အခန်း (၅၆၂-၅၆၃)
Vol. 35 Ch. 562-563
Chapter 562
ဟူလုရှို့ ၄
“မသွားပါနဲ့၊ မသွားပါနဲ့… ငါပြောပါ့မယ် — အကုန်လုံးကို အမှန်အတိုင်း ပြောပြပါ့မယ်… ဟုတ်ပြီလား”
“သောက်ကျိုးနဲ... အာ့လောက်တောင် မြန်တာလား” ကီကီက အံ့ဩသင့်စွာ အော်လိုက်သည်။
ကျန်ရှိသည့် အဖွဲ့ဝင်များလည်း အလားတူပင် အံ့အားသင့်သွားကြသည်။
ဟူလုရှို့၏ လက်ထောက် ဆန်းချန်တစ်ဦးတည်းသာလျှင် သူမ၏ ခေါင်းဆောင်၏ ဤကဲ့သို့ ဒူးထောက်တတ်သည်ကို အလေ့ကျင့်ရှိနေပုံရကာ မထူးဆန်းသွားပေ၊၊
လင်းရှန် ပြန်ထိုင်လိုက်သည့်အခါ ဟူလုရှို့က အလျင်အမြန်ပင် ပြန်ထရပ်လိုက်သည်။
“ညီလေးလင်း… ငါ အမှန်အတိုင်း ပြောနေတာပါ။ မင်းက ယုံချင်မှ ယုံမှာပေမဲ့ ပိုက်ဆံရှာဖို့နဲ့ အသက်ရှင်ဖို့အပြင် ငါ ဒါတွေလုပ်နေတာက ယာဉ်တန်းငယ်လေးတွေ အသက်ရှင်နိုင်မယ့် လမ်းစကို ရှာပေးဖို့လည်း ပါပါတယ်”
လင်းရှန်က သူ့ကို ကြည့်လိုက်သည်။
“ခဗျားက အဲဒါကို တကယ်ယုံလား”
“သူတို့က သဲကန္တာရဓားပြတွေလေ။ သူတို့က ကတိတည်မယ်လို့ မင်း ထင်နေတာလား”
ချီလီက လှောင်ပြောင်လိုက်သည်။
“ကတိတည်တယ်ပဲ ထားဦး… လူငါးယောက်အတွက် သွေးပဲစေ့တစ်ခုတဲ့လား။ မင်းက သူများတွေ ဒုက္ခရောက်နေတာကို အမြတ်ထုတ်နေတာပဲ”
ဟူလုရှို့က သက်ပြင်းချလိုက်သည်။
“သဲကန္တာရဓားပြတွေကို ယုံလို့မရဘူးဆိုတာ ငါသိတာပေါ့”
“ဒါဆို ဘာလို့…”
သူသည် ချီလီ၏ စကားကို ဖြတ်ကာ လက်ကာပြလိုက်သည်။
သူသည် စားပွဲပေါ်ရှိ ဖန်ခွက်များကို ဖယ်လိုက်ရာ အောက်တွင် အာခီစိုင်း၏ မြေပုံတစ်ခုပေါ်လာသည်။ သူက ၎င်းကို ညွှန်ပြလိုက်သည်။
“အမှတ် ၅ တွင်းနက်ကြောင့် ဟိုင်ချူလမ်းကြောင်းက သုံးလို့ မရတော့ဘူး။ အာခီစိုင်းက ချွမ်းချန်ကို သွားဖို့ အဓိကလမ်းကြောင်းဖြစ်လာတယ်။ လူငါးယောက်အတွက် သွေးပဲစေ့တစ်ခုက များတယ်ဆိုတာ ငါသိပါတယ်… ပြီးတော့ ဓားပြတွေက လမ်းခွန်ရသွားရင်တောင် ငြိမ်ငြိမ်နေမှာ မဟုတ်ဘူး။ ဒီနားက အင်အားကြီးဂိုဏ်းတွေကတော့ ပိုက်ဆံရနေလို့ ငြိမ်နေကြတာပေါ့။ ကျန်တဲ့သူတွေလား။ မေ့လိုက်စမ်းပါ။ မဟာမိတ်အဖွဲ့ဆိုတာ... ဖာ့ခ်… ကမ္ဘာပျက်ကပ်ထဲက လူမိုက်တစ်စုပဲ။ သူတို့မှာ ဘာကိုယ်ကျင့်တရား ရှိမှာလဲ”
“ဒါပေမဲ့ အဓိကအချက်က အာခီစိုင်းမှာ ယာဉ်တန်းတွေ အများကြီး စုနေသရွေ့ — လမ်းခွန် ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ — ဓားပြတွေက လာမတိုက်ရဲကြဘူး။ ဒီမှာ လူတွေ အများကြီး ရှိနေပြီလေ”
သူက လင်းရှန်ကို ရှက်ရွံဟန်နှင့် ကြည့်လိုက်သည်။ “ပြီးတော့... တော်တော်များများကလည်း လမ်းခွန် ပေးကြပါတယ်...”
ထို့နောက် သူက ပြန်တည်ငြိမ်သွားသည်။
“ဒါကြောင့် ဒီဒေသမှာရှိတဲ့ ဘယ်ယာဉ်တန်းမဆို လမ်းခွန်ပေးသည်ဖြစ်စေ… မပေးသည်ဖြစ်စေ တစ်ခုတော့ လုပ်လို့ရတယ်”
“ဘာလုပ်လို့ရလဲ” ကီကီက မေးသည်။
“မဟာမိတ်ဖွဲ့လို့ရတယ်”
ဟူလုရှို့က စားပွဲကို ရိုက်ကာ လေးနက်စွာပြောသည်။
“ဘာလို့လဲဆိုတော့ ဓားပြတွေက ယာဉ်တန်းငယ်တွေနဲ့ အလယ်အလတ်ယာဉ်တန်းတွေကိုပဲ ရွေးတိုက်တယ်၊၊ ယာဉ်တန်းကြီးတွေကိုတော့ သူတို့ ရှောင်ကြတယ်။ ဒီအဖွဲ့ငယ်လေးတွေသာ စုလိုက်မယ်ဆိုရင် ပိုပြီး လုံခြုံသွားမှာပဲ”
“အိုး~” ကီကီက မျက်ခုံးပင့်လိုက်သည်။
“ဒါဆို ရှင်ပြောချင်တာက ရှင်က လမ်းခွန်ကောက်တာ ဟန်ပြပြီး ဖြတ်သွားတဲ့ ယာဉ်တန်းတွေကို ဓားပြအန္တရာယ် သတိပေးပြီး အချင်းချင်း ပူးပေါင်းအောင် လုပ်ပေးနေတာပေါ့”
“အတိအကျပဲ”
ဟူလုရှို့က လက်ခုပ်တီးလိုက်ပြီး သူ၏ စိတ်စေတနာကောင်းကို တစ်ယောက်ယောက်က နားလည်သွားသည့်အတွက် ဝမ်းသာသွားပုံရသည်။
လင်းရှန်က သူ့ကို ဘာအမူအရာမျှမရှိဘဲ ကြည့်လိုက်သည်။ “ကျုပ်တို့ အဲဒီဓားပြအချို့နဲ့ တွေ့ခဲ့တယ်။ သူတို့က ပြန်ပေးဆွဲတာတွေ လုယက်တာတွေ လုပ်နေကြပြီး လက်နက်တွေလည်း အပြည့်အစုံပါကြတယ်။ တစ်စုံတစ်ယောက်က သူတို့ကို ကျောထောက်နောက်ခံ ပေးနေတာပဲ။ ဒါဆိုရင် သူတို့က ဘာလို့ ခင်ဗျားနဲ့ ပူးပေါင်းမှာလဲ”
ဟူလုရှို့က ရယ်မောလိုက်သည်။
“ဓားပြတွေက တုံးအတဲ့သူတွေ မဟုတ်ဘူး။ ဘယ်သူနဲ့ပဲ လက်တွဲလက်တွဲ အဓိကက အမြတ်အစွန်းပဲ။ တိုက်ခိုက်တာက သေနတ်ကျည်ဆန်တွေ ကုန်မယ်… သွေးထွက်သံယို ဖြစ်မယ်… အန္တရာယ် များတယ်။ ငါနဲ့ဆိုရင်တော့ ဘာမှလုပ်စရာ မလိုဘဲ ပိုက်ဆံ ရနေတာပဲလေ။ ငါသာ ဓားပြဆိုရင်လည်း ဒီအပေးအယူကို လက်ခံမှာပဲ”
“ပြီးတော့ နောက်ထပ်တစ်ခု ရှိသေးတယ်”
သူက အနားသို့ တိုးကာ အသံကို နှိမ့်လိုက်သည်။
“အဲဒီယာဉ်တန်းကြီးတွေက ဓားပြတွေကို ဂရုတောင်မစိုက်ကြဘူး။ ဘာလို့လဲဆိုတော့ ဒီဒေသမှာ တကယ့် အန္တရာယ်က ဓားပြတွေ မဟုတ်လို့ပဲ”
“အမှောင်ထုကို ပြောတာလား”
ဟူလုရှို့က ခေါင်းငြိမ့်ပြသည်။
“အနောက်ဘက် ဂိုဘီမှာ ကြီးမားတဲ့ ပြဿနာတစ်ခု ရှိတယ် — သဲမုန်တိုင်းတွေပဲ။ နေ့ခင်းဘက်မှာတောင် အဲဒီမုန်တိုင်းတွေက ထူးဆန်းတဲ့ သတ္တဝါတွေကို ယူဆောင်လာတတ်တယ်။ အတွေ့ရအများဆုံးကတော့ သဲကန္တာရပုရွက်ဆိတ်တွေပဲ။ သူတို့ကို အကုန်သတ်လို့မရဘူး။ စတားဖလိ့တောင် သူတို့ကို ကြောက်ရတယ်…. စွန့်ပစ်နယ်မြေလား…. အဲဒါက တကယ့် သေတွင်းပဲ။ အမှောင်အမှတ်သားကိုတောင် ရှောင်လို့ မရဘူး။ အဲ့နေရာက လွတ်လာတဲ့ အချို့သူတွေ ပြောတာတော့ ကောင်းကင်မှာ လူတွေနဲ့ ကားတွေကို ဝါးမျိုသွားတဲ့ ကြောက်စရာကောင်းတဲ့ လေထုထဲက သတ္တဝါကြီးတစ်ကောင်ကို တွေ့ခဲ့ရတယ်တဲ့”
သူသည် ပိုမို စိတ်လှုပ်ရှားလာပြီး လင်းရှန်ဘက်သို့ ထပ်မံ လှည့်လိုက်သည်။
“ပြီးတော့ ငါ့မှာ သတင်းရှိတယ် — အဲဒီစွန့်ပစ်နယ်မြေထဲမှာ တားမြစ်ပစ္စည်းတစ်ခု ရှိတယ်”
“တားမြစ်ပစ္စည်း ဟုတ်လား”
လင်းရှန်နှင့် ကီကီ အပါအဝင် လူတိုင်း အံ့ဩတကြီး အသံထွက်သွားကြသည်။
“ဟုတ်တယ်” ဟူလုရှို့က ခေါင်းငြိမ့်ပြသည်။
“အဲဒါကြောင့်ပဲ အိန်ဂျယ်စီမံကိန်းက လူတွေ ဒီကို ရောက်လာတာပေါ့… ပြီးတော့ နောက်ထပ် အဖွဲ့တစ်ခုလည်း ပေါ်လာသေးတယ် — သန့်ရှင်းသောဗျာဒိတ်တော်အဖွဲ့ ဆိုလားပဲ။ အရမ်းလျှို့ဝှက်တယ်”
“အဲဒီအဖွဲ့အကြောင်း ကျွန်မကြားဖူးတယ်”
မိုနီကာက လက်ပိုက်ကာ ပြောသည်။
“သူတို့က အိန်ဂျယ်စီမံကိန်းကနေ ခွဲထွက်သွားတဲ့ အဖွဲ့ပဲ။ အမှောင်ယုံကြည်သူအဖွဲ့အစည်းမဟုတ်လား။ အရမ်းလျှို့ဝှက်တယ်… သူတို့အကြောင်း သိပ်မကြားရဘူး”
လင်းရှန် ခေါင်းငြိမ့်လိုက်သည်။
“ကျုပ်လည်း အဲဒီအမည်ကို ကြားဖူးတယ်”
ဟူလုရှို့က ဆက်ပြောသည်၊၊
“ဒါကြောင့် ဓားပြတွေက အကြီးမားဆုံးပြဿနာမဟုတ်ဘူးလို့ ငါပြောနေတာပဲ။ ညဘက်ဆိုရင် အမှတ်အသားရှိသည်ဖြစ်စေ… မရှိသည်ဖြစ်စေ — လုံးဝ မလှုပ်ရှားနဲ့… အဆိုးဆုံး ဓားပြတွေတောင် ကျင်းထဲဝင်ပြီး ပုန်းနေကြရတယိ”
လင်းရှန် နန်ကျင်းကို လှည့်ကြည့်လိုက်သည်။ သူတို့ အကြည့်ချင်း ဆုံသွားကြသည် — ဤသတင်းမှာ ဓားပြများထက်ပင် ပို၍ အရေးကြီးလှပေသည်။
“အာခီစိုင်းနဲ့ ချွမ်းချန်ကြားက စွန့်ပစ်နယ်မြေက တကယ့်ပြဿနာဖြစ်နေပုံရတယ်”
နန်ကျင်းက ပြောသည်။
“သူဌေးဟူ သဲကန္တာရပုရွက်ဆိတ်တွေအကြောင်း ဘာသိထားသေးလဲ”
လင်းရှန်က မေးသည်။
“အဲဒါက…”
“သူတို့က လူတွေကို စားတယ်”
အမြဲတမ်း တိတ်ဆိတ်နေတတ်သော ဆန်းချန်က နောက်ဆုံးတွင် စကားပြောလာသည်။
“သူတို့ အုပ်စုလိုက် လာပြီဆိုရင် ကျိုင်းကောင်တွေလိုပဲ အကုန်လုံးကို ဝါးမျိုပစ်တာ… တစ်ခုတည်းသော မျှော်လင့်ချက်က ကားထဲမှာပဲ နေဖို့ပဲ။ ပြီးတော့ ကားကလည်း လုံနေဖို့ လိုတယ်။ သူတို့သာ အတွင်းထဲ ရောက်သွားရင်တော့ အရိုးတောင် ကျန်မှာ မဟုတ်ဘူး”
“ဟုတ်တယ်… အတိအကျပဲ”
ဟူလုရှို့က ထိတ်လန့်သောအမူရာဖြင့် ခေါင်းငြိမ့်ပြသည်။
“ပြီးတော့ အဲဒါက အဆိုးဆုံး မဟုတ်သေးဘူး။ စွန့်ပစ်နယ်မြေထဲကို ပိုတိုးသွားလေ… မင်းတို့ စိတ်ကူးတောင် မယဉ်နိုင်တဲ့ ထူးဆန်းတဲ့ သတ္တဝါတွေ ရှိနေလေပဲ။ ဟန်ရှန်းတောင်ကြားမှာ တွေ့ခဲ့တာတွေထက် အများကြီး ပိုကြောက်ဖို့ ကောင်းတယ်”
လင်းရှန် သက်ပြင်းကို ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်ပြီး သူ့ကို ကြည့်လိုက်သည်။
“သတင်းတွေအတွက် ကျေးဇူးတင်ပါတယ်… ဒါနဲ့ — ခင်ဗျား ကျုပ်ဆီကနေ ဘာလိုချင်လို့လဲ”
ဟူလုရှို့ လင်းရှန် ကျေနပ်သွားသည်ကို မြင်သည့်အခါ ချက်ချင်းပင် စိတ်ညစ်နေသည့် မျက်နှာအမူယာကို ပြန်လုပ်လိုက်သည်၊၊
“ဒီမှာကြည့်ပါဦး… ငါက သွေးပဲစေ့တွေ အများကြီးစုထားတယ်။ သုံးရက်တစ်ခါ သဲကန္တာရ ကင်းမြီးကောက်ဂိုဏ်းနဲ့ လင်းယုန်နီတွေက လမ်းခွန် လာခွဲကြတယ်။ တကယ်လို့ ငါထွက်သွားရင် ဒီမှာရှိတဲ့ ယာဉ်တန်းငယ်လေးတွေက ဘယ်လိုလုပ်ကြမလဲ —”
လင်းရှန်က လက်ကာပြကာ သူ့စကားကို ဖြတ်လိုက်သည်။ “တော်… တော်… ခင်ဗျားက ကိုယ့်ဖင်ကိုယ် ကာကွယ်ချင်ရုံသက်သက်ပဲလို့ ပြောမလို့မဟုတ်လား”
ဟူလုရှို့သည် ငိုချင်းချရန် ပြင်နေရာမှ ရှက်ရွံဟန်ဖြင့် ပြုံးလိုက်သည်။
“ဒီလိုပါ... ညီလေးလင်း ငါက အကျပ်ရိုက်နေလို့ပါ။ ငါက အမြတ်ရဲ့ ၂၀ ရာခိုင်နှုန်းပဲ ယူတာပါ၊၊ ဒါပေမဲ့ ငါသာ ထွက်ပြေးရင် အဲဒီဓားပြတွေက ငါ့ကို အပိုင်းပိုင်း ဆွဲဖြဲပစ်ကြလိမ့်မယ်။ ဒါကြောင့် ငါက ယာဉ်တန်းအချို့နဲ့ ဆက်သွယ်ထားတာ — စဉ်းစားနေတာက…”
“ဆိုတော့… ရှင်က အုပ်စုကြီးတစ်ခု ဖွဲ့ပြီး ပူးပေါင်းထွက်ပြေးဖို့ ကြံနေတာပေါ့”
ကီကီက လှောင်ပြောင်လိုက်သည်။
ဟူလုရှို့က ခေါင်းငြိမ့်ပြသည်။
“ဒါပေမဲ့ သတင်းဆိုးတစ်ခု ရှိတယ်”
မိုနီကာက အေးဆေးစွာ ဖြတ်ပြောသည်။
“ကျွန်မတို့ အပြင်မှာ စုံစမ်းကြည့်ပြီးပြီ။ ရှင့်ရဲ့ အစီအစဉ်က ပေါက်ကြားသွားပြီ။ အပြင်မှာ ဓားပြကင်းထောက် အနည်းဆုံး သုံးယောက်က ဒီဘားကို စောင့်ကြည့်နေတယ်။ မြို့တစ်ခုလုံး ထွက်ပြေးရင်တောင် ရှင့်ကိုတော့ သူတို့ လွှတ်ပေးမှာ မဟုတ်ဘူး”
“မင်းက တော်တော်လေး ဆူဖြိုးနေတာကိုး”
ချီလီက ရှားပါးရိက္ခာများနှင့် သွေးပဲစေ့များ ပြည့်နေသော အခန်းကို ကြည့်ကာ ထပ်ပြောသည်။
“မင်းက တကယ်သတ္တိရှိတာပဲ။ ဒီလောက် အန္တရာယ်များတာကို လုပ်ပြီး ဒီလို ဇိမ်နဲ့ နေနိုင်တယ်ပေါ့”
“ညီလေးလင်း… ကျေးဇူးပြုပြီး ငါ့ကို ကယ်ပါဦး”
ဘယ်သူမှ မတုံ့ပြန်နိုင်ခင်မှာပင် ဟူလုရှို့သည် နောက်တစ်ကြိမ် ဒူးထောက်ချလိုက်ပြန်သည်။ ဆန်းချန်ပင် သက်ပြင်းချကာ မျက်လုံးမှိတ်ထားကာ ပြောလိုက်သည်။
“သူတို့ လိုချင်တာက ဓားပြတွေအကြောင်းပဲ”
ဟူလုရှို့ ငိုနေရာမှ ရပ်သွားပြီး မော့ကြည့်သည်။
“လင်း... လင်းရှန်၊ အဲဒီ ဓားပြဂိုဏ်းတွေကလေ… တစ်ဖွဲ့ကို လူငါးရာ ခြောက်ရာလောက် ရှိတယ်။ သူတို့မှာ လက်နက်တွေ ရှိတယ်။ မင်းတို့ သူတို့ကို မယှဉ်နိုင်ပါဘူး”
ဟူလုရှို့ သိထားသလောက် လင်းရှန်၏ အနန္တရထားတွင် အမြောက်ကြီးတွေနဲ့ အစွမ်းထက် စွမ်းအားရှင်တွေ ရှိတာ မှန်ပေမဲ့ လူအင်အားက သုံးဆယ်လောက်ပဲ ရှိပေသည်။ ဤမျှ ဓားပြအများကြီးကို ယှဉ်နိုင်မည် မဟုတ်ပေ။
“အတိအကျပဲ” လင်းရှန်က တည်ငြိမ်စွာ ပြန်ဖြေသည်။
“အဲဒါကြောင့်ပဲ ခဗျားလို ဂရုစိုက်တတ်တဲ့ လူတစ်ယောက်က ဓားပြတွေရဲ့ စခန်းအကြောင်း သတင်းတွေ စုထားမှာ သေချာတယ် မဟုတ်လား”
“မင်း... ဘာလုပ်မလို့လဲ။ သူတို့တွေ အကုန်စုလာမှာကို မကြောက်ဘူးလား”
ဟူလုရှို့က နားမလည်ဟန်ဖြင့် ပြန်မေးသည်။
လင်းရှန်က ခေါင်းခါပြကာ ဟူလုရှို့၏ မျက်လုံးကို စိုက်ကြည့်ရင်း အေးစက်လေးလံသော လေသံဖြင့် ပြောလိုက်သည်။
“သူတို့တွေ ထွက်ပြေးသွားမှာကိုပဲ ကျုပ်က ကြောက်နေတာ…”
Chapter 563
သူတို့ ထွက်ပြေးသွားမှာကိုပဲ ငါစိုးရိမ်တယ် ၁
“သူတို့ ထွက်ပြေးသွားမှာကိုပဲ ကျုပ်စိုးရိမ်တာ…”
လင်းရှန်၏ စကားကြောင့် ဟူလုရှို့သာမက ဆန်းချန်းပင် မှင်သက်သွားပြီး လင်းရှန်ကို မယုံနိုင်သလို ကြည့်နေကြသည်။
ချီလီနှင့် မိုနီကာတို့လည်း တစ်ယောက်ကိုတစ်ယောက် ထူးဆန်းသလိုကြည့်လိုက်ကြသည်။ သူတို့က သဲကန္တာရဓားပြလုပ်တမ်းကစားခြင်းကို ဟာသတစ်ခုဟုသာ ထင်မှတ်ခဲ့သော်လည်း အခုကြည့်ရသည်မှာ ဤလူက ဓားပြခေါင်းဆောင်လုပ်ရန် ရည်ရွယ်ရုံတင်မကဘဲ ဓားပြအဖွဲ့တစ်ခုလုံးကို ရင်ဆိုင်ရန် ကြံစည်နေသည် မဟုတ်ပါလား။
သူ့ဘေးရှိ ကီကီက တိုးတိုးလေးရယ်လိုက်ပြီး သူမမျက်နှာ အနည်းငယ် ဝင်းပသွားသည်။ လင်းရှန်၏ အစီအစဉ်များသည် အစပိုင်းတွင် နားမလည်နိုင်စရာဟု ထင်ရသော်လည်း တကယ်တမ်းတွင်မူ အလွန်ပင် အမြော်အမြင်ရှိကြောင်း သက်သေပြနိုင်ခဲ့သည်။
ညအချိန်သည် အစစ်အမှန် အန္တရာယ်ဖြစ်ကြောင်း လင်းရှန် ကောင်းကောင်းသိထားသည်။
လူတိုင်းပူးပေါင်းလုပ်ဆောင်လျှင်ပင် အမှောင်ညကို ကျော်ဖြတ်နိုင်ဖို့ မသေချာပေ။ သို့သော် တစ်စုံတစ်ယောက်က နောက်ကျောကို ဓားနှင့်ထိုးလျှင်မူ အားလုံးအပြတ်ရှင်းခံရနိုင်သည်။
ဘယ်လို ကာကွယ်ရေးမျိုးဖြစ်စေ ထန်ဟိုင်နှင့် အနီရောင်ကမ္ဘာ၏ ရထားလမ်းဖျက်ဆီးမှုဒဏ်ကို မယှဉ်နိုင်ပေ။
ပေါင်းစည်းရထားကြီးက မစူးစမ်းရသေးသော နယ်မြေထဲသို့ ဝင်ရောက်တော့မည် ဖြစ်သည်။ ကန္တာရဓားပြများသည် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်သဖြင့် သူတို့ကို စောစောစီးစီး ရှင်းထုတ်နိုင်လေ ပိုကောင်းလေဖြစ်သည်။ လူသားများသည် မိမိတို့အမျိုးအနွယ်အချင်းချင်း ဒုက္ခပေးရာတွင် ထူးဆန်းသည့် သတ္တဝါများထက်ပင် ပို၍ကျွမ်းကျင်ကြသည်။
ယခုအချိန်တွင် လင်းရှန်၏ ပေါင်းစည်းရထားပေါ်၌ လူလေးထောင်ကျော်ရှိပြီး တိုက်ပွဲဝင်စွမ်းအားမြင့် ဝတ်စုံဝတ်ဆင်ထားသူ တစ်ထောင်ကျော်နှင့် ရူးသွပ်သူအဆင့် စွမ်းအားရှင်များစွာ ရှိနေသည်။ သူတို့၏ တိုက်ခိုက်ရေးစွမ်းအားမှာ စတားဖလိ့တပ်ရင်းတစ်ခုနှင့် ယှဉ်နိုင်နေပြီဖြစ်ရာ သဲကန္တာရဓားပြများကို အဘယ်ကြောင့် ထိတ်လန့်တကြား ရှောင်တိမ်းနေရမည်နည်း။
သူ့၏ တစ်ခုတည်းသော စိုးရိမ်မှုမှာ ဓားပြများကို အမြစ်ပြတ်အောင် မရှင်းနိုင်ဘဲ ခြိမ်းခြောက်မှု တစ်စုံတစ်ရာ ကျန်ရစ်နေခဲ့မည်ကိုသာ ဖြစ်သည်။
အစ်ကိုဂျေ၏ သံမဏိမဟာမိတ်အဖွဲ့အကြောင်း သတင်းများအရ ဤသဲကန္တာရဓားပြများသည် ကိုယ်ပိုင်နယ်မြေအသီးသီးရှိကြကြောင်း သိရသည်။ သူတို့သည် စည်းလုံးမှုမရှိဘဲ အကျိုးစီးပွားများရှုပ်ထွေးနေကြသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ဟူလုရှို့သည် အနီးတစ်ဝိုက်ရှိ အဓိကဓားပြအဖွဲ့အစည်း အတော်များများနှင့် ပတ်သက်မှုရှိနေသည်။ ၎င်းက လင်းရှန်အတွက် ရွှေရောင်အခွင့်အရေးပင် ဖြစ်သည်။
“ညီလေးလင်း...”
ဟူလုရှို့၏ မျက်လုံးများ ပြူးကျယ်သွားသည်။
“မင်း... ဘာကို ဆိုလိုတာလဲ”
“ခဗျားတို့ရဲ့ မူလဆုတ်ခွာရေး အစီအစဉ်က ဘယ်တော့လဲ”
“သဘက်ခါ”
“ယာဉ်တန်း ဘယ်နှစ်ခုလဲ”
“သုံးခု… ငါတို့အဖွဲ့နဲ့ဆို လေးခုပေါ့။ အကြီးဆုံးက အာရုဏ်ဦးယဥ်တန်းပဲ လူနှစ်ရာကျော်ရှိပြီး လက်နက်ကြီးတွေ အများကြီးရှိတယ်။ ကျန်တာတွေကတော့ လုံခြုံရေးယဥ်တန်းနဲ့ အာခီစိုင်းညီနောင်များအဖွဲ့တွေပဲ… ယဥ်တန်းအသေးလေးတွေပေါ့။ အားလုံးပေါင်းရင် လူလေးငါးရာလောက်ပဲ ရှိမယ်။ ငါတို့ စစ်ဆေးပြီးပြီ ဘယ်သူ့မှာမှ အမှောင်အမှတ်အသားမပါဘူး”
“ခဗျားက အတော်လေး သတိထားတာပဲ”
လင်းရှန်က ဆိုဖာပေါ်မှ ရှေ့သို့အနည်းငယ် ကိုင်းလိုက်ပြီး လက်ယပ်ခေါ်ကာ သူ့ကို အနားသို့ တိုးလာရန် အချက်ပြလိုက်သည်။ ထို့နောက် သူ၏ အစီအစဉ်ကို တိုးတိုးလေး ပြောပြလိုက်သည်။
“ဘာ”
ဟူလုရှို့၏ မျက်လုံးများ ပြူးထွက်မတတ် ဖြစ်သွားသည်။
“ဒါက... ဒါက ရူးသွပ်လွန်းတယ်...”
သူ စကားမဆုံးမီ လင်းရှန်က သူတို့ရှေ့ရှိ ဖန်ခွက်ထဲသို့ တစ်စုံတစ်ခုကို ချွင်ခနဲ မြည်အောင် ပစ်ထည့်လိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“ကဲ သူဌေးဟူ... ကျုပ်တို့ နောက်တစ်ကြိမ် ပြန်ပူးပေါင်းကြမလား”
ဖန်ခွက်ထဲရှိ အရာကို မြင်လိုက်သည်နှင့် ဟူလုရှို့၏ မျက်လုံးသူငယ်အိမ်များ ကျုံ့သွားသည်။ သူ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး
“ကောင်းပြီလေ… ငါပါမယ် ညီလေးလင်း… မင်းအပေါ်ကို အကုန်လောင်းလိုက်ပြီ”
ညနေ ၄ နာရီ ၂၀ မိနစ်တွင် လင်းရှန်နှင့် သူ၏အဖွဲ့သည် နှင်းဆီနက်ဘားမှ ထွက်လာကြသည်။ အားလုံးက မျက်နှာကို ဖုံးအုပ်ရန် သဲကာမျက်နှာဖုံးများဝတ်ဆင်ထားကြပြီး လာရာလမ်းအတိုင်း တိုက်ရိုက် ပြန်မောင်းသွားကြသည်။
အာခီစိုင်းမြို့အပြင်ဘက်တွင် ဝင်လုဆဲဆဲ နေရောင်ခြည်က မိုးကုတ်စက်ဝိုင်းကို လောင်မြိုက်နေပြီး မြေပြင်ပေါ်တွင် အပူရှိန်များ တလူလူတက်နေသည်။
လမ်းကြမ်းမောင်းယာဉ် နှစ်စီးသည် ကျောက်ခဲထူထပ်သော ကန္တာရလမ်းအတိုင်း အရှိန်ပြင်းပြင်း မောင်းနှင်လာပြီး လေကွယ်နေသောလျှိုတစ်ခုသို့ ရောက်ရှိလာသည်။ ထိုနေရာတွင် သံချပ်ကာယာဉ်နှစ်စီးနှင့် အခြားယာဉ်ဆယ်စီးကျော်တို့ ယာယီစခန်းချထားသည်ကို မြင်တွေ့ရသည်။
အနီးကပ်ကြည့်လိုက်သောအခါ စခန်းတွင် ချန်ဆီရွှမ်နှင့် သူမ၏အဖွဲ့သားများ ရှိနေကြသည်။
“ဆရာမချန် ၃ နာရီက ကောင်းကင်ကို ရှင်းလိုက်ပါ”
“ရပြီ”
ကန္တာရအရောင်ဝတ်စုံဝတ်ထားသော ချန်ဆီရွှမ်သည် အခြေစိုက်ယာဉ်ပေါ်တွင် ထိုင်ကာ လင်းရှန်၏ ယာဉ်တန်းနောက်ဘက်သို့ စနိုက်ပါဖြင့် တည်ငြိမ်စွာ ပစ်ခတ်လိုက်သည်။
ဘန်း
စနိုက်ပါပစ်သံက စွန့်ပစ်နယ်မြေတစ်ခုလုံးကို ဟိန်းထွက်သွားသည်။ သူတို့နောက်ဘက်တွင် ပုန်းကွယ်နေသော ဒရုန်းတစ်စင်း လေထဲတွင် ပေါက်ကွဲပြီး မီးလောင်သွားသည်။
ကီကီက နောက်သို့လှည့်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
“အဲဒီဒရုန်းမောင်းတဲ့လူကို... ကျွန်မ လုံးဝ ရှာမတွေ့ဘူး။ သူတို့က အဝေးထိန်းစနစ်သုံးနေတာတော့ မဟုတ်လောက်ဘူးမလား”
နောက်ခန်းတွင် ထိုင်နေသော မိုနီကာက ရယ်လိုက်သည်။
“သူက စွမ်းအားရှင်တစ်ယောက်ပဲ။ ကောင်းကောင်းလေ့ကျင့်ထားပြီး ပုန်းရတာ ကျွမ်းကျင်တယ်။ အဲဒီ လေစားနေတဲ့ ကျောက်ဆောင်နောက်မှာ တစ်ချိန်လုံး ရှိနေတာ”
“ဒါကြောင့်ကိုး”
ကျွီ ကျွီ - ယာဉ်နှစ်စီးသည် စခန်းရှေ့တွင် ရပ်လိုက်သည်။ လင်းရှန်က ချက်ချင်းပင် လုချန်ကို အဖွဲ့တစ်ဖွဲ့ ဦးဆောင်စေပြီး မိုနီကာပြောသော အရပ်သို့ လိုက်လံဖမ်းဆီးခိုင်းလိုက်သည်။
“သူ ထွက်သွားပြီ လိုက်လို့ မမီလောက်တော့ဘူး”
ချန်ဆီရွှမ်က ယာဉ်ပေါ်မှ ဆင်းလာရင်း လင်းရှန်ကို လေးနက်စွာ ပြောလိုက်သည်၊၊
လင်းရှန်က နောက်သို့ ပြန်ကြည့်ပြီး ပြုံးလိုက်သည်။
“ငါတို့က သူတို့ဒရုန်းကို တွေ့သွားပြီပဲ။ စုံစမ်းဖို့ လူမလွှတ်လိုက်ရင် မယဉ်ကျေးရာ ရောက်မှာပေါ့”
ရှေ့ကားထဲမှ နန်ကျင်းသည် ရှောင်ချင်းနှင့် အားဖေးတို့နှင့်အတူ ထွက်လာသည်။ သူမက စခန်းပတ်ပတ်လည်ကို ကြည့်လိုက်ပြီး လင်းရှန်ကို စူးစမ်းသလို ကြည့်ကာ
“အာခီစိုင်းမှာ ပြဿနာတက်မှာစိုးလို့ စစ်ကူခေါ်ထားတယ် ထင်နေတာ…. ဒါတွေက အယောင်ပြတွေပဲလား”
“မဟုတ်ပါဘူး”
လင်းရှန်က အကူညီမဲ့စွာ ပြုံးလိုက်သည်။
“အစ်မနန်က ကျုပ်ကို အဲဒီလောက်အထင်မကြီးပါနဲ့။ တကယ်ပဲ ပြဿနာတက်မှာ စိုးလို့ အာခီစိုင်းပတ်ပတ်လည်မှာ အဖွဲ့ကို အခြေအနေကြည့် ခိုင်းထားတာပါ။ ဘာတွေဖြစ်နေလဲ သိပြီးမှ အစီအစဉ်ကို နောက်ဆုံးမိနစ်မှာ ပြောင်းလိုက်တာပါ”
ချီလီက သူ့ကို အံ့သြတကြီး ကြည့်နေသည်။
“ဒါဆို တစ်စုံတစ်ယောက်က ငါတို့နောက်ကို တောက်လျှောက်လိုက်နေမှန်း မင်းသိနေတာယ်ပေါ့။ ပြီးတော့ မင်းက တမင်တကာ လွှတ်ထားပေးတာလား”
“ဒါပေါ့… လင်းရှန်က ယန္တရားစွမ်းအားရှင်ဆိုတာ ရှင်မေ့နေတာလား။ သူ့နောက်က ဒရုန်းကို သူ ဘယ်လိုလုပ် သတိမထားမိဘဲ နေမလဲ”
ကီကီက သမ်းဝေလိုက်သည်။
“ဒါပေမဲ့ အဲဒီလူက ပုတ်သင်ညိုတစ်ကောင်လိုပဲ လုံးဝ တိတ်ဆိတ်နေတာ… တကယ်ကို ပါးနပ်တယ်”
မိုနီကာက လျှောက်လာရင်း ဖုန်ထူသော လေထဲတွင် သူမ၏ ပုဝါကို ပြင်လိုက်သည်။
“ကျွန်မတို့ နှင်းဆီနက်ဘားက ထွက်လာကတည်းက အဲဒီသဲကန္တာရဓားပြတွေ နောက်က လိုက်လာတာပဲ။ ကျွန်မတို့ မြေအောက်ခန်းထဲ ဝင်သွားတာကို မြင်တော့ ကျွန်မတို့ကို ဟူလုရှို့နဲ့ ပူးပေါင်းထားတဲ့ ယာဉ်တန်းလို့ ထင်ပြီး စုံစမ်းချင်နေကြတယ် ဖြစ်မယ်”
လင်းရှန်က သူမကို ကြည့်လိုက်သည်။
“မင်း တခြား ဘာတွေကြားသေးလဲ”
မိုနီကာက လက်ပိုက်လိုက်ပြီး ပြုံးစစဖြင့်
“အများကြီးပဲ။ ကျွန်မနဲ့ နန်ကျင်း ဘယ်သူက ရင်သားနဲ့ တင်ပါး ပိုကြီးလဲဆိုတာ သူတို့ ငြင်းနေကြတယ်။ ကျွန်မတို့ထဲက ဘယ်နှစ်ယောက်က ရှင့်ရဲ့ မောင်းမဆောင်ထဲမှာ ပါလဲဆိုတာလည်း တွေးနေကြသေးတယ်။ ရှင်ရဲ့ စွမ်းဆောင်ရည်တွေ၊ လူအိုကြီးချီလီရဲ့ ဝါသနာတွေ၊ ကီကီရဲ့ ကိုယ်တိုင်းအတိုင်းထွာတွေအကြောင်းလည်း ပြောကြသေးတယ်... သူတို့က ကျွန်မတို့ တစ်ယောက်ချင်းစီအပြင် ရှင်တို့ကိုလည်း လှောင်ပြောင်နေကြတာ…. စကားလုံးတွေက ရွံစရာကြီး။ အဓိက အချက်တွေကို ကြားချင်သေးလား”
အားလုံး တိတ်ဆိတ်သွားကြသည်။ လူတိုင်းက အနေရခက်စွာဖြင့် သူမကို ကြည့်နေကြသည်။
သူတို့၏ တုံ့ပြန်မှုကို မြင်သောအခါ မိုနီကာက ပုခုံးတွန့်ပြပြီး ရယ်လိုက်သည်။
“ကျွန်မပြောသားပဲ… ကျွန်မက ပျော်လို့ ချောင်းနားထောင်နေတာ မဟုတ်ပါဘူး”
တစ်ခါတစ်ရံတွင် အများကြီး သိနေရခြင်းက ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်တတ်သည်။ ကံကောင်းထောက်မစွာဖြင့် မိုနီကာသည် မိမိကိုယ်ကိုယ် ယုံကြည်မှု မြင့်မားသူဖြစ်သည်။ တခြားအမျိုးသမီးများနှင့်မတူဘဲ အမျိုးသားများ၏ ရိုင်းစိုင်းသောစကားများကို သူမ၏ ဆွဲဆောင်မှုရှိခြင်းကို အတည်ပြုချက်တစ်ခုအဖြစ်သာ သူမက မြင်သည်။
အဟမ်း အဟမ်း
လင်းရှန်က ချောင်းဟန့်လိုက်ပြီး တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
“ငါက သဲကန္တရဓားပြတွေရဲ့ အချက်အလက်ကို ပြောတာပါ”
“သူတို့က ဟူလုရှို့ရဲ့ ယာဉ်တန်းကို ပစ်မှတ်ထားနေတာ ကြာပြီ။ အခု ငါတို့က ဟူလုရှို့နဲ့ ပူးပေါင်းလိုက်တော့ သူတို့က ယာဉ်တန်းမဟာမိတ်တွေကို အကုန် ခြေရာခံမိသွားပြီ”
မိုနီကာ၏ မျက်နှာက တည်ကြည်သွားသည်။