← Chapters

အခန်း (၂၉၃၁-၂၉၃၅)

Vol. 150 Ch. 2931-2935

အခန်း (၂၉၃၁-၂၉၃၅)

Vol. 150 Ch. 2931-2935

Chapter 2931

"လူသားဧကရာဇ်ဓားကို ကိုင်ဆောင်ထားတဲ့သူက ဧကရာဇ်တဲ့လား....ကောင်းတယ်...ကောင်းတယ်...မင်းက တာဝန်ကျေပွန်တဲ့ အရာရှိကောင်းတစ်ယောက်ပဲ...ကြည့်ရတာတော့ မင်းကို ထိပ်တန်းကျောင်းတော်သားတစ်ယောက်ဖြစ်လာအောင် အမိန့်ပေးခဲ့တဲ့သူက ဘယ်သူလဲဆိုတာ မင်း မေ့လျော့သွားပုံပဲ"

အိမ်ရှေ့စံမင်းသား၏အသံသည် တစတစ ပို၍အေးစက်လာသည်။

ကျန်းရွှမ်စဲသည် တော်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုခဲ့စဥ်၌ စာပေစာမေးပွဲတွင် ပထမနေရာကို ရရှိခဲ့သည်။သို့ရာတွင် သူ၏ကျင့်ကြံခြင်း ပါရမီအရည်အချင်းသည် မြင့်မားခြင်းမရှိချေ။သူသည် တိုက်ခိုက်ရေးစာမေးပွဲ၌ ရာနှင့်ချီသော အဆင့်နေရာကိုသာ ရရှိခဲ့လေ၏။

တော်ဝင်စာမေးပွဲ၏ထိပ်သီးသုံးနေရာကိုရရှိရန် တစ်စုံတစ်ယောက်သည် စာပေစာမေးပွဲ တိုက်ခိုက်ရေးစာမေးပွဲနှင့် နန်းတွင်းမှစစ်ဆေးမှုတို့အားလုံးကို အကဲဖြတ်ခံရန် လိုအပ်သည်။

ကျန်းရွှမ်စဲသည် စာပေစာမေးပွဲတွင် ပထမနေရာကို ရရှိခဲ့သည်။သို့ရာတွင် တိုက်ခိုက်ရေးစာမေးပွဲ၌ သူ၏အဆင့်သည် မြင့်မားခြင်းမရှိသဖြင့် တော်ဝင်နန်းတွင်းမှနေ၍ သူ့အား ထိပ်သီးဆယ်ယောက်အတွင်း၌သာထားရှိရန် ဆုံးဖြတ်ခဲ့လေ၏။

သို့သော် ထိုအချိန်မှာပင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် ကျန်းရွှမ်စဲ၏အရည်အချင်းကို နှစ်ခြိုက်သဘောကျသဖြင့် ထိုနှစ်၏ထိပ်သီးနံပါတ်တစ်ကျောင်းတော်သားအဖြစ် တိုက်ရိုက်ရွေးချယ်ခဲ့သည်။

ဤအဆင့်အတန်းကြောင့် ကျန်းရွှမ်စဲ၏တိုးတက်မှု အလွန်အမင်း မြန်ဆန်သွားခဲ့သည်။တာယွီအင်ပါယာ၏ကံကြမ္မာစွမ်းအားများမှ ထောက်ပံပေးမှုနှင့်အတူ သူသည် အချိန်တခဏအတွင်းမှာပင် နယ်မြေသခင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့လေ၏။

ဤကျေးဇူးတရားသည် ကျန်းရွှမ်စဲ၏ကျန်ရှိနေသော ဘဝသက်တမ်းတလျှောက်တွင် မေ့လျော့၍မရနိုင်သော အရာတစ်ခုပင်။

ကျန်းရွှမ်စဲ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိဘဲ သူက တည်ငြိမ်စွာပြောဆိုသည်။

"တော်ဝင်နန်းတွင်းရဲ့ဥပဒေစည်းမျဥ်းတွေက သွားလေသူဧကရာဇ်ကိုယ်တိုင် ချမှတ်ခဲ့တာပဲ...ငါက အဲ့ဒီစည်းမျဥ်းတွေကို မချိုးဖောက်ဝံ့ဘူး"

အိမ်ရှေ့စံမင်းသားက ကျန်းရွှမ်စဲကို စူးစိုက်ကြည့်ကာ ဒေါသတကြီးအော်ဟစ်ရယ်မောလိုက်၏။ထို့နောက် သူ၏အင်္ကျီလက်ကိုခါယမ်းကာ ထွက်ခွာသွားတော့သည်။

သူက ဆက်လက်၍ ခေါင်းမာနေခြင်းမရှိတော့ချေ။ကျန်းရွှမ်စဲကဲ့သို့ အဆင့်မြင့်အရာရှိတစ်ယောက်၏စိတ်ကို သူ၏အခွင့်အာဏာတစ်ခုတည်းဖြင့် ပြောင်းလဲနိုင်မည်မဟုတ်ပေ။

သူ ဤနေရာ၌ ဆက်လက်၍ အချေအတင်ပြောဆိုနေပါက အကျိုးထူးရှိလာမည်မဟုတ်သည့်အပြင် အ​ခြေအနေ ပို၍ပင်တင်းမာသွားပေမည်။

အိမ်ရှေ့စံမင်းသား ထွက်ခွာသွားပြီးနောက် ခန်းမအတွင်းရှိ ဖိအားအရှိန်အဝါ ချက်ချင်းဆိုသလိုပင် လျော့ကျသွားလေ၏။ကူကယ်ရာမဲ့နေသော စာစစ်သူများသည် ယခုမှသာ စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက် ရှိုက်လိုက်ကြသည်။

"အရှင်ကျန်း...ဒီအဖြေလွှာစာရွက်ကို ကျွန်တော်တို့ ဘာလုပ်သင့်လဲ"

စစ်ဆေးသူတစ်ယောက်က ဂရုတစိုက် မေးမြန်းသည်။

ကျန်းရွှမ်စဲက တည်ငြိမ်စွာ ပြောဆိုသည်။

"အရင်အစီအစဥ်အတိုင်းပဲ...လုယွီက ပထမရပြီးတော့...ရှထန်ကန်းက ဒုတိယနေရာပဲ"

"ဟုတ်ကဲ့"

စာစစ်သူများသည် ထိတ်လန့်တုန်လှုပ်နေသောအကြည့်များဖြင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ခေါင်းညိတ်လိုက်ကြ၏။

ဤသည်က အိမ်ရှေ့စံမင်းသား၏တောင်းဆိုချက်ကို ပြောင်ပြောင်တင်းတင်း ငြင်းဆန်ခြင်းပင်။ဤကဲ့သို့ကိစ္စမျိုးကို ပြုလုပ်ဝံ့သည်မှာ တော်ဝင်နန်းတွင်းတစ်ခုလုံး၌ လူနည်းစုသာရှိပေမည်။

"ဧကရီက အစကတည်းက ရှမိသားစုကို အရမ်းအရေးပေးတယ်...အခု အိမ်ရှေ့စံမင်းသားကလည်း ရှမိသားစုကြိုးဆွဲတာကို ကနေပြီလား"

"ရှမိသားစု ဘယ်လောက်ထိအစွမ်းထက်တယ်ဆိုတာ မင်းတို့ မသိဘူးလား...အိမ်ရှေ့စံမင်းသားက နန်းတွင်းမှာ အခိုင်အမာခြေကုပ်ယူချင်တယ်ဆိုရင် ရှမိသားစုရဲ့အထောက်အပံကိုလိုအပ်တယ်"

စစ်ဆေးသူတချို့သည် နတ်ဘုရားစိတ်အာရုံများကို အသုံးပြု၍ တိတ်တဆိတ် ဆက်သွယ်ပြောဆိုနေကြသည်။

တခြားတစ်ဖက်ရှိ ကျန်းရွှမ်စဲ၏မျက်နှာအမူအယာသည် မည်သည့်ကိစ္စမျှ မဖြစ်ပွားခဲ့သကဲ့သို့ တည်ငြိမ်အေးဆေးနေပေ၏။သူသည် မူလနေရာတွင်ပြန်ထိုင်ကာ ကျန်ရှိနေသောအဖြေလွှာစာရွက်များကို ဆက်လက်၍ကြည့်ရှုစစ်ဆေးလိုက်သည်။

......

ကျန်းအိမ်တော်...

လုယွီသည် စာဖြေခန်းမမှ ထွက်ခွာခဲ့ပြီးနောက် ကျန်းအိမ်တော်၌ ဆက်လက်၍နေထိုင်ခဲ့သည်။

လုယွီသည် ထိပ်တန်းမိသားစုကြီးတစ်စုဖြစ်သော ကျန်းမိသားစု၏အိမ်တော်တွင် နေထိုင်ခြင်းဖြင့် အကန့်အသတ်မရှိသော စာအုပ်များကို ဖတ်ရှုနိုင်ပေရာ နေ့စဥ်နေ့တိုင်း သူ့အတွက် အကျိုးကျေးဇူးများစွာ ရရှိသည်။

ဤရက်များအတွင်းတွင် လုယွီသည် ကျန်းအိမ်တော်စာကြည့်ဆောင်အတွင်း၌ စာအုပ်များကို ပြင်းပြင်းထန်ထန် လေ့လာဖတ်ရှုခဲ့လေ၏။ထိုအချိန်မှာပင် ကျန်းဟုန်က စိတ်လှုပ်ရှားသောအမူအယာဖြင့် အပြေးအလွှား ရောက်လာသည်။

"စီနီယာ...စာပေစာမေးပွဲရဲ့အောင်စာရင်းကို ထုတ်ပြန်လိုက်ပြီ...စီနီယာက ပထမရတယ်"

ကျန်းဟုန်၏အသံတွင် စိတ်လှုပ်ရှားသောအရိပ်အယောင်များ ရောယှက်နေသည်။

လုယွီ အလွန်သန်မာအားကောင်းသည်ကို သူ သိရှိပြီးဖြစ်သည်။သို့ရာတွင် လုယွီသည် စာပေပညာရပ်တွင်လည်း အလွန်ထူးချွန်မည်ဟု သူ မျှော်လင့်မထားမိချေ။

အဆင့်မြင့်ကျောင်းတော်သား အယောက်ငါးသိန်းကျော်အနက်မှ ပထမရရှိသူ၏စာပေအရည်အချင်းသည် မည်မျှထိထူးချွန်သောအရာမျိုးဖြစ်သနည်း။

ဤတစ်ကြိမ်တွင် ကျန်းမိသားစုဝင်လူငယ်များသည်လည်း တော်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုခဲ့သော်လည်း လုယွီနှင့်သူတို့အကြားရှိ ကွာဟချက်မှာ အလွန်ကြီးမားသည်။သူတို့အနက်မှ အတော်ဆုံးတစ်ယောက်ပင်လျှင် အဆင့်နှစ်ရာဝန်းကျင်၌ရှိနေသည်။

ကျန်းဟုန်၏စိတ်နှလုံးသားအတွင်း၌ လုယွီ၏ပုံရိပ်သည် မသိလိုက်မသိဘာသာဖြင့် ပို၍ကြီးမားလာပေ၏။

အနာဂတ်တွင် လုယွီသည် တော်ဝင်နန်းတွင်း၏ အရေးကြီးသောတာဝန်များကို ထမ်းဆောင်ရမည်မှာ သေချာပေါက်ပင်။သူသည် အရေးပါသောနန်းတွင်းအရာရှိတစ်ယောက်ပင် ဖြစ်လာနိုင်သည်။

ယခင်ကတည်းက လုယွီနှင့်သူ မိတ်ဆွေဖွဲ့ထားမိသည့်အတွက် မည်သည့်ဆိုးကျိုးမျှ မရှိနိုင်ချေ။

"အင်း....ငါ တစ်ချက်ကြည့်ကြည့်မယ်"

လုယွီ၏အမူအယာ အေးဆေးတည်ငြိမ်နေကာ သူက အဆင့်ဇယားကို တစ်ချက်ကြည့်လိုက်သည်။

စာပေစာမေးပွဲ၏အအောင်အရှုံးသည် အလွန်အမင်းကြမ်းတမ်းကာ ဤတစ်ကြိမ်တွင် လူပေါင်းနှစ်သိန်းခန့် ကျရှုံးခဲ့သည်။

ဤတစ်ကြိမ် စာပေစာမေးပွဲကို အောင်မြင်မှုမရှိသူများသည် တိုက်ခိုက်ရေးစာမေးပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ခွင့် ရမည်မဟုတ်ချေ။

Chapter 2932

လုယွီက လီစစ်၏နာမည်ကို သတိပြုမိသွားခဲ့သည်။

သူသည် စာပေစာမေးပွဲ၌ အလွန်အဆင့်မြင့်မားသော နေရာဖြစ်သည့် အဆင့်၁၁နေရာကို ရရှိခဲ့လေ၏။

ရှထန်ကန်းသည် ဒုတိယနေရာကို ရရှိကာ ချင်လုရှန်းသည်မှု အမှတ်နိမ့်ပါးပြီး အဆင့်၁သောင်းကျော်နေရာတွင် ရှိနေသည်။

အောင်စာရင်းအတွင်း၌ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ ကျောင်းသားတချို့လည်း ပါဝင်နေကာ သူတို့၏အဆင့်သည်လည်း အတော်အသင့် မြင့်မားသည်။

ကျောင်းတော်ငါးခုစာရင်းတွင် အောက်ဆုံးအဆင့်၌သာ အမြဲတစေ ရပ်တည်နိုင်ခဲ့သော ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် ဤတစ်ကြိမ်တွင် ပါရမီရှင်အမြောက်အများကို မွေးထုတ်ပေးနိုင်မည်ဟု မည်သူမျှ မျှော်လင့်ထားမိမည်မဟုတ်ချေ။

"စီနီယာ...စီနီယာ ဒီမှာနေတယ်ဆိုတာကိုသိသွားတဲ့ တချို့လူတွေက စီနီယာကို အကြိုလက်ဆောင်ပေးချင်တယ်ဆိုပြီးတော့ ဒီနေရာကို လာရှာနေကြတယ်....ငါက သူတို့ကို ဘယ်လိုလုပ်လိုက်ရမလဲ"

ကျန်းဟုန်က မေးမြန်းသည်။

ဤသည်က နှစ်စဥ်နှစ်တိုင်း စာပေစာမေးပွဲ၏အဆင့်သတ်မှတ်ချက် ထွက်ပေါ်လာချိန်တွင် ဖြစ်ပွားလေ့ရှိသော ကိစ္စတစ်ရပ်ပင်။

တစ်စုံတစ်ယောက်သည် စာပေစာမေးပွဲ၏အဆင့်သတ်မှတ်ချက်တွင် ကောင်းမွန်သောအဆင့်ကို ရရှိထားပါက တိုက်ခိုက်ရေးစာမေးပွဲတွင် ထိုလူ၏အဆင့် အလွန်အမင်းမဆိုးရွားသရွေ့ တော်ဝင်စာမေးပွဲကို အဆင့်ကောင်းကောင်းဖြင့် အောင်မြင်သွားပေမည်။

အင်အားစုအမြောက်အများသည် စာပေစာမေးပွဲ၏ရလဒ်ကို စောင့်ကြည့်နေကြကာ ထိပ်ဆုံးအဆင့်ရရှိသူများကို လက်ဆောင်များကြိုတင်ပေးပို့၍ မိတ်ဆွေဖွဲ့ရန် ကြိုးပမ်းကြသည်။

အကယ်၍ သူတို့သည် ထိုပါရမီရှင်များ၏စိတ်အတွင်း၌ နေရာတစ်နေရာရရှိသွားပါက နောင်အနာဂတ်တွင် ထိုပါရမီရှင်များ ကြီးပြင်းလာချိန်၌ သူတို့အတွက် ကြီးမားသောအကျိုးကျေးဇူးများ ရရှိလာနိုင်သည်။

"မင်း အဲ့ဒီကိစ္စတွေကို ဖြေရှင်းထားလိုက်ပါ..မင်းကိုပဲ ငါ အခက်တွေ့စေရတော့မယ်"

လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုလိုက်၏။

ကျန်းဟုန်က ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

"စီနီယာ ဘာမှစိတ်မပူပါနဲ့...ငါတို့ကျန်းမိသားစုက ဒီကိစ္စတွေကို ဖြေရှင်းတဲ့နေရာမှာ အရမ်းကျွမ်းကျင်တယ်...ငါတို့က သူတို့တွေထဲက ဘယ်သူတွေကို မိတ်ဆွေဖွဲ့သင့်တယ်ဆိုတာ သိထားတယ်...ပြီးတော့ သူတို့နဲ့သင့်တော်တဲ့ လက်ဆောင်တွေကို ပြန်ပေးလိုက်ပါ့မယ်...ဒီကိစ္စအတွက်နဲ့ စီနီယာကို နည်းနည်းလေးတောင် အခက်မတွေ့စေရဘူး"

လုယွီက ခေါင်းညိတ်ပြလိုက်၏။သူသည် တော်ဝင်မြို့တော်သို့ ရောက်ရှိလာစဥ်ကတည်းက သူတစ်ယောက်တည်းဖြစ်နေကြောင်း ရုတ်တရက် တွေးတောမိသွားသည်။သူသည် အိမ်တော်တည်ဆောက်ရခြင်း မရှိသေးချေ။

ဤကိစ္စရပ်မျိုးကို များသောအားဖြင့် ပါရမီရှင်လူငယ်များ၏ သက်ဆိုင်ရာအိမ်တော်များမှ အိမ်တော်ထိန်းများကသာ ဆောင်ရွက်လေ့ရှိသည်။

"ထားလိုက်တော့...နောက်တစ်ချိန်ကျမှပဲ ငါ ဒီကိစ္စတွေကို စဥ်းစားတော့မယ်"

လုယွီက သူ၏ခေါင်းကိုခါယမ်းကာ သူ၏လက်အတွင်းရှိစာအုပ်ကို တိတ်တဆိတ် ပြန်လည်ဖတ်ရှုလိုက်၏။

ရုတ်တရက် လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

သူသည် ရုတ်တရက် သူ၏သိုလှောင်အိတ်အတွင်းမှ ထွက်လာသည့် ပြင်းထန်သော မှော်စွမ်းအားလှုပ်ခတ်မှုကို ခံစားမိသည်။

ယခုလက်ရှိတွင် လုယွီသည် သိုလှောင်အိတ်အတွင်းရှိ ကမ္ဘာငယ်လေးကို မြောက်မြားစွာသောပစ္စည်းများဖြင့် ပြုပြင်မွမ်းမံထားပြီးလေပြီ။ထိုနေရာရှိမြေပြင်သည် ကျောက်သားတမျှ ကျစ်လစ်မာကြောနေကာ လေဟာနယ်သည်လည်း တည်ငြိမ်နေသည်။ထိုအရာသည် သူ ပထမဆုံးရရှိခဲ့စဥ်ကနှင့် မတူညီတော့ချေ။

ဤကဲ့သို့ရုတ်တရက်ပြောင်းလဲမှု ဖြစ်ပေါ်လာခြင်းကြောင့် လုယွီက သူ၏နတ်ဘုရားစိတ်အာရုံဖြင့် သိုလှောင်အိတ်အတွင်းသို့ ဝင်ရောက်လိုက်သည်။

ဤအချိန်အခိုက်အတန့်တွင် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်သည် နှစ်ခြိုက်စွာအိပ်မောကျနေဆဲပင်။

လုယွီက မှော်စွမ်းအားများ ပြင်းပြင်းထန်ထန်လှုပ်ခတ်နေသောနေရာသို့ ကြည့်လိုက်၏။ပိုင်တိုကောင်းကင်ဘုံဂိုဏ်း၏ပင်မခန်းမအတွင်း၌ ခရမ်းလျှပ်စီးဝုံလွေပေါက်လေးသည် ကွေးကောက်၍လူးလိမ့်နေသည်ကို မြင်တွေ့ရသဖြင့် သူ အလွန်အံ့အားသင့်သွားသည်။

တစ်လခန့်သာ အချိန်ကြာမြင့်သေးသော်လည်း ဝံပုလွေပေါက်လေးသည် ကြောက်ခမန်းလိလိ ပြောင်းလဲသွားခဲ့သည်။သူ၏ခန္ဓာကိုယ်အရွယ်အစားသည် ယခင်ထက် နှစ်ဆနီးပါးကြီးမားသွားပေ၏။

ခရမ်းလျှပ်စီးဝံပုလွေသည် မှော်သားရဲမျိုးနွယ်ဖြစ်သဖြင့် လူသားများနှင့် များစွာကွဲပြားခြားနားသည်။ထိုမှော်သားရဲသည် ကြီးထွားမှုအလှည့်အပြောင်းတစ်ခုသို့ ရောက်ရှိလာသည်နှင့် အဆများစွာ ခုန်ပျံကျော်လွှား၍ ကြီးထွားသွားပေမည်။

လုယွီ၏ခေါ်ဆောင်လာခြင်းကို ခံရပြီးနောက် ခရမ်းဝံပုလွေပေါက်လေးသည် သိသိသာသာ ပြောင်းလဲသွားပေ၏။

အချိန်အတော်ကြာ ကြီးပြင်းခဲ့ပြီးနောက် ထိုဝံပုလွေပေါက်လေးသည် အသွင်ပြောင်းလဲမည့်အချိန်သို့ ရောက်ရှိသွားလေပြီ။

"အု...အု..."

ခရမ်းလျှပ်စီးဝံပုလွေသည် နာကျင်မှုကြောင့် ညည်းတွားနေကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးပေါ်၌ လျှပ်စီးမိုးကြိုးလှိုင်းများ လွှမ်းခြုံနေသည်။

"ဒီအသွင်ပြောင်းခြင်းကို တောင့်ခံနိုင်တာနဲ့...မင်းက အသစ်ပြန်မွေးဖွားသလို ဖြစ်သွားလိမ့်မယ်...ဒါပေမယ့် မင်းကို ကြည့်ရတာ အထောက်အပံတစ်ခုခု လိုအပ်နေပုံပဲ"

လုယွီက မျက်မှောင်ကြုတ်လိုက်၏။

ဤဝံပုလွေပေါက်လေး၏အသက်သည် အလွန်ငယ်ရွယ်နေဆဲဖြစ်ကာ အချိန်တိုအတွင်း၌ ဤမျှထိကြီးထွားလာခြင်းဖြစ်သည်။

လျှင်မြန်စွာ​ကြီးထွားခြင်းဟူသည်မှာ အပင်ပေါက်တစ်ပင်ကို ကူညီ၍မြေသြဇာလောင်းထည့်ပေးမှသာ ကြီးထွားလာသော ကိစ္စမျိုးနှင့် တူညီသည်။အကယ်၍ အမှားအယွင်း တစ်စုံတစ်ခုသာ ဖြစ်ပျက်သွားပါက သူ၏ခန္ဓာကိုယ်တွင် အတွင်းဒဏ်ရာများ ရရှိသွားနိုင်ကာ သူ၏အနာဂတ်ကြီးထွားမှုအပေါ် သက်ရောက်သွားပေလိမ့်မည်။

လုယွီသည် အတွေ့အကြုံရင့်ကျက်သူဖြစ်သဖြင့် အကြည့်တစ်ချက်ဖြင့်ပင် ယခုချိန်၌ ဝံပုလွေပေါက်လေးသည် မည်သည့်ပြဿနာမျိုးနှင့် ရင်ဆိုင်နေရသည်ကို သိရှိသွားလေ၏။

သာမာန်မှော်သားရဲများသည် သူတို့၏ဘဝတသက်တာလုံးတွင် နိုးထလာခြင်းရှိမည်မဟုတ်ဘဲ နားဝေတိမ်တောင်ဖြင့်သာ အသက်ရှင်သန်သွားရပေမည်။

သို့ရာတွင် သူ့ရှေ့ရှိ ဝံပုလွေပေါက်လေးသည် စောစီးစွာ နိုးထလာခြင်းမှာ လုယွီ၏ဂရုတစိုက် စောင့်ရှောက်ပေးထားမှုကြောင့်ပင်။

ထို့ကြောင့် ဤနိုးထခြင်းသည် ဝံပုလွေပေါက်လေးအတွက် သေရေးရှင်ရေး စစ်ဆေးစမ်းသပ်မှုတစ်ခုဖြစ်သည်။အကယ်၍ ဂရုမစိုက်ပါက ဤနိုးထမှုဖြစ်စဥ်အတောအတွင်းတွင် သူ သေဆုံးသွားနိုင်ချေ မြင့်မားသည်။

Chapter 2933

"ယင်နဂါးသစ်ရွက်နဲ့ဆိုရင် ဒီအခြေအနေကို ဖြေရှင်းနိုင်လိမ့်မယ်"

လုယွီသည် သူ၏စိတ်အတွင်းမှနေ၍ ဤအခြေအနေကို ဖြေရှင်းနိုင်သော ဆေးပင်များကို စဥ်းစားတွေးတောကာ နောက်ဆုံး၌ ဆေးပင်တစ်ပင်ကို အတည်ပြုလိုက်သည်။

ယင်နဂါးသစ်ရွက်သည် ကောင်းကင်နှင့်မြေပြင်အကြားရှိ အဖိုးတန်ရှားပါးသော အရာတစ်ခုပင်။ထိုဆေးပင်သည် လူသားများအတွက် မည်သည့်ထူးခြားသော သက်ရောက်မှုမျိုးမျှ မရှိသော်လည်း မှော်သားရဲများအတွက်မူ အဖိုးတန်ရှားပါးသော ရတနာတစ်ပါးဖြစ်သည်။

နာမည်နှင့်လျော်ညီစွာပင် အကယ်၍ နတ်ဆိုးမှော်သားရဲတစ်ကောင်သည် ယင်နဂါးသစ်ရွက်ကို ဝါးမြိုလိုက်ပါက သူ၏နတ်ဆိုးစွမ်းအားများ ရုတ်တရက် အဆများစွာ မြင့်တက်သွားပေမည်။

ယေဘုယျကျကျပြောဆိုရလျှင် နတ်ဆိုးသားရဲတစ်ကောင်သည် ကျင့်ကြံဆင့်နယ်ပယ် ချိုးဖျက်နေခြင်း သို့မဟုတ် တခြားသူများနှင့်ပြင်းပြင်းထန်ထန်တိုက်ခိုက်ခြင်းစသော အချိန်မျိုးတွင် ဤဆေးပင်ကို အသုံးပြုလေ့ရှိသည်။

အကျိုးသက်ရောက်မှုသည် အလွန်ကောင်းမွန်သော်လည်း ယင်နဂါးသစ်ရွက် ရှင်သန်ကြီးထွားသော ပတ်ဝန်းကျင်အနေအထားသည် လွန်စွာခက်ခဲကြမ်းတမ်းပေ၏။

ဆေးဆိုင်အများစုတွင် ယင်နဂါးသစ်ရွက်ကို တွေ့မြင်ရလေ့မရှိချေ။လေလံပွဲကြီးတချို့တွင်သာ ဤကဲ့သို့ ရတနာဆေးပင်မျိုး ထွက်ပေါ်လာလေ့ရှိသည်။

လုယွီသည် သိုလှောင်အိတ်ကမ္ဘာငယ်လေးအတွင်း၌ ဆေးပင်အမျိုးအစား အမြောက်အများကို စိုက်ပျိုးထားခဲ့သည်။သို့ရာတွင် ထိုဆေးပင်များအနက်မှ အများစုသည် သူ၏ကျင့်ကြံခြင်းကို ကူညီထောက်ပံပေးရာ၌ အသုံးပြုနိုင်သောအရာများဖြစ်သည်။နတ်ဆိုးမှော်သားရဲများအတွက်သာ အသုံးပြုရသော ယင်နဂါးဆေးရွက်မျိုး သူ့ထံတွင်မရှိချေ။

"ကျန်းမိသားစုခေါင်းဆောင်...မင်းရဲ့အိမ်တော်မှာ ယင်နဂါးသစ်ရွက် ရှိလား"

လုယွီက ရုတ်တရက် မေးမြန်းလိုက်သည်။

လုယွီ၏ရုတ်တရက်မေးမြန်းမှုကို ကြားချိန်တွင် ကျန်းဟုန်က အနည်းငယ် ကြက်သေသေသွားသည်။

သို့ရာတွင် ကျန်းမိသားစုဝင်တစ်ယောက်ဖြစ်သော သူ့အနေဖြင့် ငယ်ရွယ်စဥ်ကတည်းက မရေမတွက်နိုင်သော ရှေးဟောင်းစာအုပ်များကို ဟိုစပ်စပ်သည်စပ်စပ် ဖတ်ရှုခဲ့သဖြင့် ယင်နဂါးသစ်ရွက်သည် မည်သည့်အရာမျိုးဖြစ်သည်ကို အလျှင်အမြန် နားလည်သဘောပေါက်သွားပေ၏။

"အိမ်တော်ရဲ့ဆေးခန်းမထဲမှာတော့ အဲ့ဒီလိုဆေးပင်မျိုးမရှိဘူး...ဒါပေမယ့် တကယ်လို့ စီနီယာက အရေးပေါ်လိုအပ်နေတယ်ဆိုရင် ငါတို့ကျန်းမိသားစုပိုင်ဆိုင်တဲ့ ဆေးပင်သိုလှောင်ရုံတွေရှိတယ်....အဲ့ဒီနေရာတွေမှာတော့ စီနီယာလိုချင်တဲ့ဟာ ရှိနေနိုင်တယ်"

ကျန်းဟုန်က အလျင်စလို ပြောဆိုသည်။

လုယွီက ပြောဆိုလိုက်၏။

"ငါက ယင်နဂါးသစ်ရွက်တချို့ အရေးတကြီး လိုအပ်နေတယ်....မင်းတို့မိသားစုက ငါ့ကို ဒါတွေရှာပေးဖို့ ငါ တောင်းဆိုပါရစေ....ငါက အဲ့ဒါကို ညီမျှတဲ့တန်ကြေးရှိတဲ့ ဆေးပင်တွေနဲ့ လဲလှယ်ပါ့မယ်"

"ဒါဆိုရင် ငါက တစ်ယောက်ယောက်ကိုလွှတ်ပြီးတော့ ဆေးပင်သိုလှောင်ရုံကို အကြောင်းကြားလိုက်မယ်"

ကျန်းဟုန်က ​ပြောဆိုသည်။

"အရမ်းနောက်ကျသွားလိမ့်မယ်...ငါကိုယ်တိုင် အဲ့ဒီနေရာကိုသွားမယ်"

လုယွီက ခေါင်းခါပြလိုက်သည်။ဝံပုလွေပေါက်လေး မည်သည့်အချိန်ထိ တောင့်ခံနိုင်မည်ကို သူ မသိရှိသဖြင့် အချိန်ကြာမြင့်စွာ ဆွဲထားလိုခြင်းမရှိချေ။

ကျန်းဟုန်က သူ၏တံဆိပ်ပြားကို အလျှင်အမြန်ထုတ်ယူကာ လုယွီထံ ပေးအပ်လိုက်၏။

"ဒါက မိသားစုခေါင်းဆောင်ရဲ့ အထိမ်းအမှတ်သင်္ကေတဖြစ်တဲ့ ငါ့ရဲ့တံဆိပ်ပြားပါ...စီနီယာက ဒီတံဆိပ်ပြားကို ပြလိုက်တာနဲ့ ဆေးပင်သိုလှောင်ရုံမှာရှိတဲ့သူတွေက စီနီယာအလိုရှိတဲ့ ဆေးပင်တွေကို ထုတ်ပေးလိမ့်မယ်...ဆေးပင်သိုလှောင်ရုံက တော်ဝင်မြို့တော်ရဲ့ပြင်ပက အနောက်ဘက်ခြမ်းမှာရှိတဲ့ လကြွေတောင်ပေါ်မှာရှိတယ်...အဲ့ဒီတောင်ပေါ်မှာရှိတဲ့ အဆောက်အအုံတွေအားလုံးက ကျွန်တော်တို့ကျန်းမိသားစုရဲ့ ပိုင်ဆိုင်မှုတွေပဲ"

ကျန်းဟုန်၏စိတ်နှလုံးသားအတွင်း၌ ပျော်ရွှင်မှုအရိပ်အယောင်များ ရှိနေသည်။

နောက်ဆုံး၌ လုယွီသည် တောင်းဆိုမှုတစ်ခုကို ပြုလုပ်ခဲ့လေပြီ။

လုယွီ တောင်းဆိုမှုပြုလုပ်လာသဖြင့် သူတို့၏ကျန်းမိသားစုဘက်မှ သူ့အား အပြည့်အဝထောက်ပံပေးရပေမည်။ထိုမှသာလျှင် နောင်အနာဂတ်တွင် လုယွီ၏မျက်နှာသာပေးမှုကို သူ ရရှိနိုင်သည်။

ဤသည်က ယင်နဂါးသစ်ရွက်လေး သက်သက်ပင်။အကယ်၍ ထိုအရာသည် နဂါးဧကရာဇ်အဆင့် နဂါးအမြူတေဖြစ်နေလျှင်ပင် သူတို့၏ကျန်းမိသားစုဘက်မှ စွမ်းဆောင်နိုင်သရွေ့ သူ ဂရုစိုက်နေမည်မဟုတ်ချေ။

"စီနီယာကို အဲ့ဒီနေရာထိ ပို့ဆောင်ပေးဖို့ ငါက ရထားလုံးတစ်စီး စီစဥ်လိုက်မယ်"

ကျန်းဟုန်က​ ပြောဆိုသည်။

"မလိုဘူး...အဲ့ဒီနေရာကို ငါ့ဟာငါ သွားလိုက်မယ်"

လုယွီ၏ပုံရိပ်က ချက်ချင်းဆိုသလိုပင် ကျန်းဟုန်၏မြင်ကွင်းအတွင်းမှ ပျောက်ကွယ်သွားလေ၏။

ကျန်းဟုန်က ကြက်သေသေသွားသည်။သူသည် ပတ်ဝန်းကျင်ကို လှည့်ပတ်၍ကြည့်လိုက်သော်လည်း လုယွီ၏အရိပ်အယောင်ကိုပင် မမြင်တွေ့ရတော့ချေ။

လုယွီ မည်ကဲ့သို့ ထွက်ခွာသွားသည်ကို သူ အမှန်တကယ်ကိုပင် သတိမပြုမိပေ။

……

တော်ဝင်မြို့တော်၏ပြင်ပ....လကြွေတောင်...

ဤနေရာပတ်ဝန်းကျင်ရှိ ဆယ်မိုင်ကျော်ပတ်လည်သည် ကျန်းမိသားစု၏ပိုင်နက်နယ်မြေပင်။

တိတိကျကျပြောဆိုရလျှင် ဤနေရာသည် စာပေသူတော်စင်ကျန်းဟောင်၏ ကံကြွေးခံမြေပင်။သို့ရာတွင် ကျန်းဟောင်သည် ထိုနယ်မြေကို ဂရုစိုက်ရန် အချိန်မရှိသဖြင့် သူ၏မိသားစုထံ ချန်ထားခဲ့လေ၏။

လကြွေတောင်သည် စိတ်ဝိညာဥ်စွမ်းအားဖြင့် ပြည့်နှက်နေသော ရတနာမြေတစ်ခုပင်။ကျန်းမိသားစုအတွင်း၌ပင် အလွန်အဆင့်အတန်းမြင့်မားသော မိသားစုဝင်တချို့သာ ဤနေရာသို့ လာရောက်ခွင့်ရှိသည်။

ရှေ့နောက်သွားလာ၍ ပြင်းပြင်းထန်ထန် အလုပ်လုပ်နေကြသော အစေခံများနှင့် သာမာန်ထက်သာလွန်သော ကျင့်ကြံဆင့်ရှိသည့် ကျင့်ကြံသူများကို လကြွေတောင်၏နေရာအနှံ့အပြား၌ မြင်တွေ့နိုင်သည်။

လကြွေတောင်၏နံဘေးပတ်လည်တွင် ဤနေရာကို နေ့ရောညပါစောင့်ကြပ်နေသော ကျန်းမိသားစုဝင် အစောင့်အမြောက်အများရှိသည်။လူများ၏အငွေ့အသက်ကို စုံစမ်းထောက်လှမ်းနိုင်သော နတ်ဆိုးသားရဲများကလည်း ဤနေရာကို စောင့်ကြပ်နေပေ၏။ဤနေရာသို့ တစ်စုံတစ်ယောက် ခိုးဝင်လာရန်မှာ မဖြစ်နိုင်ချေ။

လကြွေတောင်ပေါ်တွင်ရှိနေသည်မှာ ကျန်းမိသားစု၏ ဆေးပင်သိုလှောင်ရုံပင်။ကျန်းမိသားစု၏အဓိကစီးပွားရေးလုပ်ငန်းသည် ဆေးပင်များရောင်းဝယ်ခြင်း မဟုတ်သော်လည်း ဤဖုန်းရွှေရတနာမြေသည် ဆေးပင်များစိုက်ပျိုးရန်အတွက် အထူးသင့်လျော်သည်။ထို့ကြောင့် ကျန်းမိသားစုသည် ဤကိစ္စကို လက်လွတ်မခံသည်မှာ သဘာဝကျသောကိစ္စပင်။

Chapter 2934

လုယွီသည် ဆေးပင်သိုလှောင်ရုံသို့ ရောက်ရှိလာပြီးနောက် ကျန်းမိသားစုခေါင်းဆောင်တံဆိပ်ပြားကို ပြသလိုက်သည်နှင့် အတွင်းသို့ဝင်ရောက်ရန် ဖိတ်ကြားခြင်းခံရလေ၏။

"ဒီနေရာကိုရောက်လာတာ ဘယ်သူများလဲလို့...စီနီယာလု ဖြစ်နေတာပဲ...စီနီယာကို အပြင်ထွက်ပြီး မကြိုဆိုမိတဲ့အတွက် ကျွန်တော်ကို ခွင့်လွှတ်ပေးပါ"

ဆေးပင်သိုလှောင်ရုံ၏အုပ်ချုပ်သူ အကြီးအကဲက အလွန်အမင်း ချိုသာယဥ်ကျေးစွာနှင့်ရိုသေလေးစားစွာ လုယွီကို ပြောဆိုဆက်ဆံလေသည်။

ထိုအချိန်တုန်းက ကျန်းမိသားစုနှင့်ဝေ့မိသားစုသည် အကန့်အသတ်မဲ့ကြယ်မြစ်ကိုထိန်းချုပ်ခွင့်နှင့်ပတ်သတ်၍ ပြိုင်ပွဲတစ်ခု ပြုလုပ်ခဲ့သည်။တော်ဝင်မြို့တော်အတွင်းတွင် ရှိနေသော ကျန်းမိသားစုဝင်အားလုံးနီးပါး ထိုပြိုင်ပွဲကို သွားရောက်၍ ကြည့်ရှုကြရာ ဆေးပင်သိုလှောင်ရုံ၏အကြီးအကဲ သည်လည်း ချွင်းချက်မရှိချေ။

ထိုပြိုင်ပွဲအတွင်း၌ လုယွီ ထုတ်ဖော်အသုံးပြုခဲ့သော တော်ဝင်အကန့်အသတ်မဲ့ဝင်္ကပါကို မြင်ခဲ့ရသည့် မည်သူမဆို သူတို့၏နှလုံးသားများအတွင်း၌ ထွင်းထုထားသည့်အလား မှတ်မိနေပေ၏။

"အရမ်းကြီး ယဥ်ကျေးနေဖို့ မလိုပါဘူး...ငါ ဒီနေရာကိုလာခဲ့တာက ယင်နဂါးသစ်ရွက်ကို တောင်းဆိုချင်လို့ပဲ"

လုယွီက ​​တဲ့တိုးပြောဆိုလေသည်။

လုယွီ၏တောင်းဆိုမှုကိုကြားချိန်တွင် အကြီးအကဲသည် အနည်းငယ်အခက်တွေ့သွားသကဲ့သို့ ခံစားလိုက်ရသည်။

"ဘာလဲ...အဲ့ဒီဆေးပင်ကို ထုတ်ပေးဖို့ ခက်ခဲနေလို့လား...ငါက အဲ့ဒါကို ဒီပစ္စည်းနဲ့လဲလှယ်မှာပါ"

လုယွီက ခရမ်းရောင်ဆေးမြှစ်တစ်ခုကို ထုတ်ပေးလိုက်သည်။

လုယွီထုတ်ပေးသောအရာကို မြင်တွေ့ချိန်တွင် ဆေးပင်သိုလှောင်ရုံအကြီးအကဲ၏မျက်လုံးများ ပြူးကျယ်သွားကာ သူက အံ့အားတသင့် ပြောဆိုလေ၏။

"နှစ်တစ်သောင်းသက်တမ်းရှိတဲ့ ခရမ်းစိတ်ဝိညာဥ်အမြှစ်...ဒါက ထိပ်တန်းအဆင့်ရှိတဲ့ အစစ်အမှန်ရတနာပဲ...ငါက ဒီအရာကို လေလံပွဲကြီးတစ်ခုမှာ မြင်တွေ့ဖူးတယ်...ဒါပေမယ့် အဲ့ဒီတုန်းက တွေ့ခဲ့တဲ့ဆေးမြှစ်ရဲ့အရည်အသွေးက ဒီတစ်ခုလောက် မကောင်းဘူး"

တန်ကြေးအရပြောမည်ဆိုလျှင် လုယွီ၏လက်အတွင်းရှိ ဆေးမြှစ်သည် ယင်နဂါးသစ်ရွက်ထက် အဆများစွာပို၍ အဖိုးထိုက်တန်သည်။

ထို့ပြင် ထိုဆေးမြှစ်သည် အလွန်ရှားပါးကာ စျေးများအတွင်း၌ လွယ်လင့်တကူတွေ့နိုင်သည့် အရာမျိုးမဟုတ်ချေ။

လုယွီ၏လက်အတွင်းရှိ ဆေးမြှစ်သည် အမှန်အားဖြင့် သူ တော်ဝင်နန်းတွင်းမှ ရရှိလာခဲ့ခြင်းဖြစ်သည်။

ထိုအချိန်တုန်းက လုယွီသည် မီဖေး၏ခန္ဓာကိုယ်ပေါ်ရှိ ကျိန်စာကို ဖယ်ရှားပေးနိုင်ခဲ့သဖြင့် နန်းတွင်းဘဏ္ဌာတိုက်အတွင်းမှနေ၍ ထိုဆေးမြှစ်ကိုရရှိခဲ့ခြင်းဖြစ်ပေ၏။

"မင်းက မလဲချင်ဘူးလား"

လုယွီက ဆေးပင်သိုလှောင်ရုံအကြီးအကဲကို စူးစိုက်၍ ကြည့်လိုက်သည်။

ဆေးပင်သိုလှောင်ရုံအကြီးအကဲက သူ၏လက်ကို အလျှင်အမြန်ဝှေ့ယမ်းပြကာ ပြောဆိုသည်။

"မဟုတ်ဘူး...မဟုတ်ပါဘူး စီနီယာလု...မင်း နားလည်မှုလွဲနေပြီ...ငါတို့ရဲ့ဆေးစိုက်ခင်းမှာ ယင်နဂါးသစ်ရွက်ဆေးပင် ရှိပါတယ်...ဒါပေမယ့် အဲ့ဒီဆေးပင်ကို မနှစ်ကမှ စိုက်ပျိုးထားတာကြောင့် အခု မရင့်မှည့်သေးဘူး"

အဖိုးတန်ဆေးပင်တစ်ပင်ဖြစ်သော ယင်နဂါးသစ်ရွက်ဆေးပင်သည် စတင်စိုက်ပျိုးမှ ရင့်မှည့်ချိန်ထိ အနည်းဆုံး အချိန်ကိုးနှစ်ခန့်လိုအပ်သည်။

ဤသည်မှာ သင့်လျော်သောပတ်ဝန်းကျင်၌ ရှင်သန်ကြီးထွားမှသာ ရင့်မှည့်နိုင်သော အချိန်ကာလပင်။အကယ်၍ ဆိုးရွားသောပတ်ဝန်းကျင်တွင်သာ စိုက်ပျိုးထားပါက ယင်နဂါးသစ်ရွက်ဆေးပင်သည် အဖူးအငုံအဖြစ်မှနေ၍ ရင့်မှည့်လာတော့မည်မဟုတ်ချေ။

"အဲ့ဒီလိုကိစ္စမျိုး ရှိနေတာလား"

လုယွီက မျက်မှောင်ကြုတ်လိုက်၏။

ဤဆေးပင်မျိုးသည် အကယ်၍ သူ အလိုရှိလျှင်ပင် စျေးများအတွင်း၌ လွယ်လင့်တကူ ဝယ်ယူ၍ရနိုင်သော အရာမျိုးမဟုတ်ချေ။

ယင်နဂါးသစ်ရွက်များ မရင့်မှည့်သေးသည့် အချိန်ကာလမှာပင် နတ်ဆိုးသားရဲမျိုးနွယ်များက ထိုအရာများကို ကြိုတင်မှာယူထားပြီးဖြစ်သည်။

ယခုလက်ရှိချိန်တွင် အချိန်များက တရွေ့ရွေ့ကုန်ဆုံးနေသည်ဖြစ်ရာ ကျန်းမိသားစု၏ဆေးပင်သိုလှောင်ရုံ တစ်နေရာတည်းမှသာ ထိုယင်နဂါးသစ်ရွက်ကို ရနိုင်ချေရှိသည်။

"ငါ တစ်ချက်ကြည့်လို့ရအောင် ခေါ်သွားပေးပါ"

လုယွီက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

ဆေးပင်သိုလှောင်ရုံအကြီးအကဲက ခေါင်းညိတ်ပြကာ လုယွီကို လကြွေတောင်၏အနောက်ဘက်တောင်ပေါ်သို့ ခေါ်ဆောင်သွားလေသည်။

ထိုတောင်၏အထက်တွင် ထူထပ်သိပ်သည်းသော တိမ်တိုက်ကြီးက လွှမ်းခြုံထားကာ တောင်၏ပုံသဏ္ဍာန်ကို ဝိုးတဝါးသာ တွေ့မြင်နိုင်ပေ၏။ထိုနေရာမှနေ၍ သုခဘုံတစ်ခု၏ကြီးကြယ်ခမ်းနားမှုကဲ့သို့ အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။

ထိုတောင်ပေါ်တွင် အမျိုးအစားစုံလင်သော ဆေးပင်များကို စိုက်ပျိုးထားသည်။ထိုနေရာအနီးသို့ သူတို့ မရောက်သေးမီမှာပင် ထူထပ်သိပ်သည်းသောဆေးရနံ့က သူတို့၏မျက်နှာများကို လာရောက်၍ရိုက်ခတ်လေ၏။

တောင်ကြားလမ်း၏နံဘေးရှိ ဆေးစိုက်ခင်းများအတွင်းတွင် အစေခံတချို့က ကြိုးကြိုးစားစား အလုပ်လုပ်ကိုင်နေကြသည်။

ဤနေရာရှိ ဆေးပင်တိုင်းသည် အလွန်အဖိုးထိုက်တန်ကာ မှော်စွမ်းအားဖြင့် မြေတောင်မြှောက်ပေး၍မရချေ။ဆေးပင်တိုင်းကို လူကိုယ်တိုင်စိုက်ပျိုးရကာ ပေါင်းမြက်ဖယ်ရှားခြင်း အင်းဆက်ပိုးမွှားများကိုသတ်ဖြတ်ခြင်း ရေလောင်းခြင်းနှင့် မြေသြဇာကျွေးခြင်းစသော ကိစ္စများကို ထိုအစေခံများက လုပ်ဆောင်ရသည်။ထို့ပြင် ဤကိစ္စများကို တာဝန်ယူလုပ်ဆောင်ရသော အစေခံများကို တင်းတင်းကြပ်ကြပ် လေ့ကျင့်သင့်ကြားထားသည်။

"စီနီယာလု...ဒါက ယင်နဂါးသစ်ရွက်ပဲ...ငါက မင်းနဲ့ မလဲလှယ်ချင်လို့ မဟုတ်ဘူး...ယင်နဂါးသစ်ရွက်က ခုထိ မရင့်မည့်သေးတာကြောင့်ပါ...တကယ်လို့ မင်းက ဒါကိုယူသွားရင်တောင် အသုံးဝင်မှာမဟုတ်ဘူး"

ဆေးပင်သိုလှောင်ရုံအကြီးအကဲက အပြုံးနှင့်ပြောဆိုသည်။

သူ၏ရှေ့ရှိ ယင်နဂါးသစ်ရွက်ဆေးပင်သည် သေးသွယ်သောအစိမ်းရောင်အကိုင်းအခက်အဖြစ်သာ ရှိနေပေ၏။

ထိုအရာကို စိုက်ပျိုးခဲ့သည်မှာ တစ်နှစ်ကျော်ကြာမြင့်ပြီဖြစ်သော်လည်း ယခုချိန်ထိတိုင် ကြီးထွားပုံမရသေးချေ။ရင့်မှည့်သော ယင်နဂါးသစ်ရွက်များတွင် အပြည့်အဝနီမြန်းနေသော အရောင်ရှိသည်။

"အကြီးအကဲက....ဒီနေရာကို ရောက်လာတာလား"

ကြီးကြပ်ရေးမှူးတစ်ယောက်က အဝေးမှပြေးလာကာ အပြုံးနှင့် နှုတ်ဆက်သည်။

Chapter 2935

သူသည် ဤနေရာရှိဆေးပင်များကို စိုက်ပျိုးရာ၌ ကြီးကြပ်ရသူပင်။

ဆေးပင်သိုလှောင်ရုံ၏အုပ်ချုပ်သူအကြီးအကဲသည် များသောအားဖြင့် ဤနေရာသို့လာလေ့မရှိချေ။မည်သို့ပင်ဆိုစေကာမူ သူသည် ဤနေရာ၏အကြီးအမှူးဖြစ်ကာ ဆေးစိုက်ခင်းများအကြားတွင် တစ်စုံတစ်ခုဖြစ်ပျက်သည့် ကိစ္စမျိုးမှာလည်း လွန်စွာရှားပါးသည်။

"မင်းရောက်လာတာ အတော်ပဲ...ငါ မင်းကို မေးစရာရှိတယ်...သိုလှောင်ရုံထဲမှာ ရင့်မှည့်တဲ့ ယင်နဂါးသစ်ရွက်ရှိလား"

ဆေးပင်သိုလှောင်ရုံအကြီးအကဲက မေးမြန်းသည်။

ကြီးကြပ်ရေးမှူးက လုယွီကို တစ်ချက်ကြည့်ပြီးနောက် သူသည် တုံ့ဆိုင်းမနေဝံ့သဖြင့် အလျှင်အမြန် ပြောဆိုလိုက်၏။

"ယင်နဂါးသစ်ရွက်က အရောင်းသွက်တဲ့ဆေးပင်တစ်ပင်ပဲ...ဒီဆေးပင် ရင့်မှည့်လာတာနဲ့ ချက်ချင်းလာယူသွားကြတာ...သိုလှောင်ရုံထဲမှာ ဒီဆေးပင် မရှိတော့ဘူး...ဒီစိုက်ခင်းထဲမှာစိုက်ထားတဲ့ ယင်နဂါးသစ်ရွက်တွေပဲရှိတယ်...ဒါပေမယ့် စိုက်ပျိုးချိန်က မကြာသေးတော့ ဒါက အခုထိ မရင့်မှည့်သေးဘူး"

အကြီးအကဲက လုယွီဘက်သို့လှည့်ကာ အပြုံးနှင့်ပြောဆိုသည်။

"စီနီယာလု..မင်း မြင်တဲ့အတိုင်းပဲ...ယင်နဂါးဆေးပင်တွေက အခုထိ မရင့်မှည့်သေးဘူး"

"ကိစ္စမရှိဘူး...ဒီဆေးပင်တစ်ပင်နဲ့လုံလောက်တယ်"

လုယွီက သူ၏လက်ကို သာမာန်ကာလျှံကာဆွဲဆုပ်လိုက်ရာ သေးသွယ်သော အစိမ်းရောင်ယင်နဂါးသစ်ရွက်ဆေးပင်က သူ့ထံသို့ ပျံသန်းလာသည်။

ကြီးကြပ်ရေးမှူးက ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ဒေါသတကြီး အော်ဟစ်လိုက်၏။

"အိုက်ယား...မင်း ဘာလုပ်တာလဲ...ဒီယင်နဂါးသစ်ရွက်ဆေးပင်တွေက အရမ်းတန်ဖိုးကြီးတယ်....ဒါကို မြေကြီးထဲကနေနှုတ်လိုက်တာနဲ့ ရှင်သန်ဖို့ အရမ်းခက်ခဲသွားပြီ...အချိန်မကျသေးဘဲနဲ့ မင်း ဒီဆေးပင်ကို ခူးဆွတ်လို့မရဘူး"

"ထွက်သွားစမ်း....ဒါက စီနီယာလု...မိသားစုရဲ့အထူးဧည့်သည်တော်တစ်ယောက်ပဲ...ပြဿနာမရှာစမ်းနဲ့"

အကြီးအကဲက ကြီးကြပ်ရေးမှူးကို ဒေါသတကြီး ဆူပူကြိမ်းမောင်းလိုက်သည်။

လုယွီက ခရမ်းစိတ်ဝိညာဥ်ဆေးမြှစ်ကို သာမာန်ကာလျှံကာ ပစ်ပေးလေသည်။

"ငါ မင်းတို့ရဲ့ ယင်နဂါးသစ်ရွက်ဆေးပင်ကို ယူသွားမယ်...ဒီခရမ်းစိတ်ဝိညာဥ်ဆေးမြှစ်က မင်းတို့အတွက်ပဲ...မင်းတို့ ဘယ်လိုသဘောရလဲ...ဒီအလဲအလှယ်ကိုလုပ်ဖို့ ဆန္ဒရှိလား"

"အလဲအလှယ်လား...ရတာပေါ့...ငါက စီနီယာလုရဲ့အမိန့်ကို ဘယ်လိုလုပ်ပြီး မလိုက်နာဘဲနေဝံ့မှာလဲ"

ဆေးပင်သိုလှောင်ရုံအကြီးအကဲက အားပါးတရအပြုံးနှင့် ပြောဆိုလိုက်သဖြင့် သူ၏မျက်နှာပေါ်၌ အရေးအကြောင်းများပင် ထွက်ပေါ်လာသည်။

မည်သည့်ရှုထောင့်မှကြည့်စေကာမူ မရင့်မှည့်သေးသော ယင်နဂါးသစ်ရွက်ဆေးပင်တစ်ပင်နှင့် နှစ်တစ်သောင်းကျော်သက်တမ်းရှိသော ခရမ်းစိတ်ဝိညာဥ်ဆေးမြှစ်ကို လဲလှယ်ခြင်းမှာ သူ့အတွက် အကျိုးအမြတ်ရသောကိစ္စဖြစ်သည်။

ကြီးကြပ်ရေးမှူးက လေသံဖျော့ဖျော့ဖြင့် သတိပေးလေ၏။

"စီနီယာလု...မင်းက ငါတို့မိသားစုရဲ့ကျေးဇူးရှင်ပါ...ပုံမှန်အတိုင်းဆိုရင်တော့ အဆင့်အတန်းနိမ့်ပါးတဲ့ငါက စောဒကမတက်ဝံ့ဘူး...ဒါပေမယ့် ဒီယင်နဂါးသစ်ရွက်ဆေးပင်က မရင့်မှည့်သေးတာကြောင့် သာမာန်သစ်ပင်တစ်ပင်နဲ့ ဘာကွဲပြားခြားနားမှုမှ ရှိမှာမဟုတ်ဘူး...တကယ်လို့ မင်းက ဒီအချိန်မှာခူးဆွတ်လိုက်မယ်ဆိုရင် ဒါက မိုးကောင်းကင်ရဲ့လက်ဆောင်ကို အလဟဿဖြုန်းတီးတာနဲ့ အတူတူပဲ"

ကြီးကြပ်ရေးမှူးသည် ဤနေရာရှိဆေးပင်များကို တစ်နှစ်ပတ်လုံး ထိန်းသိမ်းစောင့်ရှောက်နေရသူဖြစ်သဖြင့် ဆေးပင်များ အလေအလွင့်ဖြစ်မည်ကိုကြည့်နေရန် သူ သည်းခံနိုင်ခြင်းမရှိချေ။

လုယွီသည် အဖိုးတန်ဆေးပင်တစ်ပင်ကို သာမာန်ကာလျှံကာ နှုတ်ယူလိုက်သည်ကို မြင်တွေ့ချိန်တွင် သူ၏နှလုံးသား နာကျင်သွားသကဲ့သို့ ခံစားလိုက်ရ၏။သို့ရာတွင် လုယွီ၏အဆင့်အတန်းကြောင့် သူ ကျယ်လောင်စွာ ထုတ်ဖော်ပြောဆိုဝံ့ခြင်းမရှိချေ။

"ဒါက မရင့်မှည့်နိုင်ဘူးလို့ ဘယ်သူပြောတာလဲ"

လုယွီက သူ၏လက်ချောင်းများကို လှုပ်ရှားလိုက်သည်။သူ၏လက်ဝါးအတွင်းမှ အစိမ်းရောင်လေစီးကြောင်းများ ရုတ်တရက်မြင့်တက်လာကာ တဖြည်းဖြည်း သူ၏လက်အတွင်းရှိ ယင်နဂါးသစ်ရွက်ဆေးပင်အတွင်းသို့ ပေါင်းစပ်သွားသည်။

မူလက သေးသွယ်ပြီးအစိမ်းရောင်ရှိသော ယင်နဂါးသစ်ရွက်ဆေးပင်သည် ထိုလေစီးကြောင်း၏လွှမ်းမိုးမှုအောက်တွင် စတင်၍ကြီးထွားလာသည်။

ဝှစ်...ဝှစ်....

အလွန်လျှင်မြန်စွာဖြင့် ယင်နဂါးသစ်ရွက်ဆေးပင်သည် တစ်မီတာကျော်အမြင့်ထိ ကြီးထွားသွားကာ ထိုအရာ၏ပြင်ပပုံပန်းသွင်ပြင်သည် သေးသွယ်သောအစိမ်းရောင်သစ်ကိုင်းများမှနေ၍ တောက်ပသောအနီရောင်ရှိသည့် သစ်ပင်တစ်ပင်အဖြစ်သို့ ပြောင်းလဲသွားပေ၏။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူ့ရှေ့ရှိ ယင်နဂါးသစ်ရွက်ဆေးပင်သည် အပြည့်အဝရင့်မှည့်သွားကာ အနည်းငယ်စူးရှပြင်းထန်သော ဆေးရနံ့ကို ထုတ်လွှတ်နေသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် ထိုဆေးပင်ထံသို့ အနီးကပ်လာရောက်၍ ရှုရှိုက်ကြည့်ပါက ယင်နဂါးသစ်ရွက်ဆေးပင် ရင့်မှည့်လာခြင်း၏သင်္ကေတဖြစ်သော လောင်ကျွမ်းနေသည့်ရနံ့မျိုးကို ရရှိပေမည်။

ဤသို့ဖြစ်ရခြင်း၏အကြောင်းအရင်းမှာ နတ်ဆိုးသားရဲများသာ ဤဆေးပင်ကို အသုံးပြုနိုင်သောကြောင့်ပင်။အကယ်၍ လူသားတစ်ယောက်သည် ထိုဆေးပင်ကို မဆင်မခြင်ဝါးမြိုလိုက်ပါက ထိုသူ၏ခန္ဓာကိုယ်အတွင်းရှိ မရီးဒါန်းများအားလုံး လောင်ကျွမ်းသွားပေမည်။အဆုံးသတ်၌ ထိုလူသည် အကျိုးအမြတ်မရရှိဘဲ ဆုံးရှုံးမှုကိုသာ ရရှိနိုင်သည်။

"ဒါက တကယ့်ကိုပဲ ရင့်မှည့်နေတဲ့ ယင်နဂါးသစ်ရွက်လား"

ဆေးပင်သိုလှောင်ရုံအကြီးအကဲနှင့် ကြီးကြပ်ရေးမှူးတို့နှစ်ယောက်လုံး ကြက်သေသေနေကြ၏။

သူတို့သည် ဆေးပင်စိုက်ခင်းများကို တာဝန်ယူအုပ်ချုပ်နေကြသူများဖြစ်သဖြင့် ဆေးသန့်စင်ခြင်းအကြောင်းကို အနည်းနှင့်အများ သိထားကြသည်။ဆေးပညာရှင်အများစုသည် သူတို့ ဆေးသန့်စင်နိုင်မည့် အရည်အသွေးမျိုးရရှိစေရန်အတွက် ဆေးပင်များရင့်မှည့်စေရန် နည်းလမ်းအမျိုးမျိုးကိုအသုံးပြု၍ လုပ်ဆောင်လေ့ရှိသည်။

သို့ရာတွင် ဆေးပင်များကို ရင့်မှည့်လာစေရန် ပြုလုပ်ရာတွင် အကန့်အသတ်ရှိပေ၏။

ဆေးပင်များ၏ကြီးထွားမှုအချိန်ကာလကို ရင့်မှည့်လာသည်အထိ နှစ်ပေါင်းများစွာကြာအောင် မြှင့်တင်ပေးနိုင်သော ဆေးပညာရှင်တစ်ယောက်၏အကြောင်းကို သူတို့ တစ်ကြိမ်တစ်ခါမျှ မကြားဘူးချေ။

All Chapters