အခန်း (၅၅၆-၅၅၇)
Vol. 35 Ch. 556-557
Chapter 556
လမ်းခွန် ၁
ဂျိန်း
သံလှောင်အိမ်ကြီး ပွင့်သွားသည်နှင့်အမျှ အစ်ကိုဂျေ ဖမ်းဆီးထားသော အသက်ရှင်ကျန်ရစ်သူ ဒါဇင်ပေါင်းများစွာသည် နောက်ဆုံးတွင် လွတ်မြောက်လာကြ၏။ ထိုသူများထဲမှ တဝက်ခန့်မှာ ပြန်ပေးဆွဲခံရသည့် ဘတ်စ်ကားယာဉ်တန်းမှ အဖွဲ့ဝင်များ ဖြစ်ကြသည်။ ထိုအုပ်စုထဲမှ တိုက်ခိုက်ရေးစွမ်းရည်ရှိသူ မှန်သမျှကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်သာ ဖြစ်သည်။
မှန်ပေသည်—
အမျိုးသမီးဖြစ်ပါက တိုက်ခိုက်နိုင်စွမ်း ရှိသော်ငြားလည်း ထိုတိရစ္ဆာန်များ၏ ဖျော်ဖြေရေးအတွက် ဦးစွာအသုံးချခံရပေဦးမည်။
“အဖေ”
ဘတ်စ်ကားပေါ်မှ မိန်းကလေးတစ်ဦးသည် အမြန်ပြေးဆင်းသွားပြီး ပုခုံးတွင် ဒဏ်ရာရထားသည့် သက်လတ်ပိုင်းအမျိုးသားတစ်ဦး၏ ရင်ခွင်ထဲသို့ တိုးဝင်သွားသည်။
“ကျေးဇူးတင်ပါတယ်”
အမျိုးသား၏ မျက်နှာမှာ ဖြူဖျော့နေ၏။ သူသည် ငရဲတွင်းအလား စိတ်ပျက်အားငယ်မှုထဲမှ အခုမှ ပြန်လည်ရုန်းထွက်လာနိုင်သည့်ပုံ ရှိနေသည်။
လင်းရှန်သည် ကရုဏာစိတ်ဖြင့် ရှုချင်းကို လုယက်ခံထားရသော ၎င်းတို့၏ ယာဉ်နှင့် ရိက္ခာများကို ပြန်ပေးစေခဲ့သည်။ အခြားယာဉ်တန်းအဖွဲ့အချို့ကလည်း အပိုရိက္ခာများ ထောက်ပံ့ပေးကြရာ ၎င်းမှာ ကမ္ဘာပျက်ကပ်အတွင်းရှိ ရိုင်းပင်းကူညီမှုဟုပင် ဆိုရပေမည်။
ကျန်ရှိသူများမှာ အခြားယာဉ်တန်းများမှ အသက်ရှင်ကျန်ရစ်သူများ ဖြစ်ကြသည်။ ၎င်းတို့၏ အခြေအနေအရ ထိုလှောင်အိမ်ထရပ်ကားပေါ်တွင် အနည်းဆုံး နှစ်ရက်၊ သုံးရက်ခန့် ပိတ်လှောင်ခံထားရပုံရ၏။ အခုလို လွတ်မြောက်လာသည့်အခါ ၎င်းတို့မှာ အလွန်ဝမ်းသာနေကြသည်။ အချို့မှာ ဦးထုပ်ဆောင်းထားပြီး ခြေကျင်းဝတ်တွင် သံခြေချင်းများခတ်ထားသည်ကို တွေ့ရရာ ၎င်းတို့မှာ စွမ်းအားရှင်များဖြစ်ကြသည်။ အခြားယာဉ်တန်းခေါင်းဆောင်များနှင့် ခဏတာဆွေးနွေးပြီးနောက် လင်းရှန်သည် ထိုသူများကို ပူးပေါင်းယာဉ်တန်းအတွင်းရှိ အဖွဲ့ငယ်များထဲသို့ ခွဲဝေထည့်ပေးခဲ့ပြီး အချို့မှာမူ တျန်ပါးစစ်တပ်အဖွဲ့သို့ ဝင်ရောက်ခဲ့ကြသည်။ သို့မဟုတ်ပါက ၎င်းတို့သည် သဲကန္တာရထဲတွင် သေဆုံးသွားကြပေလိမ့်မည်။
၎င်းတို့ထဲမှ အများစုမှာ အားနည်းသူများ မဟုတ်ကြချေ။ သမုဒ္ဒရာယာဥ်တန်းကလည်း ထိုသူများကို သူတို့အဖွဲ့ထဲသို့ ရရှိရန် အပြိုင်အဆိုင် စည်းရုံးနေကြသည်။
လင်းရှန်သည် ခြေကျင်းဝတ်မှ ခြေချင်းတစ်ခုကို ကောက်ယူကြည့်ရှုရာ အတွင်း၌ အဝေးထိန်းစနစ်ဖြင့် လျှပ်စစ်လွှတ်နိုင်သော ကိရိယာတစ်ခု ပါရှိနေသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ အဆင့်နိမ့်စွမ်းအားရှင်များကို ထိန်းချုပ်ရန် အသုံးပြုခြင်း ဖြစ်သည်မှာ ထင်ရှားလှ၏။
ထို့အပြင် လင်းယုန်နီဂိုဏ်း၏ အင်အား ၄၀ ပါသော ယာဉ်တန်းတွင် Arc+ ရိုင်ဖယ်နှစ်လက်၊ စံနှုန်းမီ ဒုံးကျည်ပစ်လောင်ချာ ၂၀၊ ဖောက်ခွဲရေးပစ္စည်းများနှင့် ခဲယမ်းမီးကျောက်များသာမက အသေခံဒရုန်းများပင် ပါရှိနေသည်။ ၎င်းမှာ သာမန်လမ်းဘေးလူမိုက်များ၏ အလုပ်မျိုး မဟုတ်ချေ။ တစ်ခုခုတော့ မှားနေပြီဟု ခံစားနေရသည်။
တစ်ချိန်တည်းမှာပင် လွတ်မြောက်လာသူများထံမှ တန်ဖိုးရှိသော သတင်းအချက်အလက်များကိုလည်း ရရှိခဲ့သည်။
အကြီးမားဆုံးသော သတင်းမှာ အစ်ကိုဂျေပြောခဲ့သည့် သဲကန္တာရ သံမဏိမဟာမိတ်အဖွဲ့ အကြောင်းပင် ဖြစ်သည်။ ထိုသဲကန္တာရဓားပြ မဟာမိတ်အဖွဲ့သည် လွန်ခဲ့သော တစ်လခန့်ကမှ အနောက်ဘက်ဂိုဘီသဲကန္တာရနှင့် တာ့ရှီးသဲပြင်တစ်လျှောက်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု ကောလာဟလများထွက်ပေါ်နေသည်။ အချိန်တိုအတွင်းမှာပင် ၎င်းတို့မှာ ရက်စက်ကြမ်းကြုတ်မှုကြောင့် နာမည်ကျော်လာခဲ့သည်။ ကျင်းဟိုင်အနီးရှိ ဖီးနစ်အခြေစိုက်စခန်းများနှင့် အသက်ရှင်ကျန်ရစ်သူ မဟာမိတ်အဖွဲ့များက အကြိမ်ကြိမ်တိုက်ခိုက်ခဲ့သော်လည်း ထိုအုပ်စုက ပို၍အင်အားတောင့်တင်းလာခဲ့သည်။
၎င်းတို့မှာ ခွေးရူးများကဲ့သို့ပင်။ တစ်ကောင်ကို တိုက်ခိုက်ပါက တစ်အုပ်လုံးက ပြန်လည်ကိုက်ခဲတတ်ကြသည်။ အသက်ရှင်ကျန်ရစ်သူ အများစုမှာ ၎င်းတို့နှင့် မပတ်သက်ချင်ကြချေ။ သံမဏိမဟာမိတ်အဖွဲ့သည် အားနည်းသူများကို ဖမ်းဆီးလုယက်သော်လည်း အင်အားကြီးသော ယာဉ်တန်းများနှင့် တွေ့ပါက ဂိုဘီသဲကန္တာရ၏ လူသူမရှိသော ဒေသများအတွင်းသို့ ခဏတာ ပုန်းရှောင်သွားပြီးမှ အင်အားအလုံးအရင်းဖြင့် ပြန်လည်တိုက်ခိုက်လေ့ရှိသည်။
အလွန်ကြီးမားသော ယာဉ်တန်းမရှိပါက ၎င်းတို့ကို တားဆီးရန် ခက်ခဲလှပေမည်။ အချို့ယာဉ်တန်းများသည် ထိပ်တိုက်တွေ့မှုကို ရှောင်ရှားရန်အတွက် လာဘ်ထိုးသည့်အနေဖြင့် ရိက္ခာများ ပေးကမ်းရသည်အထိ ဖြစ်လာသည်။ သို့သော် ထိုသို့ပေးကမ်းခြင်းကလည်း ဘေးကင်းမှုကို အာမမခံနိုင်ချေ။ အုပ်စုတစ်စုကို ပေးလိုက်သော်လည်း ညမိုးချုပ်သည့်အခါ အခြားအုပ်စုတစ်ခုက တိုက်ခိုက်လာနိုင်သေးသည်။ ဤငရဲခန်းထဲတွင် ဓားပြများသည် မည်သည့်စည်းကမ်းကိုမျှ လိုက်နာခြင်း မရှိကြပေ။
အသက်ရှင်ကျန်ရစ်သူများမှာ လွတ်မြောက်ရာလမ်းကိုသာ ရှာဖွေနေကြသော်လည်း ထိုဓားပြများမှာမူ ကမ္ဘာပျက်ကပ်ကို ပျော်ပွဲရွှင်ပွဲကြီးသဖွယ် သတ်မှတ်ထားကြပြီး သဲကန္တာရထဲတွင် လျှို့ဝှက်စခန်းများ တည်ဆောက်ထားကြသည်။
“ခဗျား... ခဗျားတို့က နောက်ထပ် အာခီစိုင်းဘက်ကို သွားကြမှာ မဟုတ်လား”
ပူးပေါင်းယာဉ်တန်းသည် ရှင်းလင်းရေးလုပ်ငန်းများ အပြီးသတ်၍ ထွက်ခွာရန် ပြင်ဆင်နေစဉ် နေလောင်ထားသော လူငယ်တစ်ဦးက စကားစလာသည်။
“ဟုတ်တယ်။ ဘာလို့လဲ… မင်း တစ်ခုခုသိထားလို့လား” ရှီတိယွမ်က ချက်ချင်း ပြန်ပြောလိုက်သည်။
ထိုလူငယ်က အမြန် ပြောပြလိုက်သည်၊၊
“ကျွန်တော် သတင်းတစ်ခုကြားထားတယ် အသုံးဝင်မလားတော့ မသိဘူး။ အာခီစိုင်းမှာ အခြေစိုက်ထားတဲ့ ယာဉ်တန်းကြီးတစ်ခုရှိတယ်။ သူတို့ရဲ့ ခေါင်းဆောင်က ဓားပြတွေအားလုံးကို ရှောင်ကွင်းပြီး ချွမ်းချန်ကို တိုက်ရိုက်ရောက်နိုင်တဲ့ လျှို့ဝှက်လမ်းကြောင်းကို သိတယ်လို့ အခိုင်အမာပြောနေတယ်။ အဲဒီလျှို့ဝှက်ချက်ကို လူငါးယောက်စာကို အဆင့်-၁ ထူးဆန်းတဲ့ သတ္တဝါတွေဆီကရတဲ့ သွေးပဲစေ့တစ်ခုနဲ့ ရောင်းနေတယ်”
“ဘယ်လို” လူတိုင်း အံ့အားသင့်သွားကြသည်။
“လူငါးယောက်အတွက် သွေးပဲစေ့တစ်ခု ဟုတ်လား”
“ဘယ်သူက အဲဒါကို ယုံမှာလဲ။ လိမ်နေတာ အသိသာကြီး”
“သူက သိတယ်လို့ အခိုင်အမာပြောနေတာလား”
ချန်ဆီရွှမ်က နှာခေါင်းရှုံ့လိုက်သည်။
“ဘာတွေ လျှောက်ပြောနေတာလဲ။ ဓားပြတွေက ဆွံ့အနားမကြားတွေ မဟုတ်ဘူးလေ။ ဘာလို့ ဒီအတိုင်း ဖြတ်သွားခံမှာလဲ”
သို့သော် နန်ကျင်းက တစ်ခုခုကို သတိပြုမိသွားသည်။ သူမက ထိုလူငယ်ကို မေးလိုက်သည်၊၊
“ဒါဆို မင်းပြောချင်တာက... မင်းတို့က အဲဒီ လမ်းခွန် မပေးလို့ တိုက်ခိုက်ခံရတာလို့ ဆိုလိုတာလား”
သူက ခေါင်းငြိမ့်ပြကာ အလျင်အမြန် ရှင်းပြသည်။ “ပထမတော့ ကျွန်တော်တို့လည်း မယုံဘူး။ ဒါပေမဲ့ အဲဒီယာဉ်တန်းက သူတို့မှာ ဓားပြတွေနဲ့ အပေးအယူရှိတယ်လို့ ပြောတယ်။ အဲဒီ သွေးပဲစေ့က ဓားပြတွေဆီကို တစ်ဆင့်ပေးဖို့အတွက်လို့ ပြောတယ်။ အဲဒီတော့ အဓိကက လမ်းကြောင်းမဟုတ်ဘူး လမ်းခွန် သက်သက်ပဲ”
“ဒါဆို မင်း ဆိုလိုတာက...”
နန်ကျင်းက မျက်မှောင်ကြုတ်လိုက်သည်။
“သူတို့က တကယ်တော့ ဓားပြတွေနဲ့ တစ်ဖွဲ့တည်း မဟုတ်ဘူးပေါ့”
“ဟုတ်တယ်။ အကယ်၍ သူတို့သာ တစ်ဖွဲ့တည်းဆိုရင် ဘာလို့ တိုက်ရိုက်မလုဘဲ အဲဒီလိုတွေ လုပ်နေမှာလဲ”
“ဒါဆို ဟန်ဆောင်နေတာဆိုရင်ရော...”
လူငယ်၏ မျက်နှာ ဖြူဖျော့သွားပြီး ခေါင်းခါပြသည်။
“ဒါက အစစ်လား အတုလားဆိုတာ ကျွန်တော်လည်း မသေချာဘူး။ ဒါပေမဲ့ အဲဒီယာဉ်တန်းငယ်လေးက အာခီစိုင်းနားမှာ အတိုက်ခိုက်မခံရဘဲ နှစ်ပတ်လောက် အခြေစိုက်နေနိုင်ခဲ့တယ်။ အမှောင်အမှတ်သားကြောင့် တခြားယာဉ်တန်းတွေကို ညဘက် အဲဒီမှာ နေခွင့်မပေးဘူး။ အုပ်စုတော်တော်များများက ဓားပြတွေကိုရော အမှောင်ညကိုရော ကြောက်တာကြောင့် ဂိုဘီထဲကို ဆက်မတိုးရဲဘဲ အနီးအနားမှာပဲ စခန်းချကြတယ်။ ပြီးတော့ တိုက်ခိုက်မှုတွေ စလာတဲ့အခါ လမ်းခွန်ပေးကြတယ် ဒါမှမဟုတ် ထွက်ပြေးကြတယ်။ ကျနော်တို့အဖွဲ့ကပဲ လမ်းခွန်မပေးတာ... အဲဒီတော့...”
“စိတ်ဝင်စားစရာပဲ” လင်းရှန်က မျက်ခုံးပင့်လိုက်သည်။
“ဒီလို ဓားပြမဟာမိတ်အဖွဲ့က တစ်ယောက်ကို ထိတာနဲ့ အကုန်လုံး ဝိုင်းတိုက်ကြတာပေါ့။ ဖီးနစ်ရဲ့ စတားဖလိ့တောင် သူတို့ကို အမြစ်မဖြတ်နိုင်ဘူး။ အဲဒီတော့ သူတို့က ကြားလူတစ်ယောက်ကို လမ်းခွန်ကောက်ခိုင်းထားတာပေါ့။ အဲဒါဆို တိုက်ခိုက်မှုကို ရှောင်ရှားနိုင်သလို ကျည်ဆံတစ်တောင့်မှ မကုန်ဘဲ ရိက္ခာတွေ ရနေတာပဲ။ တကယ့်ကို ပါးနပ်တဲ့ စီစဉ်မှုပဲ...”
လူတိုင်းက လင်းရှန်ကို ကြည့်လိုက်ကြသည်။ သူ၏ သုံးသပ်ချက်ကြောင့် အားလုံး စိတ်မသက်မသာဖြစ်သွားကြသည်။ ဤဓားပြမဟာမိတ်အဖွဲ့သည် ထင်ထားသည်ထက် ပိုမိုကြီးမားသော ပြဿနာဖြစ်ကြောင်း ထင်ရှားနေပြီ ဖြစ်သည်။
“သူတို့က ဒီနေရာကို သူတို့ပိုင်တယ်လို့ တကယ် ထင်နေကြတာပဲ”
ချီလီက လှောင်ပြောင်လိုက်သည်။
“လူတွေကို နှိပ်စက်ပြီး သူတို့ကိုတော့ ဘယ်သူမှ မထိရဘူးတဲ့လား။ လမ်းခွန်လည်း ကောက်သေးတယ်။ မောက်မာလှချည်လား”
“ဖာ့ခ်… သူတို့ ကျွန်မတို့ကို မထိသေးလို့ပါ”
ကီကီက လက်ပိုက်ကာ ဒေါသတကြီး ပြောသည်။
“သူတို့ စမ်းကြည့်ရဲရင်တော့ အကုန်လုံးကို တစ်ယောက်မကျန် ချေမှုန်းပစ်မယ်”
“သဘောတူတယ်။ ဒီနည်းလမ်းက အကျိုးရှိနိုင်တယ်”
အမြဲတမ်း တိတ်ဆိတ်နေသော လုရှင်းချန်က နောက်ဆုံးတွင် စကားပြောလာသည်။ သူ၏ အကြည့်များက အေးစက်နေ၏။
နန်ကျင်းက မျက်မှောင်ကြုတ်ကာ
“စိုးရိမ်စရာက သူတို့ ရထားလမ်းကို လာထိခိုက်မှာကိုပဲ”
လင်းရှန်က သူမကို ကူကယ်ရာမဲ့စွာ ပြုံးပြလိုက်သည်။
“ဒါက လူတွေရဲ့ ပြဿနာပဲ။ သူတို့က ထူးဆန်းတဲ့ သတ္တဝါတွေထက်တောင် ပိုဆိုးသေးတယ်။ လူယုတ်မာတွေက မင်းကို အကုန်လုံးဝါးမျိုဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် မင်းမှာ ရွေးချယ်စရာတောင် မရှိတော့ဘူး”
Chapter 557
လမ်းခွန် ၂
“အတိအကျပဲ” ရှီတိယွမ်က အော်လိုက်သည်။
“လုယက်တာပဲဖြစ်ဖြစ် လမ်းခွန်ပဲဖြစ်ဖြစ်… သဲကန္တာရလူမိုက်တစ်စုက စီလန်က မွန်းစတားတွေထက် ပိုကြောက်ဖို့ကောင်းလား ကြည့်ကြတာပေါ့။ သူတို့ကို စိန်ခေါ်လိုက်မယ်။ စစ်တိုက်ကြတာပေါ့”
“ဟုတ်တယ်”
“မျိုးမစစ်ကောင်တွေက မွန်းစတားတွေကိုတော့ မတိုက်ရဲဘဲ အသက်ရှင်ကျန်ရစ်သူတွေကိုမှ ရွေးပြီး နှိပ်စက်နေကြတယ်”
လူတိုင်း ခေါင်းငြိမ့်ထောက်ခံကြသည်။ သူတို့သည် သွေးချောင်းစီးတိုက်ပွဲတစ်ခုမှ ယခုလေးတင် လွတ်မြောက်လာခြင်း ဖြစ်သည်။ စိုးရိမ်နေခြင်းက အပိုပင်။ တိုက်ပွဲအတွက် ပြင်ဆင်ထားခြင်းက ပို၍ ကောင်းပေမည်။
လင်းရှန်သည် သူ၏ ယန္တရားစွမ်းရည်ကြောင့် ဤအကျပ်အတည်းကို အခွင့်အရေးအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။ ရှီတိယွမ် ပြောသကဲ့သို့ပင် သူတို့ကိုယ်တိုင် သဲကန္တာရဓားပြများ ဖြစ်လာရမည့်အချိန် ရောက်ပြီထင်သည်။ လက်ဦးမှုယူ၍ တိုက်ခိုက်ပြီး ခြိမ်းခြောက်မှုကို ဖြေရှင်းကာ အရင်းအမြစ်များကို ရယူရမည်။ ပူးပေါင်းယာဥ်တန်ူမှာ အင်အားတောင့်တင်းပြီး အရင်းအမြစ်လိုအပ်ချက်လည်း မြင့်မားသည်။ ဓားပြတစ်အုပ်က သူတို့ကို ခြောက်လှန့်နိုင်မည် မဟုတ်ချေ။
၁၃:၀၀ နာရီ — ပူးပေါင်းယာဉ်တန်းသည် လော့ဘူမြို့မှ ထွက်ခွာလာခဲ့ပြီး ညမိုးမချုပ်မီ အာခီစိုင်းသို့ ရောက်ရှိရန် အမြန်မောင်းနှင်ခဲ့ကြသည်။
အမှတ် ၂ တွဲပေါ်တွင် ကီကီသည် အစ်ကိုဂျေ၏ အချက်ပြကိရိယာမှ အချက်အလက်များကို လင်းရှန် ပြုပြင်ထားသော စက်တစ်ခုအတွင်းသို့ ကူးယူနေသည်။ အနန္တရထား၏ အမာခံအဖွဲ့ဝင်များသည် ဗျူဟာချရန် စုဝေးနေကြ၏။ လော့ယန်နှင့် လီယီတို့ကိုပင် ရင်းနှီးမှုရှိစေရန် ခေါ်ယူထားသည်။
လင်းရှန်သည် လော့ဘူမြို့ရှိ တစ်နေရာတွင် အချက်ပြစက် အတုတစ်ခုကို ထားရှိခဲ့ပြီးဖြစ်သည်။ အစ်ကိုဂျေ၏ မူလအချက်ပြစက်ကိုမူ သူ လုံးဝ ပိတ်ပစ်လိုက်သည်။ ဖမ်းမိထားသော သုံ့ပန်းခုနစ်ဦးမှာမူ ငရဲသားယာဉ်တန်းမှ လူသန်ကြီး ၈၀ ကျော်၏ စောင့်ရှောက်မှုအောက်တွင် ရှိနေသည်။
တာလို့သည် ဆိုဖာပေါ်တွင် အဝေး၌ ထိုင်နေပြီး သူ၏ သေနတ်ကို ပွတ်သပ်နေသည်။ သူ၏ ဘေးတွင် လုရှင်းချန်က ထုံးစံအတိုင်း တိတ်ဆိတ်စွာပင် အနန္တလက်စွပ်ကို ကစားနေသည်။
“ခေါင်းဆောင်လင်း ဒီဓားပြအုပ်စုက လုယက်ဖို့သက်သက် မဟုတ်ဘူးလို့ ကျွန်မ ထင်တယ်”
ကိုယ်ဝန်ဆောင်ထားရပြီး အနန္တရထားပေါ်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာသည့် လီယီက အနည်းငယ် စိုးရိမ်နေပုံရသော်လည်း ထုတ်ပြောလာသည်။
“ကျွန်မတို့ ဒီလိုဂိုဏ်းမျိုးတွေနဲ့ အရင်က တွေ့ဖူးတယ်။ သူတို့က လုယက်၊ သတ်ဖြတ်၊ မီးရှို့တာတွေ အကုန်လုပ်ကြတယ်၊၊ ဒါပေမဲ့ သူတို့က တုံးအတဲ့သူတွေ မဟုတ်ဘူး။ သူတို့က လူတွေကို ဖမ်းဖို့ ကောင်းကင်လှောင်အိမ်ကို တည်ဆောက်ထားတယ်ဆိုရင် ရည်ရွယ်ချက်တစ်ခုခု ရှိကိုရှိရမယ်”
“ကျွန်မလည်း အဲဒီလိုပဲ ထင်တယ်”
ချန်ဆီရွှမ်က ခေါင်းငြိမ့်သည်။
“အဲဒီ အထူးပြုလုပ်ထားတဲ့ ဦးထုပ်တွေနဲ့ သံကြိုးတွေလား။ သာမန်ယာဉ်တန်းတစ်ခုမှာ အဲဒီလို ပစ္စည်းတွေ ရှိမှာမဟုတ်ဘူး။ သူတို့က အစတည်းက စွမ်းအားရှင်တွေကို ပြန်ပေးဆွဲဖို့ ပြင်ဆင်ထားတာပဲ”
“လူကုန်ကူးတာလား”
ကီကီက မေးစေ့ကို လက်ဖြင့်ထောက်ကာ ထိုင်ခုံကို လှည့်ရင်း ပြောသည်။
“ဒါဆို နောက်ဆုံးပန်းတိုင်က ဘာဖြစ်မလဲ”
“အမှောင်အဖွဲ့အစည်းတွေကို ရောင်းစားဖို့ ဖြစ်နိုင်မလား” ရှုချင်းက တည်ငြိမ်စွာ ပြောသည်။
“ဥပမာ- ဖောင်ဒေးရှင်း ဒါမှမဟုတ် အနီရောင်ကမ္ဘာလိုမျိုးပေါ့။ သူတို့က အရင်ကလည်း စွမ်းအားရှင်တွေကို ဇီဝဓာတုစမ်းသပ်မှုတွေမှာ အသုံးချခဲ့ဖူးတယ်”
“ဖြစ်နိုင်တယ်” လော့ယန်က သူ၏ မျက်မှန်ကို ပင့်လိုက်သည်။
“ဒါကြောင့်လည်း သူတို့မှာ ရင်းမြစ်တွေ အများကြီး ရှိနေတာ ဖြစ်မယ်။ သူတို့ နောက်ကွယ်မှာ အထောက်အပံ့ရှိနေတာက ပိုပြီး အန္တရာယ်များတယ်”
“ဒါဆို ဘာလို့ လမ်းခွန်ကောက်နေတာလဲ”
လုချန်က မေးသည်။
“အဲဒါက လူတွေကို လှည့်စားဖို့ပဲ” ကီကီက ပြောသည်။
“တစ်ခါပေးလိုက်ရင် နောက်တစ်ခါ ထပ်မလုတော့ဘူးလို့ ထင်နေလား။ သူတို့က လူတွေကို ဘေးကင်းတယ်လို့ ထင်အောင်လုပ်ထားတာပဲ။ အကောင်းဆုံးနည်းလမ်းကတော့ အကုန်လုံးကို အမြစ်ဖြတ်ပစ်ဖို့ပဲ”
လင်းရှန်သည် ထိုင်ခုံအစွန်းတွင် ထိုင်ကာ ရွှေအိုရောင် အောက်ခံရှိသော ဆဋ္ဌဂံပုံစံ ဇီဝအချက်ပြကိရိယာကို စစ်ဆေးနေသည်။ သူ၏ မျက်နှာမှာ ခန့်မှန်းရခက်နေ၏။
“ဟေး…လင်းရှန် ဘယ်လိုထင်လဲ”
ကီကီက နောက်သို့ မှီလိုက်ပြီး သူ့ကို လှမ်းကြည့်သည်။
လူတိုင်းက သူ့ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
“ဒီပစ္စည်းက သေးတယ်ဆိုပေမဲ့”
လင်းရှန်က သက်ပြင်းချလိုက်သည်။
“အတွင်းပိုင်း ပုံစံက ဖီးနစ်အမိန့်ပေးကိရိယာလိုပဲ ရှုပ်ထွေးတယ်”
“အဲဒီတော့ မင်းတို့ ပြောတာတွေ အကုန်မှန်တယ်။ ဒီဓားပြဂိုဏ်းက သာမန် မဟာမိတ်အဖွဲ့မဟုတ်ဘူး။ သူတို့ နောက်ကွယ်မှာ အင်အားကြီးတဲ့ တစ်စုံတစ်ယောက်ရှိနေတယ်”
“ဒါပေမဲ့ ကျွန်တော် နားမလည်သေးတာ တစ်ခုရှိသေးတယ်။ အထူးသဖြင့် အာခီစိုင်းက ယာဉ်တန်းပဲ။ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ”
အကယ်၍ အဖွဲ့အစည်းကြီးတစ်ခုက ဤဓားပြများကို စုစည်းထားပြီး ဂိုဘီသဲကန္တာရအတွင်း တိုက်ခိုက်မှုနှင့် ပြန်ပေးဆွဲမှုများအတွက် မက်လုံးပေးထားသည်ဆိုလျှင် လမ်းခွန်ကောက်သည့် အစီအစဉ်မှာ ရှေ့နောက်မညီဖြစ်နေသည်။
ကီကီ၏ ထင်မြင်ချက်မှာ အဖြစ်နိုင်ဆုံးပင်။ လူတွေကို အကုန်လုံးညှစ်ထုတ်ဖို့အတွက် လုပ်ထားတဲ့ နှစ်ဖက်ချွန် အစီအစဉ်တစ်ခုသာ ဖြစ်ပေလိမ့်မည်။
“ဒါဆို အဲဒီကိရိယာကနေ အသုံးဝင်တဲ့ သတင်းတွေ ရပြီလား”
လင်းရှန်သည် သံမဏိမဟာမိတ်တံဆိပ်အတွင်းရှိ အချက်အလက်များကို ပြန်လည် စစ်ဆေးလိုက်သည်။
“မရသေးဘူး” ကီကီက မျက်နှာပြင်ကို ညွှန်ပြသည်။
“ဒီပစ္စည်းက အခြေခံအားဖြင့် ရွေ့လျားလှိုင်းတို အချက်ပြစက်ပဲ။ သူက ပတ်ဝန်းကျင် လှိုင်းလှောင်ဆည်းမှု နည်းပညာကို သုံးထားတာ။ ဂြိုဟ်တု အထောက်အပံ့မရှိရင် အချက်ပြရွေ့လျားမှုကနေတစ်ဆင့်ပဲ တည်နေရာကို ရှာလို့ရမယ်။ ကျွန်မကတော့ အားအကောင်းဆုံး ထပ်တူကျတဲ့ အချက်ပြလှိုင်းကို ရှာပြီး ခြေရာခံနေတယ်။ ဒါပေမဲ့ အချက်ပြက အားနည်းနေသေးတယ် ပိုပြီး တိကျဖို့ဆိုရင် ကျွန်မတို့ ရွေ့လျားဖို့ လိုမယ်”
သူမက လှည့်ကြည့်ပြီး ထပ်ပြောသည်၊၊
“တကယ်လို့ လမ်းကြောင်း မှားသွားရင်တော့ သွားပြီပဲ။ ဒါပေမဲ့ ဒီလိုပစ္စည်းမျိုး နောက်ထပ်ရရင်တော့ အချက်အလက်တွေကို တိုက်ဆိုင်စစ်ဆေးဖို့ ပိုလွယ်သွားမယ်”
“ငါတို့က လမ်းမမှားပါဘူး” လင်းရှန်က ပြောသည်။
“သူတို့ရဲ့ ပုန်းခိုနေရာက ဝင်ရိုးစွန်းဒေသနဲ့ ဆန့်ကျင်ဘက်မှာပဲ ရှိလိမ့်မယ်။ အကွာအဝေးကျော်သွားရင်တော့ အချက်ပြ ပျောက်သွားလိမ့်မယ်”
“လင်းရှန် ကျွန်မတို့ လမ်းကြောင်းက အာခီစိုင်းကို ဖြတ်ရမှာ သေချာတယ်။ ရှင် ဘယ်လိုသဘောရလဲ”
ချန်ဆီရွှမ်က ရထားပြတင်းပေါက်မှ အပြင်ဘက်ကို ကြည့်လိုက်ပြီး မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ ရထားလမ်း၏ တောင်ဘက် ဂိုဘီသဲကန္တာရထဲတွင် အသက်ရှင်ကျန်ရစ်သူများ၏ ယာဉ်တစ်ဒါဇင်ခန့်သည် အနန္တရထားနှင့်အပြိုင် မောင်းနှင်နေကြသည်။ ၎င်းတို့မှာ အစောပိုင်းက အတိုက်ခံခဲ့ရသည့် ယာဉ်တန်းဖြစ်ပြီး အကာကွယ်ရရန်အတွက် လိုက်ပါလာခြင်း ဖြစ်ပုံရသည်။
“အဲဒီ ယာဉ်တန်းငယ်လေးက ကျွန်မတို့နဲ့ တွေ့တာ ကံကောင်းတယ်”
ချန်ဆီရွှမ်က အေးစက်စွာ ပြောသည်။
“အဲဒီ ဓားပြတွေ မောက်မာနေပုံကြည့်ရတာ… ဒါက သူတို့ရဲ့ ပထမဆုံးအကြိမ် မဟုတ်တာတော့ သေချာတယ်”
လင်းရှန် ခဏမျှ စဉ်းစားလိုက်သည်။
“အာခီစိုင်းထဲကို ချက်ချင်း မဝင်သေးဘူး။ အဝေးကနေ အရင် ရပ်ပြီး အခြေအနေကို စုံစမ်းကြမယ်”
အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရသေးမီတွင် ဂရုတစိုက်ဆောင်ရွက်ရန် လင်းရှန် ဆုံးဖြတ်လိုက်သည်။ မြို့များမှာ အမြဲတမ်း အန္တရာယ်များသည့် နေရာများ ဖြစ်ကြသည်။ ဖုတ်ကောင်များနှင့် ထူးဆန်းသည့် သတ္တဝါများ ပြည့်နှက်နေတတ်ပြီး အာခီစိုင်းတွင် အမည်မသိအဖွဲ့အစည်းတစ်ခု ရှိနေသည့်အတွက် ပေါ့ဆ၍ မရချေ။
အနန္တရထားကြီးသည် ခြောက်သွေ့သော ရထားလမ်းပေါ်တွင် အရှိန်မြှင့် မောင်းနှင်နေပြီး ညမိုးမချုပ်မီ အာခီစိုင်းမြို့ပြင်သို့ ရောက်ရှိရန် ကြိုးပမ်းနေသည်။
မွန်းလွဲ ၃ နာရီခန့်တွင် ရထားသည် ဆားကန်ဒေသကို ဖြတ်ကျော်ကာ ရှေးဟောင်း ခန်းခြောက်နေသောမြစ်တစ်ခုအတွင်းသို့ ဝင်ရောက်လာသည်။ ရထားလမ်းမှာ လေတိုက်စားထားသော မြစ်ကမ်းပါးများကို လိုက်၍ အရှေ့ဘက်သို့ ကွေ့ကောက်သွားကာ မှိုပွင့်ပုံစံ ကျောက်တိုင်များနှင့် အနီရောင်ရှိသော ယာဒန်ဖွဲ့စည်းပုံများကို ဖြတ်သန်းသွားသည်။ ၎င်းတို့၏ အရှိန်အရ အာခီစိုင်းသို့ ရောက်ရန် နှစ်နာရီပင် မလိုတော့ချေ။
ထိုအချိန်တွင် ယာဉ်တန်းတိုင်းသည် အသက်ရှင်ကျန်ရစ်သူများ၏ အများသုံးလှိုင်းမှတစ်ဆင့် အသံလွှင့်ချက်တစ်ခုကို ရရှိခဲ့သည် — ၎င်းမှာ အာခီစိုင်းမှ လာနေခြင်း ဖြစ်သည်၊၊