အခန်း (၂၉၃၆-၂၉၄၀)
Vol. 150 Ch. 2936-2940
Chapter 2936
"အကြီးအကဲ....ငါ့ကို တိတ်ဆိတ်ငြိမ်သက်တဲ့ အခန်းတစ်ခန်း စီစဥ်ပေးနိုင်မလား"
လုယွီက နောက်သို့ပြန်လှည့်ကာ မေးမြန်းလိုက်သည်။
အစပထမတွင် ဆေးပင်သိုလှောင်ရုံအကြီးအကဲသည် ကြက်သေသေနေလေ၏။အချိန်တခဏအကြာတွင် သူ အသိပြန်ဝင်လာကာ ပျာပျာသလဲပြောဆိုသည်။
"ကောင်းပါပြီ....လာကြစမ်း...အခုချက်ချင်း စီနီယာလုအတွက် အခန်းပြင်ဆင်ပေးလိုက်ကြစမ်း"
လုယွီကိုကြည့်နေသော သူ၏မျက်လုံးအတွင်း၌ တုန်လှုပ်ချောက်ချားမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
လုယွီသည် ဝင်္ကပါပညာရပ်တွင် ထူးချွန်သည်သာမက ဆေးပညာရပ်တွင်လည်း အံ့အားသင့်ဖွယ်ကောင်းသော အရည်အချင်းရှိနေသည်။
သူ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ သူ့အား ထိပ်သီးပါရမီရှင်တစ်ယောက်အဖြစ် သတ်မှတ်ခြင်းခံရပေမည်။
ဆေးသိုလှောင်ရုံ၏စွမ်းဆောင်ရည်သည် အလွန်အမင်း မြင့်မားသဖြင့် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီအတွက် တိတ်ဆိတ်ငြိမ်သက်သော ခြံဝန်းတစ်ခုကို ပြင်ဆင်ပေးပြီးလေပြီ။
"စီနီယာလု...တကယ်လို့ စီနီယာမှာ တောင်းဆိုစရာရှိရင် ငါ့ကို အချိန်မရွေး ပြောလို့ရပါတယ်...စီနီယာလိုအပ်တာတွေရှိရင် ခိုင်းစေဖို့အတွက် အပြင်မှာ အစေခံတွေလည်း ထားပေးထားတယ်"
ဆေးပင်သိုလှောင်ရုံအကြီးအကဲက ရိုသေလေးစားစွာ ပြောဆိုသည်။
လုယွီကို အပြစ်ပြုမိခြင်းမှ ရှောင်ကြဥ်နိုင်ရန်အတွက် ဆေးပင်သိုလှောင်ရုံအကြီးအကဲသည် လုံလောက်သောပြင်ဆင်မှုများကို ပြုလုပ်ထားလေ၏။
သူသည် တစ်စုံတစ်ယောက်ကိုစေလွှတ်၍ လိမ္မာပါးနပ်ပြီး လုပ်ရည်ကိုင်ရည်ရှိသော အစေခံတချို့ကို ခြံဝန်း၏ပြင်ပ၌ စောင့်ဆိုင်းစေကာ လုယွီ၏အမိန့်ကို အချိန်မရွေးနားထောင်နိုင်ရန် ပြင်ဆင်ထားသည်။
လုယွီက သူ၏လက်ကိုဝှေ့ယမ်းကာ ပြောဆိုသည်။
"သူတို့ကို အပြင်မှာပဲ စောင့်ခိုင်းလိုက်...ငါ့ရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ ဘယ်သူ့ကိုမှ အထဲကို ဝင်ခွင့်မပြုဘူး"
သူသည် ဤနေရာ၌နေထိုင်ရန် ရောက်ရှိလာခြင်းမဟုတ်ချေ။
"ဟုတ်ကဲ့"
ဆေးပင်သိုလှောင်ရုံအကြီးအကဲသည် အလွန်အမင်းရိုသေလေးစားသော အမူအယာဖြင့် သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ အရိုအသေပြုကာ ထွက်ခွာသွားတော့သည်။
"အု...."
သူတို့အားလုံး ထွက်ခွာသွားချိန်တွင် လုယွီက ခရမ်းလျှပ်စီးဝံပုလွေကို သူ၏သိုလှောင်အိတ်အတွင်းမှ ထုတ်လိုက်သည်။
ဤအချိန်အခိုက်အတန့်တွင် ခရမ်းလျှပ်စီးဝံပုလွေ၏ခန္ဓာကိုယ်တစ်ခုလုံး လျှပ်စီးမိုးကြိုးများဖြင့် လွှမ်းခြုံနေသည်။သူ၏မျက်ခုံးနှစ်ခုကြားရှိ ခရမ်းသလင်းကျောက်သည် တောက်ပသောအလင်းရောင်များဖြင့် တဖျတ်ဖျတ်တောက်ပနေပေ၏။
ခရမ်းလျှပ်စီးဝံပုလွေ၏နံဘေးပတ်လည်တွင် မီးတောက်လုံးများ မျောလွင့်နေသည်။ထိုမီးတောက်လုံးများသည် ခရမ်းလျှပ်စီးဝံပုလွေကို ရစ်ပတ်နေသဖြင့် သူ့အား ပြင်းပြင်းထန်ထန်နာကျင်မှုကို ခံစားရစေသည်။
"အချိန်ခဏလောက် တောင့်ခံနိုင်ရင်...မင်း ကြီးထွားလာလိမ့်မယ်"
လုယွီက ယင်နဂါးသစ်ရွက်ကို ခရမ်းလျှပ်စီးဝံပုလွေအား ကျွေးလိုက်သည်။
နာကျင်နေဆဲဖြစ်သော ခရမ်းလျှပ်စီးဝံပုလွေသည် သူ၏ပါးစပ်ကို ဖြည်းညှင်းစွာဟ၍ ယင်နဂါးသစ်ရွက်ကို ဝါးမြိုလိုက်၏။ထို့နောက် သူသည် တဖြည်းဖြည်း နှစ်ခြိုက်စွာအိပ်မောကျသွားတော့သည်။
ယင်နဂါးသစ်ရွက်သည် အလွန်အဖိုးတန်ရှားပါးသော ဆေးပင်ဖြစ်သည်။ထိုအရာအတွင်း၌ ပါဝင်သော ဆေးစွမ်းအားများမှာ အလွန်အံ့အားသင့်ဖွယ်ကောင်းသည်။ခရမ်းလျှပ်စီးဝံပုလွေသည် ထိုအရာအတွင်း၌ပါဝင်သော ဆေးစွမ်းအားများကို ချေဖျက်ရန်အတွက် အချိန်အတော်ကြာယူရပေမည်။
ခရမ်းလျှပ်စီးဝံပုလွေ၏နံဘေးပတ်လည်ရှိ မီးတောက်လုံးများက ပို၍ပင်တောက်ပလာပေ၏။
"မီးနဲ့လျှပ်စီးမိုးကြိုး အထူးပြုစွမ်းရည်နှစ်မျိုးရှိတဲ့ စိတ်ဝိညာဥ်သားရဲပါလား...ဒီသေရေးရှင်ရေးအခြေအနေကို ကျော်လွန်နိုင်တာနဲ့ သူ့ရဲ့ပါးစပ်ကနေ စကားပြောနိုင်လိမ့်မယ်...သူက ခုထိ သားရဲဘုရင်အဆင့်ကို မရောက်သေးဘူးဆိုပေမယ့်...သားရဲဘုရင်အဆင့်ကိုရောက်ဖို့ အလားအလာတွေရှိနေတယ်...သူ့ရဲ့အနာဂတ်အောင်မြင်မှုက မဆိုးလောက်ဘူး"
လုယွီသည် ဝံပုလွေပေါက်လေးကို ခေါ်ယူခဲ့စဥ်တွင် သူ၏ပါရမီအရည်အချင်းအပေါ် များစွာအံ့အားသင့်ခဲ့ခြင်းမရှိချေ။
သို့ရာတွင် လုယွီသည် ကတိတစ်ခုပေးခဲ့ပြီးဖြစ်သဖြင့် ထိုဝံပုလွေပေါက်လေးကို သူ ကောင်းစွာပြုစုစောင့်ရှောက်ရပေမည်။အနာဂတ်တွင် ထိုဝံပုလွေပေါက်လေး မည်မျှထိ အောင်မြင်မှုရရှိမည်ဟူသည်မှာ သူ၏ကံကြမ္မာပေါ်တွင်သာ မူတည်ပေလိမ့်မည်။
လုယွီက ခရမ်းလျှပ်စီးဝံပုလွေပေါက်လေး၏နံဘေးတွင်ထိုင်၍ စောင့်ဆိုင်းနေလေသည်။ရုတ်တရက် သူက မျက်မှောင်ကြုတ်လိုက်၏။
သူ၏စိတ်အာရုံသည် အလွန်အမင်း ထက်ရှသည်။သူ၏နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်လိုက်စဥ်တွင် မိုင်ရာနှင့်ချီသော နေရာပတ်လည်အတွင်းရှိ အရာရာတိုင်းကို စုံစမ်းထောက်လှမ်းနိုင်စွမ်းရှိသည်။
ဤခြံဝန်း၏နောက်တွင် လူနှစ်ယောက်ရှိနေကာ သူ့ထံသို့ အလျှင်အမြန်ချဥ်းကပ်လာသည်ကို လုယွီက သတိပြုမိလေ၏။သူတို့ထံတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ အရိပ်အယောင်များလည်းရှိနေသည်။
ခြံဝန်းပြင်ပ၌စောင့်ဆိုင်းနေသော အစေခံများသည် ထိုလူနှစ်ယောက်၏တည်ရှိမှုကို အနည်းငယ်မျှပင် သတိမပြုမိချေ။
"အဲ့ဒီလူတွေက ဆေးပင်သိုလှောင်ရုံက မဖြစ်နိုင်ဘူး....ဒီနေရာကလူတွေက ငါ့ကိုတိုက်ခိုက်စရာ အကြောင်းမရှိဘူး"
ကျန်းမိသားစုသည် သူ့အား မည်သည့်နည်းနှင့်မျှ ထိတွေ့မည်မဟုတ်ကြောင်း လုယွီက ကောင်းစွာသိရှိထားသည်။နဝမအကြီးအကဲ၏နောက်လိုက်များပင်လျှင် အဝေးသို့မောင်းထုတ်ခြင်း ခံလိုက်ရလေပြီ။ယခုလက်ရှိချိန်တွင် ကျန်းဟုန်သည် တဖြည်းဖြည်းနှင့် ကျန်းမိသားစုကို အပြည့်အဝထိန်းချုပ်နိုင်စပြုလာသည်။
အကယ်၍ ထိုလူနှစ်ယောက်သည် ကျန်းမိသားစုမှမဟုတ်ပါက သူ့နောက်သို့ ခိုးကြောင်ခိုးဝှက်လိုက်လာသော လုပ်ကြံသတ်ဖြတ်သူများသာ ဖြစ်ပေမည်။
"မင်းတို့က ဘာလာချောင်းနေကြတာလဲ...ထွက်လာခဲ့ကြစမ်း"
လုယွီက နောက်သို့လှည့်ကာ တင်းမာခက်ထန်သောအသံဖြင့် အော်ငေါက်လိုက်၏။
ပတ်ဝန်းကျင်ရှိ သစ်ပင်များအကြားမှနေ၍ ရုတ်တရက် လေတိုးသံများ ထွက်ပေါ်လာသည်။ခြံဝန်း၏အနောက်ဘက်နံရံနောက်မှနေ၍ လူရိပ်နှစ်ရိပ် ပျံသန်းထွက်လာကာ လုယွီကိုဦးတည်၍ တိုက်ခိုက်လိုက်ကြသည်။
Chapter 2937
ဝှစ်...ဝှစ်...
အနက်ရောင်အဆိပ်မြှားနှစ်ချောင်းက ရုတ်တရက် လုယွီထံသို့ ပျံသန်းလာသည်။
ထိုလူနှစ်ယောက်သည် လုယွီနှင့်အနီးကပ်တိုက်ခိုက်ရန် ရည်ရွယ်မထားချေ။သူတို့သည် လုယွီကို မြင်တွေ့သည်နှင့် သူ့ကိုသတ်ရန်ရည်ရွယ်ချက်ဖြင့် ချက်ချင်းဆိုသလိုပင် မြှားများကိုပစ်လွှတ်လိုက်ခြင်းဖြစ်သည်။
"ဟမ့်...သေချင်နေကြတာလား"
လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်ကာ ခြေတစ်လှမ်းရှေ့တက်လိုက်၏။သူ၏အင်္ကျီလက်ကိုခါယမ်းလိုက်မှုနှင့်အတူ လေပြင်းနှင့်ရောယှက်နေသည့် ပြင်းထန်သောအားလှိုင်းတစ်ရပ်က လေထုအတွင်းမှ ပျံသန်းလာသော အနက်ရောင်အဆိပ်မြှားနှစ်ချောင်းကို ကြေမွှပျက်စီးသွားစေသည်။
ထိုအဆိပ်မြှားနှစ်ချောင်း ကြေမွှပျက်စီးသွားခြင်း၏နောက်မှနေ၍ ထူထပ်သိပ်သည်းသော အစိမ်းရောင်အဆိပ်မြူခိုးများက လေထုအတွင်း၌ မျောလွင့်လာကာ ခြံဝန်းတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
လုပ်ကြံသတ်ဖြတ်သူနှစ်ယောက်သည် လုယွီကို အဆိပ်မြူခိုးများမှ လွှမ်းခြုံသွားသည်အား မြင်တွေ့ချိန်တွင် သူတို့က နောက်သို့ပြန်လှည့်၍ ထွက်ခွာသွားကြကာ အချိန်တခဏအတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။
သူတို့နှစ်ယောက် ထွက်ခွာသွားစဥ်တွင် ရွှေရောင်မီးတောက်တစ်ခုက ရုတ်တရက် ခြံဝန်းအတွင်းမှ မြင့်တက်လာသည်။
ထိုမီးတောက် လေဟာနယ်အတွင်း၌ ဖြတ်သန်းသွားမှုနှင့်အတူ လေထုအတွင်းရှိ အဆိပ်အခိုးအငွေ့များအားလုံးကို တိုက်ခတ်သွားလေ၏။
ဝုန်း...
လေထုအတွင်း၌ မီးတောက်များ ပြည့်နှက်သွားကာ ပတ်ဝန်းကျင်ရှိ လေထုအတွင်းရှိ အဆိပ်အခိုးအငွေ့များအားလုံး ပျက်ပြယ်သွားတော့သည်။
လုယွီ၏လက်အတွင်းမှ မီးတောက်များ ပျက်ပြယ်သွားချိန်တွင် ပတ်ဝန်းကျင်တဝိုက်လုံး မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။သို့ရာတွင် အဆိပ်အခိုးအငွေ့များ ဖြတ်သန်းသွားချိန်၌ မာကြောသောကြမ်းခင်းအုတ်ပြားများပင် အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားပေ၏။ဤသည်က ထိုအဆိပ်အခိုးအငွေ့များ မည်မျှထိပြင်းထန်သည်ကို ပြသရန် လုံလောက်သည်။
လုယွီထံတွင်ရှိနေသော ကောင်းကင်ဘုံဧကရာဇ်၏အစစ်အမှန်မီးတောက်သည် အလွန်အမင်း ယန်စွမ်းအင်ပြင်းထန်သောအရာဖြစ်သည်။ထိုအရာသည် လောကကြီးအတွင်းရှိ မည်သည့်အဆိပ်အခိုးအငွေ့ကိုမဆို ဖယ်ရှားရှင်းလင်းနိုင်စွမ်းရှိသည်။သာမာန်အားဖြင့် ထိုမီးတောက်သည် မည်သည့်ဆိုးညစ်သော အရာပေါ်တွင်မဆို အတော်အသင့် အကျိုးသက်ရောက်မှုရှိသည်။
"အဲ့ဒီလူတွေက ငါ့ကိုသတ်ဖို့ ဒီနေရာကို တမင်သက်သက် ရောက်လာကြတာပဲ"
အေးစက်စက်အလင်းတန်းတစ်တန်းက လုယွီ၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။နောက်ထပ်အချိန်အခိုက်အတန့်အတွင်းတွင် သူသည် ခြံဝန်းအတွင်းမှ ပျောက်ကွယ်သွားလေ၏။
လကြွေတောင်နှင့် မိုင်အနည်းငယ်ခန့်ကွာဝေးသည့် ထူထပ်သိပ်သည်းသော တောအုပ်တစ်ခုအတွင်း၌ အနက်ရောင်ဝတ်ရုံဝတ်လူနှစ်ယောက်က မြေပြင်ပေါ်သို့ တပြိုင်နက်တည်း ဆင်းသက်လိုက်ကြသည်။
ဤနေရာသည် မြေကွက်လပ်ကျယ်တစ်ခုဖြစ်ကာ ပတ်ဝန်းကျင်နေရာတဝိုက်လုံး ထူထပ်သိပ်သည်းသော သစ်ကိုင်းသစ်ခက်များ လွှမ်းခြုံနေသည်။ဤနေရာ၏အတွင်းဘက်ကို ပြင်ပမှမြင်တွေ့နိုင်ရန် အလွန်အမင်း ခက်ခဲပေ၏။
ဤနေရာတွင် အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသော လူဆယ်ယောက်ကျော်ခန့် စောင့်ဆိုင်းနေသည်။
"အဲ့ဒီကောင်လေး သေသွားပြီလား"
ထိုအနက်ရောင်ဝတ်ရုံဝတ်လူများအကြားတွင် ထိုင်နေသော အရပ်ရှည်ပြီး တုတ်ခိုင်ထွားကျိုင်းသည့် လူလတ်ပိုင်းကြီးတစ်ယောက်က မေးမြန်းသည်။
ထိုလူလတ်ပိုင်းကြီး၏ခန္ဓာကိုယ်သည် သာမာန်လူသားတစ်ယောက်ထက် များစွာပို၍ကြီးမားနေသည်။သူသည် သုံးမီတာခန့် အရပ်မြင့်မားကာ လူဘီလူးကြီးတစ်ကောင်နှင့် တူညီနေသည်။
သူ၏အသားအရေသည် ကြေးနီရောင်ရှိကာ သူ၏ခန္ဓာကိုယ်ပေါ်၌ လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲသိမ်မွေ့သော သင်္ကေတအက္ခရာများကို ရေးထိုးထားလေ၏။
အကယ်၍ ဤလူလတ်ပိုင်းကြီးသာ မြို့တစ်မြို့အတွင်းသို့ ရောက်ရှိသွားပါက လူတိုင်း၏အာရုံစိုက်ခြင်းကို ခံရပေမည်။
သို့ရာတွင် လူသူကင်းမဲ့ပြီး ထူထပ်သိပ်သည်းသော တောအုပ်အတွင်း၌ ဤနေရာတွင် တံခါးပိတ်ကျင့်ကြံနေသော လေလွင့်ကျင့်ကြံသူတချို့မှလွဲ၍ သူ့အား မည်သူကမျှ သတိမပြုမိချေ။
"ငါတို့ရဲ့အဆိပ်မြူခိုးတွေက ရွှယ်အင်မော်တယ်တစ်ယောက်ကိုတောင် သေစေနိုင်တယ်...အဲ့ဒီကောင်လေးက ငါတို့ရှိနေတာကို ကြိုပြီးသတိပြုမိသွားပေမယ့် အဆိပ်မြူခိုးတွေရဲ့လွှမ်းခြုံတာကို သူ ခံလိုက်ရတယ်...သူက အလောင်းအပြည့်အစုံတောင်မကျန်ဘဲ သေသွားလိမ့်မယ်"
အနက်ရောင်ဝတ်ရုံဝတ်လူနှစ်ယောက်အနက်မှ တစ်ယောက်က ပြောဆိုသည်။
"ဒါက အမှန်ပဲ...ဒီအဆိပ်မြူခိုးကို ငါ ကိုယ်တိုင်ဖော်စပ်ထားခဲ့တာ...အဲ့ဒီကောင်လေးက အရည်အချင်းက တော်တော်လေးမြင့်မားတယ်ဆိုပေမယ့် သူက ဒီအဆိပ်မြူခိုးတွေရဲ့အောက်မှာ အသက်မရှင်နိုင်မှာ သေချာတယ်"
လူလတ်ပိုင်းကြီးက ခေါင်းညိတ်ပြကာ ကျယ်လောင်စွာ ပြောဆိုလိုက်၏။
"ဒီတာဝန်ကို အဆုံးသတ်သွားပြီလို့ ယူဆလို့ရတယ်...ဒါက မင်းတို့အတွက် ဆုလာဘ်ပဲ"
ထိုသို့ပြောဆိုပြီးနောက် လူလတ်ပိုင်းကြီးသည် သူ၏အင်္ကျီလက်မောင်းကြားမှ အနီရောင်တောက်ပနေသော ဆေးလုံးနှစ်လုံးကိုထုတ်ယူကာ အနက်ရောင်ဝတ်ရုံဝတ်လူနှစ်ယောက်ထံ ပစ်ပေးလိုက်သည်။
ထိုလူနှစ်ယောက်သည် သာလွန်မြင့်မြတ်သော ဆေးလုံးမျိုးကို ရရှိသွားသည့်အလား ထိုအရာကို လက်ခံရရှိသည်နှင့် သူတို့၏လက်ဖြင့် ဂရုတစိုက်ဆုပ်ကိုင်ထားကာ အဆက်မပြတ်ပြောဆိုနေလေသည်။
"ကျေးဇူးတင်ပါတယ် ဘိုးဘေး...ကျေးဇူးတင်ပါတယ်"
လူလတ်ပိုင်းကြီးက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"အဲ့ဒီကောင်လေးက ဘာမှအရေးမပါတဲ့ ကောင်တစ်ကောင်ပဲ...နောက်ထပ် မင်းတို့လှုပ်ရှားရမယ့် ပစ်မှတ်တွေက ပိုပြီးခက်ခဲလိမ့်မယ်...နောက်တစ်ကြိမ် ငါတို့ရဲ့ပစ်မှတ်တွေက တာယွီအင်ပါယာရဲ့အရေးကြီးတဲ့ပုဂ္ဂိုလ်တွေပဲ..."
ရုတ်ချည်းဆိုသလိုပင် ထိုလူလတ်ပိုင်းကြီး၏အသံ ရပ်တန့်သွားသည်။
လုယွီ၏ပုံရိပ်က မြေကွက်လပ်ပေါ်တွင် ရုတ်တရက် ထွက်ပေါ်လာကာ ထိုလူစုထံသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားလိုက်၏။
"မင်းတို့ကောင်တွေက တော်ဝင်မြို့တော်ထဲကို ခိုးဝင်လာနိုင်မယ်လို့ ငါ ထင်မထားမိဘူး"
လုယွီက လေသံပြတ်ပြတ်ဖြင့် ပြောဆိုသည်။
"ဆက်ပြောကြလေ....မင်းတို့က နောက်ထပ် ဘယ်သူတွေကို လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်နေတာလဲဆိုတာ ငါ ကြားချင်တယ်"
Chapter 2938
အနက်ရောင်ဝတ်ရုံဝတ်လူများသည် လုယွီ ရုတ်တရက် ထွက်ပေါ်လာမည်ဟု မျှော်လင့်ထားမိပုံမရချေ။
"မင်းလား....မင်း အသက်ရှင်နေသေးတယ်ပေါ့"
အစောပိုင်းက လုယွီကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့သော အနက်ရောင်ဝတ်ရုံဝတ်လူနှစ်ယောက်သည် သရဲတစေတစ်ကောင်ကို မြင်တွေ့လိုက်ရသည့်အလား အလျှင်အမြန်နောက်ဆုတ်လိုက်ကြ၏။
လုယွီသည် အဆိပ်မြူခိုးများအောက်တွင် သေဆုံးသွားမည်ဟု သူတို့က တွေးထင်ထားသည်။
သို့ရာတွင် လုယွီသည် မည်သည့်ထိခိုက်ဒဏ်ရာမျှမရရှိဘဲ သူတို့၏ရှေ့၌ ထွက်ပေါ်လာခဲ့သည်။ဤသည်က သူတို့မျှော်လင့်ထားသည်ထက် များစွာပို၍ ကျော်လွန်နေပေ၏။
လူလတ်ပိုင်းကြီးက မျက်မှောင်ကြုတ်၍ အော်ဟစ်လိုက်သည်။
"သူ့ကို သတ်ကြစမ်း"
ဝှစ်...ဝှစ်...ဝှစ်...
ရုတ်ချည်းဆိုသလိုပင် အနက်ရောင်ဝတ်ရုံဝတ်လူဆယ်ယောက်ကျော်က လုယွီကို တပြိုင်နက်တည်း တိုက်ခိုက်ကြတော့သည်။
ထိုလူများသည် အထူးသီးသန့် လေ့ကျင့်သင်ကြားပေးထားသော လုပ်ကြံသတ်ဖြတ်သူများဖြစ်သည်မှာ သိသာထင်ရှားလှ၏။သတ်ဖြတ်ရန်အမိန့်ကို ရရှိသည်နှင့် သူတို့သည် အနည်းငယ်မျှပင် တွေဝေတုံဆိုင်းခြင်းမရှိဘဲ သူတို့၏အပြင်းထန်ဆုံးနည်းစနစ်များကို အသုံးပြု၍တိုက်ခိုက်ကြသည်။
"ဟမ့်...ယင်ကောင်ငယ်လေးတွေကများ...ငါ့ကိုသတ်နိုင်မယ်လို့ မင်းတို့က ထင်နေကြတာလား"
လုယွီက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်ပြီးနောက် ဓားချီတစ်လှိုင်းက သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ထွက်ပေါ်လာသည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် အလင်းတန်းတစ်တန်းကိုသာ မြင်တွေ့လိုက်ရပြီး သူ့ထံတိုးဝင်လာသော အနက်ရောင်ဝတ်ရုံဝတ်လူများအားလုံး မြေပြင်ပေါ်သို့ လဲကျသွားလေ၏။
ဘုန်း...ဘုန်း...ဘုန်း...
အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် လုယွီ၏နံဘေးပတ်လည်တွင် စုဝေးနေသော အနက်ရောင်ဝတ်ရုံဝတ်လူများအားလုံး၏ခေါင်းများ မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ သွေးများက မြစ်ပြင်တမျှ စီးဆင်းသွားတော့သည်။
လုယွီက ထိုသွေးကွက်များအပေါ်၌ မတ်တတ်ရပ်ကာ ခပ်ဖျော့ဖျော့အပြုံးနှင့် လူလတ်ပိုင်းကြီးကို ကြည့်လိုက်သည်။
"မင်းက မြင့်မြတ်တဲ့ ရှုရာဧကရာဇ်တစ်ယောက်ပဲ...ဘာလို့ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်အဖြစ်နဲ့ ဒီနေရာကို ရောက်လာတာလဲ...ဘာလဲ...ရှုရာမျိုးနွယ်မှာ တခြားသူမရှိတော့ဘူးလား"
သူ့ရှေ့ရှိ လူလတ်ပိုင်းကြီး၏သရုပ်မှန်ကို သူ ကောင်းစွာ သိရှိထားသည်။ထိုလူလတ်ပိုင်းကြီးသည် လျှို့ဝှက်နည်းစနစ်တစ်ခုကိုအသုံးပြု၍ သူ၏သရုပ်မှန်ကို ကောင်းစွာဖုံးကွယ်ထားလေ၏။သို့ရာတွင် လုယွီသည် စိတ်ဝိညာဥ်မှတဆင့် ထိုလူလတ်ပိုင်းကြီးသည် တခြားလူသားများနှင့် ကွဲပြားခြားနားနေသည်ကို သူ အာရုံခံမိသည်။
ဤသည်က ရှုရာမျိုးနွယ်၏ရှုရာဧကရာဇ်တစ်ယောက်ပင်။
ရှုရာမျိုးနွယ်အတွင်း၌ပင် ဤသည်က နယ်မြေတစ်ခုကို စီမံအုပ်ချုပ်နိုင်သော တည်ရှိမှုကြီးဖြစ်သည်။
လုယွီ၏စကားကိုကြားချိန်တွင် ထိုလူလတ်ပိုင်းကြီး၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သောအပြုံးမျိုး ထင်ဟပ်လာသည်။
"ရှစ်ဖုန့်ဆိုတဲ့အမှိုက်ကောင်က မင်းရဲ့လက်ထဲမှာ သေသွားခဲ့တာလို့ ငါ ကြားထားတယ်...အစတုန်းကတော့ ငါ ဒါကို မယုံခဲ့ဘူး....အခုကြည့်ရသလောက်တော့ မင်းမှာ အရည်အချင်းတချို့ရှိနေပုံပဲ...မင်း ငါ့ရှေ့မှာထွက်ပေါ်လာဝံ့တဲ့ အကြောင်းအရင်းက အတိတ်မှာတုန်းက မင်း ရှစ်ဖုန့်ကို သတ်နိုင်ခဲ့လို့ပဲ....ဒါပေမယ့် မင်း မသိသေးတာတစ်ခုက ငါက အဲ့ဒီအမှိုက်ကောင်ရှစ်ဖုန့်နဲ့မတူဘူး"
လူလတ်ပိုင်းကြီးက နောက်ဆုံးတွင် မတ်တတ်ထရပ်လိုက်သည်။
မူလက သူ ထိုင်နေစဥ်အချိန်မှာပင် သူ၏နံဘေးပတ်လည်မှ အနက်ရောင်ဝတ်ရုံဝတ်လူများထက် အရပ်ပို၍မြင့်မားသည်။ယခု သူ မတ်တတ်ထရပ်လိုက်စဥ်တွင် သူသည် လူဘီလူးကြီးတစ်ကောင်နှင့်တူညီနေကာ ပြင်ပရှိနေရောင်ခြည်ကို ပိတ်ဖုံးတော့လုမတတ်ပင်။
ဒေါသတကြီး အော်ဟစ်ကြုံးဝါးသံတစ်သံနှင့်အတူ လူလတ်ပိုင်းကြီး၏ခန္ဓာကိုယ်ရှိ ကြွက်သားများအားလုံး ပြန့်ကားစပြုလာသည်။
သူ၏ခန္ဓာကိုယ်ပေါ်ရှိ သင်္ကေတအက္ခရာများအားလုံးသည် ရုန်းကြွလာပုံရကာ တစ်ခုပြီးတစ်ခု အလင်းရောင်များ တောက်ပလာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှနေ၍ ခရမ်းရောင်အလင်းတန်းများ ဖြာထွက်လာပေ၏။
ခရက်...ခရက်...ခရက်...
လူလတ်ပိုင်းကြီး၏ခန္ဓာကိုယ်အတွင်းရှိ အရိုးများတုန်ခါရာမှ အက်ကွဲသံများ ထွက်ပေါ်လာသည်။
ထို့နောက် လူလတ်ပိုင်းကြီး၏ခန္ဓာကိုယ်မှ လက်ခြောက်ဖက် ထပ်မံ၍ဆန့်ထွက်လာကာ လက်ရှစ်ဖက်လူဘီလူးကြီးအသွင် ဖွဲ့စည်းသွားသည်။သူ၏မျက်လုံးအတွင်းမှအဖြူရောင်များ တဖြည်းဖြည်း ပျက်ပြယ်သွားကာ လုံးလုံးလျားလျား နက်မှောင်သွားပေ၏။
အစွမ်းထက်သောအားလှိုင်းတစ်ရပ်က လူလတ်ပိုင်းကြီး၏ခန္ဓာကိုယ်မှ ပွင့်အံ့ထွက်လာကာ ပတ်ဝန်းကျင်ရှိသစ်ပင်များအားလုံး ယိမ်းထိုးစပြုလာသည်။
"ရှစ်ဖုန့်ဆိုတဲ့ကောင်က အမှိုက်ကောင်ဆိုပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သူက ငါ့ရဲ့မျိုးနွယ်ဝင်တစ်ယောက်ဖြစ်နေတယ်...မင်းက သူ့ကို ရုပ်သေးတစ်ရုပ်အဖြစ် ပြောင်းလဲလိုက်တာက ခွင့်မလွှတ်နိုင်တဲ့ ပြစ်မှုကြီးပဲ...ရှုရာမျိုးနွယ်တွေကို အပြစ်ပြုမိတာရဲ့ အကျိုးဆက်တွေကို ကောင်းကင်ဘုံနယ်မြေတစ်ခုလုံး သိထားကြတယ်...မင်း မှတ်ထားစမ်း...မင်းကို သတ်ခဲ့တဲ့သူက....."
လူလတ်ပိုင်းကြီး၏စကား အဆုံးမသတ်သေးမီမှာပင် လုယွီက လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။
Chapter 2939
ဤအချိန်အခိုက်အတန့်တွင် လုယွီ၏မျက်နှာအမူအယာသည် တည်ကြည်လေးနက်နေကာ သူ၏မျက်လုံးများအတွင်း၌ ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ခွန်အားများအားလုံးကို သူ၏လက်သီးထံသို့ ပြောင်းရွှေ့ထားသည်။ရုတ်ချည်းဆိုသလိုပင် သူ၏လက်သီးမှနေ၍ တဖျစ်ဖျစ်တဖြောက်ဖြောက်အသံများ ထွက်ပေါ်လာပေ၏။
တလိမ့်လိမ့်ထနေသော မှော်စွမ်းအားများသည် သူ၏လက်သီးပေါ်၌ မျောလွင့်နေကာ ခရမ်းရောင်နှင့်အစိမ်းရောင် အလင်းတန်းနှစ်တန်းက တဖျတ်ဖျတ်တောက်ပနေသည်။
ထို့နောက် သူက လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။
အစစ်အမှန်နဂါး၄၉ကောင်၏ခွန်အား ပွင့်အံ့ထွက်လာလေပြီ။
ဘုန်း...
သစ်တောအတွင်းရှိ သစ်ကိုင်းများသည် လေပြင်းတစ်ရပ်၏ တိုက်ခတ်ခြင်းခံရပုံဖြင့် တဝုန်းဝုန်းအသံများ ထွက်ပေါ်နေသည်။
ထိုအစွမ်းထက်သောအားလှိုင်းသည် ရှုရာဧကရာဇ်၏ခန္ဓာကိုယ်ပေါ်သို့ တန်းတန်းမတ်မတ် ကျရောက်သွားသည်။
ဘန်း...
ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ သွေးမြူများက လေထုအတွင်း၌ ပြန့်ကျဲသွားလေ၏။
ယခင်က ကြီးကျယ်ခမ်းနားသော အရှိန်အဝါကို ထုတ်ဖော်ပြသခဲ့သော ရှုရာဧကရာဇ်၏ခေါင်းအောက်မှ အရာအားလုံး ကြေမွပျက်စီးသွားလေပြီ။သူ၏အရိုးများကိုပင် မမြင်တွေ့ရတော့ချေ။သူ၏ခေါင်းတစ်လုံးသာ ကျန်ရှိတော့ပြီး လေပြင်းများကြောင့် လွင့်ထွက်သွားသည်။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...."
သေဆုံးသွားသည့်တိုင် ရှုရာဧကရာဇ်သည် ဤကဲ့သို့ရလဒ်မျိုး ထွက်ပေါ်လာမည်ဟု မျှော်လင့်ထားမိပုံမရချေ။
သူ၏ခွန်အားဖြင့် သူ့ရှေ့ရှိလူသားပုရွက်ဆိတ်ကို လွယ်လင့်တကူချေမွှနိုင်မည်ဟု သူ တွေးထင်ခဲ့သည်။သို့ရာတွင် လုယွီသည် လက်သီးတစ်ချက်တည်းဖြင့် သူ့ကို သတ်ဖြတ်ခဲ့လေ၏။
သူသည် ဤကဲ့သို့နေရာမျိုးတွင် သေဆုံးသွားရမည်ဟု သူ မျှော်လင့်မထားမိချေ။
"ငါက မင်းရဲ့နာမည်ကိုသိဖို့ လိုအပ်လို့လား"
"ငါ အရင်က တိုက်ပွဲကွင်းပြင်ကနေထွက်လာတာ မင်းတို့ ရှုရာမျိုးနွယ်ကို ပြဿနာမရှာချင်လို့ပဲ...ဒါပေမယ့် မင်းက ငါ့ရှေ့ကိုရောက်လာပြီး အသေခံချင်နေမှတော့ ငါ့ကိုအပြစ်မတင်နဲ့"
လုယွီက ရှေ့သို့တန်းတန်းမတ်မတ် လျှောက်လှမ်းသွားကာ ရှုရာဧကရာဇ်၏ခေါင်းပေါ်သို့ သူ၏လက်ကို ဖိနှိပ်လိုက်၏။ထို့နောက် သူက ရှုရာဧကရာဇ်၏စိတ်ဝိညာဥ်ကို ဆွဲထုတ်လိုက်သည်။
ရုတ်တရက် တုန်လှုပ်ချောက်ချားဖွယ်အော်သံကြီးက တောအုပ်တစ်ခုလုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ရှုရာဧကရာဇ်သည် သေဆုံးသွားသော်လည်း သူ၏အားကောင်းသော စိတ်ဝိညာဥ်မှစွမ်းအားကို ထိန်းသိမ်းထားနိုင်ဆဲပင်။သူ၏စိတ်ဝိညာဥ် သူ၏ခန္ဓာကိုယ်အတွင်းမှ စွန့်ခွာရသည်နှင့် ချက်ချင်းဆိုသလိုပင် ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးလိုက်သည်။
ထိုအော်သံတွင် အစွမ်းထက်သည့် ထိန်းချုပ်ဟန့်တားနိုင်သောစွမ်းအားမျိုး ပါဝင်နေသည်။အကယ်၍ တစ်စုံတစ်ယောက်သည် သတိလက်လွတ်နေမိပါက ထိုအော်သံကြောင့် သူ၏စိတ်ဝိညာဥ် ထိခိုက်နာကျင်သွားပေမည်။
သို့ရာတွင် လုယွီ၏မျက်နှာအမူအယာသည် အနည်းငယ်မျှပင် ပြောင်းလဲသွားခြင်းမရှိချေ။သူက ရှုရာဧကရာဇ်၏စိတ်ဝိညာဥ်ကို သူ၏လက်ဖြင့်ဖိနှိပ်ကာ စိတ်ဝိညာဥ်ရှာဖွေခြင်းနည်းစနစ်ကို အသုံးပြုလိုက်၏။
မှတ်ဥာဏ်များက ဆက်တိုက်ဆိုသလို လုယွီ၏စိတ်အတွင်းသို့ တိုးဝင်လာသည်။
သို့ရာတွင် သူ ထိုအရာများကို ပို၍ကြည့်မိလေလေ သူ ပို၍ထိတ်လန့်တုန်လှုပ်ရလေလေပင်။
တော်ဝင်မြို့တော်သို့ ကျူးကျော်ဝင်ရောက်လာသည်မှာ ဤရှုရာဧကရာဇ်ဦးဆောင်သောလူတစ်စုတည်းမဟုတ်ချေ။
ရှုရာမျိုးနွယ်သည် ထန်အင်ပါယာနှင့်ပူးပေါင်းပြီးနောက် အချိန်အတိုင်းအတာတစ်ခုထိ တိတ်တဆိတ်နေထိုင်နိုင်မည်ဟု သူ တွေးထင်ခဲ့သည်။ရှုရာများသည် တာယွီအင်ပါယာအတွင်းသို့ ကိုယ်တိုင်ကိုယ်ကျ ကျူးကျော်ဝင်ရောက်လာမည်ဟု သူ မျှော်လင့်မထားမိချေ။
"အမ်...သူတို့ရဲ့ခေါင်းဆောင်က တကယ်ကြီး အဲ့ဒီနေရာမှာ ပုန်းအောင်းနေတာလား"
လုယွီက မှတ်ဥာဏ်များအတွင်းမှနေ၍ ရှုရာခေါင်းဆောင်၏သဲလွန်စတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။
သူ ထိတ်လန့်တုန်လှုပ်သွားရဆုံးကိစ္စမှာ ထိုရှုရာခေါင်းဆောင်သည် တော်ဝင်မြို့တော်၏အုပ်ချုပ်ရေးရုံးတော်အတွင်း၌ ပုန်းအောင်းနေခြင်းပင်။
အုပ်ရေးရေးရုံးတော်သည် တော်ဝင်မြို့တော်၏ကိစ္စရပ်များကို စီမံအုပ်ချုပ်ရသောနေရာဖြစ်သည်။တော်ဝင်မြို့တော်သည် အလွန်ကြီးမားသဖြင့် ဤနေရာတွင်စုဝေးနေသော ကျင့်ကြံသူအရေအတွက်မှာလည်း လွန်စွာများပြားသည်။အနည်းဆုံးအနေဖြင့် တော်ဝင်မြို့တော်အတွင်းတွင် ကျင့်ကြံသူများ သန်းရာနှင့်ချီ၍ ရှိနေသည်။ထို့ကြောင့် တော်ဝင်မြို့တော်တွင်ရှိနေသော အုပ်ချုပ်ရေးရုံးတော်သည် တာယွီအင်ပါယာတစ်ခုလုံး၌ အကြီးမားဆုံးပင်။
အုပ်ချုပ်ရေးရုံးတော်အတွင်း၌ တာဝန်ထမ်းဆောင်နေသော အမှုထမ်းများသုံးသိန်းခန့်ရှိကာ အရာရှိအင်အားကိုးထောင်ခန့်ရှိလေ၏။
နှစ်စဥ်နှစ်တိုင်း တော်ဝင်မြို့တော်အတွင်းသို့ နတ်ဆိုးကျင့်ကြံသူများ ခိုးဝင်လာလေ့ရှိသည်။သို့ရာတွင် ဤကဲ့သို့ခိုးဝင်လာသူတစ်ယောက်သည် တော်ဝင်မြို့တော်၏အုပ်ချုပ်ရေးရုံးတော်အတွင်း၌ ပုန်းအောင်းနေမည်ဟု မည်သူကမျှ တွေးထင်ထားမိမည်မဟုတ်ချေ။
ဆိုရိုးစကားအရပြောရလျှင် အန္တရာယ်အများဆုံးနေရာသည် လုံခြုံစိတ်ချရဆုံးနေရာပင်။
"ရှုရာသားတော်...ရှုရာနတ်ဘုရားရဲ့ဆက်ခံသူ...ဒီလိုလူစားမျိုးက သူ့ရဲ့အသက်ကိုစွန့်စားပြီး ခိုးဝင်လာဝံ့တယ်...သူက အတင့်ရဲလွန်းတာလား မောက်မာဝံ့ကြွားတာလားဆိုတာ ငါ တကယ်ကို မသိတော့ဘူး"
လုယွီသည် ရှုရာဧကရာဇ်၏မှတ်ဥာဏ်များမှတဆင့် ထိုရှုရာခေါင်းဆောင်၏သရုပ်မှန်ကို သိရှိလိုက်ရသည်။
အတိတ်တွင် လော့ရွှေကြယ်မြစ်အတွင်း၌ သူ ရှုရာနတ်ဘုရားကို သတ်ဖြတ်ခဲ့သည်။ကံအကြောင်းမလှစွာဖြင့် ရှုရာနတ်ဘုရား၏နတ်ဘုရားသွေးစက်များအားလုံးကို မျောက်က စုပ်ယူသွားခဲ့လေ၏။
Chapter 2940
ယခုချိန်တွင် ရှုရာသားတော် ထွက်ပေါ်လာသဖြင့် လုယွီ သေချာပေါက် လှုပ်ရှားရပေမည်။
နတ်ဘုရားများသည် ထာဝရအသက်ရှင်သန်နိုင်သူများပင်။သူသည် ရှုရာနတ်ဘုရား၏မျိုးဆက်ကို ဖျက်ဆီးပစ်ရပေမည်။
ရှုရာမျိုးနွယ် တည်ရှိနေသရွေ့ သူတို့၏ကံကြမ္မာစွမ်းအားများ ဆက်လက်၍ရှိနေသည်။ထိုမီးတောက်သည် ဆက်လက်၍လောင်ကျွမ်းနေရာမှ တဖြည်းဖြည်းနှင့် ရှုရာနတ်ဘုရားအသစ်တစ်ပါး ထပ်မံ၍ထွက်ပေါ်လာပေမည်။
ထို့ပြင် ရှုရာသားတော်သည် ရှုရာနတ်ဘုရား၏ နတ်ဘုရားပလ္လင်ကို အမွေဆက်ခံထားပေ၏။
ယေဘုယျကျကျပြောဆိုရလျှင် နတ်ဘုရားတစ်ပါးတွင် သူတို့၏ဆက်ခံသူအဖြစ် သတ်မှတ်ထားသော မျိုးဆက်များစွာရှိသည်။သူတို့သည် အချင်းချင်းယှဥ်ပြိုင်တိုက်ခိုက်ကြကာ နောက်ဆုံးတွင် အားအကောင်းဆုံးသူကို ရွေးချယ်ခံရပြီးနောက် နတ်ဘုရားပလ္လင်ကို အမွေဆက်ခံကာ ရှုရာနတ်ဘုရားအသစ် ဖြစ်လာပေမည်။
ထိုနတ်ဘုရားများ၏ခန္ဓာကိုယ်များတွင် နတ်ဘုရားသွေးစက်များ ရှိနေသည်။
ထို့ပြင် လုယွီ လိုအပ်နေသည်မှာ နတ်ဘုရားသွေးစက်ပင်။ထိုနတ်ဘုရားသွေးစက်ဖြင့်ဆိုပါက သူ၏အထွတ်အထိပ်အဆင့်မှစွမ်းအား၏ တစ်စိတ်တစ်ပိုင်းကို ယာယီအသုံးပြုနိုင်သည်။
ဤသည်ကြောင့် လုယွီသည် နတ်ဘုရားသွေးစက်ကို အလိုရှိနေခြင်းဖြစ်သည်။
"ရှုရာနတ်ဘုရားရဲ့သားတော်...ငါ ဒီတိုက်ပွဲအကျိုးဆောင်ရမှတ်ကို ရမှဖြစ်မယ်"
လုယွီ၏မျက်လုံးအတွင်း၌ တောက်ပသောအလင်းရောင်များ ဖြတ်ပြေးသွားသည်။
တော်ဝင်မြို့တော်အတွင်းသို့ သူလျှိုအဖြစ် ခိုးဝင်နေသည့် ရှုရာမျိုးနွယ်မှ အဆင့်အတန်းမြင့်မားသော တည်ရှိမှုကြီးတစ်ခုကို ဖမ်းဆီးနိုင်ပါက တုန်လှုပ်ချောက်ချားဖွယ်ကောင်းအောင်များပြားသော တိုက်ပွဲအကျိုးဆောင်ရမှတ်များ ရရှိနိုင်သည်။
သူ ယခင်က စုဆောင်းထားခဲ့သော တိုက်ပွဲအောင်မြင်မှုများဖြစ်သည့် လော့ရွှေကြယ်မြစ်တွင် ရှားဟိုလီကိုကယ်တင်ခဲ့ခြင်းနှင့် အစိမ်းရောင်ကြာနတ်ဘုရားကို သတ်ဖြတ်ခဲ့ခြင်းတို့အား တော်ဝင်စစ်ရေးဌာနတွင် မှတ်တမ်းတင်ထားကြောင်း လုယွီက သိရှိထားသည်။
တော်ဝင်စာမေးပွဲ ပြီးဆုံးသည့်ချိန်တွင် သူ့ထံ၌ ကျောင်းတော်သားတစ်ယောက်၏အဆင့်အတန်းမျိုး ရရှိလာမည်ဖြစ်ကာ ထိုတိုက်ပွဲအကျိုးဆောင်ရမှတ်များဖြင့်ဆိုပါက သူ့ကို အလွန်အမင်းမြင့်မားသော ရာထူးနေရာသို့ တွန်းပို့နိုင်ပေမည်။
တာယွီအင်ပါယာအတွင်း၌ အရာရာတိုင်းသည် ခွန်အားနှင့်တိုက်ပွဲအကျိုးဆောင်ရမှတ်ပေါ်တွင်သာ မူတည်သည်။ဤတိုက်ပွဲအောင်မြင်မှုများနှင့်ဆိုပါက သူသည် အနာဂတ်တွင် တာယွီ၏ကံကြမ္မာစွမ်းအားအမြောက်အများကို ရရှိနိုင်မည်မှာ သေချာပေ၏။
လုယွီသည် ရှုရာဧကရာဇ်၏စိတ်ဝိညာဥ်ကို ဂရုတစိုက် စစ်ဆေးပြီးနောက် ချေမွှဖျက်ဆီးလိုက်တော့သည်။
"တော်ဝင်မြို့တော်ထဲမှာ ပုန်းအောင်းနေတာနဲ့...မင်းကိုယ်မင်း ဘေးကင်းလုံခြုံပြီလို့ ထင်နေတာလား"
လုယွီက ခြေလှမ်းကျဲကြီးများဖြင့် ထူထပ်သိပ်သည်းသော တောအုပ်အတွင်းမှ ထွက်ခွာခဲ့သည်။
....
အုပ်ချုပ်ရေးရုံးတော်သည် တော်ဝင်မြို့တော်အတွင်းရှိ ဗာမီလီယန်မီးငှက်လမ်းအတွင်း၌ တည်ရှိသည်။
ဤနေရာတွင် ကြီးကျယ်ခမ်းနားသောရုံးတော်တစ်ခု ရှိနေလေ၏။မြင့်မားသောကျောက်တိုင်နှစ်တိုင်က မားမားမတ်မတ်တည်ရှိနေကာ တံခါး၏ကမ္ပည်းပြားပေါ်တွင် 'တော်ဝင်မြို့တော်၏အုပ်ချုပ်ရေးရုံးတော်'ဟု ရေးထွင်းထားလေ၏။
ထိုစာလုံးများကို တာယွီအင်ပါယာ၏မဟာဘိုးဘေးကိုယ်တိုင် ရေးသားထားခြင်းဖြစ်ကာ ရွှေစည်းတံဆိပ်တစ်ခုကိုလည်း ခတ်နှိပ်ထားသည်။
ထိုစာလုံးများကိုမော့ကြည့်မိသော မည်သူမဆို သူတို့ထံတိုးဝင်လာသော သတ်ဖြတ်လိုခြင်းအရှိန်အဝါကို ခံစားရပေမည်။
အုပ်ချုပ်ရေးရုံးတော်၏ပြင်ပတွင် လှေကားထစ်ပေါင်း ၃၂ထစ်ရှိသည်။ထိုလှေကား၏နံဘေးနှစ်ဘက်စလုံးတွင် ကြီးမားပြီးကြီးကျယ်ခမ်းနားသည့် နတ်ဆိုးသားရဲကျောက်ရုပ်ထုနှစ်ခု ရှိနေလေ၏။ဤသည်က ရိုးရှင်းသော ကျောက်ရုပ်ထုများမဟုတ်ဘဲ အတွင်း၌ နတ်ဆိုးသားရဲများ၏စိတ်ဝိညာဥ်များကို ချိပ်ပိတ်ထားသည်။ကိစ္စတစ်စုံတစ်ခု ဖြစ်ပွားသည်နှင့် ထိုကျောက်ရုပ်ထုနှစ်ခုသည် နတ်ဆိုးမှော်သားရဲနှစ်ကောင်အဖြစ်သို့ ချက်ချင်းအသွင်ပြောင်းသွားပေမည်။ထို့နောက် သူတို့သည် ကျူးကျော်ဝင်ရောက်လာသူများကို သတ်ဖြတ်ပေလိမ့်မည်။
တာယွီအင်ပါယာ၏အကြီးမားဆုံး အုပ်ချုပ်ရေးရုံးတော်ဖြစ်သဖြင့် တံခါးမကြီးကို အမြဲတစေပိတ်ထားကာ တံခါးငယ်လေးတစ်ခုကိုသာ ဖွင့်ထားသည်။ဤနေရာသို့ ကိစ္စများဆောင်ရွက်ရန်လာသော အရာရှိများနှင့်ကျင့်ကြံသူများက နေ့ညမပြတ်ဖြတ်သန်းသွားလာနေလေရာ အလွန်သက်ဝင်လှုပ်ရှားသော နေရာတစ်နေရာဖြစ်သည်။
လုယွီ အုပ်ချုပ်ရေးရုံးတော်သို့ ရောက်ရှိသွားချိန်သည် နေ့တစ်နေ့တာ၏အလုပ်အများဆုံးအချိန်ပင်။
ဤအချိန်တွင် ရုံးတော်သို့ အလုပ်လုပ်ရန်လာသော လူအမြောက်အများ ဝင်ထွက်သွားလာနေကြသည်။တစ်စုံတစ်ယောက်သည် အုပ်ချုပ်ရေးရုံးတော်အတွင်းသို့ ကျူးကျော်လာဝံ့မည်မဟုတ်ဟု ယုံကြည်ထားပုံဖြင့် တံခါး၏ရှေ့တွင် ရပ်နေသောအရာရှိသည် လုယွီကို စစ်ဆေးခြင်းပင်မပြုဘဲ ဝင်ခွင့်ပြုလိုက်၏။
လုယွီသည် အတွင်းသို့ဝင်ရောက်ပြီးနောက် ကောင်းကင်ဘုံနယ်မြေ၏နံပါတ်တစ်အုပ်ချုပ်ရေးရုံးတော် မည်မျှထိကြီးကျယ်ခမ်းနားသည်ကို ခံစားမိသည်။
ပတ်ဝန်းကျင်နေရာတဝိုက်တွင် အထပ်သုံးဆယ်ကျော်မြင့်မားသော အဆောက်အအုံများက နေရာအနှံ့အပြားတွင်ရှိနေသည်။ထိုအဆောက်အအုံများအနက်မှတချို့သည် တိမ်စိုင်များအကြား၌ မျောလွင့်နေကာ တစ်ခုနှင့်တစ်ခုကို ကြိုးတံတားများဖြင့် ဆက်သွယ်ထားသည်။
အုပ်ချုပ်ရေးရုံးတော်၏အထက်ကောင်းကင်ယံတွင် ရွှေရောင်တောက်ပသော မျက်လုံးတစ်လုံးရှိနေကာ ပတ်ဝန်းကျင်ကို အဆက်မပြတ် စုံစမ်းထောက်လှမ်းနေပေ၏။ဤသည်က အုပ်ချုပ်ရေးရုံးတော်၏ ကောင်းကင်ဘုံမျက်လုံးဝင်္ကပါကြီးဖြစ်ကာ ရုံးတော်အတွင်းရှိ ထောင်သောင်းချီသောလူများ၏လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသည်။
အုပ်ချုပ်ရေးရုံးတော်အတွင်း၌ အရာရှိအမြောက်အများသည် ရှေ့နောက်ခေါက်တုံ့ခေါက်ပြန်သွားလာနေသော်လည်း အစီအစဥ်တကျဖြစ်သည်။
ဤနေရာသည် တော်ဝင်မြို့တော်အတွင်းရှိ ကိစ္စကြီးငယ်ဟူသမျှကို ဖြေရှင်းရသောရုံးတော်ဖြစ်သဖြင့် နန်းတွင်း၏ဥပဒေစည်းမျဥ်းအောက်၌ရှိနေကာ ဖရိုဖရဲဖြစ်စဥ် အမြောက်အများမရှိချေ။