အခန်း (၅၅၈-၅၅၉)
Vol. 35 Ch. 558-559
Chapter 558
လမ်းခွန် ၃
“ဂျစ်... ဂျစ်... အာခီစိုင်းမှ အသံလွှင့်ချက်- ချွမ်းချန်သို့ ဘေးကင်းစွာ သွားလိုသော ယာဉ်တန်းများ အားလုံး ညမိုးမချုပ်မီ အာခီစိုင်းမြို့လယ်ရှိ နှင်းဆီနက်ဘားကို လာရောက်ပါ။ ယာဉ်တန်းများနှင့် လက်နက်ကိုင်များ မြို့ထဲသို့ ဝင်ရောက်ခွင့် မပြုပါ — ခေါင်းဆောင်များနှင့် ရွေးချယ်ထားသူ အနည်းငယ်သာ ပေါ့ပေါ့ပါးပါးဖြင့် ဝင်ရောက်နိုင်သည်။ အကယ်၍ ရိုးသားမှု မရှိဘူး ဒါမှမဟုတ် သေရမှာ မကြောက်ဘူးဆိုရင် လမ်းလွှဲသွားနိုင်ပါတယ်။ အတင်းဝင်ဖို့ ကြိုးစားတဲ့သူမှန်သမျှ... အကျိုးဆက်ကို ကိုယ်တိုင်ခံစားကြပါ... ဂျစ်...”
“ဖာ့ခ်… သူတို့ကအများသုံး ရေဒီယိုကနေ လမ်းခွန်ကောက်ဖို့ တကယ်ကြီး ကြေညာနေတာလားဟ… ရူးနေတာပဲ”
အနန္တရထားပေါ်တွင် ထိုအသံလွှင့်ချက်ကို ကြားလိုက်ရသူတိုင်း အံ့အားသင့်သွားကြသည်။
“ယာဉ်တန်းတွေကိုတောင် ပေးမဝင်ဘူးတဲ့လား...”
“လင်းရှန် ကျွန်မတို့ မြို့ထဲကို အတင်းဝင်ပြီး အကုန်လုံးကို အပိုင်းပိုင်းဖြစ်အောင် သတ်ပစ်လိုက်ရင်ရော”
ကီကီက ဒေါသတကြီး အော်လိုက်သည်။
အနန္တရထားဆီက လမ်းခွန်ကောက်မယ် ဟုတ်လား။ ငါတို့ရဲ့ လျှပ်စစ်သံလိုက်အမြောက်တွေတောင် မပူသေးဘူး…
“စိတ်အေးအေးထားပါ” လင်းရှန်က တည်ငြိမ်စွာ ပြောသည်။
“ငါတို့က အုပ်စုကြီးတော့ အလွယ်တကူ မြင်နိုင်တယ်။ သဲကန္တာရဓားပြတွေက အာခီစိုင်းပတ်ဝန်းကျင်မှာ လူလွှတ်ထားမှာ သေချာတယ်။ ငါတို့ကလည်း မြို့ထဲဝင်ဖို့ အစီအစဉ်မရှိပါဘူး။ မြေပြင်အလွတ်မှာ စခန်းချတာက ပိုပြီး ဘေးကင်းနိုင်တယ်”
လော့ဘူမြို့က အဖြစ်ပျက်သည် သတိပေးချက်တစ်ခုပင်။ ဒီဒေသမှာ ဓားပြတွေ အများကြီးရှိနေပြီး သူတို့မှာ စစ်တပ်သုံးလက်နက်တွေနဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေ ရှိနေသောကြောင့် လျှော့တွက်၍ မရပေ။
၁၅ ကီလိုမီတာ ရှည်တဲ့ သူတို့၏ရထားက ပစ်မှတ်ကြီးဖြစ်နေတယ်။ အဲဒီဓားပြတွေက ငါတို့ရဲ့ ပစ်အားကို မယှဉ်နိုင်ပေမဲ့ ခြင်တွေ၊ ယင်ကောင်တွေလို လာနှောင့်ယှက်တာက ပိုပြီး စိတ်ရှုပ်ရမှာ သေချာတယ်။ အခု အဓိက စိုးရိမ်ရမှာက ရေပြတ်လပ်မှုနဲ့ ညဘက်တွင် ပေါ်လာမယ့် ထူးဆန်းတဲ့ သတ္တဝါတွေပဲ။
ထို့ကြောင့် လင်းရှန်နှင့် ရှီတိယွမ်တို့သည် မြို့ထဲသို့ ဇွတ်မဝင်ရန် သဘောတူညီခဲ့ကြသည်။ သူတို့တွင် ဒရုန်းများ၊ ပျံသန်းနိုင်သော စွမ်းအားရှင်များနှင့် Nightstar-3 အသံထက်မြန်သော လေယာဉ်ပင် ရှိသည်။ ကင်းထောက်ရန်မှာ ယခင်ကထက် ပိုမိုလွယ်ကူသည်။ အဆင့် ၅ တွင်းနက်များ ပျံ့နှံ့မှုမှာလည်း နှေးကွေးနေသေးသည့်အတွက် ဝင်ရိုးစွန်းညကို လောလောဆယ် စိုးရိမ်စရာမလိုသေးချေ။
“ဒါဆိုရင် ဘာဆက်လုပ်မလဲ” ချန်ဆီရွှမ်က မေးသည်။
လင်းရှန်က အခြားသူများကို လှည့်ကြည့်ကာ
“အဲဒီ ရေဒီယိုက အသံက... ရင်းနှီးနေသလို မခံစားရဘူးလား”
“ဟင်”
“ရင်းနှီးနေတယ်”
“ဘယ်သူလဲ...”
လူတိုင်း ဇဝေဇဝါ ဖြစ်သွားကြသည်။
ကီကီ မျက်မှောင်ကြုတ်သွားကာ အသံကို ပိုမြှင့်လိုက်သည်။ ထိုအချိန်တွင် အသံလွှင့်ချက်က ထပ်မံ ထွက်ပေါ်လာသည် -
“ဂျစ်... အာခီစိုင်းမှ အသံလွှင့်ချက်- ဒါက ကံကြမ္မာ-သက်ရှည်ယာဉ်တန်း ဖြစ်ပါတယ်။ ချွမ်းချန်ကို ဘေးကင်းစွာ သွားလိုတဲ့ ယာဉ်တန်းတွေ အားလုံး —”
“ကံကြမ္မာ-သက်ရှည်လား”
“အဲဒီ ရွှေသွားနဲ့ လူယုတ်မာပဲ မဟုတ်လား”
ရှားရှားက အော်လိုက်သည်။
“မဖြစ်နိုင်တာ…. အဲဒီစီးပွားရေးသမားက ဒီကိုဘယ်လိုရောက်နေတာလဲ”
မြောင်လုလည်း မယုံကြည်နိုင်ဖြစ်နေသည်။
အနန္တရထားပေါ်ရှိ လူတိုင်းသည် ထိုလူကို ကောင်းကောင်းမှတ်မိကြသည်။
“ဟန်ရှန်းတောင်ကြားက ယာဉ်တန်းပဲ”
လော့ယန်နှင့် လီယီတို့ပင် ထိုစဉ်က ၎င်းတို့နှင့် ဆုံခဲ့ဖူးသည်။
“သူကိုး...” ကီကီက အံကြိတ်လိုက်သည်။
“အဲဒီလူက ဘာလို့ သဲကန္တာရဓားပြတွေနဲ့ ပေါင်းနေတာလဲ”
လင်းရှန်၏ မျက်နှာတင်းမာသွားသည်။
“ငါတို့ မြန်မြန်ရပ်ပြီး အာခီစိုင်းကို တခြားယာဉ်တန်းတွေနဲ့ သွားစစ်ဆေးကြမယ်။ ငါတို့ရဲ့... မိတ်ဆွေဟောင်းနဲ့ ပြန်ဆုံဖို့ အချိန်တန်ပြီထင်တယ်”
ထို ကလိမ်ကကျစ်အသံကို ကြားလိုက်ရသည့်အခါ လင်းရှန်သည် တစ်ခါက ထရပ်ကားတစ်စီးတိုက် သေနတ်များဝယ်သွားခဲ့သည့် လူကို သတိရသွားသည်။ ထိုသူသည် အသုံးဝင်သော သတင်းအချက်အလက်အချို့ကိုလည်း ပေးခဲ့ဖူးပြီး နောင်တွင် ပူးပေါင်းရန်ပင် ပြောဆိုခဲ့ဖူးသည်။
အခုတော့ သူက ဓားပြတွေနဲ့ ပေါင်းပြီး အာခီစိုင်းမှာ လမ်းပိတ်နေသည်။ လင်းရှန်လည်း သွားရောက်စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။ သူတို့တွင် ကီကီအပါအဝင် ကောင်းကင်မှ ကင်းထောက်နိုင်သူများ ရှိသည်။ မြို့ထဲသို့ မဝင်ဘဲနှင့်ပင် အခြေအနေကို ကောင်းစွာ သိရှိနိုင်မည် ဖြစ်သည်။
နာရီဝက်ခန့်ကြာပြီးနောက် အနန္တရထားသည် လူသူကင်းမဲ့သော ဂိုဘီသဲကန္တာရအလယ်တွင် ရပ်တန့်သွားသည်။ ပတ်ဝန်းကျင်တွင် မည်သည့်အဆောက်အအုံမျှ မရှိဘဲ ရထားလမ်းဘေးရှိ ကျောက်ခဲများသာရှိသည်။ ဖုတ်ကောင်များပင် မရှိဘဲ အဝါရောင်သဲပြင်နှင့် ခြောက်သွေ့သော မြက်ပင်များသာ ရှိသည်။
လေပြင်းတစ်ချက် တိုက်လိုက်ရာ ဖုန်မှုန့်များ လွင့်တက်သွားသည်။ ဘရိတ်အုပ်သံ အကျယ်ကြီး ထွက်ပေါ်လာပြီး သံမဏိသားရဲကြီးသည် သဲကန္တာရထဲတွင် ငြိမ်သက်သွားသည်။
ရထား ရပ်သွားသည်ကို မြင်သောအခါ အသက်ရှင်ကျန်ရစ်သူများ၏ ဘတ်စ်ကားယာဉ်တန်းသည်လည်း ဘေးတွင် လာရောက် ရပ်နားသည်။ ထိုအုပ်စုကို အားလုံးက သိကြသည့်အတွက် မည်သူမျှ ကန့်ကွက်ခြင်းမရှိဘဲ လိုက်ပါခွင့်ပြုထားကြသည်။
ထိုအချိန်တွင် နဂါးတောင် ၁ မှ မြေပြင်မောင်း ယာဉ်နှစ်စီး ဆင်းလာသည်။ ၎င်းတို့မှာ သံချပ်ကာများ မဟုတ်သော်လည်း အောက်ပိုင်းမြင့်ကာ အားကောင်းသောအင်ဂျင်များ တပ်ဆင်ထားပြီး သဲကန္တာရနှင့် လိုက်ဖက်သော အရောင်ခြယ်ထားသောကြောင့် ဂိုဘီတွင် မောင်းနှင်ရန် အသင့်တော်ဆုံး ဖြစ်သည်။
နန်ကျင်း၊ ရှောင်ချင်းနှင့် အားဖေးတို့နှင့်အတူ ဂျိုကာယာဉ်တန်းမှ ချီလီလည်း ပူးပေါင်းပါဝင်လာသည်။
ကီကီက ကားမောင်းမည်ဖြစ်ပြီး လင်းရှန်က ဘေးတွင် လိုက်ပါမည်။ မူလက ရှီတိယွမ်လည်း လိုက်ပါရန် စီစဉ်ထားသော်လည်း သူ၏ ဒဏ်ရာများမှာ ပျောက်ကင်းခြင်း မရှိသေးပေ။ လင်းရှန်က သူ့ကို စခန်းတွင်သာ နေစေပြီး စခန်းကို ထိန်းသိမ်းရန် တာဝန်ပေးခဲ့သည်။ ထို့ကြောင့် နန်ကျင်းက နဂါးတောင် ၁ အဖွဲ့ကို ဦးဆောင်သည်။
အားဖေးသည် သူ၏ လေဆာမျက်လုံးများနှင့် အာရုံခံစွမ်းရည်တို့ကြောင့် အဓိကဖြစ်သည်။ နေ့ခင်းဘက်ဖြစ်သော်လည်း ဂရုစိုက်ခြင်းက အကောင်းဆုံးပင်။
“ငါက ပျံသွားမယ် ထင်နေတာ”
မြေပြင်မောင်းယာဉ်များကို မြင်သောအခါ ချီလီက ဇဝေဇဝါဖြင့် ပြောသည်။
“အခုလောလောဆယ် အဲဒါ မလိုသေးဘူး” နန်ကျင်းက တည်ငြိမ်စွာ ပြန်ပြောသည်။
“ပျံသန်းတာက မြန်တယ် — ကျွန်မတို့ Nightstar နဲ့ဆိုရင် တစ်မိနစ်အတွင်း ရောက်နိုင်တယ် — ဒါပေမဲ့ အသံက အရမ်းကျယ်တယ်။ ဒီလို ကွင်းပြင်ကျယ်ကြီးမှာ ကျွန်မတို့ရှိတာကို လူတိုင်းသိသွားလိမ့်မယ်”
“ကျုပ်တို့က မြို့ပြင်ကိုပဲ ကင်းထောက်မှာပါ။ ပြီးမှ ဘာဆက်လုပ်မလဲ ဆုံးဖြတ်မယ်”
လင်းရှန်က ရှင်းပြသည်။
ကီကီ၏ စိတ်စွမ်းအားဖြင့် လူတိုင်းကို ပျံသန်းစေနိုင်သော်လည်း ကီလိုမီတာ ၁၀၀ ကျော် ခရီးအတွက်မှာ အဆင်မပြေလှချေ။ ကားမောင်းခြင်းက ပိုပြီး လှုပ်ရှားရလွယ်ပေသည်၊၊
“နားလည်ပြီ” ချီလီ ခေါင်းငြိမ့်လိုက်သည်။
သူ စကားပြောပြီးသည်နှင့် မမျှော်လင့်ထားသော သူတစ်ယောက် အဖွဲ့ထဲသို့ ရောက်လာသည် — မိုနီကာဖြစ်သည်။
ချီလီ မျက်တောင်ခတ်လိုက်ရင်း “ဝိုး... ကင်းထောက်တာကို မင်းကိုယ်တိုင် လိုက်မှာလား”
မိုနီကာက သူမ၏ ဦးထုပ်ကို ပုတ်ကာ မျက်နှာကာကို မလိုက်သည်။ သူမက ချီလီကို တစ်ချက်ကြည့်ပြီး လင်းရှန်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
“ယာဉ်တန်းခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မမှာလည်း တာဝန်ရှိတယ်။ ပြီးတော့ ရထားထဲမှာပဲ ပိတ်နေတာက စိတ်စွမ်းအားကို ထိခိုက်စေတယ်။ အပြင်ထွက်တာက ကျွန်မရဲ့ စွမ်းအားကို လေ့ကျင့်ရာလည်း ရောက်တယ်”
လင်းရှန် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
“ဒါပေမဲ့ ငါတို့က —”
“ကျွန်မက တစ်ကီလိုမီတာ အကွာအဝေးက အသံကို ကြားနိုင်တယ်”
သူမက အပြုံးတစ်ခုဖြင့် လင်းရှန်၏ စကားကို ဖြတ်ပြောလိုက်သည်။
“တက်လေ”
လင်းရှန်က ရယ်မောလိုက်ပြီး ဆက်မငြင်းတော့ပေ။
ချီလီက သူမကို ‘အိုး... မင်း ဘာကြံနေလဲ ငါသိတာပေါ့’ ဆိုသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူ၏ အင်္ကျီအိတ်ထဲမှ ရေဓာတ်ဖြည့်ဘူးကို ထုတ်ကာ မျက်နှာကို ဖြန်းလိုက်ပြီး နန်ကျင်း၏ ကားပေါ်သို့ တက်လိုက်သည်။
မြေပြင်မောင်းယာဉ်နှစ်စီးသည် ဖုန်လုံးကြီးများ ထသွားစေကာ ဂိုဘီသဲကန္တာရအတွင်းသို့ စတင်မောင်းနှင်သွားလိုက်ကြသည်။
ကီကီက ကားမောင်းကာ လင်းရှန်က သူမဘေးတွင် ထိုင်နေသည်။ နောက်ကြည့်မှန်မှတစ်ဆင့် မိုနီကာကို သူ လှမ်းကြည့်လိုက်သည်။ အပူရှိန်က ပြင်းထန်လှ၏။ သူသည် ရေသန့်ဘူးကို ဖွင့်ကာ တစ်ငုံသောက်လိုက်ပြီးမှ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
Chapter 559
ဟူလုရှို့ ၁
“မိုနီကာ မင်းမှာ အဲဒီလို စွမ်းရည်ရှိတာ ငါတစ်ခါမှ မကြားဖူးပါလား”
နောက်ခန်းတွင် ခြေထောက်ချိတ်ထိုင်နေသော မိုနီကာက ပြုံးလိုက်သည်။
“ကျွန်မရဲ့ စွမ်းရည်က အသံဓားသွားလေ — ဒါကြောင့် ကျွန်မက အသံလှိုင်းတွေကို အရမ်းခံစားလွယ်တယ်… အဲဒါကို ထုတ်မပြောတာပဲ ရှိတာပါ… မဟုတ်ရင် ကျွန်မလူတွေက ညဘက်... သိတယ်မလား... ကိုယ့်ဘာသာ အာသာဖြေရင်း ကျွန်မနာမည်ကို ရေရွတ်နေတာတွေ ကျွန်မကြားနိုင်တာကို သိသွားမှာစိုးလို့ပါ”
ဖူး
လင်းရှန်သည် ပါးစပ်ထဲမှ ရေများကို ကားမှန်ပေါ်သို့ ထွေးထုတ်လိုက်မိသည်။ လမ်းကို အာရုံစိုက်မောင်းနေသော ကီကီ၏ မျက်နှာနီမြန်းသွားပြီး အံကြိတ်ကာ အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်၊၊
“ရွံစရာကြီး...”
မိုနီကာသည် စကားနည်းသော်လည်း သူမပြောလိုက်ပါကလည်း လူကို ပါးစပ်အဟောင်းသားဖြစ်သွားစေသည်။
လင်းရှန်သည် နှုတ်ခမ်းကို သုတ်လိုက်ရင်း အလဟဿဖြစ်သွားသော ရေများအတွက် နှမြောနေမိသည်။ သူ၏ မျက်နှာပေးမှာ ထူးဆန်းနေ၏။ အကယ်၍ မိုနီကာသာ အတည်ပြောနေခြင်း ဖြစ်ပါက အနန္တရထားပေါ်တွင် ပြောသမျှ လုပ်သမျှကို သူမ သိနေသည်ဟု ဆိုလိုခြင်းလော။
သူ စိတ်မသက်မသာ ဖြစ်နေသည်ကို ရိပ်မိပုံရသော မိုနီကာက အေးအေးဆေးဆေးပင် ပြောသည်။
“စိတ်အေးအေးထားပါ။ ဒီစွမ်းရည်ကို သုံးတာက အားကုန်တယ်။ အခုလို အရေးကြီးတဲ့ အလုပ်မျိုး မဟုတ်ရင် ကျွန်မ အပျော်သဘောနဲ့ သူများစကားတွေကို ခိုးနားမထောင်ပါဘူး”
သူမ လိမ်ပြောနေခြင်း မဟုတ်ပေ။ စွမ်းရည်ကို သုံးခြင်းက စွမ်းအင်အများအပြား ကုန်ဆုံးစေသည်။ ၎င်းမှာ ယာဉ်တန်းကို ထိန်းချုပ်ရန်အတွက် သူမ၏ လက်နက်ဖြစ်ပြီး သူတစ်ပါး၏ လွတ်လပ်မှုကို နှောင့်ယှက်ရန် မဟုတ်ချေ — လိုအပ်မှသာ အသုံးပြုခြင်း ဖြစ်သည်။
လင်းရှန် အသာအယာ ချောင်းဟန့်လိုက်သည်။
“မင်းရဲ့ စွမ်းရည်က ငါထင်ထားတာထက် ပိုအစွမ်းထက်တာပဲ...”
“ကျေးဇူး”
မိုနီကာက ပြုံး၍ ပြန်ပြောသော်လည်း တိုက်ရိုက်အဖြေမပေးပေ။ သူမ အနန္တရထားပေါ်ကို မည်မျှအထိ ပါဝင်ပတ်သက်နေသလဲ ဆိုသည်မှာ သူမကိုယ်တိုင်သာ သိပေလိမ့်မည်။
နောက်ကြည့်မှန်ထဲတွင် သူမသည် ကွင်းပြင်ကျယ်ကြီးကို ကြည့်ကာ အပြုံးတစ်ခုဖြင့် ငေးမောနေသည်ကို တွေ့ရသည်။
လင်းရှန်က သူမကို ကောင်းကောင်းခန့်မှန်း၍ မရချေ။ ဤကဲ့သို့ စွမ်းရည်မျိုးကို ထုတ်ဖော်ပြောခြင်းက လူများကို သတိထားစေတတ်သော်လည်း သူမက ပွင့်ပွင့်လင်းလင်းပင် ပြောခဲ့သည်။ ၎င်းမှာ ယုံကြည်မှုကြောင့်လော သို့မဟုတ် အခြားတစ်ခုခုကြောင့်လော။
တစ်ခုတော့ သေချာသည် — သူသည် မိုနီကာကို အမှန်တကယ်ပင် လျှော့တွက်ခဲ့မိခြင်း ဖြစ်ပေသည်။
မော်တော်ကားနှစ်စီးသည် ဂိုဘီသဲကန္တာရကို ဖြတ်ကျော်ကာ ရထားလမ်းဘေးအတိုင်း မောင်းနှင်နေကြသည်။ ဘီးများအောက်တွင် ကျောက်ခဲနှင့် သဲများ ကြိတ်ခြေခံနေရသလို အင်ဂျင်၏ တုန်ခါမှုကြောင့် လမ်းဘေးရှိ မြက်ခြောက်များနှင့် ကျောက်ဆောင်များ တုန်ခါနေ၏။
နောက်ဆုံးတွင် ကားများသည် လမ်းကြောင်းမှ သွေဖယ်ကာ ကုန်းစောင်းတစ်ခုပေါ်သို့ မောင်းတက်သွားပြီး လေတိုက်စားထားသော ကျောက်ဆောင်ကြီးတစ်ခုအောက်တွင် ရပ်တန့်လိုက်သည်။ အဖွဲ့သားများ ကားပေါ်မှ ဆင်းကာ သဲများ ဖုံးလွှမ်းနေသော ကမ်းပါးစွန်းသို့ လမ်းလျှောက်သွားကြသည်။ ထိုနေရာမှ ကြည့်လျှင် သဲကန္တာရလွင်ပြင်ကျယ်ကြီးထဲတွင် အထီးကျန်စွာ တည်ရှိနေသော မြို့တစ်မြို့ကို မြင်တွေ့ရသည် — ထိုမြို့မှာ အာခီစိုင်းဖြစ်သည်။ အာခီစိုင်းသည် ဂိုဘီသဲကန္တာရ၏ အလယ်ဗဟိုတွင် မြို့တစ်ခုတည်း တည်ရှိနေခြင်းဖြစ်ပြီး လော့ဘူမြို့ထက် အနည်းငယ် ပိုကြီးကာ နေရှင်နယ်အဝေးပြေးလမ်းမကြီးနှင့် မြောက်ပိုင်းရထားလမ်းတို့ ဆုံရာနေရာလည်း ဖြစ်သည်။ သို့သော် မြို့တစ်ခုလုံးမှာ သဲများ ဝါးမျိုခြင်း ခံထားရပြီး ပတ်ဝန်းကျင်ရှုခင်းနှင့် တစ်သားတည်း ဖြစ်နေ၏။
အထပ်မြင့် အဆောက်အအုံများ မရှိဘဲ အနောက်တိုင်းစတိုင် အဆောက်အအုံဟောင်း အနိမ့်လေးများသာ အများစုရှိသည်။ ခေတ်မီသော လမ်းမကြီးများနှင့် လမ်းသွယ်များသည် ယခုအခါ လူသူကင်းမဲ့နေပြီး အဝါရောင်သဲများအောက်တွင် တစ်ဝက်တစ်ပျက်နစ်မြုပ်နေကြပြီ ဖြစ်သည်။
သူတို့သည် အီလက်ထရွန်နစ် မှန်ပြောင်းများကို ထုတ်ယူကာ အာခီစိုင်းမြို့ဘက်သို့ အကဲခတ်ကြည့်ကြသည်။ ထိုနေရာမှာ လူသူကင်းမဲ့နေပုံရသော်လည်း မြို့အတွင်း၌ ယာဉ်တန်းအချို့ စခန်းချထားသည်မှာ ထင်ရှားလှ၏။ လင်းရှန်သည် မြို့ပြင်ပတ်ဝန်းကျင်ကို စကင်ဖတ်ရန် သူ၏ မှန်ပြောင်းကို ချိန်ညှိလိုက်သည်။ နေရှင်နယ်အဝေးပြေးလမ်းမကြီးအတိုင်း အသက်ရှင်ကျန်ရစ်သူ ယာဉ်တန်းအချို့သည် တဖြည်းဖြည်း ချဉ်းကပ်လာကြပြီး စွန့်ပစ်ထားသော ဓာတ်ဆီဆိုင်တစ်ခုအနီးတွင် စုဝေးနေကြသည်။ ၎င်းမှာ အစောပိုင်းက ရေဒီယိုတွင် လင်းရှန်ကြားခဲ့ရသည်နှင့် မတူညီချေ။
“တခြားယာဉ်တန်းတွေနဲ့ လက်နက်ကိုင်တွေ ဝင်ခွင့်မပြုဘူးလို့ သူတို့ ပြောထားတာ မဟုတ်လား”
နန်ကျင်းက မှန်ပြောင်းဖြင့် ကြည့်ရင်း လေသံက ထက်ရှသွားသည်၊၊
“ဘယ်သူမှ နားထောင်ပုံမရဘူး”
“အားဖေး” လင်းရှန်က ခေါ်လိုက်သည်။
အားဖေးက ခေါင်းခါပြသည် — ထူးခြားမှု မရှိချေ။
“ဒါတွေက သာမန်ယာဉ်တန်းတွေပဲ”
ချီလီက မှတ်ချက်ပေးသည်။
“ဒါပေမဲ့ အကုန်လုံး ဒီမှာ လာစုနေကြတာက... သဲကန္တာရဓားပြမဟာမိတ်အဖွဲ့နဲ့ တစ်ခုခုပတ်သက်နေတာ ဖြစ်နိုင်တယ်”
“ကြောက်လို့လား” မိုနီကာက မေးသည်။
ချီလီက ပုခုံးတွန့်ပြကာ
“ကြောက်တာ မဟုတ်လောက်ဘူး။ ပြဿနာမတက်ချင်တာလည်း ပါမှာပေါ့။ ဒီနေရာမှာ ဖုတ်ကောင်တွေနဲ့ စိတ်ဝိညာဉ်လှိုင်းအဆင့်တွေက အရမ်းမြင့်တယ်။ ညရောက်ရင် ထူးဆန်းတဲ့ သတ္တဝါတွေ ပေါ်လာမှာ အသေအချာပဲ။ ပြီးတော့ အာခီစိုင်းကို ကျော်သွားရင် ကီလိုမီတာထောင်ချီတဲ့ လူသူကင်းမဲ့တဲ့ တောရိုင်းမြေပြင် ရှိတယ်။ သွားမယ်ဆိုရင် နေ့အလင်းရောင်ရှိတုန်း သွားတာက အကောင်းဆုံးပဲ။ အသက်ရှင်ကျန်ရစ်သူတွေက အန္တရာယ်ကို အနည်းဆုံးဖြစ်အောင် ကြိုးစားနေကြတာပဲ။ ဓားပြတွေကလည်း အဲဒါကို သိထားတယ်”
မိုနီကာက သူမ၏ မှန်ပြောင်းကို ချလိုက်သည်၊ သူမ၏ မျက်နှာမှာ ခန့်မှန်းရခက်နေ၏။
“ဒီလောက် ယာဉ်တန်းကြီးတွေ စုနေတာတောင် ဘယ်သူမှ ဓားပြတွေကို သိပ်စိုးရိမ်ပုံမရဘူးနော်”
လင်းရှန်သည် ကီကီကို လှမ်းကြည့်လိုက်ရာ သူမ၏ လက်ကိုင်စက်တွင် တစ်ခုခုကို ရိုက်နေသည်။
“ဘယ်လိုလဲ”
သူမက ပြုံးလိုက်ရင်း
“မိပြီ။ ဒီ သံမဏိအမိန့်ပေးတံဆိပ်က ဖီးနစ်တံဆိပ်လိုပဲ — သူက ဒေသတွင်းအချက်အလက်တွေကို ဖမ်းယူပေးတယ်။ အာခီစိုင်းပတ်ဝန်းကျင်မှာ အချက်ပြလှိုင်းတွေ အများကြီး ရှိနေတယ်”
သူမက ထပ်မံ နှိပ်လိုက်သည်။
“ဒါပေမဲ့ မြို့ထဲမှာတော့ ဘာမှမရှိဘူး။ ဓားပြတွေက အာခီစိုင်းကို တိုက်ရိုက်မထိရဲဘူးထင်တယ်”
လင်းရှန် ခေါင်းငြိမ့်လိုက်သည်။
“ဒါက ဓားပြတွေရဲ့ သဘာဝပဲ။ အဖွဲ့ငယ်လေးတွေကို တိုက်ခိုက်ဖို့ပဲ စိတ်ဝင်စားကြတယ်… ဒါပေမဲ့ ဒီမှာက ယာဉ်တန်း ၁၀ ခုလောက် ရှိပြီး အသက်ရှင်ကျန်ရစ်သူ တစ်ထောင်၊ နှစ်ထောင်လောက် ရှိတယ်။ ဒီနေရာကို လာတိုက်မယ်ဆိုရင်တော့ သူတို့က တကယ့် အရူးတွေပဲ ဖြစ်ရမယ်”
နန်ကျင်းက မျက်မှောင်ကြုတ်ကာ
“ဒါဆို ကံကြမ္မာ-သက်ရှည်ယာဉ်တန်းက ဒီမှာ လမ်းခွန်ကောက်ရဲအောင် ဘယ်က သတ္တိတွေရနေတာလဲ”
“ကိုယ်တိုင်သွားတွေ့လိုက်တာ ပိုကောင်းတယ်”
လင်းရှန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ၏ နောက်ဘက်တွင် မီတာအနည်းငယ်မြင့်သော အချက်ပြအင်တာနာတစ်ခုကို ဖန်တီးလိုက်သည်။
“သူတို့က ဒီလူတွေအားလုံးရဲ့ ရှေ့မှာ အဲဒီလိုလုပ်ရဲတယ်ဆိုရင် အကြောင်းတစ်ခုခုတော့ရှိရမယ်”
သူသည် ဆက်သွယ်ရေးစက်ကို နှိပ်ကာ ပူးပေါင်းယာဉ်တန်း၏ အချက်ပြလှိုင်းနှင့် ချိန်ညှိလိုက်သည်။
“ဂျစ်…. ဆရာမချန် ကြားရလား”
“ကြားရတယ် လင်းရှန်”
“အစ်ကိုရှီ”
“ညီလေးလင်း။ ဘာဖြစ်လို့လဲ”
လမ်းတစ်လျှောက် သူစိုက်ထူခဲ့သော အချက်ပြတိုင်များမှတစ်ဆင့် ဆက်သွယ်မှု ရရှိသွားသောအခါ လင်းရှန်က အမိန့်ပေးလိုက်သည်။
“အစ်ကိုရှီ၊ ဆရာမချန်၊ ပူးပေါင်းယာဉ်တန်းကို မိုင် ၁၀၀ လောက် ထပ်တိုးပြီး မောင်းထားပါ။ ခုနက ဆွေးနွေးထားတဲ့အတိုင်း တိုက်ခိုက်ရေးအဖွဲ့ ၁၀ ဖွဲ့ကို ပြင်ဆင်ထားပါ။ မကြာခင် တည်နေရာတွေကို ပို့ပေးမယ် — အဖွဲ့ခွဲပြီး စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်ပါ”
“နားလည်ပြီ”
နန်ကျင်းက ထရပ်လိုက်ပြီး အခြားသူများဘက်သို့ လှည့်လိုက်သည်။
“ကျွန်မတို့ရဲ့ ယာဉ်တွေ လာနေပြီ။ သွားကြစို့။ မြို့ထဲက မိတ်ဆွေဟောင်းနဲ့ သွားတွေ့ကြတာပေါ့”
“ဒီလို စွန့်ပစ်နယ်မြေထဲမှာ ဘားတောင် မရှိဘူးလို့ ကြားတယ်”
ချီလီက အနည်းငယ် စိတ်ပျက်စွာဖြင့် ရေရွတ်လိုက်သည်။
“ဝင်ရိုးစွန်းညဇုန်ရဲ့ အပြင်ဘက်က နေ့ရက်တွေလောက် မလွတ်လပ်တော့ဘူး”
မိုနီကာသည် ကားဆီသို့ လမ်းလျှောက်သွားပြီး တက်ခါနီးတွင် နန်ကျင်းဘက်သို့ လှည့်လိုက်သည်။
“ခဏလေး”
သူမသည် သူမ၏ စွမ်းအားဝတ်စုံကို အသက်သွင်းလိုက်ပြီး အတွင်းဝတ်စုံကို ချွတ်ကာ သဲကန္တာရဒဏ်ခံ လေကာအင်္ကျီကို လဲလှယ်လိုက်သည်၊ ထို့နောက် နေကာမျက်မှန်နှင့် ဖုန်ကာပုဝါကို ပတ်လိုက်သည်။ နန်ကျင်းမှာ အံ့အားသင့်စွာ မျက်တောင်ခတ်မိသွားသည် — ဒီတစ်ယောက်က သူ့ဝတ်စုံထဲမှာ သာမန်ဝတ်စုံကိုပါ ထည့်ထားတာလား။
မြေပြင်မောင်းယာဉ်နှစ်စီးသည် လေနှင့်သဲများကို ဖြတ်ကျော်ကာ အာခီစိုင်းမြို့ဆီသို့ ဦးတည်မောင်းနှင်သွားကြသည်။ လမ်းတစ်လျှောက်တွင် ဖုတ်ကောင်အချို့သည် အရှိန်ပြင်းစွာ မောင်းနှင်လာသော ကားများဆီသို့ ပြေးဝင်လာကြသည်။
ဝီး
ငွေရောင်ဓားနှစ်လက်သည် လေထဲတွင် ဝဲပျံထွက်သွားပြီး လွှစက်များကဲ့သို့ မြေပြင်နှင့် ကပ်ခါ ဘေးတစ်ဖက်တစ်ချက်မှ ချဉ်းကပ်လာသော ဖုတ်ကောင်အားလုံးကို သေသပ်စွာ ပိုင်းဖြတ်ပစ်လိုက်သည်။