← Chapters

အခန်း (၅၇၄-၅၇၅)

Vol. 35 Ch. 574-575

အခန်း (၅၇၄-၅၇၅)

Vol. 35 Ch. 574-575

Chapter 574

အကူညီ ၁

“အဟက်”

ကင်းမြီးကောက် နှာခေါင်းရှုံ့လိုက်သည်၊၊

“ဟန်ဆောင်နေတာတွေ ရပ်လိုက်တော့…မင်းရဲ့ လှည့်ကွက်တွေကို ငါသိတယ်… မင်းက ဘယ်တုန်းကမှ ငါတို့ထဲက တစ်ယောက် မဟုတ်ခဲ့ဘူး”

သူက လှောင်ပြောင်လိုက်သည်၊၊

“ဒီမှာ သဘောတူညီချက်တစ်ခုရှိတယ်... မင်း ရထားတဲ့ ဝေစုတွေကို ချန်ထားခဲ့မယ်ဆိုရင် ငါ မင်းနဲ့ မင်းရဲ့ ယာဉ်တန်းကို ဘာမှမလုပ်ပဲ.. ထွက်ခွာခွင့်ပေးမယ်… နောက်ဆုံးတော့လည်း ဝင်ရိုးစွန်းည ရောက်တော့မှာပဲ… မင်းလည်း ပြေးချင်တာ ငါသိတယ်…အရင်က လမ်းခွန် သဘောတူညီချက်တွေ… အဲဒါတွေကို မေ့လိုက်တော့ အခု မင်းက မင်းပဲ”

ဟူလုရှို့လည်း ထိုစကားကြောင့် အေးခဲသွားပြီး တုန်တုန်ရင်ရင်ဖြင့်

“တကယ်လား မင်း ငါ့ကို လွှတ်ပေးမှာလား”

“အင်း… တကယ်တော့… မဟုတ်ဘူးပေါ့၊၊ ဟားဟားဟား”

ကင်းမြီးကောက်က မောက်မာစွာ ရယ်မောလိုက်ပြီး သူ၏ မျက်လုံးများ အရောင်လက်သွားကာ

“အမှန်အတိုင်း ပြောရရင် မင်းက သိပ်မသန်မာပေမဲ့ ဉာဏ်တော့ ကောင်းသားပဲ။ မင်းက လူတော်တစ်ယောက်ပဲ။ ငါ တကယ်တော့ မင်းကို မလွှတ်ပေးချင်ဘူး။ အဲဒီတော့ မင်းသာ ငါ့နောက် လိုက်မယ်ဆိုရင် ဒီနေ့ကိစ္စကို မေ့ပစ်လိုက်မယ်။ မင်း ဒီမှာပဲ ငါ့အတွက် ဆက်ပြီး လမ်းကြေးကောက်ပေးနေရမယ်။ ဘယ်လိုလဲ”

ဟူလုရှို့ စိတ်ရှုပ်ထွေးသွားကာ

“ငါ မင်းနောက်လိုက်ရင် အသက်ရှင်မှာလား”

မမျှော်လင့်ဘဲ သူစကားပြောပြီးသည်နှင့် အပြင်ဘက်မှ ဆူညံသံများမှာ ရုတ်တရက် တိတ်ဆိတ်သွားသည်။

နှင်းဆီနက်ဘားအတွင်းရှိ လူအနည်းငယ်မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ခဏအကြာတွင် အပြင်ဘက်မှ ကင်းမြီးကောက်၏ ရယ်သံကြီး ထပ်မံထွက်ပေါ်လာသည်။

“မင်းကို ငါလိမ်နေတာဟ… မင်းလို ကလိမ်ကကျစ်ကောင်မျိုးကို ငါက ဘယ်လိုလုပ် ယုံကြည်မှာလဲ။ မင်းတို့အဖွဲ့ထဲက ယောက်ျား၊ မိန်းမ အကုန်လုံးကို ဖမ်းပြီး ပြန်ရောင်းစားမှာကွ… အဲဒါကမှ အမြတ်အများဆုံး ရတဲ့ အလုပ်ပဲ… ဟားဟားဟား”

“ဖာ့ခ်”

ဟူလုရှို့သည် သူ၏လက်ထဲရှိ အသံချဲ့စက်ကို မျက်လုံးပြူးပြီး စိုက်ကြည့်နေမိသည်။ သူ၏ သက်တမ်းတစ်လျှောက်တွင် ယခုကဲ့သို့ အလှည့်စားခံရခြင်းမျိုး တစ်ခါမှ မကြုံဖူးပေ။

မဟုတ်သေးဘူး… ဒါက ဒုတိယအကြိမ်ပဲ…

ပြီးခဲ့သည့်အကြိမ်က ရှင်းဟွာ-၂၆ အလိုအလျောက် တိုက်ခိုက်ရေးရိုင်ဖယ် အလက်တစ်ထောင်ကျော်ကို တစ်ယောက်ယောက်က သူ့ကို လိမ်ရောင်းသွားဖူးသည်။

လုကျောက်သည် ဟူလုရှို့၏ စိတ်ဓာတ်ကျနေသော မျက်နှာကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်၊၊

ဤကန္တာရဓားပြများ၏ မောက်မာမှုနှင့် ရက်စက်မှုများမှာ ကမ်းကုန်ပေသည်၊၊

ခစ် ခစ် ခစ်...

ထိုအချိန်တွင် ဘား၏ အောက်ဘက် မြေအောက်ခန်းဝင်ပေါက်မှ ကြည်လင်သော ရယ်သံတစ်ခု ထွက်ပေါ်လာသည်၊

“ဘယ်သူလဲ”

လုကျောက်နှင့် အခြားသူများမှာ လန့်သွားကြသော်လည်း ဟူလုရှို့က သူတို့ကို လက်ပြတားလိုက်သည်၊၊

ရယ်သံအဆုံးတွင် ခရမ်းရောင်ဆံပင်နှင့် မိန်းကလေးတစ်ဦးမှာ ပေါ့ပါးသော ခြေလှမ်းများဖြင့် ထွက်လာပြီး ရယ်ချင်စိတ်ကို အတင်းအောင့်ထားသော မျက်နှာဖြင့်

“ရယ်ရလွန်းလို့ သေတော့မှာပဲ။ စကားတစ်ခွန်းတည်းနဲ့ ရှင့်ကို သုံးခါတောင် လှည့်စားသွားတာပဲ”

“သူဌေးဟူ… ခဗျားက ကိုယ့်ကိုယ်ကိုယ် ကမ္ဘာပျက်ကပ်ကုန်သည်လို့ ဂုဏ်ယူနေတာ မဟုတ်ဘူးလား။ သူတို့က ခဗျားလည်ပင်းကို သေနတ်နဲ့ ချိန်ထားတာတောင် ခဗျားက ညှိနှိုင်းချင်နေတုန်းပဲလား”

သူမ၏ နောက်မှ နောက်ထပ် တည်ငြိမ်သောအသံတစ်ခု ထွက်ပေါ်လာသည်။

Black Hawk အသံတိတ်မုဆိုးဝတ်စုံ ဝတ်ဆင်ထားသော လင်းရှန်သည် ခိုင်မာသော ခြေလှမ်းများဖြင့် ရှေ့သို့ တိုးလာသည်။ သူသည် မျက်နှာကာကို ဖွင့်ထားပြီး ပြုံးနေသော မျက်နှာဖြင့် ဟူလုရှို့ကို ကြည့်ကာ

“ဘာလဲ… ကျုပ်တို့ အစီအစဉ်ကို မယုံကြည်လို့လား”

လင်းရှန်၏ နောက်တွင် ကီကီအပြင် တာလို့နှင့် လျန်လေးတို့ ရှိနေသည်။ အရပ်နှစ်မီတာခန့် မြင့်မားသော ထိုလူသန်ကြီးနှစ်ဦးမှာ Roarer ဂတ်တလင် စက်သေနတ် အကြီးစားတစ်စုံစီကို ကိုင်ဆောင်ထားပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်ဖော်နေကြသည်။

သူတို့၏ နောက်တွင် ချန်ဆီရွှမ်၊ လီကွမ်းဝမ်၊ လိုလို၊ အာမင်နှင့် စွမ်းအားမြင့်ဝတ်စုံ ဝတ်ဆင်ထားသူပေါင်းများစွာ ပါလာသည်။ ထိုကျွမ်းကျင်သူများကို အရုဏ်မတက်မီ ကီကီက စိတ်စွမ်းအင်ဖြင့် မြို့ထဲသို့ တိတ်တဆိတ်ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး နှင်းဆီနက်ဘား၏ မြေအောက်ခန်းတွင် ဝှက်ထားခဲ့ခြင်း ဖြစ်သည်။

ဟူလုရှို့သည် လင်းရှန် ထွက်လာသည်ကို မြင်သောအခါ မျက်လုံးများ တောက်ပသွားပြီး ချက်ချင်းပင် ပြုံးရွှင်သော မျက်နှာဖြင့်

“မဟုတ်ပါဘူး… ကုန်သည်ဆိုတာ ဘာပဲဖြစ်ဖြစ် ညှိနှိုင်းနိုင်ရမှာပေါ့။ ငါက ကန္တာရဓားပြတွေ အထင်သေးသွားအောင် လုပ်ပြီး အခွင့်အရေးရအောင် အချိန်ဆွဲနေတာပါ”

အထင်ကြီးလောက်သည့် အင်အားဖြင့် ထိုလူများ ထွက်လာသည်ကို မြင်သောအခါ လုကျောက်၊ ရှဲ့ကွမ်းနှင့် အခြားသူများမှာ အံ့အားသင့်လျက် နောက်သို့ ဆုတ်သွားကြသည်။

“သူဌေးဟူ.. သူတို့က ဘယ်သူတွေလဲ”

“သူတို့က ငါတို့ကို ကူညီဖို့ ရောက်လာတဲ့သူတွေပါ”

ဟူလုရှို့က အမြန်ရှင်းပြသည်။

“အကူအညီလား”

လုကျောက်၏ မျက်နှာမှာ ချက်ချင်း ဝင်းပသွားပြီး

“မင်းမှာ လျှို့ဝှက်လမ်းရှိတာလား”

“မဟုတ်ဘူး… ကျုပ်တို့ အစောပိုင်းထဲက ရောက်နေတာ”

လင်းရှန်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

“ဟမ်”

လုကျောက် ချက်ချင်းပင် အံ့အားသင့်သွားပြီး သူ၏ပေါင်ကို ရိုက်ကာ

“ဒါကို အကူအညီလို့ ဘယ်လိုခေါ်မလဲ။ မင်းတို့က သူတို့ရဲ့ ထောင်ချောက်ထဲကို ကိုယ့်ခြေထောက်နဲ့ကိုယ် လမ်းလျှောက်ဝင်လာတာပဲ မဟုတ်လား”

“အဲဒါတော့ မသေချာဘူး။ မြို့ကို ခုခံကာကွယ်ရတာက တိုက်ခိုက်ရတာထက် အများကြီး ပိုလွယ်ပါတယ်။ အဲဒီအပြင်…”

လင်းရှန်က ရယ်မောလိုက်ရင်း ယာဉ်တန်းခေါင်းဆောင် လုကျောက်ကို စိုက်ကြည့်ကာ

“ဘယ်သူက ဘယ်သူ့ကို ဝိုင်းထားတာလဲဆိုတာ မသေချာသေးဘူး”

ထိုသို့ပြောရင်း သူသည် ဟူလုရှို့၏ လက်ထဲမှ အသံချဲ့စက်ကို လှမ်းယူလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်၊၊

“အာခီစိုင်းမြို့ကို ကာကွယ်နေကြတဲ့ အသက်ရှင်ကျန်ရစ်သူအားလုံး နားထောင်ကြပါ။ အပြင်က သဲကန္တာရဓားပြတွေသာ တကယ် တတ်နိုင်မယ်ဆိုရင် အထဲကို အတင်းဝင်လာကြမှာပေါ့။ ဘာလို့ အသံချဲ့စက်တွေနဲ့ ဝါဒဖြန့်နေမှာလဲ။ အမှန်တရားကတော့ သူတို့က ငါတို့ ရာနဲ့ချီတဲ့ လူတွေကို အထိအခိုက်မရှိဘဲ မကိုင်တွယ်နိုင်မှာကို စိုးရိမ်နေကြတာပဲ။ ပြောရဦးမယ် ကင်းမြီးကောက်၊ လင်းယုန်နီ၊ အရိုးနဂါး… မင်းတို့ နာမည်တွေက အပိုတွေပဲ မဟုတ်လား။ မင်းတို့ ပူးပေါင်းနေကြတာဆိုတော့ ဘယ်သူ့လူတွေကို အမြှောက်စာအဖြစ် အသေခံခိုင်းမလဲဆိုတာ ဆုံးဖြတ်ပြီးပြီလား။ ရှေ့ဆုံးကနေ တိုက်တဲ့သူက သူ့ရဲ့ လူတွေ အရင်သေမှာနော်”

ထိုစကားသည် အကွက်ကျကျ ပြန်လည်ထိုးနှက်လိုက်ခြင်းပင်။

ကင်းမြီးကောက် ထိုစကားကို ကြားလိုက်ရသောအခါ မျက်နှာညိုပုတ်သွားပြီး ဒေါသများ ချက်ချင်း ထွက်လာသည်။ ထိုအချိန်တွင် သူ၏အောက်မှ အမျိုးသမီးက အမှားတစ်ခု လုပ်မိသဖြင့် သူက သံကြိုးကို ပြင်းထန်စွာ ဆွဲလိုက်ရာ သူမ၏ လည်ပင်းမှာ ကျိုးလုနီးပါး ဖြစ်သွားသည်။

လင်းယုန်နီနှင့် အရိုးနဂါးတို့၏ မျက်လုံးများမှာလည်း ထိုစကားကြောင့် လှုပ်ခတ်သွားသော်လည်း မည်သည့်အမူအရာမျှ မပြကြပေ။

သူတို့သည် ထိုစကားများ၏ ရည်ရွယ်ချက်ကို သေချာပေါက် နားလည်သော်လည်း နားလည်ခြင်းက ထိုသို့ မတွေးမိခြင်းကို မဆိုလိုပေ။ ယခုအခါ တစ်ဖက်လူက ထောက်ပြလိုက်သဖြင့် ကန္တာရဓားပြသုံးဖွဲ့ကြားတွင် သိမ်မွေ့သော တင်းမာမှုတစ်ခု ဖြစ်ပေါ်လာသည်။

“မင်းက ဘယ်ယာဉ်တန်းကလဲ… ဘယ်သူက မင်းကို စကားပြောခွင့် ပေးထားလို့လဲ”

ကင်းမြီးကောက် မျက်နှာပျက်နေသည်ကို မြင်သောအခါ လင်းယုန်နီက ဆက်သွယ်ရေးစက်ကို ချက်ချင်းကောက်ကိုင်ပြီး လင်းရှန်ကို လှမ်းအော်သည်။

“မင်းတို့ မနေ့က ငါ့ယာဉ်တန်းကို စုံစမ်းခဲ့ကြတာ မဟုတ်လား။ တစ်ညတည်းနဲ့ မေ့သွားတာလား”

ထိုစကားအဆုံးတွင် သူတို့ သုံးဦး အချင်းချင်းကြည့်လိုက်ကြသည်။

“အဲဒါ မိန်းမလှလေးတွေ ပါတဲ့ ယာဉ်တန်းပဲ”

အရိုးနဂါးက ချက်ချင်းပြောသည်။

“ဘယ်လိုဖြစ်တာလဲ… ဝူတာဖန်းက တခြားယာဉ်တန်းက လူတွေ မြို့ထဲဝင်သွားတာကို ဘာလို့ သတင်းမပို့တာလဲ”

လင်းယုန်နီ၏ မျက်လုံးများ မှေးသွားပြီး

“ကြည့်ရတာ အမာရွတ်မျက်နှာတို့အဖွဲ့တော့ လက်ဗလာနဲ့ ပြန်လာရတော့မယ် ထင်တယ်”

ကင်းမြီးကောက် စဉ်းစားဟန်ဖြင့်

“ငါက မမျှော်လင့်ထားတဲ့ အပြောင်းအလဲတွေကို မကြိုက်ဘူး… အခုပဲ စတိုက်ကြစို့”

မြို့ထဲတွင် လူအနည်းငယ် ပိုလာခြင်းက ကင်းမြီးကောက်နှင့် သူ၏လူများကို မတုန်လှုပ်စေသော်လည်း သူတို့ နောက်ယောင်ခံလိုက်နေသည့် ယာဉ်တန်းတစ်ခုက မရှိသင့်သည့်နေရာတွင် ရုတ်တရက် ပေါ်လာခြင်းမှာ သတင်းပေါက်ကြားမှု ရှိနေပြီး တစ်ဖက်လူက ကြိုပြင်ဆင်ထားသည်ဟု အဓိပ္ပာယ်ရသည်။ ရက်စက်ကြမ်းကြုတ်သော ကင်းမြီးကောက်သည် ရေဒီယိုကို ချက်ချင်းကောက်ကိုင်လိုက်ပြီး -

“မြွေဆိုး၊ ကင်းခြေများ၊ ဂရန်းနိုက်… တိုက်ပွဲစဖို့ ပြင်ကြတော့”

Chapter 575

အကူညီ ၂

ချက်ချင်းပင် အာခီစိုင်းမြို့ကို ဝိုင်းရံထားသော သဲကန္တာရဓားပြအားလုံး အမိန့်ရရှိသွားပြီး ပစ်ခတ်မှုများကို ချက်ချင်း စတင်လိုက်ကြသည်။

သဲကန္တာရဓားပြအဖွဲ့အတွင်းရှိ စွမ်းအားရှင် အများအပြားမှာလည်း ချက်ချင်းပင် လှုပ်ရှားလာကြလေသည်။

အခြေအတင် ဆွေးနွေးမှုမှာ ရုတ်ချည်း ရပ်တန့်သွားခဲ့သည်။ အာခီစိုင်းမြို့ရှိ အသက်ရှင်ကျန်ရစ်သူများသည် ကန္တာရဓားပြများထံမှ မည်သည့်အသံမှ ထွက်မလာသည်ကို မြင်သောအခါ ယုံကြည်မှုအနည်းငယ် ပိုရှိလာကြသည်။ ဓားပြများသည် ရက်စက်ကြသော်လည်း သူတို့အားလုံးကို အမြစ်ပြတ်ချေမှုန်းရန်မှာလည်း မလွယ်ကူပေ။

ထိုစဉ် ဝေးကွာသောနေရာမှ အမြောက်ဆန်များ လေထုကို ခွင်းလာသော အသံများ ပဲ့တင်ထပ်လာသည်။ ခံစစ်သမားများက ချက်ချင်းပင် အော်ဟစ်လိုက်ကြသည်။

“မော်တာကျည်တွေ လာနေပြီ”

ဝုန်း ဝုန်း ဝုန်း

ရင်ပြင်ကို ဝန်းရံထားသော ရပ်ကွက်များအနှံ့ ပေါက်ကွဲမှုများ ဖြစ်ကုန်သည်။ မီးခိုးများ အူထွက်ကာ ဖုန်မှုန့်များ လွင့်ပျံသွားသည်။ အရပ်မျက်နှာ အသီးသီးရှိ ကောင်းကင်မှ ဒုံးကျည်များ မိုးရွာသလို ကျဆင်းလာခဲ့သည်။

တစ်ချိန်တည်းမှာပင် ဓားပြအုပ်စုများဘက်မှ အရှိန်ဖြင့် မောင်းနှင်လာသော ယာဉ်များသည် စက်သေနတ်ကြီးများ၊ လျှပ်စစ်သံလိုက်အမြောက်များနှင့် ဒုံးပစ်လောင်ချာများ အစရှိသည့် လက်နက်အင်အားအပြည့်အဝဖြင့် ရင်ပြင်ကို ဦးတည်ပစ်ခတ်လိုက်ကြသည်။

ဘက်ပေါင်းစုံမှ ဝိုင်းရံတိုက်ခိုက်သည့် စစ်ပွဲ စတင်လေပြီ။

ဒိုင်း ဒိုင်း ဒိုင်း ဒက် ဒက် အုန်း

“ခံစစ်ကို ထိန်းထားကြ”

“သူတို့ကို ထိပ်တိုက်ရင်ဆိုင်တိုက်ကြ”

“သူတို့ကို အဝီစိရောက်အောင် မောင်းထုတ်လိုက်ကြစမ်း”

အာရုဏ်ဦးယာဉ်တန်း ၊ အာခီစိုင်းညီနောင်များနှင့် ကံကြမ္မာ-သက်ရှည်ယာဉ်တန်းအဖွဲ့ဝင်အားလုံးသည် အရူးအမူးပြန်လည်ပစ်ခတ်ကြပြီး လက်နက်ကြီးမျိုးစုံကို ထုတ်သုံးနေကြသည်။ ပတ်ဝန်းကျင်ရှိ အဆောက်အအုံများနှင့် ပြတင်းပေါက်များမှာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့သည်။

အသေခံတိုက်ခိုက်သည့် ဓားပြအချို့သည် မီးခိုးနှင့် ပေါက်ကွဲမှုများကြားမှ အော်ဟစ်ကာ ထွက်ပေါ်လာပြီး ခံစစ်လိုင်းများဆီသို့ အဆင့်မြင့် ဗုံးများနှင့် မီးလောင်ဗုံးများကို ပစ်ပေါက်ကြသည်။

သူတို့ ပေါ်လာသည်နှင့် တစ်ပြိုင်နက် အသက်ရှင်ကျန်ရစ်သူများ၏ ပြင်းထန်သော ပစ်ခတ်မှုကြောင့် အပိုင်းပိုင်းပြတ်သွားကြသည်။ သို့သော်လည်း သူတို့ ပစ်ပေါက်လိုက်သော ဗုံးများမှာ ပြင်းထန်စွာ ပေါက်ကွဲပြီး ခံစစ်သုံးယာဉ်များကို ပျက်စီးမီးလောင်စေကာ ခံစစ်သမားအများအပြားကို သေကြေဒဏ်ရာရစေခဲ့သည်။

ဤအသေခံဓားပြများသည် လမ်းကြမ်းမောင်းယာဉ်များကို အရှိန်ပြင်းစွာ မောင်းနှင်ကာ အရူးများကဲ့သို့ တစ်စီးပြီးတစ်စီး အတင်းဝင်တိုက်နေကြသည်။ သူတို့ နောက်တွင်မူ သံချပ်ကာယာဉ်ကြီးများက ရင်ပြင်ဆီသို့ တရွေ့ရွေ့ချဉ်းကပ်လာနေသည်။

“စွမ်းအားရှင်ကို သတိထားကြ”

ဝှစ်

မြွေဆိုးဟု လူသိများသော ပျံသန်းနိုင်သည့် စွမ်းအားရှင်သည် အဆောက်အအုံ ခေါင်မိုးပေါ်မှ ဝဲဆင်းလာပြီး လက်နှစ်ဖက်စလုံးတွင် သေနတ်များ ကိုင်ဆောင်ကာ လူအုပ်ထဲသို့ ပစ်ခတ်လိုက်သည်။ သို့သော် ထိုစဉ်မှာပင် အာရုဏ်ဦးယာဉ်တန်းမှ သားရဲအသွင်ပြောင်း စွမ်းအားရှင်တစ်ဦးသည် အခြားခေါင်မိုးတစ်ခုပေါ်မှ ခုန်ဆင်းလာပြီး ခန္ဓာကိုယ်ကို ကျားသစ်တစ်ေကာင်အလား.. သူသည် မြွေဆိုးကို လေထဲတွင်ပင် လုံးထွေးဖမ်းဆီးလိုက်ပြီး နှစ်ဦးသား အဆောက်အအုံနိမ့်တစ်ခု ဘေးသို့ ပြုတ်ကျသွားကာ ကျဉ်းမြောင်းသော လမ်းကြားထဲ၌ သွေးချောင်းစီးသည့် အနီးကပ်တိုက်ပွဲကို ဆင်နွှဲ နေကြလေသည်၊၊

အခြားနေရာများရှိ လမ်းကြားများတွင်လည်း စွမ်းအားရှင်အများအပြား တိုက်ပွဲထဲသို့ ဝင်ရောက်လာကြသည်။ မြေနဂါးယာဉ်တန်းမှ စွမ်းအားမြှင့်ဝတ်စုံဖြင့် တပ်ဖွဲ့ဝင်တစ်စုသည် တိုက်ပွဲထဲသို့ စနစ်တကျ ဝင်ရောက်လာကြသည်။

မျက်တောင်တစ်ခတ်အတွင်း တိုက်ပွဲမှာ ရက်စက်ကြမ်းကြုတ်လာသည်။ ရင်ပြင်တစ်ခုလုံးသည် ပရမ်းပတာဖြစ်သွားကာ အဆောက်အအုံများ ပြိုကျခြင်းနှင့် နံရံများ ပြိုကျပျက်စီးသံများဖြင့် ပြည့်နှက်နေသည်။

ကန္တာရဓားပြများဘက်တွင် ကင်းမြီးကောက်၊ လင်းယုန်နီနှင့် အာခီစိုင်းထဲမှ သံချပ်ကာယာဉ် ရှစ်စီးတို့သည် အလျင်အမြန် ချဉ်းကပ်လာကြသည်။

“ဝူတာဖန်းက သူတို့ရှိတဲ့နေရာကို တွေ့ပြီ။ သူတို့အားလုံး နှင်းဆီနက်ဘားထဲမှာ ပုန်းနေကြတယ်… အခုပဲ သူတို့ကို အပြတ်ရှင်းလိုက်ရအောင်—အချိန်ဆွဲနေဖို့ မလိုဘူး”

ကင်းမြီးကောက်က အက်ရှရှအသံဖြင့် ပြောလိုက်သည်။

ဘန်း ဘန်း ဝုန်း

တစ်ချိန်တည်းမှာပင် ရင်ပြင်၌ ဂရန်းနိုက်ဟု အမည်ရသော ကျောက်ဖြစ်နိုင်သည် စွမ်းအားရှင်တစ်ဦးသည် စွန့်ပစ်ထားသော တင့်ကားသံချပ်ကာပြားကို ဒိုင်းအဖြစ် ကိုင်ဆောင်ကာ မီးလောင်နေသော ကားများနှင့် အတားအဆီးများကို တိုက်ဖြတ်၍ ရှေ့သို့ ပြေးဝင်လာသည်။ သူသည် ကျည်ဆန်မိုးများကြားမှ ကားများဖြင့် ဖွဲ့စည်းထားသော ခံစစ်တန်းဆီသို့ အတင်းတိုးဝှေ့ဝင်ရောက်လာသည်။

ရှေ့တန်းမှ အသက်ရှင်ကျန်ရစ်သူများသည် ထိုသူကို သတိထားမိကာ မျက်နှာပျက်သွားကြသည်။ တစ်ယောက်က အော်လိုက်သည်၊၊

“အဲ့ကောင် ထိုးဖောက်မလာစေနဲ့”

“အာရုံစိုက်ပြီး ပစ်ကြ”

“သူ့ကို လျှပ်စစ်သံလိုက်အမြောက်နဲ့ ပစ်”

အသက်ရှင်ကျန်ရစ်သူနှစ်ဦးသည် လျှပ်စစ်သံလိုက်အမြောက်တစ်ခုကို မကာ အားသွင်းပြီး ဂရန်းနိုက်ဆီသို့ ချိန်ကာ ပစ်ခတ်လိုက်သည်။

ဘစ်ဇ်

လျှပ်စစ်စီးကြောင်းများမှာ ဝုန်းခနဲ ထွက်ပေါ်လာပြီး တင့်ကားသံချပ်ကာပြားပေါ်သို့ ကျရောက်ကာ သံလိုက်လျှပ်စစ်မိုးကြိုးအဖြစ် ပေါက်ကွဲသွားသည်။ ၎င်းသည် ဂရန်းနိုက်ကို ခဏတာဟန့်တားနိုင်ခဲ့သော်လည်း သူတို့ တုံ့ပြန်ခြင်းမပြုနိုင်မီမှာပင် သူတို့လက်ထဲရှိ လျှပ်စစ်သံလိုက်အမြောက်မှာ ပေါက်ကွဲသွားပြီး လွင့်စင်လာသော အပိုင်းအစများက အသက်ရှင်ကျန်ရစ်သူတစ်ဦး၏ လက်မောင်းကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေသည်။

“စနိုက်ပါ သတိထား”

အောက်ဘက်မှ အသံတစ်ခု အော်ဟစ်လိုက်သည်။

အာခေစိုင်မြို့၏ ကင်းမျှော်စင် အပေါ်ဆုံးတွင် ကင်းခြေများသည် အဆင့်မြင့်တင့်ဖျက်စနိုက်ပါရိုင်ဖယ်ကို ကိုင်ဆောင်ကာ ပီကေဝါးရင်း နံရံအပေါက်နောက်ကွယ်မှနေ၍ မှန်ပြောင်းဖြင့် ကြည့်ကာ ကောက်ကျစ်စွာ ပြုံးလျက် တစ်ယောက်ပြီး တစ်ယောက်ပစ်ချနေသည်၊၊

ဘန်း

“ငါးယောက်”

ဘန်း

“ခြောက်ယောက်”

“ဟဟ… ဒီလိုမှပေါ့… ကျည်တစ်တောင့်တည်းနဲ့ အုပ်စုလိုက်သတ်ရတာကို ငါ သဘောကျတယ်။ မင်းတို့အားလုံး ငါ့အတွက် တန်းစီပေးထားကြစမ်းပါဦး”

ရင်ပြင်၏ ထောင့်တစ်နေရာတွင်မူ မည်သူမျှ သတိမထားမိဘဲ မြေပြင်နှင့် နံရံများတွင် တစ်သားတည်း ပေါင်းစပ်နေသည့် မမြင်ရသော လူတစ်ယောက် ရှိနေသည်။ သူသည် လက်ထဲတွင် ထက်ရှသော ဓားမြှောင်တစ်စင်း ကိုင်ဆောင်ထားကာ မျက်ကွယ်ထောင့်များမှတစ်ဆင့် ခံစစ်ကြောင်းများကို သူပိုင်သည့် နေရာလို ဖြတ်ကျော်ပြီး နှင်းဆီနက်ဘားသို့ တိုက်ရိုက်ဦးတည်နေသည်။

သူသည် မနေ့က လင်းရှန် နောက်သို့ လိုက်ခဲ့သော ကိုယ်ပျောက်စွမ်းအားရှင် ချန်လီယွန်ပင် ဖြစ်သည်။

“မင်း အထဲရောက်ပြီဆိုရင် အခြေနေကြည့်ပြီး—လုကျောက် ဒါမှမဟုတ် ဟူလုရှို့ကို သတ်လိုက်… သူတို့ ယာဉ်တန်းနှစ်ခုက လူအများဆုံးပဲ။ သူတို့ထဲက တစ်ယောက်ကို ရှင်းနိုင်ရင် အားလုံး ပြီးသွားပြီ”

ဝူတာဖန်းက ပျက်စီးနေသော ပြတင်းပေါက်မှနေ၍ မှန်ပြောင်းဖြင့် ဘားကို ကြည့်ကာ ဆက်သွယ်ရေးစက်မှတစ်ဆင့် ပြောလိုက်သည်။

“အေးဆေးပါ”

ချန်လီယွန်သည် နှင်းဆီနက်ဘား အပေါက်ဝသို့ အေးအေးလူလူ လျှောက်သွားလိုက်သည်။ တံခါးကို တွန်းဖွင့်ရန် လက်ကို မြှောက်လိုက်စဉ်မှာပင် သူသည် ရုတ်တရက် တောင့်တင်းသွားသည်။

တစ်ခုခု မှားနေသလို ခံစားလိုက်ရသည်။

အရိပ်ထဲတွင် ပုန်းအောင်းရန် လေ့ကျင့်ထားသော ဝါရင့်ကင်းထောက်တစ်ဦးအနေဖြင့် ချန်လီယွန်တွင် အန္တရာယ်ကို ခံစားမိနိုင်သော ထက်မြက်သည့် အာရုံရှိပြီး သူသည် သူ၏ ဆဋ္ဌမအာရုံကို အမြဲ ယုံကြည်လေ့ရှိသည်။

သူသည် လက်ကို ပြန်ချလိုက်ပြီး ဘေးမှနေ၍ အကဲခတ်ရန် နောက်သို့ တစ်လှမ်း ဆုတ်လိုက်သည်။

သူ၏ လှုပ်ရှားမှုသည် အလောတကြီး မဆန်လွန်းစေချင်ပေ—မည်သည့် ပြောင်းလဲမှုမဆို အနီးရှိ လူများ၏ အမြင်တွင် ပေါ်သွားစေနိုင်သည်။

သို့သော် ထိုအချိန်တွင် သူ၏ နောက်ကျောဘက်မှ ထူးဆန်းသော အသံတစ်ခုက ရုတ်တရက် တိုးတိုးလေး ကပ်ပြောလိုက်ရာ ကျောရိုးထဲအထိ စိမ့်သွားစေသည်။

“တစ်ယောက်ယောက်ကို ရှာနေတာလား”

ဝှစ်

ချန်လီယွန်သည် ဗီဇအရ ရုတ်တရက် လှည့်ကာ ဓားဖြင့် ထိုးလိုက်သည်။

ချွမ်

သူ၏ ဓားမှာ မာကျောသော အရာတစ်ခုကို ထိမှန်သွားသည်။ သူ အာရုံစိုက်ကြည့်လိုက်သောအခါ—သူ၏ နောက်တွင် သူ့ကို စူးစိုက်ကြည့်နေသည့် အနီရောင်မျက်လုံးကြီးပါသော လုံးဝန်းသည့် ဒရုန်းတစ်စီး ဝဲပျံနေသည်ကို တွေ့လိုက်ရသည်။

“ဒရုန်းလား”

တစ်ခုခု မှားနေပြီဟု သိလိုက်ရသဖြင့် ချန်လီယွန်သည် လှည့်ပြေးရန် ကြိုးစားသော်လည်း အခြားလုံးဝန်းသော ဒရုန်းအစင်းပေါင်းများစွာသည် အသာအယာဆင်းသက်လာပြီး သူ့ကို အကုန်ဝိုင်းထားလိုက်ကြသည်။

လျှပ်စီးသိမ်းငှက် ၂၀၀၀ ၏ အပူအာရုံခံမှန်ပြောင်းထဲတွင် ချန်လီယွန်၏ ခန္ဓာကိုယ် အပူချိန်နှင့် နှလုံးခုန်နှုန်းမှာ အလျင်အမြန် တက်လာနေသည်။

တီ တီ

သူ့ရှေ့ရှိ ဒရုန်း၏ အနီရောင်မျက်လုံးက ရုတ်တရက် တောက်ပလာသည်။

All Chapters