စဲကို အဖြေလွှာများ ဆက်လက်၍စစ်ဆေးစေသည်။
ဤသည်က အဖြေလွှာတစ်ရွက်သက်သက်သာဖြစ်သဖြင့် သူ အေးအေးလူလူ စောင့်ဆိုင်းနိုင်ပေ၏။
ကျန်းရွှမ်စဲသည် သူ၏လက်ကို အဖြေလွှာစာရွက်ပေါ်သို့တင်ပြီးနောက် သူ၏မျက်နှာအမူအယာ ရုတ်တရက် တည်ကြည်လေးနက်စပြုလာသည်။
တခြားစာစစ်သူများသည် ကျန်းရွှမ်စဲ၏မျက်နှာအမူအယာကို မြင်တွေ့ချိန်တွင် သူတို့ကလည်း အာရုံစူးစိုက်၍ ကြည့်လိုက်ကြသည်။
အဖြေလွှာများစတင်စစ်ဆေးသည့် အချိန်မှစ၍ ကျန်းရွှမ်စဲ၌ ယခုကဲ့သို့မျက်နှာအမူအယာမျိုး ထင်ဟပ်နေသည်ကို သူတို့အားလုံး မမြင်တွေ့ဖူးကြချေ။
ကျန်းရွှမ်စဲသည် ထိုအဖြေလွှာကို ဖြည်းညှင်းစွာ ဖတ်ရှုပြီးနောက် အချိန်တခဏအကြာမှာပင် ရုတ်တရက် အံ့အားသင့်တုန်လှုပ်သွားသည်။ထိုအဖြေလွှာစာရွက်ပေါ်ရှိ စုတ်ချက်တိုင်းသည် တောက်ပသော ရွှေရောင်အလင်းတန်းများ ဖြာထွက်နေပေ၏။ထိုအရာကိုတစ်ချက်ကြည့်မိရုံဖြင့် ထက်ရှသောဓားတစ်လက်ကို မြင်တွေ့ရသည့်အလား သူ ခံစားမိသည်။ကြီးကျယ်ခမ်းနားပြီး ထက်ရှသော အရှိန်အဝါတစ်ရပ်က သူ့ထံသို့ တိုးဝင်လာသည်။
"စုတ်ချက်တွေက အရမ်းအသက်ဝင်ပြီးတော့ စာလုံးတစ်လုံးစီက ရွှေပြားတစ်ထောင်လောက်လေးလံတယ်"
ပတ်ဝန်းကျင်ရှိစာစစ်သူများအားလုံးသည် ထိုအဖြေလွှာစာရွက်ကို မြင်တွေ့ချိန်တွင် ကူကယ်ရာမဲ့စွာဖြင့် အံ့အားတသင့်ရေရွတ်လိုက်ကြ၏။
ဤကဲ့သို့ စာအရေးအသားမျိုးသည် စာလုံးများကို အဆုံးစွန်ဆုံးအဆင့်ထိ အဓိပ္ပါယ်ပြည့်ဝအောင် ရေးသားနိုင်မှသာ ထွက်ပေါ်လာလေ့ရှိသည်။
ကျမ်းစာအမြောက်အများကို ဖတ်ရှုထားသော မဟာကွန်ဖြူးရှပ်ပညာရှင် အများစုပင်လျှင် ဤကဲ့သို့ ပြုလုပ်နိုင်မည်မဟုတ်ချေ။
"ဒါက နည်းနည်းတော့ မလွန်ဘူးလား...တော်ဝင်စာမေးပွဲမှာ အသက်အရွယ်ကို ကန့်သတ်ထားတယ်...အဲ့ဒီလူငယ်တွေ ဘယ်လိုမျိုးပဲ ကျင့်ကြံခဲ့ပါစေ ဒီအဆင့်မျိုးကိုရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး...ဒါက ပါရမီရှင်တောင် မဟုတ်တော့ဘူး...တကယ့်ကို မွန်းစတားဆန်တာပဲ"
ပတ်ဝန်းကျင်ရှိ စာစစ်သူများသည်လည်း ရှေ့သို့တိုးလာကြကာ ထိုစာလုံးများ မည်မျှထိ သာလွန်ထူးကဲနေသည်ကို တွေ့မြင်လိုကြသည်။
"မင်းတို့ရဲ့အမြင်ကိုရော...ငါ သိပါရစေအုံး"
ကျန်းရွှမ်စဲက အလေးအနက်ထား၍ အဖြေလွှာကို ဖတ်ရှုလိုက်၏။
Chapter 2929
ထိုအဖြေလွှာ၏အစတွင် စာလုံးကြီးများဖြင့် 'ရန်သူကို အနိုင်ရနိုင်သော နည်းလမ်း'ဟု ရေးသားထားသည်က ချက်ချင်းဆိုသလိုပင် လူတိုင်း၏စိတ်နှလုံးသားအတွင်း၌ ထွက်ပေါ်လာသည်။
လူတိုင်းသည် တိုက်ပွဲခေါ်သံများဖြင့် ပြည့်နှက်နေသော တိုက်ပွဲကွင်းပြင်တစ်ခုက သူတို့၏ရှေ့၌ ထွက်ပေါ်လာသည့်အလား ခံစားလိုက်ရ၏။နားအူလုမတတ် အသံများကိုလည်း သူတို့အားလုံး ကြားနေရသည်။
"အထင်ကြီးလောက်စရာပဲ"
ကျန်းရွှမ်စဲ၏မျက်လုံးများ တောက်ပသွားသည်။
တခြားဖြေဆိုသူများသည် ချင်အင်ပါယာဘက်မှနေ၍ ကာကွယ်ခုခံနိုင်သောအမြင်များကိုသာ တွေးတောကြပြီး အလွန်နည်းပါးသူတချို့ကသာ ချင်အင်ပါယာဘက်၌ ပြန်လည်ခုခံတိုက်ခိုက်ရန် အခွင့်အရေးကျန်သေးသည်ဟု တွေးတောကြလေ၏။
သူ စာပေသူတော်စင်ကျန်းဟောင်၏နောက်သို့ လိုက်ပါ၍ကျင့်ကြံနေစဥ်၌ ဤကိစ္စကိုဖြေရှင်းရန် တွေးတောစဥ်တွင် ကျန်းဟောင်သည် ချင်အင်ပါယာဘက်၌ တန်ပြန်တိုက်ခိုက်ရန် စွမ်းဆောင်ရည်အပြည့်အဝကျန်ရှိနေသည်ဟု ခံစားမိခဲ့သည်။
ချင်အင်ပါယာ၏ကုန်းမြေဆယ်ခုအနက် ကိုးခုကို လက်လွှတ်အရှုံးပေးခဲ့ရသည်။သို့ရာတွင် ချန်အင်ပါယာသည် အလျင်စလိုတိုက်ခိုက်ခဲ့သဖြင့် ထိုကုန်းမြေများကို အပြည့်အဝထိန်းချုပ်နိုင်အုံးမည်မဟုတ်ချေ။
ချင်အင်ပါယာသည် အခွင့်ကောင်းကို ရှာနိုင်သည်နှင့် ချန်အင်ပါယာကို တစ်ချီတည်းဖြင့် တန်ပြန်တိုက်ခိုက်နိုင်မည့်အပြင် ချန်အင်ပါယာကိုပင် ဖျက်ဆီးနိုင်ပေလိမ့်မည်။
'ချန်အင်ပါယာ ဆက်လက်ရှင်သန်နိုင်မည့်နည်းလမ်း'ဟူသည်မှာ အမှန်အားဖြင့် ကျန်းဟောင်ဆင်ထားသော ထောင်ချောက်တစ်ခုပင်။အကယ်၍ တစ်စုံတစ်ယောက်သည် သမိုင်းမှတ်တမ်းကို နားလည်သဘောပေါက်ခြင်းမရှိပါက ချန်အင်ပါယာ ဆက်လက်ရှင်သန်နိုင်ရေးကိုသာ ဦးတည်၍ ဖြေဆိုကြပေမည်။ထိုကဲ့သို့ဖြေဆိုမှုအတွက် သူ ရရှိသောရမှတ်သည်လည်း မြင့်မားမည်မဟုတ်ချေ။
ရန်သူကိုအနိုင်ယူနိုင်သောနည်းလမ်း ဆယ်မျိုးရှိသည်။
ထိုနည်းလမ်းများတွင် ချင်အင်ပါယာ နောက်ထပ်မည်ကဲ့သို့ ဆက်လုပ်ရမည်ကို အသေးစိတ်ကျကျ ဖော်ပြထားပေ၏။
ပထမနည်းလမ်းမှာ ကျူးကျော်တိုက်ခိုက်လာသောရန်သူကို အနိုင်ယူနိုင်ရန်အတွက် လျှပ်ပြက်သကဲ့သို့ လျှင်မြန်သောနည်းလမ်းကို အသုံးပြုရပေမည်။ထိုအချိန်တုန်းက မဟာဆရာသခင်ယုဝမ်သည် ချင်အင်ပါယာ၌ အစွမ်းထက်ဆုံးပင်။သို့ရာတွင် ချင်ဧကရာဇ်သည် မဟာဆရာသခင်ယုဝမ်ကို တစ်ချိန်လုံး ကာကွယ်ပေးထားကာ အင်ပါယာပျက်စီးတော့မည့်အချိန်သို့ ရောက်ရှိသည့်တိုင် စစ်ပွဲအတွင်းသို့ မသွားရောက်စေခဲ့ပေ။အဆုံးသတ်၌ မဟာဆရာသခင်ယုဝမ်သည် ရာထူးမှနှုတ်ထွက်ကာ အငြိမ်းစားယူသွားခဲ့သည်။သူသည် လေလွင့်ကျင့်ကြံသူတစ်ယောက် ဖြစ်သွားခဲ့လေ၏။
လုယွီ၏အစီအစဥ်အရ မဟာဆရာသခင်ယုဝမ်ကို ရန်သူတပ်မှူးအား တိုက်ခိုက်စေကာ စစ်စခန်းဖရိုဖရဲဖြစ်သွားသော အခြေအနေကို အခွင့်ကောင်းယူရပေမည်။ထို့နောက် တော်ဝင်မြို့တော်အတွင်းရှိ ကျင့်ကြံသူများကိုစုဝေးကာ ခုခံကာကွယ်မှုကင်းမဲ့နေသော ရန်သူစစ်စခန်းအတွင်းသို့ တရကြမ်းတိုးဝင်တိုက်ခိုက်ရမည်။
ချင်ဧကရာဇ် မဟာဆရာသခင်ယုဝမ်နှင့် တခြားအစွမ်းထက်ကျင့်ကြံသူအမြောက်အများ စုဝေးကာ ချန်အင်ပါယာတော်ဝင်မြို့တော်သို့ ဝင်ရောက်၍ ချန်ဧကရာဇ်နှင့်ချန်တော်ဝင်မိသားစုဝင်များကို သတ်ဖြတ်လိုက်ပါက အရာအားလုံးကို လွယ်လင့်တကူ ဖြေရှင်းပြီးသားဖြစ်ပေမည်။
ထိုအချိန်တုန်းက ချန်အင်ပါယာသည် အတော်အသင့် အင်အားလျော့နည်းနေသဖြင့် တော်ဝင်နန်းတွင်းသည် ဂိုဏ်းကြီးများ အင်အားစုကြီးများ၏ ထိန်းချုပ်ခြင်းကို ခံထားရလေ၏။ချန်အင်ပါယာ၏ တော်ဝင်မိသားစုဝင်များနှင့် အမျိုးမျိုးသောအင်အားစုများအကြားတွင် ပူးပေါင်းဆောင်ရွက်မှုဟုသော ပတ်သက်ဆက်နွယ်မှုတစ်ခုသာရှိသည်။
အကယ်၍ ချန်ဧကရာဇ်သာ သေဆုံးသွားပါက ချန်အင်ပါယာတစ်ခုလုံး ဖရိုဖရဲအခြေအနေအတွင်းသို့ ကျရောက်သွားပေမည်။
နောက်ထပ်နည်းလမ်းတစ်ခုမှာ ချန်အင်ပါယာအတွင်းရှိ အမျိုးမျိုးသောအင်အားစုများကို အစိတ်စိတ်အမွှာမွှာပြိုကွဲအောင် မည်ကဲ့သို့ ပြုလုပ်ရမည်ကို အသေးစိတ်ကျကျရေးသားထားခြင်းပင်။ထိုအင်အားစုများကို အချင်းချင်းတိုက်ခိုက်စေကာ ဝံပုလွေကိုဝါးမြိုရန်အတွက် ကျားကိုမောင်းထုတ်သည့်နည်းလမ်းကို အသုံးပြု၍ ချန်အင်ပါယာ၏အင်အားကို တဖြည်းဖြည်း အားနည်းသွားအောင် ပြုလုပ်ရပေမည်။
အဆုံးသတ်၌ ချန်အင်ပါယာ အားနည်းသွားသဖြင့် သိမ်းပိုက်ခံထားရသောချင်အင်ပါယာ၏နယ်မြေများကို ပြန်လည်သိမ်းယူကာ ချန်အင်ပါယာကို လုံးလုံးလျားလျား ပျက်စီးသွားအောင်ပင် ပြန်လည်တိုက်ခိုက်နိုင်ပေလိမ့်မည်။
အကယ်၍ ရှထန်ကန်း၏နည်းလမ်းသည် တန်ပြန်တိုက်ခိုက်မှုဟု ဆိုပါက ဤနည်းလမ်းသည် ချန်အင်ပါယာကို မည်ကဲ့သို့ ခုခံရမည်မှအစပြု၍ ဖျက်ဆီးရန်အထိ ပြီးပြည့်စုံသော ဖော်ပြချက်ပင်။
ရှင်းလင်းစွာဖော်ပြထားသော ဤဖြေဆိုသူ၏နည်းလမ်းသည် အလွန်အစွမ်းထက်လှ၏။
ကျန်းရွှမ်စဲ၏မျက်လုံးများတောက်ပသွားကာ သူက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
"ဒါက အစစ်အမှန် ပါရမီရှင်ပဲ...ဒီအဖြေလွှာက စာပေစာမေးပွဲရဲ့ ပထမနေရာကိုရသင့်တယ်...မင်းတို့အားလုံး...လုယွီဆိုတဲ့ ရွေးချယ်ခံက ဘယ်သူလဲဆိုတာ တစ်ချက်ကြည့်လိုက်စမ်း"
ရုတ်ချည်းဆိုသလိုပင် စာစစ်သူတစ်ယောက်က အလျှင်အမြန်ရှာဖွေကာ ပြောဆိုသည်။
"လုယွီက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့ ရွေးချယ်ခံတွေထဲက တပည့်ခေါင်းဆောင်ပါ....သူက တခြားဘာသာရပ်တွေမှာလည်း အမှတ်အပြည့်ပဲ"
"ကောင်းပြီလေ....သူက ပထမပဲ"
ကျန်းရွှမ်စဲသည် လုယွီ၏အမည်ကိုမှတ်သားကာ သူ၏လက်မှစုတ်တံဖြင့် လုယွီ၏အဖြေလွှာစာရွက်ပေါ်တွင် မှတ်ချက်ရေးရန် ဟန်ပြင်လိုက်၏။
စာစစ်ခေါင်းဆောင်တစ်ယောက်ဖြစ်သော သူ့အနေဖြင့် ပထမနေရာကို ဆုံးဖြတ်ပေးနိုင်သော အခွင့်အာဏာမျိုးရှိသည်။သူသည် ယခုလက်ရှိချိန်တွင် တော်ဝင်နန်းတွင်း၏ကိုယ်စား ဆောင်ရွက်နေခြင်းဖြစ်သဖြင့် သူ၏နှုတ်ထွက်စကားကို သူ ပြန်ရုတ်သိမ်းမည်မဟုတ်ချေ။
သူ မှတ်ချက်ရေးသားတော့မည့်အချိန်မှာပင် နံဘေးတွင်ထိုင်နေသော အိမ်ရှေ့စံမင်းသားက ရုတ်တရက်ပြောဆိုသည်။
"အရှင်ကျန်း....ငါကလည်း အဲ့ဒီအဖြေလွှာစာရွက်နဲ့ပတ်သက်ပြီးတော့ အရမ်းသိချင်မိတယ်...ငါ တစ်ချက်ကြည့်လို့ရမလား"
အိမ်ရှေ့စံမင်းသားကလည်း ထိုအဖြေလွှာကို ကြည့်ရန် ဆန္ဒရှိနေပေ၏။
ကျန်းရွှမ်စဲက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သော်လည်း သူက တည်ငြိမ်စွာ ပြောဆိုသည်။
"အရှင့်သား....ကျေးဇူးပြုပြီးတော့...."
ထိုသို့ပြောဆိုပြီးနောက် ကျန်းရွှမ်စဲက ထိုအဖြေလွှာစာရွက်ကို အိမ်ရှေ့စံမင်းသားထံ လက်ကမ်းပေးလိုက်သည်။
အိမ်ရှေ့စံမင်းသားတွင် ပထမနေရာအတွက် အတိအလင်းဆုံးဖြတ်နိုင်သော အခွင့်အာဏာမျိုးမရှိချေ။သူသည် အဖြေလွှာစာရွက်ကို တစ်ချက်ကြည့်ရုံသာဖြစ်၍ ကျန်းရွှမ်စဲသည် ငြင်းဆန်ခြင်းမပြုနိုင်ပေ။
Chapter 2930
အိမ်ရှေ့စံမင်းသားသည် ထိုအဖြေလွှာစာရွက်ကို တစ်ချက်ကြည့်က သူ၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားသည်။သူ မည်သည့်အရာအား တွေးတောနေသည်ကို မည်သူမျှမသိနိုင်ချေ။
ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေကာ အပ်တစ်ချောင်းပြုတ်ကျလျှင်ပင် ကြားရနိုင်သည်။ပြင်ပ၌ ရှေ့နောက်သွားလာစောင့်ကြပ်နေကြသော အစောင့်များပင်လျှင် သူတို့၏နေရာများ၌ ငြိမ်သက်စွာ နေလိုက်ကြ၏။
"သူ့ရဲ့နည်းလမ်းတွေက နည်းနည်းတော့ ရိုးစင်းနေတယ်...ဒါက စာရွက်ပေါ်မှာပဲ အလုပ်ဖြစ်မယ်...အတိတ်မှာ ချင်ဧကရာဇ်က ဒီနည်းလမ်းတွေကို မတွေးမိဘဲနေမှာမဟုတ်ဘူး...ချန်အင်ပါယာက အင်အားစုတွေကို စိတ်ဝမ်းကွဲအောင် လုပ်ဖို့ဆိုတာက ချင်အင်ပါယာဘက်က လုပ်ဆောင်နိုင်မယ့်ကိစ္စမျိုးမဟုတ်ဘူး...ချင်ဧကရာဇ်က တော်ဝင်နန်းတွင်းရဲ့အစွမ်းထက်ကျင့်ကြံသူတွေအားလုံးကို စုစည်းဖို့ဆိုတာက ပိုလို့တောင်မဖြစ်နိုင်ဘူး...ဒါက ရှထန်ကန်းရဲ့နည်းလမ်းလောက်တောင် မကောင်းဘူး...အရှင်ကျန်း မင်း ဂရုစိုက်သင့်တယ်"
အိမ်ရှေ့စံမင်းသားက လုယွီ၏အဖြေလွှာကို စားပွဲပေါ်သို့ သာမာန်ကာလျှံကာပစ်ချ၍ တည်ငြိမ်စွာပြောဆိုသည်။
အခန်းအတွင်းရှိအခြေအနေ ချက်ချင်းဆိုသလိုပင် အေးစက်တင်းမာသွားလေ၏။
လုယွီ၏ ရန်သူကိုအနိုင်ယူနိုင်သောနည်းလမ်းများသည် လွန်စွာကောင်းမွန်သည်ကို သူတို့အားလုံးသိထားကြသည်။ဤအဖြေလွှာအတွင်းတွင် အားနည်းချက်ဟူ၍ မရှိသလောက်နီးပါးပင်။
အိမ်ရှေ့စံမင်းသားထောက်ပြခဲ့သော အားနည်းချက်ကိုလည်း လုယွီ၏အဖြေလွှာအတွင်း၌ ရှင်းပြပြီးလေပြီ။သူ၏ရှင်းပြချက်အရ ချင်ဧကရာဇ်သည် နန်းတွင်းဘဏ္ဌာတိုက်မှ မှော်ရတနာများကို ထုတ်ယူ၍ အစွမ်းထက်ကျင့်ကြံသူများကို သူ့အတွက် အလုပ်လုပ်ခိုင်းရပေမည်။
ထိုအစွမ်းထက်ကျင့်ကြံသူများသည် ချမ်းသာကြွယ်ဝမှုကို လိုလားသဖြင့် ပူးပေါင်းကြခြင်းဖြစ်ကာ သစ္စာရှိမည်မဟုတ်သော်လည်း ချန်အင်ပါယာကို ရင်ဆိုင်ရန် အမြှောက်စာအဖြစ်အသုံးပြုရာ၌ လုံလောက်သည်ထက်ပင်ပိုနေသည်။
ထိုအချိန်တုန်းက ချင်အင်ပါယာ၏တော်ဝင်နန်းတွင်းသည် လုံးလုံးလျားလျား ယိုင်နဲ့နေခြင်း မရှိသေးချေ။တော်ဝင်နန်းတွင်း၌ အသုံးပြု၍ရသော အစွမ်းထက်ကျင့်ကြံသူ အမြောက်အများရှိနေဆဲပင်။ထိုအစွမ်းထက်ကျင့်ကြံသူများကို စုစည်းနိုင်ရန်အတွက် အင်အားများစွာစိုက်ထုတ်ရမည်ပင်မဟုတ်ချေ။
သို့ရာတွင် အိမ်ရှေ့စံမင်းသားသည် သူ၏အဖြေလွှာကို အပြစ်မရှိအပြစ်ရှာနေလေ၏။သူသည် ရည်ရွယ်ချက်ဖြင့် ဤနေရာကို ရောက်လာခြင်းဖြစ်သည်မှာ သိသာထင်ရှားသည်။
ကျန်းရွှမ်စဲက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"ဒီအရာရှိက ဧကရာဇ်ကိုယ်တိုင်ခန့်အပ်ထားတဲ့ စာစစ်ခေါင်းဆောင်ဆိုတာ အရှင့်သားက မေ့လျော့နေပုံပဲ...ဒီနေရာမှာ အရှင့်သား ရှိနေတာကိုက စည်းမျဥ်းတွေကို ချိုးဖောက်ပြီးသားဖြစ်နေပြီ...ဒါကိုတောင် အရှင့်သားက ထပ်ပြီးစွက်ဖက်ချင်သေးတာလား"
"ဧကရာဇ် ဟုတ်လား...ဘယ်ဧကရာဇ်လဲ"
အိမ်ရှေ့စံမင်းသားက မေးခွန်းပြန်ထုတ်လေ၏။
ပတ်ဝန်းကျင်ရှိစာစစ်သူများသည် ထိုစကားကိုကြားချိန်တွင် ပြန့်ကြဲသွားသော ငှက်များနှင့်သားရဲများအလား သူတို့၏သက်ဆိုင်ရာထိုင်ခုံများတွင် ပြန်ထိုင်လိုက်ကာ အဖြေလွှာများကို စစ်ဆေးလိုက်ကြပြီး မည်သည့်အရာကိုမျှ မကြားသကဲ့သို့ ပြုမူနေသည်။
ဤသည်က တာယွီအင်ပါယာ၏ အတိမ်းအစောင်းမခံသော တားမြစ်စည်းမျဥ်းပင်။သူတို့သည် စာပေဌာနမှ အရာရှိငယ်လေးများသာဖြစ်သည်။သူတို့သည် တော်ဝင်စာမေးပွဲအတွက် စစ်ဆေးရာ၌ အခွင့်အာဏာတချို့ရှိသော်လည်း ဤကဲ့သို့ကိစ္စကြီးမျိုးတွင် ဝင်ရောက်စွက်ဖက်ဝံ့ခြင်းမရှိချေ။
ကျန်းရွှမ်စဲ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိပေ။သူက အိမ်ရှေ့စံမင်းသားကို တန်းတန်းမတ်မတ်ကြည့်ကာ ပြောဆိုလိုက်၏။
"လူသားဧကရာဇ်ဓားကို ကိုင်ဆောင်ထားတဲ့ဘယ်သူမဆို ဧကရာဇ်ပဲ"
ဤှသည်က တာယွီအင်ပါယာ စတင်တည်ထောင်စဥ်မှစတင်၍ ချမှတ်ခဲ့သော ဥပဒေစည်းမျဥ်းပင်။
ထိုအချိန်တုန်းက တာယွီအင်ပါယာ တည်ထောင်နိုင်ခဲ့သည်မှာ ရှေးဟောင်းအချိန်ကာလများမှ လက်ဆင့်ကမ်းဆင်းသက်လာသော မသေမျိုးအဆင့်မှော်လက်နက်ဖြစ်သည့် လူသားဧကရာဇ်ဓားကြောင့်ဖြစ်သည်။
လူသားဧကရာဇ်ဓားကို ကောင်းမွန်စွာထိန်းသိမ်းထားကာ ထိုအရာအတွင်း၌ပါဝင်သော စွမ်းအားသည် ထိပ်သီးအင်အားစုကြီးများ ပိုင်ဆိုင်ထားသော မှော်လက်နက်များ ယှဥ်ပြိုင်နိုင်သည့်အရာမျိုးမဟုတ်ချေ။
အလယ်ခေတ်အတွင်း၌ မရေမတွက်နိုင်သော အင်အားစုများသည် လူသားဧကရာဇ်ဓားကို ရယူနိုင်ရန်အတွက် ယှဥ်ပြိုင်တိုက်ခိုက်ခဲ့ကြလေ၏။
ဤသည်က ကောင်းကင်ဘုံနယ်မြေကို အစစ်အမှန်ထိန်းချုပ်နိုင်သော ပုဂ္ဂိုလ်တစ်ယောက်၏ အထိမ်းအမှတ်သင်္ကေတပင်။အကယ်၍ တစ်စုံတစ်ယောက်သည် လူသားဧကရာဇ်ဓားကို ရရှိပါက ထိုအချိန်မှစ၍ ကောင်းကင်ဘုံနယ်မြေကို အုပ်ချုပ်နိုင်ကာ မည်သူကမျှ သူ့ကိုယှဥ်ပြိုင်ဝံ့မည်မဟုတ်ချေ။
တာယွီအင်ပါယာ၏တည်ထောင်သူဘိုးဘေးသည် လူသားဧကရာဇ်ဓားကို ရရှိခဲ့သဖြင့် ရှေးဟောင်းအလယ်ခေတ်အတွင်းရှိ ဖရိုဖရဲကိစ္စရပ်များကို အဆုံးသတ်နိုင်ခဲ့သည်။
အိမ်ရှေ့စံမင်းသား၏မျက်လုံးများ ကျဥ်းမြောင်းသွားကာ သူ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းများ ဖြတ်ပြေးသွားသည်။
ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ် သေဆုံးသွားမှုသည် အလွန်ရုတ်တရက်ဆန်သဖြင့် တော်ဝင်နန်းတွင်းမှ အချိန်မီ တုံ့ပြန်နိုင်ခဲ့ခြင်းမရှိချေ။
ထိုအချိန်တုန်းက ကျိုးမိသားစုဝင် မင်းသားတချို့ တော်ဝင်မြို့တော်အတွင်း၌ ရှိနေသည်။ထိုသတင်းကိုကြားချိန်တွင် သူတို့သည် နန်းတွင်းသို့ဝင်ရန် အလျှင်အမြန်သွားခဲ့ကြသော်လည်း သူတို့ ခြေတစ်လှမ်းစာခန့် နောက်ကျသွားလေပြီ။
ရှန်လင်းလုံဟူသော အမျိုးသမီးတစ်ယောက်သည် ရုတ်တရက်ထွက်ပေါ်လာကာ လူသားဧကရာဇ်ဓား၏ အသိအမှတ်ပြုမှုကို ရရှိသွားခဲ့သည်။ထို့ကြောင့် သူမသည် လူသားဧကရာဇ်ဓား၏အရှင်သခင် ဖြစ်လာခဲ့လေ၏။
ကျိုးမိသားစုကို ပို၍အခက်တွေ့စေခဲ့သည်မှာ ထိုအချိန်တုန်းက ရှန်လင်းလုံ၏နံဘေးတွင် တာအိုသခင်အမြောက်အများမှ ကူညီထောက်ပံပေးနေခြင်းပင်။
တောင်းဆိုမှုများကို ချိန်ဆပြီးနောက် ကျိုးမိသားစုနှင့် ရှန်လင်းလုံကြားတွင် သဘောတူညီမှုတစ်ခု ရရှိသွားခဲ့သည်။ကျိုးမိသားစုသည် ရှန်လင်းလုံကို ဧကရီအဖြစ် အသိအမှတ်ပြုခဲ့လေ၏။သို့ရာတွင် ကျိုးမိသားစုဘက်မှနေ၍ အိမ်ရှေ့စံမင်းသားတစ်ပါးကို ထားရှိမည်ဖြစ်ကာ ရှန်လင်းလုံသေဆုံးသွားသည်နှင့် တာယွီအင်ပါယာသည် ကျိုးမိသားစုလက်အတွင်းသို့ ပြန်လည်ရောက်ရှိသွားပေမည်။
ဤအချိန်အခိုက်အတန့်တွင် အိမ်ရှေ့စံမင်းသားသည် ကျန်းရွှမ်စဲကို တော်ဝင်မိသားစုအပေါ် သစ္စာရှိမရှိဟူသည့် အဓိပ္ပါယ်သက်ရောက်သော မေးခွန်းမျိုး ရုတ်တရက်မေးမြန်းခဲ့ခြင်းဖြစ်သည်။